ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့သွန်သင်ခြင်းအမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်– ယေရှုရဲ့ပုံသက်သေအတိုင်း ညီအစ်ကိုတွေက “လူဖမ်းသောတံငါသည်များ” အဖြစ် အမှုဆောင်နေကြ
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်– ယေရှုရဲ့ပုံသက်သေအတိုင်း ညီအစ်ကိုတွေက “လူဖမ်းသောတံငါသည်များ” အဖြစ် အမှုဆောင်နေကြ
ကမ္ဘာတစ်ဝန်းမှာ
နိုင်ငံပေါင်း ၂၃၉
ကြေညာသူပေါင်း ၇,၇၈၂,၃၄၆
လယ်ကွင်းလုပ်ငန်းမှာ အသုံးပြုခဲ့တဲ့နာရီစုစုပေါင်း ၁,၇၄၈,၆၉၇,၄၄၇
ကျမ်းစာသင်အံမှုပေါင်း ၈,၇၅၉,၉၈၈
အာဖရိက
နိုင်ငံပေါင်း ၅၈
လူဦးရေ ၉၆၈,၉၈၉,၇၁၀
ကြေညာသူပေါင်း ၁,၃၁၂,၄၂၉
ကျမ်းစာသင်အံမှုပေါင်း ၂,၉၉၉,၆၃၉
ကိုယ်ဝန်မဖျက်ချဖို့ သူဆုံးဖြတ်ခဲ့
အီသီယိုးပီးယားနိုင်ငံရဲ့မြို့တော် အက်ဒစ်အဘာဘာမှာနေထိုင်တဲ့ ဆာဘာဟာ ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်တယ်။ တစ်နေ့၊ သက်သေခံညီအစ်မနှစ်ယောက်က သူ့ကို ကိုယ်ဝန်ဖျက်ချခြင်းအကြောင်း ဆွေးနွေးထားတဲ့ နိုးလော့!တစ်စောင် ဝေငှခဲ့တယ်။ ဆာဘာက သူတို့ကို အိမ်ထဲခေါ်ပြီး သူလည်း ကိုယ်ဝန်ဖျက်ချဖို့ စဉ်းစားနေတဲ့အကြောင်း မျက်ရည်စက်လက်နဲ့ ပြောပြတယ်။ အဲဒီအကြောင်းကိုဆွေးနွေးရင်း သူတို့သုံးယောက်စလုံး စိတ်ထိခိုက်လွန်းလို့ ငိုချလိုက်ကြတယ်။ အဲဒီနေ့မှာပဲ ဆာဘာက ကိုယ်ဝန်မဖျက်ချဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ယောက်ျားကို အဲဒီအကြောင်း အသိပေးလိုက်တယ်။ အချိန်တန်တော့ ချစ်စရာသမီးလေးတစ်ယောက် မွေးဖွားလာတယ်။ ဆာဘာက ကျမ်းစာလေ့လာပြီး နှစ်ခြင်းခံခဲ့တယ်။ အခုဆို ရှေ့ဆောင်တစ်ယောက်ဖြစ်နေပြီ။ သူ့ယောက်ျားလည်း ကျမ်းစာလေ့လာပြီး သက်သေခံဖြစ်လာတယ်။ ၂၀၁၂၊ ဧပြီလမှာ ကျန်တဲ့သားသမီးနှစ်ယောက်လည်း နှစ်ခြင်းခံခဲ့တယ်။
‘သူနဲ့ စကားပြောလို့ရမလား’
နမီးဘီးယားနိုင်ငံ၊ ကာအိုကိုလန်မြို့– ကျမ်းစာသွန်သင်ရာမှာ အထောက်အကူပြုတဲ့ လှပတဲ့စာပေတွေက အသက်အရွယ်မရွေးကို ဆွဲဆောင်နေတယ်။ အခုဆိုရင် ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဆိုတဲ့ဘရိုရှာကို ဘာသာစကားပေါင်း ၄၅၂ မျိုးနဲ့ရရှိနိုင်ပြီ
အီသီယိုးပီးယားနိုင်ငံက တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်ဟာ ညီကိုတစ်ယောက်နဲ့အတူ တစ်အိမ်တက်ဆင်းဟောပြောနေတယ်။ အိမ်တစ်အိမ်ရောက်တော့ အိမ်အကူတစ်ယောက်နဲ့တွေ့ ပြီး အိမ်ရှင်နဲ့စကားပြောလို့ရမလားလို့ ခွင့်တောင်းလိုက်တယ်။ အိမ်အကူက မရဘူးလို့ပြောတဲ့အခါ သူတို့က စာပေတချို့ပေးခဲ့လို့ရမလားလို့ မေးလိုက်တယ်။ အိမ်အကူက အိမ်ရှင်ကို သွားမေးကြည့်လိုက်အုံးမယ်လို့ပြောပြီး အထဲဝင်သွားတယ်။ အဲဒီနောက် ပြန်ထွက်လာပြီး အိမ်ရှင်က အဲဒီစာပေတွေကို အရင်ကြည့်အုံးမယ်လို့ပြောတဲ့အကြောင်း ပြန်ပြောတယ်။
ဒါနဲ့ ညီအစ်ကိုတွေက မဂ္ဂဇင်းတစ်စောင်ကိုပြကြည့်ဖို့ ပေးလိုက်တယ်။ ခဏကြာတော့ အိမ်အကူက ပြန်ထွက်လာပြီး အိမ်ရှင်က ယူထားလိုက်မယ်လို့ပြောတယ်ဆိုပြီး ပြန်ပြောတယ်။ ညီအစ်ကိုတွေက “သူထွက်မတွေ့ နိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့ သူ့ဆီဝင်တွေ့ လို့ရမလား” လို့မေးလိုက်တယ်။ အိမ်အကူလည်း အိမ်ရှင်ကိုမေးဖို့ အထဲဝင်သွားပြီး တော်တော်နဲ့ပြန်မထွက်လာတော့ဘူး။ ညီအစ်ကိုတွေလည်း သူ ထွက်လာတော့မှာမဟုတ်ဘူးလို့ ထင်သွားတယ်။ နောက်ဆုံး အိမ်အကူက ပြန်ထွက်လာပြီး အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်တယ်။ ဒီတော့မှ အိမ်ရှင်ဖြစ်တဲ့ ယာဂူဟာ ထတောင်မထိုင်နိုင်ဘဲ အိပ်ရာထဲလဲနေတာ ဆယ်နှစ်လောက်ရှိပြီဖြစ်တဲ့ အသက်ကြီးသူတစ်ယောက်ဖြစ်နေမှန်း ညီအစ်ကိုတွေ သိလိုက်ရတယ်။ အိမ်အကူ တော်တော်နဲ့ပြန်မထွက်လာတဲ့ အကြောင်းရင်းက ယာဂူကိုအဝတ်အစားလဲပေးပြီး အခန်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်နေရလို့ပဲ။
ယာဂူက ညီအစ်ကိုတွေဟောတဲ့သတင်းကောင်းကို နှစ်သက်ပြီး ကျမ်းစာလေ့လာဖို့ သဘောတူခဲ့တယ်။ ကျမ်းစာလေ့လာနေရင်း သူ့ကျန်းမာရေးလည်း ပိုကောင်းလာတယ်။ အိပ်ရာကနေ ထပြီး ဘီးတပ်ကုလားထိုင်နဲ့တောင် သွားလာနိုင်ပြီ။ မကြာခင်မှာ သူဟာ စည်းဝေးတွေတက်ရောက်ခဲ့ပြီး မကြာသေးခင်ကကျင်းပတဲ့ စည်းဝေးကြီးတစ်ခုမှာ နှစ်ခြင်းခံခဲ့တယ်။
သူ့အဖေပေးခဲ့တဲ့စာအုပ်တွေကို ထုတ်ဝေတဲ့ချာ့ချ်
ဇင်ဘာဘွေနိုင်ငံမှာနေထိုင်တဲ့ ကယ်လ်ဗင်ဟာ သူ့အဖေဆုံးတဲ့အချိန်မှာ အသက်လေးနှစ်ပဲရှိသေးတယ်။ သူ့အဖေက ကမ္ဘာသစ်ဘာသာပြန်ကျမ်းနဲ့ ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း အတွဲ ၁ စာအုပ်ပါတဲ့အိတ်တစ်လုံး သူ့ကိုပေးခဲ့တယ်။ “ဒီစာအုပ်တွေထုတ်ဝေတဲ့ချာ့ချ်က အမှန်တရားကို သွန်သင်ပေးတဲ့အတွက် အဲဒီချာ့ချ်ကိုပဲသွားပါ” လို့မှာခဲ့တယ်။
ကယ်လ်ဗင်က အမေပါဆုံးသွားတဲ့အခါ အဖွားနဲ့ သွားနေရတယ်။ သူ့အဖေပေးခဲ့တဲ့စာပေတွေထုတ်ဝေတဲ့ “ချာ့ချ် ” ကို တစ်နေ့ကျရင် တွေ့ မှာပဲဆိုတဲ့စိတ်နဲ့ ကိုးနှစ်လုံးလုံး အဖွားရဲ့ချာ့ချ်ကို မသွားခဲ့ဘူး။
တစ်နေ့၊ ကယ်လ်ဗင်ရဲ့အဖွားက သက်သေခံညီမတစ်ယောက်နဲ့တွေ့ တယ်။ ဒါပေမဲ့ သက်သေခံမှန်းမသိဘူး။ သူ့မြေးလေးဟာ သူ့ချာ့ချ်ကိုမလိုက်ဘဲ ခေါင်းမာနေတဲ့အကြောင်း၊ တနင်္ဂနွေနေ့တွေဆို သူ့အဖေထားခဲ့တဲ့စာအုပ်တွေကိုပဲ ဖတ်နေတဲ့အကြောင်း ပြောပြလိုက်တယ်။ ဒါနဲ့ ညီမက စာအုပ်နာမည်ကို မေးကြည့်တဲ့အခါ အဖွားက “ကင်းမျှော်စင်အသင်းကထုတ်တဲ့ ရူးကြောင်ကြောင်စာအုပ်တစ်အုပ်ပဲဖြစ်မှာပေါ့” လို့ပြောပြတယ်။
ဒါနဲ့ ညီမက ကယ်လ်ဗင်နဲ့တွေ့ ချင်တဲ့အကြောင်းပြောတယ်။ သူတို့ဆုံကြတဲ့အခါ ကယ်လ်ဗင် သိပ်ဝမ်းသာသွားတယ်။ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်နဲ့ ချက်ချင်းကျမ်းစာသင်ခဲ့တယ်။ အဖွားက ပြင်းပြင်းထန်ထန်ဆန့်ကျင်ပေမဲ့ ကယ်လ်ဗင်ဟာ စည်းဝေးတွေကို ချက်ချင်းတက်ရောက်ခဲ့တယ်။ အမှန်တရားကို ဆုပ်ကိုင်ထားဖို့ သူဆုံးဖြတ်လိုက်တယ်။ ရှင်ပြန်ထမြောက်လာမယ့်မိဘတွေနဲ့ ပြန်ဆုံဆည်းရမယ့်အချိန်ကို သူစောင့်မျှော်နေတယ်။ ၂၀၁၂၊ ဩဂုတ်လမှာ ကယ်လ်ဗင်နှစ်ခြင်းခံခဲ့တယ်။
‘မင်းကိုးကွယ်တဲ့ဘုရားသခင်က တန်ခိုးကြီးတယ်’
ယူဂန္ဓာနိုင်ငံမှာနေထိုင်တဲ့ ကာရိုဟာ ကျမ်းစာလေ့လာတာ တစ်လပဲရှိသေးတယ်။ နတ်ဆရာဖြစ်တဲ့ သူ့ယောက်ျားမာတင်က သူ့ကို အကြီးအကျယ်ဆန့်ကျင်တယ်။ “မင်းရဲ့စာအုပ်တွေကြောင့် ဘိုးဘေးတွေက ငါတို့အိမ်ထဲ ဝင်မလာကြတော့ဘူး” လို့ သူပြောတယ်။ သူက ကာရိုကို နှိပ်စက်ပြီး ကျမ်းစာဆက်သင်နေရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ မိသားစုကိုလည်း ရှာမကျွေးတော့ဘူး။ ဒါပေမဲ့ ကာရိုက ပျာယာခတ်မသွားဘဲ ခြံစိုက်ပြီး မိသားစုကိုရှာကျွေးတယ်။ ကျမ်းစာကိုလည်း ဆက်လေ့လာတယ်။ နောက်ပိုင်း တကယ်အသက်အန္တရာယ်ရှိလာတဲ့အတွက် အိမ်ကနေထွက်သွားပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့တယ်။ ကလေးတွေ နေမကောင်းဖြစ်တဲ့အခါ ရှိစုမဲ့စုငွေလေးနဲ့ ဆေးတွေဝယ်ပေးရှာတယ်။
အတော်ကြာပြီးနောက် သူ့ယောက်ျားက သူ့ဆီဖုန်းဆက်ပြီး ဒီလိုအလေးအနက်ပြောတယ်– “အိမ်ကို ပြန်လာပါတော့။ မင်းကိုးကွယ်တဲ့ဘုရားသခင်က တန်ခိုးကြီးပြီး မင်းနဲ့အတူရှိတယ်ဆိုတာ ငါသိပြီ။ မင်းကိုကျမ်းစာသင်ပေးနေတဲ့သူတွေကို ငါလည်း ကျမ်းစာသင်ချင်တဲ့အကြောင်း ပြောလိုက်ပါ။ ငါ့ဘဝကို ငါတကယ်ပြောင်းလဲချင်ပြီ။” အခု သူတို့မိသားစုလေးက ပျော်ရွှင်စည်းလုံးနေကြပြီ။ ၂၀၁၂၊ ဩဂုတ်လမှာကျင်းပတဲ့ စည်းဝေးကြီးတစ်ခုမှာ သူတို့နှစ်ယောက်စလုံး နှစ်ခြင်းခံခဲ့တယ်။
