စကားဆက်ပြတ်စေနိုင်သူများအား မည်သို့တုံ့ ပြန်နိုင်ပုံ
မှတ်ချက်– လူတို့၏ အသက်ရရေးအလားအလာသည် ယေဟောဝါဘုရားသခင်အပေါ်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်အုပ်စိုးသည့် ဘုရားသခင့်နိုင်ငံတော်အပေါ်လည်းကောင်း ထားရှိသည့် သူတို့၏သဘောထားအပေါ်မူတည်သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းသည် စိတ်မြူးကြွဖွယ်ဖြစ်ပြီး လူသားတို့ အားထားနိုင်သည့် တစ်ခုတည်းသောမျှော်လင့်ချက်ကိုညွှန်ပြသည်။ ယင်းသည် အသက်တာကိုပြောင်းလဲစေသောသတင်းဖြစ်သည်။ ၎င်းကို လူတိုင်းကြားနာစေလိုသောဆန္ဒ ကျွန်ုပ်တို့၌ရှိ၏။ ယင်းကို လူနည်းစုကသာ တလေးတစားလက်ခံကြသည်ကို ကျွန်ုပ်တို့တွေ့ရသည်။ သို့သော် လူတို့သည် ပညာရှိစွာရွေးချယ်မှုပြုနိုင်ရန် ယုတ်စွအဆုံး ကြားသိဖို့လိုအပ်သည်။ သို့ရာတွင် လူတိုင်းနားထောင်လိုသည်မဟုတ်သဖြင့် ကျွန်ုပ်တို့ကလည်း သူတို့ကိုအတင်းအကျပ်မပြုပါ။ သို့သော် ထိုးထွင်းဉာဏ်ရှိလျှင် စကားဆက်ပြတ်စေနိုင်သူများနှင့်ပင် ဆက်လက်ဆွေးနွေးနိုင်လေ့ရှိသည်။ ထိုက်တန်သူများကိုကြိုးစားရှာဖွေရာ၌ အတွေ့အကြုံရှိ သက်သေခံများအသုံးပြုခဲ့သည့်နမူနာများကို ဤတွင်ဖော်ပြလိုက်သည်။ (မ. ၁၀:၁၁) ဖြေကြားပုံများကို အလွတ်ကျက်မှတ်ရန် ကျွန်ုပ်တို့အကြံမပြုပါ။ စိတ်ထဲတွင်သဘောတရားကိုသိရှိထားကာ ကိုယ်ပိုင်စကားနှင့်တင်ပြခြင်းအားဖြင့် တစ်ဖက်သားအပေါ် စေတနာမွန်ထားရှိကြောင်း ပေါ်လွင်စေရန်တိုက်တွန်းပါသည်။ သို့ပြုလျှင် စိတ်နှလုံးထားဖြောင့်မှန်သူများသည် နားထောင်ပြီး ယေဟောဝါ၏သွေးဆောင်မှုကိုတုံ့ပြန်လျက် မေတ္တာပြည့်ဝသည့်အသက်ဆုကျေးဇူးအစီအစဉ်ကို လေးလေးစားစားလက်ခံမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။—ယော. ၆:၄၄; တ. ၁၆:၁၄။
‘ကျွန်တော်စိတ်မဝင်စားဘူး’
• ‘ဒါနဲ့ ကျွန်တော်မေးပါရစေ။ မိတ်ဆွေဆိုလိုတာက သမ္မာကျမ်းစာ ကိုစိတ်မဝင်စားတာလား။ ဒါမှမဟုတ် ဘာသာတရားကိုစိတ်မဝင်စားတာလား။ အဲဒီလိုမေးရတာအကြောင်းရှိပါတယ်။ လူအတော်များများဟာ တစ်ချိန်က ဘာသာတရားကြည်ညိုကိုင်းရှိုင်းခဲ့သလောက် နောက်ပိုင်းကျတော့ ချာ့ချ်တွေမှာ အရေခြုံဟန်ဆောင်မှုတွေကိုတွေ့ရလို့ (သို့မဟုတ် ဘာသာရေးဆိုတာ ငွေရှာတဲ့ စီးပွားရေးလုပ်ငန်းတစ်မျိုးပါပဲဆိုပြီး သူတို့ယူဆလို့၊ သို့မဟုတ် နိုင်ငံရေးမှာ ဘာသာရေးကဝင်စွက်တာကို သူတို့မနှစ်သက်လို့၊ စသည့်အကြောင်းကြောင့်) ချာ့ချ်မသွားတော့ဘဲနေကြတာကို ကျွန်တော်တို့တွေ့ဖူးလို့ပါ။ သမ္မာကျမ်းစာကလည်း ဆိုခဲ့တဲ့အကျင့်အကြံတွေကို လက်မခံပါဘူး။ ဒါပေမဲ့ အနာဂတ်ကိုစိတ်ချလက်ချမျှော်လင့်နိုင်တဲ့အခြေအမြစ်ကို ပေးထားတယ်။’
• ‘သူများဘာသာကိုမိတ်ဆွေစိတ်မဝင်စားဘူးဆိုရင်တော့ ကျွန်တော်သဘောပေါက်ပါတယ်။ ဒါပေမဲ့ နျူကလီးယားစစ်ပွဲရဲ့ခြိမ်းခြောက်မှုကြောင့် ကျွန်တော်တို့ရဲ့အနာဂတ်ဟာ ဘယ်လိုများ နေပါလိမ့်ဆိုတာကို (သို့မဟုတ် ကျွန်တော်တို့သားသမီးတွေကို မူးယစ်ဆေးဝါးအလွဲမသုံးရအောင် ဘယ်လိုကာကွယ်နိုင်မလဲ၊ သို့မဟုတ် လမ်းလျှောက်တဲ့အခါ ရာဇဝတ်မှုကိုကြောက်စရာမလိုတော့အောင် ဘယ်လိုလုပ်ရင်ကောင်းမယ်၊ စသည်ဖြင့်) ဆိုတာကိုတော့ မိတ်ဆွေစိတ်ဝင်စားမှာသေချာတယ်။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အလားအလာ မိတ်ဆွေမြင်ပါသလား။’
• ‘မိတ်ဆွေမှာ ကိုယ်ပိုင်ဘာသာရှိပြီးသားမို့လို့လား။ . . . တစ်ဆိတ်လောက် သိပါရစေ။ တစ်နေ့သောအခါ လူသားအားလုံး တစ်ဘာသာတည်းကိုးကွယ်လာမယ်လို့ မိတ်ဆွေထင်သလား။ . . . ဒီလိုဖြစ်မလာအောင် ဘာကတားဆီးနေပုံရသလဲ။ . . . အဓိပ္ပာယ်ရှိရှိဒီလိုဖြစ်မြောက်လာဖို့ ဘာအခြေခံအမြစ်လိုအပ်သလဲ။’
• ‘ကျွန်တော်ကောင်းကောင်းသဘောပေါက်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော်လည်းအဲဒီလိုပဲမြင်ခဲ့တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာမှာ အကြောင်းတစ်ခုဖတ်ခဲ့မိလို့ ခု ကျွန်တော်သဘောထားပြောင်းလဲခဲ့ပါတယ်။ (ယင်းကိုသူ့အားဖော်ပြပါ။)
