ဦးစားထားသင့်ရာများကို ဦးစားပေးဖို့သေချာစေပါ!
အစည်းအဝေးညဖြစ်သည်၊ သို့သော် သင်လုပ်ကိုင်ရမည့်အလုပ်ရှိနေသည်။ မည်သည့်အရာကို ဦးစားပေးမည်နည်း
သင်သည် လင်သားလည်းဖြစ်၊ ဖခင်လည်းဖြစ်သည်။ ပင်ပန်းရှည်လျားသော တစ်နေ့တာအလုပ်ချိန်ကုန်ခါနီးတွင် သင့်အတွေးသည် ညနေပိုင်းအတွက်စီစဉ်ထားသော အသင်းတော်အစည်းအဝေးဆီသို့ ရောက်ရှိသွားသည်။ အကယ်၍ သင်သည် အလုပ်မှ ချက်ချင်းထွက်လာလျှင် ရေချိုးရန်၊ အဝတ်အစားလဲရန်၊ အစည်းအဝေးမသွားမီ အဆောတလျင်အစာစားရန် အချိန်လောက်ရုံသာရှိသည်။ ရုတ်တရက် သင့်အလုပ်ရှင်ရောက်လာကာ အချိန်ပိုဆင်းရန် တောင်းဆိုသည်။ လုပ်ခကောင်းကောင်းပေးမည်ဟု သူကတိပြုသည်။ သင်ငွေလိုအပ်နေချိန်ဖြစ်သည်။
သို့တည်းမဟုတ် သင်သည် ဇနီးလည်းဖြစ်၊ မိခင်လည်းဖြစ်သည်။ ညနေစာကိုချက်ပြုတ်ရန် သင်ပြင်ဆင်နေစဉ် မီးပူမတိုက်ရသေးသော အဝတ်တစ်ပုံကို သင်သတိထားမိသည်၊ ထိုအထဲမှအချို့ကို မနက်ဖြန်အသုံးပြုရလိမ့်မည်ဖြစ်သည်။ ‘တကယ်လို့ ဒီညအစည်းအဝေးသွားတက်ရင် ဘယ်အချိန်မီးပူတိုက်ရမှာလဲ’ ဟူ၍ကိုယ့်ကိုယ်ကိုမေးပေမည်။ မကြာသေးခင်က အချိန်ပြည့်အလုပ်တစ်ခုကို သင်ဝင်လုပ်ကိုင်နေရာ ဝမ်းစာရှာနေစဉ် အိမ်ထောင်တာဝန်များကိုပြုစုရန်မလွယ်ကူကြောင်း သိရှိနေသည်။
သို့တည်းမဟုတ် သင်သည် ကျောင်းသားတစ်ဦးဖြစ်မည်။ သင့်အခန်းထဲရှိ စားပွဲပေါ်တွင် အိမ်စာတစ်ပုံကြီးရှိနေသည်။ အိမ်စာအများစုကိုရထားသည်မှာ ကြာပြီဖြစ်သော်လည်း သင်သည် မလုပ်ဘဲရွှေ့ဆိုင်းခဲ့၏၊ ယခုမူ ချက်ချင်းလုပ်ရမည့်အိမ်စာအချို့ရှိနေသည်။ အစည်းအဝေးမသွားဘဲ သင့်အိမ်စာကိုအပြီးလုပ်နိုင်ဖို့အတွက် မိဘ၏ခွင့်ပြုချက်ကို တောင်းလိုစိတ်ပေါက်နေပေမည်။
အဘယ်အရာကို သင်ဦးစားထားမည်နည်း– အချိန်ပိုအလုပ်လော၊ မီးပူတိုက်ဖို့လော၊ အိမ်စာလော သို့မဟုတ် အသင်းတော်အစည်းအဝေးလော။ ဝိညာဉ်ရေးအရ ဦးစားထားသင့်ရာများကို ဦးစားပေးခြင်းဆိုသည်ကား အဘယ်နည်း။ ယေဟောဝါ၏ရှုမြင်ပုံကား အဘယ်နည်း။
ဦးစားထားသင့်ရာကားအဘယ်နည်း