ဝေးလံတဲ့ရွာလေးမှာ တစ်ယောက်တည်းဟောပြောခဲ့သူ
ကင်ညာနိုင်ငံအနောက်မြောက်ဘက်က ဝေးလံတဲ့ လိုကီချာရွာလေးမှာနေထိုင်တဲ့ ဒေးဗစ်ဟာ အိမ်နဲ့ဝေးတဲ့မြို့တစ်မြို့မှာ ရောက်နေတုန်း ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူ့ရွာကို ပြန်သွားခဲ့ရတယ်။ အိမ်နဲ့အနီးဆုံးအသင်းတော်က မိုင် ၁၀၀ အကွာက လိုဝါမြို့လေးမှာရှိတယ်။ ဒေးဗစ်ဟာ လေးနှစ်လုံးလုံး သက်သေခံတွေနဲ့ အဆက်အသွယ်ပြတ်သွားပေမဲ့ အိမ်နီးချင်းတွေနဲ့ ဆွေမျိုးတွေကို ဟောပြောတယ်။ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာတုန်းက သိခဲ့တာလေးတွေကို ပြောပြတယ်။ တချို့က နားထောင်တဲ့အတွက် ကျမ်းစာသင်အံမှုအများကြီးရလာတယ်။ ၂၀၀၇ ခုနှစ်မှာ လိုဝါအသင်းတော်နဲ့ ပြန်ဆက်သွယ်မိပြီး ကျမ်းစာဆက်လေ့လာခဲ့တယ်။ မော်တော်ဆိုင်ကယ်၊ တက္ကစီ၊ မီနီဘတ်စ်တွေစီးပြီး တစ်လကိုနှစ်ကြိမ် ကျမ်းစာသွားသင်တယ်။
ဒေးဗစ်ဟာ ကျမ်းစာအသိပညာများလာတာနဲ့အမျှ ဟောပြောခြင်းလုပ်ငန်းမှာ ဇွဲထက်သန်လာတယ်။ သူက နှစ်ခြင်းမခံရသေးပေမဲ့ ရွှံ့စေးနံရံ၊ သက်ကယ်အမိုးနဲ့ “နိုင်ငံတော်ခန်းမ” တစ်လုံးကို သူ့အိမ်နားမှာ ဆောက်ခဲ့တယ်။ အဲဒီမှာ စိတ်ဝင်စားသူတွေနဲ့ စည်းဝေးတွေကျင်းပတယ်။ ဒါပေမဲ့ ဒီလိုဟောပြောနေတာကို ရွာသားအားလုံး ကြိုက်ကြတာတော့မဟုတ်ဘူး။ နှုတ်နဲ့ရော ကိုယ်ထိလက်ရောက်ပါ ဆန့်ကျင်တာကို နှစ်နှစ်လုံးလုံး ခံခဲ့ရတယ်။ တစ်ခါက ရွာသားတချို့က “မကောင်းဆိုးဝါးဘာသာ” ကို ရွာထဲခေါ်သွင်းလာတယ်လို့ စွပ်စွဲပြီး သူ့ကို သတိလစ်သွားတဲ့အထိ ရိုက်နှက်ကြတယ်။ ဒေးဗစ်က အစိုးရအရာရှိတစ်ယောက်ကိုအကူအညီတောင်းတဲ့အတွက် သူ့ကို ဒုက္ခမပေးကြတော့ဘူး။ သူဆက်ဟောနိုင်ခဲ့တယ်။ “အမှန်တရားဟာ ကျွန်တော့်ဘဝပါပဲ။ ဘယ်ဆန့်ကျင်မှုကမှ ကျွန်တော့်ကို တားဆီးနိုင်မှာမဟုတ်ဘူး” လို့သူပြောတယ်။
ဒေးဗစ်က ၂၀၀၉ ခုနှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ အခုဆိုရင် အသင်းတော်အမှုထမ်းနဲ့မှန်မှန်ရှေ့ဆောင်ဖြစ်နေပြီ။ အဲဒီဒေသမှာ ကြေညာသူဆိုလို့ သူနဲ့ ၁၅ နှစ်အရွယ်သူ့သားပဲရှိတယ်။ ဒါပေမဲ့ ၂၀၁၂၊ ဧပြီလမှာ သူ့အိမ်နားက ယာယီခန်းမမှာကျင်းပတဲ့ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲကို ရွာသား ၆၀ လောက်တက်ရောက်ခဲ့တယ်။
“သူမှားတယ်ဆိုတာကို ကျမ်းစာနဲ့ထောက်ပြပါ”
ဂါနာနိုင်ငံက မှန်မှန်ရှေ့ဆောင်ညီမဂျဲနက်က ဘတ်စကားနဲ့ ခရီးဝေးသွားနေတုန်း ကျမ်းစာသွန်သင်ရာစာအုပ်ကို ဖတ်နေတယ်။ အဲဒီအချိန်မှာ တရားဟောဆရာတစ်ယောက် ကားပေါ်တက်လာတယ်။ တရားစဟောပြီး အလှူငွေကောက်တော့တယ်။ “ယေရှုနဲ့ ဘုရားသခင်က အတူတူပဲလို့ ရှင်ပြောတယ်နော်။ ဒါဆို ယေရှုနှစ်ခြင်းခံတုန်းက ယေရှုကိုစကားပြောခဲ့တာ ဘယ်သူတုန်း” လို့ ဂျဲနက်မေးလိုက်တယ်။
“ဒါကတော့ နက်နဲတဲ့လျှို့ဝှက်ချက်ပဲ” လို့ တရားဟောဆရာက ပြန်ပြောတယ်။
အဲဒီအခါ ဂျဲနက်က ကျမ်းစာသွန်သင်ရာစာအုပ် အခန်း ၄ ကိုဖွင့်လိုက်တယ်။ ကျမ်းချက်တချို့ကိုရွေးပြီး ခရီးသည်တချို့ကို ဖတ်ပြခိုင်းတယ်။ ပြီးတဲ့နောက် ယေရှုနဲ့ တန်ခိုးအကြီးဆုံးဘုရားသခင်ယေဟောဝါ မတူဘူးဆိုတဲ့အကြောင်း ရှင်းပြတယ်။
“မင်းဟာ စုန်းမပဲ” လို့ တရားဟောဆရာက အော်ပြောတယ်။
“သူ့ကို စုန်းမလို့ ပြောနေမယ့်အစား သူမှားတယ်ဆိုတာကို ကျမ်းစာနဲ့ထောက်ပြပါ” ဆိုပြီး ခရီးသည်တွေက ဂျဲနက်ဘက်ကနေ ဝင်ပြောပေးတယ်။ ဒါနဲ့ တရားဟောဆရာလည်း နောက်မှတ်တိုင်မှာ ဒေါသတကြီးဆင်းသွားတယ်။ ဂျဲနက်ဘေးမှာထိုင်တဲ့အမျိုးသမီးငယ်တစ်ယောက်က “ယေဟောဝါဆိုတဲ့နာမည်ဟာ သက်သေခံတွေရဲ့ချာ့ချ်နာမည်ပဲလို့ ကျွန်မထင်နေတာ။ အဲဒါက ဘုရားသခင်ရဲ့နာမည်ဆိုတာကို အခုမှပဲ သိသွားတော့တယ်” လို့ပြောတယ်။
သူတို့စကားဆက်ပြောပြီးနောက် ဂျဲနက်က သူ့ဖုန်းနံပါတ်ကို တောင်းပြီး ပြန်ဆက်သွယ်မယ်လို့ပြောတယ်။ အဲဒီအမျိုးသမီးက အိမ်ရောက်တော့ သူ့အဖွားကို အကြောင်းစုံပြောပြတဲ့အခါ ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည်ဖြစ်မှန်းသိလိုက်ရတဲ့အတွက် အဖွားလည်း အံ့ဩသွားတယ်။ နောက်ပိုင်း ဂျဲနက်က အဲဒီအမျိုးသမီးနဲ့သူ့အဖွားကို ကျမ်းစာဆက်သင်ပေးဖို့ သက်သေခံတချို့နဲ့ ဆက်သွယ်ပေးလိုက်တယ်။ အခုဆို သူတို့နှစ်ယောက်စလုံး စည်းဝေးတွေတက်နေကြပြီ။
အမေရိက
နိုင်ငံပေါင်း ၅၇
လူဦးရေ ၉၄၆,၀၈၇,၉၁၆
ကြေညာသူပေါင်း ၃,၈၆၁,၁၄၅
ကျမ်းစာသင်အံမှုပေါင်း ၄,၁၉၆,၉၂၂
မမျှော်လင့်ထားတဲ့နေရာမှာ အမှန်တရားကို သူတွေ့ ရှိခဲ့
ဘိုလီးဗီးယားနိုင်ငံက ထောင်စောင့်တွေဟာ အသက် ၂၀ အရွယ် အန်ဒရီယာကို ထောင်ဝင်းထဲ မနည်းဆွဲသွင်းလာရတယ်။ သူက ဆဲဆိုကြိမ်းမောင်းပြီး အော်ဟစ်ရုန်းကန်နေတယ်။ သန်မာထွားကျိုင်းပြီး ကြမ်းတမ်းတဲ့အတွက် သူ့ပုံစံက ကြောက်စရာကောင်းတယ်။ လူတွေက သူ့ကိုရှိန်ကြတယ်။ မှားယွင်းတဲ့စွဲချက်တွေနဲ့ ထောင်ကျနေတဲ့ သက်သေခံညီမလေဒီကတော့ အန်ဒရီယာကို မကြောက်တဲ့အပြင် သနားနေသေးတယ်။ လေဒီက မနက်တိုင်း နိုင်ငံတော်သီချင်းကို အကျယ်ကြီးဆိုလေ့ရှိတယ်။ အန်ဒရီယာကြားတဲ့အခါ “နင်က ယေဟောဝါသက်သေလား” လို့မေးတယ်။
ပီရူးနိုင်ငံ– မြင့်မားလှတဲ့ အက်ကူဘန်ဘာတောင်ကြားဒေသမှာ တောင်ယာသမားတွေကို ဟောပြောနေ
လေဒီက ဟုတ်တယ်လို့ဖြေတဲ့အခါ “ငါ့အမေလည်း ယေဟောဝါသက်သေပဲ။ သူနဲ့အတူ စည်းဝေးတွေလိုက်တက်ဖူးတယ်။ သူက ငါ့ကိုကျမ်းစာသင်ပေးခဲ့တယ်” လို့ အန်ဒရီယာပြောပြပြီး ငိုချလိုက်တယ်။ နောက်နေ့တွေမှာ ကျမ်းစာအကြောင်း သူတို့ သေချာဆွေးနွေးဖြစ်ကြတယ်။ အန်ဒရီယာကို အမှုစစ်မယ့်အချိန်ရောက်တော့ ယေဟောဝါရဲ့အကူအညီနဲ့လမ်းညွှန်မှုရဖို့ သူတို့အတူဆုတောင်းကြတယ်။ အန်ဒရီယာက ထောင်ကနေလွတ်သွားပြီး ယေဟောဝါအကြောင်း ဆက်လေ့လာတယ်။ သူက နှစ်ခြင်းမခံသေးတဲ့ ကြေညာသူတစ်ယောက်အဖြစ် အရည်အချင်းပြည့်မီလာပြီး အခုဆို နှစ်ခြင်းခံဖို့ ပြင်ဆင်နေတယ်။
ညီမလေဒီက မှားယွင်းတဲ့စွဲချက်တွေနဲ့ ထောင်ချခံရတာကို အခွင့်ကောင်းယူပြီး ထောင်ကမထွက်ခင်မှာ ကျမ်းစာသင်အံမှု ၂၁ ခုကျင်းပနိုင်ခဲ့တယ်။ အခု လေဒီဟာ ထောင်ကို တစ်ပတ်သုံးကြိမ်လာပြီး စိတ်ဝင်စားသူတွေဆီ ဆက်လည်ပတ်နေတယ်။
www.pr2711.com ဝက်ဘ်ဆိုက်ရဲ့အကျိုးကျေးဇူး
၂၀၁၁၊ နွေဦးရာသီရဲ့ တနင်္ဂနွေနေ့တစ်ရက်မှာ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ မောင်နှံတစ်စုံနဲ့ သားသမီးနှစ်ယောက်က ကနေဒါနိုင်ငံရဲ့ နိုင်ငံတော်ခန်းမကို ရောက်လာတယ်။ လူတိုင်းက သူတို့ကို တခြားမြို့ကနေလာလည်တဲ့ သက်သေခံတွေပဲလို့ ထင်နေကြတယ်။ အသင်းတော်အမှုထမ်းတစ်ယောက်ဖြစ်တဲ့ ညီကိုဒေါမနစ်နဲ့ ဧည့်သည်အမျိုးသားကတော့ တွေ့တွေ့ချင်းမှတ်မိသွားကြတယ်။ ဒေါမနစ်ဟာ လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက အဲဒီအမျိုးသားကို ကျမ်းစာသင်ပေးဖူးတယ်။ အဲဒီအမျိုးသားရဲ့နာမည်က မာ့ခ်အန်ဒရာဖြစ်ပြီး သူနဲ့သူ့ဇနီးယိုစေးဟာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း www.pr2711.com ဝက်ဘ်ဆိုက်ကနေ ကင်းမျှော်စင် နဲ့ နိုးလော့! တွေကိုကူးယူဖတ်ရှုခဲ့ပြီး နိုင်ငံတော်ခန်းမမှာ မိသားစုလိုက် စည်းဝေးတက်သင့်တယ်ဆိုတာ သိလာတယ်။ သူတို့က ချက်ချင်းကျမ်းစာပြန်လေ့လာပြီး စည်းဝေးအားလုံးကို မိသားစုလိုက် တက်ရောက်လာတယ်။ ကျမ်းစာလေ့လာတာနှစ်လပဲရှိသေးပေမဲ့ မိသားစုဝတ်ပြုမှု စလုပ်နေကြပြီ။ သူတို့ဆက်တိုးတက်လာပြီး ယိုစေးက ၂၀၁၂၊ မေလမှာ ဟောပြောသွန်သင်ခြင်းသင်တန်းမှာ ဦးဆုံးအကြိမ် တာဝန်ရခဲ့တယ်။
