ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက စာ. ၇၄-စာ. ၇၇ ပိုဒ်. ၂
  • အဆင့်ဆင့်တိုးတက်သွားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဆင့်ဆင့်တိုးတက်သွားပါ
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသိပညာနှင့်အသွင်ပြောင်းလဲခြင်း
  • သင့်ဆုကျေးဇူးကိုအသုံးပြုပါ
  • အတွေ့အကြုံက စွမ်းဆောင်ပေးသည့်ကဏ္ဍ
  • ရှေ့သို့ လှမ်းကမ်းနေပါ
  • သင်၏တိုးတက်မှု ထင်ရှားပါလေစေ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • လူငယ်တို့—သင်တို့၏ တိုးတက်မှုကို ထင်ရှားစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သင်၏တိုးပွားမှုကို ထင်ရှားစေခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • သင်၏တိုးတက်မှုကို ထင်ရှားစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက စာ. ၇၄-စာ. ၇၇ ပိုဒ်. ၂

အဆင့်ဆင့်တိုးတက်သွားပါ

သင်သည် ကျမ်းစာမူများကို စတင်ကျင့်သုံးတတ်လာသည့်အခါ နက်ရှိုင်းစွာအမြစ်စွဲလာသည့် အတွေးအခေါ်၊ အပြောအဆိုနှင့် အပြုအမူပုံစံများသည် တစ်စတစ်စပြောင်းလဲလာသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် သင်စာရင်းမသွင်းမီကပင် ဤသို့များစွာပြောင်းလဲသွားပြီ။ ယခု သင်သည် သင့်ဘဝအသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံလိုက်သည်အထိ အဆင့်ဆင့်တိုးတက်လာခဲ့ပေပြီ။ ထိုအရာက အဆင့်ဆင့်တိုးတက်ခြင်းကို ရပ်၍ရပြီဟု ဆိုလိုပါသလော။ လုံးဝမဟုတ်ပေ။ သင့်နှစ်ခြင်းခံခြင်းသည် အစမျှသာဖြစ်သည်။

ပေးထားသည့်သွန်သင်ချက်နှင့် အပ်နှင်းထားသည့်လုပ်ငန်းတော်အခွင့်ထူးများကို ‘စဉ်းစားတွေးတော’ ရန်—မိမိ၏ “တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေ” သည့်ထိုအရာများတွင် “စိတ်စွဲလမ်း” ရန် ပေါလုမှာကြားသည့်အချိန်တွင် တပည့်တော်တိမောသေသည် ခရစ်ယာန်အကြီးအကဲတစ်ဦးအဖြစ် အမှုထမ်းနေပြီဖြစ်သည်။ (၁ တိ. ၄:၁၂-၁၅) သင်သည် အမှန်တရားလမ်းကို ယခုမှစလျှောက်နေသူဖြစ်စေ၊ ခရစ်ယာန်အသက်တာဖြင့် အတွေ့အကြုံများများရရှိနေသူဖြစ်စေ တိုးတက်မှုပြုခြင်းတွင် စိတ်ဝင်စားမှုရှိသင့်သည်။

အသိပညာနှင့်အသွင်ပြောင်းလဲခြင်း

မိမိယုံကြည်သူချင်းများ အမှန်တရား၏ “အနံ၊ အလျား၊ အနက်၊ အမြင့်တို့ကို ပိုင်းခြား၍သိမြင်” စေဖို့ တမန်တော်ပေါလုဆုတောင်းခဲ့ကြောင်း ဧဖက် ၃:၁၄-၁၉ ၌ကျွန်ုပ်တို့ဖတ်ရသည်။ ဤရည်ရွယ်ချက်ဖြစ်မြောက်စေရန်အတွက် အသင်းတော်ကို သွန်သင်ရန်၊ တည့်မတ်ပေးရန်နှင့် တည်ဆောက်ပေးရန် လူတို့တွင်ဆုလာဘ်များကို ယေရှုပေးအပ်ခဲ့သည်။ အတွေ့အကြုံရှိသွန်သင်သူများ၏လမ်းညွှန်မှုနှင့်အတူ ဘုရားသခင့်မှုတ်သွင်းခံ နှုတ်ကပါဌ်တော်ကို မှန်မှန်တွေးတောဆင်ခြင်ခြင်းသည် ဝိညာဉ်ရေးအရ “ကြီးထွား” ရန် ကျွန်ုပ်တို့အားကူညီပေးနိုင်သည်။—ဧ. ၄:၁၁-၁၅၊ ကဘ။

