ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၄၄ စာ. ၂၃၆-စာ. ၂၃၉ ပိုဒ်. ၅
  • မေးခွန်းများကို ထိရောက်စွာအသုံးပြုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းများကို ထိရောက်စွာအသုံးပြုခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွန်သင်မှုနည်းပညာကို တိုးတက်စေခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • မေးခွန်းများကို အသုံးပြုခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း​—ထိရောက်တဲ့ မေးခွန်းတွေ အသုံးပြုခြင်း
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ကြီးမြတ်သောဆရာကို တုပလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၄၄ စာ. ၂၃၆-စာ. ၂၃၉ ပိုဒ်. ၅

သင်ခန်းစာ ၄၄

မေးခွန်းများကို ထိရောက်စွာအသုံးပြုခြင်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

အလိုရှိသောအကျိုးရလဒ်တစ်ခုကို အထမြောက်စေမည့်နည်းဖြင့် မေးခွန်းများကိုအသုံးပြုပါ။ သင်၏ရည်မှန်းချက်မှာ နှုတ်ဖြင့်အဖြေပြန်ပေးရန် ဖြစ်ပေမည်; ယင်းသည် စိတ်ထဲမှတုံ့ပြန်ဖြေကြားဖို့ လှုံ့ဆော်ရန်ဖြစ်ပေမည်။ သင်မေးသည့်အရာနှင့်မေးပုံသည် မေးခွန်းများအသုံးပြုရာတွင် အောင်မြင်မှုမည်မျှရှိသည်ကို အဆုံးအဖြတ်ပေးမည်။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

ထိရောက်သောမေးခွန်းများသည် နားထောင်သူများအား ပတ်သက်လာစေရန် ကူညီပေးသည်။ ကောင်းစွာရွေးချယ်ထားသော မေးခွန်းများအတွက် ပေးလာသောအဖြေများသည် သွန်သင်ပေးသူတစ်ဦးအတွက် အဖိုးတန်အချက်အလက်ကိုလည်း ရရှိစေပေမည်။

မေးခွန်းများမေးသောအခါ—နှုတ်ဖြင့်ဖြစ်စေ၊ စိတ်နှင့်ဖြစ်စေ—တုံ့ပြန်ရန် လိုအပ်စေသောကြောင့် ယင်းတို့က သင့်နားထောင်သူများအား ပတ်သက်လာစေသည်။ မေးခွန်းများသည် စ၍စကားလက်ဆုံပြောဆိုနိုင်ရန်နှင့် လှုံ့ဆော်မှုပေးသော အယူအဆများဖလှယ်ရန် သင့်အားကူညီပေးနိုင်သည်။ ဟောပြောသူနှင့်သွန်သင်သူတစ်ဦးအနေနှင့် သင်သည် စိတ်ဝင်စားမှုကိုနှိုးဆွရန်၊ တစ်ဦးတစ်ယောက်အား အကြောင်းအရာတစ်ခုကို ကျိုးကြောင်းဆင်ခြင်ကြည့်စေရန် သို့မဟုတ် သင်ပြောဆိုရာကို ထပ်ဆင့်အလေးအနက်ပြုရန် မေးခွန်းများကို အသုံးပြုပေမည်။ မေးခွန်းများကို သင်ကောင်းစွာအသုံးပြုသည့်အခါ အခြားသူများအား တုံ့ပြန်မှုကင်းမဲ့စွာ နားထောင်စေမည့်အစား နိုးကြားစွာစဉ်းစားဆင်ခြင်စေသည်။ စိတ်ထဲ၌ပန်းတိုင်တစ်ခုထားရှိပြီး ယင်းကိုအထမြောက်စေမည့်နည်းဖြင့် မေးခွန်းများမေးပါ။

စကားလက်ဆုံပြောဆိုရန်အားပေးခြင်း။ လယ်ကွင်းဓမ္မအမှု၌ သင်ပါဝင်သည့်အခါ လူတို့ဆန္ဒရှိမည်ဆိုလျှင် သူတို့ကိုယ်တိုင်သဘောထားထုတ်ဖော်လာဖို့ ဖိတ်ခေါ်ရန် အခွင့်အရေးများရှာယူပါ။

