ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
နိုဝင်ဘာ ၁–၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောရှု ၁၈–၁၉
“ပြည်တော်ကို ခွဲဝေရာမှာ ယေဟောဝါရဲ့ ပညာသားပါတဲ့ နည်းလမ်း”
it-1 ၃၅၉ ပိုဒ်. ၁
နယ်နိမိတ်
အချက်နှစ်ချက်အပေါ် မူတည်ပြီး အစ္စရေးအနွယ်တွေ နယ်မြေကို ခွဲဝေယူကြတယ်– မဲချတယ်၊ လူအနည်းအများပေါ် မူတည်ပြီး ခွဲဝေယူတယ်။ အနွယ်တစ်နွယ်စီ အမွေရထားတဲ့ နယ်မြေထဲက နေရာဒေသတွေမှာပဲ ခွဲဝေယူတာ ဖြစ်နိုင်တယ်။ ဒါကြောင့် အမွေမြေနေရာ အပိုင်းအခြားတွေကို ပြောတဲ့အခါ ကမ်းရိုးတန်း လွင်ပြင်ရဲ့၊ တောင်တန်းဒေသရဲ့ မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်၊ အနောက်ဘက် အထိလို့ ဖော်ပြတယ်။ မဲချပြီး ရလာတဲ့ ဆုံးဖြတ်ချက်က ယေဟောဝါဆီက ဖြစ်တဲ့အတွက် မျိုးနွယ်အချင်းချင်း မနာလိုတာ၊ ရန်ဖြစ်တာ မရှိဘူး။ (ပ ၁၆:၃၃) အဲဒီနည်းနဲ့ ဘုရားသခင် ဦးဆောင်ပေးခဲ့တဲ့အတွက် ကမ္ဘာဦး ၄၉:၁-၃၃ မှာ မှတ်တမ်းတင်ထားတဲ့ ဘိုးဘေးယာကုပ် မသေခင် ကြိုဟောခဲ့တဲ့အတိုင်း မျိုးနွယ်တစ်ခုစီမှာ ပြည့်စုံခဲ့တယ်။
it-1 ၁၂၀၀ ပိုဒ်. ၁
အမွေ
အမွေမြေများ။ အစ္စရေးတွေရဲ့ အမွေမြေဟာ မောရှေကတစ်ဆင့် နယ်နိမိတ်တွေ သတ်မှတ်ပေးတဲ့ ယေဟောဝါဆီက ရတာ ဖြစ်တယ်။ (တလ ၃၄:၁-၁၂။ ယရ ၁:၄) ဂဒ်အနွယ်၊ ရုဗင်အနွယ်၊ မနာရှေအနွယ် တစ်ဝက်ကို မောရှေက မဲချပြီး အမွေ ခွဲပေးတယ်။ (တလ ၃၂:၃၃။ ယရ ၁၄:၃) ကျန်တဲ့ အနွယ်တွေကို ယောရှုနဲ့ ဧလျာဇာက မဲချပြီး အမွေ ခွဲဝေပေးခဲ့တယ်။ (ယရ ၁၄:၁၊ ၂) ကမ္ဘာဦး ၄၉:၅၊ ၇ မှာ ပါတဲ့ ယာကုပ်ရဲ့ ကြိုဟောချက်အရ ရှိမောင်နဲ့ လေဝိဟာ အမွေမြေကို တကွဲတပြား ရခဲ့ကြတယ်။ ရှိမောင်ရဲ့ နယ်မြေဟာ ယုဒအနွယ်ရဲ့ အမွေမြေထဲမှာ ရှိတယ်။ (ယရ ၁၉:၁-၉) လေဝိအနွယ်ကတော့ အစ္စရေးပြည် တစ်လျှောက်မှာ ရှိတဲ့ ၄၈ မြို့ ရတယ်။ လေဝိအနွယ်ဟာ တဲတော်မှာ အထူးတာဝန် ရလို့ ယေဟောဝါက သူတို့ရဲ့ အမွေပဲ။ တဲတော်လုပ်ငန်းတွေ လုပ်ဆောင်ရတဲ့အတွက် အမွေအဖြစ် ဆယ်ဖို့တစ်ဖို့ကို ရကြတယ်။ (တလ ၁၈:၂၀၊ ၂၁။ ၃၅:၆၊ ၇) မိသားစုတွေဟာ သူတို့ရဲ့ နယ်မြေမှာ တာဝန်တွေ ရကြတယ်။ မိသားစုတွေ တိုးပွားလာတာနဲ့အမျှ သားတွေ ရထားတဲ့ အမွေမြေဟာ တဖြည်းဖြည်း ကျဉ်းကျဉ်းလာတယ်။
it-1 ၃၅၉ ပိုဒ်. ၂
နယ်နိမိတ်
မျိုးနွယ်တစ်ခုအတွက် ပထဝီဝင် မြေအနေအထားကို မဲချ ဆုံးဖြတ်ပြီးနောက် ဒုတိယအချက်ကို လုပ်ဆောင်ကြတယ်။ နယ်မြေ အကျယ်အဝန်းပေါ် မူတည်ပြီး အချိုးကျကျ ခွဲဝေယူကြတယ်။ “ပြည်ကို မဲချပြီး မိသားစုအလိုက် ခွဲဝေယူကြပါ။ အုပ်စုကြီးရင် ကြီးသလို၊ ငယ်ရင် ငယ်သလို အမွေမြေကို ခွဲဝေယူရမယ်။ ကိုယ်မဲကျတဲ့ နေရာဟာ ကိုယ့်အမွေမြေပဲ။ မျိုးနွယ်အလိုက် အမွေမြေ ရလိမ့်မယ်။” (တလ ၃၃:၅၄) မဲခွဲဆုံးဖြတ်ထားတဲ့ ပထဝီဝင် မြေအနေအထားက အတည် ဖြစ်ပေမဲ့ အမွေရထားတဲ့ နယ်မြေ အကျယ်အဝန်းကိုတော့ ပြင်ဆင်နိုင်တယ်။ ဒါကြောင့် ယုဒအနွယ်ရဲ့ အမွေမြေက ကျယ်လွန်းတဲ့အတွက် ယုဒရဲ့ နယ်မြေထဲကနေ ရှိမောင်ရဲ့ သားမြေးတွေအတွက် အမွေမြေ ခွဲပေးခဲ့တယ်။—ယရ ၁၉:၉။
ဘုရားရေးရာ ရတနာ
it-1 ၃၅၉ ပိုဒ်. ၅
နယ်နိမိတ်
ဂျော်ဒန်မြစ် အနောက်ဖက်ခြမ်း နယ်မြေ ခွဲဝေတဲ့ မှတ်တမ်းမှာ ဦးဆုံး ယုဒအနွယ် (ယရ ၁၅:၁-၆၃)၊ ယောသပ် (ဧဖရိမ်) (ယရ ၁၆:၁-၁၀) နဲ့ မနာရှေအနွယ် တစ်ဝက် (ယရ ၁၇:၁-၁၃) အတွက် မဲချတယ်။ သူတို့ရဲ့ နယ်နိမိတ်တွေ၊ မြို့တွေကို စာရင်း ရေတွက်တယ်။ အဲဒီနောက်ပိုင်းမှာ စခန်းကို ဂိလဂါလအရပ်ကနေ ရှိလောအရပ်ကို ရွှေ့ပြောင်းနေလို့ နယ်မြေ ခွဲဝေတာကို ခဏ ရပ်ထားလိုက်တယ်။ (ယရ ၁၄:၆။ ၁၈:၁) အချိန် ဘယ်လောက် ကြာသွားတယ်ဆိုတာကိုတော့ မဖော်ပြထားဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျန်တဲ့ အစ္စရေး ခုနစ်နွယ်ဟာ အခြေချ နေထိုင်ဖို့ အချိန်ဆွဲနေလို့ ယောရှုက ပြစ်တင်ဆုံးမခဲ့တယ်။ (ယရ ၁၈:၂၊ ၃) ခုနစ်နွယ် အချိန်ဆွဲနေရတဲ့ အကြောင်းရင်းကို အမျိုးမျိုး ပြောကြတယ်။ ကျမ်းပညာရှင်တချို့ကတော့ ဒီလို ပြောတယ်– ခါနန်လူမျိုးတွေရဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုလည်း မရှိတော့ဘူး၊ သိမ်းပိုက်စဉ်က ရရှိခဲ့တဲ့ လက်ရဥစ္စာတွေလည်း အတော်များများ ရှိနေလို့ ကျန်နေသေးတဲ့ နယ်မြေတချို့ကို အရေးတကြီး သိမ်းပိုက်ဖို့ မလိုသေးဘူးလို့ ခံစားခဲ့ရတာ ဖြစ်နိုင်တယ်။ ခွန်အားကြီးတဲ့ ရန်သူအနည်းငယ်နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ တွန့်ဆုတ်နေတာလည်း ဖြစ်နိုင်တယ်။ (ယရ ၁၃:၁-၇) ကတိထားရာပြည်ရဲ့ နယ်မြေ အတော်များများကို ခွဲဝေပြီးသွားပြီ၊ မခွဲဝေရသေးတာ နည်းနည်းပဲ ကျန်တော့တယ်လို့ စဉ်းစားတာလည်း ဖြစ်နိုင်တယ်။
