အခန်းသုံး
‘ဒီစကားကို သူတို့ကို သင်ပြောရမယ်’
၁။ (က) ယေရှုနဲ့ယေရမိဟာ ဘယ်လိုနည်းနဲ့ ဆင်တူကြသလဲ။ (ခ) ဟောပြောခြင်းလုပ်ငန်းမှာ ယေရမိကို ကျွန်တော်တို့ ဘာကြောင့်တုပသင့်သလဲ။
သတင်းကောင်းဟောပြောရာမှာ ကျွန်တော်တို့တုပရမယ့် အကောင်းဆုံးစံပြပုဂ္ဂိုလ်ကတော့ ယေရှုခရစ်ဖြစ်တယ်။ ယေရှုကို ပထမရာစုမှာရှိတဲ့လူတွေက ပရောဖက်ယေရမိလို့ထင်ခဲ့ဖူးတာ မှတ်သားစရာပဲ။ (မ. ၁၆:၁၃၊ ၁၄) ဟောပြောပါဆိုတဲ့ ဘုရားသခင်ရဲ့အမိန့်ကို ယေရှုရရှိခဲ့သလို ယေရမိလည်း ရရှိခဲ့တယ်။ “‘. . . ယေဟောဝါ ပြောတယ်’ ဆိုတဲ့စကားကို သူတို့ကို သင်ပြောရမယ်” လို့ ယေရမိကို ဘုရားသခင်ပြောခဲ့တယ်။ (ယေ. ၁၃:၁၂၊ ၁၃၊ ကဘ; ယော. ၁၂:၄၉) ယေရမိနဲ့ယေရှုဟာ ဟောပြောခြင်းလုပ်ငန်းမှာ တူညီတဲ့အရည်အသွေးတွေကို တင်ပြခဲ့တယ်။
၂။ ဒီနေ့ခေတ်ကလူတွေနဲ့ ယေရမိခေတ်ကဂျူးတွေဟာ ဘာလုပ်ရမလဲ။
၂ ဒါပေမဲ့ ‘ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းက ယေရမိရဲ့ဟောပြောခြင်းလုပ်ငန်းနဲ့ တူမှမတူပဲ။ သူက ဘုရားသခင့်ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ဘုရားသခင်ဆီအပ်နှံထားတဲ့လူမျိုးကို ဟောပြောခဲ့တာ၊ ကျွန်တော်တို့ကျတော့ ယေဟောဝါကိုမသိတဲ့သူတွေကို ဟောပြောနေရတာ’ လို့ သက်သေခံတချို့ ပြောကောင်းပြောကြမယ်။ အဲဒါက မှန်ပါတယ်။ ဒါပေမဲ့ ယေရမိခေတ်က ဂျူးအများစုဟာ “လူမိုက်” တွေဖြစ်လာပြီး စစ်မှန်တဲ့ဘုရားသခင်ကို စွန့်ခွာခဲ့ကြတယ်။ (ယေရမိ ၅:၂၀-၂၂ ကိုဖတ်ပါ။) ယေဟောဝါလက်ခံနိုင်တဲ့နည်းနဲ့ ဝတ်ပြုဖို့ သူတို့ဘက်က အပြောင်းအလဲလုပ်ရမယ်။ ဒီလိုပါပဲ၊ ဒီနေ့ခေတ်ကလူတွေလည်း ခရစ်ယာန်ဖြစ်ဖြစ်၊ တခြားဘာသာဖြစ်ဖြစ် ယေဟောဝါကိုကြောက်ရွံ့တတ်ဖို့နဲ့ စစ်မှန်တဲ့ဝတ်ပြုရေးမှာပါဝင်ဖို့ သင်ယူရမယ်။ ကျွန်တော်တို့က ယေရမိလိုပဲ စစ်မှန်တဲ့ဘုရားသခင်အတွက် ဘယ်လိုအမှုဆောင်နိုင်တယ်၊ လူတွေကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ကြည့်ကြစို့။
‘ယေဟောဝါက ငါ့နှုတ်ကို တို့တယ်’
၃။ ပရောဖက်တာဝန်ကို ယေရမိရတာနဲ့ ဘုရားသခင်က သူ့ကို ဘာလုပ်ခဲ့သလဲ။ သူ ဘယ်လိုခံစားခဲ့ရသလဲ။
၃ ယေရမိက ပရောဖက်တာဝန်ကိုရရချင်း “အကြင်သူရှိရာသို့ သင့်ကိုငါစေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။ သူတို့ကိုမကြောက်နှင့်။ ‘သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်’” ဆိုတဲ့ ယေဟောဝါရဲ့စကားကိုကြားခဲ့တယ်ဆိုတာ ပြန်အမှတ်ရပါ။ (ယေ. ၁:၇၊ ၈) အဲဒီနောက် ဘုရားသခင်က ယေရမိ မမျှော်လင့်ထားတဲ့အရာတစ်ခုကို လုပ်ခဲ့တယ်။ ယေဟောဝါက “လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက် ‘သင်၏နှုတ်၌ ငါ့စကားကိုငါသွင်းထားပြီ။ . . . သင့်ကို . . . ယနေ့ ငါခန့်ထားပြီ’ ဟု မိန့်တော်မူ၏” ဆိုပြီး ယေရမိပြောပြတယ်။ (ယေ. ၁:၉၊ ၁၀) အဲဒီအချိန်ကစပြီး ယေရမိက သူဟာ တန်ခိုးအကြီးဆုံးဘုရားသခင်ရဲ့ကိုယ်စား ပြောဆိုရတော့မယ်ဆိုတာကို သိလာတယ်။a ယေရမိကို ဘုရားသခင် အပြည့်အဝထောက်မပေးတဲ့အတွက် ဘုရားသခင့်လုပ်ငန်းမှာ သူပိုပြီးဇွဲထက်သန်လာခဲ့တယ်။—ဟေရှာ. ၆:၅-၈။
