ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၂၇၈-စာ. ၂၈၄
  • ရွေးနုတ်ဖိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွေးနုတ်ဖိုး
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်တော်၏ရွေးနုတ်ဖိုး—ဘုရားသခင်၏ကယ်တင်ရာလမ်းစဉ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ယေရှု၏သေခြင်းသည် သင့်အဖို့ အဘယ်အဓိပ္ပာယ် ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • “ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • လူသားတို့ကိုကယ်တင်ရန်အတွက်ဘုရားသခင်လုပ်ဆောင်တော်မူခဲ့ရာများ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၂၇၈-စာ. ၂၈၄

ရွေးနုတ်ဖိုး

အဓိပ္ပာယ်သတ်မှတ်ချက်– ဝတ္တရားတစ်စုံတစ်ခု သို့မဟုတ် မနှစ်မြို့ဖွယ်အခြေအနေတစ်ခုမှ လွတ်မြောက်လာရန် ပေးဆပ်ရသောအဖိုးအခဖြစ်၏။ အထူးခြားဆုံးသောရွေးနုတ်ဖိုးမှာ ယေရှုခရစ်သွန်းတော်မူသောအသွေးတော်တည်း။ ယေရှုသည် ကောင်းကင်၌ ထိုရွေးနုတ်ဖိုး၏တန်ဖိုးကို ပေးဆပ်ခြင်းဖြင့် အာဒံ့အပြစ်ကြောင့် အမွေရကြသောအပြစ်နှင့်သေခြင်းအောက်မှ အာဒံ့အမျိုးအနွယ်အဖို့ လွတ်မြောက်စေသောလမ်း ပွင့်စေခဲ့သည်။

ယေရှုခရစ်၏သေခြင်းသည် အာဇာနည်ဖြစ်လာသော အခြားသူတို့၏သေခြင်းနှင့် မည်သို့ခြားနားသနည်း

ယေရှုသည် စုံလင်သောလူသားဖြစ်၏။ အပြစ်၏အစွန်းအထင်းနှင့်ကင်း၍ တစ်သက်ပတ်လုံး ထိုစုံလင်မှုကို ထိန်းသိမ်းတော်မူပေသည်။ “ထိုသခင်သည် ဒုစရိုက်ကိုမပြု။” “သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့်ကင်းလွတ်လျက် အပြစ်ရှိသောသူတို့နှင့်မဆက်ဆံ။”​—၁ ပေ. ၂:၂၂; ဟေဗြဲ ၇:၂၆။

ဘုရားသခင်၏အတုမရှိသားတော်ဖြစ်၏။ ဘုရားသခင်ကိုယ်တော်တိုင် ကောင်းကင်မှ အသံလွှင့်၍ သက်သေခံတော်မူသည်။ (မ. ၃:၁၇; ၁၇:၅) ဤသားတော်သည် တစ်ချိန်က ကောင်းကင်၌ စံမြန်းခဲ့သည်။ သူ့အားဖြင့် စကြဝဠာတစ်ခွင်ရှိ အခြားပုဂ္ဂိုလ်များနှင့် အရာဝတ္ထုများကို ဖန်ဆင်းတော်မူသည်။ မိမိအလိုတော်ကိုဆောင်ရွက်စေရန် သားတော်၏အသက်ကို အံ့ဖွယ်တန်ခိုးဖြင့် အပျိုကညာတစ်ဦး၏ဝမ်းထဲသို့ ရွှေ့ပြောင်း၍ လူအဖြစ် မွေးဖွားစေတော်မူ၏။ ယေရှုက မိမိသည် တကယ်ပင် လူသားတစ်ဦးဖြစ်လာကြောင်း သိသာစေလိုသဖြင့် မိမိကိုယ်ကို လူသားဟူ၍ရည်ညွှန်းတော်မူသည်။​—ကော. ၁:၁၅-၂၀; ယော. ၁:၁၄; လု. ၅:၂၄။

