အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်အတွက် ကိုးကားချက်များ
နိုဝင်ဘာ ၇-၁၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | သုတ္တံ ၂၇-၃၁
“သီလနဲ့ပြည့်စုံတဲ့ ဇနီးအကြောင်း ကျမ်းစာမှာ ဖော်ပြ”
(သုတ္တံ ၃၁:၁၀–၁၂) သီလနှင့်ပြည့်စုံသောမိန်းမကို အဘယ်သူ တွေ့ရသနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက်အဖိုးသာ၍ထိုက်ပေ၏။ ၁၁ သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍ ဆင်းရဲခြင်းနှင့်ကင်းလွတ်လိမ့်မည်။ ၁၂ ထိုမယားသည် မိမိခင်ပွန်းအကျိုးကိုမဖျက်၊ တစ်သက်လုံးပြုစုတတ်၏။
ခိုင်ခံ့ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ဆောက်ပါ
၁၀ ယေဟောဝါဟာ အိမ်ထောင်မှာ ဇနီးတွေကို ဂုဏ်ရှိတဲ့အနေအထား ပေးအပ်ထားတယ်။ ဇနီးဟာ လင်ယောက်ျားရဲ့ ‘အဖော်အဖက်’ ဖြစ်တယ်။ (မာလ. ၂:၁၄၊ ကဘ) အိမ်ထောင်မှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ ဇနီးဟာ ကိုယ်ဘယ်လိုထင်တယ်၊ ဘယ်လိုခံစားရတယ်ဆိုတာကို လေးလေးစားစား ပြောနိုင်ပေမဲ့ ဆက်ပြီးလက်အောက်ခံနေမြဲပဲ။ ဉာဏ်ပညာရှိတဲ့ယောက်ျားဟာ ကိုယ့်ဇနီးပြောတာကို ဂရုတစိုက် နားထောင်ပါလိမ့်မယ်။ (သု. ၃၁:၁၀-၃၁) မေတ္တာပါပါ လက်အောက်ခံခြင်းက အိမ်ထောင်ကို စည်းလုံးငြိမ်သက် ပျော်ရွှင်စေနိုင်တယ်။ အဲဒီအပြင် ဘုရားသခင်ကို ပျော်ရွှင်စေတယ်ဆိုတဲ့အသိစိတ်ကြောင့် နှစ်ယောက်စလုံး ကျေနပ်မှုခံစားရနိုင်တယ်။—ဧ. ၅:၂၂။
မိခင်တစ်ဦး၏ ပညာရှိဆုံးမစကား
အရည်အချင်းပြည့်စုံသောဇနီးနှင့်ပတ်သက်၍ လေမွေလကို ဤသို့ပြောခဲ့သည်– “သူ၏ခင်ပွန်းသည် သူ့ကိုယုံ . . . လိမ့်မည်။” (အခန်းငယ် ၁၁) တစ်နည်းအားဖြင့် ကိစ္စရပ်တိုင်းတွင် သူ၏ဇနီးသည် သူ၏သဘောတူညီချက် ရယူရမည်ဟု မတောင်းဆိုသင့်ပါ။ တန်ဖိုးကြီးသည့်ပစ္စည်းဝယ်ယူခြင်း သို့မဟုတ် သားသမီးများကို ပဲ့ပြင်သွန်သင်ခြင်းကဲ့သို့သော အရေးကြီးသည့်ဆုံးဖြတ်ချက်များမချမီ အိမ်ထောင်ဖက်များသည် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးတိုင်ပင်သင့်သည်မှာ မှန်ပါသည်။ ဤကိစ္စရပ်များတွင် ဆက်သွယ်ရေးကောင်းခြင်းက အချင်းချင်းရင်းနှီးမှုရှိစေသည်။
it–2 1183
ဇနီးသည်
ပညတ်တရားက ဇနီးသည်ကို ကာကွယ်ပေးတယ်။ အိမ်ထောင်ရေးအစီအစဉ်မှာ လင်သားက ဦးစီးရပြီး မိသားစုကို ကာယရေး၊ ဘုရားတရားရေးဘက် ကျွေးမွေးပြုစုဖို့ ဘုရားက သူ့ကို တာဝန်ပေးထားတယ်။ မိသားစု ပြုသမျှ အမှားတွေကိုလည်း သူတာဝန်ယူရတယ်။ ဒါကြောင့် လင်ယောက်ျားရဲ့ တာဝန်က ကြီးလေးပါတယ်။ ဇနီးထက် သူ့မှာ အခွင့်အရေး ပိုများပေမဲ့ ဘုရားရဲ့ ပညတ်တရားက ဇနီးကိုလည်း ကာကွယ်ပေးတဲ့အပြင် အခွင့်ထူးတွေရစေပြီး ကျေနပ်ပျော်ရွှင်တဲ့ ဘဝအသက်တာ ရရှိစေတယ်။
ပညတ်တရားရဲ့ ပြင်ဆင်ပေးချက်တချို့ထဲမှာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ လင်သား ဒါမှမဟုတ် ဇနီးကို သေဒဏ်ပေးရမှာ ဖြစ်တယ်။ လင်ယောက်ျားက သူ့မိန်းမ သစ္စာဖောက်တယ်လို့ မသင်္ကာဖြစ်ရင် အဲဒီကိစ္စကို ယေဟောဝါဘုရားစီရင်ဖို့ ပုရောဟိတ်ဆီ မိန်းမကိုခေါ်သွားရတယ်။ တကယ်လို့ မိန်းမက အပြစ်လုပ်တယ်ဆိုရင် သူ့သားအိမ်က ကျုံ့သွားလိမ့်မယ်။ ဒါပေမဲ့ အပြစ်မရှိဘူးဆိုရင် သူ့မှာ ကိုယ်ဝန်ရှိစေရမယ်။ ဒါမှ သူအပြစ်မရှိဘူးဆိုတာ လူတွေသိမယ်။ (တော. ၅:၁၂–၃၁) ကိုယ့်မိန်းမမှာ အပြစ်တင်စရာတစ်စုံတစ်ခုရှိမှ ယောက်ျားအနေနဲ့ ကွာရှင်းနိုင်တယ်။ အဲဒါတွေထဲမှာ ယောက်ျားကို မလေးမစားဆက်ဆံတာ၊ အိမ်ထောင် ဒါမှမဟုတ် ယောက္ခမကို ကဲ့ရဲ့ရှုတ်ချစရာဖြစ်အောင်လုပ်တာတွေ ပါဝင်တယ်။ ယောက်ျားဘက်က ကွာရှင်းစာချုပ် ရေးပေးရမယ်ဆိုတဲ့ပညတ်က မိန်းမအတွက် အကာအကွယ်ဖြစ်စေတယ်။ ဒါမှ နောက်အိမ်ထောင်ပြုနိုင်တယ်။ (တရား. ၂၄:၁၊ ၂) မိန်းမပြုတဲ့သစ္စာကတိဟာ ပညာမရှိဘူး၊ မိသားစုအကျိုးပျက်စေတယ်လို့ ယောက်ျားယူမှတ်ရင် အဲဒါကို ပယ်ဖျက်လို့ရတယ်။ (တော. ၃၀:၁၀–၁၅) ဒါက အခက်အခဲဖြစ်စေနိုင်မယ့် ဆုံးဖြတ်ချက်တွေ အလောတကြီး မချမိအောင် ဇနီးသည်ကို ကာကွယ်ပေးတယ်။
မောရှေပညတ်မှာ လင်ပြိုင်မယားပြိုင်စနစ်ကို ခွင့်ပြုထားတယ်။ ဒီကိစ္စမှာလည်း ဇနီးသည်ကို အကာအကွယ်ဖြစ်တဲ့ ပညတ်တွေရှိတယ်။ အချစ်မခံရတဲ့ ဇနီးသည်မွေးတဲ့ သားဦးအခွင့်အရေးတွေကို အချစ်ခံရတဲ့ဇနီးရဲ့ သားဆီ လွှဲပြောင်းမပေးရဘူး။ (တရား. ၂၁:၁၅-၁၇) သမီးကို ကျွန်အဖြစ်ရောင်းလိုက်လို့ သူ့သခင်က မယားငယ်အဖြစ် သိမ်းပိုက်ပြီး မကြိုက်တော့ဘူးဆိုရင် တိုင်းတစ်ပါးသားတွေဆီ ပြန်ရောင်းခွင့်မရှိဘူး။ (ထွ. ၂၁:၇၊ ၈) သူ ဒါမှမဟုတ် သူ့သားက အဲဒီကျွန်မိန်းမကို မယားငယ်အဖြစ် သိမ်းပိုက်ပြီးမှ နောက်မိန်းမယူရင် အဲဒီမယားငယ်ကို ထောက်ပံ့ပေးရမယ်၊ အိမ်ထောင်သည်ဝတ်ကိုလည်း ပြုရမယ်။—ထွ. ၂၁:၉-၁၁။
ယောက်ျားက မိန်းမကို လက်ထပ်ပြီးမှ အပျိုမစစ်ဘူးဆိုပြီးစွပ်စွဲလို့ သူ့စွပ်စွဲချက်က မှားမှန်း ထင်ရှားတယ်ဆိုရင် ယောက်ျားကို ပြစ်ဒဏ်ပေးရမယ်။ အဲဒီအပြင် မိန်းကလေးရဲ့ အဖေကို ကွမ်းဖိုးနှစ်ဆပေးရမယ်၊ အဲဒီမိန်းကလေးကိုလည်း တစ်သက်လုံး မကွာရှင်းရဘူး။ (တရား. ၂၂:၁၃-၁၉) ယောက်ျားတစ်ယောက်က မစေ့စပ်ရသေးတဲ့ အပျိုစင်ကို စော်ကားတယ်ဆိုရင် မိန်းကလေးရဲ့အဖေကို တင်တောင်းငွေပေးရမယ်။ တကယ်လို့ မိန်းကလေးရဲ့အဖေက ပေးစားတယ်ဆိုရင် ဇနီးအဖြစ် လက်ထပ်ယူရမယ်၊ တစ်သက်လုံး မကွာရှင်းရဘူး။—တရား. ၂၂:၂၈၊ ၂၉။ ထွ. ၂၂:၁၆၊ ၁၇။
ဟေဗြဲအသိုင်းအဝိုင်းက ဇနီးသည်တွေရဲ့ အနေအထားဟာ ဒီနေ့ခေတ် အနောက်တိုင်းအသိုင်းအဝိုင်းက ဇနီးသည်တွေရဲ့ အနေအထားနဲ့ ကွာခြားတယ်။ ဒါပေမဲ့ သစ္စာရှိတဲ့ ဟေဗြဲဇနီးသည်တွေကတော့ သူ့အနေအထားနဲ့သူ၊ သူ့အလုပ်နဲ့သူ ပျော်နေကြတယ်။ ယောက်ျားကို ထောက်မပေးရတာ၊ မိသားစုကို ကျွေးမွေးပြုစုရတာတွေနဲ့ အိမ်ထောင်သည်ဘဝကို ကျေနပ်ပျော်ရွှင်နေကြတယ်။
လုပ်ရည်ကိုင်ရည်ရှိတဲ့ဇနီး။ သစ္စာရှိတဲ့ဇနီး တပျော်တပါးလုပ်တဲ့အလုပ်တွေကို သုတ္တံ အခန်းကြီး ၃၁ မှာ ဖော်ပြပေးထားတယ်။ ဒီလိုဇနီးမျိုးကို သူ့ယောက်ျား မြတ်နိုးပြီး တန်ဖိုးထားတယ်၊ ယုံကြည်စိတ်ချတယ်။ သူဟာ မပျင်းမရိဘဲ ရက်ကန်းရက်တယ်၊ မိသားစုအတွက် အဝတ်အစားတွေ ချုပ်လုပ်တယ်၊ အိမ်ထောင်အတွက် အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ချမ်းတယ်၊ စပျစ်ခြံထဲမှာ အလုပ်လုပ်တယ်၊ အလုပ်သမားတွေနဲ့အတူ အိမ်မှုရေးရာတွေကို လုပ်တယ်၊ အကူအညီလိုသူတွေကို ကူညီပေးတယ်၊ မိသားစုကို လှလှပပဆင်ယင်ပေးတယ်၊ ဝင်ငွရအောင် လုပ်တယ်၊ အရေးအကြောင်းပေါ်လာရင် မိသားစု စိုးရိမ်စရာမရှိအောင် လုပ်ထားတယ်၊ ဉာဏ်ပညာရှိရှိ၊ ကြင်ကြင်နာနာ ပြောဆိုတတ်တဲ့အပြင် ယေဟောဝါကို ကြောက်ရွံ့သူ၊ ကောင်းမှုတွေပြုသူဖြစ်တဲ့အတွက် သူ့ယောက်ျားနဲ့ သားတွေကပါ ချီးမွမ်းစကားပြောကြတယ်၊ လင်ယောက်ျားနဲ့ မိသားစုကို ဂုဏ်သိက္ခာရှိစေတယ်။ ဇနီးကောင်းကိုရတဲ့သူဟာ ကောင်းတဲ့အရာကို ရတဲ့သူ၊ ယေဟောဝါရဲ့မျက်နှာသာကို ရတဲ့သူဖြစ်တယ်။—သုတ္တံ ၁၈:၂၂။
