ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
မေ ၃-၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၂၇-၂၉
“ယေဟောဝါရဲ့ မျက်နှာမလိုက်မှုကို အတုယူပါ”
ယေဟောဝါရဲ့ အရည်အသွေးတွေကို တန်ဖိုးထား လေးမြတ်ပါ
၁၄ ညီအစ်မ ငါးယောက်ဟာ မောရှေဆီ သွားပြီး “သားမရှိတာနဲ့ပဲ အဖေ့နာမည်က သူ့မိသားစုထဲကနေ ပျောက်ပျက်သွားရမှာလား” လို့ ပြောခဲ့တယ်။ မောရှေအနေနဲ့ ‘ဒါက ပညတ်တရားပဲ၊ ငါဘာမှ မတတ်နိုင်ဘူး’ ဆိုပြီး ပြန်ပြောခဲ့သလား။ မပြောခဲ့ဘူး၊ မောရှေဟာ “သူတို့ရဲ့ ကိစ္စကို ယေဟောဝါရှေ့ တင်ပြတယ်။” (တော. ၂၇:၂-၅၊ ကဘ) ယေဟောဝါ ဘယ်လို ပြောသလဲ။ ယေဟောဝါက မောရှေကို “ဇလောဖဒ်ရဲ့ သမီးတွေ ပြောတာ တရားနည်းလမ်းကျတယ်။ သင်က သူတို့အဖေရဲ့ ညီအစ်ကိုတွေနဲ့အတူ သူတို့ကို အမွေပေးရမယ်။ သူတို့အဖေရဲ့ အမွေကို သူတို့ဆီ လွှဲပြောင်းပေးရမယ်” လို့ ပြောခဲ့တယ်။ ယေဟောဝါဟာ အဲဒီထက်မက လုပ်ဆောင်ခဲ့သေးတယ်။ ကိုယ်တော်ဟာ ပညတ်တရားမှာ ဒီပညတ်ကို ထပ်ထည့်ဖို့ မောရှေကို ဒီလိုညွှန်ကြားခဲ့တယ်– “လူတစ်ယောက်ဟာ သားမရှိဘဲ သေဆုံးသွားရင် သူ့အမွေကို သူ့သမီးဆီ လွှဲပြောင်းပေးရမယ်။” (တော. ၂၇:၆-၈၊ ကဘ; ယောရှု ၁၇:၁-၆) အဲဒီအချိန်ကစပြီး အဲဒီလိုအခြေအနေနဲ့ ကြုံတွေ့ရတဲ့ အစ္စရေးအမျိုးသမီး အားလုံးဟာ အမွေရခဲ့ကြတယ်။
ယေဟောဝါရဲ့ အရည်အသွေးတွေကို တန်ဖိုးထား လေးမြတ်ပါ
၁၅ ဒါဟာ တကယ် မျက်နှာမလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။ ယေဟောဝါဟာ အကူအညီ မဲ့နေတဲ့ အဲဒီညီအစ်မ ငါးယောက်ကို တခြားအစ္စရေးလူတွေကို ဆက်ဆံသလိုပဲ မျှမျှတတ၊ လေးလေးစားစား ဆက်ဆံခဲ့တယ်။ (ဆာ. ၆၈:၅) ဒီအဖြစ်အပျက်က ယေဟောဝါဟာ မိမိရဲ့ ကျေးကျွန်အားလုံးကို မျက်နှာမလိုက်ဘဲ ဆက်ဆံခဲ့တဲ့ ကျမ်းစာ အဖြစ်အပျက်တွေထဲက တစ်ခုသာ ဖြစ်တယ်။—၁ ရာ. ၁၆:၁-၁၃; တ. ၁၀:၃၀-၃၅၊ ၄၄-၄၈။
ယေဟောဝါရဲ့ အရည်အသွေးတွေကို တန်ဖိုးထား လေးမြတ်ပါ
၁၆ ယေဟောဝါရဲ့ မျက်နှာမလိုက်မှုကို ကျွန်ုပ်တို့ ဘယ်လို တုပနိုင်သလဲ။ လူတိုင်း မျှမျှတတ ဆက်ဆံခံရသင့်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်မှသာ ကျွန်ုပ်တို့က တခြားသူတွေကို မျက်နှာမလိုက်ဘဲ ဆက်ဆံမှာ ဖြစ်တယ်ဆိုတာ သတိရပါ။ အမှန်ပါပဲ၊ ကျွန်ုပ်တို့အားလုံးဟာ ကိုယ့်ကိုယ်ကို သဘောထားကြီးတယ်၊ မျက်နှာမလိုက်ဘူးလို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို အမှန်အတိုင်း ဝေဖန်ဆန်းစစ်ဖို့ အမြဲတမ်းတော့ မလွယ်ကူဘူးဆိုတာ သင် သဘောတူပါလိမ့်မယ်။ ဒါကြောင့် သင် တကယ် မျက်နှာလိုက်၊ မလိုက်ဆိုတာ ဘယ်လို သိနိုင်သလဲ။ ယေရှုက ကျွန်ုပ်တို့အတွက် စံနမူနာကောင်း ဖြစ်တယ်။ သူနဲ့ပတ်သက်ပြီး လူတွေ ဘာပြောသလဲဆိုတာ သိချင်တဲ့အခါ သူ့ရဲ့ မိတ်ဆွေတွေကို ဒီလိုမေးခဲ့တယ်– “လူသားကို မည်သူ ဖြစ်သည်ဟု လူတို့ ဆိုကြသနည်း။” (မ. ၁၆:၁၃၊ ၁၄) ဒီကဏ္ဍမှာ ယေရှုကို တုပပါ။ သင့်အကြောင်း အရှိကို အရှိအတိုင်း ပြောပြမယ့် မိတ်ဆွေတစ်ယောက်ကို ရွေးပြီး ဒီလိုမေးပါ။ ‘လူတွေကို ကျွန်တော် မျှမျှတတ ဆက်ဆံတယ်လို့ ခင်ဗျား မြင်သလား၊ တခြားလူတွေကကော ကျွန်တော့်ကို မျက်နှာမလိုက်တတ်သူလို့ သတ်မှတ်သလား။’ အဲဒီအခါ သူက တစ်ခါတလေ သင်ဟာ လူမျိုးတစ်မျိုးကို တခြားလူမျိုးထက် ပိုမျက်နှာသာပေးတယ်၊ ဒါမှမဟုတ် ပိုက်ဆံချမ်းသာသူ၊ ပညာပိုတတ်သူကို ပိုပြီး ကောင်းကောင်း ဆက်ဆံတယ်လို့ ပြောတယ် ဆိုပါစို့။ အဲဒီလိုဆိုရင် သင် ဘာလုပ်သင့်သလဲ။ ယေဟောဝါထံ ဆုတောင်းပါ၊ တခြားသူတွေအပေါ် သင့်သဘောထားကို ပြောင်းလဲပေးဖို့ တောင်းဆိုပါ၊ အဲဒီလိုဆိုရင် သင်ဟာ ယေဟောဝါနဲ့ ပိုတူလာပြီး လူတိုင်းကို မျက်နှာမလိုက်ဘဲ ဆက်ဆံလာမှာ ဖြစ်တယ်။—မ. ၇:၇; ကော. ၃:၁၀၊ ၁၁။
ဘုရားရေးရာ ရတနာ
it-2 ၅၂၈ ပိုဒ်. ၅
အလှူများ
သွန်းလောင်းရာအလှူ။ အထူးသဖြင့် ကတိထားရာပြည်မှာ အခြေချ နေထိုင်ပြီးနောက် အစ္စရေးလူတွေဟာ တခြားအလှူတွေနဲ့အတူ သွန်းလောင်းရာအလှူကို ဆက်သကြတယ်။ (တလ ၁၅:၂၊ ၅၊ ၈-၁၀) သွန်းလောင်းရာအလှူထဲမှာ စပျစ်ဝိုင် (“ယမကာအရည်”) ပါတယ်။ အဲဒါကို ပလ္လင်ပေါ်မှာ သွန်းလောင်းရတယ်။ (တလ ၂၈:၇၊ ၁၄။ ထွ ၃၀:၉။ တလ ၁၅:၁၀ တို့နဲ့ နှိုင်းယှဉ်ပါ။) ဖိလိပ္ပိမြို့က ခရစ်ယာန်တွေကို တမန်တော် ပေါလု ဒီလိုရေးခဲ့တယ်– “ယုံကြည်ခြင်းကြောင့် ခင်ဗျားတို့ ဆက်သတဲ့ ပူဇော်သက္ကာနဲ့ အမှုဆောင်လုပ်ငန်းအပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သွန်းလောင်းရာအလှူလို သွန်းလောင်းရမယ်ဆိုရင်တောင် ကျွန်တော် ဝမ်းသာတယ်။” ခရစ်ယာန်ချင်းတွေအတွက် မိမိကိုယ်ကိုယ် တလိုတလား ပေးဆက်တာကို သွန်းလောင်းရာအလှူလို့ ဖော်ပြခဲ့တယ်။ (ဖိ ၂:၁၇) ပေါလု မသေဆုံးခင်လေးမှာ တိမောသေကို ဒီလို ရေးခဲ့တယ်– “ငါကတော့ ကိုယ့်ကိုယ်ကိုယ် သွန်းလောင်းရာအလှူလို သဘောထားပြီး ပေးဆပ်ခဲ့ပြီ။ သေဆုံးမယ့်အချိန်လည်း နီးလာပြီ။”—၂တိ ၄:၆။
