အခန်း ၄
အခွင့်အာဏာကို ဘာကြောင့် လေးစားရသလဲ
“လူအမျိုးမျိုးကို လေးစားကြပါ။”—၁ ပေတရု ၂:၁၇။
၁၊ ၂။ (က) အခွင့်အာဏာကို လေးစားဖို့ ဘာကြောင့် အခက်တွေ့ကြသလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
လုံးဝ မလုပ်ချင်တာကို လုပ်ခိုင်းတဲ့အခါ ကလေးငယ်တစ်ဦးရဲ့ တုံ့ပြန်ပုံကို သင်တွေ့ဖူးသလား။ မခံချိမခံသာ ဖြစ်နေမှန်း သူ့မျက်နှာမှာ အထင်းသား ပေါ်နေတယ်။ မိဘပြောတာကို ကြားနေရပြီး မိဘရဲ့အခွင့်အာဏာကို လေးစားရမယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ မိဘကို လုံးဝ မနာခံချင်ဘူး။ သူ မခံချိမခံသာ ဖြစ်နေပုံက ကျွန်တော်တို့အားလုံး ကြုံရလေ့ရှိတဲ့ အဖြစ်မှန်ကို ဖော်ပြတယ်။
၂ အခွင့်အာဏာကို လေးစားဖို့ အမြဲ မလွယ်ပါဘူး။ သင့်အပေါ် အခွင့်အာဏာ အတော်အတန်ရှိသူတွေကို လေးစားဖို့ တစ်ခါတစ်ရံ အခက်တွေ့ဖူးသလား။ ဒါဆိုရင် သင်တစ်ဦးတည်း ကြုံတွေ့ရတာ မဟုတ်ဘူး။ တစ်ခါနဲ့မှမတူအောင် အခွင့်အာဏာကို လေးစားမှုမရှိတဲ့ ခေတ်ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့အပေါ် အခွင့်အာဏာရှိသူတွေကို လေးစားရမယ်လို့ ကျမ်းစာပြောတယ်။ (ပညာအလိမ္မာ ၂၄:၂၁) ဘုရားသခင့်မေတ္တာ ခံစားချင်ရင် လေးစားမှု မရှိလို့ မဖြစ်ဘူး။ ဒါကြောင့် မေးခွန်းတချို့ ပေါ်လာတယ်။ အခွင့်အာဏာရှိသူတွေကို လေးစားဖို့ ဘာကြောင့် ဒီလောက်ခက်တာလဲ။ အဲဒီလိုလေးစားဖို့ ယေဟောဝါ ဘာကြောင့် တောင်းဆိုသလဲ။ အဲဒီတောင်းဆိုချက်ကို နာခံဖို့ ဘာက ကူညီပေးနိုင်သလဲ။ အခွင့်အာဏာကို လေးစားကြောင်း ဘယ်နည်းတွေနဲ့ ပြနိုင်သလဲ။
ခက်ခဲရတဲ့အကြောင်းရင်း
၃၊ ၄။ အပြစ်နဲ့ မစုံလင်မှု ဘယ်လို စတင်ဖြစ်ပေါ်လာသလဲ။ အပြစ်လုပ်ချင်တဲ့ သဘောသဘာဝဟာ အခွင့်အာဏာကို လေးစားဖို့ ဘာကြောင့် အခက်တွေ့စေသလဲ။
၃ အခွင့်အာဏာရှိသူတွေကို လေးစားမှုပြဖို့ အခက်တွေ့စေနိုင်တဲ့ အကြောင်းရင်းနှစ်ခုကို အကျဉ်းချုပ် သုံးသပ်ကြည့်ကြစို့။ ပထမ၊ ကျွန်တော်တို့ဟာ မစုံလင်သူတွေ ဖြစ်ကြတယ်။ ဒုတိယ၊ ကျွန်တော်တို့အပေါ် အခွင့်အာဏာရှိသူတွေလည်း မစုံလင်သူတွေ ဖြစ်ကြတယ်။ ဧဒင်ဥယျာဉ်မှာ ဘုရားရဲ့အခွင့်အာဏာကို အာဒံနဲ့ဧဝ ပုန်ကန်ခဲ့တဲ့ ရှေးအချိန်ကတည်းက အပြစ်နဲ့ မစုံလင်မှု စတင်ဖြစ်ပေါ်လာတယ်။ ဒါကြောင့် ပုန်ကန်မှုနဲ့အတူ အပြစ်တရား စတင်လာတယ်။ အဲဒီအချိန်ကစပြီး ပုန်ကန်လိုစိတ်ဟာ မွေးရာပါဖြစ်လာတယ်။—ကမ္ဘာဦး ၂:၁၅-၁၇။ ၃:၁-၇။ ဆာလံ ၅၁:၅။ ရောမ ၅:၁၂။
