ဆင်းရဲဒုက္ခ
အဓိပ္ပာယ်သတ်မှတ်ချက်– နာကျင်မှုနှင့်သောက တို့ကိုတွေ့ထိခံစားရခြင်းဖြစ်သည်။ ကာယ၊ စိတ္တ၊ သို့မဟုတ် စိတ်လှုပ်ရှားမှုဆိုင်ရာ ဆင်းရဲဒုက္ခ ဖြစ်နိုင်သည်။ ဆင်းရဲခြင်းအကြောင်းရင်း များစွာရှိသည်။ ဥပမာ၊ စစ်နှင့်စီးပွားရေးလောဘကြောင့်ဖြစ်သော နစ်နာမှု၊ မျိုးရိုးပါအကြောင်းအင်များ၊ ဖျားနာမှု၊ မတော်တဆမှု၊ “သဘာဝကပ်ဘေးဒဏ်များ”၊ သူတစ်ပါး၏ အကြင်နာမဲ့ပြောဆိုပြုမူမှု၊ နတ်ဆိုးတို့၏ဖိစီးမှု၊ ကျရောက်လုဆဲဘေးကိုသိ၍ကြောက်လန့်ရခြင်း၊ သို့မဟုတ် မိမိ၏မိုက်မဲမှု တို့ဖြစ်ကြသည်။ အထက်ပါအကြောင်းအမျိုးမျိုးကြောင့်ဖြစ်သော ဆင်းရဲခြင်းကို ဆွေးနွေးတင်ပြလိုက်ပါသည်။ သို့တစေ၊ အခြားသူတို့၏သနားဖွယ်အဖြစ်၊ သို့မဟုတ်၊ ဘုရားမဲ့ပြုမူခြင်းတို့ကိုမြင်၍ ပူဆွေးရခြင်းလည်း ဖြစ်နိုင်သည်။
ဆင်းရဲဒုက္ခဖြစ်ဖို့ ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုတော်မူသနည်း
စင်စစ် မည်သူ့ကို အပြစ်ဆိုရမည်နည်း
ဆင်းရဲဒုက္ခများစွာတို့မှာ လူ့အပြစ်ကြောင့်ဖြစ်သည်။ လူတို့သည် စစ်တိုက်ကြ၏။ ပြစ်မှုကျူးလွန်၏။ ပတ်ဝန်းကျင်ကိုညစ်ညမ်းစေ၏။ ဝိသမလောဘကြောင့်၊ လူချင်းမစာနာသည့်နည်းဖြင့်စီးပွားရှာကြ၏။ ကျန်းမာရေးထိခိုက်မည်ကိုသိလျက်နှင့် ဥပဒ်ဖြစ်စေသော အကျင့်များကိုကျင့်သုံးကြ၏။ ဤနည်းဖြင့် သူတစ်ပါးနှင့်မိမိကိုယ်ကို နစ်နာစေ၏။ ကိုယ်လုပ်သလို မခံရဟုမျှော်လင့်သင့်သလော။ (ဂလ. ၆:၇; သု. ၁:၃၀-၃၃) မည်သူမပြု မိမိမှုကို ဘုရားသခင်အပေါ် အပြစ်ပုံချသင့်သလော။
စာတန်နှင့်သူ၏နတ်ဆိုးများလည်း တာဝန်မကင်းပါ။ ကျမ်းစာက ဆင်းရဲဒုက္ခများစွာတို့မှာ နတ်ဆိုးများကြောင့်ဟု ဖော်ပြသည်။ ဆင်းရဲဒုက္ခသည် လူများစွာတို့ဆိုသည့်အတိုင်း ဘုရားသခင်ကြောင့် လုံးဝမဟုတ်။—ဗျာ. ၁၂:၁၂; တ. ၁၀:၃၈; “စာတန်မာရ်နတ်” ခေါင်းစဉ်အောက် စာမျက်နှာ ၈၄ ကိုကြည့်ပါ။
ဆင်းရဲဒုက္ခ မည်သို့အစပြုခဲ့သနည်း။ ဇာစ်မြစ်ကိုစစ်လိုက်သောအခါ လူ့ပထမမိဘ အာဒံဧဝဆီသို့ ရောက်သွားသည်။ ယေဟောဝါဘုရားသခင်သည် သူတို့ကို စုံလင်စွာဖန်ဆင်း၍ ပရဒိသုအခြေအနေအောက်၌ နေရာချထားတော်မူသည်။ သူတို့သာ အမိန့်တော်ကိုနာခံပါက ဘယ်တော့မျှဖျားနာသေဆုံးရမည်မဟုတ်။ စုံလင်သောလူ့အသက်ကို