ခရစ်ယာန်အသင်းတော်အတွင်း။ ခရစ်ယာန် အသင်းတော်ထဲက ယောက်ျားတစ်ယောက်ဟာ ဇနီးတစ်ယောက်တည်းရှိရတယ်။ (၁ ကော. ၇:၂။ ၁ တိ. ၃:၂) ဇနီးသည်တွေက သူတို့ယောက်ျားဟာ ယုံကြည်သူဖြစ်ဖြစ် မဖြစ်ဖြစ် သူတို့ကို လက်အောက်ခံရမယ်။ (ဧ. ၅:၂၂-၂၄) ဇနီးသည်တွေဟာ ဆက်ဆံခြင်းဝတ်ကို လင်ယောက်ျားအား ပြုရမယ်။ ဇနီးသည်ဟာ “ကိုယ်ကိုယ်ကိုယ်မပိုင်ပါ။” (၁ ကော. ၇:၃၊ ၄) ဇနီးသည်တွေဟာ စိတ်နှလုံးရဲ့အတွင်းလူကို အဓိကတန်ဆာဆင်ပြီး စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ တင်ပြမယ်ဆိုရင် သူတို့ရဲ့ အကျင့်ကိုမြင်ပြီး မယုံကြည်သူ လင်ယောက်ျားဟာ ဘုရားဆီ သွေးဆောင်ခံရပါလိမ့်မယ်။—၁ ပေ. ၃:၁-၆။
တင်စားချက်။ ယေဟောဝါက အစ္စရေးတွေနဲ့ ပဋိညာဉ်ဖွဲ့ထားလို့ အဲဒီလူမျိုးကို သူ့ရဲ့ဇနီးလို့ တင်စားပြီး ဆိုတယ်။ (ဟေရှာ. ၅၄:၆) တမန်တော်ပေါလုက ယေဟောဝါကို ဘိသိက်ခံခရစ်ယာန်တွေရဲ့ဖခင်အဖြစ် ခေါ်ဆိုပြီး “အပေါ်မှာရှိသောယေရုရှလင်မြို့” ကိုတော့ သူတို့ရဲ့ မိခင်လို့ ဆိုတယ်။ ယေဟောဝါဟာ “အပေါ်မှာရှိသောယေရုရှလင်မြို့” နဲ့ ထိမ်းမြားပြီး ဘိသိက်ခံခရစ်ယာန် သားတွေရလာတယ်လို့ ဖော်ပြထားတာဖြစ်တယ်။ (ဂလ. ၄:၆၊ ၇၊ ၂၆) ခရစ်ယာန်အသင်းတော်ကို ယေရှုခရစ်ရဲ့ သတို့သမီး ဒါမှမဟုတ် ဇနီးလို့ ခေါ်ဆိုကြတယ်။—ဧ. ၅:၂၃၊ ၂၅။ ဗျာ. ၁၉:၇။ ၂၁:၂၊ ၉။
(သုတ္တံ ၃၁:၁၃–၂၇) သိုးမွေးနှင့်ဝါကိုရှာ၍ မိမိလက်နှင့် အလိုအလျောက် လုပ်တတ်၏။ ၁၄ ကုန်သည်သင်္ဘောကဲ့သို့ဖြစ်၍ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။ ၁၅ မိုးမလင်းမီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကိုလည်းကောင်း၊ ကျွန်မတို့အား အငန်းအတာကိုလည်းကောင်း ပေးဝေတတ်၏။ ၁၆ ကောင်းမွန်စွာဆင်ခြင်၍ လယ်ကွက်ကိုဝယ်ယူတတ်၏။ ကိုယ်တိုင်လုပ်၍ရသောငွေနှင့် စပျစ်ဥယျာဉ်ကိုပြုစုတတ်၏။ ၁၇ မိမိခါးကို ခွန်အားနှင့်စည်း၍ မိမိလက်တို့ကို သန်မြန်စေတတ်၏။ ၁၈ မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိတ်မိ၍ သူ၏မီးခွက်သည် တစ်ညလုံးမသေတတ်။ ၁၉ ချည်ဖြစ်စေတတ်သော တန်ဆာတို့ကို ကိုယ်လက်နှင့်ကိုင်၍ လုပ်ဆောင်တတ်၏။ ၂၀ ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍ ငတ်မွတ်သောသူတို့အား လက်ရုံးကိုဆန့်တတ်၏။ ၂၁ မိုးပွင့်ကျသော်လည်း မိမိအိမ်သူအိမ်သားတို့အတွက် မစိုးရိမ်။ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ၏။ ၂၂ ကိုယ်အဖို့စောင်တို့ကိုရက်၍ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်၏။ ၂၃ သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သားအသက်ကြီးသူတို့နှင့်ထိုင်၍ ထင်ရှားသောသူဖြစ်ရ၏။ ၂၄ ချောသောအထည်အလိပ်ကိုရက်၍ ရောင်းတတ်၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ချတတ်၏။ ၂၅ သူလုပ်သောအထည်အလိပ်သည် ခိုင်ခံ့၍ လှသောအဆင်းနှင့်ပြည့်စုံသဖြင့် သူသည်နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။ ၂၆ ပညာစကားကိုပြောတတ်၍ မေတ္တာတရားအားဖြင့် နှုတ်မြွက်တတ်၏။ ၂၇ အိမ်သူအိမ်သားပြုမူသမျှတို့ကို ကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကို မစားတတ်။
မိခင်တစ်ဦး၏ ပညာရှိဆုံးမစကား
အရည်အချင်းပြည့်စုံသောဇနီးတစ်ဦးမှာ ပြုလုပ်စရာများစွာ အမှန်ရှိသည်။ အခန်းငယ် ၁၃ မှ ၂၇ တွင် မည်သည့်ခေတ်၌မဆိုရှိသည့် ဇနီးသည်များ မိမိတို့၏ မိသားစုအကျိုးအတွက် အသုံးချနိုင်သည့် ဆုံးမစကားများနှင့်မူများ ပါရှိသည်။ ဥပမာ၊ အဝတ်အစားနှင့် ပရိဘောဂအသုံးအဆောင်များ စရိတ်မြင့်လာခြင်းကြောင့် အရည်အချင်းပြည့်စုံသော ဇနီးသည် သူ၏မိသားစု သက်သောင့်သက်သာ ဝတ်စားနိုင်ဖို့နှင့် ကြည့်ပျော်ရှုပျော်ရှိဖို့ ခြိုးခြံချွေတာ ချုပ်လုပ်တတ်ရန် သင်ယူပေမည်။ (အခန်းငယ် ၁၃၊ ၁၉၊ ၂၁၊ ၂၂) မိသားစု စားစရိတ်လျော့ဖို့ တတ်နိုင်သ၍စိုက်ပျိုးပြီး သတိရှိရှိဝယ်ခြမ်းမည်။—အခန်းငယ် ၁၄၊ ၁၆။
ထိုအမျိုးသမီးသည် “ပျင်းရိခြင်းအစာကိုမစားတတ်” သည်မှာထင်ရှား၏။ အလုပ်ကြိုးစားလုပ်ပြီး မိသားစု၏လုပ်ဆောင်မှုများကို အရည်အချင်းရှိစွာ ညှိနှိုင်းဆောင်ရွက်ပေးသည်။ (အခန်းငယ် ၂၇) သူသည် “မိမိခါးကို ခွန်အားနှင့်စည်း” သည်၊ ဆိုလိုသည်မှာ ကာယခွန်အားအသုံးပြုရန် အသင့်ပြင်ဆင်၏။ (အခန်းငယ် ၁၇) တစ်နေ့တာအလုပ်စတင်ရန် နေမထွက်မီထပြီး ညဉ့်နက်သည်အထိ လုံ့လဝီရိယရှိစွာ အလုပ်လုပ်လေသည်။ သူ၏အလုပ်ကို အလင်းပေးသည့်မီးခွက်သည် အမြဲလင်းနေဘိသကဲ့သို့ဖြစ်သည်။—အခန်းငယ် ၁၅၊ ၁၈။
(သုတ္တံ ၃၁:၂၈–၃၁) သူ၏သားသမီးတို့သည်ထ၍ အမိကိုကောင်းချီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း၊ ၂၉ လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာပြုကြပြီ။ သို့ရာတွင် သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီဟု သူ့ကိုချီးမွမ်းတတ်၏။ ၃၀ ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သော မိန်းမမူကား ချီးမွမ်းခြင်းကိုခံရလိမ့်မည်။ ၃၁ ထိုသို့သောမိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကိုထင်ရှားစေသတည်း။”
ခိုင်ခံ့ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ဆောက်ပါ
၈ ခရစ်ယာန်လင်ယောက်ျားတွေဟာ ကိုယ့်ဇနီးဆီက လေးစားမှုရဖို့ အတင်းအကျပ် တောင်းဆိုနေစရာမလိုဘူး။ သူတို့ဟာ ဇနီးကို ‘သာ၍အားနွဲ့သောတန်ဆာအဖြစ် ဂုဏ်တင်’ ပြီး ထောက်ထားစာနာမှုပြတယ်။ (၁ ပေ. ၃:၇) လူရှေ့မှာရော၊ ကွယ်ရာမှာပါ လေးမြတ်တဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုပြီး စာနာမှုပြတယ်။ ကိုယ့်ရဲ့ ပြုမူပြောဆိုပုံအားဖြင့် ဇနီးကို တန်ဖိုးထားကြောင်း ဖော်ပြတယ်။ (သု. ၃၁:၂၈၊ ၂၉) လင်ယောက်ျားဟာ ကိုယ့်ဇနီးကို မေတ္တာရှိရှိ ပြုမူဆက်ဆံတဲ့အခါ ဇနီးရဲ့မေတ္တာနဲ့ လေးစားမှုကို ရရှိပါလိမ့်မယ်။ ယေဟောဝါလည်း သူတို့အိမ်ထောင်ကို ကောင်းချီးပေးပါလိမ့်မယ်။
မိခင်တစ်ဦး၏ ပညာရှိဆုံးမစကား
ထိုထက်မက အရည်အချင်းပြည့်စုံသောဇနီးသည် ဝိညာဉ်ရေးလူတစ်ဦးဖြစ်သည်။ ဘုရားသခင်ကိုကြောက်ရွံ့ပြီး ကိုယ်တော်ကို အလွန်ရိုသေကိုင်းရှိုင်း၊ ကြည်ညိုလေးမြတ်စွာဖြင့် ကိုးကွယ်သည်။ (အခန်းငယ် ၃၀) အလားတူ လုပ်ဆောင်ရန် သားသမီးများကို လေ့ကျင့်သွန်သင်ပေးခြင်းဖြင့် သူ၏ခင်ပွန်းကို အထောက်အကူပေးသည်။ အခန်းငယ် ၂၆ က ကလေးများကို “ပညာစကား” ဖြင့်သွန်သင်ပေးပြီး “မေတ္တာတရားအားဖြင့် နှုတ်မြွက်တတ်၏” ဟုဆိုထားသည်။
မိခင်တစ်ဦး၏ ပညာရှိဆုံးမစကား
