ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ia အခန်း ၁၆ စာ. ၁၃၅-၁၄၄
  • ပညာရှိရှိ၊ သတ္တိရှိရှိ ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်ခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပညာရှိရှိ၊ သတ္တိရှိရှိ ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်ခဲ့
  • သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “စကားပြောရတဲ့အချိန်” ကို သူ ပညာရှိရှိ ရွေးချယ်ခဲ့
  • စိတ်ရှည်ခြင်းကြောင့် တရားမျှတမှုအတွက် လမ်းပွင့်သွား
  • သတ္တိရှိရှိ သူ ထုတ်ဖော်ပြောဆိုခဲ့
  • ယေဟောဝါဘုရားနဲ့ ဂျူးလူမျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်ခဲ့
  • ပညာရှိရှိ၊ သတ္တိရှိရှိ ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်သွားခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘုရားသခင့် လူမျိုးဘက် သူရပ်တည်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ဧသတာကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဘုရားသခင် ရွေးချယ်ထားတဲ့ လူမျိုးဘက် သူရပ်တည်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
ia အခန်း ၁၆ စာ. ၁၃၅-၁၄၄
မိဖုရားဧသတာ

အခန်း ဆယ့်ခြောက်

ကိုယ်ကျိုးမငဲ့ဘဲ ပညာရှိရှိ၊ သတ္တိရှိရှိ သူလုပ်ဆောင်ခဲ့

၁-၃။ (က) ခင်ပွန်းရဲ့ ရာဇပလ္လင်နား တိုးကပ်သွားရင်း ဧသတာ ဘယ်လို ခံစားနေရသလဲ။ (ခ) ဧသတာ ရောက်လာတာကို ဘုရင် ဘယ်လို တုံ့ပြန်သလဲ။

ဧသတာဟာ ရာဇပလ္လင်နား တဖြည်းဖြည်း နီးလာလေ ရင်တဒိတ်ဒိတ် ခုန်လာလေပဲ။ ကြီးကျယ်ခမ်းနားတဲ့ ရှုရှန်နန်းတော်ထဲက ဘုရင့်ခန်းမဆောင်ကြီးဟာ တိတ်ဆိတ်ငြိမ်သက်လို့ နေတယ်။ ဧသတာဟာ သူ့ရဲ့ ညင်သာတဲ့ ခြေလှမ်းတွေနဲ့ နန်းဝတ်နန်းစားတွေ တရွှမ်းရွှမ်း မြည်သံကိုတောင် ပြန်ကြားနေရသလိုပဲ။ နန်းတွင်း ခန်းမဆောင်ရဲ့ တင့်တယ်လှပတဲ့ တိုင်လုံးကြီးတွေ၊ လက်ဘနွန် ထင်းရှူးသား ပန်းပုလက်ရာတွေ အပြည့်ရှိတဲ့ မျက်နှာကြက်တွေဆီ သူအာရုံရောက်သွားလို့ မဖြစ်ဘူး။ သူ့ရဲ့ သေရေးရှင်ရေးက ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရင်ပေါ်မှာ မူတည်နေလို့ ဘုရင်ကိုပဲ အာရုံစိုက်နေတယ်။

၂ သူ့ဆီ တစ်လှမ်းချင်း လျှောက်လာနေတဲ့ ဧသတာကို ရှင်ဘုရင် ကြည့်နေရင်း လက်ထဲက ရွှေရာဇလှံတံကို ကမ်းပေးလိုက်တယ်။ အဲဒီအပြုအမူက သာမန်ပဲလို့ ထင်ရပေမဲ့ ဧသတာအတွက်တော့ အသက်ဘေးက လွတ်ပြီဆိုတဲ့ အမှတ်အသားပါပဲ။ မဆင့်ခေါ်ဘဲ ဘုရင့်ရှေ့ အခစားဝင်လာတဲ့ ဧသတာရဲ့အပြစ်ကို ခွင့်လွှတ်တယ် ဆိုတဲ့သဘော ဖြစ်တယ်။ ဧသတာဟာ ရာဇပလ္လင်အနား တိုးလာပြီး ကမ်းပေးတဲ့ ရာဇလှံတံရဲ့ ထိပ်ဖျားကို ကျေးဇူးတင်စိတ်နဲ့ လှမ်းထိလိုက်တယ်။—ဧသ. ၅:၁၊ ၂။

ဘုရင်အာရွှေရုက ရွှေရာဇလှံတံ ကမ်းပေးတဲ့အခါ ဧသတာက ရာဇပလ္လင်နား တိုးကပ်သွား

ဘုရင်ရဲ့ သနားကြင်နာမှုကို ဧသတာ နှိမ့်ချစွာ အသိအမှတ်ပြုခဲ့

၃ ဘုရင်အာရွှေရုဟာ အလွန် ချမ်းသာကြွယ်ဝပြီး တန်ခိုးအာဏာကြီးတဲ့ပုံပဲ။ အဲဒီခေတ်က ပါရှားဘုရင်ရဲ့ဝတ်စုံ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ တန်တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ဧသတာ တွေ့လိုက်တာကတော့ ချစ်ရိပ်သန်းနေတဲ့ သူ့ခင်ပွန်းရဲ့ မျက်ဝန်းတွေကိုပါပဲ။ အဲဒီအခါ ဘုရင်က “မိဖုရားဧသတာ၊ ဘာကိစ္စများရှိလို့လဲ။ ဘာများ တောင်းဆိုချင်သလဲ။ နိုင်ငံတစ်ဝက်ကို တောင်းမယ်ဆိုရင်တောင် ငါပေးမှာပါ” ဆိုပြီးပြောလိုက်တယ်။—ဧသ. ၅:၃။

၄။ ဘယ်အခက်အခဲတွေကို ဧသတာ ရင်ဆိုင်စရာ ရှိသေးသလဲ။

၄ ဧသတာရဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိက အရမ်းကို ထူးခြားပါတယ်။ မျိုးဖြုတ်သတ်ဖြတ်ခံရတော့မယ့် သူ့လူမျိုးကို ကာကွယ်ပေးဖို့ ဘုရင့်ရှေ့ကို သူရောက်လာပါပြီ။ အခုထက်ထိတော့ အောင်မြင်နေပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ စိန်ခေါ်ချက်တွေကို သူရင်ဆိုင်ရဦးမယ်။ ဘုရင် စိတ်အချဆုံး အတိုင်ပင်ခံအမတ်ဟာ တကယ်တော့ ယုတ်မာတဲ့သူ၊ မလိမ့်တပတ်နဲ့ ဧသတာရဲ့လူမျိုးကို သေတွင်းပို့တဲ့သူ ဆိုတာ ဒီမာနကြီးတဲ့ဘုရင် ယုံကြည်လာအောင် ပြောရဦးမယ်။ ဘုရင် ယုံကြည်လာအောင် သူ ဘယ်လို ပြောမလဲ။ ဧသတာရဲ့ ယုံကြည်ခြင်းကနေ ဘာသင်ခန်းစာ ရနိုင်မလဲ။

