-
နောက်ဆုံးပသခါပွဲမှာ နှိမ့်ချမှုအကြောင်း သွန်သင်ပေးယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၁၆
နောက်ဆုံးပသခါပွဲမှာ နှိမ့်ချမှုအကြောင်း သွန်သင်ပေး
မဿဲ ၂၆:၂၀ မာကု ၁၄:၁၇ လုကာ ၂၂:၁၄-၁၈ ယောဟန် ၁၃:၁-၁၇
တမန်တော်တွေနဲ့အတူ နောက်ဆုံး ပသခါညစာ စား
တမန်တော်တွေရဲ့ ခြေကို ဆေးပြီး သင်ခန်းစာပေး
ယေရှုခိုင်းတဲ့အတိုင်း ပေတရုနဲ့ ယောဟန်က ပသခါပွဲအတွက် ပြင်ဆင်ဖို့ ဂျေရုဆလင်မြို့ကို ရောက်နေကြပြီ။ ယေရှုနဲ့ တမန်တော်ဆယ်ယောက်ကတော့ နောက်မှ လိုက်လာကြတယ်။ အခု ညနေပိုင်း ရောက်နေပြီ။ ယေရှုနဲ့ တမန်တော်တွေ သံလွင်တောင်ပေါ်ကနေ ဆင်းလာချိန်မှာတော့ အနောက်ဘက်ကောင်းကင်ယံမှာ နေဝင်စပြုနေပြီ။ ယေရှုအတွက်တော့ သူရှင်ပြန်ထမြောက်ချိန်မတိုင်ခင် ဒီမြင်ကွင်းကို မြင်ရတာ နောက်ဆုံးအကြိမ်ပဲ။
ခဏကြာတော့ ယေရှုနဲ့ တပည့်တွေ မြို့ထဲရောက်လာပြီး ပသခါညစာစားမယ့်အိမ်ကို သွားကြတယ်။ အိမ်အပေါ်ထပ်မှာရှိတဲ့ အခန်းကြီးကို တက်သွားတဲ့အခါ အားလုံး အသင့်ပြင်ဆင်ထားကို တွေ့လိုက်ရတယ်။ ဒီအချိန်ကို ယေရှု မျှော်လင့်နေလို့ “ကျွန်တော် ဝေဒနာမခံစားရခင် ခင်ဗျားတို့နဲ့အတူ ဒီပသခါညစာစားဖို့ စောင့်မျှော်နေတာ” လို့ပြောတယ်။—လုကာ ၂၂:၁၅။
ပသခါပွဲ တက်ရောက်သူတွေကို ဝိုင်ခွက်တွေ ကမ်းပေးတဲ့ ထုံးစံရှိတာ နှစ်တော်တော်ကြာပြီ။ အခု ယေရှုက ဝိုင်ခွက်ကိုလှမ်းယူပြီး ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းတယ်။ ပြီးတော့ “ဒါကိုယူပြီး လက်ဆင့်ကမ်းလိုက်ပါ။ ကျွန်တော်ပြောမယ်။ ဘုရားသခင့်နိုင်ငံတော် မလာမချင်း အခုကစပြီး စပျစ်ဝိုင်ကို ကျွန်တော် လုံးဝမသောက်တော့ဘူး” လို့ပြောတယ်။ (လုကာ ၂၂:၁၇၊ ၁၈) ဒါကြောင့် သူသေဆုံးဖို့ သိပ်နီးနေပြီဆိုတာ သိသာတယ်။
ပသခါညစာ စားနေတုန်း ဘယ်သူမှ မထင်ထားတဲ့ အလုပ်တစ်ခုကို ယေရှု လုပ်လိုက်တယ်။ စားပွဲကနေ ထ၊ အပေါ်ဝတ်လုံကို ချွတ်၊ ပုဝါကိုယူပြီး အနားက အင်တုံထဲ ရေထည့်လိုက်တယ်။ ပုံမှန်ဆိုရင်တော့ အိမ်ရှင်ဖြစ်သူက ဧည့်သည်တွေကို ခြေဆေးပေးဖို့ တာဝန်ယူရတယ်။ အစေခံကို လုပ်ခိုင်းတာလည်း ဖြစ်နိုင်တယ်။ (လုကာ ၇:၄၄) ဒီတစ်ကြိမ်မှာတော့ အိမ်ရှင်မရှိလို့ ယေရှုက အဲဒီတာဝန်ကို ယူလိုက်တယ်။ တကယ်ဆိုရင် တမန်တော်တစ်ယောက်ယောက်က တာဝန်ယူလို့ရတာပဲ။ ဒါပေမဲ့ ဘယ်သူမှ တာဝန်မယူချင်ဘူး။ သူတို့အချင်းချင်း ပြိုင်ဆိုင်မှု ရှိနေသေးလို့များလား။ ဘာပဲဖြစ်ဖြစ် အခု သူတို့ခြေထောက်ကို ယေရှု ဆေးပေးတဲ့အခါမှာတော့ စိတ်အနှောင့်အယှက် ဖြစ်သွားကြမှာ အမှန်ပဲ။
ပေတရုက သူ့အလှည့်ရောက်တဲ့အခါ “ကျွန်တော့်ခြေကို သခင် လုံးဝမဆေးရဘူး” လို့ပြောတော့ ယေရှုက “ခင်ဗျားခြေကို မဆေးရရင် ခင်ဗျားနဲ့ကျွန်တော် ဘာမှမသက်ဆိုင်တော့ဘူး” လို့ပြန်ပြောတယ်။ ဒါနဲ့ ပေတရုက “သခင်၊ ခြေကိုဆေးမယ်ဆိုရင် လက်ကိုရော ခေါင်းကိုပါ ဆေးပေးပါ” လို့ပြောတယ်။ ယေရှုက “ရေချိုးပြီးသားလူဟာ တစ်ကိုယ်လုံး သန့်ရှင်းနေပြီဖြစ်လို့ ခြေဆေးဖို့ပဲ လိုတာ။ ခင်ဗျားတို့ဟာ သန့်ရှင်းပြီးသားပဲ။ ဒါပေမဲ့ အားလုံးတော့ မဟုတ်ဘူး” လို့ပြောလိုက်တဲ့အခါ သူ တော်တော်အံ့သြသွားမှာပဲ။—ယောဟန် ၁၃:၈-၁၀။
ယေရှုက ယုဒရှကာရုတ်အပါအဝင် တပည့် ၁၂ ယောက်စလုံးရဲ့ ခြေကို ဆေးပြီးတဲ့နောက် အပေါ်ဝတ်လုံကို ဝတ်ပြီး စားပွဲမှာ ပြန်ထိုင်တယ်။ ပြီးတော့ “ကျွန်တော် ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ နားလည်ကြသလား။ ကျွန်တော့်ကို ‘ဆရာ၊’ ‘သခင်’ ဆိုပြီး ခင်ဗျားတို့ ခေါ်တယ်။ ခေါ်တဲ့အတိုင်း ဟုတ်နေတော့ ခင်ဗျားတို့ အဲဒီလိုခေါ်တာ မမှားပါဘူး။ သခင်လည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ ကျွန်တော်တောင်မှ ခင်ဗျားတို့ရဲ့ခြေကို ဆေးပေးတယ်ဆိုရင် ခင်ဗျားတို့လည်း အချင်းချင်းရဲ့ခြေကို ဆေးပေးရမယ်။ ဒါဟာ ခင်ဗျားတို့အတွက် ကျွန်တော်ပြတဲ့ စံနမူနာပဲ။ ကျွန်တော်လုပ်သလို ခင်ဗျားတို့ လိုက်လုပ်ကြပါ။ ကျွန်တော် မှန်တာကို ပြောမယ်။ အမှန်အတိုင်း ပြောမယ်။ ကျွန်ဟာ သခင်ထက် ကြီးမြတ်တာ မဟုတ်ဘူး။ စေလွှတ်ခံရသူဟာ စေလွှတ်သူထက် ကြီးမြတ်တာ မဟုတ်ဘူး။ ဒါတွေကို ခင်ဗျားတို့ သိထားပြီဆိုတော့ သိတဲ့အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ပြောတယ်။—ယောဟန် ၁၃:၁၂-၁၇။
နှိမ့်ချမှုနဲ့ ပတ်သက်ပြီး တကယ့်ကို ထိရောက်တဲ့ သင်ခန်းစာပါပဲ။ ယေရှုရဲ့ နောက်လိုက်တွေဟာ ထိပ်ဆုံးနေရာရဖို့ မကြိုးစားသင့်ဘူး။ ကိုယ်ပဲ အရေးကြီးဆုံးဆိုတဲ့ သဘောထား၊ သူတစ်ပါးကို စေခိုင်းချင်တဲ့စိတ်ထား မရှိရဘူး။ အဲဒီအစား ယေရှုရဲ့ စံနမူနာကို လိုက်လျှောက်ရမယ်။ မျက်နှာမလိုက်ဘဲ နှိမ့်ချစွာ သူတစ်ပါးအစေခံဖို့ လိုလိုလားလား ရှိရမယ်။
-
-
သခင့်ညစာစားပွဲယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၁၇
သခင့်ညစာစားပွဲ
မဿဲ ၂၆:၂၁-၂၉ မာကု ၁၄:၁၈-၂၅ လုကာ ၂၂:၁၉-၂၃ ယောဟန် ၁၃:၁၈-၃၀
ယုဒ သစ္စာဖောက်ဖြစ်ကြောင်း ဖော်ထုတ်ခံရ
အောက်မေ့ရာပွဲကို ယေရှု အစပြုကျင်းပ
ဒီညနေပိုင်းမှာ ယေရှုက တမန်တော်တွေရဲ့ခြေကို ဆေးပေးပြီး နှိမ့်ချမှုသင်ခန်းစာ သင်ပေးခဲ့တယ်။ အခု ပသခါညစာ စားပြီးနောက်မှာ “ငါယုံကြည်လို့ အတူလက်ဆုံစားတဲ့ ငါ့မိတ်ဆွေရင်းကတောင် ငါ့ကို ဖနောင့်နဲ့ ပေါက်တယ်” ဆိုတဲ့ ဒါဝိဒ်ရဲ့ ပရောဖက်ပြုစကားကို ကိုးကားပြီး “ခင်ဗျားတို့ထဲက တစ်ယောက် ကျွန်တော့်ကို သစ္စာဖောက်လိမ့်မယ်” လို့ပြောလိုက်တယ်။—ဆာလံ ၄၁:၉။ ယောဟန် ၁၃:၁၈၊ ၂၁။
တပည့်တွေလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး “သခင်၊ ကျွန်တော် မဟုတ်ပါဘူးနော်” လို့မေးကြတယ်။ ယုဒရှကာရုတ်တောင် မေးလိုက်သေးတယ်။ ယောဟန်က ယေရှုဘေးမှာ ထိုင်နေလို့ ပေတရုက သူ့ကိုအချက်ပြပြီး ဘယ်သူလဲလို့ မေးခိုင်းတယ်။ ဒါနဲ့ ယောဟန်က ယေရှုရဲ့ရင်ခွင်ကို ကျောမှီလိုက်ပြီး “သခင်၊ အဲဒါ ဘယ်သူလဲ” လို့မေးတယ်။—မဿဲ ၂၆:၂၂။ ယောဟန် ၁၃:၂၅။
ယေရှုက “ဒီမုန့်ကို ကျွန်တော် နှစ်ပြီး ပေးတဲ့သူပဲ” လို့ပြောပြီး မုန့်တစ်လုတ်စာကို ဟင်းခွက်ထဲ နှစ်လိုက်တယ်။ ပြီးတော့ ယုဒကို ပေးလိုက်တယ်။ “ကျမ်းစောင်မှာ ရေးထားတဲ့အတိုင်း လူသားက သွားရမှာပဲ။ ဒါပေမဲ့ လူသားကို သစ္စာဖောက်တဲ့သူကတော့ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ အဲဒီလူ မမွေးလာခဲ့ရင် ပိုကောင်းဦးမယ်” လို့ပြောတယ်။ (ယောဟန် ၁၃:၂၆။ မဿဲ ၂၆:၂၄) ဒီအခါ စာတန်က ယုဒရဲ့စိတ်ကို ကြိုးကိုင်ခြယ်လှယ်တော့တယ်။ နဂိုကတည်းက အကျင့်စာရိတ္တမကောင်းတဲ့ ယုဒဟာ အခု မာရ်နတ်ရဲ့ အလိုကို လိုက်ခြင်းအားဖြင့် “ပျက်စီးခြင်းရဲ့သား” ဖြစ်လာတယ်။—ယောဟန် ၆:၆၄၊ ၇၀။ ၁၂:၄။ ၁၇:၁၂။