များစွာသောသက်သေခံတို့က “. . . ကို သင်စဉ်းစားကြည့်ဖူးသလား” ဟု မေးရုံမျှဖြင့် စိတ်ဝင်စားဖွယ် ဆွေးနွေးမှုများကို အစပြုကြသည်။ လူများစွာတို့၏စိတ်၌ အမှန်တကယ်ရှိသည့် မေးခွန်းတစ်ခုကို သူတို့ရွေးချယ်ကြသောအခါ လယ်ကွင်းဓမ္မအမှု၌ ပျော်မွေ့ဖွယ်အချိန်ဖြစ်မည်မှာ မလွဲသလောက်ဖြစ်ပေမည်။ မေးခွန်းသည် အခြားသူတစ်ဦး၏အတွေးအခေါ်နှင့် စိမ်းနေလျှင်ပင် ယင်းက သိလိုစိတ်ကို ဖြစ်ပေါ်လာစေမည်။ ကျယ်ပြန့်သောကိစ္စရပ်အဖုံဖုံကို “. . . ကို သင်ဘယ်လိုသဘောရသလဲ၊” “. . . ကို သင်ဘယ်လိုယူဆလဲ၊” နှင့် “. . . ကို သင်ယုံကြည်လက်ခံသလား” အစရှိသည့်အသုံးအနှုန်းများဖြင့် နိဒါန်းပျိုးနိုင်သည်။

ဧဝံဂေလိတရားဟောပြောသူ ဖိလိပ္ပုသည် ဟေရှာယပရောဖက်ပြုချက်ကို အသံကျယ်ကျယ်ဖတ်ရှုနေသော အဲသယောပိအမတ်တစ်ဦးကို ချဉ်းကပ်သည့်အခါ “ဖတ်သောအရာကို နားလည်ပါ၏လော” ဟုမေးခဲ့သည်။ (တ. ၈:၃၀) ဤမေးခွန်းသည် ယေရှုခရစ်နှင့်ပတ်သက်သည့်အမှန်တရားကို ရှင်းပြပေးရန် ဖိလိပ္ပုကိုလမ်းဖွင့်ပေးခဲ့သည်။ အလားတူမေးခွန်းအသုံးပြုလျက် မျက်မှောက်ခေတ်သက်သေခံအချို့သည် ကျမ်းစာအမှန်တရားကို ရှင်းလင်းစွာနားလည်ရန် အမှန်ဆန္ဒပြင်းပြသောလူတို့ကို တွေ့ရှိခဲ့ကြပြီ။

မိမိတို့ကိုယ်ပိုင်အမြင်များကို ထုတ်ပြောရန် သူတို့အား အခွင့်အရေးပေးလိုက်သောအခါ များစွာတို့သည် သင့်ကိုပို၍ နားထောင်ပေးလိုစိတ်ရှိလာတတ်သည်။ မေးခွန်းမေးပြီးနောက် အာရုံစိုက်ကာနားထောင်ပါ။ လူတစ်ဦး၏တုံ့ပြန်မှုကို အသိအမှတ်ပြုရာတွင် ဝေဖန်မည့်အစား ကြင်နာပါ။ ချီးမွမ်းစရာရှိပါက စိတ်ရင်းမှန်ဖြင့် ချီးမွမ်းစကားပြောပါ။ တစ်ခါက ကျမ်းတတ်တစ်ဦးသည် “ပညာသတိနှင့်ပြန်လျှောက်” ပြီးနောက် ယေရှုက “သင်သည် ဘုရားသခင်၏နိုင်ငံတော်နှင့်မဝေး” ဟုမိန့်တော်မူကာ ချီးမွမ်းတော်မူခဲ့သည်။ (မာ. ၁၂:၃၄) သင်သည် တစ်ဖက်သူနှင့်အမြင်မတူသည့်တိုင် ထုတ်ဖော်ပြောဆိုသည့်အတွက် သူ့အားကျေးဇူးတင်စကားဆိုနိုင်သည်။ သူပြောဆိုသည့်အရာက သူ့အား ကျမ်းစာသမ္မာတရားဝေမျှပေးရာတွင် ထည့်တွက်စဉ်းစားပေးဖို့လိုသည့် သဘောထားတစ်ရပ်ကို သင့်အား သတိပြုမိစေပေမည်။