“စကားပြောရတဲ့အချိန်” ကို သူ ပညာရှိရှိ ရွေးချယ်ခဲ့

၅၊ ၆။ (က) ဒေသနာ ၃:၁၊ ၇ ပါ ကျမ်းစာမူကို ဧသတာ ဘယ်လို လက်တွေ့ကျင့်သုံးခဲ့သလဲ။ (ခ) ခင်ပွန်းသည်ကို ဧသတာ ချဉ်းကပ်ပုံက ဘာကြောင့် ပညာရှိရာရောက်သလဲ။

၅ ဧသတာဟာ မှူးမတ်တွေရှေ့မှာ ဘုရင်ကို ဖြစ်ကြောင်းကုန်စင် ပြောပြသင့်ပါသလား။ အဲဒီလိုသာ ပြောပြလိုက်မယ်ဆိုရင် ဘုရင်ကို အရှက်ခွဲသလို ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဘုရင့်အတိုင်ပင်ခံအမတ် ဟာမန်အတွက်လည်း ဧသတာရဲ့ စွပ်စွဲချက်ကိုငြင်းဖို့ အချိန်ရသွားစေနိုင်တယ်။ ဒါကြောင့် ဧသတာ ဘယ်လိုလုပ်ခဲ့သလဲ။ အစောပိုင်း ရာစုနှစ်တွေက ပညာရှင် ဘုရင်ရှောလမုန် ဒီလိုရေးသားခဲ့တယ်– “အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်။ . . . နှုတ်ဆိတ်နေရတဲ့အချိန်နဲ့ စကားပြောရတဲ့အချိန် ရှိတယ်။” (ဒေ. ၃:၁၊ ၇) ဧသတာရဲ့ သစ္စာရှိ မွေးစားအဖေ မော်ဒကဲက အဲဒီလို မူတွေ သင်ပေးခဲ့တာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ဒါကြောင့် ဧသတာဟာ “စကားပြောရတဲ့အချိန်” ကို ဂရုတစိုက် ရွေးဖို့ အရေးကြီးတယ်ဆိုတာ သိထားတယ်။

၆ ဧသတာက “အလိုတော်ရှိမယ်ဆိုရင် ဒီနေ့ မင်းကြီးအတွက် ကျွန်မပြင်ဆင်တဲ့ စားသောက်ပွဲကို ဟာမန်နဲ့အတူ ကြွတော်မူပါ” လို့ပြန်ဖြေတယ်။ (ဧသ. ၅:၄) ဘုရင်က သဘောတူပြီး ဟာမန်ကို ဆင့်ခေါ်လိုက်တယ်။ ဧသတာ ပညာရှိရှိ ပြောလိုက်ပုံကို သတိပြုမိပါသလား။ ခင်ပွန်းသည်ရဲ့ သိက္ခာကို ထိန်းပေးတဲ့အပြင် သူစိုးရိမ်နေတဲ့ အကြောင်းတွေ ခင်ပွန်းသည်ကို ပြောပြဖို့ အချိန်အခါကောင်း ဖန်တီးလိုက်ပါပြီ။—ပညာအလိမ္မာ ၁၀:၁၉ ကိုဖတ်ပါ။

၇၊ ၈။ ပထမ စားသောက်ပွဲကြီးကို ဧသတာ ဘယ်လို တည်ခင်းသလဲ။ ဘုရင်ကို စကားပြောဖို့ သူဘာကြောင့် အချိန်ဆွဲနေသလဲ။

၇ ဧသတာဟာ အဲဒီနေ့ စားသောက်ပွဲကို ခင်ပွန်းသည်အကြိုက် လိုလေသေးမရှိအောင် ပြင်ဆင်ထားမှာ သေချာတယ်။ စိတ်ကိုပျော်ရွှင်စေတဲ့ ဝိုင်အကောင်းစားလည်း ပါမှာပဲ။ (ဆာ. ၁၀၄:၁၅) ဘုရင်အာရွှေရုဟာ ပျော်ရွှင်နေတဲ့အတွက် ဧသတာကို ဘာအလိုရှိသလဲလို့ ထပ်မေးတယ်။ ဒီအချိန်က သူ စကားပြောရမယ့် အချိန်လား။

၈ အချိန်အခါကောင်း မဟုတ်သေးဘူးလို့ ဧသတာ ယူဆပြီး မနက်ဖြန် မင်းကြီးနဲ့ ဟာမန်အတွက် ပြင်ဆင်ပေးမယ့် ဒုတိယစားသောက်ပွဲကို ဟာမန်နဲ့အတူ ကြွပါလို့ ထပ်ဖိတ်ခေါ်လိုက်တယ်။ (ဧသ. ၅:၇၊ ၈) သူ ဘာကြောင့် အချိန်ဆွဲ နေရတာလဲ။ ဧသတာရဲ့ လူမျိုးဟာ ဘုရင့်အမိန့်ကြောင့် သေဘေးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သတိရပါ။ သေရေးရှင်ရေး ကိစ္စ ဖြစ်နေလို့ အချိန်အခါကောင်းကို သေသေချာချာရွေးဖို့ လိုတယ်။ ဒါကြောင့် ခင်ပွန်းသည်ကို သူ ဘယ်လောက် လေးစားတယ်ဆိုတာ နောက်ထပ်ပြခွင့်ရဖို့ သူ စောင့်ဆိုင်းလိုက်တာပါ။

၉။ စိတ်ရှည်ခြင်းရဲ့ အကျိုးကျေးဇူးက ဘာလဲ။ စိတ်ရှည်ခြင်းကို တင်ပြခဲ့တဲ့ ဧသတာကို ဘယ်လို အတုယူနိုင်သလဲ။

၉ စိတ်ရှည်ခြင်းဆိုတာ ရှားပါးတဲ့ အရည်အသွေးကောင်း တစ်ခုပါ။ ဧသတာဟာ စိတ်သောက ရောက်နေပြီး စိတ်ထဲရှိတာအားလုံး ပြောပြချင်နေပေမဲ့ အခွင့်အခါကောင်းကို စိတ်ရှည်ရှည် စောင့်လိုက်တယ်။ တစ်ခါတလေ ကျွန်တော်တို့လည်း မှားနေတာတွေ တွေ့တဲ့အခါ ဧသတာရဲ့ စံနမူနာကနေ အများကြီး သင်ယူနိုင်ပါတယ်။ ကိစ္စရပ်တစ်ခုကို ဖြေရှင်းပေးဖို့ အခွင့်အာဏာရှိသူဆီ တင်ပြစရာလိုရင် ဧသတာကို အတုယူပြီး စိတ်ရှည်ရှည် စောင့်ဆိုင်းဖို့ လိုကောင်းလိုမယ်။ ပညာအလိမ္မာ ၂၅:၁၅ က ဒီလိုဆိုတယ်– “စိတ်ရှည်မယ်ဆိုရင် တပ်မှူးကိုတောင် စည်းရုံးနိုင်တယ်။ ညင်ညင်သာသာ ပြောတဲ့စကားက အရိုးကိုတောင် ချိုးနိုင်တယ်။” ဧသတာလို အချိန်အခါကောင်းကို စိတ်ရှည်ရှည် စောင့်ပြီး စကားကို ချိုချိုသာသာ ပြောဆိုမယ်ဆိုရင် အရိုးလို မာကျောတဲ့ ဆန့်ကျင်သူကိုတောင် စိတ်ပျော့ပျောင်း သွားစေနိုင်ပါတယ်။ စိတ်ရှည်ပြီး ဉာဏ်ပညာရှိတဲ့ ဧသတာကို ယေဟောဝါဘုရား ကောင်းချီးပေးခဲ့သလား။

