အိမ်ထောင်မင်္ဂလာ
အဓိပ္ပာယ်သတ်မှတ်ချက်– ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦး ပေါင်းဖက်၍ သန့်ရှင်းသောကျမ်းစာစံနှင့်အညီ လင်မယားအဖြစ် နေထိုင်ခြင်းဖြစ်သည်။ အိမ်ထောင်မင်္ဂလာသည် ဘုရားသခင်စတင်ခဲ့ရာဖြစ်သည်။ လင်မယားစပ်ကြား ရင်းနှီးသောဆက်ဆံရေးရှိစေသည်။ ထိုမျှမက၊ မေတ္တာဓာတ်လွှမ်းခြုံ၍ ကြင်ဖော်တစ်ဦးစီ သစ္စာနှံခဲ့သဖြင့် နှစ်ဦးသား လုံခြုံမှုခံစားကြရပေသည်။ အိမ်ထောင်ကိုယေဟောဝါတည်ထောင်စဉ် ယောက်ျားအား ရင်းနှီးသောအဖော်အဖက်ဖြင့် ဘက်စုံစေရန်သာမဟုတ်၊ အိမ်ထောင်ရေးအစီအစဉ်အတွင်း သားသမီးများမွေးဖွားစေရန်လည်းဖြစ်၏။ ခရစ်ယာန်အသင်းတော်လက်ခံနိုင်သောထိမ်းမြားစုံဖက်မှုကို ဖြစ်နိုင်သည့်နေရာတိုင်း တရားဝင်မှတ်ပုံတင်ရန်လိုသည်။
တရားဝင်လက်ထပ်ဖို့ တကယ်ပင် အရေးကြီးသလော
တိ. ၃:၁၊ ၂၊ သမ– “အရာရှိများ၊ အာဏာပိုင်များအောက် ဝန်ခံ . . . ရန်၊ သူတို့ကို သတိပေးလော့။” (ဤသြဝါဒကိုနာခံလျှင်၊ သူတို့နှစ်ဦး နာမည်ပျက်စရာမလို။ သားသမီးများလည်း လက်မထပ်သောမိဘများမွေးသည့်ကလေးများနည်းတူ တံတွေးခွက်ပက်လက်မျောနေရန်မလို။ ထိုမျှမက၊ တရားဝင်လက်ထပ်ထားလျှင် အိမ်ထောင်ဖက်သေဆုံးသောအခါ မိသားစု၏ပစ္စည်းပိုင်ဆိုင်ခွင့်လည်း ဆုံးရှုံးမည်မဟုတ်။)
ဟေဗြဲ ၁၃:၄၊ သမ– “သင်တို့ရှိသမျှတွင်၊ အိမ်ထောင်ပြုခြင်းအမှုကို ဂုဏ်တင်လျက် ဆက်ဆံခြင်းဝတ်ကို စင်ကြယ်စေကြလော့။ မတရားမေထုန်ပြုသူတို့နှင့် သူ့သားအိမ်ရာပြစ်မှားသူတို့ [“ဖောက်ပြားသူတို့၊” ကဘ] ကိုကား ဘုရားသခင် စီရင်တော်မူလိမ့်မည်။” (“ဂုဏ်” ရှိသောအိမ်ထောင်ရေးဖြစ်စေရန် တရားဝင်လက်ထပ်ခြင်းသည် အရေးပါလှ၏။ “မတရားမေထုန်” နှင့် “ဖေက်ပြားမှု”တို့ကို အနက်ဖွင့်ရာ၌ အထက်တွင်ကိုးကားသော တိတု ၃:၁ ကို နှလုံးသွင်းသင့်၏။)
၁ ပေ. ၂:၁၂-၁၅၊ သက– “သခင်ယေရှုကို မယုံကြည် မကိုးစားသူတို့သည် သင်တို့အား မကောင်းမှုပြုသူများဟု ပြစ်တင်စွပ်စွဲလျက်နေကြစဉ်ပင်လျှင် သင်တို့၏အကျင့်ကောင်းကိုမြင်သဖြင့် ထာဝရဘုရားကြွလာတော်မူသောနေ့၌ ကိုယ်တော်၏ ဘုန်းအသရေတော်ကို ချီးကျူးကြစေရန် သင်တို့သည် ထိုသူတို့ရှေ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူကျင့်ကြံလျက်နေကြလော့။ သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ လူအာဏာပိုင်ရှိသမျှတို့၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ ဘုရင်ဧကရာဇ်မင်းအား အချုပ်အခြာအာဏာပိုင်အဖြစ်ဖြင့်လည်းကောင်း၊ ဘုရင်ခံများအား လူဆိုးတို့ကိုအပြစ်ဒဏ်ပေးရန်နှင့် လူကောင်းတို့ကိုချီးမြှင့်ရန် ဘုရင်ဧကရာဇ်ခန့်ထားသူများအဖြစ်ဖြင့်လည်းကောင်း” လက်ခံကြလော့။ သင်တို့သည် မိမိတို့၏ အကျင့်ကောင်းအားဖြင့် အသိဉာဏ်ကင်းမဲ့သည့် လူမိုက်တို့၏နှုတ်ကိုပိတ်ရန် ထာဝရဘုရားအလိုရှိတော်မူ၏။”
