-
သဖန်းပင်ကိုသုံးပြီး ယုံကြည်ခြင်းအကြောင်းသွန်သင်ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၀၅
သဖန်းပင်ကိုသုံးပြီး ယုံကြည်ခြင်းအကြောင်း သွန်သင်
မဿဲ ၂၁:၁၉-၂၇ မာကု ၁၁:၁၉-၃၃ လုကာ ၂၀:၁-၈
ခြောက်သွေ့တဲ့ သဖန်းပင်ကို သုံးပြီး ယုံကြည်ခြင်းအကြောင်း သွန်သင်ပေး
ယေရှုရဲ့ အခွင့်အာဏာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်
ယေရှုက တနင်္လာနေ့ညနေမှာ ဂျေရုဆလင်ကနေ ထွက်လာပြီး သံလွင်တောင် အရှေ့ဘက် တောင်စောင်းမှာရှိတဲ့ ဗေသနိရွာကို ပြန်လာတယ်။ သူ့မိတ်ဆွေတွေဖြစ်တဲ့ လာဇရု၊ မာရိ၊ မာသတို့အိမ်မှာ ညအိပ်ပုံပဲ။
နိသန်လ ၁၁ ရက်နေ့ မနက်မှာ ယေရှုနဲ့ တပည့်တွေ ဂျေရုဆလင်မြို့ကို ဦးတည်ကြပြန်တယ်။ ဒီနေ့ ဗိမာန်တော်ကိုသွားတာ နောက်ဆုံးအကြိမ်ပဲ။ ပသခါပွဲ မကျင်းပခင်၊ သူ့ရဲ့ သေခြင်းအောက်မေ့ရာပွဲကို အစမပြုခင် လူထုရှေ့ အမှုဆောင်တာလည်း နောက်ဆုံးပဲ။ ဒါပြီးရင် နှိပ်စက်ညှဉ်းပန်းခံရပြီး အသတ်ခံရတော့မယ်။
ဗေသနိရွာကနေ သံလွင်တောင်ကိုဖြတ်ပြီး ဂျေရုဆလင်ကို သွားနေတုန်း ပေတရုက မနေ့ မနက်က ယေရှုကျိန်လိုက်တဲ့ အပင်ကို တွေ့သွားတယ်။ ဒါနဲ့ “ဆရာ၊ ကြည့်ပါဦး။ ဆရာကျိန်လိုက်တဲ့ သဖန်းပင်ဟာ ခြောက်နေပြီ” လို့ပြောတယ်။—မာကု ၁၁:၂၁။
ယေရှုက အပင်ကို ဘာလို့ ကျိန်လိုက်တာလဲ။ သူပြောတဲ့စကားမှာ အဖြေတွေ့ရတယ်– “ကျွန်တော် မှန်တာကိုပြောမယ်။ ခင်ဗျားတို့သာ ယုံကြည်ခြင်းရှိမယ်၊ သံသယစိတ် ကင်းမယ်ဆိုရင် သဖန်းပင်ကို ကျွန်တော်လုပ်သလို လုပ်နိုင်မယ်။ ဒါ့အပြင် ဒီတောင်ကို ‘နေရာကနေ ရွေ့ပြီး ပင်လယ်ထဲကျစေ’ လို့ ပြောရင်တောင် အဲဒီအတိုင်း ဖြစ်လိမ့်မယ်။ ယုံကြည်ခြင်းအပြည့်နဲ့ ဆုတောင်းရင် တောင်းသမျှ ရလိမ့်မယ်။” (မဿဲ ၂၁:၂၁၊ ၂၂) ယုံကြည်ခြင်းရှိရင် တောင်ကို ရွှေ့နိုင်တယ်ဆိုပြီး အစောပိုင်းတုန်းက ပြောခဲ့တဲ့အချက်ကို ယေရှု ထပ်ပြောနေတာ။—မဿဲ ၁၇:၂၀။
ဒါကြောင့် အပင်ခြောက်သွားအောင် ယေရှုကျိန်လိုက်တာက ဘုရားသခင်ကို ယုံကြည်ဖို့လိုကြောင်း အရေးကြီးသင်ခန်းစာ သင်ပေးတာပဲ။ “ရကိုရမယ်လို့ ယုံကြည်ပြီး ခင်ဗျားတို့ ဆုတောင်းရင် တောင်းသမျှ ရလိမ့်မယ်” လို့ ယေရှုပြောတယ်။ (မာကု ၁၁:၂၄) တပည့်အားလုံးအတွက် သိပ်အရေးကြီးတဲ့ သင်ခန်းစာပါပဲ။ အထူးသဖြင့် မကြာခင်မှာ ခက်ခဲတဲ့ စမ်းသပ်မှုတွေ ကြုံရတော့မယ့် တမန်တော်တွေအတွက် တကယ့်ကို သင့်လျော်တဲ့ သင်ခန်းစာပဲ။ ဒါပေမဲ့ ခြောက်သွားတဲ့ သဖန်းပင်နဲ့ ယုံကြည်ခြင်းကြားမှာ ဆက်စပ်မှုတစ်ခု ရှိသေးတယ်။
အဲဒီသဖန်းပင်လိုပဲ အစ္စရေးလူမျိုးကလည်း လှည့်စားတဲ့ အသွင်ရှိတယ်။ သူတို့ဟာ ဘုရားနဲ့ ပဋိညာဉ်ဖွဲ့ထားတဲ့ လူမျိုးဖြစ်နေတော့ အပြင်ပန်းကြည့်ရင် ဘုရားပညတ်ကို လိုက်နာနေပုံပဲ။ ဒါပေမဲ့ လူမျိုးတစ်မျိုးလုံးအနေနဲ့ကြည့်ရင် ယုံကြည်ခြင်းကင်းမဲ့ပြီး အသီးကောင်းတွေ မသီးကြဘူး။ ဘုရားရဲ့သားကိုတောင် ငြင်းပယ်ကြတယ်။ ယေရှုက အသီးမသီးတဲ့ သဖန်းပင်ကို ခြောက်သွေ့စေခြင်းအားဖြင့် ယုံကြည်ခြင်း ကင်းမဲ့တဲ့၊ အသီးမသီးတဲ့ အစ္စရေးလူမျိုး ဘယ်လို နိဂုံးချုပ်မယ်ဆိုတာ ဖော်ပြလိုက်တာပဲ။
ခဏကြာတော့ ယေရှုနဲ့ တပည့်တွေ ဂျေရုဆလင်မြို့ထဲ ဝင်လာတယ်။ ယေရှုက ထုံးစံရှိတဲ့အတိုင်း ဗိမာန်တော်ကိုသွားပြီး စတင်သွန်သင်တယ်။ ဗိမာန်တော်မှာ ငွေလဲလှယ်ပေးသူတွေကို မနေ့က ယေရှုဘာလုပ်ခဲ့မှန်း ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေ သတိရသွားပုံပဲ။ ဒါကြောင့် ယေရှုဆီ ရောက်လာပြီး “ခင်ဗျားက ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တာလဲ။ ဘယ်သူက ဒီအခွင့်အာဏာ ပေးထားလို့လဲ” ဆိုပြီး မေးခွန်းထုတ်တော့တယ်။—မာကု ၁၁:၂၈။
ဒါနဲ့ ယေရှု ဒီလိုပြန်ဖြေတယ်– “ကျွန်တော် တစ်ခုမေးမယ်။ ဖြေကြပါ။ ဒါဆိုရင် ကျွန်တော်လည်း ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တယ်ဆိုတာ ပြောပြမယ်။ ယောဟန်က ဘယ်သူ့ဆီက အခွင့်အာဏာနဲ့ နှစ်ခြင်းပေးတာလဲ။ ဘုရားဆီကလား။ လူတွေဆီကလား။” အခုတော့ အတိုက်အခံလုပ်သူတွေ ပြန်အမေးခံနေရပြီ။ ပုရောဟိတ်တွေ၊ အကြီးအကဲတွေက “‘ဘုရားဆီက’ လို့ ဖြေလိုက်ရင် ‘ဒါဆို ယောဟန်ကို ဘာလို့မယုံတာလဲ’ ဆိုပြီး မေးနေဦးမယ်။ ‘လူတွေဆီက’ လို့လည်း ငါတို့မဖြေရဲဘူး” လို့ အချင်းချင်း တိုင်ပင်ကြတယ်။ လူအုပ်ကိုကြောက်လို့ အဲဒီလို တိုင်ပင်ကြတာ။ “လူအားလုံးက ယောဟန်ကို ပရောဖက်အစစ်လို့ ယူမှတ်ထား” ကြတယ်။—မာကု ၁၁:၂၉-၃၂။
အတိုက်အခံလုပ်သူတွေက အဖြေမှန် မပေးနိုင်တာကြောင့် “မသိဘူး” လို့ပြန်ဖြေတော့ ယေရှုက “ကျွန်တော်လည်း ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တယ်ဆိုတာ မပြောပြဘူး” လို့ပြန်ပြောလိုက်တယ်။—မာကု ၁၁:၃၃။
-
-
စပျစ်ခြံပုံဥပမာနှစ်ခုယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၀၆
စပျစ်ခြံပုံဥပမာနှစ်ခု
မဿဲ ၂၁:၂၈-၄၆ မာကု ၁၂:၁-၁၂ လုကာ ၂၀:၉-၁၉
သားနှစ်ယောက် ပုံဥပမာ
စပျစ်ခြံလုပ်သားများ ပုံဥပမာ
ဗိမာန်တော်မှာ ယေရှုက သူ့အခွင့်အာဏာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တဲ့ ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေကို အနိုင်ယူလိုက်တယ်။ ယေရှုပြန်ပြောတဲ့စကားကြောင့် သူတို့ နှုတ်ပိတ်သွားတယ်။ ဒါနဲ့ ယေရှုက သူတို့ ဘယ်လို လူစားမျိုးဖြစ်မှန်း ဖော်ထုတ်ဖို့ ပုံဥပမာတစ်ခု ပြောတယ်။
“လူတစ်ယောက်မှာ သားနှစ်ယောက်ရှိတယ်။ သူက သားကြီးကို ‘သား၊ ဒီနေ့ စပျစ်ခြံမှာ အလုပ်သွားလုပ်ပါ’ လို့ခိုင်းတော့၊ သားကြီးက ‘မသွားဘူး’ လို့ပြောတယ်။ နောက်မှ နောင်တရပြီး စပျစ်ခြံဆီ ထွက်သွားတယ်။ သားငယ်ဆီသွားပြီး အဲဒီအတိုင်း ခိုင်းတဲ့အခါ ‘ဟုတ်ကဲ့’ လို့ပြောပေမဲ့ မသွားဘူး။ အဲဒီသားနှစ်ယောက်ထဲမှာ ဘယ်သူက အဖေ့စကား နားထောင်သလဲ။” (မဿဲ ၂၁:၂၈-၃၁) အဖြေကတော့ ရှင်းပါတယ်၊ နောက်ဆုံးမှာ အဖေခိုင်းတဲ့အတိုင်းလုပ်တဲ့ သားကြီးပါပဲ။
ဒါကြောင့် အတိုက်အခံလုပ်သူတွေကို ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်။ အခွန်ခံတွေ၊ ပြည့်တန်ဆာတွေက ခင်ဗျားတို့ထက်အရင် ဘုရားသခင့်နိုင်ငံကို ဝင်ကြလိမ့်မယ်” လို့ပြောတယ်။ အခွန်ခံတွေ၊ ပြည့်တန်ဆာတွေက အစပိုင်းမှာ ဘုရားအမှုတော် မဆောင်ကြဘူး။ ဒါပေမဲ့ သားကြီးလိုပဲ သူတို့က နောက်ပိုင်းမှာ နောင်တရပြီး ဘုရားအမှုတော် ဆောင်နေကြတယ်။ ဘာသာရေး ခေါင်းဆောင်တွေကျတော့ သားငယ်နဲ့ တူတယ်။ ဘုရားအမှုတော် ဆောင်ပါတယ်လို့ ပြောနေပေမဲ့ တကယ်တမ်း အဲဒီလို လုပ်နေတာမဟုတ်ဘူး။ ဒါကြောင့် ယေရှုက “[နှစ်ခြင်းပေးသူ] ယောဟန်ရောက်လာပြီး ဖြောင့်မတ်ခြင်းတရားလမ်းကို ပြညွှန်ပေမဲ့ သူ့ကို ခင်ဗျားတို့ မယုံကြည်ဘူး။ အခွန်ခံတွေ၊ ပြည့်တန်ဆာတွေကတော့ ယုံကြည်တယ်။ ဒါကို ခင်ဗျားတို့ မြင်ပြီးနောက်မှာတောင် မယုံကြည်ကြဘူး။ နောင်တမရကြဘူး” လို့ မှတ်ချက်ချတယ်။—မဿဲ ၂၁:၃၁၊ ၃၂။
နောက်ပုံဥပမာတစ်ခုကို ဆက်ပြောတယ်။ ဒီတစ်ခါမှာတော့ ဘာသာရေးခေါင်းဆောင်တွေဟာ ဘုရားအမှုတော် မဆောင်ရုံတင် မကဘူး၊ အဲဒါထက် ပိုဆိုးညစ်တယ်လို့ ယေရှု ဖော်ပြတယ်။ ပုံဥပမာကတော့– “လူတစ်ယောက်က စပျစ်ခြံကို စိုက်ပျိုးပြီး ခြံစည်းရိုးခတ်တယ်။ စပျစ်သီးနယ်ဖို့ ကျင်းကိုတူးပြီး လင့်စင်ဆောက်တယ်။ ပြီးတော့ ခြံလုပ်သားတွေကို သီးစားချပြီးတဲ့နောက် ခရီးထွက်သွားတယ်။ အသီးခူးချိန် ရောက်တဲ့အခါ ခြံလုပ်သားတွေဆီ ကျွန်တစ်ယောက် လွှတ်ပြီး သူရမယ့် ဝေစုကို တောင်းခိုင်းတယ်။ ဒါပေမဲ့ ခြံလုပ်သားတွေက ကျွန်ကို ဖမ်းဆီးရိုက်နှက်ပြီး လက်ဗလာနဲ့ ပြန်လွှတ်လိုက်တယ်။ ကျွန်နောက်တစ်ယောက်ကို လွှတ်တဲ့အခါ ခြံလုပ်သားတွေက သူ့ခေါင်းကို ရိုက်ပြီး အရှက်ခွဲလိုက်တယ်။ နောက်တစ်ယောက်ကို ထပ်လွှတ်တော့လည်း သတ်လိုက်ပြန်တယ်။ ဒါနဲ့ ကျွန်အများကြီးကို လွှတ်တဲ့အခါ တချို့ကို ရိုက်နှက်ပြီး တချို့ကို သတ်ပစ်တယ်။”—မာကု ၁၂:၁-၅။
