အခွင့်အရေးကို အမိအရဆုပ်ကိုင်မလား
လာမယ့်အောက်မေ့ရာပွဲမှာ ကျေးဇူးတင် လေးမြတ်ကြောင်းဖော်ပြနိုင်
၁။ အောက်မေ့ရာပွဲက ဘယ်အထူးအခွင့်အရေး ရရှိစေမလဲ။
၁ ဧပြီ ၁၄ ရက်နေ့မှာကျင်းပမယ့် အောက်မေ့ရာပွဲက ယေဟောဝါရဲ့ကောင်းမြတ်မှုအတွက် ကျေးဇူးတင်လေးမြတ်တဲ့စိတ် မွေးမြူပြီး ဖော်ပြနိုင်တဲ့ အထူးအခွင့်အရေး ရရှိစေမှာဖြစ်တယ်။ ကျေးဇူးတင်လေးမြတ်တဲ့စိတ်ကို ယေဟောဝါနဲ့ ယေရှု ဘယ်လိုသဘောထားတယ်ဆိုတာ လုကာ ၁၇:၁၁-၁၈ ပါတဲ့မှတ်တမ်းကနေ သိရှိနိုင်တယ်။ ဝမ်းနည်းစရာကောင်းတာက နူနာရောဂါပျောက်သွားတဲ့ ဆယ်ယောက်ထဲက တစ်ယောက်ပဲ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တယ်။ အနာဂတ်မှာတော့ ရွေးနုတ်ဖိုးက ရောဂါအားလုံးကို ပျောက်ကင်းစေပြီး ထာဝရအသက်ရရှိစေမှာဖြစ်တယ်။ အဲဒီကောင်းချီးတွေအတွက် ကျွန်ုပ်တို့ ယေဟောဝါကို နေ့တိုင်း ကျေးဇူးတင်ကြမှာ သေချာပါတယ်။ ဒါပေမဲ့ လာမယ့်အပတ်တွေမှာ ကျွန်ုပ်တို့ရဲ့ ကျေးဇူးတင်လေးမြတ်မှုကို ဘယ်လိုဖော်ပြနိုင်သလဲ။
၂။ ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်လေးမြတ်စိတ်ကို ဘယ်လိုမွေးမြူနိုင်သလဲ။
၂ ကျေးဇူးတင်လေးမြတ်တဲ့စိတ် မွေးမြူပါ– စဉ်းစားတွေးတောတာက ကျေးဇူးတင်လေးမြတ်စိတ်ကို ဖြစ်ပေါ်စေတယ်။ အောက်မေ့ရာပွဲ ကျမ်းစာဖတ်ရှုခြင်း အထူးအစီအစဉ်ဇယားက ရွေးနုတ်ဖိုးအပေါ် ကျေးဇူးတင်လေးမြတ်တဲ့စိတ်ကို မွေးမြူရာမှာ အထောက်အကူပြုတယ်။ အဲဒီကျမ်းချက်တွေရဲ့ဇယားကို ပြက္ခဒိန်နဲ့ ကျမ်းစာကို နေ့စဉ်ဆန်းစစ်ပါစာအုပ်မှာ တွေ့နိုင်ပါတယ်။ အဲဒီအကြောင်းတွေကို မိသားစုလိုက် ဆွေးနွေးသုံးသပ်ပါ။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ရွေးနုတ်ဖိုးအပေါ် ကျွန်ုပ်တို့ရဲ့ ကျေးဇူးတင်လေးမြတ်တဲ့စိတ် တိုးပွားလာမှာဖြစ်တယ်။ ဒါ့အပြင် ကျေးဇူးတင်တယ်ဆိုတာကို လုပ်ရပ်တွေနဲ့ဖော်ပြဖို့ လှုံ့ဆော်ခံရမှာဖြစ်တယ်။—၂ ကော. ၅:၁၄၊ ၁၅; ၁ ယော. ၄:၁၁။
၃။ အောက်မေ့ရာပွဲကာလမှာ ကျေးဇူးတင်လေးမြတ်တဲ့စိတ်ကို ဘယ်လိုဖော်ပြနိုင်သလဲ။
၃ ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြပါ– ကျေးဇူးတင်လေးမြတ်ကြောင်း လုပ်ရပ်နဲ့ သက်သေပြရတယ်။ (ကော. ၃:၁၅) ကျေးဇူးသိတတ်တဲ့ အနူရောဂါသည်က ယေရှုကို လိုက်ရှာပြီး ကျေးဇူးတင်ကြောင်းပြောတယ်။ ဒါ့အပြင် သူ အံ့ဖွယ်နည်းနဲ့ကုသခံရတယ်ဆိုတဲ့အကြောင်း တခြားသူတွေကို အားတက်သရောပြောပြမှာ သေချာတယ်။ (လု. ၆:၄၅) ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်လေးမြတ်တဲ့စိတ်က အောက်မေ့ရာပွဲအထူးကင်ပိန်းအစီအစဉ်မှာ ထက်ထက်သန်သန် ပါဝင်ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသလား။ အောက်မေ့ရာပွဲကာလမှာ အရန်ရှေ့ဆောင်လုပ်တာ ဒါမှမဟုတ် အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်တာက ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြတဲ့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုဖြစ်တယ်။ ကျေးဇူးတင်လေးမြတ်တဲ့စိတ်က အောက်မေ့ရာပွဲညနေမှာ ဧည့်သည်တွေကို ကြိုဆိုဖို့နဲ့ သူတို့မေးတဲ့မေးခွန်းတွေကို အဖြေပေးဖို့ အသင့်ဖြစ်နေအောင် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးမှာဖြစ်တယ်။
၄။ နောင်တရစရာမရှိအောင် ဒီအောက်မေ့ရာပွဲမှာ ဘာလုပ်နိုင်သလဲ။
၄ ဒီအောက်မေ့ရာပွဲက ကျွန်ုပ်တို့အတွက် နောက်ဆုံးဖြစ်နေမလား။ (၁ ကော. ၁၁:၂၆) အဲဒါတော့ မသိနိုင်ပါဘူး။ ဒါပေမဲ့ ဒီအောက်မေ့ရာပွဲက နောက်ဆုံးဖြစ်မယ်ဆိုရင် ကျေးဇူးတင်လေးမြတ်ကြောင်းပြဖို့ နောက်ထပ် ဒီလိုအထူးအခွင့်အရေးမျိုး ရတော့မှာမဟုတ်ဘူး။ ဒီအခွင့်အရေးကို သင် အမိအရဆုပ်ကိုင်မလား။ ကျေးဇူးတင်ကြောင်းဖော်ပြတဲ့ ကျွန်ုပ်တို့နှုတ်ကပြောတဲ့စကားနဲ့ တွေးတောဆင်ခြင်မှုတွေက ရွေးနုတ်ဖိုးကို ပြင်ဆင်ပေးတဲ့ ယေဟောဝါကို ပျော်ရွှင်စေပါတယ်။—ဆာ. ၁၉:၁၄။