၄ အပြစ်လုပ်ချင်တဲ့ သဘောသဘာဝကြောင့် ကျွန်တော်တို့အများစုဟာ အလွယ်တကူ မာနထောင်လွှားပြီး စိတ်ကြီးဝင်လာနိုင်တယ်။ စိတ်နှိမ့်ချခြင်းကတော့ ကြိုးစားမွေးမြူပြီး ထိန်းသိမ်းရမယ့် ရှားပါးအရည်အသွေး ဖြစ်တယ်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ ဝတ်ပြုသူတွေတောင် ခေါင်းမာပြီး မာနကြီးလာတတ်တယ်။ ဥပမာ၊ အခက်အခဲတွေကြားမှာ ယေဟောဝါရဲ့လူမျိုးအပေါ် စွဲစွဲမြဲမြဲ သစ္စာရှိခဲ့တဲ့ ကောရရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူဟာ အခွင့်အာဏာကို တပ်မက်လာတယ်။ ဒါကြောင့် အဲဒီခေတ်အခါတုန်းက စိတ်ထားအနူးညံ့ဆုံး မောရှေကို မျက်နှာပြောင်တိုက်ပြီး ဆန့်ကျင်ပုန်ကန်ခဲ့တယ်။ (တောလည်ရာ ၁၂:၃။ ၁၆:၁-၃) ဘုရင်သြဇိအကြောင်း စဉ်းစားကြည့်ပါ။ သူဟာ မာနကြီးလာတဲ့အတွက် ယေဟောဝါရဲ့ ဗိမာန်တော်ထဲ ဝင်ပြီး ပုရောဟိတ်တွေပဲ လုပ်ထိုက်တဲ့ မြင့်မြတ်တဲ့တာဝန်ကို လုပ်ဆောင်ခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၁) သူတို့ဟာ မိမိတို့ရဲ့ပုန်ကန်မှုကြောင့် ဆိုးကျိုးများစွာ ခံစားခဲ့ရတယ်။ ဒါပေမဲ့ သူတို့ရဲ့ မကောင်းတဲ့ပုံနမူနာတွေဟာ ကျွန်တော်တို့အားလုံးအတွက် အကျိုးပြုတဲ့ သတိပေးချက်တွေ ဖြစ်တယ်။ အခွင့်အာဏာကို လေးစားဖို့ အခက်တွေ့စေတဲ့ မာနကြီးခြင်းကို တွန်းလှန်ဖို့ လိုတယ်။
၅။ မစုံလင်တဲ့ လူသားတွေဟာ အခွင့်အာဏာကို ဘယ်လို အလွဲသုံးစားလုပ်ခဲ့ကြသလဲ။
၅ အခွင့်အာဏာရှိတဲ့ မစုံလင်သူ လူသားတွေဟာ အခွင့်အာဏာကို လူတွေ မလေးစားအောင် များစွာပြုလုပ်ခဲ့ကြတယ်။ သူတို့အများစုဟာ ရက်စက်ကြမ်းတမ်းပြီး မတော်မတရား ပြုမူကြတယ်။ အာဏာရှင်ဆန်ကြတယ်။ တကယ်တော့ လူ့သမိုင်းမှာ အာဏာအလွဲသုံးစားလုပ်ခဲ့တဲ့ မှတ်တမ်းအများကြီး တွေ့ရတယ်။ (ဒေသနာ ၈:၉ ကိုဖတ်ပါ။) ဥပမာ၊ ရှောလုကို ဘုရင်အဖြစ် ယေဟောဝါ ရွေးချယ်ချိန်မှာ သူဟာ စိတ်နှိမ့်ချတဲ့ လူကောင်းတစ်ဦး ဖြစ်တယ်။ ဒါပေမဲ့ မာနထောင်လွှားပြီး မနာလိုစိတ်ဝင်လာတဲ့အတွက် သစ္စာရှိသူ ဒါဝိဒ်ကို ဒုက္ခပေးခဲ့တယ်။ (၁ ရှမွေလ ၉:၂၀၊ ၂၁။ ၁၀:၂၀-၂၂။ ၁၈:၇-၁၁) နောက်ပိုင်းမှာ ဒါဝိဒ်ဟာ အစ္စရေးနိုင်ငံရဲ့ အကောင်းဆုံးဘုရင်တစ်ပါး ဖြစ်လာတယ်။ ဒါပေမဲ့ သူလည်း အာဏာအလွဲသုံးစားလုပ်တယ်၊ ဟိတ္တိလူ ဥရိယရဲ့မယားကို သိမ်းပိုက်ပြီး အပြစ်မဲ့တဲ့ဥရိယကို သေအောင် ရှေ့တန်းစစ်မြေပြင်ကို လွှတ်ခဲ့တယ်။ (၂ ရှမွေလ ၁၁:၁-၁၇) မှန်ပါတယ်၊ လူတွေဟာ မစုံလင်မှုကြောင့် အာဏာကို နည်းမှန်လမ်းကျသုံးဖို့ အခက်တွေ့ကြတယ်။ အာဏာရှိသူတွေဟာ ယေဟောဝါကို မလေးစားတဲ့အခါ ပိုဆိုးသေးတယ်။ ဗြိတိသျှနိုင်ငံရေးသမားတစ်ဦးက ကက်သလစ်ပုပ်ရဟန်းမင်းတချို့ နှိပ်စက်ညှဉ်းပန်းမှု ပျံ့နှံ့အောင် လုပ်ခဲ့ပုံအကြောင်း ဖော်ပြပြီးနောက် “အခွင့်အာဏာဟာ အကျင့်ပျက်စေတယ်။ အကြွင်းမဲ့အခွင့်အာဏာဟာ လုံးလုံး အကျင့်ပျက်သွားစေတယ်” လို့ရေးခဲ့တယ်။ အဲဒီသမိုင်းကြောင်းကို စိတ်ထဲထားပြီး အခွင့်အာဏာကို ဘာကြောင့် လေးစားသင့်သလဲဆိုတဲ့ မေးခွန်းကို သုံးသပ်ကြည့်ကြစို့။
အခွင့်အာဏာကို ဘာကြောင့် လေးစားရ
