ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • od အခန်း ၁ စာ. ၆-၁၁
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ့ အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်း
  • ရှေ့ကို တိုးတက်နေတဲ့ ယေဟောဝါရဲ့ အဖွဲ့အစည်း
  • ‘သာ၍အရေးကြီးသောအရာများကို သေချာစွာသိပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဘုရားသခင့်အဖွဲ့အစည်းအဝင်အဖြစ် လုံခြုံစွာနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယေဟောဝါ၏ကောင်းကင်ရထားတော် ရွေ့လျားနေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါ၏ကောင်းကင်ရထားနှင့်အတူ အမီလိုက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
od အခန်း ၁ စာ. ၆-၁၁

အခန်း ၁

ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း

ကမ္ဘာတစ်ဝန်းမှာ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်း အများကြီး ရှိတယ်။ အားလုံးမှာ မတူညီတဲ့ စရိုက်လက္ခဏာ၊ ရည်ရွယ်ချက်၊ အမြင်၊ သဘောထားတွေ ရှိကြတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့အစည်းအားလုံးနဲ့ သိသိသာသာ ကွဲပြားခြားနားတဲ့ အဖွဲ့အစည်းတစ်ခု ရှိတယ်။ အဲဒီအဖွဲ့အစည်းကတော့ ယေဟောဝါသက်သေတွေ ဖြစ်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။

၂ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ သင် ပေါင်းသင်းနေတာ ဝမ်းသာစရာပါပဲ။ ဘုရားသခင့် အလိုတော်ကို သိလာပြီး အဲဒီအတိုင်း သင် အခု လုပ်ဆောင်နေတယ်။ (ဆာ. ၁၄၃:၁၀။ ရော. ၁၂:၂) တက်ကြွတဲ့ အမှုဆောင်တစ်ယောက် ဖြစ်ပြီး မေတ္တာပြည့်ဝတဲ့ ကမ္ဘာချီညီအစ်ကို အသင်းအပင်းနဲ့အတူ အမှုဆောင်နေတယ်။ (၂ ကော. ၆:၄။ ၁ ပေ. ၂:၁၇။ ၅:၉) အဲဒီအတွက် ကျမ်းစာမှာ ကတိပေးထားတဲ့အတိုင်း ကြွယ်ဝတဲ့ ကောင်းချီးနဲ့ ပျော်ရွှင်မှု ခံစားနေရတယ်။ (ပညာ. ၁၀:၂၂။ မာ. ၁၀:၃၀) အခုအချိန်မှာ ယေဟောဝါရဲ့ အလိုတော်ကို သစ္စာရှိရှိ ထမ်းဆောင်ခြင်းဟာ လှပတဲ့ ထာဝရ အနာဂတ်အတွက် အသင့်ပြင်နေတာ ဖြစ်တယ်။—၁ တိ. ၆:၁၈၊ ၁၉။ ၁ ယော. ၂:၁၇။

၃ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်၊ အရာအားလုံးရဲ့ ဦးစီးခေါင်းဆောင် ယေဟောဝါမှာ မိမိကိုယ်တိုင် အုပ်ချုပ်တဲ့၊ ထူးခြားတဲ့ ကမ္ဘာချီအဖွဲ့အစည်း ရှိတယ်။ ယေဟောဝါကို ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်စိတ်ချတယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ တရားသူကြီး၊ ပညတ်ပြဋ္ဌာန်းရှင်နဲ့ ဘုရင် ဖြစ်တယ်။ (ဟေရှာ. ၃၃:၂၂) စည်းစနစ်ကျတဲ့ ဘုရား ဖြစ်တဲ့အတွက် ရည်ရွယ်ချက် ပြီးမြောက်အောင် “ဘုရားသခင့် လုပ်ဖော်ဆောင်ဖက်တွေအနေနဲ့” လုပ်ဆောင်ရာမှာ ကျွန်တော်တို့အတွက် အစီအစဉ်တွေ ပြုလုပ်ပေးထားတယ်။—၂ ကော. ၆:၁၊ ၂။