နိုဝင်ဘာ ၈–၁၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောရှု ၂၀–၂၂
“နားလည်မှု လွဲတဲ့ အဖြစ်အပျက် တစ်ခုကနေ ရရှိတဲ့ သင်ခန်းစာများ”
သင့်အိမ်ထောင်ဖက်နှင့် ပြောဆိုဆက်သွယ်ရာတွင် အရေးပါသည့် အချက်များ
ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်ခြင်းသည် နားလည်လွဲမှုများနှင့် အဓိပ္ပာယ်ကောက်လွဲမှုများ မဖြစ်အောင် တားဆီးပေးနိုင်သည်။ ဣသရေလလူမျိုး၏ သမိုင်းကြောင်း အစောပိုင်း၌ ယော်ဒန်မြစ် အရှေ့ပိုင်းတွင် နေထိုင်သော ရုဗင်အမျိုး၊ ဂဒ်အမျိုးနှင့် မနာရှေအမျိုး တစ်ဝက်တို့သည် ယော်ဒန်မြစ်နားမှာ “ထင်ရှားစွာသော ယဇ်ပလ္လင်ကြီးကို” တည်ကြ၏။ သူတို့၏ လုပ်ရပ်ကို အခြားမျိုးနွယ်များက နားလည်လွဲခဲ့သည်။ ယော်ဒန်မြစ် တစ်ဖက်ကမ်းရှိ မိမိတို့ညီအစ်ကိုများသည် အယူဖောက်ပြန်သွားပြီဟု ယူဆကာ အနောက်ဖက်ကမ်းရှိ မျိုးနွယ်တို့က ထို ‘ပုန်ကန်သူများ’ ကို စစ်ချီရန် ပြင်ဆင်ကြ၏။ သို့သော် စစ်မချီမီ အရှေ့ဖက်ကမ်းရှိ မျိုးနွယ်များနှင့် ဆက်သွယ်ရန် ကိုယ်စားလှယ်အဖွဲ့ကို သူတို့ စေလွှတ်ခဲ့ကြသည်။ ပညာရှိသော လုပ်ရပ်ပင်! ယော်ဒန်မြစ် အရှေ့ဖက်ကမ်းရှိ လူတို့သည် မီးရှို့ရာယဇ်များ အစရှိသော ယဇ်မျိုးကို ပူဇော်ဖို့ ယဇ်ပလ္လင်တည်ခြင်း မဟုတ်ကြောင်း၊ နောင်တစ်ချိန်တွင် အခြားမျိုးနွယ်တို့က ‘သင်တို့သည် ထာဝရ ဘုရားသခင်နှင့် အလျှင်း မဆိုင်ကြ’ ဟု အပြောခံရမည် စိုးသောကြောင့် ထိုသို့ပြုခြင်း ဖြစ်ကြောင်း သူတို့ သိရှိခဲ့ရသည်။ မိမိတို့လည်း ယေဟောဝါကို ဝတ်ပြုသူများ ဖြစ်ကြောင်း ယဇ်ပလ္လင်က သက်သေထူမည် ဖြစ်သည်။ (ယောရှု ၂၂:၁၀-၂၉) ယေဟောဝါသာလျှင် သူတို့၏ ဘုရားသခင် အမှန် ဖြစ်ကြောင်း ယဇ်ပလ္လင်က သက်သေထူဖွယ်ရှိသောကြောင့် ထိုပလ္လင်ကို ဧဒ (ဟေဗြဲ ဘာသာစကားဖြင့် သက်သေဟု အဓိပ္ပာယ်ရှိ) ဟူ၍ သမုတ်ခဲ့ကြသည်။—ယောရှု ၂၂:၃၄။
‘ငြိမ်သက်ခြင်း ရှိစေသော အမှုများကို လုပ်ဆောင်ရန် အစဉ် ကြိုးစားအားထုတ်ပါ’
အပြစ်ကျူးလွန်သည့် အထောက်အထား အလုံအလောက် ရှိနေပြီ ဖြစ်ကြောင်း၊ ရုတ်တရက် တိုက်ခိုက်ခဲ့ပါက အသေအပျောက် နည်းမည် ဖြစ်ကြောင်း အချို့သော ဣသရေလလူမျိုးတို့ ထင်မှတ်မိပေမည်။ သို့သော်၊ အလျင်စလို ပြုမူမည့်အစား ယော်ဒန်မြစ် အနောက်ဘက်မှ အနွယ်များသည် မိမိတို့၏ ညီအစ်ကိုများနှင့် ပြဿနာကို ဆွေးနွေးရန် ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။ သူတို့ ဤသို့မေးခဲ့သည်– ‘ထာဝရ ဘုရားသခင် နောက်တော်သို့ မလိုက် ယနေ့ လွှဲသွားခြင်းငှာ ဣသရေလအမျိုး၏ ဘုရားသခင်ကို ပြစ်မှားသော အပြစ်ကား အဘယ်သို့နည်း။’ အမှန်မှာ၊ ယဇ်ပလ္လင်ကြီးကို တည်ဆောက်ခဲ့သော မျိုးနွယ်စုများသည် သစ္စာမဲ့စွာ ပြုမူခဲ့ကြခြင်း မဟုတ်ပါ။ သို့သော် ထိုမျိုးနွယ်စုသည် ယင်းစွပ်စွဲချက်ကို မည်သို့ တုံ့ပြန်မည်နည်း။ စွပ်စွဲသူများကို စကားစစ်ထိုးကြမည်လော သို့မဟုတ် စကားပြောရန် ငြင်းဆိုကြမည်လော။ စွပ်စွဲခံခဲ့ရသည့် မျိုးနွယ်စုများက မိမိတို့၏ လုပ်ဆောင်ရာများမှာ အမှန်တကယ်အားဖြင့် ယေဟောဝါကို ကိုးကွယ်ရန် ဆန္ဒ၏ လှုံ့ဆော်ပေးမှုကြောင့် ဖြစ်ကြောင်း ညင်သာရှင်းလင်းစွာ ပြန်လည်ဖြေကြားခဲ့ကြသည်။ သူတို့၏ ညင်သာသော ဖြေဆိုချက်သည် ဘုရားသခင်နှင့် သူတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းပေးခဲ့ပြီး အသက်များစွာကို ကယ်တင်ပေးခဲ့သည်။ အေးအေးဆေးဆေး ဆွေးနွေးခြင်းသည် ကိစ္စရပ်ကို ပြေလည်စေပြီး ငြိမ်သက်မှုကို ပြန်လည်ရရှိစေသည်။—ယောရှု ၂၂:၁၃-၃၄။
ဘုရားရေးရာ ရတနာ
it-1 ၄၀၂ ပိုဒ်. ၃
ခါနန်ပြည်
အစ္စရေးတွေဟာ ခါနန်လူမျိုးတွေရဲ့ နယ်မြေအားလုံးကို မသိမ်းပိုက်နိုင်ခဲ့ပေမဲ့၊ လက်အောက်မခံတဲ့ ခါနန်လူမျိုး တချို့ရှိပေမဲ့ “ယေဟောဝါက ဘိုးဘေးတွေကို ပေးမယ်လို့ ကတိပေးခဲ့တဲ့ ပြည် တစ်ပြည်လုံး အစ္စရေးတွေကို ပေးတယ်။” “တစ်ပြည်လုံးကို ငြိမ်းချမ်းသာယာစေတယ်။” “အစ္စရေးတွေကို ပေးခဲ့တဲ့ ယေဟောဝါရဲ့ ကောင်းမွန်တဲ့ ကတိအားလုံး မပြည့်စုံဘဲ မနေဘူး။ တစ်ခုမကျန် ပြည့်စုံလာတယ်” လို့ ပြောနိုင်ပါတယ်။ (ယရ ၂၁:၄၃-၄၅) အစ္စရေးတွေရဲ့ ရန်သူတွေဟာ ကြောက်လန့်ကြလို့ ပြန်တိုက်ခိုက်နိုင်စွမ်း မရှိကြဘူး။ ခါနန်လူမျိုးတွေကို တစ်ခါတည်း ဖျက်ဆီးလိုက်ရင် သားရိုင်း တိရစ္ဆာန်တွေ များလာပြီး အန္တရာယ်ပြုမှာစိုးလို့ ဖြည်းဖြည်းချင်း နှင်ထုတ်ဖို့ အစောပိုင်းကတည်းက ဘုရား မိန့်မှာထားပြီးသား ဖြစ်တယ်။ (ထွ ၂၃:၂၉၊ ၃၀။ တရ ၇:၂၂) ခါနန်လူမျိုးမှာ သံဓားကောက် တပ်ထားတဲ့ စစ်မြင်းရထားတွေ ရှိပေမဲ့ တချို့နေရာကို အစ္စရေးတွေ မသိမ်းပိုက်နိုင်တာက ဘုရားရဲ့ ကတိစကား မပြည့်စုံတာ မဟုတ်ဘူး။ အစ္စရေးတွေရဲ့ ပျက်ကွက်မှုကြောင့် ဖြစ်တယ်။ (ယရ ၁၇:၁၆-၁၈။ သူ ၄:၁၃) အစ္စရေးတွေ စစ်ရှုံးတာဟာ သူတို့ရဲ့ သစ္စာမဲ့မှုကြောင့် ဖြစ်တယ်။—တလ ၁၄:၄၄၊ ၄၅။ ယရ ၇:၁-၁၂။
