ယေဟောဝါ ပြင်ဆင်ပေးရာတွေကနေ အကျိုးအပြည့်အဝ ရယူပါ
‘ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်သော သင်၏ဘုရားသခင် ယေဟောဝါဖြစ်၏။’—ဟေရှာ. ၄၈:၁၇။
၁၊ ၂။ (က) ကျမ်းစာကို ယေဟောဝါသက်သေတွေ ဘယ်လို သဘောထားကြသလဲ။ (ခ) ကျမ်းစာထဲက ဘယ်အပိုင်းကို သင် အနှစ်သက်ဆုံးလဲ။
ယေဟောဝါသက်သေတွေဟာ ကျမ်းစာကို နှစ်သက်မြတ်နိုးတယ်။ ကျမ်းစာကနေ နှစ်သိမ့်မှု၊ မျှော်လင့်ချက်နဲ့ အားထားနိုင်စရာ လမ်းညွှန်ချက်တွေကို ကျွန်တော်တို့ ရရှိတယ်။ (ရော. ၁၅:၄) ကျမ်းစာဟာ လူ့အတွေးအခေါ်စာအုပ် မဟုတ်ဘဲ ‘ဘုရားသခင်ရဲ့ တရားစကား’ ဖြစ်တယ်။—၁ သက်. ၂:၁၃။
၂ ကျမ်းစာထဲမှာ ကျွန်တော်တို့ကိုယ်စီ အနှစ်သက်ဆုံးအပိုင်းတွေ ရှိတယ်။ တချို့က ခရစ်ဝင်ကျမ်းတွေကို ကြိုက်ကြတယ်။ ယေရှုဆီမှာ ပေါ်လွင်ထင်ရှားတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို ခရစ်ဝင်ကျမ်းတွေက ဖော်ပြပေးလို့ပဲ။ (ယော. ၁၄:၉) တချို့ကလည်း “မကြာမီ ဖြစ်ပျက်ရမည့် အမှုအရာများကို” ဖော်ပြတဲ့ ဗျာဒိတ်ကျမ်းလိုမျိုး ပရောဖက်ပြုချက် ကျမ်းစောင်တွေကို ကြိုက်ကြတယ်။ (ဗျာ. ၁:၁) တချို့က ဆာလံကျမ်းကို ဖတ်ရှုခြင်းကနေ နှစ်သိမ့်မှု ရရှိကြတယ်။ တချို့ကလည်း သုတ္တံကျမ်းမှာပါတဲ့ လက်တွေ့ကျအကြံပြုချက်တွေကို ကြိုက်ကြတယ်။ ကျမ်းစာဟာ လူတိုင်းအတွက်ပဲဆိုတာ ထင်ရှားတယ်။
၃၊ ၄။ (က) အဖွဲ့အစည်းထုတ်စာပေတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်လို ခံစားရသလဲ။ (ခ) ဘယ်သတ်သတ်မှတ်မှတ် အုပ်စုတွေအတွက် ရေးသားထားတဲ့ စာပေတွေကို ကျွန်တော်တို့ရရှိနေသလဲ။
၃ ကျမ်းစာကို နှစ်သက်မြတ်နိုးတဲ့အတွက် ကျမ်းစာအခြေပြုစာပေတွေကိုလည်း ကျွန်တော်တို့ နှစ်သက်တယ်။ ကျွန်တော်တို့ရရှိတဲ့ စာအုပ်၊ ဘရိုရှာ၊ မဂ္ဂဇင်းနဲ့ တခြားစာပေတွေဟာ ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာတွေဖြစ်ပြီး ဘုရားသခင်နဲ့ ဆက်ဆံရေး ကောင်းနေအောင်၊ ယုံကြည်ခြင်းခိုင်ခံ့နေအောင် ကူညီပေးတယ်။—တိ. ၂:၂။
၄ အဖွဲ့အစည်းထုတ်စာပေ အများစုဟာ ယေဟောဝါသက်သေတွေအတွက် ဖြစ်တယ်။ ဒါပေမဲ့ လူငယ်၊ မိဘ စတဲ့ သတ်သတ်မှတ်မှတ် အုပ်စုတွေအတွက် ရေးသားထားတဲ့ စာပေတချို့လည်း ရှိတယ်။ ဝက်ဘ်ဆိုက်ပေါ်တင်ထားတဲ့ ဆောင်းပါးနဲ့ ဗီဒီယို အများစုဟာ ယေဟောဝါသက်သေ မဟုတ်သူတွေအတွက် အထူးပြင်ဆင်ထားတာဖြစ်တယ်။ လူအားလုံးကို လမ်းညွှန်ပေးမယ်ဆိုတဲ့ ကတိအတိုင်း ယေဟောဝါ လုပ်ဆောင်နေတယ်ဆိုတာ ဒီလောက်များပြားတဲ့ ပုံဆောင်အစာက ဖော်ပြတယ်။—ဟေရှာ. ၂၅:၆။
