မျက်နှာဖုံးဆောင်းပါး | အဖြစ်ဆိုးတွေကို လူကောင်းတွေ ဘာလို့ ကြုံနေရတာလဲ
အဖြစ်ဆိုးတွေကို ဘုရားသခင် ဘာလုပ်ပေးမှာလဲ
နတ်ဆိုးမင်း စာတန်မာရ်နတ်ကြောင့်ဖြစ်ရတဲ့ ဆင်းရဲဒုက္ခတွေကို ယေဟောဝါဘုရားနဲ့ သားတော်ယေရှုခရစ်တို့ ဘာလုပ်ပေးမယ်ဆိုတာ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ “မာရ်နတ်၏ အမှုအရာများကို ချိုးဖျက်ရန် ဘုရားသခင်၏ သားတော် [ယေရှု] ကြွလာရခြင်းဖြစ်” တယ်လို့ ကျမ်းစာကဆိုတယ်။ (၁ ယောဟန် ၃:၈) လောဘ၊ မုန်းတီးမှုနဲ့ ဆိုးညစ်မှုတွေ ပြည့်နှက်နေတဲ့ ဒီလောကကြီးဟာ ဖျက်ဆီးခံရပါတော့မယ်။ “ဤလောကကို အစိုးရသောမင်း” စာတန်မာရ်နတ်ကို ဒီလောက,ကနေ “နှင်ထုတ်” တော့မယ်လို့ ယေရှု ကတိပေးထားပါတယ်။ (ယောဟန် ၁၂:၃၁) စာတန်ရဲ့ လွှမ်းမိုးမှုမရှိတော့တဲ့အခါ ကမ္ဘာကြီးဟာ ဆိုးညစ်မှုတွေမရှိတော့ဘဲ အေးချမ်းငြိမ်သက်လာပါလိမ့်မယ်။—၂ ပေတရု ၃:၁၃။
မကောင်းမှုတွေကို အဆက်မပြတ် လုပ်နေသူတွေ၊ ခေါင်းမာမာနဲ့ အကျင့်မပြောင်းလဲတဲ့သူတွေ ဘာဖြစ်မှာလဲ။ ရိုးရှင်းပြီး တိကျတဲ့ ဒီကတိကို စဉ်းစားကြည့်ပါ– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး] ၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မလူတို့မူကား ပြည်တော် [မြေကြီး] မှ ပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကို ခံရကြလိမ့်မည်။” (သုတ္တံ ၂:၂၁၊ ၂၂) ဆိုးညစ်သူတွေရဲ့ ဩဇာလွှမ်းမိုးမှုလည်း ပျောက်ကွယ်သွားပါလိမ့်မယ်။ ငြိမ်းချမ်းသာယာတဲ့ ဒီကမ္ဘာပေါ်မှာ နာခံမှုရှိတဲ့လူသားတွေဟာ အာဒံနဲ့ ဧဝတို့ဆီက အမွေရခဲ့တဲ့ အပြစ်ပြုလိုစိတ်တွေကနေ တဖြည်းဖြည်း လွတ်ကင်းသွားပါလိမ့်မယ်။—ရောမ ၆:၁၇၊ ၁၈; ၈:၂၁။
ကမ္ဘာသစ်မှာ လူတွေ မကောင်းတာ မလုပ်တော့အောင် ဘုရား ဘယ်လိုလုပ်မလဲ။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ပြန်ရုပ်သိမ်းပြီး လူတွေကို စက်ရုပ်လို ပြုမူခိုင်းမှာ မဟုတ်ပါဘူး။ အဲဒီအစား ဘုရားသခင်က နာခံမှုရှိတဲ့လူတွေကို မိမိရဲ့လမ်းစဉ်ကိုသင်ပေးပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေ မရှိအောင် ကာကွယ်ပေးသွားမှာဖြစ်တယ်။
အဖြစ်ဆိုးတွေ ဖြစ်ရတဲ့ အကြောင်းရင်းအားလုံးကို ဘုရားသခင် ဖယ်ရှားပေးတော့မှာဖြစ်
ကြိုတင်မသိနိုင်တဲ့ အဖြစ်ဆိုးတွေနဲ့ပတ်သက်ပြီးတော့ကော ဘုရားသခင် ဘာလုပ်ပေးမှာလဲ။ ကောင်းကင်အစိုးရက ဒီကမ္ဘာကြီးကို မကြာခင်မှာ အုပ်ချုပ်တော့မယ်လို့ ကိုယ်တော် ကတိပြုထားပါတယ်။ ကောင်းကင်ဘုရင်အဖြစ် ဘုရားသခင် ခန့်အပ်ထားတဲ့ ယေရှုခရစ်ဟာ ဖျားနာမှုတွေကို ကုသပေးနိုင်စွမ်းရှိတယ်။ (မဿဲ ၁၄:၁၄) ဒါ့အပြင် သဘာဝဘေးဒဏ်တွေကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိတယ်။ (မာကု ၄:၃၅-၄၁) ဒါကြောင့် “မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေ” ကြောင့်ဖြစ်ရတဲ့ ဆင်းရဲဒုက္ခအားလုံး ပပျောက်သွားပါလိမ့်မယ်။ (ဒေသနာ ၉:၁၁၊ ကဘ) ခရစ်တော်ရဲ့ အုပ်ချုပ်မှုအောက်မှာ လူသားတွေဟာ အဖြစ်ဆိုးတွေကို ကြုံတွေ့ရတော့မှာ မဟုတ်ဘူး။—သုတ္တံ ၁:၃၃။
အဖြစ်ဆိုးတွေကြုံပြီး သေခဲ့ရတဲ့ သန်းနဲ့ချီတဲ့လူတွေအတွက်ကော ဘာလုပ်ပေးမှာလဲ။ ယေရှုက မိတ်ဆွေဖြစ်သူ လာဇရုကို အသက်ပြန်ရှင်လာအောင် မလုပ်ပေးခင်လေးမှာ “ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏” လို့ ပြောခဲ့တယ်။ (ယောဟန် ၁၁:၂၅) သေဆုံးသွားတဲ့သူတွေ အသက်ပြန်ရှင်လာအောင် ယေရှုလုပ်ပေးနိုင်ပါတယ်။
အဖြစ်ဆိုးတွေမရှိတော့တဲ့ ကမ္ဘာသစ်မှာ လူကောင်းတွေ နေထိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကို သင် သဘောကျတယ်ဆိုရင် စစ်မှန်တဲ့ဘုရားသခင်နဲ့ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်အကြောင်းကို ကျမ်းစာကနေ လေ့လာသင်ယူကြည့်ပါလား။ သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေက အဲဒီအကြောင်းကို ကျမ်းစာကနေ အားရဝမ်းသာပြောပြပါလိမ့်မယ်။ သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်ဖို့ ဒါမှမဟုတ် ဒီမဂ္ဂဇင်းကို ထုတ်ဝေသူတွေဆီ စာရေးဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။