အာဒံနှင့်ဧဝတို့အတူနေထိုင်ကြစဉ် “တရားဝင်မင်္ဂလာအခမ်းအနားများ” ရှိခဲ့သလော
က. ၂:၂၂-၂၄– “ထာဝရအရှင်ဘုရားသခင်သည် လူ [အာဒံ] ထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူကလည်း ယခုဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကို လူမိန်းမဟုခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။” (အာဒံနှင့်ဧဝတို့ကိုစုံဖက်စေသူမှာ စကြဝဠာအချုပ်အခြာအာဏာရှင် ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်း သတိပြုလေ။ ယောက်ျားနှင့်မိန်းမ တရားဝင်အာဏာကိုပထားပြီး နှစ်ယောက်အတူနေရန်ဆုံးဖြတ်သည့်ကိစ္စမဟုတ်။ ထို့ပြင် ရာသက်ပန်ပေါင်းဖော်ကြရန် ဘုရားသခင်အလေးအနက်ပြုတော်မူသည်ကိုလည်း မှတ်သားပါ။)
က. ၁:၂၈– “အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍ သူတို့ [အာဒံနှင့်ဧဝ] ကို ကောင်းချီးပေးတော်မူ၏။” (ဤတွင် အကြီးမြင့်ဆုံးအာဏာပိုင်က သူတို့၏စုံဖက်မှုကို ကောင်းချီးပေးတော်မူ၏။ သံဝါသပြုခွင့်အပြင်၊ ဘဝကို အဓိပ္ပာယ်ပြည့်ဝစေသောလုပ်ငန်း လုပ်ကိုင်ရန် တာဝန်အပ်နှင်းတော်မူပေသည်။)
ဒေသန္တရဥပဒေကခွင့်ပြုလျှင် လင်ပြိုင်မယားပြိုင်ထားနိုင်သလော
၁ တိ. ၃:၂၊ ၁၂– “သင်းအုပ်သည် အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်းရှိသောသူ၊ . . . ဖြစ်ရမည်။ သင်းထောက်သည် မယားတစ်ယောက်တည်းရှိရမည်။” (ဤသူတို့သည် တာဝန်အပ်နှင်းခံရရုံသာမဟုတ်၊ ခရစ်ယာန်အသင်းတော်၌ အခြားသူများ အတုယူလောက်သော စံပြကောင်းလည်း ဖြစ်ဖို့လိုသည်။)
၁ ကော. ၇:၂၊ သက– “ကာမဂုဏ်လိုက်စားမှုများ လွန်စွာများပြားလျက်နေသဖြင့်၊ အမျိုးသားတိုင်းမှာ ဇနီးရှိသင့်၏။ အမျိုးသမီးတိုင်းမှာလည်း ခင်ပွန်းရှိသင့်၏။” (မယားအများ၊ လင်အများယူရန်ခွင့်ပြုနေသည်မဟုတ်။)
အာဗြဟံ၊ ယာကုပ်နှင့်ရှောလမုန်တို့အား မယားတစ်ယောက်မကယူဖို့ အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း