ထာဝစဉ်ခံစားသွားဖို့အကြောင်းရှိသည်။ လူသားတို့အား ဆင်းရဲဒုက္ခခံစေရန် ယေဟောဝါမရည်ရွယ်ပါ။ သို့တစေ၊ ပေးသနားရာများကို ဆက်လက်ခံစားသွားလိုလျှင် အမိန့်တော်ကိုနာခံဖို့လိုကြောင်း အာဒံအား ယေဟောဝါအတိအလင်းမိန့်မှာသည်။ သူတို့သည် အသက်ရှူ၊ စားသောက် အိပ်စက်မှသာ ဆက်လက်အသက်ရှင်နိုင်၏။ ဘုရားသခင့်စာရိတ္တဆိုင်ရာတောင်းဆိုချက်ကို လိုက်နာမှသာ ဘဝကို အပြည့်အဝမွေ့လျော်လျက် ထာဝစဉ် အသက်ရှင်ခွင့်ရမည်။ သို့ရာတွင် သူတို့သည် ကိုယ့်လမ်းကိုယ်ရွေး၍ ကိုယ့်အကောင်းအဆိုးစံချိန်ကို ကိုယ်သတ်မှတ်သဖြင့် အသက်ပေးရှင် ဘုရားသခင်ထံမှ လွဲသွားကြသည်။ (က. ၂:၁၆၊ ၁၇; ၃:၁-၆) အပြစ်က သေခြင်းသို့ပို့၏။ အာဒံဧဝတို့သည် အပြစ်သားများဖြစ်ပြီးနောက်မှ သားသမီးများမွေးဖွားသဖြင့် မိမိတို့လက်၌မရှိတော့သောအရာကို သားသမီးတို့အားလည်း ပေးနိုင်စွမ်းမရှိတော့ချေ။ လူတိုင်း အပြစ်၌မွေးဖွား၍ အပြစ်ပြုလိုသောဉာဉ်၊ လူကိုဖျားနာစေသောအားနည်းချက်များ၊ အဆုံး၌သေခြင်းသို့ပို့သောအပြစ်အမွေအနှစ် ပါလာသည်။ ယနေ့ကမ္ဘာပေါ်ရှိလူတိုင်း အပြစ်၌မွေးလာသဖြင့် တစ်ယောက်မကျန် အမျိုးမျိုးသောဆင်းရဲဒုက္ခ ခံစားကြရ၏။—က. ၈:၂၁; ရော. ၅:၁၂။
ဒေသနာ ၉:၁၁ (ကဘ) က “ကာလနှင့် ကြိုမမြင်နိုင်သောအဖြစ်အပျက်များ” ကြောင့်လည်း အကောင်းအဆိုး တွေ့ကြုံရတတ်သည်။ မာရ်နတ်၏တိုက်ရိုက်လက်ချက်ကြောင့်မဟုတ်၊ လူ့ကြောင့်လည်းမဟုတ်ဘဲ၊ တိုက်ဆိုင်မှုကြောင့် အနာတရဖြစ်တတ်သည်။
ဘုရားသခင်သည် လူသားတို့အား ချမ်းသာရစေရန် အဘယ်ကြောင့် တစ်ခုခုမလုပ်သနည်း။အာဒံ့အပြစ်ကြောင့် ကျွန်ုပ်တို့အားလုံး အဘယ်ကြောင့် ခံရသနည်း
များစွာသောဆင်းရဲဒုက္ခရှောင်ရှားနည်းကို ကျမ်းစာ၌ ဘုရားသခင်မိန့်ကြားထား၏။ နေထိုင်ပုံနှင့်ပတ်သက်၍ အကောင်းဆုံးသြဝါဒကို ပေးတော်မူပြီ။ လက်ခံကျင့်သုံးလျှင် ဘဝတွင်အနှစ်သာရပြည့်ဝ၍ သာယာသောအိမ်ထောင်ရေးဘဝ ခံစားရပြီး အချင်းချင်းမေတ္တာစစ်ဖြင့်ချစ်သော အပေါင်းအသင်းနှင့် ပေါင်းသင်းခွင့်ရမည်။ အပိုကာယဒုက္ခများစွာတို့ကိုဖြစ်စေသောအကျင့်များကိုလည်း ရှောင်ကွင်းနိုင်မည်။ ထိုမစမှုကို လျစ်လျူရှုသဖြင့် ကိုယ့်ကြောင့်ကိုယ်နှင့်သူတစ်ပါးဒုက္ခရောက်သည်ကို ဘုရားသခင်အပြစ်ဟုဆိုလျှင် တရားမည်လော။—၂ တိ. ၃:၁၆၊ ၁၇; ဆာ. ၁၁၉:၉၇-၁၀၅။
