-
ဗိမာန်တော်ကို ထပ်မံရှင်းလင်းယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၀၃
ဗိမာန်တော်ကို ထပ်မံရှင်းလင်း
မဿဲ ၂၁:၁၂၊ ၁၃၊ ၁၈၊ ၁၉ မာကု ၁၁:၁၂-၁၈ လုကာ ၁၉:၄၅-၄၈ ယောဟန် ၁၂:၂၀-၂၇
သဖန်းပင်ကို ကျိန်၊ ဗိမာန်တော်ကို ရှင်းလင်း
လူများစွာ အသက်ရစေဖို့ ယေရှု အသေခံရမယ်
ယေရှုနဲ့ တပည့်တွေဟာ ယေရိခေါမြို့ကနေ ထွက်လာကတည်းက ဗေသနိရွာမှာ တည်းနေတာ သုံးညရှိပြီ။ အခု နိသန်လ ၁၀ ရက်၊ တနင်္လာနေ့မနက် စောစောမှာတော့ ဂျေရုဆလင်မြို့ကို သွားနေကြတယ်။ ယေရှုက ဗိုက်ဆာလာတာကြောင့် သဖန်းပင်တစ်ပင်ကို လှမ်းမြင်လိုက်တဲ့အခါ အသီးရှိမလားဆိုပြီး သွားကြည့်တယ်။
အခု မတ်လအကုန်ပိုင်း ရောက်နေပြီ။ ဇွန်လလောက်မှ သဖန်းသီး သီးမှာ။ ဒါပေမဲ့ အချိန်မတန်ဘဲ အပင်မှာ အရွက်တွေ ဝေဆာနေတာကြောင့် အသီးစောမယ်လို့ ယေရှု ထင်နေတယ်။ တကယ်တမ်း သွားကြည့်တဲ့အခါကျတော့ အသီးတစ်လုံးမှ မတွေ့ဘူး။ အရွက်တွေက အပင်ကို အထင်လွဲစေတယ်။ ဒါနဲ့ ယေရှုက “မင်းရဲ့အသီးကို နောက်နောင် ဘယ်သူမှ မစားစေရ” လို့ပြောလိုက်တယ်။ (မာကု ၁၁:၁၄) ချက်ချင်းပဲ သဖန်းပင် ညှိုးနွမ်းသွားတယ်။ နောက်နေ့မနက်ကျမှ အဲဒါက ဘာကိုဆိုလိုမှန်း သိကြတယ်။
သိပ်မကြာခင်မှာ ယေရှုနဲ့ တပည့်တွေဟာ ဂျေရုဆလင်မြို့ကို ရောက်လာတယ်။ မနေ့ညနေက စစ်ဆေးခဲ့တဲ့ ဗိမာန်တော်ကို ယေရှု သွားတယ်။ ဒီနေ့တော့ စစ်ဆေးရုံလောက်ပဲ မဟုတ်ဘူး။ လွန်ခဲ့တဲ့သုံးနှစ်၊ အေဒီ ၃၀ ပသခါပွဲ အချိန်တုန်းကလို အရေးယူ လုပ်ဆောင်တယ်။ (ယောဟန် ၂:၁၄-၁၆) ဒီတစ်ကြိမ်တော့ “အဲဒီမှာ ရောင်းဝယ်နေတဲ့ လူတွေကို မောင်းထုတ်တယ်။ ငွေလဲလှယ်သူတွေရဲ့ စားပွဲ၊ ချိုးငှက်ရောင်းသူတွေရဲ့ ခုံကို မှောက်လှန်ပစ်တယ်။” (မာကု ၁၁:၁၅) ဗိမာန်တော်ဝင်းကို ဖြတ်လမ်းအဖြစ်သုံးပြီး ပစ္စည်းတွေ သယ်ဆောင်ဖို့တောင် ခွင့်မပြုဘူး။