ယေဟောဝါသည် မယားပြိုင်ဓလေ့ကို စတင်ခဲ့သူမဟုတ်။ အာဒံအား မယားတစ်ယောက်သာ ပေးတော်မူသည်။ နောက်၌ ကာဣနမှဆင်းသက်သူ လာမက်က မယားနှစ်ယောက်ယူ၏။ (က. ၄:၁၉) နောင်၌ အခြားသူများ သူ့နမူနာကိုယူကြ၏။ အချို့က ကျွန်မများကို မယားငယ်အဖြစ်ထားကြသည်။ ထိုဓလေ့ကို ဘုရားသခင်သည်းခံတော်မူ၏။ မောရှေပညတ်အောက်၌ မယားငယ်များကို တော်လျော်စွာဆက်ဆံဖို့ စည်းမျဉ်းများပင်ချမှတ်တော်မူခဲ့သည်။ ခရစ်ယာန်အသင်းတော် ထူထောင်သည့်အချိန်တိုင်ဖြစ်သည်။ ထို့နောက်၌ မိမိကျေးကျွန်များအား ဧဒင်၌မိမိထားခဲ့သည့်စံအတိုင်း နေထိုင်ရန် တောင်းဆိုတော်မူသည်။
အာဗြဟံ မူ စာရဲ (စာရာ) ကို မယားအဖြစ်ယူခဲ့သည်။ စာရာအသက်သည် ၇၅ နှစ်ပြည့်လု၍ မိမိဘယ်တော့မျှ ကလေးရတော့မည်မဟုတ်ဟုထင်သောအခါ၊ မိမိ၏ကျွန်မနှင့်ဆက်ဆံပါဟု အာဗြဟံအား ကိုယ်တိုင် မေတ္တာရပ်ခံ၏။ ကျွန်မအားဖြင့် တရားဝင်ကလေးတစ်ယောက်ရလို၍ဖြစ်၏။ အာဗြဟံ ထိုသို့ပြုခဲ့သည်။ သို့သော် ကြီးကျယ်သောအိမ်တွင်းပဋိပက္ခဖြစ်ရလေသည်။ (က. ၁၆:၁-၄) ယေဟောဝါသည် အာဗြဟံအား “အမျိုးအနွယ်” တစ်ဦးကိုပေးမည်ဆိုသည့်ကတိတော်အတိုင်း နောက်ပိုင်းတွင် စာရာအား အံ့ဖွယ်နည်းဖြင့်ကိုယ်ဝန်ရစေတော်မူသည်။ (က. ၁၈:၉-၁၄) စာရာသေသည့်နောက်မှသာ အာဗြဟံ နောက်မိန်းမယူ၏။—က. ၂၃:၂; ၂၅:၁။
ယာကုပ် သည် ယောက္ခမလှည့်စားမှုကြောင့် မယားပြိုင်ထားသူဖြစ်ရလေသည်။ ပါဒနာရံသို့ ကြင်ဖော်ရှာထွက်ခဲ့စဉ် ထိုသို့စိတ်မကူးပါ။ သူ့မယားများစပ်ကြားဖြစ်ပွားသော စိတ်ဆင်းရဲဖွယ် တုပြိုင်လွန်ဆွဲမှုအကြောင်းကို ကျမ်းစာက အတော်ပင် မှတ်တမ်းတင်ထားသည်။—က. ၂၉:၁၈–၃၀:၂၄။
ရှောလမုန် ၌ မိဖုရားနှင့်မောင်းမအမြောက်အမြားရှိသည်မှာ လူတကာအသိပင်။ သို့ရာတွင် ဘုရင်သည် “စိတ်နှလုံး . . . ဖောက်ပြန်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း များစွာသောမယားတို့ကို မယူရ” ဟူသော ယေဟောဝါ၏ပြတ်သားသောပညတ်တော်ကို သူကျူးလွန်ခဲ့သည်ကိုကား လူတိုင်းမသိပါ။ (တရား. ၁၇:၁၇) ထို့ပြင် ရှောလမုန်သည် တိုင်းတစ်ပါးသူ မိဖုရားများ၏သြဇာကြောင့် မိစ္ဆာဘုရားများကိုကိုးကွယ်၍ ယေဟောဝါ “ရှေ့တော်၌ ဒုစရိုက်ကိုပြု” သဖြင့် ယေဟောဝါအား “အမျက်ထွက်” စေသည်ကိုလည်း သတိပြုပါ။—၃ ရာ. ၁၁:၁-၉။
လင်မယားမသင့်မြတ်လျှင် ခွဲနေနိုင်သလော
၁ ကော. ၇:၁၀-၁၆– “ခင်ပွန်းရှိသောသူတို့ကိုလည်း ငါပညတ်သည်သာမက၊ သခင်ဘုရားပညတ်တော်မူသည်ကား၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။ စွန့်ပစ်လျှင် ခင်ပွန်းမရှိဘဲနေစေ။ သို့မဟုတ်လျှင် ခင်ပွန်းဟောင်းထံသို့ပြန်၍ အသင့်အတင့်နေစေ။ ယောက်ျားသည်လည်း မိမိမယားနှင့် မကွာစေနှင့်။ ကြွင်းသောသူတို့ကို သခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ [အခန်းငယ် ၄၀ အရ၊ ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်ညွှန်ကြားခံရသည်။] တစ်စုံတစ်ယောက်သောညီအစ်ကိုသည် မယုံကြည်သောမယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့်နေခြင်းငှာအလိုရှိလျှင် မကွာစေနှင့်။ ထိုနည်းတူ မိန်းမသည်လည်း မယုံကြည်သောခင်ပွန်းရှိ၍ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှာအလိုရှိလျှင် မကွာစေနှင့်။ အကြောင်းမူကား၊ မယုံကြည်သောလင်သည် မိမိမယားအဖို့ စင်ကြယ်၏။ မယုံကြည်သောမယားသည်လည်း မိမိလင်အဖို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏သားသမီးသည်မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။ သို့သော်လည်း မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှာ ဘုရားသခင်၏ပညတ်တော်ရှိ၏။ အချင်းမိန်းမ၊ သင်သည် ကိုယ်ခင်ပွန်းကိုကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့သိသနည်း။ အချင်းယောက်ျား၊ သင်သည် ကိုယ်ခင်ပွန်းကိုကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့သိသနည်း။” (ယုံကြည်သူသည် အဘယ်ကြောင့် အခက်အခဲဆင်းရဲကိုသည်းခံပြီး အိမ်ထောင်ကို ဥမကွဲ သိုက်မပျက်အောင် ထိန်းသိမ်းဖို့ အားထုတ်လိုသနည်း။ အိမ်ထောင်ကို ဘုရားသခင် အစပျိုးခဲ့သည်ဟူသည့်အချက်ကိုလေးစား၍ဖြစ်၏။ မယုံကြည်သူခင်ပွန်းကို တစ်နေ့ ဘုရားမှန်၏ကျေးကျွန်တစ်ဦးဖြစ်လာရန် ကူညီလို၍လည်းဖြစ်သည်။)
နောက်အိမ်ထောင်ပြုလို၍ လက်ရှိခင်ပွန်းနှင့်ကွာရှင်းခြင်းကို ကျမ်းစာမည်သို့ယူမှတ်သနည်း
မာလ. ၂:၁၅၊ ၁၆– “ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကို သစ္စာဖျက်၍ မပြစ်မှားကြနှင့်။ မယားကိုစွန့်ခြင်းအမှု [“ကွာရှင်းမှု၊” ကဘ] ကို ငါမုန်းသည်ဟု ဣသရေလအမျိုး၏ဘုရားသခင် . . . မိန့်တော်မူ၏။”
မ. ၁၉:၈၊ ၉၊ ကဘ– “[ယေရှု] က သူတို့အား ‘မောရှေသည် သင်တို့၏နှလုံး မာကျောသည်ကိုထောက်၍ သင်တို့ဇနီးများကို ကွာရှင်းရန် သင်တို့အား ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ အစ၌မူ ထိုသို့မဟုတ်။ သင်တို့အား ငါပြော၏။ မတရားမေထုန် [ကိုယ့်ခင်ပွန်းမဟုတ်သူနှင့်ဆက်ဆံခြင်း] အကြောင်းပြချက်မှတစ်ပါး မိမိမယားကိုကွာ၍ နောက်တစ်ယောက်ကိုလက်ထပ်သောမည်သူမဆို ဖောက်ပြားမှုကျူးလွန်၏’ ဟု မိန့်တော်မူ၏။” (သို့ဖြင့် အပြစ်မဲ့သူသည် “မတရားမေထုန်” ကျူးလွန်သောမိမိခင်ပွန်းကို ကွာခွင့်ရှိသည်။ သို့သော် ကွာရမည်ဟူ၍ကား မဆိုလို။)