စိတ်ရှည်ခြင်းကြောင့် တရားမျှတမှုအတွက် လမ်းပွင့်သွား

၁၀၊ ၁၁။ စားသောက်ပွဲက ထွက်လာတဲ့အခါ ဟာမန် ဘာကြောင့် ဒေါသထွက်သွားသလဲ။ သူ့ဇနီးနဲ့ မိတ်ဆွေတွေက ဘာလုပ်ဖို့ အကြံပေးသလဲ။

၁၀ ဧသတာရဲ့ စိတ်ရှည်ခြင်းကြောင့် ထူးခြားတဲ့ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ပျက်ခဲ့တယ်။ ဘုရင်နဲ့ မိဖုရားရဲ့ မျက်နှာသာရလို့ ဟာမန်ဟာ ပထမ စားသောက်ပွဲကနေ “အပျော်ကြီးပျော်ပြီး ပြန်သွားတယ်။” ဒါပေမဲ့ နန်းတော်ဂိတ်တံခါးကို ဖြတ်သွားတော့ အခုထိ သူ့ကို အရိုအသေ မပေးသေးတဲ့ မော်ဒကဲကို တွေ့တယ်။ ရှေ့အခန်းမှာ ဖော်ပြထားတဲ့အတိုင်း မော်ဒကဲ အရိုအသေ မပေးတာက သူနဲ့ ယေဟောဝါဘုရားရဲ့ ဆက်ဆံရေးအပြင် သူ့ရဲ့ အမှားအမှန်သိစိတ်ကြောင့် ဖြစ်တယ်။ ဟာမန်ကတော့ အဲဒီအတွက် “ဒေါသပေါက်ကွဲ” သွားတယ်။—ဧသ. ၅:၉။

၁၁ ဟာမန်ဟာ ဇနီးနဲ့ မိတ်ဆွေတွေကို အဲဒီအကြောင်း ပြောပြတယ်။ ဒါနဲ့ သူတို့က ၇၂ ပေကျော်ရှိတဲ့ တိုင်ကြီးတစ်တိုင် စိုက်ထူဖို့၊ မော်ဒကဲကို ကွပ်မျက်ပြီး အဲဒီတိုင်မှာ ချိတ်ဆွဲထားဖို့ ဘုရင့်ဆီ ခွင့်တောင်းပါဆိုပြီး ဟာမန်ကို အကြံပေးကြတယ်။ အဲဒီအကြံကို ဟာမန် သဘောကျသွားပြီး ချက်ချင်းပဲ အကောင်အထည် ဖော်တော့တယ်။—ဧသ. ၅:၁၂-၁၄။

၁၂။ ဘုရင်က နန်းတွင်းမှတ်တမ်းကို ဘာကြောင့် ဖတ်ပြခိုင်းသလဲ။ အဲဒီအခါ သူ ဘာကို သိလိုက်ရသလဲ။

၁၂ ထူးဆန်းတာက အဲဒီညမှာပဲ ဘုရင်ဟာ “အိပ်မပျော်တဲ့အတွက်” နန်းတွင်းမှတ်တမ်းတွေကို ဖတ်ပြခိုင်းတယ်။ အဲဒီအခါ ဘုရင်အာရွှေရုကို လုပ်ကြံဖို့ ကြံစဉ်ခဲ့ဖူးတဲ့ မှတ်တမ်းကို ဖတ်မိသွားတယ်။ အဲဒီကိစ္စကို ဘုရင် မှတ်မိသွားတယ်။ အဲဒီတုန်းက လုပ်ကြံဖို့ ကြံစည်တဲ့သူတွေကို ဖမ်းပြီး ကွပ်မျက်ခဲ့တယ်။ ဒါပေမဲ့ လျှို့ဝှက်ကြံစည်မှုကို ဖော်ထုတ်ခဲ့တဲ့ မော်ဒကဲကို ဘာလုပ်ပေးခဲ့သလဲ။ အဲဒါကို ဘုရင် ရုတ်တရက် သတိရပြီး မော်ဒကဲကို ဘယ်လို ဆုချခဲ့သလဲလို့ မေးလိုက်တယ်။ ဆုမချရသေးဘူးလို့ ပြန်ဖြေကြတယ်။—ဧသတာ ၆:၁-၃ ကိုဖတ်ပါ။

၁၃၊ ၁၄။ (က) ဟာမန်အတွက် အခြေအနေတွေ ဘယ်လို စလွဲချော်လာသလဲ။ (ခ) သူ့ဇနီးနဲ့ မိတ်ဆွေတွေက ဘာဝိုင်းပြောကြသလဲ။

၁၃ စိတ်မကောင်းဖြစ်သွားတဲ့ ဘုရင်ဟာ မော်ဒကဲကို ဆုချချင်နေတယ်။ ဒါနဲ့ ဒီကိစ္စမှာ သူ့ကိုကူညီဖို့ ဘယ်နန်းတွင်းအရာရှိ အဆင်သင့်ရှိနေသလဲလို့ မေးလိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ နန်းတော်တံတိုင်းတွင်းမှာ ဟာမန် အစောကြီး ရောက်နေတယ်။ မော်ဒကဲကို သတ်မိန့်တောင်းဆိုဖို့ စိတ်စောပြီး သူရောက်နေတာ ဖြစ်နိုင်တယ်။ သူခွင့်ပြုချက် မတောင်းရသေးခင်မှာ အာရွှေရုက ဘုရင့်မျက်နှာသာ ရရှိထားတဲ့သူကို ဘယ်လိုချီးမြှောက်ရင် ကောင်းမလဲလို့ မေးတယ်။ သူ့ကို ချီးမြှောက်ချင်တာလို့ ဟာမန် ထင်နေပြီး ခမ်းခမ်းနားနား ချီးမြှောက်ဖို့ ဒီလို အကြံပေးလိုက်တယ်။ အဲဒီလူကို ဘုရင့်ဝတ်ရုံဝတ်စေပြီး ဘုရင့်စီးတော်မြင်းနဲ့ ရှုရှန်နန်းတော်တစ်ပတ် လှည့်လည်စေပါ။ အဲဒီအချိန်မှာ အရာရှိတစ်ယောက်က သူ့ကို ကြွေးကြော် ချီးမွမ်းစေပါဆိုပြီး အကြံပေးလိုက်တယ်။ ဒါပေမဲ့ ချီးမြှောက်ခံရမယ့်သူက မော်ဒကဲဖြစ်နေမှန်း ဟာမန် သိလိုက်တဲ့အခါ သူ့မျက်နှာ ဘယ်လို ဖြစ်သွားမလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။ မော်ဒကဲကို ကြွေးကြော်ချီးမွမ်းဖို့ ဘယ်သူ့ကို ဘုရင်တာဝန်ပေးလိုက်သလဲ။ ဟာမန်ကိုပါပဲ။—ဧသ. ၆:၄-၁၀။