ဗိမာန်တော်မှာ ငွေလဲလှယ်ပေးသူတွေ၊ တိရစ္ဆာန်ရောင်းနေသူတွေကို ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် အရေးယူရတာလဲ။ “‘ငါ့အိမ်ကို လူမျိုးအားလုံး ဆုတောင်းရာအိမ်လို့ ခေါ်ကြမယ်’ ဆိုပြီး ကျမ်းစာမှာ ရေးထားပေမဲ့ ခင်ဗျားတို့က အိမ်တော်ကို ဓားပြ ခိုအောင်းတဲ့နေရာ ဖြစ်စေကြပြီ” လို့ ယေရှုပြောတယ်။ (မာကု ၁၁:၁၇) ယဇ်ပူဇော်ဖို့ တိရစ္ဆာန်ဝယ်တဲ့သူတွေဆီကနေ အမြတ်ကြီးစားတဲ့အတွက် သူတို့ကို ဓားပြတွေလို့ ခေါ်လိုက်တာ။ ယေရှုရဲ့အမြင်မှာ သူတို့ရဲ့လုပ်ရပ်က ငွေညှစ်တာ၊ ဓားပြတိုက်တာနဲ့ တူတယ်။
ဒါကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေနဲ့ အကြီးအကဲတွေ ကြားတဲ့အခါ ယေရှုကိုသတ်ဖို့ နည်းလမ်းထပ်ရှာကြပေမဲ့ အခက်တွေ့နေတယ်။ သူ့ကို ဘယ်လို သတ်ရမလဲဆိုတာ စဉ်းစားမရ ဖြစ်နေတယ်။ လူတွေက ယေရှုသွန်သင်တာကို နားထောင်ဖို့ စုရုံးနေကြလို့ပဲ။
ဂျူးတွေရော၊ ဂျူးဘာသာ ပြောင်းဝင်လာသူတွေပါ ပသခါပွဲတက်ဖို့ လာကြတယ်။ ပွဲတော်ချိန်အတွင်း လာဝတ်ပြုတဲ့ သူတွေထဲမှာ ဂရိတွေလည်း ပါတယ်။ သူတို့က ဖိလိပ္ပုဆီလာပြီး ယေရှုနဲ့ တွေ့ချင်တယ်လို့ တောင်းဆိုကြတယ်။ ဖိလိပ္ပုဆိုတဲ့ ဂရိနာမည်ကြောင့် သူ့ကို လာပြောတာ ဖြစ်မယ်။ ပေးတွေ့ သင့်၊ မသင့် ဆုံးဖြတ်ရခက်နေလို့ ဖိလိပ္ပုက အန္ဒြေကို ပြောပြလိုက်တယ်။ အဲဒီနောက် သူတို့နှစ်ယောက်က ဗိမာန်တော်မှာရှိနေတဲ့ ယေရှုဆီသွားပြီး အကျိုးအကြောင်း ပြောပြတယ်။
ယေရှုက ရက်အနည်းငယ်လောက်နေရင် သူသေရတော့မယ်ဆိုတာ သိထားတယ်။ ဒီအချိန်က လူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမယ့်၊ ထင်ပေါ်ကျော်ကြားအောင် လုပ်နေရမယ့် အချိန်မဟုတ်ဘူး။ ဒါကြောင့် တမန်တော်နှစ်ယောက်ကို ပုံပမာတစ်ခုပြောပြီး အဖြေပေးလိုက်တယ်– “လူသား ဘုန်းထင်ရှားမယ့်အချိန် ရောက်လာပြီ။ ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ဂျုံမျိုးစေ့က မြေပေါ်ကျပြီး မပျက်ရင် မျိုးစေ့တစ်စေ့ပဲ ဖြစ်နေမှာပေါ့။ ပျက်သွားရင်တော့ အသီးအများကြီး သီးတတ်တယ်။”—ယောဟန် ၁၂:၂၃၊ ၂၄။