‘ဒီကောင်လေးက ကျွန်တော့်ကို သူ့ရဲ့နေ့လယ်စာနဲ့ ဦးထုပ်ကို ပေးတယ်’
၂၀၁၀ မှာကျင်းပတဲ့ ချီလီနိုင်ငံက စည်းဝေးကြီးတစ်ခုမှာ အသက်ဆယ်နှစ်အရွယ် မာဆီလိုက သူ့ဘေးမှာထိုင်နေတဲ့ လူကြီးတစ်ယောက်ဆီမှာ ဘာစာပေမှမရှိမှန်း သတိထားမိတယ်။
ဒါနဲ့ “သူ့ဆီမှာ ကျမ်းစာမပါဘူး” လို့ သူ့အမေကို တိုးတိုးလေးပြောလိုက်တယ်။
“သားရဲ့ကျမ်းစာကို ပြလိုက်ပေါ့” လို့ သူ့အမေက တိုးတိုးလေးပြန်ပြောတယ်။ ဒါနဲ့ မာဆီလိုက ဗစ်တာလို့ခေါ်တဲ့ အဲဒီလူကြီးဘက်တိုးပြီး ကျမ်းချက်တိုင်းကို ဖွင့်ပြတယ်။ ခေတ္တရပ်နားချိန်ရောက်တော့ မာဆီလိုက “သူ့မှာ နေ့လယ်စာမပါဘူး” လို့ သူ့အမေကို ပြောပြန်တယ်။ အမေက သူ့ရဲ့နေ့လယ်စာကို ဗစ်တာနဲ့ မျှစားဖို့ ပြောတယ်။ ဒါနဲ့ မာဆီလိုက အသားညှပ်ပေါင်မုန့်တစ်လုံးနဲ့ လက်ဖက်ရည်ပူပူတစ်ခွက် ပေးလိုက်တယ်။ ဗစ်တာ နေ့လယ်စာစားနေချိန်မှာ မာဆီလိုက သူမှတ်မိတဲ့ကျမ်းချက်အားလုံးကို ဖွင့်ဖတ်ပြခဲ့တယ်။
မွန်းလွဲပိုင်းရောက်တော့ သူတို့ထိုင်တဲ့နေရာကို နေထိုးပါလေရော။ မာဆီလိုက “သူ့မှာ ဦးထုပ်မပါဘူး” လို့ သူ့အမေကိုပြောပြန်တယ်။
“သားရဲ့ဦးထုပ်ကို ပေးလိုက်ပေါ့” လို့ သူ့အမေက ပြန်ပြောတယ်။ သူလည်း ပေးလိုက်တယ်။ စည်းဝေးပြီးတော့ မာဆီလိုနဲ့ဗစ်တာက နှုတ်ဆက်စကားပြောပြီး ပြန်သွားကြတယ်။
နောက်နှစ်စည်းဝေးကြီးရောက်တော့ မာဆီလိုက ဗစ်တာလာမလာ လိုက်ရှာကြည့်တယ်။ လည်စည်းနဲ့ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ဗစ်တာကို တွေ့ လိုက်ရတဲ့အခါ သူသိပ်ပျော်သွားတယ်။ ဗစ်တာက “ကျွန်တော် ဒီနေ့ ဒီကိုရောက်နေတာ ဒီကောင်လေးကြောင့်ပဲ။ ပြီးခဲ့တဲ့နှစ်က စည်းဝေးကြီးဖိတ်စာရလို့ ကျွန်တော်စည်းဝေးလာတက်တယ်။ ဒီကောင်လေးက ကျွန်တော့်ကို သူ့ကျမ်းစာကိုဖွင့်ပြတယ်၊ သူ့ရဲ့နေ့လယ်စာနဲ့ဦးထုပ်ကိုလည်း ပေးတယ်။ အခု ကျွန်တော် ကျမ်းစာလေ့လာနေပြီ” လို့ပြောတယ်။ အခုဆိုရင် ဗစ်တာဟာ နှစ်ခြင်းမခံသေးတဲ့ကြေညာသူဖြစ်နေပါပြီ။
စာနယ်ဇင်းသမားတစ်ယောက်ရဲ့ ချီးမွမ်းစကား
ဗင်နီဇွဲလားနိုင်ငံက နာမည်ကြီးစာနယ်ဇင်းသမား အမျိုးသမီးတစ်ယောက်က ပြည်တွင်းဖုန်းကုမ္ပဏီတစ်ခုမှာ ကြုံတွေ့ ခဲ့ရတဲ့ သူ့အဖြစ်အပျက်ကို သတင်းစာဆောင်းပါးမှာ ရေးသားခဲ့တယ်။ သူက စက်ပိုင်းဆိုင်ရာအကူအညီတစ်ခုအတွက် အဲဒီကုမ္ပဏီကို ဖုန်းဆက်ခဲ့တယ်။ ဖုန်းအော်ပရေတာက သူ့ကို တုံးတိတိနဲ့ မချေမငံပြန်ပြောလိုက်တဲ့အတွက် ဘာအကူအညီမှ မရခဲ့ဘူး။ နောက်တစ်ကြိမ် ဖုန်းပြန်ဆက်တဲ့အခါ “မီဆောအယ်” လို့ခေါ်တဲ့လူငယ်တစ်ယောက်က ဖုန်းထူးပြီး သူသိချင်တာတွေကို ယဉ်ယဉ်ကျေးကျေးနဲ့ ကောင်းကောင်းပြောပြတယ်။ “ဖုန်းပြောနေချိန်တစ်လျှောက်လုံးမှာ ဒီလူငယ်လေးပြခဲ့တဲ့ ကြင်နာမှု၊ လေးစားမှု၊ ကူညီပေးချင်စိတ်နဲ့ ပူးပေါင်းလုပ်ဆောင်ချင်စိတ်က တကယ့်ကိုထူးခြားတယ်။ သူ့ကြောင့် ကျွန်မရဲ့အခက်အခဲပြေလည်သွားတဲ့အပြင် နောက်နောင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုပါ သိခဲ့ရတယ်” လို့ ဆောင်းပါးမှာရေးသားခဲ့တယ်။
အဲဒီအမျိုးသမီးက မီဆောအယ်ကို ချီးမွမ်းတဲ့အခါ မီဆောအယ်က သူဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်လို့ လူတွေကို ယေရှုသွန်သင်ပေးခဲ့တဲ့နည်းအတိုင်းဆက်ဆံဖို့ ကြိုးစားနေတာပါလို့ ရှင်းပြလိုက်တယ်။ စာနယ်ဇင်းအမျိုးသမီးက မီဆောအယ်ရဲ့အထက်အရာရှိကို စကားပြောခွင့်တောင်းပြီး မီဆောအယ်ရဲ့သိပ်ကောင်းတဲ့ဝန်ဆောင်မှုအတွက် ချီးမွမ်းခဲ့တယ်။ သူ့ရဲ့ဆောင်းပါးမှာ မီဆောအယ်ကို စံပြဗင်နီဇွဲလားနိုင်ငံသားနဲ့ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ရေးသားဖော်ပြခဲ့တယ်။ “လူထုနဲ့ဆက်သွယ်ရတဲ့လုပ်ငန်းတိုင်းမှာ မီဆောအယ်လိုလူမျိုးကို ကျွန်မတို့လိုအပ်တယ်” လို့ပြောပြီး သူ့ဆောင်းပါးကို နိဂုံးချုပ်ထားတယ်။
“ခေါင်းမမာကြပါနဲ့တော့”
မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့– ကြေညာသူတွေကျင်းပနေတဲ့ ကျမ်းစာသင်အံမှု တစ်သန်းကျော်ထဲက အများစုဟာ လမ်းပေါ်သက်သေခံရာကနေ စတင်
အီကွေဒေါနိုင်ငံက အသက်ဆယ့်ငါးနှစ်အရွယ် ညီမဂါဘရေလာဟာ နားမကြားသူတစ်ယောက်ဖြစ်တယ်။ သူက ၂၀၁၁၊ အောက်တိုဘာလမှာကျင်းပတဲ့ လက်သင်္ကေတခရိုင်စည်းဝေးကြီးမှာ နှစ်ခြင်းခံခဲ့လို့ သိပ်ဝမ်းသာခဲ့ရတယ်။ တနင်္လာနေ့မှာ ကျောင်းပြန်တက်တော့ အတန်းဖော်တွေကို တစ်ခုလောက်ပြောခွင့်ရမလားလို့ ဆရာမကိုခွင့်တောင်းလိုက်တယ်။ ဆရာမ ခွင့်ပေးလိုက်တဲ့အခါ ဂါဘရေလာက အတန်းရှေ့ထွက်ပြီး လက်သင်္ကေတစကားနဲ့ ဒီလိုပြောတယ်– “ပြီးခဲ့တဲ့သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့မှာ ကျွန်မစည်းဝေးကြီးတစ်ခုတက်ခဲ့တယ်။ အဲဒီစည်းဝေးကြီးမှာ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ကျွန်မနှစ်ခြင်းခံခဲ့တယ်။ ကျွန်မတို့က ဒီလောကစနစ်ရဲ့အဆုံးမှာ အသက်ရှင်နေရတဲ့အတွက် အချိန်သိပ်မကျန်တော့ဘူး။ ဘဝမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ သိပ်အရေးကြီးနေပြီ။ ဒါကြောင့် ခေါင်းမမာကြပါနဲ့တော့။ ဘုရားသခင်ကို ကြောက်ရွံ့ ကြပါ။” အဲဒီအခါ အတန်းဖော်တွေက သူ့ကိုလေးစားသွားကြတယ်။
အဲဒီနေ့ နေ့လယ်မုန့်စားဆင်းချိန်မှာ မလှုပ်မရှားဖြစ်နေတဲ့ နားမကြားညီမကေတီက သူ့ကို စည်းဝေးကြီးအကြောင်း လာမေးတယ်။ ဂါဘရေလာက ဒီလိုပဲ ဗြောင်ပြောလိုက်တယ်– “သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ငါက အခု နှစ်ခြင်းခံပြီးသား သက်သေခံတစ်ယောက်ဖြစ်နေပြီဆိုတော့ ယေဟောဝါကို ဆက်ပြီးသစ္စာရှိချင်တယ်။ နင်က အကျင့်ပျက်လမ်းစဉ်လိုက်နေတဲ့အတွက် နင်နဲ့ ဆက်မပေါင်းနိုင်တော့ဘူး။ နင်နဲ့ပေါင်းရင် ငါ့ကို ဘုရားသခင်ချစ်တော့မှာမဟုတ်ဘူး။ နင် ပြောင်းလဲဖို့လိုနေပြီ။ ယေဟောဝါကိုဆုတောင်းပြီး အကြီးအကဲတွေကို ဖွင့်ပြောပြပါ။ နင်ပြောင်းလဲနိုင်တယ်ဆိုတာ ငါသိပါတယ်။” ဂါဘရေလာရဲ့ တဲ့တိုးကျပြီး မေတ္တာပါတဲ့ တိုက်တွန်းစကားကြောင့် ကေတီဟာ အကြီးအကဲတွေကိုဖွင့်ပြောပြီး အကူအညီတောင်းခဲ့တယ်။ အခု သူက ဟောပြောခြင်းလုပ်ငန်းမှာ ပြန်ပါဝင်နေပြီ။
ဆရာမရဲ့လက်ပ်တော့ကွန်ပျူတာကို သူအသုံးပြုခဲ့
အမေရိကန်နိုင်ငံမှာရှိတဲ့ ၁၆ နှစ်အရွယ်ညီမတစ်ယောက်ကို သူ့အတန်းဖော်တွေက သူ့ဘာသာအကြောင်းမေးမြန်းကြတယ်။ ဒါပေမဲ့ သူ့မှာ ဘာစာပေမှမပါလာဘူး။ ကျမ်းစာတောင် မပါဘူး။ မေးခွန်းတွေကို ကျမ်းစာသုံးပြီး အဖြေပေးချင်တဲ့အတွက် ဆရာမရဲ့လက်ပ်တော့ကွန်ပျူတာကို ခဏငှားပြီး www.pr2711.com ဝက်ဘ်ဆိုက်ကိုဖွင့်လိုက်တယ်။ သူက မေးခွန်းတွေအားလုံးကို ဖြေဆိုနိုင်ရုံမက အဲဒီဝက်ဘ်ဆိုက်ကို ဘယ်လိုသုံးရမလဲဆိုတာကိုပါ ပြပေးနိုင်ခဲ့တယ်။ ကျမ်းစာအကြောင်း တစ်ခုခုမေးစရာပေါ်လာတိုင်း၊ အနားမှာလည်း သက်သေခံတွေမရှိတဲ့အခါတိုင်း အဲဒီဝက်ဘ်ဆိုက်မှာ အဖြေရှာလို့ရတယ်ဆိုပြီး ရှင်းပြခဲ့တယ်။ နောက်အပတ်တွေမှာ သူ့အတန်းဖော်တွေက မေးခွန်းသိပ်မမေးကြတော့တာ သူသတိထားမိတယ်။ အကြောင်းရင်းကို မေးမြန်းကြည့်တော့ အတန်းဖော်တွေက သူတို့ရဲ့ဖုန်းကတစ်ဆင့် အဲဒီဝက်ဘ်ဆိုက်ထဲဝင်ပြီး အဖြေရှာနေကြမှန်း သိလိုက်ရတယ်။ အခု သူ့ဆရာမတောင် အဲဒီဝက်ဘ်ဆိုက်ကိုသုံးပြီး အဖြေရှာနေပြီ။
အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသ
နိုင်ငံပေါင်း ၄၈
လူဦးရေ ၄,၂၂၂,၈၆၉,၇၈၅
ကြေညာသူပေါင်း ၆၇၄,၆၀၈
ကျမ်းစာသင်အံမှုပေါင်း ၆၆၂,၇၃၆
ရွာထဲကရန်ပွဲကို တားဆီးနိုင်ခဲ့