အရေးကြီးသောယူဆချက်များကို ဖော်ပြရန်။ သင်သည်အုပ်စုတစ်စုကို ဟောပြောသည့်အခါ သို့မဟုတ် လူတစ်ဦးနှင့်စကားလက်ဆုံပြောဆိုနေသည့်အခါ အရေးကြီးသော ယူဆချက်များသို့ဦးတည်ပေးသည့် မေးခွန်းများကို ကြိုးစား၍အသုံးပြုပါ။ သင့်မေးခွန်းများသည် ပရိသတ်အမှန်ပင် စိတ်ဝင်စားသောအကြောင်းများဖြစ်ကြောင်း သေချာစေပါ။ လွယ်လွယ်နှင့်အဖြေမပေါ်သောကြောင့် သိလိုစိတ်ပြင်းပြစေသည့်မေးခွန်းများကိုလည်း သင်အသုံးပြုနိုင်ပေသည်။ မေးခွန်းတစ်ခုကို မေးပြီးသည့်နောက် ခေတ္တရပ်တန့်ပါက သင့်ပရိသတ်သည် ဆက်ဖော်ပြမည့်အကြောင်းကို ပို၍စိတ်ဝင်တစားနားစွင့်နေဖို့ရှိမည်။

တစ်ခါက ပရောဖက်မိက္ခာသည် မေးခွန်းများစွာအသုံးပြုခဲ့သည်။ ကိုယ်တော့်အားဝတ်ပြုသူတို့ထံမှ ဘုရားသခင်အဘယ်အရာမျှော်လင့်ကြောင်း မေးမြန်းပြီးနောက် မေးခွန်းတစ်ခုစီတွင် ဖြစ်နိုင်ခြေအဖြေတစ်ခုစီပါဝင်သည့် လေးခုထက်မကသောမေးခွန်းများကို ဖော်ပြပေးခဲ့သည်။ ထိုမေးခွန်းအားလုံးသည် စာရှုသူများအား ထိုးထွင်းသိမြင်စေသောအဖြေအတွက် ပြင်ဆင်ပေးပြီး ယင်းအဖြေများဖြင့် ထိုဆွေးနွေးမှုကဏ္ဍကို သူနိဂုံးချုပ်ခဲ့သည်။ (မိ. ၆:၆-၈) သွန်သင်သည့်အခါတွင် အလားတူ သင်ပြုလုပ်နိုင်ပါသလော။ ကြိုးစားကြည့်ပါ။