၅။ ဘယ်အရာကို ယေဟောဝါနှစ်သက်မှန်း စိတ်ချနိုင်သလဲ။
၅ ကျွန်တော်တို့အများစုက ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ရှုဖို့ အချိန် ပိုရရှိချင်ကြတယ်။ ပုံမှန် ကျမ်းစာဖတ်ရှုပြီး ကိုယ်ပိုင်လေ့လာမှု လုပ်ခြင်းအားဖြင့် “အချိန်ကို ဝယ်ယူ” ဖို့ ကြိုးစားတဲ့အခါ ယေဟောဝါနှစ်သက်တယ်ဆိုတာ စိတ်ချနိုင်တယ်။ (ဧ. ၅:၁၅၊ ၁၆) အဖွဲ့အစည်းထုတ်စာပေတိုင်းကို တစ်ပုံစံတည်း အချိန်ပေးဖတ်ရှုနိုင်မှာ မဟုတ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ သတိပြုရမယ့် အန္တရာယ်တစ်ခု ရှိတယ်။ ဘာအန္တရာယ်လဲ။
၆။ ဘယ်အရာက ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာတွေကနေ အကျိုးမရဘဲ လက်လွတ်သွားစေနိုင်သလဲ။
၆ ကျမ်းစာရဲ့ အပိုင်းတချို့ ဒါမှမဟုတ် အဖွဲ့အစည်းထုတ်စာပေတချို့ဟာ ကိုယ်နဲ့မသက်ဆိုင်ဘူးလို့ ကျွန်တော်တို့ အလွယ်တကူ သဘောထားမိနိုင်တယ်။ ဥပမာ၊ ကျမ်းစာအပိုင်းတစ်ခုက ကိုယ့်အခြေအနေနဲ့ မသက်ဆိုင်ပုံရတာ ဖြစ်နိုင်တယ်။ စာပေတစ်ခုက ကိုယ့်အတွက် အထူးမရည်ရွယ်ထားတာ ဖြစ်နိုင်တယ်။ အဲဒီအခါ အကြောင်းအရာကို သာမန်ကာလျှံကာ ဖတ်လိုက်သလား ဒါမှမဟုတ် လုံးဝတောင် မဖတ်ဘဲ နေသလား။ ဒါဆို ကျွန်တော်တို့ကို အကျိုးပြုနိုင်တဲ့ အဖိုးတန်အချက်အလက်တွေ လွတ်သွားနိုင်တယ်။ ဒီအန္တရာယ်ကို ဘယ်လိုရှောင်နိုင်သလဲ။ ကျွန်တော်တို့ရရှိတဲ့ အချက်အလက်အားလုံးဟာ ယေဟောဝါဆီက လာတယ်ဆိုတာ အမှတ်ရသင့်တယ်။ ‘ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်သော သင်၏ဘုရားသခင် ယေဟောဝါဖြစ်၏’ လို့ ကျမ်းစာမှာ ဖတ်ရတယ်။ (ဟေရှာ. ၄၈:၁၇) ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာအားလုံးကနေ အကျိုးရရှိအောင် ကူညီပေးမယ့် အကြံပြုချက်သုံးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
အကျိုးရှိရှိ ကျမ်းစာဖတ်ရှုနိုင်အောင် ကူညီပေးမယ့် အကြံပြုချက်တွေ
၇။ ကျမ်းစာဖတ်တဲ့အခါ အမြင်ကျယ်ကျယ်ထားဖို့ ဘာကြောင့် လိုအပ်သလဲ။
၇ အမြင်ကျယ်ကျယ်ထားပြီး ဖတ်ရှုပါ။ ကျမ်းစာအပိုင်းတချို့က လူတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စုအတွက် ရေးသားထားတာ မှန်ပါတယ်။ ဒါပေမဲ့ ‘ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် အကျိုးရှိ၏’ လို့ ကျမ်းစာ ပြောတယ်။ (၂ တိ. ၃:၁၆) ဒါကြောင့် ကျမ်းစာဖတ်တဲ့အခါ အမြင်ကျယ်ကျယ်ထားဖို့ လိုအပ်တယ်။ “ကျမ်းစာဖတ်တဲ့အခါ ကျမ်းချက်တစ်ချက်ကနေ သင်ခန်းစာ အတော်များများ ထုတ်နုတ်နိုင်တယ်ဆိုတာ အမှတ်ရဖို့ ကျွန်တော် ကြိုးစားတယ်။ ဒါက အပေါ်ယံထက် ကျော်ကြည့်ဖို့ ကျွန်တော့်ကို ကူညီပေးတယ်” လို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။ ဒါကြောင့် ကျမ်းစာ မဖတ်ခင် အမြင်ကျယ်ကျယ် ထားနိုင်အောင် ကူညီပေးဖို့၊ ကျွန်တော်တို့ကို ယေဟောဝါ သင်ယူစေချင်တဲ့ သင်ခန်းစာတွေကို နားလည်နိုင်အောင် ဉာဏ်ပညာပေးဖို့ ဆုတောင်းသင့်တယ်။—ဧဇ. ၇:၁၀; ယာကုပ် ၁:၅ ကိုဖတ်ပါ။
ကျမ်းစာဖတ်ရှုခြင်းကနေ သင် အကျိုးအပြည့်အဝ ရရှိနေသလား (အပိုဒ် ၇ ကိုကြည့်ပါ)
၈၊ ၉။ (က) ကျမ်းစာဖတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။ (ခ) အကြီးအကဲတွေ ပြည့်မီရမယ့် အရည်အချင်းတွေက ယေဟောဝါအကြောင်း ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။
၈ မေးခွန်းတွေ မေးပါ။ ကျမ်းချက်တစ်ချက်ကို ဖတ်တဲ့အခါ ခဏရပ်ပြီး ဒီလိုမေးခွန်းတွေ မေးပါ- ‘ဒီကျမ်းချက်က ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။ ဒီအချက်ကို ငါ့ဘဝမှာ ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ။ ဒီအချက်ကို သုံးပြီး တခြားသူတွေကို ငါ ဘယ်လို ကူညီပေးနိုင်သလဲ။’ အဲဒီလိုမေးခွန်းတွေကို တွေးတောဆင်ခြင်မယ်ဆိုရင် ကျမ်းစာဖတ်ရှုခြင်းကနေ အကျိုးအပြည့်အဝ ရရှိမှာ သေချာပါတယ်။ ဥပမာအနေနဲ့ ခရစ်ယာန်အကြီးအကဲတွေမှာ ရှိသင့်တဲ့ အရည်အချင်းတချို့ကို ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ တိမောသေ ၃:၂-၇ ကိုဖတ်ပါ။) ကျွန်တော်တို့ အများစုဟာ အကြီးအကဲတွေ မဟုတ်တဲ့အတွက် အဲဒီကျမ်းချက်က ကိုယ်နဲ့ သိပ်မသက်ဆိုင်ဘူးလို့ ရုတ်တရက် တွေးမိနိုင်တယ်။ ဒါပေမဲ့ အဲဒီကျမ်းချက်မှာ ဖော်ပြထားတဲ့ အရည်အချင်းတွေကနေ ကိုယ်တိုင် ဘယ်လို အကျိုးရနိုင်တယ်ဆိုတာ သိဖို့ အထက်မှာဖော်ပြခဲ့တဲ့ မေးခွန်းသုံးခုကို သုံးသပ်ကြည့်ကြစို့။
၉ “ဒီကျမ်းချက်က ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။” အကြီးအကဲတွေ ပြည့်မီရမယ့် အရည်အချင်းတွေကို ယေဟောဝါ ဖော်ပြထားတယ်။ ဒီအချက်က မြင့်မားတဲ့စံနှုန်းတွေအတိုင်း လိုက်နာဖို့၊ အသင်းတော်ရှေ့မှာ ပုံသက်သေကောင်းပြဖို့ သူတို့ဆီကနေ ဘုရားသခင် မျှော်လင့်တယ်ဆိုတာ ဖော်ပြတယ်။ “သားတော်ရင်း၏အသွေးနှင့် ဝယ်ထား” တဲ့ အသင်းတော်ကို ဆက်ဆံပုံအတိုင်း သူတို့ စာရင်းရှင်းခံရလိမ့်မယ်။ (တ. ၂၀:၂၈) ဘုရားသခင်က ဒီသိုးထိန်းတွေရဲ့ လက်အောက်မှာ ကျွန်တော်တို့ကို လုံလုံခြုံခြုံ ရှိနေစေချင်တယ်။ (ဟေရှာ. ၃၂:၁၊ ၂) ဒါကြောင့် အကြီးအကဲတွေ ပြည့်မီရမယ့် အရည်အချင်းတွေက ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ သိရှိစေတယ်။