• ‘သေဆုံးသွားတဲ့မြတ်နိုးရသူတွေကို ဘယ်လိုပြန်တွေ့ဆုံနိုင်မလဲ၊ (သို့မဟုတ် ဘဝရဲ့ရည်ရွယ်ချက်အစစ်အမှန်ဟာဘာလဲ၊ သို့မဟုတ် မိသားစုစည်းလုံးအောင်ဘယ်လိုလုပ်နိုင်မလဲ၊ စသည်ဖြင့်) ဆိုတာ ကျွန်တော်သမ္မာကျမ်းစာကနေ ပြနိုင်မယ်ဆိုရင် မိတ်ဆွေစိတ်ဝင်စားမလား။’
• ‘ဪ တစ်ခုခုလာပြီးရောင်းတယ်ထင်လို့လားခင်ဗျာ။ စိတ်ချပါ။ ကျွန်တော်စီးပွားရေး လာလုပ်နေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဖျားနာမှုနဲ့ရာဇဝတ်မှုတွေကင်းရှင်းပြီး ကိုယ့်ကိုအမှန်ချစ်ခင်တဲ့ အိမ်နီးနားချင်းတွေနဲ့အတူ မြေကြီးပရဒိသုဥယျာဉ်မှာနေရမဲ့အခွင့်အရေးကို မိတ်ဆွေစိတ်ဝင်စားမလား။’
• ‘ယေဟောဝါသက်သေတွေလာတဲ့အခါတိုင်း မိတ်ဆွေဒီလိုပဲတုံ့ပြန်လေ့ရှိသလား။ . . . ဘာကြောင့်ကျွန်တော်တို့အမြဲလာနေရတယ် ဒါမှမဟုတ် ကျွန်တော်တို့ဘာပြောချင်လို့လဲဆိုတာကို မိတ်ဆွေတကယ်တွေးကြည့်ဖူးသလား။ . . . တိုတိုပြောရရင် မိတ်ဆွေဆီကျွန်တော်လာရတဲ့အကြောင်းက ကျွန်တော်သိတဲ့အကြောင်းတစ်ခုကို မိတ်ဆွေလည်းသိသင့်တယ်ယူဆလို့ လာပြောပြတာပါ။ ဒီတစ်ခါ တစ်ဆိတ်လောက်နားထောင်ပါလား။’
‘ကျွန်တော်ဘာသာရေးစိတ်မဝင်စားဘူး’
• ‘မိတ်ဆွေရဲ့သဘောကို ကျွန်တော်နားလည်နိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ချာ့ချ်တွေဟာ ဒီလောကကို ပိုပြီးလုံခြုံတဲ့နေရာဖြစ်အောင်လုပ်ပေးမနေကြဘူး။ မဟုတ်လား။ . . . ဒါနဲ့ကျွန်တော်မေးပါရစေ။ ဘာသာရေးကို မိတ်ဆွေအမြဲပဲအဲဒီလိုမြင်ခဲ့သလား။ . . . ဒါပေမဲ့ဘုရားကိုကော မိတ်ဆွေယုံကြည်သလား။’
• ‘လူတော်တော်များများလည်း မိတ်ဆွေလိုအမြင်မျိုးရှိကြတယ်။ သူတို့ကို ဘာသာရေးက ဘာဟုတ္တိပတ္တိအကူအညီမှမပေးဘူး။ ဒါကြောင့် ကျွန်တော်တို့မိတ်ဆွေဆီလာရတာပေါ့။ ချာ့ချ်တွေက ဘုရားသခင်အကြောင်းနဲ့ လူသားတွေအတွက် ဘုရားသခင်ရဲ့ကောင်းမြတ်တဲ့ရည်ရွယ်ချက်အကြောင်းကို အမှန်အတိုင်း လူတွေကိုမပြောပြပါဘူး။’
• ‘ဒါပေမဲ့ မိတ်ဆွေဟာ ကိုယ့်အနာဂတ်ကိုတော့စိတ်ဝင်စားမှာသေချာတယ်။ ဒီနေ့ကမ္ဘာမှာဒီလိုဖြစ်ပျက်နေမှာကို သမ္မာကျမ်းစာကကြိုဟောခဲ့တယ်ဆိုတာ မိတ်ဆွေသိသလား။ . . . ပြီးတော့ ရှေ့ဆက်ဘာဖြစ်ဦးမယ် ဆိုတာကိုလည်းဆိုထားပါတယ်။’
• ‘မိတ်ဆွေအမြဲတမ်းဒီလိုပဲသဘောထားခဲ့သလား။ . . . အနာဂတ်နဲ့ပတ်သက်လို့ကော မိတ်ဆွေဘယ်လို သဘောရသလဲ။’
‘ယေဟောဝါသက်သေတွေကို ကျွန်တော်စိတ်မဝင်စားဘူး’
• ‘လူတော်တော်များများ ကျွန်တော်တို့ကို ဒီလိုပဲပြောကြတယ်။ အိမ်ရှင်အများစု ကျွန်တော်တို့ကိုလက်မခံမှန်း ကျွန်တော်တို့သိပါလျက်နဲ့ ကျွန်တော့်လိုစေတနာ့ဝန်ထမ်းတွေ ခုလိုဘာကြောင့်လည်ပတ်ကြတာလဲဆိုပြီး မိတ်ဆွေစဉ်းစားဖူးသလား။ (မဿဲ ၂၅:၃၁-၃၃ ၏လိုရင်းအချက်ကိုတင်ပြလျက်၊ လူမျိုးခပ်သိမ်း ဘုရားသခင့်နိုင်ငံတော်သတင်းကိုလက်ခံလက်မခံ ပေါ်မူတည်၍ ခွဲခြားခံနေကြရပြီဖြစ်ကြောင်းရှင်းပြပါ။ သို့မဟုတ် ယေဇကျေလ ၉:၁-၁၁ ၏လိုရင်းကိုဖော်ပြပြီး နိုင်ငံတော်သတင်းကိုလက်ခံလက်မခံပေါ်မူတည်၍ လူတိုင်း ကြီးစွာသောဒုက္ခတွင် ကပ်ကျော်မည့်သူ သို့မဟုတ် ဖျက်ဆီးခံရမည့်သူအဖြစ် ‘မှတ်သားခံနေရ’ ကြောင်းရှင်းပြပါ။)’
• ‘ကျွန်တော်သဘောပေါက်နိုင်ပါတယ်။ ကျွန်တော်လည်း အဲဒီသဘောမျိုးပိုက်ခဲ့ဖူးလို့ပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ကျွန်တော်က နားထောင်မှ တရားရာကျတော့မယ်ဆိုပြီး နားထောင်ခဲ့တယ်။ အဲဒီအခါကျမှ သက်သေခံတွေအကြောင်း လူတွေကျွန်တော့်ကိုအမှန်အတိုင်းမပြောခဲ့ပါလားဆိုတာ သိရတော့တယ်။ (ကြားနေကျ တလွဲစွပ်စွဲချက်တစ်ရပ်ကို ဖော်ပြပြီး ကျွန်ုပ်တို့ယုံကြည်ချက်ကို ရှင်းပြပါ။)’
• ‘မကြာသေးခင်က ကျွန်တော့်အိမ်ရှေ့ရောက်လာတဲ့ သက်သေခံတစ်ယောက်ကို အဲဒီလိုပဲကျွန်တော်ပြောခဲ့တယ်။ ဒါပေမဲ့ သူထွက်မသွားခင် ကျွန်တော်က သူမဖြေနိုင်ဘူးလို့မှတ်တဲ့မေးခွန်းတစ်ခုကို ပိုင်ပြီအထင်နဲ့မေးလိုက်တယ်။ အဲဒါဘာလဲဆိုတာ မိတ်ဆွေသိချင်ပါသလား။ . . . (ဥပမာ၊ ကာဣန ဘယ်ကမိန်းမရသလဲ)’ (တကယ်ကြုံဖူးသူ အသုံးပြုရန်။)
• ‘မိတ်ဆွေဟာ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ဖြစ်တယ်ဆိုရင် ဘာကြောင့်ခုလိုပြောတာကို ကျွန်တော်နားလည်နိုင်ပါတယ်။ မိတ်ဆွေရဲ့ဘာသာကို မိတ်ဆွေအများကြီးအလေးအမြတ်ထားတယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်လုံး (သင့်လျော်သည့်အကြောင်းအရာကို ဖော်ပြလျက်) ကိုစိတ်ဝင်စားကြတယ်ဆိုတာကိုတော့ မိတ်ဆွေသဘောတူမှာပဲလို့ထင်တယ်။’
