အခန်းဆယ့်နှစ်
“ငါ့ကိုသိကျွမ်းတဲ့အတွက် သူဒီလိုလုပ်တာမဟုတ်လား”
၁၊ ၂။ ယောယကိမ် နန်းတော်အသစ်ဆောက်တာက ဘာကြောင့်ပညာမဲ့ရာကျသလဲ။
ဘုရင်ယောယကိမ်က ကြီးကျယ်ခမ်းနားတဲ့နန်းတော်ကို ဆောက်နေတယ်။ နန်းတော်က နှစ်ထပ်ဖြစ်ပြီး အခန်းကျယ်ကြီးတွေဖွဲ့ဖို့ စီစဉ်ထားတယ်။ ပြတင်းပေါက်ကြီးတွေကနေ နေရောင်ခြည်တွေဝင်ရောက်နိုင်သလို လေညင်းတွေ တဖြူးဖြူးတိုက်ခတ်လာနိုင်တာမို့ ဘုရင်နဲ့သူ့မိသားစု ဇိမ်ကျကျနေနိုင်မယ်။ နံရံတွေကို လက်ဘနွန်ကရတဲ့ မွှေးကြိုင်တဲ့စီဒါထင်ရှူးနဲ့ မှန်ကူကွက်ဖော်မယ်။ အတွင်းပိုင်းကိုလည်း တခြားတိုင်းပြည်ကလူကုံထံတွေပဲ သုံးနိုင်တဲ့၊ တိုင်းတစ်ပါးကတင်သွင်းတဲ့ အနီရောင်ဆေးနဲ့ သုတ်မယ်။—ယေ. ၂၂:၁၃၊ ၁၄။
၂ ကုန်ကျစရိတ်ကတော့ နည်းနည်းနောနောမဟုတ်ဘူး။ အဲဒီအချိန်တုန်းက နိုင်ငံ့ကာကွယ်ရေးအသုံးစရိတ်နဲ့ အီဂျစ်ကိုပေးရတဲ့အခွန်တွေကြောင့် ဘဏ္ဍာငွေတွေ ကုန်ခန်းနေပုံရတယ်။ (၄ ရာ. ၂၃:၃၃-၃၅) ဒါပေမဲ့ ယောကကိမ်ဟာ သူ့နန်းတော်အသစ်အတွက် ကုန်ကျစရိတ်ကာမိစေမယ့်နည်းလမ်းကို တွေ့ထားတယ်။ ဆောက်လုပ်ရေးလုပ်သားတွေကို လုပ်အားခမပေးဘဲ ခိုင်းစေဖို့ပဲ။ ယောယကိမ်က သူတို့ကို ကျွန်တွေလိုခိုင်းစေပြီး သူတို့ရဲ့ချွေးမြေကျလုပ်အားကို သူ့ကိုယ်ကျိုးအတွက် သုံးခဲ့တယ်။
၃။ ယောယကိမ်နဲ့ သူ့ဖခင်ယောရှိက ဘာကွာခြားသလဲ။ ဘာကြောင့်လဲ။
၃ ဘုရားသခင်က ယောယကိမ်ရဲ့တစ်ကိုယ်ကောင်းဆန်မှုကို ယေရမိကတစ်ဆင့် အပြစ်တင်ခဲ့တယ်။a ကိုယ်တော်က ယောယကိမ်ရဲ့ဖခင် ဘုရင်ယောရှိဟာ ဆင်းရဲတဲ့အလုပ်သမားလူတန်းစားကို အင်မတန်ကြင်နာရက်ရောတဲ့အကြောင်း ပြန်ပြောခဲ့တယ်။ ယောရှိဟာ သူတို့ရဲ့အမှုတွေကို တရားသဖြင့်စီရင်ပေးခဲ့တယ်။ ယေဟောဝါက ဆင်းရဲသားတွေကိုထောက်ထားစာနာတဲ့ယောရှိအကြောင်း ယောယကိမ်ကိုသတိရစေပြီးတဲ့နောက် “ငါ့ကိုသိကျွမ်းတဲ့အတွက် သူဒီလိုလုပ်တာမဟုတ်လား” လို့ ပြောခဲ့တယ်။—ယေရမိ ၂၂:၁၅၊ ၁၆ ကိုဖတ်ပါ။b
၄။ ယေဟောဝါကိုသိကျွမ်းဖို့ ဘာကြောင့်အရေးကြီးတာလဲ။
၄ ယေဟောဝါက သူ့အကြောင်း ကောင်းကောင်းသိကျွမ်းတဲ့သူတွေကို ကူညီပြီးကာကွယ်ပေးနေတယ်။ စာတန့်လောကမှာ အခြေအနေတွေဆိုးရွားလာတာနဲ့အမျှ အဲဒီအကူအညီနဲ့အကာအကွယ်ကို ကျွန်တော်တို့ လိုအပ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က ဘုရားသခင်နဲ့ ပိုရင်းနှီးလာအောင် လုပ်ဆောင်သင့်တယ်။ သတင်းကောင်းဟောပြောရာမှာ အောင်မြင်မှုရဖို့ ဘုရားသခင်ရဲ့အရည်အသွေးကောင်းတွေကို အတုယူသင့်တယ်။ ဒါပေမဲ့ ‘ခရစ်ယာန်တစ်ယောက်က ဘုရင်ယောရှိလိုပဲ ယေဟောဝါကို ဘယ်လိုသိကျွမ်းလာနိုင်မလဲ’ လို့ သင်စဉ်းစားမိနိုင်တယ်။
ဘုရားသခင်ကိုသိကျွမ်းတယ်ဆိုတာ ဘာလဲ
၅၊ ၆။ (က) ဖခင်ကောင်းတစ်ယောက်ဟာ သူ့ကလေးတွေအပေါ် ဘယ်လိုသြဇာသက်ရောက်နိုင်သလဲ။ (ခ) ယောယကိမ်နဲ့မတူဘဲ ကျွန်တော်တို့က ယေဟောဝါရဲ့နည်းလမ်းတွေကိုသိကျွမ်းအောင် ဘာလုပ်သင့်သလဲ။
၅ ဖခင်ကောင်းတစ်ယောက်က သူ့ကလေးတွေအပေါ် ဘယ်နည်းတွေနဲ့ ဩဇာသက်ရောက်နိုင်တယ်ဆိုတာကို စဉ်းစားကြည့်ပါ။ ဥပမာ၊ အဖေက နွမ်းပါးသူတွေကို ဝေမျှပေးကမ်းတာကို ကလေးတွေမြင်တဲ့အခါ အဖေ့လိုပဲ ရက်ရောတဲ့စိတ်တွေရှိလာမယ်။ အဖေက အမေ့ကို မေတ္တာနဲ့လေးလေးစားစားဆက်ဆံတာကို ကလေးတွေမြင်တဲ့အခါ သူတို့လည်း လိင်ခြားသူတွေကို စာနာတတ်လာမယ်။ အဖေက ငွေကြေးကိစ္စတွေမှာ မျှတပြီးရိုးသားတယ်ဆိုတဲ့နာမည်ကောင်းရှိတာကို ကလေးတွေကြားတဲ့အခါ သူတို့လည်း မျှတပြီးရိုးသားတတ်လာမယ်။ ကလေးတွေက အဖေရဲ့လုပ်ပုံကိုင်ပုံတွေ၊ အရည်အသွေးတွေကို သိလာတဲ့အခါ အဖေ့လိုပဲ လိုက်လုပ်ချင်စိတ်တွေ ပေါ်လာနိုင်တယ်။