ရော. ၇:၂၊ ၃– “လင်ရှိသောမိန်းမသည် လင်မသေမီတိုင်အောင် ပညတ်တရားအားဖြင့် လင်၌ချည်နှောင်လျက်ရှိ၏။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ်၏။ ထိုကြောင့် မိမိလင်မသေမီအခြားသောသူ၏မယားဖြစ်လျှင် မျောက်မထားသောမိန်းမဟုခေါ်ထိုက်၏။ လင်သေလျှင်မူကား၊ ထိုတရားနှင့်လွတ်သည်ဖြစ်၍ အခြားသောသူ၏မယားဖြစ်သော်လည်း မျောက်မထားသောမိန်းမဟုခေါ်စရာအကြောင်းမရှိ။”
၁ ကော. ၆:၉-၁၁– “မတရားသောမေထုန်၌မှီဝဲသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ [“ဖောက်ပြားသူ၊” ကဘ]၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ . . . တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။ အထက်က သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း ယခုတွင် သခင်ယေရှု၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ။” (ဤအချက်က ယင်းကိစ္စမည်မျှကြီးလေးကြောင်း ပြ၏။ နောင်တမရသောဖောက်ပြားသူတို့သည် ဘုရားသခင့်နိုင်ငံတော်နှင့်မဆိုင်ရ။ သို့တစေ၊ ယခင်က ဖောက်ပြားရုံမက မတော်မတရားနည်းဖြင့် နောက်အိမ်ထောင်ပြုခဲ့သူများပင် တကယ်နောင်တရ၍ ယေရှု၏အပြစ်ဖြေယဇ်ပေါ်ယုံကြည်လျှင် ဘုရားသခင့်အပြစ်လွှတ်ခြင်းကိုခံစားရပြီး ရှေ့တော်၌ ကြည်လင်သောရပ်တည်မှုကိုရယူနိုင်သည်။)
ရှေးအချိန်၌ မောင်နှမချင်းအိမ်ထောင်ပြုခြင်းကို အဘယ်ကြောင့်ခွင့်ပြုတော်မူသနည်း
ကာဣနသည် မိမိနှမ၊ သို့မဟုတ် တူမတစ်ယောက်ကိုယူခဲ့ဟန်ရှိကြောင်း၊ (က. ၄:၁၇; ၅:၄) အာဗြံသည် မိမိ၏ဖတူမိကွဲနှမကိုယူခဲ့ကြောင်း (က. ၂၀:၁၂) ကျမ်းစာမှတ်တမ်းက ပြညွှန်သည်မှန်၏။ သို့သော်၊ နောက်ပိုင်း၌ မောရှေအားဖြင့်ပေးတော်မူသောပညတ်တွင် သွေးနီးချင်းစုံဖက်မှုကို ပြတ်သားစွာတားမြစ်တော်မူ၏။ (ဝတ်. ၁၈:၉၊ ၁၁) ခရစ်ယာန်များအလယ်၌လည်း ခွင့်မပြုချေ။ သွေးနီးချင်းစုံဖက်လျှင် ဥပါဒ်ဖြစ်စေသောမျိုးရိုးပါအကြောင်းအင်များကို သားသမီးများအား ဆက်ခံစေဖို့အကြောင်း သာမန်ထက်ပိုများ၏။
လူ့သမိုင်းဦး၌ မောင်နှမစုံဖက်ခြင်းသည် အဘယ်ကြောင့် မသင့်တော်သည့်ကိစ္စမဟုတ်သနည်း။ အာဒံနှင့်ဧဝတို့ကို ဘုရားသခင်ဖန်ဆင်း၍ သူတို့မှတစ်ဆင့် လူသားတစ်ရပ်လုံးဆင်းသက်လာစေရန် ရည်ရွယ်တော်မူပေသည်။ (က. ၁:၂၈; ၃:၂၀) သို့ဖြစ်၍ အထူးသဖြင့် အဦးပိုင်းကျသောလူမျိုးဆက်များအတွင်း သွေးနီးချင်းထိမ်းမြားမှု ရှိမည်မုချ။ အပြစ်တရားပေါ်လာသည့်နောက်မှာပင် အဦးပိုင်းလူမျိုးဆက်များထဲမှကလေးများ၌ သိသာထင်ရှားသော အင်္ဂါချို့တဲ့မှုဖြစ်ပေါ်နိုင်သည့်အန္တရာယ် နည်းပါးပေသည်။ အကြောင်းမှာ၊ လူသည် အာဒံနှင့်ဧဝတို့ခံစားခဲ့သောစုံလင်မှုနှင့် အလွန်နီးကပ်၍ဖြစ်၏။ ထိုခေတ်က ရှည်လျားသော လူ့သက်တမ်းက သက်သေထူ၏။ (က. ၅:၃-၈; ၂၅:၇) သို့သော် အာဒံအပြစ်သားဖြစ်ပြီး အနှစ် ၂,၅၀၀ လွန်သော် သွေးနီးချင်းစုံဖက်မှုကို ပိတ်ပင်တော်မူလေသည်။ ဤနည်းဖြင့် နောင်လာနောက်သားများကိုကာကွယ်သည့်ပြင် ယေဟောဝါ၏ကျေးကျွန်များ၏လိင်စာရိတ္တစံကို ယုတ်ညံ့သောအကျင့်အမျိုးမျိုးကျင့်ကြံသော ပတ်ဝန်းကျင်လူမျိုးတို့ထက် သာ၍မြင့်မားစေ၏။—ဝတ်. ၁၈:၂-၁၈ ရှု။
အဘယ်အရာက အိမ်ထောင်သာယာမှုကို တိုးပွားစေရန် ထောက်ကူသနည်း
(၁) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အတူတကွ မှန်မှန်လေ့လာခြင်းနှင့် ပြဿနာဖြေရှင်းရာ၌ ဘုရားသခင်ထံ ဆုတောင်း၍အကူအညီယူခြင်း။—၂ တိ. ၃:၁၆၊ ၁၇; သု. ၃:၅၊ ၆; ဖိ. ၄:၆၊ ၇။
(၂) ဦးစီးမှုဆိုင်ရာမူကိုလေးမြတ်ခြင်း။ ယင်းကြောင့်၊ ယောက်ျားပေါ် ကြီးလေးသောတာဝန် ကျရောက်သည်။ (၁ ကော. ၁၁:၃; ဧ. ၅:၂၅-၃၃; ကော. ၃:၁၉) မယားဖြစ်သူလည်း တကယ်လုံ့လစိုက်ရန်လိုသည်။—ဧ. ၅:၂၂-၂၄၊ ၃၃; ကော. ၃:၁၈; ၁ ပေ. ၃:၁-၆။
(၃) မိမိခင်ပွန်းတစ်ဦးတည်းနှင့်သာ သံဝါသပြုခြင်း။ (သု. ၅:၁၅-၂၁; ဟေဗြဲ ၁၃:၄) မေတ္တာစေတနာဖြင့် မိမိခင်ပွန်း၏လိုအပ်ရာကို အရေးပေးလျှင် မှားယွင်းခြင်းသို့သွေးဆောင်ခံရသည့်အဖြစ်မှ ခင်ပွန်းကို အကာအကွယ်ရစေနိုင်မည်။—၁ ကော. ၇:၂-၅။
(၄) တစ်ယောက်ကိုတစ်ယောက် ကြင်နာထောက်စာစွာပြောဆိုခြင်း။ ဒေါသအိုးပေါက်ကွဲမှု၊ တဖျစ်တောက်တောက်၊ မှိုချိုးမျှစ်ချိုးပြောဆိုမှုတို့ကိုရှောင်ခြင်း။—ဧ. ၄:၃၁၊ ၃၂; သု. ၁၅:၁; ၂၀:၃; ၂၁:၉; ၃၁:၂၆၊ ၂၈။
(၅) နေအိမ်ကိုသန့်ပြန့်စွာထားခြင်းနှင့် လျှော်ဖွပ်ခြင်းအပြင်၊ အာဟာရပြည့်ဝသော ထမင်းဟင်းလျာချက်ပြုတ်ခြင်းတို့၌ လုံ့လရှိ၍အားထားလောက်ခြင်း။—တိ. ၂:၄၊ ၅; သု. ၃၁:၁၀-၃၁။
(၆) တစ်ဖက်သားက ဝတ်ကျေသည်ဟုကိုယ်ထင်သည်ဖြစ်စေ၊ မထင်သည်ဖြစ်စေ၊ ကိုယ်က စိတ်နှိမ့်ချစွာ ကျမ်းသြဝါဒကိုကျင့်သုံးခြင်း။—ရော. ၁၄:၁၂; ၁ ပေ. ၃:၁၊ ၂။
(၇) ကိုယ့်ဝိညာဏအရည်အသွေးတိုးပွားအောင် အလေးပေးခြင်း။—၁ ပေ. ၃:၃-၆; ကော. ၃:၁၂-၁၄; ဂလ. ၅:၂၂၊ ၂၃။
(၈) သားသမီးရှိလျှင် လိုအပ်သောမေတ္တာ၊ လေ့ကျင့်မှုနှင့်ဆုံးမမှုကိုပေးခြင်း။—တိ. ၂:၄; ဧ. ၆:၄; သု. ၁၃:၂၄; ၂၉:၁၅။