၁၄ ဟာမန်ဟာ သူအမုန်းဆုံး အဲဒီတာဝန်ကို ကြိတ်မှိတ်လုပ်ပြီးတဲ့နောက် စိတ်ညစ်ညစ်နဲ့ အိမ်ကို အမြန်ပြန်ပြေးတော့တယ်။ အိမ်ကိုရောက်တော့ ဇနီးဖြစ်သူနဲ့ မိတ်ဆွေတွေက အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားတာဟာ အဲဒီဂျူး မော်ဒကဲရှေ့မှာ ဟာမန်ကျဆုံးရတော့မယ့် နိမိတ်ပဲလို့ ဝိုင်းပြောကြတယ်။—ဧသ. ၆:၁၂၊ ၁၃။

၁၅။ (က) ဧသတာ စိတ်ရှည်တဲ့အတွက် ဘယ်လို အကျိုးရခဲ့သလဲ။ (ခ) “စိတ်ရှည်ရှည်နဲ့ စောင့်” တတ်တဲ့ သဘောထားက ဘာကြောင့် ပညာရှိရာရောက်သလဲ။

၁၅ ဘုရင်ကို ချက်ချင်းမပြောပြဘဲ ဧသတာ စိတ်ရှည်ရှည်နဲ့ တစ်ရက် ထပ်စောင့်လိုက်လို့ ဟာမန် ကျဆုံးဖို့အကြောင်း ပေါ်လာတယ်။ ရှင်ဘုရင် အိပ်မပျော်နိုင်တာကလည်း ယေဟောဝါဘုရား ပြုလုပ်တဲ့အမှု မဖြစ်နိုင်ဘူးလား။ (ပညာ. ၂၁:၁) ဒါကြောင့် “စိတ်ရှည်ရှည်နဲ့ စောင့်” တတ်တဲ့ သဘောထားရှိဖို့ ကျမ်းစာက တိုက်တွန်းတာပါ။ (မိက္ခာ ၇:၇ ကိုဖတ်ပါ။) ဘုရားသခင်ကို စောင့်တဲ့သဘောထားရှိရင် ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတာထက် ပိုကောင်းတဲ့ ဘုရားရဲ့ ဖြေရှင်းနည်းကို တွေ့ရမှာ သေချာတယ်။

သတ္တိရှိရှိ သူ ထုတ်ဖော်ပြောဆိုခဲ့

၁၆၊ ၁၇။ (က) ဘယ်အချိန်မှာ ဧသတာ “စကားပြောရတဲ့အချိန်” ရောက်လာသလဲ။ (ခ) ဧသတာရဲ့ အပြုအမူက မိဖုရားဟောင်း ဝါရှတိနဲ့ ဘယ်လို ကွာခြားသလဲ။

၁၆ ဘုရင် စိတ်မရှည်တော့မှာစိုးလို့ ဒုတိယအကြိမ် စားသောက်ပွဲမှာ ဖြစ်ကြောင်းကုန်စင် ပြောပြဖို့ ဧသတာ ဆုံးဖြတ်တယ်။ ဒါပေမဲ့ သူ ဘယ်လိုပြောရမလဲ။ ဖြစ်ချင်တော့ ဘုရင်ကိုယ်တိုင်က ဘာအလိုရှိသလဲလို့ စပြီး မေးတယ်။ (ဧသ. ၇:၂) အခု ဧသတာ “စကားပြောရတဲ့အချိန်” ကျပြီ။

၁၇ ဧသတာ ဘာမှမပြောခင် စိတ်ထဲကနေ ဆုတောင်းလိုက်တာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ သူက “အရှင်မင်းကြီး၊ ကျွန်မကို စိတ်တော်နဲ့ တွေ့တယ်၊ အလိုတော် ရှိတယ်ဆိုရင် ကျွန်မအသက်ကို ကယ်တင်ပေးဖို့ အသနားခံပါတယ်။ ကျွန်မရဲ့ လူမျိုးကိုလည်း အသက်ချမ်းသာပေးဖို့ အသနားခံပါတယ်” လို့တောင်းပန်တယ်။ (ဧသ. ၇:၃) ဘုရင့်ရဲ့ အဆုံးအဖြတ်ကို လက်ခံပါ့မယ်လို့ ဧသတာ လျှောက်တင်ရင်း သူ့ကို ရိုသေလေးစားကြောင်း ဖော်ပြခဲ့တယ်။ အဲဒီအပြုအမူက ဘုရင်အရှက်ရအောင် တမင်တကာလုပ်ခဲ့တဲ့ မိဖုရားဟောင်း ဝါရှတိနဲ့ တစ်ခြားစီပဲ။ (ဧသ. ၁:၁၀-၁၂) ဒါ့အပြင် ဟာမန်အပေါ် ဘုရင် မျက်စိမှိတ်ယုံနေတာကို ဧသတာ အပြစ်မတင်ခဲ့ဘူး။ အဲဒီအစား အသက်အန္တရာယ် ကြုံနေရတဲ့ သူ့ကို ကာကွယ်ပေးဖို့ ဘုရင်ကို အသနားခံတယ်။

၁၈။ ဧသတာဟာ ပြဿနာကို ဘုရင့်ဆီ ဘယ်လို တင်ပြလိုက်သလဲ။

၁၈ ဧသတာရဲ့ စကားကိုကြားတော့ ဘုရင် အံ့သြသွားပြီး သူ့ကို သနားသွားမှာ သေချာတယ်။ မိဖုရားကို အန္တရာယ်ပေးဝံ့သူက ဘယ်သူလဲ။ ဧသတာက “ကျွန်မနဲ့ ကျွန်မရဲ့လူမျိုး ရောင်းစားခံလိုက်ရပြီ။ ကျွန်မတို့ အသတ်ခံရတော့မယ်။ သုတ်သင်ပယ်ရှင်း ခံရတော့မယ်။ ကျွန်အဖြစ် ရောင်းစားခံရရုံပဲဆိုရင်တော့ ကျွန်မ နှုတ်ဆိတ်နေဦးမှာပါ။ အခုတော့ ဒီဘေးဆိုးကြီးဟာ မင်းကြီးကိုလည်း အကျိုးယုတ်စေမှာဖြစ်လို့ ခွင့်ပြုတော်မမူပါနဲ့” ဆိုပြီး ပြောလိုက်တယ်။ (ဧသ. ၇:၄) ဧသတာက ပြဿနာကို အကုန်ထုတ်ပြောလိုက်ပေမဲ့ ကျွန်အဖြစ် ခိုင်းဖို့လောက်ပဲဆိုရင် ထုတ်ပြောမှာ မဟုတ်ဘူးလို့ ပြောတာကို သတိပြုပါ။ ဒါပေမဲ့ ရေငုံနှုတ်ပိတ် နေလိုက်မယ်ဆိုရင် အဲဒီ မျိုးဖြုတ်သတ်ဖြတ်မှုကြောင့် ဘုရင်ပါ အကြီးအကျယ် ဆုံးရှုံးနစ်နာသွားမယ်လို့ သူပြောတယ်။