၆ ယောရှိလိုပဲ ယေဟောဝါကိုသိကျွမ်းတဲ့ ခရစ်ယာန်တစ်ယောက်ကလည်း ဘုရားသခင်ကို စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ် အသိအမှတ်ပြုရုံလောက်ပဲ ပြုမှာမဟုတ်ဘူး။ ကျမ်းစာဖတ်ရှုတဲ့အခါ ဘုရားသခင်က တခြားသူတွေကို ဘယ်လိုဆက်ဆံတယ်ဆိုတာ သူသိလာမယ်။ အဲဒီအခါ ဘုရားသခင်ကိုအတူယူချင်စိတ်တွေ ပေါ်လာမယ်။ နေ့တိုင်း ဘုရားမကြိုက်တာကိုရှောင်ပြီး ဘုရားကြိုက်တာကိုလုပ်တဲ့အခါ ဘုရားသခင်ကိုချစ်တဲ့စိတ်တွေ ပိုနက်ရှိုင်းလာမယ်။ ဘုရားသခင့်ပညတ်တွေနဲ့ သတိပေးချက်တွေကို လျစ်လျူရှုတဲ့သူကျတော့ ကိုယ်တော့်လမ်းညွှန်ချက်တွေကို ငြင်းပယ်တဲ့အတွက် စစ်မှန်တဲ့ဘုရားသခင်ကို မသိကျွမ်းလာနိုင်ဘူး။ သူက ယေရမိကတစ်ဆင့် ယေဟောဝါပြောတဲ့စကားတွေပါတဲ့ စာလိပ်ကို မီးထဲပစ်ချလိုက်တဲ့ ယောယကိမ်နဲ့တူတယ်။—ယေရမိ ၃၆:၂၁-၂၄ ကိုဖတ်ပါ။
ယောရှိနဲ့ယောယကိမ်က ဘုရားသခင့်စကားကို ခြားနားစွာတုံ့ပြန်ခဲ့ကြ
၇။ သင်က ဘုရင်ယောရှိလိုပဲ ယေဟောဝါကို ဘာကြောင့်သိကျွမ်းချင်သလဲ။
၇ မြင့်မြတ်တဲ့လုပ်ငန်းမှာ အောင်မြင်နိုင်ဖို့နဲ့ ကမ္ဘာသစ်မှာ ထာဝစဉ်အသက်ရှင်နိုင်ဖို့ဆိုတာ ယေဟောဝါကို ကျွန်တော်တို့ တကယ်သိကျွမ်းခြင်းအပေါ် မူတည်တယ်။ (ယေ. ၉:၂၄) ဒါကြောင့် ယေရမိရေးတဲ့ကျမ်းစောင်တွေမှာ ဖော်ပြထားတဲ့ ဘုရားသခင့်အရည်အသွေးတချို့ကို သုံးသပ်ကြည့်ကြစို့။ ဘုရားသခင့်အရည်အသွေးတွေကို သုံးသပ်တဲ့အခါ ဘုရင်ယောရှိလိုပဲ သင်ကိုယ်တိုင်လည်း ဘုရားသခင်ကို ဘယ်လိုသိကျွမ်းပြီးတုပနိုင်မယ်ဆိုတာ စဉ်းစားကြည့်ပါ။
ဘုရင်ယောရှိဟာ ယေဟောဝါအကြောင်း ကောင်းကောင်းသိကျွမ်းတယ်လို့ ကျွန်တော်တို့ ဘာကြောင့်ပြောနိုင်တာလဲ။ ယောရှိလိုပဲ ယေဟောဝါကိုသိကျွမ်းတယ်လို့ပြောတဲ့အခါ ဘာပါဝင်သလဲ။
‘ကိုယ်တော့်အကြင်နာမေတ္တာက ကာလအစဉ်အဆက်တည်မြဲတယ်’
၈။ အကြင်နာမေတ္တာဆိုတာ ဘာလဲ။
၈ ဘုရားသခင့်အရည်အသွေးတစ်ခုဖြစ်တဲ့ အကြင်နာမေတ္တာ၊ တစ်နည်းအားဖြင့် ခိုင်မြဲတဲ့မေတ္တာကို ဘာသာစကားအတော်များများမှာ တိတိကျကျအဓိပ္ပာယ်မဖွင့်ဆိုနိုင်ဘူး။ ကျမ်းစာအဘိဓာန်တစ်အုပ်အရ အဲဒီဟီဘရူးဝေါဟာရက ကြံ့ခိုင်မှု၊ မြဲမြံမှုနဲ့ မေတ္တာဆိုတဲ့အရည်အသွေးသုံးခု အပြန်အလှန်ဆက်စပ်နေတာကို ဖော်ပြတယ်။ “ဝေါဟာရတစ်ခုက အဲဒီအရည်အသွေးသုံးခုစလုံးပါအောင် မဖော်ပြနိုင်ဘူးဆိုရင် အဓိပ္ပာယ်မပြည့်စုံဘူး” လို့ အဲဒီအဘိဓာန်က ဆက်ပြောတယ်။ ဒါကြောင့် အကြင်နာမေတ္တာပြသူက လူကောင်းတစ်ယောက်ဖြစ်ရုံလောက်ပဲ မဟုတ်ဘူး။ သူက တခြားသူတွေအတွက် စိုးရိမ်ပူပန်ပေးပြီး သူတို့ရဲ့လိုအပ်ရာတွေ၊ အထူးသဖြင့် ဝတ်ပြုရေးနဲ့ဆိုင်တဲ့လိုအပ်ရာတွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးတယ်။ အဲဒီလိုကိုယ်ကျိုးမငဲ့ဘဲလုပ်ဆောင်ရတဲ့ အဓိကအကြောင်းရင်းက တန်ခိုးအကြီးဆုံးဘုရားသခင်ကို သူရွှင်လန်းစေချင်လို့ပဲ။
၉။ အစ္စရေးလူမျိုးကို ယေဟောဝါဆက်ဆံပုံက ဘာကို သက်သေထူသလဲ။