ထိုကြီးထွားမှု၌ ‘မိမိတို့၏စိတ်ကိုစေ့ဆော်သည့်စွမ်းအားဖြင့် အသစ်ပြုလုပ်ခြင်း’ ပါဝင်သည်။ ယင်းတွင် ဘုရားသခင်နှင့် ခရစ်တော်တို့တွင်ရှိသည့် စိတ်သဘောတော်နှင့်အညီ ခိုင်မာသောစိတ်သဘောကို တည်ဆောက်ခြင်းပါဝင်သည်။ “ဥပဓိရုပ်သစ်ကိုယူတင်ဝတ်ဆောင်” ရန်အလို့ငှာ မိမိတို့၏စဉ်းစားတွေးခေါ်မှုကို အမြဲအသင့်ပြင်ထားပေးဖို့လိုပါသည်။ (ဧ. ၄:၂၃၊ ၂၄) ခရစ်ဝင်ကျမ်းများကို သင်လေ့လာသောအခါ ဤခရစ်တော်၏ဘဝမှတ်တမ်းများကို သင့်အတွက် လိုက်လျှောက်ရန်ပုံစံတစ်ရပ်အဖြစ် သင်ရှုမြင်ပါသလော။ ယေရှုပြသခဲ့သည့် ထူးခြားသည့်စရိုက်များကို ခွဲခြားသိမြင်ရန်ရှာဖွေပြီး သင့်ဘဝတွင် ယင်းတို့ကိုတုပရန် အမှန်ကြိုးပမ်းအားထုတ်သလော။—၁ ပေ. ၂:၂၁။

စကားလက်ဆုံပြောဆိုမှုတွင် သင်ထည့်ပြောသည့်အကြောင်းအရာများသည် သင်ပြုလုပ်ခဲ့သည့်တိုးတက်မှုအတိုင်းအတာ၏ အမှတ်လက္ခဏာတစ်ခုဖြစ်နိုင်သည်။ ဥပဓိရုပ်သစ်ကို ယူတင်ဝတ်ဆောင်ကြသောသူတို့သည် မရိုးသားသော၊ ရိုင်းပျသော၊ ညစ်ညမ်းသော သို့မဟုတ် အပြုသဘောမပါသော စကားပြောဆိုခြင်းတွင် မပါဝင်ကြချေ။ ယင်းအစား သူတို့၏အပြောအဆိုသည် “ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကား” ဖြစ်သည်။ (ဧ. ၄:၂၅၊ ၂၆၊ ၂၉၊ ၃၁; ၅:၃၊ ၄; ယု. ၁၆) သီးသန့်အချိန်နှင့် အသင်းတော်အစည်းအဝေးများတွင်ပေးသည့် သူတို့၏မှတ်ချက်များနှင့် ဖော်ပြချက်များသည် သူတို့၏အသက်တာကို အမှန်တရားက အသွင်ပြောင်းပေးနေကြောင်း လှစ်ဟပြသည်။

အကယ်၍ သင်သည် “. . . အပြစ်သို့သွေးဆောင်ခြင်းငှာ လှည့်ဖြားပြောဆိုသဖြင့်၊ . . . ခပ်သိမ်းသောသြဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားခြင်း” အဖြစ်မခံရတော့လျှင် ယင်းသည်လည်း တိုးတက်မှု၏ အထောက်အထားဖြစ်သည်။ (ဧ. ၄:၁၄) ဥပမာအနေနှင့် လောကသည် သင့်အား အယူအဆသစ်များ၊ အကြောင်းတရားသစ်များ သို့မဟုတ် ဖျော်ဖြေရေးပုံစံအသစ်များဖြင့် တရစပ်ထိုးနှက်သောအခါ သင်မည်သို့တုံ့ပြန်သနည်း။ သင်သည် ထိုကဲ့သို့သောအရာများကိုလိုက်စားရန် ဝိညာဉ်ရေးရာတာဝန်များမှ အချိန်ကို ယူလိုက်ဖို့ သွေးဆောင်ခံနေရသလော။ ထိုသို့သွေးဆောင်ခံနေရလျှင် ဝိညာဉ်ရေးတိုးတက်မှုအတွက် အတားအဆီးဖြစ်နိုင်သည်။ ဝိညာဉ်ရေးရာလိုက်စားမှုများအတွက် အချိန်ကိုဝယ်ယူခြင်းသည် မည်မျှပညာပိုရှိရာကျပါသည်တကား!—ဧ. ၅:၁၅၊ ၁၆။

