ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၃/၁၅ စာ. ၂၄-၂၇
  • မလေးရှားတွင် ဘုရားနိုင်ငံတော်သတင်းကြေညာခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မလေးရှားတွင် ဘုရားနိုင်ငံတော်သတင်းကြေညာခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဘာသာစကားနှင့် ထုံးစံများကို ကိုင်တွယ်ခြင်း
  • “ခေါင်းဖြတ်သမားများနယ်” တွင်
  • ‘သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်’
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၃/၁၅ စာ. ၂၄-၂၇

မလေးရှားတွင် ဘုရားနိုင်ငံတော်သတင်းကြေညာခြင်း

ရွှေချထားသောပလီကျောင်းခုံးများ၊ ဝတ်ပြုရာနေရာများ၊ ပြဿဒ်များနှင့် ဘုရားကျောင်းများ၊ ဗိမာန်ချွန်များ၊ ဤကား ကမ္ဘာကြီး၏ အဓိကဘာသာလေးပါးစုဝေးရာ မလေးရှားဖြစ်သည်။ ယင်း၏လူဦးရေ ၁၆၀၀၀၀၀၀ သည် မလေး၊ တရုတ်၊ အိန္ဒိယ၊ ယူရေးရှန်း၊ အီဗန်း၊ ကဒါဇန် နှင့် များစွာသော တိုင်းရင်းသား လူမျိုးစုများဖြစ်ကြသည်။ ထိုမျှလောက်သော အမျိုးမျိုးသော ဘာသာရေး၊ ယဉ်ကျေးမှု၊ ထုံးစံ၊ ဓလေ့ နှင့် ဘာသာစကားကို ဘယ်မှာမှ မတွေ့နိုင်ချေ။

အီကွေတာမြောက်ဘက် တောင်တရုတ်ပင်လယ်ထဲတွင် တည်ရှိပြီး မလေးရှားသည် ပထဝီမြေအနေအထား နှစ်ပိုင်းပါဝင်သည်။ ယခင်က ဗရူးဟုခေါ်သော ကျွန်းဆွယ်သည် အနောက်ဘက်တွင်ရှိပြီး ဆာဗာနှင့် ဆာရာဝပ်ခ်ပြည်နယ်များသည် အရှေ့ဘက်ရှိ ဘော်နီရိုကျွန်းတွင်ရှိသည်။ ကမ်းခြေနုန်းမြေထူသော နေရာမှစ၍ ထိုးဖောက်၍ပင်မရသော တောများရှိသည့် တောင်ထိပ်များ၊ ပေ ၁၃၄၅၅ အမြင့် ဆာဗာရှိ ကင်နဘာလုတောင်ထိပ်အပါအဝင် နယ်မြေသည် လူနှင့်ယဉ်ကျေးမှု အမျိုးမျိုးရှိသကဲ့သို့ ပုံစံအမျိုးမျိုးလည်းရှိလေသည်။

ဤနယ်နိမိတ်အတွင်းတွင် ယေဟောဝါသက်သေများသည် “နိုင်ငံတော်သတင်း” ကို ကြိုးစားဟောပြောနေသည်။ (မဿဲ ၂၄:၁၄) ဘာသာ၊ ဓလေ့နှင့် အယူအဆများမြောင်လှသော လူများထံ သူတို့မည်သို့ချဉ်းကပ်နိုင်သနည်း။ ဤဒေသတွင် နိုင်ငံတော်သတင်း ဟောရသည်မှာ မည်သို့နေသနည်း။ အဓိကမှာ သက်သေခံများ မည်သို့သော အောင်မြင်မှုများ ရရှိသနည်း။

ဘာသာရေးစိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း

ဘာသာအမျိုးမျိုးရှိသော သူများထံ ချဉ်းကပ်နိုင်ရန် ဤအိမ်သည် မွတ်ဆလင်လော၊ ဟိန္ဒူလော၊ တာအိုအစ္စလော၊ ပရိုတက်စတင့်လော၊ ကာသိုလိပ်လော စသည်ဖြင့် ပိုင်းခြားတတ်ရမည်။ မည်သို့ပိုင်းခြားနိုင်သနည်း။

ရှင်းနေပါသည်။ ဥပမာ၊ နီရဲသော ဘုရားစင်ရှိလျှင် တာအိုအစ္စဘာသာဝင်အိမ်၊ မာရိသို့မဟုတ်ယေရှုပုံရှိလျှင် ကာသိုလိပ်အိမ်ဖြစ်သည်။ သရက်ရွက်ဆွဲထားသော် ဟိန္ဒူအိမ် သို့မဟုတ် မွတ်ဆလင်အိမ်ပေါက်ဝတွင် ကိုရမ်ကျမ်းမှ ရေးထားသော အာရဗစ်စာများအားဖြင့်လည်း ကွဲပြားသိသာသည်။

အိမ်ရှင်၏ဘာသာကို သိထားခြင်းက တစ်မျိုးဖြစ်ပြီး သူ့အားသတင်းကောင်းတွင် စိတ်ဝင်စားလာရန် လုပ်ခြင်းက နောက်တကဏ္ဍဖြစ်သည်။ အများအားဖြင့် တုံ့ပြန်ချက်မှာ တရုတ်၊ မလေးနှင့် အင်္ဂလိပ်ရောပြီး “စမြူအာ အာဂမာ စမား လား” (Semua agama sama lah) ဟုပြောခြင်းဖြစ်သည်။ ဆက်၍ “ဝမ်းနည်းပါတယ်။ ကျွန်တော်စိတ်မဝင်စားဘူး” ဟုဆိုသည်။ ပြုံးရွှင်လျက် အိမ်ရှင်က ဘာသာအားလုံး အတူတူဘဲဟု သူယုံကြည်ပြီး သူစိတ်မဝင်စားကြောင်း ပြောလေသည်။

တာအိုအစ္စ သို့မဟုတ် ဟိန္ဒူများသည် ခရစ်ယာန်ဘောင်၏ သိမ်းသွင်းပုံအပေါ် ဆွဲဆောင်ခံရပြီး ပရိုတက်စတင့်ဂိုဏ်းအသီးသီးသို့ ဝင်ကြသည်။ သူတို့၏ ဓမ္မဆရာများ သွေးဆောင်မှုကြောင့် အတော်များများသည် သတင်းကောင်းကို နားမထောင်ကြချေ။ သို့ပင်ငြားလည်း ယေဟောဝါ၏ မဟာနာမနှင့် ကတိတော်သည် ဤခြားနားသော နယ်မြေတွင် တစ်စတစ်စနှင့် ကြေညာလျက်ရှိသည်။

ယေဟောဝါသက်သေများ၏ စိတ်ရှည်မှုနှင့် နားလည်မှုပြခြင်းကြောင့် နှလုံးဖြောင့်သူအများသည် နိုင်ငံတော်သတင်းကို နှစ်သက်တုံ့ပြန်လျက်ရှိသည်။ ဥပမာ ယခင်ကဆေးလိပ်သောက်ပြီး ရှုပ်ပွဆံရှည်နှင့် ပက်ထရစ်ကိုကြည့်ပါ။ သူသည် တရုတ်ကိုယ်ခံပညာသင်ယူထားပြီး ဒေါသထွက်လာသောအခါ ခက်ထန်လာလေ့ရှိသည်။ သူ့တွင် ဘဝရည်ရွယ်ချက်မရှိသော်လည်း ဗျာဒိတ် ၂၁:၄ မှကြေညာသူတစ်ဦးဖတ်ပြသော “နောက်တစ်ဖန်သေခြင်းမရှိရ” စာလုံးကြောင့် အံ့အားသင့်သွားသည်။ ထိုကြောင့် ပက်ထရစ်သည် ကျမ်းစာသင်အံမှုကို လက်ခံလိုက်သည်။ သူသင်ကြားရသော သမ္မာတရားကြောင့် သူ့စိတ်များလှုပ်ရှားပြီး မကြာမီပင်သူ၏မိခင်အား စာနှင့်လည်းကောင်း၊ သူ့အိမ်သို့ပြန်သောအခါ လူကိုယ်တိုင်သော်လည်းကောင်း ပြန်ပြောပြလေသည်။ သို့သော်သူမသည် အလွန်အတိုက်အခံပြုလေသည်။