၁၉။ သဘောပေါက် လက်ခံလာအောင် ပြောဆိုပုံနဲ့ ပတ်သက်ပြီး ဧသတာဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၉ လူတစ်ယောက် သဘောပေါက်လက်ခံလာအောင် ဘယ်လို ပြောရမလဲဆိုတာ ဧသတာရဲ့ စံနမူနာက သင်ပေးပါတယ်။ ကိုယ်ချစ်တဲ့သူ၊ အခွင့်အာဏာရှိတဲ့သူကို ကြီးလေးတဲ့ ပြဿနာတစ်ခု ပြောပြတော့မယ်ဆိုရင် စိတ်ရှည်မှု၊ လေးစားမှု၊ ပွင့်လင်းမှု ရှိတာက နားဝင်အောင်ပြောဆိုဖို့ အတော်လေး အကူအညီဖြစ်စေတယ်။—ပညာ. ၁၆:၂၁၊ ၂၃။

၂၀၊ ၂၁။ (က) ဟာမန်ရဲ့ အကြံအစည်ကို ဧသတာ ဘယ်လို ဖော်ထုတ်ခဲ့သလဲ။ ဘုရင် ဘယ်လို တုံ့ပြန်သလဲ။ (ခ) သူရဲဘောနည်းတဲ့ အကြံသမားအဖြစ် ဖော်ထုတ်ခံလိုက်ရတဲ့အခါ ဟာမန် ဘာလုပ်သလဲ။

၂၀ အဲဒီအခါ ဘုရင်အာရွှေရုက “ဒီလိုကြံစည်ဝံ့တာ ဘယ်သူလဲ။ အဲဒီလူ ဘယ်မှာလဲ” လို့မေးတယ်။ ဟာမန်ကို လက်ညှိုးထိုးပြီး ဧသတာက “ကျွန်မတို့ကို တိုက်ခိုက်တဲ့ ရန်သူကတော့ ဟောဒီလူယုတ်မာ ဟာမန်ပါပဲ” လို့ပြောလိုက်တာကို မြင်ယောင်ကြည့်ပါ။ ဧသတာရဲ့ စကားကြောင့် ဘုရင်ရော ဟာမန်ပါ ရုတ်တရက် ကြက်သေသေသွားကြတယ်။ ဟာမန်ကတော့ ကြောက်လို့ တဆတ်ဆတ် တုန်နေတယ်။ ချစ်မြတ်နိုးရတဲ့ မိဖုရားကို သတ်ပစ်ဖို့ သူကိုယ်တိုင် အမိန့်ထုတ်အောင် မလိမ့်တပတ် လုပ်ခဲ့သူက သူ့ရဲ့ အကြံပေးအရာရှိ ဖြစ်နေတာကို ဘုရင် သိလိုက်ရတော့ တအား ဒေါသထွက်သွားတယ်။ ဒါနဲ့ ဘုရင်ဟာ စိတ်တည်ငြိမ်သွားအောင် နန်းတော်ဥယျာဉ်ဘက် ဒေါသတကြီးနဲ့ ထွက်သွားတယ်။—ဧသ. ၇:၅-၇။

ဒုတိယအကြိမ် စားသောက်ပွဲမှာ ဧသတာက ဘုရင်အာရွှေရုကို ဖြစ်ကြောင်းကုန်စင် ပြောပြပြီး အာမန်အကြောင် သတ္တိရှိရှိ ဖော်ထုတ်နေ

ဟာမန်ရဲ့ ယုတ်မာမှုကို ဧသတာ သတ္တိရှိရှိ ဖော်ထုတ်ခဲ့

၂၁ အကြံသမားအဖြစ် ဖော်ထုတ်ခံလိုက်ရတဲ့ သူရဲဘောနည်းသူ ဟာမန်ကတော့ မိဖုရားအနား အတင်းတိုးကပ်ပြီး ခယတောင်းပန်နေတယ်။ ဘုရင် ပြန်ဝင်လာတဲ့အခါ အဲဒါကိုမြင်တော့ မိဖုရားကို မတော်မတရားလုပ်ဖို့ ကြိုးစားနေတာလားဆိုပြီး ဟာမန်ကို စိတ်ဆိုးဆိုးနဲ့ စွပ်စွဲလိုက်ပါလေရော။ အဲဒီလို စွပ်စွဲလိုက်တာက ဟာမန်ကို သေမိန့်ချလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီအခါ ဟာမန်ရဲ့မျက်နှာကို အဝတ်နဲ့အုပ်ပြီး ဆွဲထုတ်သွားကြတယ်။ အဲဒီနောက် ဘုရင့်မှူးမတ်တစ်ယောက်က မော်ဒကဲကိုသတ်ဖို့ ဟာမန် စိုက်ထူထားတဲ့ တိုင်ကြီးတစ်တိုင်ရှိတယ်လို့ ဘုရင်ကို ပြောပြလိုက်တယ်။ ဒါနဲ့ ဘုရင်အာရွှေရုက ဟာမန်ကို သတ်ပြီး အဲဒီတိုင်မှာ ချိတ်ဆွဲဖို့ ချက်ချင်း အမိန့်ပေးတယ်။—ဧသ. ၇:၈-၁၀။

၂၂။ ဧသတာရဲ့ စံနမူနာက မျှော်လင့်ချက်မရှိ၊ သံသယဝင်ပြီး ယုံကြည်ခြင်းကင်းမဲ့ မသွားဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

၂၂ မတရားတဲ့ ဒီလောကမှာ တရားမျှတမှုဆိုတာ မရှိဘူးလို့ ယူဆကြမယ်။ သင်ကော အဲဒီလိုပဲ ယူဆသလား။ စိတ်ပျက်အားလျော့တာ၊ ပြစ်တင်ဝေဖန်တာ၊ ယုံကြည်ခြင်းကင်းမဲ့တာမျိုး ဧသတာမှာ မရှိခဲ့ပါဘူး။ အချိန်တန်တဲ့အခါ အမှန်တရားဘက် ရပ်တည်ပြီး ရဲရဲရင့်ရင့် ပြောဆိုခဲ့တယ်။ ကျန်တာကို ယေဟောဝါဘုရားလက်ထဲ ပုံအပ်လိုက်တယ်။ ကျွန်တော်တို့လည်း အဲဒီလိုပဲ လုပ်ကြစို့။ ယေဟောဝါဘုရားက ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဟာမန်ကို လုပ်ခဲ့သလို လူဆိုးတွေကို အလွတ်ပေးမှာ မဟုတ်ဘူး။ သူတို့အတတ်နဲ့ သူတို့ စူးအောင် ဘုရားသခင် လုပ်ပေးနိုင်ပါတယ်။—ဆာလံ ၇:၁၁-၁၆ ကိုဖတ်ပါ။

