ယေဟောဝါ၏ကောင်းကင်ရထားနှင့်အတူ အမီလိုက်ခြင်း
“နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ ငါ့စကားကိုသူတို့အားဟောပြောရမည်။”—ယေဇကျေလ ၂:၇။
၁၊ ၂။ ယေဇကျေလသည် မည်သည့်နန်းသုံးယာဉ်ကို မြင်တွေ့ခဲ့ရပြီး သူ့အားဘာပြောခဲ့သနည်း။
ယ ခုယေဟောဝါ၏ကောင်းကင်ရထားသည် ကိုယ်တော်၏ကျေးကျွန်များရှေ့မှောက်တွင် ပေါ်လာသည်။ ယုံကြည်ခြင်းမျက်စိဖြင့် သူတို့အချုပ်အခြာရှင်၏ တော်ဝင်ယာဉ်ကိုမြင်တွေ့ရသည်။ ယင်းသည်ဘုန်းတန်ခိုးထွန်းတောက်၊ စိုးရွံ့ဖွယ်၊ ခမ်းနားကြီးကျယ်လှပါသည်။
၂ ထပ်တူထိုနန်းသုံးယာဉ်သည် နှစ်ပေါင်း ၂၆၀၀ ခန့်ကဘုရားရှင်၏ပရောဖက် ရူပါရုံတွင် ယေဇကျေလ၏မျက်မှောက်၌ ရောက်ရှိလာခဲ့သည်။ ပလ္လင်ပါဝင်သောဤရထားဖြစ်သည့် ဘုရားရှင်၏နာမ်ဝိညာဉ်ကောင်းကင်ဆိုင်ရာ အဖွဲ့အစည်းမှ ယေဟောဝါသည် ဤအမိန့်ကိုယေဇကျေလအား ပေးခဲ့သည်။ “ရဲသောမျက်နှာနှင့် ခိုင်မာသောနှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကိုငါစေလွှတ်၍သင်က ‘အရှင်ထာဝရဘုရား [ယေဟောဝါ၊ NW ] မိန့်တော်မူသည်’ ဟုသူတို့အားပြောရမည်။ သူတို့သည်ပုန်ကန်တတ်သောအမျိုးဖြစ်၍ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင်ပရောဖက်ရှိသည်ကို သိရကြမည်။”—ယေဇကျေလ ၂:၄၊ ၅။
၃။ ယေဇကျေလကဲ့သို့ မျက်မှောက်ခေတ်မည်သည့် အလားတူရှိသနည်း။
၃ ယေဇကျေလသည် ထိုတာဝန်ကိုဇွဲရှိရှိ လုပ်ဆောင်ခဲ့ပြီး ဘုရားရှင်လက်တော်ရှိ တစ်ကိုယ်တော်ကိရိယာတန်ဆာအဖြစ် ထမ်းဆောင်ခဲ့သည်။ အလားတူပင်၊ ဘုရားရှင်၌ယခု မိမိချုပ်ကိုင်ထားသည့် တစ်ခုတည်းသော အဖွဲ့အစည်းဆိုင်ရာ ကိရိယာတန်ဆာရှိလေသည်။ အနီးအပါးတွင် စုရုံးထောက်မလျက်ရှိသော “အခြားသိုး” မှ “လူအုပ်ကြီး” နှင့်အတူ ယေဇကျေလအတန်းအစားဖြစ်သော ဘိသိက်ခံအကြွင်းအကျန်များသည် နောက်ဆုံးသက်သေခံခြင်းလုပ်ငန်းတွင် ရှေ့တန်းမှပါဝင်လျက်ရှိသည်။ (ဗျာဒိတ် ၇:၉၊ ၁၀။ ယောဟန် ၁၀:၁၆) သူတို့သည် ကောင်းသောသိုးထိန်းယေရှုခရစ်နှင့်အတူ “သိုးခြံတစ်ခု” တည်းဖြစ်၍ ကိုယ်တော်သည် ကြီးမြတ်တော်မူသော ရထားစီးတော်မူရှင် ယေဟောဝါဘုရားရှင်၏ အချုပ်အခြာအောက်တွင် သူတို့အားဦးဆောင်တော်မူသည်။
၄၊ ၅။ ဘုရားရှင်၏မျက်မြင်ရအဖွဲ့အစည်း မည်သို့ပေါ်ပေါက်လာပြီး ဟေရှာယ ၆၀:၂၂ နှင့်အညီယင်းသည် မည်သို့တွေ့ကြုံရသနည်း။
၄ ယေဟောဝါ၏ ညွှန်ကြားမှုအောက်တွင် ကမ္ဘာချီအဖွဲ့အစည်းသည် “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ” ဟူသောအမိန့်တော်ကို ကြေညာရန် သေးငယ်သောအစပြုခြင်းမှ ခွန်အားကြီးသောအဖွဲ့ဖြစ်လာခဲ့သည်။ (ဗျာဒိတ် ၁၄:၇) ယေဇကျေလသည် ပရောဖက်အနေနှင့်ပေါ်ထွက် သို့မဟုတ် မိမိကိုယ်ကိုခန့်အပ်ခြင်းမဟုတ်သကဲ့သို့ ဘုရားရှင်၏မျက်မြင်ရအဖွဲ့အစည်းသည် ဖန်တီးယူခြင်း သို့မဟုတ် ယင်းကဏ္ဍအတွက် ကိုယ့်ဟာကိုယ်ခန့်အပ်ခြင်းမဟုတ်ချေ။ ယင်းသည်လူ့အလိုဆန္ဒ သို့မဟုတ် ကြိုးပမ်းမှုမှပေါ်ထွက်မလာခဲ့ချေ။ ရထားစီးတော်မူရှင်သည် ဤအဖွဲ့အစည်းပေါ်ပေါက်လာအောင် ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်၏တန်ခိုးတော်ခံရလျက် သန့်ရှင်းသောကောင်းကင်တမန်များနောက်ခံထားသော ယေဟောဝါလူမျိုးသည် “အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်” ဟူသည့် ထူးခြားလှသောတိုးပွားမှုကို တွေ့ကြုံခဲ့ရလေသည်။—ဟေရှာယ ၆၀:၂၂။