၄ ဒီလောကစနစ်ရဲ့ အဆုံး နီးလာတာနဲ့အမျှ ကျွန်တော်တို့ဟာ ခန့်အပ်ခံဘုရင် ခရစ်တော်ယေရှုရဲ့ ဦးဆောင်မှုအောက် ရှေ့ကို ချီတက်နေကြတယ်။ (ဟေရှာ. ၅၅:၄။ ဗျာ. ၆:၂။ ၁၁:၁၅) မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း မိမိပြီးမြောက်ခဲ့တာတွေထက် ကြီးမားတာတွေကို နောက်လိုက်တွေ လုပ်ဆောင် ပြီးမြောက်လိမ့်မယ်လို့ ယေရှု ကြိုပြောခဲ့တယ်။ (ယော. ၁၄:၁၂) နောက်လိုက်တွေဟာ အရေအတွက် တိုးများလာတဲ့အပြင် ပိုကြာရှည်တဲ့ အချိန်အတွင်း ကျယ်ပြောတဲ့ နယ်မြေကို ဟောပြောနိုင်မှာမို့လို့ ယေရှု ပြောတဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်။ သူတို့ဟာ နိုင်ငံတော် သတင်းကောင်းကို မြေတစ်ပြင်လုံးမှာ ဟောပြောကြပါလိမ့်မယ်။—မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀။ တ. ၁:၈။

၅ အဲဒီအတိုင်း တကယ် ဖြစ်နေတယ်။ ဒါပေမဲ့ ယေရှု ပြောခဲ့တဲ့အတိုင်း သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းဟာ ယေဟောဝါ သတ်မှတ်ထားချိန်မှာ ပြီးဆုံးပါလိမ့်မယ်။ ကျမ်းစာပရောဖက်ပြုချက်တွေမှာ ဖော်ပြထားတဲ့အတိုင်း ယေဟောဝါရဲ့ ကြောက်မက်ဖွယ်နေ့ကြီး သိပ်နီးနေပါပြီ။—ယောလ ၂:၃၁။ ဇေ. ၁:၁၄-၁၈။ ၂:၂၊ ၃။ ၁ ပေ. ၄:၇။

ကျွန်တော်တို့ဟာ ဘုရားသခင့် တောင်းဆိုချက်တွေကို ပြည့်မီအောင် အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့ဆိုရင် ဘုရားသခင့် အဖွဲ့အစည်းရဲ့ လည်ပတ် လုပ်ဆောင်ပုံတွေကို ကောင်းကောင်း သိရှိဖို့ လိုတယ်

၆ ဒီနောက်ဆုံးအချိန်ပိုင်းမှာ ယေဟောဝါရဲ့ အလိုတော်ကို သိရှိထားတဲ့အတွက် ကျွန်တော်တို့ဟာ ဘုရားတောင်းဆိုချက်တွေကို ပြည့်မီအောင် အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့ဆိုရင် ဘုရားသခင့် အဖွဲ့အစည်းရဲ့ လည်ပတ်လုပ်ဆောင်ပုံတွေကို ကောင်းကောင်း သိရှိပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ ဘုရားသခင့် အဖွဲ့အစည်းရဲ့ လည်ပတ်လုပ်ဆောင်မှုဟာ ကျမ်းစာမူတွေအပေါ် အခြေခံတယ်။ အဲဒီမူတွေထဲမှာ ကျမ်းစာမှာ ပါတဲ့ ပညတ်ချက်၊ လမ်းညွှန်ချက်၊ မိန့်မှာချက်၊ သွန်သင်ချက်တွေ ပါဝင်တယ်။—ဆာ. ၁၉:၇-၉။

၇ ယေဟောဝါရဲ့ လူမျိုးဟာ အဲဒီကျမ်းစာအခြေပြု လမ်းညွှန်ချက်တွေကို လိုက်နာတဲ့အတွက် ငြိမ်သက်စည်းလုံးစွာ နေထိုင်လုပ်ဆောင်ကြတယ်။ (ဆာ. ၁၃၃:၁။ ဟေရှာ. ၆၀:၁၇။ ရော. ၁၄:၁၉) ကမ္ဘာတစ်ဝန်းက ညီအစ်ကိုညီအစ်မတွေကြားမှာ ရှိတဲ့ နှောင်ကြိုးကို ဘယ်အရာက ခိုင်မာစေသလဲ။ ချစ်ခြင်းမေတ္တာပါပဲ။ ကျွန်တော်တို့ဟာ မေတ္တာရဲ့ လှုံ့ဆော်မှုခံရပြီး မေတ္တာကို ဝတ်ဆင်ထားကြတယ်။ (ယော. ၁၃:၃၄၊ ၃၅။ ကော. ၃:၁၄) ယေဟောဝါ နှစ်သက်တဲ့ ဒီလမ်းစဉ်မှာ ဘုရားအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းနဲ့ အမီလိုက်နေကြတယ်။