ဇနီးလောင်းကို တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြခြင်း၏ အရေးကြီးမှုကို လေမွေလ၏မိခင်က သူ၏သားအားသတိပေးခြင်းမှာ မိမိ၏ကိုယ်ပိုင်အတွေ့အကြုံမှ ပြောပြခြင်းဖြစ်မည်မှာ သေချာပါသည်။ သူ့အတွက် ပိုပြီးချစ်မြတ်နိုးရမည့်သူ ကမ္ဘာပေါ်တွင်မရှိပါ။ ထို့ကြောင့် အားလုံး၏အရှေ့တွင် ဤသို့ပြောသည့်အခါ သူ၏ခံစားချက်ကို စိတ်ကူးကြည့်ပါ– “လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာပြုကြပြီ။ သို့ရာတွင် သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ။”—သု. ၃၁:၂၉။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(သုတ္တံ ၂၇:၁၂) သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းရှောင်လျက်နေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့် တွေ့တတ်၏။
အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ခြင်း
အဖြစ်ဆိုးတွေဖြစ်နိုင်တာကို သိရှိထားတဲ့ “စဉ်းစားဉာဏ်ရှိသူသည် မိမိကြုံတွေ့ရမည့် အန္တရာယ်ကို ကြိုတင်တွေ့မြင်၍ ရှောင်ရှားတတ်၏။” (သုတ္တံ ၂၇:၁၂၊ ခမ) ကျွန်ုပ်တို့က ကာယပိုင်းကို ကာကွယ်သလို စိတ်ပိုင်းဆိုင်ရာကိုလည်း ကာကွယ်ဖို့လိုပါတယ်။ အကြမ်းဖက်ဖျော်ဖြေရေးတွေ၊ အနိဋ္ဌာရုံပုံတွေနဲ့ တင်ဆက်ထားတဲ့ သတင်းတွေက ကျွန်ုပ်တို့ကိုရော၊ သားသမီးတွေကိုပါ မီးလောင်ရာလေပင့်သလို စိုးရိမ်ပူပန်တွေ ပိုတိုးလာစေတယ်။ အဖြစ်မှန်တွေကို မသိကျိုးကျွန်ပြုချင်လို့ အကြမ်းဖက်ရုပ်ပုံတွေကို ရှောင်နေတာမဟုတ်ပါဘူး။ အနိဋ္ဌာရုံတွေကိုပဲ ကြည့်ချင်စိတ်နဲ့ ကျွန်ုပ်တို့ကို ဘုရားသခင် မဖန်ဆင်းခဲ့ပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့စိတ်ကို “မှန်ကန်သောအရာ၊ . . . ဖြောင့်မတ်သောအရာ၊ စင်ကြယ်သောအရာ၊ ချစ်ဖွယ်သောအရာ” တွေနဲ့ ဖြည့်ထားသင့်ပါတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် “ဘုရားသခင်၏ငြိမ်သက်ခြင်းက” ကျွန်ုပ်တို့စိတ်နှလုံးကို ငြိမ်သက်အေးချမ်းစေပါလိမ့်မယ်။—ဖိလိပ္ပိ ၄:၈၊ ၉။
(သုတ္တံ ၂၇:၂၁) ငွေစစ်စရာဖို့ မိုက်ရှိ၏။ ရွှေစစ်စရာဖို့ မီးဖိုရှိ၏။ လူကိုစစ်စရာဖို့ သူတစ်ပါးချီးမွမ်းခြင်းရှိ၏။
မျှော်လင့်ချက်ကြီးစွာနဲ့ ပျော်ရွှင်စွာ စောင့်မျှော်ခဲ့ရတဲ့နေ့တစ်နေ့
ဒုတိယ၊ “ငွေစစ်စရာဖို့ မိုက်ရှိ၏။ ရွှေစစ်စရာဖို့ မီးဖိုရှိ၏။ လူကိုစစ်စရာဖို့ သူတစ်ပါးချီးမွမ်းခြင်းရှိ၏” ဆိုတဲ့ကျမ်းပိုဒ်ကို ညီအစ်ကိုမောရစ္စက ဖတ်ပြတယ်။ (သု. ၂၇:၂၁) ရွှေငွေတွေကို သန့်စင်ဖို့လိုအပ်သလို ကျွန်ုပ်တို့လည်း ချီးမွမ်းစကားနဲ့ သန့်စင်ခံရနိုင်တယ်လို့ သူက ရှင်းပြတယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ ချီးမွမ်းခံရခြင်းက လူတစ်ဦးရဲ့ ပင်ကိုစရိုက်နဲ့ပတ်သက်ပြီး စမ်းသပ်မှုဖြစ်စေနိုင်တယ်။ အဲဒါက မာနတက်စေနိုင်ပြီး ဘုရားသခင်နဲ့ဆက်ဆံရေး ပျက်ပြားသွားစေနိုင်တယ်။ ဒါမှမဟုတ် ကျွန်ုပ်တို့ရရှိထားတဲ့ ပင်ကိုစွမ်းရည်တွေအတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမယ်ဆိုတာကို အသိအမှတ်ပြုဖို့၊ ကိုယ်တော်ရဲ့စံနှုန်းတွေနဲ့အညီ နေထိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေဖို့ လှုံ့ဆော်ပေးနိုင်တယ်။ ဒါကြောင့် ရရှိလာနိုင်တဲ့ ဘယ်ချီးမွမ်းမှုကိုမဆို နည်းမှန်လမ်းကျ ခံယူသွားရမယ်လို့ သင်တန်းဆင်းတွေကို ညီအစ်ကို မောရစ္စက အားပေးသွားတယ်။ ‘ယေဟောဝါဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်’ ကိုယ့်မှာ ရှိတယ်ဆိုတာကို သက်သေထူဖို့ ချီးမွမ်းခံရခြင်းကို အခွင့်အရေးတစ်ရပ်အနေနဲ့ ရှုမြင်ဖို့လည်း အားပေးသွားတယ်။
နယပုံပြင်ကျမ်းမှ ပေါ်လွင်ချက်များ
၂၇:၂၁။ ချီးမွမ်းခြင်းက ကျွန်ုပ်တို့အဘယ်လူစားမျိုးဖြစ်ကြောင်း ဖော်ပြနိုင်သည်။ နှိမ့်ချမှုရှိပါက ချီးမွမ်းခံရချိန်တွင် ယေဟောဝါထံ အကြွေးတင်နေကြောင်း အသိအမှတ်ပြုကာ ကိုယ်တော်အား ဆက်ဝတ်ပြုသွားမည်ဖြစ်သည်။ နှိမ့်ချမှုမရှိပါက ချီးမွမ်းခံရသည့်အခါ စိတ်ကြီးဝင်လာသည်။
နိုဝင်ဘာ ၁၄-၂၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဒေသနာ ၁-၆
‘ကြိုးစားအားထုတ်ရာ၌ ပျော်မွေ့ပါ’
(ဒေသနာ ၃:၁၂၊ ၁၃) ရွှင်လန်းခြင်းအမှုနှင့်အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။ ၁၃ လူတိုင်း စားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။
အလုပ်ကြိုးစားမှုကနေ ကျေနပ်ပျော်ရွှင်မှုရနိုင်
“လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။” (ဒေသနာ ၃:၁၃) ဘုရားသခင်က ကျွန်ုပ်တို့ကို အလုပ်မှာ ပျော်ရွှင်စေချင်တယ်ဆိုရင် ပျော်ရွှင်မှု ဘယ်လိုရနိုင်မလဲဆိုတာ ကိုယ်တော် လမ်းညွှန်ပေးမှာပဲ။ (ဟေရှာယ ၄၈:၁၇) ဒီလမ်းညွှန်ချက်တွေ ကျမ်းစာထဲမှာ ပါတယ်။ အလုပ်မှာ ကျေနပ်ပျော်ရွှင်မှုရနိုင်ဖို့ အောက်ပါလမ်းညွှန်ချက်တွေကို သုံးသပ်ကြည့်ပါ။
အလုပ်အပေါ် အကောင်းမြင်သဘောထားရှိပါ
ကာယအလုပ်ဖြစ်စေ၊ ဉာဏအလုပ်ဖြစ်စေ၊ ကာယ၊ ဉာဏတွဲလုပ်ရတဲ့အလုပ်ပဲဖြစ်နေပါစေ ‘ကြိုးစား၍လုပ်လေရာရာ၌ အကျိုးရှိ’ တယ်ဆိုတာ သိထားပါ။ (သုတ္တံ ၁၄:၂၃) ဘာအကျိုး ရမလဲ။ တစ်ချက်အနေနဲ့ အလုပ်ကြိုးစားတာက စားဝတ်နေရေး ဖူလုံစေတယ်။ ဘုရားသခင်က မိမိကို စိတ်ရင်းမှန်နဲ့ ဝတ်ပြုသူတွေရဲ့ လိုအပ်ရာတွေကိုပေးမယ်လို့ ကတိပေးထားတာတော့ ဟုတ်ပါတယ်။ (မဿဲ ၆:၃၁၊ ၃၂) ဒါပေမဲ့ ကျွန်ုပ်တို့ကိုယ်တိုင် ကြိုးကြိုးစားစား ရိုးရိုးသားသား ဝင်ငွေရှာရမှာ ဖြစ်တယ်။—၂ သက်သာလောနိတ် ၃:၁၀။
လက်ရှိအလုပ်ကို ပန်းတိုင်ရောက်အောင် ပံ့ပိုးပေးတဲ့အလုပ်လို့ သဘောထားပါ။ ‘အလုပ်ဟူသမျှ ဂုဏ်ရှိစွ’ ဆိုတဲ့ဆောင်ပုဒ်ကိုလည်း ကိုင်စွဲထားသင့်ပါတယ်။ “ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တာက ဂုဏ်ယူစရာပဲ။ အလုပ်ကြိုးစားလုပ်ရင် သူများဆီက လက်ဖြန့်တောင်းစရာ မလိုတော့ဘူး” လို့ အသက် ၂၅ နှစ်အရွယ် ဂျော့ရှဝါက ပြောတယ်။
ဒါ့အပြင် အလုပ်ကြိုးစားတာက ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိစေတယ်။ အလုပ်ကြိုးစားလုပ်ရင်တော့ ပင်ပန်းမှာပဲ။ ဒါပေမဲ့ ခက်ခဲတယ်၊ ငြီးငွေ့စရာကောင်းတယ်လို့ ထင်ရတဲ့အလုပ်ကိုတောင် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပြီး ပြီးအောင်လုပ်မယ်ဆိုရင် ကျေနပ်ပျော်ရွှင်မှုခံစားရမယ့်အပြင် ရေသာခိုချင်တဲ့စိတ်ကိုလည်း အနိုင်ယူလိုက်နိုင်တယ်။ (သုတ္တံ ၂၆:၁၄) ဒီလိုနဲ့ အလုပ်က ပျော်ရွှင်မှုပေးမှာ ဖြစ်တယ်။ “တစ်နေကုန် အလုပ်လုပ်လို့ ကျွန်တော် မောဟိုက်နေမယ်၊ အဲဒါကို တခြားသူတွေလည်း သိချင်မှသိမယ်။ ဒါပေမဲ့ အလုပ်ပြီးအောင် လုပ်ခဲ့ပါလားဆိုတဲ့ ခံစားချက်ကိုကြိုက်တယ်” လို့ ရှေ့ဆောင်းပါးမှာပါတဲ့ အေရွန်က ဆိုတယ်။
ကိုယ့်အလုပ်ကို ဝီရိယရှိရှိ လုပ်ပါ
“မိမိ၏အတတ်ပညာတွင် ကျွမ်းကျင်” တဲ့အမျိုးသားနဲ့ “မိမိလက်နှင့် အလိုအလျောက်လုပ်တတ်” တဲ့အမျိုးသမီးအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (သုတ္တံ ၂၂:၂၉၊ ခမ; သုတ္တံ ၃၁:၁၃) သူ့အလိုလို ဘယ်သူမှ အလုပ် ကျွမ်းကျင်လာတာ မဟုတ်ဘူး။ ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကို ဘယ်သူမှ မလုပ်ချင်ကြဘူး။ လူတွေက အလုပ်ကျွမ်းကျင်တဲ့အထိ မကြိုးစားတဲ့အတွက် အလုပ်မှာ ကျေနပ်ပျော်ရွှင်မှု မရတာဖြစ်တယ်။