• ‘ဒီလိုဆိုရင် မိတ်ဆွေမှာ ကိုယ့်ဘာသာတရားနဲ့ ကိုယ်ရှိပြီးသားဖြစ်မှာ သေချာပါတယ်။ စိတ်မရှိရင် ဘယ်ဘာသာလဲဆိုတာသိပါရစေလား။ . . . မိတ်ဆွေတို့လို ဒီဘာသာကိုးကွယ်တဲ့လူတွေနဲ့တွေ့ဆုံပြီး စကားပြောရတာကို ကျွန်တော်တို့သိပ်သဘောကျတာပဲ။ (ဆွေးနွေးမည့်အကြောင်းအရာကို ဖော်ပြလျက်) နဲ့ပတ်သက်လို့ မိတ်ဆွေဘယ်လို ယူဆသလဲခင်ဗျာ။’
• ‘ဟုတ်ကဲ့၊ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်လာရတဲ့အကြောင်းက ကျွန်တော်တို့ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ချင်ကြတဲ့ လူ့မိသားစုအဝင်ဖြစ်ကြလို့ပဲ။ ညတိုင်း တိုက်ပွဲသတင်းနဲ့ ဘေးဒုက္ခသတင်းတွေကြည့်နေရတာ ကျွန်တော်တို့ရင်မောလှပြီ။ မိတ်ဆွေလည်း အဲဒီလိုပဲခံစားရမှာသေချာတယ်။ . . . လိုအပ်တဲ့ပြောင်းလဲမှုကို ဘာကဖန်တီးပေးနိုင်မလဲ။ . . . သမ္မာကျမ်းစာပေးတဲ့ ကတိတော်တွေကြောင့် ကျွန်တော်တို့အားတက်မိပါတယ်။’
• ‘မိတ်ဆွေရဲ့ခံစားချက်ကိုသိခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့နဲ့ပတ်သက်ပြီး မိတ်ဆွေတို့မကြိုက်တာ ဘာများလဲဆိုတာ တစ်ဆိတ်ပြောပြပါလား။ ကျွန်တော်တို့ကျမ်းစာထဲကထောက်ပြတဲ့အကြောင်းတွေကိုမကြိုက်တာလား၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့လည်ပတ်မှုကို မကြိုက်တာလားခင်ဗျား။’
‘ကျွန်တော့်မှာ ကိုယ့်ဘာသာတရားနဲ့ ကိုယ်ရှိပြီးသား’
• ‘တစ်ဆိတ်လောက်သိပါရစေ။ မိတ်ဆွေရဲ့ဘာသာက မှန်ကန်ရာကိုချစ်မြတ်နိုးတဲ့လူသားတွေ မြေကြီးပေါ်မှာ ထာဝစဉ်နေထိုင်သွားကြမယ်ဆိုပြီး သွန်သင်ပါသလား။ . . . အဲဒါဟာ လိုချင်စရာကောင်းတယ်မဟုတ်လား။ . . . အဲဒီအကြောင်း သမ္မာကျမ်းစာထဲမှာကို တွေ့နိုင်ပါတယ်။ (ဆာ. ၃၇:၂၉; မ. ၅:၅; ဗျာ. ၂၁:၄)’
• ‘ဒီကိစ္စမှာ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်ချရမယ်ဆိုတာ ကျွန်တော်သဘောတူပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကိုယ်တော်တိုင် စစ်မှန်စွာဝတ်ပြုတဲ့လူစားမျိုးကိုရှာဖွေနေတယ်ဆိုတာ မိတ်ဆွေသိသလား။ ယောဟန် ၄:၂၃၊ ၂၄ မှာပြောတဲ့ဒီအချက်လေးကို သတိပြုစေချင်ပါတယ်။ ဘုရားသခင်ကို ‘မှန်ကန်စွာ’ (သက) ဝတ်ပြုတယ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်ရှိသလဲ။ . . . ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ်ဆိုတာသိဖို့ ဘုရားသခင် ဘယ်လိုအကူအညီပေးသလဲ။ . . . (ယော. ၁၇:၁၇) အဲဒါဟာကျွန်တော်တို့အတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ သတိထားကြည့်ပါ။ (ယော. ၁၇:၃)’
• ‘မိတ်ဆွေဟာ ဘဝတစ်လျှောက်လုံး ဘာသာရေးကိုင်းရှိုင်းလာတဲ့ပုဂ္ဂိုလ်လား။ . . . တစ်နေ့သောအခါ လူသားတွေဟာ တစ်ဘာသာတည်းစည်းလုံးလာကြမယ်လို့မိတ်ဆွေထင်သလား။ . . . အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်အများကြီးစဉ်းစားမိတယ်။ ဘာကြောင့်လဲဆိုတော့ ဗျာဒိတ် ၅:၁၃ မှာဒီလိုရေးထားလို့ပဲ။ . . . ဒီသရုပ်ဖော်ချက်နဲ့အံဝင်ဂွင်ကျအောင် ကျွန်တော်တို့ဘာလုပ်ဖို့လိုမလဲ။’
• ‘မိတ်ဆွေလို လောကုတ္တရာ (ဝိညာဏ) ရေးရာစိတ်ဝင်စားတဲ့လူတွေနဲ့ တွေ့ချင်တာအတော်ပဲ။ ခုခေတ် လူအများစုကတော့ မိတ်ဆွေလိုမဟုတ်ဘူး။ ဒါနဲ့ မိတ်ဆွေရဲ့သဘော သိပါရစေ။ ဘုရားသခင်ဟာ ဆိုးသွမ်းမှုအားလုံးကိုဖယ်ရှင်းပစ်ပြီး ဒီကမ္ဘာကို ဖြောင့်မတ်ခြင်းမြတ်နိုးတဲ့လူတွေသာ နေရမဲ့နေရာဖြစ်အောင် ဖန်တီးမယ်ဆိုတဲ့ သမ္မာကျမ်းစာရဲ့ကတိတော်ကို ဘယ်လိုမြင်ပါသလဲခင်ဗျာ။ ဒီလိုအနာဂတ်မျိုးကို မိတ်ဆွေမြတ်နိုးပါသလား။’
• ‘ချာ့ချ်လုပ်ငန်းတွေမှာ မိတ်ဆွေတော်တော်တက်တက်ကြွကြွပါဝင်လုပ်ဆောင်သလား။ . . . ဒီတစ်လော ချာ့ချ်ကိုလူအပြည့်တက်သလား။ . . . အသင်းသားအများစုဟာ သူတို့ရဲ့နေ့စဉ်အသက်တာမှာ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျင့်သုံးလိုတဲ့ဆန္ဒတကယ်ရှိတာတွေ့ရသလား။ (သို့မဟုတ်၊ ဒီနေ့ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ပြဿနာတွေရဲ့ ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အသင်းသားတွေဟာ သဘောတညီတညွတ်တည်းရှိကြရဲ့လား။) တစ်ဦးချင်းအိမ်ထဲမှာ ကျမ်းစာသင်ကြားပို့ချတဲ့အခါ တော်တော်ထိရောက်တာကို ကျွန်တော်တို့တွေ့ရပါတယ်။’