တစ်နေ့တွင် ပက်ထရစ်နှင့် သူ၏မိခင်သည် ကရာတေးသမားလည်းဖြစ်သူ ညီငယ်အား ပဲ့ပြင်နေချိန်ဖြစ်သည်။ ညီငယ်က ထိုးကန်လာသောအခါ ပက်ထရစ်သည် ပြန်လည်ရန်မတုံ့သောကြောင့် မိခင်က အံ့သြသွားသည်။ ဤမျှလောက် ပြောင်းလဲစေနိုင်သောကြောင့် မိခင်သည် သူမ၏သားသင်အံနေသော တရားကို အလွန်စိတ်ဝင်စားသွားသည်။ သူမအလျင်အမြန်တိုးတက်ကာ ခြောက်လအတွင်း နှစ်ခြင်းခံခဲ့သည်။ တစ်ခါ သူမက သူ၏ ၇၃ နှစ်အရွယ် မိခင်ကို ပြန်သက်သေခံလေသည်။ သူလည်း ထာဝစဉ်အသက်ရှင်ခြင်းကို လေးမြတ်လာပြန်သည်။ စာမတတ်သော်လည်း မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခြင်း စာအုပ်ကိုစလေ့လာပြီး တရုတ်စာလုံးများ တတ်နိုင်သရွေ့ အလွတ်မှတ်ထားသည်။ ယခုသူလည်း သတင်းကောင်းကြေညာသူတစ်ဦး ဖြစ်နေပေပြီ။

ဘာသာစကားနှင့် ထုံးစံများကို ကိုင်တွယ်ခြင်း

ဘာသာစကားအမျိုးမျိုး အခြေအနေကိုကိုင်တွယ်ရန် တစ်အိမ်တက်ဆင်းသွားရာ၌ စာအုပ်စုံပါသော လက်ဆွဲအိတ်လိုအပ်သည်။ သို့တိုင် ပြဿနာတိုင်းပြေလည်မသွားပါ။

ဥပမာ ကိုယ်ကိုယ်တိုင်က တရုတ်ဖြစ်ပြီး တရုတ်စာအုပ်များရှိသည်ထားဦးတော့ တရုတ်လူမျိုးအိမ်ရှင်နှင့် သက်သေခံသည် အလိုအလျောက်ဆက်သွယ်နိုင်ပြီဟုမဆိုနိုင်ချေ။ သူတို့စကားတစ်မျိုးတည်းပြောသလော။ သက်သေခံသည် ဟုက္ကိမ်ဖြစ်ပြီး အိမ်ရှင်သည် ကန်တိုနီးစ်ဖြစ်လျှင် အခက်အခဲဖြစ်နိုင်သည်။ တရုတ်စကားသည်အသံပေါ်မူတည်သောကြောင့် အသံထွက်အနည်းငယ်လွဲသွားသည်နှင့် အဓိပ္ပာယ်လုံးဝပြောင်းလဲသွားနိုင်သည်။ ဥပမာပြရလျှင် ဟုက္ကိမ်စကားပြောသော ညီအစ်မတစ်ဦးသည် ကန်တိုနီးစ်ရပ်ကွက်တွင် လူများအား မိမိသည် “စိတ်မနှံ့သော ကျောင်းသား” ဖြစ်ကြောင်း ပြောရာ ရယ်မောဖွယ်ဖြစ်ခဲ့ရသည်။ အမှန်မှာ သူသည် “ကျမ်းစာကျောင်းသား” ဖြစ်သည်ဟု ပြောလိုခြင်းသာဖြစ်သည်။