တကယ်တော့ အလုပ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ဘယ်လို လုပ်ရမလဲဆိုတာ သင်ယူမယ်ဆိုရင် ဘယ်အလုပ်မျိုးမှာမဆို ပျော်ရွှင်နိုင်ပါတယ်။ “အလုပ်တစ်ခုကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ ထွက်ပေါ်လာတဲ့ ရလဒ်ကိုမြင်တဲ့အခါ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဖြတ်လမ်းနည်းနဲ့ အပေါ်ယံပဲလုပ်ရင်တော့ အဲဒီခံစားချက်မျိုး ရနိုင်မှာမဟုတ်ဘူး” ဆိုပြီး ၂၄ နှစ်အရွယ် ဝီလျံက ပြောတယ်။
ကိုယ့်အလုပ်ကြောင့် တခြားသူတွေ အကျိုးရတယ်ဆိုတာ သိမြင်ပါ
ဝင်ငွေ ဘယ်လောက်ရနေသလဲ ဆိုတာကိုပဲ မစဉ်းစားပါနဲ့။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– “ဒီအလုပ်ကို ဘာကြောင့် လုပ်နေရတာလဲ။ ဒီအလုပ်မလုပ်ရင် ဒါမှမဟုတ် ဒီအလုပ်ကို ကောင်းကောင်းမလုပ်ရင် ဘာဖြစ်နိုင်မလဲ။ ငါ့အလုပ်ကြောင့် တခြားသူတွေ ဘယ်လိုအကျိုးရနိုင်မလဲ။”
နောက်ဆုံးမေးခွန်းက စဉ်းစားသင့်တဲ့ မေးခွန်းပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အလုပ်ကနေ တခြားသူတွေ အကျိုးရတာကို မြင်တဲ့အခါ ပီတိဖြစ်ရလို့ပါ။ “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်” တယ်လို့ ယေရှုကိုယ်တိုင် ပြောခဲ့ပါတယ်။ (တမန်တော် ၂၀:၃၅) ကိုယ်ရဲ့အလုပ်ကြိုးစားမှုကြောင့် ဖောက်သည်တွေ၊ အလုပ်ရှင်တွေက တိုက်ရိုက် အကျိုးရရှိတယ်။ ဒါ့အပြင် ကိုယ့်မိသားစုနဲ့ အကူအညီလိုနေတဲ့ တခြားသူတွေလည်း အကျိုးရရှိကြတယ်။
မိသားစုဝင်များ– အိမ်ထောင်ဦးစီးတွေက မိသားစုကို ကျွေးမွေးထောက်ပံ့ဖို့ အလုပ်ကြိုးစားတဲ့အခါ အနည်းဆုံး နည်းနှစ်နည်းနဲ့ အကျိုးပြုတယ်။ ပထမ၊ သူဟာ မိသားစုရဲ့စား၀တ်နေရေးကို ဖူလုံစေတယ်။ ဒီလိုလုပ်တာက “မိမိကြည့်ရှုစောင့်ရှောက်ရမည့်သူ” တွေကို ထောက်ပံ့ပေးပါဆိုတဲ့ ဘုရားပေးတာဝန်ကို ထမ်းဆောင်နေတာ ဖြစ်တယ်။ (၁ တိမောသေ ၅:၈) ဒုတိယ၊ လုံ့လဝီရိယရှိတဲ့ အိမ်ထောင်ဦးစီးက အလုပ်ကြိုးစားမှုရဲ့တန်ဖိုးကို စံနမူနာကောင်းနဲ့ သင်ပေးနေတယ်။ “ကျွန်တော့်အဖေက အလုပ်စည်းကမ်းကို လိုက်နာတဲ့နေရာမှာတော့ တကယ့်စံပဲ။ အဖေ့ဘဝတစ်လျှောက်လုံးမှာ ရိုးရိုးသားသား၊ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ်။ အဓိကလုပ်ခဲ့တာတော့ လက်သမားအလုပ်ပါ။ ကိုယ့်လက်နဲ့လုပ်ပေးရတဲ့ အလုပ်တန်ဖိုးကို အဖေ့ကြောင့် ကျွန်တော် သိရှိခဲ့တယ်။ တခြားသူတွေအတွက် အသုံးဝင်တဲ့ပရိဘောဂတွေကို လုပ်တတ်လာတယ်” ဆိုပြီး ရှေ့ဆောင်းပါးမှာပါတဲ့ ရှိန်းက ပြောပြတယ်၊။
အကူအညီလိုအပ်နေသူများ– ခရစ်ယာန်တွေကို ပေါလုက “အလုပ်ကို ကြိုးစားလုပ်ကိုင်ပါ” လို့ အကြံပြုခဲ့တယ်။ “သို့မှသာ အကူအညီလိုအပ်သူကို ပေးကမ်းဝေငှနိုင်မည်။” (ဧဖက် ၄:၂၈) အလုပ်ကြိုးစားတဲ့အခါ ကိုယ်ကိုယ်တိုင်နဲ့ မိသားစုကိုပါ ထောက်ပံ့ပေးနိုင်တဲ့အပြင် အကူအညီလိုအပ်နေသူတွေကိုပါ ပေးကမ်းနိုင်မယ့် အနေအထားမျိုး ရှိလာပါလိမ့်မယ်။ (သုတ္တံ ၃:၂၇) ဒါကြောင့် ပေးကမ်းခြင်းကနေ ရရှိမယ့် ပျော်ရွှင်မှုကို ခံစားချင်တယ်ဆိုရင် အလုပ်ကြိုးစားရမှာဖြစ်တယ်။
တောင်းဆိုတာထက် ပိုလုပ်ပါ
ကျော်ကြားတဲ့တောင်ပေါ်တရားတော်မှာ ယေရှု ဒီလိုပြောခဲ့တယ်– “အာဏာရှိသူတစ်ဦးက သင့်ကို အနိုင်အထက်ပြု၍ ခရီးတစ်မိုင် ခေါ်သွားလျှင် ထိုသူနှင့် နှစ်မိုင်လိုက်သွားဦးလော့။” (မဿဲ ၅:၄၁) သင့်ရဲ့အလုပ်မှာ ဒီလမ်းညွှန်ချက်ကို ဘယ်လိုကျင့်သုံးနိုင်မလဲ။ တောင်းဆိုသလောက်ပဲ လုပ်မယ့်အစား တောင်းဆိုတာထက် ပိုပြီးလုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာကြံပါ။ အလုပ်ကို ကိုယ်ထင်တာထက် ပိုကောင်းအောင် ဒါမှမဟုတ် ပိုမြန်အောင်လုပ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပေးပါ။ အလုပ်ကို ထောင့်စေ့အောင် သေသေချာချာလုပ်ပါ။
တောင်းဆိုတာထက် ပိုလုပ်တဲ့အခါ သင့်ရဲ့အလုပ်မှာ ပိုပြီးကျေနပ်ပျော်ရွှင်လာမှာ ဖြစ်တယ်။ ဘာကြောင့်လဲ။ သူများ ခိုင်းလို့မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ကိုယ် လုပ်တာဖြစ်လို့ပါ။ (ဖိလေမုန် ၁၄) “လုံ့လဝီရိယရှိသူသည် တန်ခိုးအာဏာကို ရရှိလိမ့်မည်။ ပျင်းရိသူမူကား သူတစ်ပါးတို့၏ထံတွင် ကျွန်ခံရလိမ့်မည်” ဆိုတဲ့ကျမ်းစာလမ်းညွှန်ချက်ကို အမှတ်ရနေဖို့ ဖြစ်ပါတယ်။ (သုတ္တံ ၁၂:၂၄၊ ခမ) အခုအချိန်မှာ အစေခံကျွန် ဒါမှမဟုတ် အတင်းအကျပ်စေခိုင်းခံရသူ ရှားပါတယ်။ ဒါပေမဲ့ ခိုင်းသလောက်ပဲ လုပ်တဲ့သူက တခြားသူရဲ့ခိုင်းဖတ်လို့ ခံစားမိနိုင်တယ်။ တောင်းဆိုတာထက် ပိုလုပ်တဲ့သူကတော့ စိတ်လိုကိုယ်လျောက် လုပ်ပေးတဲ့အတွက် သူများရဲ့ခိုင်းဖတ်လို့ ခံစားရမှာမဟုတ်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ် လုပ်ပေးတဲ့အတွက် ကိုယ့်ဘဝကို ကိုယ်ပိုင်တယ်လို့ ခံစားရတယ်။
အလုပ်ကို သူ့နေရာနဲ့သူ ထားပါ
အလုပ်ကြိုးစားလုပ်တာက ချီးမွမ်းစရာပါပဲ။ ဒါပေမဲ့ အလုပ်ထက် ကိုယ့်ရဲ့ဘဝက ပိုအရေးပါတယ်ဆိုတာ သတိရဖို့လိုတယ်။ ကျမ်းစာမှာ လုံ့လဝီရိယရှိဖို့ အားပေးထားပါတယ်။ (သုတ္တံ ၁၃:၄) ဒါက တစ်ချိန်လုံး အလုပ်လုပ်နေတဲ့ အလုပ်သရဲ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ “ငြိမ်သက်ခြင်းနှင့်ယှဉ်လျက် လက်တစ်ဆုပ်တည်းသော ဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကိုကျက်စားခြင်းနှင့်ယှဉ်လျက် လက်နှစ်ဖက်၌ ပြည့်သောဥစ္စာထက် သာ၍ကောင်း၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၄:၆) ဒီကနေ ဘာသင်ယူနိုင်သလဲ။ အလုပ်သရဲတစ်ယောက်ဟာ သူ့ရဲ့အချိန်တွေ၊ အင်အားတွေရှိသမျှကို အလုပ်မှာပဲ စုံးစုံးနှစ်မြှုပ်ထားပြီဆိုရင် အလုပ်ကနေ ကျေနပ်ပျော်ရွှင်မှု ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး။ သူ့ရဲ့အလုပ်က “လေကိုကျက်စား” သလို သဲထဲရေသွန်အချည်းနှီး ဖြစ်သွားပါလိမ့်မယ်။
အလုပ်အပေါ် မျှတတဲ့သဘောထားရှိဖို့ ကျမ်းစာက ထောက်ကူပေးပါတယ်။ ကျမ်းစာက အလုပ်ကို ဝီရိယရှိရှိလုပ်ဆောင်ဖို့ တိုက်တွန်းထားပေမဲ့ “သာ၍အရေးကြီးသောအရာများကို သေချာစွာသိ” ပါလို့လည်း အကြံပေးထားပါတယ်။ (ဖိလိပ္ပိ ၁:၁၀) သာ၍အရေးကြီးသောအရာတွေဆိုတာ ဘာလဲ။ အဲဒီအထဲမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ပေးပေါင်းသင်းတာတွေ ပါဝင်တယ်။ ဒီထက်ပိုအရေးကြီးတဲ့အရာက ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တာလိုမျိုး ဝတ်ပြုရေးနဲ့ဆိုင်တဲ့ အလုပ်တွေကို လုပ်ဆောင်တာဖြစ်ပါတယ်။