• ‘မိတ်ဆွေရဲ့ဘာသာကို မိတ်ဆွေကျေနပ်နေမှန်း သိသာပါတယ်။ ဒါပေမဲ့လူအများစုက ကမ္ဘာ့အခြေအနေကို မကျေနပ်ကြဘူး။ မိတ်ဆွေလည်းဒီလိုပဲဖြစ်မယ်ထင်တယ်။ ဟုတ်ပါသလား။ . . . ကမ္ဘာ့အခြေအနေ ဘယ်အဖြစ်မျိုးကိုဦးတည် သွားနေတယ်ထင်သလဲ။’
• ‘မိတ်ဆွေဟာကျမ်းစာဖတ်တဲ့ ဝါသနာရှိသလား။ . . . ကျမ်းစာမှန်မှန်ဖတ်ဖို့ အချိန်ရရဲ့လား။’
• ‘ခုလိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အားလုံး ဘာ ဘာသာပဲကိုးကွယ် ကိုးကွယ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးရဖို့၊ (သို့မဟုတ် ကျွန်တော်တို့ရဲ့သားသမီးများကို မကောင်းတဲ့သြဇာလွှမ်းမိုးမှုကနေ ကာကွယ်ဖို့၊ သို့မဟုတ် အချင်းချင်းမေတ္တာစစ်နဲ့ချစ်ကြတဲ့ အိမ်နီးနားချင်းဖြစ်ဖို့၊ သို့မဟုတ် လူလူချင်း သင့်သင့်မြတ်မြတ်ဆက်ဆံဖို့) အင်မတန်လိုလားကြတယ်ဆိုတာကိုတော့ မိတ်ဆွေသဘောတူမှာပဲ။ ဒါပေမဲ့ လူတိုင်း အကျပ်အတည်းနဲ့ရင်ဆိုင်ရတဲ့အခါ ခုနကပြောသလိုဖြစ်ဖို့ မလွယ်မှန်း တွေ့ရပါတယ်။’
• ‘မိတ်ဆွေ ဘာသာရေးမှာစိတ်ပါတာသိရလို့ ကျွန်တော်ဝမ်းသာပါတယ်။ ဒီနေ့လူအများစုဟာ ဘာသာရေးကို လေးလေးနက်နက် သဘောမထားကြတော့ဘူး။ တချို့က ဘုရားမရှိဘူးလို့တောင်ထင်ကြတယ်။ ဒါပေမဲ့ မိတ်ဆွေရဲ့ဘာသာသွန်သင်ချက်အရ ဘုရားဆိုတာ ဘယ်လိုပုဂ္ဂိုလ်ဖြစ်တယ်လို့ထင်သလဲ။ . . . သမ္မာကျမ်းစာက ဘုရားသခင်ရဲ့ကိုယ်ပိုင်နာမတော်ကို ဖော်ပြထားတယ်ဆိုတာသတိထားကြည့်ပါ။ (ယေ. ၃၃:၂; ထွ. ၆:၃၊ သမ္မာ ၏အောက်ခြေမှတ်ချက်; ဆာ. ၈၃:၁၈၊ သမ္မာ )’
• ‘ယေရှုက သူ့တပည့်တော်တွေကို ဟောပြောဖို့စေလွှတ်လိုက်တဲ့အခါ ကမ္ဘာအရပ်ရပ်ကိုသွားဖို့မှာခဲ့တယ်။ ဒါကြောင့် သူတို့နဲ့ဘာသာမတူတဲ့ လူတွေအများကြီးကို တွေ့ရမယ်ဆိုတာ မျှော်လင့်ပြီးသားပါ။ (တ. ၁:၈) ဒါပေမဲ့ ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်နေတဲ့လူတွေဟာ နားထောင်ကြမယ်ဆိုတာယေရှုသိတယ်။ ကျွန်တော်တို့ခေတ်မှာ ဘာသတင်းကိုအထူးဟောပြောရမယ်ဆိုပြီး ယေရှုပြောခဲ့သလဲ။ (မ. ၂၄:၁၄) ဘုရားသခင့်နိုင်ငံတော်ဟာ ကျွန်တော်တို့အတွက်ဘာအဓိပ္ပာယ်ရှိသလဲ။’
‘ကျွန်တော်တို့ ခရစ်ယာန်ဖြစ်ပြီးသား’
• ‘သိရတာဝမ်းသာပါတယ်။ ဒါဆိုရင် ယေရှုကိုယ်တော်တိုင် ကျွန်တော်တို့လို လူတွေအိမ်ကိုသွားရောက်လည်ပတ်ခဲ့တဲ့အပြင်၊ တပည့်တော်တွေကိုလည်း အဲဒီလိုလုပ်ဖို့တာဝန်ပေးခဲ့တယ်ဆိုတာ မိတ်ဆွေသိမှာပါ။ သူတို့ဟောပြောတဲ့သတင်းခေါင်းစဉ်ကို မိတ်ဆွေအကျွမ်းတဝင်ရှိသလား။ . . . အဲဒါကို ပြောပြဖို့ကျွန်တော်တို့လာခဲ့ခြင်းဖြစ်ပါတယ်။ (လု. ၈:၁; ဒံ. ၂:၄၄၊ ၄၅)’
• ‘ဒါဆို တောင်ပေါ်ဒေသနာမှာ ယေရှုပြောတဲ့စကားတွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မိတ်ဆွေနားလည်မှာသေချာတယ်။ အဲဒီစကားတွေယေရှုမိန့်မြွက်တဲ့အခါ ပွင့်လင်းသလောက် မေတ္တာဓာတ်နဲ့လဲပြည့်ဝခဲ့တယ်။ . . . (မ. ၇:၂၁-၂၃) ဒီတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မေးသင့်တဲ့မေးခွန်းက ကောင်းကင်ခမည်းတော်ရဲ့အလိုတော်ကို ကျွန်တော်ဘယ်လောက်သိသလဲ ဆိုတာပဲ။ (ယော. ၁၇:၃)’
‘ကျွန်တော်မအားဘူး’
• ‘ဒါဆိုကျွန်တော်ခပ်တိုတိုပဲပြောပါ့မယ်။ အရေးကြီးတဲ့အကြောင်းတစ်ခု မိတ်ဆွေကိုပြောပြဖို့ ရောက်လာတာပါ။ (မိမိဆွေးနွေးလိုသည့်အကြောင်းအရာ၏လိုရင်းချက်ကို ဝါကျတစ်ကြောင်းနှစ်ကြောင်းဖြင့် ဖော်ပြပါ။)’
• ‘ကောင်းပါပြီ။ ဒါဆို နောက်တစ်ခါမိတ်ဆွေအဆင်ပြေတော့မှ ကျွန်တော်ပြန်လာမယ်။ ဒါပေမဲ့ကျွန်တော်မသွားခင် တကယ့်ကိုလေးလေးနက်နက် စဉ်းစားဖို့ကောင်းတဲ့ ကျမ်းချက်လေးတစ်ချက် ဖတ်ပြပါရစေ။’
• ‘ကျွန်မ (ကျွန်တော်) နားလည်ပါတယ်။ ကျွန်မ (ကျွန်တော်) လည်း မိခင် (သို့မဟုတ် အလုပ်အကိုင်တစ်ဖက်နှင့်သူ၊ သို့မဟုတ် ကျောင်းသား) တစ်ယောက်မို့ လက်မလည်အောင်အလုပ်များတယ်။ ဒါကြောင့် ခပ်တိုတိုပဲပြောပါ့မယ်။ ကျွန်မတို့အားလုံးဟာ အရေးပေါ်အခြေအနေတစ်ခုနဲ့ရင်ဆိုင်နေကြရတယ်။ သမ္မာကျမ်းစာက လက်ရှိဆိုးသွမ်းတဲ့စနစ်ကို ဘုရားသခင်ဖျက်ဆီးဖို့အချိန်သိပ်နီးနေပြီဆိုပြီးပြောတယ်။ ဒါပေမဲ့ ကပ်ကျော်မဲ့လူတွေရှိလိမ့်မယ်။ အရေးကြီးတဲ့မေးခွန်းက ကပ်ကျော်နိုင်ဖို့ ကျွန်မတို့ဘာလုပ်ကြရမလဲဆိုတာပဲ။ အဲဒီမေးခွန်းကို သမ္မာကျမ်းစာက ဖြေဆိုထားတယ်။ (ဇေ. ၂:၂၊ ၃)’