အကြောင်းအရာအပေါ်ကျိုးကြောင်းဆင်ခြင်ရန်။ အချေအတင်ပြောဆိုချက်တစ်ခု၏ ကျိုးကြောင်းဆင်ခြင်မှုရှိပုံကို အခြားသူများနားလည်စေရန် မေးခွန်းများကို အသုံးပြုနိုင်သည်။ ယေဟောဝါသည် အရေးကြီးသောကြေညာချက်တစ်ခုကို ဣသရေလလူတို့အား ပေးသောအခါ မာလခိ ၁:၂-၁၀ ၌ဖော်ပြထားသည့်အတိုင်း မိန့်တော်မူခဲ့၏။ ရှေးဦးစွာ ကိုယ်တော်က “သင်တို့ကိုငါချစ်လေပြီ” ဟုသူတို့အားမိန့်တော်မူခဲ့သည်။ ထိုမေတ္တာတော်ကို တန်ဖိုးထားလေးမြတ်ရန် သူတို့ပျက်ကွက်ခဲ့ကြသည်၊ ထို့ကြောင့် ကိုယ်တော်က “ဧသောသည် ယာကုပ်၏အစ်ကိုဖြစ်သည်မဟုတ်လော” ဟု မေးတော်မူလေသည်။ ထို့နောက် ယေဟောဝါသည် သူတို့၏ဆိုးညစ်မှုကြောင့် ထိုလူမျိုးကို ချစ်တော်မမူခဲ့ကြောင်း သောဒုံမြို့၏ လွင်တီးခေါင်အခြေအနေကို သာဓကအဖြစ် ဘုရားသခင်ထောက်ပြတော်မူခဲ့သည်။ မိမိ၏မေတ္တာတော်ကို လျောက်ပတ်စွာတုံ့ပြန်ဖို့ ဣသရေလလူမျိုးတို့၏ပျက်ကွက်မှုကို အလေးအနက်ပြုဖော်ပြရန် ကြားညှပ်မေးခွန်းများပါသော ပုံပမာများဖြင့် ကိုယ်တော်ထောက်ပြတော်မူခဲ့သည်။ အချို့သောမေးခွန်းများမှာ သစ္စာမဲ့သောယဇ်ပုရောဟိတ်များက မေးမြန်းနေသကဲ့သို့ သုံးနှုန်းခဲ့သည်။ အခြားသောမေးခွန်းများမှာ ယဇ်ပုရောဟိတ်များအား ယေဟောဝါမေးမြန်းတော်မူခဲ့သည့် မေးခွန်းများဖြစ်၏။ ဤအပြန်အလှန်ပြောဆိုမှုသည် စိတ်လှုပ်ရှားမှုများကို နှိုးဆွပေးပြီး ကျွန်ုပ်တို့၏အာရုံကိုဆွဲထားသည်; ကျိုးကြောင်းညီမှုကို မချေပနိုင်ပေ; သတင်းတရားကို မေ့၍မရနိုင်ပေ။

ဟောပြောသူတချို့သည် အလားတူပင် မေးခွန်းများကို ထိရောက်စွာအသုံးပြုကြသည်။ နှုတ်ဖြင့်တုံ့ပြန်ဖြေဆိုရန် မျှော်လင့်မည်မဟုတ်သော်လည်း ပရိသတ်သည် စိတ်ပိုင်းအရပါဝင်လာကြရာ အပြန်အလှန်ဝင်ပြောနေကြသကဲ့သို့ဖြစ်သည်။

ကျွန်ုပ်တို့သည် ကျမ်းစာသင်အံမှုများ ကျင်းပကြသောအခါ သင်သားဘက်မှပါဝင်ရန်လိုသည့်နည်းကို ကျွန်ုပ်တို့အသုံးပြုကြသည်။ သင်သားသည် ပုံနှိပ်စာသားအတိုင်း ရွတ်ပြရုံရွတ်ပြခြင်းမပြုလျှင်တော့ ပို၍အကျိုးဖြစ်ထွန်းသည်။ သင်သားနှင့်ကျိုးကြောင်းဆင်ခြင်ရန် ကြင်နာသောလေသံဖြင့် အရန်မေးခွန်းများကိုအသုံးပြုပါ။ သော့ချက်ယူဆရာများနှင့်ပတ်သက်၍ သမ္မာကျမ်းစာကို သူ့အဖြေအတွက် အခြေခံအဖြစ် အသုံးပြုဖို့ အားပေးပါ။ ဤသို့လည်းသင်မေးနိုင်ပါသည်– “အခုကျွန်တော်တို့ဆွေးနွေးနေတဲ့ဒီအချက်က ကျွန်တော်တို့လေ့လာပြီးခဲ့တဲ့ တခြားအချက်နဲ့ ဘယ်လိုချိတ်ဆက်နေပါသလဲ။ အဲဒါက ဘာကြောင့်အရေးကြီးသလဲ။ အဲဒါက ကျွန်တော်တို့ရဲ့အသက်တာအပေါ် ဘယ်လိုအကျိုးသက်ရောက်စေသင့်သလဲ။” ထိုကဲ့သို့သောနည်းလမ်းသည် သင့်ကိုယ်ပိုင်ခံယူချက်များကို ဖော်ပြခြင်း သို့မဟုတ် သင်ချည်း အကျယ်တဝင့်ရှင်းပြပေးခြင်းထက် ပို၍ထိရောက်ပေသည်။ ဤသို့ဖြင့် ဘုရားသခင်အားဝတ်ပြုဖို့ မိမိ၏ “ဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုရန် သင်သားအားအကူအညီပေးသည်။—ရော. ၁၂:၁၊ ကဘ။