ဂျုံမျိုးစေ့ တစ်စေ့တည်းဆိုရင် တန်ဖိုးမရှိတဲ့ပုံပဲ။ ဒါပေမဲ့ အဲဒီအစေ့ကို မြေကြီးထဲ စိုက်မယ်၊ အစေ့ “ပျက်” သွားမယ်ဆိုရင် အပင်ပေါက်လာပြီး အချိန်တန်တဲ့အခါ အသီးအများကြီး သီးလာပါလိမ့်မယ်။ အဲဒီလိုပဲ ယေရှုဟာ ပြည့်ဝစုံလင်သူ ဖြစ်တယ်။ သူ သေတဲ့အထိ ဘုရားသခင်ကို သစ္စာရှိမယ်ဆိုရင် သူ့လိုမျိုး ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြသူတွေကို ထာဝရအသက် ရစေမှာဖြစ်တယ်။ ဒါကြောင့် “ကိုယ့်အသက်ကို တွယ်တာနေရင် အသက်ဆုံးရှုံးတတ်တယ်။ ဒီလောကမှာ ကိုယ့်အသက်ကို မုန်းရင်တော့ ထာဝရအသက်ရဖို့ ကိုယ့်အသက်ကို စောင့်ရှောက်ရာရောက်လိမ့်မယ်” လို့ပြောတယ်။—ယောဟန် ၁၂:၂၅။
ယေရှုက သူ့အတွက်ပဲ စဉ်းစားနေတာ မဟုတ်မှန်း အခုလို ပြောတယ်– “ကျွန်တော့်ရဲ့အစေခံ ဖြစ်ချင်တဲ့သူဟာ ကျွန်တော့်နောက်ကို လိုက်ရမယ်။ ကျွန်တော်ရှိတဲ့နေရာမှာ သူရှိရမယ်။ ကျွန်တော့်ရဲ့အစေခံ ဖြစ်ချင်တဲ့သူကို အဖဘုရား ဂုဏ်တင်လိမ့်မယ်။” (ယောဟန် ၁၂:၂၆) တကယ်ကောင်းတဲ့ ဆုကျေးဇူးပါပဲ။ အဖဘုရားရဲ့ ဂုဏ်တင်ခြင်း ခံရသူတွေဟာ နိုင်ငံတော်မှာ ခရစ်တော်နဲ့အတူ တွဲဖက် လုပ်ဆောင်ခွင့်ရမှာ ဖြစ်တယ်။
ယေရှုဟာ ကြုံရတော့မယ့် ဆင်းရဲဒုက္ခနဲ့ မချိမဆံ့ ဝေဒနာခံစားပြီး သေရမယ့်အဖြစ်ကို တွေးမိတဲ့အတွက် “အခု ကျွန်တော် စိတ်ဒုက္ခရောက်နေတယ်။ ဘယ်လို ပြောရမလဲ။ အဖ၊ ဒီအချိန်ကနေ လွတ်မြောက်အောင် ကယ်တင်ပေးပါ” လို့ပြောတယ်။ ဒါပေမဲ့ ဘုရားရဲ့အလိုတော် မပြီးမြောက်တာမျိုး သူမလိုချင်ဘူး။ ဒါကြောင့် “ဒီအချိန်အတွက်ပဲ ကျွန်တော် ရောက်လာတာပါ” လို့ ဆက်ပြောတယ်။ (ယောဟန် ၁၂:၂၇) ယေရှုက ပူဇော်သက္ကာအဖြစ် သူ့အသက်ကို ပေးဆပ်ခြင်း အပါအဝင် ဘုရားရည်ရွယ်ထားသမျှကို သဘောတူ လက်ခံတယ်။
-
-
ဂျူးတွေ ဘုရားသခင်ကို ယုံကြည်ကြောင်း တင်ပြမလားယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၀၄
ဘုရားသခင်ကို ယုံကြည်ကြောင်း ဂျူးတွေ တင်ပြမလား