• ‘ဒီအတွက်ကြောင့်ပေါ့၊ ကျွန်တော်လာခဲ့ရတာ။ ကျွန်တော်တို့အားလုံးဟာ အလုပ်များကြတယ်။ ဘယ်လောက်အလုပ်များသလဲဆိုရင် တစ်ခါတလေ ဘဝမှာအရေးကြီးတဲ့ကိစ္စတွေကို လျစ်လျူရှုမိတဲ့အထိပဲ။ ဟုတ်တယ်မဟုတ်လားခင်ဗျာ။ . . . ကျွန်တော်ခပ်တိုတိုပဲပြောပါ့မယ်။ ဒီကျမ်းချက်လေးတစ်ချက်ကို မိတ်ဆွေစိတ်ဝင်စားမယ်သေချာတယ်။ (လု. ၁၇:၂၆၊ ၂၇) ကျွန်တော်တို့တစ်ယောက်မှ ဒီအဖြစ်ဆိုးနဲ့မတိုးချင်ပါဘူး။ ဒါကြောင့် အလုပ်များတဲ့ကြားထဲက သမ္မာကျမ်းစာပြောတာကို စဉ်းစားဆင်ခြင်ဖို့ အချိန်ယူဖို့လိုပါတယ်။ (စာပေဝေငှပါ။)’
• ‘ဒီလိုဆို မိတ်ဆွေရဲ့အိမ်နီးနားချင်းတွေကို အရင်လည်ပတ်လိုက်ဦးမယ်။ နာရီဝက်လောက်ကြာမှ ပြန်လာရင်အဆင်ပြေမလား။’
• ‘ဒါဆိုမိတ်ဆွေကို အနှောင့်အယှက်မပေးတော့ပါဘူး။ နောက်တစ်နေ့ပြန်လာရင်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မသွားခင် မိတ်ဆွေကို ဒီအထူးစာစောင်လေးတွေ ဝေငှပေးသွားချင်တယ်။ (ဆိုင်ရာလအတွက်ဝေငှရန် စာစောင်ကိုထုတ်ပြလျက်) ဒီစာစောင်ထဲမှာ လေ့လာမှုအစီအစဉ်တစ်ရပ်ပါပါတယ်။ ဒီအစီအစဉ်အားဖြင့် (မေးခွန်းတစ်ခုနှစ်ခုခန့်သာ တင်ပြလျက်) စတဲ့မေးခွန်းတွေနဲ့ပတ်သက်တဲ့ ကျမ်းစာဖြေကြားချက်ကိုသိနိုင်တယ်။’
‘ကျွန်တော်မအားဘူး’
• ‘မိတ်ဆွေအဆင်မပြေတဲ့အချိန်နဲ့လာကြုံရလို့ဝမ်းနည်းပါတယ်။ ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ယောက်ဆိုတာ မိတ်ဆွေသိရင်သိမယ်။ သမ္မာကျမ်းစာထဲကအရေးကြီးတဲ့အကြောင်းတစ်ခု မိတ်ဆွေကိုပြောပြချင်တယ်။ ဒါပေမဲ့မိတ်ဆွေအခုနားထောင်ဖို့အချိန်မရတော့ကာ၊ မိတ်ဆွေအတွက် နောက်ဆုံးထုတ်မဂ္ဂဇင်းကိုထားရစ်ခဲ့မယ်။ . . . (အကြောင်းအရာကိုဖော်ပြလျက်) ဆိုတဲ့အကြောင်းကိုဆွေးနွေးတင်ပြထားပါတယ်။ အချိန်ရတဲ့အခါ ဖတ်နိုင်ပါတယ်။ အလှူငွေ . . . သာကောက်ခံပါတယ်။’
• ‘ကျွန်တော်နားလည်ပါတယ်။ လုပ်စရာများသလောက် အချိန်ကမလောက်သလိုပဲ။ ဒါပေမဲ့ တကယ်လို့ မိတ်ဆွေသာ ထာဝစဉ်အသက်ရှင်နိုင်မယ်ဆိုရင် ခုဘဝမျိုးနဲ့ ဘယ်လောက်ကွာခြားမလဲဆိုတာ မိတ်ဆွေစဉ်းစားကြည့်ဖူးသလား။ ခုလိုပြောတာ မိတ်ဆွေအတွက်အထူးအဆန်းဖြစ်မှာပဲ။ ဒါပေမဲ့ ဒါကိုဘာကြောင့်ယုံနိုင်သလဲ ဆိုတာကိုရှင်းပြတဲ့ ကျမ်းချက်တစ်ချက် ဖတ်ပြချင်တယ်။ (ယော.၁၇:၃) ဒါကြောင့် ကျွန်တော်တို့လုပ်ဖို့လိုတာက ဘုရားသခင်နဲ့ သူ့သားတော်တို့ကိုသိကျွမ်းခြင်းအသိပညာကို ရယူရမယ်။ အဲဒါကြောင့် ဒီစာပေကိုကျွန်တော်တို့လာဝေတာ။’
‘ခင်ဗျားတို့ ဘာကြောင့် ခဏခဏလာရတာလဲ’
• ‘သမ္မာကျမ်းစာပြောတဲ့ နောက်ဆုံးကာလပိုင်းကို ကျွန်တော်တို့ရောက်နေပြီဆိုတာကို ယုံကြည်ကြလို့ပါပဲ။ လက်ရှိအခြေအနေ ဘယ်လိုဇာတ်သိမ်းလိမ့်မယ်ဆိုတာကို စဉ်းစားကြည့်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ယူဆတယ်။ (မကြာခင်ကဖြစ်ပျက်ခဲ့သောအကြောင်း သို့မဟုတ် မျက်မှောက်အခြေအနေတစ်ခုနှစ်ခုတင်ပြပါ။) အရေးကြီးတဲ့မေးခွန်းက ဒီအစီအစဉ်စနစ်ရဲ့အဆုံးကို ကျွန်တော်တို့ကပ်ကျော်ဖို့ဘာလုပ်ရမလဲ ဆိုတာပဲ။’
• ‘ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေကိုချစ်လို့ လာတာပါ။ ကျွန်တော်တို့အားလုံး ဒီလိုပဲချစ်ခင်သင့်တယ်မဟုတ်လား။’
‘ခင်ဗျားတို့အလုပ်ကို ကျုပ်ကောင်းကောင်းသိပြီးသား’
• ‘အဲဒီလိုကြားရတာ ကျွန်တော်သိပ်ဝမ်းသာပါတယ်။ မိတ်ဆွေရဲ့ ဆွေမျိုးရင်းချာမိတ်သင်္ဂဟတစ်ယောက်ယောက်ဟာ သက်သေခံလား။ . . . ကျွန်တော်မေးပါရစေ။ ကျွန်တော်တို့ဟာ “နောက်ဆုံးကာလ” မှာအသက်ရှင်နေကြပြီး မကြာခင်ဘုရားသခင်ဟာ လူဆိုးလူမိုက်တွေကိုသုတ်သင်ရှင်းလင်းတော့မယ်၊ ပြီးနောက် ဒီကမ္ဘာဟာ ပရဒိသု (ဥယျာဉ်) တစ်ခုဖြစ်လာတဲ့အပြင် လူတွေလည်း တစ်ယောက်ကိုတစ်ယောက် အမှန်ချစ်ကြတဲ့အိမ်နီးချင်းတွေဖြစ်ပြီး စုံလင်တဲ့ကျန်းမာမှုနဲ့ ထာဝစဉ်နေထိုင်သွားကြမယ် ဆိုပြီး သမ္မာကျမ်းစာကိုမှီငြမ်းပြီး ကျွန်တော်တို့သွန်သင်တာတွေကို မိတ်ဆွေယုံကြည် သလား။’
