ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၄/၁ စာ. ၂၇-၃၀
  • သင့်ဝန်ထုပ်ဝန်ပိုးကို ယေဟောဝါထံတော်၌အမြဲချထားလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဝန်ထုပ်ဝန်ပိုးကို ယေဟောဝါထံတော်၌အမြဲချထားလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိစ္စရပ်များကို ယေဟောဝါ၏စွမ်းအားဖြင့် လုပ်ဆောင်ပါ
  • ပြဿနာကိုဖြေရှင်းရန် သင်လုပ်နိုင်သည့်အရာကိုလုပ်ပါ
  • ကိုယ့်ကိုယ်ကိုဝန် ထပ်မတင်ပါနှင့်
  • အပြစ်၏ဝန်ထုပ်ဝန်ပိုးကို ကိုင်တွယ်ဖြေရှင်းခြင်း
  • သစ္စာဖောက်မှုကို ဖြေရှင်းခြင်း
  • ယေဟောဝါနှင့် ခိုင်မာပြီး ယုံကြည်အားထားသော ဆက်ဆံရေးကို တည်ဆောက်ပြီး မြဲမြံစေပါ
  • ဘဝအသက်တာတွင် အပြောင်းအလဲများနှင့် ကြုံတွေ့ရသောအခါဘုရားသခင့်ဝိညာဉ်တော်ကို ယုံကြည်ကိုးစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ပညာရှိလော့—ဘုရားသခင်ကို ကြောက်ရွံ့လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ‘ထာဝရဘုရားသည် စစ်မှုကို ပိုင်၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဓမ္မရာဇဝင်ဒုတိယစောင်မှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၄/၁ စာ. ၂၇-၃၀

သင့်ဝန်ထုပ်ဝန်ပိုးကို ယေဟောဝါထံတော်၌အမြဲချထားလော့

ယနေ့ လူများစွာသည် ဝန်ထုပ်ဝန်ပိုးများနှင့် ပိနေသည်ဟု ခံစားကြရသည်။ စီးပွားရေးအကျပ်အတည်းများ၊ စိတ်မချမ်းမြေ့ဖွယ် မိသားစုပြဿနာများ၊ ကျန်းမာရေးပြဿနာများ၊ ဖိနှိပ်မှုနှင့် နိုင်လိုမင်းထက်ပြုမှုတို့ကြောင့်ခံစားရသည့် နာကျင်မှု၊ ဝေဒနာများနှင့် အခြားသောဒုက္ခသုက္ခများသည် သူတို့၏လည်ပင်းတွင် ကြိတ်ဆုံကျောက် ဆွဲထားသည့်နှယ်ဖြစ်ချေပြီ။ ဤအပြင်ပိုင်းဖိစီးမှုများအပြင် ကိုယ်တိုင်၏မစုံလင်မှုများကြောင့် မိမိကိုယ်ကိုတန်ဖိုးမရှိဟူသည့်ခံစားချက်နှင့် ပျက်ကွက်လစ်ဟင်းမှုများကြောင့် အချို့သူများရင်လေးနေကြသည်။ များစွာသောသူတို့မူ လုံးလုံးစိတ်လျှော့လိုက်ဖို့ ဆွဲဆောင်ခံရကြသည်။ ဝန်ထုပ်ဝန်ပိုးများသည် မခံမရပ်နိုင်လောက်အောင်ဖြစ်ပုံရလျှင် သင်မည်သို့ ရင်ဆိုင်ဖြေရှင်းနိုင်သနည်း။

တစ်ချိန်တွင် ဣသရေလရှင်ဘုရင် ဒါဝိဒ်က ဖိစီးမှုများသည် မခံမရပ်နိုင်လောက်အောင်ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ဆာလံ ၅၅ အရ သူသည် ရန်သူများ၏ ဖိစီးမှုနှင့် ရန်လိုမုန်းတီးမှုတို့ကို စိုးရိမ်ကြောင့်ကြသောကြောင့် ထိတ်ထိတ်ပျာပျာဖြစ်လာသည်။ အကြီးအကျယ်နှလုံးပူပန်ကာ အလွန်ကြောက်လန့်လာသည်။ မိမိ၏ပူဆွေးသောကကို ညည်းတွားရုံသာတတ်နိုင်တော့သည်။ (ဆာလံ ၅၅:၂၊ ၅၊ ၁၇) သို့သော် ဆင်းရဲဒုက္ခရောက်သည့်ကြားမှ ဖြေရှင်းနည်းကို သူတွေ့ခဲ့သည်။ မည်သို့နည်း။ အထောက်အမရဖို့အတွက် မိမိ၏ဘုရားသခင်ကို အားထားခဲ့သည်။ မိမိကဲ့သို့ ခံစားရနိုင်သည့် အခြားသူများကို သူ၏အကြံပြုချက်ကားဤသို့– “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့။”—ဆာလံ ၅၅:၂၂။

“ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့” ဟုဆိုရာတွင် သူဘာကိုဆိုလိုသနည်း။ ယေဟောဝါထံတွင် ဆုတောင်းကာ မိမိတို့၏စိုးရိမ်ကြောင့်ကြမှုကို ဖွင့်ဟပြောဆိုရုံမျှလော။ သို့တည်းမဟုတ် အခြေအနေမှ သက်သာရာရစေရန် ကျွန်ုပ်တို့ကိုယ်တိုင်လုပ်နိုင်သည့်အရာ တစ်စုံတစ်ခုရှိသလော။ ကျွန်ုပ်တို့သည် ယေဟောဝါထံ ချဉ်းကပ်ရန် အလွန့်အလွန်မထိုက်တန်တော့ပါဟု ခံစားရလျှင်ကော အသို့နည်း။ ထိုစကားများကို သူရေးသားခဲ့စဉ်တွင် ကွက်ကွက်ကွင်းကွင်းပြန်သတိရခဲ့မည်ဖြစ်သည့် တွေ့ကြုံမှုတချို့ကို ဆန်းစစ်ကြည့်ပါက ဒါဝိဒ်ဆိုလိုသည့်အဓိပ္ပာယ်ကို ကျွန်ုပ်တို့ဖော်ထုတ်နိုင်သည်။

ကိစ္စရပ်များကို ယေဟောဝါ၏စွမ်းအားဖြင့် လုပ်ဆောင်ပါ

ဂေါလျတ်က ဣသရေလစစ်သားများအား ဖိမ့်ဖိမ့်တုန်အောင်ကြောက်လန့်သွားစေခဲ့ပုံကို သင်သတိရပါသလော။ အရပ်ကိုးပေကျော်မြင့်သော ဤလူ့ဘီလူးကြီးသည် သူတို့ကို ဇောချွေးပြန်စေခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၄-၁၁၊ ၂၄) သို့သော် ဒါဝိဒ်ကမူ မကြောက်ပါ။ အဘယ့်ကြောင့်နည်း။ သူသည် မိမိစွမ်းအားဖြင့် ဂေါလျတ်ကို ယှဉ်ဖို့မကြိုးစားသောကြောင့်ဖြစ်သည်။ ဣသရေလနိုင်ငံ၏ မင်းလောင်းအဖြစ် ဘိသိက်ပေးခံရသည့်အချိန်မှစ၍ သူလုပ်ဆောင်လေသမျှတွင် ဘုရားသခင့်ဝိညာဉ်တော်၏လမ်းညွှန်မှုနှင့် ခွန်အားပေးမှုတို့ကို သူလက်ခံခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၆:၁၃) ထို့ကြောင့် ဂေါလျတ်ကို သူဤသို့ပြောခဲ့သည်– “ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်ပါလျက် သင်ရှိရာသို့လာ၏။ ထာဝရဘုရားသည် သင့်ကို ငါလက်၌ယနေ့အပ်တော်မူ” မည်။ (၁ ဓမ္မရာဇဝင် ၁၇:၄၅၊ ၄၆) ဒါဝိဒ်သည် လောက်လွှဲပစ်ကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်က ဂေါလျတ်အား သူပစ်လိုက်သည့်ကျောက်ခဲကို လမ်းကြောင်းတည့်မတ်ပေးကာ ပို၍သေစေနိုင်အောင် လုပ်ဆောင်ပေးခဲ့ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။—၁ ဓမ္မရာဇဝင် ၁၇:၄၈-၅၁။

ဒါဝိဒ်သည် အင်အားချင်းမမျှသည့် စိန်ခေါ်မှုကို ရင်ဆိုင်ကာ ဘုရားသခင်က သူ့ကိုထောက်မပြီး ခွန်အားတိုးပွားစေတော်မူမည်ကို ယုံကြည်စိတ်ချခြင်းဖြင့် အောင်ပွဲဆင်ခဲ့သည်။ သူသည် ဘုရားသခင်အပေါ် အားကိုးအားထားသော ဆက်ဆံရေးကောင်းကို တိုးပွားစေခဲ့သည်။ ယင်းဆက်ဆံရေးသည် အစောပိုင်းက သူ့ကို ဘုရားသခင်လွတ်မြောက်ပေးသည့်နည်းဖြင့် သာ၍ခိုင်မြဲလာသည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ (၁ ဓမ္မရာဇဝင် ၁၇:၃၄-၃၇) ဒါဝိဒ်ကဲ့သို့ သင်လည်း ယေဟောဝါနှင့် ခိုင်မာသောပုဂ္ဂိုလ်ရေးဆက်ဆံမှုကို ဆက်၍ထိန်းသိမ်းနိုင်ပြီး ကိုယ်တော်၏စွမ်းရည်အပေါ်နှင့် အခြေအနေအရပ်ရပ်တွင် သင့်အား ခွန်အားတိုးပွားပေးလို၊ ထောက်မပေးလိုတော်မူသည့်စိတ်စေတနာအပေါ် လုံးလုံးလျားလျားယုံကြည်စိတ်ချနိုင်သည်။—ဆာလံ ၃၄:၇၊ ၈။

