ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lv အခန်း ၉ စာ. ၉၇-၁၀၉
  • “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ”
  • ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လိင်အကျင့်ယိုယွင်းမှုဆိုတာ ဘာလဲ
  • ဦးဆုံးခြေလှမ်း​—ညစ်ညမ်းတဲ့ ရုပ်ပုံစာပေ
  • ဒိနရဲ့ ပညာမဲ့တဲ့ရွေးချယ်မှု
  • လိင်အကျင့်ယိုယွင်းမှုကို ယောသပ် ဝေးဝေးရှောင်ခဲ့
  • ကရုဏာရှင်ဘုရားဆီက အကူအညီကို လက်ခံပါ
  • ‘သိနားလည်နိုင်စွမ်းကို ရယူခြင်း’
  • “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ”
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • လိင်အကြောင်း ကျမ်းစာအဆို
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကျွန်တော်တို့ သန့်ရှင်းနေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သင့်အိမ်ထောင်ခိုင်မြဲအောင် ယေဟောဝါကို ကာကွယ်စောင့်ရှောက်ခွင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
lv အခန်း ၉ စာ. ၉၇-၁၀၉
အလုပ်ဖော်အမျိုးသားရဲ့ သွေးဆောင်မှုကို ငြင်းပယ်နေတဲ့ ခရစ်ယာန်အမျိုးသမီး

အခန်း ၉

“လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ”

“လိင်အကျင့်ယိုယွင်းခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ရမ္မက်ဆန္ဒကို မချုပ်တည်းခြင်း၊ မကောင်းတဲ့ လိုအင်ဆန္ဒရှိခြင်း၊ လောဘကြီးခြင်းကို ဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သေစေကြပါ။ လောဘကြီးခြင်းဟာ ရုပ်တုကိုးကွယ်ခြင်းပဲ။”​—ကောလောသဲ ၃:၅။

၁၊ ၂။ ယေဟောဝါရဲ့လူမျိုးကို ထိခိုက်စေဖို့ ဗာလမ် ဘယ်လို ကြံစည်ခဲ့သလဲ။

တံငါသည်တစ်ဦးဟာ ငါးမျှားဖို့ အကြိုက်ဆုံးနေရာကို ထွက်သွားတယ်။ သူ့စိတ်ထဲမှာ ငါးတစ်မျိုးကို ဖမ်းချင်နေတယ်။ ဒါကြောင့် ငါးစာကို ရွေးပြီး ချိတ်လိုက်တယ်။ ပြီးတော့ ငါးမျှားကြိုးကို ရေထဲချတယ်။ ခဏကြာတော့ ကြိုးတင်းလာပြီး ငါးမျှားတံ ညွတ်လာတဲ့အတွက် ငါးမျှားကြိုးကို ဆွဲတင်လိုက်တယ်။ သင့်တော်တဲ့ ငါးစာကို ရွေးခဲ့မှန်း သူသိတဲ့အတွက် တစ်ချက် ပြုံးလိုက်တယ်။

၂ ဘီစီ ၁၄၇၃ ခုနှစ်မှာ ဗာလမ်လို့ခေါ်တဲ့ လူတစ်ယောက်ဟာ ထောင်ချောက်ဆင်နိုင်မယ့်နည်းကို စဉ်းစားခဲ့တယ်။ သူဖမ်းချင်တဲ့ သားကောင်ဟာ ကတိထားရာပြည်ရဲ့ နယ်စပ်၊ မောဘလွင်ပြင်မှာ စခန်းချနေတဲ့ ဘုရားရဲ့လူမျိုး ဖြစ်တယ်။ ဗာလမ်ဟာ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါရဲ့ ပရောဖက်လို့ ဆိုပေမဲ့ တကယ်တော့ လောဘကြီးတဲ့သူပဲ။ အစ္စရေးလူမျိုးကို ကျိန်စာတိုက်ဖို့ သူ့ကို ငှားတဲ့အခါ လက်ခံခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ကြားဝင်လုပ်ဆောင်မှုကြောင့် အစ္စရေးလူမျိုးကို ကောင်းချီးပဲ ပေးလိုက်ရတယ်။ ဒါကြောင့် ဆုလာဘ်ကို အရယူချင်တဲ့ ဗာလမ်ဟာ အစ္စရေးတွေကို ကြီးလေးတဲ့အပြစ် လုပ်အောင် သွေးဆောင်နိုင်ရင် ဘုရားကိုယ်တိုင် သူတို့ကို ဒဏ်ခတ်မှာပဲလို့ စဉ်းစားခဲ့တယ်။ အဲဒီအကြံအောင်မြင်ဖို့ ညှို့ယူဆွဲဆောင်နိုင်တဲ့ မောဘအမျိုးသမီးငယ်တွေကို သုံးပြီး သူ ထောင်ချောက်ဆင်ခဲ့တယ်။​—တောလည်ရာ ၂၂:၁-၇။ ၃၁:၁၅၊ ၁၆။ ဗျာဒိတ် ၂:၁၄။

၃။ ဗာလမ်ရဲ့အကြံဟာ ဘယ်လောက် အောင်မြင်ခဲ့သလဲ။

၃ ဒီလိုအကွက်ဆင်တာ အောင်မြင်ခဲ့သလား။ အတိုင်းအတာတစ်ခုအထိ အောင်မြင်တယ်။ ထောင်သောင်းချီတဲ့ အစ္စရေးအမျိုးသားတွေဟာ သွေးဆောင်မှုနောက် ပါသွားပြီး “မောဘပြည်သူတွေနဲ့ မှားယွင်းကြတယ်။” ရွံရှာဖွယ် လိင်နတ်ဘုရား ဗာလပေဂုရအပါအဝင် မောဘဘုရားတွေကိုတောင် ကိုးကွယ်ကြတယ်။ ဒါကြောင့် အစ္စရေး ၂၄,၀၀၀ ဟာ ကတိထားရာပြည်နယ်စပ်မှာ သေဆုံးခဲ့ရတယ်။ တကယ် ဝမ်းနည်းစရာပါပဲ။​—တောလည်ရာ ၂၅:၁-၉။

၄။ ထောင်သောင်းချီတဲ့ အစ္စရေးတွေ ဘာကြောင့် အကျင့်ယိုယွင်းမှု ထောင်ချောက်ထဲ ကျရောက်ခဲ့သလဲ။

၄ ဒီဘေးဆိုး ဘာကြောင့် ဖြစ်ခဲ့ရသလဲ။ ယေဟောဝါဘုရားကို ကျောခိုင်းသွားပြီး ဆိုးညစ်တဲ့ စိတ်နှလုံး ရှိလာတဲ့အတွက် ဖြစ်တယ်။ တကယ်တော့ ဘုရားက သူတို့ကို အီဂျစ်ပြည်ကနေ ကယ်နုတ်၊ တောထဲမှာ ကျွေးမွေးပြီး ကတိထားရာပြည်ကို လုံခြုံစွာ ပို့ဆောင်ပေးနေတာ။ (ဟီဘရူး ၃:၁၂) ဒီဖြစ်ရပ်ကို အမှတ်ရပြီး တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “လိင်အကျင့်ယိုယွင်းတာကို ရှောင်ကြစို့။ သူတို့ထဲကတချို့ လိင်အကျင့်ယိုယွင်းတဲ့အတွက် တစ်နေ့တည်းမှာ လူ ၂၃,၀၀၀ သေဆုံးခဲ့ရတယ်။”a​—၁ ကောရိန္သု ၁၀:၈။