၅ ၄,၀၀၀,၀၀၀ ကျော်သော ယေဟောဝါသက်သေများသည် ၂၁၂ နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြေညာလျက်ရှိသည်။ သူတို့သည် တိုက်နယ်များနှင့်ခရိုင်များအဖြစ်ဖွဲ့စည်းထားသော အသင်းတော်ပေါင်း ၆၃,၀၀၀ ကျော်တွင် အုပ်စုဖွဲ့ထားသည်။ ဌာနချုပ်အဖွဲ့အစည်း၏ဗဟိုအဖြစ် အုပ်ချုပ်ရေးအဖွဲ့ညွှန်ကြားမှုအောက်၌ ဌာနခွဲရုံးများနှင့် ပုံနှိပ်လုပ်ငန်းများ ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိသည်။ လူတစ်ဦးပမာ၊ အားလုံးသည်ရှေ့သို့တိုးနေပြီး သတင်းကောင်းကိုဟောပြောနေကာ၊ တုံ့ပြန်သူများကိုပညာပေးလျက် စည်းဝေးရာနေရာများကို ဆောက်လုပ်လျက်နေကြသည်။ မှန်ပါသည်၊ ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းသည် ကောင်းကင်ရထားတော်နှင့်ယင်း၏စီးနင်းသူနှင့်အတူ အမီလိုက်လျက်ရှိသည်။
၆။ ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းနှင့်အတူ အမီလိုက်ရာတွင် ဘာပါဝင်သနည်း။
၆ အသင်သည်ယေဟောဝါသက်သေတစ်ဦးဖြစ်လျှင် ဘုရားသခင်၏မျက်မြင်ရအဖွဲ့အစည်းနှင့်အတူ အမီလိုက်နေပါသလော။ လိုက်နေသည်ဆိုရာ၌ ခရစ်ယာန်စည်းဝေးများကိုတက်နေခြင်းနှင့် အမှုဆောင်ရာတွင်ပါဝင်ရုံဖြစ်သာမဟုတ်ချေ။ အဓိကအားဖြင့်၊ အမီလိုက်ခြင်းဟုဆိုရာ၌ တိုးတက်ခြင်း၊ ဝိညာဏတိုးပွားမှုနှင့် သက်ဆိုင်သည်။ ထိုတွင်အပြုသဘောအမြင်ရှိခြင်း၊ ဦးစားပေးရမည့်အရာများကို လျောက်ပတ်စွာထားရှိခြင်းနှင့် ရင်ပေါင်တန်းနေခြင်း ပါဝင်သည်။ ကျွန်ုပ်တို့သည်ယေဟောဝါ၏ကောင်းကင်ရထားနှင့် အမီလိုက်နေလျှင် ကျွန်ုပ်တို့၏အသက်တာသည် ကျွန်ုပ်တို့ကြေညာသော သတင်းတော်နှင့်ညီညွတ်နေသည်။
၇။ ဘုရားရှင်၏ပရောဖက်အနေနှင့် ယေဇကျေလ၏အပြုအမူကို အဘယ်ကြောင့်သုံးသပ်ရသနည်း။
၇ အမီလိုက်သည့်ကိစ္စတွင်၊ ယေဟောဝါ၏မျက်မှောက်ခေတ် ကျေးကျွန်များသည် ယေဇကျေလ၏ပုံသက်သေမှ များစွာသင်ယူနိုင်သည်။ ပရောဖက်အဖြစ် ယေဟောဝါအထူးခန့်အပ်သော်လည်း ယေဇကျေလသည် ခံစားချက်၊ စိုးရိမ်စိတ်နှင့် လိုအပ်ချက်များရှိနေတုံးပင်။ ဥပမာ၊ ငယ်ရွယ်သူအိမ်ထောင်ရှင်တစ်ဦးအနေနှင့် သူ၏မယားသေဆုံးခြင်းကြောင့်ကြေကွဲမှု ခံစားခဲ့ရသည်။ သို့ပင်ငြားလည်း၊ ယေဟောဝါ၏ပရောဖက်တစ်ဦးအနေနှင့် မိမိ၏တာဝန်ကိုတစ်ခါမျှ မျက်ခြေမပြတ်ခဲ့ချေ။ အခြားကိစ္စရပ်များတွင်လည်း ယေဇကျေလကိုယ်နှိုက်မည်သို့ပြုပုံကို သုံးသပ်ခြင်းဖြင့် ဘုရားရှင်၏မျက်မြင်ရအဖွဲ့အစည်းနှင့်အတူအမီလိုက်ရန်အတွက် ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့ ခွန်အားရှိစေနိုင်သည်။ ယင်းကကျွန်ုပ်တို့အား၊ ကိုယ်တော်၏မျက်မြင်ရအဖွဲ့အစည်းနှင့်အတူ အမီလိုက်စေနိုင်ပေမည်။
တာဝန်ကိုလက်ခံ၍ပြီးမြောက်စေခြင်း
၈။ မိမိ၏တာဝန်နှင့်စပ်လျဉ်း၍ ယေဇကျေလသည် မည်သည့်ပုံသက်သေပြခဲ့သနည်း။