ဟန်ချက်ညီညီနဲ့ အသက်ရှင်တဲ့သူတွေဟာ အလုပ်မှာ ပိုပြီးပျော်ရွှင်နိုင်ပါတယ်။ “ကျွန်တော့်ရဲ့ အရင်အလုပ်ရှင်က အလုပ်စည်းကမ်းအတိုင်း ဟန်ချက်ညီညီ လုပ်ဆောင်တဲ့နေရာမှာ တကယ့်ကို စံထားလောက်တယ်။ သူဟာ အလုပ်လည်း ကြိုးစားတယ်၊ လုပ်ရည်ကိုင်ရည်လည်းရှိလို့ အလုပ်လာအပ်တဲ့သူတွေနဲ့လည်း အဆင်ပြေတယ်။ ဒါပေမဲ့ တစ်နေ့တာ အလုပ်ပြီးသွားရင်တော့ သူ့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုနဲ့ ဝတ်ပြုရေးကို အချိန်ပေးရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ ကျွန်တော် သိတဲ့လူတွေထဲမှာ သူဟာ အပျော်ဆုံးလူပါပဲ” လို့ ဝီလျံက ပြောတယ်။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
အလုပ်ကြိုးစားမှုအပေါ် သူတို့ရဲ့အမြင်
“အလုပ်ချိန်ပြီးသွားရင် ကျွန်တော် မောနေပေမဲ့ ‘ငါ အလုပ်ပြီးအောင် လုပ်လိုက်ပါလား’ ဆိုတဲ့အသိကြောင့် ကျေနပ်ပျော်ရွှင်ရတယ်။ ဒီနေ့ ကျွန်တော် ကောင်းကောင်း အလုပ်လုပ်ခဲ့တာပဲ။”—နစ်ခ်။
“အလုပ်ကြိုးစားတယ်ဆိုတာက အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် လုပ်တာဖြစ်တယ်။ ဒါကြောင့် အကျိုးရှိတာ တစ်ခုခုလုပ်တော့မယ်ဆိုရင် အချိန်မဆွဲဘဲ ချက်ချင်းလုပ်လိုက်ပါ။”—ခရစ္စတီနား။
“လူ့ရဲ့ခန္ဓာကိုယ်ဟာ အံ့သြစရာကောင်းတဲ့အလုပ်တွေကို လုပ်နိုင်တယ်။ အလုပ်ကြိုးစားတဲ့နေရာမှာ၊ တခြားသူတွေကို ကူညီပေးတဲ့နေရာမှာ ဒီခန္ဓာကိုယ်ကိုအသုံးပြုပြီး ဘုရားပေးအသက်ကို ကျေးဇူးတင်ကြောင်း ပြချင်တယ်။”—ဒေးဗစ်။
(ဒေသနာ ၄:၆) ငြိမ်သက်ခြင်းနှင့်ယှဉ်လျက် လက်တစ်ဆုပ်တည်းသော ဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကိုကျက်စားခြင်းနှင့်ယှဉ်လျက် လက်နှစ်ဖက်၌ပြည့်သော ဥစ္စာထက် သာ၍ကောင်း၏။
အလုပ်ကြိုးစားမှုကနေ ကျေနပ်ပျော်ရွှင်မှုရနိုင်
အလုပ်ကို သူ့နေရာနဲ့သူ ထားပါ
အလုပ်ကြိုးစားလုပ်တာက ချီးမွမ်းစရာပါပဲ။ ဒါပေမဲ့ အလုပ်ထက် ကိုယ့်ရဲ့ဘဝက ပိုအရေးပါတယ်ဆိုတာ သတိရဖို့လိုတယ်။ ကျမ်းစာမှာ လုံ့လဝီရိယရှိဖို့ အားပေးထားပါတယ်။ (သုတ္တံ ၁၃:၄) ဒါက တစ်ချိန်လုံး အလုပ်လုပ်နေတဲ့ အလုပ်သရဲ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ “ငြိမ်သက်ခြင်းနှင့်ယှဉ်လျက် လက်တစ်ဆုပ်တည်းသော ဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကိုကျက်စားခြင်းနှင့်ယှဉ်လျက် လက်နှစ်ဖက်၌ ပြည့်သောဥစ္စာထက် သာ၍ကောင်း၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၄:၆) ဒီကနေ ဘာသင်ယူနိုင်သလဲ။ အလုပ်သရဲတစ်ယောက်ဟာ သူ့ရဲ့အချိန်တွေ၊ အင်အားတွေရှိသမျှကို အလုပ်မှာပဲ စုံးစုံးနှစ်မြှုပ်ထားပြီဆိုရင် အလုပ်ကနေ ကျေနပ်ပျော်ရွှင်မှု ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး။ သူ့ရဲ့အလုပ်က “လေကိုကျက်စား” သလို သဲထဲရေသွန်အချည်းနှီး ဖြစ်သွားပါလိမ့်မယ်။
အလုပ်အပေါ် မျှတတဲ့သဘောထားရှိဖို့ ကျမ်းစာက ထောက်ကူပေးပါတယ်။ ကျမ်းစာက အလုပ်ကို ဝီရိယရှိရှိလုပ်ဆောင်ဖို့ တိုက်တွန်းထားပေမဲ့ “သာ၍အရေးကြီးသောအရာများကို သေချာစွာသိ” ပါလို့လည်း အကြံပေးထားပါတယ်။ (ဖိလိပ္ပိ ၁:၁၀) သာ၍အရေးကြီးသောအရာတွေဆိုတာ ဘာလဲ။ အဲဒီအထဲမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ပေးပေါင်းသင်းတာတွေ ပါဝင်တယ်။ ဒီထက်ပိုအရေးကြီးတဲ့အရာက ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တာလိုမျိုး ဝတ်ပြုရေးနဲ့ဆိုင်တဲ့ အလုပ်တွေကို လုပ်ဆောင်တာဖြစ်ပါတယ်။
ဟန်ချက်ညီညီနဲ့ အသက်ရှင်တဲ့သူတွေဟာ အလုပ်မှာ ပိုပြီးပျော်ရွှင်နိုင်ပါတယ်။ “ကျွန်တော့်ရဲ့ အရင်အလုပ်ရှင်က အလုပ်စည်းကမ်းအတိုင်း ဟန်ချက်ညီညီ လုပ်ဆောင်တဲ့နေရာမှာ တကယ့်ကို စံထားလောက်တယ်။ သူဟာ အလုပ်လည်း ကြိုးစားတယ်၊ လုပ်ရည်ကိုင်ရည်လည်းရှိလို့ အလုပ်လာအပ်တဲ့သူတွေနဲ့လည်း အဆင်ပြေတယ်။ ဒါပေမဲ့ တစ်နေ့တာ အလုပ်ပြီးသွားရင်တော့ သူ့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုနဲ့ ဝတ်ပြုရေးကို အချိန်ပေးရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ ကျွန်တော် သိတဲ့လူတွေထဲမှာ သူဟာ အပျော်ဆုံးလူပါပဲ” လို့ ဝီလျံက ပြောတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဒေသနာ ၂:၁၀၊ ၁၁) ငါ့မျက်စိ တပ်မက်လိုချင်သောအရာ တစ်စုံတစ်ခုကိုမျှငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစ်စုံတစ်ခုကိုမျှမပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍ ကြိုးစားခြင်းအကျိုးကိုခံရ၏။ ၁၁ ထိုအခါ ငါစီရင်ပြုပြင်သမျှ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။ နေအောက်မှာ ကောင်းသောအကျိုး တစ်စုံတစ်ခုမျှမရှိ။
အဘယ်အရာက ဘဝကို တန်ဖိုးရှိစေသနည်း
ရုပ်ပစ္စည်းပိုင်ဆိုင်မှုများက ကျွန်ုပ်တို့ကို ကျေနပ်ရောင့်ရဲစေမည်လော
၉ ဒေသနာကျမ်းကို ရှောလမုန်ရေးသားစဉ် သူသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ (၆ ရာ. ၉:၂၂) သူလိုချင်ရာအားလုံးကိုရနိုင်သော ဥစ္စာဓနရှိသည်။ “ငါ့မျက်စိတပ်မက်လိုချင်သောအရာ တစ်စုံတစ်ခုကိုမျှ ငါမငြင်း” ဟုသူရေးခဲ့၏။ (ဒေ. ၂:၁၀) သို့တိုင် ရုပ်ပစ္စည်းပိုင်ဆိုင်ခြင်းက ကျေနပ်ရောင့်ရဲမှုမပေးနိုင်ကြောင်း သူတွေ့ရှိခဲ့သည်။ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်” ဟုသူကောက်ချက်ချခဲ့သည်။—ဒေ. ၅:၁၀။
၁၀စည်းစိမ်ဥစ္စာ၏တန်ဖိုးသည် ခဏသာတည်မြဲသော်လည်း အလွန်ဆွဲဆောင်အားကောင်းဆဲဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၌ မကြာသေးမီကပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုတွင် တက္ကသိုလ်ပထမနှစ်ကျောင်းသားအားလုံး၏ ၇၅ ရာခိုင်နှုန်းသည် သူတို့ဘဝတွင် အဓိကပန်းတိုင်မှာ “ငွေကြေးအလွန်ချမ်းသာရန်” ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ သူတို့၏ပန်းတိုင်ကို ရောက်ရှိသည့်တိုင် သူတို့အမှန်တကယ် ပျော်ရွှင်ကြပါမည်လော။ လုံးဝပင်။ အမှန်မှာ ရုပ်ဝါဒလိုက်စားခြင်းကို အလွန်အရေးပေးခြင်းက ပျော်ရွှင်မှုနှင့်ကျေနပ်ရောင့်ရဲမှုကို အတားအဆီးဖြစ်စေသည်ဟု သုတေသီများက ဆို၏။ လွန်ခဲ့သောနှစ်ပေါင်းများစွာတွင် ရှောလမုန်လည်း ထိုသို့ပင်မှတ်ချက်ချခဲ့သည်။ ‘ရွှေငွေကိုလည်းကောင်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ. . .ကိုလည်းကောင်း ငါဆည်းပူး၏။ . . . ထိုအခါ . . . ငါကြည့်ရှု၍ အလုံးစုံတို့သည် အချည်းနှီးအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏’ ဟုသူရေးခဲ့သည်။ (ဒေ. ၂:၈၊ ၁၁) ယင်းနှင့်ဆန့်ကျင်လျက် ကျွန်ုပ်တို့၏အသက်တာတွင် ယေဟောဝါ၏အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့ထမ်းဆောင်ပြီး ကိုယ်တော်၏ကောင်းချီးများ ခံစားရပါက စစ်မှန်သောစည်းစိမ်ချမ်းသာကို ရရှိပါလိမ့်မည်။—သု. ၁၀:၂၂ ကိုဖတ်ပါ။