ပြဿနာကိုဖြေရှင်းရန် သင်လုပ်နိုင်သည့်အရာကိုလုပ်ပါ

သို့သော်၊ ဆာလံ ၅၅ တွင်ရှင်းရှင်းလင်းလင်းဖော်ပြထားသကဲ့သို့ ပြင်းထန်သည့်နာကျင်မှု၊ စိုးရိမ်ကြောင့်ကြမှုနှင့် ကြောက်ရွံ့မှုတို့ပင် ခံစားရမည့်အချိန်မျိုး ဘယ်တော့မျှမရှိဟူ၍တော့ မဆိုလိုပါ။ ဥပမာ၊ ယေဟောဝါကို ယုံကြည်စိတ်ချကြောင်း မကြောက်မရွံ့တင်ပြပြီးနောက် နှစ်အတန်ကြာတွင် ဒါဝိဒ်သည် မိမိ၏ရန်သူများကို ရင်ဆိုင်ရသောအခါ အကြီးအကျယ်ကြောက်လန့်ခဲ့သည်။ သူသည် ဘုရင်ရှောလု၏ မျက်နှာသာမရတော့ဘဲ အသက်လုပြေးခဲ့ရသည်။ ယင်းက ဒါဝိဒ်ကို ဖြစ်စေသော စိတ်ယောက်ယက်ခတ်မှု၊ ဘုရားသခင့်ရည်ရွယ်တော်မူချက် အကောင်အထည်ပေါ်ခြင်းနှင့်ပတ်သက်၍ သူ့စိတ်တွင်ပေါ်လာသည့်မေးခွန်းများကို စဉ်းစားတွေးတောကြည့်ပါ။ ထို့ထက်ကား ဣသရေလနိုင်ငံ၏မင်းလောင်းအဖြစ် သူဘိသိက်ပေးခံထားရသော်လည်း တောထဲတွင် ဝရမ်းပြေးတစ်ယောက်ကဲ့သို့ အသက်လွတ်ရေးတိမ်းရှောင်နေရပြီး သားရိုင်းတိရစ္ဆာန်ကို လိုက်သကဲ့သို့ အမဲလိုက်ခံနေရသည်။ ဂေါလျတ်၏မွေးရပ်ဖြစ်သော ဂါသမြို့တွင် ခိုလှုံရာရှာဖို့ကြိုးစားသောအခါတွင် သူ့ကို မှတ်မိသွားသည်။ ရလဒ်ကားအဘယ်နည်း။ ဒါဝိဒ် “အလွန်ကြောက်” ကြောင်း မှတ်တမ်းက ဖော်ပြသည်။—၁ ဓမ္မရာဇဝင် ၂၁:၁၀-၁၂။

သို့သော် မိမိ၏ကြောက်ရွံ့စိတ်နှင့် အလွန့်အလွန်စိုးရိမ်ကြောင့်ကြမှုတို့က အကူအညီအတွက် ယေဟောဝါကို အားကိုးခြင်းရပ်ဆိုင်းသွားစေရန် သူခွင့်မပြုခဲ့ပါ။ (ဤတွေ့ကြုံမှု၏အကျိုးဆက်အနေနှင့် ရေးသားထားသော) ဆာလံ ၃၄ အရ ဒါဝိဒ် ဤသို့ဆိုခဲ့သည်– “ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်း အလုံးစုံတို့အထဲက ငါ့ကို ကယ်နုတ်တော်မူ၏။ ဤဆင်းရဲသောသူ၏အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင်၍ ခပ်သိမ်းသောဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။”—ဆာလံ ၃၄:၄၊ ၆။