နားထောင်နေသူတွေဟာ ပုံဥပမာရဲ့ ဆိုလိုရင်းကို နားလည်ကြသလား။ သူတို့အနေနဲ့ ဟေရှာယကတစ်ဆင့် ဘုရားသခင်ပြောတဲ့ ဒီစကားတွေကို သတိရကြမှာပဲ– “အစ္စရေးအမျိုးဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ စပျစ်ခြံပဲ။ ယုဒလူတွေဟာ ငါမြတ်နိုးတဲ့ စိုက်ခင်းပဲ။ တရားမျှတမှုကို ငါမျှော်လင့်နေပေမဲ့ မတရားမှုတွေပဲ ရှိနေတယ်။” (ဟေရှာယ ၅:၇) ယေရှုပြောတဲ့ ပုံဥပမာမှာလည်း စပျစ်ခြံပိုင်ရှင်ဟာ ယေဟောဝါဘုရားဖြစ်ပြီး စပျစ်ခြံကတော့ အစ္စရေးလူမျိုးဖြစ်တယ်။ သူတို့ကို ဘုရားပညတ်နဲ့ ခြံစည်းရိုးခတ်ထားပြီး ကာကွယ်ပေးထားတယ်။ ယေဟောဝါဘုရားက ပရောဖက်တွေ စေလွှတ်ပြီး သူ့လူမျိုးကို သွန်သင်ပေးတယ်၊ အသီးကောင်းတွေ သီးလာအောင် ကူညီပေးတယ်။
ဒါပေမဲ့ “ခြံလုပ်သားတွေက” ခြံပိုင်ရှင် စေလွှတ်လိုက်တဲ့ “ကျွန်တွေကို” ရိုက်နှက်ကြတယ်၊ သတ်ပစ်ကြတယ်။ ယေရှု ဒီလိုဆက်ပြောတယ်– “ခြံပိုင်ရှင်မှာ ချစ်ရတဲ့ သားတစ်ယောက် ရှိတယ်။ နောက်ဆုံးမှာ ‘ငါ့သားကိုတော့ လေးစားကြမှာပါ’ လို့တွေးပြီး သားကို လွှတ်လိုက်တယ်။ ဒါပေမဲ့ ခြံလုပ်သားတွေက ‘ဒီခြံကို အမွေဆက်ခံမယ့်သူပဲ။ သူ့ကို သတ်ပစ်ရအောင်။ ဒါဆိုရင် သူ့အမွေကို ငါတို့ရပြီ’ လို့တိုင်ပင်ကြတယ်။ ဒါနဲ့ သူ့ကို ဖမ်းဆီးသတ်ဖြတ်” လိုက်တယ်။—မာကု ၁၂:၆-၈။
“ဒီတော့ ခြံပိုင်ရှင် ဘာလုပ်မလဲ” ဆိုပြီး ယေရှုမေးတယ်။ (မာကု ၁၂:၉) “ဒီလူယုတ်မာတွေကို သတ်ပစ်မှာပေါ့။ စပျစ်ခြံကိုတော့ အသီးခူးချိန်မှာ သီးစားခပေးမယ့် တခြားခြံလုပ်သားတွေဆီ ငှားပါလိမ့်မယ်” လို့ ဘာသာရေးခေါင်းဆာင်တွေ ဖြေကြတယ်။—မဿဲ ၂၁:၄၁။
ဒီလိုနည်းနဲ့ သူတို့ကိုယ် သူတို့ ပြစ်ဒဏ်စီရင်မိလျက်သား ဖြစ်သွားတယ်။ အကြောင်းကတော့ သူတို့ဟာ ယေဟောဝါဘုရားရဲ့ “စပျစ်ခြံ” ထဲက “ခြံလုပ်သားတွေ၊” တစ်နည်းအားဖြင့် အစ္စရေးလူမျိုးအဝင် ဖြစ်လို့ပဲ။ အဲဒီခြံလုပ်သားတွေဆီကနေ ယေဟောဝါဘုရားမျှော်လင့်တဲ့ အသီးကတော့ ဘုရားရဲ့သားတော်၊ မေရှိယကို ယုံကြည်ဖို့ပါ။ ယေရှုက အဲဒီ ဘာသာရေး ခေါင်းဆောင်တွေကို စူးစိုက်ကြည့်ပြီး “ဒီကျမ်းစကားကို ခင်ဗျားတို့ မဖတ်ဖူးကြဘူးလား– ‘တိုက်ကို တည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ဟာ ထိပ်ဆုံးက ထောင့်ချုပ်ကျောက် ဖြစ်လာပြီ။ ဒီကျောက်ဟာ ယေဟောဝါဆီက လာတယ်။ ငါတို့အမြင်မှာ အံ့ဩစရာပဲ’ ဆိုတဲ့ စကားပဲ” လို့ ပြောလိုက်တယ်။ (မာကု ၁၂:၁၀၊ ၁၁) ပြီးတော့ “ကျွန်တော်ပြောမယ်။ ဘုရားသခင့် နိုင်ငံတော်ကို ခင်ဗျားတို့ဆီကနေ ရုပ်သိမ်းပြီး သီးပွင့်ဖြစ်ထွန်းမယ့် လူမျိုးကို အပ်လိမ့်မယ်” ဆိုပြီး သူပြောချင်တဲ့အချက်ကို ရှင်းရှင်းလေး ပြောလိုက်တယ်။—မဿဲ ၂၁:၄၃။
ကျမ်းတတ်နဲ့ ပုရောဟိတ်ကြီးတွေက ယေရှု “သူတို့ကိုရည်ရွယ်ပြီး ပြောနေမှန်း ရိပ်မိကြတယ်။” (လုကာ ၂၀:၁၉) ဒါကြောင့် “အမွေဆက်ခံသူ” ဖြစ်တဲ့ ယေရှုကို ပိုပြီးတော့တောင် သတ်ပစ်ချင်ကြတယ်။ ဒါပေမဲ့ ယေရှုကို ပရောဖက်လို့ ယူမှတ်နေတဲ့ လူအုပ်ကိုကြောက်လို့ ဒီအချိန်မှာ မဖမ်းရဲကြဘူး။
-
-
ဘုရင်ကြီးက မင်္ဂလာပွဲတက်ရောက်ဖို့ လူတွေကိုဖိတ်ခေါ်ခိုင်းယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၀၇
မင်္ဂလာပွဲတက်ရောက်ဖို့ လူတွေကို ဘုရင်ကြီးက ဖိတ်ခေါ်ခိုင်း
မင်္ဂလာပွဲ ပုံဥပမာ
ယေရှုက သူ့ရဲ့အမှုဆောင်လုပ်ငန်း ပြီးဆုံးခါနီးမှာ ကျမ်းတတ်နဲ့ ပုရောဟိတ်ကြီးတွေ အကြောင်းကို ပုံဥပမာတွေသုံးပြီး ဆက်ဖော်ထုတ်တယ်။ ဒါကြောင့်လည်း သူတို့က ယေရှုကို သတ်ချင်နေတာ။ (လုကာ ၂၀:၁၉) ယေရှုကတော့ ဆက်ဖော်ထုတ်နေတုန်းပဲ။ နောက်ပုံဥပမာတစ်ခုကို သူပြောပြတယ်–
“ကောင်းကင်နိုင်ငံကို သားအတွက် မင်္ဂလာပွဲပြင်ဆင်တဲ့ ဘုရင်ကြီးတစ်ပါးနဲ့ ခိုင်းနှိုင်းနိုင်တယ်။ ဘုရင်ကြီးက ဖိတ်ခေါ်ထားသူတွေဆီ ကျွန်တွေ လွှတ်ပြီး ခေါ်ခိုင်းလိုက်ပေမဲ့ တစ်ယောက်မှ မလာချင်ကြဘူး။” (မဿဲ ၂၂:၂၊ ၃) ယေရှုက ပုံဥပမာကို “ကောင်းကင်နိုင်ငံ” နဲ့အစပြုတာကြောင့် “ဘုရင်ကြီး” က ယေဟောဝါဘုရား ဖြစ်ရမယ်။ ဒါဆို ဘုရင်ကြီးရဲ့ သားနဲ့ ဖိတ်ခေါ်ခံရသူတွေက ဘယ်သူတွေလဲ။ ဘုရင်ကြီးရဲ့သားဆိုတာ ဒီပုံဥပမာကို ပြောပြနေသူ၊ ယေဟောဝါဘုရားရဲ့ သားတော်ဖြစ်မှန်း သိနိုင်ပါတယ်။ ဖိတ်ခေါ်ခံရသူတွေကတော့ ကောင်းကင်နိုင်ငံတော်မှာ သားတော်နဲ့အတူ ရှိမယ့်သူတွေ ဖြစ်တယ်။
ဘယ်သူတွေ ဦးဆုံး ဖိတ်ခေါ်ခံရသလဲ။ ယေရှုနဲ့ တမန်တော်တွေက ဘယ်သူတွေကို နိုင်ငံတော်အကြောင်း ဟောပြောသလဲဆိုတာ စဉ်းစားကြည့်ပါ။ ဂျူးတွေကို မဟုတ်လား။ (မဿဲ ၁၀:၆၊ ၇။ ၁၅:၂၄) ဘီစီ ၁၅၁၃ မှာ ဒီလူမျိုးဟာ ပညတ်ပဋိညာဉ်ကို လက်ခံခြင်းအားဖြင့် “ပုရောဟိတ်အုပ်ချုပ်တဲ့နိုင်ငံ” ထူထောင်ဖို့ ဦးဆုံး လျာထားခံရသူတွေ ဖြစ်လာတယ်။ (ထွက်မြောက်ရာ ၁၉:၅-၈) ဒါပေမဲ့ ဘယ်အချိန်ရောက်မှ “မင်္ဂလာပွဲ” ကို သူတို့ တကယ် ဖိတ်ခေါ်ခံရသလဲ။ ကောင်းကင်နိုင်ငံတော်အကြောင်း ယေရှု စဟောပြောချိန်၊ အေဒီ ၂၉ ရောက်မှ ဖိတ်ခေါ်ခြင်း စခဲ့တာ။
အစ္စရေးလူမျိုးအများစု ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။ ယေရှုပြောတဲ့အတိုင်း “တစ်ယောက်မှ မလာချင်ကြဘူး။” ဘာသာရေးခေါင်းဆောင် အများစုနဲ့ လူတွေဟာ ယေရှုကို မေရှိယအဖြစ်၊ ဘုရားရွေးချယ်ထားတဲ့ ဘုရင်အဖြစ် လက်မခံခဲ့ကြဘူး။
ဒါပေမဲ့ ဂျူးတွေမှာ နောက်ထပ် အခွင့်အရေး ရှိသေးမှန်း အခုလို ပြောတယ်– “[ဘုရင်ကြီးက] တခြားကျွန်တွေ ထပ်လွှတ်ပြီး “‘စားသောက်ပွဲကို ငါပြင်ဆင်ထားပြီ။ နွားတွေ၊ ဆူဖြိုးတဲ့တိရစ္ဆာန်တွေကို သတ်ပြီးပြီ။ အားလုံး အသင့်ဖြစ်နေပြီ။ မင်္ဂလာပွဲကို လာကြပါ” လို့ ဖိတ်ခေါ်ထားသူတွေကို ပြောလိုက်’ ဆိုပြီး မှာတယ်။ ဒါပေမဲ့ သူတို့ အရေးမစိုက်ကြဘူး။ တစ်ယောက်က လယ်ထဲ ထွက်သွားတယ်။ နောက်တစ်ယောက်က အရောင်းအဝယ်လုပ်ဖို့ ထွက်သွားတယ်။ တချို့ကျတော့ လွှတ်လိုက်တဲ့ ကျွန်တွေကို ဖမ်းဆီး၊ ရိုက်နှက်ပြီး သတ်လိုက်တယ်။” (မဿဲ ၂၂:၄-၆) အဲဒါက ခရစ်ယာန်အသင်းတော် တည်ထောင်ချိန်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ တူညီတယ်။ အဲဒီအချိန်မှာ ဂျူးတွေက နိုင်ငံတော်ဝင်ဖို့ အခွင့်အရေး ရှိသေးတယ်။ ဒါပေမဲ့ အများစုက ဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့တယ်။ “ဘုရင်ကြီးရဲ့ကျွန်တွေ” ကိုတောင် နှိပ်စက်ညှဉ်းပန်းခဲ့တယ်။—တမန်တော် ၄:၁၃-၁၈။ ၇:၅၄၊ ၅၈။
ဒါကြောင့် သူတို့ ဘာကြုံရသလဲ။ “ဒါနဲ့ ဘုရင်ကြီးက ဒေါသထွက်ပြီး စစ်သည်တွေကို လွှတ်လိုက်တယ်။ အဲဒီ လူသတ်သမားတွေကို ကွပ်မျက်ပြီး မြို့ကို မီးရှို့ပစ်တယ်” လို့ ယေရှုပြောတယ်။ (မဿဲ ၂၂:၇) အေဒီ ၇၀ မှာ ရောမတွေ ဂျေရုဆလင် “မြို့ကို” ဖျက်ဆီးတဲ့အခါ ဂျူးတွေ အဲဒီအဖြစ်ဆိုး ကြုံခဲ့ရတယ်။
ဘုရင်ကြီးရဲ့ ဖိတ်ခေါ်ချက်ကို သူတို့ ငြင်းလိုက်လို့ ဘယ်သူ့ကိုမှ မဖိတ်ခေါ်တော့ဘူးဆိုတဲ့ သဘောလား။ ပုံဥပမာအရ ဆိုရင်တော့ မဟုတ်ပါဘူး။ ယေရှု အခုလို ဆက်ပြောတယ်– “အဲဒီနောက် [ဘုရင်ကြီးက] သူ့ကျွန်တွေကို ‘မင်္ဂလာပွဲ အသင့်ဖြစ်နေပေမဲ့ အဲဒီလူတွေဟာ မင်္ဂလာပွဲတက်ဖို့ မထိုက်တန်ဘူး။ ဒါကြောင့် လမ်းမတွေကို သွားပြီး တွေ့သမျှလူတွေကို မင်္ဂလာပွဲလာဖို့ ဖိတ်ခေါ်ကြ’ လို့ပြောတယ်။ ကျွန်တွေလည်း လမ်းပေါ်ထွက်သွားပြီး လူဆိုးလူကောင်းမကျန် တွေ့သမျှကို ခေါ်လာတယ်။ ဒီလိုနဲ့ မင်္ဂလာခန်းမတစ်ခုလုံး လူပြည့်သွားတယ်။”—မဿဲ ၂၂:၈-၁၀။
မှတ်သားစရာက၊ နောက်ပိုင်းမှာ တမန်တော်ပေတရုက (ဂျူးလူမျိုးလည်း မဟုတ်၊ ဂျူးဘာသာ ပြောင်းဝင်လာသူလည်း မဟုတ်တဲ့) လူမျိုးခြားတွေကို ခရစ်ယာန်စစ်တွေ ဖြစ်လာအောင် ကူညီပေးခဲ့တယ်။ အေဒီ ၃၆ မှာ ရောမတပ်မှူး ကော်နေလိနဲ့ သူ့မိသားစုဟာ ဘုရားသခင့်စွမ်းအားတော် ရရှိပြီး ကောင်းကင်နိုင်ငံတော် ၀င်ခွင့်ရခဲ့တယ်။—တမန်တော် ၁၀:၁၊ ၃၄-၄၈။
ယေရှု အခုလို ဆက်ပြောတယ်– “ဘုရင်ကြီးက ဧည့်သည်တွေကို လာကြည့်တဲ့အခါ မင်္ဂလာပွဲတက်ဝတ်စုံ မဝတ်ထားတဲ့ လူတစ်ယောက်ကို တွေ့သွားတယ်။ ဒါနဲ့ ‘မိတ်ဆွေ၊ မင်္ဂလာပွဲတက်ဝတ်စုံ မဝတ်ဘဲ ဘာလို့ဝင်လာသလဲ’ ဆိုပြီး မေးတဲ့အခါ သူမဖြေနိုင်ဘူး။ ဘုရင်ကြီးက ‘သူ့ခြေလက်တွေကို ကြိုးတုပ်ပြီး အပြင်ဘက် မှောင်မိုက်အရပ်ဆီ ဆွဲထုတ်သွားကြ။ အဲဒီမှာ ငိုကြွေးပြီး အံကြိတ်ခံပြင်းနေပါစေ’ လို့ မင်းမှုထမ်းတွေကို အမိန့်ပေးတယ်။ ဖိတ်ခေါ်ခံရသူတွေ များပေမဲ့ ရွေးချယ်ခံရသူတွေ နည်းတယ်။” ဒီအချက်က ပွဲတက်လာသူတိုင်းကို “ဘုရင်ကြီး” လက်ခံမှာ မဟုတ်ကြောင်း ဖော်ပြနေတယ်။—မဿဲ ၂၂:၁၁-၁၄။