နိုဝင်ဘာ ၁၅–၂၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောရှု ၂၃–၂၄
“ယောရှုရဲ့ နောက်ဆုံး မှာကြားချက်”
it-1 ၇၅
မဟာမိတ်ဖွဲ့
အစ္စရေးတွေ ကတိထားရာပြည် ဖြစ်တဲ့ ခါနန်ပြည်ထဲ ဝင်တဲ့အခါ အခြေအနေတွေ ပြောင်းလဲသွားပြီ။ အချုပ်အခြာအာဏာပိုင်ရှင် ဘုရားသခင်က ဘိုးဘေးတွေကို ကတိထားရာပြည် ပေးမယ်လို့ ကတိပေးပြီးသား ဖြစ်တယ်။ ဒါကြောင့် အစ္စရေးတွေဟာ တိုင်းတစ်ပါးသားတွေအဖြစ် အဲဒီပြည်ထဲ ဝင်ရမှာ မဟုတ်ဘူး။ အဲဒီပြည်မှာ ရှိတဲ့ အယူမှားဘုရား ကိုးကွယ်သူတွေနဲ့ မိတ်မဖွဲ့ဖို့ ဘုရား တားမြစ်ထားတယ်။ (ထွ ၂၃:၃၁-၃၃။ ၃၄:၁၁-၁၆) နှင်ထုတ်ခံရမယ့် လူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေကို မလိုက်ဘဲ ဘုရားရဲ့ ပညတ်၊ ဥပဒေတွေကိုပဲ သူတို့ နာခံရမယ်။ (ဝ ၁၈:၃၊ ၄။ ၂၀:၂၂-၂၄) အဲဒီလူမျိုးတွေနဲ့ လက်ထပ်ထိမ်းမြားတာ မလုပ်ဖို့ တင်းတင်းကြပ်ကြပ် သတိပေးခံရတယ်။ လက်ထပ်ထိမ်းမြားမယ်ဆိုရင် အယူမှား ဇနီးတွေသာမက သူတို့ရဲ့ ဆွေမျိုးတွေ၊ အယူမှား ဝတ်ပြုရေး ဓလေ့ထုံးစံတွေနဲ့ပါ ပတ်သက်မိပြီး အယူဖောက်ပြန်မှု ထောင်ချောက်ထဲ ကျသွားနိုင်တယ်။—တရ ၇:၂-၄။ ထွ ၃၄:၁၆။ ယရ ၂၃:၁၂၊ ၁၃။
ယေဟောဝါ၏ နှုတ်မြွက်စကားတော်သည် ပျက်ကွက်ခြင်း မရှိပါ
၁၉ ကျွန်ုပ်တို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရာများကြောင့် ကျွန်ုပ်တို့ ဤသို့ အခိုင်အမာ ပြောနိုင်ကြသည်– ‘သင်တို့၏ ဘုရားသခင် ယေဟောဝါသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုး တစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင် ပြည့်စုံကြ၏။’ (ယောရှု ၂၃:၁၄) ယေဟောဝါသည် မိမိ၏ ကျေးကျွန်များကို ကယ်နုတ်၊ ကာကွယ်၊ ထောက်မတော်မူသည်။ ကိုယ်တော် သတ်မှတ်ထားချိန်တွင် ပြည့်စုံရန် ပျက်ကွက်ခဲ့သော ကတိတော် တစ်စုံတစ်ခုကို သင် ထောက်ပြနိုင်ပါသလော။ ထောက်ပြနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချထိုက်သော ဘုရားသခင့် နှုတ်မြွက်စကားတော်ကို ပညာရှိရှိ ယုံကြည်ကြသည်။
၂၀ အနာဂတ်နှင့်ပတ်သက်၍ကော အသို့နည်း။ ကျွန်ုပ်တို့ထဲမှ အများစုသည် ပျော်မွေ့ဖွယ်ကောင်းသော ပရဒိသုအဖြစ် ပြောင်းလဲသွားမည့် ကမ္ဘာမြေကြီးပေါ် အသက်ရှင် နေထိုင်ရန် မျှော်လင့်နိုင်သည်ဟု ယေဟောဝါ မိန့်တော်မူ၏။ ကျွန်ုပ်တို့ထဲမှ အနည်းငယ်သည် ခရစ်တော်နှင့်အတူ ကောင်းကင်တွင် အုပ်ချုပ်ရန် မျှော်လင့်ချက် ရှိကြသည်။ ကျွန်ုပ်တို့၏ မျှော်လင့်ချက် မည်သို့ပင် ရှိပါစေ ယောရှုကဲ့သို့ ဆက်၍ တည်ကြည်နေရန် အကြောင်းရင်း အခိုင်အလုံ ရှိသည်။ ကျွန်ုပ်တို့၏ မျှော်လင့်ချက် အမှန်တကယ် ဖြစ်လာသည့်အချိန် ရောက်ရှိလာမည်။ ထိုအချိန်တွင် ယေဟောဝါ လုပ်ဆောင်တော်မူခဲ့သည့် ကတိတော် အားလုံးကို ပြန်ပြောင်းကြည့်ကာ ‘အကုန်အစင် ပြည့်စုံ၏’ ဟု ကျွန်ုပ်တို့လည်း ပြောကြပါလိမ့်မည်။
ဘုရားရေးရာ ရတနာ
ယောရှုကျမ်းမှ ပေါ်လွင်ချက်များ
၂၄:၂—အာဗြဟံ၏ ဖခင် တေရသည် ရုပ်ပုံများကို ဝတ်ပြုသူတစ်ဦးလော။ အစပိုင်းတွင် တေရသည် ယေဟောဝါ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူ မဟုတ်ချေ။ သူသည် ဥရမြို့ရှိ လူအများ ကိုးကွယ်သော လ-နတ်ဘုရား စင်းကို ကိုးကွယ်ခဲ့ဖွယ်ရှိ၏။ ဂျူးထုံးတမ်းအရ တေရသည် ရုပ်ပုံများ ပြုလုပ်သူပင် ဖြစ်ပေမည်။ သို့သော် ဘုရားသခင် အမိန့်ရှိသည့်အတိုင်း ဥရမြို့မှ အာဗြဟံ ထွက်သွားသောအခါ တေရသည် ခါရန်မြို့သို့ အာဗြဟံနှင့်အတူ လိုက်သွားသည်။—ကမ္ဘာဦး ၁၁:၃၁။
နိုဝင်ဘာ ၂၂–၂၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားသူကြီး ၁–၃
“ရဲစွမ်းသတ္တိရှိရှိ လျှို့ဝှက်ကြံစည်”
ဖိနှိပ်ချုပ်ချယ်မှု ထမ်းပိုးကို ဧဟုဒ ချိုးဖျက်