၆၊ ၇။ (က) ယေဟောဝါကိုချစ်တဲ့ မေတ္တာက ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။ ဘာကြောင့်လဲ။ (ခ) လက်အောက်ခံခြင်းမှာ ဘယ်သဘောထား ပါဝင်သလဲ။ ဒါကို ဘယ်လို တင်ပြနိုင်သလဲ။
၆ အခွင့်အာဏာကို လေးစားရတဲ့ အကောင်းဆုံး အကြောင်းရင်းတွေဟာ ယေဟောဝါကို ချစ်တဲ့၊ လူသားချင်းကို ချစ်တဲ့၊ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့ မေတ္တာကနေ ပေါ်ပေါက်လာတယ်။ အရာရာထက် ယေဟောဝါကို ချစ်လို့ ကိုယ်တော့်စိတ်ကို ကျွန်တော်တို့ ရွှင်လန်းစေချင်တယ်။ (ပညာအလိမ္မာ ၂၇:၁၁ နဲ့ မာကု ၁၂:၂၉၊ ၃၀ ကိုဖတ်ပါ။) ယေဟောဝါရဲ့ အချုပ်အခြာအာဏာ ပိုင်သအုပ်စိုးမှုဖြစ်တဲ့ စကြဝဠာ အုပ်ချုပ်ပိုင်ခွင့်ဟာ ဧဒင်မှာ ပုန်ကန်မှုပေါ်ပေါက်ချိန်ကစပြီး စိန်ခေါ်ခံခဲ့ရတယ်။ လူအများစု စာတန်ဘက်ပါသွားပြီး ကိုယ်တော့်အုပ်ချုပ်မှုကို ငြင်းပယ်ခဲ့တယ်။ ကျွန်တော်တို့ကတော့ ယေဟောဝါဘက် ဝမ်းမြောက်စွာ ရပ်တည်ကြတယ်။ ဗျာဒိတ် ၄:၁၁ မှာပါတဲ့ ကျက်သရေရှိတဲ့ စကားတွေကို ဖတ်တဲ့အခါ ကျွန်တော်တို့ ပီတိဖြစ်ရတယ်။ ယေဟောဝါဟာ စကြဝဠာကို အုပ်စိုးထိုက်တဲ့အရှင်ဆိုတာ အထင်အရှားပါပဲ။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ကျွန်တော်တို့ ထောက်ခံပြီး နေ့စဉ်အသက်တာမှာ ကိုယ်တော့်အုပ်ချုပ်မှုကို လက်ခံကြတယ်။
၇ အဲဒီလို လေးစားမှုဟာ နာခံရုံထက်မက လုပ်ဆောင်တာကို ဆိုလိုတယ်။ ယေဟောဝါကို ကျွန်တော်တို့ ချစ်တဲ့အတွက် လိုလိုလားလား နာခံကြတယ်။ နာခံမှုပြဖို့ သိပ်ခက်တဲ့အချိန်တွေလည်း ရှိတယ်။ အဲဒီအချိန်မျိုးမှာ ကျွန်တော်တို့ဟာ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ ကလေးလိုပဲ လက်အောက်ခံတတ်ဖို့ သင်ယူရမယ်။ ယေရှုဟာ ဖခင်ရဲ့အလိုတော်ကို လုပ်ဆောင်ဖို့ အလွန်ခက်ခဲတဲ့အခါမှာတောင် လက်အောက်ခံခဲ့တယ်ဆိုတာ အမှတ်ရပါ။ “ကျွန်တော့်ဆန္ဒအတိုင်း မဖြစ်ပါစေနဲ့။ အဖရဲ့ဆန္ဒအတိုင်းသာ ဖြစ်ပါစေ” လို့ ဖခင်ဆီ ဆုတောင်းခဲ့တယ်။—လုကာ ၂၂:၄၂။
၈။ (က) အခုခေတ်မှာ ယေဟောဝါရဲ့ အခွင့်အာဏာကို လက်အောက်ခံခြင်းမှာ ဘာပါဝင်သလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ သဘောထားကို ဘာက ဖော်ပြသလဲ။ (ခ) အကြံပေးတာကို နားထောင်ပြီး ဆုံးမတာကို လက်ခံဖို့ ဘာက ကူညီပေးနိုင်သလဲ။ (“အကြံပေးတာကို နားထောင်ပါ။ ဆုံးမတာကို လက်ခံပါ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၈ အခုခေတ်မှာ ယေဟောဝါဟာ ကျွန်တော်တို့တစ်ဦးစီကို ဆက်သွယ်ပြောဆိုတာ မရှိပေမဲ့ ကျမ်းစာနဲ့ မြေကြီးပေါ်မှာရှိတဲ့ လူသားကိုယ်စားလှယ်တွေကို သုံးပြီး ဆက်သွယ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ကြီးကြပ်ဖို့ ကိုယ်တော် ခန့်အပ်ထားတဲ့ ဒါမှမဟုတ် ကိုယ်တော် ဆက်ပြီးအသုံးပြုတဲ့ အခွင့်အာဏာရှိသူတွေကို ကျွန်တော်တို့ လေးစားကြတယ်။ ဒီနည်းနဲ့ ယေဟောဝါရဲ့ အခွင့်အာဏာကို လက်အောက်ခံတယ်ဆိုတာ တင်ပြကြတယ်။ ဥပမာ၊ သူတို့ရဲ့ ကျမ်းစာအခြေပြု အကြံဉာဏ်၊ ဆုံးမပဲ့ပြင်မှုကို လက်မခံဘဲ ကလန်ကဆန်လုပ်မယ်ဆိုရင် ဘုရားကို ဆန့်ကျင်ရာရောက်တယ်။ အစ္စရေးလူမျိုးဟာ ညည်းညူမြည်တမ်းပြီး မောရှေကို ပုန်ကန်တဲ့အခါ သူတို့ရဲ့လုပ်ရပ်ဟာ မိမိကို တိုက်ရိုက်ဆန့်ကျင်နေတာဖြစ်တယ်လို့ ယေဟောဝါ ရှုမြင်တယ်။—တောလည်ရာ ၁၄:၂၆၊ ၂၇။
၉။ လူလူချင်း ချစ်တဲ့မေတ္တာက အခွင့်အာဏာကို လေးစားဖို့ ဘာကြောင့် လှုံ့ဆော်ပေးမလဲ။ ဥပမာပေးပါ။
၉ ကျွန်တော်တို့ဟာ လူလူချင်းကို ချစ်တဲ့အတွက်လည်း အခွင့်အာဏာကို လေးစားကြတယ်။ ဘာကြောင့်လဲ။ ကိုယ့်ကိုယ်ကိုယ် စစ်သားတစ်ဦးအဖြစ် မြင်ယောင်ကြည့်ပါ။ စစ်တပ်တစ်တပ် အောင်မြင်ပြီး ဆက်လက်ရပ်တည်နိုင်ဖို့ဆိုတာ စစ်သားတစ်ဦးစီရဲ့ ပူးပေါင်းလုပ်ဆောင်မှု၊ နာခံမှုနဲ့ ကွပ်ကဲမှုအဆင့်ဆင့်ကို လေးစားမှုပေါ် မူတည်နိုင်တယ်။ သင်သာ အခွင့်အာဏာကို လက်အောက်မခံရင် ကျန်ရဲဘော်ရဲဘက်တွေအတွက် အလွန်အန္တရာယ်ရှိနိုင်တယ်။ အခုချိန်မှာ လူ့စစ်တပ်တွေဟာ ကမ္ဘာကြီးကို အကြီးအကျယ် ဖျက်ဆီးနေတာ အမှန်ပါပဲ။ ဒါပေမဲ့ ယေဟောဝါမှာ လူတွေအတွက် ကောင်းကျိုးကိုသာ လုပ်ဆောင်ပေးတဲ့ စစ်တပ် ရှိတယ်။ ကျမ်းစာမှာ ဘုရားသခင်ကို “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ” လို့ အကြိမ်ပေါင်းရာနဲ့ချီ ခေါ်ထားတယ်။ (၁ ရှမွေလ ၁:၃) ကိုယ်တော်ဟာ တန်ခိုးကြီး နာမ်ဝိညာဉ်သတ္တဝါတွေ ပါဝင်တဲ့ တပ်မဟာကြီးကို အုပ်ချုပ်တဲ့အရှင် ဖြစ်တယ်။ တစ်ခါတစ်ရံ မြေကြီးပေါ်မှာရှိတဲ့ ကျေးကျွန်တွေကိုလည်း ဗိုလ်ခြေတွေအဖြစ် ယေဟောဝါ ခိုင်းနှိုင်းတယ်။ (ယေဇကျေလ ၃၇:၁-၁၀၊ ယုဒသန်ကျမ်း) ကျွန်တော်တို့ကို ကြီးကြပ်ဖို့ ယေဟောဝါ အခွင့်အာဏာပေးထားသူတွေကို ပုန်ကန်ရင် ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေဖြစ်တဲ့ ညီအစ်ကိုညီအစ်မတွေကို အန္တရာယ်ရှိစေနိုင်တယ် မဟုတ်လား။ ခရစ်ယာန်တစ်ဦးဟာ ခန့်အပ်ခံ အကြီးအကဲတွေကို ပုန်ကန်တဲ့အခါ အသင်းတော်မှာရှိတဲ့ တခြားသူတွေလည်း ထိခိုက်နိုင်တယ်။ (၁ ကောရိန္သု ၁၂:၁၄၊ ၂၅၊ ၂၆) ကလေးတစ်ဦး ပုန်ကန်တဲ့အခါ မိသားစုတစ်ခုလုံးကို ထိခိုက်နိုင်တယ်။ ဒါကြောင့် အခွင့်အာဏာရှိသူတွေကို လေးစားတာ၊ သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်တာဟာ လူလူချင်း ချစ်ကြောင်း တင်ပြရာရောက်တယ်။
၁၀၊ ၁၁။ ကိုယ့်ကောင်းကျိုးကို လိုလားတဲ့ဆန္ဒက အခွင့်အာဏာကို နာခံဖို့ ဘယ်လို လှုံ့ဆော်ပေးသလဲ။