၅၊ ၆။ မောဘလွင်ပြင်မှာ အစ္စရေးလူမျိုး အပြစ်ကျူးလွန်ခဲ့တဲ့ မှတ်တမ်းဟာ ဒီနေ့ ကျွန်တော်တို့အတွက် ဘာကြောင့် အရေးပါသလဲ။

၅ အခု၊ ပိုကြီးမြတ်တဲ့ ကတိထားရာပြည်ရဲ့ ဝင်ပေါက်အနီးမှာ ရောက်နေတဲ့ ဘုရားသခင့်လူမျိုးကို တောလည်ရာကျမ်းမှတ်တမ်းက အရေးကြီးသင်ခန်းစာတွေ ပေးတယ်။ (၁ ကောရိန္သု ၁၀:၁၁) ဥပမာ၊ လိင်ကို တမ်းတမ်းစွဲနေတဲ့ ဒီခေတ်လူတွေဟာ မောဘလူမျိုးလို ဖြစ်နေရုံမက ပိုလို့တောင် ဆိုးသေးတယ်။ ဒါ့အပြင် နှစ်စဉ် သောင်းနဲ့ချီတဲ့ ခရစ်ယာန်တွေဟာ အစ္စရေးလူမျိုးလိုပဲ လိင်အကျင့်ယိုယွင်းမှု ထောင်ချောက်ထဲ ကျရောက်နေကြတယ်။ (၂ ကောရိန္သု ၂:၁၁) ဇိမရိဟာ မိဒျန်အမျိုးသမီးတစ်ဦးကို အစ္စရေးစခန်းမှာရှိတဲ့ မိမိရဲ့တဲအထိ အတင့်ရဲပြီး ခေါ်လာတယ်။ ဒီနေ့လည်း ဇိမရိလိုပဲ ဘုရားလူမျိုးနဲ့ ပေါင်းသင်းနေသူတချို့ဟာ ခရစ်ယာန်အသင်းတော်ထဲမှာ မကောင်းတဲ့သြဇာ လွှမ်းမိုးနေကြတယ်။​—တောလည်ရာ ၂၅:၆၊ ၁၄။ ယုဒ ၄။

၆ သင်ဟာ ခေတ်သစ်မောဘလွင်ပြင်မှာ ရောက်နေတယ်ဆိုတာ သိပါသလား။ မကြာခင် ရရှိတော့မယ့် ဆုလာဘ်ဖြစ်တဲ့ ကြာရှည်စွာ စောင့်မျှော်ခဲ့ရတဲ့ ကမ္ဘာသစ်ကို မြင်ရဲ့လား။ ဒါဆိုရင် “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ” ဆိုတဲ့ အမိန့်ကို နာခံပါ။ ဒီနည်းနဲ့ ဘုရားရဲ့မေတ္တာ အမြဲခံစားနိုင်ဖို့ အစွမ်းကုန် ကြိုးစားပါ။​—၁ ကောရိန္သု ၆:၁၈။

မောဘလွင်ပြင်

မောဘလွင်ပြင်ကို လှမ်းမြင်ရပုံ

လိင်အကျင့်ယိုယွင်းမှုဆိုတာ ဘာလဲ

၇၊ ၈။ “လိင်အကျင့်ယိုယွင်းမှု” ဆိုတာ ဘာလဲ။ လိင်အကျင့်ယိုယွင်းသူဟာ ဘယ်နည်းနဲ့ ကြဲတဲ့အတိုင်း ရိတ်ရသလဲ။

၇ ကျမ်းစာမှာ အသုံးပြုထားတဲ့ “လိင်အကျင့်ယိုယွင်းမှု” (ဂရိ၊ ပေါ်နီယာ) ဆိုတဲ့ စကားလုံးဟာ ကျမ်းစာနဲ့အညီ လက်မထပ်ဘဲ တရားမဝင် လိင်ဆက်ဆံတာကို ရည်ညွှန်းတယ်။ အိမ်ထောင်ရေး ဖောက်ပြန်တာ၊ ပြည့်တန်ဆာလုပ်တာ၊ လက်မထပ်ထားဘဲ လိင်ဆက်ဆံတာ၊ ပါးစပ်၊ စအိုနဲ့ လိင်ဆက်ဆံတာ၊ မိမိနဲ့လက်မထပ်ထားသူရဲ့ လိင်အင်္ဂါကို ကိုင်တာ ပါဝင်တယ်။ ဒါ့အပြင် အဲဒီလိုအကျင့်တွေကို လိင်တူချင်းဖြစ်စေ၊ တိရစ္ဆာန်နဲ့ဖြစ်စေ ပြုကျင့်တာ ပါဝင်တယ်။b

၈ လိင်အကျင့်ယိုယွင်းသူတွေဟာ ခရစ်ယာန်အသင်းတော်နဲ့ ဆက်ပူးပေါင်းနိုင်မှာ မဟုတ်တဲ့အပြင် ထာဝရအသက်လည်း ရမှာမဟုတ်ဘူးလို့ ကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ (၁ ကောရိန္သု ၆:၉။ ဗျာဒိတ် ၂၂:၁၅) လောလောဆယ်မှာတောင် သူတို့ကိုယ်တိုင် ဆိုးကျိုးတွေ အများကြီး ခံစားနေရတယ်။ ယုံကြည်မှုမရှိတာ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုမရှိတာ၊ အိမ်ထောင်ရေး အဆင်မပြေတာ၊ အမှားအမှန်သိစိတ် မကြည်လင်တာ၊ မလိုချင်တဲ့ကိုယ်ဝန်ရတာ၊ ရောဂါရတာ၊ သေဆုံးတာစတဲ့ ဆိုးကျိုးတွေ ဖြစ်တယ်။ (ဂလာတိ ၆:၇၊ ၈ ကိုဖတ်ပါ။) ဒီလောက် အဖြစ်ဆိုးတွေ ကြုံရမယ့် လမ်းစဉ်မှာ ဘာလို့ ခြေချရမှာလဲ။ ဝမ်းနည်းစရာက လူများစွာဟာ ဦးဆုံးခြေလှမ်းမှားချိန်မှာ ဆိုးကျိုးတွေကို မစဉ်းစားမိကြဘူး။ ညစ်ညမ်းတဲ့ ရုပ်ပုံစာပေတွေကို ကြည့်တာ၊ ဖတ်တာကနေ ဦးဆုံးခြေလှမ်း စလေ့ရှိတယ်။

