ပရောဖက်ပြုချက်
အဓိပ္ပာယ်သတ်မှတ်ချက်– မှုတ်သွင်းခံသတင်းစကား။ ဘုရားသခင့်အလိုတော်နှင့်ရည်ရွယ်ချက်ဆိုင်ရာ ဗျာဒိတ်တော်။ လာလတ္တံ့သောအရာကိုကြိုပြောခြင်း၊ မှုတ်သွင်းခံသီလဆိုင်ရာသြဝါဒ၊ သို့မဟုတ် ဘုရားသခင့်အမိန့်တော်၊ သို့မဟုတ် စီရင်ချက် ဖြစ်နိုင်သည်။
ကျမ်းစာပါအဘယ်အနာဂတ်ဟောချက်များ ပြည့်စုံခဲ့ပြီနည်း
ဥပမာအချို့အနေနှင့် အဓိကခေါင်းစဉ်များဖြစ်သော “သမ္မာကျမ်းစာ၊” “နောက်ဆုံးကာလ၊” “သက္ကရာဇ်နေ့စွဲများ” ကိုလည်းကောင်း “ကျမ်းစာရှိသမျှ ဘုရားသခင်မှုတ်သွင်းရာဖြစ်ပြီး အကျိုးရှိ ” (လိပ်) စာမျက်နှာ ၃၄၃-၃၄၆ ကိုလည်းရှု။
ပြည့်စုံရန်ရှိသော ထင်ရှားသည့်ပရောဖက်ပြုချက်အချို့ကား အဘယ်နည်း
၁ သက်. ၅:၃– “ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏ဟု ဆိုစဉ်တွင် ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့ သူတို့အပေါ်၌ လျင်မြန်စွာသောပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိရကြ။”
ဗျာ. ၁၇:၁၆၊ ၁၇– “ယခုမြင်သောချိုဆယ်ချောင်းနှင့်သားရဲသည် ပြည့်တန်ဆာ [ဗာဗုလုန်မြို့ကြီး] ကိုမုန်း၍ သူ၏စည်းစိမ်ကိုဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကိုကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။”
ယေဇ. ၃၈:၁၄-၁၉– “အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဂေါဂအားဆင့်ဆိုရမည်မှာ၊ ငါ၏လူ [ဝိညာဏ] ဣသရေလအမျိုးသားတို့သည် ငြိမ်ဝပ်စွာနေသောအခါ သင်သည်သိ၍ မြင်းစီးသောသူအလုံးအရင်းအပေါင်း၊ အားကြီးသောစစ်သူရဲအပေါင်းတို့နှင့်တကွ မြောက်မျက်နှာမှချီလာမည်။” “ထိုကာလတွင် ဂေါဂသည် ဣသရေလပြည်ကိုတိုက်လာသောကာလအခါ ငါသည် ဒေါသအရှိန်ထ၍ အမျက်ထွက်လိမ့်မည်။ . . . ငါ၏ဒေါသမီးလောင်လျက် ငါပြောပြီ။”
ဒံ. ၂:၄၄၊ ၄၅– “[ဘုရားသခင်ထူထောင်သော] နိုင်ငံတော်သည် . . . အထက်ဆိုခဲ့ပြီးသော [လူ့] နိုင်ငံရှိသမျှတို့ကိုချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”
ယေဇ. ၃၈:၂၃– “ထိုသို့ငါသည် ကိုယ်ကိုချီးမြှောက်၍ ရိုသေဖွယ်သောဂုဏ်လက္ခဏာကိုပြလျက် များစွာသောလူမျိုးတို့ရှေ့မှာထင်ရှားသောအခါ ငါသည် [“ယေဟောဝါ၊ ”ကဘ] ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။”
ဗျာ. ၂၀:၁-၃– “တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်ကဆင်းသက်သည်ကိုငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသောနဂါးကိုကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကိုမလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှ တစ်ဖန် ခဏလွှတ်ရဦးမည်။”
ယော. ၅:၂၈၊ ၂၉– “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။”
ဗျာ. ၂၁:၃၊ ၄– “ကောင်းကင်မှကြီးသောအသံကား၊ ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”
၁ ကော. ၁၅:၂၄-၂၈– “ထိုအခါ ခရစ်တော်သည် . . . မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူပြီးမှ ကမ္ဘာကုန်ရလတ္တံ့။ . . . ခပ်သိမ်းသောအရာတို့သည် လူသားအောက်၌ ချထားလျက်ရှိသောအခါ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသောသူ၏အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံဖြစ်တော်မူမည်အကြောင်းတည်း။”
ခရစ်ယာန်များအနေနှင့် ကျမ်းစာအနာဂတ်ဟောချက်များကို အဘယ်ကြောင့် အလေးအနက် စိတ်ဝင်စားသင့်သနည်း