မေ ၁၀-၁၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၃၀-၃၁
“သစ္စာကတိအတိုင်း လုပ်ပါ”
it-2 ၁၁၆၂
သစ္စာကတိ
ဆန္ဒအလျောက် သစ္စာကတိပြု။ သစ္စာကတိအတိုင်း လုပ်ရ။ သစ္စာကတိတွေကို စိတ်လိုကိုယ်လျောက် ပြုကြတယ်။ ဒါပေမဲ့ သစ္စာကတိ ပြုလိုက်ပြီဆိုရင် သစ္စာကတိအတိုင်း လုပ်ဖို့ ဘုရား ပညတ်ထားတယ်။ “တစ်ခုခုကို ရှောင်ကြဉ်မယ်လို့ သစ္စာဆိုတယ်ဆိုရင်” အဲဒီအတိုင်း အသက်ရှင် နေထိုင်သွားရတယ်။ (တလ ၃၀:၂။ ရော ၁:၃၁၊ ၃၂ ကိုလည်း ကြည့်ပါ။) ဒါက အရေးကြီးတဲ့ ကိစ္စ ဖြစ်တဲ့အတွက် သစ္စာကတိ မပြုခင် အသေအချာ စဉ်းစားပါလို့ ကျမ်းစာ ပြောတာ ဖြစ်တယ်။ ပညတ်တရားမှာ ဒီလိုပါတယ်– “ယေဟောဝါဘုရားကို သစ္စာကတိ ပြုတယ်ဆိုရင် အဲဒီအတိုင်း လုပ်ဆောင်ဖို့ မနှောင့်နှေးရဘူး။ ယေဟောဝါဘုရားက အဲဒီသစ္စာကတိအတိုင်း လုပ်ခိုင်းမှာ ဖြစ်လို့ နှောင့်နှေးနေရင် အပြစ်ဖြစ်လိမ့်မယ်။ သစ္စာကတိ မပြုဘူးဆိုရင်တော့ အပြစ်သင့်မှာ မဟုတ်ဘူး။”—တရ ၂၃:၂၁၊ ၂၂။
it-2 ၁၁၆၂
သစ္စာကတိ
ဘုရားသခင်ကို ပေးတဲ့ အထူးကတိပြုချက် ဖြစ်တယ်။ တစ်ခုခု လုပ်မယ်၊ တစ်ခုခု ဆက်သမယ်၊ ပေးလှူမယ်၊ ဘုရားအမှု ဆောင်မယ်၊ တားမြစ်ထားတာ မဟုတ်ပေမဲ့ ရှောင်ကြဉ်မယ်လို့ ကတိပြုခြင်း ဖြစ်တယ်။ သစ္စာကတိဆိုတာ စိတ်လိုကိုယ်လျောက် ပြုရတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်။ ဘုရားကို ကတိပေးတာ ဖြစ်လို့ ကျိန်ဆိုတာ၊ သစ္စာဆိုတာလောက်အထိကို အရေးပါတယ်။ ဒါကြောင့် ကျမ်းစာမှာ အဲဒီအသုံးအနှုန်း နှစ်ခုကို တွဲသုံးတယ်။ (တလ ၃၀:၂။ မ ၅:၃၃) “သစ္စာကတိ” ဆိုတာ တစ်ခုခု လုပ်မယ်လို့ ကတိပေးတာ ဖြစ်ပြီး “သစ္စာဆို” တာက ပေးထားတဲ့ကတိ တည်စေမှာ ဖြစ်ကြောင်း ကိုယ့်ထက် အခွင့်အာဏာကြီးသူကို တိုင်တည်ပြီး ကျိန်ဆိုခြင်း ဖြစ်တယ်။ သစ္စာဆိုတယ် ဆိုတာက များသောအားဖြင့် ကတိအတိုင်း လုပ်မယ်လို့ ပြောတာ ဖြစ်တယ်။—က ၂၆:၂၈။ ၃၁:၄၄၊ ၅၃။
တောလည်ရာကျမ်းမှ ပေါ်လွင်ချက်များ
၃၀:၆-၈—ခရစ်ယာန် အမျိုးသားတစ်ဦးသည် မိမိဇနီးသည် ပြုထားသည့် သစ္စာကတိများကို ပယ်နိုင်ပါသလော။ သစ္စာကတိပြုမှုများနှင့် စပ်လျဉ်း၍ ယေဟောဝါသည် မိမိအား ဝတ်ပြုသူများကို တစ်ဦးချင်းစီနှင့် ရှင်းတော်မူသည်။ ဥပမာ၊ ယေဟောဝါထံ ဆက်ကပ်အပ်နှံခြင်းသည် ကိုယ်တိုင် ပြုရသည့် သစ္စာကတိ ဖြစ်၏။ (ဂလာတိ ၆:၅) ခင်ပွန်းသည် ဖြစ်သူသည် ထိုသို့သော သစ္စာကတိမျိုးကို ပယ်ဖျက်ပိုင်ခွင့် မရှိချေ။ သို့သော် ဇနီးသည်,သည် ဘုရားသခင့် နှုတ်မြွက်စကားတော်နှင့် ဆန့်ကျင်သော သို့မဟုတ် မယားဝတ်များနှင့် ဆန့်ကျင်သော သစ္စာကတိမျိုးကိုမူ မပြုသင့်ပေ။
ဘုရားရေးရာ ရတနာ
it-2 ၂၈ ပိုဒ်. ၁
ယေဖသ
တဲတော်မှာ ယေဟောဝါရဲ့ အမှုတော်ကို တစ်သက်လုံး ဆောင်ရွက်ဖို့ လူတွေကို ပေးလှူနိုင်တယ်။ မိဘတွေ အဲဒီလို လုပ်ခွင့် ရှိတယ်။ ရှမွေလကို အဲဒီလို ပေးလှူထားတယ်။ ရှမွေလ မမွေးခင်ကတည်းက တဲတော်မှာ အမှုဆောင်ဖို့ ပေးလှူမယ်ဆိုပြီး သူ့အမေ ဟန္န ကတိပြုခဲ့တယ်။ ဟန္နရဲ့ သစ္စာကတိကို ဧလကာန သဘောတူခဲ့တယ်။ ရှမွေလ နို့ဖြတ်ပြီးတာနဲ့ ဟန္နက သားလေးကို ယေဟောဝါရဲ့ အိမ်တော်ဆီ ခေါ်သွားတယ်။ တိရစ္ဆာန် ပူဇော်သက္ကာကိုလည်း ယူသွားတယ်။ (၁ရှ ၁:၁၁၊ ၂၂-၂၈။ ၂:၁၁) ရှံဆုန်လည်း နာဇရိလူအဖြစ် ဘုရားအမှုဆောင်ဖို့ ဆက်ကပ်ထားတဲ့ ကလေးတစ်ယောက် ဖြစ်တယ်။—သူ ၁၃:၂-၅၊ ၁၁-၁၄။ တလ ၃၀:၃-၅၊ ၁၆ မှာပါတဲ့ သမီးအပေါ် ဖခင်ရဲ့ အခွင့်အာဏာနဲ့ နှိုင်းယှဉ်ပါ။
မေ ၁၇-၂၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၃၂-၃၃
“ပြည်သားတွေကို မောင်းထုတ်ပါ”
သင်သိပါသလော
ဟေဗြဲကျမ်းစာစောင်တွေမှာ မကြာခဏ ဖော်ပြထားတဲ့ “မြင့်သောအရပ်” ဆိုတာ ဘာကို ပြောတာလဲ။
အစ္စရေးလူတွေ ခါနာန်ပြည်ထဲ ဝင်ခါနီးမှာ အဲဒီပြည်ထဲက ခါနာန်လူတွေရဲ့ ဝတ်ပြုရာနေရာ အားလုံးကို ဖယ်ရှားပစ်ဖို့ သူတို့ကို ယေဟောဝါ ဘုရားသခင် မှာကြားခဲ့တယ်။ ‘သူတို့ ရေးသော အရုပ်၊ သွန်းသော အရုပ် ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့ လုပ်သော မြင့်သောအရပ် ရှိသမျှတို့ကို ဖြိုချရကြမည်’ လို့ ဘုရားသခင် မိန့်မှာခဲ့တယ်။ (တောလည်ရာ ၃၃:၅၂) မှားယွင်းတဲ့ ဝတ်ပြုရေး ရှိတဲ့ နေရာတွေကတော့ တောင်ထိပ် လဟာပြင်တွေမှာ ဖြစ်နိုင်သလို စင်မြင့်တွေ တည်ဆောက်ထားတဲ့ သစ်ပင်အောက် ဒါမှမဟုတ် မြို့တွေမှာ ဖြစ်နိုင်တယ်။ (၃ ဓမ္မရာဇဝင် ၁၄:၂၃; ၄ ဓမ္မရာဇဝင် ၁၇:၂၉; ယေဇကျေလ ၆:၃) အဲဒီနေရာတွေမှာ ယဇ်ပလ္လင်တွေ၊ ဝတ်ပြုရေး ကျောက်တိုင်တွေ၊ အရုပ်တွေ၊ နံ့သာပေါင်း မီးရှို့တဲ့ တိုင်တွေ၊ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ ရှိတယ်။
ဣသရေလလူမျိုး၏ အမှားများမှ သင်ယူလော့