အကျိုးသင့်အကြောင်းသင့် သဘောရှိဖို့၊ သမာသတိရှိဖို့ ကျွန်တော်တို့အားလုံးဆီကနေ ယေဟောဝါ မျှော်လင့်တယ်
၁၀၊ ၁၁။ (က) အကြီးအကဲတွေ ပြည့်မီရမယ့် အရည်အချင်းတွေကို ကျွန်တော်တို့ရဲ့ ဘဝမှာ ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ။ (ခ) ဒီအချက်ကို သုံးပြီး တခြားသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။
၁၀ “ဒီအချက်ကို ငါ့ဘဝမှာ ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ။” အကြီးအကဲတွေဟာ သူတို့ပြည့်မီရမယ့် အရည်အချင်းတွေကို မကြာခဏ ပြန်သုံးသပ်ပြီး တိုးတက်ဖို့လိုတဲ့ ကဏ္ဍတွေကို ဆန်းစစ်သင့်တယ်။ ‘ကြီးကြပ်မှူးဖြစ်ဖို့ ကြိုးစားတက်လှမ်းနေသူ’ ဟာ အဲဒီအရည်အချင်းတွေ ပြည့်မီအောင် အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်။ (၁ တိ. ၃:၁) တကယ်တော့ အဲဒီအရည်အချင်းတွေဟာ ခရစ်ယာန်အားလုံးနဲ့ သက်ဆိုင်တယ်။ ဥပမာ၊ အကျိုးသင့်အကြောင်းသင့်သဘောရှိဖို့၊ သမာသတိရှိဖို့ ကျွန်တော်တို့အားလုံးဆီကနေ ယေဟောဝါ မျှော်လင့်တယ်။ (ဖိ. ၄:၅; ၁ ပေ. ၄:၇) အကြီးအကဲတွေဟာ “သိုးတော်စုအတွက် ပုံနမူနာဖြစ်” မယ်ဆိုရင် သူတို့ဆီကနေ ကျွန်တော်တို့ သင်ယူနိုင်ပြီး “သူတို့၏ယုံကြည်ခြင်းကို တုပ” နိုင်ပါလိမ့်မယ်။—၁ ပေ. ၅:၃; ဟေဗြဲ ၁၃:၇။
၁၁ “ဒီအချက်ကို သုံးပြီး တခြားသူတွေကို ငါ ဘယ်လို ကူညီပေးနိုင်သလဲ။” အကြီးအကဲတွေ ပြည့်မီရမယ့် အရည်အချင်းတွေအကြောင်း ကျမ်းစာသင်သားတွေ၊ စိတ်ဝင်စားသူတွေကို ပြောပြပြီး အကြီးအကဲတွေနဲ့ ခရစ်ယာန်ဘောင် ဓမ္မဆရာတွေ ကွာခြားတယ်ဆိုတာ နားလည်လာအောင် ကူညီပေးနိုင်တယ်။ အဲဒီအရည်အချင်းတွေကို သုံးသပ်တဲ့အခါ ကျွန်တော်တို့အကျိုးအတွက် အကြီးအကဲတွေ ဘယ်လောက် ကြိုးစားတယ်ဆိုတာ နားလည်လာပြီး သူတို့ကို ပိုလေးစားလာပါလိမ့်မယ်။ (၁ သက်. ၅:၁၂) သူတို့ကို ပိုလေးစားလေ သူတို့ ပိုပျော်ရွှင်လေ ဖြစ်ပါလိမ့်မယ်။—ဟေဗြဲ ၁၃:၁၇။
၁၂၊ ၁၃။ (က) ရရှိနိုင်တဲ့ ကိရိယာတွေသုံးပြီး ဘာတွေကို ရှာဖွေလေ့လာနိုင်သလဲ။ (ခ) နောက်ခံအချက်အလက်တွေက နောက်ကွယ်မှာငုပ်နေတဲ့ သင်ခန်းစာတွေကို နားလည်လာအောင် ကူညီပေးနိုင်ပုံကို ဥပမာပေးပါ။
၁၂ ရှာဖွေလေ့လာပါ။ ရရှိနိုင်တဲ့ ကိရိယာတွေသုံးပြီး အောက်ပါအချက်အလက်တွေကို လေ့လာနိုင်တယ်-
ဒီကျမ်းစောင်ကို ဘယ်သူ ရေးသားသလဲ။
ဘယ်နေရာနဲ့ ဘယ်အချိန်မှာ ရေးသားသလဲ။