မ. ၂၄:၄၂– “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။”
၂ ပေ. ၁:၁၉-၂၁၊ သမ္မာ– “[ယေရှုသဏ္ဌာန်တော်ပြောင်းစဉ်ကအဖြစ်အပျက်ကြောင့်] ပရောဖက်တို့၏စကားတော်သည် ငါတို့အဖို့ သာ၍မြဲမြံ၏။ . . . ထိုစကားတော်ကို . . . ဂရုပြုသင့်ကြ၏။ . . . အကြောင်းမူကား၊ ပရောဖက်စကားသည် လူ့အလိုအားဖြင့် ရောက်လာဖူးသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းတော်မူခြင်းကိုခံရ၍ လူတို့သည် ဘုရားသခင့်အထံတော်မှတစ်ဆင့် ဟောပြောကြ၏။”
သု. ၄:၁၈– “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။”
မ. ၄:၄– “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။” (ယင်းတွင် ထူးမြတ်သောပရောဖက်ပြုကတိတော်များပါဝင်သည်။)
၂ တိ. ၃:၁၆– “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ . . . ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။” (သို့ဖြစ်၍ ရေးသားရာနှုတ်ကပါဌ်တော် တစ်ခုလုံး ကို ကျွန်ုပ်တို့ အလေးအနက်လေ့လာဆည်းပူးအပ်သည်။)
တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—
‘ခင်ဗျားတို့က ပရောဖက်ပြုချက်ကို ရေးကြီးခွင့်ကျယ်လုပ်လွန်းတယ်။ တကယ်ဆိုရင် ခရစ်တော်ကို ကယ်တင်ရှင်အနေနဲ့လက်ခံပြီး ခရစ်ယာန်ကောင်း ပီပီသသနေထိုင်ရင်ပြီးတဲ့ကိစ္စ။
ဤသို့ပြန်ပြောနိုင်သည်– ‘ယေရှုခရစ်ပါဝင်တဲ့အခန်းကဏ္ဍကို ကျွန်တော်တို့ လေးမြတ်ဖို့ အင်မတန်အရေးကြီးတာအမှန်ပါ။ ဒါပေမဲ့ ပထမရာစုခေတ်ကဂျူးတွေ ယေရှုကိုလက်မခံတဲ့အကြောင်းရင်းတစ်ခုဟာ ပရောဖက်ပြုချက်ကို သူတို့အရေးပေးသင့်သလောက် မပေးလို့ဘဲဆိုတာ မိတ်ဆွေသိပါသလားခင်ဗျာ။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘မေရှိယ (ခရစ်တော်) ဘယ်အချိန်မှာ ပေါ်ထွန်းလာမယ်၊ ဘာလုပ်မယ်ဆိုတာကို ဟေဗြဲကျမ်းစာပရောဖက်ပြုချက်တွေက ကြိုပြောထားတယ်။ ဒါပေမဲ့ ဂျူးအများထုက ပရောဖက်ပြုချက်ဘာပြောတယ်ဆိုတာကို အလေးမထားဘဲနေကြတယ်။ မေရှိယဘာလုပ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကိုယ့်အယူအဆနဲ့ကိုယ်ဖြစ်နေကြတယ်။ ဒါကြောင့်လဲ၊ ဘုရားသခင့်သားတော်ကို သူတို့ငြင်းပယ်ခဲ့ကြတယ်။ (စာမျက်နှာ ၂၃၆ ပါ “ယေရှုခရစ်” အကြောင်းကိုရှု။)’ (၂) ‘ခု ကျွန်တော်တို့အသက်ရှင်နေတဲ့ခေတ်မှာ ခရစ်တော်ဟာ ကောင်းကင်ဘုရင်အနေနဲ့စတင်အုပ်ချုပ်ပြီး လူမျိုးအားလုံးကိုခွဲခြားနေပါတယ်။ တချို့လူတွေ အသက်ရပြီး တချို့ကျတော့ ဖျက်ဆီးခံရပါလိမ့်မယ်။ (မ. ၂၅:၃၁-၃၃၊ ၄၆) ဒါပေမဲ့ လူအများထုဟာ ဒါကိုအရေးမထားဘဲ၊ တခြားကိစ္စပေါ်အာရုံပြုနေကြပါတယ်။’
သို့မဟုတ် ဤသို့ပြောနိုင်သည်– ‘ခရစ်ယာန်ကောင်းပီသဖို့အရေးကြီးတယ်ဆိုတဲ့အချက်ကို ကျွန်တော်သဘောတူတယ်။ ဒါပေမဲ့ တကယ်လို့ ကျွန်တော်ဟာ ယေရှုရဲ့သြဝါဒတချို့ကိုလိုက်နာပေမဲ့ ဘဝမှာရှေးဦးထားပါဆိုပြီးယေရှုမှာကြားတဲ့ကိစ္စတွေကိုကျတော့ အရေးမစိုက်ဘဲနေမယ်ဆိုလို့ရှိရင် ခရစ်ယာန်ကောင်းပီသပါ့မလား။ . . . မဿဲ ၆:၃၃ မှာ သူဘယ်လိုမိန့်မှာသလဲဆိုတာကို တစ်ဆိတ်လောက်ကြည့်ပါ။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– ‘ဒီနိုင်ငံတော်အတွက်ဆုတောင်းဖို့မက၊ ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံတဲ့ယုံကြည်ခြင်းပေါ်မူတည်ပြီး အပြစ်လွတ်ခြင်းအတွက် တောင်းလျှောက်တာထက်တောင်မှ နိုင်ငံတော်ကိုရှေးဦးထားရမယ်လို့ ယေရှုသြဝါဒပေးခဲ့တယ်မဟုတ်လား။ (မ. ၆:၉-၁၂)’