နားထောင်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေက ယေရှုပြောတဲ့ စကားတွေရဲ့ ဆိုလိုရင်းကို နားလည်ပုံ မရဘူး။ ဘာပဲဖြစ်ဖြစ်၊ ယေရှုပြောတာတွေကို မကြိုက်တာတော့ အမှန်ပဲ။ ဒါကြောင့် သူတို့ကို စိတ်အနှောင့်အယှက် ပေးနေတဲ့လူကို ရှင်းပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပိုခိုင်မာလာတယ်။
-
-
ယေရှုကို အကွက်ဆင်ဖမ်းပေမဲ့ မအောင်မြင်ကြယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၀၈
ယေရှုကို အကွက်ဆင်ဖမ်းပေမဲ့ မအောင်မြင်ကြ
မဿဲ ၂၂:၁၅-၄၀ မာကု ၁၂:၁၃-၃၄ လုကာ ၂၀:၂၀-၄၀
ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ
ရှင်ပြန်ထမြောက်ချိန်မှာ ထိမ်းမြားပေးစားခြင်း ရှိမလား
အရေးကြီးဆုံး ပညတ်တွေ
ယေရှုရဲ့ရန်သူတွေ ဒေါသထွက်နေကြတယ်။ ယေရှုက ပုံဥပမာတွေသုံးပြီး သူတို့ရဲ့ ဆိုးညစ်မှုတွေကို ဖော်ထုတ်နေတာကိုး။ အခု ဖာရိရှဲတွေက သူ့ကို အကွက်ဆင်ဖမ်းဖို့ ကြံစည်နေတယ်။ ယေရှု စကားပြောမှားတာနဲ့ ဖမ်းပြီး ရောမဘုရင်ခံလက်ထဲ အပ်ဖို့အကြံနဲ့ သူတို့ရဲ့ တပည့်တချို့ကို ငွေပေးပြီး လွှတ်လိုက်တယ်။—လုကာ ၆:၇။
အဲဒီလူတွေက “ဆရာက မှန်တာကိုပဲ ပြောတယ်၊ မှန်တာကိုပဲ သွန်သင်တယ်၊ မျက်နှာလည်း မလိုက်ဘူး၊ ဘုရားသခင်ရဲ့ လမ်းစဉ်အကြောင်း အမှန်အတိုင်း သွန်သင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါဆိုရင် ဆီဇာကို ကျွန်တော်တို့ အခွန်ဆောင်သင့်သလား၊ မဆောင်သင့်ဘူးလား” လို့မေးတယ်။ (လုကာ ၂၀:၂၁၊ ၂၂) ဒီလို မြှောက်ပင့်စကားတွေနဲ့ ယေရှုကို လှည့်စားလို့ မရဘူး။ သူတို့ရဲ့ ပရိယာယ်နဲ့ ဉာဏ်နီဉာဏ်နက်ကို သိထားတာကိုး။ တကယ်လို့ ‘အခွန်မဆောင်သင့်ဘူး’ လို့ဖြေရင် ရောမနိုင်ငံကို ဆန့်ကျင်ပုန်ကန်တယ်ဆိုပြီး စွပ်စွဲခံရနိုင်တယ်။ ‘အခွန်ဆောင်သင့်တယ်’ လို့ဖြေရင်လည်း ရောမလက်အောက်မှာ မနေချင်တဲ့သူတွေက သူ့ကိုအထင်လွဲပြီး ရန်ရှာကြမှာ။ ဒီတော့ ယေရှု ဘယ်လို အဖြေပေးသလဲ။
ယေရှုက “သူတော်ကောင်း ယောင်ဆောင်သူတို့၊ ကျွန်တော့်ကို ဘာလို့ အကဲစမ်းနေတာလဲ။ အခွန်ငွေတစ်ပြား ပြပါဦး” လို့ ပြောလိုက်တယ်။ ဒါနဲ့ သူတို့က ဒေနာရိတစ်ပြား ယူလာပေးတယ်။ ယေရှုက “ဒီမှာ ဘယ်သူ့ပုံလဲ။ ဘယ်သူ့နာမည်လဲ” ဆိုပြီး မေးတဲ့အခါ “ဆီဇာရဲ့ပုံ၊ ဆီဇာရဲ့ နာမည်ပါ” လို့ဖြေကြတယ်။ ဒီအခါ ယေရှုက “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ” လို့ ပိုင်ပိုင်နိုင်နိုင် ပြန်ပြောလိုက်တယ်။—မဿဲ ၂၂:၁၈-၂၁။
ဒီစကားကိုကြားတော့ သူတို့ အံ့သြသွားတယ်။ ပညာသားပါတဲ့ အဖြေကြောင့် ဘာမှပြန်မပြောနိုင်ဘဲ ထွက်သွားကြတယ်။ ဒါပေမဲ့ သူတို့ လက်မလျှော့သေးဘူး။ ဖာရိရှဲတွေရဲ့ အကြံမအောင်မြင်တဲ့အခါ ဘာသာရေးအုပ်စု နောက်တစ်စုရဲ့ ခေါင်းဆောင်တွေ ယေရှုဆီ လာကြတယ်။
ရှင်ပြန်ထမြောက်ခြင်း မရှိဘူးလို့ ပြောတဲ့ ဇဒ္ဒုကဲတွေပဲ။ သူတို့က ရှင်ပြန်ထမြောက်ခြင်းနဲ့ မရီးမတ်ယူ အစီအစဉ်အကြောင်း မေးခွန်းတစ်ခု မေးကြတယ်။ “ဆရာ၊ ‘လူတစ်ယောက်ဟာ သားသမီးမရှိဘဲ ကွယ်လွန်သွားခဲ့ရင် အစ်ကို ဒါမှမဟုတ် ညီဖြစ်သူက ကျန်ရစ်တဲ့ဇနီးကို လက်ထပ်ပြီး ကွယ်လွန်သူရဲ့ မျိုးဆက်မပြတ်အောင် ထိန်းသိမ်းရမယ်’ လို့ မောရှေ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ ညီအစ်ကိုခုနစ်ယောက် ရှိပါတယ်။ အကြီးဆုံးက အိမ်ထောင်ကျပြီး သားသမီးမရှိဘဲ သေဆုံးသွားတဲ့အတွက် ညီဖြစ်သူက ကျန်ရစ်တဲ့ဇနီးနဲ့ လက်ထပ်တယ်။ ဒုတိယ၊ တတိယ စသဖြင့် ညီအစ်ကို ခုနစ်ယောက်စလုံးက အဲဒီအမျိုးသမီးနဲ့ လက်ထပ်ပြီးနောက် သေဆုံးသွားကြတယ်။ နောက်ဆုံးတော့ အဲဒီအမျိုးသမီးလည်း သေဆုံးသွားတယ်။ သူက ညီအစ်ကို ခုနစ်ယောက်စလုံးနဲ့ လက်ထပ်ခဲ့တဲ့အတွက် ရှင်ပြန်ထမြောက်လာတဲ့အခါ ဘယ်သူ့ဇနီး ဖြစ်မှာလဲ။”—မဿဲ ၂၂:၂၄-၂၈။
ဇဒ္ဒုကဲတွေဟာ မောရှေရေးခဲ့တဲ့ မှတ်တမ်းတွေကို လက်ခံမှန်း ယေရှုသိတဲ့အတွက် “ခင်ဗျားတို့ မှားနေပြီ။ ကျမ်းစကားကိုရော ဘုရားသခင်ရဲ့တန်ခိုး လုပ်ဆောင်ပုံကိုပါ နားမလည်ကြဘဲကိုး။ လူတွေ သေရာကနေ အသက်ပြန်ရှင်လာတဲ့အခါ ထိမ်းမြားပေးစားတာမျိုး မရှိတော့ဘူး။ ကောင်းကင်တမန်တွေလို ဖြစ်လိမ့်မယ်။ မီးလောင်နေတဲ့ ချုံပုတ်အကြောင်း မောရှေရေးခဲ့တဲ့ မှတ်တမ်းကို ခင်ဗျားတို့ မဖတ်ဖူးဘူးလား။ အဲဒီမှာ ‘ငါဟာ အာဗြဟံရဲ့ဘုရား၊ အိဇက်ရဲ့ဘုရား၊ ယာကုပ်ရဲ့ဘုရား’ ဆိုပြီး မောရှေကို ဘုရားသခင် ပြောတာဟာ သေလွန်သူတွေ ရှင်ပြန်ထမြောက်လာမယ့် အကြောင်းပဲ။ ဘုရားသခင်ဟာ သေလွန်သူတွေရဲ့ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ဘုရား ဖြစ်တယ်။ ခင်ဗျားတို့ အမှားကြီး မှားနေပြီ” လို့ပြန်ပြောတယ်။ (မာကု ၁၂:၂၄-၂၇။ ထွက်မြောက်ရာ ၃:၁-၆) ဒါကိုကြားတဲ့အခါ လူအုပ်က အံ့သြကြတယ်။
ယေရှုက ဖာရိရှဲတွေကိုရော ဇဒ္ဒုကဲတွေကိုပါ နှုတ်ပိတ်သွားအောင် လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် အခု သူတို့အားလုံး ပူးပေါင်းပြီး ယေရှုကို ထပ်အကဲစမ်းဖို့ လာတယ်။ ကျမ်းတတ်တစ်ယောက်က “ဆရာ၊ ပညတ်ကျမ်းမှာ ဘယ်ပညတ်ဟာ အရေးကြီးဆုံးလဲ” ဆိုပြီးမေးတယ်။—မဿဲ ၂၂:၃၆။
ယေရှုက “‘အစ္စရေးတို့၊ နားထောင်ကြပါ။ ကျွန်တော်တို့ရဲ့ ဘုရားသခင် ယေဟောဝါဟာ တစ်ဆူတည်းသော ယေဟောဝါပဲ။ ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်ပါ’ ဆိုတဲ့ပညတ်ဟာ အရေးကြီးဆုံးပဲ။ ဒုတိယကတော့ ‘လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ’ ဆိုတဲ့ပညတ်ပဲ။ ဒီထက် အရေးကြီးတဲ့ပညတ် မရှိဘူး” လို့ဖြေတယ်။—မာကု ၁၂:၂၉-၃၁။
ဒါကိုကြားတဲ့အခါ ကျမ်းတတ်က “ဆရာပြောတာ မှန်လိုက်တာ။ ‘ဘုရားသခင်ဟာ တစ်ဆူတည်းသောဘုရားပဲ။ ကိုယ်တော့်လို ဘုရားမျိုး မရှိဘူး။’ ဘုရားသခင်ကို စိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်တာ၊ လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်တာဟာ အကုန်အစင် မီးရှို့ပူဇော်တဲ့အလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သတာထက် ပိုအရေးကြီးပါတယ်” လို့ပြောတယ်။ သူ ဉာဏ်သုံးပြီးပြောလိုက်မှန်း ယေရှုသိတဲ့အတွက် “ခင်ဗျားဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ မဝေးဘူး” လို့ပြောတယ်။—မာကု ၁၂:၃၂-၃၄။
ယေရှုဟာ (နိသန်လ ၉၊ ၁၀၊ ၁၁) သုံးရက်စလုံး ဗိမာန်တော်မှာ သွန်သင်တယ်။ ခုနက ကျမ်းတတ်လိုမျိုး လူတချို့ဟာ ယေရှုသွန်သင်တာတွေကို ဝမ်းသာအားရ နားထောင်ကြတယ်။ ဒါပေမဲ့ ဘာသာရေး ခေါင်းဆောင်တွေတော့ မပါဘူး။ အခု သူတို့က ယေရှုကို ဘာမှ “ထပ်မမေးရဲကြတော့ဘူး။”
-
-
ဆန့်ကျင်သူတွေကို လူသိရှင်ကြားပြစ်တင်ရှုတ်ချယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၀၉
ဆန့်ကျင်သူတွေကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချ
မဿဲ ၂၂:၄၁–၂၃:၂၄ မာကု ၁၂:၃၅-၄၀ လုကာ ၂၀:၄၁-၄၇
ခရစ်တော်က ဘယ်သူ့သားလဲ
အယောင်ဆောင်သမားတွေကို ဖော်ထုတ်
ဘာသာရေး ခေါင်းဆောင်တွေက ယေရှုကို သိက္ခာချဖို့၊ အကွက်ဆင်ပြီး ရောမတွေလက်ထဲ အပ်ဖို့ အမျိုးမျိုး ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ (လုကာ ၂၀:၂၀) ဒီနေ့က နိသန်လ ၁၁ ရက်နေ့။ ဗိမာန်တော်မှာ ယေရှု ရှိနေတုန်းပဲ။ အခု ယေရှုမေးရမယ့်အလှည့် ရောက်လာပြီ။ ယေရှုက သူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖော်ပြဖို့ “ခရစ်တော်ကို ဘယ်လိုထင်ကြလဲ။ ဘယ်သူ့သားလဲ” ဆိုပြီး စမေးလိုက်တယ်။ (မဿဲ ၂၂:၄၂) ခရစ်တော် ဒါမှမဟုတ် မေရှိယဟာ ဒါဝိဒ်မျိုးရိုးကနေ ဆင်းသက်လာမယ်ဆိုတာ အားလုံး သိပြီးသားမို့ “ဒါဝိဒ်ရဲ့သား” လို့ဖြေကြတယ်။—မဿဲ ၉:၂၇။ ၁၂:၂၃။ ယောဟန် ၇:၄၂။