ဆင်းရဲဒုက္ခကိုအဆုံးသတ်ရန် ယေဟောဝါစီစဉ်တော်မူပြီ။ ပထမလူမောင်နှံကို စုံလင်စွာဖန်ဆင်း၍ သူတို့၏ဘဝသာယာအောင် မေတ္တာပါပါ အကျအနစီစဉ်တော်မူခဲ့သည်။ သူတို့ ကိုယ်တော်ကို ကျောခိုင်းသောအခါ ကိုယ်တော်အနေနှင့် ကြားဝင်၍ သူတို့၏ကလေးများအား မိဘတို့အပြစ်ကြောင့် ခံရသောဆိုးကျိုးများမှ အကာအကွယ်ပေးရန် တာဝန်ရှိသလော။ (တရား. ၃၂:၄၊ ၅; ယောဘ ၁၄:၄) ကျွန်ုပ်တို့သိသည့်အတိုင်း အိမ်ထောင်သည်မောင်နှံတို့သည် သားမွေးခြင်းသုခ ခံစားနိုင်ဖို့အကြောင်းရှိပေသည်။ သို့သော် တာဝန်လည်းရှိ၏။ မိဘ၏စိတ်သဘောထားနှင့် အပြုအမူသည် ကလေးများပေါ် အကျိုးသက်ရောက်သည်။ သို့တစေ၊ ယေဟောဝါသည် လူတို့မခံစားထိုက်သော ကရုဏာတော်ဖြင့် အလွန်မြတ်နိုးသောမိမိ၏သားတော်ကို ကမ္ဘာပေါ်သို့စေလွှတ်၍ ရွေးနုတ်ဖိုးအဖြစ် အသက်စွန့်စေခြင်းဖြင့် ကျေးဇူးသိတတ်၍ ဤအစီအစဉ်ပေါ်ယုံကြည်သောအာဒံ့သားမြေးများအတွက် လွတ်ခြင်းချမ်းသာကိုပေးတော်မူပြီ။ (ယော. ၃:၁၆) သို့ဖြစ်၍ အာဒံဆုံးရှုံးခဲ့သည့်အရာကို ပြန်ရနိုင်သောအခွင့်လမ်းသည် ယနေ့အသက်ရှင်နေသူတို့ရှေ့ ပွင့်လျက်နေ၏။ အာဒံဆုံးရှုံးခဲ့ရာမှာ ပရဒိသုမြေကြီးပေါ်ဆင်းရဲဒုက္ခကင်းဝေးလျက်နေနိုင်သော စုံလင်သည့်လူ့ဘဝတည်း။ ရက်ရောလှသည့်အစီအစဉ်ပါတကား။
“ရွေးနုတ်ဖိုး” ခေါင်းစဉ်အောက်၊ စာမျက်နှာ ၂၇၉၊ ၂၈၀ ကိုလည်းရှု။
သို့သော် မေတ္တာရှင်ဘုရားသခင်သည် အဘယ်ကြောင့် ဆင်းရဲဒုက္ခကို ဤမျှကြာရှည်စွာခွင့်ပြုရသနည်း
ယနေ့အထိခွင့်ပြုတော်မူသောကြောင့် ကျွန်ုပ်တို့အကျိုးရရှိသလော။ “ထာဝရဘုရားသည် နှောင့်နှေးတော်မူသည်ဟု အချို့တို့မှတ်ယူကြသည့်အတိုင်း ကတိတော်ကိုဖြည့်ရန် နှောင့်နှေးတော်မူသည်မဟုတ်။ မည်သူမျှမပျက်စီးဘဲ ရှိသမျှတို့နောင်တရခွင့်ရှိစေရန် သင်တို့အပေါ်တွင် စိတ်ရှည်တော်မူ၏။” (၂ ပေ. ၃:၉၊ သမ) အာဒံဧဝတို့အပြစ်ပြုသည်နှင့်သူတို့ကိုဖျက်ဆီးခဲ့လျှင် ယနေ့ကျွန်ုပ်တို့တစ်ယောက်မျှ အသက်ရှင်လျက်နေတော့မည်မဟုတ်။ ဤသို့ဖြစ်ဖို့ ကျွန်ုပ်တို့ လုံးဝမလိုလားပါ။ ထို့ပြင် အာဒံဧဝတို့အပြစ်ပြုသည့်နောက် မကြာမီအပြစ်သားရှိသမျှကိုဖျက်ဆီးခဲ့လျှင်လည်း ကျွန်ုပ်တို့ မွေးလာလိမ့်မည်မဟုတ်။ အပြစ်သားလောကကို ယနေ့အထိ တည်ခွင့်ပြုတော်မူ၍သာ ကျွန်ုပ်တို့သည် အသက်ရှင်၍ နည်းလမ်းတော်ကိုသိရှိခွင့်၊ ဘဝကိုပြုပြင်နိုင်ခွင့်၊ မေတ္တာတော်ရှေ့ထား၍ စီစဉ်တော်မူသော ထာဝရအသက်ရခွင့် ရှိကြပေသည်။ ဤအခွင့်ကိုပေးတော်မူသည်ကိုထောက်၍ မေတ္တာတော်ကြီးမားလှကြောင်း သက်သေထူ၏။ ကျမ်းစာက ဤဆိုးယုတ်သောစနစ်ကိုဖျက်ဆီးရန် ဘုရားသခင် အချိန်သတ်မှတ်ထားကြောင်း၊ မကြာမီ ထိုသို့ပြုတော့မည်ဖြစ်ကြောင်း တင်ပြ၏။—ဟဗ. ၂:၃; ဇေ. ၁:၁၄။
ဤစနစ်အတွင်း ကျေးကျွန်တော်များခံရသောနစ်နာမှုအားလုံးကို ချေဖျက်ရန်တတ်နိုင်တော်မူ၏။ ချေလည်းချေဖျက်တော်မူမည်။ ဆင်းရဲဒုက္ခရောက်စေသူမှာ ဘုရားသခင်မဟုတ်။ သို့သော် ယေရှုခရစ်မှတစ်ဆင့် လူသေကိုထမြောက်စေခြင်း၊ နာခံသူတို့၏ဖျားနာမှုအားလုံးကို ပျောက်စေခြင်း၊ အပြစ်ကို အစအနမကျန် အမြစ်နုတ်ခြင်း၊ ယခင်သောကများကိုပင် မှတ်ဉာဏ်မှပျောက်ပျက်စေခြင်း ပြုတော်မူမည်။—ယော. ၅:၂၈၊ ၂၉; ဗျာ. ၂၁:၄; ဟေရှာ. ၆၅:၁၇။
ကုန်လွန်ခဲ့သည့်အချိန်မှာ ဧဒင်၌ပေါ်ပေါက်ခဲ့သောအငြင်းအခုံကိုဖြေရှင်းဖို့ လိုအပ်သောအချိန်ဖြစ်သည်။ အသေးစိတ်ကို စာမျက်နှာ ၈၄ နှင့် ၁၀၂-၁၀၄ တို့၌ရှု။
တစ်ဦးချင်းအနေနှင့် ကျွန်ုပ်တို့သည် ချမ်းသာရလိုသောဆန္ဒပြင်းပြလှ၏။ သို့သော် ဘုရားသခင်အရေးယူသောအခါ လူအနည်းငယ်အတွက်သာမဟုတ်၊ မှန်ရာကိုမြတ်နိုးသူအားလုံး အဖို့ဖြစ်မည်။ မျက်နှာလိုက်တော်မမူ။—တ. ၁၀:၃၄။
ဥပမာ– မေတ္တာရှင်မိဘတစ်ဦးသည် ခွဲစိတ်ကုသမှု၏အကျိုးကိုမျှော်၍ မိမိ၏ကလေးအပေါ် နာကျင်သောခွဲစိတ်မှုပြုရန် ခွင့်ပြုတတ်သည်မဟုတ်လော။ နာကျင်သောရောဂါတို့ကို “ရုတ်ခြည်းပျောက်ကုသနည်း” ဖြင့်ကုသလျှင် အများအားဖြင့် သာမန်ကာလျှံကာကုခြင်းသာ မဟုတ်လော။ အမြစ်ပျောက်အောင်ကုလိုလျှင် ပို၍ကြာလေ့ရှိ၏။
အာဒံကိုခွင့်လွှတ်ခြင်းဖြင့် လူသားတို့ကြုံရသော ထိတ်လန့်ဖွယ်ဆင်းရဲဒုက္ခများမဖြစ်အောင် ဘုရားသခင် အဘယ်ကြောင့် မတားဆီးသနည်း
ထိုသို့ပြုခဲ့လျှင် ဆင်းရဲဒုက္ခကို တကယ်ပင်ရှောင်ရှားနိုင်ခဲ့မည်လော။ သို့တည်းမဟုတ်၊ ဘုရားသခင်ကိုယ်တိုင် ထိုဆင်းရဲများ၏တာဝန်ခံဖြစ်လာမည်လော။ ဖခင်သည် ကလေးများ တမင်ပြုသော မကောင်းမှုများအတွက် သူတို့ကို ကြပ်တည်းစွာဆုံးမမည့်အစား၊ ပေါက်လွှတ်ထားလျှင် ဘာဖြစ်တတ်သနည်း။ အများအားဖြင့် ကလေးတို့သည် အပြစ်တစ်မျိုးပြီးတစ်မျိုး ကျူးလွန်ကြမည်ဖြစ်၍ ဖခင်ခေါင်းရှောင်နိုင်မည်မဟုတ်။