စကားမှန်ကိုပင် သုံးလင့်ကစား လူတိုင်းအတွက် အဓိပ္ပာယ်တစ်မျိုးတည်းရှိမည်မဟုတ်။ လူမျိုးစုံအသိုင်းအဝိုင်း၌ နေရသောကြောင့် မလေးရှားလူမျိုးတို့သည် အခြားသူများကို မထိခိုက်ရန် ဂရူမူကြသည်။ လူစိမ်းများကို ဗြောင်ငြင်းပယ်လေ့ မရှိချေ။ ထိုကြောင့် အိမ်ရှင်တစ်ဦးက ကျမ်းစာသင်အံမှုပြုရန် သို့မဟုတ် ခရစ်ယာန်စည်းဝေးလာရန် ဖိတ်ခေါ်ချက်ကို လက်ခံလိုက်လျှင် စိတ်လှုပ်ရှားမသွားသင့်ချေ။ အဘယ်ကြောင့်နည်း။ သူသည်တစ်ခုခုကို လက်ခံလိုက်ပြီဟုမဆိုလိုသောကြောင့်တည်း။ မည်သူသည် အမှန်ပင်စိတ်ဝင်စားသူဖြစ်ကြောင်း ဆုံးဖြတ်ရန်အချိန်နှင့် အတွေ့အကြုံလိုအပ်သည်။

မလေးရှားသည် အားလပ်ရက်နှင့် ဘာသာရေးပွဲအများဆုံးရှိသော နိုင်ငံများထဲတွင် ပါဝင်လေသည်။ ဤအချိန်များတွင် လူများသည် မိတ်ဆွေများနှင့် ဆွေမျိုးများထံလည်ပတ်အလုပ်များချိန်ဖြစ်သည်။ မလေးရှားသက်သေခံများလည်း အခွင့်အရေးယူပြီး ထိုအားလပ်ရက်များကို သတင်းကောင်းကြေညာရန် အသုံးပြုကြသည်။ သို့သော် ရလဒ်ကောင်းများရလိုလျှင် သူတို့သည် ပါးနပ်စွာနှင့် နားလည်မှုရှိစွာဖြင့် လုပ်ရလေသည်။

တရုတ်နှစ်သစ်ကူးသည် ထိုသို့သောနေ့တစ်နေ့ဖြစ်သည်။ ကျန်သောနှစ်တစ်လျှောက်လုံးတွင် ကြီးပွားတိုးတက်ရန် တာအိုအစ္စများသည် နှစ်သစ်ကို ကြင်နာသောစကားများနှင့်ကောင်းမှုများဖြင့် အစပြုရမည်ဟု ယုံကြည်သည်။ ထိုနေ့ရက်တွင် သက်သေခံတစ်ဦးသည် “သေခြင်း” “ဖျားနာခြင်း” နှင့် “ဝေဒနာ” စသည့်စကားများကို မသုံးချေ။ သို့အစား သူသည်ပျော်ရွှင်သောအကြောင်းများဖြစ်သည့် “ကမ္ဘာသစ်တွင် ထာဝရငြိမ်သက်၊ ကြီးပွား၊ ကျန်းမာစွာဖြင့် ထာဝစဉ်နေထိုင်ခြင်း” ကိုပြောမည်။ ဤအချိန်သည် လူများအား သူတို့၏ဒုက္ခများကို ဖေါ်ပြရန်အချိန်မဟုတ်ချေ။

“ခေါင်းဖြတ်သမားများနယ်” တွင်

လူအုပ်ကြီးသည် “လူအမျိုးအနွယ်ခပ်သိမ်းအသီးသီး” မှသူများနှင့် ဖွဲ့စည်းထားသောကြောင့် အရှေ့မလေးရှား၏လူအမျိုးအနွယ်များကို သတိရစေလေသည်။ (ဗျာဒိတ် ၇:၉) တစ်ခါက ခေါင်းဖြတ်သမားများနယ်ဟုတွင်ခဲ့သော ဆာရာဝပ်ခ်ကျွန်းသား အတော်များများသည် နိုင်ငံတော်သတင်းကို တုံ့ပြန်နေကြောင်း တွေ့ရခြင်းမှာ ကြည်နူးစရာပင်။

ဥပမာ လေးနှစ်ခန့်က ဆာရာဝပ်ခ်ရှိကမ်းခြေမြို့ မီရီ၌ ကြေညာသူသုံးဦးသာရှိသည်။ ယနေ့ အတော်များများသည် ကျမ်းစာသင်ရန် စိတ်ဝင်စားကြသည်။ ရှေ့ဆောင်ညီအစ်မတစ်ဦးသည် သင်အံမှု ၁၇ ခုရှိပြီး သူမ၏သင်သားအချို့ကိုယ်နှိုက်က အခြားစိတ်ဝင်စားသူများနှင့် သင်အံမှုများ ကျင်းပနေကြသည်။ ယခု မီရီမြို့လေးတွင် တိုးပွားလျက်ရှိသော အသင်းတော်တစ်ခု တည်ရှိနေပေပြီ။

ဆာရာဝပ်ခ်ရှိ အီဗန်လူမျိုးတို့၏ ထူးခြားချက်မှာ အိမ်ရှည်များဖြစ်သည်။ ဤခြေတံရှည်အိမ်သည် သစ်မာနှင့်ဓနိမိုးဖြင့် ဆောက်လုပ်ထားသည်။ တောစပ်ကမ်းခြေတွင် ဆောက်လေ့ရှိပြီး တစ်ခန်းနှင့်တစ်ခန်း ကပ်လျက်ရှိနေအိမ် ၃၀ မှ ၄၀ ပါဝင်သော အိမ်ရှည်ဖြစ်သည်။ ဤကဲ့သို့သောရပ်ကွက်တွင် ကျွန်ုပ်တို့အများအားဖြင့်ဟောပြောလေ့ရှိသည်။

တစ်ခါတွင် “လူသေများအတွက် ဘာမျှော်လင့်ချက်ရှိသနည်း” ကျမ်းစာဟောပြောချက်ကို ဤသို့သော အိမ်ရှည်တစ်ခုတွင် ဟောရန်ဖြစ်သည်။ Tuai rumah ခေါ်ရွာသူကြီးသည် လူအားလုံးကို ruai သို့မဟုတ်စုဝေးရာခန်းမသို့ စုရုံးလိုက်သည်။ ဟောပြောချက်ပြီးသည်အထိ လူတိုင်းယဉ်ကျေးစွာနှင့် တိတ်ဆိတ်စွာ နားထောင်ကြသည်။ သို့နှင့်လူတစ်ယောက်က “လူသေသည် မည်သို့ဘာမှမသိဘဲ နေနိုင်မည်နည်း” ဟုမေးသည်။ နောက်တစ်ယောက်က လူကောင်းများသည် ကောင်းကင်သို့ရောက်နေပြီး လူဆိုးသည် ငရဲထဲတွင် မီးလောင်နေသည်ဟု ငြင်းသည်။ သို့သော် အချို့သည် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းကို စိတ်ဝင်စားပြီး ထပ်သိလိုကြသည်။ ပေါလုသည် အာရေတောင်ပေါ်တွင် အာသင်မြို့သားများကို ပြောသကဲ့သို့ပင်ဖြစ်သည်။—တမန်တော် ၁၇:၃၂-၃၄။