အခြားသူတို့နှင့်သင်ဆက်ဆံပုံသည်လည်း ဝိညာဉ်ရေးတိုးတက်မှု၏ အမှတ်လက္ခဏာတစ်ခု ဖြစ်နိုင်ပေသည်။ သင့်ညီအစ်ကိုညီအစ်မများနှင့်ဆက်ဆံရာတွင် “သနားစုံမက်ခြင်း၊ . . . အပြစ်လွှတ်ခြင်း” ရှိရန် သင်ယူထားပြီလော။—ဧ. ၄:၃၂။

ယေဟောဝါ၏နည်းလမ်းတော်အတိုင်း လုပ်ဆောင်မှုများတွင် သင့်တိုးတက်မှုသည် အသင်းတော်နှင့်အိမ် နှစ်နေရာစလုံး၌ ထင်ရှားသင့်သည်။ ကျောင်း၊ အများပြည်သူရှိရာနေရာများနှင့် သင့်ဝမ်းစာရှာလုပ်ငန်းလုပ်ရာ နေရာတို့တွင်လည်း ယင်းကို ပေါ်လွင်ထင်ရှားစေသင့်သည်။ (ဧ. ၅:၂၁–၆:၉) ထိုသို့သောအခြေအနေများအားလုံးတွင် ဘုရားရေးရာအရည်အချင်းများကို သင်ပိုမိုအပြည့်အဝတင်ပြနေလျှင် သင့်တိုးတက်မှုကိုယ်နှိုက်ကို ထင်ရှားပြသနေသည်။

သင့်ဆုကျေးဇူးကိုအသုံးပြုပါ

ယေဟောဝါသည် ကျွန်ုပ်တို့ယောက်စီတိုင်းအား စွမ်းရည်များနှင့် အစွမ်းအစများ အပ်နှင်းပေးထားသည်။ ကျွန်ုပ်တို့အား မခံစားထိုက်သောကြင်နာမှုကို ကိုယ်တော်ပြသနိုင်သည့်နည်းအတိုင်း ကျွန်ုပ်တို့မှတစ်ဆင့် ယင်းတို့ကို အခြားသူများအကျိုးအလို့ငှာအသုံးပြုရန် ကိုယ်တော်မျှော်လင့်တော်မူသည်။ ယင်းနှင့်စပ်လျဉ်း၍ တမန်တော်ပေတရုဤသို့ရေးသားခဲ့သည်– “သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ . . . ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့ အချင်းချင်းဝေငှပေးကမ်းကြလော့။” (၁ ပေ. ၄:၁၀) သင်၏ဘဏ္ဍာစိုးအရာကို မည်သို့ထမ်းရွက်မည်နည်း။’

ပေတရုဤသို့ဆက်ဆိုသည်– “ဟောပြောသောသူသည် ဘုရားသခင်၏ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။” (၁ ပေ. ၄:၁၁) ဘုရားသခင်ကိုချီးမြှောက်ရန်အတွက် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် လုံးဝလိုက်ဖက်ညီအောင် ဟောပြောရန်တာဝန်ကို ဤအခန်းငယ်က အလေးပေးထားသည်။ ထိုသို့ဟောပြောရာတွင် ပြုမူပြောဆိုပုံသည်လည်း ယေဟောဝါအားဂုဏ်တင်သင့်သည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းအားဖြင့် ပြင်ဆင်ပေးခဲ့သည့်လေ့ကျင့်မှုသည် အခြားသူများကို သင်ကူညီသည့်နည်းလမ်းအားဖြင့် ဘုရားသခင်အားဂုဏ်တင်ရန် သင်၏ဆုကျေးဇူးကိုအသုံးပြုဖို့ အကူအညီပေးနိုင်သည်။ ထိုအရာကို သင့်ရည်မှန်းချက်အဖြစ်ထားကာ ကျောင်း၌သင့်တိုးတက်မှုကို သင်မည်သို့တိုင်းတာသင့်သနည်း။