ဦးဆုံးခြေလှမ်း​—ညစ်ညမ်းတဲ့ ရုပ်ပုံစာပေ

၉။ ညစ်ညမ်းတဲ့ ရုပ်ပုံစာပေဟာ တချို့ပြောသလို အန္တရာယ်ကင်းပါသလား။ ရှင်းပြပါ။

၉ နိုင်ငံများစွာမှာ စာအုပ်အရောင်းဆိုင်၊ တေးဂီတ၊ တီဗွီနဲ့ အများအားဖြင့် အင်တာနက်မှာ ညစ်ညမ်းတဲ့ ရုပ်ပုံစာပေတွေ ပျံ့နှံ့နေတယ်။c ဒါဟာ တချို့ပြောသလို အန္တရာယ်ကင်းပါသလား။ အန္တရာယ်မကင်းဘူး။ ညစ်ညမ်းတဲ့ရုပ်ပုံ ကြည့်ရှုသူတွေဟာ တစ်ကိုယ်တည်း ရာဂစိတ်ဖြေတဲ့အကျင့်ရှိသူ ဖြစ်လာပြီး “အထိန်းအကွပ်မဲ့တဲ့ ရမ္မက်” ရှိလာတယ်။ ရလဒ်အနေနဲ့ လိင်ကိုစွဲလမ်းတာ၊ သဘာဝနဲ့ဆန့်ကျင်တဲ့ အလိုဆန္ဒပေါ်လာတာ၊ အိမ်ထောင်ရေး အဆင်မပြေတာတွေနဲ့ ကွာရှင်းတဲ့အထိတောင် ဖြစ်လာနိုင်တယ်။d (ရောမ ၁:၂၄-၂၇။ ဧဖက် ၄:၁၉) လိင်ကိုစွဲလမ်းတာဟာ ကင်ဆာရောဂါနဲ့ တူတယ်လို့ သုတေသီတစ်ဦးက ဆိုတယ်။ “ဆက်ကြီးထွားလာပြီး ပျံ့နှံ့သွားတယ်။ စွဲလမ်းမှု ပပျောက်သွားဖို့ အလွန်ခက်တဲ့အပြင် ကုသဖို့လည်း သိပ်ခက်တယ်” လို့ သူဆိုတယ်။

အိမ်ရဲ့ လူအများမြင်သာတဲ့နေရာမှာ အင်တာနက်သုံးနေတဲ့ ​လူငယ်

လူအများမြင်သာတဲ့နေရာမှာ အင်တာနက်သုံးတာဟာ ပညာရှိလမ်းစဉ်ဖြစ်

၁၀။ ယာကုပ် ၁:၁၄၊ ၁၅ မှာပါတဲ့မူကို ဘယ်နည်းတွေနဲ့ ကျင့်သုံးနိုင်သလဲ။ (“ကိုယ်ကျင့်တရား စင်ကြယ်နိုင်ဖို့ ခွန်အားရရှိပုံ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၀ ယာကုပ် ၁:၁၄၊ ၁၅ မှာပါတဲ့ စကားတွေကို သုံးသပ်ကြည့်ပါ– “ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံရတာကသာ လူတိုင်းအတွက် စမ်းသပ်မှုပါ။ အဲဒီအလိုဆန္ဒက ကြီးထွားလာရင် အပြစ်ကို လုပ်မိစေတယ်။ အပြစ်လုပ်ပြီးတဲ့နောက်မှာတော့ သေခြင်းကို ဖြစ်ပေါ်စေတယ်။” ဒါကြောင့် မကောင်းတဲ့ဆန္ဒ စိတ်ထဲဝင်လာတာနဲ့ ချက်ချင်း ထုတ်ပစ်ပါ။ ဥပမာ၊ လိင်စိတ်နှိုးဆွပေးတဲ့ပုံတွေကို မရည်ရွယ်ဘဲ ကြည့်မိရင် ချက်ချင်း မျက်နှာလွှဲလိုက်ပါ။ ဒါမှမဟုတ် ကွန်ပျူတာကို ပိတ်လိုက်ပါ ဒါမှမဟုတ် တီဗွီလိုင်း ပြောင်းလိုက်ပါ။ မကောင်းတဲ့စိတ်ဆန္ဒ ဆက်ကြီးထွားလာပြီး သင့်ကို လွှမ်းမိုးတဲ့အထိ မဖြစ်ဖို့ လုပ်သင့်တာမှန်သမျှ လုပ်ဆောင်ပါ။​—မဿဲ ၅:၂၉၊ ၃၀ ကိုဖတ်ပါ။

၁၁။ မကောင်းတဲ့စိတ်ဆန္ဒတွေကို တိုက်လှန်ရာမှာ ယေဟောဝါကို အားကိုးကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

၁၁ ကျွန်တော်တို့အကြောင်းကို ကျွန်တော်တို့ထက် ပိုသိတဲ့အရှင်ဟာ အကြောင်းကောင်းရှိလို့ ဒီလိုတိုက်တွန်းထားတယ်– “လိင်အကျင့်ယိုယွင်းခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ရမ္မက်ဆန္ဒကို မချုပ်တည်းခြင်း၊ မကောင်းတဲ့ လိုအင်ဆန္ဒရှိခြင်း၊ လောဘကြီးခြင်းကို ဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သေစေကြပါ။ လောဘကြီးခြင်းဟာ ရုပ်တုကိုးကွယ်ခြင်းပဲ။” (ကောလောသဲ ၃:၅) ဒီလိုလုပ်ဖို့ ခက်ခဲနိုင်တယ်။ ဒါပေမဲ့ မေတ္တာရှိပြီး စိတ်ရှည်တဲ့ ကောင်းကင်ဖခင်ဆီ အသနားခံ ဆုတောင်းနိုင်တယ်ဆိုတာ သတိရပါ။ (ဆာလံ ၆၈:၁၉) ဒါကြောင့် မကောင်းတဲ့အတွေးတွေ စိတ်ထဲဝင်လာတာနဲ့ ချက်ချင်း ဆုတောင်းပါ။ “သာမန်ထက်ထူးကဲတဲ့ တန်ခိုး” ပေးဖို့ ဆုတောင်းပါ။ တခြားကိစ္စတွေအပေါ် အာရုံပြောင်းလိုက်ပါ။​—၂ ကောရိန္သု ၄:၇။ ၁ ကောရိန္သု ၉:၂၇။ “အကျင့်ဆိုးကို ငါ ဘယ်လိုချိုးနှိမ်နိုင်မလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။

