ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၉/၁၅ စာ. ၂၅-၂၉
  • ယေဟောဝါ သင့်ကိုသိကျွမ်းသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ သင့်ကိုသိကျွမ်းသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်သူတို့၏အဖ
  • ယေဟောဝါကိုစောင့်ဆိုင်းခြင်းဖြင့် ယုံကြည်ခြင်းတင်ပြပါ
  • နှိမ့်ချသူနဲ့ မာနကြီးသူ
  • ယေဟောဝါကိုနာခံဖို့ နှိမ့်ချမှုလို
  • ယေဟောဝါသည် မိမိ၏လူတို့ကိုသိကျွမ်းတော်မူ
  • ဘုရားသခင့်အခွင့်အာဏာကို တည်ကြည်စွာလက်အောက်ခံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ‘မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်လျက် ကျင့်ဆောင်ပြုမူခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယေဟောဝါကို သူတို့ပုန်ကန်ကြ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေဟောဝါက သူ့ကို ‘ငါ့မိတ်ဆွေ’ လို့ခေါ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၉/၁၅ စာ. ၂၅-၂၉

ယေဟောဝါ သင့်ကိုသိကျွမ်းသလား

‘ယေဟောဝါသည် မိမိ၏လူတို့ကို သိကျွမ်းတော်မူ၏။’—၂ တိ. ၂:၁၉။

၁၊ ၂။ (က) ယေရှု ဘာကိုအလေးထားခဲ့သလဲ။ (ခ) ဘယ်မေးခွန်းတွေကို ကျွန်ုပ်တို့ သုံးသပ်သင့်သလဲ။

တစ်နေ့မှာ ဖာရိရှဲတစ်ယောက်က ယေရှုထံချဉ်းကပ်ပြီး “ပညတ်ကျမ်းတွင် အဘယ်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်သနည်း” လို့မေးခဲ့တယ်။ ယေရှုက “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့” လို့ပြန်ဖြေလိုက်တယ်။ (မ. ၂၂:၃၅-၃၇) ယေရှုက မိမိရဲ့ကောင်းကင်ခမည်းတော်ကို အလွန်ချစ်မြတ်နိုးပြီး အဲဒီအတိုင်း တကယ်အသက်ရှင်နေထိုင်ခဲ့တယ်။ မိမိအပေါ် ယေဟောဝါရဲ့ရှုမြင်ပုံကိုလည်း အလေးထားခဲ့ပြီး ဒါကို မိမိရဲ့တည်ကြည်တဲ့ဘဝလမ်းစဉ်နဲ့ တင်ပြခဲ့တယ်။ ဒါကြောင့် ကိုယ်တော်မသေဆုံးမီမှာ ပညတ်တော်တွေကို တည်ကြည်စွာလိုက်နာခဲ့သူအဖြစ် မိမိကို ဘုရားသခင်သိတော်မူကြောင်း ပြောနိုင်ခဲ့တယ်။ ယေရှုက ယေဟောဝါရဲ့မေတ္တာတော်မှာ တည်ခဲ့တယ်။—ယော. ၁၅:၁၀။

၂ ယနေ့ လူများစွာက ဘုရားသခင်ကိုချစ်တယ်လို့ ပြောကြတယ်။ ကျွန်ုပ်တို့လည်း ဒီလိုပဲ ပြောကြတယ်။ ဒါပေမဲ့ ဒီအချက်တွေကို အလေးအနက်သုံးသပ်ရမယ်– ‘ငါ့ကို ဘုရားသခင်သိကျွမ်းသလား။ ယေဟောဝါ ငါ့ကို ဘယ်လိုရှုမြင်သလဲ။ ငါ့ကို ကိုယ်တော်ရဲ့လူအဖြစ် သိကျွမ်းသလား။’ (၂ တိ. ၂:၁၉) စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခြင်းက တကယ့်အခွင့်ထူးဖြစ်တယ်။

၃။ ယေဟောဝါရဲ့လူဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို လူတချို့ ဘာကြောင့် လက်ခံဖို့ခက်သလဲ၊ သူတို့ရဲ့အမြင်ကို ပြောင်းလဲဖို့ ဘာက ကူညီပေးနိုင်သလဲ။