သင့်စကားပြောသွန်သင်ချက်စာရွက်ရှိ အချက်မည်မျှကိုလုပ်ဆောင်ခဲ့သည် သို့မဟုတ် ပေးအပ်ခံခဲ့ရသည့်တာဝန်အမျိုးအစားတို့ဖြင့်တိုင်းတာကာ စဉ်းစားတွေးတောနေမည့်အစား ဤလေ့ကျင့်ပေးမှုက သင့်ချီးမွမ်းခြင်းယဇ်အရည်အသွေးအား မည်သည့်အတိုင်းအတာအထိ တိုးတက်စေခဲ့ကြောင်းကို စဉ်းစားပါ။ ကျောင်းသည် ကျွန်ုပ်တို့အား လယ်ကွင်းဓမ္မအမှုတွင် ပို၍ထိရောက်စေရန် ပြင်ဆင်ပေးသည်။ ထို့ကြောင့် မိမိကိုယ်ကိုဤသို့မေးစမ်းကြည့်ပါ– ‘လယ်ကွင်းလုပ်ငန်းတွင် မိမိပြောရမည့်အရာကို မိမိအမှန်တကယ်ပြင်ဆင်ပါသလော။ မိမိသက်သေခံသူတို့ကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြရန် မိမိသင်ယူထားပြီလော။ နောက်တစ်ကြိမ်ဆွေးနွေးရန် လူတို့ကို မေးခွန်းတစ်ခုနှင့် ထားရစ်ခြင်းအားဖြင့် ပြန်လည်ပတ်မှုများအတွက် လမ်းခင်းထားပါသလော။ တစ်ဦးတစ်ယောက်နှင့်ကျမ်းစာလေ့လာနေပါက နှလုံးကိုထိမိစေသည့် သွန်သင်သူတစ်ယောက်အဖြစ်တိုးတက်ရန် လုပ်ဆောင်နေပါသလော။’

တိုးတက်မှုကို မိမိအား ပေးအပ်သည့် လုပ်ငန်းတော်အခွင့်ထူးများဖြင့်သာ တိုင်းတာရသည်ဟု မရှုမြင်ပါနှင့်။ သင့်တိုးတက်မှုကို တာဝန်ခန့်အပ်ချက်တွင်မဟုတ်ဘဲ ယင်းတာဝန်ကို သင်မည်သို့ထမ်းဆောင်ပုံတွင် တွေ့ မြင်ရသည်။ သွန်သင်ခြင်းပါဝင်သည့်တာဝန်တစ်ခု ပေးအပ်ခံရလျှင် မိမိကိုယ်ကိုဤသို့မေးပါ– ‘သွန်သင်မှုနည်းပညာကို မိမိအမှန်တကယ်အသုံးချခဲ့သလော။ ကြားနာသူတို့၏အသက်တာတွင် ထူးခြားသွားစေသည့်နည်းဖြင့် အကြောင်းအရာကို ကိုင်တွယ်ခဲ့သလော။’