မိမိကိုသေဒဏ်စီရင်သောလူတို့ရှေ့၌ ခုခံအားကင်းမဲ့သည်မဟုတ်။ ကိုယ်တော်က “ငါသည် . . . ကိုယ့်အသက်ကိုစွန့် [၏။] . . . အဘယ်သူမျှ ငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက် စွန့်ခြင်းဖြစ်၏။” (ယော. ၁၀:၁၇၊ ၁၈၊ သက) ကောင်းကင်တမန်တပ်ကူကို မတောင်းဘဲနေတော်မူ၏။ (မ. ၂၆:၅၃၊ ၅၄) လူဆိုးတို့သည် အကောက်ကြံသည်အတိုင်း ယေရှုကိုသတ်ဖြတ်ခွင့်ရခဲ့ကြသော်လည်း ကိုယ်တော့်သေခြင်းသည် အမှန်ပင် အသက်စွန့်ခြင်းဖြစ်ပေသည်။

အသွန်းခံသွေးတော်ဖြင့် အခြားသူတို့အား ကယ်တင်နိုင်၏။ “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း၊ ကြွလာသတည်း။” (မာ. ၁၀:၄၅) ထို့ကြောင့် ကိုယ်တေသေခြင်းသည် ကိုယ့်ယုံကြည်ချက်ကြောင့် အသေခံသော အာဇာနည်၏သေခြင်းထက် အဆများစွာ သာ၍မြတ်သည်။

စာမျက်နှာ ၃၂၀၊ ၃၂၁ ပါ “သတိရအောက်မေ့ပွဲ” ဟူသောခေါင်းစဉ်အောက်ကိုလည်းရှု။

ကျွန်ုပ်တို့ ထာဝရအသက်ရဖို့ ရွေးနုတ်ဖိုးကို အဘယ်ကြောင့် ထိုပုံထိုနည်းဖြင့် စီစဉ်ခဲ့ရသနည်း

ရော. ၅:၁၂– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ကျွန်ုပ်တို့သည် မည်မျှပင်ဖြောင့်မတ်စွာနေထိုင်စေကာမူ မွေးကတည်းက အပြစ်သားများဖြစ်ကြ၏။ [ဆာ. ၅၁:၅] ထာဝရအသက်ရှင်ခွင့်ကို လုပ်ခအဖြစ် ဘယ်နည်းနှင့်မျှ မရယူနိုင်။)

ရော. ၆:၂၃– “အပြစ်တရား၏အခကား သေခြင်းပေတည်း။”

ဆာ. ၄၉:၆-၉– “ထိုသူတို့သည် ကိုယ်ဥစ္စာကိုကိုးစား၍၊ ကိုယ်စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း၊ မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကို ဘုရားသခင်၌ မပေးနိုင်။ သူတို့အသက်ဝိညာဉ်၏ရွေးရန်အဖိုး ကြီးလှပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျက်နေရမည်။ ရွေးလျှင် အစဉ်အမြဲအသက်ရှင်ရာ၏။ ပုပ်စပ်ခြင်းသို့မရောက်ရာ။” (မစုံလင်သောအဘယ်လူသားမျှ အခြားတစ်ယောက်ကို အပြစ်နှင့်သေခြင်းမှ ရွေးနိုင်သည့်အဖိုးကို မပေးနိုင်။ သူ့ငွေဖြင့် ထာဝရအသက်ကို မဝယ်နိုင်။ သူစွန့်သောစိုးလ်လည်း ကိုယ့်အပြစ်ကြောင့် ပေးဆပ်ရာသာဖြစ်သဖြင့် မည်သူ့ကယ်တင်ခြင်းအတွက်မျှ တန်ဖိုးမရှိ။)

အာဒံနှင့်ဧဝတို့သည် မိမိတို့၏ပုန်ကန်မှုကြောင့် သေရမည်ဖြစ်သော်လည်း မိမိကိုနာခံသော သူတို့၏သားမြေးရှိသမျှ ထာဝစဉ်အသက်ရှင်နိုင်မည်ဟူ၍ အဘယ်ကြောင့် အမိန့် ရိုးရိုးကလေး ထုတ်ပြန်တော်မမူသနည်း

ယေဟောဝါသည် “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ” သောကြောင့်ဖြစ်၏။ (ဆာ. ၃၃:၅; တရား. ၃၂:၄; ယေရ. ၉:၂၄) ထို့ကြောင့် ကိုယ်တော်၏ကိုင်တွယ်ပုံသည် မိမိ၏ဖြောင့်မတ်ခြင်းအတိုင်း တရားမျှတမှု၏တောင်းဆိုချက်နှင့် လုံးဝညီညွတ်ရုံမက မေတ္တာနှင့်ကရုဏာတော်ကိုပါ ထင်ရှားစေပေသည်။ အဘယ်နည်းဖြင့်နည်း။