၃ ဒါပေမဲ့ ယေဟောဝါကိုချစ်တဲ့သူတွေတောင်မှ မိမိတို့ဟာ ဘုရားသခင်ရဲ့မိတ်ဆွေဖြစ်နိုင်တယ်ဆိုတာကို ယုံကြည်ဖို့ အခက်တွေ့ကြတယ်။ တချို့ကျတော့ မိမိတို့က အဖိုးမတန်ဘူးလို့ခံစားရပြီး ဘုရားသခင်ရဲ့လူမဖြစ်နိုင်ဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ ယေဟောဝါက ကျွန်ုပ်တို့ကို အဲဒီလိုမရှုမြင်ဘူးဆိုတာသိရခြင်းက ဝမ်းသာစရာပါပဲ။ (၁ ရာ. ၁၆:၇) တမန်တော်ပေါလုက “မည်သူမဆို ဘုရားသခင်ကို ချစ်လျှင်မူကား ထိုသူကို ကိုယ်တော်သိတော်မူ၏” လို့ ယုံကြည်သူချင်းတွေကို ပြောခဲ့တယ်။ (၁ ကော. ၈:၃) ဘုရားသခင်ရဲ့ သိကျွမ်းခြင်းကိုခံရဖို့ အရေးကြီးဆုံးလိုအပ်ချက်က ဘုရားသခင်ကိုချစ်တဲ့ သင့်မေတ္တာဖြစ်တယ်။ ဒီအချက်တွေကို စဉ်းစားကြည့်ပါ– သင်ဘာကြောင့် ဒီမဂ္ဂဇင်းကိုဖတ်နေတာလဲ။ ဘာကြောင့် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနဲ့ ချစ်တာလဲ။ သင်က ဘုရားသခင်ထံအပ်နှံ၊ နှစ်ခြင်းခံပြီးပြီဆိုရင် သင်ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ။ စိတ်နှလုံးကိုစစ်ဆေးတဲ့ယေဟောဝါက နှစ်သက်ဖွယ်သောသူတွေကို သွေးဆောင်တယ်လို့ သမ္မာကျမ်းစာက ရှင်းပြတယ်။ (ဟဂ္ဂဲ ၂:၇; ယောဟန် ၆:၄၄ တို့ကိုဖတ်ပါ။) ဒါကြောင့် ယေဟောဝါသွေးဆောင်ထားလို့ သင် ကိုယ်တော့်အမှုတော်ကိုဆောင်နေတယ်ဆိုပြီး ကောက်ချက်ချနိုင်ပါတယ်။ ကိုယ်တော်သွေးဆောင်ထားတဲ့သူတွေ တည်ကြည်နေသရွေ့ ကိုယ်တော် သူတို့ကိုဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး။ ဘုရားသခင်က သူတို့ကို အလွန်အဖိုးတန်သူတွေ၊ ချစ်မြတ်နိုးအပ်သူတွေအဖြစ် ရှုမြင်တော်မူတယ်။—ဆာ. ၉၄:၁၄။

၄။ ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးက အလွန်တန်ဖိုးရှိတယ်ဆိုတာ ဘာကြောင့် အမြဲသတိရနေသင့်သလဲ။

၄ ယေဟောဝါ ကျွန်ုပ်တို့ကို သွေးဆောင်ထားပြီဖြစ်လို့ ကိုယ်တော့်မေတ္တာတော်မှာ ဆက်တည်နေဖို့လိုတယ်။ (ယုဒ ၂၀၊ ၂၁ ကိုဖတ်ပါ။) ယေဟောဝါထံကနေ ရွေ့မျော၊ ဆုတ်ခွာတဲ့အဖြစ်မျိုး ရောက်သွားနိုင်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားကြောင်း သတိရပါ။ (ဟေဗြဲ ၂:၁; ၃:၁၂၊ ၁၃) ပေါလုက ၂ တိမောသေ ၂:၁၉ ပါအချက်ကို မပြောခင် ဟုမေနဲနဲ့ ဖိလက်အကြောင်းပြောခဲ့တယ်။ သူတို့နှစ်ဦးဟာ တစ်ချိန်က ယေဟောဝါရဲ့လူတွေဖြစ်ခဲ့ဖူးပေမဲ့ နောက်ပိုင်းမှာ အမှန်တရားကနေ ထွက်သွားခဲ့ကြတယ်။ (၂ တိ. ၂:၁၆-၁၈) ဂလာတိအသင်းတော်မှာရှိသူတချို့လည်း တစ်ခါက ယေဟောဝါရဲ့လူတွေဖြစ်ခဲ့ကြပေမဲ့ အမှန်တရားမှာ ဆက်မတည်ခဲ့ကြဘူး။ (ဂလ. ၄:၉) ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးက အလွန်တန်ဖိုးရှိတယ်ဆိုတာ အမြဲသတိရနေသင့်တယ်။

၅။ (က) ဘုရားသခင်တန်ဖိုးထားတဲ့အရည်အသွေးတွေက ဘာတွေလဲ။ (ခ) ဘယ်နမူနာတွေကို သုံးသပ်ကြမလဲ။