နောက်အိမ်ရှည်တစ်ခုတွင် အင်္ဂလီကန်အသင်းမှ ၇၂ နှစ်အရွယ်ရှိ အီဗန်လူမျိုး ဂျူယင်းအင်စိုးလ် နေထိုင်သည်။ ငယ်စဉ်က ဤမေးခွန်းများဖြင့် သူစိတ်ရှုပ်ထွေးဖူးသည်။ မေတ္တာရှင်ဘုရားသည် လောင်ကျွမ်းနေသောငရဲထဲတွင် လူသေများကို မည်သို့ ထာဝစဉ်ညှဉ်းပန်းနိုင်မည်နည်း။ ဘုရားတစ်ဆူရှိလျှင် အဘယ်ကြောင့် ဤမျှလောက်မတရားမှုရှိနေရသနည်း။ မည်သူမျှ သူ့အားကျေနပ်လောက်သောအဖြေများ မပေးနိုင်ချေ။ တစ်နေ့တွင် မြို့ရှိ သူ၏သူငယ်ချင်းသည် ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရားစာအုပ်တစ်အုပ်ရရှိလေသည်။ ဂျူယင်း၏မေးခွန်းများကို ဖြေပေးနိုင်ဖွယ်ရှိမည်ဟုအထင်နှင့် သူငယ်ချင်းသည် သူ့အားစာအုပ်ငှားလိုက်သည်။ ဂျူးယင်းဝမ်းသာခဲ့ရသည်။ နှစ်ပေါင်း ၆၀ ခန့်ရှာဖွေပြီးနောက်မှ ဘုရားနှင့်စပ်လျဉ်းသည့် သမ္မာတရားကို ယခုသူတွေ့ရှိလေပြီတကား။

ဂျူယင်းသည် ကိုယ်ပိုင်စာအုပ်ရလိုသည်။ မိုင် ၁၅၀ ရှိဆာရာဝပ်ခ်၏ မြို့တော်ခူချင်သို့ သွားပြီး စာအုပ်ဆိုင်များတွင် ရှာဖွေသည်။ ယင်းစာအုပ်အရိပ်အရောင်ပင်မတွေ့ရ။ ထိုညတွင် အမျိုးတစ်ယောက်အိမ်၌ နောက်အမျိုးတစ်ဦးမှာ ယင်းစာအုပ်ရှိကြောင်း သူကြားသိရသည်။ သူ့အား နိုင်ငံတော်ခန်းမသို့ညွှန်လိုက်ရာ အခြားစာတိုစာတမ်း ၁၅ မျိုးကိုလည်း သူ့အိမ်ရှည်သို့ပြန်ယူဆောင်သွားလေသည်။

ယင်းစာအုပ်အားလုံးကို ဖတ်ပြီးနောက် ဂျူယင်းသည် မြို့ထဲပြန်သွားပြီး နှစ်ခြင်းပေးရန်တောင်းသည်။ အကြီးအကဲများက ပြုံးပြီးခေါင်းခါသည်။ သို့သော် သူတို့အံ့သြသွားသည်ကား သူသည်တကယ်ပင် အရည်အချင်းပြည့်ဝနေသည်။ သို့နှင့် သူ့ကိုနှစ်ခြင်းပေးလိုက်သည်။ သူ၏အိမ်ရှည်သို့ ကျမ်းစာဆိုင်ရာစာအုပ်များထပ်ယူသွားကာ ဂျုယင်းသည် အ်မ်နီးချင်းများကို စသက်သေခံလေသည်။ ပထမတော့ သူ၏မိတ်ဆွေများ စာအုပ်များဖတ်ပြီးသည်နှင့် အဘယ်ကြောင့်သမ္မာတရားကို လက်မခံကြသည်ကို သူအံ့သြမိသည်။ သို့သော် သူတို့နှင့် ကျမ်းစာသင်ရမည်ကို သူသဘောပေါက်လာသည်။ ဂျူယင်း၏ လယ်ကွင်းမှတ်တမ်းသည် အများအားဖြင့် ဒိုင်ယာရီပုံစံပင်ဖြစ်သည်။

