အရေဖျား ဖြတ်ခြင်း ပြဿနာကို ပထမရာစု အုပ်ချုပ်ရေးအဖွဲ့ ဖြေရှင်းပေးပြီးတာတောင် ခရစ်ယာန်ဆိုသူတချို့ ခေါင်းမာမာနဲ့ ပြဿနာ ရှာနေကြတုန်းပဲ။ သူတို့ကို တမန်တော် ပေါလုက “ခရစ်တော်နဲ့ ဆိုင်တဲ့ သတင်းကောင်းကို ကပြောင်းကပြန် ဖြစ်အောင် လုပ်မယ့်” “ညီအစ်ကိုအတုအယောင်တွေ” လို့ ခေါ်တယ်။—ဂလ. ၁:၇။ ၂:၄။ တိ. ၁:၁၀။
ဂျူးထုံးစံလိုက်သူတွေရဲ့ ရည်ရွယ်ချက်က ခရစ်ယာန်ဘာသာကို ဂျူးတွေ အပြင်းအထန် အတိုက်အခံ မပြုအောင် ဂျူးတွေအကြိုက် လိုက်ဖို့ ဖြစ်တယ်။ (ဂလ. ၆:၁၂၊ ၁၃) အစာစားခြင်း၊ အရေဖျား ဖြတ်ခြင်း၊ ဂျူးပွဲနေ့တွေ ကျင်းပခြင်းစတဲ့ မောရှေပညတ်နဲ့ဆိုင်တဲ့ အကျင့်တွေအားဖြင့် ဖြောင့်မတ်ရာ ရောက်တယ်လို့ ဂျူးထုံးစံလိုက်သူတွေ ပြောကြတယ်။—ကော. ၂:၁၆။
အဲဒီအမြင်ရှိသူတွေဟာ ယုံကြည်သူ လူမျိုးခြားတွေအလယ်မှာ အနေခက်မှာ အမှန်ပဲ။ ဝမ်းနည်းစရာက ရိုသေလေးစားခံရတဲ့ ဂျူးခရစ်ယာန်တချို့မှာ အဲဒီအမြင် ရှိနေတယ်။ ဥပမာ၊ သူတို့က ဂျေရုဆလင် အသင်းတော် ကိုယ်စားလှယ်တွေ အန္တိအုတ်မြို့ကို ရောက်လာတဲ့အခါ လူမျိုးခြား ညီအစ်ကိုတွေကို ရှောင်ကြတယ်။ ဒီကိုယ်စားလှယ်တွေ မရောက်ခင် လူမျိုးခြား ညီအစ်ကိုတွေနဲ့ ပေါ့ပေါ့ပါးပါး ပေါင်းသင်းတဲ့ တမန်တော် ပေတရုတောင် သူတို့နဲ့ မစားသောက်တော့ဘဲ ရှောင်နေတယ်။ အရင်က သူကိုယ်တိုင် ထောက်ခံပြောဆိုခဲ့တဲ့ မူတွေအတိုင်း မနေထိုင်တော့ဘူး။ ဒါကြောင့် ပေတရုကို ပေါလု ပြစ်တင်ဆုံးမတယ်။—ဂလ. ၂:၁၁-၁၄။