၄။ ဟောပြောခြင်းလုပ်ငန်းမှာ ဇွဲထက်သန်တဲ့ ဘယ်ပုံနမူနာတွေကို သင် ပြောပြနိုင်သလဲ။
၄ ဒီနေ့အချိန်မှာ ယေဟောဝါက သူ့ရဲ့ဘယ်ကျေးကျွန်ကိုမှ တကယ် လာမတို့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့စွမ်းအားတော်ကတစ်ဆင့် သူတို့ကို သတင်းကောင်းဟောပြောလိုစိတ်ပြင်းပြအောင် လှုံ့ဆော်ပေးတဲ့အတွက်သူတို့ ဇွဲထက်သန်လာကြတယ်။ စပိန်နိုင်ငံက မာရူကာရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူက လေဖြတ်ထားတာ အနှစ် ၄၀ ကျော်ရှိပြီ။ တစ်အိမ်တက်ဆင်းမသွားနိုင်တဲ့အတွက် ဟောပြောခြင်းလုပ်ငန်းမှာပါဝင်နိုင်တဲ့ တခြားနည်းလမ်းတွေကို သူရှာတယ်။ တစ်နည်းက စာရေးသက်သေခံတာဖြစ်တယ်။ မာရူကာက ရေးမယ့်စကားလုံးတွေကိုပြောပြပြီး သူ့သမီးက ချရေးတယ်။ တစ်လကြာတဲ့ကင်ပိန်းတစ်ခုမှာ မာရူကာနဲ့သူ့သမီးက စာနဲ့ဝေစာတစ်စောင်စီပါတဲ့ စာအိတ် ၁၅၀ ကို ပေးပို့နိုင်ခဲ့တယ်။ သူတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့် အနီးအနားကရွာတစ်ရွာမှာရှိတဲ့ အိမ်တိုင်းနီးပါးဆီကို သတင်းကောင်းရောက်ခဲ့တယ်။ မာရူကာက သူ့သမီးကို “အမေတို့ရဲ့စာတစ်စောင်စောင်က စိတ်ကောင်းရှိတဲ့သူဆီရောက်သွားရင် ကျမ်းစာသင်အံမှုရအောင် အမေတို့ကို ယေဟောဝါ ကောင်းချီးပေးလိမ့်မယ်” လို့ပြောတယ်။ ဒေသခံအကြီးအကဲက “တကယ်အရေးကြီးတဲ့အရာကို တန်ဖိုးထားတတ်ဖို့ တခြားသူတွေကိုသင်ပေးတဲ့ မာရူကာလိုညီမတွေရှိနေတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်တယ်” လို့ရေးခဲ့တယ်။
၅။ (က) ယေရမိက လျစ်လျူရှုမှုတွေကြုံရတဲ့အခါ ဘယ်လိုနည်းနဲ့ ဆက်ပြီးဇွဲထက်သန်နိုင်ခဲ့သလဲ။ (ခ) သင်က သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ ဘယ်လိုနည်းနဲ့ ဆက်ပြီးဇွဲထက်သန်နိုင်မလဲ။
၅ ယေရမိခေတ်က ဂျေရုဆလင်မြို့သားအများစုဟာ ဘုရားသခင်နဲ့ပတ်သက်တဲ့အမှန်တရားကို “မနှစ်သက်” ကြဘူး။ သူတို့က သတင်းစကားကို လျစ်လျူရှုကြပေမဲ့ ဟောပြောခြင်းလုပ်ငန်းကို ယေရမိ ရပ်လိုက်သလား။ လုံးဝ မရပ်ခဲ့ပါဘူး။ “ငါသည် ထာဝရဘုရား၏အမျက်တော်နှင့် ပြည့်ဝ၏။ အောင့်၍မနေနိုင်” လို့ ယေရမိပြောခဲ့တယ်။ (ယေ. ၆:၁၀၊ ၁၁) ယေရမိက စိတ်ဓာတ်ကျမယ့်အစား တုံ့ပြန်မှုမရှိတဲ့လူတွေနဲ့ပတ်သက်ပြီး ယေဟောဝါခံစားသလို ခံစားခဲ့တယ်။ အဲဒါက ဘုရားသခင့်တရားစီရင်ချက်သတင်းကို ဇွဲရှိရှိကြေညာဖို့ သူ့ကိုလှုံ့ဆော်ပေးခဲ့တယ်။ သူ့လိုဇွဲထက်သန်မှုမျိုးကို သင် ဘယ်လိုဆက်ထိန်းထားနိုင်မလဲ။ တစ်နည်းကတော့ စစ်မှန်တဲ့ဘုရားသခင်ကို ကိုယ်စားပြုရတဲ့ အခွင့်ထူးကြီးအကြောင်း စဉ်းစားခြင်းဖြစ်တယ်။ လောကမှာရှိတဲ့ ထင်ပေါ်ကျော်ကြားသူတွေက စစ်မှန်တဲ့ဘုရားသခင်ရဲ့နာမည်ကို ကဲ့ရဲ့ရှုတ်ချနေမှန်း သင်သိထားတယ်။ ယေရမိခေတ်မှာရှိတဲ့ယဇ်ပုရောဟိတ်တွေက လူတွေကိုလှည့်စားခဲ့သလို ဘာသာရေးခေါင်းဆောင်တွေက သင့်ရပ်ကွက်မှာရှိတဲ့သူတွေကို ဘယ်လိုလှည့်စားနေတယ်ဆိုတာကိုလည်း စဉ်းစားကြည့်ပါ။ (ယေရမိ ၂:၈၊ ၂၆၊ ၂၇ ကိုဖတ်ပါ။) သင်ကြေညာနေတဲ့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းက လူသားတွေကို ဘုရားသခင် တကယ်မျက်နှာသာပေးနေတယ်ဆိုတာ ဖော်ပြတယ်။ (မြည်. ၃:၃၁၊ ၃၂) အဲဒီအချက်တွေကို တွေးတောခြင်းက သတင်းကောင်းဟောပြောရာမှာ၊ သိုးလိုစိတ်ထားရှိသူတွေကိုကူညီရာမှာ ဆက်ပြီးဇွဲထက်သန်နေဖို့ သင့်ကို ကူညီပေးနိုင်တယ်။
၆။ ကြီးမားတဲ့ ဘယ်အခက်အခဲတွေကို ယေရမိ ရင်ဆိုင်ခဲ့ရသလဲ။
၆ ဟောပြောခြင်းလုပ်ငန်းမှာ ဆက်ပြီးဇွဲရှိနေဖို့ အမြဲတော့ မလွယ်ကူဘူးဆိုတာ သင် သဘောတူပါလိမ့်မယ်။ ယေရမိလည်း ယေဟောဝါအတွက်အမှုဆောင်တဲ့အခါ ကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတယ်။ အဲဒီထဲမှာ ပရောဖက်အတုအယောင်တွေ ပါတယ်။ ဥပမာတစ်ခုကို ယေရမိကျမ်းအခန်းကြီး ၂၈ မှာ ဖတ်နိုင်တယ်။ ယေရမိက သူ့သတင်းစကားကို လူအများစုနားမထောင်ကြတဲ့အတွက် တစ်ခါတလေ တစ်ယောက်တည်းပဲနေချင်စိတ်တွေ ဖြစ်ခဲ့တယ်။ (ယေ. ၆:၁၆၊ ၁၇; ၁၅:၁၇) သူ့အသက်ကိုခြိမ်းခြောက်တဲ့ရန်သူတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတယ်။—ယေ. ၂၆:၁၁။
သတင်းကောင်းဟောပြောရာမှာ အခက်အခဲတွေကိုကျော်လွှားနိုင်အောင် သင့်ကို ယေဟောဝါကူညီပေးမယ်ဆိုတာ ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲ။
‘အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်ကို လှည့်စားပါပြီ’
၇၊ ၈။ ဘုရားသခင်က ယေရမိကို အကောင်းဘက်ကနေ ဘယ်လို “လှည့်စား” ခဲ့သလဲ။
၇ ယေရမိက ကဲ့ရဲ့လှောင်ပြောင်မှုနဲ့ စော်ကားမှုတွေကို နေ့စဉ်ရက်ဆက် ခံရတဲ့အခါ သူ့ခံစားချက်ကို ဘုရားသခင်ဆီ ရင်ဖွင့်ခဲ့တယ်။ ယေရမိ ၂၀:၇၊ ၈ မှာဖော်ပြထားတဲ့အတိုင်း ယေဟောဝါက သူ့ရဲ့သစ္စာရှိပရောဖက်ကို ဘယ်လိုနည်းနဲ့ “သွေးဆောင် [“လှည့်စား၊” ကဘ]” ခဲ့သလဲ။—ကျမ်းချက်ဖတ်ပါ။