ယေရှုက “လုပ်စရာရှိတာ မြန်မြန်လုပ်ပေတော့” လို့ ယုဒကိုပြောတယ်။ ယုဒဟာ ငွေသေတ္တာ ကိုင်ရတဲ့သူဆိုတော့ “ပွဲတော်အတွက် လိုအပ်တာတွေ ဝယ်ဖို့၊ နွမ်းပါးသူတွေကို ပေးကမ်းဖို့” ယေရှု ခိုင်းလိုက်တာလို့ တမန်တော်တချို့ ထင်နေကြတာ။ (ယောဟန် ၁၃:၂၇-၃၀) ယုဒကတော့ ယေရှုကို သစ္စာဖောက်အပ်နှံဖို့ ထွက်သွားတယ်။
ပသခါညစာစားတဲ့ အဲဒီညမှာပဲ ယေရှုက ညစာစားပွဲ အသစ်တစ်ခုကို အစပြု ကျင်းပတယ်။ မုန့်ကိုယူပြီး ကျေးဇူးတင်ချီးမွမ်းတယ်။ မုန့်ကိုဖဲ့ပြီးနောက် “ဒါဟာ ခင်ဗျားတို့အတွက် စွန့်လွှတ်တဲ့ ကျွန်တော့်ကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်။ ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ကြပါ” လို့ပြောပြီး တမန်တော်တွေကို ဝေပေးတယ်။ (လုကာ ၂၂:၁၉) တမန်တော်တွေလည်း စားကြတယ်။
ယေရှုက ဝိုင်ခွက်ကိုလည်းယူပြီး ကျေးဇူးတင်ချီးမွမ်းတယ်။ ပြီးနောက် “ဒီခွက်ဟာ ကျွန်တော့်ရဲ့သွေးကို ကိုယ်စားပြုတယ်။ ဒါဟာ ခင်ဗျားတို့အတွက် သွန်းလောင်းမယ့် ကျွန်တော့်သွေးနဲ့ဖွဲ့တဲ့ ပဋိညာဉ်သစ်ပဲ” လို့ပြောပြီး ဝိုင်ခွက်ကို ကမ်းပေးတော့ တမန်တော်အားလုံး သောက်ကြတယ်။—လုကာ ၂၂:၂၀။
ဒီလိုနည်းနဲ့ ယေရှုက သူ့ရဲ့သေခြင်းကို အောက်မေ့ဖို့ ပွဲတော်ကျင်းပခဲ့ပြီး သူ့နောက်လိုက်တွေလည်း နှစ်စဉ် နိသန်လ ၁၄ ရက်ရောက်တိုင်း ကျင်းပရမှာဖြစ်တယ်။ ဒီပွဲတော်ဟာ ယုံကြည်သူတွေ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ဖို့ ယေရှုနဲ့ သူ့ဖခင် လုပ်ပေးခဲ့ရာကို သတိရစေတယ်။ ဂျူးတွေကျင်းပတဲ့ ပသခါပွဲက အီဂျစ်ပြည်ကနေ လွတ်မြောက်လာတာကို အမှတ်ရစေတယ်။ ဒီပွဲတော်ကတော့ ယုံကြည်သူ လူသားတွေ ရရှိတဲ့ ပိုကြီးမားတဲ့ လွတ်မြောက်မှု အစစ်အမှန်ကို အမှတ်ရစေတယ်။
ယေရှုက သူ့သွေးကို “အပြစ်တွေ ခွင့်လွှတ်ခံရဖို့ လူအများအတွက် သွန်းလောင်း” တယ်လို့ ပြောတယ်။ အပြစ်ခွင့်လွှတ်ခံရတဲ့ လူအများထဲမှာ သစ္စာရှိ တမန်တော်တွေနဲ့ တခြား သစ္စာရှိတပည့်တွေ ပါဝင်တယ်။ သူတို့ဟာ အဖဘုရားရဲ့နိုင်ငံမှာ ယေရှုနဲ့အတူ ရှိနေမယ့်သူတွေ ဖြစ်တယ်။—မဿဲ ၂၆:၂၈၊ ၂၉။
-
-
ဘယ်သူအကြီးမြတ်ဆုံးလဲဆိုပြီး အငြင်းပွားကြယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၁၈
ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး အငြင်းပွားကြ
မဿဲ ၂၆:၃၁-၃၅ မာကု ၁၄:၂၇-၃၁ လုကာ ၂၂:၂၄-၃၈ ယောဟန် ၁၃:၃၁-၃၈
ရာထူးအဆင့်အတန်းနဲ့ ပတ်သက်ပြီး သွန်သင်ပေး
ပေတရု ငြင်းပယ်မယ့်အကြောင်း ကြိုပြော
မေတ္တာက ယေရှုရဲ့ နောက်လိုက်တွေကို ခွဲခြားသိမြင်စေ
တမန်တော်တွေနဲ့ နောက်ဆုံးညစာစားနေတုန်း ယေရှုက သူတို့ ခြေကို ဆေးပြီး နှိမ့်ချတတ်ဖို့ ကောင်းမွန်တဲ့ သင်ခန်းစာ သင်ပေးခဲ့တယ်။ အဲဒီသင်ခန်းစာက ဘာကြောင့် သင့်တော်သလဲ။ သူတို့မှာ အားနည်းချက်ရှိလို့ပဲ။ သူတို့က ဘုရားသခင်အပေါ် သစ္စာရှိသူတွေဖြစ်ပေမဲ့ ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး အခုထိ အငြင်းပွားနေကြတယ်။ (မာကု ၉:၃၃၊ ၃၄။ ၁၀:၃၅-၃၇) ဒီညမှာ အဲဒီအားနည်းချက် ပြန်ပေါ်လာတယ်။
တမန်တော်တွေက “သူတို့ထဲမှာ ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး အကြီးအကျယ် အငြင်းပွားကြတယ်။” (လုကာ ၂၂:၂၄) ဒီကိစ္စအတွက် သူတို့ထပ်ပြီး အငြင်းပွားနေတာကို ယေရှုမြင်တော့ တော်တော် စိတ်ထိခိုက်သွားမှာပဲ။ ဒါနဲ့ သူဘာလုပ်သလဲ။
တမန်တော်တွေရဲ့ သဘောထားနဲ့ အပြုအမူကြောင့် ဆူပူကြိမ်းမောင်းမယ့်အစား “လောကအုပ်စိုးရှင်တွေဟာ နိုင်ထက်စီးနင်း လုပ်တတ်တယ်။ အာဏာရှိသူတွေလည်း ကျေးဇူးရှင်လို့ အခေါ်ခံတတ်ကြတယ်။ ခင်ဗျားတို့ကတော့ အဲဒီလိုမဖြစ်ရဘူး။ . . . စားပွဲမှာထိုင်ပြီး စားသောက်သူနဲ့ အလုပ်အကျွေးပြုသူ ဘယ်သူဟာ ပိုကြီးမြတ်သလဲ” ဆိုပြီး စိတ်ရှည်ရှည်နဲ့ ကျိုးကြောင်းရှင်းပြတယ်။ အဲဒီနောက် သူအမြဲတင်ပြခဲ့တဲ့ စံနမူနာကောင်းကို ပြန်သတိရအောင် “ကျွန်တော်ကတော့ ခင်ဗျားတို့ကို အလုပ်အကျွေးပြုတဲ့သူပဲ” လို့ပြောတယ်။—လုကာ ၂၂:၂၅-၂၇။
တမန်တော်တွေဟာ အားနည်းချက်တွေရှိပေမဲ့ အခက်အခဲ အများကြီး ကြုံတာတောင် ယေရှုကို မစွန့်ခွာခဲ့ကြဘူး။ ဒါကြောင့် “အဖဘုရားက ကျွန်တော်နဲ့ ပဋိညာဉ်ဖွဲ့ခဲ့သလို ကျွန်တော်ကလည်း နိုင်ငံတော်မှာ အုပ်ချုပ်ဖို့ ခင်ဗျားတို့နဲ့ ပဋိညာဉ်ဖွဲ့တယ်” ဆိုပြီး ယေရှုပြောတယ်။ (လုကာ ၂၂:၂၉) တမန်တော်တွေဟာ ယေရှုရဲ့ သစ္စာရှိနောက်လိုက်တွေ ဖြစ်တယ်။ ယေရှုက သူတို့နဲ့ ပဋိညာဉ်ဖွဲ့ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်မှာ သူနဲ့အတူ တွဲဖက်အုပ်စိုးခွင့် ရကြမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။
တမန်တော်တွေမှာ သိပ်ကောင်းတဲ့ မျှော်လင့်ချက်ရှိပေမဲ့ လူသားတွေဖြစ်လို့ အားနည်းချက်တွေ ရှိနေတုန်းပဲ။ ဒါကြောင့် ယေရှုက “ဂျုံစပါးကို ဆန်ခါချသလို စာတန်က ခင်ဗျားတို့အားလုံးကို ဆန်ခါချဖို့ အခွင့်တောင်းနေတယ်” ဆိုပြီး သူတို့ကို ပြောတယ်။ (လုကာ ၂၂:၃၁) ပြီးနောက် အခုလို သတိပေးတယ်– “ဒီည ကျွန်တော် ကြုံတွေ့မယ့်အရာကြောင့် ကျွန်တော့်ကို ခင်ဗျားတို့စွန့်ပြီး ပြေးကြလိမ့်မယ်။ ‘သိုးထိန်းကို ငါရိုက်သတ်မှာဖြစ်လို့ သိုးတွေ ကွဲလွင့်သွားလိမ့်မယ်’ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်း ဖြစ်လာမယ်။”—မဿဲ ၂၆:၃၁။ ဇာခရိ ၁၃:၇။
ဒီအခါ ပေတရုက “တခြားသူတွေ သခင့်ကို စွန့်ခွာသွားရင်တောင် ကျွန်တော်ကတော့ ဘယ်တော့မှ မစွန့်ဘူး” လို့ အခိုင်အမာ ပြောလိုက်တယ်။ (မဿဲ ၂၆:၃၃) ယေရှုကတော့ ဒီည ကြက်နှစ်ကြိမ်မတွန်ခင် ပေတရု သူ့ကို ငြင်းမယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ “ခင်ဗျားရဲ့ယုံကြည်ခြင်း အားမနည်းသွားအောင် ကျွန်တော် တိုးလျှိုးအသနားခံထားတယ်။ ခင်ဗျား နောင်တရပြီး ပြန်လှည့်လာတာနဲ့ ညီအစ်ကိုတွေကို အားပေးထောက်မပါ” လို့ဆက်ပြောတယ်။ (လုကာ ၂၂:၃၂) ပေတရုက “အတူသေချင် သေရပါစေ။ သခင့်ကို မသိဘူးလို့ ဘယ်တော့မှ မငြင်းဘူး” ဆိုပြီး ပြတ်ပြတ်သားသား ပြန်ပြောတယ်။ (မဿဲ ၂၆:၃၅) ကျန်တဲ့တပည့်တွေလည်း အဲဒီအတိုင်း လိုက်ပြောကြတယ်။