ဧဟုဒ၏ အကြံအစည်များ အောင်မြင်ခဲ့ခြင်းမှာ သူ၏ ကျွမ်းကျင်လိမ္မာမှုကြောင့်သော်လည်းကောင်း၊ ရန်သူ၏ ညံ့ဖျင်းမှုကြောင့်သော်လည်းကောင်း မဟုတ်ပါ။ ဘုရားသခင့် ရည်ရွယ်ချက်များ အကောင်အထည် ပေါ်ခြင်းသည် လူ့ပယောဂအပေါ် မူမတည်ပါ။ ဧဟုဒ အောင်မြင်ခဲ့ရသော အဓိက အကြောင်းရင်းမှာ ကိုယ်တော်၏ လူမျိုးတော် လွတ်မြောက်စေရန် ဘုရားသခင်၏ မတားဆီးနိုင်သော အလိုတော်နှင့်အညီ လုပ်ဆောင်သောအခါ ဘုရားသခင်၏ ကျောထောက်နောက်ခံမှုကို သူ ရရှိထားသောကြောင့် ဖြစ်သည်။ ဧဟုဒကို ဘုရားသခင် ပေါ်ထွန်းစေခဲ့ပြီးနောက် “ထာဝရဘုရားသည် တရားသူကြီးကို [မိမိ၏ လူမျိုးတော်အတွက်] ပေါ်ထွန်းစေသောအခါ သူနှင့် အတူရှိ . . . တော်မူ၏။”—တရားသူကြီး ၂:၁၈; ၃:၁၅။
ဖိနှိပ်ချုပ်ချယ်မှု ထမ်းပိုးကို ဧဟုဒ ချိုးဖျက်
ဧဟုဒ၏ ပထမ ခြေလှမ်းမှာ ‘သူ့အတွက် သန်လျက်တစ်ချောင်း’ ကို အသင့်ပြင်ခဲ့သည်၊ သူ၏ ဝတ်လုံအောက်တွင် ဝှက်ထားနိုင်မည့် အသွားနှစ်ဖက်ရှိ ဓားတိုတစ်လက် ဖြစ်သည်။ သူ့မှာ လက်နက်ပါမပါ ရှာဖွေခံရနိုင်သည်။ ညာသန်များသည် လက်နက်များကို ချက်ချင်း ဆွဲယူအသုံးပြုနိုင်သည့် ဘယ်ဘက်တွင် တပ်ဆင်လေ့ရှိသည်။ ဧဟုဒသည် ဘယ်သန်ဖြစ်ခြင်းကြောင့် သူ၏လက်နက်ကို ဘုရင်၏ အစောင့်ကြပ်များ ရှာဖွေဖို့ အကြောင်းနည်းသည့် “လက်ယာပေါင် အဝတ်တွင်း၌” ဝှက်ထားခဲ့သည်။ ထို့ကြောင့် အတားအဆီး မရှိဘဲ “မောဘရှင်ဘုရင် ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ၏။”—တရားသူကြီး ၃:၁၆၊ ၁၇။
ဧဂလုန်၏ နန်းတော်တွင်း ဝင်ရောက်ခါစတွင် ဖြစ်ပျက်ခဲ့ရာများကို ဖော်ပြမထားပါ။ သမ္မာကျမ်းစာက “ဧဟုဒသည် လက်ဆောင်ကို ဆက်ပြီးလျှင် လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက်” သည်ဟုသာ ရိုးရိုးရှင်းရှင်း ဖော်ပြထားသည်။ (တရားသူကြီး ၃:၁၈) ဆက်ကြေးကို ပေးဆက်ပြီးနောက် ဧဟုဒသည် ဧဂလုန်၏ နန်းတော်မှ လုံခြုံသော အကွာအဝေးနေရာသို့ ဆက်ကြေးထမ်းသူများနှင့်အတူ ပြန်လာကာ သူတို့ကို လွှတ်လိုက်ပြီးနောက် နန်းတော်သို့ ပြန်သွားလေသည်။ အဘယ်ကြောင့် ဤသူများ ပါလာသနည်း။ သူ့အား အကာအကွယ်ပေးရန် သူတို့အား အတူရှိနေစေခြင်းလော၊ သို့မဟုတ် သံခင်းတမန်ခင်းတွင် လိုက်နာအပ်သော လုပ်ထုံးလုပ်နည်း ဖြစ်သောကြောင့်လော သို့မဟုတ် သူတို့သည် ဆက်ကြေး အထမ်းသမားသက်သက် ဖြစ်ကြသလော။ ထို့အပြင် သူ၏ အကြံအစည်ကို အကောင်အထည် မဖော်မီ သူတို့ကို ဘေးကင်းလုံခြုံရာသို့ ရောက်စေလို၍လော။ သူ မည်သို့ စဉ်းစားတွေးတောခဲ့သည်ဖြစ်စေ ဧဟုဒသည် ရဲစွမ်းသတ္တိဖြင့် တစ်ကိုယ်တည်း ပြန်လှည့်လာသည်။
“[ဧဟုဒသည်] ဂိလဂါလမြို့နား၌ ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင် ပြန်လာ၍ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်း ရှိပါသည် အရှင်မင်းမြတ် ဟု ဆို . . . ၏။” ဧဂလုန်ရှေ့မှောက် သူ မည်သို့ ပြန်ဝင်ရောက်နိုင်ခဲ့ကြောင်း သမ္မာကျမ်းစာက မရှင်းပြပါ။ အစောင့်အကြပ်များ သံသယ မဖြစ်ခဲ့ကြပေလော။ ဣသရေလလူတစ်ဦးတည်း ရှေ့တော် ဝင်ရောက်ခြင်းက မိမိတို့အရှင်သခင်အတွက် အန္တရာယ်မရှိဟု သူတို့ ယူဆခဲ့ကြသလော။ ဧဟုဒတစ်ယောက်တည်း ပြန်လာခြင်းက ကိုယ့်လူမျိုးကို ပြန်၍ သစ္စာဖောက်မည်ဟု ထင်မှတ်စေရန် ဖန်တီးလိုက်ခြင်းလော။ မည်သို့ပင်ဖြစ်စေ ဧဟုဒသည် ဘုရင်နှင့် နှစ်ဦးချင်း တွေ့ဖို့ ရှာကြံခဲ့ရာ သူ အောင်မြင်ခဲ့သည်။—တရားသူကြီး ၃:၁၉။
ဘုရားရေးရာ ရတနာ
တရားသူကြီးမှတ်စာမှ ပေါ်လွင်ချက်များ
၂:၁၀-၁၂။ ‘ထာဝရ ဘုရားသခင်၏ ကျေးဇူးတော်အပေါင်းကို မမေ့လျော့’ ရန် ကျမ်းစာ လေ့လာမှု အစီအစဉ်ကို ပုံမှန် ပြုလုပ်ရမည်။ (ဆာလံ ၁၀၃:၂) မိဘများသည် ဘုရားသခင့် စကားတော် အမှန်တရားကို သားသမီးများ၏ နှလုံးထဲ သွတ်သွင်းပေးဖို့ လိုသည်။—တရားဟောရာ ၆:၆-၉။
နိုဝင်ဘာ ၂၉–ဒီဇင်ဘာ ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားသူကြီး ၄–၅
“ယေဟောဝါက အမျိုးသမီး နှစ်ယောက်ကို သုံးပြီး မိမိလူမျိုးကို ကယ်တင်”
အစ္စရေးလူမျိုးရဲ့ မိခင်သဖွယ် ငါ ဖြစ်လာ
သိသရ ဆိုတဲ့ နာမည်ကို အစ္စရေးလူတွေ ကြားလိုက်တာနဲ့ ကြောက်ဒူးတုန်သွားကြပါလား။ ကလေးတွေကို မီးရှို့ပူဇော်ပြီး ဝတ်ပြုရာဗိမာန်မှာ ပြည့်တန်ဆာလုပ်ငန်းတွေ ရှိတဲ့အထိ ခါနာန်ပြည်ရဲ့ ဘာသာရေးနဲ့ ဓလေ့ထုံးစံတွေက ကြမ်းတမ်းရိုင်းစိုင်းကြတယ်။ ခါနာန် စစ်ဗိုလ်ချုပ် သိသရနဲ့ သူရဲ့ စစ်တပ်က တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်တော့ ဘယ်လိုအခြေအနေမျိုး ရောက်သွားသလဲ။ ပြည်တွင်း ခရီးသွားလာဖို့တောင် ကြောက်နေပြီး ရွာတွေမှာလည်း ဘယ်သူမှ မနေရဲကြတော့ဘူးလို့ ဒေဗောရ ရေးစပ်ထားတဲ့ သီချင်းမှာ ဖော်ပြထားတယ်။ (တရားသူကြီး ၅:၆၊ ၇) လူတွေက တံတိုင်းတွေ မရှိတဲ့ ရွာတွေမှာ စိုက်ပျိုးမွေးမြူရမှာကို ကြောက်လွန်းလို့ တောတောင်ထဲ ဝင်ပုန်းနေကြတာ၊ သူတို့ကို လုယက်တိုက်ခိုက်မှာ၊ သားသမီးတွေကို အတင်းဆွဲခေါ်သွားမှာ၊ ဇနီးသည်တွေကို သားမယားပြုကျင့်မှာ စိုးရိမ်လွန်းလို့ ခရီးမထွက်ရဲတာကို မြင်ယောင်ကြည့်လိုက်ပါ။