(၁) အာဒံနှင့်ဧဝတို့သည် အပြစ်မပြုမီ သားသမီးမမွေးဖွားကြချေ။ ထို့ကြောင့် တစ်ယောက်မျှစုံစုံလင်လင်မွေးလာသည်မဟုတ်။ အာဒံ့သားမြေးရှိသမျှ အပြစ်၌မွေးဖွားလာကြ၏။ အပြစ်လည်းသေခြင်းသို့ပို့ဆောင်၏။ ယေဟောဝါသည် ၎င်းကိုလျစ်လျူရှုထားလျှင် မိမိ၏ဖြောင့်မတ်သောစံများကို ပယ်ရာကျလိမ့်မည်။ ကိုယ်တော်သည် ထိုသို့ပြုခြင်းဖြင့် မတရားမှု၏ကြံရာပါ အဖြစ်မခံနိုင်။ အကြွင်းမဲ့သောတရားမျှတမှု၏တောင်းဆိုချက်များကို ဖောက်ဖျက်တော်မမူ; သို့ဖြစ်၍ အသိဉာဏ်ရှိ အဘယ်သတ္တဝါကမျှ ဤကိစ္စ၌ ကိုယ်တေအား အပြစ်မဆိုနိုင်။​—ရော. ၃:၂၁-၂၆။

(၂) တရားမျှတမှု၏တောင်းဆိုချက်များကိုလည်း လျစ်လျူမရှု၊ ယေဟောဝါကို မေတ္တာဖြင့်နာခံသောအာဒံ့သားမြေးများအားလည်း တရားသဖြင့် ကယ်တင်နိုင်ရန် အဘယ်အစီအစဉ် ပြုလုပ်နိုင်သနည်း။ စုံလင်သောလူတစ်ယောက် အသေခံလျှင် ၎င်းအစီအစဉ်ကိုလက်ခံယုံကြည်သောသူတို့၏အပြစ်ကို ထိုစုံလင်သောအသက်ဖြင့် တရားမျှတစွာ ချေဖျက်နိုင်ပေသည်။ တစ်ယောက်သောသူ (အာဒံ) ၏အပြစ်ကြောင့် လူ့မိသားစုတစ်ခုလုံး အပြစ်သားများဖြစ်လာကြသည်ဖြစ်ရာ အခြားစုံလင်သောလူတစ်ယောက် (ဒုတိယအာဒံ) ၏ တန်ဖိုးချင်းညီမျှသည့် အသွန်းခံသွေးသည် တရားမျှတမှုချိန်ခွင်လျှာကို တည့်မတ်စေနိုင်ပေ၏။ အာဒံသည် စိတ်လိုကိုယ်လျောက်အပြစ်ပြုသူဖြစ်သဖြင့် အကျိုးမခံစားနိုင်; သို့ရာတွင် လူသားအားလုံး ပေးဆပ်ရသည့် အပြစ်ကြွေးကို အခြားတစ်ယောက်က ပေးဆပ်သောကြောင့် အာဒံ့သားမြေးများကို ရွေးနုတ်နိုင်ပေသည်။ သို့သော် စုံလင်သောလူသား တစ်ယောက်မျှမရှိ။ လူသားတို့သည် အကြွင်းမဲ့သောတရားမျှတမှု၏တောင်းဆိုချက်ကို ဘယ်တော့မျှ မဖြည့်စွက်နိုင်။ သို့ဖြစ်၍ ယေဟောဝါသည် ထူးကဲသောမေတ္တာတော်ကိုထင်ရှားစေလျက် မဟာအနစ်နာတော်ခံကာ ထိုအစီအစဉ်ကို ပြုလုပ်တော်မူသည်။ (၁ ကော. ၁၅:၄၅; ၁ တိ. ၂:၅၊ ၆; ယော. ၃:၁၆; ရော. ၅:၈) ဘုရားသခင်၏တစ်ပါးတည်းသောသားတော်လည်း မိမိကျရာအခန်းကဏ္ဍမှ စိတ်လိုကိုယ်လျောက် ဆောင်ရွက်ပေသည်။ ယေရှုသည် စိတ်နှိမ့်ချလျက် ကောင်းကင်ဘုန်းစည်းစိမ်ကိုစွန့်၍ စုံလင်သောလူဖြစ်လာကာ လူသားတို့အဖို့ အသေခံတော်မူ၏။​—ဖိ. ၂:၇၊ ၈။