လူတွေ ဘုရားသခင့်အသံ ကြားရ
ပြစ်ဒဏ်စီရင်ခြင်းအတွက် အခြေခံ
နိသန်လ ၁၀ ရက်၊ တနင်္လာနေ့၊ ဗိမာန်တော်မှာ ယေရှုက သူသေရတော့မယ့်အကြောင်း ပြောနေတယ်။ ဘုရားရဲ့နာမည်ကို ဘယ်လောက်ရှုတ်ချစရာ ဖြစ်စေမလဲဆိုတာ စိုးရိမ်နေလို့ “အဖ၊ အဖရဲ့နာမည်ကို ဘုန်းထင်ရှားစေပါ” လို့ပြောလိုက်တော့ “ငါ ဘုန်းထင်ရှားစေခဲ့ပြီ။ နောက်တစ်ကြိမ် ဘုန်းထင်ရှားစေဦးမယ်” ဆိုပြီး ကောင်းကင်ကနေ အသံအကျယ်ကြီး ထွက်ပေါ်လာတယ်။—ယောဟန် ၁၂:၂၇၊ ၂၈။
အနီးနားမှာရပ်နေတဲ့ လူတွေလည်း အဲဒီအသံကို ကြားတဲ့အခါ ဝေခွဲမရ ဖြစ်သွားပြီး မိုးခြိမ်းသံပဲလို့ ပြောကြတယ်။ တချို့ကျတော့ “သူ့ကို ကောင်းကင်တမန် စကားပြောတာ” လို့ ပြောကြတယ်။ (ယောဟန် ၁၂:၂၉) တကယ်တော့ ယေဟောဝါရဲ့ အသံကို သူတို့ ကြားလိုက်ရတာ။ ကမ္ဘာပေါ်မှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း စတင်ကတည်းက ဘုရားအသံကို လူတွေကြားရတာ ဒါဦးဆုံးအကြိမ် မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ သုံးနှစ်ခွဲတုန်းက ယေရှု နှစ်ခြင်းခံချိန်မှာ “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ” ဆိုပြီး ဘုရားသခင်ပြောတာကို နှစ်ခြင်းပေးသူယောဟန် ကြားခဲ့ရတယ်။ အေဒီ ၃၂၊ ပသခါပွဲပြီးနောက်မှာ ယေရှုက ယာကုပ်၊ ယောဟန်နဲ့ ပေတရုတို့ရှေ့မှာ ကိုယ်ယောင်ပြောင်းခဲ့တယ်။ ဒီအချိန်မှာလည်း “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ။ သူ့စကားကို နားထောင်ကြ” ဆိုပြီး ဘုရားသခင်ပြောတာကို သူတို့သုံးယောက် ကြားခဲ့ရတယ်။ (မဿဲ ၃:၁၇။ ၁၇:၅) အခုကတော့ တတိယအကြိမ်ဖြစ်ပြီး ယေဟောဝါ စကားပြောတာကို လူအများကြီး ကြားခဲ့တယ်။
ယေရှုက “ဒီအသံထွက်ပေါ်လာတာ ကျွန်တော့်အတွက် မဟုတ်ဘူး။ ခင်ဗျားတို့အတွက်ပါ” လို့ပြောတယ်။ (ယောဟန် ၁၂:၃၀) သူဟာ ဘုရားသခင့်သားတော်၊ ကြိုဟောထားတဲ့ မေရှိယဖြစ်မှန်း အဲဒီအသံက သက်သေထူနေတယ်။