ယေဟောဝါဘုရားနဲ့ ဂျူးလူမျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်ခဲ့

၂၃။ (က) မော်ဒကဲနဲ့ ဧသတာတို့ကို ဘုရင် ဘယ်လိုဆုချသလဲ။ (ခ) ဗင်ယာမိန်နဲ့ပတ်သက်ပြီး ယာကုပ် သေဆုံးခါနီးပြောခဲ့တဲ့ ပရောဖက်ပြုချက်က ဘယ်လို ပြည့်စုံခဲ့သလဲ။ (“ကြိုဟောချက်တစ်ခု ပြည့်စုံလာ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၂၃ နောက်ဆုံးတော့ မော်ဒကဲဟာ သူလုပ်ကြံမခံရအောင် ကာကွယ်ပေးခဲ့သူ ဖြစ်ရုံသာမက ဧသတာရဲ့ မွေးစားအဖေ ဖြစ်တယ်ဆိုတာ ဘုရင် သိသွားတယ်။ ဒါနဲ့ မော်ဒကဲကို ဟာမန်ရဲ့ ဝန်ကြီးချုပ်အရာ ပေးအပ်လိုက်တယ်။ ဧသတာကိုတော့ ဟာမန်ရဲ့အိမ် အပါအဝင် စည်းစိမ်အားလုံးကို ပေးလိုက်တယ်။ အဲဒီစည်းစိမ်တွေကို ထိန်းသိမ်းဖို့ မော်ဒကဲကို ဧသတာက တာဝန်ပေးလိုက်တယ်။—ဧသ. ၈:၁၊ ၂။

၂၄၊ ၂၅။ (က) ဟာမန်ရဲ့ အကြံအစည်ကို ဖော်ထုတ်ပြီးနောက် ဧသတာ ဘာကြောင့် အေးအေးဆေးဆေး မနေနိုင်သလဲ။ (ခ) ဧသတာဟာ နောက်တစ်ခါ ဘယ်လို စွန့်စားခဲ့သလဲ။

၂၄ အခု ဧသတာနဲ့ မော်ဒကဲတို့ အန္တရာယ်ကင်းသွားပြီဆိုတော့ အေးအေးဆေးဆေး နေလို့ရပြီလား။ တစ်ကိုယ်ကောင်းဆန်သူဆိုရင်တော့ နေလို့ရပါပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာ ဂျူးအားလုံးကို သတ်ပစ်ဖို့ ဟာမန်ရဲ့ အမိန့်ထုတ်ပြန်ချက်က အင်ပါယာအနှံ့ ရောက်နေပြီ။ ဟာမန်ဟာ ယုတ်မာပက်စက်တဲ့ သူ့အကြံအစည်ကို အကောင်အထည်ဖော်ဖို့ ပုရလို့ခေါ်တဲ့ မဲချပြီး ရက်ကောင်းကို ရွေးထားပြီးပြီ။ ပါရှားဘာသာစကားနဲ့ ပုရလို့ခေါ်တဲ့ အဲဒီမဲဟာ နတ်ဝိဇ္ဇာပညာနဲ့ သက်ဆိုင်ပုံပေါက်တယ်။ (ဧသ. ၉:၂၄-၂၆) ဂျူးတွေကို သတ်ပစ်ရမယ့် အဲဒီနေ့ရောက်ဖို့ လအနည်းငယ် လိုသေးပေမဲ့ တဖြည်းဖြည်း နီးလာပြီ။ အဲဒီ မျိုးဖြုတ်သတ်ဖြတ်မှုကို တားဆီးလို့ ရဦးမလား။

၂၅ ဒီတစ်ခါလည်း ဧသတာဟာ ကိုယ့်အသက်ကို ပဓာနမထားဘဲ စွန့်စားရပြန်တယ်။ ဆင့်ခေါ်မခံရဘဲ ဘုရင့်ရှေ့ကို နောက်တစ်ကြိမ် သူဝင်တယ်။ ဒီတစ်ကြိမ်မှာတော့ ထုတ်ပြီးသားအမိန့်ကို ပြန်ရုပ်သိမ်းပေးဖို့ ဘုရင်ကို ငိုပြီး အသနားခံတယ်။ ဒါပေမဲ့ ပါရှားဘုရင့်နာမည်နဲ့ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ပယ်ဖျက်လို့ မရဘူး။ (ဒံ. ၆:၁၂၊ ၁၅) ဒီတော့ ဘုရင်က ဧသတာနဲ့ မော်ဒကဲကို အမိန့်အသစ်တစ်ခု ထုတ်ပြန်ဖို့ အာဏာလွှဲအပ်လိုက်တယ်။ ဒါနဲ့ ဂျူးတွေ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ရှိတယ်ဆိုတဲ့ ဒုတိယကြေညာချက် ထွက်လာတယ်။ မြင်းစီးစေတမန်တွေက အဲဒီသတင်းကောင်းကို ဂျူးတွေနေထိုင်တဲ့ အင်ပါယာအနှံ့ သွားပြီး ကြေညာတယ်။ အခု သူတို့မှာ မျှော်လင့်ချက်ရှိလာပြီ။ (ဧသ. ၈:၃-၁၆) အဲဒီအမိန့်အသစ်ကြောင့် ကျယ်ပြန့်တဲ့ အင်ပါယာတစ်ခွင်က ဂျူးတွေဟာ လက်နက်ကိုင်ပြီး ပြန်တိုက်ခိုက်ဖို့ အသင့်ပြင်ဆင်နေတာကို မြင်ယောင်ကြည့်ပါ။ အဲဒီထက် အရေးကြီးတာက “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ” က ဂျူးတွေဘက်မှာ ရှိပါ့မလား။—၁ ရှ. ၁၇:၄၅။

ဧသတာနဲ့ မော်ဒကဲက ဒုတိယကြေညာချက်အကြောင်း အမိန့်ပေးနေတဲ့အခါ လူငယ်က လိုက်ရေးနေ

ဧသတာနဲ့ မော်ဒကဲတို့ဟာ ပါရှားအင်ပါယာတစ်ခုလုံးက ဂျူးတွေဆီ ကြေညာချက် ပေးပို့ခဲ့

၂၆၊ ၂၇။ (က) ရန်သူတွေအပေါ်အနိုင်ရဖို့ ယေဟောဝါဘုရား ဘယ်အထိ ကူညီပေးခဲ့သလဲ။ (ခ) ဟာမန်ရဲ့သားတွေကို ဖျက်ဆီးတဲ့အခါ ဘယ်ပရောဖက်ပြုချက် ပြည့်စုံသလဲ။