ယေဟောဝါ့ အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်း

၈ ပရောဖက် ဟေရှာယ၊ ယေဇကျေလ၊ ဒံယေလတို့ဟာ ယေဟောဝါ့ အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ အပိုင်းကို စိတ်အာရုံတွေမှာ မြင်တွေ့ခဲ့ကြတယ်။ (ဟေရှာ. အခန်းကြီး ၆။ ယေဇ. အခန်းကြီး ၁။ ဒံ. ၇:၉၊ ၁၀) တမန်တော် ယောဟန်လည်း အဲဒီကောင်းကင် အစီအစဉ်ကို စိတ်အာရုံမှာ မြင်တွေ့ပြီး ဗျာဒိတ်ကျမ်းမှာ အရိပ်အမြွက် ဖော်ပြခဲ့တယ်။ ဘုန်းရှိတဲ့ ပလ္လင်ပေါ်မှာ ယေဟောဝါ ထိုင်နေပြီး ပတ်လည်မှာ ခြံရံထားတဲ့ ကောင်းကင်သတ္တဝါတွေက “အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အစဉ်တည်ရှိတဲ့ အနန္တတန်ခိုးရှင် ယေဟောဝါဘုရားဟာ သန့်ရှင်းတယ်။ သန့်ရှင်းတယ်။ သန့်ရှင်းတယ်” လို့ ကြွေးကြော်နေတာကို ယောဟန် မြင်တယ်။ (ဗျာ. ၄:၈) ‘ရာဇပလ္လင်အလယ်မှာ’ ဘုရားသခင့် “သိုးသငယ်” ယေရှုခရစ် “ရပ်နေ” တာကိုလည်း ယောဟန် မြင်ခဲ့တယ်။—ဗျာ. ၅:၆၊ ၁၃၊ ၁၄။ ယော. ၁:၂၉။

၉ ပလ္လင်ပေါ်မှာ ယေဟောဝါ ထိုင်နေတာကို ဖော်ပြတဲ့ ဒီစိတ်အာရုံက အဖွဲ့အစည်းရဲ့ ဦးခေါင်းဟာ ဘုရားသခင် ဖြစ်မှန်း သိစေတယ်။ ယေဟောဝါနဲ့ ဘုရားရဲ့ကြီးမြတ်တဲ့ အနေအထားအကြောင်း ၁ ရာဇဝင်ချုပ် ၂၉:၁၁၊ ၁၂ မှာ အခုလို ပြောတယ်– “ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ကြီးမြတ်မှု၊ တင့်တယ်မှု၊ ခမ်းနားမှု၊ အစွမ်းသတ္တိ၊ ဘုန်းတန်ခိုးနဲ့ ပြည့်စုံပါတယ်။ ယေဟောဝါဘုရား၊ ကောင်းကင်နဲ့ မြေကြီးပေါ် ရှိသမျှကို ပိုင်တယ်။ မင်းအာဏာတော်ကိုလည်း ပိုင်တယ်။ ကိုယ်တော်ဟာ အရာခပ်သိမ်းရဲ့ အထွတ်အဖြစ် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့အရှင်ပါပဲ။ စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ကျက်သရေဟာ ကိုယ်တော် ပေးသနားတဲ့အရာတွေပါ။ အရာခပ်သိမ်းကို ကိုယ်တော် အုပ်စိုးတယ်။ လက်တော်ဟာ တန်ခိုး၊ အစွမ်းသတ္တိနဲ့ ပြည့်စုံပြီး လူတွေကို ကြီးမြတ်စေနိုင်သလို ခွန်အားလည်း ပေးနိုင်တယ်။”

