ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bh စာ. ၂၀၆-စာ. ၂၀၈
  • သခင့်ညစာစားပွဲ—ဘုရားသခင်ကို ဂုဏ်တင်တဲ့ပွဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သခင့်ညစာစားပွဲ—ဘုရားသခင်ကို ဂုဏ်တင်တဲ့ပွဲ
  • သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သခင့်ညစာစားပွဲ မည်သို့ကျင်းပရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သခင့်ညစာစားပွဲကို အဘယ်ကြောင့် ကျင်းပကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေဟောဝါသက်သေတွေ သခင့်ညစာစားပွဲကျင်းပပုံက တခြားဘာသာရေးအဖွဲ့တွေ ကျင်းပပုံနဲ့ ဘာကြောင့် မတူတာလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
bh စာ. ၂၀၆-စာ. ၂၀၈

နောက်ဆက်တွဲ

သခင့်ညစာစားပွဲ—ဘုရားသခင်ကို ဂုဏ်တင်တဲ့ပွဲ

ခရစ်ယာန်တွေဟာ ခရစ်တော်သေခြင်းအောက်မေ့ရာပွဲကို ကျင်းပဖို့ မိန့်မှာခံရတယ်။ ဒီပွဲတော်ကို “သခင့်ညစာစားပွဲ” လို့လည်းခေါ်တယ်။ (၁ ကောရိန္သု ၁၁:၂၀) ဒီပွဲတော်ရဲ့ထူးခြားချက်က ဘာလဲ။ ဒီပွဲတော်ကို ဘယ်အချိန်မှာ ကျင်းပသင့်သလဲ၊ ဘယ်လိုကျင်းပသင့်သလဲ။

ယေရှုခရစ်က ဒီပွဲတော်ကို အေဒီ ၃၃ ဂျူးပသခါပွဲနေ့ညမှာ အစပြုကျင်းပခဲ့တယ်။ ပသခါပွဲကို ဂျူးနိသန်လ ၁၄ ရက်နေ့မှာ တစ်နှစ်တစ်ကြိမ်သာ ကျင်းပကြတယ်။ ဂျူးတွေက အဲဒီရက်စွဲကိုတွက်ချက်ဖို့ နွေဦးနေ့တာနဲ့ ညတာညီမျှချိန်ကို စောင့်ခဲ့ကြပုံရတယ်။ အဲဒီနေ့က နေ့တာ ၁၂ နာရီရှိပြီး ညတာ ၁၂ နာရီခန့်ရှိတဲ့နေ့ဖြစ်တယ်။ နွေဦး နေ့တာညတာညီမျှချိန်နဲ့ အနီးဆုံးလဆန်း ပထမနေ့ကို နိသန်လပထမရက်လို့ သတ်မှတ်ကြတယ်။ ပသခါပွဲနေ့ကို နိသန်လ ၁၄ ရက်၊ နေဝင်ပြီးနောက်မှာကျင်းပတယ်။

ယေရှုက ပသခါပွဲကို သူ့ရဲ့တမန်တော်တွေနဲ့အတူ ကျင်းပခဲ့တယ်၊ ယုဒရှကာရုတ်ကို ထွက်သွားစေပြီးနောက်မှာ သခင့်ညစာစားပွဲကို ကျင်းပခဲ့တယ်။ ဒီပွဲတော်က ဂျူးပသခါပွဲနေရာမှာ အစားထိုးတာဖြစ်တဲ့အတွက် တစ်နှစ်မှာ တစ်ခါပဲ ကျင်းပသင့်တယ်။