ဥပမာ အိမ်ထောင်ဦးစီးတစ်ယောက်သည် ရာဇဝတ်မှုကျူးလွန်သဖြင့် သေမိန့်ချခံရ၏။ သူ့သားသမီးများသည် ဆင်းရဲမွဲတေပြီးကြွေးလည်ပင်းနစ်လျက်နေရှာ၏။ ကြင်နာတတ်သောအဘိုးက မိမိနှင့်အတူနေသောအခြားသားတစ်ယောက်မှတစ်ဆင့် သူတို့အစား အကြွေးဆပ်သဖြင့် သူတို့အား ဘဝသစ်ထူထောင်စေနိုင်သောအခွင့်လမ်းကို ဖွင့်ပေးလိုက်သည်။ သူတို့သည် ထိုအကျိုးကိုခံစားလိုလျှင် ထိုအစီအစဉ်ကိုလက်ခံရမည်ဖြစ်၏။ အဘိုးလည်း သူတို့အဖေလမ်းစဉ်ကိုသူတို့လိုက်တော့မည်မဟုတ်ကြောင်း အာမခံရန် တောင်းဆိုကောင်းတောင်းဆိုမည်။

ယေရှု၏ယဇ်ကျေးဇူးကို မည်သူများပေါ် အဦးဆုံး အသုံးပြုတော်မူသနည်း။ အဘယ်ရည်ရွယ်ချက်ဖြင့်နည်း

ရော. ၁:၁၆– “[ယေရှုခရစ်နှင့်လည်းကောင်း၊ ယေဟောဝါရည်ရွယ်ချက်ဆိုင်ရာ သူ၏ကဏ္ဍနှင့်လည်းကောင်း ပတ်သက်သော] ဧဝံဂေလိတရား . . . သည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။” (အဦးဆုံး ဂျူးတို့အား၊ ထို့နောက်မှ ဂျူးမဟုတ်သူတို့အား ခရစ်တော်အားဖြင့်ရသော ကယ်တင်ခြင်းကျေးဇူးခံစားရန် ကမ်းလှမ်းတော်မူ၏။)

ဧ. ၁:၁၁-၁၄– “ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ ငါတို့ [တမန်တော်ပေါလုအပါအဝင် ဂျူးများ] သည် ထိုခရစ်တော် [“နှင့်ပူးပေါင်းလျက်၊” ကဘ] အမွေခံဖြစ်ကြ၏။ [ဘာကိုအမွေခံကြသနည်း။ ကောင်းကင်နိုင်ငံဖြစ်၏။] အကြောင်းမူကား ခရစ်တော်ကို [“ရှေးဦးစွာ၊” ကဘ] မျှော်လင့်နှင့်သောငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်းအကြောင်း ဖြစ်သတည်း။ သင်တို့ [များစွာသောဧဖက်မြို့သားကဲ့သို့သော တစ်ပါးအမျိုးသားထဲမှခရစ်ယာန်တို့] သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာရ၍ ထိုခရစ်တော်ကိုယုံကြည်ပြီးမှ ကတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြပြီ။ ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကိုချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနုတ်တော်မူခြင်းသို့မရောက်မီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့အမွေ၏စရန်ဖြစ်တော်မူ၏။” (ထိုအမွေတော်ကို ၁ ပေတရု ၁:၄ ဆိုသည့်အတိုင်း ကောင်းကင်၌ သိမ်းဆည်းထားတော်မူ၏။ ဗျာဒိတ် ၁၄:၁-၄ အရ၊ အမွေခံသူတို့၏အရေအတွက်သည် ၁၄၄,၀၀၀ ဖြစ်၏။ သူတို့သည် ခရစ်တော်နှင့်အတူ ဘုရင်နှင့်ယဇ်ပုရောဟိတ်များအဖြစ် လူသားတို့အပေါ် အနှစ် ၁,၀၀၀ စိုးစံကြလိမ့်မည်။ ထိုကာလအတွင်း ကမ္ဘာသည် ပထမလူမောင်နှံ၏စုံလင်သောသားမြေးများနေထိုင်ရာဖြစ်လာသဖြင့် ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလာလိမ့်မည်။)