ထို့အတူ၊ ယေဟောဝါက အာဒံတမင်ပြုသောအပြစ်ကို ပေါက်လွှတ်ထားခဲ့ပါက ကိုယ်တော်လည်း ကြံရာပါဖြစ်ချိမ့်မည်။ ကမ္ဘာ့အခြေအနေကောင်းလာဖို့ ဘာအထောက်အကူမျှပြုမည်မဟုတ်။ (ဒေသနာ ၈:၁၁ နှင့်နှိုင်းယှဉ်။) ကောင်းကင်တမန်သားများလည်း ဘုရားသခင်ကို လေးစားတော့မည်မဟုတ်။ ကောင်းဖို့မျှော်လင့်ချက်အတွက် ဘာအခြေအမြစ်မှ ဟုတ်တိပတ်တိ ရှိလိမ့်မည်မဟုတ်။ သို့ရာတွင် ထိုအခြေအနေမျိုး ဘယ်တော့မျှ ဖြစ်လာမည်ဟုတ်။ အကြောင်းမှာ ဖြောင့်မတ်ခြင်းတရားသည် ယေဟောဝါအုပ်ချုပ်မှု၏ မပြောင်းလဲနိုင်သောအခြေအမြစ်တည်း။—ဆာ. ၈၉:၁၄။
ကာယနှင့်စိတ္တဘက် လွန်စွာချွတ်ယွင်းသောကလေးများ မွေးဖွားလာရန် အဘယ်ကြောင့်ခွင့်ပြုတော်မူသနည်း
ထိုချွတ်ယွင်းချက်များဖြစ်စေရန် ဘုရားသခင် ပြုတော်မူသည်မဟုတ်။ ပထမလူမောင်နှံကို စုံလင်စွာဖန်ဆင်းတော်မူ၏။ သူတို့ပုံသဏ္ဌာန်နှင့်တူသောစုံလင်သည့်သားသမီးများ မွေးဖွားနိုင်စွမ်းကို ပေးတော်မူခဲ့သည်။—က. ၁:၂၇၊ ၂၈။
ကျွန်ုပ်တို့သည် အာဒံမှ အပြစ်ကိုအမွေအဖြစ်ရခဲ့သည်။ ထိုအမွေနှင့်အတူ ကာယ စိတ္တချွတ်ယွင်းမှုဖြစ်နိုင်သည့်အလားအလာလည်း ပါလာသည်။ (ရော. ၅:၁၂; အသေးစိတ်ကို စာမျက်နှာ ၁၁၄ ၌ရှု။) ကျွန်ုပ်တို့ ပဋိသန္ဓေတည်သည်နှင့် ထိုအပြစ်ကိုအမွေရကြသည်။ ယင်းကြောင့် ဒါဝိဒ်မင်းက “အကျွန်ုပ်သည် . . . အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏” ဟု ဆိုရခြင်းဖြစ်၏။ (ဆာ. ၅၁:၅) အာဒံသာအပြစ်မပြုခဲ့လျှင် မျိုးရိုးသတ္တိကောင်းများကိုသာ အမွေပေးခဲ့မည်ဖြစ်သည်။ (ယောဟန် ၉:၁၊ ၂ ဆိုင်ရာဖွင့်ဆိုချက်ကို စာမျက်နှာ ၂၈၆ ၌ ရှု။)
မိဘများကြောင့် မမွေးသေးသောကလေးများ ခန္ဓာချွတ်ယွင်းတတ်သည်။—ဥပမာ၊ ကိုယ်ဝန်ဆောင်စဉ် မူးယစ်ဆေးဝါးအလွဲသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကလေးများ မွေးရာပါချွတ်ယွင်းမှု သို့မဟုတ် ကျန်းမာရေးချို့တဲ့မှုဖြစ်တိုင်း မိဘကြောင့်ဖြစ်သည်ဟူ၍ကား မဆိုနိုင်ပါ။