၉ ကျမ်းစာမှာပါတဲ့ “အကြင်နာမေတ္တာ” ဆိုတဲ့ ဝေါဟာရရဲ့ အနှစ်သာရကို နားလည်နိုင်တဲ့ အကောင်းဆုံးနည်းကတော့ ခေတ်ကာလတစ်လျှောက် ဘုရားသခင်က သူ့လူတွေနဲ့ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာကိုလေ့လာခြင်း ဖြစ်တယ်။ ယေဟောဝါက အစ္စရေးလူတွေ တောကန္တာရထဲ အနှစ် ၄၀ လှည့်လည်ချိန်မှာ သူတို့ကို ကာကွယ်ပြီးကျွေးမွေးခဲ့တယ်။ ကတိထားရာပြည်မှာလည်း ဘုရားသခင်က သူတို့ကို ရန်သူတွေလက်ကနေကယ်နုတ်ဖို့၊ စစ်မှန်တဲ့ဝတ်ပြုရေးဘက် ပြန်လှည့်လာစေဖို့ တရားသူကြီးတွေကို ပေါ်ထွန်းစေခဲ့တယ်။ ယေဟောဝါက အဲဒီနှစ်တွေတစ်လျှောက် အခြေအနေကောင်းချိန်မှာရော အခြေအနေဆိုးချိန်မှာပါ သူတို့ဘေးမှာ တစ်ဖဝါးမှမခွာဘဲရှိနေတဲ့အတွက် “ကာလအစဉ်အဆက်တည်မြဲတဲ့မေတ္တာနဲ့ သင့်ကို ငါချစ်တယ်။ ဒါကြောင့် အကြင်နာမေတ္တာနဲ့ သင့်ကို ငါဆွဲခေါ်တယ်” ဆိုပြီး ပြောနိုင်ခဲ့တယ်။—ယေ. ၃၁:၃၊ ကဘ။
၁၀။ ဗာဗုလုန်မှာရှိတဲ့ဂျူးတွေရဲ့အဖြစ်မှာ တွေ့ရသလို ယေဟောဝါက ဆုတောင်းချက်တွေကို နားထောင်တဲ့ကိစ္စမှာ အကြင်နာမေတ္တာကို ဘယ်လိုပြသလဲ။
၁၀ ဒီနေ့အချိန်မှာလည်း ဘုရားသခင်က သူ့ကိုကိုးကွယ်တဲ့သူတွေကို နည်းအမျိုးမျိုးနဲ့ အကြင်နာမေတ္တာဆက်ပြနေတယ်။ ဆုတောင်းခြင်းအကြောင်း သုံးသပ်ကြည့်ပါ။ ယေဟောဝါက စိတ်ရင်းမှန်နဲ့တောင်းတဲ့ ဆုတောင်းချက်အားလုံးကို နားထောင်ပေမဲ့ သူ့ကိုဆက်ကပ်အပ်နှံထားတဲ့ကျေးကျွန်တွေရဲ့ ဆုတောင်းချက်ကိုတော့ ပိုပြီးအာရုံစိုက်နားထောင်တယ်။ ကျွန်တော်တို့က ပြဿနာတစ်ခုတည်းနဲ့ပတ်သက်ပြီး နှစ်နဲ့ချီ ထပ်ခါထပ်ခါဆုတောင်းရင်တောင် ကိုယ်တော်က စိတ်မရှည်တာ၊ အဲဒီဆုတောင်းချက်တွေကိုငြီးငွေ့သွားတာ မရှိဘူး။ တစ်ကြိမ်မှာ ယေဟောဝါက ဗာဗုလုန်မှာ သုံ့ပန်းဘဝရောက်နေတဲ့ဂျူးတွေဆီ ယေရမိကို စာရေးပို့ခိုင်းတယ်။ အဲဒီဂျူးတွေက ဗိမာန်တော်ကနေ မိုင် ၅၀၀ ကျော်ဝေးတဲ့နေရာ၊ ယုဒပြည်မှာရှိတဲ့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အလှမ်းဝေးတဲ့နေရာမှာ ရှိနေတယ်။ သူတို့က ဗိမာန်တော်ရဲ့အဝေးမှာရောက်နေပေမဲ့ သူတို့ရဲ့ဆုတောင်းသံတွေနဲ့ ချီးမွမ်းစကားတွေကို ယေဟောဝါ မကြားဘဲမနေပါဘူး။ ယေရမိ ၂၉:၁၀-၁၂ မှာပါတဲ့ ဘုရားသခင့်စကားကို ဂျူးတွေကြားတဲ့အခါ ဘယ်လောက်စိတ်သက်သာရာရသွားမယ်ဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီကျမ်းစကားတွေက စိတ်ရင်းမှန်နဲ့တောင်းတဲ့ သင့်ဆုတောင်းချက်တွေနဲ့လည်း သက်ဆိုင်တယ်။—ကျမ်းချက်ဖတ်ပါ။
၁၁၊ ၁၂။ (က) ယေဟောဝါက ဂျေရုဆလင်မှာရှိတဲ့လူတွေကို ဘယ်လိုကတိပေးခဲ့သလဲ။ (ခ) လိုအပ်တဲ့ဆုံးမမှုခံထားရသူတွေက ဘယ်လိုအကူအညီရရှိနိုင်သလဲ။
၁၁ ယေဟောဝါက အကောင်းမြင်သဘောထားရှိခြင်းအားဖြင့်လည်း အကြင်နာမေတ္တာကိုပြတယ်။ ဂျေရုဆလင်ကျဆုံးချိန်နီးလာတာနဲ့အမျှ မြို့သူမြို့သားတွေက ဆက်ပြီးပုန်ကန်နေကြတယ်။ အဲဒါက ဘုရားသခင်ကိုပုန်ကန်တာနဲ့တူတယ်။ သူတို့ရဲ့အနာဂတ်က ဘယ်လိုလဲ။ အငတ်ဘေး ဒါမှမဟုတ် ဗာဗုလုန်တွေရဲ့လက်ချက်နဲ့ သေနိုင်တယ်။ ဒါမှမဟုတ် တိုင်းတစ်ပါးကိုနယ်နှင်ခံရပြီး အဲဒီမှာပဲ သေသွားနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါက နောင်တယူပြီးပြောင်းလဲခဲ့သူတွေအတွက် ‘ကောင်းမွန်တဲ့ကတိ’ ပေးခဲ့တယ်။ သူတို့ကို ‘အကြည့်အရှုကြွလာမယ်၊’ တစ်နည်းအားဖြင့် ပြန်အာရုံစိုက်မယ်လို့ ကတိပေးခဲ့တယ်။ သူတို့ကို ဝေးလံတဲ့ဗာဗုလုန်ကနေ သူတို့ရဲ့ “အရပ်” ဖြစ်တဲ့ နေရင်းပြည်ကို ပြန်ခေါ်လာမယ်။ (ယေ. ၂၇:၂၂) အဲဒီအခါ ဂျူးတွေက “ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ချီးမွမ်းကြလော့” လို့ ကြွေးကြော်ကြလိမ့်မယ်။—ယေ. ၃၃:၁၀၊ ၁၁။