ယခုခေတ်၌ အဘယ်သူများလည်း ယေရှု၏ယဇ်ကျေးဇူးကို ခံစားလျက်ရှိကြသနည်း

၁ ယော. ၂:၂– “ထိုသခင် [ယေရှုခရစ်] သည် ငါတို့ [တမန်တော်ယောဟန်နှင့် အခြားသော ဝိညာဉ်တော်ဖွား-ခရစ်ယာန်များ] ၏အပြစ်မက၊ လောကီသားအပေါင်းတို့ [မြေကြီးပေါ်ထာဝစဉ်နေထိုင်နိုင်သောမျှော်လင့်ချက်ရှိသည့် အခြားလူသားများ] ၏အပြစ်ဖြေစရာအကြောင်း [လည်း] ဖြစ်တော်မူ၏။”

ယော. ၁၀:၁၆– “ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကိုနားထောင်သဖြင့် သိုးခြံတစ်ခု [“သိုးအုပ်တစ်အုပ်၊” သမ၊ သမ္မာ၊ သက] သိုးထိန်းတစ်ပါးတည်း ရှိရလိမ့်မည်။” (“သိုးစုငယ်” ကမ္ဘာပေါ်ရှိသေးစဉ် “အခြားသိုး” တို့သည် ယေရှုခရစ်၏မေတ္တာစောင့်ရှောက်မှုအောက် ရောက်လာကြသည်။ ဤနည်းအားဖြင့် “အခြားသိုး” သည် “သိုးအုပ်တစ်အုပ်” ဝင်အဖြစ် နိုင်ငံတော်အမွေခံများနှင့် ပေါင်းသင်းနိုင်ကြသည်။ သူတို့အားလုံး ယေရှု၏ယဇ်ကျေးဇူးများစွာကို အလားတူခံစားကြရသော်လည်း နောင်ရေးမတူသဖြင့် တစ်ပုံစံတည်းခံစားကြရသည်မဟုတ်။)

ဗျာ. ၇:၉၊ ၁၄၊ သက– “ထိုနောက် ငါကြည့်လိုက်သောအခါ အဘယ်သူမျှ မရေမတွက်နိုင်သော လူအုပ်ကြီးကိုတွေ့ရ၏။ သူတို့သည် ဘာသာစကားအမျိုးမျိုးကိုပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းတို့မှ လာရောက်ကြသူများဖြစ်ကြ၏။ . . . ‘သူတို့သည် ဆင်းရဲဒုက္ခကြီးထဲမှလွတ်မြောက်လာသူများဖြစ်၏။ သူတို့သည် မိမိတို့ဝတ်လုံများကို သိုးသငယ်တော်၏သွေးဖြင့် ဖြူစင်အောင်ဖွပ်လျှော်ခဲ့ကြလေပြီ။’” (ထို့ကြောင့် ဆင်းရဲဒုက္ခကြီးစတင်စဉ် လူအုပ်ကြီးဝင်သူတို့ အသက်ရှင်လျက်ရှိ၏။ ရွေးနုတ်ဖိုးပေါ်ယုံကြည်ကြသောကြောင့် ဘုရားသခင့်ရှေ့ စင်ကြယ်စွာရပ်တည်နိုင်ကြသည်။ ၎င်းကိုအခြေပြု၍ ရသောဖြောင့်မတ်ခြင်းသည် လုံလောက်ပြီဖြစ်၍ သူတို့အား ဆင်းရဲဒုက္ခကြီးမှ ချမ်းသာရစေနိုင်ပေ၏။)