၅ ယေဟောဝါရဲ့သိကျွမ်းခြင်းကို ခံလိုတယ်ဆိုရင် ကိုယ်တော်တန်ဖိုးထားတဲ့ အရည်အသွေးတွေရှိဖို့လိုတယ်။ (ဆာ. ၁၅:၁-၅; ၁ ပေ. ၃:၄) အဲဒီအထဲက နှစ်ခုကတော့ ယုံကြည်ခြင်းနဲ့ နှိမ့်ချခြင်းဖြစ်တယ်။ ဒီအရည်အသွေးတွေကို ပြသခဲ့လို့ ယေဟောဝါချစ်တာကိုခံခဲ့ရတဲ့ ပုဂ္ဂိုလ်နှစ်ဦးနဲ့ မာနကြီးလို့ ယေဟောဝါရဲ့ငြင်းပယ်ခြင်းကို ခံခဲ့ရသူတစ်ဦးအကြောင်း သုံးသပ်ကြမယ်။ ကျွန်ုပ်တို့က ဒီနမူနာတွေကနေ အရေးပါတဲ့ သင်ခန်းစာကို သင်ယူနိုင်ကြပါတယ်။

ယုံကြည်သူတို့၏အဖ

၆။ (က) ယေဟောဝါရဲ့ကတိတော်တွေကို ယုံကြည်ခဲ့လို့ အာဗြဟံ ဘာလုပ်ခဲ့သလဲ။ (ခ) ယေဟောဝါက အာဗြဟံကို ဘယ်လိုနည်းနဲ့ သိကျွမ်းခဲ့သလဲ။

၆ အာဗြဟံက ‘ယေဟောဝါကို ယုံကြည်သူ’ ဖြစ်တယ်။ သူ့ကို “ယုံကြည်သူအပေါင်းတို့၏အဖ” လို့ခေါ်ထားတယ်။ (က. ၁၅:၆; ရော. ၄:၁၁) အာဗြဟံက ယုံကြည်ခြင်းကြောင့် အိမ်၊ မိတ်ဆွေတွေနဲ့ သက်သောင့်သက်သာရှိတဲ့ဘဝကိုစွန့်ပြီး ဝေးလံတဲ့ပြည်ကို သွားခဲ့တယ်။ (က. ၁၂:၁-၄; ဟေဗြဲ ၁၁:၈-၁၀) အာဗြဟံရဲ့ ယုံကြည်ခြင်းက နောက်ပိုင်းနှစ်ပေါင်းများစွာအထိ ခိုင်ခံ့ခဲ့တယ်။ ယေဟောဝါရဲ့အမိန့်ကိုနာခံပြီး သားဖြစ်သူ “ဣဇာက်ကိုပူဇော်” ဖို့ပြင်ဆင်တဲ့အချိန်မှာ ဒီအချက်ကို အထင်အရှားမြင်တွေ့ရတယ်။ (ဟေဗြဲ ၁၁:၁၇-၁၉) အာဗြဟံက ယေဟောဝါရဲ့ကတိတော်တွေကို ယုံကြည်ခဲ့လို့ ကိုယ်တော်က သူ့ကို ထူးခြားသူအဖြစ် ရှုမြင်ခဲ့တယ်။ အာဗြဟံကို ကိုယ်တော် တကယ်သိကျွမ်းတော်မူခဲ့တယ်။ (ကမ္ဘာဦး ၁၈:၁၉ ကိုဖတ်ပါ။) ယေဟောဝါက အာဗြဟံရှိတယ်ဆိုတာ သိရုံလောက်မဟုတ်ဘဲ သူ့ကို မိတ်ဆွေတစ်ဦးအနေနဲ့ ချစ်ခဲ့တယ်။—ယာ. ၂:၂၂၊ ၂၃။

၇။ ယေဟောဝါရဲ့ကတိတော်တွေနဲ့ပတ်သက်ပြီး အာဗြဟံ ဘာသိထားသလဲ၊ သူ့ယုံကြည်ခြင်းကို ဘယ်လိုတင်ပြခဲ့သလဲ။