မဿဲခရစ်ဝင်ကျမ်းမှာ ဒီလိုဖော်ပြတယ်– “ယေရှုသည် မုန့်ကိုယူ၍ ဆုတောင်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် ‘ယူ၍စားကြလော့။ ဤမုန့်သည် ငါ၏ကိုယ်ကို ကိုယ်စားပြု၏’ ဟုမိန့်တော်မူလျက် တပည့်တော်တို့အား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူပြီးလျှင် ‘သင်တို့အားလုံး သောက်ကြလော့။ အကြောင်းမူကား ဤခွက်သည် အပြစ်များကိုလွတ်စေရန် လူအများအတွက်သွန်းလောင်းမည့် “ပဋိညာဉ်တရားနှင့်ဆိုင်သော ငါ၏အသွေး” ဖြစ်၏။’”—မဿဲ ၂၆:၂၆-၂၈။

တချို့သူတွေက ယေရှုဟာ မုန့်နဲ့စပျစ်ဝိုင်ကို သူ့ရဲ့တကယ့်အသွေးအသားအဖြစ် ပြောင်းလဲပေးခဲ့တယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ ယေရှု မုန့်ဝေနေချိန်မှာ သူ့ရဲ့ကိုယ်ခန္ဓာက နဂိုအတိုင်းရှိနေဆဲပဲ။ ယေရှုရဲ့တမန်တော်တွေဟာ ယေရှုရဲ့ တကယ့်အသားကိုစားပြီး၊ အသွေးကို သောက်ခဲ့ကြသလား။ မဟုတ်ပါဘူး။ အဲဒီလိုသာဆိုရင် လူသားစားတာဖြစ်ပြီး ဘုရားသခင့်ပညတ်ကို ချိုးဖောက်ရာရောက်မှာဖြစ်တယ်။ (ကမ္ဘာဦး ၉:၃၊ ၄; ဝတ်ပြုရာ ၁၇:၁၀) လုကာ ၂၂:၂၀ မှာ ယေရှုက “ဤခွက်ကား သင်တို့အတွက်သွန်းလောင်းမည့် ငါ၏သွေးဖြင့်ဖွဲ့သော ပဋိညာဉ်တရားသစ်ဖြစ်၏” လို့ပြောခဲ့တယ်။ ဒီခွက်က တကယ့် “ပဋိညာဉ်တရားသစ်” ဖြစ်သွားသလား။ မဖြစ်ခဲ့ဘူး။ ပဋိညာဉ်တရားဆိုတာ သဘောတူညီချက်တစ်ခုဖြစ်လို့ ထိတွေ့ကိုင်တွယ်လို့ရတဲ့အရာမဟုတ်ဘူး။

ဒါကြောင့် မုန့်နဲ့စပျစ်ဝိုင် နှစ်ခုစလုံးက ပုံဆောင်ချက်တွေသာဖြစ်တယ်။ မုန့်က ခရစ်တော်ရဲ့ စုံလင်တဲ့ခန္ဓာကိုယ်ကို ပုံဆောင်တယ်။ ယေရှုဟာ ပသခါပွဲကကျန်တဲ့မုန့်တစ်ခုကို အသုံးပြုခဲ့တယ်။ အဲဒီမုန့်က တဆေးမပါတဲ့မုန့်ဖြစ်တယ်။ (ထွက်မြောက်ရာ ၁၂:၈) သမ္မာကျမ်းစာမှာ တဆေးက အပြစ် ဒါမှမဟုတ် ဖောက်ပြန်ခြင်းကို ပုံဆောင်လေ့ရှိတယ်။ ဒါကြောင့် မုန့်က ယေရှုပူဇော်ခဲ့တဲ့ စုံလင်တဲ့ခန္ဓာကိုယ်ကို ပုံဆောင်တယ်။ အဲဒါက အပြစ်နဲ့ကင်းတဲ့ခန္ဓာကိုယ်ဖြစ်တယ်။—မဿဲ ၁၆:၁၁၊ ၁၂; ၁ ကောရိန္သု ၅:၆၊ ၇; ၁ ပေတရု ၂:၂၂; ၁ ယောဟန် ၂:၁၊ ၂။