ရွေးနုတ်ဖိုးကြောင့် အဘယ်အနာဂတ်ကောင်းချီးများ ခံစားကြရမည်နည်း

ဗျာ. ၅:၉၊ ၁၀၊ သက– “‘ကိုယ်တော်ရှင် [သိုးသငယ်ယေရှုခရစ်] သည် အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့် တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းတို့မှ လူတို့ကို ထာဝရဘုရားအဖို့ ဝယ်တော်မူပါ၏။ ထို့ကြောင့် ကိုယ်တော်ရှင်သည် ဤစာလိပ်တော်ကိုယူ၍ ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။ ကိုယ်တော်သည် သူတို့အား အကျွန်ုပ်တို့ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်နိုင်ကြစေရန် ယဇ်ပုရောဟိတ်အရာကို ပေးအပ်တော်မူ၏။ သူတို့သည်လည်း ကမ္ဘာလောကတွင် စိုးစံရသောအခွင့်ကိုရရှိကြလိမ့်မည်’ ဟု သီချင်းသစ်ကိုသီဆိုကြ၏။” (ခရစ်တော်နှင့်အတူ အုပ်စိုးမည့်သူများ ကောင်းကင်အသက်တာသို့ရောက်ရှိရေးအတွက် ရွေးနုတ်ဖိုးသည် အလွန်အရေးပါ၏။ မကြာမီ ကမ္ဘာ့အစိုးရသစ်ထဲမှအုပ်စိုးသူအားလုံး မိမိတို့ပလ္လင်ပေါ်သို့ ရောက်ရှိတော့မည်။)

ဗျာ. ၇:၉၊ ၁၀၊ သက– “ထိုနောက် ငါကြည့်လိုက်သောအခါ အဘယ်သူမျှ မရေမတွက်နိုင်သော လူအုပ်ကြီးကိုတွေ့ရ၏။ သူတို့သည် ဘာသာစကားအမျိုးမျိုးကိုပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းတို့မှ လာရောက်ကြသူများဖြစ်ကြ၏။ သူတို့သည် ဝတ်လုံဖြူများကိုဝတ်လျက် စွန်ပလွံခက်များကိုကိုင်ကာ ပလ္လင်တော်နှင့် သိုးသငယ်တော် [အလား အသေခံသောယေရှုခရစ်] ၏ရှေ့တွင် ရပ်လျက်နေကြ၏။ သူတို့က ‘ကယ်တင်ခြင်းကျေးဇူးသည် ပလ္လင်တော်ပေါ်မှာစံတော်မူသော ငါတို့ထာဝရဘုရားနှင့် သိုးသငယ်တော်ထံမှ သက်ရောက်လာ၏’ ဟု ကြွေးကြော်ကြ၏။” (ဤလူအုပ်ကြီး ဆင်းရဲဒုက္ခကြီးကို ကပ်ကျော်ရေးအတွက် ခရစ်တော်၏ယဇ်ပေါ်ယုံကြည်ခြင်းသည် အဓိကသော့ချက်တစ်ချက်ဖြစ်သည်။)

ဗျာ. ၂၂:၁၊ ၂– “တစ်ဖန်၊ ကျောက်သလင်းကဲ့သို့ကြည်လင်၍ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲကထွက်သော အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဖက်၌လည်းကောင်း အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ့်နှစ်မျိုးကိုသီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းစရာဖို့ဖြစ်၏။” (သို့ဖြစ်၍ ဘုရားသခင့်သိုးသငယ်၏ ယဇ်တန်ဖိုးကို အသုံးပြုခြင်းသည် လူသားများခံရသော အပြစ်တရား၏ဆိုးကျိုးရှိသမျှကို ချေဖျက်ပြီး လူတို့ကို ထာဝရအသက်မွေ့လျော်စေသော ဘုရားသခင်ပြုလုပ်သည့် အရေးပါအစီအစဉ်ပိုင်းတစ်ရပ် ဖြစ်သည်။)

ရော. ၈:၂၀၊ ၂၁၊ သမ– “ဖန်ဆင်းတော်မူရာများသည် . . . သင်္ခါရတရား၏ကျွန်ခံခြင်းအဖြစ်နှင့်ကင်း၍ ဘုရားသခင့်သားသမီးတို့ ဘုန်းကြီးသော လွတ်ခွင့်အဖြစ်ကို မျှော်လင့်ခြင်းရှိကြသတည်း။”

ယေရှု၏စုံလင်သောယဇ်ကျေးဇူးကို ထာဝစဉ်ခံစားသွားနိုင်ရန် ကျွန်ုပ်တို့ဘာပြုဖို့လိုသနည်း