ဒီကျမ်းစောင်ကို ရေးသားချိန်မှာ ဘယ်အရေးကြီး ဖြစ်ရပ်တွေ ဖြစ်နေသလဲ။
ဒီနောက်ခံအချက်အလက်တွေက နောက်ကွယ်မှာငုပ်နေတဲ့ သင်ခန်းစာတွေကို နားလည်လာအောင် ကူညီပေးနိုင်တယ်။
၁၃ ဥပမာ၊ ‘တိုင်းပြည်တစ်ပြည်ဟာ ငါ့အပေါ် သစ္စာမဲ့ပြီး ပြစ်မှားတယ်ဆိုရင် ငါ့လက်ကိုဆန့်ပြီး တိုင်းပြည်ရဲ့ စားနပ်ရိက္ခာကို ဖျက်ဆီးမယ်။ အငတ်ဘေး ကျရောက်စေပြီး လူနဲ့တိရစ္ဆာန်တွေကို ပယ်ရှင်းမယ်။ “အဲဒီပြည်မှာ နောဧ၊ ဒံယေလ၊ ယောဘတို့ ရှိနေရင်တောင် သူတို့ဟာ ကိုယ့်ဖြောင့်မတ်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။” ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ငါယေဟောဝါ ပြောတဲ့စကားပဲ’ လို့ ယေဇကျေလ ၁၄:၁၃၊ ၁၄ (ကဘ) မှာ ပြောတယ်။ ရှာဖွေလေ့လာကြည့်တဲ့အခါ ဒီစကားတွေကို ဘီစီ ၆၁၂ လောက်မှာ ယေဇကျေလ ရေးသားခဲ့တယ်ဆိုတာ သိရတယ်။ နောဧနဲ့ ယောဘ သေဆုံးခဲ့တာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်ပေမဲ့ သူတို့ရဲ့ သစ္စာရှိမှုကို ယေဟောဝါ အမှတ်ရနေတုန်းပဲ။ ဒံယေလကတော့ သက်ရှိထင်ရှား ရှိနေသေးတယ်။ နောဧနဲ့ ယောဘလို ဖြောင့်မတ်တယ်လို့ ဒံယေလကို ယေဟောဝါ ပြောချိန်မှာ သူ့အသက် ၂၀ လောက်ပဲ ရှိသေးတာဖြစ်နိုင်တယ်။ ဒီကနေ ဘာသိရသလဲ။ ယေဟောဝါက လူငယ်တွေအပါအဝင် သစ္စာရှိသူအားလုံးကို သိပြီး တန်ဖိုးထားတယ်။—ဆာ. ၁၄၈:၁၂-၁၄။
အဖွဲ့အစည်းထုတ်စာပေအမျိုးမျိုးကနေ အကျိုးရယူပါ
၁၄။ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့စာပေတွေက သူတို့ကို ဘယ်လို ကူညီပေးသလဲ။ အဲဒီစာပေတွေကနေ တခြားသူတွေလည်း ဘယ်လို အကျိုးရရှိနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)
၁၄ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့စာပေ။ ကျမ်းစာတစ်အုပ်လုံးကနေ အကျိုးရရှိနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရတယ်။ အဲဒီလိုပဲ အဖွဲ့အစည်းထုတ်စာပေအားလုံးကနေလည်း အကျိုးရရှိနိုင်တယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ကြစို့။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း လူငယ်တွေအတွက် ရည်ရွယ်ပြီး စာပေအမြောက်အမြားကို ယေဟောဝါ ပြင်ဆင်ပေးခဲ့တယ်။[၁] အဲဒီစာပေတွေက ကျောင်းမှာကြုံရတဲ့ ဖိအားတွေ၊ အပျိုလူပျို ဖြစ်စအချိန်မှာ ကြုံရတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်အောင် လူငယ်တွေကို ကူညီပေးတယ်။ ဒါပေမဲ့ ဒီစာပေတွေကနေ ကျွန်တော်တို့အားလုံး ဘယ်လို အကျိုးရနိုင်သလဲ။ ဒီစာပေတွေကို ဖတ်တဲ့အခါ လူငယ်တွေကြုံရတဲ့ ပြဿနာတွေအကြောင်း ကျွန်တော်တို့သိလာပြီး သူတို့ကို ကူညီ၊ အားပေးဖို့ အသင့်ရှိလာပါလိမ့်မယ်။