ယေရှုက “ဒါဆိုရင် ဒါဝိဒ်က စွမ်းအားတော်ရရှိပြီး ခရစ်တော်ကို သခင်ဆိုပြီး ဘာလို့ခေါ်တာလဲ။ ‘ယေဟောဝါက “ရန်သူတွေကို မင်းရဲ့ခြေအောက်မှာ မချခင်အထိ ငါ့ညာဘက်မှာ ထိုင်နေပါ” လို့ ငါ့သခင်ကို ပြောတယ်’ ဆိုပြီး ဒါဝိဒ်ပြောခဲ့တယ်။ ဒါဝိဒ်က ခရစ်တော်ကို သခင်လို့ ခေါ်ရင် ခရစ်တော်က ဘယ်လိုလုပ်ပြီး ဒါဝိဒ်ရဲ့သား ဖြစ်နိုင်မှာလဲ” လို့ပြန်မေးတယ်။—မဿဲ ၂၂:၄၃-၄၅။
ဖာရိရှဲတွေ နှုတ်ဆိတ်သွားပြန်တယ်။ ဒါဝိဒ်ရဲ့ လူသားမျိုးနွယ်တစ်ယောက်က သူတို့ကို ရောမအုပ်ချုပ်မှုအောက်ကနေ ကယ်တင်မယ်လို့ ထင်နေကြလို့ပဲ။ ဒါပေမဲ့ ဆာလံ ၁၁၀:၁၊ ၂ မှာပါတဲ့ ဒါဝိဒ်ရဲ့ စကားအရ မေရှိယဟာ လူသားအုပ်စိုးရှင် မဟုတ်ဘူးဆိုတာ ယေရှု ထောက်ပြတယ်။ မေရှိယဟာ ဒါဝိဒ်ရဲ့သခင် ဖြစ်တယ်။ ဘုရားသခင့်ညာဘက်မှာ ထိုင်ပြီးနောက် သူ့ရဲ့ တန်ခိုးအာဏာကို အသုံးပြုမှာဖြစ်တယ်။ ယေရှုပြန်ပြောတဲ့ စကားကြောင့် ဆန့်ကျင်သူတွေ နှုတ်ပိတ်သွားတယ်။
တပည့်တွေနဲ့ တခြားသူတွေလည်း နားထောင်နေကြတယ်။ အခု ယေရှုက သူတို့ဘက်လှည့်ပြီး ကျမ်းတတ်တွေ၊ ဖာရိရှဲတွေနဲ့ ပတ်သက်ပြီး သတိပေးတယ်။ အဲဒီလူတွေက “မောရှေရတဲ့ အခွင့်အာဏာမျိုးကို ရယူထား” ပြီး ဘုရားပညတ်ကို သွန်သင်နေတယ်။ “ဒါကြောင့် သူတို့ပြောသမျှကို လိုက်နာပါ။ ဒါပေမဲ့ သူတို့လုပ်သလို လိုက်မလုပ်ပါနဲ့။ သူတို့က ပြောပေမဲ့ ကိုယ်တိုင် မလုပ်ဘူး” လို့ နားထောင်နေသူတွေကို ရှင်းပြတယ်။—မဿဲ ၂၃:၂၊ ၃။
ဒီနောက် သူတို့ရဲ့ သူတော်ကောင်း ယောင်ဆောင်မှုတွေကို ပြောပြတယ်။ သူတို့က “အဆောင်လက်ဖွဲ့တွေကို အကြီးကြီးလုပ်ပြီး တပ်ကြတယ်။” ဂျူးတချို့က ပညတ်ချက်တချို့ ရေးထည့်ထားတဲ့ ဗူးငယ်လေးတွေကို နဖူးမှာ ဒါမှမဟုတ် ဘယ်လက်မောင်းမှာ တပ်ထားလေ့ရှိတယ်။ ဖာရိရှဲတွေကျတော့ ပညတ်တရားနဲ့ ပတ်သက်ပြီး အရမ်းစိတ်ထက်သန်မှန်း တခြားသူတွေသိအောင် အဲဒီဘူးတွေကို အကြီးကြီးလုပ်ပြီး တပ်ကြတယ်။ “ဝတ်လုံအမြိတ်တွေကိုလည်း အရှည်ကြီး ထားတတ်တယ်။” အစ္စရေးတွေဟာ အဝတ်အောက် အနားစွန်းမှာ အမြိတ်တပ်ရတယ်။ ဖာရိရှဲတွေကတော့ သူတို့အဝတ်ရဲ့ အမြိတ်တွေကို အရှည်ကြီး တပ်ထားကြတယ်။ (တောလည်ရာ ၁၅:၃၈-၄၀) အဲဒါအားလုံးကို “လူမြင်ကောင်းအောင်” လုပ်ကြတာ။—မဿဲ ၂၃:၅။
တပည့်တွေမှာလည်း ထင်ပေါ်ကျော်ကြားချင်စိတ် ရှိလာနိုင်တာမို့ ယေရှု ဒီလိုဆုံးမတယ်– “ခင်ဗျားတို့ကတော့ ဆရာလို့ အခေါ်မခံကြနဲ့။ ခင်ဗျားတို့မှာ ဆရာတစ်ယောက်ပဲ ရှိတယ်။ ခင်ဗျားတို့အားလုံးဟာ ညီအစ်ကိုတွေပဲ။ ပြီးတော့ ကမ္ဘာမြေပေါ်မှာ ဘယ်သူ့ကိုမှ အဖလို့ မခေါ်နဲ့။ ခင်ဗျားတို့မှာ ကောင်းကင်အဖ တစ်ပါးပဲ ရှိတယ်။ ခေါင်းဆောင်လို့လည်း အခေါ်မခံကြနဲ့။ ခင်ဗျားတို့မှာ ခရစ်တော်ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ရှိတယ်။ ခင်ဗျားတို့ထဲက အကြီးမြတ်ဆုံးဖြစ်သူဟာ အစေခံဖြစ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့သူဟာ နှိမ့်ချခံရမယ်။ နှိမ့်ချတဲ့သူကတော့ ချီးမြှောက်ခံရမယ်” လို့ပြောတယ်။—မဿဲ ၂၃:၈-၁၂။
ဒီနောက် သူတော်ကောင်း ယောင်ဆောင်တဲ့ ကျမ်းတတ်နဲ့ ဖာရိရှဲတွေ အဖြစ်ဆိုးကြုံရမယ် ဆိုတာကို ယေရှု ဆက်ပြောတယ်။ “သူတော်ကောင်းယောင်ဆောင်တဲ့ ကျမ်းတတ်နဲ့ ဖာရိရှဲတို့၊ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ခင်ဗျားတို့က ကောင်းကင်နိုင်ငံရဲ့ တံခါးကို လူတွေ မဝင်နိုင်အောင် ပိတ်ထားကြတယ်။ ကိုယ်တိုင် မဝင်ဘူး၊ ဝင်မယ့်သူတွေကိုလည်း ဝင်ခွင့်မပေးဘူး။”—မဿဲ ၂၃:၁၃။
ဖာရိရှဲတွေက ယေဟောဝါရဲ့အမြင်မှာ ဘာက ပိုအရေးကြီးသလဲဆိုတာ ထည့်မစဉ်းစားဘဲ သူတို့ရဲ့အမြင်အတိုင်း ဆုံးဖြတ်တာကြောင့် သူတို့ကို ယေရှု ပြစ်တင်ရှုတ်ချတယ်။ ဥပမာ၊ “ဗိမာန်တော်ကို တိုင်တည်ပြီး သစ္စာဆိုရင် အတည်မဖြစ်ဘူး။ ဗိမာန်တော်မှာရှိတဲ့ ရွှေကို တိုင်တည်ပြီး သစ္စာဆိုရင်တော့ အတည်ဖြစ်တယ်” လို့ ပြောကြတယ်။ ယေဟောဝါဘုရားကို ဝတ်ပြုနိုင်တဲ့နေရာ၊ ဘုရားနဲ့ ရင်းနှီးစေနိုင်တဲ့ နေရာဖြစ်တဲ့ ဗိမာန်တော်ထက် ဗိမာန်တော်မှာရှိတဲ့ ရွှေကို ပိုအလေးအနက် ထားခြင်းအားဖြင့် အကျင့်သိက္ခာပိုင်းမှာ မျက်ကန်းဖြစ်နေကြတယ်။ “တရားမျှတတာ၊ သနားကရုဏာပြတာ၊ သစ္စာရှိတာစတဲ့ ပညတ်ကျမ်းထဲက ပိုအရေးကြီးတဲ့ အချက်တွေကို လျစ်လျူရှုထားကြတယ်။”—မဿဲ ၂၃:၁၆၊ ၂၃။ လုကာ ၁၁:၄၂။
“မျက်ကန်းလမ်းပြတို့၊ ခင်ဗျားတို့ဟာ ခြင်ကို စစ်ထုတ်ပေမဲ့ ကုလားအုတ်ကိုတော့ မျိုချနေပါလား” ဆိုပြီး ဖာရိရှဲတွေကို ယေရှုပြောတယ်။ (မဿဲ ၂၃:၂၄) ခြင်ဟာ ပညတ်တရားအရ မသန့်ရှင်းတဲ့ အင်းဆက်ပိုးဖြစ်လို့ ဝိုင်သောက်တဲ့အခါ ခြင်ကို စစ်ထုတ်ကြတယ်။ ဒါပေမဲ့ ပညတ်ကျမ်းထဲက ပိုအရေးကြီးတဲ့အချက်တွေကို သူတို့လျစ်လျူရှုထားတာက ပညတ်တရားအရ မသန့်ရှင်းတဲ့၊ ခြင်ထက် အဆပေါင်းများစွာ ပိုကြီးတဲ့ ကုလားအုတ်ကို မျိုချနေသလိုပါပဲ။—ဝတ်ပြုရာ ၁၁:၄၊ ၂၁-၂၄။
-
-
ဗိမာန်တော်မှာ ယေရှုရဲ့နောက်ဆုံးနေ့ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၁၀
ဗိမာန်တော်မှာ ယေရှုရဲ့ နောက်ဆုံးနေ့
မဿဲ ၂၃:၂၅–၂၄:၂ မာကု ၁၂:၄၁–၁၃:၂ လုကာ ၂၁:၁-၆
ဘာသာရေး ခေါင်းဆောင်တွေကို ထပ်မံ ပြစ်တင်ရှုတ်ချ
ဗိမာန်တော် ဖျက်ဆီးခံရမယ်
ဆင်းရဲတဲ့မုဆိုးမ ဒင်္ဂါးနှစ်ပြား လှူဒါန်း
ဗိမာန်တော်မှာ နောက်ဆုံးအကြိမ်ရှိနေတုန်း ယေရှုက ကျမ်းတတ်နဲ့ ဖာရိရှဲတွေကို သူတော်ကောင်း ယောင်ဆောင်သူတွေလို့ တဲ့တိုး ခေါ်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ အယောင်ဆောင်မှုကို ဆက်ဖော်ထုတ်တယ်။ ယေရှုက ပုံဆောင်သဘောမျိုးနဲ့ အခုလိုပြောတယ်– “ခင်ဗျားတို့က အိုးခွက်အပြင်ဘက်ကို ဆေးကြောပေမဲ့ အတွင်းမှာတော့ လောဘတွေ၊ စိတ်အလိုလိုက်တာတွေနဲ့ ပြည့်နေတယ်။ မျက်ကန်းဖာရိရှဲတို့၊ အိုးခွက်အတွင်းဘက်ကို အရင်ဆေးကြောပါ။ ဒါမှ အပြင်ဘက်လည်း သန့်ရှင်းလာမှာပေါ့။” (မဿဲ ၂၃:၂၅၊ ၂၆) ဖာရိရှဲတွေဟာ ထုံးတမ်းစဉ်လာအရ သန့်ရှင်းဖို့၊ အပြင်ပန်း အသွင်အပြင် သန့်ရှင်းဖို့ အထူးဂရုစိုက်ပေမဲ့ အတွင်းလူကိုတော့ လျစ်လျူရှုထားပြီး သူတို့ရဲ့ ပုံဆောင်နှလုံးကို သန့်ရှင်းအောင်မထားကြဘူး။
သူတို့က သူတော်ကောင်း ယောင်ဆောင်ပြီး ပရောဖက်တွေရဲ့ သင်္ချိုင်းတွေကို တည်ဆောက်၊ အလှဆင်ကြတယ်။ ဒါပေမဲ့ ယေရှုပြောတဲ့အတိုင်း သူတို့ဟာ “ပရောဖက်တွေကို သတ်တဲ့သူတွေရဲ့ သားမြေး” တွေဖြစ်တယ်။ (မဿဲ ၂၃:၃၁) ဒါကြောင့်လည်း ယေရှုကိုသတ်ဖို့ ကြိုးစားနေကြတာ။—ယောဟန် ၅:၁၈။ ၇:၁၊ ၂၅။
ဘာသာရေးခေါင်းဆောင်တွေသာ နောင်တမယူဘူးဆိုရင် ကြုံရမယ့်အရာနဲ့ပတ်သက်ပြီး ယေရှုက “မြွေဆိုးအမျိုးတို့၊ ခင်ဗျားတို့က ဂေဟင်နာအရပ်မှာ ပြစ်ဒဏ်စီရင်မခံရဘဲ လွတ်နိုင်ပါ့မလား” လို့ပြောတယ်။ (မဿဲ ၂၃:၃၃) ဂေဟင်နာဆိုတာ ဟိန်နုံချိုင့်ဝှမ်းကို ပြောတာ။ အဲဒီချိုင့်ဝှမ်းက အမှိုက်တွေကို မီးရှို့တဲ့နေရာ ဖြစ်တာကြောင့် ဆိုးညစ်တဲ့ ကျမ်းတတ်နဲ့ ဖာရိရှဲတွေ ကြုံရမယ့် ထာဝရဖျက်ဆီးခြင်းကို ပုံဆောင်တယ်။
ယေရှုကိုကိုယ်စားပြုတဲ့ တပည့်တွေဟာ “ပရောဖက်တွေ၊ ပညာရှိတွေ၊ သွန်သင်သူတွေ” ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့ ဘယ်လို ဆက်ဆံခံရမလဲ။ ဘာသာရေးခေါင်းဆောင်တွေကို ယေရှု ဒီလိုပြောတယ်– “[ကျွန်တော့်တပည့်] တချို့ကို ခင်ဗျားတို့ သတ်ပစ်မယ်။ တချို့ကို သစ်တိုင်ပေါ် တင်လိမ့်မယ်။ တချို့ကို တရားဇရပ်တွေမှာ ရိုက်နှက်မယ်။ တချို့ကို တစ်မြို့ပြီးတစ်မြို့ လိုက်လံ ညှဉ်းဆဲကြလိမ့်မယ်။ ဒီတော့ ဖြောင့်မတ်တဲ့ အာဗေလကအစ . . . ဇာခရိအဆုံး ကမ္ဘာပေါ်မှာရှိတဲ့ ဖြောင့်မတ်သူမှန်သမျှ သွေးမြေကျခဲ့တဲ့ အပြစ်ဟာ ခင်ဗျားတို့အပေါ် ရောက်လာလိမ့်မယ်။” ပြီးတဲ့နောက် “ကျွန်တော် မှန်တာကိုပြောမယ်။ ဒီလူမျိုးဆက်ဟာ အဲဒီအပြစ်တွေအတွက် ပြစ်ဒဏ်ခံရလိမ့်မယ်” လို့သတိပေးတယ်။ (မဿဲ ၂၃:၃၄-၃၆) အေဒီ ၇၀ မှာ ရောမစစ်တပ် လက်ချက်နဲ့ ဂျေရုဆလင်မြို့ ပျက်စီးပြီး ထောင်နဲ့ချီတဲ့ဂျူးတွေ အသတ်ခံရတဲ့အခါ အဲဒီအတိုင်း ဖြစ်လာတယ်။
ဒီလို ကြောက်စရာကောင်းတဲ့ အခြေအနေကို ယေရှု စဉ်းစားမိတော့ စိတ်ထိခိုက်သွားပြီး “ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ မင်းဟာ ပရောဖက်တွေကို သတ်တဲ့မြို့၊ ဘုရား လွှတ်လိုက်တဲ့သူတွေကို ခဲနဲ့ပေါက်တဲ့မြို့ပဲ။ ကြက်မက ကြက်ပေါက်လေးတွေကို အတောင်အောက်မှာ စုသိမ်းသလို မင်းရဲ့ သားသမီးတွေကို စုသိမ်းဖို့ ငါအကြိမ်ကြိမ် ကြိုးစားသေးတယ်။ ဒါပေမဲ့ မင်းကမှ လက်မခံတာ။ မင်းရဲ့အိမ်တော်ဟာ စွန့်ပစ်ခံရလိမ့်မယ်” ဆိုပြီး ဝမ်းနည်းတကြီး ပြောတယ်။—မဿဲ ၂၃:၃၇၊ ၃၈။