ယေရှုက တပည့်တွေကို “ကျွန်တော် ခဏပဲ နေရတော့မယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ရှာလိမ့်မယ်။ ‘ကျွန်တော်သွားမယ့်နေရာကို ခင်ဗျားတို့ မလာနိုင်ဘူး’ ဆိုပြီး ဂျူးတွေကို ပြောခဲ့တဲ့အတိုင်း အခု ခင်ဗျားတို့ကိုလည်း ကျွန်တော်ပြောတယ်။ အချင်းချင်း ချစ်ကြပါဆိုတဲ့ ပညတ်အသစ်တစ်ခု ကျွန်တော်ပေးမယ်။ ခင်ဗျားတို့ကို ကျွန်တော်ချစ်သလို အချင်းချင်းချစ်ကြပါ။ အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေသိလိမ့်မယ်” ဆိုပြီးပြောတယ်။—ယောဟန် ၁၃:၃၃-၃၅။
သူတို့နဲ့ ခဏပဲနေရတော့မယ်လို့ ယေရှုပြောတာကို ကြားတဲ့အခါ ပေတရုက “သခင်၊ ဘယ်သွားမလို့လဲ” လို့မေးတော့ ယေရှုက “ကျွန်တော်သွားမယ့်နေရာကို ခင်ဗျားတို့ အခု မလိုက်နိုင်ဘူး။ နောက်မှ လိုက်ရလိမ့်မယ်” လို့ဖြေတယ်။ ပေတရုလည်း ခေါင်းရှုပ်သွားပြီး “သခင်၊ ဘာလို့ အခု မလိုက်နိုင်ရမှာလဲ။ သခင့်အတွက်ဆို ကျွန်တော့်အသက်ကိုတောင် စွန့်မှာပါ” လို့ပြောတယ်။—ယောဟန် ၁၃:၃၆၊ ၃၇။
ငွေအိတ်၊ ရိက္ခာအိတ် မပါဘဲ ဂါလိလဲနယ်မှာ ဟောပြောဖို့ တမန်တော်တွေကို စေလွှတ်ခဲ့တဲ့ အချိန်အကြောင်း အခု ယေရှု ပြန်ပြောတယ်။ (မဿဲ ၁၀:၅၊ ၉၊ ၁၀) “ခင်ဗျားတို့ကို လွှတ်လိုက်တုန်းက လိုအပ်တာ ဘာမှမရှိဘူး မဟုတ်လား” ဆိုပြီးမေးတော့ သူတို့က “မရှိပါဘူး” လို့ဖြေတယ်။ ဒါပေမဲ့ ရှေ့လျှောက် သူတို့ ဘယ်လိုလုပ်ရမလဲ။ ယေရှုက “အခုတော့ ငွေအိတ်ရှိသူက ငွေအိတ်ဆောင်ထားပါ။ ရိက္ခာအိတ်ရှိတဲ့သူက ရိက္ခာအိတ်ကို ဆောင်ထားပါ။ ဓားမရှိတဲ့သူကလည်း ကိုယ့်အင်္ကျီကိုရောင်းပြီး ဓားဝယ်ပါ။ ကျွန်တော်ပြောမယ်။ ‘သူဟာ တရားမဲ့သူတွေရဲ့ စာရင်းမှာ ပါတယ်’ ဆိုတဲ့ ကျမ်းစကားက ကျွန်တော့်ဆီမှာ ပြည့်စုံတော့မယ်။ ကျွန်တော်နဲ့ပတ်သက်ပြီး ရေးထားသမျှ ပြည့်စုံနေပြီ” လို့ပြောတယ်။—လုကာ ၂၂:၃၅-၃၇။
လူဆိုးတွေ၊ တရားမဲ့သူတွေနဲ့အတူ သစ်တိုင်ပေါ်မှာ သံနဲ့ရိုက်ခံရမယ့်အချိန်အကြောင်း ယေရှုပြောနေတာ။ အဲဒီနောက်မှာ သူ့နောက်လိုက်တွေဟာ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံရလိမ့်မယ်။ တမန်တော်တွေက သူတို့ အသင့်ဖြစ်နေပြီဆိုတဲ့ သဘောနဲ့ “သခင်၊ ဒီမှာ ဓားနှစ်လက် ရှိပါတယ်” ဆိုတော့ ယေရှုက “ဒီလောက်ဆိုရင် ရပြီ” လို့ပြောတယ်။ (လုကာ ၂၂:၃၈) သူတို့ဆီမှာ ဓားနှစ်လက်ရှိတဲ့အတွက် မကြာခင်မှာ အရေးကြီးတဲ့ နောက်သင်ခန်းစာတစ်ခုကို သင်ပေးခွင့်ရလိမ့်မယ်။
-
-
လမ်းခရီး၊ အမှန်တရား၊ အသက်ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၁၉
လမ်းခရီး၊ အမှန်တရား၊ အသက်ဖြစ်တဲ့ ယေရှု
နေစရာနေရာ ပြင်ဆင်ဖို့ ယေရှု သွားရမယ်
ကူညီသူကို စေလွှတ်မယ်လို့ နောက်လိုက်တွေကို ကတိပြု
အဖဘုရားက ယေရှုထက် ပိုကြီးမြတ်
အောက်မေ့ရာပွဲ ညစာစားပြီးနောက် တမန်တော်တွေနဲ့အတူ အပေါ်ထပ်အခန်းမှာ ရှိနေတုန်း ယေရှုက “ခင်ဗျားတို့ သိပ်မစိုးရိမ်ပါနဲ့။ ဘုရားသခင်ကို ယုံကြည်သက်ဝင်ကြပါ။ ကျွန်တော့်ကိုလည်း ယုံကြည်သက်ဝင်ကြပါ” လို့အားပေးတယ်။—ယောဟန် ၁၃:၃၆။ ၁၄:၁။
သူထွက်သွားတော့မှာ ဖြစ်ပေမဲ့ သစ္စာရှိတမန်တော်တွေ စိုးရိမ်စရာ မလိုဘူးဆိုတာ အခုလိုပြောတယ်– “အဖရဲ့ အိမ်တော်မှာ နေစရာတွေ အများကြီးပဲ။ . . . ခင်ဗျားတို့အတွက် နေစရာပြင်ဆင်ဖို့ ကျွန်တော်သွားရမယ်။ ကျွန်တော်သွားပြီး ခင်ဗျားတို့အတွက် နေစရာပြင်ဆင်ပြီးရင် ပြန်လာခဲ့မယ်။ ကျွန်တော် ရှိတဲ့နေရာမှာ ခင်ဗျားတို့လည်း ရှိနေဖို့ ပြန်လာခေါ်မယ်။” ကောင်းကင်သွားမယ့်အကြောင်း ယေရှုပြောနေမှန်း တမန်တော်တွေ သဘောမပေါက်ဘူး။ ဒါကြောင့် သောမက “သခင်၊ ကျွန်တော်တို့က သခင်သွားမယ့်နေရာကိုမှ မသိတာ။ လမ်းခရီးကို ဘယ်လိုလုပ်သိမှာလဲ” လို့မေးတယ်။—ယောဟန် ၁၄:၂-၅။
ယေရှုက “ကျွန်တော်ဟာ လမ်းခရီးဖြစ်တယ်။ အမှန်တရားလည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်” လို့ပြောတယ်။ ယေရှုကိုရော၊ သူ့သွန်သင်ချက်တွေကိုရော လက်ခံပြီး သူ့ဘဝလမ်းစဉ်ကို အတုယူမှသာ အဖဘုရားရဲ့ ကောင်းကင်အိမ်တော်မှာ နေခွင့်ရမယ်။ ဒါကြောင့် “ကျွန်တော့်ကို မဖြတ်သန်းဘဲ ဘယ်သူမှ အဖဘုရားဆီ မရောက်နိုင်ဘူး” လို့ယေရှုပြောတယ်။—ယောဟန် ၁၄:၆။
ဖိလိပ္ပုက ယေရှုရဲ့စကားကို သေချာနားထောင်နေရင်း “သခင်၊ အဖဘုရားကို မြင်ချင်လို့ ကျွန်တော်တို့ကို ပြပါဦး။ ဒါဆို ကျေနပ်ပါပြီ” လို့ပြောတယ်။ မောရှေ၊ ဧလိယ၊ ဟေရှာယတို့ စိတ်အာရုံ မြင်ခဲ့ရသလို ဘုရားသခင်နဲ့ ပတ်သက်တဲ့ ဖော်ပြချက်တစ်ခုခုကို ဖိလိပ္ပု မြင်ချင်ပုံရတယ်။ ဒါပေမဲ့ တမန်တော်တွေမှာ အဲဒီစိတ်အာရုံတွေထက် ပိုကောင်းတဲ့အရာ ရှိထားတယ်။ အဲဒါကို ယေရှု ဒီလိုပေါ်လွင်စေတယ်– “ဖိလိပ္ပု၊ ကျွန်တော် ခင်ဗျားတို့နဲ့ ဒီလောက်အကြာကြီး နေခဲ့တာတောင် ကျွန်တော့်ကို မသိသေးဘူးလား။ ကျွန်တော့်ကိုမြင်တာဟာ အဖဘုရားကို မြင်တာပဲ။” ယေရှုဟာ အဖဘုရားရဲ့ အရည်အသွေးတွေကို အပြည့်ဝဆုံးနည်းနဲ့ အတုယူပြီး တင်ပြတယ်။ ဒါကြောင့် ယေရှုနဲ့အတူ နေပြီး သူ့ကိုမြင်နေရတာဟာ အဖဘုရားကို မြင်ရသလိုပဲ။ ဒါပေမဲ့ အဖဘုရားဟာ သားတော်ထက် ကြီးမြတ်တယ်။ အကြောင်းကတော့ “ကျွန်တော် ပြောတဲ့အရာတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ပြောတာမဟုတ်ဘူး” ဆိုပြီး ယေရှုပြောလို့ပဲ။ (ယောဟန် ၁၄:၈-၁၀) သူ့သွန်သင်ချက်တွေအတွက် အဖဘုရားကိုပဲ ဂုဏ်တင်မှန်း တမန်တော်တွေ သိနိုင်တယ်။
တမန်တော်တွေဟာ ယေရှုလုပ်တဲ့ အံ့ဖွယ်အမှုတွေကို မြင်ခဲ့ကြတယ်။ ယေရှု နိုင်ငံတော်သတင်းကောင်း ဟောတာကိုလည်း ကြားခဲ့ကြတယ်။ အခု ယေရှုက “ကျွန်တော့်ကို ယုံကြည်သက်ဝင်တဲ့သူဟာ ကျွန်တော်လုပ်တဲ့ အလုပ်တွေကို လုပ်လိမ့်မယ်။ အဲဒါထက် ကြီးမားတာတွေကို လုပ်လိမ့်မယ်” လို့ပြောတယ်။ (ယောဟန် ၁၄:၁၂) သူလုပ်ခဲ့တာထက် ပိုကြီးမားတဲ့ အံ့ဖွယ်အမှုတွေကို တမန်တော်တွေ လုပ်လိမ့်မယ်လို့ ပြောနေတာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့က အမှုဆောင်လုပ်ငန်းကို အချိန်အကြာကြီး လုပ်ဆောင်ကြမယ်။ ပိုကြီးမားကျယ်ပြန့်တဲ့ နယ်မြေတွေမှာ ပိုများတဲ့လူတွေကို ဟောပြောကြလိမ့်မယ်။