လူကြီးတွေဟာ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့စာပေတွေ ဖတ်ရတာကို အောက်ကျတယ်လို့ မခံစားသင့်ဘူး
၁၅။ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ အကြောင်းအရာတွေကို လူကြီးတွေလည်း ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။
၁၅ လူကြီးတွေဟာ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ အကြောင်းအရာတွေ ဖတ်ရတာကို အောက်ကျတယ်လို့ မခံစားသင့်ဘူး။ အဲဒီဆောင်းပါးတွေမှာ ဆွေးနွေးထားတဲ့ ပြဿနာအများစုဟာ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တယ်။ ဥပမာ၊ ကျွန်တော်တို့အားလုံး ကိုယ့်ယုံကြည်ခြင်းကို ခုခံကာကွယ်ဖို့၊ ခံစားချက်တွေကို ထိန်းချုပ်ဖို့၊ အန္တရာယ်ရှိတဲ့ ရွယ်တူချင်းဖိအားကို တွန်းလှန်ဖို့၊ မကောင်းတဲ့ အပေါင်းအသင်းနဲ့ အကျိုးမရှိတဲ့ ဖျော်ဖြေရေးကို ရှောင်ဖို့ လိုအပ်တယ်။ ဒါကြောင့် စာပေတချို့က လူငယ်တွေအတွက် ရည်ရွယ်ထားတာ မှန်ပေမဲ့ ကျမ်းစာမူတွေအပေါ် အခြေခံထားပြီး ကျွန်တော်တို့အားလုံးကို အကျိုးပြုနိုင်တယ်။
၁၆။ အဖွဲ့အစည်းထုတ် စာပေတွေက လူငယ်တွေကို တခြားဘယ်နည်းနဲ့ ကူညီပေးသလဲ။
၁၆ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့စာပေတွေက ယေဟောဝါနဲ့ဆက်ဆံရေး ကောင်းနေအောင်လည်း လူငယ်တွေကို ကူညီပေးတယ်။ (ဒေသနာ ၁၂:၁၊ ၁၃ ကိုဖတ်ပါ။) အဲဒီကနေ လူကြီးတွေလည်း အကျိုးရရှိနိုင်တယ်။ ဥပမာ၊ ၂၀၀၉၊ ဧပြီလထုတ် နိုးလော့! မှာ “လူငယ်များအမေး . . . ကျမ်းစာဖတ်ရှုခြင်းကို ပျော်စရာဖြစ်အောင် ငါဘယ်လိုလုပ်နိုင်မလဲ” ဆိုတဲ့ဆောင်းပါး ပါလာတယ်။ ဆောင်းပါးမှာ လက်တွေ့ကျအကြံပြုချက် အတော်များများ ပါဝင်ပြီး လေ့လာမှုမှာ အသုံးပြုဖို့ ညှပ်ယူပြီး သိမ်းထားနိုင်တဲ့ လေးထောင့်ကွက်လည်း ပါတယ်။ အဲဒီဆောင်းပါးကနေ လူကြီးတွေ အကျိုးရရှိသလား။ အိမ်ထောင်ရှင်မိခင်တစ်ယောက် ဒီလိုပြောတယ်- “ကျမ်းစာဖတ်ဖို့ ကျွန်မအတွက် တော်တော်ခက်တယ်။ ဒါပေမဲ့ ဆောင်းပါးမှာပါတဲ့ အကြံပြုချက်တွေနဲ့ ညှပ်ယူထားတဲ့ လေးထောင့်ကွက်ကို ကောင်းကောင်းအသုံးပြုလို့ အခုဆို ကျမ်းစာဖတ်မယ့်အချိန်ကို မျှော်နေတတ်ပြီ။ ကျမ်းစောင်တွေ အချင်းချင်း ဘယ်လို ချိတ်ဆက်နေတယ်ဆိုတာ နားလည်လာတဲ့အတွက် မျက်စိထဲ ရုပ်လုံးပေါ်လာတယ်။ ကျမ်းစာဖတ်ဖို့ ဒီလောက် စိတ်လှုပ်ရှားတာမျိုး တစ်ခါမှ မခံစားဖူးဘူး။”