အစ္စရေးလူမျိုးရဲ့ မိခင်သဖွယ် ငါ ဖြစ်လာ
ခေါင်းမာတဲ့ အစ္စရေးလူတွေဟာ အနှစ် ၂၀ လောက် အလူးအလဲ ဖိနှိပ်ခံရပြီးမှ သူတို့ရဲ့ စိတ်နှလုံး ပြောင်းလဲချင်စိတ် ရှိလာမှန်း ယေဟောဝါဘုရား သိသွားပြီ။ ဒါကြောင့် “ငါ ဒေဗောရသည် ဣသရေလ [အစ္စရေး] လူမျိုး၏ မိခင်သဖွယ်” ပေါ်ထွန်းလာတယ်လို့ ဒေဗောရနဲ့ ဗာရက်တို့ရဲ့ သီချင်းမှာ မှတ်တမ်းတင်ထားတယ်။ လပိဒုတ်ဆိုတဲ့ လူတစ်ဦးရဲ့ ဇနီး ဒေဗောရက တကယ်ပဲ မိခင် ဖြစ်မဖြစ်ဆိုတာ မသိရပေမဲ့ ကျမ်းစာမှာတော့ သူ့ကို မိခင်အဖြစ် တင်စားထားတာ ဖြစ်ပါတယ်။ တကယ်တော့ အစ္စရေးလူမျိုးကို မိခင်သဖွယ် ကာကွယ်ပေးဖို့ ဒေဗောရကို ယေဟောဝါဘုရား တာဝန်အပ်နှင်းခဲ့တာ ဖြစ်တယ်။ ခွန်အားဗလကြီးတဲ့ သစ္စာရှိ တရားသူကြီး ဗာရက်ကို ခေါ်ပြီး သိသရနဲ့ စစ်တိုက်ရမယ့်အကြောင်း ဒေဗောရကို ကိုယ်တော် ပြောခိုင်းတယ်။—တရားသူကြီး ၄:၃၊ ၆၊ ၇; ၅:၇။
အစ္စရေးလူမျိုးရဲ့ မိခင်သဖွယ် ငါ ဖြစ်လာ
ယေလဟာ တွေဝေမနေဘဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်ပါတော့တယ်။ ဒါနဲ့ သိသရ အနားယူဖို့ နေရာပေးလိုက်တယ်။ သိသရကလည်း တစ်ယောက်ယောက် လာမေးရင် သူ မရှိဘူးလို့ ပြောခိုင်းတယ်။ သိသရ လှဲအိပ်လိုက်တဲ့အခါ ယေလ စောင်ခြုံပေးလိုက်ပြီး ရေတောင်းသောက်တဲ့အခါ မလိုင်ပါတဲ့ နို့ကို တိုက်လိုက်တယ်။ ပြီးတဲ့နောက် သိသရ အိပ်မောကျသွားပါလေရော။ တဲဆောက်ရာမှာ အမျိုးသမီးတွေ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်တဲ့ တဲငုတ်ချွန်နဲ့ တူကို ယေလ ယူပြီး သိသရရဲ့ ခေါင်းရင်းနားကို ခြေသံ မကြားအောင် ဖွဖွလေး သွားလိုက်တယ်။ ယေဟောဝါဘုရားရဲ့ ဘက်တော်သားအနေနဲ့ ထိတ်လန့်စရာကောင်းတဲ့ အလုပ်တစ်ခုကို ယေလ လုပ်တော့မှာပါလား။ တွေဝေနေမယ်၊ မဝံ့မရဲ ဖြစ်နေမယ် ဆိုရင်တော့ ဒုက္ခရောက်သွားနိုင်တယ်။ ဘုရားသခင့် လူမျိုးအကြောင်း၊ သူတို့ကို ဆယ်စုနှစ်ချီပြီး တိရစ္ဆာန်အလား မတရားနှိပ်စက်ခဲ့တဲ့ ဒီလူအကြောင်း ယေလ စဉ်းစားနေမလား။ ဒါမှမဟုတ် ယေဟောဝါဘုရားရဲ့ ဘက်တော်သား ဖြစ်ရတဲ့ အခွင့်ထူးကို စဉ်းစားနေမလား။ ကျမ်းစာမှတ်တမ်းမှာ ဘာမှ မဖော်ပြထားပါဘူး။ ကျွန်ုပ်တို့ သိရတဲ့ အချက်ကတော့ ယေလက တွေဝေမနေဘဲ လုပ်စရာ ရှိတာကို မြန်မြန် လုပ်လိုက်တဲ့အတွက် သိသရ သေသွားတာပဲ ဖြစ်တယ်။—တရားသူကြီး ၄:၁၈-၂၁; ၅:၂၄-၂၇။
ဘုရားရေးရာ ရတနာ
တရားသူကြီးမှတ်စာမှ ပေါ်လွင်ချက်များ
၅:၂၀—ကြယ်များသည် ဗာရက်ကို ကောင်းကင်မှ မည်သို့ စစ်ကူပေးခဲ့ကြသနည်း။ ကောင်းကင်တမန်၏ အကူအညီရခြင်းလော၊ သိသရ၏ ပညာရှိများက နိမိတ်မကောင်းဟု ယူဆသည့် ကြယ်များ ကြွေကျခြင်းလော၊ သိသရအတွက် နက္ခတ်ဗေဒဟောကိန်း မှားသွားခြင်းလော ဆိုသည်ကို သမ္မာကျမ်းစာက မဆိုထားချေ။ သို့သော် ဘုရားသခင် ကြားဝင်ကူပေးခြင်း တစ်မျိုးမျိုး ရှိနိုင်သည်။
ဒီဇင်ဘာ ၆–၁၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားသူကြီး ၆–၇
“မင်းရဲ့ ခွန်အားတွေကို စုစည်းပြီး သွားပါ”
ဘုရားသခင်ဆိုင်ရာမူများ အကျိုးပြုနိုင်
မိမိကိုယ်ကို လျောက်ပတ်စွာ သဘောထားပြီး မိမိ၏ ရှိရင်းစွဲ တန်ဖိုးကို မှန်ကန်စွာ အကဲဖြတ်ခဲ့သူ တစ်ဦးမှာ ရှေးခေတ် ဟေဗြဲလူမျိုးများတွင် တရားသူကြီးတစ်ဦး ဖြစ်ခဲ့သူ ဂိဒေါင် ဖြစ်သည်။ သူသည် ဣသရေလလူမျိုး၏ ခေါင်းဆောင် ဖြစ်ရန် အားမထုတ်ခဲ့ချေ။ သို့ရာတွင် ခေါင်းဆောင်ရန် ခန့်အပ်ခံရသောအခါ ဂိဒေါင်သည် မိမိ၏ မထိုက်တန်မှုကို အာရုံစိုက်စေခဲ့သည်။ “အကျွန်ုပ် အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ ဆင်းရဲပါ၏။ အကျွန်ုပ်သည်လည်း ကိုယ်အဆွေအမျိုး၌ အယုတ်ဆုံးသောသူ ဖြစ်ပါ၏” ဟု သူ ရှင်းပြခဲ့သည်။—တရားသူကြီး ၆:၁၂-၁၆။
‘ထာဝရ ဘုရားသခင်နှင့် ဂိဒေါင်၏ ဓား’
ယခု မိဒျန်လူတို့ ကြောက်လန့်တုန်လှုပ်နေကြ၏! အိုး ၃၀၀ ကွဲသံ၊ တံပိုး ၃၀၀ မှုတ်သံနှင့် လူ ၃၀၀ အော်သံတို့သည် တိတ်ဆိတ်ငြိမ်သက်မှုကို ရုတ်တရက် ဖြိုခွင်းလိုက်လေသည်။ အထူးသဖြင့် ‘ထာဝရ ဘုရားသခင်နှင့် ဂိဒေါင်၏ ဓား’ ဟူသော အော်သံကြောင့် မိဒျန်လူတို့ ကြက်သေသေသွားပြီး သူတို့ပါ အော်ဟစ်ကြလေတော့သည်။ ဤသို့ ဗရုန်းသုန်းကား ဖြစ်နေစဉ် ရန်သူ၊ မိတ်ဆွေ မခွဲခြားနိုင်တော့ချေ။ လူ ၃၀၀ တို့မူ ရန်သူအချင်းချင်းကို ဘုရားသခင် တိုက်ခိုက်နေစေစဉ် သူတို့နေရာတွင် ရပ်မြဲ ရပ်နေကြ၏။ မိဒျန်တို့၏ တပ်စခန်း အဖျက်ခံရပြီးနောက် သူတို့သည် ပြေးပေါက် မရှိတော့ရာ အပြီးသတ် နှိမ်နင်းခံလိုက်ရ၏။ ယခုမှ ထိုရက်စက်ကြမ်းကြုတ်သောခေတ် ကုန်ဆုံးလေတော့သည်။—တရားသူကြီး ၇:၁၉-၂၅; ၈:၁၀-၁၂၊ ၂၈။