၁၀ ယေဟောဝါရဲ့ လုပ်ဖော်ဆောင်ဖက်အနေနဲ့ ယေရှုခရစ်ဟာ ကောင်းကင်မှာ မြင့်မြတ်တဲ့ အနေအထား ရရှိထားပြီး အခွင့်အာဏာ အတော်များများ လွှဲအပ်ခံထားရတယ်။ မှန်ပါတယ်။ ဘုရားသခင်ဟာ “အရာခပ်သိမ်းကို ခရစ်တော်ရဲ့ ခြေအောက်မှာ ချထားလိုက်ပြီ။ ခရစ်တော်ကို အသင်းတော်နဲ့ပတ်သက်ပြီး အရာခပ်သိမ်းရဲ့ ဦးခေါင်းလည်း ဖြစ်စေပြီ။” (ဧ. ၁:၂၂) ယေရှုနဲ့ပတ်သက်ပြီး တမန်တော် ပေါလု အခုလိုပြောတယ်– “ဘုရားသခင်က သူ့ကို သာလွန်မြင့်မြတ်တဲ့ အနေအထား ရောက်အောင် ချီးမြှောက်ပြီး ဘွဲ့နာမတကာထက် ကြီးမြတ်တဲ့ ဘွဲ့နာမကို ပေးသနားလိုက်ပြီ။ ဒါကြောင့် ကောင်းကင်မှာ ရှိတဲ့သူတွေ၊ မြေကြီးပေါ်မှာ ရှိတဲ့သူတွေ၊ မြေကြီးအောက်မှာ ရှိတဲ့သူတွေအားလုံးဟာ ယေရှုရဲ့ နာမည်ကို ဒူးထောက်ရလိမ့်မယ်။ လူတိုင်းက ယေရှုခရစ်ဟာ အဖဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေတဲ့ သခင် ဖြစ်မှန်း လူသိရှင်ကြား အသိအမှတ်ပြုရလိမ့်မယ်။” (ဖိ. ၂:၉-၁၁) ဒါကြောင့် ယေရှုခရစ်ရဲ့ ဖြောင့်မတ်တဲ့ ဦးဆောင်မှုကို ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်ပါတယ်။

၁၁ ပရောဖက် ဒံယေလဟာ ကောင်းကင်ပလ္လင်ပေါ် ထိုင်နေတဲ့ အသက်ကြီးသူကို စိတ်အာရုံမှာ မြင်တွေ့ခဲ့တယ်။ “သန်းနဲ့ချီတဲ့သူ [ကောင်းကင်တမန်] တွေ သူ့ဆီမှာ အမှုထမ်းကြတယ်။ သန်းရာချီရှိတဲ့သူတွေ သူ့ရှေ့မှာ ခစားနေကြတယ်။” (ဒံ. ၇:၁၀) အဲဒီကောင်းကင်တမန်တပ်ကို ကျမ်းစာမှာ ‘ဘုရားသခင်အတွက် အမှုဆောင်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေ၊ ကယ်တင်ခြင်းရမယ့်သူတွေကို ကူညီဖို့ စေလွှတ်ခံရသူတွေ’ အဖြစ် ဖော်ပြထားတယ်။ (ဟီ. ၁:၁၄) အဲဒီကောင်းကင်တမန်အားလုံးဟာ ဘုရားသခင့် အဖွဲ့အစည်းမှာ အခွင့်အာဏာရှိတဲ့ အနေအထားအသီးသီး ရရှိထားကြတယ်။—ကော. ၁:၁၆။