၈ ယေဇကျေလသည် သူ့အားတာဝန်ပေးအပ်ရာကိုလက်ခံပြီး ယင်းကိုပြီးမြောက်စေခြင်းတွင် ပုံသက်သေကောင်းတင်ပြခဲ့သည်။ သို့သော်၊ ယင်းကိုထမ်းဆောင်သွားနိုင်ရန် နာခံမှုနှင့်ရဲစွမ်းခွန်အားလိုအပ်သည်။ အကြောင်းမှာ၊ ကျွန်ုပ်တို့ဤသို့ဖတ်ရသောကြောင့်ဖြစ်သည်။ “အချင်းလူသား၊ သင်သည်ဆူးပင်အမျိုးမျိုးနှင့်တွေ့၍၊ ကင်းမြီးကောက်တို့တွင်နေရသော်လည်း သူတို့ကိုမကြောက်နှင့်။ သူတို့စကားကိုလည်းမကြောက်နှင့်။ သူတို့သည်ပုန်ကန်တတ်သောအမျိုးဖြစ်၍၊ သူတို့စကားကိုမကြောက်နှင့်။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။ သူတို့သည်အလွန်ပုန်ကန်တတ်သော သဘောရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ ငါ့စကားကိုသူတို့အားဟောပြောရမည်။ အချင်းလူသား၊ ငါပြောသောစကားကို နားထောင်လော့။ ထိုပုန်ကန်တတ်သောအမျိုးကဲ့သို့ ပုန်ကန်သောသဘောမရှိနှင့်။”—ယေဇကျေလ ၂:၆-၈။
၉။ ဘာကိုပြုလုပ်မှသာလျှင် ယေဇကျေလသည် သွေးပြစ်သင့်ခြင်းမှ ကင်းလွတ်မည်နည်း။
၉ ယေဇကျေလသည်အလေးမမူ သို့မဟုတ် ကြောက်ရွံ့နေရန်မဟုတ်။ သူ၏တာဝန်ကိုထမ်းဆောင်ရန် အဆက်မပြတ်လှုံ့ဆော်ဖို့လည်းမလိုအပ်ခဲ့ချေ။ သူသည် ယေဟောဝါ၏နှုတ်ကပတ်တော်ကို စိတ်ပါကိုယ်လျောက်၊ ရဲရင့်စွာပြောဆိုခြင်းဖြင့်သာလျှင် သွေးပြစ်သင့်ခြင်းမှ ကင်းလွတ်ပေမည်။ ယေဇကျေလအား “သင်သည်လူဆိုးကိုသတိပေးလျက်နှင့် သူသည်မိမိပြုသောဒုစရိုက်ကိုလည်းကောင်း၊ မိမိလိုက်သောအဓမ္မလမ်းကိုလည်းကောင်း မရှောင်ဘဲနေလျှင်၊ မိမိအပြစ်၌သေလိမ့်မည်။ သင်မူကား၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နှုတ်လေပြီ” ဟုမိန့်ဆိုခဲ့သည်။—ယေဇကျေလ ၃:၁၉။
၁၀။ ယေဇကျေလအတန်းအစားသည် ပရောဖက်ကဲ့သို့ဖြစ်ကြောင်း မည်သို့တင်ပြသနည်း။
၁၀ ယေဇကျေလကိစ္စတွင်ကဲ့သို့၊ ဘိသိက်ခံယေဇကျေလအတန်းအစားသည် သူတို့၏ဘုရားပေးတာဝန်ကို လက်ခံခဲ့ပြီး ထမ်းရွက်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏သက်သေများဖြစ်လျှင် ကျွန်ုပ်တို့၏အသက်နှင့် အခြားသူများ၏အသက်သည် ကျွန်ုပ်တို့၏နာခံမှုအပေါ်မူတည်ကြောင်း သတိရသင့်သည်။ (၁တိမောသေ ၄:၁၅၊ ၁၆) သက်သေခံတစ်ဦးစီသည် ယေဟောဝါအဖွဲ့အစည်းနှင့်အတူ အမီလိုက်နေရန်လိုအပ်သည်။ ဘုရားရှင်သည်ကျွန်ုပ်တို့အား ကိုယ်တော်၏ရထားတော်တွင် ချည်နှောင်ပြီး ဒယဉ့်တိုက်ဆွဲသွားမည်မဟုတ်ချေ။ အလေးမမူခြင်းနှင့်နှလုံးအကြွင်းမဲ့မဟုတ်လျှင် ရထားစီးတော်မူရှင်ကို ရှုတ်ချရာရောက်သည်။ ထို့ကြောင့်ဘုရားသခင့်ရေးရာကို ကျွန်ုပ်တို့အသက်တာ၏ ဗဟိုချက်၌ထားရန် ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းက တိုက်တွန်းလေသည်။ ထိုသို့သောတိုက်တွန်းချက်ကို ညီညွတ်စွာတုံ့ပြန်ခြင်းဖြင့် ကျွန်ုပ်တို့၏ခြေလှမ်းများကို ဘုရားရှင်၏အဖွဲ့အစည်းနှင့်အတူ အမီလိုက်စေပြီး၊ ကျွန်ုပ်တို့၏မြင့်မြတ်သောလုပ်ငန်းတော်ကို စက်ကဲ့သို့လုပ်ရိုးလုပ်စဉ်ပုံစံ ထက်သာလွန်စေသည်။ အမှန်ပင်၊ ယေဟောဝါ၏လူမျိုးတစ်ခုလုံးအနေနှင့် ထူးခြားလှစွာ ဆက်ကပ်လုပ်ဆောင်မှုကို တင်ပြခဲ့သည်။ ကျွန်ုပ်တို့တစ်ဦးစီ၏တာဝန်သည် အမီလိုက်နေဖို့ဖြစ်သည်။
ဘုရားနှုတ်ကပတ်တော်ကို နှလုံးသွင်းခြင်း