ဣသရေလတို့သည် ပညတ်တော်ဆယ်ပါးရရှိပြီး မကြာမီမှာပင် ဥပုသ်နေ့၌ ထင်းခွေနေသော လူတစ်ဦးကိုတွေ့ရှိခဲ့သည်။ ယင်းကို ပညတ်တော်တွင် အတိအလင်းတားမြစ်ထားသည်။ (တောလည်ရာ ၁၅:၃၂-၃၄; တရားဟောရာ ၅:၁၂-၁၅) ယင်းကိစ္စကို သင်မည်သို့ဆုံးဖြတ်မည်နည်း။ ထိုလူသည် စည်းစိမ်ရှိသောဘဝပုံစံရရှိဖို့အတွက် အလုပ်လုပ်နေခြင်းမဟုတ်ဘဲ မိသားစုလိုအပ်ရာများကို ဖြည့်ဆည်းပေးနေခြင်းသာဖြစ်သည်ဟု သင်ဆင်ခြေတက်ကာ သူ့အား ခွင့်လွှတ်လိုက်မည်လော။ တစ်နှစ်အတွင်း ဥပုသ်စောင့်ရန်အခွင့်အရေးများစွာရှိရာ ထိုသူသည် ကြိုတင်မစီစဉ်မိ၍ ဥပုသ်စောင့်ရန် ပျက်ကွက်ခဲ့ခြင်းကို ရှောရှောရှူရှူခွင့်လွှတ်နိုင်သည်ဟု သင်အကြောင်းပြမည်လော။
ယေဟောဝါသည် ထိုကိစ္စကို အတော်ပင်အလေးအနက်ထားခဲ့သည်။ ကျမ်းစာတွင် ဤသို့ဖော်ပြသည်– “ထာဝရဘုရားကလည်း၊ ‘ထိုသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်’ . . . ဟုမောရှေအားမိန့်တော်မူ”၏။ (တောလည်ရာ ၁၅:၃၅) ထိုသူပြုလုပ်ခဲ့သောအမှုကို ယေဟောဝါသည် အဘယ်ကြောင့် ဤမျှအရေးတကြီးယူမှတ်ခဲ့သနည်း။
လူတို့သည် ထင်းခွေရန်အပါအဝင် စားဝတ်နေရေးအတွက် လိုအပ်ရာများကိုရှာဖွေရန် ခြောက်ရက်ရှိသည်။ ခုနစ်ရက်မြောက်နေ့ကို ဝိညာဉ်ရေးလိုအပ်ရာများအတွက် ဖယ်ထားကြရမည်ဖြစ်သည်။ ထင်းခွေခြင်းသည် မမှားသော်လည်း ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် သီးသန့်ဖယ်ထားသောအချိန်ကို အသုံးပြုခဲ့ခြင်းကမှား၏။ ခရစ်ယာန်များသည် မောရှေပညတ်အောက်တွင်မရှိကြသော်လည်း ဤဖြစ်ရပ်သည် ယနေ့ ကျွန်ုပ်တို့၏ဦးစားထားသင့်ရာများကို ဦးစားပေးရန် သင်ခန်းစာပေးသည်မဟုတ်ပေလော။—ဖိလိပ္ပိ ၁:၁၀။
အနှစ် ၄၀ ပတ်လုံးတော၌ အချိန်ကုန်လွန်ခဲ့ပြီးနောက် ဣသရေလတို့သည် ကတိထားရာပြည်ထဲသို့ ဝင်ရန်အသင့်ပြင်ဆင်ခဲ့ကြသည်။ အချို့သည် တောထဲတွင် ဘုရားသခင်ပေးသည့်မန္နမုန့်သုံးဆောင်ရခြင်းကို ငြီးငွေ့လာခဲ့ကြရာ အခြားတစ်မျိုးကိုစားသုံးရန် မျှော်နေကြမည်မှာအမှန်။ သူတို့သည် “နို့နှင့်ပျားရည်စီးသော” ပြည်သို့ဝင်သောအခါ သဘောထားမှန်ဆက်ရှိစေရန် ယေဟောဝါသည် သူတို့ကို ဤသို့သတိပေးခဲ့သည်– “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်။”—ထွက်မြောက်ရာ ၃:၈; တရားဟောရာ ၈:၃။