အင်ဒိုနီးရှားနိုင်ငံက သက်သေခံအုပ်စုတစ်စုဟာ အသုဘအခမ်းအနားတစ်ခုကို တက်ရောက်ဖို့ ရွာတစ်ရွာကိုဖြတ်သွားကြတယ်။ ရှေ့ဆောင်တစ်ယောက်က လမ်းဘေးနားမှာရှိနေတဲ့ လူငယ်တစ်စုကို သတိထားမိတယ်။ သူတို့နဲ့စကားစမြည်ပြောပြီး ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဆိုတဲ့ဘရိုရှာကို ဝေငှခဲ့တယ်။ နောက်ပိုင်းမှာ ညီမတစ်ယောက်က အဲဒီနေရာကိုဖြတ်ပြီး အိမ်ပြန်လာတဲ့အခါ အဲဒီဘရိုရှာကိုင်ထားတဲ့လူတစ်ယောက်က ညီမဆီလာပြီး သူ့သားတွေကို ဒီဘရိုရှာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောတယ်။ “ဒီစာစောင်က ကျွန်တော့်သားတွေရဲ့အသက်ကို ကယ်လိုက်တယ်” လို့ သူပြောတယ်။ ညီမက သူဘာအကြောင်းပြောနေမှန်း မသိတဲ့အတွက် မေးကြည့်တဲ့အခါ သူက အကျိုးအကြောင်းရှင်းပြတယ်။ သူ့သားတွေက ရွာတစ်ရွာကိုသွားပြီး ရန်လုပ်ဖို့ စီစဉ်ထားကြတယ်။ သူတို့သူငယ်ချင်းတစ်ယောက် စော်ကားခံရတဲ့အတွက် လက်တုံ့ပြန်ဖို့ဖြစ်တယ်။ သူတို့ဒေသမှာ ဒီလိုလုပ်နေကျပဲ။ ဒါပေမဲ့ သူ့သားတွေက ဒီစာစောင်ကိုဖတ်ပြီးတဲ့နောက် တခြားသူတွေနဲ့ရန်ဖြစ်တဲ့သူဟာ ပရဒိသုကို အမွေခံရမှာမဟုတ်ဘူးဆိုတာ သိလာကြတယ်။ ဒါကြောင့် သူတို့က စိတ်လျှော့ပြီး အစီအစဉ်ကို ဖျက်လိုက်တယ်။ ဘရိုရှာမှာပါတဲ့အကြောင်းအရာက အန္တရာယ်ရှိတဲ့ရန်ပွဲကို တားဆီးနိုင်ခဲ့တယ်။
မိန်းမလျာတစ်ယောက် ပြောင်းလဲလာ
ဟောင်ကောင်၊ ရှောင်ကေဝမ်မြို့– အမျိုးသမီးတစ်ယောက်ကို စျေးမှာ သက်သေခံနေ
ရက်ခ်ဟာ ကမ္ဘောဒီးယားနိုင်ငံက ရှေးဆန်တဲ့မိသားစုလေးမှာ ကြီးပြင်းလာသူဖြစ်တယ်။ ဒါပေမဲ့ သူနဲ့ သူ့ရဲ့အမြွှာညီဟာ ငယ်ငယ်ကတည်းက မိန်းမစိတ်ပေါက်နေတယ်။ သူတို့က အရုပ်မတွေနဲ့ကစားပြီး မိန်းမတွေလို ဝတ်စားချင်တယ်။ အမေက သူတို့ကြောင့် စိတ်ပျက်ပြီး ရှက်ရတယ်။ သူတို့ကို ဘယ်လိုပြုပြင်ပေးရမှန်းမသိအောင် ဖြစ်နေတယ်။ သူတို့က ကျောင်းသွားတဲ့အခါ ယောက်ျားလေးလို ဝတ်သွားပေမယ့် ကျောင်းရောက်တာနဲ့ မိန်းမအဝတ်တွေကို လဲဝတ်ကြတယ်။ အသက် ၁၆ နှစ်မှာ ဒီအမြွှာညီအစ်ကိုဟာ မိန်းမလျာအလှပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့အခါ ဖျော်ဖြေရေးလုပ်ငန်းတစ်ခုက သူတို့ကို သတိထားမိတယ်။ ဒီလိုနဲ့ တီဗွီဇာတ်လမ်းတွေ၊ ဟာသဇာတ်လမ်းတွေမှာ သူတို့ပါဝင်ခွင့်ရခဲ့တယ်။ မကြာခင် ရက်ခ်ဟာ လိင်တူသမားဖြစ်လာပြီး မိန်းမလျာတွေနဲ့ပေါင်းသင်းခဲ့တယ်။
အဲဒီအချိန်မှာ ရက်ခ်ရဲ့အမေက ချာ့ချ်ကို စတက်နေပြီး ရက်ခ်ကိုလည်း ခေါ်တယ်။ သူက ယောက်ျားအဝတ်တွေဝတ်ဖို့ သဘောတူပေမဲ့ ဆံပင်ရှည်ကိုတော့ မညှပ်ခဲ့ဘူး။ ဓမ္မဆရာက ရက်ခ်ကို ခဏခဏပက်ပက်စက်စက်ပြောပြီး သူ့ဘဝပုံစံကို ကဲ့ရဲ့ခဲ့တယ်။ ဒါတောင် ရက်ခ်က ချာ့ချ်မှာ ကျမ်းစာသင်ကြည့်ဖို့ စဉ်းစားခဲ့တယ်။ ဦးဆုံးအပတ်မှာ အစောကြီးထပြီး ချာ့ချ်ကို မိုင်ပေါင်းများစွာ စက်ဘီးနင်းသွားတယ်။ ဒါပေမဲ့ ဓမ္မဆရာက အကြောင်းအမျိုးမျိုးပြပြီး ကျမ်းစာမသင်ပေးဘူး။ ဒုတိယအပတ်မှာ ဓမ္မဆရာက သူ့ကို ထွက်တောင်မတွေ့ တဲ့အတွက် သူစိတ်နာသွားတယ်။
အိမ်ပြန်ရောက်တော့ အမျိုးသမီးတစ်ယောက် လာသွားပြီး အခမဲ့ကျမ်းစာသင်ပေးဖို့ ကမ်းလှမ်းတဲ့အကြောင်း သူ့အမြွှာညီက ပြောပြတယ်။ အဲဒီအမျိုးသမီးက သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို ဝေငှခဲ့တယ်။ အမြွှာညီကိုနှစ်ယောက်စလုံးက အဲဒီညီမတို့ဇနီးမောင်နှံနဲ့ ကျမ်းစာလေ့လာကြတယ်။ ခြောက်လလောက်ကြာပြီးတဲ့နောက် ရက်ခ်ရဲ့အမြွှာညီက သူ့ဘဝပုံစံကို ပြောင်းလဲဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားရတဲ့အတွက် ကျမ်းစာဆက်မသင်တော့ဘူး။ ရက်ခ်ကတော့ ၁ ကောရိန္သု ၆:၉၊ ၁၀ ကိုဖတ်ရတဲ့အခါ စိတ်ထိမိသွားပြီး ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းသဘောပေါက်သွားတယ်။ ကျမ်းစာကို ဇွဲရှိရှိ ဆက်လေ့လာတာ၊ ကျမ်းစာဖတ်တာ၊ ဆုတောင်းတာ၊ စည်းဝေးတက်တာတွေကြောင့် သူ့ဘဝကို သန့်စင်နိုင်ခဲ့တယ်။ ရက်ခ်ရဲ့အမေလည်း ကျမ်းစာလေ့လာပြီး တိုးတက်လာတယ်။ ရက်ခ်နှစ်ခြင်းခံချိန်မှာ သူ့အမေက “ကျွန်မရဲ့သား အခုလို ယောက်ျားတစ်ယောက်အနေနဲ့ နှစ်ခြင်းခံတာကို တွေ့ ရလို့ ဝမ်းသာလိုက်တာ” ဆိုပြီး မျက်ရည်စက်လက်နဲ့ပြောရှာတယ်။ အခုဆို ရက်ခ်ဟာ မှန်မှန်ရှေ့ဆောင်တစ်ယောက်အဖြစ် အမှုဆောင်နေတယ်။
နတ်ကတော်တစ်ယောက် ပြောင်းလဲလာ
အောယာဆိုတဲ့အမျိုးသမီးဟာ နတ်ကတော်တစ်ယောက်ဖြစ်တယ်။ သူက ဆေးကုတယ်။ အကြံဉာဏ်ပေးတယ်။ ဗေဒင်ဟောတယ်။ အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့က အထူးရှေ့ဆောင်မောင်နှံတစ်စုံဟာ တစ်အိမ်တက်ဆင်းလုပ်ငန်းမှာ အောယာနဲ့ဆုံခဲ့တယ်။ “ဘုရားသခင်အကြောင်းပြောမယ်ဆိုရင်တော့ ဝင်ခဲ့ပါ” လို့ သူပြောလိုက်တယ်။ သူ့တစ်အိမ်လုံးမှာ နတ်ဆိုးပညာ၊ ဂမ္ဘီရပညာနဲ့ပတ်သက်တဲ့ပစ္စည်းတွေအပြည့်ပဲ။ ဘုရားသခင်ဆီကသတင်းစကားတွေ ကြားရတယ်၊ တစ်ခါတလေ သေဆုံးသွားတဲ့ရဗ္ဗိဆရာတစ်ယောက်ရဲ့ “ဝိညာဉ်” ဆီကနေလည်း သတင်းစကားတွေရတယ်လို့ သူပြောတယ်။
ကျမ်းစာသွန်သင်ရာစာအုပ်နဲ့ ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းတာကို သူလက်ခံလိုက်တယ်။ သူ့ဆီကို ရှေ့ဆောင်မောင်နှံမရောက်လာခင် နှစ်ရက်အလိုမှာ သူက ရဗ္ဗိသွန်သင်ချက်တွေမပါဘဲ ကျမ်းစာသင်ပေးနိုင်မယ့်သူတစ်ယောက်ယောက်ကို စေလွှတ်ပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ကျမ်းစာသင်ပြီး တစ်လအတွင်းမှာ “ရှင်တို့နဲ့ယုံကြည်ခြင်းတူတဲ့သူတွေ ရှိသေးလား” လို့မေးတယ်။ အဲဒီနောက် စည်းဝေးတွေလိုက်တက်တဲ့အခါ ညီအစ်ကိုညီအစ်မတွေပြတဲ့ နွေးထွေးမှုနဲ့မေတ္တာကိုမြင်ပြီး အထင်ကြီးလေးစားသွားတယ်။ အဲဒီအချိန်ကစပြီး စည်းဝေးတွေကို မှန်မှန်တက်ရောက်ခဲ့တယ်။
“ကျွန်မနှစ်ခြင်းခံနိုင်အောင် ကျမ်းစာသင်ပေးဖို့ ရှင်တို့မှာ နှစ်လပဲကျန်တော့တယ်။”
ကျမ်းစာလေ့လာပြီးနှစ်လအကြာမှာ အောယာက လာမယ့်စည်းဝေးကြီးအကြောင်း ဒီလိုမေးတယ်– “စည်းဝေးကြီးတွေမှာ နှစ်ခြင်းခံလို့ရတယ်မဟုတ်လား။ ဒါဆို ကျွန်မနှစ်ခြင်းခံနိုင်အောင် ကျမ်းစာသင်ပေးဖို့ ရှင်တို့မှာ နှစ်လပဲကျန်တော့တယ်။” အောယာက ပထမအဆင့်အနေနဲ့ သူ့ရဲ့နတ်ဆိုးပညာနဲ့ဆိုင်တဲ့ တန်ဖိုးကြီးပစ္စည်းပစ္စယအားလုံးကို ပစ်ထုတ်လိုက်တယ်။ နတ်ကတော်အလုပ်ကို စွန့်လွှတ်လိုက်တယ်။ တခြားသူတွေကိုလည်း စပြီးသက်သေခံတယ်။ အရင်လူနာတွေနဲ့ဖောက်သည်တွေအားလုံးကို ကျမ်းစာသွန်သင်ရာစာအုပ်နဲ့ မဂ္ဂဇင်းတွေ ဝေငှတယ်။ သူနေမကောင်းဖြစ်တဲ့အခါတောင် အရင်နည်းတွေသုံးပြီး ဆေးမကုတော့ဘူး။ အရင်အလုပ်ကို ဆက်မလုပ်တော့တဲ့အတွက် လေးလလုံးလုံး ငွေပြတ်သွားတယ်။ ဒါတောင် ဘုရားရေးရာအလုပ်တွေအတွက် အချိန်ပေးနိုင်ဖို့ တစ်ပတ်မှာ လေးရက်၊ တစ်ရက်မှာ ခြောက်နာရီပဲ အလုပ်လုပ်ဖို့ သတ်မှတ်ခဲ့တယ်။ နောက်ဆုံး အဲဒီလိုအလုပ်မျိုး ရခဲ့တယ်။ အဲဒီနောက် သူ့အိမ်ကြီးကိုရောင်းပြီး တိုက်ခန်းလေးတစ်ခုမှာ ငှားနေခဲ့တယ်။
အချိန်တန်တော့ အောယာဟာ နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီလာတယ်။ ဒါပေမဲ့ နှစ်ခြင်းမခံခင် တစ်ပတ်အလိုမှာ ခြေထောက်ကျိုးသွားတယ်။ ဒါတောင် အောယာ လက်မလျှော့ပါဘူး။ ခြေထောက်ကို ကျောက်ပတ်တီးကိုင်ပြီး နှစ်ခြင်းခံခဲ့တယ်။ အခုဆို အောယာက အရင်ဖောက်သည်တွေကို သက်သေခံပြီး ကျမ်းစာသင်ပေးနေတဲ့ ကြေညာသူကောင်းတစ်ယောက်ဖြစ်နေပြီ။
ဂိုဏ်းသားတစ်ယောက် အမှန်တရားရှာတွေ့