ယေဟောဝါသည် မေတ္တာရှေ့ထား၍ ကလေးများအား ခရစ်တော်၏ရွေးနုတ်ဖိုးယဇ်အကျိုးကို ခံစားစေတော်မူ၏။ မိမိအား သစ္စာရှိရှိဝတ်ပြုသောမိဘများကိုထောက်၍ သူတို့၏သားသမီးများကို သန့်ရှင်းသည်ဟုယူမှတ်တော်မူ၏။ (၁ ကော. ၇:၁၄) ယင်းကြောင့် ဘုရားကြောက်ရွံ့သူမိဘများအနေနှင့် သားသမီးများကောင်းစားရေးကိုရှေ့ရှု၍ ဘုရားသခင်နှင့်မိမိတို့ ဆက်ဆံရေးကောင်းဖို့ဂရုပြုကြ၏။ ဘုရားသခင်ပေါ်ယုံကြည်၍ အမိန့်တော်ကိုနာခံတတ်သော အရွယ်သို့ရောက်သည့်သက်ငယ်များအား ယေဟောဝါက မိမိ၏မျက်နှာသာရ ကျေးကျွန်အဖြစ်ရပ်တည်ခွင့်ကို ပေးတော်မူပေသည်။ (ဆာ. ၁၁၉:၉; ၁၄၈:၁၂၊ ၁၃; တ. ၁၆:၁-၃) မှတ်သားဖွယ်ကား၊ ခမည်းတော်၏ပုံသဏ္ဌာန်ကို စုံလင်စွာရောင်ပြန်ဟပ်သူယေရှုသည် ကလေးငယ်များ၏ကောင်းကျိုးကို အထူးလိုလားသည့်ပြင်၊ ကလေးတစ်ယောက်ကိုပင် သေရာမှထမြောက်စေတော်မူ၏။ ကိုယ်တော်သည် မေရှိယဘုရင်အနေနှင့် ထိုသို့ဆက်၍ပြုတော်မူမည်မုချ။—မ. ၁၉:၁၃-၁၅; လု. ၈:၄၁၊ ၄၂၊ ၄၉-၅၆။
အသက်အိုးအိမ် အကြီးအကျယ်ပျက်စီးစေသော “သဘာဝကပ်ဘေးဒဏ်များ” ကို ဘုရားသခင် အဘယ်ကြောင့် ဖြစ်ခွင့်ပြုတော်မူသနည်း
ယနေ့ မကြာခဏကြားရသော မြေငလျင်၊ လေမုန်တိုင်း၊ ရေဘေး၊ မိုးခေါင်ရေရှားဘေးနှင့် မီးတောင်ပေါက်ကွဲမှုများကို ဘုရားသခင် ဖြစ်စေသည်မဟုတ်။ ၎င်းတို့ကိုသုံး၍ လူအချို့ကိုဒဏ်ပေးတော်မူသည်မဟုတ်။ အများအားဖြင့် ၎င်းတို့မှာ ကမ္ဘာဖန်ဆင်းချိန်မှစ၍ လှုပ်ရှားလာခဲ့သော သဘာဝအင်အားများကြောင့်ဖြစ်သည်။ ကျမ်းစာက ကျွန်ုပ်တို့ခေတ်၌ငလျင်ကြီးလှုပ်မည်၊ အစာခေါင်းပါးမည်ဟု ကြိုပြောခဲ့သော်လည်း ဘုရားသခင် သို့မဟုတ် ယေရှုကြောင့်မဟုတ်ပါ။ မိုးလေဝသပညာရှင်သည် မိုးလေဝသကိုခန့်မှန်းသော်လည်း ၎င်းကိုဖြစ်စေသည်မဟုတ်သကဲ့သို့ပင်။ ထိုကပ်ဘေးတို့သည် ဤစနစ်ဆုံးခန်းဆိုင်ရာ ပေါင်းစပ်နိမိတ်ပါ အခြားအခြင်းအရာများနှင့်အတူ ဖြစ်ပျက်လျက်ရှိသောကြောင့် ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများ လာလုပြီဖြစ်ကြောင်း သက်သေထူသည့် သာဓကရပ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။—လု. ၂၁:၁၁၊ ၃၁။
ဘေးတွေ့ရခြင်းမှာ အများအားဖြင့် လူ့တာဝန်ပင်။ အဘယ်နည်းဖြင့်နည်း။ လူများစွာတို့သည် လုံလောက်စွာသတိပေးခံရလျက်ကယ် အန္တရာယ်နယ်မြေမှမထွက်ဘဲနေကြ၏။ သို့မဟုတ် အကာအကွယ်မယူကြ။—သု. ၂၂:၃; မဿဲ ၂၄:၃၇-၃၉ နှင့်နှိုင်းယှဉ်။