၁၂ ယေဟောဝါက အကြင်နာမေတ္တာရှိတဲ့အတွက် လူတွေရဲ့အမြင်မှာ အခြေအနေဆိုးနေတဲ့သူတွေကို အဓိကအားပေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ တချို့က ခရစ်ယာန်အသင်းတော်အဝင်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာ ဆုံးမခံထားရနိုင်တယ်။ အဲဒီဆုံးမမှုက သူတို့အတွက် လိုအပ်တဲ့၊ တရားမျှတတဲ့ဆုံးမမှုဖြစ်တယ်။ အဲဒီလိုဆုံးမခံထားရတဲ့အတွက် အပြစ်ရှိတယ်လို့ သူတို့ခံစားရပြီး ဘုရားသခင့်လူမျိုးနဲ့ ပြန်ပေါင်းသင်းဖို့ မဝံ့မရဲဖြစ်နေနိုင်တယ်။ သူတို့ကို ယေဟောဝါခွင့်လွှတ်ပါ့မလား၊ ပြန်လက်ခံပါ့မလားဆိုပြီး စိုးရိမ်နေနိုင်တယ်။ တန်ခိုးအကြီးဆုံးဘုရားသခင်က အဲဒီလိုလူတွေအားလုံးကို ‘ကောင်းမွန်တဲ့ကတိ’ ပေးထားတယ်။ သူတို့ရဲ့အတွေးအခေါ်နဲ့အကျင့်တွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ကြင်နာစွာကူညီပေးလိမ့်မယ်။ ရှေ့အပိုဒ်မှာဆွေးနွေးခဲ့တာက သူတို့နဲ့လည်း သက်ဆိုင်တယ်။ ယေဟောဝါက သူတို့ကို သူတို့ရဲ့ “အရပ်” ဖြစ်တဲ့ ပျော်ရွှင်တဲ့လူမျိုးအလယ်ကို ပြန်ခေါ်ဆောင်လာလိမ့်မယ်။—ယေ. ၃၁:၁၈-၂၀။
၁၃။ ယေရမိကို ယေဟောဝါထောက်မခဲ့တာက သင့်ကို ဘယ်လိုအားပေးမှု ဖြစ်စေသလဲ။
၁၃ ယေဟောဝါက အကြင်နာမေတ္တာရှိတဲ့ဘုရားဖြစ်တဲ့အတွက် သူ့အပေါ်သစ္စာစောင့်သိသူတွေကို သစ္စာရှိရှိထောက်မနေတယ်။ အခုလို စာတန့်လောကရဲ့နောက်ဆုံးနေ့ရက်တွေမှာ နိုင်ငံတော်ကိုဦးစားထားသူတွေကို ယေဟောဝါကာကွယ်ထောက်မမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်တယ်။ ယေရမိက ဂျေရုဆလင်ရဲ့နောက်ဆုံးနေ့ရက်တွေမှာ အစားအစာနဲ့ကာကွယ်မှုရဖို့ ယေဟောဝါကိုမှီခိုအားထားခဲ့ရတယ်ဆိုတာ သတိရပါ။ ဘုရားသခင်က ယေရမိကို ပစ်မထားခဲ့ဘူး။ (ယေ. ၁၅:၁၅; မြည်တမ်းစကား ၃:၅၅-၅၇ ကိုဖတ်ပါ။) သင်လည်း အကြောင်းတစ်ခုခုကြောင့် အရမ်းစိတ်ဖိစီးနေတယ်ဆိုရင် သင့်ရဲ့သစ္စာရှိလုပ်ရပ်တွေကို ယေဟောဝါအမှတ်ရနေတယ်ဆိုတာ စိတ်ချပါ။ ဘုရားသခင်က အကြင်နာမေတ္တာရှိတဲ့အတွက် ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်နိုင်ဖို့ သင့်ကို ကူညီထောက်မပေးချင်တယ်။—မြည်တမ်းစကား ၃:၂၂ နဲ့နှိုင်းယှဉ်ပါ။
ယေဟောဝါရဲ့ အကြင်နာမေတ္တာနဲ့ပတ်သက်ပြီး ဘယ်ကဏ္ဍကို သင်အနှစ်သက်ဆုံးလဲ။ ဘာကြောင့်လဲ။
‘တရားမျှတမှုနဲ့အညီ ယေဟောဝါအသက်ရှင်တဲ့အတိုင်း’
၁၄။ မကြာသေးခင်က ဘယ်လိုတရားမမျှတမှုတွေကို သင်သတိပြုမိသလဲ။