၈ ယေဟောဝါက ယေရမိကို ကလိမ်ဉာဏ်ဆင်ပြီးလှည့်စားလိုက်တာမဟုတ်ပါဘူး။ သူ့ကို အကောင်းဘက်ကနေ “လှည့်စား” တာဖြစ်တယ်။ ဆန့်ကျင်မှုတွေပြင်းထန်လွန်းတဲ့အတွက် ဘုရားပေးတာ၀န်ကို ကိုယ်ပိုင်အစွမ်းအစနဲ့ ထမ်းဆောင်နိုင်မှာမဟုတ်ဘူးလို့ ယေရမိခံစားခဲ့ရတယ်။ ဒါပေမဲ့ တန်ခိုးအကြီးဆုံးအရှင်ရဲ့ ထောက်မကူညီပေးမှုကြောင့် အဲဒီတာဝန်ကိုကျေပွန်အောင် သူထမ်းဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် ယေဟောဝါက ယေရမိကို အနိုင်ရလိုက်တယ်။ ဒီနည်းနဲ့ ယေဟောဝါရဲ့စွမ်းအားတော်က ယေရမိနဲ့ သူ့ခံစားချက်တွေထက် ပိုတန်ခိုးကြီးတယ်ဆိုတာ ပြခဲ့တယ်။ ယေရမိက သူ့ရဲ့လုပ်ဆောင်နိုင်စွမ်း အဆုံးစွန်ရောက်နေပြီ၊ ဆက်မလုပ်နိုင်တော့ဘူးလို့ ခံစားရတဲ့အခါ ယေဟောဝါက သူ့ကို ဆက်လုပ်ဆောင်နိုင်အောင် ခွန်အားပေးခဲ့တယ်။ ဒီလိုနည်းနဲ့ ယေရမိကို လှည့်စားခဲ့တယ်။ ဘုရားသခင်ရဲ့စွမ်းအားတော်က ယေရမိရဲ့အားနည်းချက်တွေထက် ပိုတန်ခိုးကြီးတယ်ဆိုတာ ထင်ရှားတယ်။ ယေရမိဟာ လျစ်လျူရှုမှု၊ ငြင်းပယ်မှုနဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရတဲ့အခါမှာတောင် ဆက်ဟောပြောနိုင်ခဲ့တယ်။
၉။ ယေရမိ ၂၀:၁၁ မှာပါတဲ့စကားကနေ သင် ဘာကြောင့်ခွန်အားယူနိုင်သလဲ။
၉ ယေဟောဝါက ယေရမိကို ထောက်မပေးပြီး သူ့ဘေးမှာ ‘အားကြီးတဲ့သူ’ လို ရပ်တည်ပေးခဲ့တယ်။ (ယေ. ၂၀:၁၁) ဘုရားသခင်က သင့်ကိုလည်း စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ဆက်ပြီးဇွဲထက်သန်နေစေဖို့၊ ကြီးမားတဲ့အခက်အခဲတွေရှိနေတဲ့ကြားက ဆက်လုပ်ဆောင်နိုင်ဖို့ ခွန်အားပေးနိုင်တယ်။ တခြားဘာသာပြန်ကျမ်းမှာ ယေဟောဝါက သင့်ဘေးမှာ “စွမ်းရည်တန်ခိုးကြီးမားသော စစ်သည်တော်” လို ရပ်တည်ပေးမယ်လို့ ဖော်ပြထားတယ်။—ခေတ်သုံးမြန်မာသမ္မာကျမ်း။
၁၀။ ဆန့်ကျင်မှုတွေရင်ဆိုင်ရတဲ့အခါ သင် ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။
၁၀ ဆန့်ကျင်မှုတွေရင်ဆိုင်ခဲ့ရတဲ့ ခရစ်ယာန်တွေကို တမန်တော်ပေါလု အားပေးတဲ့အခါ အဲဒီအချက်ကို အလေးပေးဖော်ပြခဲ့တယ်။ သူ ဒီလိုရေးခဲ့တယ်– “ခရစ်တော်အကြောင်း သတင်းကောင်းနှင့် ထိုက်တန်စွာ ကျင့်ကြံပြုမူကြလော့။ သင်တို့သည် တစ်စိတ်တစ်သဘောတည်း အခိုင်အမာ ရပ်တည်၍ သတင်းကောင်းနှင့်ဆိုင်သော ယုံကြည်ခြင်းတရားအတွက် တညီတညွတ်တည်း ကြိုးပမ်းနေကြကြောင်းကို ငါကြားသိလိုပါ၏။ သင်တို့သည် ရန်သူတို့ကို အလျှင်းမကြောက်ကြောင်းကိုလည်း ကြားသိလိုပါ၏။” (ဖိ. ၁:၂၇၊ ၂၈) သင်လည်း ယေရမိနဲ့ ပထမရာစုခရစ်ယာန်တွေလိုပဲ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တဲ့အခါ တန်ခိုးအကြီးဆုံးဘုရားသခင်ကို အားကိုးနိုင်ပြီး အားကိုးသင့်တယ်။ လူတချို့က သင့်ကို ပြောင်လှောင်တယ် ဒါမှမဟုတ် တိုက်ခိုက်တယ်ဆိုရင် သင့်ဘေးမှာ ယေဟောဝါရှိပြီး သင့်ကို ခွန်အားပေးနိုင်တယ်ဆိုတာ သတိရပါ။ ဘုရားသခင်က