၁၂ ယေဟောဝါ့အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ အပိုင်းနဲ့ပတ်သက်တဲ့ အဲဒီအချက်အလက်တွေကို ကျွန်တော်တို့ အချိန်ယူ တွေးတောတဲ့အခါ ဟေရှာယရဲ့ တစ်ချိန်တစ်ခါက ခံစားချက်ကို နားလည်စေတယ်။ “မြင့်မားလှတဲ့ ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ယေဟောဝါ” နဲ့ “ဘုရားရဲ့ ပတ်လည်မှာ သရပ်တွေ ရပ်နေ” တဲ့ စိတ်အာရုံကို ဟေရှာယ မြင်ရပြီးနောက် အခုလိုပြောခဲ့တယ်– “ငါတော့ အဖြစ်ဆိုး ကြုံရတော့မှာပဲ။ သေတော့မှာပဲ။ ညစ်ညူးတဲ့ နှုတ်ခမ်း ရှိရုံမက ညစ်ညူးတဲ့ နှုတ်ခမ်း ရှိသူတွေကြားမှာ နေထိုင်လျက်သားနဲ့ ဗိုလ်ခြေတို့ရဲ့အရှင်၊ ဘုရင်ယေဟောဝါကို မျက်စိနဲ့ တပ်အပ်မြင်လိုက်ရပြီ။” မှန်ပါတယ်။ ယေဟောဝါ့အဖွဲ့အစည်းရဲ့ ကျယ်ပြန့်မှုကို ဟေရှာယ နားလည်လာတဲ့အခါ အံ့သြထိတ်လန့်ပြီး ပိုနှိမ့်ချသွားတယ်။ အဲဒီအတွေ့အကြုံက သူ့အပေါ် အကြီးအကျယ် အကျိုးသက်ရောက်ခဲ့တယ်။ ယေဟောဝါရဲ့ တရားစီရင်ချက်တွေအကြောင်း ကြေညာရမယ့် အထူးလုပ်ငန်းအတွက် ဖိတ်ခေါ်သံကြားတဲ့အခါ “ကျွန်တော် ရှိပါတယ်။ ကျွန်တော့်ကို စေလွှတ်ပါ” လို့ တုံ့ပြန်ခဲ့တယ်။—ဟေရှာ. ၆:၁-၅၊ ၈။

၁၃ ယေဟောဝါရဲ့ လူမျိုးလည်း အဖွဲ့အစည်းအကြောင်း သိရှိပြီး တန်ဖိုးထား လေးမြတ်လာတဲ့အခါ ဟေရှာယလို တုံ့ပြန်ဖို့ လှုံ့ဆော်ခံရတယ်။ ရှေ့ကို တိုးတက်နေတဲ့ အဖွဲ့အစည်းနဲ့အတူ အမီလိုက်ဖို့၊ ဒီနေ့ခေတ် ယေဟောဝါရဲ့ အဖွဲ့အစည်းကို ယုံကြည်စိတ်ချကြောင်း တင်ပြဖို့ ကျွန်တော်တို့ ကြိုးစားနေကြတယ်။

ရှေ့ကို တိုးတက်နေတဲ့ ယေဟောဝါရဲ့ အဖွဲ့အစည်း

၁၄ ယေဇကျေလ အခန်းကြီး ၁ မှာ ယေဟောဝါကို ဧရာမ ကောင်းကင်ရထား မောင်းနှင်သူအဖြစ် သရုပ်ဖော်ထားတယ်။ အရောင်အဝါ တောက်ပနေတဲ့ အဲဒီရထားဟာ ယေဟောဝါ့အဖွဲ့အစည်းရဲ့ မမြင်နိုင်တဲ့ အပိုင်းကို ပုံဆောင်တယ်။ အဖွဲ့အစည်းကို ဘုရားသခင် မေတ္တာပါပါ လမ်းညွှန်နေတာ၊ မိမိရည်ရွယ်ချက်နဲ့အညီ အသုံးပြုနေတာဟာ အဲဒီရထားကို မောင်းနှင်နေတဲ့သဘော ဖြစ်တယ်။—ဆာ. ၁၀၃:၂၀။

၁၅ အဲဒီရထားရဲ့ ဘီးတစ်ဘီးစီထဲမှာ သူနဲ့ အချင်းတူတဲ့ နောက်ဘီးတစ်ဘီး ကန့်လန့်ဖြတ် တည်ရှိတယ်။ အဲဒါကြောင့် ဘီးတွေဟာ “ဘယ်အရပ်မျက်နှာမဆို သွားနိုင်” တယ်။ (ယေဇ. ၁:၁၇) ချက်ချင်း လမ်းကြောင်း ပြောင်းနိုင်တယ်။ ဒါပေမဲ့ ဒီရထားဟာ ထိန်းချုပ်မှု မရှိတာ၊ အသိဉာဏ်ရှိသူရဲ့ ကြီးကြပ်မှု မရှိတာ မဟုတ်ဘူး။ ယေဟောဝါက မိမိအဖွဲ့အစည်းကို သွားချင်တဲ့ဘက် ထင်တိုင်း သွားဖို့ ခွင့်မပြုဘူး။ ‘စွမ်းအားတော် သွားစေချင်တဲ့ နေရာကို သူတို့ သွားကြတယ်’ ဆိုပြီး ယေဇကျေလ ၁:၂၀ မှာ ပြောထားတယ်။ ဒါကြောင့် မိမိသွားလိုရာဘက် သွားဖို့ အဖွဲ့အစည်းကို စွမ်းအားတော်အားဖြင့် လမ်းညွှန်နေသူဟာ ယေဟောဝါပဲ။ “အဲဒီအဖွဲ့အစည်းနဲ့အတူ ငါ အမီလိုက်နေသလား” လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မေးရမယ်။