၁၄ လူတချို့က ရာဇဝတ်မှုမကျူးလွန်ဘဲ ထောင်ထဲမှာ နှစ်နဲ့ချီပြီး နေရတယ်။ တရားရုံးမှာ သေဒဏ်စီရင်ခံရပြီးနောက်မှ အပြစ်မရှိဘူးဆိုတဲ့ အထောက်အထား ပေါ်လာတဲ့အမှုတွေလည်း ရှိတယ်။ နိုင်ငံတချို့မှာ မိဘတွေက စားစရာရနိုင်ဖို့ သားသမီးတွေကိုတောင် ကျွန်အဖြစ်ရောင်းစားတာမျိုးရှိတယ်။ အဲဒီလိုတရားမမျှတမှုတွေကို ကြားရတဲ့အခါ သင်ဘယ်လိုခံစားရသလဲ။ ယေဟောဝါကော ဘယ်လိုခံစားရမယ်လို့ သင်ထင်သလဲ။ ဘုရားသခင်က ဆင်းရဲခက်ခဲမှုဖြစ်စေတဲ့အကြောင်းရင်းမှန်သမျှကို ဖယ်ရှားပစ်ချင်တယ်ဆိုပြီး ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ ဘုရားသခင်တစ်ဦးတည်းကသာ အဲဒီလိုဖယ်ရှားနိုင်စွမ်းရှိတယ်။ ဒါကြောင့် ဒုက္ခရောက်နေတဲ့ ဆင်းရဲသားတွေနဲ့အပြစ်မဲ့သူတွေက အဲဒီအချက်ကနေ အားယူနိုင်တယ်။ တရားမျှတတဲ့ဘုရားသခင်ယေဟောဝါက သူတို့ကို ဒုက္ခတွင်းထဲကနေကယ်ဖို့ လုပ်ဆောင်နေပါပြီ။—ယေ. ၂၃:၅၊ ၆။
၁၅၊ ၁၆။ (က) ယေရမိက ယေဟောဝါရဲ့ ဘယ်အရည်အသွေးကို အလေးပေးခဲ့သလဲ။ (ခ) ဘုရားသခင်ရဲ့ကတိတွေနဲ့ ကိုယ်တော်သတ်မှတ်ထားတဲ့ပညတ်တွေကို သင် ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲ။
၁၅ ယေရမိခေတ်ကလူတချို့ဟာ တရားမျှတမှုဆိုတဲ့ ဘုရားသခင်ရဲ့ကောင်းမြတ်တဲ့အရည်အသွေးအကြောင်း သိကြတယ်။ ဥပမာ၊ အစ္စရေးတွေသာ ဘုရားသခင့်တရားမျှတမှုကို အသိအမှတ်ပြုပြီး နောင်တယူမယ်ဆိုရင် “အမှန်တရား၊ တရားမျှတမှု၊ ဖြောင့်မတ်မှုနဲ့အညီ ယေဟောဝါအသက်ရှင်တဲ့အတိုင်း” လို့ပြောကြမှာပဲဆိုပြီး ယေရမိယူဆခဲ့တယ်။ (ယေ. ၄:၁၊ ၂၊ ကဘ) မှန်ပါတယ်။ ယေဟောဝါရဲ့ရည်ရွယ်ချက်မှာ တရားမမျှတမှုအတွက် နေရာလုံးဝမရှိဘူး။ တရားမျှတမှုကို ယေဟောဝါချစ်မြတ်နိုးတယ်ဆိုတဲ့ တခြားအထောက်အထားတွေလည်း ရှိပါသေးတယ်။
၁၆ ဘုရားသခင်က ပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့အပြင် ဟန်ဆောင်လိမ်ညာမှုလည်း မရှိဘူး။ လူအတော်များများက ကတိပျက်ကြပေမဲ့ ယေဟောဝါကတော့ ကတိမပျက်ဘူး။ ဘုရားသခင်သတ်မှတ်ထားတဲ့၊ ကျွန်တော်တို့ကိုအကျိုးပြုနေတဲ့ သဘာဝနိယာမတရားတွေတောင် ဘယ်တော့မှမပြောင်းလဲနိုင်ဘူး။ (ယေ. ၃၁:၃၅၊ ၃၆) ဘုရားသခင်ရဲ့ ကတိတွေနဲ့စီရင်ဆုံးဖြတ်ချက်တွေက အမြဲအကျိုးပြုတဲ့အတွက် အဲဒါတွေကို ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်တယ်။—မြည်တမ်းစကား ၃:၃၇၊ ၃၈ ကိုဖတ်ပါ။
၁၇။ (က) ယေဟောဝါက ကိစ္စရပ်တွေကို ဘယ်လိုစီရင်ဆုံးဖြတ်သလဲ။ (ခ) အသင်းတော်မှာ အကြီးအကဲတွေပြဿနာကိုင်တွယ်တဲ့အခါ သူတို့ကို သင် ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲ။ (“ယေဟောဝါကိုယ်စား သူတို့တရားစီရင်ပေး” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၇ ယေဟောဝါက ကိစ္စတစ်ခုကိုစီရင်ဆုံးဖြတ်တဲ့အခါ အပြင်ပန်းကိုပဲကြည့်ပြီး ဘယ်တော့မှမဆုံးဖြတ်ဘူး။ အချက်အလက်အားလုံးကို သိနိုင်ဖို့ လူတွေမမြင်နိုင်တဲ့ အရာတွေကိုလည်း ကြည့်တယ်။ ပါဝင်ပတ်သက်သူတွေရဲ့ စိတ်ရင်းကိုလည်း ထည့်စဉ်းစားတယ်။ အခုအချိန်မှာ ဆရာဝန်တွေက အဆင့်မြင့်ကိရိယာနဲ့နည်းပညာတွေကိုသုံးပြီး လူနာရဲ့နှလုံးခုန်တာကို ကြည့်ရှုနိုင်ပြီ။ ဒီနည်းနဲ့ လူနာရဲ့နှလုံးအခြေအနေကို သိမြင်နိုင်ကြပြီ။ သွေးစစ်ထုတ်ပေးတဲ့ကျောက်ကပ်တွေကိုလည်း စစ်ဆေးနိုင်ကြပြီ။ ယေဟောဝါကတော့ ဒီထက်မက ပိုလုပ်ဆောင်နိုင်တယ်။ ကိုယ်တော်က ပကတိနှလုံးနဲ့ကျောက်ကပ်ကို ပုံဆောင်တဲ့ စိတ်ရင်းနဲ့အနက်ရှိုင်းဆုံးခံစားချက်တွေကို စစ်ဆေးတယ်။ ဒါကြောင့် လူတစ်ဦး ဘာကြောင့်ဒီလိုလုပ်ရတယ်၊ သူ့လုပ်ရပ်နဲ့ပတ်သက်ပြီး သူဘယ်လိုခံစားရတယ်ဆိုတာတွေကို ကိုယ်တော် ပိုင်းခြားသိမြင်နိုင်တယ်။ တန်ခိုးအကြီးဆုံးအရှင်က သေချာဆန်းစစ်ပြီး သိရှိလာတဲ့ အချက်အလက်တွေများလွန်းလို့ ဘာလုပ်ရမှန်းမသိဖြစ်သွားတာမျိုးမရှိဘူး။ ကိုယ်တော်က အထက်မြက်ဆုံးတရားသူကြီးထက်တောင် ပိုသာတဲ့အတွက် အဲဒီအချက်အလက်တွေကို မှန်မှန်ကန်ကန်၊ မျှမျှတတအသုံးပြုပြီး စီရင်ဆုံးဖြတ်တယ်။—ယေရမိ ၁၂:၁က; ၂၀:၁၂ တို့ကိုဖတ်ပါ။