အနီရောင်စပျစ်ဝိုင်က ယေရှုရဲ့အသွေးကို ပုံဆောင်တယ်။ အဲဒီအသွေးက ပဋိညာဉ်သစ်ကို အတည်ပြုပေးတယ်။ ယေရှုက “အပြစ်များကိုလွတ်စေရန်” မိမိရဲ့အသွေးကို သွန်းတယ်လို့ ပြောခဲ့တယ်။ ဒီလိုနည်းနဲ့ လူတွေဟာ ဘုရားသခင့်ရှေ့တော်မှာ သန့်ရှင်းလာနိုင်ကြပြီး ယေဟောဝါနဲ့ဖွဲ့တဲ့ ပဋိညာဉ်တရားသစ်အဝင် ဖြစ်လာနိုင်ကြတယ်။ (ဟေဗြဲ ၉:၁၄; ၁၀:၁၆၊ ၁၇) ဒီပဋိညာဉ် ဒါမှမဟုတ် သဘောတူညီချက်က သစ္စာရှိခရစ်ယာန် ၁၄၄,၀၀၀ ကို ကောင်းကင်တက်ခွင့် ရရှိစေတယ်။ သူတို့က လူသားအားလုံး ကောင်းချီးခံစားရဖို့အတွက် ဘုရင်များ၊ ယဇ်ပုရောဟိတ်များအဖြစ် ကောင်းကင်မှာ အမှုဆောင်ကြမှာဖြစ်တယ်။—ကမ္ဘာဦး ၂၂:၁၈; ယေရမိ ၃၁:၃၁-၃၃; ၁ ပေတရု ၂:၉; ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁-၃။

ဘယ်သူတွေက အောက်မေ့ရာပွဲအထိမ်းအမှတ်တွေကို စားသုံးသင့်သလဲ။ ပဋိညာဉ်သစ်မှာ ပါဝင်သူတွေဖြစ်တဲ့ ကောင်းကင်မျှော်လင့်ချက်ရှိသူတွေပဲ စားသုံးသင့်တယ်။ သူတို့တွေပဲ မုန့်နဲ့စပျစ်ဝိုင်ကို စားသုံးသင့်တယ်။ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်က အဲဒီပုဂ္ဂိုလ်တွေကို ကောင်းကင်ဘုရင်တွေအဖြစ် ရွေးချယ်ထားကြောင်း လက်ခံယုံကြည်စေတယ်။ (ရောမ ၈:၁၆) သူတို့က ယေရှုနဲ့အတူ နိုင်ငံတော်ပဋိညာဉ်အဝင်လည်း ဖြစ်ကြတယ်။—လုကာ ၂၂:၂၉။

အေးချမ်းငြိမ်သက်တဲ့ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူတွေကော ဘယ်လိုလဲ။ သူတို့က ယေရှုရဲ့အမိန့်ကိုနာခံကြပြီး သခင့်ညစာစားပွဲကို တက်ရောက်ကြတယ်။ ဒါပေမဲ့ ပါဝင်စားသုံးသူအဖြစ်မဟုတ်ဘဲ ပွဲတော်ကို ရိုသေလေးစားစွာ ရှုစားသူများအဖြစ် တက်ရောက်ကြတယ်။ ယေဟောဝါသက်သေတွေဟာ တစ်နှစ်တစ်ကြိမ် နိသန်လ ၁၄ ရက်၊ နေဝင်ပြီးနောက်ပိုင်းမှာ သခင့်ညစာစားပွဲကို ကျင်းပကြတယ်။ ကမ္ဘာတစ်ဝန်းမှာ ကောင်းကင်မျှော်လင့်ချက်ရှိတယ်လို့ပြောတဲ့သူ အနည်းငယ်ပဲကျန်တော့ပေမဲ့ ဒီပွဲက ခရစ်ယာန်အားလုံးအတွက် အထူးအရေးပါတယ်။ ယေဟောဝါဘုရားသခင်နဲ့ ယေရှုခရစ် ပြသခဲ့တဲ့ အလွန်မြင့်မြတ်တဲ့မေတ္တာကို ပြန်လည် တွေးတောဆင်ခြင်နိုင်တဲ့ အချိန်အခါဖြစ်တယ်။—ယောဟန် ၃:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