ဆာဗတ် (Sabah) ပြည်နယ် လဟဒ်ဒတ်တူ (Lahad Datu) မြို့မှ ဤမှတ်တမ်းရရှိသည်။ ကလေးသုံးယောက်ရှိ မိန်းမငယ်တစ်ဦးသည် မြို့တော်ခိုတာကင်နာဗလူ (Kota Kinabalu) မှ ညီအစ်မတစ်ဦးက စာဖြင့်သင်အံမှုပြုသောကြောင့် သမ္မာတရားရရှိခဲ့သည်။ နောက်ဆုံးတွင် အမျိုးသမီးသည် တိုက်နယ်စည်းဝေးတစ်ခုတွင် နှစ်ခြင်းယူရန် ဆုံးဖြတ်လိုက်သည်။ နှစ်ခြင်းဟောပြောချက်အလယ်လောက်တွင် သူမ၏ယောက်ျားဗြုန်းကနဲရောက်လာပြီး သူမအား သူနှင့်အတူ အိမ်သို့ပြန်လိုက်ရန် အမိန့်ပေးသည်။

အိမ်တွင်ယောက်ျားသည် ကြိုးစားဖျောင်းဖျသော်လည်း မအောင်မြင်ချေ။ နောက်ဆုံးတွင် သူက အော်ဟစ်လျက် “အခု နင်ဘာလုပ်ချင်သလဲ” ဟုဆိုသည်။ “ကျွန်မနှစ်ခြင်းခံချင်တယ်” ဟုဇနီးသည်ကဖြေသည်။ “မင်းအတွက် ဒီလောက်တောင်အရေးကြီးသလား” ဟုသူကမေးသည်။ “ဟုတ်တယ်။ ကျွန်မအသက်တာမှာ အရေးကြီးဆုံးအချိန်ဘဲ။” “ကောင်းပြီ” ဟုသူနောက်ဆုံးပြန်ပြောသည်။ “မင်းရဲ့အကြီးအကဲကို ခေါ်လိုက်။ ဒီမှာမင်းနှစ်ခြင်းခံဖို့ ငါရေကူးကန်လုပ်ပေးမယ်။”

သူပြောသည့်အတိုင်းပင် လုပ်ပေးခဲ့သည်။ သူ၏ဇနီးသည် နောက်တစ်ကြိမ်တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ချိန်တွင် သူမ၏ယောက်ျားဆောက်ပေးသော ရေကူးကန်၌ နှစ်ခြင်းခံခဲ့သည်။ သို့သော်အဘယ်ကြောင့် ဤညီအစ်မသည် ဤမျှလောက် စိတ်ပြင်းပြရသနည်း။ အကြောင်းမှာ ဤညီအစ်မသည် သီးခြားဖြစ်နေသော်လည်း သူမသည် စည်းဝေးအားလုံးအတွက် အကြောင်းများကို မှန်မှန်ပြင်ဆင်ခဲ့လေသည်။ “စည်းဝေး” တစ်ခုကိုသူလွတ်သွားလျှင် သူမအနေနှင့် ထမင်းတစ်နပ်လွတ်သွားသကဲ့သို့ သူမခံစားခဲ့ရသည်။ ဤညီအစ်မသည် ယခုသူ၏ကလေးများကို သင်အံပေးနေပြီး သင်အံမှု သုံးခုကျင်းပလျက်ရှိသည်။

‘သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်’