သင်သားသည် တစ်စုံတစ်ရာသောယူဆချက်တစ်ခုကို သဘောမပေါက်ပါက စိတ်ရှည်ပါ။ နှစ်ပေါင်းများစွာ သူယုံကြည်လာခဲ့သည့်အရာကို သင်ပြောဆိုနေသည့်အရာနှင့် နှိုင်းယှဉ်ဖို့ သူကြိုးစားကောင်းကြိုးစားနေပေမည်။ အကြောင်းအရာကို ခြားနားသောရှုထောင့်မှချဉ်းကပ်ပါက အကူအညီဖြစ်စေနိုင်၏။ သို့ရာတွင် တစ်ခါတစ်ရံ အလွန်အခြေခံကျသော ကျိုးကြောင်းဆင်ခြင်မှုလိုအပ်သည်။ ကျမ်းစာကို တွင်တွင်အသုံးပြုပါ။ ပုံဥပမာများကိုအသုံးပြုပါ။ ယင်းတို့နှင့်အတူ သက်သေအထောက်အထားအပေါ် လူတစ်ဦးအား ကျိုးကြောင်းဆင်ခြင်စေသည့် ရိုးရှင်းသောမေးခွန်းများကို အသုံးပြုပါ။

အတွင်းခံစားချက်များကိုဆွဲထုတ်ရန်။ လူတို့သည် မေးခွန်းများကိုဖြေသည့်အခါ သူတို့အမှန်တကယ်ခံစားရပုံကို အမြဲမထုတ်ဖော်ပြကြချေ။ သင်အလိုရှိရာဟုထင်သည့် အဖြေများကိုသာ သူတို့ပေးပေမည်။ ပိုင်းခြားသိမြင်မှုလိုအပ်ပေ၏။ (သု. ၂၀:၅) ယေရှုပြုလုပ်တော်မူခဲ့သည့်အတိုင်း သင်ဤသို့မေးမြန်းနိုင်သည်– “ဒါကို ခင်ဗျားယုံကြည်သလား။”—ယော. ၁၁:၂၆။

ယေရှု၏တပည့်တော်များစွာတို့သည် ကိုယ်တော်မိန့်တော်မူသည့်စကားကို အထအနကောက်ပြီး ကိုယ်တော့်အားစွန့်ခွာသွားကြသောအခါ ယေရှုသည် မိမိ၏တမန်တော်တို့အား မည်သို့ခံစားကြကြောင်းထုတ်ပြောကြရန် ဖိတ်ခေါ်လိုက်သည်။ ကိုယ်တော်ဤသို့မေးတော်မူလေသည်– “သင်တို့သည်လည်း ထွက်သွားခြင်းငှာအလိုရှိကြသလော။” ပေတရုသည် မိမိတို့၏ခံစားချက်များကို စကားအားဖြင့် ဤသို့ပြောဆိုလေသည်– “အရှင်၊ အကျွန်ုပ်တို့သည် အဘယ်သူ့ထံသို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းတော်မူသောအရှင်ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါပြီ။” (ယော. ၆:၆၇-၆၉၊ သမ္မာ) နောက်တစ်ကြိမ်တွင် မိမိ၏တပည့်တော်များအား ယေရှုဤသို့မေးမြန်းတော်မူ၏– “လူများတို့သည် လူသားကိုအဘယ်သူဖြစ်သည်ဆိုကြသနည်း။” ကိုယ်တော်သည် သူတို့၏နှလုံးတွင်ရှိသည့်အရာကို ထုတ်ပြောကြရန် မေးခွန်းမေးခြင်းဖြင့် သူတို့အားဖိတ်ခေါ်လိုက်သည်။ “သင်တို့မူကား ငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသနည်း။” ပေတရုက “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏သားတော် ဖြစ်တော်မူပါသည်” ဟုဖြေဆိုလေ၏။—မ. ၁၆:၁၃-၁၆၊ သမ္မာ။