ယေရမိကို ခွန်အားပေးခဲ့ပြီး သင့်ညီအစ်ကိုညီအစ်မတွေကိုလည်း ခွန်အားပေးခဲ့တဲ့အတွက် သင့်ကိုလည်း ခွန်အားပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တော့်ဆီ အသနားခံပါ။ သင့်ဆုတောင်းချက်ကို ကိုယ်တော် တုံ့ပြန်ဖြေကြားမယ်ဆိုတာ ယုံကြည်စိတ်ချပါ။ အခက်အခဲတွေကို မကြောက်ဘဲ သတ္တိရှိရှိနဲ့ အောင်မြင်စွာရင်ဆိုင်နိုင်ဖို့ သင့်ကို ဘုရားသခင် ခွန်အားပေးတဲ့အခါ သင်လည်း “လှည့်စား” ခံရပြီဆိုတာ သိလာပါလိမ့်မယ်။ သင်က ထင်ထားတာထက် အများကြီး ပိုလုပ်ဆောင်နိုင်ပါလိမ့်မယ်။—တမန်တော် ၄:၂၉-၃၁ ကိုဖတ်ပါ။
၁၁၊ ၁၂။ (က) သင်က လူများနိုင်သမျှများများကို သက်သေခံနိုင်ဖို့ ဘယ်ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်သလဲ။ (ခ) စာမျက်နှာ ၃၉ မှာပါတဲ့ရုပ်ပုံက သင့်ဒေသမှာလုပ်ဆောင်နိုင်တဲ့ ဘယ်နည်းလမ်းတွေကို ဖော်ပြသလဲ။
၁၁ ယေရမိရဲ့အမှုဆောင်ခြင်းနဲ့ပတ်သက်တဲ့မှတ်တမ်းက သတင်းကောင်းကို ပိုပြီးထိရောက်စွာဟောပြောနိုင်အောင် ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ ထောက်ကူပေးနိုင်တယ်။ ယေရမိဟာ ယေဟောဝါရဲ့ပရောဖက်အဖြစ် နှစ်ပေါင်း ၂၀ ကျော် ထမ်းဆောင်ပြီးနောက် “ငါသည် စောစောထ၍ အမိန့်တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း သင်တို့သည် နားမထောင်ဘဲနေကြ၏” လို့ပြောခဲ့တယ်။ (ယေ. ၂၅:၃) ယေရမိက တာဝန်ကိုပြီးမြောက်အောင်လုပ်နိုင်ဖို့ မနက်စောစောထခဲ့တယ်။ ကျွန်တော်တို့လည်း သူ့ပုံသက်သေကနေ လက်တွေ့ကျတဲ့သင်ခန်းစာကို သင်ယူနိုင်မလား။ အသင်းတော်အတော်များများမှာ ကြေညာသူတွေဟာ ကားမှတ်တိုင်နဲ့ဘူတာရုံတွေမှာ လူတွေကိုသက်သေခံနိုင်ဖို့ မနက်စောစောထကြတယ်။ ကျေးလက်ဒေသတွေမှာလည်း သက်သေခံအတော်များများဟာ လယ်သမားတွေ၊ မနက်စောစောမှာတွေ့နိုင်မယ့်သူတွေကို သက်သေခံနိုင်ဖို့ အစောကြီးထကြတယ်။ ယေရမိရဲ့သစ္စာရှိရှိအမှုဆောင်ခြင်းကနေရတဲ့ ဒီသင်ခန်းစာအတိုင်း လက်တွေ့လုပ်ဆောင်နိုင်မယ့် တခြားနည်းတွေကို သင်စဉ်းစားမိသလား။ သင်က လယ်ကွင်းတွေ့ဆုံမှုကို အချိန်မီရောက်ရှိဖို့ မနက်စောစောထနိုင်မလား။
၁၂ ဒါ့အပြင် နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာ တစ်အိမ်တက်ဆင်းဟောပြောခြင်းက ဒေသများစွာမှာ ရလဒ်ကောင်းတွေ ရရှိစေတယ်။ ကြေညာသူတချို့ဟာ ဓာတ်ဆီဆိုင်၊ စားသောက်ဆိုင်၊ ၂၄ နာရီဖွင့်တဲ့ဆိုင်တွေက အလုပ်သမားတွေဆီ ညအချိန်မှာတောင် သွားဟောကြတယ်။ အိမ်တွေ ဒါမှမဟုတ် တခြားနေရာတွေမှာ လူတွေကို အများဆုံးတွေ့နိုင်မယ့်အချိန်မှာ ဟောပြောနိုင်ဖို့ သင့်အစီအစဉ်ကို ပြုပြင်ပြောင်းလဲနိုင်မလား။
ယေဟောဝါရဲ့သတင်းစကားကို ဟောပြောတဲ့အခါ သင့်ကို ကိုယ်တော်ကူညီပေးနေတယ်ဆိုတာ ဘာကြောင့်ယုံကြည်စိတ်ချသလဲ။