ယေဟောဝါသည် သူ့ကို အမှန်ပင်ထောက်မခဲ့သည်။ သို့သော် ဒါဝိဒ်သည် လွတ်မြောက်ရာရဖို့ ယေဟောဝါကို ငုတ်တုတ်ထိုင်စောင့်မနေကြောင်း သတိပြုပါ။ ခက်ခဲသည့်အခြေအနေမှ လွတ်မြောက်ရာရဖို့ အခြေအနေများအောက်တွင် သူတတ်နိုင်သမျှလုပ်ဆောင်ဖို့လိုကြောင်း သိရှိခဲ့သည်။ သူလွတ်မြောက်ဖို့အရေးသည် ယေဟောဝါ၏လက်တော်တွင်ရှိကြောင်း သူအသိအမှတ်ပြုသော်လည်း ဂါသမင်းက သူ့ကို မသတ်အောင် ရူးဟန်ဆောင်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၁:၁၄–၂၂:၁) ကျွန်ုပ်တို့လည်း ယေဟောဝါက လွတ်မြောက်ပေးမှာပါဟု ငုတ်တုတ်ထိုင်စောင့်မနေဘဲ ဖိစီးမှုဝန်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကျွန်ုပ်တို့လုပ်နိုင်သမျှကိုလုပ်ဖို့လိုသည်။—ယာကုပ် ၁:၅၊ ၆; ၂:၂၆။

ကိုယ့်ကိုယ်ကိုဝန် ထပ်မတင်ပါနှင့်

ဒါဝိဒ်သည် သူ၏နောက်ပိုင်းအသက်တာတွင် အထိနာသည့် သင်ခန်းစာတစ်ရပ်ရှိခဲ့သည်။ ယင်းကားအဘယ်နည်း။ ယင်းကား တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို ဝန်ထုပ်ဝန်ပိုးများ ထပ်တင်ခြင်းဖြစ်သည်။ ဖိလိတ္တိလူမျိုးများကို အောင်နိုင်ပြီးနောက် ပဋိညာဉ်သေတ္တာကို ယေရုရှလင်မြို့သို့ သယ်ရန် ဒါဝိဒ်ဆုံးဖြတ်ချိန်တွင် ပြဿနာတက်ခဲ့သည်။ သမိုင်းဝင်မှတ်တမ်းက ကျွန်ုပ်တို့ကို ဤသို့ပြောပြသည်– “ဘုရားသခင်၏သေတ္တာတော်ကို ယုဒပြည်ဗာလာမြို့မှ ဆောင်ခဲ့ခြင်းငှာ၊ မိမိ၌ပါသောသူအပေါင်းတို့နှင့်တကွထသွားလေ၏။ ဘုရားသခင်၏သေတ္တာတော်ကို လှည်းသစ်ပေါ်မှာတင်၍ . . . အဘိနဒပ်၏သား ဩဇနှင့် အဟိသြတို့သည် လှည်းသစ်ကို နှင်ရကြ၏။”—၂ ဓမ္မရာဇဝင် ၆:၂၊ ၃။

သေတ္တာတော်ကို သယ်ယူရန် လေးဘီးတပ်လှည်းကိုအသုံးပြုခြင်းသည် ယင်းနှင့်ပတ်သက်၍ယေဟောဝါ မိန့်တော်မူထားသော ညွှန်ကြားချက်မှန်သမျှကို ချိုးဖောက်ခြင်းဖြစ်သည်။ သယ်ဆောင်ခွင့်ရထားသော လေဝိအမျိုး ကောဟတ်သားတို့သာ ပဋိညာဉ်သေတ္တာတော်၌ အထူးတပ်ဆင်ထားသည့် ကွင်းများတွင် တုတ်ရှည်များလျှိုကာ ပခုံးဖြင့်ထမ်းရမည်ဖြစ်ကြောင်း အတိအလင်းဖော်ပြထားသည်။ (ထွက်မြောက်ရာ ၂၅:၁၃၊ ၁၄; တောလည်ရာ ၄:၁၅၊ ၁၉; ၇:၇-၉) ဤညွှန်ကြားချက်များကို လျစ်လျူရှုသောအခါတွင် ဒုက္ခတွေ့တော့သည်။ နွားများက လှည်းကို ရုန်းလိုက်ရာ ယင်းသည် မှောက်လုမတတ်ဖြစ်သွားချိန်တွင် လေဝိအမျိုးဖြစ်နိုင်သော်လည်း ယဇ်ပုရောဟိတ်လုံးဝမဟုတ်သည့် ဩဇသည် သေတ္တာတော်ငြိမ်သွားစေရန် လှမ်းကိုင်လိုက်ရာ ယေဟောဝါကို အရိုအသေကင်းမဲ့မှုကြောင့် ကွပ်မျက်ခံခဲ့ရသည်။—၂ ဓမ္မရာဇဝင် ၆:၆၊ ၇။