၁၂။ ကျွန်တော်တို့ရဲ့ “စိတ်နှလုံး” ဆိုတာ ဘာလဲ။ ဘာကြောင့် စောင့်ရှောက်ရမလဲ။

၁၂ “အသက်ဟာ စိတ်နှလုံးမှာ တည်မှီနေလို့ အရာအားလုံးထက် စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ” လို့ ပညာရှိရှောလမုန် ရေးခဲ့တယ်။ (ပညာအလိမ္မာ ၄:၂၃) ကျွန်တော်တို့ရဲ့ “စိတ်နှလုံး” ဆိုတာ ဘုရားသခင့်အမြင်မှာ အမှန်တကယ် ဘယ်လိုလူစားမျိုး ဖြစ်မှန်း ဖော်ပြတဲ့ အတွင်းစိတ်သဘောထားကို ဆိုလိုတယ်။ ထာဝရအသက် ရထိုက်၊ မရထိုက်ဆိုတာ ကျွန်တော်တို့ရဲ့ “စိတ်နှလုံး” ကို ဘုရားရဲ့ ရှုမြင်ပုံအပေါ် မူတည်တယ်။ တခြားသူတွေရဲ့ ရှုမြင်ပုံအပေါ် မမူတည်ဘူး။ ဒါဟာ အလွန်ရိုးရှင်းသလောက် အသက်နဲ့လည်း ဆိုင်တယ်။ သစ္စာရှိသူယောဘဟာ အမျိုးသမီးတစ်ဦးကို တပ်မက်တဲ့စိတ်နဲ့ မကြည့်မိဖို့ မျက်စိနဲ့ ကတိသစ္စာပြုခဲ့တယ်။ (ယောဘ ၃၁:၁) ပုံသက်သေကောင်းပါပဲ။ ဆာလံဆရာလည်း ထပ်တူသဘောထားမျိုး တင်ပြပြီး “အချည်းနှီးဖြစ်တဲ့အရာတွေကို မကြည့်မိအောင် ကျွန်တော့်မျက်စိကို လွှဲပေးပါ” လို့ ဆုတောင်းခဲ့တယ်။​—ဆာလံ ၁၁၉:၃၇။

ကိုယ်ကျင့်တရား စင်ကြယ်နိုင်ဖို့ ခွန်အားရရှိပုံ

“ကျွန်တော် ဆယ်ကျော်သက်အရွယ်မှာ ညစ်ညမ်းတဲ့ရုပ်ပုံတွေကို ကြည့်ပြီး တစ်ကိုယ်တည်း ရာဂစိတ်ဖြေတဲ့အကျင့် စွဲခဲ့တယ်။ ကျောင်းက ရွယ်တူချင်းတွေအတွက်တော့ ဒီလိုအကျင့်တွေဟာ မြီးကောင်ပေါက်အရွယ်မှာ ဖြစ်လေ့ရှိတဲ့ သာမန်အရာတွေပဲ။ ဒါပေမဲ့ အဲဒီအကျင့်တွေကြောင့် အမှားအမှန်သိစိတ် ပျက်စီးသွားပြီး အကျင့်ပျက်လမ်းစဉ်ထဲ နစ်မွန်းခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ သွေးသားဆန္ဒရဲ့ကျွန် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ အသင်းတော်ရဲ့ အကူအညီကြောင့် မသန့်ရှင်းတဲ့အကျင့်တွေကို ချိုးနှိမ်နိုင်ခဲ့တယ်။ တခြားသူတွေက ကျွန်တော့်အပေါ် အကြီးအကျယ် သြဇာလွှမ်းမိုးနိုင်မှန်း သိထားတဲ့အတွက် အခုဆို အပေါင်းအသင်းတွေကို အသေအချာ ရွေးချယ်တယ်။ ပုံမှန် ဆုတောင်းတာနဲ့ ကိုယ်ပိုင်လေ့လာမှု လုပ်တာက မကောင်းတဲ့အကျင့်တွေ ပြန်မလုပ်မိအောင် ကူညီပေးမှန်း သိလာတယ်။ အခုဆို ကျွန်တော်ဟာ သွေးသားဆန္ဒရဲ့ကျွန် မဟုတ်တော့ဘဲ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေပြီ” လို့ လူငယ်တစ်ဦး ပြောပြတယ်။

ဒိနရဲ့ ပညာမဲ့တဲ့ရွေးချယ်မှု

၁၃။ ဒိနဟာ ဘယ်သူလဲ။ သူ့ရဲ့ အပေါင်းအသင်းရွေးချယ်မှုဟာ ဘာကြောင့် ပညာမဲ့သလဲ။

၁၃ အခန်း ၃ မှာ တွေ့ခဲ့တဲ့အတိုင်း အပေါင်းအသင်းဟာ ကျွန်တော်တို့အပေါ် ကောင်းကျိုး ဒါမှမဟုတ် ဆိုးကျိုး သက်ရောက်စေနိုင်တယ်။ (ပညာအလိမ္မာ ၁၃:၂၀။ ၁ ကောရိန္သု ၁၅:၃၃ ကိုဖတ်ပါ။) ယာကုပ်ရဲ့သမီး ဒိနရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူဟာ သွန်သင်လေ့ကျင့်မှု ကောင်းကောင်းရရှိခဲ့ပေမဲ့ ပညာမဲ့ပြီး ခါနန်အမျိုးသမီးတွေနဲ့ မိတ်ဆွေဖွဲ့ခဲ့တယ်။ မောဘလူမျိုးလိုပဲ ခါနန်လူမျိုးလည်း လိင်အကျင့်ယိုယွင်းမှုမှာ နာမည်ကြီးတယ်။ (ဝတ်ပြုရာ ၁၈:၆-၂၅) “အမျိုးတွေထဲမှာ ဂုဏ်သရေအရှိဆုံး” ရှေခင်အပါအဝင် ခါနန်အမျိုးသားတွေရဲ့ အမြင်မှာ ဒိနဟာ ခါနန်ပြည်သူတွေလိုပဲ လိင်အကျင့်ယိုယွင်းမှုကို လက်ခံမယ့်ပုံ ပေါက်နေတယ်။​—ကမ္ဘာဦး ၃၄:၁၈၊ ၁၉။

၁၄။ ဒိနရဲ့ အပေါင်းအသင်း ရွေးချယ်မှုကြောင့် ဘာဆိုးကျိုးတွေ ခံစားခဲ့ရသလဲ။

၁၄ ဒိနဟာ ရှေခင်ကို တွေ့ချိန်မှာ သူနဲ့ လိင်ဆက်ဆံမယ်ဆိုတဲ့အတွေး ရှိခဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှေခင်ဟာ လိင်စိတ်ထကြွလာတဲ့အခါ သာမန်ကိစ္စလို့ ခါနန်လူအများစု ယူမှတ်တဲ့ အပြုအမူကို ပြုလုပ်ခဲ့တယ်။ ဒိနကို “ခေါ်သွားပြီး စော်ကားလိုက်တယ်။” ဒိနဘက်က နောက်ဆုံးအချိန်အထိ ငြင်းဆန်ပေမဲ့ အလကားပဲ။ နောက်ပိုင်း ရှေခင်ဟာ ဒိနကို “ချစ်ခင်စွဲလမ်း” သွားပုံရပေမဲ့ ဒါဟာ ဒိနအပေါ် သူကျူးလွန်ခဲ့တဲ့အရာကို မပြောင်းလဲစေခဲ့ဘူး။ (ကမ္ဘာဦး ၃၄:၁–၄ ကိုဖတ်ပါ။) ဒိနတစ်ယောက်တည်း ဆိုးကျိုးခံစားခဲ့ရတာ မဟုတ်ဘူး။ သူ့ရဲ့ အပေါင်းအသင်းရွေးချယ်မှုကြောင့် မိသားစုတစ်ခုလုံးကို ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်။​—ကမ္ဘာဦး ၃၄:၇၊ ၂၅-၃၁။ ဂလာတိ ၆:၇၊ ၈။