၁၁။ ဘုရားနှုတ်ကပါဌ်တော်နှင့်စပ်လျဉ်း၍ ယေဇကျေလသည် မည်သည့်ပုံသက်သေ ထားခဲ့သနည်း။
၁၁ ယေဇကျေလသည် ဘုရားနှုတ်ကပါဌ်တော်ကို နှလုံးထဲသွင်းခြင်းဖြင့်လည်း ပုံသက်သေကောင်းကိုတင်ပြခဲ့သည်။ အမိန့်တော်အရ၊ ဘုရား-ပေးစာလိပ် သို့မဟုတ် ကျမ်းလိပ်ကိုစားခဲ့သည်။ “ပါးစပ်၌ပျားရည်ကဲ့သို့ချို၏” ဟုယေဇကျေလဆိုသည်။ စာလိပ်သည် “ငိုကြွေးမြည်တမ်းခြင်းအချက်၊ စိတ်မသာညည်းတွားခြင်းအချက်၊ အမင်္ဂလာအချက်များ” နှင့်ပြည့်နေသော်လည်း ယေဇကျေလအတွက် ချိုလေသည်။ အကြောင်းမှာ၊ ယေဟောဝါကိုကိုယ်စားပြုရသောဂုဏ်ကို သူလေးမြတ်သောကြောင့်ဖြစ်သည်။ ပရောဖက်အတွက် သူ့အားဘုရား-ပေးတာဝန်ကိုထမ်းဆောင်ရခြင်းသည် ချိုသောအတွေ့အကြုံဖြစ်ခဲ့သည်။ ဘုရားရှင်ကသူ့အား “အချင်းလူသား၊ သင့်အားငါပြောလတံ့သမျှသော စကားတို့ကိုနားထောင်၍ နှလုံးသွင်းလော့” ဟုမိန့်ဆို၏။ (ယေဇကျေလ ၂:၉–၃:၃၊ ၁၀) ထိုရူပါရုံများသည် ယေဇကျေလအားပါဝင်လုပ်ဆောင်ရန် ဘုရားဘာကိုခွင့်ပြုထားသည်ကို အထူးသတိပြုစေပြီး ယေဟောဝါနှင့်သူ၏ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေသည်။
၁၂။ ယေဇကျေလသည် ပရောဖက်ပြုချက်ဆိုင်ရာ အမှုဆောင်ခြင်းအနှစ် ၂၀ ကျော်အတွင်း ဘာပြုလုပ်ခဲ့သနည်း။
၁၂ ယေဇကျေလကို ရည်ရွယ်ချက်နှင့်ပရိသတ်အမျိုးမျိုးအတွက် ရူပါရုံများနှင့်သတင်းများပေးခဲ့သည်။ သူ့အနေနှင့်အသေအချာနားထောင်ပြီးနောက် ညွှန်ကြားသည့်အတိုင်းပြောဆို၊ လုပ်ဆောင်ရန်ဖြစ်သည်။ ပရောဖက်ပြုချက်ဆိုင်ရာ အမှုဆောင်ခြင်း ၂၂ နှစ်အတွင်း အကြောင်းသစ်များနှင့် လုပ်ငန်းစဉ်များကို အဆင့်ဆင့်သူ့အားဖော်ပြသွားသည်။ အချို့အချိန်များတွင် ယေဇကျေလသည် အထူးတည့်တည့်ရည်ညွှန်းသော သတင်းကိုပြောဆိုရသည်။ အချို့အချိန်များတွင်၊ ယေရုရှလင်ကိုပုံတင်သော အုတ်ပြားရှေ့တွင် လဲလျောင်းခြင်းဖြင့် အသံတိတ်သရုပ်ပြသခဲ့သည်။ (ယေဇကျေလ ၄:၁-၈) ကိုယ်ရေးကိုယ်တာကိစ္စတွင် သူ၏ဇနီးသေဆုံးခဲ့စဉ် သူ၏တုံ့ပြန်ပုံမျိုးဖြစ်သော သူ့ပုံဥပမာတွင်လည်း သတင်းပါဝင်သည်။ (ယေဇကျေလ ၂၄:၁၅-၁၉) လက်ရှိဖြစ်နေသည်နှင့်ကိုက်ညီသည့်သတင်းကို သူ့အနေနှင့်အစဉ်ဟောပြောရပြီး၊ ကိုက်ညီသောအချိန်တွင် ကိုက်ညီသောလုပ်ရပ်ကို လုပ်ဆောင်ရသည်။ ယေဇကျေလသည် ယေဟောဝါနှင့်အတူ အနီးကပ် တိုးတက်နေသောဆက်ဆံရေးလုပ်ဆောင်မှု အခြေအနေတွင်ရှိနေလေသည်။
၁၃။ ကျွန်ုပ်တို့သည်ယေဟောဝါနှင့် မည်သို့အနီးကပ်ဆက်ဆံရေးကို တည်ဆောက်နိုင်သနည်း။
၁၃ အလားတူပင်၊ ယေဟောဝါ၏လုပ်ဖော်ချင်းအဖြစ် ကိုယ်တော်နှင့်အနီးကပ်ဆက်ဆံရေးကို တည်ဆောက်၊ မွေးမြူနိုင်ရန် ကျွန်ုပ်တို့သည်ဘုရားနှုတ်ကပါဌ်တော်ကို နှလုံးသွင်းရမည်။ (၁ ကောရိန္သု ၃:၉) ဤတွင်ဘုရားရှင်၏မျက်မြင်ရအဖွဲ့အစည်းနှင့်အတူ အမီလိုက်ရာတွင် အချိန်တန်ပေးနေသော စီးဆင်းနေသည့် ဝိညာဏအစာနှင့်အညီ ကျွန်ုပ်တို့အမီလိုက်နေရန်လိုအပ်လေသည်။ (မဿဲ ၂၄:၄၅-၄၇) “စင်ကြယ်သောဘာသာစကား” သည်အဆက်မပြတ် တိုးချဲ့လျက်ရှိသည်။ (ဇေဖနိ ၃:၉) ကျွန်ုပ်တို့သည်အမီလိုက်နေမှသာလျှင် ရထားစီးတော်မူရှင်၏ ညွှန်ကြားမှုကို အမှန်ပင်နာခံလျက်တုံ့ပြန်နိုင်ပေမည်။