မလေးရှားရှိ ဘုရားနိုင်ငံတော်လုပ်ငန်းကို ၁၉၃၉ ခုနှစ်တွင် ဩစတြေးလျမှ ရောက်လာသော အယ်လ်ဖရက်နှင့်သယ်လ်မာ ဝစ်ခ်တို့က ဖွင့်လှစ်ခဲ့သည်။ သူတို့၏သစ္စာရှိသာသနာပြုလုပ်ငန်းသည် အနှစ် ၅၀ ခန့်ကြာမြင့်ပြီဖြစ်ပြီး သူတို့၏ ကြိုးပမ်းမှုအပေါ် ယေဟောဝါကောင်းချီးများသွန်းလောင်းခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ပီနံ (Penang)၌ ညီအစ်ကိုဝစ်ခ်အား ဌာနခွဲကြီးကြပ်မှူးအဖြစ်ခန့်အပ်ကာ ဌာနခွဲရုံးဖွင့်ပြီးချိန်မှစ၍ မလေးရှားရှိ ဟောပြောခြင်းလုပ်ငန်းသည် အရှိန်ရခဲ့သည်။ ထိုအချိန်က ကြေညာသူ ၂၀၇ ယောက်သာရှိခဲ့သည်။ ဆယ်နှစ်ကြာပြီးနောက် အရေအတွက်သည် သုံးဆဖြစ်ခဲ့သည်။ သို့နှင့် ၁၉၈၃ ခုနှစ်၊ ဇူလိုင်တွင် ဌာနခွဲကို ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်အနီး ဆိပ်ကမ်းမြို့၊ ကလမ်း (Klang)သို့ ပြောင်းရွှေ့လိုက်သည်။ ဌာနခွဲသစ် ဥပစာတွင် နှစ်ထပ်တိုက်သုံးတိုက်အတန်းလိုက်ပါဝင်ပြီး လောလောဆယ်လိုအပ်ချက်အတွက် အကိုက်ပင်ဖြစ်သည်။ (စာမျက်နှာ ၂၄ သို့ကြည့်ပါ။)

နှစ်အနည်းငယ်ခန့်က နိုင်ငံတော်သတင်းကို တရုတ်နှင့်တဲမီလ်စကားပြောသည့် လူများထဲတွင် ရောက်ရန် အထူးကြိုးပမ်းခဲ့သည်။ ယခုတွင် တရုတ်အသင်းတော်နှစ်ခုအပြင် အခြားအသင်းတော်အတော်များများတွင်လည်း တရုတ်နှင့်တမီလ်အုပ်စုများနှင့်တကွ အယောက် ၂၀ ခန့်ရှိဂျပန်အုပ်စုသည်လည်း တိုးပွားလျက်ရှိသည်။

ယခုတစ်နိုင်ငံလုံးတွင် အသင်းတော်ပေါင်း ၂၀ ခန့်ရှိပြီး ကြေညာသူ ၉၀၀ ခန့်ရှိသည်။ ယင်းကကြေညာသူတစ်ဦးသည် လူဦးရေ ၁၈၅၀၀ နှင့်အချိုးညီလေသည်။ ထိုကြောင့် လုပ်စရာများစွာရှိနေတုံးပင်။ ၁၉၈၈ အောက်မေ့ရာပွဲတော်ကို ၂၆၃၃ ယောက် တက်ရောက်ခြင်းက တိုးတက်ရန်အလားအလာကို ပြသနေသည်။ မလေးရှားသက်သေခံများသည် ယင်းကြောင့် ဝမ်းမြောက်ကြပြီး အချိန်ပြည့်အမှုဆောင်ခြင်းကို ပို၍လက်လှမ်းလာကြသည်။ မှန်ပါသည်။ မလေးရှားရှိ ယေဟောဝါသက်သေများသည် ကြေညာသူ ၁၀၀၀ အမှတ်ရောက်ရန် ထက်သန်စွာ မျှော်မှန်းခဲ့ကြသည်။ ယေဟောဝါ၏ကတိတော်ကို သူတို့အမှတ်ရကြပါသလော။ “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည်။ အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။ ငါ [ယေဟောဝါ၊ (NW)] သည်အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။”—ဟေရှာယ ၆၀:၂၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