၁၅၊ ၁၆။ စစ်မှန်တဲ့ဉာဏ်ပညာကို ဘယ်လို ရရှိနိုင်သလဲ။ (“တွေးတောဆင်ခြင်ရမယ့် ကျမ်းချက်တွေ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၅ ဒိနဟာ ဆိုးကျိုးတွေ ကြုံပြီးနောက်မှ အရေးကြီးသင်ခန်းစာ ရခဲ့တယ်။ ယေဟောဝါကို ချစ်ပြီး နာခံသူတွေကတော့ ဆိုးကျိုးတွေကြုံပြီးမှ ဘဝသင်ခန်းစာယူတာမျိုး ဖြစ်ဖို့မလိုဘူး။ ဘုရားစကား နားထောင်တဲ့အတွက် “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်” ဖို့ သူတို့ ရွေးချယ်ကြတယ်။ (ပညာအလိမ္မာ ၁၃:၂၀က) သူတို့ဟာ “မွန်မြတ်တဲ့ လမ်းစဉ်မှန်သမျှကို” သိနားလည်လာတဲ့အတွက် မလိုအပ်တဲ့ ပြဿနာတွေနဲ့ နာကြည်းစရာတွေကို ရှောင်နိုင်ကြတယ်။​—ပညာအလိမ္မာ ၂:၆-၉။ ဆာလံ ၁:၁-၃။

၁၆ ဘုရားဆီက ဉာဏ်ပညာကို လိုချင်စိတ်ရှိပြီး စွဲစွဲမြဲမြဲ ဆုတောင်းမယ်၊ ကျမ်းစာနဲ့ သစ္စာရှိကျွန် ပြင်ဆင်ပေးတဲ့ စာပေတွေကို မှန်မှန်လေ့လာမယ်ဆိုရင် အဲဒီဉာဏ်ပညာကို ရရှိနိုင်ပါတယ်။ (မဿဲ ၂၄:၄၅။ ယာကုပ် ၁:၅) နှိမ့်ချမှုရှိဖို့လည်း အရေးကြီးတယ်။ ဒါမှ ကျမ်းစာအကြံဉာဏ်ကို လိုလိုလားလား နာခံနိုင်မယ်။ (၂ ဘုရင်များ ၂၂:၁၈၊ ၁၉) ဥပမာ၊ စိတ်နှလုံးဟာ စဉ်းလဲပြီး ထင်ရာစိုင်းတတ်တယ်ဆိုတာကို ခရစ်ယာန်တစ်ဦး လက်ခံမှာပါ။ (ယေရမိ ၁၇:၉) ဒါပေမဲ့ အခြေအနေအရ လိုအပ်လို့ မေတ္တာပါတဲ့ ဆုံးမမှုနဲ့ အကူအညီ ပေးလာတဲ့အခါ သူ နှိမ့်ချစွာ လက်ခံသလား။

၁၇။ မိသားစုမှာ ပေါ်လာနိုင်တဲ့ အခြေအနေတစ်ခုကို ဖော်ပြပါ။ ဖခင်ဟာ သမီးဖြစ်သူနဲ့ ဆင်ခြင်သုံးသပ်နိုင်ပုံကို ဖော်ပြပါ။

၁၇ ဒီအခြေအနေကို စဉ်းစားကြည့်ပါ။ ဖခင်တစ်ဦးဟာ မိမိရဲ့သမီးနဲ့ ခရစ်ယာန်အမျိုးသားငယ်တစ်ဦးကို အဖော်မပါဘဲ နှစ်ယောက်တည်း သွားခွင့်မပြုဘူး။ သမီးက “ကျွန်မကို မယုံဘူးလား။ ကျွန်မတို့ မဟုတ်တာ ဘာမှမလုပ်ဘူး” လို့ ပြန်ပြောတယ်။ သမီးဖြစ်သူဟာ ယေဟောဝါကို ချစ်ပြီး စိတ်ထားမှန်မယ်။ ဒါပေမဲ့ သူဟာ “ဉာဏ်ပညာလမ်းစဉ်မှာ လျှောက်လှမ်း” နေသလား။ “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်” နေသလား။ ဒါမှမဟုတ် မိုက်မဲစွာ “ကိုယ့်စိတ်နှလုံးကို ယုံကြည်ကိုးစား” နေသလား။ (ပညာအလိမ္မာ ၂၈:၂၆) ဒီကိစ္စကို ဆင်ခြင်သုံးသပ်ရာမှာ ဖခင်နဲ့ သမီးအတွက် အထောက်အကူပြုမယ့် တခြားမူတွေကို သင် စဉ်းစားကြည့်နိုင်ပါတယ်။​—ပညာအလိမ္မာ ၂၂:၃။ မဿဲ ၆:၁၃။ ၂၆:၄၁ တို့ကို ကြည့်ပါ။

အကျင့်ဆိုးကို ငါ ဘယ်လိုချိုးနှိမ်နိုင်မလဲ

အကြီးအကဲကို ​စကားပြောနေတဲ့ ခရစ်ယာန်အမျိုးသား

မူ– “ယေဟောဝါကို ချစ်မြတ်နိုးသူတို့၊ မကောင်းမှုကို မုန်းကြပါ။”​—ဆာလံ ၉၇:၁၀။

မိမိကိုယ်ကို မေးရမယ့် မေးခွန်းတချို့

  • မကောင်းတဲ့ဆန္ဒကို နှိုးဆွပေးနိုင်တဲ့ အခြေအနေတွေကို ငါ ရှောင်သလား။​—မဿဲ ၅:၂၇၊ ၂၈။

  • မကောင်းတဲ့ဆန္ဒအတိုင်း လုပ်လိုက်တဲ့အတွက် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ငါတွေးတောဆင်ခြင်သလား။​—ပညာအလိမ္မာ ၂၂:၃။

  • ငါ့အကျင့်ဆိုးကို ချိုးနှိမ်ဖို့ ဘယ်လိုလုပ်ရပ်မျိုးကို ပြတ်ပြတ်သားသား လုပ်ဆောင်ချင်သလဲ။​—မဿဲ ၅:၂၉၊ ၃၀။

  • မိဘ ဒါမှမဟုတ် ရင့်ကျက်တဲ့ မိတ်ဆွေတစ်ဦးကို ငါ့ပြဿနာအကြောင်း ပြောပြဖို့ အသင့်ရှိသလား။​—ပညာအလိမ္မာ ၁:၈၊ ၉။ ဂလာတိ ၆:၁၊ ၂။