ဣသရေလလူမျိုး ကြုံခဲ့ရသော စမ်းသပ်မှုများစွာကို ယနေ့ ကျွန်ုပ်တို့ ကြုံနေရသည်။ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းတွင် ရုပ်ပုံကိုးကွယ်မှုပုံစံ များစွာရှိသည်။ ယင်းတို့တွင် ငွေ၊ ဖျော်ဖြေရေးနှင့် အားကစား လောကမှ အကျော်အမော်များ၊ နိုင်ငံရေး စနစ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ မိသားစုဝင်များပင် ပါဝင်သည်။ ယင်းတို့သည် ကျွန်ုပ်တို့ဘဝတွင် အဓိကထားရာ ဖြစ်လာနိုင်သည်။ ယေဟောဝါကို မချစ်သူတို့နှင့် မိတ်ဖွဲ့ခြင်းက ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ပျက်စီးစေနိုင်သည်။
တရားမဝင် လိင်ဆက်ဆံခြင်းသည် ဗာလဝတ်ပြုရေး၏ အဓိက ကဏ္ဍတစ်ရပ် ဖြစ်ပြီး ဣသရေလလူများစွာကို ဖြားယောင်းသွေးဆောင်ခဲ့သည်။ အလားတူ ကျော့ကွင်းများသည် ဘုရားသခင့် လူမျိုးများကို သွေးဆောင်နေဆဲပင်။ ဥပမာ၊ စူးစမ်းတတ်သူ သို့မဟုတ် သတိမရှိသူသည် မိမိအိပ်ခန်းတွင် ကွန်ပျူတာခလုပ် တစ်ချက် နှိပ်လိုက်ရုံဖြင့် ကိုယ့်ကိုယ်ကိုယ်သိစိတ် ညစ်ညူးစေသောအရာများကို ကြည့်မိနိုင်သည်။ ခရစ်ယာန်တစ်ဦးသည် အင်တာနက်တွင် ညစ်ညမ်းသော ရုပ်ပုံများ ကြည့်ရန် သွေးဆောင်ခံရမည်ဆိုလျှင် ဝမ်းနည်းစရာ ကောင်းလိုက်မည် ဖြစ်ခြင်း။
it-1 ၄၀၄ ပိုဒ်. ၂
ခါနာန်
ယောရှုက ခါနာန်လူမျိုးတွေကို ဖျက်ဆီးဖို့ “မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း တစ်ခုမကျန် လိုက်နာတယ်။” (ယရ ၁၁:၁၅) ဒါပေမဲ့ အစ္စရေးလူမျိုးဟာ ယောရှု လုပ်သလို ခါနာန်လူမျိုးတွေကို အစတုံး မဖျက်ဆီးခဲ့ဘူး။ အဲဒါကြောင့် ကြာလာတဲ့အခါ အစ္စရေးလူမျိုးတွေ သစ္စာမဲ့လာကြပြီး အတော်များများ သေဆုံးခဲ့ကြရတယ်။ (ရာဇဝတ်မှု၊ ကိုယ်ကျင့်တရား ယိုယွင်းမှုနဲ့ ရုပ်တုကိုးကွယ်မှုတွေ ရှိခဲ့တယ်) ခါနာန်လူမျိုး အားလုံးကိုသာ အစတုံး ဖျက်ဆီးခဲ့ရင် အဲဒီလိုအဖြစ်ဆိုး ကြုံရမှာ မဟုတ်ဘူး။ (တလ ၃၃:၅၅၊ ၅၆။ သူ ၂:၁-၃၊ ၁၁-၂၃။ ဆ ၁၀၆:၃၄-၄၃) အစ္စရေးတွေသာ ခါနာန်တွေနဲ့ ထိမ်းမြားပေးစားမယ်၊ သူတို့ဘုရားတွေကို ကိုးကွယ်မယ်၊ သူတို့ရဲ့ ဘာသာရေးထုံးစံတွေကို လိုက်မယ်၊ ရွံစရာအကျင့်တွေကို ကျင့်မယ်ဆိုရင် ယေဟောဝါ အမျက်ထွက်ပြီး ချက်ချင်း ဖျက်ဆီးမယ်၊ ပယ်ရှင်းမယ်လို့ အစ္စရေးတွေကို ယေဟောဝါ သတိပေးပြီးသားပဲ။ အဲဒါကြောင့် ယေဟောဝါဟာ တရားမျှတပြီး ဘုရားရဲ့ တရားစီရင်ချက်ဟာ ဖြောင့်မှန်တယ်။—ထွ ၂၃:၃၂၊ ၃၃။ ၃၄:၁၂-၁၇။ ဝ ၁၈:၂၆-၃၀။ တရ ၇:၂-၅၊ ၂၅၊ ၂၆။
ဘုရားရေးရာ ရတနာ
it-1 ၃၅၉ ပိုဒ်. ၂
နယ်နိမိတ်
မျိုးနွယ်တစ်ခုအတွက် ပထဝီဝင် မြေအနေအထားကို မဲချ ဆုံးဖြတ်ပြီးနောက် ဒုတိယအချက်ကို လုပ်ဆောင်ကြတယ်။ နယ်မြေအကျယ်အဝန်းပေါ် မူတည်ပြီး အချိုးကျကျ ခွဲဝေယူကြတယ်။ “ပြည်ကို မဲချပြီး မိသားစုအလိုက် ခွဲဝေယူကြပါ။ အုပ်စုကြီးရင် ကြီးသလို၊ ငယ်ရင် ငယ်သလို အမွေမြေကို ခွဲဝေယူရမယ်။ ကိုယ်မဲကျတဲ့နေရာဟာ ကိုယ့်အမွေမြေပဲ။ မျိုးနွယ်အလိုက် အမွေမြေ ရလိမ့်မယ်။” (တလ ၃၃:၅၄) မဲခွဲဆုံးဖြတ်ထားတဲ့ ပထဝီဝင် မြေအနေအထားက အတည် ဖြစ်ပေမဲ့ အမွေရထားတဲ့ နယ်မြေ အကျယ်အဝန်းကိုတော့ ပြင်ဆင်နိုင်တယ်။ ဒါကြောင့် ယုဒအနွယ်ရဲ့ အမွေမြေက ကျယ်လွန်းတဲ့အတွက် ယုဒရဲ့ နယ်မြေထဲကနေ ရှိမောင်ရဲ့ သားမြေးတွေအတွက် အမွေမြေ ခွဲပေးခဲ့တယ်။—ယရ ၁၉:၉။
မေ ၂၄-၃၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၃၄-၃၆
“ယေဟောဝါဆီမှာ ခိုလှုံပါ”
ယေဟောဝါဆီမှာ သင် ခိုလှုံနေသလား
၄ မတော်တဆ လူသတ်မှုတွေကိုကော အစ္စရေးတွေ ဘယ်လို ကိုင်တွယ်ကြသလဲ။ မတော်တဆ လူသတ်မိတာ ဖြစ်ပေမဲ့ လူသတ်တဲ့အပြစ် ရှိနေတုန်းပဲ။ (က. ၉:၅) ဒါပေမဲ့ သွေးကြွေးဆပ်မယ့်သူ လက်ကနေ လွတ်အောင် ခိုလှုံရာမြို့ ခြောက်မြို့ထဲက တစ်မြို့မြို့ကို ပြေးခွင့် ရှိတယ်။ အဲဒီမှာ အကာအကွယ် ရယူနိုင်တယ်။ မတော်တဆ လူသတ်မိသူဟာ ပုရောဟိတ်မင်း သေဆုံးချိန်အထိ ခိုလှုံရာမြို့ထဲမှာပဲ နေရမယ်။—တော. ၃၅:၁၅၊ ၂၈။
ယေဟောဝါဆီမှာ သင် ခိုလှုံနေသလား
၆ မတော်တဆ လူသတ်မိတဲ့ ဝရမ်းပြေးတစ်ယောက်ဟာ ပြေးဝင်တဲ့ ခိုလှုံရာမြို့တံခါးမှာ “မြို့အကြီးအကဲတွေကို အကျိုးအကြောင်း ပြောပြရမယ်။” သူ့ကို ပျူပျူငှာငှာ လက်ခံကြိုဆိုရမယ်။ (ယောရှု ၂၀:၄) နောက်ပိုင်းမှာ လူသတ်မှု ဖြစ်ခဲ့တဲ့ မြို့အကြီးအကဲတွေဆီ သူ့ကို ပြန်ပို့ရမယ်။ အမှုကို အဲဒီအကြီးအကဲတွေ စီရင်ရမယ်။ (တောလည်ရာ ၃၅:၂၄၊ ၂၅ ကိုဖတ်ပါ။) မတော်တဆ လူသတ်မိတယ်လို့ အကြီးအကဲတွေ ကြေညာမှသာ ဝရမ်းပြေးဟာ ခိုလှုံရာမြို့ဆီ ပြန်ရမယ်။
ယေဟောဝါဆီမှာ သင် ခိုလှုံနေသလား
၁၃ ဝရမ်းပြေးဟာ ခိုလှုံရာမြို့ထဲ ရောက်တာနဲ့ ဘေးကင်းလုံခြုံသွားပြီ။ ‘အဲဒီမြို့တွေဆီ ပြေးရင် လွတ်မြောက်နိုင်တယ်’ လို့ ယေဟောဝါ ပြောတယ်။ (ယောရှု ၂၀:၂၊ ၃) အဲဒီပြစ်မှုကို ယေဟောဝါ ပြန်မစီရင်တော့ဘူး။ သွေးကြွေးဆပ်မယ့်သူကိုလည်း မြို့ထဲ ဝင်ပြီး သတ်ခွင့် မပြုဘူး။ ဒါကြောင့် ဝရမ်းပြေးဟာ လက်တုံ့ပြန်ခံရမှာကို ကြောက်နေစရာ မလိုဘူး။ ခိုလှုံရာမြို့မှာ ယေဟောဝါရဲ့ ကာကွယ်မှုအောက် ဘေးကင်းလုံခြုံနေပြီ။ ဒီမြို့ဟာ ခိုလှုံရာ အကျဉ်းထောင် မဟုတ်ဘူး။ ခိုလှုံရာမြို့မှာ အလုပ်လုပ်နိုင်တယ်။ တခြားသူတွေကို ကူညီပေးနိုင်တယ်။ ယေဟောဝါကို ငြိမ်းချမ်းစွာ ဝတ်ပြုနိုင်တယ်။ မှန်ပါတယ်၊ ပျော်ရွှင်ကျေနပ်စရာဘဝ ရရှိနိုင်ပါတယ်။