ဖိလစ်ပိုင်နိုင်ငံက ဝေးလံတဲ့တောင်တန်းဒေသမှာနေထိုင်တဲ့ နားမကြားအမြွှာညီကိုနှစ်ယောက်က ကျမ်းစာစလေ့လာခဲ့တယ်။ သူတို့က အဆောင်လက်ဖွဲ့နဲ့လည်စည်းတွေဝတ်ထားသရွေ့ ဘယ်လက်နက်မှ အန္တရာယ်မပြုနိုင်ဘူးလို့ယုံကြည်တဲ့ ဂိုဏ်းသားတွေဖြစ်တယ်။ ဓားမြှောင်တွေ၊ ဓားမတွေနဲ့ သေနတ်တွေကို သုံးတတ်ဖို့ လေ့ကျင့်ခံထားရသူတွေ၊ တောင်ပေါ်ဓားပြအုပ်စုတွေနဲ့ မကြာခဏ တိုက်ခိုက်ဖူးသူတွေဖြစ်တယ်။ ဂိုဏ်းက သူတို့ကို ကျမ်းစာလေ့လာဖို့ ခွင့်ပြုတယ်။ ဘာကြောင့်လဲဆိုတော့ သက်သေခံတွေက ဂိုဏ်းကနေထွက်ဖို့ သူတို့ကို ဖိအားပေးမှာမဟုတ်မှန်း သိထားလို့ပဲ။
သက်သေခံတွေက သူတို့ကို ကျမ်းစာအသိပညာကိုအခြေခံပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ပဲ အားပေးတယ်။ အမြွှာတစ်ယောက်က သူ့ဘဝကို ဘုရားသခင်နှစ်သက်တဲ့ပုံစံအတိုင်း မပြောင်းလဲနိုင်ဘူးလို့ခံစားရပေမဲ့ နောက်တစ်ယောက်ကတော့ ကျမ်းစာဆက်လေ့လာတယ်။ သူ့ကိုကျမ်းစာသင်ပေးတဲ့ညီကိုက ကျမ်းစာဖွင့်ပြီး လက်သင်္ကေတစကားနဲ့ ဒီလိုအားပေးတယ်– “ရှမွေလဆိုတဲ့ ခင်ဗျားနာမည်က ကျမ်းစာထဲမှာပါတယ်။ ကျမ်းစာထဲက ရှမွေလဟာ အသက်ကြီးတဲ့အချိန်အထိ စစ်မှန်တဲ့ဘုရားသခင်ယေဟောဝါကို ကိုးကွယ်ခဲ့တယ်။ ခင်ဗျားလည်း ယေဟောဝါကို သစ္စာရှိရှိနာခံနိုင်ပါတယ်။” အဲဒီစကားကြောင့် ရှမွေလ စိတ်ထိမိသွားတယ်။ “ကျမ်းစာထဲမှာ ငါ့နာမည်ပါနေမှတော့ ယေဟောဝါဘက် ငါရပ်တည်ရမှာပေါ့” လို့သူတွေးမိတယ်။ အဲဒီနောက် သူက ဂိုဏ်းထဲက နုတ်ထွက်လိုက်ပြီဆိုတဲ့အကြောင်း သူ့ဂိုဏ်းသားတွေကို အသိပေးလိုက်တယ်။ သူ့ရဲ့အဆောင်လက်ဖွဲ့တွေ၊ နတ်ဆိုးပညာနဲ့ဆိုင်တဲ့ပစ္စည်းအားလုံးကို မီးရှို့ပစ်လိုက်ပြီး နောက်ပိုင်းမှာ အမြန်တိုးတက်လာတယ်။ အခုဆိုရင် သူဟာ နှစ်ခြင်းခံပြီးတဲ့ ယေဟောဝါသက်သေတစ်ယောက်ဖြစ်နေပြီ။ နားမကြားသူတွေကို ကျမ်းစာအမှန်တရားသိလာအောင် ဇွဲရှိရှိကူညီပေးနေတယ်။
ဆန့်ကျင်ဖိနှိပ်ခံရတဲ့ ကလေးတစ်ယောက်
မွန်ဂိုးလီးယား၊ အာဒီနက်မြို့– ဝေးလံတဲ့လွင်ပြင်ဒေသမှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်နဲ့ ကျမ်းစာသင်နေ
ရာဂျစ်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဝေးလံတဲ့ရွာလေးတစ်ရွာမှာ နေထိုင်တယ်။ သူက အသက်ကိုးနှစ်အရွယ်၊ လေးတန်းကျောင်းသားဖြစ်တယ်။ ယေဟောဝါသက်သေဖြစ်တဲ့ သူ့ဆရာမက ကြီးမြတ်သောဆရာထံမှ သင်ယူပါ စာအုပ်ကိုသုံးပြီး ကလေးတွေ စာရိတ္တကောင်းအောင် သင်ပေးတယ်။ ရာဂျစ်က သိလာတာတွေကို သိပ်နှစ်သက်တဲ့အတွက် လက်တွေ့ ကျင့်သုံးတယ်။ သူက လိမ်မပြောတော့ဘူး၊ အတန်းဖော်တွေနဲ့ရန်မဖြစ်တော့ဘူး၊ နေ့လယ်စာမပါလာတဲ့သူတွေကိုလည်း နေ့လယ်စာ မျှကျွေးတယ်ဆိုတဲ့အကြောင်း ဆရာမကို ပြောပြတယ်။
“ကျွန်တော့်ခေါင်းကို ရုပ်တုရှေ့မှာဦးချအောင် လုပ်နိုင်ပေမဲ့ ကျွန်တော့် စိတ်နှလုံးကိုတော့ ဦးချအောင် လုပ်နိုင်မှာမဟုတ်ဘူး”
ကမ္ဘာ့ပရဒိသုအကြောင်း ပိုသိလာတဲ့အခါ သူ့ရွာသားတွေနဲ့ ရထားစီးဖော်တွေကို ပြောပြတော့တယ်။ အဲဒီအတွက် သူ့မိဘတွေက စိတ်ဆိုးပြီး ရှက်ကြတယ်။ ယေဟောဝါနဲ့ယေရှုအကြောင်း ဆက်မပြောဖို့ သူ့ကိုတားကြတယ်။ ဒါပေမဲ့ သူက ဆက်ပြောတဲ့အတွက် သူ့ကိုရိုက်တယ်။ ကျောင်းကပြန်လာတဲ့အခါ အဝတ်လဲပြီး တခြားသူတွေဆီ သွားမဟောနိုင်ဖို့ သူ့အမေက သူ့အဝတ်တွေကို ဝှက်ထားတယ်။ ညဘက်တွေမှာ အိပ်ရာပေါ်အိပ်ခွင့်မပေးဘူး။ ထမင်းလည်း ဝအောင်မကျွေးဘူး။ ဒါတွေလုပ်တာတောင် သူ့ကို တားဆီးလို့မရတဲ့အခါ သူ့ကိုစိတ်ပြောင်းသွားအောင်လုပ်ပေးဖို့ ဘုန်းကြီးတစ်ပါးကို ပင့်တယ်။
ဘုန်းကြီးက သူတို့အိမ်မှာ ရက်အတော်ကြာနေပြီး ရာဂျစ်ကို ရုပ်တုရှေ့မှာ အတင်းဦးချခိုင်းတယ်။ ဒီရုပ်တုက ကျောက်တုံးပဲ၊ အသက်ရှင်တဲ့ဘုရားမဟုတ်ဘူးလို့ ရာဂျစ်ပြောတဲ့အခါ ဘုန်းကြီးက ‘စိတ်ထဲမှာအာရုံပြုပြီး မြင်အောင်ကြည့်။ ဒါမှ ရုပ်တုကို ဘုရားအဖြစ် မင်းမြင်လာလိမ့်မယ်’လို့ပြန်ပြောတယ်။ အဲဒီအခါ ရာဂျစ်က စာရွက်တစ်ရွက်ပေါ်မှာ “ရူပီး ၁၀၀” လို့ ရေးလိုက်တယ်။ အဲဒီနောက် ဘုန်းကြီးကိုပေးပြီး ဒီစာရွက်နဲ့ချောကလက်ဝယ်ခဲ့ဖို့၊ ပိုတဲ့အကြွေကို ပြန်ယူခဲ့ဖို့ ပြောတယ်။ ဘုန်းကြီးက ဒါက စာရွက်ပဲ၊ တန်ဖိုးမှမရှိတာ၊ ဒါနဲ့ သွားဝယ်ရအောင် ငါ့ကို အရူးများမှတ်နေလားလို့ ပြန်ပြောတယ်။ အဲဒီအခါ ရာဂျစ်က “စိတ်ထဲမှာအာရုံပြုပြီး မြင်အောင်ကြည့်ပါ။ ဒါမှ စာရွက်ကို တကယ့်ပိုက်ဆံအဖြစ် မြင်လာလိမ့်မယ်” လို့ပြန်ပြောတယ်။ ဘုန်းကြီးက ဒေါသထွက်ပြီး ရာဂျစ်ရဲ့ခေါင်းကို ရုပ်တုရှေ့ အတင်းဖိချတယ်။ ရာဂျစ်က “ကျွန်တော့်ခေါင်းကို ရုပ်တုရှေ့မှာဦးချအောင် လုပ်နိုင်ပေမဲ့ ကျွန်တော့်စိတ်နှလုံးကိုတော့ ဦးချအောင် လုပ်နိုင်မှာမဟုတ်ဘူး” လို့ ဘုန်းကြီးကို ပြန်ပြောတယ်။ နောက်ဆုံး ဘုန်းကြီးက ‘ဒီကလေးကိုပြောင်းလဲအောင် ငါလုပ်နိုင်မှာမဟုတ်ဘူး။ ဒီမှာသာ ဆက်နေရင် ငါ့ယုံကြည်ခြင်းတောင် ပျောက်သွားနိုင်တယ်’ လို့ပြောပြီး ထွက်သွားတယ်။ အဲဒီနောက် မိဘတွေက ရာဂျစ်ကို ကျောင်းပြောင်းပေးလိုက်တယ်။ ဒါပေမဲ့ သူကတော့ ယေဟောဝါနဲ့ပရဒိသုအကြောင်း နားထောင်သူမှန်သမျှကို ဆက်ဟောနေတုန်းပဲ။ အခု ဆယ်နှစ်ရှိပြီဖြစ်တဲ့ ရာဂျစ်ဟာ ယုံကြည်ခြင်းခိုင်မာနိုင်ဖို့ ယေဟောဝါကို ဆက်ပြီးအားကိုးနေတယ်။
သူရှာနေတာ ဒီကျမ်းစာပဲ
ညီမလာရီဆာဟာ အာမေးနီယားနိုင်ငံက စာအုပ်ဆိုင်တစ်ဆိုင်မှာ အလုပ်သမားတစ်ယောက်ကို ဟောပြောနေတုန်း အမျိုးသမီးတစ်ယောက်ဝင်လာပြီး ဒီမှာ “ကမ္ဘာသစ်” ဘာသာပြန်ကျမ်းစာ ရနိုင်မလားလို့ အရောင်းစာရေးကိုမေးတယ်။ အဲဒီကျမ်းစာတော့မရှိပေမဲ့ တခြားအာမေးနီးယားကျမ်းစာရှိတယ်လို့ အရောင်းစာရေးက ပြန်ဖြေတယ်။ “အဲဒီကျမ်းစာက နားလည်လွယ်ရဲ့လား” လို့ အမျိုးသမီးကမေးတယ်။ အရောင်းစာရေးက ကျမ်းချက်တချို့ဖတ်ပြပြီး “နားလည်လွယ်မယ့်ပုံပါပဲ” လို့ပြန်ပြောတယ်။ အမျိုးသမီးက သိပ်မယုံတဲ့ပုံနဲ့ “ကမ္ဘာသစ်” ဘာသာပြန်ကျမ်းကိုပဲ လိုချင်တယ်လို့ ပြောတယ်။ လာရီဆာက သူ့အိတ်ထဲမှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းစာပါလာတာကို သတိရသွားတယ်။ အမျိုးသမီးကိုပြပြီး ခေါင်းစဉ်ကိုဖတ်ခိုင်းတဲ့အခါ ကမ္ဘာသစ်ဘာသာပြန်ကျမ်းစာပဲဆိုတာ သူသိသွားတယ်။ သူရှာနေတာ ဒီကျမ်းစာပဲ။
သူ့သမီးနဲ့သမက်က ဂရိနိုင်ငံမှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာနေတဲ့အကြောင်း အမျိုးသမီးက ပြောပြတယ်။ ဒါပေမဲ့ သူတို့က ဂရိစကားမတတ်တဲ့အတွက် သူတို့ဆီလာလည်တဲ့အခါ အာမေးနီးယားကမ္ဘာသစ်ဘာသာပြန်ကျမ်းစာကို ယူလာပေးဖို့ သူ့ကိုမှာထားတယ်။ လာရီဆာက ကျမ်းစာကို အဲဒီအမျိုးသမီးလက်ထဲ ထည့်ပေးပြီး “ဒါက ယေဟောဝါပေးတဲ့လက်ဆောင်ပဲလို့ပြောပြီး သူတို့ကို ပေးလိုက်ပါ” လို့ပြောလိုက်တယ်။ လာရီဆာက အမျိုးသမီးကို ကျမ်းစာသင်ပေးလို့ရမလားလို့ ကမ်းလှမ်းတဲ့အခါ သူသိပ်ဝမ်းသာသွားတယ်။ အမျိုးသမီး ဂရိကနေ ပြန်လာတာနဲ့ ကျမ်းစာစလေ့လာနိုင်ဖို့ ဖုန်းနံပါတ်တွေ ယူထားလိုက်ကြတယ်။
ဥရောပ
နိုင်ငံပေါင်း ၄၇
လူဦးရေ ၇၃၈,၆၇၉,၁၉၈
ကြေညာသူပေါင်း ၁,၅၉၅,၈၈၈
ကျမ်းစာသင်အံမှုပေါင်း ၈၄၁,၂၆၀
သူ ပိုက်ဆံအိတ်ပြန်ပေး
ဘော့စနီးယားနိုင်ငံက နီနာဆိုတဲ့ မှန်မှန်ရှေ့ဆောင်ညီမတစ်ယောက်ဟာ ရိုမာလူမျိုးမိသားစုတစ်စုကို ကျမ်းစာသင်ပေးတယ်။ တစ်နေ့မှာ လမ်းလျှောက်သွားနေတုန်း သူတို့ရဲ့ဆယ်နှစ်အရွယ်သမီးလေးက ပိုက်ဆံတွေ၊ အကြွေးဝယ်ကဒ်တွေ၊ စာရွက်စာတမ်းတွေပါတဲ့ ပိုက်ဆံအိတ်တစ်အိတ်ကောက်ရတယ်။ အမှန်တရားမသိခင်ကဆိုရင်တော့ လက်ဆောင်အဖြစ် ကောက်ရတာလို့ယူဆပြီး ယူထားလိုက်မှာ။ ဒါပေမဲ့ အခုတော့ သမီးလေးက သူ့အမေကိုပြောပြပြီး ပိုက်ဆံအိတ်ကို ရဲလက်ထဲအပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့မိသားစုက ဆင်းရဲပြီး ပေါင်မုန့်ဝယ်ဖို့တောင် ပိုက်ဆံမရှိဖြစ်နေချိန်မှာ ဒီလိုပြန်ပေးဖို့ဆုံးဖြတ်လိုက်တာဟာ တကယ့်ကိုထူးခြားတယ်။ အံ့သြနေတဲ့ရဲလက်ထဲ ပိုက်ဆံအိတ်ကိုပေးပြီးတဲ့နောက် နှစ်နာရီလောက်အကြာမှာ ရဲစခန်းကိုပြန်လာဖို့ ဖုန်းလာတယ်။ ရဲစခန်းရောက်တော့ ပိုက်ဆံအိတ်ပိုင်ရှင်က သူတို့ကို ကျေးဇူးတင်စကားပြောဖို့၊ ကျေးဇူးဆပ်ဖို့ စောင့်နေတယ်။ သူက ဒေါ်လာ ၃၀ နဲ့ညီမျှတဲ့ ငွေကိုပေးတယ်။ အဲဒါက နှစ်ရက်စာလုပ်အားခလောက်ရှိတယ်။