၁၆ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့အတူ အမီလိုက်နေခြင်းမှာ အစည်းအဝေး တက်ရုံ၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ရုံထက်မက ပါဝင်တယ်။ အဓိကအားဖြင့် အမီလိုက်နေခြင်းဟာ ဘုရားရေးရာဘက် တိုးတက်နေတာနဲ့ သက်ဆိုင်တယ်။ ကျွန်တော်တို့က “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ” ရမယ်။ အချိန်တန် ပြင်ဆင်ပေးတဲ့ ကျမ်းစာဆိုင်ရာ နောက်ဆုံးအချက်အလက်တွေနဲ့အညီ ဖြစ်ရမယ်။ (ဖိ. ၁:၁၀။ ၄:၈၊ ၉။ ယော. ၁၇:၃) ဒီ့အပြင် အဖွဲ့အစည်း ရှိတယ်ဆိုကတည်းက ကောင်းမွန်တဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှု ရှိလို့ ဆိုတာကိုလည်း အမှတ်ရနေရမယ်။ ဒါကြောင့် ယေဟောဝါ အပ်နှင်းထားတဲ့ အလုပ် ပြီးစီးအောင် ကိုယ့်ရဲ့ အချိန်၊ ခွန်အား၊ အစွမ်းအစနဲ့ ဥစ္စာပစ္စည်းတွေကို အကောင်းဆုံး အသုံးပြုဖို့ အရေးကြီးမှန်း သိနားလည်ရမယ်။ ယေဟောဝါရဲ့ ကောင်းကင်ရထားနဲ့ အမီလိုက်နေတဲ့အခါ ကျွန်တော်တို့ရဲ့ အသက်တာဟာ ကိုယ်ဟောပြောတဲ့ သတင်းတရားနဲ့ ကိုက်ညီနေပါတယ်။

၁၇ ယေဟောဝါ့အဖွဲ့အစည်းရဲ့ အကူအညီအားဖြင့် ကျွန်တော်တို့ဟာ ဘုရားသခင့် အလိုတော် ထမ်းဆောင်ရာမှာ ရှေ့ကို တိုးတက်နေကြတယ်။ ဒီကောင်းကင်ရထားကို မောင်းနှင်နေသူဟာ ယေဟောဝါ ဖြစ်မှန်း သတိရပါ။ ဒါကြောင့် ကောင်းကင်ရထားနဲ့ အမီလိုက်နေခြင်းက ယေဟောဝါကို ရိုသေလေးစားမှန်း၊ ကျွန်တော်တို့ရဲ့ ကျောက်ဆောင်အဖြစ် ယုံကြည်အားကိုးမှန်း ဖော်ပြတယ်။ (ဆာ. ၁၈:၃၁) “လူမျိုးတော်ကို ယေဟောဝါ အစွမ်းခွန်အား ပေးလိမ့်မယ်။ ငြိမ်သက်ခြင်းကောင်းချီးကို ယေဟောဝါ ပေးလိမ့်မယ်” လို့ ကျမ်းစာမှာ ကတိပေးထားတယ်။ (ဆာ. ၂၉:၁၁) ဒီနေ့အချိန်မှာ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းအဝင် ဖြစ်တာကြောင့် ဖွဲ့စည်းထားတဲ့ လူမျိုးကို ဘုရား ပေးတဲ့ အစွမ်းခွန်အားနဲ့ ငြိမ်သက်ခြင်း ခံစားနေရတယ်။ မှန်ပါတယ်။ ဒီနေ့ရော နောင်ထာဝစဉ်ပါ ယေဟောဝါရဲ့ အလိုတော်ကို ထမ်းဆောင်ခြင်းအားဖြင့် ကြွယ်ဝတဲ့ ကောင်းချီးတွေ ဆက်ခံစားရမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