  • အကျင့်ဆိုးကို ချိုးနှိမ်နိုင်ဖို့ ယေဟောဝါပေးတဲ့ ခွန်အားနဲ့ ဉာဏ်ပညာကို အားထားကြောင်း ငါ ဘယ်လို တင်ပြနိုင်သလဲ။​—ပညာအလိမ္မာ ၃:၅၊ ၆။ ယာကုပ် ၁:၅။

လိင်အကျင့်ယိုယွင်းမှုကို ယောသပ် ဝေးဝေးရှောင်ခဲ့

၁၈၊ ၁၉။ ဘယ်သွေးဆောင်မှုကို ယောသပ် ကြုံခဲ့ရသလဲ။ သူ ဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့သလဲ။

၁၈ ဘုရားသခင်ကို ချစ်လို့ လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ခဲ့တဲ့ လူငယ်တစ်ဦးကတော့ ဒိနရဲ့ ဖတူမိကွဲမောင် ယောသပ်ပဲ။ (ကမ္ဘာဦး ၃၀:၂၀-၂၄) အစ်မဖြစ်သူရဲ့ ပညာမဲ့လုပ်ရပ်ကြောင့် ဆိုးကျိုးတွေခံစားခဲ့ရတာကို ယောသပ် ငယ်စဉ်က ကိုယ်တွေ့ မြင်ခဲ့ရတယ်။ အဲဒီဖြစ်ရပ်တွေအပြင် ဘုရားသခင့်မေတ္တာ အမြဲခံစားချင်တဲ့ ယောသပ်ရဲ့ဆန္ဒဟာ နောက်ပိုင်းနှစ်တွေမှာ သူ့ကို ကာကွယ်ပေးခဲ့တယ်။ အီဂျစ်ပြည်မှာ သခင့်ရဲ့ဇနီး “နေ့စဉ်ရက်ဆက်” သွေးဆောင်တဲ့အခါမှာ ဖြစ်တယ်။ ယောသပ်ဟာ ကျွန်တစ်ဦးဖြစ်နေလို့ အလုပ်က ထွက်လို့ရနိုင်မှာ မဟုတ်ဘူး။ အခြေအနေကို ပညာရှိရှိ၊ သတ္တိရှိရှိ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်တယ်။ ပေါတိဖာရဲ့ဇနီးကို အကြိမ်ကြိမ် ငြင်းဆိုပြီး နောက်ဆုံး ထွက်ပြေးခဲ့တယ်။​—ကမ္ဘာဦး ၃၉:၇–၁၂ ကိုဖတ်ပါ။

၁၉ စဉ်းစားကြည့်ပါ။ ယောသပ်ဟာ အဲဒီမိန်းမအကြောင်း စဉ်းစားနေမယ် ဒါမှမဟုတ် လိင်အကြောင်း စိတ်ကူးယဉ်တဲ့အကျင့် ရှိနေမယ်ဆိုရင် သူ့ရဲ့သမာဓိကို စောင့်ထိန်းနိုင်ပါ့မလား။ စောင့်ထိန်းနိုင်မှာ မဟုတ်ဘူး။ မကောင်းတဲ့အတွေးကို တွေးနေမယ့်အစား ယေဟောဝါနဲ့ ဆက်ဆံရေးကို ယောသပ် တန်ဖိုးထားမှန်း ပေါတိဖာရဲ့ဇနီးကို ပြောတဲ့ စကားမှာ ထင်ရှားတယ်။ “သခင်က . . . အားလုံးကို ကျွန်တော့်လက်ထဲ အပ်ထားတယ်။ ဒါပေမဲ့ သခင့်ဇနီးဖြစ်တဲ့ သခင်မကိုတော့ ထိပါးခွင့် မရှိပါဘူး။ ဒီလိုကြီးလေးတဲ့အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့အဖြစ်မျိုး ကျွန်တော် အရောက်မခံနိုင်ဘူး” လို့ သူပြောတယ်။​—ကမ္ဘာဦး ၃၉:၈၊ ၉။

၂၀။ ယောသပ်ရဲ့အဖြစ်မှာ ကိစ္စရပ်တွေကို ယေဟောဝါ ဘယ်လို စီမံခဲ့သလဲ။

၂၀ လူငယ်ယောသပ်ဟာ မိသားစုနဲ့ ဝေးနေချိန်မှာ နေ့စဉ် သမာဓိစောင့်ထိန်းနေတာကို ယေဟောဝါ တွေ့တဲ့အခါ ဘယ်လောက် ဝမ်းသာမယ်ဆိုတာ တွေးကြည့်ပါ။ (ပညာအလိမ္မာ ၂၇:၁၁) နောက်ပိုင်းမှာ ကိစ္စရပ်တွေကို ယေဟောဝါ စီမံခဲ့တဲ့အတွက် ယောသပ်ဟာ ထောင်က လွတ်လာတဲ့အပြင် အီဂျစ်ပြည်ရဲ့ ဝန်ကြီးချုပ်နဲ့ စားနပ်ရိက္ခာ စီမံခန့်ခွဲရေးမှူးအဖြစ် ခန့်အပ်ခံရတယ်။ (ကမ္ဘာဦး ၄၁:၃၉-၄၉) “ယေဟောဝါကို ချစ်မြတ်နိုးသူတို့၊ မကောင်းမှုကို မုန်းကြပါ။ ဘုရားက သစ္စာစောင့်သိသူတွေရဲ့ အသက်ကို စောင့်ရှောက်တယ်။ လူဆိုးတွေလက်ကနေ သူတို့ကို ကယ်တင်တယ်” ဆိုတဲ့ ဆာလံ ၉၇:၁၀ မှာပါတဲ့ စကားတွေ တကယ်မှန်တယ်။

အလုပ်ဖော်အမျိုးသားရဲ့ သွေးဆောင်မှုကို ငြင်းပယ်နေတဲ့ ခရစ်ယာန်အမျိုးသမီး

၂၁။ အာဖရိကနိုင်ငံတစ်နိုင်ငံက ညီအစ်ကိုငယ်တစ်ဦး စိတ်ဓာတ်ခိုင်မာကြောင်း ဘယ်လို ဖော်ပြခဲ့သလဲ။