၇ အာဗြဟံအသက်ရှင်ချိန်အတွင်းမှာ ကတိထားရာပြည်ကို အမွေခံရမယ်ဆိုတဲ့ကတိတော် မပြည့်စုံခဲ့ဘူး။ သူ့အမျိုးအနွယ် “သမုဒ္ဒရာသဲလုံးကဲ့သို့” ပွားများလာတာကိုလည်း မမြင်တွေ့ခဲ့ရဘူး။ (က. ၂၂:၁၇၊ ၁၈) ဒီကတိတွေက အာဗြဟံအသက်ရှင်နေစဉ်အတွင်း မပြည့်စုံခဲ့ပေမဲ့လည်း သူဟာ ယေဟောဝါအပေါ် ယုံကြည်ခြင်းဆက်တင်ပြခဲ့တယ်။ ယေဟောဝါရဲ့ကတိတော် အမြဲပြည့်စုံတယ်ဆိုတာ သူသိထားတယ်။ ဒါကြောင့် ဒီယုံကြည်ခြင်းနဲ့အညီ သူအသက်ရှင်နေထိုင်ခဲ့တယ်။ (ဟေဗြဲ ၁၁:၁၃ ကိုဖတ်ပါ။) ကျွန်ုပ်တို့ကို အာဗြဟံလိုယုံကြည်ခြင်းမျိုးရှိသူလို့ ယေဟောဝါ သိကျွမ်းသလား။

ယေဟောဝါကိုစောင့်ဆိုင်းခြင်းဖြင့် ယုံကြည်ခြင်းတင်ပြပါ

၈။ လူအများစုမှာ ဘယ်လိုဆန္ဒတွေရှိသလဲ။

၈ ကျွန်ုပ်တို့ဘဝမှာ ပြည့်စုံချင်တဲ့ ဆန္ဒတွေ ရှိနိုင်တယ်။ အိမ်ထောင်ပြုဖို့၊ သားသမီးတွေမွေးဖွားဖို့၊ ကျန်းမာရေးကောင်းဖို့ဆိုတဲ့ ဆန္ဒတွေက သဘာဝကျပြီး သင့်တော်ပါတယ်။ ဒါပေမဲ့ လူများစွာအတွက် ဒီဆန္ဒတစ်ခုခု မပြည့်ဝဘဲရှိနေနိုင်တယ်။ ကျွန်ုပ်တို့ အဲဒီလိုဖြစ်နေမယ်ဆိုရင် အခြေအနေကို ကျွန်ုပ်တို့ကိုင်တွယ်ပုံက ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း ဘယ်လောက်ခိုင်ခံ့တယ်ဆိုတာ ဖော်ပြနိုင်တယ်။

၉၊ ၁၀။ (က) တချို့သူတွေ သူတို့ရဲ့အလိုဆန္ဒပြည့်ဝဖို့ ဘယ်လိုလုပ်ကြသလဲ။ (ခ) သင့်ဘဝမှာ ဘုရားသခင့်ကတိတော်တွေ ပြည့်စုံခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရသလဲ။

၉ ဒီဆန္ဒတွေပြည့်ဝဖို့ ဘုရားသခင့်လမ်းညွှန်မှုနဲ့မညီတဲ့အရာကို လုပ်ဆောင်ခြင်းက ပညာမဲ့ရာရောက်တယ်။ ဒီလိုလုပ်ခြင်းက ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ပျက်ပြားစေနိုင်တယ်။ ဥပမာ၊ တချို့က ကျမ်းစာမူနဲ့ ဆန့်ကျင်တဲ့ ဆေးကုသနည်းကို ရွေးချယ်ကြတယ်။ တခြားသူတွေက မိသားစုနဲ့ခွဲရတဲ့ ဒါမှမဟုတ် အသင်းတော်အစည်းအဝေးတွေ မတက်နိုင်တဲ့ အလုပ်လုပ်ဖို့ ဆုံးဖြတ်ကြတယ်။ ဒါမှမဟုတ် မယုံကြည်သူတစ်ဦးနဲ့ သံယောဇဉ်ငြိတွယ်လာကြတယ်။ ခရစ်ယာန်တစ်ဦး ဒီလိုလုပ်နေမယ်ဆိုရင် ယေဟောဝါရဲ့သိကျွမ်းမှုခံရဖို့ ကြိုးစားရာရောက်ပါ့မလား။ အာဗြဟံက ဘုရားသခင့်ကတိတော်တွေ မပြည့်စုံတဲ့အတွက် စိတ်မရှည်ခဲ့ဘူးဆိုရင် ယေဟောဝါ ဘယ်လိုခံစားခဲ့ရမလဲ။ အခြေချနေထိုင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ဆောင်မယ်၊ ယေဟောဝါကို စောင့်ဆိုင်းမယ့်အစား မိမိနာမည်ကျော်စောဖို့ ကြိုးစားမယ်ဆိုရင်ကော။ (ကမ္ဘာဦး ၁၁:၄ နဲ့နှိုင်းယှဉ်ပါ။) ယေဟောဝါက သူ့ကို မိတ်ဆွေတစ်ဦးအဖြစ် အသိအမှတ်ပြုပါ့မလား။