(ဒေသနာ ၃:၁၆၊ ၁၇) ထိုမှတစ်ပါး နေအောက်မှာတရားစီရင်ရာအရပ်၌ အဓမ္မအမှုရှိသည်ကိုလည်းကောင်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက်ရှိသည်ကိုလည်းကောင်း ငါမြင်ပြီ။ ၁၇ ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏အမှုနှင့် မတရားသောသူတို့၏အမှုကို စစ်ကြောစီရင်တော်မူမည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား ခပ်သိမ်းသောအကြံ၊ ခပ်သိမ်းသောအမှုတို့ကို စစ်ကြောစီရင်ရသောအချိန်ရှိ၏။
ဒေသနာကျမ်းမှ ပေါ်လွင်ချက်များ
၃:၁၆၊ ၁၇။ ကိစ္စရပ်တိုင်းတွင် တရားမျှတမှုရှိရန် မျှော်လင့်ခြင်းသည် လက်တွေ့မကျပေ။ ယနေ့လောကတွင် ဖြစ်ပျက်နေရာများအတွက် တွေးပူနေမည့်အစား ကိစ္စရပ်များကို တည့်မတ်ပေးဖို့ ယေဟောဝါအား စောင့်ဆိုင်းသင့်သည်။
နိုဝင်ဘာ ၂၁-၂၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဒေသနာ ၇-၁၂
‘အသက်ပျိုစဉ်အခါ ဖန်ဆင်းရှင်ကို အောက်မေ့လော့’
(ဒေသနာ ၁၂:၁) ငါနေ၍ မပြောနိုင်ဟု ဆိုရသောကာလသည်မနီး၊ ဆိုးသောကာလ မရောက်မီ ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသော အရှင်ကိုအောက်မေ့လော့။
ငယ်ရွယ်စဉ်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချပါ
အရေးကြီးဆုံး ဆုံးဖြတ်ချက်
၃ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချရတဲ့အချိန်က သင်တို့ငယ်ရွယ်စဉ်အချိန်ပဲ။ သင်ချရမယ့် အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုက ဘာလဲ။ ယေဟောဝါကို အမှုဆောင်ဖို့ဖြစ်တယ်။ ဒီဆုံးဖြတ်ချက်ကိုချနိုင်တဲ့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။ ယေဟောဝါက သင့်ရဲ့လူငယ်ဘဝမှာ သူ့ကို သတိရပါလို့ပြောတယ်။ (ဒေ. ၁၂:၁) ကိုယ်တော့်ကို သတိရနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်ခြင်းပဲ။ (တရား. ၁၀:၁၂) အဲဒါက သင်ချရမယ့်ဆုံးဖြတ်ချက်တွေထဲက အရေးကြီးဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်။ အဲဒါက ကျန်တဲ့သင့်အသက်တာတစ်ခုလုံးအပေါ် အကျိုးသက်ရောက်ပါလိမ့်မယ်။—ဆာ. ၇၁:၅။
ဆိုးသောကာလ မရောက်ခင် ယေဟောဝါရဲ့အမှုဆောင်ပါ
ယေဟောဝါက လူငယ်တွေကို ဘုရင်ရှောလမုန်ကတစ်ဆင့် “ဆိုးသောကာလမရောက်မီ ယခု အသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့လော့” လို့ ပြောခဲ့တယ်။ “ဆိုးသောကာလ” ဆိုတာ ဘာလဲ။ အဲဒါက အသက်အရွယ် အိုမင်းတဲ့အချိန်ကို ဆိုလိုတယ်။ အသက်ကြီးလာတဲ့အခါ ခြေလက်တွေ မခိုင်တော့ဘဲ တုန်တုန်ရီရီဖြစ်နေတာ၊ သွားတွေကျိုးကုန်တာ၊ မျက်စိမှုန်လာတာ၊ နား ကောင်းကောင်းမကြားရတာ၊ ဆံပင်ဖြူလာပြီး ခါးကိုင်းလာတာတွေကို ရှောလမုန်က ကဗျာဆန်ဆန်အသုံးအနှုန်းတွေနဲ့ ရေးသားခဲ့တယ်။ ဒါကြောင့် ငယ်ရွယ်ချိန်မှာ ဖန်ဆင်းရှင်ကို အောက်မေ့ သတိရပါလို့ ရှောလမုန်ပြောခဲ့တာ မထူးဆန်းပါဘူး။—ဒေသနာ ၁၂:၁–၅ ကိုဖတ်ပါ။
(ဒေသနာ ၁၂:၂–၇) နေနှင့်အလင်း၊ လနှင့်ကြယ်တို့သည်ကွယ်၍ မိုးရွာပြီးမှ အထပ်ထပ်ရွာတတ်သော ကာလမရောက်မီ အောက်မေ့လော့။ ၃ ထိုကာလ၌ အိမ်စောင့်တို့သည် တုန်လှုပ်၍ ခိုင်ခံ့သောသူတို့သည် အားလျော့ကြလိမ့်မည်။ ဆန်ကြိတ်သောသူတို့သည် နည်းသောကြောင့် ရပ်ကြလိမ့်မည်။ ပြတင်းပေါက်ဖြင့်ကြည့်သောသူတို့သည် အလင်းကွယ်ကြလိမ့်မည်။ ၄ ကြိတ်သံလျော့သောအခါ လမ်းနားမှာ တံခါးရွက်တို့သည် စေ့လျက်ရှိလိမ့်မည်။ ငှက်သံကိုကြားသောအခါ စောစောထလိမ့်မည်။ သီချင်းသည်မအပေါင်းတို့သည် အသံသေးကြလိမ့်မည်။ ၅ ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြလိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိလေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူကား လူသည် ထာဝရနေရာသို့သွားဆဲရှိ၍ ငိုခြင်းသည်တို့သည် လမ်းတို့၌လှည့်လည်ကြ၏။ ၆ ငွေကြိုးပြုတ်ခြင်း၊ ရွှေဖလားကွဲခြင်း၊ စမ်းရေတွင်း၌ ရေပုံးပေါက်ခြင်း၊ ရေကျင်းနားမှာစက်ကျိုးခြင်း အခြင်းအရာတို့သည် ဖြစ်ကြလိမ့်မည်။ ၇ ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့လည်းကောင်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့လည်းကောင်း ပြန်သွားရလိမ့်မည်။
ကျမ်းမာရေးကို ဂရုစိုက်ရာတွင် ကျမ်းစာအမြင်ကို ထိန်းသိမ်းပါ
၂ ဒေသနာအခန်းကြီး ၁၂ တွင် မစုံလင်သောလူသားများ၏ အိုမင်းခြင်းနှင့်ဒွန်တွဲနေသော “ဆိုးသော” နေ့ရက်များအကြောင်း ကွင်းကွင်းကွက်ကွက်ဖော်ပြထားသည်။ (ဒေ. ၁၂:၁-၇ ကိုဖတ်ပါ။) ဆံပင်ဖြူကို “ဗာတံပင်” ၏အပွင့်နှင့် နှိုင်းယှဉ်ထားသည်။ “ခိုင်ခံ့သောသူတို့” နှင့်နှိုင်းထားသော ခြေထောက်တို့သည် ယခုအခါ ကွေးညွတ်ပြီး တုန်တုန်ချည့်ချည့်ဖြစ်နေသည်။ အလင်းကိုမြင်ရရန် ပြတင်းပေါက်နား သွားသော်လည်း အမှောင်ကိုသာတွေ့ရသော အမျိုးသမီးများနှင့် မျက်စိမှုန်ခြင်းကို ထိထိမိမိ သရုပ်ဖော်ထားသည်။ သွားတချို့မရှိတော့သောကြောင့် “ကြိတ်ဆုံကြိတ်သောမိန်းမ” တို့သည် လူအင်အားနည်း၍ အလုပ်ရပ်စဲလိုက်ရကြသည်။
ဒေသနာကျမ်းမှ ပေါ်လွင်ချက်များ
၁၁:၉။ ၁၂:၁–၇။ လူငယ်များသည် ယေဟောဝါထံ စာရင်းရှင်းကြရမည်။ ထို့ကြောင့် ခွန်အားဆုတ်ယုတ်သော ဇရာအိုချိန်မတိုင်မီ မိမိတို့၏ အချိန်နှင့်ခွန်အားကို ဘုရားသခင့်အမှုတော်အတွက် အသုံးပြုသင့်သည်။
(ဒေသနာ ၁၂:၁၃၊ ၁၄) အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။ ၁၄ အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့် စီရင်တော်မူလတ္တံ့သတည်း။
ဘုရားသခင်ထံ ချဉ်းကပ်ကြပါ
ဘုရားသခင်အပေါ် တာဝန်ကျေပါ
‘ဘဝရည်ရွယ်ချက်ဆိုတာ ဘာလဲ’ ဆိုပြီး သင် မေးဖူးသလား။ ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့ကို အဲလိုမေးခွန်းမျိုး မေးတတ်ဖို့လောက်သာမက အဲဒီမေးခွန်းရဲ့အဖြေကို အရမ်းသိချင်တဲ့စိတ်ပါ ပေးထားပါတယ်။ အဖြေကိုတွေ့အောင်လည်း ဘုရားသခင် ပြင်ဆင်ပေးထားတဲ့အတွက် ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ကျွန်ုပ်တို့သိချင်တဲ့အဖြေက သမ္မာကျမ်းစာမှာ ရှိပါတယ်။ အဲဒါကိုသိနိုင်ဖို့ ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ရှေးခေတ်အစ္စရေးဘုရင် ရှောလမုန်ရဲ့စကားတွေကို သုံးသပ်ကြည့်ရအောင်။—ဒေ. ၁၂:၁၃။
ဘုရင်ရှောလမုန်ဟာ သမ္ဘာရင့်၊ ဝါရင့်ပုဂ္ဂိုလ်ဖြစ်တယ်။ ဘဝရဲ့အဓိပ္ပာယ်နဲ့ ပျော်ရွှင်မှုကို ဘယ်လိုရှာတွေ့နိုင်မလဲဆိုတာ သူ ကောင်းကောင်း ပြောပြနိုင်ပါတယ်။ သူဟာ သာမန်ထက် ထူးကဲတဲ့ ဉာဏ်ပညာ၊ စည်းစိမ်ဥစ္စာ ပေါများကြွယ်ဝမှုနဲ့ ဘုရင့်အခွင့်အာဏာကို ရရှိပိုင်ဆိုင်ထားတဲ့အပြင် စည်းစိမ်နဲ့ ထင်ပေါ်ကျော်ကြားမှုအပါအဝင် လူတို့လိုက်စားရာတွေကိုပါ အသေအချာ ရှာဖွေလေ့လာနိုင်ခဲ့တယ်။ (ဒေ. ၂:၄-၉; ၄:၄) အဲဒီနောက် သူရှာဖွေတွေ့ရှိရာတွေကို ဘုရားသခင့်စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုနဲ့ ဒီလိုအကျဉ်းချုံး ဖော်ပြခဲ့တယ်– “အချုပ်အခြာစကားဟူမူကား [စစ်မှန်သော] ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံ [“မခြွင်းမချန် လိုက်နာရမည့် ဝတ္တရား၊” ကဘ] တို့ကို ချုပ်ခြာသတည်း။” လူ့ကြိုးပမ်းမှုတွေထဲမှာ အကျိုးအရှိဆုံးနဲ့ အမြင့်မြတ်ဆုံး ကြိုးပမ်းမှုကို အဲဒီစကားတွေမှာ ဖော်ပြထားပါတယ်။