သူထွက်သွားတော့မှာ ဖြစ်ပေမဲ့ တပည့်တွေကို ပစ်ထားမှာမဟုတ်ဘူးဆိုတာ အခုလိုကတိပေးတယ်– “ကျွန်တော့်နာမည်ကို အမှီပြုပြီး ခင်ဗျားတို့ တောင်းဆိုသမျှ ကျွန်တော်လုပ်ပေးမယ်။” ပြီးတော့ “အဖဘုရားဆီ တောင်းပေးမယ်။ ခင်ဗျားတို့နဲ့အတူ အမြဲရှိနေမယ့် ကူညီသူ နောက်တစ်ယောက်ကို အဖဘုရား ပေးသနားလိမ့်မယ်။ အဲဒီကူညီသူဟာ အမှန်တရားကို ဖော်ပြတဲ့ စွမ်းအားတော်ပဲ” လို့ပြောတယ်။ (ယောဟန် ၁၄:၁၄၊ ၁၆၊ ၁၇) နောက်ထပ် ကူညီသူဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ကို တပည့်တွေ ရလိမ့်မယ်လို့ ယေရှု ကတိပေးတယ်။ ပင်တေကုတ္တေပွဲနေ့မှာ အဲဒီအတိုင်း ဖြစ်လာတယ်။
“မကြာခင် လောကဟာ ကျွန်တော့်ကို မြင်ရတော့မှာ မဟုတ်ဘူး။ ခင်ဗျားတို့ကတော့ မြင်လိမ့်မယ်။ ကျွန်တော် အသက်ရှင်သလို ခင်ဗျားတို့လည်း အသက်ရှင်မှာကိုး” လို့ဆက်ပြောတယ်။ (ယောဟန် ၁၄:၁၉) ယေရှုက ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တွေကို ကိုယ်ယောင်ထင်ရှားပြမှာ ဖြစ်တဲ့အပြင် အချိန်တန်တဲ့အခါ သူတို့ကို ဝိညာဉ်သတ္တဝါတွေအဖြစ် ထမြောက်ပေးပြီး ကောင်းကင်မှာ သူနဲ့အတူ နေထိုင်စေပါလိမ့်မယ်။
အခု ရိုးရှင်းတဲ့ အမှန်တရားတစ်ခုကို ပြောပြတယ်– “ကျွန်တော့်ပညတ်တွေကို ခံယူပြီး လိုက်နာတဲ့သူဟာ ကျွန်တော့်ကို ချစ်တဲ့သူပဲ။ ကျွန်တော့်ကို ချစ်တဲ့သူကို အဖဘုရားကလည်း ချစ်မှာပဲ။ ကျွန်တော်လည်း သူ့ကိုချစ်ပြီး ကျွန်တော့်ကို သူသိအောင် ရှင်းရှင်းလင်းလင်း ဖော်ပြမယ်။” ဒီအခါ သဒ္ဒဲလို့လည်းခေါ်တဲ့ တမန်တော်ယုဒက “သခင်၊ လောကကိုကျတော့ မဖော်ပြဘဲ ကျွန်တော်တို့ကိုပဲ ရှင်းရှင်း လင်းလင်း ဖော်ပြချင်တာ ဘာဖြစ်လို့လဲ” ဆိုပြီးမေးတယ်။ ယေရှု ပြန်ဖြေတာက “ကျွန်တော့်ကို ချစ်တဲ့သူဟာ ကျွန်တော့်စကားကို လိုက်နာမှာပဲ။ အဖဘုရားကလည်း သူ့ကို ချစ်လိမ့်မယ်။ . . . ကျွန်တော့်ကို မချစ်တဲ့သူက ကျွန်တော့်စကားကို မလိုက်နာဘူး။” (ယောဟန် ၁၄:၂၁-၂၄) နောက်လိုက်တွေနဲ့ မတူဘဲ ဒီလောက,က ယေရှုကို လမ်းခရီး၊ အမှန်တရား၊ အသက်အဖြစ် အသိအမှတ် မပြုဘူး။
ယေရှု ထွက်သွားတော့မှာဆိုတော့ သူသွန်သင်သမျှကို တပည့်တွေ ဘယ်လို မှတ်မိနိုင်မလဲ။ “အဖဘုရားက ကူညီသူဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ကို ကျွန်တော့်နာမည်နဲ့ လွှတ်လိုက်တဲ့အခါ အဲဒီစွမ်းအားတော်က ခင်ဗျားတို့ကို အရာအားလုံး သွန်သင်ပေးလိမ့်မယ်။ ကျွန်တော် ပြောခဲ့သမျှကိုလည်း ပြန်မှတ်မိစေလိမ့်မယ်” လို့ ယေရှုရှင်းပြတယ်။ သန့်ရှင်းသောစွမ်းအားတော်က ဘယ်လောက် တန်ခိုးကြီးမှန်း တမန်တော်တွေ သိမြင်ပြီးသားဆိုတော့ ဒီကတိကို ကြားတဲ့အခါ အားရှိကြမှာပဲ။ ယေရှုက “ငြိမ်သက်ခြင်းကို ခင်ဗျားတို့ဆီ ထားခဲ့မယ်။ ငြိမ်သက်ခြင်းကို ပေးခဲ့မယ်။ . . . ဒါကြောင့် ခင်ဗျားတို့ သိပ်မစိုးရိမ်ပါနဲ့။ မကြောက်ပါနဲ့” လို့ ဆက်ပြောတယ်။ (ယောဟန် ၁၄:၂၆၊ ၂၇) တမန်တော်တွေ မစိုးရိမ်သင့်တဲ့အကြောင်းရင်း ရှိတယ်။ အဲဒါကတော့ ယေရှုရဲ့ အဖဘုရားဆီကနေ လမ်းညွှန်မှုနဲ့ ကာကွယ်မှု ရမှာဖြစ်လို့ပဲ။
ဘုရားသခင် ကာကွယ်ပေးတဲ့ အထောက်အထားကို မကြာခင် မြင်ရတော့မယ်။ ယေရှုက “ဒီလောကရဲ့မင်းက လာနေပြီ။ သူလာပေမဲ့ ကျွန်တော့်ကို မချုပ်ကိုင်နိုင်ပါဘူး” လို့ပြောတယ်။ (ယောဟန် ၁၄:၃၀) စာတန်မာရ်နတ်က ယုဒကို ကြိုးကိုင်ခြယ်လှယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ယေရှုမှာတော့ အပြစ်လုပ်ချင်တဲ့ သွေးသားအားနည်းချက် မရှိတာမို့ ဘုရားကို ပြစ်မှားအောင် စာတန် ကြိုးကိုင်လို့ မရဘူး။ ယေရှု သေရာကနေ ပြန်မထမြောက်အောင်လည်း သူတားဆီးနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ “ကျွန်တော် . . . အဖဘုရား မိန့်မှာတဲ့အတိုင်း လုပ်တယ်” ဆိုပြီး ယေရှု ပြောလို့ပဲ။ အဖဘုရားက သူ့ကို ရှင်ပြန်ထမြောက်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချတယ်။—ယောဟန် ၁၄:၃၁။
-
-
စပျစ်ကိုင်းတွေအသီးသီးခြင်း၊ ယေရှုရဲ့မိတ်ဆွေဖြစ်ခြင်းယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၂၀
စပျစ်ကိုင်းတွေ အသီးသီးခြင်း၊ ယေရှုရဲ့မိတ်ဆွေ ဖြစ်ခြင်း
စစ်မှန်တဲ့ စပျစ်ပင်နဲ့ စပျစ်ကိုင်းတွေ
ယေရှုရဲ့မေတ္တာကို ဘယ်လိုနည်းနဲ့ အမြဲ ခံစားရမလဲ
ယေရှုက သစ္စာရှိတမန်တော်တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောပြီး အားပေးနေတယ်။ အခု သန်းခေါင်ကျော်လောက် ရှိနေပြီ။ လှုံ့ဆော်မှုဖြစ်စေတဲ့ ပုံဥပမာတစ်ခုကို ဆက်ပြောပြတယ်။
“ကျွန်တော်ဟာ စစ်မှန်တဲ့ စပျစ်ပင်ပါ။ အဖဘုရားဟာ စိုက်ပျိုးသူပါ” လို့ သူစပြောတယ်။ (ယောဟန် ၁၅:၁) သူ့ပုံဥပမာက ယေဟောဝါရဲ့ စပျစ်ပင်လို့ခေါ်တဲ့ အစ္စရေးလူမျိုးနဲ့ ပတ်သက်ပြီး ရာစုနှစ်ပေါင်းများစွာတုန်းက ပြောခဲ့တဲ့စကားတွေနဲ့ ဆင်တူတယ်။ (ယေရမိ ၂:၂၁။ ဟောရှေ ၁၀:၁၊ ၂) ဒါပေမဲ့ ယေဟောဝါက အဲဒီလူမျိုးကို စွန့်ပစ်လိုက်ပြီ။ (မဿဲ ၂၃:၃၇၊ ၃၈) ဒါကြောင့် ယေရှုက အကြောင်းအရာအသစ် တစ်ခုကို ပြောနေတာ။ သူဟာ စပျစ်ပင်ဖြစ်တယ်။ အေဒီ ၂၉ မှာ အဖဘုရားက ယေရှုကို သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခြင်းအားဖြင့် ပုံဆောင်စပျစ်ပင်ကို စိုက်ပျိုးခဲ့တယ်။ ဒါပေမဲ့ စပျစ်ပင်က သူတစ်ယောက်တည်းကို ပုံဆောင်တာမဟုတ်ကြောင်း အခုလို ဆက်ပြောတယ်–
“အသီးမသီးတဲ့ အကိုင်းတွေကို သူ [အဖဘုရား] ခုတ်ပစ်တယ်။ အသီးသီးတဲ့ အကိုင်းတွေကိုတော့ ပိုသီးအောင် သန့်စင်ရှင်းလင်းပေးတယ်။ . . . စပျစ်ကိုင်းက စပျစ်ပင်နဲ့ ဆက်မနေရင် အသီးမသီးနိုင်ဘူး။ အဲဒီလိုပဲ၊ ခင်ဗျားတို့လည်း ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မနေရင် အသီးမသီးနိုင်ဘူး။ ကျွန်တော်ဟာ စပျစ်ပင်၊ ခင်ဗျားတို့ဟာ စပျစ်ကိုင်းတွေပေါ့။”—ယောဟန် ၁၅:၂-၅။
သူထွက်သွားပြီးနောက်မှာ ကူညီသူဖြစ်တဲ့ သန့်ရှင်းသောစွမ်းအားတော်ကို စေလွှတ်မယ်ဆိုပြီး သစ္စာရှိတပည့်တွေကို ကတိပေးခဲ့တယ်။ နောက် ၅၁ ရက်အကြာမှာ တမန်တော်တွေနဲ့ တခြားသူတွေ စွမ်းအားတော်ရတဲ့အခါ စပျစ်ပင်ရဲ့အကိုင်းတွေ ဖြစ်လာကြတယ်။ “စပျစ်ကိုင်း” အားလုံးဟာ ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေရမယ်။ ဘာကြောင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ဖို့ လိုသလဲ။