ဘုရားရေးရာ ရတနာ
အားလုံးအတွက် ညီမျှသော ရွေးနုတ်ဖိုး
၁၃ သို့သော် အာဒံကော ဧဝပါ ရွေးနုတ်ဖိုးမှ အကျိုးမခံရချေ။ မောရှေပညတ်တွင် ဤမူ ပါဝင်သည်။ “လူသတ်၏ အသက်ဖိုးငွေ (ရွေးဖိုး၊ NW) ကို မခံယူရ။ သူသည် အသေသတ်ခြင်းကို အမှန် ခံရမည်။” (တောလည်ရာ ၃၅:၃၁) အာဒံသည် လှည့်ဖြားခံရခြင်း မဟုတ်သောကြောင့် သူ၏ အပြစ်သည် စိတ်ပါကိုယ်လျောက်၊ သိလျက်နှင့် လုပ်ခြင်း ဖြစ်သည်။ (၁ တိမောသေ ၂:၁၄) သူ၏ သားမြေးများကို သတ်ရာ ရောက်ခဲ့သည်။ အကြောင်းမှာ သူတို့သည် ယခု သူ၏ မစုံလင်မှုကို အမွေခံကာ သေခြင်း၏ ကျိန်ဒဏ်အောက် ကျရောက်ခဲ့လေသည်။ အာဒံ သေထိုက်သည်မှာ ရှင်းနေပါသည်။ အကြောင်းမှာ၊ စုံလင်သော လူတစ်ဦးအနေနှင့် သူသည် စိတ်ပါကိုယ်လျောက် ဘုရားဥပဒေကို မနာခံရန် ရွေးချယ်ခဲ့သည်။ ယေဟောဝါရှင်သည် ရွေးနုတ်ဖိုးကို အာဒံအတွက် အသုံးပြုခဲ့လျှင် ကိုယ်တော်၏ ဖြောင့်မတ်သော မူများနှင့် ဆန့်ကျင်နေပေမည်။ သို့သော် အာဒံ၏ အပြစ်အတွက် ပေးဆပ်လိုက်ခြင်းဖြင့် အာဒံ၏ သားမြေးအပေါ် သက်ရောက်နေသော သေဒဏ်ကို ပယ်ဖျက်ပေးလေသည်။ (ရောမ ၅:၁၆) တရားဝင်သဘောအရ၊ အပြစ်၏ အဖျက်တန်ခိုးသည် ယင်း၏ ပင်ရင်းကိုယ်နှိုက်မှ ဖြတ်တောက်ခံရသည်။ ရွေးနုတ်ဖိုးပေးသူသည် ‘လူအပေါင်းတို့အတွက်ကြောင့် သေခြင်းကို မြည်းစမ်းကာ’ အာဒံ၏ ကလေးများ အားလုံးအတွက် အပြစ်ရလဒ်ကို ခံခဲ့လေသည်။—ဟေဗြဲ ၂:၉။ ၂ ကောရိန္သု ၅:၂၁။ ၁ ပေတရု ၂:၂၄။
မေ ၃၁-ဇွန် ၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၁-၂
“ဘုရားသခင့်ကိုယ်စား တရားစီရင်နေတာ ဖြစ်”
ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို မြတ်နိုးတော်မူသော ယေဟောဝါ
ခန့်အပ်ခံ အသင်းတော် အကြီးအကဲများသည် ကြီးလေးသော ပြစ်မှုများကို စီရင်ကြရ၏။ (၁ ကောရိန္သု ၅:၁၂၊ ၁၃) ထိုသို့ပြုကြသည့်အခါ ဘုရားသခင်၏ တရားမျှတမှုက ဖြစ်နိုင်သည့် နေရာတိုင်းတွင် ကရုဏာ ပြစေလိုတော်မူကြောင်း သတိရမည် ဖြစ်သည်။ နောင်တမရသော အပြစ်ပြုသူများ ကိစ္စတွင်ကဲ့သို့ ကရုဏာပြစရာ အကြောင်း မရှိလျှင် ယင်းကို တင်ပြမည် မဟုတ်ပါ။ သို့သော် အကြီးအကဲများသည် လက်စားချေလိုသော သဘောမျိုးဖြင့် ထိုအပြစ်ပြုသူကို အသင်းတော်မှ နှင်ထုတ်မည် မဟုတ်ပေ။ ထိုသူသည် နှင်ထုတ်ခံရခြင်း လုပ်ရပ်ကြောင့်ပင် သတိတရား ပြန်ရလာမည်ဟူ၍ သူတို့ မျှော်လင့်မည် ဖြစ်သည်။ (ယေဇကျေလ ၁၈:၂၃ နှိုင်းယှဉ်။) ခရစ်တော်၏ ဦးစီးမှုအောက်တွင် အကြီးအကဲများသည် တရားမျှတရေးအတွက် အမှုထမ်းကြ၏။ ထိုသို့ပြုရာတွင် “လေလုံ၍ မိုးသက်မုန်တိုင်း ကွယ်ရာအရပ်” ကဲ့သို့ ဖြစ်ခြင်းလည်း ပါဝင်သည်။ (ဟေရှာယ ၃၂:၁၊ ၂) ထို့ကြောင့် သူတို့သည် မျက်နှာမလိုက်၊ အကျိုးသင့် အကြောင်းသင့်သဘော ရှိကြောင်းကို တင်ပြကြရမည် ဖြစ်သည်။—တရားဟောရာ ၁:၁၆၊ ၁၇။
ဘုရားသခင့် အခွင့်အာဏာကို တည်ကြည်စွာ လက်အောက်ခံလော့
၄ သို့ရာတွင် တရားသူကြီး တစ်ဦး ဖြစ်ရန် ပညတ်တရားကို သိရုံဖြင့် မလုံလောက်ချေ။ မစုံလင်သူများ ဖြစ်ခြင်းကြောင့် အသက်ကြီးသူများသည် တလွဲတချော် တရားစီရင်စေနိုင်သော တစ်ကိုယ်ကောင်းဆန်စိတ်၊ ဘက်လိုက်လိုစိတ်နှင့် လောဘစသည့် ထင်ရာစိုင်းလိုသော မည်သည့်စိတ်ထားကိုမဆို သတိဖြင့် ချိုးနှိမ်ကြရပေမည်။ သူတို့ကို မောရှေ ဤသို့ပြောခဲ့သည်– “တရားအမှုကို စီရင်သောအခါ အဘယ်သူ၏ မျက်နှာကို မထောက်ရ။ လူငယ်စကားကို လူကြီးစကားကဲ့သို့ မှတ်ရမည်။ အဘယ်လူကိုမျှ မကြောက်ရ။ အကြောင်းမူကား တရားသောအမှုကို ဘုရားသခင် ပိုင်တော်မူသောကြောင့်တည်း။” မှန်ပါသည်၊ ဣသရေလ တရားသူကြီးများသည် ဘုရားသခင် ကိုယ်စား တရားစီရင်နေကြ၏။ အံ့မခန်းဖွယ် အခွင့်အရေးပါတကား!—တရားဟောရာ ၁:၁၆၊ ၁၇။
ဘုရားရေးရာ ရတနာ
ယေဟောဝါရဲ့ သတိပေးချက်တွေက ယုံကြည်စိတ်ချထိုက်
၉ အစ္စရေးလူတွေ ‘ကြောက်မက်ဖွယ် တောကြီးအလယ်’ မှာ အနှစ် ၄၀ စတင် လှည့်လည်တဲ့အခါ ယေဟောဝါက သူတို့ကို ဘယ်လို လမ်းညွှန်မယ်၊ ဘယ်လို ကာကွယ်စောင့်ရှောက်မယ်ဆိုတာ ကြိုပြီး အသေးစိတ် မပြောပြခဲ့ဘူး။ ဒါပေမဲ့ ဘုရားသခင်က မိမိကို ယုံကြည်အားကိုးမယ်၊ ကိုယ်တော့် လမ်းညွှန်ချက်တွေကို လိုက်နာမယ်ဆိုရင် အကျိုးခံစားရမယ် ဆိုတာကိုတော့ နည်းလမ်းမျိုးစုံနဲ့ ဖော်ပြခဲ့တယ်။ ယေဟောဝါဟာ နေ့အချိန်မှာ မိုးတိမ်၊ ညအချိန်မှာ မီးတိုင်နဲ့ ဦးဆောင်လမ်းပြခြင်းအားဖြင့် ခက်ခဲကြမ်းတမ်းတဲ့ တောလမ်းခရီး တစ်လျှောက်မှာ သူတို့ကို ကိုယ်တော် ထောက်မပေးနေတယ်ဆိုတာ သတိရစေခဲ့တယ်။ (တရား. ၁:၁၉; ထွ. ၄၀:၃၆-၃၈) ကိုယ်တော်ဟာ သူတို့လိုအပ်ရာ မှန်သမျှကို ဖြည့်ဆည်းပေးခဲ့တယ်။ “သူတို့မှာ လိုလေသေးမရှိ ပြည့်စုံခဲ့တယ်။ သူတို့ရဲ့ အဝတ်တွေ မဟောင်းနွမ်းခဲ့သလို သူတို့ရဲ့ ခြေထောက်တွေလည်း မရောင်ခဲ့ဘူး။”—နေ. ၉:၁၉-၂၁၊ ကဘ။