၂၁ ဒီနေ့လည်း ဘုရားရဲ့ကျေးကျွန်တွေဟာ ‘မကောင်းမှုကို မုန်းပြီး ကောင်းမှုကို ချစ်တယ်’ ဆိုတာ ဖော်ပြကြတယ်။ (အာမုတ် ၅:၁၅) သင်္ချာဘာသာ စာမေးပွဲဖြေချိန်မှာ ကူညီပေးရင် လိင်ဆက်ဆံခွင့် ပေးမယ်လို့ အတန်းဖော်မိန်းကလေး ကမ်းလှမ်းတဲ့အကြောင်း အာဖရိကနိုင်ငံတစ်နိုင်ငံက ညီအစ်ကိုငယ်တစ်ဦး ပြောပြတယ်။ “ကျွန်တော် ချက်ချင်း ငြင်းလိုက်တယ်။ ကျွန်တော် သမာဓိစောင့်ထိန်းတဲ့အတွက် ရွှေငွေထက် အဖိုးတန်တဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို ဆက်ထိန်းနိုင်ခဲ့တယ်” လို့ သူပြောပြတယ်။ အပြစ်လုပ်ရင် “ခဏပျော်” နိုင်ပေမဲ့ အဲဒီခဏတာအပျော်ဟာ အကြီးအကျယ် ဒုက္ခရောက်စေတယ်။ (ဟီဘရူး ၁၁:၂၅) ဒါ့အပြင် ယေဟောဝါကို နာခံခြင်းကြောင့် ရရှိမယ့် ထာဝရပျော်ရွှင်မှုနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ဘူး။​—ပညာအလိမ္မာ ၁၀:၂၂။

ကရုဏာရှင်ဘုရားဆီက အကူအညီကို လက်ခံပါ

၂၂၊ ၂၃။ (က) ခရစ်ယာန်တစ်ဦး ကြီးလေးတဲ့အပြစ် ကျူးလွန်မိရင် မျှော်လင့်ချက်မဲ့သွားပြီလို့ ဘာကြောင့် မပြောနိုင်သလဲ။ (ခ)  အပြစ်ပြုသူဟာ ဘယ်အကူအညီ ရရှိနိုင်သလဲ။

၂၂ ကျွန်တော်တို့အားလုံး မစုံလင်တဲ့အတွက် သွေးသားဆန္ဒတွေကို အလျှော့မပေးဖို့၊ ဘုရားအမြင်မှာ မှန်ကန်ရာကို လုပ်ဆောင်ဖို့ ကြိုးစားတိုက်လှန်နေရတယ်။ (ရောမ ၇:၂၁-၂၅) ဒါကို ယေဟောဝါ သိထားတယ်၊ ကျွန်တော်တို့ “မြေမှုန့်ပဲဆိုတာကို မမေ့ဘူး။” (ဆာလံ ၁၀၃:၁၄) ဒါပေမဲ့ ခရစ်ယာန်တစ်ဦးဟာ ကြီးလေးတဲ့အပြစ် ကျူးလွန်မိနိုင်တယ်။ အဲဒီအခါ သူ မျှော်လင့်ချက်မဲ့သွားပြီလား။ လုံးဝ မဟုတ်ဘူး။ အပြစ်ပြုသူဟာ ဘုရင်ဒါဝိဒ်လိုပဲ ခါးသီးတဲ့ အကျိုးဆက်တွေကို ရိတ်သိမ်းရမယ်။ ဒါပေမဲ့ နောင်တရပြီး အပြစ် “ဝန်ချတောင်းပန်” သူတွေကို ဘုရားသခင် “ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။”​—ယာကုပ် ၅:၁၆။ ဆာလံ ၈၆:၅။ ပညာအလိမ္မာ ၂၈:၁၃ ကိုဖတ်ပါ။

၂၃ ဒါ့အပြင် ဘုရားသခင်ဟာ ခရစ်ယာန်အသင်းတော်မှာ အရည်အချင်းရှိပြီး ကူညီဖို့အသင့်ရှိတဲ့၊ ရင့်ကျက်တဲ့ သိုးထိန်းတွေကို “လက်ဆောင်အဖြစ်” ပေးထားတယ်။ (ဧဖက် ၄:၈၊ ၁၂။ ယာကုပ် ၅:၁၄၊ ၁၅) သူတို့ရဲ့ပန်းတိုင်ဟာ အပြစ်ပြုသူကို ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင်၊ “သိနားလည်နိုင်စွမ်း” ရအောင် ကူညီပေးဖို့ ဖြစ်တယ်။ ဒါဆိုရင် သူ ထပ်တလဲလဲ အပြစ်ပြုတော့မှာ မဟုတ်ဘူး။​—ပညာအလိမ္မာ ၁၅:၃၂။

‘သိနားလည်နိုင်စွမ်းကို ရယူခြင်း’

၂၄၊ ၂၅။ (က)  ပညာအလိမ္မာ ၇:၆-၂၃ မှာပါတဲ့ လူငယ်ဟာ “ဆင်ခြင်ဉာဏ်မရှိ” မှန်း ဘယ်လို ဖော်ပြခဲ့သလဲ။ (ခ) ကျွန်တော်တို့ ဘယ်နည်းနဲ့ “သိနားလည်နိုင်စွမ်းကို ရယူ” နိုင်သလဲ။

၂၄ ကျမ်းစာမှာ “ဆင်ခြင်ဉာဏ်မရှိတဲ့” သူနဲ့ “သိနားလည်နိုင်စွမ်းကို ရယူတဲ့သူ” အကြောင်း ဖော်ပြထားတယ်။ (ပညာအလိမ္မာ ၇:၇) “ဆင်ခြင်ဉာဏ်မရှိတဲ့” သူဟာ ရင့်ကျက်မှု မရှိတာ၊ ဘုရားအမှုတော်မှာ အတွေ့အကြုံမရှိတာတွေကြောင့် ပိုင်းခြားသိမြင်နိုင်စွမ်း၊ ကောင်းစွာ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ပညာအလိမ္မာ ၇:၆-၂၃ မှာ ဖော်ပြထားတဲ့ လူငယ်လိုပဲ သူဟာ ကြီးလေးတဲ့အပြစ်ကို အလွယ်တကူ ကျူးလွန်မိနိုင်တယ်။ ဒါပေမဲ့ “သိနားလည်နိုင်စွမ်းကို ရယူတဲ့သူ” ဟာ ဆုတောင်းပြီး ကျမ်းစာ မှန်မှန်လေ့လာခြင်းအားဖြင့် မိမိရဲ့ အတွင်းစိတ်သဘောကို အသေအချာ ဆန်းစစ်တယ်။ သူဟာ မစုံလင်ပေမဲ့ သူ့အတွေးအခေါ်၊ အလိုဆန္ဒ၊ ခံစားချက်နဲ့ ဘဝပန်းတိုင်တွေကို ဘုရားအလိုတော်နဲ့အညီ ဖြစ်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ ဒီနည်းနဲ့ သူဟာ “ကိုယ့်ကိုယ်ကိုယ် ချစ်” ရာရောက်ပြီး “အောင်မြင်လိမ့်မယ်။”​—ပညာအလိမ္မာ ၁၉:၈။