ယေရှု ဒီလိုရှင်းပြတယ်– “လူတစ်ယောက်က ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မယ်ဆိုရင် ကျွန်တော်လည်း သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မယ်။ သူဟာ အသီးများစွာ သီးလိမ့်မယ်။ ကျွန်တော်နဲ့ ကင်းကွာရင်တော့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။” “စပျစ်ကိုင်းတွေ” ဖြစ်တဲ့ သစ္စာရှိ နောက်လိုက်တွေဟာ အသီးများစွာ သီးရမယ်။ ဆိုလိုတာက ယေရှုရဲ့ အရည်အသွေးတွေကို အတုယူရမယ်၊ ဘုရားနိုင်ငံတော်သတင်းကို တက်တက်ကြွကြွ ဟောပြောရမယ်၊ တပည့်တွေ တိုးများလာအောင် လုပ်ရမယ်။ တကယ်လို့ ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း မဖြစ်ဘူး၊ အသီးတွေ မသီးဘူးဆိုရင် ဘာဖြစ်မလဲ။ “ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း မဖြစ်တဲ့သူဟာ လွှင့်ပစ်” ခံရမယ်လို့ ယေရှုပြောတယ်။ ဒါပေမဲ့ “ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ကျွန်တော့်စကားတွေကို ရင်ထဲမှာ စွဲမြဲထားမယ်ဆိုရင် ခင်ဗျားတို့ အလိုရှိသမျှ တောင်းတဲ့အခါ တောင်းတဲ့အတိုင်း ရလိမ့်မယ်” လို့ဆက်ပြောတယ်။—ယောဟန် ၁၅:၅-၇။
အခု ယေရှုက သူ့ပညတ်တွေကိုလိုက်နာပါ ဆိုတဲ့အကြောင်း ထပ်ပြောတယ်။ အဲဒါကို နှစ်ခါ ပြောခဲ့ပြီးပြီ။ (ယောဟန် ၁၄:၁၅၊ ၂၁) “ကျွန်တော်က အဖဘုရားရဲ့ ပညတ်တွေကို လိုက်နာတဲ့အတွက် အဖဘုရားရဲ့ မေတ္တာကို အမြဲခံစားရတယ်။ ခင်ဗျားတို့လည်း ကျွန်တော့်ပညတ်တွေကို လိုက်နာမယ်ဆိုရင် ကျွန်တော့်မေတ္တာကို အမြဲခံစားရလိမ့်မယ်” လို့သူပြောတယ်။ ဒီနောက် သူ့ပညတ်တွေကို လိုက်နာနေကြောင်း တပည့်တွေ တင်ပြနိုင်တဲ့ အဓိကနည်းနဲ့ ပတ်သက်ပြီး ဒီလိုပြောတယ်– “ကျွန်တော် ခင်ဗျားတို့ကို ချစ်သလို ခင်ဗျားတို့လည်း အချင်းချင်း ချစ်ကြပါ။ ဒါဟာ ကျွန်တော်ပေးတဲ့ ပညတ်ချက်ပဲ။ မိတ်ဆွေတွေအတွက် အသက်စွန့်တာထက် ပိုမွန်မြတ်တဲ့ မေတ္တာဆိုတာ မရှိဘူး။ ကျွန်တော့်ပညတ်ကို လိုက်နာမယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်မိတ်ဆွေတွေပဲ။”—ယောဟန် ၁၅:၁၀-၁၄။
သိပ်မကြာခင်မှာ ယေရှုက သူ့ကို ယုံကြည်သက်ဝင်သူ အားလုံးအတွက် အသက်ပေးပြီး သူ့မေတ္တာကို ဖော်ပြပါလိမ့်မယ်။ နောက်လိုက်တွေလည်း သူ့စံနမူနာကိုကြည့်ပြီး အချင်းချင်း အဲဒီလိုကိုယ်ကျိုးစွန့်မေတ္တာနဲ့ ချစ်ဖို့ လှုံ့ဆော်ခံရတယ်။ “အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေသိလိမ့်မယ်” လို့ ခုနတုန်းက ပြောခဲ့သလိုပါပဲ။ အဲဒီမေတ္တာက သူတို့ကို ခွဲခြားသိမြင်စေပါလိမ့်မယ်။—ယောဟန် ၁၃:၃၅။
ယေရှုက တမန်တော်တွေကို “မိတ်ဆွေ” လို့ခေါ်တယ်။ ဘာကြောင့် အဲဒီလိုခေါ်မှန်း အခုလို ရှင်းပြတယ်– “ကျွန်တော်ကတော့ အဖဘုရားဆီက ကြားနာခဲ့သမျှ ပြန်ပြောပြတဲ့အတွက် ခင်ဗျားတို့ကို မိတ်ဆွေတွေလို့ ခေါ်မယ်။” ယေရှုရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ရတာ၊ အဖဘုရား သူ့ကိုပြောခဲ့တာတွေကို သိခွင့်ရတာ တကယ့်အခွင့်ထူးကြီးပါပဲ။ ဒါပေမဲ့ အဲဒီလို ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ရှိနေဖို့ဆိုရင် သူတို့ဟာ “အသီး သီးမြဲသီးနေ” ရမယ်။ သူတို့သာ အဲဒီလိုလုပ်မယ်ဆိုရင် ယေရှုက “ကျွန်တော့်နာမည်ကို အမှီပြုပြီး အဖဘုရားဆီ တောင်းသမျှ ရလိမ့်မယ်” လို့ပြောတယ်။—ယောဟန် ၁၅:၁၅၊ ၁၆။
“စပျစ်ကိုင်း” ဖြစ်တဲ့ တပည့်တွေ အချင်းချင်းချစ်တဲ့မေတ္တာက ရှေ့မှာကြုံရမယ့် အရာတွေကို ခံရပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒီလောက သူတို့ကို မုန်းမယ်လို့ သတိပေးပြီးနောက် အခုလို နှစ်သိမ့်ပေးတယ်– “ဒီလောကက ခင်ဗျားတို့ကိုမုန်းရင် ခင်ဗျားတို့ကို မမုန်းခင်ကတည်းက ကျွန်တော့်ကို မုန်းတယ်ဆိုတာ သိမှတ်ကြပါ။ ခင်ဗျားတို့ဟာ ဒီလောကနဲ့ ပတ်သက်နေရင် လောကက သူ့လူတွေဖြစ်နေတဲ့ ခင်ဗျားတို့ကို ချစ်လိမ့်မယ်။ အခုတော့ ခင်ဗျားတို့က ဒီလောကနဲ့ ဘာမှ မပတ်သက် . . . တဲ့အတွက် လောကက ခင်ဗျားတို့ကို မုန်းတယ်။”—ယောဟန် ၁၅:၁၈၊ ၁၉။
ဒီလောက သူတို့ကို မုန်းရတဲ့အကြောင်းရင်းကို ဆက်ရှင်းပြတယ်– “သူတို့က ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ကို မသိတဲ့အတွက် ကျွန်တော့်တပည့်ဖြစ်နေတဲ့ ခင်ဗျားတို့ကို အဲဒီလို လုပ်ကြလိမ့်မယ်။” ယေရှုက သူလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုတွေဟာ သူ့ကိုမုန်းတဲ့သူတွေကို ပြစ်ဒဏ်သင့်စေတယ် ဆိုတဲ့သဘောနဲ့ ဒီလိုပြောတယ်– “ဘယ်သူမှ မလုပ်ဖူးတဲ့ အံ့ဖွယ်အမှုတွေကို သူတို့ရှေ့မှာ ကျွန်တော်မလုပ်ပြခဲ့ရင် သူတို့ အပြစ်သင့်မှာ မဟုတ်ဘူး။ အခုတော့ သူတို့က ကျွန်တော့်ကို မြင်လျက်နဲ့ မုန်းကြတယ်။ အဖဘုရားကိုလည်း မုန်းကြတယ်။” တကယ်တော့ သူတို့ အခုလိုမုန်းတာက ပရောဖက်ပြုချက် ပြည့်စုံတာပဲ။—ယောဟန် ၁၅:၂၁၊ ၂၄၊ ၂၅။ ဆာလံ ၃၅:၁၉။ ၆၉:၄။
ကူညီသူဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ကို စေလွှတ်မယ်လို့ ယေရှု ထပ်ကတိပေးတယ်။ အဲဒီတန်ခိုးကြီး စွမ်းအားကို နောက်လိုက်အားလုံး ရရှိကြလိမ့်မယ်။ အဲဒါက သူတို့ အသီးသီးနိုင်အောင်၊ “သက်သေခံ” နိုင်အောင် ကူညီပေးပါလိမ့်မယ်။—ယောဟန် ၁၅:၂၇။
-
-
“သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ”ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၂၁
“သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ”
တမန်တော်တွေ ယေရှုကို မြင်ရတော့မှာ မဟုတ်
တမန်တော်တွေရဲ့ ဝမ်းနည်းမှုဟာ ရွှင်လန်းမှုအဖြစ် ပြောင်းလဲသွား
ယေရှုနဲ့ တမန်တော်တွေဟာ ပသခါညစာစားတဲ့ အခန်းကနေ ထွက်သွားတော့မယ်။ သူတို့ကို အားပေးစကားတွေ ပြောပြီးနောက် “ဒါတွေပြောနေတာဟာ ခင်ဗျားတို့ ကျွန်တော့်ကို မစွန့်ခွာသွားအောင်လို့ပါ” ဆိုပြီး သတိပေးတယ်။ ဘာကြောင့် သတိပေးဖို့ လိုတာလဲ။ “လူတွေက ခင်ဗျားတို့ကို တရားဇရပ်ကနေ မောင်းထုတ်လိမ့်မယ်။ ခင်ဗျားတို့ကို သတ်ဖြတ်တာဟာ ဘုရားအတွက် အမှုဆောင်နေတာလို့ ထင်မှတ်တဲ့အချိန် ရောက်လာလိမ့်မယ်” ဆိုပြီး ယေရှုပြောလို့ပဲ။—ယောဟန် ၁၆:၁၊ ၂။
ဒါကိုကြားတော့ တမန်တော်တွေ ထိတ်လန့်သွားမှာပဲ။ ဒီလောကက သူတို့ကို မုန်းလိမ့်မယ်လို့ ခုနကပြောခဲ့ပေမဲ့ အသတ်ခံရမယ့် အကြောင်းကိုတော့ ပွင့်ပွင့်လင်းလင်း မပြောပြသေးဘူး။ ဘာဖြစ်လို့လဲ။ “အစကတည်းက ဒါတွေမပြောပြခဲ့တာ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ရှိနေသေးလို့ပဲ” ဆိုပြီး ယေရှုပြောတယ်။ (ယောဟန် ၁၆:၄) အခုတော့ သူမထွက်သွားခင်မှာ သူတို့ကို သတိပေးနေတာ။ အဲဒါက နောက်ပိုင်းမှာ သူ့ကို စွန့်ခွာမသွားအောင် ကူညီပေးပါလိမ့်မယ်။