သင့်ဆုကျေးဇူးကိုအသုံးပြုရန် နှိုးဆော်တိုက်တွန်းချက်တွင် မိမိကအစပြုခြင်းသဘောပါဝင်သည်။ လယ်ကွင်းဓမ္မအမှုတွင် အခြားသူများနှင့်အတူလုပ်ဆောင်ရန် မိမိကအစပြုပါသလော။ သင့်အသင်းတော်ရှိ လူသစ်များ၊ ငယ်ရွယ်သူများ သို့မဟုတ် မကျန်းမာသူများကိုကူညီရန် အခွင့်အလမ်းများ ရှာဖွေပါသလော။ နိုင်ငံတော်ခန်းမသန့်ရှင်းရေးပြုလုပ်ရန် သို့မဟုတ် စည်းဝေးကြီးများနှင့်စည်းဝေးပွဲများတွင် နည်းအမျိုးမျိုး၌ကူညီရန် သင်စေတနာ့ဝန်ထမ်းပါသလော။ သင်သည် အခါအားလျော်စွာ အရန်ရှေ့ဆောင်တစ်ယောက်အဖြစ် စာရင်းပေးသွင်းနိုင်သလော။ သင်သည် မှန်မှန်ရှေ့ဆောင်တစ်ယောက်အဖြစ် အမှုထမ်းနိုင်သလော သို့မဟုတ် ပို၍လိုအပ်သောအသင်းတော်တစ်ခုတွင် ကူညီပေးနိုင်သလော။ သင်သည် ညီအစ်ကိုတစ်ဦးဖြစ်ပါက ဓမ္မအမှုထမ်းများနှင့် အကြီးအကဲများအတွက် ကျမ်းဆိုင်ရာအရည်အသွေးများပြည့်မီရန် ကြိုးစားတက်လှမ်းနေပါသလော။ အကူအညီပေးရန်နှင့် တာဝန်ကိုလက်ခံတတ်သည့် သင့်တလိုတလားစိတ်ဓာတ်သည် တိုးတက်မှု၏အမှတ်လက္ခဏာဖြစ်သည်။—ဆာ. ၁၁၀:၃။

အတွေ့အကြုံက စွမ်းဆောင်ပေးသည့်ကဏ္ဍ

ခရစ်ယာန်အသက်တာတွင် အတွေ့အကြုံနည်းပါးမှုကြောင့် ကန့်သတ်မှုရှိသည်ဟု သင်ခံစားရလျှင် အားယူပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် “အတွေ့အကြုံနည်းသူများကို ဉာဏ်ပညာရှိ” စေနိုင်သည်။ (ဆာ. ၁၉:၇၊ ကဘ; ၁၁၉:၁၃၀; သု. ၁:၁-၄) ကျမ်းစာသွန်သင်ချက်ကိုကျင့်သုံးခြင်းက ကျွန်ုပ်တို့အား အတွေ့အကြုံအားဖြင့်သာ တတ်သိလာသည့် အဘယ်အရာထက်မဆို တန်ဖိုးပိုကြီးသော ယေဟောဝါ၏စုံလင်သောဉာဏ်ပညာမှ အကျိုးကျေးဇူးရရှိစေသည်။ သို့တိုင် ယေဟောဝါထံ ကျွန်ုပ်တို့အမှုဆောင်ခြင်းတွင် တိုးတက်လာသည်နှင့်အမျှ အဖိုးမဖြတ်နိုင်သောအတွေ့အကြုံကို ကျွန်ုပ်တို့ရရှိကြသည်။ ကောင်းကျိုးအတွက် ယင်းကို ကျွန်ုပ်တို့မည်သို့အသုံးပြုနိုင်သနည်း။

ဘဝတွင် အခြေအနေအမျိုးမျိုး တွေ့ကြုံရင်ဆိုင်ခဲ့ရရာ လူတစ်ဦးဤသို့အကြောင်းပြရန် သွေးဆောင်ခံရနိုင်သည်– ‘ဤအခြေအနေကို မိမိယခင်ကရင်ဆိုင်ခဲ့ပြီးပြီ။ ဘာလုပ်ရမည်ကို မိမိသိပါသည်။’ ယင်းသည် ပညာရှိလမ်းစဉ်ဖြစ်မည်လော။ သုတ္တံ ၃:၇ ကဤသို့သတိပေးသည်– “ငါသည် ပညာရှိ၏ဟုကိုယ်ကိုမထင်နှင့်။” ဘဝတွင် အခြေအနေများကိုကိုင်တွယ်သည့်အခါ အတွေ့အကြုံက ဆင်ခြင်သုံးသပ်ရန် အကြောင်းအချက်များအပေါ် အမှန်ပင်အမြင်ကျယ်စေသင့်သည်။ သို့သော် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတွင်တိုးတက်နေပါက အောင်မြင်နိုင်ရန် ယေဟောဝါ၏ကောင်းချီးလိုအပ်ကြောင်း ကျွန်ုပ်တို့၏အတွေ့အကြုံက ကျွန်ုပ်တို့၏စိတ်နှလုံးတွင် စွဲမှတ်စေသင့်သည်။ ထိုအခါ ကျွန်ုပ်တို့၏တိုးတက်မှုသည် မိမိကိုယ်ကိုယုံကြည်စိတ်ချစွာဖြင့် အခြေအနေများကို ရင်ဆိုင်နေခြင်းဖြင့်မဟုတ်ဘဲ ကျွန်ုပ်တို့၏ဘဝအသက်တာတွင် လမ်းညွှန်မှုအတွက် ယေဟောဝါထံမျှော်ကိုးရန် အသင့်ရှိခြင်းအားဖြင့် သိသာထင်ရှားသည်။ ကိုယ်တော့်ခွင့်ပြုချက်မရဘဲ မည်သည့်အရာမှဖြစ်မလာနိုင်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနေခြင်း၊ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့် ချစ်ခင်ကြင်နာသောဆက်ဆံရေးနှင့် ယုံကြည်ကိုးစားမှုကို ထိန်းသိမ်းခြင်းအားဖြင့် ယင်းကိုတင်ပြသည်။