ယေရှုရဲ့ သစ္စာရှိ အသက်တာလမ်းစဉ်က လူသားတွေ လိုက်လျှောက်သင့်တဲ့ စံနမူနာဖြစ်သလို ဒီလောကရဲ့မင်း စာတန်မာရ်နတ်ဟာ သေဒဏ် စီရင်ခံထိုက်ကြောင်းကိုလည်း အတည်ပြုတယ်။ “ဘုရားသခင်က ဒီလောကကို တရားစီရင်နေပြီ။ ဒီလောကရဲ့မင်းကို နှင်ထုတ်ပစ်လိမ့်မယ်” လို့ယေရှုပြောတယ်။ မကြာခင် ရင်ဆိုင်ရတော့မယ့် ယေရှုရဲ့သေခြင်းဟာ ရှုံးနိမ့်ခြင်းမဟုတ်ဘဲ အောင်ပွဲဖြစ်တယ်။ ဘယ်လိုနည်းနဲ့လဲ။ “ကျွန်တော်ကတော့ မြေပေါ်ကနေ မြှောက်ထားခံရတဲ့အခါ လူအမျိုးမျိုးကို ကျွန်တော့်ဆီ ဆွဲဆောင်မယ်” လို့ ယေရှု ရှင်းပြတယ်။ (ယောဟန် ၁၂:၃၁၊ ၃၂) ယေရှုက သစ်တိုင်ပေါ် အသေခံခြင်းအားဖြင့် လူတွေကို သူ့ဆီ ဆွဲဆောင်ပါလိမ့်မယ်၊ ထာဝရအသက်လမ်းကို ဖွင့်ပေးပါလိမ့်မယ်။
“မြှောက်ထားခံရ” မယ် ဆိုတဲ့စကားကို လူတွေကြားတဲ့အခါ “ခရစ်တော်ဟာ ထာဝစဉ်တည်တယ်လို့ ပညတ်ကျမ်းအရ ကျွန်တော်တို့သိထားတယ်။ ဒါဆိုရင် လူသားဟာ မြှောက်ထားခံရမယ်လို့ ခင်ဗျား ဘာကြောင့်ပြောတာလဲ။ အဲဒီလူသားဟာ ဘယ်သူလဲ” လို့မေးတယ်။ (ယောဟန် ၁၂:၃၄) လူအများစုဟာ သက်သေ အထောက်အထား အားလုံးကို မြင်ရပြီး ဘုရားအသံကိုတောင် ကြားရပေမဲ့ ယေရှုကို စစ်မှန်တဲ့လူသား၊ ကတိထားရာမေရှိယအဖြစ် လက်မခံကြဘူး။
အဲဒီနောက် ယေရှုက အရင်တုန်းက ပြောခဲ့သလို သူ့ကိုယ်သူ “အလင်း” ဆိုပြီးပြောတယ်။ (ယောဟန် ၈:၁၂။ ၉:၅) လူအုပ်ကို သူဒီလိုတိုက်တွန်းတယ်– “အလင်းဟာ ခင်ဗျားတို့နဲ့အတူ ခဏတာပဲ ရှိတော့မှာဖြစ်လို့ အမှောင်မလွှမ်းရလေအောင် အလင်းရှိတုန်းမှာ သွားလာကြပါ။ . . . အလင်းရှိနေတုန်း အလင်းရဲ့သားတွေဖြစ်ဖို့ အလင်းကို ယုံကြည်သက်ဝင်ကြပါ။” (ယောဟန် ၁၂:၃၅၊ ၃၆) အဲဒီနောက် သူတို့ကို တိမ်းရှောင်နေလိုက်တယ်။ နိသန်လ ၁၀ ရက်နေ့ဟာ သူသေရမယ့်နေ့ မဟုတ်လို့ပဲ။ နိသန်လ ၁၄ ရက်၊ ပသခါပွဲနေ့ကျမှ သူ “မြှောက်ထားခံရမယ်၊” တစ်နည်းအားဖြင့် သစ်တိုင်ပေါ်မှာ သံနဲ့ရိုက်ထားခံရမယ်။—ဂလာတိ ၃:၁၃။