‘စစ်မှန်သော ဘုရားသခင်ကို ကြောက်ရွံ့ပါ။’ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုတဲ့ အယူအဆက အစပိုင်းမှာ နှစ်သက်စရာကောင်းပုံ မပေါ်ဘူး။ ဒါပေမဲ့ အဲဒီကြောက်ရွံ့တဲ့စိတ်က ချစ်ကြောက်ရိုသေတဲ့ စိတ်သဘောထားဖြစ်တယ်။ ခက်ထန်ပြီး ဒေါသကြီးတဲ့ သခင်ကို ဖိမ့်ဖိမ့်တုန် ကြောက်လန့်နေတဲ့ ကျွန်တစ်ယောက်ကိုမဟုတ်ဘဲ မေတ္တာပြည့်ဝတဲ့ ဖခင်ရဲ့ နှစ်သက်လက်ခံမှုကိုရချင်တဲ့ ကလေးတစ်ယောက်ကို စဉ်းစားကြည့်နိုင်ပါတယ်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုတာ “ဘုရားသခင်ကို ချစ်မြတ်နိုးပြီး ကိုယ်တော်ရဲ့ တန်ခိုးနဲ့ ကြီးမြတ်မှုကို လေးမြတ်တဲ့အတွက် ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်သူတွေ ပြသတဲ့ ကြည်ညိုလေးစားပြီး ခန့်ညားတဲ့သဘော” ဖြစ်တယ်လို့ အကိုးအကားစာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်မြတ်နိုးပြီး ကိုယ်တော်လည်း ကျွန်ုပ်တို့ကို ချစ်မြတ်နိုးတယ်ဆိုတာကို သိထားတဲ့အတွက် အဲဒီသဘောထားက ကိုယ်တော်ရဲ့အလိုတော်ကို ထမ်းဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ အဲဒီလိုကြောက်ရွံ့မှုမျိုးက ခံစားချက်သက်သက်မဟုတ်ဘဲ လုပ်ရပ်တွေနဲ့ ဖော်ပြတဲ့ အကျိုးပြုကြောက်ရွံ့ခြင်းဖြစ်တယ်။ အဲဒါကို ဘယ်လိုနည်းနဲ့ ဖော်ပြကြမလဲ။
‘ပညတ်တော်တို့ကို စောင့်ရှောက်ပါ။’ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းက ကိုယ်တော့်ကို နာခံဖို့ လှုံ့ဆော်ပေးတယ်။ အဲဒါက ဘုရားသခင်ကို နာခံမှုပြရမယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ ကုန်ပစ္စည်းထုတ်လုပ်သူတစ်ဦးဟာ မိမိတီထွင်ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းကို အသုံးပြုနိုင်တဲ့ အကောင်းဆုံးနည်းကို သိရှိထားသလိုပဲ ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်တဲ့ ဘုရားသခင်လည်း ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ဖို့ အကောင်းဆုံးလမ်းစဉ်ကို သိရှိထားပါတယ်။ ဒါ့အပြင် ဘုရားသခင်ဟာ ကျွန်ုပ်တို့အကျိုးကို အရမ်းလိုလားတယ်။ ကျွန်ုပ်တို့ကို ပျော်ရွှင်စေလိုတယ်။ ကိုယ်တော်ရဲ့တောင်းဆိုချက်တွေက ကျွန်ုပ်တို့အကျိုးအတွက်ပါပဲ။ (ဟေရှာယ ၄၈:၁၇) ဒါကို တမန်တော် ယောဟန်က ဒီလိုဖော်ပြတယ်– “ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုး ဖြစ်သည်မဟုတ်။” (၁ ယောဟန် ၅:၃) ကိုယ်တော်ရဲ့ပညတ်တွေက ကျွန်ုပ်တို့ကို ကိုယ်တော်ချစ်မြတ်နိုးတယ်ဆိုတာ ဖော်ပြပြီး ကျွန်ုပ်တို့ရဲ့နာခံမှုက ကိုယ်တော်ကို ကျွန်ုပ်တို့ ချစ်မြတ်နိုးတယ်ဆိုတာ ဖော်ပြတယ်။
‘လူတို့ မခြွင်းမချန် လိုက်နာရမည့် ဝတ္တရားဖြစ်သည်။’ ဒီစကားတွေက ဘုရားသခင်ကို ကြောက်ရွံ့ဖို့နဲ့ ကိုယ်တော်ကို နာခံဖို့ အရေးကြီးရတဲ့ အကြောင်းရင်းကို ပေါ်လွင်စေတယ်။ အဲဒီလိုလုပ်ဆောင်ဖို့က ကျွန်ုပ်တို့ရဲ့ တာဝန်ဖြစ်တယ်။ ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်ဖြစ်တဲ့အတွက် ကျွန်ုပ်တို့ရဲ့အသက်ကို ကိုယ်တော် ပိုင်ဆိုင်တယ်။ (ဆာလံ ၃၆:၉) ဒါကြောင့် ကိုယ်တော်ကိုနာခံဖို့ တာဝန်ရှိတယ်။ ကိုယ်တော်ရဲ့အလိုတော်အတိုင်း နေထိုင်မယ်ဆိုရင် ကိုယ်တော့်အပေါ် တာဝန်ကျေရာကျတယ်။
ဒါဆိုရင် ဘဝရည်ရွယ်ချက်က ဘာလဲ။ ရိုးရိုးလေးပြောရမယ်ဆိုရင် ကျွန်ုပ်တို့ ဒီကမ္ဘာပေါ်ရှိနေရတာက ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ဖို့ပါပဲ။ ဘဝကို အဓိပ္ပာယ်ပြည့်ဝစေဖို့ ဒီထက်ပိုကောင်းတဲ့ နည်းလမ်းမရှိဘူး။ ယေဟောဝါဘုရားသခင်ရဲ့အလိုတော်နဲ့ သင့်ဘဝကို အဲဒီအတိုင်း ဘယ်လိုနေထိုင်မလဲဆိုတာကို ပိုပြီးမသိချင်ဘူးလား။ ယေဟောဝါသက်သေတွေက သင့်ကို ကူညီပေးချင်ကြပါတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဒေသနာ ၁၀:၁) အထုံသမားလုပ်သောနံ့သာဆီကို သေသောယင်ကောင်သည် နံစေသကဲ့သို့ အနည်းငယ်သောအမိုက်သည် ပညာနှင့်ဂုဏ်အသရေ ထင်ရှားသောသူကို ထို့အတူ ဖြစ်စေတတ်၏။
ဒေသနာကျမ်းမှ ပေါ်လွင်ချက်များ
၁၀:၁။ ကျွန်ုပ်တို့၏အပြောအဆိုနှင့် အပြုအမူကို ဂရုစိုက်ရမည်။ ရိုသေလေးစားခံရသူသည် အမျက်ထွက်ခြင်း၊ အရက်အလွဲသုံးခြင်း၊ အကျင့်လျော့ရဲခြင်းစသည့် အပြုအမူတို့ကို တစ်ကြိမ်မျှပြုမိလျှင်ပင် သူ၏နာမည်ကောင်း ပျက်စီးစေသည်။
(ဒေသနာ ၁၁:၁) သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလကြာမြင့်မှ တစ်ဖန်တွေ့လေဦးမည်။
ဒေသနာကျမ်းမှ ပေါ်လွင်ချက်များ
၁၁:၁၊ ၂။ ကျွန်ုပ်တို့သည် စိတ်နှလုံးအကြွင်းမဲ့ရက်ရောမှု တင်ပြသင့်သည်။ ယင်းက ရက်ရောမှုကို တန်ပြန်ဖြစ်ပေါ်စေသည်။—လုကာ ၆:၃၈။
နိုဝင်ဘာ ၂၈–ဒီဇင်ဘာ ၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ရှောလမုန်သီချင်း ၁-၈
“ရှုလမိုက်—တုပထိုက်စရာ စံနမူနာရှင်”
(ရှောလမုန်သီချင် ၂:၇) ယေရုရှလင်မြို့သမီးတို့ ငါချစ်သောသတို့သမီးသည် အလိုလိုမနိုးမီတိုင်အောင် မလှုပ်မနှိုးမည်အကြောင်း တော၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကိုငါမှာထား၏။
(ရှောလမုန်သီချင်း ၃:၅) ယေရုရှလင်မြို့သမီးတို့ ငါချစ်သောသတို့သမီးသည် အလိုလို မနိုးမီတိုင်အောင် မလှုပ်မနှိုးမည်အကြောင်း တော၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကိုငါမှာထား၏။
မပြောင်းလဲတဲ့မေတ္တာနဲ့ ချစ်ဖို့ ဖြစ်နိုင်သလား
အချစ်စိတ်တွေ ‘အလိုလိုမနိုးကြွဘဲ’ မနှိုးဆွပါနဲ့
၁၁ သင်ဟာ အိမ်ထောင်ပြုချင်နေတယ်ဆိုရင် ရှုလမိုက်ဆီကနေ ဘာသင်ယူနိုင်သလဲ။ ရှုလမိုက်ဟာ ဘုရင်ရှောလမုန်ကို လုံးဝမချစ်ဘူး။ ဒါကြောင့် ‘ကျွန်မရဲ့အချစ်စိတ်တွေ သူ့အလိုလိုမနိုးကြွဘဲနဲ့ နှိုးဆွဖို့ မကြိုးစားပါနဲ့’ လို့ နန်းတွင်းသူတွေကို အပြတ်ပြောထားတယ်။ (သီ. ၂:၇၊ ကဘ; ၃:၅) ဒါကြောင့် ဘယ်သူနဲ့မဆို အချစ်ဇာတ်လမ်းစလိုက်တာ သင့်တော်မလား။ မသင့်တော်ပါဘူး။ အဲဒီအစား ကိုယ်အမှန်တကယ်ချစ်နိုင်မယ့်သူကို စိတ်ရှည်ရှည်စောင့်ဆိုင်းပြီး လက်ထပ်တာ ပညာရှိရာကျတယ်။
၁၂ ရှုလမိုက်က သိုးထိန်းလေးကို ဘာကြောင့်ချစ်တာလဲ။ သိုးထိန်းလေးဟာ ‘ဒရယ်’ လို လှတယ်လို့ သူထင်တယ်။ သိုးထိန်းရဲ့ လက်ချောင်းတွေဟာ ‘ရွှေချောင်းတွေ’ လို၊ ခြေထောက်တွေဟာ ‘စကျင်ကျောက်တိုင်တွေ’ လို သန်မာလှပတယ်။ ဒါပေမဲ့ သိုးထိန်းဟာ အားကောင်းမောင်းသန် လူချောတစ်ယောက်လောက်သာ မဟုတ်ပါဘူး။ ယေဟောဝါကို ချစ်ပြီး ချစ်စရာအရည်အသွေးတွေ ပိုင်ဆိုင်သူဖြစ်တယ်ဆိုတာ ရှုလမိုက်သိတယ်။ ဒါကြောင့်လည်း ‘တောသစ်ပင်တွေထဲက ပန်းသီးပင်လို’ ရှုလမိုက်အတွက် တစ်မူထူးခြားနေတာပေါ့။—သီ. ၂:၃၊ ၉၊ ကဘ; ၅:၁၄၊ ၁၅၊ ကဘ။