ရှေ့သို့ လှမ်းကမ်းနေပါ

တမန်တော်ပေါလုသည် ဝိညာဉ်ရေးအရရင့်ကျက်သော ဘိသိက်ခံခရစ်ယာန်တစ်ယောက်ဖြစ်နေလင့်ကစား အသက်ပန်းတိုင်သို့ရောက်ရန် ဆက်၍ “လှမ်းကမ်း” ဖို့လိုအပ်ခဲ့ကြောင်း သူအသိအမှတ်ပြုခဲ့သည်။ (ဖိ. ၃:၁၃-၁၆) သင့်တွင် ထိုအမြင်မျိုး ရှိပါသလော။

မည်သည့်အတိုင်းအတာထိ တိုးတက်မှုပြုလုပ်ထားပြီနည်း။ မိမိကိုယ်ကို ဥပဓိရုပ်သစ်နှင့် မည်မျှအပြည့်အစုံဝတ်ဆင်ထားခြင်း၊ ယေဟောဝါ၏အချုပ်အခြာအာဏာတော်ကို မိမိမည်မျှအပြည့်အဝနာခံခြင်းနှင့် ယေဟောဝါကိုဂုဏ်တင်ရန် မိမိ၏ဆုကျေးဇူးကို လုံ့လဝီရိယရှိရှိ မည်သို့အသုံးပြုနေပုံတို့ဖြင့် မိမိ၏တိုးပွားမှုကိုတိုင်းတာပါ။ သင်သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးကျေးဇူးရရှိသည်နှင့်အမျှ ဘုရားသခင့်နှုတ်ကပါဌ်တော်ရှိ ပေါ်လွင်ထင်ရှားသည့်အရည်အသွေးများကို သင်၏စကားပြောဆိုပုံနှင့် သွန်သင်ပုံတို့တွင် အဆင့်ဆင့်ထင်ရှားလာစေသင့်သည်။ သင့်တိုးပွားမှုဆိုင်ရာ ဤကဏ္ဍများကို ဆက်၍စူးစိုက်နေပါ။ မှန်ပေသည်၊ ယင်းတို့၌ဝမ်းမြောက်ပျော်ရွှင်ကာ သင့်တိုးတက်မှုသည် သိသာထင်ရှားနေပေလိမ့်မည်။

သင်၏ကိုယ်ပိုင် ဝိညာဏပန်းတိုင်များကား အဘယ်နည်း

နောက်လာမည့်နှစ်အတွင်း မိမိရရှိနိုင်သင့်သော အဘယ်လက်တွေ့ကျသည့်ပန်းတိုင်များ သင့်တွင် ထားရှိသနည်း။

  1. ၁။ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

  2. ၂။ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

အထမြောက်သည်အထိ ယင်းတို့ကိုလုပ်ဆောင်ဖို့ သင်ဆုံးဖြတ်ချက်ချလောက်အောင် အဘယ်ရေရှည်ပန်းတိုင်များသည် သင့်အတွက် တန်ဖိုးရှိလှသနည်း။

  1. ၁။ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

  2. ၂။ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

  3. ၃။ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