ဇွန် ၇-၁၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၃-၄
“ယေဟောဝါရဲ့ ပညတ်တွေဟာ ဉာဏ်ပညာရှိ၊ တရားမျှတ”
it-2 ၁၁၄၀ ပိုဒ်. ၅
သိနားလည်နိုင်စွမ်း
ဘုရားသခင့် တရားစကားတော်နဲ့ မိန့်မှာချက်တွေကို ဝီရိယရှိရှိ လေ့လာပြီး ကျင့်သုံးမယ်ဆိုရင် သွန်သင်ပေးသူတွေထက် ထိုးထွင်းဉာဏ် ရှိပြီး အသက်ကြီးသူတွေထက် သိနားလည်နိုင်စွမ်း ပိုရှိလာမယ်။ (ဆ ၁၁၉:၉၉၊ ၁၀၀၊ ၁၃၀။ လု ၂:၄၆၊ ၄၇ နဲ့နှိုင်းယှဉ်ပါ။) အကြောင်းကတော့ ဘုရားသခင်ရဲ့ စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေမှာ ဉာဏ်ပညာနဲ့ သိနားလည်နိုင်စွမ်း ပါရှိလို့ပဲ။ ဒါကြောင့်လည်း အစ္စရေးလူမျိုးဟာ အဲဒီအတိုင်း သစ္စာရှိရှိ လိုက်လျှောက်တဲ့အခါ ပတ်ဝန်းကျင်လူမျိုးတွေက သူတို့ကို “တကယ့်ကို ပညာရှိပြီး သိနားလည်နိုင်စွမ်း ရှိတဲ့ လူမျိုးကြီးပါလား” လို့ ပြောကြတယ်။ (တရ ၄:၅-၈။ ဆ ၁၁၁:၇၊ ၈၊ ၁၀။ ၁ဘု ၂:၃ နဲ့ နှိုင်းယှဉ်ပါ။) သိနားလည်နိုင်စွမ်း ရှိသူဟာ ကျမ်းစာကို မဖြစ်မနေ လိုက်လျှောက်ရမယ်ဆိုတာကို အသိအမှတ်ပြုတယ်။ နှုတ်တော်ထွက်စကားအတိုင်း လိုက်နာနိုင်အောင် ကူညီပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းတယ်။ (ဆ ၁၁၉:၁၆၉) ဘုရားသခင့် တရားစကားကို သူ့စိတ်နှလုံးထဲ အမြစ်စွဲစေတယ် (မ ၁၃:၁၉-၂၃)၊ နှလုံးသားပေါ်မှာ ရေးထားတယ် (ပ ၃:၃-၆။ ၇:၁-၄)၊ “မှားယွင်းတဲ့ လမ်းစဉ်မှန်သမျှကို” မုန်းတတ်လာတယ် (ဆ ၁၁၉:၁၀၄)။ ဘုရားသခင့် သားတော် ကမ္ဘာပေါ်မှာ ရှိတုန်းက အဲဒီနည်းအတိုင်း သိနားလည်နိုင်စွမ်းကို တင်ပြခဲ့တယ်။ ကျမ်းစကား ပြည့်စုံဖို့ သစ်တိုင်ပေါ် သေရမယ့် အဖြစ်ကိုတောင် မရှောင်လွှဲခဲ့ဘူး။—မဿဲ ၂၆:၅၁-၅၄။
အတိုင်းထက်အလွန် ရက်ရောကြသောအခါ
မိဖုရားသည် ကြားရ၊ မြင်ရသော အရာများကို အံ့အားသင့်ကာ နှိမ့်ချစွာဖြင့် ဤသို့ပြန်ပြောခဲ့သည်– “ရှေ့တော်၌ အစဉ် နေ၍ ပညာတော်ကို ကြားရသော . . . ကိုယ်တော်၏ ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။” (၃ ဓမ္မရာဇဝင် ၁၀:၄-၈) ရှောလမုန်၏ ကျွန်များသည် ချမ်းသာကြွယ်ဝကြသည် မှန်သော်လည်း ယင်းကြောင့် ပျော်ရွှင်နေရခြင်း ဖြစ်သည်ဟု သူ မပြောခဲ့ချေ။ ၎င်းအစား၊ ရှောလမုန်၏ ကျွန်များသည် ရှောလမုန်၏ ဘုရားပေး ဉာဏ်ပညာကို အစဉ် နားထောင်နိုင်သောကြောင့် ကောင်းချီး ရရှိခဲ့ခြင်း ဖြစ်သည်။ ဖန်ဆင်းရှင်နှင့် သားတော် ယေရှုခရစ်တို့ထံမှ ဉာဏ်ပညာကို ရရှိကြသော ယခုခေတ် ယေဟောဝါ၏ လူတို့အတွက် ရှေဘမိဖုရားသည် ပုံသက်သေ ကောင်းလှသည်တကား!
ထို့ပြင် ရှောလမုန်အား မိဖုရား ဆက်ပြောသည့် စကားကို သတိပြုထိုက်သည်– ‘သင်၏ ဘုရားသခင် ယေဟောဝါသည် မင်္ဂလာရှိတော်မူစေသတည်း။’ (၃ ဓမ္မရာဇဝင် ၁၀:၉) ရှောလမုန်၏ ဉာဏ်ပညာနှင့် ချမ်းသာကြွယ်ဝမှုသည် ယေဟောဝါကြောင့် ဖြစ်သည်ကို သူ သိမြင်ခဲ့ကြောင်း ထင်ရှားပါသည်။ ယင်းသည် ဣသရေလ လူမျိုးကို အစောပိုင်းက ယေဟောဝါ ပေးခဲ့သည့် ကတိတော်နှင့် ကိုက်ညီမှု ရှိသည်။ “ထိုပညတ်တရားတို့ကို ကျင့်စောင့်ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရား ရှိသမျှတို့ကို ကြားရသော လူမျိုးများ ရှေ့မှာ၊ သင်တို့၏ ဉာဏ်ပညာသည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ‘ဤကြီးမြတ်သော လူမျိုးသည် အကယ်စင်စစ် ဉာဏ်ပညာနှင့် ပြည့်စုံသော အမျိုး ဖြစ်၏’ ဟု ဆိုကြလိမ့်မည်” ဟု ကိုယ်တော် မိန့်ခဲ့သည်။—တရားဟောရာ ၄:၅-၇။
သင်သည် ‘ဘုရားသခင့် ရှေ့တော်တွင် ကြွယ်ဝသောသူ’ လော
၁၃ ယေဟောဝါသည် ကိုယ်တော်၏ လူတို့အတွက် ကောင်းချီးများ သိုမှီးထားတော်မူပြီး ကိုယ်တော်သည် သူတို့အား အကောင်းဆုံးအရာကို အမြဲ ပေးသနားတော်မူ၏။ (ယာကုပ် ၁:၁၇) ဥပမာ၊ ယေဟောဝါသည် ဣသရေလ လူမျိုးအား နေစရာပြည် ပေးရာတွင် ယင်းသည် “နို့နှင့် ပျားရည်စီးသော ပြည်” ဖြစ်ခဲ့သည်။ အီဂျစ်ပြည်ကိုလည်း ထိုသို့ပင် ဖော်ပြခဲ့သော်လည်း ဣသရေလ လူမျိုးအား ယေဟောဝါ ပေးသော ပြည်သည် အနည်းဆုံး အရေးကြီးသော အချက်တစ်ခုကြောင့် ယင်းနှင့် ခြားနားသည်။ ၎င်းပြည်မှာ ‘သင်တို့၏ ဘုရားသခင် ယေဟောဝါ ပြုစုသော ပြည် ဖြစ်၏’ ဟု ဣသရေလ လူတို့အား မောရှေ ပြောခဲ့၏။ တစ်နည်းပြောရလျှင် ယေဟောဝါသည် သူတို့ကို ကြည့်ရှုစောင့်ရှောက်သောကြောင့် အောင်မြင်ကြီးပွားကြမည် ဖြစ်သည်။ ဣသရေလလူမျိုး ယေဟောဝါအပေါ် တည်ကြည်နေသရွေ့ ကာလပတ်လုံး သူတို့ကို ကိုယ်တော် ကြွယ်ဝစွာ ကောင်းချီးပေးခဲ့ပြီး ဝန်းကျင်ရှိ လူမျိုးအားလုံးထက် ပို၍ သာလွန်သော အသက်တာ လမ်းစဉ်တွင် ပျော်မွေ့ခဲ့ကြသည်။ မှန်ပါသည်၊ ယေဟောဝါ၏ ကောင်းချီးသည် “စည်းစိမ်ကို ဖြစ်စေ” သည်။—တောလည်ရာ ၁၆:၁၃; တရားဟောရာ ၄:၅-၈; ၁၁:၈-၁၅။
ဘုရားရေးရာ ရတနာ
တရားဟောရာကျမ်းမှ ပေါ်လွင်ချက်များ
၄:၁၅-၂၀၊ ၂၃၊ ၂၄—အရုပ်များ ထုလုပ်ခြင်းကို တားမြစ်ထားသည့်အတွက် အနုပညာ ပန်းပု ထုခြင်းကို မှားသည်ဟု ဆိုမည်လော။ မဆိုနိုင်ပါ။ ဤတွင် အရုပ်ထုပြီး “ဝတ်ပြုကိုးကွယ်” ခြင်းကို တားမြစ်ထားခြင်း ဖြစ်၏။ အနုပညာ အလှအပအတွက် ပန်းပု ထုခြင်း သို့မဟုတ် ပန်းချီဆွဲခြင်းကို ကျမ်းစာက မတားမြစ်ပါ။—၃ ဓမ္မရာဇဝင် ၇:၁၈၊ ၂၅။