ယေရှုက “အခုတော့ စေလွှတ်တဲ့အရှင်ဆီ ကျွန်တော် သွားတော့မယ်။ ဒါပေမဲ့ ‘ဘယ်ကို သွားမှာလဲ’ လို့ ခင်ဗျားတို့ တစ်ယောက်မှ မမေးကြဘူး” ဆိုပြီး ဆက်ပြောတယ်။ အဲဒီည အစောပိုင်းမှာ သူတို့က ယေရှုကို ဘယ်သွားမှာလဲဆိုပြီး မေးခဲ့ကြတယ်။ (ယောဟန် ၁၃:၃၆။ ၁၄:၅။ ၁၆:၅) အခုတော့ နှိပ်စက်ညှဉ်းပန်းမှုအကြောင်း ကြားတဲ့အခါ ကြောက်လန့်ပြီး ဝမ်းနည်းလွန်းလို့ ယေရှုရမယ့် ဘုန်းအသရေအကြောင်း၊ အဲဒါက နောက်လိုက်တွေအတွက် ဘာအဓိပ္ပာယ်ရှိတယ်ဆိုတဲ့အကြောင်း ထပ်မမေးနိုင်ကြတော့ဘူး။ ဒါနဲ့ ယေရှုက “ဒါတွေကို ကျွန်တော်ပြောပြတော့ ခင်ဗျားတို့ သိပ်ဝမ်းနည်းသွားတယ်” မဟုတ်လားလို့ ပြောတယ်။—ယောဟန် ၁၆:၆။
ဒီနောက် “ကျွန်တော်သွားတာ ခင်ဗျားတို့ အကျိုးအတွက်ပါ။ ကျွန်တော် မသွားရင် ကူညီသူက ခင်ဗျားတို့ဆီ ရောက်လာမှာ မဟုတ်ဘူး။ ကျွန်တော်သွားမှ သူ့ကို ခင်ဗျားတို့ဆီ လွှတ်လို့ရမှာ” လို့ ရှင်းပြတယ်။ (ယောဟန် ၁၆:၇) ယေရှုသေဆုံးပြီးနောက် ကောင်းကင်တက်သွားတဲ့အခါကျမှ တပည့်တွေဟာ သန့်ရှင်းသောစွမ်းအားတော်ကို ရရှိနိုင်ကြမယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နောက်လိုက်တွေအတွက် ကူညီသူအဖြစ် စွမ်းအားတော်ကို ယေရှုစေလွှတ်ပေးနိုင်မယ်။
သန့်ရှင်းသောစွမ်းအားတော်က “ပြစ်မှားခြင်းအကြောင်း၊ ဖြောင့်မတ်ခြင်းအကြောင်း၊ တရားစီရင်ခြင်းအကြောင်း ဒီလောကကို ရှင်းရှင်းလင်းလင်း ဖော်ပြလိမ့်မယ်။” (ယောဟန် ၁၆:၈) မှန်ပါတယ်၊ ဘုရားသခင့်သားတော်ကို ဒီလောက မယုံကြည်ဘူးဆိုတာ ဖော်ထုတ်ခံရမယ်။ ယေရှု ကောင်းကင်တက်သွားခြင်းက သူ့ရဲ့ ဖြောင့်မတ်ခြင်းအကြောင်း၊ “ဒီလောကရဲ့မင်း” စာတန်ဟာ ဘာကြောင့် ပြစ်ဒဏ်စီရင်ခံထိုက်ကြောင်း အခိုင်အမာ သက်သေထူပါလိမ့်မယ်။—ယောဟန် ၁၆:၁၁။
ယေရှုက “ကျွန်တော့်မှာ ပြောစရာ အများကြီး ရှိတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အခု မခံယူနိုင်သေးဘူး” လို့ဆက်ပြောတယ်။ ဒါပေမဲ့ သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းတဲ့အခါမှာတော့ စွမ်းအားတော်က “အမှန်တရားကို အပြည့်အဝ နားလည်အောင်” သူတို့ကို သွန်သင်လမ်းပြပါလိမ့်မယ်။ အဲဒီအမှန်တရားအတိုင်း သူတို့ နေထိုင်နိုင်ကြလိမ့်မယ်။—ယောဟန် ၁၆:၁၂၊ ၁၃။
ယေရှုက “မကြာခင် ခင်ဗျားတို့ ကျွန်တော့်ကို မြင်ရတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျွန်တော့်ကို ပြန်မြင်ရမယ်” လို့ ပြောလိုက်တဲ့အခါ သူတို့ နားလည်ရ ခက်သွားမှာပဲ။ ဒါကြောင့် အဲဒါ ဘာအဓိပ္ပာယ်လဲဆိုပြီး အချင်းချင်း မေးကြတယ်။ သူတို့မေးချင်နေမှန်း ယေရှုသိတော့ “ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ခင်ဗျားတို့ ငိုကြွေးမြည်တမ်းရလိမ့်မယ်။ ဒီလောကကတော့ ဝမ်းမြောက်လိမ့်မယ်။ ခင်ဗျားတို့ နာကျင်ခံစားရပေမဲ့ အဲဒီနာကျင်မှုဟာ ရွှင်လန်းမှုအဖြစ် ပြောင်းလဲသွားလိမ့်မယ်” လို့ပြောတယ်။ (ယောဟန် ၁၆:၁၆၊ ၂၀) နောက်တစ်နေ့ မွန်းလွဲပိုင်းမှာ ယေရှုအသတ်ခံရတဲ့အခါ ဘာသာရေးခေါင်းဆောင်တွေ ၀မ်းမြောက်ကြတယ်။ တပည့်တွေကတော့ ၀မ်းနည်းကြတယ်။ ဒါပေမဲ့ ယေရှု ထမြောက်လာတဲ့အခါ သူတို့ရဲ့ ၀မ်းနည်းမှုက ရွှင်လန်းမှုအဖြစ် ပြောင်းလဲသွားတယ်။ သူတို့အပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းတဲ့အခါလည်း ရွှင်လန်းကြတယ်။
တမန်တော်တွေရဲ့ အခြေအနေကို အမျိုးသမီးတစ်ယောက် မီးဖွားချိန်နဲ့ ခိုင်းနှိုင်းပြီး အခုလိုပြောတယ်– “အမျိုးသမီးတစ်ယောက်က မီးဖွားချိန်ရောက်တဲ့အခါ ဝေဒနာခံစားရတယ်။ မီးဖွားပြီးချိန်မှာတော့ ဒီလောကထဲ လူသားတစ်ယောက် ဖွားမြင်လာတဲ့အတွက် သူ ရွှင်လန်းအားရပြီး ခံစားခဲ့ရတဲ့ ဝေဒနာကို မေ့သွားတတ်တယ်။” ယေရှုက တမန်တော်တွေကို အားပေးတဲ့အနေနဲ့ “ခင်ဗျားတို့လည်း အခုချိန်မှာ နာကျင်ခံစားရပေမဲ့ ကျွန်တော်နဲ့ ပြန်တွေ့ရမှာဖြစ်လို့ ရွှင်လန်းရလိမ့်မယ်။ အဲဒီရွှင်လန်းမှု ပျောက်ဆုံးသွားအောင် ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး” လို့ပြောတယ်။—ယောဟန် ၁၆:၂၁၊ ၂၂။
အခုချိန်ထိ တမန်တော်တွေဟာ ယေရှုရဲ့ နာမည်ကို အမှီပြုပြီး ဆုမတောင်းဖူးသေးဘူး။ ယေရှုက “အဲဒီအချိန်ရောက်ရင် ခင်ဗျားတို့က ကျွန်တော့်နာမည်ကို အမှီပြုပြီး အဖဘုရားဆီ အသနားခံကြလိမ့်မယ်” လို့ပြောတယ်။ အဖဘုရားက သူတို့ရဲ့ ဆုတောင်းချက်တွေကို အဖြေမပေးချင်လို့ ယေရှုရဲ့ နာမည်ကို အမှီပြုပြီး တောင်းရတဲ့သဘောလား။ မဟုတ်ပါဘူး။ “ခင်ဗျားတို့က ကျွန်တော့်ကို ချစ်ခင်တွယ်တာတယ်။ ဘုရားသခင့်ကိုယ်စားလှယ်အဖြစ် ကျွန်တော် ရောက်လာတယ်ဆိုတာကို ယုံကြည်တယ်။ ဒါကြောင့် အဖဘုရားကလည်း ခင်ဗျားတို့ကို ချစ်ခင်တွယ်တာတယ်” လို့ဆက်ပြောတယ်။—ယောဟန် ၁၆:၂၆၊ ၂၇။
ယေရှုရဲ့ အားပေးစကားတွေကြောင့် တမန်တော်တွေ အားရှိလာပြီး “သခင်ဟာ ဘုရားသခင်ဆီက လာတဲ့သူပဲဆိုတာ ကျွန်တော်တို့ ယုံတယ်” လို့ အခိုင်အမာ ပြောကြတယ်။ မကြာခင်မှာပဲ အဲဒီ ယုံကြည်ခြင်း စမ်းသပ်ခံရတော့မယ်။ ရှေ့မှာ ဖြစ်ပျက်လာမယ့်အရာနဲ့ ပတ်သက်ပြီး ယေရှုက “ခင်ဗျားတို့ ကျွန်တော့်ကို တစ်ယောက်တည်း ပစ်ထားပြီး ကိုယ့်အိမ်ကိုယ် တကွဲတပြား ထွက်ပြေးမယ့်အချိန် ရောက်တော့မယ်။ တကယ်တော့ အဲဒီအချိန်ဟာ အခုပဲ ရောက်နေပြီ” လို့ပြောတယ်။ ဒါပေမဲ့ “ကျွန်တော့်ကြောင့် ခင်ဗျားတို့ ငြိမ်သက်ခြင်း ခံစားရအောင် ဒါတွေကို ပြောပြနေတာ။ ဒီလောကမှာ ခင်ဗျားတို့ ဆင်းရဲဒုက္ခခံရလိမ့်မယ်။ ဒါပေမဲ့ သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ” လို့ အားပေးတယ်။ (ယောဟန် ၁၆:၃၀-၃၃) သူတို့ကို ယေရှု ပစ်မထားပါဘူး။ သူတိုရဲ့ သစ္စာသမာဓိကို ချိုးဖျက်ဖို့ စာတန်နဲ့ ဒီလောက ကြိုးစားမှာဖြစ်ပေမဲ့ ဘုရားအလိုတော်ကို သစ္စာရှိရှိ လုပ်ဆောင်ခြင်းအားဖြင့် သူတို့လည်း လောကကိုအောင်နိုင်မယ်ဆိုတာ ယေရှု ယုံကြည်စိတ်ချတယ်။
-
-
အပေါ်ထပ်အခန်းမှာ ယေရှုရဲ့နိဂုံးချုပ်ဆုတောင်းချက်ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၂၂
အပေါ်ထပ်အခန်းမှာ ယေရှုရဲ့ နိဂုံးချုပ် ဆုတောင်းချက်
ဘုရားနဲ့ သားတော်ကို သိခြင်းရဲ့ အကျိုးကျေးဇူး
ယေဟောဝါ၊ ယေရှုနဲ့ တပည့်တွေ တစ်စိတ်တစ်ဝမ်းတည်းဖြစ်