ဘုရားရေးရာ ရတနာ
တရားသူကြီးမှတ်စာမှ ပေါ်လွင်ချက်များ
၆:၂၅-၂၇။ ဂိဒေါင်သည် သူ၏ ဆန့်ကျင်သူများ မလိုအပ်ဘဲ အမျက်မထွက်စေရန် လိမ္မာပါးနပ်စွာ လုပ်ဆောင်ခဲ့သည်။ ကျွန်ုပ်တို့ သတင်းကောင်း ဟောပြောသည့်အခါ ကျွန်ုပ်တို့ စကားကြောင့် သူတစ်ပါးအား မလိုအပ်ဘဲ စိတ်အနှောင့်အယှက် မဖြစ်မိစေရန် သတိထားရမည်။
ဒီဇင်ဘာ ၁၃–၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားသူကြီး ၈–၉
“မာနထက် နှိမ့်ချမှုက ပိုကောင်း”
သဘောထား ကွဲလွဲမှုများကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်း
ဂိဒေါင်သည် မိဒျန်လူတို့ကို တိုက်ခိုက်မှုတွင် အကြီးအကျယ် ပါဝင်နေခဲ့ရာ ဧဖရိမ်လူမျိုး၏ အကူအညီကို တောင်းဆိုခဲ့သည်။ သို့သော် တိုက်ပွဲပြီးနောက် ဧဖရိမ်လူတို့သည် ဂိဒေါင်ကို ဒေါသထွက်ပြီး ပွဲဦးထွက် တိုက်ပွဲ၌ မိမိတို့ကို မခေါ်ခဲ့သည့်အတွက် ခါးခါးသီးသီး အပြစ်ဆိုလေသည်။ သူတို့သည် “ကျပ်ကျပ် အပြစ်တင်ကြ၏” ဟု မှတ်တမ်းက ဆိုသည်။ ဂိဒေါင်က “သင်တို့ ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း။ အဗျေဇာ စပျစ်သီး သိမ်းခြင်းထက် ဧဖရိမ် လိုက်ကောက်ခြင်းသည် သာ၍ ကောင်းသည် မဟုတ်လော။ ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ် သြရဘနှင့် ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်း” ဟု ပြန်ပြောခဲ့သည်။ (တရားသူကြီး ၈:၁-၃) ဂိဒေါင်သည် သူ၏ ကောင်းစွာ ရွေးချယ်ပြီး အေးဆေးစွာ ပြောဆိုသော စကားများကြောင့် ဘေးသင့်မည့် လူမျိုးအချင်းချင်း ဖြစ်ပွားသော တိုက်ပွဲတစ်ခုကို မဖြစ်စေဘဲ ရှောင်ခဲ့သည်။ ဧဖရိမ်လူမျိုးမှ သူတို့သည် မိမိ အရေးပါသည် အထင်နှင့် ဘဝင်မြင့်ခြင်း ပြဿနာ ရှိခဲ့ပေမည်။ သို့သော် ဂိဒေါင်သည် ၎င်းကြောင့် သင့်တင့်ပြေလည်ဖို့အတွက် မကြိုးစားဘဲ မနေခဲ့ချေ။ ကျွန်ုပ်တို့လည်း ထိုနည်းတူစွာ ပြုမူလုပ်ဆောင်နိုင်သလော။
ကျိုးနွံမှု ရှိဖို့ ဘာကြောင့် အရေးကြီးနေဆဲလဲ
၁၅ ဂိဒေါင်ဟာ ကျိုးနွံမှု ရှိတဲ့ အကောင်းဆုံး ပုံနမူနာ ဖြစ်တယ်။ သူ့ဆီ ယေဟောဝါရဲ့ ကောင်းကင်တမန် ဦးဆုံး လာတဲ့အချိန်မှာ မိမိရဲ့ နိမ့်ကျတဲ့ ဘဝနောက်ခံနဲ့ အခြေအနေကို အသိအမှတ်ပြုခဲ့တယ်။ (သူကြီး. ၆:၁၅) ယေဟောဝါ ပေးအပ်တဲ့ တာဝန်ကို လက်ခံပြီးနောက်မှာ ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် လုပ်ခဲ့တယ်။ လမ်းညွှန်မှုအတွက် ယေဟောဝါကို မျှော်ကိုးခဲ့တယ်။ (သူကြီး. ၆:၃၆-၄၀) ဂိဒေါင်ဟာ ရဲစွမ်းသတ္တိ ရှိပေမဲ့ သတိရှိရှိ၊ သိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့တယ်။ (သူကြီး. ၆:၁၁၊ ၂၇) တာဝန်ကို ခုတုံးလုပ်ပြီး ထင်ပေါ်ဖို့ မကြိုးစားခဲ့ဘူး။ တာဝန်ပြီးဆုံးတာနဲ့ ချက်ချင်း နဂိုနေရာကို ပြန်သွားခဲ့တယ်။—သူကြီး. ၈:၂၂၊ ၂၃၊ ၂၉။
ယေဟောဝါ၏ လမ်းခရီးတော်၌ လျှောက်သွားလော့
၉ ကျွန်ုပ်တို့သည် ဘုရားသခင့် မိတ်ဆွေ ဖြစ်နိုင်ရန် “စိတ်နှိမ့်ချခြင်း” ရှိရမည်။ (၁ ပေ. ၃:၈; ဆာ. ၁၃၈:၆) တရားသူကြီးမှတ်စာ အခန်းကြီး ၉ တွင် နှိမ့်ချမှု၏ အရေးကြီးပုံကို ဖော်ပြထားသည်။ “သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ခန့်ထား . . . ခြင်းငှာ ထွက်သွား” ကြ၏ ဟု ဂိဒေါင်၏ သား ယောသံ ဆိုသည်။ သံလွင်ပင်၊ သင်္ဘောသဖန်းပင်၊ စပျစ်ပင်တို့အကြောင်း သူ ဖော်ပြသည်။ ထိုအပင်များမှာ ဣသရေလလူတို့ကို အုပ်ချုပ်ထိုက်သော်လည်း မအုပ်ချုပ်လိုသူများကို ပုံဆောင်သည်။ လောင်စာအဖြစ်သာ အသုံးဝင်သော ဆူးလေပင်မှာ မောက်မာပြီး အခြားသူများကို အုပ်ချုပ်လိုစိတ် ပြင်းပြသည့် လူသတ်သမား အဘိမလက် အုပ်စိုးခြင်းကို ပုံဆောင်သည်။ အဘိမလက်သည် ‘ဣသရေလအမျိုးကို သုံးနှစ် အုပ်စိုး’ သော်လည်း အချိန်မတန်ဘဲ သေဆုံးခဲ့ရသည်။ (သူကြီး. ၉:၈-၁၅၊ ၂၂၊ ၅၀-၅၄) ထို့ကြောင့် “စိတ်နှိမ့်ချခြင်း” သည် အလွန် ကောင်းလှသည်တကား။
ဘုရားရေးရာ ရတနာ
it-1 ၇၅၃ ပိုဒ်. ၁
သင်တိုင်း၊ ၁
အစ္စရေးလူမျိုးကို ယေဟောဝါ အောင်မြင်မှု ပေးလို့ ဂုဏ်တင်တဲ့ အထိမ်းအမှတ် အနေနဲ့ ဂိဒေါင်က သင်တိုင်း လုပ်ခဲ့တာ ဖြစ်ပေမဲ့ အစ္စရေးတွေဟာ အဲဒါကို ဝတ်ပြုကြလို့ “သင်တိုင်းက ဂိဒေါင်နဲ့ အိမ်သားတွေအတွက် ထောင်ချောက်တစ်ခု ဖြစ်သွားတယ်။” (သူ ၈:၂၇) ဒါပေမဲ့ ကျမ်းစာမှာတော့ ဂိဒေါင်ကိုယ်တိုင် သင်တိုင်းကို ဝတ်ပြုတယ်လို့ မဖော်ပြထားဘူး။ ခရစ်ယာန်ခေတ် မတိုင်ခင်က “တိမ်ထုကြီးလို များတဲ့” ယေဟောဝါရဲ့ သစ္စာရှိ သက်သေတွေထဲမှာ ဂိဒေါင်ရဲ့ နာမည်ကို တမန်တော် ပေါလု ဖော်ပြခဲ့တယ်။—ဟီ ၁၁:၃၂။ ၁၂:၁။