၁၀ သင့်ဘဝမှာ ဘယ်ဆန္ဒတွေပြည့်ဝတာကို တွေ့ချင်သလဲ။ သင့်လျော်တဲ့အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်လို့ ကတိပြုတဲ့ ယေဟောဝါကိုစောင့်ဆိုင်းတဲ့အထိ သင့်ယုံကြည်ခြင်း ခိုင်ခံ့သလား။ (ဆာ. ၁၄၅:၁၆) အာဗြဟံအဖြစ်မှာလိုပဲ ဘုရားသခင့်ကတိတော်တချို့က ကျွန်ုပ်တို့ပြည့်စုံစေချင်တဲ့အချိန်မှာ မပြည့်စုံဘဲ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ တန်ဖိုးထားတာက အာဗြဟံလို ယုံကြည်ခြင်းမျိုး ကြိုးစားတင်ပြပြီး အဲဒီအတိုင်းအသက်ရှင်တဲ့သူတွေ ဖြစ်တယ်။ ဒီလိုလုပ်ဆောင်ခြင်းက ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်တယ်ဆိုတာ သေချာတယ်။—ဟေဗြဲ ၁၁:၆။

နှိမ့်ချသူနဲ့ မာနကြီးသူ

၁၁။ ကောရဟာ နှစ်ပေါင်းများစွာ ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။

၁၁ မောရှေနဲ့ ကောရက ယေဟောဝါရဲ့အစီအစဉ်နဲ့ ကိုယ်တော့်ဆုံးဖြတ်ချက်တွေကို လေးစားမှုတင်ပြပုံမှာ လုံးလုံးမတူခဲ့ကြဘူး။ သူတို့ရဲ့လုပ်ရပ်ပေါ်မူတည်ပြီး သူတို့အပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံ ကွဲပြားခဲ့တယ်။ ကောရက လေဝိသား ကောဟတ်အမျိုးအနွယ်ဖြစ်ပြီး ဘုရားသခင့်အမှုတော်မှာ အခွင့်ထူးတွေရရှိထားသူဖြစ်တယ်။ အစ္စရေးလူမျိုး ပင်လယ်နီကနေ လွတ်မြောက်လာတာကို မြင်တွေ့ခွင့်ရခဲ့တယ်၊ သိနာတောင်မှာ မနာခံတဲ့အစ္စရေးလူမျိုးကို တရားစီရင်ချိန်မှာ ယေဟောဝါဘက်ကနေ ထောက်ခံခဲ့ကြသူတွေထဲမှာ ပါဝင်ခဲ့ဖွယ်ရှိတယ်၊ သေတ္တာတော်ကို သယ်ယူပို့ဆောင်တဲ့တာဝန်ကိုလည်း ရထားသူဖြစ်တယ်။ (ထွ. ၃၂:၂၆-၂၉; တော. ၃:၃၀၊ ၃၁) သူက ဘုရားသခင်အပေါ် နှစ်ပေါင်းများစွာ တည်ကြည်ခဲ့ဖွယ်ရှိပြီး အစ္စရေးလူများစွာရဲ့ လေးစားမှုခံခဲ့ရဖွယ်ရှိတယ်။

၁၂။ စာမျက်နှာ ၂၈ ပါပုံအရ ကောရရဲ့ မာနကြောင့် ဘုရားသခင်နဲ့ သူ့ရဲ့ဆက်ဆံရေး ဘာဖြစ်သွားသလဲ။

၁၂ ဒါပေမဲ့ ကတိထားရာပြည်ကို သွားနေတဲ့လမ်းမှာ အစ္စရေးလူမျိုးကို ဦးဆောင်တဲ့နည်းမှားနေပြီလို့ ကောရ ယူဆခဲ့တယ်။ အစ္စရေးလူမျိုးအကြီးအကဲ ၂၅၀ လည်း ကောရနဲ့ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ကြတယ်။ ကောရနဲ့ ဒီလူတွေက ယေဟောဝါနဲ့ သူတို့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ ယုံကြည်စိတ်ချခဲ့ကြတယ်။ ‘သင်တို့သည် အမှုတော်ကိုစောင့်လွန်း၏။ ပရိသတ်ရှိသမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ယေဟောဝါသည် သူတို့တွင်ရှိတော်မူ၏’ လို့ မောရှေနဲ့ အာရုန်ကို ပြောခဲ့တယ်။ (တော. ၁၆:၁-၃) မိမိကိုယ်ကို ယုံကြည်စိတ်ချလွန်းပြီး မာနထောင်လွှားတဲ့ လုပ်ရပ်ပါပဲ။ မောရှေ သူတို့ကို ဒီလိုပြောခဲ့တယ်– ‘အဘယ်သူသည် ယေဟောဝါ၏လူဖြစ်သည်ကို ယေဟောဝါ ပြတော်မူမည်။’ (တောလည်ရာ ၁၆:၅ ကိုဖတ်ပါ။) နောက်နေ့ညနေမှာ ကောရနဲ့ သူဘက်ပါတဲ့ ပုန်ကန်သူတွေအားလုံး သေသွားကြတယ်။—တော. ၁၆:၃၁-၃၅။