ဒီနောက် “ငါပြောမယ်။ ‘ယေဟောဝါရဲ့နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ’ လို့ မင်း မပြောမချင်း အခုကစပြီး ငါ့ကို လုံးဝမြင်ရမှာ မဟုတ်ဘူး” လို့ဆက်ပြောတယ်။ (မဿဲ ၂၃:၃၉) “ယေဟောဝါရဲ့နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ။ ယေဟောဝါရဲ့ အိမ်တော်ကနေ ငါတို့ကောင်းချီးပေးပါတယ်” ဆိုတဲ့ ဆာလံ ၁၁၈:၂၆ ပါ ပရောဖက်ပြုစကားတွေကို ယေရှု ကိုးကားနေတာ။ မှန်ပါတယ်၊ ဗိမာန်တော်ပျက်စီးသွားတဲ့အခါ အဲဒီနေရာကို ဘုရားရဲ့နာမည်နဲ့ ရောက်လာသူ တစ်ယောက်မှရှိတော့မှာ မဟုတ်ဘူး။
အခု ယေရှုက ဗိမာန်တော်မှာ အလှူငွေပုံးတွေ ထားတဲ့နေရာကို သွားတယ်။ လူတွေက အလှူငွေပုံးရဲ့ ထိပ်မှာရှိတဲ့ အပေါက်လေးထဲကို အလှူငွေ ထည့်နေကြတယ်။ ဂျူးတွေလာပြီး အလှူငွေထည့်တာ၊ ချမ်းသာတဲ့လူတွေလည်း “ဒင်္ဂါးအများကြီး ထည့်” တာကို ယေရှု ကြည့်နေတယ်။ ဒီအခါ ဆင်းရဲတဲ့ မုဆိုးမတစ်ယောက်က “တန်ဖိုးသိပ်မရှိတဲ့ ဒင်္ဂါးငယ်နှစ်ပြား” ထည့်လိုက်တာကို သတိထားမိတယ်။ (မာကု ၁၂:၄၁၊ ၄၂) သူ့ရဲ့အလှူငွေကို ဘုရားသခင် ဘယ်လောက်နှစ်သက်မှန်း ယေရှုကောင်းကောင်းသိမှာ သေချာပါတယ်။
ဒါနဲ့ တပည့်တွေကိုခေါ်ပြီး “ကျွန်တော် မှန်တာကိုပြောမယ်။ ဆင်းရဲတဲ့ ဒီမုဆိုးမရဲ့ အလှူငွေဟာ တခြားသူအားလုံးရဲ့ အလှူငွေထက် ပိုများတယ်” လို့ပြောတယ်။ ဘယ်လိုဖြစ်နိုင်မလဲ။ “တခြားသူတွေက ပိုလျှံတဲ့ငွေကို ထည့်ကြတာ။ ဒီမုဆိုးမကတော့ ဆင်းရဲပေမဲ့ ရှိစုမဲ့စု ဝမ်းစာကို အကုန်ထည့်လိုက်တာ” လို့ ယေရှုရှင်းပြတယ်။ (မာကု ၁၂:၄၃၊ ၄၄) မုဆိုးမရဲ့ သဘောထားနဲ့ လုပ်ရပ်က ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘယ်လောက်တောင် ကွာခြားလိုက်သလဲ။
နိသန်လ ၁၁ ရက် ကုန်တော့မယ်။ ဒီနေ့က ဗိမာန်တော်မှာ နောက်ဆုံးအကြိမ် ယေရှု ရှိနေတာပဲ။ အခု အဲဒီကနေ ထွက်လာတဲ့အခါ တပည့်တစ်ယောက်က “ဆရာ၊ ဟောဒီကျောက်တုံးတွေ၊ အဆောက်အအုံတွေကို ကြည့်လိုက်ပါဦး” လို့ပြောတယ်။ (မာကု ၁၃:၁) ဗိမာန်တော်နံရံတွေကို ဧရာမ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတာကြောင့် ခိုင်ခံ့ပြီး ဘယ်တော့မှ မပျက်စီးဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ ယေရှုက မဖြစ်နိုင်ပုံပေါက်တဲ့ ဒီစကားတွေကို ပြောလိုက်တယ်– “ဒီအဆောက်အအုံကြီးတွေကို ခင်ဗျားတို့ မြင်နေရတယ် မဟုတ်လား။ ဒါပေမဲ့ ဟောဒီကျောက်တုံးတွေ ကျိန်းသေ ဖြိုချခံရလိမ့်မယ်။ ကျောက်တစ်တုံးပေါ် တစ်တုံးဆင့်ပြီး ကျန်နေမှာ မဟုတ်ဘူး။”—မာကု ၁၃:၂။
ဒီအကြောင်းတွေကို ယေရှုနဲ့ တမန်တော်တွေ ပြောပြီးနောက် ကိဒြုန်ချိုင့်ဝှမ်းကို ဖြတ်ပြီး သံလွင်တောင်ပေါ် တက်သွားကြတယ်။ တောင်ပေါ်တစ်နေရာကိုရောက်တော့ တမန်တော် လေးယောက်ဖြစ်တဲ့ ပေတရု၊ အန္ဒြေ၊ ယာကုပ်၊ ယောဟန်တို့ပဲ ယေရှုနဲ့ ရှိနေတယ်။ အဲဒီနေရာကနေ ခမ်းနားလှတဲ့ ဗိမာန်တော်ကြီးကို သူတို့ လှမ်းမြင်နိုင်တယ်။
-
-
နိမိတ်အကြောင်း တမန်တော်တွေမေးကြယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၁၁
နိမိတ်အကြောင်း တမန်တော်တွေ မေးကြ
မဿဲ ၂၄:၃-၅၁ မာကု ၁၃:၃-၃၇ လုကာ ၂၁:၇-၃၈
နိမိတ်အကြောင်း တပည့်လေးယောက် မေး
ပထမရာစုနဲ့ အဲဒီနောက်ပိုင်း ပြည့်စုံမှုများ
နိုးကြားနေရမယ်
အင်္ဂါနေ့ ညနေပိုင်း ရောက်နေပြီ။ မကြာခင် နိသန်လ ၁၁ ရက် ကုန်ဆုံးတော့မယ်။ ယေရှုအတွက်လည်း ကမ္ဘာပေါ်မှာ အားသွန်ခွန်စိုက် အမှုဆောင်တဲ့နေ့ရက်တွေ ကုန်ဆုံးတော့မယ်။ ယေရှုက နေ့အချိန်ဆိုရင် ဗိမာန်တော်မှာ သွန်သင်တယ်။ ညအချိန်ဆိုရင် မြို့ပြင်ကိုထွက်သွားပြီး နေလေ့ရှိတယ်။ လူတွေကလည်း အရမ်းစိတ်ဝင်စားနေတော့ “ယေရှုရဲ့စကားကို ကြားနာဖို့ ဗိမာန်တော်ကို မနက်စောစော လာကြတယ်။” (လုကာ ၂၁:၃၇၊ ၃၈) အခုတော့ ယေရှုက သံလွင်တောင်ပေါ်မှာ တမန်တော်လေးယောက်ဖြစ်တဲ့ ပေတရု၊ အန္ဒြေ၊ ယာကုပ်၊ ယောဟန်တို့နဲ့အတူ ထိုင်နေတယ်။
ယေရှုဆီကို သူတို့ချည်းပဲ လာကြတာ။ ဗိမာန်တော်ဟာ ကျောက်တစ်တုံးပေါ် တစ်တုံးဆင့်ပြီး ကျန်နေမှာ မဟုတ်ဘူးလို့ ယေရှုပြောလိုက်တော့ သူတို့ စိုးရိမ်နေကြတယ်။ ဒါ့အပြင် တခြားစဉ်းစားစရာတွေလည်း ရှိနေတယ်။ “ခင်ဗျားတို့လည်း အသင့်ရှိနေကြပါ၊ လူသားဟာ ခင်ဗျားတို့ မထင်မှတ်တဲ့အချိန်မှာ လာလိမ့်မယ်” ဆိုပြီး အရင်တုန်းက ယေရှုပြောခဲ့တယ်။ (လုကာ ၁၂:၄၀) “လူသားပေါ်ထွန်းချိန်” အကြောင်းလည်း ပြောခဲ့တယ်။ (လုကာ ၁၇:၃၀) ဒီစကားတွေက ဗိမာန်တော်နဲ့ ပတ်သက်ပြီး အခုန ပြောခဲ့တာနဲ့များ ဆက်စပ်နေမလား။ တမန်တော်တွေ သိပ်သိချင်နေကြတယ်။ ဒါကြောင့် “သခင်၊ ကျွန်တော်တို့ကို ပြောပြပါ။ အဲဒါတွေ ဘယ်တော့ဖြစ်မှာလဲ။ သခင်ရောက်ရှိနေပြီ၊ လောကစနစ်နိဂုံးပိုင်းကို ရောက်နေပြီဆိုတဲ့ နိမိတ်ဟာ ဘာလဲ” လို့မေးကြတယ်။—မဿဲ ၂၄:၃။
သူတို့ လှမ်းမြင်နေရတဲ့ ဗိမာန်တော်ရဲ့အဆုံးနဲ့ ပတ်သက်ပြီး သိချင်နေတာ ဖြစ်မယ်။ ဒါ့အပြင် လူသားရောက်ရှိခြင်း အကြောင်းကိုလည်း မေးကြတယ်။ “ထီးနန်းဆက်ခံပြီးမှ ပြန်လာမယ်ဆိုပြီး တိုင်းတစ်ပါးကို ခရီးထွက်သွား” တဲ့ “မင်းညီမင်းသား” ပုံဥပမာကို သူတို့ ပြန်သတိရမှာပဲ။ (လုကာ ၁၉:၁၁၊ ၁၂) နောက်ဆုံးတစ်ချက်ကတော့၊ “လောကစနစ်နိဂုံးပိုင်း” မှာ ဘာတွေ ဖြစ်မလဲဆိုတာ သိချင်နေကြတယ်။
ယေရှုက အသေးစိတ် အဖြေပေးပြီး ဗိမာန်တော်အပါအဝင် လက်ရှိဂျူးစနစ် အဆုံးတိုင်မယ့် အချိန်ကို ခွဲခြားသိမြင်နိုင်တဲ့ နိမိတ်တစ်ခု ပြောပြတယ်။ ဒီလောက်ပဲ မဟုတ်ပါဘူး။ အနာဂတ်မှာလည်း ခရစ်တော် “ရောက်ရှိ” ချိန်နဲ့ ဒီလောကစနစ်တစ်ခုလုံး အဆုံးတိုင်ခါနီး အချိန်မှာ ခရစ်ယာန်တွေ အသက်ရှင်နေတယ်ဆိုတာ သိဖို့ အဲဒီနိမိတ်က ကူညီပေးပါလိမ့်မယ်။
နှစ်တွေ ကုန်လွန်လာတာနဲ့အမျှ ယေရှုရဲ့ ပရောဖက်ပြုချက် ပြည့်စုံနေမှန်း တမန်တော်တွေ သိလာတယ်။ မှန်ပါတယ်၊ ယေရှု ကြိုပြောခဲ့တဲ့အချက် အတော်များများဟာ သူတို့ သက်ရှိထင်ရှား ရှိနေချိန်မှာ စတင်ဖြစ်ပျက်လာတယ်။ ဒါကြောင့် နောက် ၃၇ နှစ်အကြာ၊ အေဒီ ၇၀ မှာ အသက်ရှင်ခဲ့တဲ့ နိုးကြားတဲ့ ခရစ်ယာန်တွေဟာ ဗိမာန်တော်နဲ့ ဂျူးစနစ် ဖျက်ဆီးခံရတော့မယ်ဆိုတာ ကောင်းကောင်းသိထားပြီး အသင့်ဖြစ်နေခဲ့ကြတယ်။ ဒါပေမဲ့ ယေရှု ကြိုဟောခဲ့တာ အားလုံးက အေဒီ ၇၀ နဲ့ အဲဒီမတိုင်ခင် အချိန်ကာလမှာ ပြည့်စုံခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတော်အာဏာနဲ့ ယေရှုရောက်ရှိခြင်းကို ဘာတွေက မှတ်သားဖော်ပြဦးမလဲ။ တမန်တော်တွေကို ယေရှု အဖြေပေးတယ်။
“ရပ်နီးရပ်ဝေးက စစ်မက်သတင်းတွေကို ခင်ဗျားတို့ ကြား” ရမယ်၊ “လူတစ်မျိုးနဲ့တစ်မျိုး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်” လို့ ယေရှု ကြိုပြောတယ်။ (မဿဲ ၂၄:၆၊ ၇) “ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်။ အစာခေါင်းပါးမှုတွေ၊ ကပ်ရောဂါဘေးတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်” လို့လည်းပြောတယ်။ (လုကာ ၂၁:၁၁) ဒါ့အပြင် လူတွေက “ခင်ဗျားတို့ကို ဖမ်းပြီး ညှဉ်းဆဲကြလိမ့်မယ်” လို့တပည့်တွေကို သတိပေးတယ်။ (လုကာ ၂၁:၁၂) ပရောဖက် အတုအယောင်တွေ ပေါ်လာပြီး လူအများကြီးကို လမ်းလွဲသွားစေမယ်။ မတရားမှုတွေ များသည်ထက်များလာမယ်၊ လူအတော်များများဟာ မေတ္တာတရား ခေါင်းပါးလာလိမ့်မယ်။ “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံးရောက်လာလိမ့်မယ်” လို့လည်း ပြောတယ်။—မဿဲ ၂၄:၁၄။
ယေရှုရဲ့ ပရောဖက်ပြုချက်ဟာ ရောမလက်ချက်နဲ့ ဂျေရုဆလင်မြို့ မပျက်စီးခင်မှာရော ပျက်စီးချိန်အတွင်းမှာပါ အကန့်အသတ်နဲ့ ပြည့်စုံခဲ့ပေမဲ့ နောက်ပိုင်းမှာ အကြီးစား ပြည့်စုံမှု ရှိဦးမလား။ ဒီနေ့အချိန်မှာ ယေရှုရဲ့ ထူးခြားတဲ့ ပရောဖက်ပြုချက် အကြီးစား ပြည့်စုံနေတယ်ဆိုတဲ့ အထောက်အထားကို မြင်နေရသလား။
