ဖတ်သင့်သည့်စာအုပ်တစ်အုပ်
“ကျမ်းစာကို အလေးအနက်မထားသင့်ဘူး။” ဘွင်းဘွင်းပြောတတ်သော မိန်းမငယ်တစ်ဦးကို တက္ကသိုလ်ပါမောက္ခတစ်ဦးက ဤအတိုင်းပင်ဆိုသည်။
“ကျမ်းစာကို ဖတ်ဖူးလို့လား” ဟု သူမက မေးလိုက်သည်။
အံ့အားသင့်သွားကာ မဖတ်ဖူးကြောင်း အဆိုပါပါမောက္ခ ဝန်ခံလိုက်ရတော့သည်။
“တစ်ခါမှမဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ကို ဘယ်လိုလုပ်ပြီး အခိုင်အမာအကဲဖြတ်နိုင်သလဲ။”
ချက်ကျလှသည်။ သို့နှင့် ကျမ်းစာကိုဖတ်ပြီးမှ မိမိ၏ထင်မြင်ချက်ကို ထုတ်ဖော်မည်ဟု သူဆုံးဖြတ်လေသည်။
၆၆ စောင်ဖြင့် ဖွဲ့စည်းထားသော ကျမ်းစာကို “လူ့သမိုင်းတွင် ဩဇာအလွှမ်းမိုးနိုင်ဆုံးဖြစ်ဖွယ်ရှိသည့် စာအုပ်ပေါင်းချုပ်” အဖြစ်ဖော်ပြထားသည်။၁ မှန်ပါသည်၊ ယင်းသည် ကမ္ဘာ့ အပြောင်မြောက်ဆုံး အနုသုခုမပညာ၊ စာပေနှင့် တေးဂီတအချို့အပေါ် လွှမ်းမိုးခဲ့ပြီ။ ယင်းသည် ဥပဒေပညာရပ်အပေါ် သိသိသာသာ လွှမ်းမိုးခဲ့ပြီ။ ယင်း၏စာဟန်ကြောင့် ချီးမွမ်းခံထားရပြီး ပညာတတ်အများကပင် ယင်းကို အလွန်တန်ဖိုးထားလေးမြတ်ခဲ့ကြပြီ။ လူ့ဘောင်ရှိ လူတန်းစားအလွှာအသီးသီးမှ လူတို့၏နေမှုထိုင်မှုအပေါ် ယင်း၏အကျိုးသက်ရောက်မှုသည် များပြားခဲ့ပြီ။ ယင်းကို ဖတ်ရှုသူအများအား ထူးခြားသည့်အတိုင်းအတာအထိ သစ္စာစောင့်သိရန် စေ့ဆော်ခဲ့လေပြီ။ အချို့ဆိုလျှင် ယင်းကို ဖတ်ရုံဖတ်ဖို့အတွက် အသက်ပင်စွန့်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ကျမ်းစာနှင့်ပတ်သက်ပြီး သံသယဝင်မှုရှိသည်။ ယင်းကို သူတို့ကိုယ်တိုင် တစ်ခါမျှမဖတ်ဖူးသော်လည်း ယင်းနှင့်ပတ်သက်ပြီး တထစ်ချထင်မြင်ယူဆချက်များထားရှိသူများ ရှိပါသည်။ သူတို့သည် ယင်း၏စာပေတန်ဖိုး သို့မဟုတ် သမိုင်းဝင်တန်ဖိုးကို အသိအမှတ်ပြုဖွယ်ရှိသော်လည်း ဤသို့အတွေးဝင်ကြသည်– လွန်လေပြီးသော ထောင်နှင့်ချီသည့်နှစ်များက ရေးသားပြုစုခဲ့သည့် စာအုပ်တစ်အုပ်သည် ဤမျက်မှောက်ကမ္ဘာတွင် မည်သို့အံဝင်နိုင်ပါမည်နည်း။ မိမိတို့သည် “အချက်အလက်ပြည့်စုံရာခေတ်” တွင် အသက်ရှင်နေကြသည်။ လောလောလတ်လတ်ဖြစ်ရပ်များနှင့် နည်းပညာဆိုင်ရာနောက်ဆုံးပေါ် အချက်အလက်များသည် ကျွန်ုပ်တို့၏လက်ဖျားထိပ်တွင်ရှိနေသည်။ မျက်မှောက်ဘဝအသက်တာဆိုင်ရာ ပြဿနာရှိရှိသမျှနီးပါးနှင့်ပတ်သက်သည့် “ကျွမ်းကျင်သော” အကြံဉာဏ်ကို အရန်သင့်ရနိုင်သည်။ ကျမ်းစာတွင် ယနေ့အတွက် လက်တွေ့ကျသည့် အချက်အလက်များ အမှန်ပါနိုင်၏လော။
ဤဘရိုရှာက ထိုကဲ့သို့သောမေးခွန်းတို့ကို ကြိုးစားဖြေဆိုထားသည်။ ဘာသာရေးရှုမြင်ချက်များ သို့မဟုတ် ယုံကြည်ချက်များကို သင့်အား အတင်းအကျပ်ခံယူစေဖို့ ဤဘရိုရှာကို ထုတ်ဝေထားခြင်းမဟုတ်ဘဲ သမိုင်းတွင် ဩဇာလွှမ်းမိုးသည့် စာအုပ်ဖြစ်သည့် ဤကျမ်းစာကို သင်လေ့လာသုံးသပ်ထိုက်ကြောင်းတင်ပြရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ကျမ်းစာသည် အနောက်တိုင်းယဉ်ကျေးမှုနှင့်တစ်သားတည်းဖြစ်သည့်အတွက် “ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ ကျမ်းစာသွန်သင်ချက်များ၊ မှတ်တမ်းများနှင့် အကျွမ်းတဝင်မရှိသူမည်သူမဆိုသည် ယဉ်ကျေးမှုဘက်တွင် အကျွမ်းတဝင်မရှိသူဖြစ်သည်” ဟုပညာပေးပို့ချသူအချို့က အခိုင်အမာယူဆထားကြကြောင်း ၁၉၉၄ ခုနှစ်ထုတ် အစီရင်ခံစာတစ်စောင်က မှတ်သားဖော်ပြခဲ့သည်။၂
ဤတွင် ပုံနှိပ်ထုတ်ဝေဖော်ပြထားရာများကို အသင် ဖတ်ရှုပြီးနောက်—တစ်ဦးတစ်ယောက်သည် ဘာသာရေးသမားဖြစ်ဖြစ်မဖြစ်ဖြစ်—ကျမ်းစာသည် ယုတ်စွအဆုံး ဖတ်သင့်သည့်စာအုပ်တစ်အုပ်ဖြစ်သည်ဟု သဘောတူမည်။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
“အမှန်မှာ ကျွန်ုပ်ဖတ်ခဲ့ရသည့် စာအုပ်တစ်အုပ်ကြောင့် ဉာဏ်အလင်းရခဲ့သည်။ စာအုပ်တစ်အုပ် ဟုတ်စ။ ဟုတ်ပါသည်၊ ပကတိအတိုင်း သဘာဝကျ၍ ရိုးရှင်းပြီး ပကာသနကင်းသော ရှေးကျသည့် စာအုပ်တစ်အုပ်ဖြစ်ပေသည်။ . . . ထိုစာအုပ်၏အမည်မှာ ကျမ်းစာအုပ်ပင်ဖြစ်သည်။”—ဟိုင်းရစ်ခ် ဟိုင်နီ၊ ၁၉ ရာစု ဂျာမန်စာရေးဆရာ။၃