၁၃၊ ၁၄။ (က) ယေရမိရဲ့ပုံနမူနာက ပြန်လည်ပတ်မှုလုပ်ခြင်းနဲ့ ဘယ်လိုဆက်စပ်သလဲ။ (ခ) ပြန်လည်ပတ်မှုလုပ်တဲ့အခါ ယုံကြည်ထိုက်သူဖြစ်ဖို့လိုတယ်ဆိုတာ ဘယ်အချက်က ဖော်ပြသလဲ။
၁၃ တစ်ခါတလေ၊ ယေဟောဝါက ယေရမိကို ဗိမာန်တော်ဂိတ်တံခါးတွေ ဒါမှမဟုတ် ဂျေရုဆလင်မြို့ရဲ့ ဂိတ်တံခါးတွေမှာရပ်ပြီး ပရောဖက်ပြုချက်နဲ့ဆိုင်တဲ့သတင်းစကားတွေကို ကြေညာဖို့ အမိန့်ပေးတယ်။ (ယေ. ၇:၂; ၁၇:၁၉၊ ၂၀) ယေရမိက ယေဟောဝါရဲ့စကားကို ဂိတ်တံခါးတွေမှာ ကြေညာတဲ့အတွက် လူအတော်များများကို ဟောနိုင်ခဲ့တယ်။ မြို့ထဲက ထင်ပေါ်ကျော်ကြားသူတွေ၊ ကုန်သည်တွေ၊ စီးပွားရေးသမားတွေအပါအဝင် လူအတော်များများက အဲဒီဂိတ်တံခါးတွေကနေပဲ အမြဲဝင်ထွက်ကြတဲ့အတွက် သူတို့ကို ယေရမိ အကြိမ်ကြိမ်ဟောခဲ့မှာပဲ။ ဒီနည်းနဲ့ ယေရမိက သူတို့ကြားခဲ့တဲ့အရာကို နားလည်လာဖို့ ကူညီပေးနိုင်ခဲ့တယ်။ စိတ်ဝင်စားသူတွေဆီ ပြန်လည်ပတ်တာနဲ့ပတ်သက်ပြီး ဒီအချက်ကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။
၁၄ လူတွေရဲ့အသက်က သူ့ရဲ့ပရောဖက်တာဝန်အပေါ်မူတည်တယ်ဆိုတာ ယေရမိ သိထားတယ်။ တစ်ခါက ဘုရားသခင်ပေးတဲ့ညွှန်ကြားချက်တွေကို လူတွေဆီ သွားမပြောနိုင်တဲ့အခါ သူ့ကိုယ်စားသွားပြောဖို့ မိတ်ဆွေဗာရုတ်ကို လွှတ်လိုက်တယ်။ (ယေရမိ ၃၆:၅-၈ ကိုဖတ်ပါ။) ဒီကိစ္စမှာ ယေရမိကို ဘယ်လိုတုပနိုင်မလဲ။ ပြန်လာမယ်လို့ အိမ်ရှင်ကိုပြောပြီးရင် တကယ်ပဲ ပြန်သွားသလား။ ချိန်းထားတဲ့ပြန်လည်ပတ်မှု ဒါမှမဟုတ် ကျမ်းစာသင်အံမှုကို မသွားနိုင်ဘူးဆိုရင် တခြားတစ်ယောက်ယောက်သွားဖို့ စီစဉ်သလား။ ယေရှုက “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေလော့” လို့ ပြောခဲ့တယ်။ (မ. ၅:၃၇) ကျွန်တော်တို့က အမှန်တရားရဲ့ဘုရားသခင်၊ စည်းစနစ်ကျတဲ့ဘုရားသခင်ကို ကိုယ်စားပြုနေတဲ့အတွက် ကတိတည်ဖို့ အရေးကြီးတယ်။—၁ ကော. ၁၄:၃၃၊ ၄၀။
လူများနိုင်သမျှ များများကို သက်သေခံနိုင်ဖို့ သင့်အစီအစဉ်တွေနဲ့ ဟောပြောတဲ့နည်းလမ်းတွေကို ပြုပြင်ပြောင်းလဲနေသလား
၁၅၊ ၁၆။ (က) ကြေညာသူတွေက ဟောပြောခြင်းလုပ်ငန်းကိုတိုးချဲ့တဲ့အခါ ယေရမိရဲ့ပုံနမူနာကို ဘယ်လိုအတုယူနေကြသလဲ။ (ခ) စာမျက်နှာ ၄၀ မှာပါတဲ့ရုပ်ပုံအတိုင်း ချီလီနိုင်ငံကတွေ့ကြုံမှုကနေ ဘာသင်ခန်းစာရသလဲ။
၁၅ ယေရမိက ပြန်လည်တည်ထောင်ခြင်းနဲ့ဆိုင်တဲ့ ယေဟောဝါရဲ့ ‘ကောင်းမွန်တဲ့ကတိ’ အကြောင်းပါတဲ့ စာတစ်စောင်ရေးပြီး ဗာဗုလုန်မှာရှိတဲ့ဂျူးတွေကို အားပေးခဲ့တယ်။ (ယေ. ၂၉:၁-၄၊ ၁၀) ဒီနေ့ခေတ်မှာလည်း ယေဟောဝါလုပ်ဆောင်တော့မယ့်အရာနဲ့ပတ်သက်တဲ့ ‘ကောင်းမွန်တဲ့ကတိ’ အကြောင်းကို စာရေးပြီးသက်သေခံတာ၊ ဖုန်းနဲ့သက်သေခံတာက ထိရောက်မှုရှိနိုင်တယ်။ သင့်ဆွေမျိုးတွေ၊ ရပ်ဝေးမှာရှိနေသူတွေ၊ ဆက်သွယ်ဖို့ခက်ခဲတဲ့သူတွေကို ကူညီဖို့ အဲဒီနည်းလမ်းတွေကို သင် အသုံးပြုနိုင်မလား။