ဣသရေလတို့သည် “နို့နှင့်ပျားရည်” ရရန်အတွက် ခက်ခက်ခဲခဲလုပ်ဆောင်ရကြလိမ့်မည်ဖြစ်သည်။ ထိုတွင် တိုက်ခိုက်ရမည့်စစ်တပ်များ၊ ဆောက်ရမည့်အိမ်များ၊ စိုက်ပျိုးကြရမည့်လယ်များရှိသည်။ သို့ဖြစ်စေကာမူ ဝိညာဉ်ရေးရာများကို ဆင်ခြင်သုံးသပ်ရန်အတွက် နေ့စဉ် အချိန်ကိုသီးသန့်ဖယ်ထားဖို့ ယေဟောဝါမိန့်တော်မူခဲ့၏။ သူတို့၏ကလေးများအား ဘုရားသခင့်နည်းလမ်းများကို သွန်သင်ပေးဖို့လည်း အချိန်ယူကြရမည်ဖြစ်သည်။ “ထိုစကားကို သင်တို့သည် အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား [ငါ၏ပညတ်တော်များကို] သွန်သင်ရကြမည်” ဟုယေဟောဝါမိန့်တော်မူ၏။—တရားဟောရာ ၁၁:၁၉။
ထိုပြည်ရှိဣသရေလနှင့် ဘာသာဝင်ယောက်ျားအပေါင်းတို့သည် ယေဟောဝါရှေ့မှောက်သို့ တစ်နှစ်လျှင်သုံးကြိမ်ရောက်လာရန် တောင်းဆိုခံခဲ့ရသည်။ ဤအခါသမယများမှ မိသားစုတစ်စုလုံးသည် ဝိညာဉ်ရေးအရ အကျိုးကျေးဇူးရရှိမည်ကို သိရှိကြသည့်အတွက် အိမ်ထောင်ဦးစီးများက မိမိတို့နှင့်အတူ ဇနီးနှင့်သားသမီးများကိုပါ တစ်ပါတည်းခေါ်ဆောင်သွားရန် စီစဉ်ခဲ့ကြသည်။ သို့သော် မိသားစုလိုက် ခရီးထွက်နေစဉ် သူတို့၏အိမ်နှင့်လယ်ယာများကို ရန်သူတိုက်ခိုက်မှုမှ မည်သူကာကွယ်ပေးမည်နည်း။ ယေဟောဝါက ဤသို့ကတိပေးခဲ့သည်– “သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ တစ်နှစ်တွင် သုံးကြိမ်မျက်နှာပြသွားသောအခါ၊ သင်၏မြေကို အဘယ်သူမျှမတပ်မက်ရ။” (ထွက်မြောက်ရာ ၃၄:၂၄) အကယ်၍ ဣသရေလတို့သည် ဝိညာဉ်ရေးအကျိုးစီးပွားများကို ဦးစားထားကြမည်ဆိုလျှင် ရုပ်ပစ္စည်းအရ ဆုံးရှုံးမည်မဟုတ်ဟုစိတ်ချရန် ယုံကြည်ခြင်းရှိဖို့လိုကြသည်။ ယေဟောဝါသည် ကတိတည်တော်မူခဲ့သလော။ အမှန်ပင်ကတိတည်ခဲ့၏!
ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးစွာဆက်၍ရှာကြလော့
အခြားအရာများထက် ဝိညာဉ်ရေးရာများကို ရှေးဦးထားဖို့ ယေရှုက မိမိ၏နောက်တော်လိုက်များအား သွန်သင်ပေးခဲ့သည်။ တောင်ပေါ်ဒေသနာတွင် ကိုယ်တော်သည် နားထောင်နေသူများကို ဤသို့သြဝါဒပေးခဲ့သည်– “‘အဘယ်သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်း’ ဟူ၍မစိုးရိမ်ကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ . . . ထိုအရာများ [မရှိမဖြစ်လိုအပ်ရာ] ကိုထပ်၍ ပေးတော်မူလတ္တံ့။” (မဿဲ ၆:၃၁၊ ၃၃) ယေရှုကွယ်လွန်ပြီးနောက် မကြာမီတွင် နှစ်ခြင်းခံခါစခရစ်ယာန်များသည် ထိုသြဝါဒကို လိုက်လျှောက်ခဲ့ကြသည်။ များစွာသောသူတို့မှာ စီ.အီး. ၃၃ ၌ပင်တေကုတ္တေပွဲအခမ်းအနားအတွက် ယေရုရှလင်သို့ ရောက်ရှိနေကြသော ဂျူးများနှင့် ဂျူးဘာသာဝင်များဖြစ်ကြသည်။ ထိုတွင်ရှိနေစဉ် မမျှော်လင့်ရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ သူတို့သည် ယေရှုခရစ်နှင့်ပတ်သက်သည့် သတင်းကောင်းကို ကြားနာ၍ လက်ခံခဲ့ကြသည်။ သူတို့ရရှိခါစယုံကြည်ခြင်းအကြောင်း ပိုမိုသိလိုစိတ်ရှိသဖြင့် ယေရုရှလင်မြို့တွင် နေရစ်ခဲ့ကြသည်။ သူတို့တွင် စားနပ်ရိက္ခာနည်းနေပြီဖြစ်သော်လည်း ပစ္စည်းဥစ္စာသည် သူတို့အတွက် အဓိကမဟုတ်ခဲ့ချေ။ မေရှိယကို သူတို့တွေ့ရှိနေကြပေပြီ! သူတို့အားလုံးသည် “တမန်တော်တို့၏ဆုံးမသြဝါဒကိုခံခြင်း၊ . . . [ဆုတောင်း] ခြင်းတို့ကို အမြဲဆောင်ရွက်” နိုင်ရန် သူတို့၏ခရစ်ယာန်ညီအစ်ကိုများသည် မိမိတို့၌ရှိသည့်ရုပ်ပစ္စည်းများကို ဝေမျှသုံးဆောင်ခဲ့ကြသည်။—တမန်တော် ၂:၄၂။
အတန်ကြာသော် ခရစ်ယာန်အချို့သည် အစည်းအဝေးများတွင် မှန်မှန်ပေါင်းသင်းဖို့လိုကြောင်းကို လျစ်လျူရှုခဲ့ကြသည်။ (ဟေဗြဲ ၁၀:၂၃-၂၅) သူတို့သည် မိမိတို့နှင့်မိမိတို့၏မိသားစုများ ချမ်းသာကြွယ်ဝဖို့အတွက် ကြိုးစားနေကြစဉ် ဝိညာဉ်ရေးရာများကို လျစ်လျူရှုကာ စည်းစိမ်ဥစ္စာကို အဓိကထားလာနိုင်သည်။ ပေါလုသည် ညီအစ်ကိုများကို အစည်းအဝေးများ တက်ရောက်ကြရန် တိုက်တွန်းပြီးနောက် ဤသို့ရေးသားခဲ့သည်– “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကို တပ်မက်ခြင်းနှင့်ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ‘ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား’ ဟုကတိတော်ရှိ၏။”—ဟေဗြဲ ၁၃:၅။