၂၆ သတ်မှတ်ထားတဲ့နေ့ ရောက်လာတဲ့အခါ ဘုရားသခင့်လူမျိုးဟာ အသင့်ဖြစ်နေကြတယ်။ အဲဒီအပြင် ဝန်ကြီးချုပ်အသစ် ဂျူးလူမျိုး မော်ဒကဲရဲ့ သတင်းက အင်ပါယာအနှံ့ ရောက်ရှိသွားတဲ့အတွက် ပါရှားအရာရှိ အတော်များများလည်း သူတို့ဘက်မှာ ရပ်တည်ကြတယ်။ အဲဒီအချိန်မှာ ယေဟောဝါဘုရားက ဂျူးတွေနဲ့အတူရှိပြီး သူတို့ကို အနိုင်ရစေခဲ့တယ်။ ဂျူးတွေကို မခုခံနိုင်အောင် ရန်သူတွေကို အပြီးသတ် ရှုံးနိမ့်စေခဲ့တယ်။a—ဧသ. ၉:၁-၆။

၂၇ အဲဒီအပြင် ကောက်ကျစ်တဲ့ ဟာမန်ရဲ့ သားဆယ်ယောက် ရှိနေသရွေ့ ဟာမန်ရဲ့အိမ်ကို ကြီးကြပ်တဲ့ မော်ဒကဲအတွက် လုံခြုံမှာမဟုတ်လို့ သူတို့ကိုလည်း ရှင်းပစ်လိုက်တယ်။ (ဧသ. ၉:၇-၁၀) ဒီလိုနဲ့ ဘုရားလူမျိုးရဲ့ ရန်သူဖြစ်တဲ့ ဆိုးညစ်သူ အာမလက်လူမျိုးကို လက်စတုံးပစ်မယ်လို့ ရှေးအချိန်ကတည်းက ဘုရားသခင်ကြိုဟောခဲ့တဲ့ ပရောဖက်ပြုချက် ပြည့်စုံသွားတယ်။ (တရား. ၂၅:၁၇-၁၉) ဟာမန်ရဲ့သားတွေဟာ အဲဒီလူမျိုးရဲ့ နောက်ဆုံးလက်ကျန် ဖြစ်နိုင်ပါတယ်။

၂၈၊ ၂၉။ (က) ယေဟောဝါဘုရားက ဧသတာနဲ့ သူ့လူမျိုးကို စစ်မှုမှာ ပါဝင်ဖို့ ဘာကြောင့် အလိုရှိခဲ့သလဲ။ (ခ) ဧသတာရဲ့စံနမူနာက ကျွန်တော်တို့အတွက် ဘာကြောင့် အကျိုးရှိသလဲ။

၂၈ ဧသတာဟာ စစ်မှုနဲ့ သတ်ဖြတ်မှုတွေ ပါဝင်တဲ့ ကြီးလေးတဲ့ မင်းမိန့်တာဝန်တွေကို အရွယ်နဲ့မလိုက်အောင် ထမ်းဆောင်ခဲ့ရတယ်။ သူ့အတွက် လွယ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားရဲ့ အလိုတော်က သူ့လူမျိုးကို အသက်ဘေးကနေ ကာကွယ်ပေးဖို့ ဖြစ်တယ်။ အကြောင်းရင်းက လူသားအားလုံးကို ကယ်တင်ပေးမယ့် မေရှိယဟာ အစ္စရေးလူမျိုးကနေ ထွက်ပေါ်လာမှာ ဖြစ်လို့ပဲ။ (က. ၂၂:၁၈) မေရှိယဖြစ်တဲ့ ယေရှုဟာ မြေကြီးပေါ် ရောက်လာတဲ့အခါ သူ့နောက်လိုက်တွေကို စစ်မှုမှာ မပါဝင်ဖို့ မိန့်မှာခဲ့တာကို ဒီနေ့ခေတ် ဘုရားသခင့်ကျေးကျွန်တွေ အရမ်းဝမ်းသာကြတယ်။—မ. ၂၆:၅၂။

၂၉ ဒါပေမဲ့ ခရစ်ယာန်တွေဟာ တခြားစစ်ပွဲတစ်မျိုးကို တိုက်ခိုက်နေကြရတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို အရင်ကထက် ပိုပြီး စာတန် ဖြိုဖျက်ချင်နေတယ်။ (၂ ကောရိန္သု ၁၀:၃၊ ၄ ကိုဖတ်ပါ။) ဒါကြောင့် ဧသတာရဲ့ စံနမူနာကို သိခွင့်ရတာဟာ အခွင့်ထူးပါပဲ။ တခြားသူတွေ သဘောပေါက် လက်ခံလာအောင် ပညာရှိရှိ၊ စိတ်ရှည်ရှည်နဲ့ ပြောပြတဲ့နေရာမှာ ဧသတာကို အတုယူကြပါစို့။ ဘုရားရဲ့ လူမျိုးဘက် ကိုယ်ကျိုးမငဲ့ဘဲ ရပ်တည်ဖို့ ဆန္ဒရှိနိုင်ကြပါစေ။

ဧသတာကျမ်းနဲ့ပတ်သက်တဲ့ မေးခွန်းများ

မော်ဒကဲက ဧသတာကို ဘာသာခြားတစ်ယောက်နဲ့ ဘာကြောင့် လက်ထပ်ခွင့်ပေးခဲ့သလဲ။

မော်ဒကဲဟာ သူဂုဏ်တက်ဖို့ ဧသတာကို ဘုရင်နဲ့ လက်ထပ်စေချင်တဲ့ အခွင့်အရေးသမားလို့ ပြောတဲ့ ကျမ်းပညာရှင် တချို့ရဲ့စကားက အခြေအမြစ် မရှိပါဘူး။ မော်ဒကဲဟာ သစ္စာရှိတဲ့ ဂျူးတစ်ယောက်ဖြစ်လို့ အဲဒီလို အိမ်ထောင်ရေးကို အားပေးမှာတော့ မဟုတ်ပါဘူး။ (တရား. ၇:၃) ရှေးခေတ် ဂျူးတွေရဲ့အဆိုအရ ဧသတာ လက်မထပ်ဖြစ်အောင် မော်ဒကဲ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဘုရင်ကို ဘုရားတစ်ပါးလို သဘောထားတဲ့နိုင်ငံမှာ တိုင်းတစ်ပါးသားတွေ ဖြစ်ကြတဲ့ မော်ဒကဲနဲ့ ဧသတာတို့မှာ ရွေးချယ်ခွင့် မရှိနိုင်ဘူး။ ကြာလာတော့မှ ဂျူးလူမျိုးကို ကာကွယ်ပေးဖို့ ဧသတာရဲ့ အိမ်ထောင်ရေးကို ယေဟောဝါဘုရား အသုံးပြုခဲ့တယ်ဆိုတာ ထင်ရှားလာပါတယ်။—ဧသ. ၄:၁၄။