၁၄၊ ၁၅။ ဘုရားအဖွဲ့အစည်းကချမှတ်သည်အတိုင်း အမီလိုက်ရန် မည်သည့်လုပ်ရိုးလုပ်စဉ်ပုံစံ လိုအပ်သနည်း။
၁၄ ထို့ကြောင့်၊ ကျွန်ုပ်တို့သည်ကိုယ်ပိုင်ဆုတောင်းခြင်း၊ ကိုယ်ပိုင်လေ့လာခြင်းနှင့် သတင်းကောင်း၏သန့်ရှင်းသောအမှုတော်တွင် ပါဝင်ခြင်းအတွက် ကောင်းသောလုပ်ရိုးလုပ်စဉ်ပုံစံ ရှိသင့်သည်။ (ရောမ ၁၅:၁၆) ဘုရားသခင်သတင်းတော်ပါဝင်သော စာလိပ်ကိုစားသော ယေဇကျေလ၏ပုံသက်သေကို သတိရပါ။ ယေဇကျေလသည် အချို့အဝက်ကိုသာမဟုတ်ဘဲ စာလိပ်တစ်ခုလုံးကိုစားခဲ့သည်။ သူသည်ကိုယ်ပိုင်အကြိုက်တွေ့သည့် အပိုင်းအစလောက်သာ ကောက်ယူ၊ ရွေးချယ်ခြင်းမပြုခဲ့ချေ။ အလားတူပင်၊ သမ္မာကျမ်းစာနှင့်ခရစ်ယာန်စာပေများအပေါ် ကျွန်ုပ်တို့၏ကိုယ်ပိုင်လေ့လာခြင်းသည် ဝိညာဏအစာစီးဆင်းခြင်းနှင့်အတူ အမီလိုက်နေရန် နည်းလမ်းတကျသတ်မှတ်ထားရမည်။ ကျွန်ုပ်တို့သည် ပိုမိုနက်နဲသောသမ္မာတရားများအပါအဝင် စားပွဲပေါ်တွင်တင်ထားသမျှကို သုံးဆောင်သင့်သည်။
၁၅ ကျွန်ုပ်တို့သည်ကြေခဲသောအစာကို သဘောပေါက်နိုင်ရန် ဆုတောင်းလျက်ကြိုးပမ်းပါသလော။ အမီလိုက်ရာတွင် ကျွန်ုပ်တို့၏အသိပညာနှင့် နားလည်မှုသည် မူလအခြေခံအကြောင်းများထက် ပိုမိုတိုးတက်သွားရန်လိုအပ်လေသည်။ အကြောင်းမှာ၊ “နို့ကိုသာသုံးဆောင်သောသူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရား၌ လေ့လာခြင်းမရှိ။ ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သော ဉာဏ်ပေးတတ်သော၊ အကြားအမြင်အတွေ့အစမ်းများသော သူတည်းဟူသော စုံလင်သောအရွယ်ရှိသော သူတို့မူကား၊ ကြေခဲသောအစာအာဟာရကို သုံးဆောင်ရကြ၏။” (ဟေဗြဲ ၅:၁၃၊ ၁၄) မှန်ပါသည်၊ အဖွဲ့အစည်းချမှတ်သည်ကို အမီလိုက်ရန် ဝိညာဏတိုးတက်ရေးအတွက် လုပ်ဆောင်နေခြင်းသည် အရေးကြီးသောကဏ္ဍဖြစ်လေသည်။
ဂရုမစိုက်ခြင်းကြောင့် ဟန့်တားမှုမဖြစ်
၁၆၊ ၁၇။ ယေဇကျေလသည် ဂရုမစိုက်ခြင်း၊ ကဲ့ရဲ့ခြင်းနှင့် တုံ့ပြန်မှုမရှိခြင်းကို မည်သို့ရင်ဆိုင်ခဲ့သနည်း။
၁၆ ယေဇကျေလသည် နာခံမှုပြခြင်းနှင့် ဂရုမစိုက်ခြင်း သို့မဟုတ် ကဲ့ရဲ့ခြင်းတို့ကြောင့်သူ့အားဟန့်တားမှု မဖြစ်စေခဲ့ခြင်းတွင်လည်း ပုံသက်သေပြခဲ့သည်။ အလားတူပင်၊ စင်ကြယ်သောဘာသာစကား တိုးပွားခြင်းနှင့်အညီ အမီလိုက်ခြင်းဖြင့်လည်း တော်ဝင်ရထားစီးတော်မူရှင် သွားရာဘက်သို့ တညီတည်းဖြစ်နေမည်။ သို့ဖြင့်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏အမိန့်ကို တုံ့ပြန်ရန်အသင့်ဖြစ်နေပြီး၊ ယေဟောဝါ၏တရားစီရင်ခြင်းသတင်းကို ကျွန်ုပ်တို့ဟောပြောသောသူတို့၏ ဂရုမစိုက်ခြင်း (သို့မဟုတ်) ကဲ့ရဲ့ခြင်းတို့ကြောင့် ဟန့်တားမှုမဖြစ်စေရန် ခွန်အားရှိစေမည်။ အချို့သူများသည် အလွန်ဆန့်ကျင်ကြမည်ဖြစ်ပြီး ခေါင်းမာ၍နှလုံးခိုင်မာမည့်အကြောင်း ဘုရားရှင်သည် ကျွန်ုပ်တို့အားယေဇကျေလကဲ့သို့ ကြိုဤသတိပေးပြီးဖြစ်သည်။ အချို့သည် ယေဟောဝါကိုနားမထောင်လိုသောကြောင့် မကြားနာလိုကြချေ။ (ယေဇကျေလ ၃:၇-၉) အချို့မူ၊ ယေဇကျေလ ၃၃:၃၁၊ ၃၂ တွင်ဖော်ပြထားသည့်အတိုင်း ဟန်ဆောင်သူများဖြစ်မည်။ “ငါ၏လူကဲ့သို့ သင်တို့ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက် သင်၏စကားကိုကြားသော်လည်း နားမထောင်ဘဲနေကြ၏။ အလွန်ချစ်ဖွယ်သောလက္ခဏာကို နှုတ်နှင့်ပြသော်လည်း စိတ်နှလုံးမူကား လောကီဥစ္စာကို စွဲလမ်းလျက်ရှိ၏။ သင်၏စကားသည် ကောင်းမွန်စွာတီး၍ သာယာသောအသံနှင့်ပြည့်စုံသောသူဆိုသော နှစ်သက်ဖွယ်သောသီချင်းကဲ့သို့ သူတို့၌ဖြစ်၍ သူတို့သည်ကြားရသော်လည်း နားမထောင်တတ်ကြ။”