ဒီဇင်ဘာ ၂၀–၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားသူကြီး ၁၀–၁၂
“ဘုရားကို ဦးစားထားသူ ယေဖသ”
ယုံကြည်ခြင်းရှိရှိ လုပ်ဆောင်ခြင်းက ဘုရားသခင့် နှစ်သက်မှု ရရှိစေ
၉ ယောသပ်ရဲ့ ပုံနမူနာက ယေဖသကို ကူညီပေးခဲ့ပုံရတယ်။ ကိုယ့်ကို မုန်းတဲ့ အစ်ကိုတွေကိုတောင် ယောသပ် ဘယ်လို မေတ္တာပြခဲ့တယ်ဆိုတာ ယေဖသ သိမှာပဲ။ (က. ၃၇:၄; ၄၅:၄၊ ၅) အဲဒီပုံနမူနာကို တွေးတောခြင်းက ယေဟောဝါ နှစ်သက်တဲ့နည်းနဲ့ ပြန်တုံ့ပြန်ဖို့ ယေဖသကို ကူညီပေးခဲ့တာ ဖြစ်နိုင်တယ်။ ညီတွေရဲ့ လုပ်ရပ်ကြောင့် ယေဖသ တော်တော် ထိခိုက်နာကျင်ခဲ့ပေမဲ့ ယေဟောဝါရဲ့ နာမည်နဲ့ ယေဟောဝါရဲ့ လူမျိုးအတွက် တိုက်ခိုက်ခြင်းက သူ့အတွက် ပုဂ္ဂိုလ်ရေး မပြေလည်မှုတွေထက် ပိုအရေးကြီးတယ်။ (သူကြီး. ၁၁:၉) ဒါကြောင့် ယေဟောဝါကို ဆက်ယုံကြည်ကိုးစားဖို့ သူ စိတ်ပိုင်းဖြတ်ထားတယ်။ အဲဒီသဘောထားကြောင့် ကိုယ်တိုင်ရော၊ တခြားသူတွေပါ ယေဟောဝါရဲ့ ကောင်းချီး ခံစားခဲ့ရတယ်။—ဟေဗြဲ ၁၁:၃၂၊ ၃၃။
it-2 ၂၇ ပိုဒ်. ၂
ယေဖသ
ဖျတ်လတ်တက်ကြွတဲ့ ယေဖသဟာ ဦးဆောင်ဖို့ အချိန် ဆွဲမနေဘူး။ ယေဖသက အမ္မုန်ဘုရင်ဆီ တမန်တွေ လွှတ်ပြီး ဘာကြောင့် အစ္စရေးပြည်ကို လာတိုက်တာလဲလို့ မေးခိုင်းတယ်။ ဘုရင်ကလည်း အစ္စရေးတွေ သူ့နယ်မြေကို သိမ်းယူခဲ့တယ်လို့ ပြန်ဖြေတယ်။ (သူ ၁၁:၁၂၊ ၁၃) ဒီနေရာမှာ ယေဖသက ကြမ်းတမ်းရမ်းကားတဲ့ စစ်သူရဲအဖြစ် မဟုတ်ဘဲ သမိုင်းကြောင်းကို နားလည်သူ၊ မိမိလူမျိုးနဲ့ ဘုရားသခင် ဆက်ဆံပုံအကြောင်း သိရှိသူအဖြစ် တုံ့ပြန်ခဲ့တယ်။ အမ္မုန်ရဲ့ စွပ်စွဲချက် မမှန်ကန်ဘူးဆိုတာ (၁) အစ္စရေးတွေဟာ အမ္မုန်၊ မောဘ၊ ဧဒုံကို မနှောင့်ယှက်ဘူး။ (သူ ၁၁:၁၄-၁၈။ တရ ၂:၉၊ ၁၉၊ ၃၇။ ၂ရ ၂၀:၁၀၊ ၁၁) (၂) အစ္စရေးတွေ နယ်မြေကို သိမ်းပိုက်တဲ့အချိန်မှာ အဲဒီနယ်မြေဟာ အာမောရိလူတွေ ပိုင်တယ်။ ဘုရားသခင်က အာမောရိဘုရင် ရှိဟုန်ကို အစ္စရေးလူတွေ လက်ထဲ အပ်လိုက်လို့ အာမောရိလူတွေရဲ့ နယ်မြေကို သိမ်းပိုက်ခဲ့တာ ဖြစ်တယ်။ (၃) လွန်ခဲ့တဲ့ အနှစ် ၃၀၀ အတောအတွင်း အစ္စရေးတွေ သိမ်းပိုက်တဲ့ နယ်မြေနဲ့ပတ်သက်ပြီး အမ္မုန်လူတွေ အငြင်းမပွားခဲ့ဘူး။ ဒါကြောင့် အခုအချိန်ကျမှ နယ်မြေပြန်ပေးဖို့ ခိုင်လုံတဲ့ ဘာအကြောင်းပြချက်မှ မရှိဘူး။—သူ ၁၁:၁၉-၂၇။
it-2 ၂၇ ပိုဒ်. ၃
ယေဖသ
ပြဿနာက ဝတ်ပြုရေးနဲ့ ဆိုင်တယ်ဆိုတာကို ယေဖသ ပိုင်ပိုင်နိုင်နိုင် ချက်ကျကျ ဖော်ထုတ်ခဲ့တယ်။ ယေဟောဝါ ဘုရားသခင်က အစ္စရေးတွေကို ဒီပြည်ပေးခဲ့တာ ဖြစ်လို့ အယူမှား ဝတ်ပြုသူတွေဆီ တစ်လက်မတောင် အပါမခံနိုင်ဘူးလို့ ယေဖသ ပြောခဲ့တယ်။ အမ္မုန်တွေရဲ့ ဘုရားက ခေမုရှလို့ သူ ပြောခဲ့တယ်။ အဲဒီလို ပြောတာမှားတယ်လို့ တချို့က ထင်တယ်။ ဒါပေမဲ့ အမ္မုန်တွေဟာ မိလကုံနဲ့ မောဘတွေရဲ့ ခေမုရှ ဘုရားကိုလည်း ကိုးကွယ်တယ်။ ညီအစ်ကို တော်စပ်တဲ့ အဲဒီလူမျိုးတွေဟာ ဘုရား အများကြီးကို ကိုးကွယ်ကြတယ်။ ရှောလမုန်ဟာ တိုင်းတစ်ပါးသား မိဖုရားတွေကြောင့် အစ္စရေးနိုင်ငံမှာ ခေမုရှ ဝတ်ပြုရေးကို ခွင့်ပြုခဲ့တယ်။ (သူ ၁၁:၂၄။ ၁ဘု ၁၁:၁၊ ၇၊ ၈၊ ၃၃။ ၂ဘု ၂၃:၁၃) “ခေမုရှ” ဟာ “အနိုင်ရသူ၊ အောင်မြင်သူ” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်လို့ ကျမ်းပညာရှင် တချို့က ဆိုကြတယ်။ အဲဒီဘုရားက အမ္မုန်တွေကို မြေပေးပြီး အောင်မြင်စေတယ်လို့ သူတို့ ပြောတာကို ယေဖသ ဖော်ထုတ်ချင်တာ ဖြစ်နိုင်တယ်။
ဘုရားရေးရာ ရတနာ
it-2 ၂၆
ယေဖသ
တရားဝင်သား ယေဖသ။ ယေဖသရဲ့ မိခင်ဟာ ပြည့်တန်ဆာ ဖြစ်တယ်။ အဲဒီလိုပြောလို့ ယေဖသဟာ ပြည့်တန်ဆာက မွေးတဲ့သား၊ တရားမဝင်သားလို့ မဆိုလိုဘူး။ သူ့မိခင်ဟာ ဂိလဒ်ရဲ့ ဒုတိယ ဇနီး မဖြစ်ခင်တုန်းက ပြည့်တန်ဆာ ဖြစ်ခဲ့တယ်။ ရာခပ်ဟာ ပြည့်တန်ဆာ ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စာလမုန်နဲ့ လက်ထပ်ခဲ့သလိုပါပဲ။ (သူ ၁၁:၁။ ယရ ၂:၁။ မ ၁:၅) ယေဖသရဲ့ အဖေတူ အမေကွဲ သားတွေက အိမ်သားတွေနဲ့အတူ အမွေမခံရဖို့ သူ့ကို မောင်းထုတ်လိုက်တာကလည်း တရားဝင်သား ဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ (သူ ၁၁:၂) အဲဒီအပြင် ဂိလဒ်ပြည် အကြီးအကဲတွေ (အဖေတူ အမေကွဲ ညီအစ်ကိုတွေ အများစု ဖြစ်နိုင်) ရဲ့ ခေါင်းဆောင် ဖြစ်လာတယ်။ (သူ ၁၁:၁၁) ယေဖသဟာ တဲတော်မှာ မီးရှို့ရာ အလှူကိုလည်း ပူဇော်ခဲ့တယ်။ (သူ ၁၁:၃၀၊ ၃၁) ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ယေဖသဟာ တရားဝင်သားဆိုတာ သိနိုင်တယ်။ ပညတ်တရားမှာ ဒီလို တိတိကျကျ ဖော်ပြထားတယ်– “တရားဝင် လက်မထပ်ဘဲ မွေးတဲ့သားက ယေဟောဝါရဲ့ လူမျိုး အစုအဝေးထဲ မပါရဘူး။ သူ့သားစဉ်မြေးဆက် ဆယ်ဆက်အထိ ယေဟောဝါရဲ့ လူမျိုး အစုအဝေးထဲ မပါရဘူး။”—တရ ၂၃:၂။