ခေါင်းစဉ်ကြောင့် စိတ်ဝင်စားသွား
ဖရိုးကျွန်းစု၊ ယော့ဂ်ရွာ– ဒီကျွန်းစုမှာ ၂၀၁၂ တုန်းက အများဆုံး ကြေညာသူ ၁၁၈ ယောက်ရှိခဲ့
ဘော့စနီးယားနိုင်ငံမှာနေထိုင်တဲ့ ညီကိုနီဟတ်က အမှုဆောင်ပြီးသွားလို့ သူ့ကားဆီပြန်လာတဲ့အခါ လူတစ်ယောက် ကားနားမှာ ရပ်စောင့်နေတာကို တွေ့လိုက်တယ်။ နီဟတ်က သူ့ကို နှုတ်ဆက်လိုက်တော့ သူက “ခင်ဗျားကားထဲမှာ ‘ဖခင်ကောင်းတစ်ယောက်ဖြစ်နိုင်ပုံ’ ဆိုတဲ့ခေါင်းစဉ်ပါတဲ့ မဂ္ဂဇင်းတစ်စောင်ကို ကျွန်တော်တွေ့လိုက်တယ်။ အဲဒီမဂ္ဂဇင်းကို လိုချင်လို့ စောင့်နေတာ တစ်နာရီလောက်ရှိနေပြီ။ ပေးဖတ်ပါလား” လို့ပြောတယ်။ နီဟတ်လည်း ဝမ်းသာအားရနဲ့ မဂ္ဂဇင်းပေးပြီး သက်သေခံလိုက်တယ်။
ရေနံတင်သင်္ဘောသားတွေ နှစ်သိမ့်မှုရခဲ့
နယ်သာလန်နိုင်ငံ၊ ရော်တာဒမ်ဆိပ်ကမ်းမှာ ဟောပြောနေတဲ့မောင်နှံတစ်စုံက ရေနံတင်သင်္ဘောတစ်စင်းပေါ် တက်သွားတဲ့အခါ စိတ်ညစ်နေတဲ့ သင်္ဘောသားတစ်စုနဲ့ဆုံခဲ့တယ်။ အင်ဂျင်နီယာချုပ်က သူတို့သင်္ဘောဟာ ပြဿနာတွေဆက်တိုက်ကြုံနေရတယ်၊ တိုက်မိလုနီးပါးဖြစ်ခဲ့ပြီး အပျက်အစီးတွေများနေတယ်လို့ မျက်ရည်ဝဲပြီးပြောတယ်။ “ကျွန်တော်တို့အတွက် ဆုတောင်းပေးပါလား” လို့ သူတောင်းဆိုတဲ့အခါ အဲဒီမောင်နှံက အားရှိစရာကျမ်းစာဟောပြောချက်တစ်ခု လာပေးပါ့မယ်လို့ ပြောတယ်။ နောက်တစ်ရက် ညနေခုနစ်နာရီမှာ တခြားစုံတွဲနှစ်တွဲနဲ့ကြေညာသူတွေဟာ သင်္ဘောဦးပိုင်းမှာ စုဝေးကြတယ်။ သင်္ဘောသား ၁၆ ယောက်ထဲက ၁၅ ယောက် တက်ရောက်ခဲ့တယ်။ အဖွင့်ဆုတောင်းချက်ပြီးတဲ့နောက် ညီကိုတစ်ယောက်က “ဘေးအန္တရာယ်တွေက ဘုရားသခင့်လက်ချက်လား” ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောချက်တစ်ခုပေးခဲ့တယ်။ ကြေညာသူတွေက ကျမ်းစာအပိုတွေယူလာပြီး အားလုံးကို ကျမ်းစာကြည့်နိုင်အောင် ဖွင့်ပြပေးတဲ့အတွက် သင်္ဘောသားတွေက ကျမ်းချက်တိုင်းကို လိုက်ကြည့်နိုင်ခဲ့ကြတယ်။ နိဂုံးချုပ်ဆုတောင်းပြီးတဲ့နောက် သင်္ဘောသားအားလုံးက ဆက်ထိုင်ပြီး ညီအစ်ကိုတွေနဲ့ စကားပြောခဲ့ကြတယ်။ သူတို့စိတ်သက်သာမှုရတဲ့အတွက် ကျေးဇူးတင်ခဲ့ကြတယ်။ “ဒါဟာ ကျွန်တော်တို့ဆုတောင်းချက်အတွက် အဖြေပဲ” လို့ သူတို့ထဲက တစ်ယောက်က ပြောတယ်။ သင်္ဘောသားတွေက ကျမ်းစာနဲ့တခြားစာပေတွေအပြင် စာအုပ်ပေါင်း ၂၀ လက်ခံခဲ့ကြတယ်။ သင်္ဘောကပ္ပတိန်က ကြေညာသူတွေကို စာပေတွေအတွက် အလှူငွေအဖြစ် ဒေါ်လာ ၂၀၀ ပါတဲ့စာအိတ်ကို ပေးခဲ့တယ်။
ကူညီပေးနိုင်ဖို့ သူ ဆုတောင်းခဲ့
ဆွီဒင်နိုင်ငံမှာနေထိုင်တဲ့ ညီမအီရယ်နီ ဒီလိုရေးခဲ့တယ်– “ကျွန်မက အသက် ၈၀ ရှိပြီ။ နာကျင်ကိုက်ခဲနေလို့ အမှုဆောင်မထွက်နိုင်ဘူး။ ဒါကြောင့် အရင်က လည်ပတ်ခဲ့ဖူးတဲ့၊ အခု ကျမ်းစာပြန်သင်ချင်တဲ့သူတစ်ယောက်ယောက်ကို ကူညီပေးချင်တယ်ဆိုပြီး ယေဟောဝါဆီ ကျွန်မဆုတောင်းခဲ့တယ်။
“တစ်နေ့၊ ဖုန်းမြည်လာတဲ့အခါ ကျွန်မယောက်ျား ဖုန်းကိုင်လိုက်တယ်။ ဖုန်းထဲက အမျိုးသမီးက သူ့ကို ဒီလိုပြောတယ်– ‘ရှင်တို့ကိုပဲ ကျွန်မမှတ်မိတဲ့အတွက် အခုလိုဖုန်းခေါ်လိုက်တာပါ။ ရှင့်အမျိုးသမီးက ကျမ်းစာအကြောင်းဆွေးနွေးဖို့ ကျွန်မဆီလာနိုင်မလား။ လွန်ခဲ့တဲ့ ၁၅ နှစ်၊ အနှစ် ၂၀ လောက်တုန်းက ကျွန်မကျမ်းစာသင်ဖူးတယ်။ ဒါပေမဲ့ ဆုံးသွားပြီဖြစ်တဲ့ ကျွန်မရဲ့ယောက်ျားက အဲဒီတုန်းက ဆန့်ကျင်တဲ့အတွက် ဆက်မသင်ဖြစ်တော့တာ။’
“သူ့ကိုကျမ်းစာသင်ပေးတဲ့ညီမနဲ့ သူ့ဆီလိုက်သွားဖူးတာကို ကျွန်မမှတ်မိတယ်။ ကျွန်မကို သူမှတ်မိနေတဲ့အတွက် အံ့သြလိုက်တာ။ သူနဲ့တွေ့ ဖို့ ဝမ်းသာအားရစီစဉ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်မတို့ အပတ်တိုင်း ကျမ်းစာလေ့လာကြတယ်။ သူက အောက်မေ့ရာပွဲနဲ့ အထူးဟောပြောချက်ကို တက်ရောက်ခဲ့ပြီး ပတ်စဉ်စည်းဝေးတွေကိုလည်း တက်ရောက်နေပြီ။ ကျွန်မဆုတောင်းချက်ကို အဖြေပေးခဲ့လို့ ယေဟောဝါကို နေ့တိုင်း ကျေးဇူးတင်နေမိတယ်။”
အလှူငွေပုံးထဲထည့်လို့မရတဲ့ ချောကလက်
အီတလီနိုင်ငံမှာနေထိုင်တဲ့ အသက်ရှစ်နှစ်အရွယ်စာဂျိုဟာ နှစ်ခြင်းမခံသေးတဲ့ကြေညာသူဖြစ်ဖို့ အသင့်ဖြစ်နေပြီဆိုတာ အကြီးအကဲတွေကို ပြချင်တယ်။ တစ်နေ့၊ အသက် ၇၀ ကျော်မောင်နှံတစ်စုံရဲ့အိမ်သော့ကို ပြင်ပေးဖို့ သူ့အဖေသွားတဲ့အခါ သူလည်း လိုက်သွားတယ်။ စာဂျိုက မဂ္ဂဇင်းတစ်စုံထည့်သွားတယ်။ သူဒီလိုပြောပြတယ်– “ကျွန်တော်က အဖေအလုပ်လုပ်နေတုန်း အန်ကယ်ကြီးကို မဂ္ဂဇင်းဝေလိုက်တယ်။ သူက အံ့ဩသွားပြီး သူ့မိန်းမကို ခေါ်ပြတယ်။ အဲဒီနောက် သူတို့ဆီပြန်လည်ပတ်နိုင်ဖို့ သူတို့နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်ကိုယူထားလိုက်တယ်။ အန်တီကြီးက နာမည်လိပ်စာတွေကိုပေးပြီး ချောကလက်အပြားကြီးကြီးတစ်ခုကိုပေးတယ်။” နောက်ရက်အနည်းငယ်အကြာမှာ စာဂျိုနဲ့အကြီးအကဲတစ်ယောက်က သူတို့ဆီ ပြန်လည်ပတ်တယ်။ စာဂျိုက တံခါးခေါင်းလောင်းနှိပ်လိုက်တော့ အန်တီကြီး ထွက်လာတယ်။ သူက သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို ပေးချင်လို့ပါလို့ပြောတော့ အန်တီကြီးက ယူထားလိုက်ပြီး နောက်ချောကလက်တစ်ပြား ပေးပြန်တယ်။ “ချောကလက်ကို အလှူငွေပုံးထဲထည့်မရတော့ ကျွန်တော်စားပစ်လိုက်တယ်” လို့ စာဂျိုပြောတယ်။ “နောက်ဆုံးတော့ အကြီးအကဲတွေက ကျွန်တော် ကြေညာသူ ဘယ်လောက်ဖြစ်ချင်နေမှန်း သိသွားကြတယ်” လို့ သူဆက်ပြောတယ်။
ကျမ်းစာအကြောင်းပိုသိချင်တဲ့ ဓမ္မဆရာ
ဆီမီယန်ဟာ ဘူလ်ဂေးရီးယားနိုင်ငံ၊ ဂါကိုဗိုမြို့ကချာ့ချ်မှာ ဓမ္မဆရာတစ်ယောက်ဖြစ်တယ်။ အဲဒီမြို့မှာ သက်သေခံတစ်ယောက်မှ မရှိဘူး။ သူက ကျမ်းစာကိုဖတ်ပြီး ကျမ်းစာသွန်သင်ချက်နဲ့ ချာ့ချ်သွန်သင်ချက် မတူတာကို သတိထားမိတယ်။ တစ်နေ့၊ ရထားနဲ့ ခရီးသွားနေတုန်း သက်သေခံတွေရဲ့မဂ္ဂဇင်းတချို့ကို ရလိုက်တယ်။ ယေဟောဝါက စစ်မှန်တဲ့ဘုရားသခင်ဖြစ်ပြီး သုံးပါးတစ်ဆူမဟုတ်ဘူးဆိုတာကို သိသွားတဲ့အတွက် သူသိပ်ပျော်သွားတယ်။ ထပ်သိချင်တဲ့အတွက် ဌာနခွဲရုံးနဲ့ သူသိသမျှချာ့ချ်တွေဆီ စာရေးခဲ့တယ်။ ချာ့ချ်တစ်ခုကပဲ သူ့ကို စာပြန်ပြီး “အဲဒီလိုအဓိပ္ပာယ်မရှိတာတွေ” ကို စဉ်းစားမနေပါနဲ့လို့ပြောတယ်။ ဌာနခွဲရုံးကတော့ သက်သေခံနှစ်ယောက်ကို မိုင် ၂၀ ဝေးတဲ့ ကာဇန်လတ်မြို့ကနေ သူ့ဆီလာဖို့ စီစဉ်ပေးခဲ့တယ်။ သူတို့က ဆီမီယန်နဲ့သူ့မိသားစုကို ကျမ်းစာသင်ပေးခဲ့တယ်။ ဆီမီယန်က သူသိလာတာတွေကို သိပ်နှစ်သက်တဲ့အတွက် အိမ်နီးချင်းနဲ့မိတ်ဆွေတွေကို လာနားထောင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ မကြာခင် လူ ၂၅ ယောက်က ပတ်စဉ်ကျမ်းစာလေ့လာမှုမှာ ပါဝင်လာတယ်။ ကျမ်းစာဆွေးနွေးခန်းတစ်ခုကို ဦးဆုံးအကြိမ်တက်ပြီးတဲ့နောက် အသက် ၇၅ နှစ်အရွယ် အဖွားတစ်ယောက်က “ချာ့ချ်တက်ခဲ့တဲ့နှစ်ပေါင်း ၃၀ ထက် အခုတစ်နာရီအတွင်းမှာ ကျမ်းစာအကြောင်း အများကြီးပိုသိလာတယ်” လို့ မျက်ရည်ဝဲပြီးပြောတယ်။ ကာဇန်လတ်မြို့က ညီအစ်ကိုတွေက ဂါကိုဗိုမြို့မှာ တစ်လတစ်ကြိမ် စည်းဝေးကျင်းပပေးတိုင်း လူ ၆၀ ကျော်တက်ရောက်ပြီး အောက်မေ့ရာပွဲကို လူ ၇၉ ယောက် တက်ရောက်ခဲ့တယ်။