၁၃ ရှုလမိုက်လည်း သိပ်လှတယ်။ ဘုရင်ရှောလမုန်ဟာ ‘မိဖုရားခြောက်ဆယ်၊ မောင်းမရှစ်ဆယ်နဲ့ မိန်းမပျိုလေးတွေ မရေတွက်နိုင်အောင်ရှိ’ တာတောင် ရှုလမိုက်ကို ကြိုက်သွားတယ်။ ဒါပေမဲ့ သိုးထိန်းဟာ ရှုလမိုက်ကို လှလွန်းလို့ ချစ်သွားတာလား။ မဟုတ်ပါဘူး။ ရှုလမိုက်လည်း ယေဟောဝါကို ချစ်ပြီး ချစ်စရာအရည်အသွေးတွေ ပိုင်ဆိုင်သူဖြစ်တယ်။ ဥပမာ၊ ရှုလမိုက်ဟာ နှိမ့်ချမှုရှိပြီး ကိုယ့်ကိုယ်ကိုယ် ‘ကမ်းရိုးတန်းလွင်ပြင်ထဲက တောပန်း’ လေးနဲ့ ခိုင်းနှိုင်းခဲ့တယ်။ ဒါပေမဲ့ သိုးထိန်းအတွက်တော့ ရှုလမိုက်ဟာ ‘ဆူးပင်တွေကြားက နှင်းပန်းလေး’ လို တစ်မူထူးခြားနေတယ်။—သီ. ၂:၁၊ ၂၊ ကဘ; ၆:၈၊ ကဘ။
(ရှောလမုန်သီချင်း ၄:၁၂) ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသောရေကန်၊ တံဆိပ်ခတ်သောရေတွင်း ဖြစ်ပေ၏။
(ရှောလမုန်သီချင်း ၈:၈–၁၀) ငါတို့၌ ညီမငယ်တစ်ယောက်ရှိ၏။ သူသည် သားမြတ်မပေါ်သေး။ ထိုညီမကို တောင်းသောအခါ၌ သူ့အဖို့ အဘယ်သို့ပြုရပါမည်နည်း။ ၉ သူသည် မြို့ရိုးဖြစ်လျှင် သူ့အပေါ်မှာ ငွေပြအိုးကို ဆောက်မည်။ တံခါးဖြစ်လျှင် အာရဇ်ပျဉ်ပြားဖြင့် ခိုင်ခံ့စေမည်။ ၁၀ ငါသည် မြို့ရိုးဖြစ်၏။ ငါ့သားမြတ်တို့သည် ပြအိုးကဲ့သို့ဖြစ်ကြ၏။ သို့ဖြစ်၍ ရှေ့တော်၌ မျက်နှာရသောကျေးဇူးရှိ၏။
မပြောင်းလဲတဲ့မေတ္တာနဲ့ ချစ်ဖို့ ဖြစ်နိုင်သလား
၁၄ ယေဟောဝါက သူ့ကျေးကျွန်တွေကို “သခင်၌ရှိသောသူကိုသာ”လက်ထပ်ဖို့မိန့်မှာထားတယ်။ (၁ ကော. ၇:၃၉) ဒါဟာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသား ကျေးကျွန်တစ်ယောက်ကိုသာ ရည်းစားထားရမယ်၊ လက်ထပ်ရမယ်လို့ ဆိုလိုတယ်။ အဲဒါက အိမ်ထောင်ကို ဘယ်လိုအကူအညီဖြစ်စေနိုင်သလဲ။ အိမ်ထောင်သည်တွေဟာ နေ့စဉ်ဘဝပြဿနာတွေကို ကြုံရမှာဖြစ်တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးမှာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိမယ်ဆိုရင် အိမ်ထောင်သာယာနိုင်ပါလိမ့်မယ်။ ဒါကြောင့် သင်ဟာ အိမ်ထောင်ပြုချင်တယ်ဆိုရင် သိုးထိန်းနဲ့ ရှုလမိုက်ရဲ့ ပုံသက်သေကို လိုက်လျှောက်ပါ။ ယေဟောဝါကို အမှန်တကယ်ချစ်ပြီး ချစ်စရာအရည်အသွေးတွေ ပိုင်ဆိုင်သူကိုသာ ရှာဖွေပါ။
မောင့်သတို့သမီးဟာ ‘သော့ခတ်ထားတဲ့ဥယျာဉ်နဲ့တူတယ်’
၁၅ ရှောလမုန်သီချင်း ၄:၁၂ ကိုဖတ်ပါ။ ရှုလမိုက်ဟာ ‘သော့ခတ်ထားတဲ့ဥယျာဉ်’ နဲ့တူတယ်လို့ သိုးထိန်း ဘာကြောင့် ပြောတာလဲ။ သော့ခတ်ထားတဲ့ ဥယျာဉ်ထဲ လူတကာ ဝင်ကြည့်လို့မရဘူး။ ရှုလမိုက်လည်း အဲဒီဥယျာဉ်လိုပဲ။ သိုးထိန်းတစ်ယောက်တည်းကိုပဲ ချစ်တယ်။ သူနဲ့ပဲလက်ထပ်ဖို့ စီစဉ်ထားတယ်။ ဒါကြောင့် ဘုရင်ကြီးရဲ့ ဂရုစိုက်မှုမှန်သမျှကို အပြတ်ငြင်းပစ်လိုက်တယ်။ ရှုလမိုက် စိတ်ပြောင်းမှာ မဟုတ်ဘူး။ သူဟာ “မြို့ရိုး” နဲ့တူတယ်။ အလွယ်တကူဖွင့်နိုင်တဲ့ “တံခါး” လို မဟုတ်ဘူး။ (သီ. ၈:၈-၁၀) အဲဒီလိုပဲ၊ လက်ထပ်ဖို့စီစဉ်နေတဲ့ ခရစ်ယာန်စုံတွဲဟာ အချင်းချင်းအပေါ် သစ္စာစောင့်သိပါလိမ့်မယ်။ တခြားဘယ်သူ့ကိုမှ အီစီကလီလုပ်မှာ မဟုတ်ဘူး။
၁၆ သိုးထိန်းက လမ်းလျှောက်ထွက်ဖို့ခေါ်တဲ့အခါ ရှုလမိုက်ကို အစ်ကိုတွေ မလွှတ်ဘူး။ အဲဒီအစား သူတို့ပိုင်တဲ့စပျစ်ခြံတွေကို သွားစောင့်ဖို့ လွှတ်လိုက်တယ်။ အစ်ကိုတွေက ရှုလမိုက်ကို မယုံလို့လား။ သူတို့နှစ်ယောက် မဟုတ်မဟတ်တာတွေလုပ်ချင်နေတယ်လို့ ထင်နေလို့လား။ အဲဒီလိုမဟုတ်ပါဘူး။ သွေးဆောင်မှုဖြစ်စေနိုင်တဲ့ အခြေအနေကနေ ညီမလေးကို ကာကွယ်ပေးချင်လို့ပါပဲ။ (သီ. ၁:၆; ၂:၁၀-၁၅) သင်လည်း ရည်းစားရှိတယ်ဆိုရင် လိင်အကျင့်ယိုယွင်းမှုဖြစ်စေနိုင်တဲ့ အရာမှန်သမျှကို ဘယ်လိုရှောင်နိုင်မလဲ။ သန့်သန့်ရှင်းရှင်းဆက်ရှိနိုင်အောင် ဘာတွေကိုရှောင်မယ်ဆိုတာ ကြိုတင်ဆုံးဖြတ်ထားပါ။ ဘယ်သူမှမမြင်နိုင်တဲ့နေရာမှာ ဘယ်တော့မှ နှစ်ယောက်တည်းမနေပါနဲ့။ ကိုယ့်ရဲ့မေတ္တာကို ဖြူစင်သန့်ရှင်းတဲ့နည်းနဲ့ပဲ ဖော်ပြပါ။
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
(ရှောလမုန်သီချင်း ၂:၁) “ကျွန်မသည် ရှာရုန်အရပ်နှင်းဆီပွင့်၊ ကွင်းပြင်၌ပေါက်သော နှင်းပွင့်မျှသာ ဖြစ်ပါ၏။”
မပြောင်းလဲတဲ့မေတ္တာနဲ့ ချစ်ဖို့ ဖြစ်နိုင်သလား
၁၃ ရှုလမိုက်လည်း သိပ်လှတယ်။ ဘုရင်ရှောလမုန်ဟာ ‘မိဖုရားခြောက်ဆယ်၊ မောင်းမရှစ်ဆယ်နဲ့ မိန်းမပျိုလေးတွေ မရေတွက်နိုင်အောင်ရှိ’ တာတောင် ရှုလမိုက်ကို ကြိုက်သွားတယ်။ ဒါပေမဲ့ သိုးထိန်းဟာ ရှုလမိုက်ကို လှလွန်းလို့ ချစ်သွားတာလား။ မဟုတ်ပါဘူး။ ရှုလမိုက်လည်း ယေဟောဝါကို ချစ်ပြီး ချစ်စရာအရည်အသွေးတွေ ပိုင်ဆိုင်သူဖြစ်တယ်။ ဥပမာ၊ ရှုလမိုက်ဟာ နှိမ့်ချမှုရှိပြီး ကိုယ့်ကိုယ်ကိုယ် ‘ကမ်းရိုးတန်းလွင်ပြင်ထဲက တောပန်း’ လေးနဲ့ ခိုင်းနှိုင်းခဲ့တယ်။ ဒါပေမဲ့ သိုးထိန်းအတွက်တော့ ရှုလမိုက်ဟာ ‘ဆူးပင်တွေကြားက နှင်းပန်းလေး’ လို တစ်မူထူးခြားနေတယ်။—သီ. ၂:၁၊ ၂၊ ကဘ; ၆:၈၊ ကဘ။
(ရှောလမုန်သီချင်း ၈:၆) ကျွန်မကို ရှင့်နှလုံးသားပေါ်မှာ တံဆိပ်ခတ်ပါ။ ရှင့်လက်မောင်းပေါ်မှာ တံဆိပ်ခတ်ပါ။ ဘာကြောင့်လဲဆိုတော့ ချစ်ခြင်းမေတ္တာက သေခြင်းလိုခိုင်မာပြီး အကြွင်းမဲ့ဆည်းကပ်မြှုပ်နှံမှုကို တောင်းဆိုတဲ့နေရာမှာ သင်္ချိုင်းလို အလျှော့မပေးတတ်လို့ပဲ။ မေတ္တာရဲ့မီးတောက်တွေက မီးရဲ့မီးတောက်တွေဖြစ်ပြီး ‘ယ’ ရဲ့မီးလျှံဖြစ်တယ်။
မပြောင်းလဲတဲ့မေတ္တာနဲ့ ချစ်ဖို့ ဖြစ်နိုင်သလား
မေတ္တာစစ်မေတ္တာမှန်နဲ့ချစ်ဖို့ ဖြစ်နိုင်
၃ ရှောလမုန်သီချင်း ၈:၆ ကိုဖတ်ပါ။ မေတ္တာကို ‘ယရဲ့ မီးလျှံ’ လို့ ဖော်ပြထားတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါရဲ့ အကြီးမြတ်ဆုံးအရည်အသွေးဟာ မေတ္တာဖြစ်ပြီး ကျွန်တော်တို့ကို သူ့ရဲ့မေတ္တာကိုတုပနိုင်တဲ့ စွမ်းရည်နဲ့ ဖန်ဆင်းထားလို့ပဲ။ (က. ၁:၂၆၊ ၂၇) ယေဟောဝါဟာ ဦးဆုံးလူသားအာဒံကို ဖန်ဆင်းပြီးနောက် ဇနီးချောတစ်ယောက် ပေးခဲ့တယ်။ ဧဝကို ဦးဆုံးမြင်ရချိန်မှာ ကဗျာဖွဲ့ရလောက်တဲ့အထိ အာဒံပျော်ရွှင်ခဲ့တယ်။ ဧဝလည်း သူ့ခင်ပွန်းကို တအားခင်တွယ်မိတယ်။ တကယ်တော့ အာဒံရဲ့နံရိုးကနေ ဧ၀ကို ယေဟောဝါ ဖန်ဆင်းထားတာကိုး။ (က. ၂:၂၁-၂၃) ယေဟောဝါဟာ အစဦးကတည်းက အမျိုးသားနဲ့အမျိုးသမီး တစ်ယောက်ကိုတစ်ယောက် တည်မြဲတဲ့မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်နိုင်တဲ့စွမ်းရည်ကို ထည့်သွင်းပေးထားတယ်။
ရှောလမုန်သီချင်းမှ ပေါ်လွင်ချက်များ
မေတ္တာစစ်သည် “ဂျား၏မီးလျှံ” ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ထိုသို့သောမေတ္တာသည် ယေဟောဝါထံမှ အစပြုသောကြောင့်ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို မေတ္တာပြနိုင်သည့်စွမ်းရည်ရှိရန် ဖန်ဆင်းထားတော်မူသည်။ ယင်းမေတ္တာသည် မငြိမ်းသတ်နိုင်သော မီးတောက်တစ်ခုဖြစ်သည်။ ရှောလမုန်သီချင်းတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကြားရှိ မေတ္တာသည် “သေခြင်းနှင့်အမျှတန်ခိုးကြီး [စွဲမြဲ]” ကြောင်း လှလှပပပုံဖော်ထားသည်။—ရှောလမုန်သီချင်း ၈:၆။