ယေရှုရောက်ရှိခြင်းရဲ့ နိမိတ်မှာ ပါဝင်တဲ့ အရာတစ်ခုကတော့ “ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာ” ပေါ်လာမယ် ဆိုတာပဲ။ (မဿဲ ၂၄:၁၅) အေဒီ ၆၆ မှာ ရောမစစ်တပ်က သူတို့ အထွတ်အမြတ်ထားတဲ့ အလံတွေ ဒါမှမဟုတ် အောင်လံတွေကိုင်ဆောင်ပြီး ဂျေရုဆလင်မြို့ကို ရောက်လာတဲ့အခါ ရွံရှာဖွယ်ရာပေါ်လာတယ်။ ရောမတွေက ဂျေရုဆလင်မြို့ကို ဝိုင်းထားပြီး မြို့ရိုးရဲ့ တချို့နေရာတွေကို အောက်ခြေကနေ တူးနေကြပြီ။ (လုကာ ၂၁:၂၀) ဒီလိုနည်းနဲ့ “ရွံရှာဖွယ်ရာက” မရှိသင့်တဲ့နေရာ၊ “သန့်ရှင်းရာအရပ်” လို့ ဂျူးတွေ ယူမှတ်တဲ့နေရာမှာ ရောက်နေတယ်။
ယေရှုက “ဒီလောကတည်ချိန်ကနေ အခုထိ မဖြစ်ဖူးသေးတဲ့၊ နောင်လည်း ဖြစ်မှာမဟုတ်တဲ့ ကြီးစွာသောဒုက္ခဟာ အဲဒီအချိန်မှာ ဖြစ်လာ” မယ်လို့လည်း ကြိုပြောတယ်။ အေဒီ ၇၀ မှာ ရောမတွေက ဂျေရုဆလင်မြို့ကို ဖျက်ဆီးလိုက်တယ်။ ဂျူးတွေရဲ့ “သန့်ရှင်းတဲ့မြို့” နဲ့ ဗိမာန်တော်ဖျက်ဆီးခံရတာ၊ ထောင်နဲ့ချီတဲ့ဂျူးတွေ အသတ်ခံရတာက ကြီးစွာသောဒုက္ခပါပဲ။ (မဿဲ ၄:၅။ ၂၄:၂၁) အဲဒါက ဂျူးတွေ ကြုံဖူးခဲ့သမျှ ဖျက်ဆီးခြင်းတွေထဲမှာ အဆိုးရွားဆုံး ဖျက်ဆီးခြင်းပဲ။ ဂျူးတွေ ရာစုနှစ်ချီ လိုက်လျှောက်ခဲ့တဲ့ ဝတ်ပြုရေးစနစ် တစ်ခုလုံး အဆုံးတိုင်သွားတယ်။ ယေရှုရဲ့ပရောဖက်ပြုချက် အကြီးစား ပြည့်စုံတဲ့အခါလည်း တကယ့်ကိုကြောက်စရာကောင်းမှာ သေချာပါတယ်။
ကြိုဟောထားတဲ့ အချိန်ကာလအတွင်း ယုံကြည်စိတ်ချမှု
နိုင်ငံတော်အာဏာနဲ့ မိမိရောက်ရှိခြင်းအကြောင်း၊ ဒီလောကစနစ်ရဲ့ နိဂုံးပိုင်းအကြောင်း တမန်တော်တွေနဲ့ ယေရှု ဆွေးနွေးနေတာ မပြီးသေးပါဘူး။ အခု ယေရှုက တမန်တော်တွေကို “ခရစ်တော် အတုအယောင်တွေ၊ ပရောဖက် အတုအယောင်တွေ” နောက် မလိုက်ဖို့ သတိပေးတယ်။ “သူတို့က ဖြစ်နိုင်ရင် ရွေးချယ်ခံရသူတွေကိုတောင် လမ်းလွဲသွားအောင်” လုပ်လိမ့်မယ်လို့ ယေရှုပြောတယ်။ (မဿဲ ၂၄:၂၄) ဒါပေမဲ့ ရွေးချယ်ခံရသူတွေ လမ်းလွဲသွားမှာ မဟုတ်ဘူး။ ခရစ်တော် အတုအယောင်တွေကို မြင်နိုင်ပြီး ယေရှု ရောက်ရှိခြင်းကိုတော့ မြင်ရမှာမဟုတ်လို့ပဲ။
ဒီလောကစနစ် နိဂုံးပိုင်းမှာဖြစ်မယ့် ပိုကြီးမားတဲ့ ဒုက္ခကာလအကြောင်း အခုလို ဆက်ပြောတယ်– “နေဟာ မှောင်မိုက်သွားမယ်။ လက အလင်းရောင်ပေးမှာ မဟုတ်ဘူး။ ကြယ်တွေ ကောင်းကင်ကနေ ကြွေကျလိမ့်မယ်။ ကောင်းကင်တန်ခိုးတွေ တုန်လှုပ်ကြလိမ့်မယ်။” (မဿဲ ၂၄:၂၉) ဒီလိုကြောက်စရာကောင်းတဲ့ စကားတွေကို တမန်တော်တွေ ကြားတဲ့အခါ ဘာဖြစ်ပျက်လာမယ်ဆိုတာ အတိအကျ မသိခဲ့ကြဘူး။ ဒါပေမဲ့ အဲဒါတွေက တကယ်ပဲ ထိတ်လန့်တုန်လှုပ်စရာ ကောင်းပါလိမ့်မယ်။
အဲဒီလိုထိတ်လန့်စရာ ဖြစ်ရပ်တွေက လူတွေကို ဘယ်လို ထိခိုက်မလဲ။ “လူတွေဟာ ကမ္ဘာပေါ် ဖြစ်လာမယ့်အရာတွေကို မျှော်မြင်ပြီး ကြောက်လွန်းလို့ မေ့မြောသွားကြလိမ့်မယ်။ ကောင်းကင် တန်ခိုးတွေ တုန်လှုပ်လိမ့်မယ်” လို့ယေရှုပြောတယ်။ (လုကာ ၂၁:၂၆) မှန်ပါတယ်၊ လူ့သမိုင်းရဲ့ အမှောင်မိုက်ဆုံး အချိန်ကာလအကြောင်း ယေရှု ဖော်ပြနေတာ ဖြစ်တယ်။
‘လူသားဟာ မဟာဘုန်းတန်ခိုးနဲ့ လာ’ တဲ့အခါ လူတိုင်း ငိုကြွေးမြည်တမ်းနေမှာ မဟုတ်ဘူးလို့ တမန်တော်တွေကို ယေရှု ရှင်းပြတဲ့အတွက် အားရှိစရာပဲ။ (မဿဲ ၂၄:၃၀) “ရွေးချယ်ခံရသူတွေအတွက်” ဘုရားသခင် ကြားဝင်လုပ်ဆောင်ပေးမယ်လို့ သူပြောခဲ့ပြီးပြီ။ (မဿဲ ၂၄:၂၂) ဒါဆိုရင် ယေရှုပြောတဲ့ ထိတ်လန့်စရာဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါ သစ္စာရှိတပည့်တွေ ဘယ်လို တုံ့ပြန်သင့်သလဲ။ “ဒါတွေ စဖြစ်ပြီဆိုရင် ခင်ဗျားတို့ကို ကယ်တင်မယ့်အချိန် ရောက်ခါနီးပြီဖြစ်လို့ မတ်မတ်ရပ်ပြီး ခေါင်းမော့ထားကြပါ” လို့ နောက်လိုက်တွေကို ယေရှု အားပေးတယ်။—လုကာ ၂၁:၂၈။
ကြိုဟောထားတဲ့ အဲဒီအချိန်ကာလအတွင်း အသက်ရှင်နေတဲ့ တပည့်တွေဟာ အဆုံးနီးပြီဆိုတာ ဘယ်လို သိနိုင်မလဲ။ ယေရှုက သဖန်းပင်ပုံဥပမာကို ပြောပြတယ်– “သဖန်းပင် အတက်ထွက်ပြီး ရွက်နုပေါက်လာရင် နွေရာသီရောက်တော့မယ်ဆိုတာ ခင်ဗျားတို့ အသိပဲ။ အလားတူ၊ ဒီအရာတွေအားလုံးကို ခင်ဗျားတို့ မြင်ရရင် လူသားဟာ တံခါးဝနား ရောက်နေပြီဆိုတာ သိမှတ်ကြပါ။ ကျွန်တော် မှန်တာကို ပြောမယ်။ ဒါတွေအားလုံးမဖြစ်ခင် ဒီလူမျိုးဆက်ဟာ လုံးဝကွယ်ပျောက်မှာ မဟုတ်ဘူး။”—မဿဲ ၂၄:၃၂-၃၄။
ဒါကြောင့် နိမိတ်ရဲ့ အသွင်အပြင်အမျိုးမျိုး ပြည့်စုံလာတာကို တပည့်တွေ မြင်တဲ့အခါ အဆုံးနီးပြီဆိုတာ နားလည်သင့်တယ်။ အဲဒီထူးခြားတဲ့ အချိန်ကာလမှာ အသက်ရှင်နေမယ့် တပည့်တွေကို ယေရှု အခုလို တိုက်တွန်းတယ်–
“အဲဒီနေ့၊ အဲဒီအချိန်ကို ဘယ်သူမှ မသိဘူး။ ကောင်းကင်တမန်တွေလည်း မသိဘူး။ သားဖြစ်သူ ကျွန်တော်လည်း မသိဘူး။ အဖဘုရားပဲ သိတယ်။ နောဧလက်ထက်မှာ ဖြစ်သလို လူသား ရောက်ရှိနေချိန်မှာ ဖြစ်လိမ့်မယ်။ ရေလွှမ်းမိုးဘေး မတိုင်ခင်တုန်းက လူတွေဟာ နောဧ သင်္ဘောထဲ ဝင်တဲ့နေ့အထိ စားလိုက်၊ သောက်လိုက်၊ ထိမ်းမြားပေးစားလိုက် လုပ်နေကြတယ်။ ရေလွှမ်းမိုးဘေး ရောက်ပြီး အားလုံးကို သုတ်သင်ပယ်ရှင်းလိုက်ချိန်အထိ သတိမဲ့နေကြတယ်။ လူသား ရောက်ရှိနေချိန်မှာလည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်။” (မဿဲ ၂၄:၃၆-၃၉) ယေရှုက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်ခဲ့တဲ့ နောဧခေတ် ရေလွှမ်းမိုးဘေးအကြောင်း နားထောင်နေသူတွေကို ပြန်သတိရစေတယ်။
သံလွင်တောင်ပေါ်မှာ ယေရှုရဲ့စကားကို နားထောင်နေတဲ့ တမန်တော်တွေဟာ နိုးနိုးကြားကြား ရှိဖို့လိုကြောင်း နားလည်ထားရမယ်။ ယေရှုက “စားကြူးသောက်ကြူးတာတွေ၊ ဘဝရဲ့ စိုးရိမ်ပူပန်စရာတွေကြောင့် စိတ်နှလုံး ဝန်ပိမနေဖို့ ခင်ဗျားတို့ သတိထားကြပါ။ အဲဒီနေ့ ရုတ်တရက် ရောက်လာတဲ့အခါ၊ ခင်ဗျားတို့ ထောင်ချောက်မိသွားလိမ့်မယ်။ အဲဒီနေ့ကို မြေတစ်ပြင်လုံးမှာရှိတဲ့ လူအားလုံး ကြုံရမှာ။ ဒါကြောင့် နိုးကြားနေပါ။ အမြဲ တိုးလျှိုးအသနားခံပါ။ ဒါမှ ဒါတွေ ဖြစ်ပျက်လာတဲ့အခါ ခင်ဗျားတို့ လွတ်မြောက်ပြီး လူသားရှေ့မှာ ရပ်နေနိုင်လိမ့်မယ်” လို့ပြောတယ်။—လုကာ ၂၁:၃၄-၃၆။
ယေရှုက သူကြိုပြောတဲ့အရာတွေဟာ အကန့်အသတ်နဲ့ပဲ ပြည့်စုံမှာမဟုတ်မှန်း ထပ်ပြောနေတာ။ နောက်ဆယ်စုနှစ် အနည်းငယ်အတွင်း ဖြစ်ပျက်မယ့်အရာတွေ၊ ဂျေရုဆလင်မြို့ ဒါမှမဟုတ် ဂျူးလူမျိုးနဲ့ဆိုင်တဲ့ အရာတွေကိုပဲ သူကြိုပြောနေတာ မဟုတ်ဘူး။ “မြေတစ်ပြင်လုံးမှာရှိတဲ့ လူအားလုံးကြုံရ” မယ့် အဖြစ်အပျက်တွေကို သူပြောနေတာ။
တပည့်တွေဟာ နိုးကြားနေဖို့၊ သတိနဲ့စောင့်နေဖို့၊ အသင့်ရှိနေဖို့လိုတယ်ဆိုပြီး ယေရှုပြောတယ်။ အဲဒီသတိပေးချက်ကို အလေးပေးဖို့ နောက်ပုံဥပမာတစ်ခုကို ပြောပြတယ်– “တစ်ခုတော့ သိထားပါ– အိမ်ရှင်က သူခိုးလာမယ့်အချိန်ကို သိရင် အိမ်ဖောက်ထွင်း မခံရအောင် မအိပ်ဘဲ စောင့်နေမှာပဲ။ ဒါကြောင့် ခင်ဗျားတို့လည်း အသင့်ရှိနေကြပါ။ လူသားဟာ ခင်ဗျားတို့ မထင်မှတ်တဲ့အချိန်မှာ လာလိမ့်မယ်။”—မဿဲ ၂၄:၄၃၊ ၄၄။
တပည့်တွေမှာ အကောင်းဘက်ကို မျှော်လင့်နိုင်တဲ့ အကြောင်းရင်းရှိတယ်လို့ ယေရှု ဆက်ပြောတယ်။ သူ့ပရောဖက်ပြုချက် ပြည့်စုံချိန်မှာ နိုးကြားတက်ကြွတဲ့ “ကျွန်” ရှိနေမယ်ဆိုပြီး သူတို့ကို ကတိပေးတယ်။ တမန်တော်တွေ အလွယ်တကူမြင်ယောင်နိုင်ဖို့ ယေရှု အခုလို ပြောပြတယ်– “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်ဟာ တကယ်တော့ ဘယ်သူလဲ။ အိမ်သူအိမ်သားတွေကို အချိန်တန်ရင် အစားအစာ ဝေပေးဖို့ သူ့ကို သခင် ခန့်အပ်ထားတယ်။ သခင် ပြန်လာတဲ့အခါ အဲဒီအတိုင်း လုပ်နေတဲ့ ကျွန်ကို တွေ့ရင် အဲဒီကျွန်ဟာ ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်။ ကျွန်တော် မှန်တာကို ပြောမယ်။ သခင်က မိမိပိုင်ဆိုင်သမျှကို အဲဒီကျွန်ဆီ အပ်လိမ့်မယ်။” တကယ်လို့ အဲဒီ “ကျွန်” မှာ မကောင်းတဲ့သဘောထား ဝင်လာပြီး လုပ်ဖော်ဆောင်ဖက် ကျွန်တွေကို မညှာမတာ ဆက်ဆံမယ်ဆိုရင်တော့ သခင်က “သူ့ကို အပြင်းအထန် ဒဏ်စီရင်” ပါလိမ့်မယ်။—မဿဲ ၂၄:၄၅-၅၁။ လုကာ ၁၂:၄၅၊ ၄၆ နဲ့နှိုင်းယှဉ်ပါ။