၁၇ ရလဒ်ကားမည်သို့နည်း။ အခန်းငယ် ၃၃ ကထပ်ဆင့်လိုက်သည်။ “သို့ရာတွင်၊ အမှုရောက်လိမ့်မည်။ အမှုရောက်သောအခါ သူတို့တွင်ပရောဖက်ရှိဖူးသည်ကို သူတို့သိရကြလိမ့်မည်။” ယင်းစကားများက ယေဇကျေလသည် လူတို့၏တုံ့ပြန်မှုမရသော်လည်း လက်မလျှော့ခဲ့ကြောင်း ပြသသည်။ အခြားသူများ၏ ဂရုမစိုက်ခြင်းက သူ့အားဥပေက္ခာပြုသူတစ်ဦး မဖြစ်စေခဲ့ချေ။ လူများနားထောင်သည်ဖြစ်စေ၊ မထောင်သည်ဖြစ်စေ သူသည်ဘုရားရှင်အားနာခံခဲ့ပြီး မိမိ၏တာဝန်ကိုထမ်းဆောင်ခဲ့သည်။
၁၈။ သင့်ကိုယ်ကိုသင်မည်သို့သော မေးခွန်းများမေးသင့်သနည်း။
၁၈ လူသားအားလုံးသည် ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်အားချီးမွမ်းသင့်ကြောင်း ကြေညာခြင်းကို ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းသည် ယခုအရှိန်အဟုန်တိုးမြှင့်လျက်ရှိသည်။ သင်သည် ဘုရားသခင့်နိုင်ငံတော်သက်သေခံခြင်းတွင် ရဲရင့်စွာရပ်တည်ခြင်းနှင့် သင်၏အသက်တာတွင် စာရိတ္တသန့်ရှင်းခြင်းကြောင့် အပြစ်တင်ခံရသောအခါ သင်စွဲမြဲပါသလော။ သင်သည်သွေးကိုလက်မခံသောကြောင့်၊ တိုင်းနိုင်ငံအထိမ်းအမှတ်များကို ဝတ်မပြုသောကြောင့်၊ လောကီပွဲနေ့များကို မကျင်းပသောကြောင့် ဖိအားပေးခံရသည့်ပစ်မှတ်ဖြစ်သောအခါ သင်သည်ခိုင်မြဲစွာရပ်တည်ပါသလော။—မဿဲ ၅:၁၁၊ ၁၂။ ၁ ပေတရု ၄:၄၊ ၅။
၁၉။ သွားရာလမ်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည်ယေဟောဝါ၏ ကောင်းကင်ရထားတော်နှင့်အတူ အမီလိုက်နေလျှင် ကျွန်ုပ်တို့ဘာပြုမည်နည်း။
၁၉ ထိုလမ်းစဉ်သည် လွယ်ကူသည်တော့မဟုတ်ပါ။ သို့သော်အဆုံးတိုင်အောင် တည်ကြည်သူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ (မဿဲ ၂၄:၁၃) ယေဟောဝါအကူအညီဖြင့် ကျွန်ုပ်တို့အားလောကသားများသည် သူတို့နှင့်တူအောင်၊ သို့ဖြင့်ယေဟောဝါ၏ကောင်းကင်ရထားတော်နှင့်အတူအမီလိုက်ခြင်းမှ လမ်းလွဲစေခြင်းကို ကျွန်ုပ်တို့ခွင့်မပြုရချေ။ (ယေဇကျေလ ၂:၈။ ရောမ ၁၂:၂၁) ကျွန်ုပ်တို့သည် ရထားကဲ့သို့သော ကောင်းကင်တမန်အဖွဲ့အစည်းနှင့်အတူ အမီလိုက်နေလျှင် ဘုရားရှင်၏မျက်မြင်ရအဖွဲ့အစည်းမှတစ်ဆင့်လာသော လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များကို ချက်ချင်းပင်လိုက်နာမည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအပေါ် တိုက်ခိုက်မှုကိုရင်ဆိုင်ရန်၊ အသက်နှုတ်ကပါဌ်တော်အပေါ် စွဲကိုင်ထားရန်နှင့် ကောင်းကင်ရထား၏ တော်ဝင်စီးတော်မူရှင်အပေါ် ဗဟိုပြုထားသော ဝိညာဏဖြစ်ရပ်မှန်များတွင် ကျွန်ုပ်တို့အာရုံစိုက်နေရန် လိုအပ်ရာများကို ယေဟောဝါရှင်ပေးတော်မူ၏။
အမီလိုက်ရန် လှုံ့ဆော်ခံရခြင်း