၁၈၊ ၁၉။ ဘုရားသခင့်အရည်အသွေးဖြစ်တဲ့ တရားမျှတမှုအကြောင်း သိရခြင်းက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ။
၁၈ သင်က အတိတ်ကအမှားတွေကြောင့် တစ်ခါတလေ စိတ်နာကျင်နေရင်တောင် ယေဟောဝါကိုယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်းရှိတယ်။ ယေဟောဝါဟာ မရမက အပြစ်ရှာတတ်တဲ့ရှေ့နေမဟုတ်ဘဲ သနားစာနာတတ်ပြီး ကူညီပေးချင်တဲ့ တရားသူကြီးဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။ သင်က အတိတ်ကလုပ်ရပ်ကြောင့် ဒါမှမဟုတ် သင့်ကိုစိတ်ထိခိုက်စေတဲ့ တခြားသူတစ်ဦးရဲ့လုပ်ရပ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင် သင့်ရဲ့ “အမှု၊” တစ်နည်းအားဖြင့် သင့်စိတ်သောကတွေကို ဖြေရှင်းပေးဖို့ ယေဟောဝါဆီ အကူအညီတောင်းပါ။ ဒါဆိုရင် အဲဒီကိစ္စကို သင်မေ့ပစ်နိုင်ပါလိမ့်မယ်။c မြင့်မြတ်တဲ့လုပ်ငန်းမှာ သင် ဆက်ပါဝင်နေတာကို ဘုရားသခင် ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို သင်နားလည်နိုင်အောင် ကိုယ်တော်ကူညီပေးပါလိမ့်မယ်။—မြည်တမ်းစကား ၃:၅၈၊ ၅၉ ကိုဖတ်ပ။
၁၉ တရားမျှတမှုအရှိဆုံးဘုရားသခင်က သူ့မျက်နှာသာရဖို့ ကြိုးစားနေသူတွေကိုလည်း တရားမျှတစွာလုပ်ဆောင်စေချင်တယ်။ (ယေ. ၇:၅-၇; ၂၂:၃) မျက်နှာမလိုက်ဘဲ သတင်းကောင်းဟောပြောတာက ဘုရားသခင့်တရားမျှတမှုကိုတင်ပြနိုင်တဲ့ အရေးကြီးတဲ့နည်းတစ်နည်း ဖြစ်တယ်။ သင်က ပြန်လည်ပတ်မှုလုပ်ဖို့၊ ကျမ်းစာသင်အံမှုလုပ်ဖို့ အသိစိတ်ရှိရှိကြိုးစားမယ်ဆိုရင် ဘုရားသခင့်တရားမျှတမှုစံနှုန်းကို အကျိုးရှိရှိ လိုက်လျှောက်ရာရောက်တယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်တာလဲ။ ဘုရားသခင်က လူအမျိုးမျိုးကို သူ့အကြောင်းသင်ယူပြီး ကယ်တင်ခြင်းရစေချင်လို့ပဲ။ (မြည်. ၃:၂၅၊ ၂၆) အဲဒီအသက်ကယ်လုပ်ငန်းမှာ ဘုရားသခင်ရဲ့တရားမျှတမှုကို အတုယူပြီး ဘုရားသခင့် လုပ်ဖော်ဆောင်ဖက်အနေနဲ့ သင်လုပ်ဆောင်ခွင့်ရတာက သိပ်ကိုအခွင့်ထူးပါတယ်။
ယေဟောဝါရဲ့တရားမျှတမှုက သင့်ကို ဘယ်လိုနည်းနဲ့ နှစ်သိမ့်မှုဖြစ်စေသလဲ။ ဘုရားသခင့်တရားမျှတမှုကို အတုယူတဲ့အနေနဲ့ တခြားသူတွေကို သင် ဘယ်လိုနှစ်သိမ့်ပေးနိုင်သလဲ။
“အစဉ်အမျက်ထွက်တတ်သည် မဟုတ်”
၂၀။ (က) လူတွေကို ဘုရားသခင်ဆက်ဆံပုံနဲ့ပတ်သက်ပြီး ဘယ်အပိုင်းကို ယေရမိ အလေးပေးဖော်ပြခဲ့သလဲ။ (ခ) ယေဟောဝါခွင့်လွှတ်တာနဲ့ ကိုယ်တော် ‘နောင်တရတာ’ က ဘယ်လိုဆက်စပ်နေသလဲ။ (“ယေဟောဝါက ဘယ်လိုနည်းနဲ့ ‘နောင်တရ’ သလဲ” ဆိုတဲ့လေးထောင့်ကွက်ကို ကြည့်ပါ။)