ထိုသဘာဝအင်အားများကို ဘုရားသခင် ထိန်းနိုင်သည်။ ဂါလိလဲအိုင်မှမုန်တိုင်းတစ်ခု စဲစေနိုင်စွမ်းကို ယေရှုခရစ်အား ပေးခြင်းဖြင့် မိမိ၏မေရှိယနိုင်ငံတော်အောက် လူသားတို့အဖို့ မိမိဘာပြုမည်ကို ဥပမာတင်ပြတော်မူ၏။ (မာ. ၄:၃၇-၄၁) အာဒံသည် ဘုရားသခင်ကို ကျောခိုင်းခဲ့သည့်အတွက် ဘုရားသခင့်ကာကွယ်မှုကို ငြင်းပယ်ရာရောက်သဖြင့် မိမိနှင့်မိမိသားမြေးများ အကျိုးမခံရတော့ချေ။ ခရစ်တော်၏မေရှိယနိုင်ငံအုပ်စိုးချိန်အတွင်း အသက်ရှင်ခွင့်ရသူတို့သည် အဆိုပါ ကာကွယ်မှုကိုရကြမည်။ ဘုရားသခင်တန်ခိုးဖြည့်တင်းသောအစိုးရသာ ထိုကာကွယ်မှုကို ပေးနိုင်သည်။—ဟေရှာ. ၁၁:၉။
ဒုက္ခတွေ့သူတို့မှာ မိမိတို့၏ဆိုးသွမ်းမှုကြောင့် ဘုရားသခင့်ဒဏ်ခတ်ခြင်းကို ခံရခြင်းဖြစ်သလော
ဘုရားရေးရာစံများကို ချိုးဖောက်သူတို့သည် ဆိုးကျိုးခံကြရသည်မှန်၏။ (ဂလ. ၆:၇) တစ်ခါတစ်ရံ ချက်ချင်းလက်ငင်းခံရကြသည်။ အချို့မှာ ကြာမြင့်စွာကြီးပွားနေဟန်ရှိ၏။ ယေရှုမူ၊ သူတို့နှင့်မတူ၊ တစ်ခါမျှအမှားမလုပ်ဘဲလျက် မတရားပြုခြင်း၊ အသေသတ်ခြင်းကို ခံရသည်။ ထို့ကြောင့် ဤစနစ်အတွင်း ကြီးပွားချမ်းသာခြင်းသည် ဘုရားသခင့်ကောင်းချီး၏ သာဓကဟု မထင်အပ်။ ဘုရားသခင့်မျက်နှာသာတော် မရ၍ ဒုက္ခကြုံရသည်ဟုလည်း မဆိုသင့်။
ယောဘသည် ဥစ္စာဆုံးရှုံး၍ ရွံရှာဖွယ်ရောဂါရခဲ့စဉ် မျက်နှာသာတော်မရ၍မဟုတ်။ စာတန်ကြောင့်ဟု ကျမ်းစာက ရှင်းလင်းစွာဆို၏။ (ယောဘ ၂:၃၊ ၇၊ ၈) သို့သော် ယောဘထံသို့လာကြသော အပေါင်းအသင်းများက ယောဘ ဒုစရိုက်တစ်ခုခုပြုခဲ့၍ ယခုလိုခံရသည်ဟု ဆိုကြသည်။ (ယောဘ ၄:၇-၉; ၁၅:၆၊ ၂၀-၂၄) သူတို့ကို ယေဟောဝါဆုံးမ၍ ဤသို့မိန့်တော်မူသည်။ “သင်နှင့်သင်၏အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက်ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့ သင်တို့သည်မပြော။”—ယောဘ ၄၂:၇။
အမှန်သော် လူဆိုးတို့သည် တဒင်္ဂကြီးပွားချင်ကြီးပွားမည်။ အာသပ်ဤသို့ရေး၏။ “မတရားသောသူတို့၏စည်းစိမ်ကို မြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။ သူတို့သည် လောကဓံဒုက္ခမရှိ။ လူများကဲ့သို့ အနှောင့်အယှက်ကိုမခံရကြ။ ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ရယ်ပြု၍ပြောတတ်ကြ၏။ ထောင်လွှားသောစကားကိုလည်း သုံးတတ်ကြ၏။ ထိုမတရားသောသူတို့သည် အစဉ်ကောင်းစား၍ ဥစ္စာပွားများကြ၏။”—ဆာ. ၇၃:၃၊ ၅၊ ၈၊ ၁၂။