ဒါပေမဲ့ သူ့နောက်လိုက် အုပ်စုမှာ မကောင်းတဲ့ သဘောထား ရှိလာမယ်လို့ ယေရှုပြောနေတာ မဟုတ်ဘူး။ ဒါဆိုရင် တပည့်တွေကို ဘာသင်ခန်းစာ သင်ပေးချင်တာဖြစ်မလဲ။ သူတို့ကို နိုးနိုးကြားကြား၊ တက်တက်ကြွကြွ ရှိနေစေချင်တာ။ အဲဒီအချက်ကို နောက်ပုံဥပမာတစ်ခုမှာ ဆက်ရှင်းပြတယ်။
-
-
နိုးနိုးကြားကြားရှိဖို့သင်ပေးတဲ့ အပျိုစင်ပုံဥပမာယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၁၂
နိုးနိုးကြားကြားရှိဖို့ သင်ပေးတဲ့ အပျိုစင်ပုံဥပမာ
အပျိုစင်ဆယ်ယောက် ပုံဥပမာကို ပြောပြ
ယေရှုက သူရောက်ရှိချိန်နဲ့ ဒီလောကစနစ် နိဂုံးပိုင်းရဲ့ နိမိတ်အကြောင်း တမန်တော်တွေ မေးတာကို အဖြေပေးနေတယ်။ အခု ယေရှုက နောက်ပုံဥပမာတစ်ခု ပြောပြပြီး သူတို့ကို သတိပေးတယ်။ ဒီပုံဥပမာရဲ့ ပြည့်စုံချက်ကို ယေရှု ရောက်ရှိချိန်အတွင်း အသက်ရှင်တဲ့သူတွေ မြင်တွေ့ရမှာ ဖြစ်တယ်။
ယေရှုက ပုံဥပမာကို အခုလို အစပြုတယ်– “ကောင်းကင်နိုင်ငံကို မီးခွက်ကိုယ်စီကိုင်ပြီး သတို့သားကို ထွက်ကြိုတဲ့ အပျိုစင်ဆယ်ယောက်နဲ့ ခိုင်းနှိုင်းနိုင်တယ်။ အပျိုစင်ငါးယောက်က ဉာဏ်မရှိဘူး။ ကျန်တဲ့ငါးယောက်ကတော့ သတိပညာရှိတယ်။”—မဿဲ ၂၅:၁၊ ၂။
ကောင်းကင်နိုင်ငံတော်ကို အမွေရကြမယ့် တပည့်တွေထဲမှာ တစ်ဝက်က ဉာဏ်မရှိဘူး၊ တစ်ဝက်ကတော့ အမြော်အမြင်ရှိတယ်လို့ ယေရှုပြောနေတာ မဟုတ်ဘူး။ တပည့်တစ်ယောက်စီဟာ နိုင်ငံတော်နဲ့ ပတ်သက်လာရင် နိုးနိုးကြားကြား ရှိနေမလား ဒါမှမဟုတ် အာရုံပျံ့လွင့်သွားမလားဆိုတာ ကိုယ်တိုင်ရွေးချယ်နိုင်တယ်လို့ ပြောနေတာ။ ဒါပေမဲ့ ယေရှုဟာ သူ့ကျေးကျွန်တစ်ယောက်စီဟာ ဆက်သစ္စာရှိပြီး အဖဘုရားရဲ့ ကောင်းချီးတွေကို ခံစားရမယ်ဆိုတာ အပြည့်အဝ ယုံကြည်တယ်။
ဒီပုံဥပမာမှာ အပျိုစင်ဆယ်ယောက်ဟာ သတို့သားကို ကြိုဆိုဖို့၊ ဧည့်ခံကျွေးမွေးချိန်မှာ ပါဝင်ဆင်နွှဲဖို့ ထွက်လာကြတယ်။ သတို့သားရောက်လာပြီး သတို့သမီးကို အသင့်ပြင်ထားတဲ့အိမ်ဆီ ခေါ်သွားတဲ့အခါ အပျိုစင်တွေက လမ်းတစ်လျှောက်လုံး လင်းနေအောင် သူတို့ရဲ့ မီးခွက်တွေကို ထွန်းပြီး သတို့သားကို ဂုဏ်ပြုကြမယ်။ အဲဒီအတိုင်း ဖြစ်ခဲ့သလား။
“ဉာဏ်မရှိတဲ့ ငါးယောက်က မီးခွက်ယူသွားပေမဲ့ ဆီအပို မယူသွားဘူး။ သတိပညာရှိတဲ့ ငါးယောက်ကတော့ မီးခွက်ကိုယ်စီ ပါတဲ့အပြင် ဆီအပိုကိုလည်း ဘူးနဲ့ထည့်ပြီး ယူသွားတယ်။ သတို့သားက တော်တော်နဲ့ ရောက်မလာတော့ သူတို့အားလုံး ငိုက်ပြီး အိပ်ပျော်သွားကြတယ်” လို့ ယေရှုရှင်းပြတယ်။ (မဿဲ ၂၅:၃-၅) သတို့သားက မျှော်လင့်ထားတဲ့အချိန်မှာ ရောက်မလာဘူး။ တော်တော်လေး ကြန့်ကြာနေပုံရတဲ့အတွက် သူတို့အားလုံး ငိုက်ပြီး အိပ်ပျော်သွားကြတယ်။ ဒါကို တမန်တော်တွေ ကြားတဲ့အခါ ခရီးဝေးထွက်သွားပြီး “ထီးနန်းဆက်ခံပြီးနောက် ပြန်လာတဲ့” မင်းညီမင်းသားတစ်ယောက်အကြောင်း ယေရှု ပြောခဲ့ဖူးတာကို သတိရမိမှာပဲ။—လုကာ ၁၉:၁၁-၁၅။
နောက်ဆုံး သတို့သားရောက်လာတဲ့အခါ ဘာဖြစ်ခဲ့သလဲ။ ယေရှုက “သန်းခေါင်ယံမှာ ‘သတို့သား လာနေပြီ၊ သွားကြိုကြ’ ဆိုတဲ့ အော်သံ ကြားရတယ်” လို့ပြောတယ်။ (မဿဲ ၂၅:၆) အဲဒီအချိန်မှာ အပျိုစင်တွေ အသင့်ဖြစ်နေကြသလား၊ နိုးကြားနေကြသလား။
ယေရှု အခုလို ဆက်ပြောတယ်– “အဲဒီအခါ အပျိုစင်အားလုံး နိုးလာပြီး မီးခွက်တွေကို အသင့်ပြင်တယ်။ ဉာဏ်မရှိတဲ့ အပျိုစင်တွေက ‘ငါတို့မီးခွက် ငြိမ်းတော့မှာမို့လို့ ဆီနည်းနည်းလောက် ပေးပါလား’ ဆိုပြီး တောင်းတဲ့အခါ သတိပညာရှိသူတွေက ‘တို့ရဲ့ဆီက အားလုံးအတွက် လောက်မှာ မဟုတ်ဘူး။ ဒီတော့ ဆီရောင်းတဲ့သူဆီမှာ သွားဝယ်ကြ’ လို့ပြန်ပြောတယ်။”—မဿဲ ၂၅:၇-၉။
ဉာဏ်မရှိတဲ့အပျိုစင် ငါးယောက်ဟာ နိုးနိုးကြားကြား မရှိတဲ့အပြင် သတို့သား ရောက်လာချိန်အတွက် အသင့်မပြင်ထားကြဘူး။ ဆီမလောက်လို့ သွားဝယ်နေရတယ်။ ယေရှု အခုလို ဆက်ပြောတယ်– “သူတို့ ဆီသွားဝယ်နေတုန်းမှာ သတို့သား ရောက်လာတယ်။ အသင့်ရှိနေတဲ့ အပျိုစင်တွေက သတို့သားနဲ့အတူ ဧည့်ခံကျွေးမွေးတဲ့ နေရာကို ဝင်သွားတယ်။ အဲဒီနောက် တံခါးပိတ်သွားတယ်။ ကျန်တဲ့အပျိုစင်တွေ ရောက်လာပြီး ‘သခင်၊ သခင်၊ ကျွန်မတို့ကို တံခါးဖွင့်ပေးပါဦး” လို့ တောင်းပန်တော့ သတို့သားက ‘ခင်ဗျားတို့ကို ကျွန်တော် လုံးဝမသိဘူး’ လို့ပြောလိုက်တယ်။” (မဿဲ ၂၅:၁၀-၁၂) အသင့်မပြင်ထားတဲ့အတွက်၊ နိုးနိုးကြားကြား မရှိတဲ့အတွက် တကယ့်ကို ဝမ်းနည်းစရာပဲ။
ယေရှုက သူ့ကိုယ်သူ သတို့သားနဲ့ ခိုင်းနှိုင်းဖူးလို့ သတို့သားဟာ ယေရှုကိုပုံဆောင်မှန်း တမန်တော်တွေ သိကြတယ်။ (လုကာ ၅:၃၄၊ ၃၅) ဒါဆို သတိပညာရှိတဲ့ အပျိုစင်တွေကကော ဘယ်သူ့ကို ရည်ညွှန်းသလဲ။ ယေရှုက နိုင်ငံတော်အမွေခံရမယ့် “သိုးစုငယ်” အကြောင်းပြောတဲ့အခါ “ခါးကိုစည်းပြီး အသင့်ရှိနေပါ။ မီးခွက်တွေကို ထွန်းထားကြပါ” လို့ပြောခဲ့တယ်။ (လုကာ ၁၂:၃၂၊ ၃၅) ဒါကြောင့် တမန်တော်တွေက သူတို့လို သစ္စာရှိတပည့်တွေကို ယေရှု ရည်ညွှန်းနေမှန်း သဘောပေါက်ကြတယ်။ ယေရှုက ဒီပုံဥပမာကိုသုံးပြီး ဘာသင်ခန်းစာ သင်ပေးသလဲ။
ပုံဥပမာကို အခုလို နိဂုံးချုပ်တယ်– “ဒါကြောင့် အဲဒီနေ့၊ အဲဒီအချိန်ကို ခင်ဗျားတို့ မသိတဲ့အတွက် သတိနဲ့ စောင့်နေကြပါ။”—မဿဲ ၂၅:၁၃။
ရှင်းပါတယ်၊ ယေရှုက သူရောက်ရှိချိန်နဲ့ ပတ်သက်ပြီး သစ္စာရှိနောက်လိုက်တွေကို သတိပေးနေတာ။ သူတို့အားလုံး “သတိနဲ့ စောင့်နေ” ဖို့လိုတယ်။ ယေရှုရောက်လာမှာဖြစ်လို့ သူတို့အနေနဲ့ သတိပညာရှိတဲ့ အပျိုစင်ငါးယောက်လို အသင့်ပြင်ထားပြီး နိုးကြားနေဖို့ လိုတယ်။ ဒါမှ သူတို့ရဲ့ အဖိုးတန်မျှော်လင့်ချက်ကို မျက်ခြည်မပြတ်မှာ။ သူတို့ရမယ့် ဆုကျေးဇူးကို လက်လွတ်ဆုံးရှုံးမှာ မဟုတ်တော့ဘူး။
-
-
ကြိုးစားအားထုတ်ဖို့သင်ပေးတဲ့ တဲလင့်ပုံဥပမာယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၁၃
ကြိုးစားအားထုတ်ဖို့ သင်ပေးတဲ့ တဲလင့်ပုံဥပမာ
တဲလင့်ပုံဥပမာကို ယေရှု ပြောပြ
သံလွင်တောင်ပေါ်မှာ တမန်တော်လေးယောက်နဲ့အတူ ရှိနေတုန်း နောက်ပုံဥပမာတစ်ခုကို ယေရှု ပြောပြတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ယေရိခေါမြို့မှာ ရှိနေတုန်း မိုင်နာ ပုံဥပမာကို ပြောပြပြီး နိုင်ငံတော်လာဖို့ အဝေးကြီးလိုသေးကြောင်း ထောက်ပြခဲ့တယ်။ အခု သူပြောတဲ့ ပုံဥပမာမှာလည်း အဲဒီပုံဥပမာနဲ့ ဆင်တူချက်တချို့ ရှိတယ်။ မိမိရောက်ရှိခြင်းနဲ့ လောကစနစ်နိဂုံးပိုင်းအကြောင်း ပြန်ဖြေတဲ့အဖြေထဲမှာ ဒီပုံဥပမာလည်း ပါတယ်။ တပည့်တွေဟာ သူတို့ကို ယေရှု အပ်နှင်းထားတဲ့ အလုပ်ကို ကြိုးစားပမ်းစား လုပ်ဆောင်ရမယ်ဆိုတာကိုလည်း အလေးပေးတယ်။
“ကောင်းကင်နိုင်ငံဟာ တိုင်းတစ်ပါး သွားခါနီး ကျွန်တွေကို ခေါ်ပြီး ပစ္စည်းတွေ အပ်တဲ့လူနဲ့ တူတယ်” လို့ ယေရှု စပြောတယ်။ (မဿဲ ၂၅:၁၄) ယေရှုက “ထီးနန်းဆက်ခံ” ဖို့ ခရီးဝေးထွက်သွားတဲ့ လူတစ်ယောက်နဲ့ သူ့ကိုယ်သူ ခိုင်းနှိုင်းခဲ့ဖူးတယ်။ ဒါကြောင့် အခုလည်း ပုံဥပမာမှာပါတဲ့ “မင်းညီမင်းသား” ဟာ ယေရှုပဲဆိုတာ တမန်တော်တွေ နားလည်နိုင်တယ်။—လုကာ ၁၉:၁၂။
အဲဒီလူက ခရီးမထွက်ခင် သူ့ရဲ့ အဖိုးတန်ပစ္စည်းတွေကို ကျွန်တွေဆီမှာ အပ်သွားတယ်။ ယေရှုက အမှုဆောင်လုပ်ငန်းလုပ်တဲ့ သုံးနှစ်ခွဲအတွင်း ဘုရားနိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ အာရုံစိုက်ပြီး တပည့်တွေကိုလည်း အဲဒီလုပ်ငန်း လုပ်နိုင်အောင် လေ့ကျင့်ပေးခဲ့တယ်။ အခုတော့ သူလေ့ကျင့်ပေးခဲ့တဲ့အတိုင်း သူတို့တွေ ဆက်လုပ်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်စိတ်ချတဲ့အတွက် ခရီးဝေး ထွက်သွားတော့မယ်။—မဿဲ ၁၀:၇။ လုကာ ၁၀:၁၊ ၈၊ ၉။ ယောဟန် ၄:၃၈။ ၁၄:၁၂ နဲ့နှိုင်းယှဉ်ပါ။
ပုံဥပမာမှာ အဲဒီလူက သူ့ပစ္စည်းတွေကို ဘယ်လို ခွဲဝေပေးသလဲ။ “သူက ကျွန်တစ်ယောက်စီရဲ့ အရည်အချင်းကို ကြည့်ပြီး တစ်ယောက်ကို ငါးတဲလင့်၊ နောက်တစ်ယောက်ကို နှစ်တဲလင့်၊ နောက်တစ်ယောက်ကိုကျတော့ တစ်တဲလင့်ပေးပြီး ခရီးဝေး ထွက်သွားတယ်” လို့ယေရှုပြောတယ်။ (မဿဲ ၂၅:၁၅) အဲဒီကျွန်တွေက သူတို့ဆီမှာ အပ်ထားတဲ့ငွေကို ဘယ်လို လုပ်ကြမလဲ။ အဲဒီငွေကိုသုံးပြီး သခင့်စီးပွားတိုးတက်အောင် ကြိုးစားပမ်းစား လုပ်ဆောင်ကြမလား။ တမန်တော်တွေကို အခုလို ဆက်ပြောတယ်–