၁၆ ဒီနေ့ခေတ်မှာ သတင်းကောင်းကြေညာသူတွေက ဟောပြောခြင်းလုပ်ငန်းကို အောင်မြင်စွာလုပ်ဆောင်ခဲ့တဲ့ ယေရမိရဲ့ပုံနမူနာကို အတုယူတဲ့အတွက် ရလဒ်ကောင်းတွေရနေတယ်။ ချီလီနိုင်ငံမှာ သက်သေခံညီအစ်မတစ်ယောက်က မြေအောက်ဘူတာရုံကနေထွက်လာတဲ့ အမျိုးသမီးတစ်ယောက်ကို သတင်းကောင်းဟောခဲ့တယ်။ အဲဒီအမျိုးသမီးက ကျမ်းစာသတင်းစကားကို ကြားတဲ့အခါ စိတ်ဝင်စားသွားပြီး သူ့အိမ်မှာကျမ်းစာဆွေးနွေးဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ သက်သေခံညီအစ်မက သူ့ရဲ့လိပ်စာကို မရေးထားမိဘူး။ အမှန်တရားကို သူဆက်ပြီးစိတ်ဝင်စားလာအောင်လုပ်ပေးဖို့ အရေးကြီးတယ်ဆိုတာကိုသိတဲ့အတွက် သက်သေခံညီအစ်မက ယေဟောဝါကို ဆုတောင်းခဲ့တယ်။ နောက်တစ်နေ့မှာ ညီအစ်မက အဲဒီမြေအောက်ဘူတာရုံကို အရင်အချိန်အတိုင်း ပြန်သွားတဲ့အခါ အဲဒီအမျိုးသမီးကို ပြန်တွေ့ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့လိပ်စာကို သေချာရေးမှတ်လိုက်တယ်။ နောက်ပိုင်းမှာ သူ့အိမ်ကိုသွားလည်ပတ်ပြီး ကျမ်းစာအကြောင်း ပိုနားလည်လာအောင် ကူညီပေးခဲ့တယ်။ ဘုရားသခင်က စာတန့်လောကကို မကြာခင် တရားစီရင်တော့မယ်။ ဒါပေမဲ့ နောင်တရပြီး သတင်းကောင်းကို ယုံကြည်တဲ့သူတွေအတွက်တော့ မျှော်လင့်ချက်ရှိပါတယ်။ (မြည်တမ်းစကား ၃:၃၁-၃၃ ကိုဖတ်ပါ။) ဒါကြောင့် ကျွန်တော်တို့ရဲ့ရပ်ကွက်မှာ တာ၀န်သိစိတ်နဲ့လုပ်ဆောင်ခြင်းအားဖြင့် အဲဒီအချက်ကို တင်ပြကြပါစို့။
သင်က တွေ့ခဲ့သမျှစိတ်ဝင်စားသူအားလုံးကို ဆက်ကူညီပေးဖို့ လိုအပ်သလို ကြိုးစားလုပ်ဆောင်နေသလား
“သူတို့သည် နားထောင်၍ . . . လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည်”
၁၇။ သင့်ရပ်ကွက်ကလူတွေကို စိတ်ဝင်စားမှုပြရာမှာ ယေရမိကို ဘယ်လိုတုပနိုင်မလဲ။
၁၇ ယေဟောဝါက လူတွေကို မသေစေချင်ဘူး။ ဂျေရုဆလင်မြို့ ဖျက်ဆီးမခံရခင် ဆယ်နှစ်လောက်မှာ ဘုရားသခင်က ဗာဗုလုန်ကိုပြည်နှင်ခံရတဲ့သူတွေအတွက် မျှော်လင့်ချက်ရှိတယ်ဆိုတဲ့အကြောင်းကို ယေရမိကတစ်ဆင့် ပြောခဲ့တယ်။ “သူတို့၌ကျေးဇူးပြုမည်ဟု ငါကြံစည်၍ ဤပြည်သို့ တစ်ဖန်ဆောင်ခဲ့ဦးမည်။ နောက်တစ်ဖန် မဖြိုမဖျက်ဘဲ တည်ဆောက်မည်။ မနုတ်မပယ်ဘဲ စိုက်ထားမည်” လို့ ဘုရားသခင်ပြောခဲ့တယ်။ ဒါကြောင့် ယေရမိက သူတို့ကို “သင်၏အဆုံး၌ မျှော်လင့်စရာအကြောင်းရှိ၏” လို့ ပြောနိုင်ခဲ့တယ်။ (ယေ. ၂၄:၆; ၂၆:၃; ၃၁:၁၇) ယေရမိက လူတွေကို ဘုရားသခင်ရှုမြင်သလို ရှုမြင်ခဲ့တယ်။ သူဟာ ဟောပြောခြင်းလုပ်ငန်းကို စိတ်ရင်းမှန်နဲ့လုပ်ဆောင်ခဲ့တယ်။ “သင်တို့အသီးအသီးလိုက်သော အဓမ္မလမ်းကိုရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြလော့” ဆိုတဲ့ ယေဟောဝါရဲ့တိုက်တွန်းချက်ကို သူကြေညာခဲ့တယ်။ (ယေ. ၃၅:၁၅) ရပ်ကွက်မှာရှိတဲ့ လူတွေကို လှိုက်လှိုက်လှဲလှဲစိတ်ဝင်စားမှုပြနိုင်တဲ့ တခြားနည်းလမ်းတွေကို သင်စဉ်းစားမိသလား။