ဘုရားသခင်တရားစီရင်မည့်နေ့ ရောက်လာမည်။ ထိုအခါ လူဆိုးတို့ကိုဒဏ်ခတ်၍ ထာဝစဉ်ဖျက်ဆီးတော်မူမည်။ သုတ္တံ ၂:၂၁ (သမ) က ဤသို့ဆို၏။ “ဖြောင့်မှန်သောသူတို့သည် နေပြည် [“မြေကြီးပေါ်၊”NE] တွင်တည်လျက် စုံလင်သူတို့လည်း မြဲကြလိမ့်မည်။ လူဆိုးတို့မူကား ထိုပြည် [“မြေကြီး၊” KJ] မှ ပယ်ရှားခြင်းခံရ၍ သစ္စာမဲ့သောသူတို့လည်း နုတ်ပယ်ခြင်းကို ခံရကြလိမ့်မည်။” ထိုအခါ ယခင်ဆင်းရဲခံခဲ့ရသော ဖြောင့်မတ်သူတို့သည် စုံလင်သောကျန်းမာရေးကိုရမည့်အပြင် မြေကြီး၏သီးထွက်ကို ကြွယ်ပြောစွာခွဲဝေခံစားရမည်တည်း။
တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—
‘ဒီဆင်းရဲဒုက္ခတွေဖြစ်ဖို့ ဘုရားသခင် ဘာကြောင့်ခွင့်ပြုရတာလဲ’
ဤသို့ပြန်ပြောနိုင်သည်– ‘ဒါဟာ ကျွန်တော်တို့အားလုံးရဲ့အရေးဖြစ်တယ်။ မိတ်ဆွေ ဒီကနေ့ ဘာကြောင့်ဒီကိစ္စကိုပြောရတာလဲ သိပါရစေ။ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘(စာမျက်နှာ ၁၁၃-၁၁၆ ပါ အကြောင်းကိုသုံးပါ။)’ (၂) ‘(သူခံစားရသောဆင်းရဲမှလွတ်မြောက်ခြင်းနှင့်ပတ်သက်သော အခြားကျမ်းချက်များကို တင်ပြပါ။)’
သို့မဟုတ် ဤသို့ဆိုနိုင်သည်– (ဤလောက၏မတရားမှုကြောင့် သောကရောက်သူဖြစ်လျှင်) ဒီကနေ့ ဒီလိုအခြေအနေမျိုး ဘာကြောင့်ရှိရတာကို ကျမ်းစာက ပြောပြပါတယ်။ (ဒေ. ၄:၁; ၈:၉) ကျွန်တော်တို့ချမ်းသာရဖို့ ဘုရားသခင်ဘာလုပ်မယ်ဆိုတာကိုလည်း တင်ပြပါတယ်။ မိတ်ဆွေသိပါသလား။ (ဆာ. ၇၂:၁၂၊ ၁၄; ဒံ. ၂:၄၄၊ ၄၅)’
အဖြေနောက်တစ်မျိုး– ‘မိတ်ဆွေဟာ ဘုရားသခင်ကိုယုံကြည်တဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပုံရတယ်။ ဘုရားသခင်ဟာ မေတ္တာရှင်ဖြစ်တယ်ဆိုတာကို ယုံပါသလား။ . . . ဘုရားသခင်ဟာ ပညာရှိတဲ့အနန္တတန်ခိုးရှင်လည်းဖြစ်တယ်ဆိုတာကို ယုံသလား။ . . . ဒီလိုဆိုရင် ဆင်းရဲဒုက္ခတွေကို ခွင့်ပြုထားတာ အကြောင်းရှိလို့ဖြစ်ရလိမ့်မယ်။ ကျမ်းစာက ဘာအကြောင်းတွေကြောင့် ဆိုတာကို ရှင်းလင်းတင်ပြတယ်။ (စာမျက်နှာ ၁၁၃-၁၁၆ ကိုရှု။)’