၁၀ ဒါ့အပြင် ကျွန်တော်တို့ ကောင်းကျိုးအတွက် အခွင့်အာဏာကို လေးစားရခြင်း ဖြစ်တယ်။ ယေဟောဝါဟာ အခွင့်အာဏာကို လေးစားဖို့ ကျွန်တော်တို့ကို တောင်းဆိုတဲ့အခါ အဲဒီလိုလေးစားခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူးတွေကိုလည်း ဖော်ပြတယ်။ ဥပမာ၊ မိဘတွေကို နာခံရင် သားသမီးတွေ အသက်တာရှည်ပြီး ကောင်းစားမယ်လို့ ကိုယ်တော် မိန့်မှာတယ်။ (တရားဟောရာ ၅:၁၆။ ဧဖက် ၆:၂၊ ၃) အသင်းတော်အကြီးအကဲတွေကို လေးစားဖို့လည်း မိန့်မှာတယ်။ မလေးစားရင် ယေဟောဝါဘုရားနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်နိုင်တယ်။ (ဟီဘရူး ၁၃:၇၊ ၁၇) ဒါ့အပြင် ကျွန်တော်တို့ အကာအကွယ်ရရှိဖို့ လောကအာဏာပိုင်တွေကို နာခံရမယ်လို့ ကိုယ်တော် မိန့်မှာတယ်။—ရောမ ၁၃:၄။
၁၁ နာခံမှုရှိဖို့ ယေဟောဝါ ဘာကြောင့် လိုလားတယ်ဆိုတာ သိထားတာက အခွင့်အာဏာကို လေးစားဖို့ အထောက်အကူပြုတယ် မဟုတ်လား။ ဒါကြောင့် အဓိက ဘဝကဏ္ဍသုံးခုမှာ အခွင့်အာဏာကို လေးစားကြောင်း ဘယ်လို တင်ပြနိုင်တယ်ဆိုတာ သုံးသပ်ကြစို့။
မိသားစုအတွင်း လေးစားမှု
၁၂။ ယေဟောဝါဟာ မိသားစုမှာ လင်ယောက်ျားဖြစ်သူ၊ ဖခင်ဖြစ်သူအပေါ် ဘယ်တာဝန် ပေးထားသလဲ။ အဲဒီတာဝန်ကို သူ ဘယ်လိုထမ်းဆောင်မလဲ။
၁၂ ယေဟောဝါဟာ မိသားစုအစီအစဉ်ကို အစပြုပေးခဲ့တယ်။ အမြဲ စည်းစနစ်ရှိတဲ့ ဘုရားဖြစ်တဲ့အတွက် မိသားစုဘဝ အဆင်ပြေချောမွေ့စေဖို့ စီစဉ်ဖွဲ့စည်းထားတယ်။ (၁ ကောရိန္သု ၁၄:၃၃) လင်ယောက်ျားဖြစ်သူ၊ ဖခင်ဖြစ်သူကို မိသားစုရဲ့ ဦးခေါင်းဖြစ်ဖို့ အခွင့်အာဏာ ပေးထားတယ်။ လင်ယောက်ျားဟာ အသင်းတော်အပေါ် ယေရှု ဦးဆောင်ပုံကို အတုယူတယ်။ ဒီနည်းနဲ့ ဦးခေါင်းဖြစ်တဲ့ ခရစ်တော်ယေရှုကို လေးစားမှု တင်ပြတယ်။ (ဧဖက် ၅:၂၃) လင်ယောက်ျားဟာ မိမိတာဝန်ကို ယောက်ျားပီပီ မပျက်မကွက် ထမ်းဆောင်ရမယ်။ မိသားစုအပေါ် နိုင်ထက်စီးနင်းလုပ်မှာ၊ ကြမ်းတမ်းခက်ထန်မှာ မဟုတ်ဘဲ ချစ်ခင်ကြင်နာပြီး အကျိုးသင့်အကြောင်းသင့်သဘောနဲ့ ဆက်ဆံမယ်။ မိမိရဲ့အခွင့်အာဏာဟာ အကန့်အသတ်ရှိတယ်၊ ယေဟောဝါရဲ့ အခွင့်အာဏာအောက်မှာ အမြဲရှိတယ်ဆိုတာ သူစွဲမှတ်ထားတယ်။
ခရစ်ယာန်ဖခင်တစ်ဦးဟာ ခရစ်တော်ရဲ့ ဦးစီးပုံကို အတုယူ
၁၃။ ဇနီးဖြစ်သူ၊ မိခင်ဖြစ်သူဟာ မိသားစုမှာ မိမိရဲ့တာဝန်ကို ယေဟောဝါနှစ်သက်တဲ့နည်းနဲ့ ဘယ်လို ကျေပွန်စေနိုင်သလဲ။
၁၃ ဇနီးဖြစ်သူ၊ မိခင်ဖြစ်သူဟာ ခင်ပွန်းရဲ့ အထောက်အမ၊ တွဲဖက်ဖြစ်တယ်။ “မိခင်ရဲ့ သွန်သင်ချက်” အကြောင်း ကျမ်းစာဖော်ပြထားတဲ့အတွက် မိသားစုမှာ မိခင်လည်း အခွင့်အာဏာ ရှိတယ်။ (ပညာအလိမ္မာ ၁:၈) ဒါပေမဲ့ သူ့အခွင့်အာဏာဟာ ခင်ပွန်းရဲ့ အခွင့်အာဏာအောက်မှာ ရှိတယ်။ ခရစ်ယာန်ဇနီးဟာ မိသားစုရဲ့ ဦးခေါင်းဖြစ်တဲ့ ခင်ပွန်းကို သူ့တာဝန် ကျေပွန်နိုင်အောင် ကူညီပေးတယ်။ ဒီနည်းနဲ့ ခင်ပွန်းရဲ့ အခွင့်အာဏာကို လေးစားကြောင်း တင်ပြတယ်။ ခင်ပွန်းကို နှိမ်တာ၊ ကြိုးကိုင်ခြယ်လှယ်တာ၊ သူ့အခွင့်အာဏာကို သိမ်းပိုက်တာ မလုပ်ဘူး။ အဲဒီအစား သူ့ကို ဝိုင်းဝန်းကူညီ ထောက်မပေးတယ်။ ခင်ပွန်းရဲ့ ဆုံးဖြတ်ချက်တွေဟာ မိမိရဲ့အကြိုက်နဲ့ မတွေ့ရင် မိမိရဲ့ထင်မြင်ချက်ကို လေးလေးစားစား တင်ပြမယ်။ ဒါပေမဲ့ ဆက်လက်အောက်ခံမှာ ဖြစ်တယ်။ မယုံကြည်သူခင်ပွန်း ဖြစ်နေရင် အခက်အခဲရှိနိုင်တယ်။ ဒါပေမဲ့ လက်အောက်ခံတတ်တဲ့ အမူအကျင့်ပြမယ်ဆိုရင် ခင်ပွန်းကို ယေဟောဝါကိုကိုးကွယ်သူ ဖြစ်လာဖို့ လှုံ့ဆော်ပေးနိုင်တယ်။—၁ ပေတရု ၃:၁ ကိုဖတ်ပါ။
၁၄။ သားသမီးတွေဟာ မိဘနဲ့ ယေဟောဝါကို ဘယ်လို ရွှင်လန်းစေနိုင်သလဲ။
၁၄ သားသမီးတွေ မိဘစကား နားထောင်တဲ့အခါ ယေဟောဝါရဲ့စိတ်ကို ရွှင်လန်းစေတယ်။ ဒါ့အပြင် မိဘကို ဂုဏ်တင်ပြီး ဝမ်းမြောက်စေတယ်။ (ပညာအလိမ္မာ ၁၀:၁) ကြင်ဖော်မဲ့မိသားစုတွေမှာ သားသမီးတွေဟာ နာခံမှုနဲ့ပတ်သက်တဲ့ မူကို လိုက်နာကျင့်သုံးတယ်။ သူတို့ရဲ့မိခင် ဒါမှမဟုတ် ဖခင်ဟာ သူတို့ရဲ့ဝိုင်းဝန်းကူညီမှုကို ပိုလိုအပ်မှန်း သိထားကြတယ်။ မိသားစုဝင်တိုင်းဟာ ဘုရားပေးတာဝန်အသီးသီးကို ကျေပွန်မယ်ဆိုရင် အလွန်သာယာပျော်ရွှင်တဲ့ မိသားစုတွေဖြစ်မယ်။ ဒီနည်းနဲ့ မိသားစုအားလုံးကို အစပြုပေးတဲ့အရှင် ယေဟောဝါဘုရားကို ဂုဏ်တင်ကြတယ်။—ဧဖက် ၃:၁၄၊ ၁၅။
အသင်းတော်အတွင်း လေးစားမှု
၁၅။ (က) ယေဟောဝါရဲ့ အခွင့်အာဏာကို လေးစားကြောင်း အသင်းတော်မှာ ဘယ်လို တင်ပြနိုင်သလဲ။ (ခ) ဦးဆောင်သူတွေကို နာခံမှုပြဖို့ ဘယ်မူတွေက ကူညီပေးမလဲ။ (“ဦးဆောင်တဲ့သူတွေကို နာခံပါ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၅ ယေဟောဝါဟာ သားတော်ကို ခရစ်ယာန်အသင်းတော်ရဲ့ အုပ်စိုးရှင်အဖြစ် ခန့်အပ်တယ်။ (ကောလောသဲ ၁:၁၃) ယေရှုကလည်း မြေကြီးပေါ်မှာရှိတဲ့ ဘုရားသခင့်လူမျိုးကို ဘုရားနဲ့ ဆက်ဆံရေးကောင်းရှိအောင် ကူညီပေးဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ကို တာဝန်ပေးတယ်။ (မဿဲ ၂၄:၄၅-၄၇) ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” အဖြစ် အမှုဆောင်တယ်။ ပထမရာစု ခရစ်ယာန်အသင်းတော်တွေမှာလိုပဲ ဒီနေ့ အကြီးအကဲတွေဟာ အုပ်ချုပ်ရေးအဖွဲ့က တိုက်ရိုက်ဖြစ်စေ၊ နယ်လှည့်ကြီးကြပ်မှူးတွေလို ကိုယ်စားလှယ်တွေကတစ်ဆင့်ဖြစ်စေ ညွှန်ကြားချက်တွေ၊ အကြံပေးချက်တွေ ရရှိကြတယ်။ ကျွန်တော်တို့တစ်ဦးစီဟာ ခရစ်ယာန်အကြီးအကဲတွေရဲ့ အခွင့်အာဏာကို လေးစားမယ်ဆိုရင် ယေဟောဝါကို နာခံရာရောက်တယ်။—၁ သက်သာလောနိတ် ၅:၁၂ နဲ့ ဟီဘရူး ၁၃:၁၇ ကိုဖတ်ပါ။
၁၆။ အကြီးအကဲတွေဟာ သန့်ရှင်းသောစွမ်းအားတော်နဲ့ ခန့်အပ်ခံရတယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။