ပေါလု၏သြဝါဒသည် အချိန်သင့်အခါသင့်ဖြစ်ခဲ့သည်။ ပေါလုသည် ဟေဗြဲမြို့သားများထံ စာရေးပြီးနောက် ငါးနှစ်ခန့်တွင် စက်စ်တီးယပ်စ်ဂဲလပ်စ်၏ ရောမစစ်တပ်သည် ယေရုရှလင်မြို့ကို ဝိုင်းထားခဲ့၏။ သစ္စာရှိခရစ်ယာန်များသည် ယေရှု၏ဤသတိပေးချက်ကို သတိရခဲ့ကြသည်– “[ထိုအရာ] ကိုသင်တို့မြင်ရလျှင်၊ . . . အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲသို့မဆင်းစေနှင့်။ အိမ်ထဲကတစ်စုံတစ်ခုကို ယူခြင်းငှာမဝင်စေနှင့်။ လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှာ နောက်သို့မပြန်စေနှင့်။” (မာကု ၁၃:၁၄-၁၆) သူတို့၏အသက်ဆက်ရှင်ရေးသည် သူတို့၏အလုပ်အကိုင်တည်မြဲခြင်းအပေါ် သို့မဟုတ် ရုပ်ပစ္စည်းများ၏တန်ဖိုးအပေါ် မူမတည်ဘဲ ယေရှု၏သွန်သင်ခြင်းကို နာခံခြင်းအပေါ်မူတည်ကြောင်း သူတို့သိခဲ့ကြသည်။ ပေါလု၏ဆုံးမသြဝါဒကို လက်ခံသည့်အပြင် ဝိညာဉ်ရေးအကျိုးစီးပွားကို ရှေးဦးထားသူများသည် အိမ်၊ အလုပ်၊ အဝတ်အစားများနှင့် တန်ဖိုးရှိသောပစ္စည်းဥစ္စာများကို ထားရစ်ကာ တောင်ပေါ်သို့ထွက်ပြေးဖို့ ငွေကိုတပ်မက်သူတို့ထက် ပို၍လွယ်ကူကြောင်းတွေ့ကြသည်မှာ ယုံမှားဖွယ်မရှိချေ။
ယခုခေတ်တွင် အချို့သည် ဦးစားထားသင့်ရာများကို ဦးစားပေးပုံ
ယနေ့ သစ္စာရှိခရစ်ယာန်များသည် သူတို့၏ညီအစ်ကိုများနှင့် မှန်မှန်ပေါင်းသင်းခြင်းကို မြတ်နိုးကြသည့်အပြင် အနစ်နာခံပြီး အစည်းအဝေးများတက်ရောက်သူများစွာရှိသည်။ အချို့ဒေသများ၌ ရရှိနိုင်သောအလုပ်အကိုင်သည် အဆိုင်းဖြင့်လုပ်ခြင်းသာဖြစ်သည်။ ညီအစ်ကိုတစ်ဦးသည် အစည်းအဝေးရှိသောညများတွင် မိမိ၏အဆိုင်းကိုဝင်ပေးလျှင် သူ၏အလုပ်ခွင်ရှိ လူအများစုအပန်းဖြေလိုကြသည့် စနေနေ့ညများတွင် အစားထိုးအလုပ်ဆင်းပေးမည်ဟု စကားကမ်းလှမ်းထားသည်။ အဆိုင်းအလုပ်သမားများဖြစ်ကြသော အခြားညီအစ်ကိုများသည် မိမိတို့အလုပ်က မိမိတို့အသင်းတော်တွင် အစည်းအဝေးတက်ရန် အခွင့်အရေးမပေးလျှင် အနီးရှိအသင်းတော်အစည်းအဝေးများကို တက်ရောက်ကြသည်။ ဤနည်းဖြင့် သူတို့သည် အစည်းအဝေးတစ်ခုမျှ မလွတ်သလောက်ဖြစ်သည်။ ကနေဒါမှ စိတ်ဝင်စားခါစလူသစ်တစ်ဦးသည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်စည်းဝေး၏အရေးကြီးမှုကို အလျင်အမြန်သိမြင်လာခဲ့သော်လည်း သူမ၏အလုပ်အကိုင်သည် အစည်းအဝေးတက်ခြင်းအတွက် အတားအဆီးဖြစ်စေခဲ့သည်။ ထို့ကြောင့် ဤအရေးကြီးသောအစည်းအဝေးများကို တက်နိုင်ရန် သူမ၏အဆိုင်းကိုဆင်းပေးဖို့ အလုပ်ဖော်တစ်ဦးအား လုပ်ခပေးခဲ့သည်။