“ချာ့ချ်တက်ခဲ့တဲ့နှစ်ပေါင်း ၃၀ ထက် အခုတစ်နာရီအတွင်းမှာ ကျမ်းစာအကြောင်း အများကြီး ပိုသိလာတယ်”
“ဒီလမ်းစဉ်အတိုင်း အသက်ရှင်နေထိုင်ဖို့ ဆက်ကြိုးစားပါ”
ယူကရိန်းနိုင်ငံက အသက် ၁၅ နှစ်အရွယ် ညီမဗာလ်ယာဟာ တစ်နေ့မှာ သူ့ဆရာမက ကျောင်းကို အနက်ရောင်ဝတ်စုံဝတ်လာပြီး ငိုနေတာကို သတိထားမိတယ်။ ဆရာမရဲ့အမေ ဆုံးသွားတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ဗာလ်ယာက ရှင်ပြန်ထမြောက်ခြင်းအကြောင်းပါတဲ့ ကျမ်းချက်တွေနဲ့ ဆရာမကို နှစ်သိမ့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဗာလ်ယာက ကျွန်ုပ်တို့သေဆုံးသောအခါ ဘာဖြစ်သွားသနည်း၊ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဆိုတဲ့ ဘရိုရှာနှစ်စောင်နဲ့ ကျမ်းစာတစ်အုပ် ကျောင်းကိုယူသွားလိုက်တယ်။ ကျောင်းဆင်းချိန်မှာ ဆရာမဆီသွားတယ်။ “ရုံးခန်းအဝမှာ စောင့်နေတုန်း ကျွန်မရင်တုန်လိုက်တာ။ ဒါနဲ့ ကျွန်မကို ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းလိုက်တယ်” လို့ သူပြောတယ်။
ဗာလ်ယာက ဆရာမရုံးခန်းထဲဝင်သွားတော့ ဆရာမက “သမီး ဘာပြောချင်လို့လဲ” လို့ မေးတယ်။
“လွန်ခဲ့တဲ့နှစ်တွေမှာ သမီးရဲ့အဖိုးလည်း ဆုံးသွားတယ်။ ဒါကြောင့် ဆရာမ ဘယ်လောက်ဝမ်းနည်းနေမယ်ဆိုတာ သမီးကိုယ်ချင်းစာတဲ့အတွက် ဆရာမကို နှစ်သိမ့်ပေးချင်လို့ပါ” ဆိုပြီး သူပြန်ဖြေတယ်။
ဂျော်ဂျီယာ– စပျစ်ခြံတစ်ခြံမှာ သက်သေခံနေ
ဗာလ်ယာရဲ့ဂရုစိုက်မှုကြောင့် ဆရာမ စိတ်ထိမိသွားတယ်။ သူ့ဆွေမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေတောင် သူ့ကို အခုလို စာနာတဲ့စကားပြောဖော်မရဘူးလို့ ငိုပြီးပြောတယ်။ အဲဒီအခါ ဗာလ်ယာက ဗျာဒိတ် ၂၁:၃၊ ၄ ကို ဖတ်ပြီး ရှင်းပြတယ်။ ဆရာမက ဘရိုရှာတွေကို ယူထားလိုက်ပြီး “သမီးက တခြားကျောင်းသားတွေနဲ့ သိပ်ကွာတယ်” လို့ပြောတယ်။
ဗာလ်ယာက “သမီးက ကျမ်းစာကိုဖတ်ပြီး အဲဒီအတိုင်းနေထိုင်ဖို့ ကြိုးစားတယ်။ မိဘစကားကိုလည်း နားထောင်တယ်” လို့ရှင်းပြတယ်။
ဗာလ်ယာက ဆရာမတောင်းဆိုတဲ့အတွက် ကျမ်းစာတစ်အုပ်နဲ့ ကျမ်းစာသွန်သင်ရာစာအုပ်ကို ယူလာပေးတယ်။ ဆရာမက ကျေးဇူးတင်စကားပြောပြီး “သမီးရဲ့ဘာသာက စစ်မှန်တဲ့ဘာသာပဲ။ မိဘတွေကလည်း မှန်ရာကိုလုပ်ဖို့ သင်ပေးကြတယ်။ ဒီလမ်းစဉ်အတိုင်း အသက်ရှင်နေထိုင်ဖို့ ဆက်ကြိုးစားပါ” လို့ပြောခဲ့တယ်။
ဖုန်းနံပါတ် မှားနှိပ်ခဲ့
ဂရိနိုင်ငံ၊ မလာကာဆာမြို့မှာကျင်းပတဲ့ ၂၀၁၁ ခရိုင်စည်းဝေးကြီးရဲ့ပထမနေ့မှာ ညီမနာတလီက စည်းဝေးကြီးကိုသွားမယ့် ဘတ်စကားအကြောင်းမေးဖို့ သူ့အဖေကို ဖုန်းခေါ်ခဲ့တယ်။ ဒါပေမဲ့ ဖုန်းနံပါတ်မှားနှိပ်မိပြီး ဘယ်သူမှ ဖုန်းမကိုင်ဘူး။ ခဏကြာတော့ နာတလီမှားခေါ်မိတဲ့လူက ဘယ်သူဖုန်းဆက်မှန်းသိချင်လို့ ပြန်ဖုန်းဆက်လာတယ်။ စည်းဝေးကြီးအစီအစဉ်စနေပြီဖြစ်လို့ နာတလီက ဖုန်းပိတ်လိုက်တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ မှားနှိပ်မိတဲ့အတွက် ဖုန်းကမပိတ်ဘဲ လိုင်းပွင့်သွားတယ်။ ဒါကြောင့် တစ်ဖက်လူက သဘာပတိဟောပြောချက်ကိုကြားပြီး စိတ်ဝင်စားသွားတယ်။
အဲဒီနောက် သူက “ခင်ဗျား ဘယ်သူလဲ။ ဓမ္မဆရာလား” ဆိုပြီးမက်ဆေ့ချ်ပို့လိုက်တယ်။ နာတလီက မနက်ပိုင်းအစီအစဉ်ပြီးချိန်မှာ အဲဒီမက်ဆေ့ချ်ကို တွေ့သွားပြီး “ကျွန်မက ဓမ္မဆရာမဟုတ်ပါဘူး။ ယေဟောဝါသက်သေတစ်ယောက်ပါ။ စည်းဝေးကြီးတက်နေတာပါ” လို့ ပြန်ရေးပို့လိုက်တယ်။
စကော့တလန်၊ ပစ်တန်၀မ်ဆိပ်ကမ်း– သင်္ဘောဆိပ်တစ်ခုမှာ ဟောပြောနေ
စနေနေ့မှာ အဲဒီလူက စည်းဝေးကြီးကျင်းပနေတုန်းပဲလားဆိုတာမေးဖို့ ပြန်ဖုန်းဆက်ခဲ့တယ်။ နာတလီရဲ့အဖေက သူ့ကို သက်သေခံတဲ့အခါ သူက “မိနစ်အနည်းငယ်အတွင်းမှာကြားရတဲ့ ဟောပြောချက်က ကျွန်တော့်ကို စိတ်အနှောင့်အယှက်ပေးနေတဲ့ မေးခွန်းတွေကို အဖြေပေးခဲ့တယ်” လို့ပြောတယ်။ ဖြစ်ချင်တော့၊ သူ့ရဲ့မိသားစုက နတ်ဆိုးနှောင့်ယှက်တာကို ခံနေရပြီး နတ်ဆိုးတွေက ဘယ်သူတွေလဲ၊ ဘာကြောင့် ဒီလိုဒုက္ခပေးတာလဲဆိုတာ စဉ်းစားမရဖြစ်နေတယ်။ “အရင်က ယေဟောဝါသက်သေတွေကို ကျွန်တော် လုံးဝစကားမပြောချင်ဘူး။ ဒါပေမဲ့ အခု ဖြစ်နိုင်ရင် အဲဒီဟောပြောချက်ပေးတဲ့သူနဲ့ စကားပြောလို့ရမလား” လို့သူမေးတယ်။
တနင်္ဂနွေနေ့မှာ သူက စည်းဝေးလာတက်ပြီး သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့မိသားစုတွေ၊ ပြုံးပျော်နေသူတွေကို တွေ့ ရလို့ အံ့ဩသွားတယ်။ အမှိုက်တွေပွနေတာ၊ ဆဲဆိုတာ၊ ဆေးလိပ်သောက်တာတွေ မရှိဘူး။ “ခင်ဗျားတို့လိုလူမျိုး ဒီကမ္ဘာပေါ်မှာ ရှိနေလိမ့်မယ်လို့ တစ်ခါမှ မတွေးမိဘူး။ တခြားကမ္ဘာတစ်ခုကို ရောက်နေသလို ခံစားရတယ်” လို့ သူပြောတယ်။ နာတလီရဲ့အဖေက သူ့ကို သဘာပတိရုံးခန်းထဲခေါ်သွားပြီး သဘာပတိနဲ့ပေးတွေ့ ခဲ့တယ်။ စည်းဝေးကြီးနဲ့ စည်းဝေးကနေရတဲ့အဖြေတွေကြောင့် သူအထင်ကြီးလေးစားသွားတယ်။ ကျမ်းစာသွန်သင်ရာစာအုပ်၊ ကျမ်းစာနဲ့ မဂ္ဂဇင်းတချို့ကို သူလက်ခံလိုက်တယ်။ နောက်ပိုင်းမှာ သူ့ဆီပြန်လည်ပတ်ဖို့ စီစဉ်ထားတယ်။
သမုဒ္ဒရာကျွန်းနိုင်ငံများ
နိုင်ငံပေါင်း ၂၉
လူဦးရေ ၃၈,၄၉၅,၃၀၀
ကြေညာသူပေါင်း ၉၄,၉၂၄
ကျမ်းစာသင်အံမှုပေါင်း ၅၉,၄၃၁
“ကြားဖူးသမျှသီချင်းတွေထဲမှာ အကောင်းဆုံးပဲ”
ဆာမိုအာနိုင်ငံ၊ ဆာဗာအီကျွန်းမှာရှိတဲ့ကျောင်းမှာ ကျောင်းချိန်စတာနဲ့ ဘာသာရေးသီချင်းဆိုဖို့ တစ်ကျောင်းလုံး စုဝေးရတယ်။ ဒါပေမဲ့ အသက်ငါးနှစ်အရွယ်ဆလီနာနဲ့ ခြောက်နှစ်အရွယ်လီဗာအီက သူတို့ဟာ ယေဟောဝါသက်သေဖြစ်တဲ့အတွက် သီချင်းမဆိုနိုင်တဲ့အကြောင်း ကျောင်းအုပ်ကြီးကို လေးလေးစားစားရှင်းပြတယ်။ အဲဒီသီချင်းမဆိုတဲ့အတွက် သူတို့ ပြင်းပြင်းထန်ထန်အပြစ်ပေးခံရနိုင်တယ်။ ကျောင်းအုပ်ကြီးက ကလေးတွေကို ပြစ်ဒဏ်မပေးပေမဲ့ အရှက်ခွဲမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ “ကောင်းပြီ။ ငါတို့သီချင်းကို မဆိုနိုင်ရင် မင်းတို့ရဲ့သီချင်းကို ဆိုပြ” လို့ပြောတယ်။ ဆလီနာနဲ့လီဗာအီဟာ သိပ်မကြာခင်က မိသားစုဝတ်ပြုမှုမှာသင်ထားတဲ့ “ကိုယ်တော်ခေါ်မည်” ဆိုတဲ့ သီချင်းနံပါတ် ၁၁၁ ကို ဆိုပြတယ်။ သီချင်းလည်းဆိုပြီးရော ကျောင်းအုပ်ကြီးက မျက်ရည်ဝဲပြီး “ဒီသီချင်းက ကြားဖူးသမျှသီချင်းတွေထဲမှာ အကောင်းဆုံးပဲ။ ပြန်ဆိုပြပါအုံး” လို့ပြောတယ်။ ကလေးတွေက ပြန်ဆိုပြတဲ့အခါ “အခုကစပြီး မင်းတို့ကို ငါတို့ရဲ့သီချင်းကို မဆိုခိုင်းတော့ဘူး။ မင်းတို့ရဲ့သီချင်းကိုပဲ ဆိုခိုင်းတော့မယ်” လို့ သူပြောတယ်။
“အခုကစပြီး မင်းတို့ကို ငါတို့ရဲ့သီချင်းကို မဆိုခိုင်းတော့ဘူး။ မင်းတို့ရဲ့သီချင်းကိုပဲ ဆိုခိုင်းတော့မယ်”
တစ်သက်လုံး ယေရှုဆီပဲ ဆုတောင်းခဲ့သူ
တီမောလက်စတီ– စစ်ဒဏ်ခံခဲ့ရတဲ့ဒီနိုင်ငံမှာ ကြေညာသူ ၉ ရာခိုင်နှုန်းတိုးတက်
ဖီဂျီနိုင်ငံမှာ ဒေသခံချာ့ချ်တစ်ခုက အမှုဆောင်တစ်ယောက်ဟာ တခြားလူတစ်ယောက် ကျမ်းစာသင်နေချိန်မှာ ဝင်ထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုသင်နေတုန်း ယေရှုက ဘုရားသခင်မဟုတ်ဘူးဆိုတာ သိသွားတယ်။ သူ စိတ်အနှောင့်အယှက်ဖြစ်လွန်းလို့ အိပ်လို့တောင် မပျော်ဘူး။ သူဒီလိုဖြစ်နေတာကို သူ့မိန်းမသိတဲ့အခါ “အဲဒီလူတွေပြောတာကို သွားနားမထောင်နဲ့တော့” လို့ပြောတယ်။ ဒါပေမဲ့ သူက အဲဒီအကြောင်းကို ခေါင်းထဲကထုတ်လို့မရအောင်ဖြစ်နေတယ်။ နောက်အပတ်ကျတော့ ကျမ်းစာသင်အံမှုမှာ ဝင်ထိုင်ပြန်တယ်။ ဒုတိယအကြိမ်ထိုင်ပြီး ရက်အနည်းငယ်အတွင်းမှာ သူက ချာ့ချ်ကိုသွားပြီး အမှုဆောင်ရာထူးကနေ နုတ်ထွက်လိုက်တယ်။ ဒါတောင် ကိုယ်တိုင်ကျမ်းစာမသင်ရသေးဘူး။ အဲဒီအတွက် သူ့ဆွေမျိုးတွေနဲ့အသင်းသားတွေက မယုံနိုင်အောင်ဖြစ်ပြီး စိတ်ဆိုးကြတယ်။ သူဟာ ချာ့ချ်ကနေ နုတ်ထွက်ခဲ့ရုံမက လခကောင်းတဲ့အဲဒီအလုပ်ကိုပါ စွန့်လိုက်တာကိုး။ သူက ယေရှုနဲ့ပတ်သက်တဲ့အမှန်တရားအကြောင်း ကျမ်းစာကနေ သိလာပေမဲ့ တစ်သက်လုံး ယေရှုဆီပဲ ဆုတောင်းခဲ့တော့ ယေဟောဝါဆီ ဆုတောင်းဖို့အခက်တွေ့ နေတယ်။ လအတော်ကြာပြီးနောက်မှာတော့ ယေဟောဝါဆီ ဆုတောင်းနိုင်လာတယ်။ အခုဆို သူဟာ တခြားသူတွေကို သတင်းကောင်းဝေမျှနေတယ်။ လူတွေ ယေဟောဝါကိုသိပြီးချစ်တတ်လာအောင် ကူညီပေးနေတယ်။