၁၆ အကြီးအကဲတွေနဲ့ အသင်းတော်အမှုထမ်းတွေဟာ မစုံလင်ကြဘူး။ ကျွန်တော်တို့လိုပဲ အားနည်းချက်တွေ ရှိကြတယ်။ အကြီးအကဲတွေဟာ အသင်းတော်ကို ဘုရားနဲ့ ဆက်ဆံရေးကောင်းရှိအောင် ကူညီပေးနိုင်တဲ့ ဘုရားပေး “လက်ဆောင်” ဖြစ်တယ်။ (ဧဖက် ၄:၈) အကြီးအကဲတွေကို သန့်ရှင်းသောစွမ်းအားတော်နဲ့ ခန့်ထားတယ်။ (တမန်တော် ၂၀:၂၈) ဘယ်လိုနည်းနဲ့လဲ။ သူတို့ဟာ ဘုရားရဲ့ စွမ်းအားတော် လှုံ့ဆော်မှုနဲ့ ရေးထားတဲ့ ကျမ်းစာပါ အရည်အချင်းတွေကို ဦးစွာပြည့်မီရမယ်။ (၁ တိမောသေ ၃:၁-၇၊ ၁၂။ တိတု ၁:၅-၉) ဒါ့အပြင် ညီအစ်ကိုတစ်ဦးရဲ့ အရည်အချင်းတွေကို အကဲဖြတ်တဲ့ အကြီးအကဲတွေဟာ ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော် လမ်းညွှန်မှုရဖို့ စိတ်ထက်သန်စွာ ဆုတောင်းကြတယ်။
၁၇။ အသင်းတော်လုပ်ငန်း ဆောင်ရွက်တဲ့အခါ ခရစ်ယာန်အမျိုးသမီးတွေ တစ်ခါတစ်ရံ ဘာကြောင့် ခေါင်းဖုံးရသလဲ။
၁၇ အသင်းတော်မှာ လယ်ကွင်းစုဆုံမှုကို ဦးစီးရတဲ့ အကြီးအကဲနဲ့ အသင်းတော်အမှုထမ်းတွေ မရှိတဲ့အခါလည်း ရှိနိုင်တယ်။ ဒီလိုအခါမျိုးမှာ နှစ်ခြင်းခံပြီးသား ညီအစ်ကိုတွေ တာဝန်ယူပေးနိုင်တယ်။ သူတို့လည်း မရှိဘူးဆိုရင် အရည်အချင်းပြည့်မီတဲ့ ခရစ်ယာန်ညီအစ်မတွေ တာဝန်ယူပေးနိုင်တယ်။ ဒါပေမဲ့ နှစ်ခြင်းခံပြီးတဲ့ အမျိုးသားတစ်ဦး ထမ်းဆောင်လေ့ရှိတဲ့ တာဝန်ကို အမျိုးသမီးတစ်ဦး ဆောင်ရွက်တဲ့အခါ ခေါင်းဖုံးရမယ်။a (၁ ကောရိန္သု ၁၁:၃-၁၀) အဲဒီလို ခေါင်းဖုံးခိုင်းတာဟာ အမျိုးသမီးတွေကို နှိမ်တာ မဟုတ်ဘူး။ အဲဒီအစား မိသားစုမှာဖြစ်စေ၊ အသင်းတော်မှာဖြစ်စေ ယေဟောဝါရဲ့ ဦးစီးမှုအစီအစဉ်ကို လေးစားကြောင်း တင်ပြခွင့် ရစေတယ်။
လောကအာဏာပိုင်တွေကို လေးစားခြင်း
၁၈၊ ၁၉။ (က) ရောမ ၁၃:၁-၇ မှာပါတဲ့မူတွေကို ဘယ်လို ရှင်းပြမလဲ။ (ခ) အာဏာပိုင်တွေကို လေးစားကြောင်း ဘယ်လို တင်ပြမလဲ။
၁၈ ခရစ်ယာန်စစ်တွေဟာ ရောမ ၁၃:၁–၇ မှာပါတဲ့ မူတွေကို အသိစိတ်ရှိရှိ၊ တာဝန်သိသိ လိုက်နာကြတယ်။ (ဖတ်ပါ။) အဲဒီကျမ်းပိုဒ်ကို ဖတ်တဲ့အခါ “အထက်အာဏာပိုင်တွေ” ဆိုတာ လောကအစိုးရတွေဖြစ်မှန်း သိရတယ်။ လူ့အစိုးရတွေ တည်ရှိဖို့ ယေဟောဝါ ခွင့်ပြုထားသရွေ့ သူတို့ဟာ အရေးကြီးလုပ်ငန်းတွေကို ဆောင်ရွက်ပေးတယ်။ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အေးချမ်းမှု ရှိစေတယ်။ ပြည်သူ့အကျိုး ဆောင်ရွက်ပေးတယ်။ ကျွန်တော်တို့ဟာ ဥပဒေနာခံကြတယ်။ ဒီနည်းနဲ့ အာဏာပိုင်တွေကို လေးစားကြောင်း တင်ပြကြတယ်။ ပေးရမယ့် အခွန်တွေကို ပေးဆက်ကြတယ်။ အစိုးရနဲ့ဆိုင်တဲ့ စာရွက်စာတမ်းအားလုံးကို တိကျမှန်ကန်စွာ ရေးဖြည့်တယ်။ ဒါ့အပြင် ကျွန်တော်တို့ကိုယ်တိုင်၊ မိသားစု၊ အလုပ်အကိုင်၊ ပိုင်ဆိုင်ရာတွေနဲ့ပတ်သက်တဲ့ ဥပဒေတွေကို လိုက်နာကြတယ်။ ဘုရားရဲ့စကားကို နားမထောင်ဖို့ အာဏာပိုင်တွေ တောင်းဆိုရင်တော့ လိုက်လျောမှာ မဟုတ်ဘူး။ ရှေးခေတ်တမန်တော်တွေလိုပဲ ကျွန်တော်တို့လည်း “လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ” လို့ဖြေကြတယ်။—တမန်တော် ၅:၂၈၊ ၂၉။ “ဘယ်သူ့အခွင့်အာဏာကို နာခံရမလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။