ဘုရင်အနေနှင့် ဒါဝိဒ်သည် ဤကိစ္စတွင် တာဝန်မကင်းပါ။ သူ၏တုံ့ပြန်ပြုမူမှုက ယေဟောဝါနှင့်ဆက်ဆံရေးကောင်းရှိထားသူများပင် စမ်းသပ်မှုအခြေအနေများအောက်တွင် ရံဖန်ရံခါ မိုက်မဲစွာတုံ့ပြန်နိုင်ကြောင်း ပြသည်။ ပထမတွင် ဒါဝိဒ်သည် စိတ်ဆိုးခဲ့သည်။ နောက်ပိုင်း၌ သူကြောက်လန့်လာသည်။ (၂ ဓမ္မရာဇဝင် ၆:၈၊ ၉) ယေဟောဝါနှင့် အားကိုးအားထားသော သူ၏ဆက်ဆံရေးသည် အပြင်းအထန်စမ်းသပ်ခံခဲ့ရသည်။ သူသည် မိမိ၏ဝန်ထုပ်ဝန်ပိုးကို ယေဟောဝါ၌ချထားဖို့ ပျက်ကွက်ပုံရသည့်အချိန်၊ ကိုယ်တော်၏ပညတ်တော်များကို မလိုက်လျှောက်ခဲ့သောအချိန် တစ်ချိန်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် ဤအခြေအနေမျိုးအောက်ရောက်နိုင်ဖွယ်ရှိသလော။ ကျွန်ုပ်တို့သည် ကိုယ်တော့်ညွှန်ကြားချက်များကို လျစ်လျူရှုသောကြောင့် ဖြစ်လာသည့် ပြဿနာများအတွက် ယေဟောဝါကို အပြစ်ဖို့ဖူးသလော။—သု. ၁၉:၃။

အပြစ်၏ဝန်ထုပ်ဝန်ပိုးကို ကိုင်တွယ်ဖြေရှင်းခြင်း

နောက်ပိုင်း၌ ဒါဝိဒ်သည် ယေဟောဝါ၏စာရိတ္တစံနှုန်းများကို ချိုးဖောက်ကာ အလွန်ကြီးလေးသည့် အပြစ်ပြုခြင်းအားဖြင့် အပြစ်ဝန်ထုပ်ကြီးကို မိမိဘာသာဖန်တီးခဲ့သည်။ ဒါဝိဒ်သည် မိမိလူများကို စစ်ပွဲတွင် ဦးစီးဖို့တာဝန်ကို မထမ်းဆောင်ခဲ့သည့်အချိန်ဖြစ်သည်။ သူတို့စစ်ထွက်နေစဉ် သူသည် ယေရုရှလင်မြို့တွင် နေခဲ့သည်။ ယင်းက အကြီးအကျယ်ပြဿနာတက်စေသည်။—၂ ဓမ္မရာဇဝင် ၁၁:၁။

ဘုရင်ဒါဝိဒ်သည် ချောမောလှပသော ဗာသရှေဘရေချိုးနေသည်ကို မြင်တွေ့ခဲ့သည်။ သူသည် သူမနှင့် ဖောက်ပြန်သည်၊ သို့နှင့် သူမသည် ကိုယ်ဝန်ရှိလာသည်။ (၂ ဓမ္မရာဇဝင် ၁၁:၂-၅) သူ၏ဖောက်ပြန်သည့်လုပ်ရပ်ကို ကြိုးစားဖုံးဖိရန်အတွက် သူမ၏ခင်ပွန်း ဥရိယကို စစ်မြေပြင်မှ ယေရုရှလင်မြို့သို့ပြန်လာရန် စီစဉ်လိုက်သည်။ ဣသရေလလူမျိုးသည် တိုက်ပွဲဝင်နေစဉ် မိမိက ဇနီးနှင့်ပျော်မွေ့ခြင်းကို ဥရိယ လက်မခံဘဲငြင်းဆန်ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၁:၆-၁၁) ယခုတစ်ဖန် ဒါဝိဒ်သည် မိမိ၏အပြစ်ကို ဖုံးဖိရန် ဆိုးညစ်ကောက်ကျစ်သော နည်းကိုသုံးခဲ့သည်။ ဥရိယ၏စစ်သားချင်းတို့က ဥရိယကျဆုံးသွားစေရန် စစ်ပွဲတွင် ထိခိုက်ကျရှုံးမှုရှိနိုင်သော နေရာ၌ သူ့ကိုထားခဲ့ဖို့ ဒါဝိဒ်စီစဉ်သည်။ စက်ဆုပ်ဖွယ်ကောင်းပြီး၊ ကြီးလေးသောအပြစ်ပါတကား!—၂ ဓမ္မရာဇဝင် ၁၁:၁၂-၁၇။