ဇွန် ၁၄-၂၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၅-၆
“ယေဟောဝါကို ချစ်အောင် သားသမီးတွေကို လေ့ကျင့်ပေးပါ”
မိဘတို့၊ မိသားစု လိုအပ်ရာများကို ပံ့ပိုးပေးကြလော့
၁၁ ဤအကြောင်းနှင့်ပတ်သက်၍ တရားဟောရာ ၆:၅-၇ လောက် အဘယ်ကျမ်းပိုဒ်ကိုမျှ ကိုးကားထားခြင်း မရှိချေ။ ကျေးဇူးပြု၍ သင်တို့၏ ကျမ်းစာကို ဖွင့်ပြီး အဆိုပါ အခန်းငယ်များကို ဖတ်ပါ။ ယေဟောဝါအား ချစ်မြတ်နိုးပြီး ကိုယ်တော်၏ စကားများကို နှလုံးသွင်း၍ မိမိတို့၏ ဝိညာဉ်ရေးကို ဦးစွာ ပျိုးထောင်ကြရန် မိဘများအား မိန့်မှာထားကြောင်း သတိပြုပါ။ မှန်ပါသည်၊ သင်တို့သည် ယေဟောဝါ၏ နည်းလမ်းတော်များ၊ မူများနှင့် ပညတ်များကို အမှန်တကယ် နားလည်ပြီး ချစ်မြတ်နိုးလာတတ်ရန် သမ္မာကျမ်းစာကို မှန်မှန် ဖတ်ရှု၍ ဆင်ခြင်တွေးတောပြီး ဘုရားသခင့် စကားတော်ကို လေးလေးနက်နက် လေ့လာသူ ဖြစ်ဖို့ လိုသည်။ သို့ဖြစ်လျှင် သင်တို့ကို ရွှင်လန်းအားရစေပြီး ယေဟောဝါအား ရိုသေလေးမြတ်၊ ချစ်မြတ်နိုးလာစေမည့် စိတ်ဝင်စားဖွယ် ကျမ်းစာအမှန်တရား သင်တို့၏ နှလုံးတွင် ပြည့်လျှံနေပေလိမ့်မည်။ ထိုအခါ သင်တို့၏ သားသမီးများကို ဝေမျှပေးကမ်းနိုင်မည့် ကောင်းသောအရာများစွာ ရှိပေလိမ့်မည်။—လုကာ ၆:၄၅။
သားသမီးတွေ ပညာတတ် ဖြစ်အောင် ဘယ်လို ကူညီနိုင်မလဲ
သင့်စိတ်ကူးများ၊ စံနှုန်းများ၊ တန်ဖိုးထားရာများ၊ စိတ်ဝင်စားရာများသည် သင့်အပြောတွင်သာမက အလုပ်တွင်ပါ ပေါ်လွင်နေသည်။ (ရောမ ၂:၂၁၊ ၂၂) ကလေးများသည် နို့စို့အရွယ်မှစ၍ မိဘများထံမှ အတုမြင် အတတ်သင် ကြသည်။ မိဘများအတွက် အရေးကြီးသည့် အရာကို ကလေးများ သိရှိ၍ ယင်းတို့သည် သူတို့အတွက်လည်း အရေးကြီးသည်။ သင်သည် ယေဟောဝါကို အမှန် ချစ်မြတ်နိုးမည်ဆိုလျှင် ယင်းကို သားသမီးများ သိရှိကြပေမည်။ ဥပမာ၊ ကျမ်းစာဖတ်ရှု လေ့လာခြင်းသည် သင့်အတွက် အရေးကြီးကြောင်း သူတို့ တွေ့မြင်ကြမည်။ သင့်အသက်တာတွင် ဘုရားသခင့် နိုင်ငံတော် အကျိုးစီးပွားကို ရှေးဦးထားကြောင်း သူတို့ တွေ့မြင်လာမည်။ (မဿဲ ၆:၃၃) ခရစ်ယာန် အစည်းအဝေးများကို မှန်မှန် တက်ခြင်း၊ ဟောပြောခြင်း လုပ်ငန်းတွင် ပါဝင်ခြင်းတို့က ယေဟောဝါ၏ မြင့်မြတ်သော အမှုတော်သည် သင့်အတွက် အရေးကြီးဆုံး ဖြစ်ကြောင်း သူတို့အား ဖော်ပြရာရောက်ပေမည်။—မဿဲ ၂၈:၁၉၊ ၂၀; ဟေဗြဲ ၁၀:၂၄၊ ၂၅။
မိဘတို့၊ မိသားစု လိုအပ်ရာများကို ပံ့ပိုးပေးကြလော့
၁၄ တရားဟောရာ ၆:၇ တွင် ဖော်ပြသည့်အတိုင်း အသင် မိဘတို့၊ သားသမီးများနှင့် ဝိညာဉ်ရေးရာ ဆွေးနွေးနိုင်သည့် အချိန်အခါများစွာ ရှိပါသည်။ အတူတူ ခရီးသွားစဉ်၊ အလုပ်လုပ်စဉ်၊ အပန်းဖြေစဉ် သားသမီးများ၏ ဝိညာဉ်ရေး လိုအပ်ရာများကို ပံ့ပိုးပေးရန် အခွင့်အရေး ရှာယူနိုင်ပေသည်။ ကျမ်းစာ အမှန်တရားများအကြောင်း သင်တို့၏ သားသမီးများကို အဆက်မပြတ် “ဆိုဆုံးမ” နေစရာ မလိုပါ။ ၎င်းအစား၊ တည်ဆောက်မှု ဖြစ်စေသည့် ဝိညာဉ်ရေးအကြောင်းကို မိသားစုလိုက် စကားစမြည် ပြောဆိုရန် ကြိုးစားပါ။ ဥပမာ၊ နိုးလော့! မဂ္ဂဇင်းတွင် အကြောင်းအရာ မျိုးစုံ ပါရှိသည်။ ဤအကြောင်းအရာများကို အခြေပြု၍ ယေဟောဝါ ဖန်ဆင်းထားသော တိရစ္ဆာန်များ၊ ကမ္ဘာတစ်ဝန်းရှိ သဘာဝအလှများ၊ စိတ်ဝင်စားဖွယ် လူ့ယဉ်ကျေးမှုများနှင့် ဘဝပုံစံများအကြောင်း စကားစမြည် ပြောဆိုနိုင်ကြ၏။ ဤသို့ စကားစမြည် ပြောဆိုခြင်းဖြင့် သစ္စာနှင့် သတိပညာရှိကျွန် အတန်းအစားက ပြင်ဆင်ပေးထားသော စာအုပ်စာတမ်းများကို လူငယ်များ ပိုမို ဖတ်ရှုလိုကြပေလိမ့်မည်။—မဿဲ ၂၄:၄၅-၄၇။
ဘုရားရေးရာ ရတနာ
ရှေးအစ္စရေးခေတ်မှာ မေတ္တာနဲ့ တရားမျှတမှု
၁၁ သင်ခန်းစာများ– ယေဟောဝါဟာ လူတစ်ယောက်ရဲ့ အပြင်ပန်းကိုသာမက စိတ်နှလုံးကိုပါ သိမြင်တယ်။ (၁ ရှ. ၁၆:၇) ဘုရား မမြင်နိုင်တဲ့ အတွေး၊ ခံစားချက်၊ လုပ်ရပ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ကောင်းကွက်ကို ရှာတယ်။ မကောင်းတာ မလုပ်မိအောင် မကောင်းတဲ့ အတွေးကို သိပြီး ထိန်းချုပ်စေချင်တယ်။—၂ ရာ. ၁၆:၉။ မ. ၅:၂၇-၃၀။
ဇွန် ၂၁-၂၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၇-၈
“သူတို့နဲ့ ထိမ်းမြားပေးစားတာမျိုး မလုပ်နဲ့”
ဘုရားသခင်က မိမိကို ဝတ်ပြုတဲ့သူတွေကို ယုံကြည်ချက် တူတဲ့သူနဲ့ပဲ လက်ထပ်ဖို့ ဘာကြောင့် တောင်းဆိုရတာလဲ