၁၃၊ ၁၄။ နှိမ့်ချမှုရှိကြောင်း မောရှေ ဘယ်လိုတင်ပြခဲ့သလဲ။

၁၃ ကောရနဲ့မတူဘဲ မောရှေဟာ “မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘော” ရှိတယ်။ (တော. ၁၂:၃) မောရှေက ယေဟောဝါရဲ့ လမ်းညွှန်မှုအတိုင်းလိုက်မယ်လို့ စိတ်ပိုင်းဖြတ်ထားခြင်းအားဖြင့် နူးညံ့သိမ်မွေ့ခြင်းနဲ့ နှိမ့်ချမှုကို တင်ပြခဲ့တယ်။ (ထွ. ၇:၆; ၄၀:၁၆) မောရှေက ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယေဟောဝါလုပ်ဆောင်ပုံနည်းလမ်းကို မေးခွန်းထုတ်တယ်၊ ယေဟောဝါချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် စိတ်ဆိုးတယ်ဆိုတဲ့ ဖော်ပြချက်တစ်ခုကိုမှ ကျွန်ုပ်တို့ မတွေ့ရဘူး။ ဥပမာ၊ ယေဟောဝါက တဲတော်နဲ့ပတ်သက်ပြီး သုံးရမယ့်ပိတ်စတွေရဲ့အရောင်၊ ကွင်းအရေအတွက် စတာတွေကို အသေးစိတ်ညွှန်ကြားခဲ့တယ်။ (ထွ. ၂၆:၁-၆) ဘုရားသခင့်အဖွဲ့အစည်းက ခန့်အပ်ထားတဲ့ ကြီးကြပ်မှူးတစ်ဦးက သင့်ကို အလွန်အမင်းအသေးစိတ်ကျတဲ့ ညွှန်ကြားချက်တွေ ပေးတယ်ဆိုရင် သင် စိတ်ပျက်မိနိုင်တယ်။ ယေဟောဝါကတော့ အမှားမရှိစုံလင်တဲ့ ကြီးကြပ်မှူးဖြစ်ပြီး ယုံယုံကြည်ကြည်နဲ့ မိမိကျေးကျွန်တွေကို အလုပ်တာဝန်တွေ အပ်နှင်းတယ်။ အသေးစိတ်အချက်အလက်တွေကို ကိုယ်တော်ပေးတဲ့အခါ အကြောင်းကောင်းရှိလို့ပဲ။ ဒီလောက်အသေးစိတ်ကျတဲ့ ညွှန်ကြားချက်တွေကို ယေဟောဝါပေးတဲ့အတွက် ဘုရားသခင်က သူ့ကိုနှိမ်တယ်၊ လုပ်ပိုင်ခွင့်မပေးဘူးဆိုပြီး မောရှေ စိတ်မဆိုးခဲ့ဘူး။ အဲဒီအစား မောရှေဟာ အစ္စရေးအမျိုးသားတွေ ဘုရားသခင် ‘မှာထားတော်မူသည့်အတိုင်းပြု’ ဖို့ အသေအချာကြီးကြပ်ခဲ့တယ်။ (ထွ. ၃၉:၃၂) တကယ်နှိမ့်ချတဲ့ လုပ်ရပ်ပါပဲ။ ဒါက ယေဟောဝါရဲ့အလုပ်ဖြစ်ပြီး ဒီအလုပ်ပြီးမြောက်ဖို့ မိမိကို အသုံးပြုနေခြင်းသာဖြစ်တယ်ဆိုတာ မောရှေ သိထားတယ်။