ယော. ၃:၃၆– “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်။”

ဟေဗြဲ ၅:၉– “ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကျေးဇူးကိုပြုသောသူဖြစ်တော်မူ [၏။]”

လူသားတို့နှင့်ပတ်သက်သော ဘုရားသခင်၏အဘယ်ခံစားချက်ကို ရွေးနုတ်ဖိုးအစီအစဉ်က ပေါ်လွင်စေသနည်း

၁ ယော. ၄:၉၊ ၁၀၊ သက– “ငါတို့သည် သားတော်အားဖြင့် ထာဝရအသက်ကိုရရှိကြစေရန် ထာဝရဘုရားသည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဤနည်းအားဖြင့် ငါတို့အပေါ်၌ မိမိထားရှိသောမေတ္တာတော်ကို ပေါ်လွင်ထင်ရှားစေတော်မူ၏။ မေတ္တာဟုဆိုရာ၌ ထာဝရဘုရားအတွက် ငါတို့ထားရှိသည့်မေတ္တာကိုမဆိုလို။ ငါတို့သည် အပြစ်များမှ ပြေလွတ်ခွင့်ရရှိကြစေရန် သားတော်ကိုစေလွှတ်တော်မူခြင်းအားဖြင့် ငါတို့အား ထာဝရဘုရားပြတော်မူသော မေတ္တာတော်ကို ဆိုလိုပေသည်။”

ရော. ၅:၇၊ ၈– “ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည်မှန်စေတော့။ ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။”

ဤအစီအစဉ်ကျေးဇူးကိုထောက်၍ ကျွန်ုပ်တို့အသက်တာကို ကျွန်ုပ်တို့ မည်သို့အသုံးပြုအပ်သနည်း

၁ ပေ. ၂:၂၄– “ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူ [၏။]” (ယေဟောဝါနှင့်သားတော်သည် ကျွန်ုပ်တို့ကို အပြစ်နှင့်ကင်းစေရန် ဤမျှတိုင် အကျိုးဆောင်တော်မူပြီဖြစ်၍ ကျွန်ုပ်တို့အနေနှင့် အပြစ်ပြုလိုသောဉာဉ်ကို အားမာန်စိုက်၍ တိုက်ထုတ်ချိုးနှိမ်သင့်၏။ အပြစ်ဖြစ်မှန်းသိလျက်နှင့် တမင်ပြုဖို့ စဉ်းပင်မစဉ်းစားအပ်ချေ။)

တိ. ၂:၁၄၊ သမ္မာ– “ထိုအရှင်ယေရှုခရစ်သည် ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကိုရွေးနုတ်ခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်များ၌ စိတ်အားကြီး [သော] ပိုင်ဆိုင်တော်မူသောအမျိုးကို မိမိအဖို့ စင်ကြယ်စေခြင်းငှာလည်းကောင်း ငါတို့အဖို့ ကိုယ်ကိုစွန့်တော်မူပြီ။” (ကျွန်ုပ်တို့သည် ထူးမြတ်လှသော ဤအစီအစဉ်ကိုလေးမြတ်ပါက နောက်လိုက်စစ်တို့အား ခရစ်တော် အပ်နှင်းတော်မူသောလုပ်ငန်းများ၌ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်သင့်ပေသည်။)

၂ ကော. ၅:၁၄၊ ၁၅၊ သက– “တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသဖြင့် လူအပေါင်းတို့သည် ထိုသူနှင့်အတူ အသေခံကြကြောင်းကို ငါတို့ယခုသိကြပြီဖြစ်၍ ငါတို့ကို ခရစ်တော်၏မေတ္တာတော်သည် လွှမ်းမိုးချုပ်ကိုင်လေပြီ။ ကိုယ်တော်သည် လူအပေါင်းတို့အတွက် အသေခံခြင်းမှာ လူတို့သည် အသက်ရှင်စဉ် ကိုယ်ကျိုးအတွက် ဆက်လက်၍ အသက်မရှင်ကြတော့ဘဲ မိမိတို့အတွက် အသက်ကိုစွန့်တော်မူပြီးနောက် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသောအရှင်၏အဖို့ အသက်ရှင်ကြစေရန် ဖြစ်ပေသည်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