ကျွန်းငယ်လေးမှာ အမှန်တရားကိုလက်ခံ
မာကာတီအာဆိုတဲ့ တောင်ပစိဖိတ်ကျွန်းပေါ်မှာ လူ ၆၂ ယောက်ပဲ နေထိုင်တယ်။ တဟီတီနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေအသင်းတော်တစ်ခုက အဲဒီကျွန်းသားတွေကို ယေဟောဝါအကြောင်းသိလာအောင် ကူညီပေးနေတယ်။ ကျွန်းသူကျွန်းသားကိုးယောက်ကို တယ်လီဖုန်းနဲ့ ပုံမှန်ကျမ်းစာသင်ပေးနေတယ်။ လူ ၁၅ ယောက်ကျော်က ကျမ်းစာသင်သားတစ်ယောက်ရဲ့အိမ်မှာ စုဝေးပြီး တဟီတီမှာကျင်းပတဲ့စည်းဝေးကို နားထောင်ကြတယ်။ ကျမ်းစာသင်နေသူတွေထဲက တစ်ယောက်ကတော့ ချာ့ချ်ရဲ့အမာခံအမျိုးသမီးဖြစ်ပြီး တရားဟောဆရာမဖြစ်ဖို့ လျာထားခံရသူဖြစ်တယ်။ မကြာခင်မှာ သူဟာ ချာ့ချ်ကိုသွားပြီး ချာ့ချ်မတက်တော့တဲ့အကြောင်းရင်းကို ရှင်းပြတယ်။ အသင်းတော်မှာ အမျိုးသမီးတွေ ဘာကြောင့်မသွန်သင်ရတဲ့အကြောင်းကိုလည်း ကျမ်းစာကနေ ရှင်းပြခဲ့တယ်။ အဲဒီအပြင် ယေရှုခရစ်ရဲ့အခန်းကဏ္ဍအကြောင်း၊ တနင်္ဂနွေနေ့တိုင်းမဟုတ်ဘဲ တစ်နှစ်မှာတစ်ကြိမ်ပဲကျင်းပသင့်တဲ့ သခင့်ညစာစားပွဲအကြောင်းကိုလည်း ရှင်းပြတယ်။ ၁၄၄,၀၀၀ ပဲ ယေရှုနဲ့အတူ ကောင်းကင်မှာအုပ်စိုးမယ်၊ သူတို့ပဲ အောက်မေ့ရာပွဲအထိမ်းအမှတ်တွေကို စားသုံးသင့်တယ်ဆိုတာကိုလည်း ရှင်းပြခဲ့တယ်။ သူ့ကြောင့် နောက်အမျိုးသမီးတစ်ယောက်လည်း ချာ့ချ်ကနေ နုတ်ထွက်ပြီး ယေဟောဝါသက်သေတွေနဲ့ ပုံမှန်ကျမ်းစာလေ့လာနေတယ်။
ဖိတ်ခေါ်ချက်ကိုလက်ခံခဲ့တဲ့ မိသားစု
ဆော်လမွန်ကျွန်းစုက အကြီးအကဲတစ်ယောက်ဟာ မလှုပ်ရှားသူတွေကို အောက်မေ့ရာပွဲဖိတ်ခေါ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျော်ရွှာဆီလည်ပတ်ခဲ့တယ်။ ဂျော်ရွှာ စည်းဝေးတွေမတက်တော့တာ ၁၉၉၈ ခုနှစ်ကတည်းကပဲ။ သူက သူ့မိသားစုဝင် ၂၀ နဲ့အတူ အောက်မေ့ရာပွဲတက်ဖို့ နှစ်နာရီကြာ လမ်းလျှောက်လာခဲ့တယ်။ အသင်းတော်က လှိုက်လှိုက်လှဲလှဲကြိုဆိုတဲ့အတွက် မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရတယ်။ မိသားစုဝင်အများစုက အထူးဟောပြောချက်ကို တက်ရောက်ပြီးနောက် ကျမ်းစာသင်ချင်တဲ့အကြောင်း အကြီးအကဲတွေကို ပြောတယ်။ သူတို့ထဲက ၁၅ ယောက်နဲ့ ကျမ်းစာလေ့လာဖို့ စီစဉ်ထားတယ်။
အဖြေကို သိသူ
ဂူအမ်ဌာနခွဲလက်အောက်မှာရှိတဲ့ ကျွန်းတွေနဲ့သန္တာကျောက်ကျွန်းတွေ ၁,၀၀၀ ကျော်ထဲက ၁၀၀ ကျော်မှာပဲ လူတွေနေထိုင်တယ်။ ဒါပေမဲ့ ကျွန်း ၁၃ ကျွန်းကပဲ အသင်းတော်နဲ့နီးတယ်။ ကျွန်းပေါင်းများစွာကို ယေဟောဝါသက်သေတွေ တစ်ခါမှမရောက်ဖူးတဲ့အတွက် ညီအစ်ကိုတွေဟာ အဲဒီကျွန်းတွေဆီ သွားနိုင်ဖို့ နည်းလမ်းရှာနေကြတယ်။ ၂၀၁၂၊ ဧပြီလမှာ ကြေညာသူတစ်စုက အဝေးဆုံးကျွန်းဖြစ်တဲ့ ပိုလိုဝက်ကျွန်းကို လှေနဲ့သွားကြတယ်။ ပိုလိုဝက်ကျွန်းက ပြင်ပလောကနဲ့အထိအတွေ့ မရှိသလောက်ပဲ။ ယောက်ျားတွေက နံငယ်ပိုင်းတွေဝတ်ကြတယ်။ လုံးထွင်းလှေတွေလုပ်ပြီး ကျွန်းကိုပဲ မှီခိုစားသောက်နေရတယ်။
ကြေညာသူတစ်ယောက်က “ကျွန်တော်တို့သေသွားရင် ဘာဖြစ်သွားသလဲ” လို့ လူငယ်တစ်ယောက်ကို မေးကြည့်တယ်။
အဲဒီအခါ လူငယ်က “အဲဒီမေးခွန်းရဲ့အဖြေကို ကျွန်တော်သိတယ်” လို့ပြောပြီး စာအုပ်စင်ရှိရာကိုပြေးသွားတယ်။ ချူအာ့ခ်စကားနဲ့ထုတ်ဝေထားတဲ့ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ဆိုတဲ့စာအုပ်ကိုယူလာပြီး မာတိကာကိုလှန်လိုက်တယ်။ “သေသောအခါ ဘာဖြစ်သွားသနည်း” လို့ ခေါင်းစဉ်ရှိတဲ့ အခန်း ၈ ကိုဖွင့်ပြီး စာအုပ်ထဲကနေ သူသိထားသလောက် ရှင်းပြတယ်။
နော်ဖော့ခ်ကျွန်း၊ ကင်းစတန်မြို့– ကွာလတီရိုးလို့ခေါ်တဲ့ လမ်းမကြီးပေါ်မှာ သက်သေခံနေ
ဒီစာအုပ်ကို သူဘယ်လိုရခဲ့တာလဲ။ ၂၀၀၉ ခုနှစ်မှာ ကြေညာသူတွေက ဝေးလံတဲ့ကျွန်းတွေကိုသွားမယ့်သူတွေနဲ့တွေ့ပြီး သူတို့နဲ့အတူ ထာဝစဉ်အသက်ရှင်စာအုပ်တွေ ထည့်ပေးလိုက်ဖို့ ချူအာ့ခ်လို့ခေါ်တဲ့ကျွန်းမကြီးပေါ်က ဆိပ်ကမ်းတွေမှာဟောခဲ့ကြတယ်။ ပိုလိုဝက်ကျွန်းကိုသွားမယ့်သူတစ်ယောက်က လူတွေကိုဝေပေးဖို့ စာအုပ်ပုံးတစ်ပုံးသယ်သွားခဲ့တယ်။ သူဝေငှခဲ့သူတွေထဲက တစ်ယောက်ကတော့ အဲဒီလူငယ်လေးဖြစ်တယ်။
ညီအစ်ကိုတွေက ပိုလိုဝက်ကျွန်းကနေ မပြန်ခင် အဲဒီလူငယ်လေးဆီ အကြိမ်ပေါင်းများစွာ လည်ပတ်ပြီးအားပေးခဲ့တယ်။ ကျမ်းစာကို ဘယ်လိုအကျိုးရှိရှိလေ့လာနိုင်တယ်ဆိုတာကို ရှင်းပြပေးခဲ့တယ်။ ကျမ်းချက်တွေကို ဘယ်လိုဖွင့်ရမယ်၊ အဓိကအချက်တွေကို ဘယ်လိုမှတ်စုယူရမယ်ဆိုတာကိုလည်း သင်ပေးခဲ့တယ်။
တီဗွီ၊ ရေဒီယို၊ သတင်းစာနဲ့ အင်တာနက်တွေမရှိတဲ့ ဝေးလံတဲ့ကျွန်းတွေမှာတောင် ကျွန်တော်တို့ရဲ့စာပေတွေက လူတွေကို မိခင်ဘာသာစကားနဲ့ အမှန်တရားသင်ယူနိုင်အောင် ကူညီပေးနေတာကို သိရတာက တကယ့်ကိုအားရှိစရာပဲ။
ကျည်ဆန်သုံးတောင့်၊ အကြောင်းရင်းသုံးခု
အသက် ၂၀ ကျော်ခါစ ညီမအဲန်နာဟာ ပါပူဝါနယူးဂီနီနိုင်ငံ၊ ဘူဂန်ဗေးလ်ကျွန်းမှာ ပြည်တွင်းစစ်အပြင်းအထန်ဖြစ်နေတုန်းက နှစ်ခြင်းမခံရသေးတဲ့ကြေညာသူတစ်ယောက်ဖြစ်တယ်။ ၁၉၉၁ ခုနှစ်မှာ ပစ္စည်းအနည်းငယ်ပဲယူပြီး တောထဲထွက်ပြေးခဲ့ရတဲ့ အာရာဝါအသင်းတော်က ညီအစ်ကိုညီအစ်မခြောက်ယောက်နဲ့ ကလေးခုနစ်ယောက်ထဲမှာ ညီမအဲန်နာလည်းပါတယ်။ သူတို့က နှစ်နှစ်လုံးလုံး လူမနေဘဲပစ်ထားတဲ့အိမ်တွေမှာ နေပြီး စားစရာတွေရှာစားခဲ့ရတယ်။ အဲန်နာရဲ့ကျမ်းစာနဲ့ စစ်မှန်သောဘုရားမှန်တစ်ဆူတည်းကို ဝတ်ပြုရာတွင် တစည်းတလုံးတည်း ဆိုတဲ့စာအုပ် နှစ်အုပ်ထဲနဲ့ စည်းဝေးတွေကျင်းပခဲ့ရတယ်။ သူတို့ အတူဆုတောင်းတယ်၊ နိုင်ငံတော်သီချင်းတွေဆိုပြီး တွေ့ တဲ့လူတွေကို ဟောပြောခဲ့တယ်။
တော်လှန်ရေးတပ်သားတချို့က သူတို့ကို တွေ့ တဲ့အခါ သူတို့ထဲက ညီအစ်ကိုနှစ်ယောက်ကို စစ်ထဲဝင်စေချင်ပေမဲ့ သက်သေခံတွေ နိုင်ငံရေးမှာမပါဝင်တာကို လေးစားတဲ့အတွက် စစ်ထဲမဝင်ခိုင်းတော့ဘူး။ တစ်ကြိမ်မှာ စစ်သားတစ်ယောက်က အဲန်နာကို ကျည်ဆန်သုံးတောင့်ပြပြီး “ငါ့ကို လက်ထပ်မလား၊ အသေခံမလား” လို့မေးတယ်။ အဲန်နာက ကျည်ဆန်သုံးတောင့်အတွက် လက်မထပ်နိုင်တဲ့အကြောင်းရင်းသုံးခုကို ရှင်းပြတယ်။ အဓိကအကြောင်းရင်းကတော့ “သခင်၌ရှိသောသူကိုသာ” လက်ထပ်ရမယ်ဆိုပြီး ကျမ်းစာမှာပြောထားလို့ပဲ။ (၁ ကော. ၇:၃၉) အဲဒီအခါ စစ်သားက လှည့်ထွက်သွားတယ်။
“ယေဟောဝါရဲ့လုပ်ငန်းကို ဘာကမှ မတားဆီးနိုင်ဘူး။ ပြည်တွင်းစစ်ကတောင် မတားဆီးနိုင်ဘူး”
အခု မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေတဲ့ အဲန်နာက အာရာဝါမြို့လေးမှာ ကြေညာသူတွေပိုလိုအပ်နေတယ်ဆိုတာကို ကြားတဲ့အတွက် သီးခြားအုပ်စုလေးတစ်ခုဖြစ်လာအောင် ကူညီပေးဖို့ အဲဒီကို ရှေ့ဆောင်အဖော်နဲ့အတူ ၂၀၁၂ မှာ ပြန်သွားခဲ့တယ်။ စစ်အတွင်း လူအစုလိုက်အပြုံလိုက်သတ်တာတွေနဲ့ အခက်အခဲတွေကို ကြုံခဲ့ရတဲ့ အဲဒီမြို့ကိုပြန်လာရလို့ စိတ်ညစ်လားလို့မေးတဲ့အခါ သူက “ဒီကိုပြန်လာရလို့ သိပ်ပျော်တယ်။ ယေဟောဝါရဲ့လုပ်ငန်းကို ဘာကမှ မတားဆီးနိုင်ဘူး။ ပြည်တွင်းစစ်ကတောင် မတားဆီးနိုင်ဘူး” လို့ ပြောတယ်။