‘ကျုပ်တို့မှာ ပိုက်ဆံမရှိဘူး’
• ‘ကျွန်တော်တို့ ရန်ပုံငွေလိုက်ကောက်ခံနေတာမဟုတ်ပါဘူး။ အခမဲ့အိမ်တွင်းကျမ်းစာသင်တန်းကို ပေးဖို့လာတာပါ။ သင်တန်းထဲမှာပါတဲ့အကြောင်းတစ်ခုကတော့ (နောက်ဆုံးထုတ်စာပေမှ အခန်းတစ်ခု၏ခေါင်းစဉ်ကို အသုံးပြုလျက်) ဆိုတာပါပဲ။ ဘယ်လိုသင်တန်းပေးသလဲဆိုတာ အချိန်နည်းနည်းလေးယူပြီး လက်တွေ့ ပြပါရစေ။ တစ်ပြားမှမကုန်စေရပါဘူး။’
• ‘ကျွန်တော်တို့စိတ်ဝင်စားတာက လူတွေပါ။ လူတို့ရဲ့ငွေကိုမဟုတ်ပါဘူး။ (ဆက်၍ဆွေးနွေးပါ။ စာပေတစ်ခုခုကိုပြပြီး ၎င်းသည် သူတို့အားမည်သို့အကျိုးပြုနိုင်ကြောင်း ရှင်းပြပါ။ သူတို့အမှန်စိတ်ဝင်စား၍ဖတ်ရန်ကတိပြုပါက ဝေပေးခဲ့ပါ။ သင့်လျော်ပါက ကျွန်ုပ်တို့၏ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းအတွက် အဘယ်ကငွေကြေးအထောက်အပံ့ရကြောင်းရှင်းပြပါ။)’
တစ်ဦးတစ်ယောက်က ‘ကျွန်တော်ဗုဒ္ဓဘာသာပါ’ ဟု ပြောသောအခါ
• သူ့ယုံကြည်ချက်သည် အခြားဗုဒ္ဓဘာသာဝင်အားလုံးနှင့်တူသည်ဟု သဘောမထိုင်ပါနှင့်။ ဗုဒ္ဓဝါဒသည် ရေရာတိကျမှုမရှိ၊ အနက်ဖွင့်ဆိုပုံလည်း လူတစ်ဦးနှင့်တစ်ဦးကွာခြားသည်။ ဂျပန်ဗုဒ္ဓဘာသာသည် အရှေ့တောင်အာရှဗုဒ္ဓဘာသာနှင့် အလွန်ခြားနားသည်။ လူတစ်ဦးစီလည်း အမြင်ချင်းကွာခြားသည်။ မည်သို့ဆိုစေ ယေဘုယျအားဖြင့် အောက်ပါအချက်များသည် အထောက်အကူဖြစ်စေနိုင်သည်။ (၁) ဗုဒ္ဓဘာသာသည် ပြင်ပမှဘုရားသခင်၊ ပုဂ္ဂိုလ်အဖြစ်တည်ရှိသော ဖန်ဆင်းရှင်ကိုလက်မခံချေ။ ဗုဒ္ဓဘာသာဝင်အများသည် ဗုဒ္ဓ၏ရုပ်ပွားများနှင့် ဓာတ်တော်မွေတော်များကို ကိုးကွယ်ကြသည်။ (၂) ဗုဒ္ဓဘွဲ့ခံ သိဒ္ဓတ္ထဂေါတမကို နောက်လိုက်များတုပထိုက်သည့် ဘာသာရေးစံပြပုဂ္ဂိုလ်မြတ်အဖြစ် ရှုမှတ်လာခဲ့ကြသည်။ ဂေါတမက လူသားကို လူ့ရှုထောင့်မှလေ့လာခြင်းအားဖြင့် သဗ္ဗညုတ (အလုံးစုံကိုသိမြင်သော) ဉာဏ်အလင်းကိုရယူရန်လည်းကောင်း၊ စိတ်ကိုထိန်းချုပ်လျက် လောကီတပ်မက်မှုမှန်သမျှကိုချုပ်ငြိမ်းစေခြင်းဖြင့် ဒုက္ခကိုအမြစ်မကျန် နုတ်ပစ်ရန်လည်းကောင်း တိုက်တွန်းခဲ့သည်။ ဤနည်းအားဖြင့် ဘဝသံသရာမှလွတ်ကင်းပြီး နိဗ္ဗာန် (ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ) သို့ရောက်နိုင်မည်ဖြစ်ကြောင်း ဟောကြားခဲ့သည်။ (၃) (အချို့) ဗုဒ္ဓဘာသာဝင်များက မိမိတို့သည်ဘိုးဘေးများထံမှအသက်ဆက်ခံရရှိသည်ဆိုကာ ဘိုးဘေးများကိုကိုးကွယ်ကြသည်။
ပြောနည်းအကြံပြုချက်– (၁) ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် စကားပြောသောအခါ မိမိသည် ခရစ်ယာန်ဘောင်ထဲမှမဟုတ်ကြောင်း အလေးအနက်ပေါ်လွင်စေပါ။ (၂) ဗုဒ္ဓဘာသာဝင်များသည် “ကျမ်းဂန်ပေမြတ်” များကိုလေးမြတ်တတ်သဖြင့် သမ္မာကျမ်းစာကိုလည်း အများအားဖြင့် လေးစားကြခြင်းဖြစ်သည်။ ဗုဒ္ဓအတွေးအခေါ်အကြောင်းကို အဓိကထားဆွေးနွေးမနေဘဲ သမ္မာကျမ်းစာ၏တိကျခိုင်လုံသောသတင်းကို တင်ပြပါ။ သမ္မာကျမ်းစာသည် လူ့အတွေးအခေါ်မျှသာမဟုတ်၊ လူ့ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်၏ အာဏာပိုင်နှုတ်ကပါဌ်တော်ဖြစ်ကြောင်း ပြောပြပါ။ ကျမ်းဂန်ပေမြတ်တစ်ဆူဖြစ်သောသမ္မာကျမ်းစာမှ စိတ်ဝင်စားဖွယ်အချက်တစ်ချက်ကိုတင်ပြပါရစေဟု ယဉ်ကျေးစွာပြောနိုင်သည်။ (၃) ဗုဒ္ဓဘာသာဝင်အများသည် ငြိမ်းချမ်းရေးနှင့် မိသားစုဘဝကိုစိတ်ဝင်စားကြပြီး စင်ကြယ်သောသီလကိုလည်း ထိန်းသိမ်းလိုကြပေသည်။ ယင်းအချက်များအနက် တစ်ခုခုကိုဆွေးနွေးလျှင် လက်ခံလေ့ရှိသည်။ (၄) သမ္မာကျမ်းစာက လူသားများရင်ဆိုင်နေရသောပြဿနာများကို ဖြောင့်မတ်သောကောင်းကင်အစိုးရကသာ တကယ်ဖြေရှင်းနိုင်သည်ဟု ထောက်ပြကြောင်း၊ ကမ္ဘာ့အနာဂတ်နှင့် မြေကြီးပရဒိသုတွင်ထာဝစဉ်အသက်ရှင်ရမည့် ထူးမြတ်သောမျှော်လင့်ချက်များကိုလည်းဖော်ပြထားကြောင်း တင်ပြပါ။ (၅) သမ္မာကျမ်းစာက အသက်၏မူလအစ၊ ဘဝ၏အဓိပ္ပာယ်၊ သေလွန်သူများ၏အခြေအနေနှင့် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်၊ ဆိုးသွမ်းမှုစိုးမိုးနေရခြင်းအကြောင်းရင်းတို့ကို ရှင်းပြထားကြောင်း ထောက်ပြနိုင်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ရှင်းလင်းပြတ်သားသည့်သစ္စာတရားကို သိမ်မွေ့စွာတင်ပြလျှင် သိုးလိုလူများ၏နှလုံးသားကိုစေ့ဆော်နိုင်ပါသည်။