ယေရှုဟာ တမန်တော်တွေကို သိပ်ချစ်တာကြောင့် သူတို့နဲ့ ခွဲခွာရတော့မယ့် အချိန်အတွက် ပြင်ဆင်ပေးတယ်။ အခု ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်– “သားက အဖကို ဘုန်းထင်ရှားစေဖို့ သားရဲ့ဘုန်းကိုလည်း ထင်ရှားစေပါ။ လူသားအားလုံးကို အုပ်ချုပ်ရမယ့် အခွင့်အာဏာကို သားဆီ အဖ အပ်နှင်းထားပါပြီ။ သားကို ဒီလိုအပ်နှင်းတာက အဖပေးအပ်ထားသူတွေကို ထာဝရအသက် ပေးနိုင်ဖို့ပါ။”—ယောဟန် ၁၇:၁၊ ၂။
ဘုရားရဲ့ဘုန်း ထင်ရှားဖို့က အရေးကြီးဆုံးဖြစ်မှန်း ယေရှု အသိအမှတ်ပြုတယ်။ သူပြောတဲ့ ထာဝရအသက် မျှော်လင့်ချက်ကလည်း တကယ့်ကို နှစ်သိမ့်မှုဖြစ်စေတယ်။ “လူသားအားလုံးကို အုပ်ချုပ်ရမယ့် အခွင့်အာဏာကို” ယေရှုရရှိတဲ့အခါ သူ့ရဲ့ ရွေးဖိုး အကျိုးကျေးဇူးတွေကို လူအားလုံးကို ပေးနိုင်မှာဖြစ်တယ်။ ဒါပေမဲ့ လူတချို့ပဲ ကောင်းချီးခံစားရပါလိမ့်မယ်။ ဘာဖြစ်လို့လဲ။ “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော၊ အဖစေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်” ဆိုတဲ့ စကားအတိုင်း လုပ်ဆောင်သူတွေပဲ ရွေးဖိုး အကျိုးကျေးဇူးတွေကို ခံစားရမှာဖြစ်လို့ပဲ။—ယောဟန် ၁၇:၃။
လူတစ်ယောက်ဟာ အဖဘုရားကိုရော သားတော်ကိုပါ ကောင်းကောင်း သိနေရမှာဖြစ်ပြီး သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရမယ်။ ကိစ္စရပ်တွေကို သူတို့ရှုမြင်သလို ရှုမြင်တတ်ရမယ်။ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း သူတို့ရဲ့ ပြိုင်ဘက်ကင်းတဲ့ အရည်အသွေးတွေကို အတတ်နိုင်ဆုံး ကြိုးစားအတုယူရမယ်။ ဘုရားသခင့် ဘုန်းထင်ရှားစေရေးက ပထမ၊ လူသားတွေ ထာဝရအသက်ရရှိရေးက ဒုတိယဆိုတာ နားလည်ရမယ်။ အဲဒီအချက်ကို ယေရှု အခုလို ထပ်ပြောတယ်–
“ကမ္ဘာပေါ်မှာ အဖရဲ့ဘုန်းကို ကျွန်တော် ထင်ရှားစေခဲ့ပါပြီ။ အဖခိုင်းထားတဲ့အလုပ်ကို လုပ်ပြီးပါပြီ။ အဖ၊ ဒီလောက မတည်ရှိခင် အဖရဲ့ဘေးနားမှာ ကျွန်တော်ခံစားခဲ့ရတဲ့ ဘုန်းအသရေမျိုးကို အခုလည်း အဖရဲ့ဘေးနားမှာ ပြန်ခံစားခွင့်ပေးပါ။” (ယောဟန် ၁၇:၄၊ ၅) မှန်ပါတယ်၊ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကောင်းကင်မှာ ဘုန်း အသရေ ပြန်ခံစားခွင့်ပေးဖို့ ယေရှု တောင်းဆိုနေတာ။
ဒါပေမဲ့ အမှုဆောင်လုပ်ငန်းမှာ သူပြီးမြောက်ခဲ့တဲ့အရာကို သူမမေ့ဘူး။ “ဒီလောကထဲက အဖ ပေးအပ်ထားသူတွေကို အဖရဲ့နာမည် သိအောင် ကျွန်တော် ဖော်ပြပါပြီ။ သူတို့ကို အဖပိုင်ဆိုင်လို့ ကျွန်တော့်ဆီ ပေးအပ်ခဲ့တာပါ။ အဖရဲ့တရားစကားကို သူတို့ လိုက်နာပါတယ်” ဆိုပြီး ဆုတောင်းတယ်။ (ယောဟန် ၁၇:၆) ယေရှုက ဘုရားရဲ့နာမည်ဟာ ယေဟောဝါ ဆိုတာလောက်ပဲ ပြောတာမဟုတ်ဘူး။ အဲဒီနာမည်ကို ခံယူထားတဲ့အရှင်ဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးဖြစ်တယ်၊ တစ်နည်းအားဖြင့် ဘုရားရဲ့ အရည်အသွေးတွေ၊ လူသားတွေနဲ့ ဘုရားသခင် ဆက်ဆံပုံတွေကို တမန်တော်တွေ သိလာအောင် ကူညီပေးခဲ့တယ်။
တမန်တော်တွေဟာ ယေဟောဝါဘုရားအကြောင်း၊ သားတော်ရဲ့ အခန်းကဏ္ဍနဲ့ သွန်သင်ချက်တွေအကြောင်း သိလာကြပြီ။ ယေရှုက “ကျွန်တော့်ကို အဖပြောသမျှ သူတို့ကို ပြန်ပြောပြခဲ့လို့ပါ။ သူတို့က အဲဒီစကားတွေကို လက်ခံတယ်။ အဖရဲ့ကိုယ်စားလှယ်အဖြစ် ကျွန်တော်ရောက်လာမှန်း ကောင်းကောင်းသိတယ်။ အဖစေလွှတ်လိုက်တဲ့သူ ဖြစ်မှန်းလည်း ယုံတယ်” လို့ နှိမ့်ချစွာ ပြောတယ်။—ယောဟန် ၁၇:၈။
နောက်လိုက်တွေနဲ့ လောကမှာရှိတဲ့လူတွေ ကွာခြားမှန်း အခုလို အသိအမှတ်ပြုတယ်– “သူတို့အတွက် ကျွန်တော် ဆုတောင်းပေးပါတယ်။ ဒီလောကအတွက်မဟုတ်ဘဲ အဖပေးအပ်ထားသူတွေအတွက် ဆုတောင်းနေတာပါ။ သူတို့ဟာ အဖရဲ့လူတွေဖြစ်လို့ပါ။ . . . သန့်ရှင်းမြင့်မြတ်တဲ့ အဖ၊ ကျွန်တော့်ကို ခံယူခွင့်ပေးထားတဲ့ နာမတော်ကို ထောက်ပြီး သူတို့ကို ကာကွယ်စောင့်ရှောက်ပေးပါ။ ဒါဆိုရင် အဖနဲ့ကျွန်တော် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သလို သူတို့လည်း တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေမှာပါ။ ကျွန်တော်ဟာ . . . သူတို့ကို စောင့်ရှောက်ခဲ့တယ်၊ ကာကွယ်ခဲ့တယ်။ ပျက်စီးခြင်းရဲ့သားကလွဲလို့ တစ်ယောက်မှ မဆုံးရှုံးပါဘူး။” “ပျက်စီးခြင်းရဲ့သား” ဆိုတာ သစ္စာဖောက် ယုဒရှကာရုတ်ကို ပြောနေတာ။—ယောဟန် ၁၇:၉-၁၂။
ယေရှု ဆက်ပြီး ဆုတောင်းတာက– “လောကက သူတို့ကို မုန်းပါတယ်။ သူတို့ကို ဒီလောကကနေ ခေါ်ထုတ်ပေးဖို့ ကျွန်တော် ဆုတောင်းနေတာမဟုတ်ပါဘူး။ ဆိုးညစ်သူရဲ့ရန်ကနေ ကာကွယ်စောင့်ရှောက်ပေးဖို့ ဆုတောင်းနေတာပါ။ ကျွန်တော်က ဒီလောကနဲ့ မပတ်သက်သလို သူတို့လည်း လောကနဲ့ မပတ်သက်ကြပါဘူး။” (ယောဟန် ၁၇:၁၄-၁၆) တမန်တော်တွေနဲ့ တခြားတပည့်တွေဟာ စာတန်အုပ်ချုပ်နေတဲ့ လောကမှာ နေထိုင်ကြပေမဲ့ လောကနဲ့ လောကမှာရှိတဲ့ ဆိုးညစ်တဲ့ အရာတွေကနေ သီးခြားနေရမယ်။ ဘယ်လိုနည်းနဲ့လဲ။
ဟီဘရူး ကျမ်းစောင်တွေမှာပါတဲ့ အမှန်တရားနဲ့ ယေရှု သွန်သင်တဲ့ အမှန်တရားတွေကို လိုက်လျှောက်ခြင်းအားဖြင့် ဘုရားအမှုတော်ဆောင်ဖို့ သူတို့ကိုယ်ကို သန့်ရှင်းနေစေရမယ်၊ သီးခြားဖြစ်စေရမယ်။ ယေရှုက “အဖရဲ့ တရားစကားဟာ အမှန်တရားဖြစ်ပါတယ်။ အဲဒီအမှန်တရားအားဖြင့် သူတို့ကို သန့်စင်စေပါ” လို့ ဆုတောင်းတယ်။ (ယောဟန် ၁၇:၁၇) နောက်ပိုင်းမှာ တမန်တော် တချို့ဟာ စွမ်းအားတော် လမ်းညွှန်မှုအားဖြင့် ကျမ်းစောင်တွေကို ရေးသားကြလိမ့်မယ်။ အဲဒါတွေကလည်း “အမှန်တရား” ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူတစ်ယောက်ကို သန့်ရှင်းနေစေဖို့ ကူညီပေးပါလိမ့်မယ်။
အချိန်တန်တဲ့အခါ တခြားသူတွေလည်း “အမှန်တရား” ကိုလက်ခံလာလိမ့်မယ်။ ဒါကြောင့် “သူတို့ [တမန်တော်ဆယ့်တစ်ယောက်] အတွက်ပဲ ကျွန်တော် ဆုတောင်းနေတာ မဟုတ်ပါဘူး။ သူတို့စကားကြောင့် ကျွန်တော့်ကို ယုံကြည်လာမယ့် သူတွေအတွက်ပါ ဆုတောင်းပါတယ်” လို့ ယေရှုပြောတယ်။ သူတို့အားလုံးအတွက် ဘာကို ဆုတောင်းပေးတာလဲ။ “သူတို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာအောင်လို့ပါ။ အဖက ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ကျွန်တော်က အဖနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သလိုမျိုးပေါ့။ ဒါဆိုရင် သူတို့အားလုံးက ကျွန်တော်တို့နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာလိမ့်မယ်။” (ယောဟန် ၁၇:၂၀၊ ၂၁) ဘုရားသခင်နဲ့ ယေရှုဟာ ကိစ္စရပ်အားလုံးမှာ စိတ်တူသဘောတူပဲ။ ဒါကြောင့် နောက်လိုက်တွေလည်း အဲဒီလိုဖြစ်ဖို့ ဆုတောင်းပေးနေတာ။