ဒီဇင်ဘာ ၂၇–ဇန်နဝါရီ ၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားသူကြီး ၁၃–၁၄
“မာနော်တို့ ဇနီးမောင်နှံဆီကနေ မိဘတွေ ဘာသင်ယူနိုင်သလဲ”
မိဘတို့—သင်တို့ရဲ့ သားသမီးတွေကို နို့စို့အရွယ်ကတည်းက လေ့ကျင့်ပေးပါ
ရှေးအစ္စရေးနိုင်ငံ၊ ဇောရာမြို့မှာ နေတဲ့ ဒန်အမျိုးသား မာနော် အကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါရဲ့ ကောင်းကင်တမန်က မာနော်ရဲ့ မြုံနေတဲ့ မိန်းမဆီ လာပြီး သားတစ်ယောက် မွေးမယ်လို့ ပြောခဲ့တယ်။ (သူကြီး. ၁၃:၂၊ ၃) ဒီသတင်းကို ကြားတဲ့အခါ သစ္စာရှိ မာနော်နဲ့ သူ့မိန်းမဟာ အရမ်း ပျော်ရွှင်ခဲ့ကြတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်လည်း ရှိခဲ့တယ်။ ဒါနဲ့ မာနော် ဒီလို ဆုတောင်းခဲ့တယ်– “ယေဟောဝါ၊ ကျွန်တော် တစ်ခုလောက် ပြောပါရစေ။ အခုလေးတင် ကိုယ်တော် စေလွှတ်လိုက်တဲ့ စစ်မှန်တဲ့ ဘုရားသခင့်လူကို ကျွန်တော်တို့ဆီ ပြန်လွှတ်ပြီး မွေးလာမယ့် ကလေးကို ကျွန်တော်တို့ ဘယ်လို ပြုစုပျိုးထောင်ရမယ်ဆိုတာ သင်ပေးပါ။” (သူကြီး. ၁၃:၈၊ ကဘ) မာနော်နဲ့ သူ့မိန်းမဟာ သူတို့ရဲ့ ကလေးကို ပြုစုပျိုးထောင်ပေးဖို့နဲ့ပတ်သက်ပြီး စိုးရိမ်ခဲ့တယ်။ သူတို့ဟာ သားဖြစ်သူ ရှံဆုန်ကို ဘုရားသခင့် ပညတ်တွေအကြောင်း ကောင်းကောင်း သင်ပေးခဲ့မှာ သေချာတယ်၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှု အောင်မြင်ခဲ့ပုံရတယ်။ ‘အချိန်တန်တော့ ယေဟောဝါရဲ့ စွမ်းအားတော်က ရှံဆုန်ကို လှုံ့ဆော်ခဲ့တယ်’ လို့ ကျမ်းစာက ပြောတယ်။ ရလဒ်အနေနဲ့ ရှံဆုန်ဟာ အစ္စရေး တရားသူကြီးတစ်ယောက်အနေနဲ့ အံ့ဖွယ်အမှု များစွာကို လုပ်ဆောင်ခဲ့တယ်။—သူကြီး. ၁၃:၂၅၊ ကဘ; သူကြီး. ၁၄:၅၊ ၆; ၁၅:၁၄၊ ၁၅။
ယေဟောဝါ ပေးသော ခွန်အားဖြင့် ရှံဆုန် အောင်ပွဲဆင်!
ရှံဆုန် ကြီးပြင်းလာသည်နှင့်အမျှ သူ့ကို ‘ယေဟောဝါ ကောင်းချီးပေးတော်မူ၏။’ (တရားသူကြီး ၁၃:၂၄) တစ်နေ့တွင် ရှံဆုန်သည် မိဘထံသို့ လာ၍ “တိမနတ်မြို့၌ ဖိလိတ္တိအမျိုး ဖြစ်သော မိန်းမတစ်ယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ်မယား ဖြစ်ဖို့ရာ တောင်း၍ ပေးပါ” ဟု ဆို၏။ (တရားသူကြီး ၁၄:၂၊ သမ္မာ) မိဘများ အံ့အားသင့်သွားပုံကို မြင်ယောင်ကြည့်ပါ။ ဣသရေလတိုင်းပြည်ကို ဖိနှိပ်သူများ၏ လက်မှ ကယ်လွှတ်မည့်အစား မိမိတို့၏ သားက သူတို့နှင့် မဟာမိတ်ဖွဲ့လျက် စုံဖက်လိုသည်တကား။ အယူမှား နတ်ဘုရားများကို ဝတ်ပြုကိုးကွယ်သူတစ်ဦးနှင့် အိမ်ထောင်ပြုခြင်းက ဘုရားသခင့် ပညတ်နှင့် ဆန့်ကျင်၏။ (ထွက်မြောက်ရာ ၃၄:၁၁-၁၆) ထို့ကြောင့် မိဘများက ဤသို့ကန့်ကွက်လိုက်လေသည်– “သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည်အကြောင်း သင်၏ ညီအစ်ကိုသမီး၊ ငါတို့အမျိုးသားချင်း သမီးတို့တွင် မိန်းမ တစ်ယောက်မျှ မရှိလော။” ထိုသို့ဆိုသော်လည်း ရှံဆုန်က “ထိုမိန်းမကို တောင်း၍ ပေးပါ။ သူ့ကိုသာ ကျွန်ုပ် မျက်စိကျပါ၏” ဟု မရမက ပြောဆိုလေသည်။—တရားသူကြီး ၁၄:၃၊ ကဘ။
ဘုရားရေးရာ ရတနာ
ယေဟောဝါ ပေးသော ခွန်အားဖြင့် ရှံဆုန် အောင်ပွဲဆင်!
ဤဖိလိတ္တိ အမျိုးသမီးသည် အဘယ်နည်းဖြင့် ရှံဆုန် ‘မျက်စိကျ’ ရာ ဖြစ်သနည်း။ သူသည် “လှပ၍ ဆွဲဆောင်မှုရှိသူ ဖြစ်ခြင်းကြောင့်သာ မဟုတ်ဘဲ ရည်ရွယ်ချက်တစ်ခုနှင့် ဆက်စပ်နေခြင်းကြောင့်လည်း ဖြစ်သည်” ဟု မက်ကလင်းတော့ခ်နှင့် စထရောင်းတို့၏ စွယ်စုံကျမ်းက ဆိုသည်။ အဘယ် ရည်ရွယ်ချက်နှင့် ဆက်စပ်နေသနည်း။ တရားသူကြီးမှတ်စာ ၁၄:၄ က ရှံဆုန်သည် “ဖိလိတ္တိလူတို့၌ အမှု ရှာ” နေကြောင်း ရှင်းပြ၏။ ထိုရည်ရွယ်ချက်ကြောင့် ယင်းအမျိုးသမီးကို ရှံဆုန် စိတ်ဝင်စားခြင်း ဖြစ်၏။ ရှံဆုန်သည် အရွယ်ရောက်လာသောအခါ ‘ယေဟောဝါ၏ ဝိညာဉ်တော်သည် နှိုးဆော်စပြုတော်မူ၏။’ (တရားသူကြီး ၁၃:၂၅) သို့နှင့် ရှံဆုန်၏ တစ်မူထူးသော ဇနီးတောင်းခံမှုအပြင် ဣသရေလတိုင်းပြည်အပေါ် တရားသူကြီးအဖြစ် ထမ်းဆောင်ချိန် တစ်လျှောက်လုံး၏ နောက်ဝယ်တွင် ရှိသည့် စေ့ဆော်ပေးသော တွန်းအားမှာ ယေဟောဝါ၏ ဝိညာဉ်တော်ပင် ဖြစ်လေသည်။ ရှံဆုန်သည် ၎င်းရှာဖွေနေသည့် အခွင့်အရေးကို ရရှိခဲ့ပါသလော။ သူ့အား ယေဟောဝါ ကူညီထောက်မမည်ဟု အာမခံပေးခဲ့ပုံကို ဦးဆုံး သုံးသပ်ကြည့်ကြပါစို့။