ဧသတာကျမ်းထဲမှာ ဘုရားသခင်ရဲ့နာမည် ယေဟောဝါ ဘာကြောင့် မပါတာလဲ။

ဧသတာကျမ်းကို မော်ဒကဲ ရေးသားခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ဒီကျမ်းကို ပါရှားအင်ပါယာရဲ့ မှတ်တမ်းမှတ်ရာတွေထဲမှာ သိမ်းထားပြီး နောက်ပိုင်းမှ ဂျေရုဆလင်မြို့ကို ယူဆောင်သွားတာ ဖြစ်နိုင်တယ်။ တကယ်လို့ ဧသတာကျမ်းမှာ ယေဟောဝါဘုရားရဲ့ နာမည်ကို ထည့်ရေးထားမယ်ဆိုရင် ပါရှားဘုရားတွေကို ကိုးကွယ်တဲ့သူတွေက ဒီကျမ်းကို ဖျက်ဆီးလိုက်နိုင်တယ်။ ဒီကျမ်းမှာ ဘုရားနာမည် မပါပေမဲ့ ဖော်ပြထားတဲ့ အဖြစ်အပျက်တွေမှာ ယေဟောဝါဘုရား ပါဝင်ပတ်သက် ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ စိတ်ဝင်စားစရာတစ်ခုက ဧသတာကျမ်းရဲ့ မူရင်း ဟီဘရူး လက်ရေးစာမူတွေမှာ တချို့စကားစုတွေရဲ့ ပထမဆုံး ဒါမှမဟုတ် နောက်ဆုံးအက္ခရာတွေကို ပေါင်းလိုက်ရင် ဘုရားသခင့်နာမည် ပေါ်လာတယ်။ အဲဒီလိုနည်းနဲ့ ဘုရားသခင့်နာမည်ကို ထည့်သွင်းဖော်ပြထားပါတယ်။

ဧသတာကျမ်းဟာ သမိုင်းအရ တိကျမှန်ကန်ရဲ့လား။

ဧသတာကျမ်းဟာ သမိုင်းအရ တိကျမှန်ကန်မှု မရှိဘူးလို့ စွပ်စွဲကြပေမဲ့ ဧသတာကျမ်းကို ရေးသားတဲ့သူဟာ ပါရှားနန်းတွင်းအကြောင်း၊ ပါရှားဗိသုကာ လက်ရာနဲ့ ပါရှားဓလေ့ထုံးစံတွေအကြောင်း အသေးစိတ် သိရှိတယ်ဆိုတာကို ကျမ်းပညာရှင်တချို့ သတိပြုမိကြတယ်။ လက်ရှိ သမိုင်းမှတ်တမ်းတွေထဲမှာ မိဖုရားဧသတာအကြောင်း မတွေ့ရတာ မှန်ပါတယ်။ ဒါပေမဲ့ နန်းတွင်းကျော်ကြားသူတွေရဲ့ မှတ်တမ်းတွေထဲကနေ ပယ်ဖျက်ခံရသူက ဧသတာအပြင် တခြားသူတွေလည်း အများကြီး ရှိတယ်။ သမိုင်းမှတ်တမ်းတွေထဲမှာ ပါရှားလို မာဒူကာလို့ခေါ်တဲ့ မော်ဒကဲဆိုတဲ့ အမျိုးသားတစ်ယောက် ရှုရှန်နန်းတော်မှာ အရာရှိအဖြစ် အမှုထမ်းခဲ့တဲ့ အကြောင်းကိုတော့ ဖော်ပြထားပါတယ်။

ကြိုဟောချက်တစ်ခု ပြည့်စုံလာ

ဧသတာနဲ့ မော်ဒကဲတို့ ဘုရားသခင့်လူမျိုးအတွက် တိုက်ခိုက်ခဲ့တာဟာ ကျမ်းစာပရောဖက်ပြုချက်တစ်ခုကို ပြည့်စုံစေတာဖြစ်တယ်။ လွန်ခဲ့တဲ့အနှစ် ၁,၂၀၀ ကျော်က ယာကုပ်ကို သူ့သားတစ်ယောက်နဲ့ ပတ်သက်ပြီး ယေဟောဝါဘုရား ဒီလို ကြိုဟောခိုင်းတယ်– “ဗင်ယာမိန်က ဝံပုလွေလို ကိုက်ဖဲ့နေလိမ့်မယ်။ မနက်ပိုင်းမှာ သားကောင်ကို ကိုက်စားပြီး ညနေပိုင်းမှာ တိုက်ရာပါဥစ္စာတွေကို ခွဲဝေမယ်။” (က. ၄၉:၂၇) “မနက်ပိုင်း” ဖြစ်တဲ့ အစ္စရေးမင်းဆက်ရဲ့ သမိုင်းအစမှာ ဗင်ယာမိန်အမျိုးထဲက ဘုရင်ရှောလုနဲ့ တခြား စစ်သည်တွေဟာ ယေဟောဝါဘုရားရဲ့ လူမျိုးအတွက် တိုက်ခိုက်ခဲ့ကြတယ်။ “ညနေပိုင်း” ဖြစ်တဲ့ အစ္စရေးမင်းဆက် အကုန်ပိုင်းမှာ ဗင်ယာမိန်အမျိုးဝင် ဧသတာနဲ့ မော်ဒကဲတို့ဟာ ယေဟောဝါဘုရားရဲ့ ရန်သူတွေကို အနိုင်ယူ တိုက်ခိုက်ခဲ့ကြတယ်။ ဒါအပြင် သူတို့ဟာ ဟာမန်ရဲ့ ပိုင်ဆိုင်ရာတွေကို အပိုင်ရခဲ့လို့ တိုက်ရာပါဥစ္စာတွေကို ခွဲဝေယူခဲ့ကြတယ်ဆိုတဲ့ သဘောဖြစ်တယ်။

a ရန်သူတွေကို ဂျူးတွေ အပြီးသတ် အနိုင်ယူ သိမ်းပိုက်ဖို့ ဘုရင်က နောက်တစ်နေ့အထိ စစ်တိုက်ခွင့်ပြုခဲ့တယ်။ (ဧသ. ၉:၁၂-၁၄) ဂျူးတွေဟာ ဒီနေ့ထက်ထိ ဖေဖော်ဝါရီလကုန်နဲ့ မတ်လဆန်းအတွင်းမှာ ပုရင် (ပုရရဲ့ အများကိန်း) လို့ခေါ်တဲ့ ပွဲတော်ကို နှစ်တိုင်း ကျင်းပကြတယ်။ အစ္စရေးကို ဖျက်ဆီးဖို့ ဟာမန် မဲချတာကို အစွဲပြုပြီး အဲဒီပွဲကို ပုရင်လို့ ခေါ်တာဖြစ်တယ်။

စဉ်းစားစရာ မေးခွန်းများ

  • “စကားပြောရတဲ့အချိန်” ကို ဧသတာ ရွေးချယ်ခဲ့တာက သူ့မှာ ဉာဏ်ပညာရှိကြောင်း ဘယ်လိုပြသလဲ။

  • ဧသတာ စိတ်ရှည်ခဲ့လို့ ဘာအကျိုးတွေ ရခဲ့သလဲ။

  • ဧသတာဟာ သူ့လူမျိုးကို ခုခံကာကွယ်ပေးပြီး ရဲစွမ်းသတ္တိနဲ့ ကိုယ်ကျိုးမငဲ့တဲ့ စိတ်ဓာတ်ကို ဘယ်လိုပြခဲ့သလဲ။

  • ဧသတာရဲ့ ယုံကြည်ခြင်းကို ဘယ်လိုနည်းတွေနဲ့ အတုယူဖို့ သင်ဆုံးဖြတ်ထားသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