ကျမ်းစာသင်အံမှုကျင်းပနေသောအခါ အချို့သောကိစ္စရပ်များကို အလားတူချဉ်းကပ်ခြင်းမျိုးသည် အကျိုးဖြစ်ထွန်းကြောင်း သင်တွေ့ရှိပေမည်။ သင်ဤသို့မေးပေမည်– “ဒီကိစ္စကို ခင်ဗျားရဲ့အတန်းဖော် (အလုပ်ဖော်) တွေက ဘယ်လိုရှုမြင်ကြသလဲ။” ထို့နောက် သင်ဤသို့မေးပေမည်– “အဲဒါနဲ့ပတ်သက်ပြီး ခင်ဗျားဘယ်လိုခံစားရသလဲ။” လူတစ်ဦး၏ခံစားချက်အမှန်ကို သင်သိရှိလာသောအခါ သွန်သင်သူတစ်ဦးအနေနှင့် အကြီးမားဆုံးသောအကူအညီကို ပေးနိုင်စေသည်။

လေးနက်မှုထပ်ဆင့်ရန်။ အယူအဆများကို လေးနက်မှုထပ်ဆင့်ရန်လည်း မေးခွန်းများကို အသုံးပြုနိုင်ပါသည်။ ရောမ ၈:၃၁၊ ၃၂ ၌ မှတ်တမ်းတင်ထားသည့်အတိုင်း တမန်တော်ပေါလု ယင်းကိုပြုလုပ်ခဲ့သည်– “ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တစ်ဖက်၌နေနိုင်မည်နည်း။ မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှအဖို့အလို့ငှာ စွန့်တော်မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။” ဖြစ်ရပ်တစ်ခုစီတွင် မေးခွန်းသည် ယင်းမတိုင်မီကပ်လျက်လိုက်ပါလာသော ဝါကျပြတ်အပေါ် အခြေပြုထားကြောင်း သတိပြုပါ။

ဗာဗုလုန်ရှင်ဘုရင်ကို ဒဏ်ခတ်မည့် ယေဟောဝါ၏တရားစီရင်ချက်ကို မှတ်တမ်းတင်ပြီးသည့်နောက် ပရောဖက်ဟေရှာယက “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အကြံတော်ကို အဘယ်သူဖျက်လိမ့်မည်နည်း။ ဆန့်တော်မူသောလက်တော်ကို အဘယ်သူလှန်လိမ့်မည်နည်း” ဟုထပ်လောင်းပြောဆိုခြင်းအားဖြင့် ခိုင်မာသောယုံကြည်စိတ်ချမှုကို ထုတ်ဖော်ပြသခဲ့သည်။ (ဟေရှာ. ၁၄:၂၇) ယင်းမေးခွန်းများတွင် ပါဝင်သုံးနှုန်းထားပုံက ဖော်ပြထားသောယူဆချက်သည် ငြင်း၍မရနိုင်ကြောင်း သိသာစေသည်။ ပြန်အဖြေပေးရန် မမျှော်လင့်ခဲ့ပါ။

မှားယွင်းသောအတွေးအခေါ်ကို လှစ်ဟပြရန်။ မှားယွင်းသောအတွေးအခေါ်ကို လှစ်ဟပြရန် အသေအချာစဉ်းစားထားသော မေးခွန်းများသည်လည်း အစွမ်းထက်သောကိရိယာများဖြစ်သည်။ လူတစ်ဦးအားမကုသမီ ဖာရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်အချို့တို့အား ယေရှုက “ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေအပ်သလော” ဟုမေးမြန်းတော်မူခဲ့သည်။ ကုသပေးပြီးသည့်နောက် နောက်မေးခွန်းတစ်ခုကို ဤသို့ ဆက်မေးမြန်းတော်မူခဲ့သည်– “မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌တွင်းထဲသို့ကျလျှင် ချက်ချင်းမဆွဲမတင်ဘဲနေမည့်သူ တစ်စုံတစ်ယောက်သည် သင်တို့တွင်ရှိသလော။” (လု. ၁၄:၁-၆) ပြန်အဖြေပေးစေရန် မမျှော်လင့်ခဲ့ပါ၊ အဖြေတစ်ခုကိုလည်း မပေးခဲ့ပါ။ မေးခွန်းများက ၎င်းတို့၏မှားယွင်းသောအတွေးအခေါ်ကို လှစ်ဟပြခဲ့သည်။