ယေရှုရဲ့ အမှုဆောင်လုပ်ငန်းကို ပြန်ကြည့်ရင် ဂျူးတွေ သူ့ကို မယုံကြည်တာက ပရောဖက်ပြုချက် ပြည့်စုံလာတာပဲ။ ဒီလူမျိုးဟာ မျက်စိမမြင်ဘူး၊ ခေါင်းမာတယ်၊ သူတို့ ပြန်မလှည့်လာတော့ ကုသပေးလို့လည်း ရမှာမဟုတ်ဘူးလို့ ဟေရှာယ ကြိုဟောခဲ့တယ်။ (ဟေရှာယ ၆:၁၀။ ယောဟန် ၁၂:၄၀) မှန်ပါတယ်၊ ဂျူးအများစုက ယေရှုဟာ ကတိထားရာ ကယ်တင်ရှင်ဖြစ်ကြောင်း၊ အသက်ရစေတဲ့ လမ်းဖြစ်ကြောင်း အထောက်အထားကို ခေါင်းမာမာနဲ့ ငြင်းဆန်ကြတယ်။
နိကောဒင်၊ အရိမသဲမြို့သား ယောသပ်နဲ့ တခြား မင်းအရာရှိ အတော်များများက ယေရှုကို “ယုံကြည်သက်၀င်လာ” ကြတယ်။ ဒါပေမဲ့ ယုံကြည်ကြောင်းကို လုပ်ရပ်နဲ့ ပြမလား ဒါမှမဟုတ် တရားဇရပ်ကနေ နှင်ထုတ်ခံရမှာ စိုးရိမ်လို့၊ “လူတွေရဲ့မျက်နှာသာရ” ချင်လို့ ယေရှုကို ယုံကြည်တယ်ဆိုတာ ဖုံးကွယ်ထားကြမလား။—ယောဟန် ၁၂:၄၂၊ ၄၃။
ယေရှုက သူ့ကို ယုံကြည်ခြင်းမှာ ဘာတွေပါဝင်မှန်း အခုလို ရှင်းပြတယ်– “ကျွန်တော့်ကို ယုံကြည်တဲ့သူဟာ ကျွန်တော့်ကိုသာမက ကျွန်တော့်ကိုစေလွှတ်တဲ့ အရှင်ကိုလည်း ယုံကြည်တယ်။ ကျွန်တော့်ကို မြင်တဲ့သူဟာ ကျွန်တော့်ကိုစေလွှတ်တဲ့ အရှင်ကိုလည်း မြင်တယ်။” ယေရှုကို ဘုရား သွန်သင်ခိုင်းတဲ့စကားတွေဟာ သိပ်အရေးကြီးတဲ့ အမှန်တရားတွေပဲ။ ဒါကြောင့် “ကျွန်တော့်ကို အလေးမထားတဲ့သူ၊ ကျွန်တော့်စကားတွေကို လက်မခံတဲ့သူကို ပြစ်ဒဏ်စီရင်မယ့်အရာ ရှိတယ်။ နောက်ဆုံးသောနေ့မှာ သူ့ကို ပြစ်ဒဏ်စီရင်မယ့်အရာဟာ ကျွန်တော်ပြောခဲ့တဲ့ စကားတွေပဲ” လို့ ယေရှုပြောတယ်။—ယောဟန် ၁၂:၄၄၊ ၄၅၊ ၄၈။
ဒီနောက် ယေရှု ဒီလို နိဂုံးချုပ်တယ်– “ကျွန်တော်က ကိုယ့်သဘောနဲ့ကိုယ် ပြောတာမဟုတ်ဘူး။ စေလွှတ်လိုက်တဲ့ အဖဘုရားက ကျွန်တော် ဘာတွေပြောရမယ်၊ ဘာတွေ သင်ပေးရမယ်ဆိုတာကို မိန့်မှာထားတယ်။ အဖဘုရားရဲ့ မိန့်မှာချက်တွေဟာ ထာဝရအသက်ရစေမယ်ဆိုတာ ကျွန်တော်သိတယ်။” (ယောဟန် ၁၂:၄၉၊ ၅၀) မိမိကို ယုံကြည်သက်ဝင်တဲ့ လူသားတွေအတွက် မိမိရဲ့အသက်သွေးကို ပူဇော်သကာအဖြစ် သွန်းလောင်းရတော့မယ်ဆိုတာ ယေရှု သိတယ်။—ရောမ ၅:၈၊ ၉။
-