နောက်ဆုံးတွင်၊ ဒါဝိဒ်၏အပြစ်သည် အမှန်ပင် သူနှင့်ထက်ကြပ်မကွာကပ်ပါလာပြီး ဖော်ထုတ်ခံခဲ့ရသည်။ (၂ ဓမ္မရာဇဝင် ၁၂:၇-၁၂) သူ၏ထိန်းမနိုင်သိမ်းမရရမ္မက်ကြောင့် လုပ်ခဲ့မိသည့်အရာသည် အလွန်ဆိုးယုတ်ကြောင်း သိမြင်လာသောအချိန်တွင် ဒါဝိဒ်ခံစားခဲ့ရမည့် ယူကျုံးမရဖြစ်မှုနှင့် မိမိအပြစ်ရှိသည်ဟူသည့်စိတ်ဓာတ်၏ ဖိစီးမှုတို့ကို စဉ်းစားတွေးတောကြည့်ပါ။ မိမိပျက်ကွက်ရလေခြင်းဟူသည့် သဘောထားက သူ့ကိုလွှမ်းမိုးထားနိုင်သည်၊ အထူးသဖြင့် သူသည် စိတ်လှုပ်ရှားလွယ်သူ၊ ပြင်ပသြဇာပြုပြင်ပြောင်းလဲခံရလွယ်သူကဲ့သို့ဖြစ်သောကြောင့်တည်း။ မိမိသည် လုံးလုံးတန်ဖိုးမရှိပါလားဟု ကောင်းကောင်းခံစားခဲ့ရနိုင်သည်!

သို့သော် ဒါဝိဒ်သည် မိမိ၏မှားယွင်းမှုကို ချက်ချင်းအသိအမှတ်ပြုကာ ပရောဖက်နာသန်ကို ဤသို့ဝန်ခံသည်– “ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီ။” (၂ ဓမ္မရာဇဝင် ၁၂:၁၃) သူမည်သို့ခံစားခဲ့ရပုံ၊ သူ့ကို စင်ကြယ်စေပြီး ခွင့်လွှတ်ဖို့အတွက် ယေဟောဝါဘုရားသခင်ထံ သူအသနားခံပုံတို့ကို ဆာလံ ၅၁ က ကျွန်ုပ်တို့ကို ဤသို့ပြောပြသည်– “ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။ အကျွန်ုပ်လွန်ကျူးပါပြီဟု ဝန်ချလျက်ကိုယ်အပြစ်ကို အစဉ်မပြတ်အောက်မေ့လျက်နေပါ၏။” (ဆာလံ ၅၁:၂၊ ၃) သူသည် နောင်တစစ်နောင်တမှန်ရခဲ့သောကြောင့် ယေဟောဝါနှင့် ခိုင်မာရင်းနှီးသောဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ ဒါဝိဒ်သည် နောင်တစိတ်နှင့် မိမိတန်ဖိုးမရှိဟူသော ခံစားချက်များကို တနုံ့နုံ့တွေးမနေခဲ့ပါ။ သူသည် မိမိ၏အပြစ်ကို နှိမ့်ချစွာအသိအမှတ်ပြုပြီး နောင်တစစ်တင်ပြကာ ယေဟောဝါ၏ခွင့်လွှတ်မှုအတွက် ပြင်းပြစွာဆုတောင်းခြင်းအားဖြင့် မိမိ၏ဝန်ထုပ်ဝန်ပိုးများကို ယေဟောဝါထံတော်၌ချထားခဲ့သည်။ သူသည် ဘုရားသခင့်မျက်နှာသာတော် ပြန်လည်ရရှိခဲ့သည်။—ဆာလံ ၅၁:၇-၁၂၊ ၁၅-၁၉။