၂၀။ အမီလိုက်နေရန် ကျွန်ုပ်တို့အားလှုံ့ဆော်သင့်သော မည်သည့်အရာအချို့ကို ယေဇကျေလမှတ်တမ်းတင်ခဲ့သနည်း။
၂၀ ယေဇကျေလရူပါရုံက ကျွန်ုပ်တို့အားအမီလိုက်နေရန် လှုံ့ဆော်သင့်သည်။ ကိုယ်တော်သည် ဣသရေလအပေါ် ဘုရားရှင်၏တရားစီရင်ခြင်းကို ကြေညာရုံသာမကဘဲ တည်ဆောက်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်များကိုလည်း မှတ်တမ်းတင်ထားသည်။ ယေဇကျေလက ယေဟောဝါ၏ပလ္လင်တော်တွင် သတ်မှတ်ထားသောအချိန်၌ တရားဝင်အုပ်ချုပ်ပိုင်ခွင့်ရှိသူကိုလည်း ညွှန်ပြထားသည်။ (ယေဇကျေလ ၂၁:၂၇) တော်ဝင်ကျေးကျွန်၊ “ဒါဝိဒ်” သည် ဘုရားရှင်၏လူများကို ပြန်လည်စုသိမ်းမည်ဖြစ်ပြီး သူတို့ကိုထိန်းကျောင်းမည်။ (ယေဇကျေလ ၃၄:၂၃၊ ၂၄) သူတို့သည်မာဂေါဂပြည်သား ဂေါဂ၏တိုက်ခိုက်ခံရမည်ဖြစ်သော်လည်း ဘုရားရှင်သည်သူတို့ကို ကယ်လွှတ်မည်။ ကိုယ်တော်၏ရန်သူများသည် ဖျက်ဆီးခြင်းခံရစဉ် မသိလိုသော်လည်း ‘ယေဟောဝါကိုသိရကြလိမ့်မည်။’ (ယေဇကျေလ ၃၈:၈-၁၂၊ ၃၉:၄၊ ၇၊ NW) သို့နှင့်ဘုရားရှင်၏ကျေးကျွန်များသည် ဝိညာဏဗိမာန်တစ်ခုပါဝင်နေသော စင်ကြယ်သောဝတ်ပြုရေးစနစ်တွင် မကုန်ဆုံးနိုင်သောအသက်တာကို ခံစားရပါလိမ့်မည်။ သန့်ရှင်းရာဌာနထဲမှထွက်သော အသက်ရေသည် အာဟာရနှင့်ကုသရာ ပင်ရင်းဖြစ်မည်ဖြစ်ပြီး သူတို့၏ကောင်းချီးမင်္ဂလာအတွက် အမွေမြေကို ပေးဝေလိမ့်မည်။—ယေဇကျေလ ၄၀:၂။ ၄၇:၉၊ ၁၂၊ ၂၁။
၂၁။ မျက်မှောက်ခေတ် သက်သေခံများ၏ကဏ္ဍသည် ယေဇကျေလ၏ကဏ္ဍထက် အဘယ်ကြောင့်သာ၍ကြီးသနည်း။
၂၁ ယေဇကျေလသည် ထိုပရောဖက်ပြုချက်များကို မှတ်တမ်းတင်သောအခါ မည်မျှရင်သပ်ရှုမောခဲ့ပါမည်တကား။ သို့ပင်ငြားလည်း၊ ယေဟောဝါ၏မျက်မှောက်ခေတ် သက်သေခံများ၏ကဏ္ဍသည် ပိုမိုကြီးမားလေသည်။ ကျွန်ုပ်တို့သည် ထိုပရောဖက်ပြုချက်အချို့ပြည့်စုံနေစဉ် အသက်ရှင်နေကြသည်။ အမှန်တွင်၊ ကျွန်ုပ်တို့သည် အချို့ပြည့်စုံချက်များတွင် တက်ကြွစွာပါဝင်နေသူများဖြစ်သည်။ ကျွန်ုပ်တို့အသက်ရှင်ပုံအားဖြင့် ယခုယေရှုသည် တရားဝင်အုပ်စိုးပိုင်ခွင့်ရှိသူအဖြစ် အုပ်စိုးနေကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချသည်ကို တစ်ဦးစီအနေနှင့် ပြသနေကြပါသလော။ ယေဟောဝါရှင်သည်မကြာမီ မိမိကိုယ်ကိုသန့်စင်စေပြီး ကိုယ်တော်၏အဖွဲ့အစည်းနှင့်အတူအမီလိုက်နေသူများကို မိမိ၏ကမ္ဘာသစ်ထဲသို့ ကယ်လွှတ်တော်မူမည်။ (၂ ပေတရု ၃:၁၃) ယုံကြည်ခြင်းလုပ်ရပ်များပါဝင်လျက် ထိုသို့သောယုံကြည်စိတ်ချမှုက ကျွန်ုပ်တို့သည်အမှန်ပင် ယေဟောဝါ၏ကောင်းကင်ရထားတော်နှင့်အတူ အမီလိုက်နေကြောင်း ပြသသည်။
ဆက်လက်၍အမီလိုက်လော့
၂၂။ ရှင်းလင်းသောဝိညာဏအမြင်ကို ထိန်းသိမ်းထားရန် အာရုံလွဲပြောင်းသွားခြင်းကိုရှောင်ရန် ကျွန်ုပ်တို့မည်သို့ပြုလုပ်နိုင်သနည်း။