တစ်ခါတစ်ရံ စစ်မှန်သောခရစ်ယာန်များပင်လျှင် မှားယွင်းသောအတွေးအခေါ်ဝင်သွားနိုင်သည်။ ပထမရာစု၌ ကောရိန္သုမြို့ရှိ အချို့တို့သည် မိမိညီအစ်ကိုချင်းအကြားဖြေရှင်းနိုင်သင့်သော ပြဿနာများကိုဖြေရှင်းရန် တရားရုံး၌ တရားဆိုင်ကြသည်။ ထိုကိစ္စကို တမန်တော်ပေါလုမည်သို့ကိုင်တွယ်ခဲ့သနည်း။ သူတို့၏အတွေးအခေါ်ကို ပြုပြင်ရန် အချက်ကျသောဆက်တိုက်မေးခွန်းများကို သူမေးမြန်းခဲ့သည်။—၁ ကော. ၆:၁-၈။

လေ့ကျင့်မှုဖြင့် ထိရောက်သောမေးခွန်းများအသုံးပြုနည်းကို သင်ယူနိုင်ပါသည်။ သို့ရာတွင် အထူးသဖြင့် အသက်အရွယ်ကြီးသူများ၊ မိမိနှင့်အကျွမ်းမဝင်သောသူများနှင့် အခွင့်အာဏာရှိသောသူများကို စကားပြောဆိုသည့်အခါ ရိုသေလေးစားရန် သတိရပါ။ ကျမ်းစာအမှန်တရားကို နှစ်လိုဖွယ်နည်းဖြင့် တင်ဆက်ရန် မေးခွန်းများကိုအသုံးပြုပါ။

ယင်းကိုလုပ်ဆောင်နိုင်ပုံ

  • စကားလက်ဆုံပြောဆိုမှုကိုအားပေးရန် အခြားသူအတွက် အမှန်ပင်အရေးကြီးသည့်ကိစ္စရပ်များနှင့် ပတ်သက်နေသည့် မေးခွန်းများကို အသုံးပြုပါ။

  • အရေးကြီးသောအကြောင်းအရာတစ်ခုကို မဖော်ပြမီ အခြားသူများနားထောင်လိုစိတ်ရှိလာစေမည့် မေးခွန်းတစ်ခုအသုံးပြုရန် ကြိုးစားပါ။

  • ပြောဆိုချက်များအတွက် အခြေခံ၊ တင်ပြခဲ့သော အမှန်တရားများခြေမြစ်ခိုင်လုံမှုနှင့် သူတို့၏အသက်တာအပေါ်သက်ရောက်နိုင်သည့် ကောင်းကျိုးများကို လူတို့တွေ့ မြင်ရန် မေးခွန်းများကိုအသုံးပြုပါ။

  • အချက်အလက်များကိုရွတ်ပြရုံမျှသာမက သင်ယူနေသည့်အရာနှင့်ပတ်သက်၍ သူမည်သို့ခံစားရကြောင်းကိုပါ သင်သားသည် ထုတ်ဖော်လာရန် မေးခွန်းများ အသုံးပြုပါ။

လေ့ကျင့်ခန်းများ– (၁) သင်သက်သေခံသည့်ရပ်ကွက်ကို စိတ်တွင်ထားကာ လူတို့နှင့်အဓိပ္ပာယ်ပြည့်ဝသော စကားလက်ဆုံပြောဆိုနိုင်ရေးအတွက် လမ်းဖွင့်ပေးရန် အသုံးပြုနိုင်သည့် မေးခွန်းများကိုပြင်ဆင်ပါ။ (၂) ရောမအခန်းကြီး ၃ ကိုဖတ်ပါ၊ ဂျူးများကော၊ တစ်ပါးအမျိုးသားများပါ ဘုရားသခင်ရှေ့အနေအထားကို ကျိုးကြောင်းဆင်ခြင်ရန် ပေါလု၏မေးခွန်းများအသုံးပြုပုံကို အထူးမှတ်သားပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