In Search of a Father (ဖခင်ရှာပုံတော်) (လိပ်) စာအုပ်ငယ်သည် အထူးသဖြင့် စိတ်ထားရိုးသားသော ဗုဒ္ဓဘာသာဝင်များအကျိုးအတွက် ရည်သန်သည်။
တစ်ဦးတစ်ယောက်က ‘ကျွန်တော် ဟိန္ဒူဘာသာပါ’ ဟု ပြောသောအခါ
• ဟိန္ဒူအတွေးအခေါ်သည် အလွန်ရှုပ်ထွေးပြီး သာမန်ယုတ္တိဗေဒမကျကြောင်း သတိပြုရန်လိုသည်။ အောက်ပါအချက်များကို မှတ်သားထားလျှင် အထောက်အကူဖြစ်နိုင်၏– (၁) ဟိန္ဒူအယူအရ၊ ဗြဟ္မဏနတ်ဘုရား၌ ဖန်ဆင်းသူ ဗြဟ္မာ၊ ထိန်းသိမ်းသူ မဟာပိန္နဲ (ဝါ) ဗိဿနိုး၊ ဖျက်ဆီးသူ သိဝ ဟူ၍ပုံသဏ္ဌာန်သုံးမျိုးပါဝင်သည်။ သို့သော် ဟိန္ဒူဘာသာဝင်များသည် ပုဂ္ဂိုလ်အဖြစ်သီးသန့်တည်ရှိသော ဘုရားတစ်ဆူ ဟူသောအယူမျိုးမရှိ။ (၂) သဘာဝရုပ်ဝတ္ထုအားလုံးတွင် ဘယ်တော့မျှမသေနိုင်သည့်ဝိညာဉ် (စိုးလ်) ရှိကြောင်း၊ စိုးလ်သည် အဆုံးမရှိသည့်ဘဝသံသရာအတွင်း လည်ပတ်ရကြောင်း၊ နောင်တမလွန်ဘဝတွင် ဘာအနေနှင့်မွေးလာမည်ကို ကံတရားကအဆုံးအဖြတ်ပေးကြောင်း၊ ကိလေသာဟူသ၍ချုပ်ငြိမ်းမှသာ “အဆုံးမရှိသည့်ဤသံသရာစက်ကွင်း” မှလွတ်ကင်းနိုင်မည်ဖြစ်ကြောင်း၊ လွတ်မြောက်အောင်မြင်ပါက စိုးလ်သည် စကြဝဠာစပစ်ရစ်နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ယုံကြည်ကြသည်။ (၃) အများအားဖြင့် ဟိန္ဒူဘာသာဝင်များသည် အခြားဘာသာများကိုလေးစားကြသည်။ အယူခြင်းမတူသည်တိုင်အောင် ဘာသာအားလုံး တစ်ခုတည်းသောအမှန်တရားကိုသာသွန်သင်ကြကြောင်း ယုံကြည်ကြသည်။
ဟိန္ဒူဘာသာ၏မြားမြောင်ရှုပ်ထွေးသောအဘိဓမ္မာများကို ဖြေရှင်းရန်ကြိုးစားမည့်အစား သမ္မာကျမ်းစာပါ ကျေနပ်ဖွယ်သစ္စာတရားများကိုတင်ပြပါ။ အသက်ဆိုင်ရာယေဟောဝါ၏ပြင်ဆင်မှုသည် လူမျိုးအားလုံးအတွက်ဖြစ်ပြီး ကိုယ်တော့်နှုတ်ကပါဌ်တော်မှသစ္စာတရားများသည် ဖြောင့်မတ်ခြင်းကို ဆာငတ်သောသူများ၏နှလုံးထဲသို့ စိမ့်ဝင်သွားမည်ဖြစ်သည်။ သမ္မာကျမ်းစာသာလျှင် တကယ်အခြေခိုင်သောအနာဂတ်မျှော်လင့်ချက်ကိုပေး၏။ သမ္မာကျမ်းစာသာလျှင် လူသားအားလုံးရင်ဆိုင်ရသောပြဿနာများ၏ တကယ်ကျေနပ်ဖွယ်အဖြေများကိုပေးသည်။ လူတို့အား ထိုအဖြေများကိုကြားနာခွင့်ပေးပါလေ။ စိတ်ဝင်စားဖွယ်ကောင်းသည်ကား ဟိန္ဒူရစ်ဂ်ဗေဒ ဓမ္မသီချင်း ၁၀.၁၂၁ ၏ခေါင်းစဉ်မှာ “မသိသောဘုရားကိုရည်စူးလျက်” ဟူ၍ဖြစ်သည်။ ယင်းကို ရည်ညွှန်းပြောဆိုလျှင် သင့်တော်ကောင်းသင့်တော်ပေမည်။ အာသင်မြို့ရှိ ‘မသိသောဘုရားတစ်ဆူကိုရည်စူး’ သောယဇ်ပလ္လင်အကြောင်းကို တမန်တော်ပေါလုရည်ညွှန်းပြောဆိုခဲ့ သကဲ့သို့ ဖြစ်၏။ (တ. ၁၇:၂၂၊ ၂၃) စိတ်ဝင်စားဖွယ်ကောင်းသည်ကား ဟိန္ဒူဘုရားဗိဿနိုး ဟူသောအမည်သည် ရှေ့ဆုံးစာလုံးမပါလျှင် အစ်ရှ်နူး ဖြစ်ပြီး ခါလဒဲဘာသာစကားအားဖြင့် “လူသားနောဧ” ဟူ၍အဓိပ္ပာယ်ရသည်။ နောဧခေတ် ကမ္ဘာချီရေလွှမ်းမိုးခြင်း၏အဓိပ္ပာယ်ကို သမ္မာကျမ်းစာမှထောက်ပြပါ။ မဆုံးနိုင်သောဘဝသံသရာကို တွေးပူနေသူများအား စာမျက်နှာ ၃၂၀၊ ၃၂၁ ပါ “ဘဝသံသရာ” ခေါင်းစဉ်အောက်ရှိ အကြောင်းအရာဖြင့် ကူညီနိုင်သည်။
The Path of Divine Truth Leading to Liberation (လွတ်ငြိမ်းချမ်းသာရောက် ဘုရားသခင့်သမ္မာတရားလမ်းစဉ်) နှင့် From Kurukshetra to Armageddon—And Your Survival (ကုရုရှတ္တရမှ အာမဂေဒုန်—နှင့် သင့်အသက်ချမ်းသာရရေး) စာအုပ်ငယ်များသည် စိတ်ထားရိုးသားသူ ဟိန္ဒူဘာသာဝင်များအတွက် အကျိုးဖြစ်ထွန်းစေမည့် အကြောင်းအရာများပါဝင်သည်။
တစ်ဦးတစ်ယောက်က ‘ကျွန်တော်ဂျူးပါ’ ဟုပြောသောအခါ
• လူတစ်ဦး မိမိကိုယ်ကိုဂျူးဟုခေါ်ရာ၌ အဘယ်သဘောဖြင့်ခေါ်ကြောင်း ဦးစွာသေချာသိဖို့လိုသည်။ ဂျူးအနည်းငယ်သာ ဘာသာရေးစိတ်ဓာတ်ရှိကြသည်။ ဂျူးဟုဆိုရာ၌ အများအားဖြင့် ဂျူးယဉ်ကျေးမှုကို ရည်ညွှန်းခြင်းသာဖြစ်သည်။