၁၇၊ ၁၈။ လူထုအတွက်စာစောင်ကို ဖတ်ရှုခြင်းကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရရှိနိုင်သလဲ။ ဥပမာပေးပါ။
၁၇ လူထုအတွက် စာစောင်။ ၂၀၀၈ ခုနှစ်ကစပြီး ထုတ်ဝေတဲ့ ကင်းမျှော်စင် လေ့လာရန်စာစောင်ဟာ ယေဟောဝါသက်သေတွေအတွက် အဓိကရေးသားထားတာ ဖြစ်တယ်။ လူထုအတွက်စာစောင်ကိုလည်း ကျွန်တော်တို့ ထုတ်ဝေတယ်။ အဲဒီစာစောင်ကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရရှိနိုင်သလဲ။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ သင်ဖိတ်ခေါ်ထားတဲ့ စိတ်ဝင်စားသူတစ်ယောက်ဟာ လူထုဟောပြောချက် နားထောင်ဖို့ နိုင်ငံတော်ခန်းမကို ရောက်လာလို့ သင် ပျော်နေတယ်။ ဟောပြောချက်ကို သူ့ဘက်ကနေ စဉ်းစားပြီး နားထောင်ပေးတယ်။ အဲဒီအခါ အကြောင်းအရာကို သင် အရင်ကထက် ပိုနားလည်လာတယ်။
၁၈ လူထုအတွက်စာစောင်ကို ဖတ်ရှုတဲ့အခါ သင် အလားတူခံစားရနိုင်တယ်။ ဥပမာ၊ လူထုအတွက်စာစောင်နဲ့ jw.org ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ကျမ်းစာအကြောင်းအရာတွေကို သက်သေခံမဟုတ်သူတွေ နားလည်နိုင်မယ့် အသုံးအနှုန်းတွေနဲ့ ရေးသားထားတယ်။ အဲဒါတွေကို ဖတ်ရှုတဲ့အခါ သိထားပြီးသား ကျမ်းစာအမှန်တရားတွေကို ပိုနားလည်ပြီး မြတ်နိုးလာတယ်။ ကိုယ့်ယုံကြည်ချက်တွေကို အမှုဆောင်လုပ်ငန်းမှာ ဘယ်နည်းလမ်းသစ်တွေနဲ့ ရှင်းပြရမယ်ဆိုတာလည်း သိလာနိုင်တယ်။ နိုးလော့! မဂ္ဂဇင်းတွေကလည်း ဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုခိုင်မာစေပြီး ကိုယ့်ယုံကြည်ချက်တွေကို ဘယ်လို ခုခံကာကွယ်ရမယ်ဆိုတာ သိလာအောင် ကူညီပေးတယ်။—၁ ပေတရု ၃:၁၅ ကိုဖတ်ပါ။
၁၉။ ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာတွေအတွက် ကျေးဇူးတင်တယ်ဆိုတာ ဘယ်လို ဖော်ပြနိုင်သလဲ။
၁၉ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ အကျိုးအတွက် အကြံဉာဏ်နဲ့ လမ်းညွှန်ချက် အလျှံပယ်ပေးထားတာ ထင်ရှားတယ်။ (မ. ၅:၃) ဘုရားသခင် ပြင်ဆင်ပေးတဲ့အရာအားလုံးကို ဖတ်ရှုပြီး လက်တွေ့ကျင့်သုံးကြပါစို့။ ဒီနည်းအားဖြင့် ကျွန်တော်တို့ အကျိုးရရှိမှာဖြစ်ပြီး ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာအားလုံးအတွက် ကျေးဇူးတင်တယ်ဆိုတာ ဖော်ပြနိုင်ပါလိမ့်မယ်။—ဟေရှာ. ၄၈:၁၇။
^ [၁] (အပိုဒ် ၁၄) အဲဒီစာပေတွေမှာ လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁ နဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ “လူငယ်များအမေး” ဆောင်းပါးတွဲတွေ ပါဝင်တယ်။