သစ္စာဖောက်မှုကို ဖြေရှင်းခြင်း

ဆာလံ ၅၅ ကို ဒါဝိဒ်ရေးသားဖို့ လှုံ့ဆော်ပေးသည့် ဖြစ်ရပ်တစ်ခုဆီသို့ ရောက်လာသည်။ သူသည် အကြီးအကျယ်စိုးရိမ်သောကရောက်နေသည်။ “အကျွန်ုပ်နှလုံးသည် ကိုယ့်အထဲမှာပြင်းစွာနာကျင်၍ သေဘေးကိုကြောက်အားကြီးပါ၏” ဟု သူရေးသားခဲ့သည်။ (ဆာလံ ၅၅:၄၊ သမ္မာ) မည်သည့်အရာက သူ့ကိုဤသို့နာကျင်စေသနည်း။ ဒါဝိဒ်၏သားတော် အဗရှလုံသည် မင်းအရိုက်အရာကို ဒါဝိဒ်ထံမှ ရယူရန် ကျိတ်ကြံခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၅:၁-၆) မိမိ၏သားတော်ရင်းက ဤသို့သစ္စာဖောက်ခြင်းကို မခံမရပ်နိုင်အောင်ဖြစ်ခဲ့သည်၊ သို့သော် သာ၍ဆိုးရွားသည်ကား အဟိသောဖေလအမည်ရှိ ဒါဝိဒ်၏ယုံကြည်စိတ်အချရဆုံး အကြံပေးအရာရှိသည် ဒါဝိဒ်ကို အံတုသည့် ပူးပေါင်းကြံစည်မှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ဆာလံ ၅၅:၁၂-၁၄ တွင် ဒါဝိဒ်ဖော်ပြထားသည့်သူမှာ အဟိသောဖေလပင်ဖြစ်သည်။ ပူးပေါင်းကြံစည်မှုနှင့် သစ္စာဖောက်မှုကြောင့် ဒါဝိဒ်ခမျာ ယေရုရှလင်မြို့မှ ထွက်ပြေးခဲ့ရသည်။ (၂ ဓမ္မရာဇဝင် ၁၅:၁၃၊ ၁၄) ယင်းက သူ့ကို မည်မျှပြင်းထန်စွာ ခံစားခဲ့ရစေမည်တကား!

သို့သော်၊ သူသည် မိမိ၏ပြင်းထန်သောစိတ်လှုပ်ရှားမှုနှင့် ပူဆွေးသောကတို့ကြောင့် ယေဟောဝါအပေါ် ယုံကြည်စိတ်ချမှု လျော့သွားစေဖို့ ခွင့်မပြုခဲ့ပါ။ ပူးပေါင်းကြံစည်သူများ၏အကြံအစည်များ ပျက်သွားစေဖို့ ယေဟောဝါထံ သူဆုတောင်းခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၅:၃၀၊ ၃၁) ယေဟောဝါလုပ်ပေးရန် လုပ်စရာရှိသမျှကို ဒါဝိဒ် ထိုင်စောင့်မနေခဲ့ကြောင်း ကျွန်ုပ်တို့ထပ်မံသိရပြန်သည်။ အခွင့်အရေးပေါ်လျှင်ပေါ်ခြင်း သူသည် မိမိကိုအန်တုသည့် ပူးပေါင်းကြံစည်မှုကို တိုက်ဖျက်ရန် သူလုပ်ဆောင်ခဲ့သည်။ သူ၏အကြံပေးအရာရှိ နောက်တစ်ဦးဖြစ်သည့် ဟုရှဲကို ပူးပေါင်းကြံစည်မှုတွင် ပါဝင်ဟန်လုပ်ဖို့ ယေရုရှလင်မြို့သို့ ပြန်ပို့ခဲ့သည်။ သို့သော် အမှန်မှာ သူသည် ယင်းကို အခြေပျက်စေရန်ဖြစ်သည်။ (၂ ဓမ္မရာဇဝင် ၁၅:၃၂-၃၄) ယေဟောဝါ၏ထောက်မမှုဖြင့် ဤအကြံ အထမြောက်ခဲ့သည်။ ဒါဝိဒ်သည် လူပြန်စုကာ မိမိကိုယ်ကိုကာကွယ်ရန် စီမံဖွဲ့စည်းဖို့အတွက် ဟုရှဲက အချိန်ဆွဲထားပေးနိုင်ခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၇:၁၄။

ဒါဝိဒ်၏အသက်တာတစ်လျှောက်လုံးတွင် ယေဟောဝါ၏ကာကွယ်စောင့်ရှောက်မှုအပြင် ကိုယ်တော်၏စိတ်ရှည်မှုနှင့် ခွင့်လွှတ်ရန်အသင့်ရှိသည့်သဘောတို့ကို အလွန်ကျေးဇူးတင်လေးမြတ်ခဲ့မည်တည်း! (ဆာလံ ၃၄:၁၈၊ ၁၉; ၅၁:၁၇) ဤနောက်ခံရှိထားသောကြောင့် ဒါဝိဒ်က ကျွန်ုပ်တို့၏ဒုက္ခဆင်းရဲကာလတွင် အကူအညီအတွက် ယေဟောဝါကို အားကိုးကြဖို့နှင့် ‘ကျွန်ုပ်တို့၏ဝန်ထုပ်ဝန်ပိုးကို ယေဟောဝါ၌ ချထား’ ဖို့ ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချမှုအပြည့်ဖြင့် အားပေးပါသည်။—၁ ပေတရု ၅:၆၊ ၇ နှိုင်းယှဉ်။