၁၈၊ ၁၉။ (က) သတင်းကောင်းဟောပြောတဲ့အခါ ဘယ်သဘောထားကို ရှောင်ရမလဲ။ (ခ) ယေရမိရဲ့ဘယ်သဘောထားမျိုးကို ကျွန်တော်တို့ မွေးမြူသင့်သလဲ။
၁၈ လူတွေအပေါ်ထားတဲ့ ယေရမိရဲ့နက်ရှိုင်းတဲ့မေတ္တာဟာ ဘယ်တော့မှ အေးစက်မသွားခဲ့ဘူး။ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရချိန်မှာ သူတို့ကို သူ သနားစာနာခဲ့တယ်။ (မြည်တမ်းစကား ၂:၁၁ ကိုဖတ်ပါ။) တကယ်တော့ ဂျူးတွေဘေးဆိုးကြုံရတာက ကိုယ့်အပြစ်နဲ့ကိုယ်ပဲ။ ဒါပေမဲ့ ယေရမိက ‘မင်းတို့ကို ငါပြောသားပဲ’ လို့မပြောခဲ့ဘူး။ အဲဒီလိုပြောမယ့်အစား သူတို့ကြုံတွေ့ခဲ့ရာတွေအတွက် အကြီးအကျယ်စိတ်မကောင်းဖြစ်ခဲ့တယ်။ ကျွန်တော်တို့လည်း ဝတ်ကျေတမ်းကျေနဲ့ ဝတ္တရားအရဟောပြောတာမျိုး မဖြစ်သင့်ဘူး။ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ရဲ့ကြိုးစားမှုက ကောင်းမြတ်လှတဲ့ဘုရားသခင်ကိုရော ကိုယ်တော့်ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းထားတဲ့လူတွေကိုပါ ကျွန်တော်တို့ဘယ်လောက်ချစ်တယ်ဆိုတာ ဖော်ပြသင့်တယ်။
လူတွေရဲ့ကောင်းကျိုးကို လိုလားကြောင်း သင် တင်ပြနေသလား
၁၉ ဒီလောကမှာ ဘယ်ရာထူး၊ ဘယ်အခွင့်ထူးကမှ စစ်မှန်တဲ့ဘုရားသခင့်ကိုယ်စား သက်သေခံရတဲ့အခွင့်ထူးထက် မသာလွန်နိုင်ဘူး။ ယေရမိက အဲဒီလိုပဲယူဆခဲ့တယ်။ ဒါကြောင့် “ထာဝရဘုရား၊ အကျွန်ုပ်တွေ့သောနှုတ်ကပါဌ်တော်စကားကို ခံယူပါပြီ။ နှုတ်ကပါဌ်တော်သည် အကျွန်ုပ်ဝမ်းမြောက်ရွှင်လန်းစရာအကြောင်းဖြစ်ပါ၏။ နာမတော်ဖြင့် အကျွန်ုပ်ကိုခေါ်ဝေါ်ပါ၏” ဆိုပြီး သူရေးခဲ့တယ်။ (ယေ. ၁၅:၁၆) သတင်းကောင်းကို ကျွန်တော်တို့ဟောပြောတာနဲ့အမျှ နောက်ထပ်လူအများကြီးက သူတို့ရဲ့အသက်ပေးရှင်ကို သိကျွမ်းလာပြီး ချစ်မြတ်နိုးလာပါလိမ့်မယ်။ ကျွန်တော်တို့က ယေရမိရဲ့ပုံနမူနာအတိုင်း ဇွဲရှိရှိ၊ မေတ္တာပါပါ အမှုဆောင်မယ်ဆိုရင် အဲဒီလိုဖြစ်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။
ယေရမိရဲ့ပုံနမူနာအတိုင်း ယေဟောဝါရဲ့ ‘ကောင်းမွန်တဲ့ကတိ’ အကြောင်း လူတွေသိလာဖို့ နောက်ထပ်ဘယ်နည်းတွေကို သင် အသုံးပြုနိုင်မလဲ။
a ဒီအဖြစ်အပျက်မှာလိုပဲ ယေဟောဝါက ကောင်းကင်တမန်တွေကိုသုံးပြီး သူကိုယ်တိုင်စကားပြောတဲ့ပုံစံနဲ့ ပြောလေ့ရှိတယ်။—သူကြီး. ၁၃:၁၅၊ ၂၂; ဂလ. ၃:၁၉။