ယေဟောဝါ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေ အားလုံး အကျင့်ပျက်ပြားသွားအောင်၊ မှားယွင်းတဲ့ ဘာသာတရားတွေကို ဝတ်ပြုကိုးကွယ်အောင် ပြုလုပ်ဖို့ စာတန် လိုလားတယ်ဆိုတာ ကိုယ်တော် ကောင်းကောင်း သိရှိထားတယ်။ ဒါကြောင့် ယုံကြည်ချက် မတူတဲ့သူတွေဟာ ‘သင်၏ သားကို ငါ၌ မဆည်းမကပ်စေဘဲ အခြားတစ်ပါးသော ဘုရားသခင်အား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်’ ဆိုပြီး ဘုရားသခင် သတိပေးနေခြင်း ဖြစ်တယ်။ ဒီသတိပေးချက်က အရမ်းကို အရေးကြီးပါတယ်။ တကယ်လို့ အစ္စရေးလူတွေဟာ တခြားနတ်ဘုရားတွေကို ဝတ်ပြုကိုးကွယ်မယ်ဆိုရင် ဘုရားသခင့် မျက်နှာသာနဲ့ ကာကွယ်မှုကို လက်လွတ်ဆုံးရှုံးပြီး ရန်သူတွေရဲ့ သားကောင် အလွယ်တကူ ဖြစ်သွားနိုင်တယ်။ အဲဒီလိုသာဆိုရင် ကတိထားရာ မေရှိယက အစ္စရေးလူမျိုးကနေ ဘယ်လိုလုပ် ပေါ်ထွက်လာပါတော့မလဲ။ ယုံကြည်ချက် မတူတဲ့သူတွေနဲ့ လက်ထပ်အောင် အစ္စရေးလူတွေကို သွေးဆောင်ဖို့ စာတန်မှာ အကြောင်း ရှိတယ်ဆိုတာ ရှင်းနေပါတယ်။
“သခင်၌ ရှိသောသူကိုသာ” အိမ်ထောင်ပြုပါ—လက်တွေ့ကျသေးရဲ့လား
ဒါပေမဲ့ ကျမ်းစာမှာ သခင်၌ ရှိသောသူကိုသာ အိမ်ထောင်ပြုဖို့ ယေဟောဝါ မိန့်မှာထားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အတွက် အကောင်းဆုံး ဖြစ်မယ့်အရာကို ယေဟောဝါ သိပြီး ကျွန်တော်တို့ကို ကာကွယ်ပေးချင်လို့ပဲ။ ကျွန်တော်တို့ကို ထိခိုက်စေနိုင်တဲ့၊ စိတ်ညစ်စေနိုင်တဲ့ ဆုံးဖြတ်ချက် အမှားတွေ မချစေချင်ဘူး။ နေဟမိခေတ်တုန်းက ဂျူးများစွာဟာ ဘုရားသခင်ကို မကိုးကွယ်တဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုခဲ့တယ်။ ဒါကြောင့် ရှောလမုန်ရဲ့ မကောင်းတဲ့ ပုံနမူနာကို နေဟမိ ပြန်ပြောပြတယ်။ ‘ဘုရားသခင်က သူ့ကို ချစ်တဲ့အတွက် အစ္စရေးဘုရင်အဖြစ် ခန့်အပ်တယ်။ ဒါပေမဲ့ တိုင်းတစ်ပါး မိန်းမတွေက သူ အပြစ် ကျူးလွန်အောင် လုပ်နိုင်ခဲ့တယ်။’ (နေ. ၁၃:၂၃-၂၆၊ ကဘ) ယေဟောဝါက မိမိရဲ့ သတိပေးချက်တွေဟာ ကျွန်တော်တို့ ကောင်းကျိုးအတွက် ဖြစ်တယ်ဆိုတာ သိတယ်။ ဒါကြောင့် သခင်၌ ရှိသောသူကိုသာ လက်ထပ်ဖို့ ခရစ်ယာန်တွေကို လမ်းညွှန်ထားတယ်။ (ဆာ. ၁၉:၇-၁၀; ဟေရှာ. ၄၈:၁၇၊ ၁၈) မေတ္တာပါပြီး ယုံကြည်စိတ်ချနိုင်တဲ့ လမ်းညွှန်ချက်ကို ကိုယ်တော် ပေးထားလို့ ကျေးဇူးတင်စရာပဲ။ ယေဟောဝါကို အုပ်စိုးရှင်အဖြစ် ကျွန်တော်တို့ နာခံခြင်းက ကိုယ်တော့်ကို စကြဝဠာ အချုပ်အခြာ အာဏာရှင်အဖြစ် အသိအမှတ်ပြုရာကျတယ်။—သု. ၁:၅။
ဒီနောက်ဆုံးကာလမှာ မကောင်းတဲ့ အပေါင်းအသင်းတွေကို သတိထားပါ
၁၂ အိမ်ထောင်ပြုချင်တဲ့ ခရစ်ယာန်တွေဟာ အိမ်ထောင်ဖက်ကို အထူး သတိထား ရွေးချယ်ဖို့ လိုအပ်တယ်။ “မယုံကြည်သောသူတို့နှင့် တွဲ၍ ဘက်မညီသည့် ထမ်းပိုးကို မထမ်းကြနှင့်။ အကြောင်းမူကား ဖြောင့်မတ်မှုနှင့် မတရားမှုသည် မည်သို့ ပေါင်းဖက်နိုင်မည်နည်း။ အလင်းနှင့် အမှောင်သည် မည်သို့ တွဲဖက်နိုင်မည်နည်း” လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (၂ ကော. ၆:၁၄) “သခင်၌ ရှိသောသူကိုသာ” လက်ထပ်ဖို့ ကျမ်းစာ ပြောတယ်။ ဆိုလိုတာက ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသူ၊ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း အသက်ရှင်နေထိုင်သူကိုသာ လက်ထပ်ဖို့ ဖြစ်တယ်။ (၁ ကော. ၇:၃၉) ယေဟောဝါကို ချစ်တဲ့သူကိုသာ သင် လက်ထပ်မယ်ဆိုရင် ကိုယ်တော့်အပေါ် ဆက်သစ္စာရှိနေဖို့ ကူညီပေးမယ့် လက်တွဲဖော်ကို ရရှိပါလိမ့်မယ်။
ဘုရားရေးရာ ရတနာ
ယေဟောဝါသည် ကျွန်ုပ်တို့၏ နေ့စဉ် လိုအပ်ရာများကို ထောက်ပံ့ပေး
၄ အသက်မွေးလောက်သော အစာကို နေ့စဉ် ပေးသနားပါရန် ကျွန်ုပ်တို့ ဆုတောင်းခြင်းက ဝိညာဉ်အစာ နေ့စဉ် လိုအပ်ကြောင်းကိုလည်း သတိပေးသည်။ ယေရှုသည် ရက်ရှည် အစာရှောင်ပြီးနောက် အလွန် ဆာလောင်နေသော်လည်း ကျောက်ခဲတို့ကို မုန့်ဖြစ်အောင် လုပ်ဖို့ စာတန်၏ သွေးဆောင်မှုကို ကိုယ်တော် ငြင်းဆန်ပြီး “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည် ကျမ်းစာ လာသည်” ဟု မိန့်တော်မူလိုက်၏။ (မဿဲ ၄:၄) ဤတွင် ယေရှုသည် ဣသရေလ လူမျိုးအား မောရှေ ပြောခဲ့သည့် အောက်ပါစကားကို ကိုးကားခဲ့ခြင်း ဖြစ်သည်– “ထိုသို့ [ယေဟောဝါသည်] သင့်ကို နှိမ့်ချ၍ အငတ်အမွတ် ခံစေတော်မူသောအခါ သင်သည် ကိုယ်တိုင် မသိ၊ သင်၏ ဘိုးဘေး မသိဖူးသော မန္နနှင့် ကျွေးမွေးတော်မူသဖြင့် လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။” (တရားဟောရာ ၈:၃) မန္နမုန့်ကို ယေဟောဝါ ကျွေးခဲ့ပုံသည် ဣသရေလ လူများကို ကာယအစာ ရစေသည်သာမက ဝိညာဉ်ရေး သင်ခန်းစာများပါ ရရှိစေခဲ့သည်။ တစ်ချက်အနေနှင့် သူတို့သည် “နေ့တိုင်း ထွက်၍ တစ်နေ့ စားလောက်အောင် သိမ်းယူ” ကြရန် ဖြစ်သည်။ တစ်ရက်စာထက် သူတို့ ပိုကောက်သည့်အခါ အကျန်သည် နံလာပြီး ပိုးတက်လေသည်။ (ထွက်မြောက်ရာ ၁၆:၄၊ ၂၀) သို့သော် ခြောက်ရက်မြောက်နေ့တွင်မူ ဥပုသ်နေ့အတွက်ပါ နှစ်ရက်စာ ကောက်ရသည့်အခါ ထိုသို့ မဖြစ်သွားပါ။ (ထွက်မြောက်ရာ ၁၆:၅၊ ၂၃၊ ၂၄) ထို့ကြောင့် မန္နက သူတို့ စိတ်ထဲတွင် စွဲမှတ်သွားစေသည်မှာ နာခံမှု ရှိရမည်၊ အစားအစာအားဖြင့်သာ အသက်ကို မွေးရသည် မဟုတ်ဘဲ “ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်” ဟူ၍ ဖြစ်သည်။