အောက်ပါအချက်များကို မှတ်သားလျှင် အကျိုးရှိ၏– (၁) ဘာသာရေးထက်သန်သောဂျူးများက ဘုရားသခင့်နာမတော်ကိုခေါ်ဝေါ်ခြင်းသည် တားမြစ်အပ်သောအရာဟုယူမှတ်ကြသည်။ (၂) ဂျူးများစွာတို့သည် သမ္မာကျမ်းစာကို ခရစ်ယာန်များ၏စာအုပ်ဟုထင်ကြသော်လည်း “ဟေဗြဲကျမ်းစာ”၊ “ကျမ်းစာစောင်များ” သို့မဟုတ် “တိုရာ” ဟု ရည်ညွှန်းဖော်ပြလျှင် ယင်းပြဿနာနှင့်ကင်းမည်။ (၃) ထုံးတမ်းစဉ်လာသည် ယုံကြည်ခြင်း၏အချက်အချာတစ်ခုဖြစ်ပြီး ယင်းတို့သည် ကျမ်းစာစောင်များနှင့် တန်းတူအခွင့်အာဏာပိုင်သည်ဟု ဘာသာရေးထက်သန်သူဂျူးများက ယူမှတ်ကြသည်။ (၄) ဂျူးတို့သည် ယေရှုခရစ်ဟူသောအမည်ကိုကြားလျှင် ယေရှုနာမဖြင့် ဂျူးများအား ရက်ရက်စက်စက်ညှဉ်းဆဲခဲ့သောခရစ်ယာန်ဘောင်ကို တန်း၍သတိရတတ်ကြသည်။ (၅) ဂျူးများအား ဥပုသ်စောင့်ရန် ဘုရားသခင်ပညတ်ထားကြောင်း၊ ဥပုသ်နေ့တွင် ငွေကြေးကိုင်တွယ်သုံးစွဲခြင်းကို ရှောင်ရန်လည်းပါဝင်ကြောင်း သူတို့ယုံကြည်ကြသည်။
နှစ်ဦးသဘောတူညီချက်ရနိုင်ရန် ဤသို့ပြောနိုင်သည်– (၁) ‘ကျွန်တော်တို့နောက်ခံချင်းမတူပေမဲ့ ခုခေတ်လောကရဲ့ ပြဿနာအတော်များများနဲ့ရင်ဆိုင်ကြရတာချင်းတူတယ် ဆိုတဲ့အချက်ကိုတော့ မိတ်ဆွေသဘောတူမှာသေချာတယ်။ ခုလူမျိုးဆက်ရင်ဆိုင်နေရတဲ့ မဟာပြဿနာတွေကို အပြီးအပိုင်ဖြေရှင်းနိုင်တဲ့နည်း တကယ်ရှိတယ်လို့ မိတ်ဆွေယုံကြည်သလား။’ (ဆာ. ၃၇:၁၀၊ ၁၁၊ ၂၉; ဆာ. ၁၄၆:၃-၅; ဒံ. ၂:၄၄၊ ၄၅)’ (၂) ‘ကျွန်တော်တို့ဟာ ခရစ်ယာန်ဘောင်ထဲကမဟုတ်ဘူး။ သုံးပါးပေါင်းတစ်ဆူလည်းမယုံဘူး။ အာဗြဟံကိုးကွယ်တဲ့ဘုရားကိုပဲ ကိုးကွယ်ကြတယ်။ ဘာသာရေးနဲ့ဆိုင်တဲ့အမှန်တရားကို ကျွန်တော်တို့အထူးသဖြင့်စိတ်ဝင်စားကြတယ်။ စိတ်မရှိရင်မေးပါရစေ။ အမှန်တရားကိုမိတ်ဆွေဘယ်လိုသတ်မှတ်ပါသလဲ။ အထူးသဖြင့် ဂျူးလူမျိုးတွေကြားထဲမှာ ယုံကြည်ချက်အကြီးအကျယ်ကွဲပြားနေတာကိုထောက်ပြီး ခုလိုမေးရခြင်းဖြစ်ပါတယ်။ . . . (တရား. ၄:၂; ဟေရှာ. ၂၉:၁၃၊ ၁၄; ဆာ. ၁၁၉:၁၆၀)’ (၃) ‘သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအားလုံးကောင်းချီးခံစားရမယ်ဆိုတဲ့ အာဗြဟံကိုဘုရားသခင်ပေးတဲ့ ကတိတော်အကြောင်း ကျွန်တော်တို့အထူးစိတ်ဝင်စားကြတယ်။ (က. ၂၂:၁၈)’
ဘုရားသခင်ကိုမယုံဟုဆိုလျှင် အရင်ကတည်းကလား ဟုမေးပါ။ ထို့နောက် ဆိုးသွမ်းမှုနှင့်ဒုက္ခဆင်းရဲခြင်းကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုလာခဲ့ရကြောင်း ဆွေးနွေးနိုင်သည်။ ဂျူးများစွာတို့သည် နာဇီလက်ချက်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့်အဖြစ်ဆိုးကိုပြန်လည်သတိရသဖြင့် အထက်ပါအကြောင်းကို သိလိုဇောရှိခဲ့သည်။
ဘုရားသခင့်နာမတော်ကို အသုံးပြုရန်အရေးကြီးကြောင်း ဆွေးနွေးလျှင် ယင်းအချက်ကို တစ်ဖက်သားမည်သို့ယူဆကြောင်း ဦးစွာစုံစမ်းပါ။ ထွက်မြောက်ရာ ၂၀:၇ က ဘုရားသခင့်နာမတော်ကို အချည်းနှီးမသုံးရဟုတားမြစ်သော်လည်း ရိုသေလေးစားစွာအသုံးပြုခြင်းကို မတားမြစ်ကြောင်း ထောက်ပြပါ။ ထို့နောက် ထွက်မြောက်ရာ ၃:၁၅ (သို့မဟုတ် ဆာလံ ၁၃၅:၁၃) ကိုသုံး၍ဆင်ခြင်ဆွေးနွေးပါ။ ၃ ဓမ္မရာဇဝင် ၈:၄၁-၄၃; ဟေရှာယ ၁၂:၄; ယေရမိ ၁၀:၂၅; မာလခိ ၃:၁၆။
မေရှိယအကြောင်းဆွေးနွေးသောအခါ– (၁) မည်သူမည်ဝါဖြစ်ကြောင်းမပြောဘဲ ကိုယ်တော့်အုပ်ချုပ်မှုအောက်ခံစားရမည့်အနာဂတ်ကောင်းချီးများအကြောင်းကို ဦးဆုံးပြောပါ။ (၂) ထို့နောက် မေရှိသည် တကယ့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ထောက်ပြသောကျမ်းချက်များကိုသုံး၍ ကျိုးကြောင်းဆင်ခြင်ပါ။ (က. ၂၂:၁၇၊ ၁၈; ဇာ. ၉:၉၊ ၁၀; ဒံ. ၇:၁၃၊ ၁၄) (၃) မေရှိကြွလာခြင်း နှစ်မျိုး ကို ဆွေးနွေးရန်လိုကောင်းလိုမည်။ (ဒံယေလ ၇:၁၃၊ ၁၄ နှင့် ဒံယေလ ၉:၂၄-၂၆ တို့၏ကွဲပြားမှုကိုယှဉ်ပြပါ။) (၄) ယေရှုအကြောင်းပြောသောအခါ ဘုရားသခင့်ရည်ရွယ်ချက် တစစပြည့်စုံလာသည့်အကြောင်းကို ပေါ်လွင်စေသော ရှေ့နောက်စကားများကြားတွင် ထည့်သွင်းပြောဆိုပါ။ ယေရှုသွန်သင်ဟောကြားသောကာလ၌ ဒုတိယဗိမာန်တော်ကို ဘုရားသခင်ဖျက်ဆီးခွင့်ပေးရန် အချိန်နီးပြီဖြစ်ကြောင်း၊ ဘယ်တော့မျှ ပြန်လည်တည်ဆောက်တော့မည်လည်းမဟုတ်ကြောင်း ဖော်ပြပါ။ သို့ရာတွင် ယေရှုသည် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏ ပြည့်စုံခြင်း အကြောင်းကိုလည်းကောင်း၊ ယင်းတို့သည် ယုံကြည်ခြင်းရှိသူများအား တောက်ပထည်ဝါသည့် အနာဂတ်သို့လမ်းညွှန်ကြောင်းကိုလည်းကောင်း အထူးဟောကြားခဲ့သည်။