၂၀ လူများစွာက ယေရမိကျမ်းနဲ့မြည်တမ်းစကားကျမ်းမှာ မကောင်းမှုတွေကို ပြစ်ဒဏ်စီရင်တဲ့အကြောင်းတွေပဲပါတယ်လို့ ထင်ကြတယ်။ အဲဒီလိုထင်တာဟာ သူ့လူတွေကို ယေဟောဝါခွင့်လွှတ်မယ်ဆိုတဲ့ အဲဒီကျမ်းတွေထဲက ကြည်နူးစရာကမ်းလှမ်းချက်တွေကို လျစ်လျူရှုရာရောက်တယ်။ “ဆိုးသောလမ်းမှ အသီးအသီးပြန်လာကြလော့။ သင်တို့လိုက်သောလမ်းနှင့် သင်တို့ကျင့်သောအကျင့်ကို ဖြောင့်စေကြလော့” ဆိုပြီး ဂျူးတွေကို ကိုယ်တော်တိုက်တွန်းတယ်။ ယေရမိကလည်း “သင်တို့၏ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်းလဲကြလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင် ထာဝရဘုရားသည် သင်တို့၌ ဘေးဥပဒ်ရောက်စေမည်ဟုခြိမ်းတော်မူသော်လည်း တစ်ဖန်နောင်တရတော်မူလိမ့်မည်” လို့ သူတို့ကိုအားပေးခဲ့တယ်။ (ယေ. ၁၈:၁၁; ၂၆:၁၃) ကျွန်တော်တို့အချိန်မှာလည်း စစ်မှန်တဲ့နောင်တရပြီး အကျင့်ဆိုးတွေမကျင့်တော့တဲ့သူတွေအားလုံးကို ယေဟောဝါ ခွင့်လွှတ်နေဆဲပါပဲ။
၂၁။ ယေဟောဝါက လူတစ်ဦးကိုခွင့်လွှတ်လိုက်ပြီဆိုရင် ဘာကိုလည်း လုပ်ဆောင်ချင်သလဲ။
၂၁ ယေဟောဝါက ခွင့်လွှတ်တယ်လို့ ပြောရုံလောက်ပဲမဟုတ်ဘူး။ ပြောတဲ့အတိုင်း လုပ်ဆောင်တယ်။ ယေဟောဝါက ‘အို ဖောက်ပြန်သောအစ္စရေး၊ ပြန်လာပါ။ . . . သင်၌ ငါသည် မျက်မုန်းကြိုးခြင်းကိုမပြု၊ . . . အစဉ်အမျက်ထွက်တတ်သည်မဟုတ်’ ဆိုပြီး ယေရမိကတစ်ဆင့် တိုက်တွန်းတယ်။ (ယေ. ၃:၁၂) ဘုရားသခင်က သူခွင့်လွှတ်လိုက်တဲ့သူတွေကို ဒေါသမပြေနိုင်ဘဲ နာကြည်းနေတာမျိုးမရှိဘူး။ အဲဒီအစား ယေဟောဝါက လူတစ်ယောက်အမှားလုပ်လိုက်လို့ သူနဲ့ဆက်ဆံရေးပျက်စီးသွားတာကို ပြန်ကောင်းမွန်အောင်လုပ်ချင်တယ်။ လူတစ်ဦးဟာ အပြစ်တွေလုပ်ခဲ့ပေမဲ့ တကယ်နောင်တရပြီး ယေဟောဝါရဲ့ခွင့်လွှတ်မှုကိုရှာမယ်ဆိုရင် ကိုယ်တော်က မျက်နှာသာနဲ့ကောင်းချီးတွေ ပြန်ပေးပါလိမ့်မယ်။ (ယေ. ၁၅:၁၉) အဲဒီအချက်က အခုအချိန်မှာ စစ်မှန်တဲ့ဘုရားသခင်နဲ့ဝေးကွာနေသူတွေကို ကိုယ်တော့်ဆီ ပြန်လှည့်လာဖို့ အားပေးမှုဖြစ်စေသင့်တယ်။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုက ကျွန်တော်တို့ကို ကိုယ်တော်နဲ့ပိုရင်းနှီးအောင်လုပ်ချင်စိတ် ဖြစ်စေတယ်မဟုတ်လား။—မြည်တမ်းစကား ၅:၂၁ ကိုဖတ်ပါ။
၂၂၊ ၂၃။ ခွင့်လွှတ်တာနဲ့ပတ်သက်ပြီး ယေဟောဝါကိုအတုယူတဲ့အခါ သင့်ပန်းတိုင်က ဘာဖြစ်သင့်သလဲ။
၂၂ လူတစ်ယောက်ရဲ့ မဆင်မခြင်ပြောလိုက်တဲ့စကားနဲ့ လုပ်ရပ်ကြောင့် ဒေါသဖြစ်မိတဲ့အခါ ယေဟောဝါကို သင်အတုယူမလား။ ရှေးခေတ်ဂျူးတွေနဲ့ပတ်သက်ပြီး ဘုရားသခင်က သူခွင့်လွှတ်လိုက်တဲ့သူတွေရဲ့အပြစ်ကို “ဖြေရှင်း” ပေးမယ်၊ တစ်နည်းအားဖြင့် သန့်စင်ပေးမယ်လို့ပြောတယ်။ (ယေရမိ ၃၃:၈ ကိုဖတ်ပါ။) ကိုယ်တော်က နောင်တရသူတွေရဲ့အမှားတွေကို မေ့ပစ်လိုက်ပြီး အမှုတော်မှာ အသစ်ကနေပြန်ထမ်းဆောင်ခွင့်ပေးခြင်းအားဖြင့် အဲဒီလိုသန့်စင်ပေးတယ်။ ဘုရားသခင့်ခွင့်လွှတ်မှုခံရတယ်ဆိုတာ အမွေရထားတဲ့အပြစ်တွေသန့်စင်ခံရပြီး ခြောက်ပြစ်ကင်းသွားပြီဆိုတဲ့အဓိပ္ပာယ်တော့မဟုတ်ဘူး။ ဒါပေမဲ့ လူတွေရဲ့အပြစ်ကိုသန့်စင်ပေးမယ်ဆိုတဲ့ ဘုရားသခင့်စကားကနေ ကျွန်တော်တို့ သင်ခန်းစာယူနိုင်တယ်။ ကျွန်တော်တို့က ကိုယ့်အပေါ် တခြားသူတွေလုပ်တဲ့အမှားကို မေ့ပစ်ဖို့ကြိုးစားနိုင်တယ်။ အဲဒီလိုလုပ်တာက အဲဒီလူနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့အမြင်ကို သန့်စင်ပစ်လိုက်တာနဲ့တူတယ်။ ဘယ်လိုနည်းနဲ့တူသလဲ။