၂၅ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဘုရားရဲ့စံနှုန်းတွေ မှန်တယ်ဆိုတာ ငါ အကြွင်းမဲ့ယုံသလား။ အဲဒါတွေကို လိုက်လျှောက်ရင် စစ်မှန်တဲ့ပျော်ရွှင်မှု ရမယ်ဆိုတာ ငါ တကယ်ယုံသလား။’ (ဆာလံ ၁၉:၇-၁၀။ ဟေရှာယ ၄၈:၁၇၊ ၁၈) သင်ဟာ သံသယနည်းနည်းလောက် ရှိနေမယ်ဆိုရင်တောင် ဖြေရှင်းဖို့ ကြိုးစားပါ။ ဘုရားရဲ့ပညတ်တွေကို လျစ်လျူရှုခြင်းရဲ့ ဆိုးကျိုးတွေကို တွေးတောပါ။ ဒါ့အပြင် အမှန်တရားအတိုင်း အသက်ရှင်နေထိုင်ပြီး မှန်ကန်ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်ပြီး မေတ္တာတိုးစေတဲ့အရာ၊ မွန်မြတ်တဲ့အရာတွေဖြစ်တဲ့ အကျိုးပြုအတွေးအခေါ်တွေနဲ့ သင့်စိတ်ကို ဖြည့်ထားပါ။ ဒီနည်းနဲ့ “ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင် ခံစားကြည့်ပါ။” (ဆာလံ ၃၄:၈။ ဖိလိပ္ပိ ၄:၈၊ ၉) ဒါဆိုရင် ဘုရားသခင်နဲ့ ဘုရားချစ်တဲ့အရာကို ပိုချစ်လာလေဖြစ်ပြီး ဘုရားမုန်းတဲ့အရာကို ပိုမုန်းလာလေ ဖြစ်မှာ သေချာတယ်။ ယောသပ်ဟာ စွမ်းအားရှင်လူသားတစ်ဦး မဟုတ်ဘူး။ ဒါပေမဲ့ “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်” နိုင်ခဲ့တယ်။ အကြောင်းကတော့ နှစ်တွေတစ်လျှောက် ယေဟောဝါ ပုံသွင်းပေးတာကို ခံယူခဲ့ပြီး ဘုရားစိတ်တော်နဲ့ တွေ့ချင်တဲ့အတွက် ဖြစ်တယ်။ သင်လည်း ထပ်တူဖြစ်နိုင်ပါစေ။​—ဟေရှာယ ၆၄:၈။

၂၆။ နောက်အခန်းမှာ ဘယ်အရေးကြီးတဲ့အကြောင်းကို ဆွေးနွေးမလဲ။

၂၆ ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်ဟာ မျိုးပွားအင်္ဂါတွေကို စိတ်လှုပ်ရှားစေတဲ့ ကစားစရာတွေအဖြစ် မဟုတ်ဘဲ မျိုးပွားနိုင်ဖို့၊ အိမ်ထောင်သည်တွေ ချစ်ခင်ရင်းနှီးမှု ရနိုင်ဖို့ ဖန်ဆင်းပေးခဲ့တယ်။ (ပညာအလိမ္မာ ၅:၁၈) နောက်အခန်းနှစ်ခန်းမှာ အိမ်ထောင်နဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ ရှုမြင်ပုံကို ဆွေးနွေးပါမယ်။

a တောလည်ရာကျမ်းမှာ ဖော်ပြတဲ့ အရေအတွက်ထဲမှာ တရားသူကြီးတွေ ကွပ်မျက်ခဲ့တဲ့ “ဦးဆောင်သူ” အယောက် ၁,၀၀၀ နဲ့ ယေဟောဝါကိုယ်တိုင် ကွပ်မျက်ခဲ့သူတွေ ပါဝင်ပုံရတယ်။​—တောလည်ရာ ၂၅:၄၊ ၅။

b မသန့်ရှင်းခြင်းနဲ့ မျက်နှာပြောင်တိုက်ခြင်းရဲ့ အဓိပ္ပာယ်ကို ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ၂၀၀၆၊ ဇူလိုင် ၁၅၊ ကင်းမျှော်စင် “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။

c “ညစ်ညမ်းတဲ့ ရုပ်ပုံစာပေ” ဆိုတာ လိင်စိတ်နှိုးဆွပေးတဲ့ ရုပ်ပုံ၊ စာပေ၊ အသံကို ဆိုလိုတယ်။ လိင်စိတ်နှိုးဆွပေးတဲ့ ကိုယ်ဟန်အနေအထားနဲ့ ရိုက်ထားတဲ့ပုံကအစ လူနှစ်ဦး ဒါမှမဟုတ် နှစ်ဦးထက်မက အညစ်ညမ်းဆုံးပုံစံမျိုးနဲ့ လိင်ဆက်ဆံနေတဲ့ပုံအထိ ပါဝင်နိုင်တယ်။

d တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်းအကြောင်းကို “တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်းကို ချိုးနှိမ်နိုင်” နောက်ဆက်တွဲမှာ ဆွေးနွေးထားတယ်။

တွေးတောဆင်ခြင်ရမယ့် ကျမ်းချက်တွေ

“ယေဟောဝါကို ချစ်မြတ်နိုးသူတို့၊ မကောင်းမှုကို မုန်းကြပါ။”​—ဆာလံ ၉၇:၁၀။

“မိန်းမတစ်ယောက်ကို ရာဂစိတ်နဲ့ ကြည့်နေတာဟာ အဲဒီမိန်းမကို စိတ်နဲ့ပြစ်မှားတာပဲ။”​—မဿဲ ၅:၂၈။

“လိင်အကျင့်ယိုယွင်းသူကတော့ မိမိရဲ့ကိုယ်ခန္ဓာကို ပြစ်မှားတာပဲ။”​—၁ ကောရိန္သု ၆:၁၈။

“သူတစ်ပါးကို ဟောပြောပြီးမှ တစ်နည်းနည်းနဲ့ ကိုယ်တိုင် အပယ်မခံရအောင် ကျွန်တော့်ကိုယ်ခန္ဓာကို ထိုးနှက်ပြီး ကျွန်တစ်ယောက်လိုဖြစ်အောင် ထိန်းချုပ်ထားတယ်။”​—၁ ကောရိန္သု ၉:၂၇။

“လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။ အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း မျိုးစေ့ကြဲတဲ့သူက အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း ပျက်စီးခြင်းကိုပဲ ရိတ်သိမ်းရလိမ့်မယ်။ စွမ်းအားတော် လမ်းပြတဲ့အတိုင်း မျိုးစေ့ကြဲတဲ့သူကတော့ စွမ်းအားတော် လမ်းပြတဲ့အတိုင်း ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မယ်။”​—ဂလာတိ ၆:၇၊ ၈။

‘ဒါကြောင့် လိင်အကျင့်ယိုယွင်းခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ရမ္မက်ဆန္ဒကို မချုပ်တည်းခြင်းကို ဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သေစေကြပါ။’​—ကောလောသဲ ၃:၅။

‘ခင်ဗျားတို့အားလုံး သန့်ရှင်းသူတွေ၊ ဂုဏ်အသရေရှိသူတွေ ဖြစ်နိုင်ဖို့ ခန္ဓာကိုယ်ကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ သိရမယ်။ လောဘကြီးတာမျိုး၊ ရမ္မက်ဆန္ဒကို မချုပ်တည်းတာမျိုး မဖြစ်ရဘူး။’​—၁ သက်သာလောနိတ် ၄:၄၊ ၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