ဇွန် ၂၈-ဇူလိုင် ၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၉-၁၀
“ခင်ဗျားတို့ဆီကနေ ယေဟောဝါဘုရား လိုချင်တာ ဘာများ ရှိလို့လဲ”
က၀၉ ၁၀/၁ ၁၃ ပိုဒ်. ၃-၁၄ ပိုဒ်. ၁
ကျွန်ုပ်တို့ကို ယေဟောဝါ ဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း
ဘုရားသခင်ကို စိတ်ပါလက်ပါ နာခံရန် ကျွန်ုပ်တို့ကို အဘယ်အရာက လှုံ့ဆော်ပေးနိုင်သနည်း။ ‘သင်၏ ဘုရားသခင် ယေဟောဝါကို ကြောက်ရွံ့ခြင်း’ ဟူသော အချက်ကို မောရှေ ဖော်ပြခဲ့သည်။ (အခန်းငယ် ၁၂) ဆိုးကျိုးများ ခံစားရမည်ကို ကြောက်ရွံ့၍ ထိတ်လန့်တုန်လှုပ်နေခြင်းမျိုး မဟုတ်ဘဲ ဘုရားသခင်နှင့် ကိုယ်တော်၏ နည်းလမ်းတော်များကို အလွန်ကြည်ညို လေးစားစွာ ကြောက်ရွံ့နေခြင်းမျိုး ဖြစ်သည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အား အလွန် နက်ရှိုင်းစွာ စိုးရွံ့မည် ဆိုပါက ကိုယ်တော့် စိတ်တော်ကို ငြိုငြင်စေလိုမည် မဟုတ်ပါ။
သို့သော် ဘုရားသခင်ကို နာခံရာတွင် ကျွန်ုပ်တို့၏ အဓိက ရည်ရွယ်ချက်မှာ အဘယ်အရာ ဖြစ်သင့်သနည်း။ ‘သင်၏ ဘုရားသခင် ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ချစ်၍ အမှုတော်ကို ဆောင်ရွက်လော့’ ဟု မောရှေ ဖော်ပြသည်။ (အခန်းငယ် ၁၂) ဘုရားသခင်ကို ချစ်ခြင်းတွင် ခံစားချက်ထက်မက ပါဝင်သည်။ “ခံစားချက်ကို ဖော်ပြသော ဟေဗြဲ ကြိယာများသည် ခံစားချက်ကြောင့် ဖြစ်ပေါ်လာသော လုပ်ရပ်များကိုပါ တစ်ခါတစ်ရံ ရည်ညွှန်းသည်” ဟု အကိုးအကား စာအုပ်တစ်အုပ်က ဆိုသည်။ ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်အတွက် “မေတ္တာပါစွာ လုပ်ဆောင်ခြင်း” ဖြစ်သည်ဟု ထိုစာအုပ်တွင်ပင် ဖော်ပြထားသည်။ တစ်နည်းဆိုရလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန် ချစ်ပါက ကိုယ်တော် နှစ်သက်သော နည်းလမ်းအတိုင်း လုပ်ဆောင်ကြပါလိမ့်မည်။—သု. ၂၇:၁၁။
ကျွန်ုပ်တို့ကို ယေဟောဝါ ဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း
စိတ်ပါလက်ပါ နာခံခြင်းသည် ကောင်းချီးများ ရရှိစေမည်။ ‘သင်၏ အကျိုးကို ထောက်၍ ယနေ့ ငါ ဆင့်ဆိုသော ပညတ်တော်ကို စောင့်ရှောက်လော့’ ဟု မောရှေ ဖော်ပြထားသည်။ (အခန်းငယ် ၁၃) မှန်ပါသည်၊ ယေဟောဝါ ဘုရားသခင်၏ ပညတ်တော် မှန်သမျှ၊ ကိုယ်တော် တောင်းဆိုသမျှ အရာရာတိုင်းသည် ကျွန်ုပ်တို့ အကျိုးအတွက် ဖြစ်သည်။ အခြား အဘယ်အကြောင်းကြောင့်မျှ မဖြစ်နိုင်ချေ။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” ဟု သမ္မာကျမ်းစာတွင် ဖော်ပြသည်။ (၁ ယောဟန် ၄:၈) ထို့ကြောင့် ထိုပညတ်များသည် ကျွန်ုပ်တို့၏ ထာ၀ရ ကောင်းကျိုးအတွက် ရည်ရွယ်၍သာ ပေးထားခြင်း ဖြစ်သည်။ (ဟေရှာယ ၄၈:၁၇) ယေဟောဝါ ဘုရားသခင် တောင်းဆိုသမျှကို လုပ်ဆောင်ခြင်းသည် ယနေ့အချိန်တွင် စိတ်ပျက်စရာများမှ ကင်းဝေးစေသည့်အပြင် အနာဂတ်တွင် ကိုယ်တော့် နိုင်ငံတော် အုပ်ချုပ်မှုအောက်၌ ထာ၀ရ ကောင်းချီးများကို ရရှိစေပါမည်။
‘ဘုရားသခင်ထံ’ သင် အမှန်တကယ် “ချဉ်းကပ်” နိုင်သလော
၂ ရှေးခေတ်တွင် အသက်ရှင်ခဲ့သူ အာဗြဟံသည် ထိုသို့ အကျွမ်းဝင်ခွင့် ရခဲ့၏။ ယေဟောဝါက ထိုဘိုးဘေးကို “ငါ့အဆွေ” ဟု သတ်မှတ်ခဲ့သည်။ (ဟေရှာယ ၄၁:၈) ယေဟောဝါသည် အာဗြဟံအား မိမိ၏ အတွင်းကျသော မိတ်ဆွေအဖြစ် မှတ်ယူခဲ့၏။ အာဗြဟံသည် “ဘုရားသခင်ကို ယုံကြည်” သောကြောင့် ထိုသို့သော ရင်းနှီးသည့် ဆက်ဆံရေး ရခဲ့သည်။ (ယာကုပ် ၂:၂၃) ယနေ့လည်း ကိုယ်တော်၏ အမှုတော်ကို မေတ္တာနှင့် ဆောင်ရွက်ကြသူတို့အား “စွဲလမ်း” ရန် အခွင့်အလမ်းများကို ယေဟောဝါ ရှာဖွေတော်မူသည်။ (တရားဟောရာ ၁၀:၁၅၊ သမ္မာ) ကိုယ်တော့် စကားတော်က ဤသို့ တိုက်တွန်းသည်– ‘ဘုရားသခင်ထံ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။’ (ယာကုပ် ၄:၈) ဤစကားတွင် ဖိတ်ခေါ်ချက်နှင့် ကတိပေးချက်ကိုပါ ကျွန်ုပ်တို့ တွေ့ရသည်။
ဘုရားရေးရာ ရတနာ
it-1 ၁၀၃
အာနကလူမျိုး
ထူးထူးခြားခြား ထွားကျိုင်းတဲ့ လူမျိုးတစ်မျိုးဟာ ခါနန်ပြည်ရဲ့ တောင်တန်းဒေသနဲ့ အထူးသဖြင့် တောင်ပိုင်း ကမ်းရိုးတန်းဒေသတချို့မှာ နေထိုင်ကြတယ်။ အာနကလူမျိုးထဲက ထင်ပေါ်သူ သုံးဦး ဖြစ်တဲ့ အဟိမန်၊ ရှေရှဲနဲ့ တာလမဲတို့ဟာ ဟေဗြုန်မြို့မှာ နေထိုင်ခဲ့ကြတယ်။ (တလ ၁၃:၂၂) ဟီဘရူး သူလျှို ၁၂ ယောက်ဟာ အာနက လူမျိုးကို ဦးဆုံး တွေ့လိုက်တော့ ၁၀ ယောက်က ကြောက်ရွံ့ထိတ်လန့်ပြီး အဲဒီလူတွေဟာ ရေလွှမ်းမိုးဘေး မတိုင်ခင် အသက်ရှင်ခဲ့တဲ့ နက်ဖလင်တွေကနေ ဆင်းသက်လာသူတွေ၊ ဟီဘရူးတွေဟာ သူတို့ရှေ့မှာ “နှံကောင်တွေ” လိုပဲလို့ ပြန်ပြောကြတယ်။ (တလ ၁၃:၂၈-၃၃။ တရ ၁:၂၈) ဧမိမ်လူမျိုး၊ ရေဖိမ်လူမျိုးဟာလည်း လူထွားတွေ ဖြစ်တဲ့အတွက် သူတို့ကို အာနကလူတွေလိုပဲ ထွားကျိုင်းတယ်လို့ နှိုင်းယှဉ်ဖော်ပြတယ်။ သူတို့ရဲ့ ခွန်အားကြီးမှုကြောင့် “အာနကအမျိုးသားတွေကို ဘယ်သူ ယှဉ်နိုင်မလဲ” ဆိုတဲ့ စကား ပေါ်ပေါက်လာတယ်။—တရ ၂:၁၀၊ ၁၁၊ ၂၀၊ ၂၁။ ၉:၁-၃။