၁၄ စိတ်ပျက်စရာအကြောင်းရှိတဲ့အချိန်မှာတောင် မောရှေဟာ နှိမ့်ချမှုကိုတင်ပြခဲ့တယ်။ ဥပမာ၊ ရေမရှိလို့ အစ္စရေးလူတွေ မောရှေကို ပြစ်တင်ပြောဆိုတဲ့အချိန်မှာ သူအမျက်ထွက်ခဲ့ပြီး ယေဟောဝါကို ဂုဏ်တင်ဖို့ ပျက်ကွက်ခဲ့တယ်။ ဒါကြောင့် မောရှေဟာ အစ္စရေးလူတွေကို ကတိထားရာပြည်ထဲ ဦးဆောင်ခေါ်သွားခွင့်မရခဲ့ဘူး။ (တော. ၂၀:၂-၁၂) မောရှေနဲ့ သူ့အစ်ကိုအာရုန်ဟာ အစ္စရေးလူတွေရဲ့ မကျေမချမ်းပြစ်တင်ပြောဆိုမှုတွေကို နှစ်ပေါင်းများစွာ သည်းခံခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ ဒီအမှားကြောင့် သူနှစ်ရှည်လများစောင့်မျှော်ခဲ့တဲ့အရာကို လက်လွှတ်ခဲ့ရတယ်။ မောရှေ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ သူ စိတ်ပျက်ခဲ့မှာ သေချာတယ်။ ဒါပေမဲ့ သူဟာ ယေဟောဝါရဲ့ဆုံးဖြတ်ချက်ကို နှိမ့်ချစွာလက်ခံခဲ့တယ်။ ယေဟောဝါက ဖြောင့်မတ်ပြီး ‘တရားနှင့်ညီသောဘုရားသခင်’ ဖြစ်တယ်ဆိုတာ သူသိထားတယ်။ (တရား. ၃:၂၅-၂၇; ၃၂:၄) ယနေ့ ကျွန်ုပ်တို့ မောရှေအကြောင်းစဉ်းစားတဲ့အခါ ဘုရားသခင်ရဲ့သိကျွမ်းခြင်းကိုခံရသူအဖြစ် သူ့ကိုမြင်ယောင်တယ်မဟုတ်လား။—ထွက်မြောက်ရာ ၃၃:၁၂၊ ၁၃ ကိုဖတ်ပါ။

ယေဟောဝါကိုနာခံဖို့ နှိမ့်ချမှုလို

၁၅။ ကောရရဲ့မာနထောင်လွှားတဲ့လမ်းစဉ်ကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာရသလဲ။

၁၅ ကမ္ဘာချီခရစ်ယာန်အသင်းတော်တွေမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါ၊ ဦးဆောင်သူတွေ ဆုံးဖြတ်ချက်ချတဲ့အခါ ကျွန်ုပ်တို့ရဲ့တုံ့ပြန်ပုံက ကျွန်ုပ်တို့ ယေဟောဝါရဲ့မျက်နှာသာရမရဆိုတာ ဖော်ပြတယ်။ ကောရနဲ့ သူ့အပေါင်းပါတွေက မိမိကိုယ်ကိုယုံကြည်စိတ်ချလွန်းခြင်း၊ မာနကြီးခြင်း၊ ယုံကြည်ခြင်းကင်းမဲ့မှုတို့ကြောင့် ဘုရားသခင်နဲ့မိတ်ပျက်ခဲ့ရတယ်။ ကောရအနေနဲ့ သက်ကြီးမောရှေက နေ့စဉ်နေ့တိုင်း ဆုံးဖြတ်ချက်ချနေတယ်လို့မြင်ပေမဲ့ အမှန်တော့ ဒါက အစ္စရေးလူမျိုးကို ယေဟောဝါ လမ်းညွှန်နေခြင်းဖြစ်တယ်။ ကောရဟာ အဲဒီအချက်ကို မျက်ခြည်ပြတ်ခဲ့တဲ့အတွက် ဘုရားသခင်အသုံးပြုနေသူတွေအပေါ် တည်ကြည်မှုပြဖို့ ပျက်ကွက်ခဲ့တယ်။ အခြေအနေတွေကို ပိုနားလည်ဖို့၊ ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်ဆိုရင်တောင် ပြောင်းလဲဖို့အတွက် ယေဟောဝါကို စောင့်ဆိုင်းခြင်းက ကောရအတွက် ပညာရှိလမ်းစဉ်မဟုတ်လား။ နောက်ဆုံးတော့ ကောရဟာ သူ့ရဲ့တည်ကြည်မှုမှတ်တမ်းကို သူ့ရဲ့မာနနဲ့ ချေဖျက်ပစ်လိုက်တယ်။

၁၆။ မောရှေရဲ့နှိမ့်ချတဲ့ပုံသက်သေက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။