နာတာရှည်ရောဂါသည်များစွာသည် အစည်းအဝေးတစ်ခုကိုမျှ လွတ်လေ့မရှိကြချေ။ သူတို့သည် ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ မလာနိုင်သည့်အခါ၌ အိမ်တွင် တယ်လီဖုန်း သို့မဟုတ် အသံသွင်းထားသည့်တိတ်ခွေအားဖြင့် အစီအစဉ်ကို နားထောင်ကြသည်။ ယေဟောဝါ၏ “သစ္စာနှင့်သတိပညာရှိသောကျွန်” အားဖြင့် ကိုယ်တော်၏ဝိညာဉ်ရေးရာပြင်ဆင်ပေးချက်များကို ချီးမွမ်းထိုက်သောလေးမြတ်မှု တင်ပြကြ၏။ (မဿဲ ၂၄:၄၅၊ သမ) သက်ကြီးရွယ်အိုမိဘများကို ပြုစုစောင့်ရှောက်ကြရသော ခရစ်ယာန်များသည် အသင်းတော်အစည်းအဝေးတစ်ခုတက်ရောက်နိုင်ဖို့ ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးက မိဘနှင့်အတူနေပေးရန် ကမ်းလှမ်းခြင်းကို အမှန်ပင်ကျေးဇူးတင်ကြသည်။
ကြိုတင်စီစဉ်ပါ!
မိမိတို့၏ဝိညာဉ်ရေးလိုအပ်ရာများကို သတိထားတတ်ကြသောမိဘများသည် မိမိတို့၏ကလေးများအား ခရစ်ယာန်အစည်းအဝေးများကို လေးမြတ်တန်ဖိုးထားတတ်ရန် ကူညီပေးကြသည်။ အများအားဖြင့် မိမိတို့ကလေးများသည် အိမ်စာအကြွေးတစ်ပုံကြီးထားမည့်အစား မှန်မှန်ပြုလုပ်သွားစေလိုကြသည်။ အစည်းအဝေးများရှိသည့်နေ့များတွင် ကလေးများသည် ကျောင်းမှအိမ်ပြန်ရောက်သည်နှင့် မိမိတို့အိမ်စာကို ပြုလုပ်စေကြသည်။ ဝါသနာပါရာများနှင့် အခြားလုပ်ဆောင်မှုများကြောင့် အစည်းအဝေးပျက်ဖို့ ခွင့်ပြုမည်မဟုတ်ပါ။
လင်သားလည်းဖြစ် ဖခင်လည်းဖြစ်သူတစ်ဦးအနေနှင့် အစည်းအဝေးတက်ရောက်ခြင်းကို ဦးစားထားပါသလော။ ဇနီးလည်းဖြစ် မိခင်လည်းဖြစ်သူတစ်ဦးအနေနှင့် အစည်းအဝေးများတက်နိုင်ဖို့ သင့်အလုပ်တာဝန်များကို ကြိုးစားစီစဉ်ထားပါသလော။ ဆယ်ကျော်သက်တစ်ဦးအနေနှင့် သင်သည် အစည်းအဝေးများကို အိမ်စာလုပ်ခြင်းထက် ပိုအရေးပေးသလော၊ သို့မဟုတ် အိမ်စာလုပ်ခြင်းကို အစည်းအဝေးများထက် ပိုအရေးပေးသလော။
အသင်းတော်အစည်းအဝေးတစ်ခုသည် ယေဟောဝါ၏မေတ္တာပါပြင်ဆင်ပေးချက်တစ်ခုဖြစ်၏။ ထိုအစီအစဉ်တွင်ပါဝင်ရန် အစွမ်းကုန်ကြိုးစားသင့်သည်။ အကယ်၍ သင်သည် ဦးစားထားရာများကို ဦးစားပေးပါက ယေဟောဝါသည် သင့်အားကြွယ်ဝစွာကောင်းချီးပေးပါလိမ့်မည်!