၂၂ ‘ထွန်ကိုင်းကိုကိုင်’ ထားပြီဖြစ်သောကြောင့် လောကကမ်းလှမ်းထားသော မည်သည့်အရာကိုမျှ တမ်းတလျက် နောက်သို့ပြန်လှည့်မကြည့်ရချေ။ (လုကာ ၉:၆၂။ ၁၇:၃၂။ တိတု ၂:၁၁-၁၃) ထို့ကြောင့်ကျွန်ုပ်တို့သည် မြေကြီးပေါ်တွင်ဘဏ္ဍာစုဆောင်းလိုသောစိတ်ကို ဆီးတားပြီး၊ ကျွန်ုပ်တို့၏မျက်စိကို ရိုးရှင်းစွာထားကာ ဘုရားသခင့်နိုင်ငံတော်အပေါ် အာရုံစိုက်ကြပါစို့။ (မဿဲ ၆:၁၉-၂၂၊ ၃၃) ကျွန်ုပ်တို့အသက်တာကို ရိုးရှင်းစွာထားခြင်း၊ ဖြစ်နိုင်သည့်အခါတိုင်း လောကဆိုင်ရာဝန်များကို စွန့်ပစ်ခြင်းဖြင့် ကျွန်ုပ်တို့အားယေဟောဝါ၏အဖွဲ့အစည်းနှင့်အတူ အမီလိုက်နေရန် အကူအညီဖြစ်စေမည်။ (ဟေဗြဲ ၁၂:၁-၃) အာရုံပြောင်းလွဲသွားခြင်းသည် ကျွန်ုပ်တို့၏ကောင်းကင်ရထားတော်နှင့် ယင်း၏စီးတော်မူရှင် ရူပါရုံကိုမှေးမှိန်သွားစေနိုင်သည်။ သို့သော်ကိုယ်တော်၏အကူအညီဖြင့် ကျွန်ုပ်တို့သည် ယေဇကျေလကဲ့သို့ ရှင်းလင်းသောဝိညာဏအမြင်ကို ထိန်းသိမ်းထားနိုင်သည်။
၂၃။ သစ္စာရှိသက်သေခံများသည် လူသစ်များအတွက် ဘာပြုလုပ်ရန်လိုအပ်သနည်း။
၂၃ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့၏တာဝန်တစ်စိတ်တစ်ဒေသတွင် များစွာသောလူသစ်များကို ကိုယ်တော်၏ကောင်းကင်ရထားတော်နှင့်အတူ အမီလိုက်ရန် ကူညီပေးခြင်းပါဝင်သည်။ ၁၉၉၀ တွင် ယေရှုခရစ်သေခြင်း၏အောက်မေ့ရာပွဲတော်တွင် ၁၀,၀၀၀,၀၀၀ နီးပါးတက်ရောက်ခဲ့သည်။ ဤသူများထဲမှအများသည် ခရစ်ယာန်အစည်းအဝေးအနည်းငယ်ကို တက်နေမည်ဖြစ်သော်လည်း သူတို့သည်ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းနှင့်အတူ တိုးတက်နေရန်အရေးပြီးပုံကိုမြင်ရန် လိုအပ်လေသည်။ သစ္စာရှိသက်သေခံများအနေနှင့် ကျွန်ုပ်တို့ပြသသောစိတ်ဓာတ်နှင့် ကျွန်ုပ်တို့၏အားပေးမှုဖြင့် သူတို့အားကူညီပေးနိုင်သည်။
၂၄။ ဤအထွတ်အထိပ်အချိန်ပိုင်းများတွင် ကျွန်ုပ်တို့ဘာပြုလုပ်သင့်သနည်း။
၂၄ ယခုသည်အထွတ်အထိပ်ပိုင်း အချိန်များဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းမျက်စိဖြင့်၊ ကောင်းကင်ရထားတော် ကျွန်ုပ်တို့ရှေ့ရောက်ရှိလာသည်ကို တွေ့မြင်ရကြပြီ။ အပြီးသတ်တွင် ယေဟောဝါသည်မည်သူဖြစ်ကြောင်း သူတို့သိနိုင်ရန်အတွက် ရထားစီးတော်မူရှင်ဘုရင်သည် မိမိ၏မျက်မြင်ရအဖွဲ့အစည်းကို ဟောပြောရန်တာဝန်ပေးခဲ့သည်။ (ယေဇကျေလ ၃၉:၇) ယေဟောဝါ၏ကောင်းကင်ရထားတော်နှင့်အတူ အမီလိုက်ခြင်းဖြင့် ဘုရားရှင်၏အချုပ်အခြာကိုထင်ရှားစေခြင်းနှင့် ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို သန့်စင်စေခြင်းအခွင့်အရေးထူးကြီးတွင် အတတ်နိုင်ဆုံးပါဝင်ပါလေ။
သင်မည်သို့ဖြေဆိုမည်နည်း
▫ ယေဇကျေလသည် သူ၏တာဝန်နှင့်စပ်လျဉ်း၍ မည်သည့်ပုံသက်သေပြခဲ့သနည်း။
▫ ဘုရားရှင်အဖွဲ့အစည်းနှင့်အတူ အမီလိုက်ခြင်းသည် ဘာကိုဆိုလိုသနည်း။
▫ ယေဇကျေလသည် ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို မည်သို့ရှုမြင်သနည်း။
▫ ဂရုမစိုက်ခြင်းနှင့်ရင်ဆိုင်ရာတွင် ယေဇကျေလ၏ပုံသက်သေကို ကျွန်ုပ်တို့မည်သို့လိုက်လျှောက်နိုင်သနည်း။
▫ ကိုယ်တော်၏ကောင်းကင်ရထားနှင့်အတူ အမီလိုက်ရန် ယေဟောဝါ၏ကျေးကျွန်များအား ဘာကလှုံ့ဆော်သင့်သနည်း။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ယေဟောဝါ၏ကောင်းကင်ရထားတော်နှင့်အတူ အမီလိုက်နေရန် ဘာလိုအပ်သနည်း
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ယေဇကျေလသည် သူ၏ဘုရား-ပေး အခွင့်အရေးကို လေးမြတ်ခဲ့သည်။ အသင်ကော