၁၆ ဒီမှတ်တမ်းက ယနေ့ အသင်းတော်မှာရှိတဲ့ အကြီးအကဲနဲ့ တခြားသူတွေအတွက် သတိပေးချက်ဖြစ်တယ်။ ယေဟောဝါကို စောင့်ဆိုင်းဖို့နဲ့ ဦးဆောင်နေသူတွေရဲ့ လမ်းညွှန်ချက်တွေကိုလိုက်နာဖို့ နှိမ့်ချမှုလိုတယ်။ ကျွန်ုပ်တို့ဟာ မောရှေလို နှိမ့်ချပြီး နူးညံ့သိမ်မွေ့သူတွေဖြစ်ကြောင်း တင်ပြကြသလား။ ဦးဆောင်နေသူတွေကို ဘုရားသခင်အသုံးပြုနေတယ်ဆိုတာ အသိအမှတ်ပြုပြီး သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နေသလား။ စိတ်ပျက်စရာတွေနဲ့ကြုံတွေ့ရတဲ့အခါ ကျွန်ုပ်တို့ရဲ့ခံစားချက်ကို ထိန်းချုပ်သလား။ အဲဒီလိုလုပ်နေတယ်ဆိုရင် ကျွန်ုပ်တို့က ယေဟောဝါရဲ့မျက်နှာသာကို ရရှိမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့စိတ်နှိမ့်ချမှုနဲ့ နာခံမှုကို ကိုယ်တော်တန်ဖိုးထားမှာဖြစ်တယ်။

ယေဟောဝါသည် မိမိ၏လူတို့ကိုသိကျွမ်းတော်မူ

၁၇၊ ၁၈။ ယေဟောဝါရဲ့မျက်နှာသာဆက်ရရှိနေဖို့ ကျွန်ုပ်တို့ကို ဘာကကူညီပေးနိုင်သလဲ။

၁၇ ယေဟောဝါသွေးဆောင်ထားသူတွေနဲ့ ကိုယ်တော်ချစ်တဲ့သူတွေအကြောင်း စဉ်းစားခြင်းက အကျိုးရှိပါတယ်။ အာဗြဟံနဲ့မောရှေက ကျွန်ုပ်တို့လို မစုံလင်သူ၊ အမှားနဲ့မကင်းသူတွေဖြစ်တယ်။ ဒါပေမဲ့ သူတို့ကို ယေဟောဝါက မိမိရဲ့လူအဖြစ်သိကျွမ်းတော်မူတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ဟာ ယေဟောဝါနဲ့ ဝေးကွာသွားပြီး ကိုယ်တော်နဲ့မိတ်ပျက်သွားနိုင်တယ်ဆိုတာ ကောရရဲ့အဖြစ်အပျက်ကနေ သိရတယ်။ ကျွန်ုပ်တို့ယောက်စီယောက်တိုင်း မိမိကိုယ်ကို ဒီလိုမေးသင့်တယ်– ‘ယေဟောဝါ ငါ့ကို ဘယ်လိုရှုမြင်သလဲ၊ ဒီကျမ်းစာပုံနမူနာတွေကနေ ငါ ဘာသင်ခန်းစာရသလဲ။’

၁၈ ယေဟောဝါက တည်ကြည်တဲ့ကျေးကျွန်တွေကို ကိုယ်တော့်လူတွေအဖြစ် သတ်မှတ်တယ်ဆိုတဲ့အချက်က ကျွန်ုပ်တို့အတွက် နှစ်သိမ့်မှုဖြစ်စေတယ်။ ယုံကြည်ခြင်း၊ နှိမ့်ချခြင်းနဲ့ တခြားအရည်အသွေးတွေကို ဆက်တင်ပြမယ်ဆိုရင် သင်က ဘုရားသခင်အတွက် ပိုပြီးအဖိုးထိုက်သူဖြစ်လာပါလိမ့်မယ်။ ယေဟောဝါရဲ့သိကျွမ်းခြင်းကိုခံရခြင်းက ဂုဏ်ယူစရာဖြစ်တယ်။ ကိုယ်တော့်မျက်နှာသာရသူတွေက အခုအချိန်မှာတောင် ပျော်ရွှင်တဲ့ဘဝအသက်တာကိုရရှိပြီး အနာဂတ်မှာ ထူးမြတ်တဲ့ကောင်းချီးတွေကို ခံစားရပါလိမ့်မယ်။—ဆာ. ၃၇:၁၈။

သင် မှတ်မိသလား

• ယေဟောဝါရဲ့သိကျွမ်းမှုခံရတယ်ဆိုတာ ဘာကိုဆိုလိုသလဲ။

• အာဗြဟံရဲ့ယုံကြည်ခြင်းကို သင် ဘယ်လိုတုပနိုင်သလဲ။

• ကောရနဲ့ မောရှေထံကနေ ဘာသင်ခန်းစာရသလဲ။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေဟောဝါရဲ့ကတိတော်တွေ ပြည့်စုံလာမယ်လို့ အာဗြဟံလိုပဲ ကျွန်ုပ်တို့ယုံကြည်သလား

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ကောရဟာ မာနထောင်လွှားပြီး လမ်းညွှန်ချက်ကိုမလိုက်နာလိုခဲ့

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ညွှန်ကြားချက်တွေကို နှိမ့်ချစွာနာခံသူအဖြစ် ယေဟောဝါ သင့်ကို သိသလား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