၂၃ သင်က စက်ဘီးတစ်စီး လက်ဆောင်ရတယ်ဆိုပါစို့။ အဲဒီစက်ဘီး သံချေးတက်လာတဲ့အတွက် သင် ချက်ချင်းလွှင့်ပစ်လိုက်မလား။ လွှင့်ပစ်မှာမဟုတ်ဘူး။ သံချေးတွေကိုတိုက်ချွတ်ပြီး ဆေးတောင် ပြန်မှုတ်ရင်မှုတ်ပါလိမ့်မယ်။ အဲဒီစက်ဘီးကို မပျက်စီးသွားအောင်၊ ရေရှည်သုံးနိုင်အောင် သင်ဂရုစိုက်မှာဖြစ်တယ်။ အဲဒီလိုပဲ၊ သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ညီအစ်ကို ဒါမှမဟုတ် ညီအစ်မအပေါ် သင့်ရဲ့နာကြည်းစိတ်နဲ့ဒေါသကို ဖယ်ရှားပစ်ဖို့ ကြိုးစားနိုင်တယ်။ နာကျင်စေတဲ့စကားတွေ၊ လုပ်ရပ်တွေကို တနုံ့နုံ့တွေးမနေပါနဲ့။ အဲဒါတွေကို သင်မေ့ပစ်နိုင်တာနဲ့အမျှ သင်ခွင့်လွှတ်လိုက်တဲ့သူရဲ့ပုံရိပ်၊ သူနဲ့ပတ်သက်တဲ့အမှတ်ရစရာတွေကို သန့်စင်နိုင်ပါလိမ့်မယ်။ သူ့အပေါ်မကောင်းမြင်စိတ်တွေ သန့်စင်သွားတဲ့အခါ သူနဲ့သင့်ကြားက ဆုံးရှုံးသွားပုံရတဲ့ရင်းနှီးမှုတွေ ပြန်ရလာပါလိမ့်မယ်။
၂၄၊ ၂၅။ ဘုရင်ယောရှိလိုပဲ ယေဟောဝါကို သိကျွမ်းလာမယ်ဆိုရင် သင် ဘာအကျိုးကျေးဇူးတွေရရှိမလဲ။
၂၄ ယေဟောဝါရဲ့အရည်အသွေးနဲ့ လုပ်ဆောင်ပုံတချို့ကိုပဲ ကျွန်တော်တို့လေ့လာခဲ့တယ်။ အခုဆို ကိုယ်တော့်ကို ကျွန်တော်တို့ ပိုသိကျွမ်းလာတယ်။ ယေဟောဝါအကြောင်းကို ကောင်းကောင်းသိကျွမ်းလာတဲ့အခါ ကိုယ်တော်လက်ခံတဲ့နည်းနဲ့ဝတ်ပြုဖို့ လှုံ့ဆော်ခံရတယ်။ ကျွန်တော်တို့က ဘုရင်ယောရှိလိုပဲ ယေဟောဝါအကြောင်း ကောင်းကောင်းသိကျွမ်းမယ်ဆိုရင် ဘုရားသခင်ရဲ့အရည်အသွေးတစ်ခုဖြစ်တဲ့ ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။
၂၅ ယေဟောဝါအကြောင်း အများကြီးသိထားတာက တခြားသူတွေနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။ ယေဟောဝါလိုပဲ အကြင်နာမေတ္တာ၊ တရားမျှတမှုနဲ့ ခွင့်လွှတ်မှုကို တင်ပြမယ်ဆိုရင် အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက တိုးတက်လာပြီး ပိုတန်ဖိုးရှိလာပါလိမ့်မယ်။ ဒါ့အပြင် ပြန်လည်ပတ်မှုလုပ်တဲ့အခါ၊ ကျမ်းစာသင်အံမှုလုပ်တဲ့အခါ ထိထိရောက်ရောက်သွန်သင်ပေးလာနိုင်တာကိုလည်း တွေ့မြင်ရပါလိမ့်မယ်။ စိတ်ဝင်စားသူတွေက ကျွန်တော်တို့ရဲ့ဘဝပုံစံကိုတွေ့မြင်တဲ့အခါ ဒါဟာ အကောင်းဆုံးဘဝပုံစံဖြစ်တယ်ဆိုတာကို ယုံကြည်စိတ်ချလာပါလိမ့်မယ်။ အဲဒီအခါ ယေဟောဝါလက်ခံတဲ့နည်းနဲ့ ကိုးကွယ်နိုင်အောင်၊ “ကောင်းသောလမ်း” ကို လိုက်လျှောက်နိုင်အောင် သူတို့ကိုကူညီပေးဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါလိမ့်မယ်။—ယေ. ၆:၁၆။
မြည်တမ်းစကား ၅:၂၁ က သင့်ကို ဘာနားလည်စေသလဲ။
b ယေရမိ ၂၂:၁၅၊ ၁၆ (ကဘ)– “သင်က စီဒါထင်းရှူးကိုသုံးပြီး တခြားအိမ်တွေထက် ပိုခမ်းနားအောင် ဆောက်တဲ့အတွက် ဆက်ပြီးအုပ်စိုးရမှာလား။ သင့်အဖေက စားသောက်ပြီး တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်ခဲ့တယ်မဟုတ်လား။ အဲဒီလိုလုပ်လို့ သူကောင်းစားခဲ့တယ်။ သူက ဖိနှိပ်ခံရသူနဲ့ ဆင်းရဲသားရဲ့ တရားစွဲဆိုချက်ကို စီရင်ပေးတယ်။ အဲဒီလိုလုပ်လို့ သူကောင်းစားခဲ့တယ်။ ‘ငါ့ကိုသိကျွမ်းတဲ့အတွက် သူဒီလိုလုပ်တာမဟုတ်လား’ လို့ ယေဟောဝါပြောတယ်။”
c ညီအစ်ကို ဒါမှမဟုတ် ညီအစ်မတစ်ဦးဟာ ဘုရားသခင့်ပညတ်နဲ့ သိသိသာသာ ဆန့်ကျင်နေတဲ့အရာကို လုပ်တယ်ဆိုရင် အသင်းတော်အကြီးအကဲတွေကို ပြောပြသင့်တယ်။ ဒါမှသာ အဲဒီကိစ္စကို သူတို့ကိုင်တွယ်နိုင်မှာဖြစ်ပြီး လိုအပ်တဲ့အကူအညီကို ပေးနိုင်မယ်။—ယာ. ၅:၁၃-၁၅။