၁၉ ကျွန်တော်တို့ရဲ့ ပြောဆိုပြုမူပုံအားဖြင့်လည်း အာဏာပိုင်တွေကို လေးစားမှု ပြကြတယ်။ အစိုးရအရာရှိတွေနဲ့ တိုက်ရိုက် ဆက်ဆံရတဲ့အခါတွေလည်း ရှိနိုင်တယ်။ တမန်တော်ပေါလုဟာ ဟေရုဒ်အဂရိပ္ပမင်း၊ ဖေတ္တုမင်း စတဲ့ အုပ်စိုးရှင်တွေနဲ့ စကားပြောဆိုခဲ့ရတယ်။ သူတို့ဟာ ကြီးလေးတဲ့အပြစ် ကျူးလွန်သူတွေ ဖြစ်ပေမဲ့ သူတို့ကို ပေါလု တလေးတစား ပြောဆိုခဲ့တယ်။ (တမန်တော် ၂၆:၂၊ ၂၅) ကျွန်တော်တို့ဆက်ဆံရတဲ့ အရာရှိဟာ အာဏာရှိသူဖြစ်စေ၊ ဒေသခံရဲဖြစ်စေ ပေါလုရဲ့ပုံသက်သေကို ကျွန်တော်တို့ အတုယူကြတယ်။ ကျောင်းမှာ ခရစ်ယာန်လူငယ်တွေဟာ ဆရာဆရာမတွေနဲ့ တခြားဝန်ထမ်းအားလုံးကို ထပ်တူလေးစားမှုပြဖို့ ကြိုးစားကြတယ်။ ကျွန်တော်တို့ရဲ့ ခံယူချက်တွေကို နှစ်သက်သူတွေကိုသာ မဟုတ်ဘဲ ယေဟောဝါသက်သေတွေကို အတိုက်အခံပြုသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာလည်း လေးစားမှု ပြကြတယ်။ ကျွန်တော်တို့ဟာ ရိုသေလေးစားတတ်သူတွေ ဖြစ်ကြောင်း ယေဟောဝါကို မကိုးကွယ်သူတွေ သိထားသင့်တယ်။—ရောမ ၁၂:၁၇၊ ၁၈ ကိုဖတ်ပါ။ ၁ ပေတရု ၃:၁၅။
၂၀၊ ၂၁။ အခွင့်အာဏာကို လျောက်ပတ်စွာ လေးစားတဲ့အခါ ရရှိတဲ့ကောင်းချီးတချို့က ဘာတွေလဲ။
၂၀ “လူအမျိုးမျိုးကို လေးစားကြပါ” လို့ တမန်တော်ပေတရု ရေးခဲ့တယ်။ (၁ ပေတရု ၂:၁၇) ဒါကြောင့် ရိုသေလေးစားမှု အမြဲပြကြပါစို့။ လူတွေဟာ သူတို့ကို ကျွန်တော်တို့ တကယ်လေးစားမှန်း သိလာတဲ့အခါ စိတ်စွဲမှတ်သွားနိုင်တယ်။ ဒါပေမဲ့ ရိုသေလေးစားမှုကို အခု မတွေ့ရသလောက်ပဲ။ ဒါကြောင့် လေးစားမှု တင်ပြတာဟာ ယေရှုရဲ့ ဒီမိန့်မှာချက်ကို လိုက်နာရာရောက်တယ်– “ခင်ဗျားတို့ရဲ့အလင်းကို လူတွေရှေ့မှာ လင်းစေကြပါ။ ဒါမှ တခြားသူတွေက ခင်ဗျားတို့ရဲ့ အကျင့်ကောင်းကို မြင်ပြီး ကောင်းကင်မှာ စံမြန်းတဲ့ အဖရဲ့ ဘုန်းအသရေကို ချီးမွမ်းကြလိမ့်မယ်။”—မဿဲ ၅:၁၆။
၂၁ ဒီမှောင်မိုက်လောကမှာ စိတ်နှလုံးကောင်းသူတွေဟာ ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားအလင်းကို မြင်ပြီး ဆွဲဆောင်ခံရတယ်။ ဒါကြောင့် မိသားစုမှာ၊ အသင်းတော်မှာ၊ အခြေအနေအမျိုးမျိုးမှာ လေးစားမှု ပြတာဟာ လူတွေကို ဆွဲဆောင်မှု ဖြစ်စေနိုင်တယ်။ ကျွန်တော်တို့နဲ့အတူ အလင်းမှာ လျှောက်လှမ်းစေနိုင်တယ်။ သိပ်ကောင်းတဲ့ အလားအလာပဲ။ အဲဒီလိုဖြစ်မလာရင်တောင် သေချာတာတစ်ခု ရှိတယ်။ လူတွေကို လေးစားတာဟာ ယေဟောဝါဘုရား နှစ်သက်တဲ့အရာဖြစ်ပြီး ဘုရားမေတ္တာ ဆက်ခံစားရစေတယ်။ ဒီထက်ကြီးမားတဲ့ အကျိုးကျေးဇူး ရှိပါဦးမလား။
a “ဘယ်အချိန်မှာ ခေါင်းဖုံးရမလဲ။ ဘာကြောင့်လဲ” နောက်ဆက်တွဲမှာ ဒီမူကို လက်တွေ့ကျင့်သုံးနိုင်တဲ့ နည်းတချို ဖော်ပြထားတယ်။