“ငါးတဲလင့် ရတဲ့သူက ချက်ချင်းပဲ အဲဒီငွေနဲ့ အရောင်းအဝယ် လုပ်တဲ့အတွက် နောက်ထပ် ငါးတဲလင့် အမြတ်ရတယ်။ နှစ်တဲလင့် ရတဲ့သူကလည်း နှစ်တဲလင့် အမြတ်ရတယ်။ တစ်တဲလင့်ရတဲ့ ကျွန်ကတော့ ထွက်သွားပြီး အဲဒီငွေကို မြေကြီးထဲမှာ မြှုပ်ထားလိုက်တယ်။” (မဿဲ ၂၅:၁၆-၁၈) သခင်ပြန်လာတဲ့အခါ ဘာဖြစ်သလဲ။
“အချိန်အတော်ကြာပြီးတဲ့နောက် သခင်ပြန်လာပြီး ကျွန်တွေကို ငွေစာရင်း ရှင်းခိုင်းတယ်” လို့ ယေရှု ဆက်ပြောတယ်။ (မဿဲ ၂၅:၁၉) ပထမကျွန်နှစ်ယောက်က သူတို့ရဲ့ “အရည်အချင်း” အပေါ် မူတည်ပြီး အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတယ်။ လုံ့လဝီရိယရှိရှိ၊ ကြိုးကြိုးစားစားနဲ့ အကျိုးအမြတ်ရအောင် လုပ်ဆောင်ခဲ့တယ်။ ငါးတဲလင့်ရတဲ့ ကျွန်ရော၊ နှစ်တဲလင့်ရတဲ့ ကျွန်ရော ငွေကိုနှစ်ဆဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ (အဲဒီခေတ်တုန်းက အလုပ်သမားတစ်ယောက်ဟာ တစ်တဲလင့်နဲ့ ညီမျှတဲ့ လုပ်အားခရဖို့ ၁၉ နှစ်လောက် အလုပ်လုပ်ရတယ်။) ဒီအခါ သခင်က ကျွန်နှစ်ယောက်စလုံးကို “တော်လိုက်တာ။ မင်းဟာ သစ္စာရှိတဲ့ ကျွန်ကောင်းပဲ။ အသေးအမွှား ကိစ္စတွေမှာတောင် သစ္စာရှိတဲ့အတွက် မင်းကို အများကြီး ထပ်ပြီး အပ်ဦးမယ်။ သခင်နဲ့အတူ ဝမ်းမြောက်ပါ” ဆိုပြီး ချီးမွမ်းတယ်။—မဿဲ ၂၅:၂၁။
တစ်တဲလင့်ရတဲ့ ကျွန်ကတော့ အဲဒီလို မဟုတ်ဘူး။ သူက “သခင်ဟာ မညှာမတာ ခိုင်းတတ်မှန်း၊ ကိုယ်မစိုက်တဲ့ ကောက်နှံကို ရိတ်သိမ်းပြီး ကိုယ်မလှေ့တဲ့ ကောက်နှံကို စုသိမ်းတတ်မှန်း ကျွန်တော်ရိပ်မိတဲ့အတွက် သခင့်ကိုကြောက်တာနဲ့ အဲဒီငွေကို မြှုပ်ထားပါတယ်။ ဒီမှာ သခင့်ငွေတွေပါ” လို့ပြောတယ်။ (မဿဲ ၂၅:၂၄၊ ၂၅) သူက ငွေကို အတိုးချထားရင်တောင် အနည်းဆုံးတော့ သခင့်အတွက် အမြတ်ရမှာပဲ မဟုတ်လား။ ဒါပေမဲ့ သခင့်စီးပွား တိုးတက်အောင် သူမလုပ်ခဲ့ဘူး။
ဒါကြောင့် သူ့ကို “ကျွန်ဆိုး၊ ကျွန်ပျင်း” လို့ခေါ်တာ မလွန်ပါဘူး။ သခင်က သူ့ဆီမှာ အပ်ထားတာကို ပြန်ယူပြီး ကြိုးကြိုးစားစား လုပ်ဆောင်ချင်တဲ့ကျွန်ကို ပေးလိုက်တယ်။ ပြီးတော့ သခင်က သူသတ်မှတ်ထားတဲ့စံနှုန်းနဲ့ ပတ်သက်ပြီး အခုလိုပြောတယ်– “ရှိတဲ့သူတွေဟာ ထပ်ပြီး ရလိမ့်မယ်။ အလျှံပယ် ရလိမ့်မယ်။ မရှိတဲ့သူကတော့ ရှိထားတာလေးတောင် အသိမ်းခံရလိမ့်မယ်။”—မဿဲ ၂၅:၂၆၊ ၂၉။
ဒီပုံဥပမာနဲ့ ပတ်သက်ပြီး တပည့်တွေမှာ စဉ်းစားစရာ အများကြီးပဲ။ သူတို့ဆီမှာ ယေရှုအပ်ထားတဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းဟာ အဖိုးတန် အခွင့်ထူးတစ်ခုဖြစ်တယ်။ အခွင့်ထူးဖြစ်တဲ့ ဒီလုပ်ငန်းကို ကြိုးစားပမ်းစား လုပ်ဆောင်ဖို့ ယေရှုမျှော်လင့်တယ်။ ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာ တပည့်အားလုံး တစ်ပုံစံတည်း လုပ်ရမယ်လို့ ယေရှု မတောင်းဆိုပါဘူး။ ပုံဥပမာမှာ ပါတဲ့အတိုင်း တစ်ယောက်စီဟာ ကိုယ့် “အရည်အချင်း” အပေါ်မူတည်ပြီး အတတ်နိုင်ဆုံး လုပ်ဆောင်ရမယ်။ “ပျင်း” တဲ့သူ၊ သခင့်ပစ္စည်းဥစ္စာ တိုးပွားအောင် အတတ်နိုင်ဆုံး မလုပ်ဆောင်သူကိုတော့ ယေရှု နှစ်သက်လက်ခံမှာ မဟုတ်ဘူး။
ဒါပေမဲ့ “ရှိတဲ့သူတွေဟာ ထပ်ပြီး ရလိမ့်မယ်” ဆိုတဲ့ ကတိကို တမန်တော်တွေ ကြားတဲ့အခါ ဘယ်လောက် ဝမ်းသာကြမယ်ဆိုတာ စဉ်းစားကြည့်ပါ။
-
-
နိုင်ငံတော်အာဏာရထားတ ခရစ်တော် သိုးနဲ့ဆိတ်ကိုတရားစီရင်ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၁၄
နိုင်ငံတော်အာဏာရထားတဲ့ ခရစ်တော် သိုးနဲ့ဆိတ်ကို တရားစီရင်
သိုးနဲ့ဆိတ် ပုံဥပမာကို ယေရှုပြောပြ
သံလွင်တောင်ပေါ်မှာ ယေရှုက အပျိုစင်ဆယ်ယောက် ပုံဥပမာနဲ့ တဲလင့်ပုံဥပမာကို ပြောပြခဲ့တယ်။ မိမိရောက်ရှိခြင်းနဲ့ လောကစနစ် နိဂုံးပိုင်းနိမိတ်အကြောင်း တမန်တော်တွေမေးတဲ့ မေးခွန်းရဲ့ အဖြေကို သူ ဘယ်လို နိဂုံးချုပ်သလဲ။ နောက်ဆုံးပုံဥပမာဖြစ်တဲ့ သိုးနဲ့ဆိတ်အကြောင်း ပြောပြီး နိဂုံးချုပ်လိုက်တယ်။
ယေရှု ဒီလိုပြောပြတယ်– “လူသားက ကောင်းကင်တမန်အားလုံး ခြံရံပြီး ဘုန်းတန်ခိုးနဲ့ လာလိမ့်မယ်။ အဲဒီနောက် ဘုန်းကြီးတဲ့ ရာဇပလ္လင်ပေါ် ထိုင်” မယ်။ (မဿဲ ၂၅:၃၁) ဒီပုံဥပမာမှာ အဓိကအပိုင်းကနေ ပါဝင်သူဟာ ယေရှုပါပဲ။ သူက သူ့ကိုယ်သူ “လူသား” လို့ခေါ်လေ့ရှိတယ်။—မဿဲ ၈:၂၀။ ၉:၆။ ၂၀:၁၈၊ ၂၈။
ဒီပုံဥပမာက ဘယ်အချိန်မှာ ပြည့်စုံလာမလဲ။ ကောင်းကင်တမန်တွေ ခြံရံပြီး ယေရှု “မဟာဘုန်းတန်ခိုးနဲ့ လာ” တဲ့အခါ၊ “ဘုန်းကြီးတဲ့ ရာဇပလ္လင်ပေါ် ထိုင်” တဲ့အခါ ပြည့်စုံလာလိမ့်မယ်။ ကောင်းကင်တမန်တွေနဲ့အတူ “လူသားဟာ မိုးတိမ်ခြံရံပြီး မဟာဘုန်းတန်ခိုးနဲ့လာ” မယ်ဆိုပြီး ယေရှုပြောခဲ့ပြီးပြီ။ အဲဒါ ဘယ်အချိန်မှာ ဖြစ်မလဲ။ “ဒုက္ခကာလ ကျရောက်ပြီးတာနဲ့” ဖြစ်လိမ့်မယ်။ (မဿဲ ၂၄:၂၉-၃၁။ မာကု ၁၃:၂၆၊ ၂၇။ လုကာ ၂၁:၂၇) ဒါကြောင့် ဒီပုံဥပမာက အနာဂတ်မှာ ဘုန်းတန်ခိုးနဲ့ ယေရှုလာမယ့်အချိန်မှာ ပြည့်စုံလာမယ်။ အဲဒီအခါ ယေရှု ဘာလုပ်မလဲ။
သူအခုလို ရှင်းပြတယ်– “လူသားက . . . ဘုန်းတန်ခိုးနဲ့ လာလိမ့်မယ်။ . . . လူမျိုးအားလုံးကို ရှေ့မှာ စုဝေးစေမယ်။ သိုးထိန်းက သိုးနဲ့ဆိတ်ကို ခွဲသလို လူသားက အဲဒီလူတွေကို အုပ်စုနှစ်စု ခွဲလိမ့်မယ်။ သိုးတွေကို ညာဘက်မှာ၊ ဆိတ်တွေကိုတော့ ဘယ်ဘက်မှာ ထားလိမ့်မယ်။”—မဿဲ ၂၅:၃၁-၃၃။
မျက်နှာသာရတဲ့ဘက်မှာ ရှိတဲ့ သိုးတွေနဲ့ ပတ်သက်ပြီး ယေရှု ဆက်ပြောတယ်– “ညာဘက်မှာရှိတဲ့ လူတွေကို မင်းကြီးက ‘အဖဘုရားဆီက ကောင်းချီးကို ခံစားရသူတို့၊ လူ့လောကအစပြုချိန် ကတည်းက မင်းတို့အတွက် ပြင်ဆင်ထားတဲ့နိုင်ငံကို လာပြီး အမွေခံကြပါ’” လို့ပြောတယ်။ (မဿဲ ၂၅:၃၄) သိုးတွေက မင်းကြီးရဲ့ မျက်နှာသာရတာ ဘာကြောင့်လဲ။
မင်းကြီး ဒီလိုရှင်းပြတယ်– “ဘာကြောင့်လဲဆိုတော့ မင်းတို့က ငါဆာလောင်တဲ့အခါ စားစရာပေးတယ်။ ရေငတ်တဲ့အခါ သောက်စရာပေးတယ်။ ငါဧည့်သည်ဖြစ်တဲ့အခါ ဧည့်ဝတ်ပြုတယ်။ ငါဝတ်စရာ မရှိတဲ့အခါ အဝတ်အစား ပေးတယ်။ ဖျားနာတဲ့အခါ ပြုစုပေးတယ်။ ထောင်ကျတဲ့အခါ လာတွေ့ကြတယ်။” ဒီအခါ သိုးတွေဖြစ်တဲ့ “ဖြောင့်မတ်သူတွေက” အဲဒီကောင်းမှုတွေကို သူတို့ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုပြီး မေးကြတယ်။ မင်းကြီးက “ငါ့ညီတွေထဲက အငယ်ဆုံးတစ်ယောက်ကို မင်းတို့လုပ်ပေးသမျှဟာ ငါ့ကို လုပ်ပေးတာနဲ့ အတူတူပဲ” လို့ပြန်ပြောတယ်။ (မဿဲ ၂၅:၃၅၊ ၃၆၊ ၄၀၊ ၄၆) သူတို့က အဲဒီကောင်းမှုတွေကို ကောင်းကင်မှာလုပ်တာ မဟုတ်ဘူး။ ကောင်းကင်မှာ ဖျားတာ၊ ဗိုက်ဆာတာ မရှိဘူး။ ဒါကြောင့် မြေကြီးပေါ်မှာရှိတဲ့ ခရစ်တော်ရဲ့ညီတွေအတွက် သူတို့လုပ်ပေးတာ ဖြစ်ရမယ်။
ဘယ်ဘက်မှာရှိတဲ့ ဆိတ်တွေကော ဘယ်လိုလဲ။ ယေရှု ဒီလိုပြောတယ်– “ဘယ်ဘက်မှာ ရှိတဲ့သူတွေကို မင်းကြီးက ‘ကျိန်စာသင့်နေသူတို့၊ ငါ့ဆီကနေ ထွက်သွား။ မာရ်နတ်နဲ့ နတ်ဆိုးတွေအတွက် ပြင်ဆင်ထားတဲ့ ထာဝရမီးထဲကို သွားကြ။ ဘာကြောင့်လဲဆိုတော့ မင်းတို့က ငါဆာလောင်တဲ့အခါ စားစရာ မပေးဘူး။ ရေငတ်တဲ့အခါ သောက်စရာမပေးဘူး။ ငါဧည့်သည်ဖြစ်တဲ့အခါ ဧည့်ဝတ်မပြုဘူး။ ဝတ်စရာမရှိတဲ့အခါ အဝတ်အစား မပေးဘူး။ ငါဖျားနာတဲ့အခါ၊ ထောင်ကျတဲ့အခါ လာမကြည့်ဘူး’ လို့ပြောလိုက်တယ်။” (မဿဲ ၂၅:၄၁-၄၃) ဆိတ်တွေက မြေကြီးပေါ်မှာရှိတဲ့ ခရစ်တော်ရဲ့ညီတွေကို ကြင်ကြင်နာနာ မဆက်ဆံကြဘူး။ သူတို့လုပ်သင့်တာကို မလုပ်တဲ့အတွက် အဲဒီလို တရားစီရင်ခံထိုက်တယ်။
ယေရှု အခုလို ဆက်ပြောတယ်– “မင်းကြီးက ‘ငါမှန်တာကို ပြောမယ်။ ငါ့ညီတွေထဲက အငယ်ဆုံး တစ်ယောက်ကို မင်းတို့ မလုပ်ပေးတာဟာ ငါ့ကို မလုပ်ပေးတာနဲ့ အတူတူပဲ’ လို့ပြန်ပြောလိမ့်မယ်။ သူတို့ဟာ ထာဝရ ဖျက်ဆီးခံရလိမ့်မယ်၊ ဖြောင့်မတ်သူတွေကတော့ ထာဝရအသက် ရလိမ့်မယ်။” ဒါကြောင့် ဒီအနာဂတ် တရားစီရင်ခြင်းရဲ့ ရလဒ်တွေက ထာဝရပဲဆိုတာ တမန်တော်တွေ သိကြတယ်။—မဿဲ ၂၅:၄၅၊ ၄၆။
တမန်တော်တွေရဲ့ အမေးကို ယေရှု ပြန်ဖြေလိုက်တဲ့ အဖြေကို လေ့လာကြည့်တဲ့အခါ နောက်လိုက်တွေအတွက် စဉ်းစားစရာ အများကြီးရှိတယ်။ အဲဒါက သူတို့ရဲ့ သဘောထားနဲ့ အပြုအမူတွေကို ပြန်ဆန်းစစ်ဖို့ ကူညီပေးတယ်။
-