ယေဟောဝါနှင့် ခိုင်မာပြီး ယုံကြည်အားထားသော ဆက်ဆံရေးကို တည်ဆောက်ပြီး မြဲမြံစေပါ

အကြီးအကျယ်စမ်းသပ်မှုနှင့် ဒုက္ခရောက်ချိန်တွင် ဒါဝိဒ်ကိုထောက်မပေးသည့် ယေဟောဝါနှင့် သူရရှိထားသော ဆက်ဆံမှုမျိုးကို ကျွန်ုပ်တို့မည်သို့ရရှိနိုင်သနည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော် ကျမ်းစာကို ဝိရိယရှိရှိလေ့လာသူများဖြစ်ခြင်းအားဖြင့် ဤဆက်ဆံမှုမျိုးကို ကျွန်ုပ်တို့တည်ဆောက်နိုင်သည်။ ကိုယ်တော်၏ပညတ်တော်များ၊ မူများနှင့် ပင်ကိုအရည်အသွေးတို့အကြောင်း ကျွန်ုပ်တို့ကို ကိုယ်တော်သွန်သင်ပေးရန်ခွင့်ပြုကြသည်။ (ဆာလံ ၁၉:၇-၁၁) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့စဉ်းစားဆင်ခြင်သည်နှင့်အမျှ ကိုယ်တော်နှင့်ပို၍ရင်းနှီးလာပြီး ကိုယ်တော်ကို လုံးလုံးကိုးစားတတ်လာသည်။ (ဆာလံ ၁၄၃:၁-၅) ကျွန်ုပ်တို့သည် ယေဟောဝါထံတော်မှ ထပ်ဆင့်ညွှန်ကြားချက်ရရှိရန် ဝတ်ပြုသူချင်းတို့နှင့် ပေါင်းသင်းဆက်ဆံသည်နှင့်အမျှ အဆိုပါဆက်ဆံရေးကို သာ၍နက်ရှိုင်းစေပြီး သာ၍ခိုင်မာလာစေသည်။ (ဆာလံ ၁၂၂:၁-၄) ကျွန်ုပ်တို့သည် နှလုံးလှိုက်လှဲသောဆုတောင်းချက်အားဖြင့် ယေဟောဝါနှင့် မိမိတို့၏ဆက်ဆံရေးကို သာ၍ခိုင်ခံ့မြဲမြံလာစေနိုင်သည်။—ဆာလံ ၅၅:၁။

မှန်ပါသည်၊ ကျွန်ုပ်တို့ကဲ့သို့ ဒါဝိဒ်သည် ယေဟောဝါနှင့် သူ၏ဆက်ဆံရေး ခိုင်ခံ့မြဲမြံမှုရှိသင့်သလောက် မရှိသောအခါတွင် စိတ်ဓာတ်ကျခဲ့သည်။ ဖိနှိပ်ခံရခြင်းက ကျွန်ုပ်တို့ကို “ရူးရူးမိုက်မိုက်ပြုမူ” စေသည်။ (ဒေသနာ ၇:၇၊ ကဘ) သို့သော် ဖြစ်ပျက်နေသည့်အရာများကို ယေဟောဝါမြင်တော်မူပြီး ကျွန်ုပ်တို့၏နှလုံးတွင်ရှိသည့်အရာကို သိတော်မူသည်။ (ဒေသနာ ၄:၁; ၅:၈) ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး ခိုင်မာနေစေရန် အပြင်းအထန်ကြိုးစားဖို့ လိုသည်။ သို့နှင့် မည်သည့်ဝန်ထုပ်ဝန်ပိုးများကိုမဆို ထမ်းရွက်စရာရှိသည့်အခါ ဖိစီးမှုမှ သက်သာရာရရန် သို့မဟုတ် ကျွန်ုပ်တို့၏အခြေအနေကို ဖြေရှင်းနိုင်သည့်စွမ်းအားပေးရန် ယေဟောဝါကို အားကိုးနိုင်သည်။ (ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃) ယေဟောဝါနှင့် ရင်းနှီးနေခြင်းသည် အရေးတကြီးကိစ္စဖြစ်သည်။ ယင်းသို့ဒါဝိဒ်ပြုခဲ့သောအခါတွင် သူ့အတွက် လုံခြုံမှုအပြည့်အဝရှိသည်။

ထို့ကြောင့် သင့်အခြေအနေသည် မည်သို့ပင်ဖြစ်ပါစေ၊ ဒါဝိဒ်ပြောသကဲ့သို့ သင့်ဝန်ထုပ်ဝန်ပိုးကို ယေဟောဝါထံတော်၌ အမြဲချထားပါ။ သို့နှင့် ဤကတိတော်သည် မှန်ကန်ကြောင်း ကျွန်ုပ်တို့တွေ့ရမည်– “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။”—ဆာလံ ၅၅:၂၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