ယေရှုက ပေတရုနဲ့ ကျန်တဲ့သူတွေအတွက် ကောင်းကင်မှာ နေစရာပြင်ဆင်ဖို့ သွားရမယ်လို့ ခုနလေးတင် ပြောခဲ့တယ်။ (ယောဟန် ၁၄:၂၊ ၃) အခု အဲဒီအကြောင်းကို ဆုတောင်းချက်ထဲမှာ ထပ်ပြောတယ်– “အဖ၊ အဖပေးအပ်ထားသူတွေကို ကျွန်တော်ရှိတဲ့နေရာမှာ ရှိစေချင်လိုက်တာ။ ဒါမှ လူ့လောကအစပြုချိန် မတိုင်ခင်ကတည်းက ကျွန်တော့်ကိုချစ်လို့ အဖပေးထားတဲ့ ဘုန်းအသရေကို သူတို့မြင်နိုင်မှာပါ။” (ယောဟန် ၁၇:၂၄) အာဒံနဲ့ဧဝ သားသမီးတွေမရခင် ဟိုးအရင်ကတည်းက ဘုရားသခင်ဟာ ယေရှုခရစ်ဖြစ်လာမယ့် တစ်ပါးတည်းသော သားတော်ကို ချစ်တယ်ဆိုတဲ့အကြောင်း အလေးပေး ပြောနေတာ။
တမန်တော်တွေ၊ အမှန်တရားကို လက်မခံသေးတဲ့ တခြားသူတွေအပေါ်ထားတဲ့ ဘုရားရဲ့မေတ္တာနဲ့ ဘုရားရဲ့ နာမည်ကို ထပ်အလေးပေးပြီး ဆုတောင်းချက်ကို ယေရှု ဒီလိုနိဂုံးချုပ်တယ်– “အဖရဲ့ နာမည်ကိုသိအောင် သူတို့ကို ကျွန်တော်ပြောပြပါပြီ။ နောင်လည်း ပြောပြဦးမှာပါ။ ဒါမှ ကျွန်တော့်ကိုချစ်တဲ့ အဖရဲ့မေတ္တာမျိုးနဲ့ သူတစ်ပါးကို သူတို့ ချစ်နိုင်လိမ့်မယ်။ သူတို့နဲ့ ကျွန်တော် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာလိမ့်မယ်။”—ယောဟန် ၁၇:၂၆။
-
-
၀မ်းနည်းပြီး သောကဖိစီးချိန်မှာ ဆုတောင်းခြင်းယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၂၃
၀မ်းနည်းပြီး သောကဖိစီးချိန်မှာ ဆုတောင်းခြင်း
မဿဲ ၂၆:၃၀၊ ၃၆-၄၆ မာကု ၁၄:၂၆၊ ၃၂-၄၂ လုကာ ၂၂:၃၉-၄၆ ယောဟန် ၁၈:၁
ဂေသရှေမန်ဥယျာဉ်ထဲမှာ ဆုတောင်း
ချွေးတွေ သွေးလို တစက်စက်ကျ
ယေရှုက သစ္စာရှိ တမန်တော်တွေနဲ့အတူ ဆုတောင်းပြီးတာနဲ့ “ချီးမွမ်းသီချင်းဆိုပြီးနောက် သံလွင်တောင်ပေါ် တက်သွားကြတယ်။” (မာကု ၁၄:၂၆) သူတို့ သွားနေကျနေရာဖြစ်တဲ့ အရှေ့ဘက် ဂေသရှေမန်ဥယျာဉ်ကို သွားကြတာ။
သံလွင်ပင်တွေကြားက အေးချမ်းတဲ့ ဒီနေရာလေးကို ရောက်လာတဲ့အခါ ယေရှုက တမန်တော်ရှစ်ယောက်ကို “ကျွန်တော် ဟိုနားမှာ သွားပြီး ဆုတောင်းလိုက်ဦးမယ်။ ဒီမှာ ထိုင်နေကြပါ” လို့မှာတယ်။ သူတို့ကို ဥယျာဉ်ဝင်ပေါက်နားမှာ ထိုင်နေခိုင်းတာ ဖြစ်မယ်။ ဒီနောက် တမန်တော်သုံးယောက်ဖြစ်တဲ့ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်ပြီး ဥယျာဉ်အတွင်းထဲ ဝင်သွားတယ်။ အကြီးအကျယ် သောကဖိစီးနေတာမို့ “ကျွန်တော် ဝမ်းနည်းလွန်းလို့ သေလုမတတ်ပဲ။ ဒီမှာ နေခဲ့ကြဦး။ ကျွန်တော်နဲ့အတူ သတိနဲ့ စောင့်နေကြပါ” လို့ သူတို့ကို ပြောတယ်။—မဿဲ ၂၆:၃၆-၃၈။
အဲဒီနောက် ရှေ့နားလေးကို သွား၊ “မြေပေါ်ပျပ်ဝပ်” ပြီး ဆုတောင်းတယ်။ ဒီလို စိတ်သောကရောက်နေချိန်မှာ ဘုရားဆီ သူဘာတောင်းသလဲ။ “အဖဟာ အရာအားလုံးကို လုပ်နိုင်ပါတယ်။ ဒီခွက်ကို လွှဲဖယ်ပေးပါ။ ဒါပေမဲ့ ကျွန်တော့် ဆန္ဒအတိုင်း မဖြစ်ပါစေနဲ့။ အဖရဲ့ ဆန္ဒအတိုင်းသာ ဖြစ်ပါစေ” လို့ဆုတောင်းတယ်။ (မာကု ၁၄:၃၅၊ ၃၆) သူ ဘာကို ဆိုလိုတာလဲ။ ရွေးဖိုးပေးရမယ့် သူ့တာဝန်ကို မလုပ်ချင်တော့ဘူးဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။
ရောမတွေ သေဒဏ်ပေးလိုက်တဲ့ သူတွေဟာ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရတယ်ဆိုတာ ယေရှု ကောင်းကင်ကနေ မြင်ခဲ့တယ်။ အခုတော့ နာကျင်ခံစားတတ်တဲ့ လူသားတစ်ယောက်အနေနဲ့ ကိုယ်တိုင် ကြုံရတော့မယ်၊ ဒါပေမဲ့ ရှေ့မှာကြုံရမယ့် အရာတွေအကြောင်း သူစဉ်းစားနေတာ မဟုတ်ဘူး။ ရွံရှာစရာ ရာဇဝတ်သားတစ်ယောက်လို သူသေရမယ့် အဖြစ်ဟာ ဖခင်နာမည်ကို ရှုတ်ချစရာ ဖြစ်စေနိုင်တယ်ဆိုတာ စဉ်းစားပြီး စိတ်သောက ရောက်နေတာ။ မကြာခင် သူဟာ ဘုရားကို စော်ကားသူတစ်ယောက်အနေနဲ့ သစ်တိုင်တင် အသတ်ခံရတော့မယ်။
ယေရှုက အကြာကြီး ဆုတောင်းပြီးနောက် တမန်တော်သုံးယောက်ဆီ ပြန်လာတဲ့အခါ သူတို့ အိပ်ပျော်နေတာကို တွေ့တော့ ပေတရုကို “တစ်နာရီလေးတောင် သတိနဲ့ မစောင့်နိုင်ဘူးလား။ သွေးဆောင်မှုနောက် ပါမသွားအောင် သတိနဲ့စောင့်ပြီး အမြဲ ဆုတောင်းနေကြပါ” လို့ပြောတယ်။ တမန်တော်တွေလည်း စိုးရိမ်ပူပန်စိတ်ကြောင့် ဖိစီးမှုခံနေရတဲ့အပြင် တော်တော် ညဉ့်နက်နေပြီဆိုတာ ယေရှုသိတယ်။ ဒါကြောင့် “စိတ်ကတော့ ထက်သန်ပါရဲ့။ ကိုယ်ခန္ဓာက အားနည်းတယ်” လို့ပြောတယ်။—မဿဲ ၂၆:၄၀၊ ၄၁။
ဒီနောက် ဒုတိယအကြိမ် ပြန်သွားပြီး “ဒီခွက်ကို” မသောက်ရအောင် လွှဲဖယ်ပေးပါလို့ ဘုရားဆီ ဆုတောင်းတယ်။ ပြန်လာတဲ့အခါ သူတို့တွေ အိပ်ပျော်နေတာကို တွေ့ရပြန်တယ်။ တကယ်တော့ သွေးဆောင်မှုနောက် မပါသွားအောင် သူတို့ ဆုတောင်းနေသင့်တာ။ ဒါကြောင့် “ယေရှုကို ဘာပြန်ပြောရမှန်းမသိ ဖြစ်နေကြတယ်။” (မာကု ၁၄:၄၀) အဲဒီနောက် တတိယအကြိမ် ပြန်သွားပြီး ဒူးထောက်ဆုတောင်းတယ်။
ရာဇဝတ်သား တစ်ယောက်လို သူသေရမယ့်အဖြစ်ကြောင့် ဖခင်နာမည် ရှုတ်ချခံရမှာကို တွေးပြီး ယေရှု အလွန်စိုးရိမ်နေတယ်။ ဒါပေမဲ့ ယေဟောဝါက သားတော်ရဲ့ ဆုတောင်းချက်ကို နားထောင်ပေးတယ်။ ယေရှုကို အားပေးဖို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ပေးတယ်။ ဒါတောင်မှ ဖခင်ဆီ ဆုတောင်း အသနားခံနေတုန်းပဲ။ “ခါတိုင်းထက်ပိုပြီး အသည်းအသန် ဆုတောင်း” တယ်။ သူခံစားနေရတဲ့ ဖိစီးမှုက ပြင်းထန်လွန်းတယ်။ တကယ်ကြီးလေးတဲ့ တာဝန်ကို သူထမ်းထားရတယ်။ အခုအချိန်ဟာ သူကိုယ်တိုင်နဲ့ ယုံကြည်သူ လူသားတွေ ထာဝရအသက် ရရှိရေးအတွက် အဆုံးအဖြတ်ပေးမယ့် အချိန်ပဲ။ ဒါကြောင့် “ချွေးတွေဟာ သွေးလို မြေပေါ် တစက်စက် ကျလာတယ်။”—လုကာ ၂၂:၄၄။
တမန်တော်တွေဆီ တတိယအကြိမ် ပြန်လာတဲ့အခါ သူတို့ အိပ်ပျော်နေတာကို တွေ့ရပြန်တယ်။ ဒါကြောင့် “ဒီလို အချိန်မျိုးမှာတောင် အေးအေးဆေးဆေး အိပ်နေကြပါလား။ လူသားကို သစ္စာဖောက်ပြီး အပြစ်သားတွေ လက်ထဲ အပ်မယ့်အချိန် နီးနေပြီ။ ထကြ၊ သွားကြစို့။ ကျွန်တော့်ကို သစ္စာဖောက်တဲ့သူ ရောက်လာတော့မယ်” လို့ပြောတယ်။—မဿဲ ၂၆:၄၅၊ ၄၆၊။
ယေရှုနဲ့ တမန်တော်တွေ အပေါ်ထပ်အခန်းကနေ ထွက်လာပြီးနောက် ဘယ်ကို သွားကြသလဲ။
ယေရှု ဆုတောင်းနေတုန်း တမန်တော်သုံးယောက် ဘာလုပ်နေကြသလဲ။
ယေရှုရဲ့ချွေးတွေ သွေးလို တစက်စက်ကျတာက သူ့ခံစားချက်နဲ့ ပတ်သက်ပြီး ဘာကို ဖော်ပြနေသလဲ။
-
-
ခရစ်တော် သစ္စာဖောက်အပ်နှံခံရပြီး အဖမ်းခံရယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၂၄
ခရစ်တော် သစ္စာဖောက် အပ်နှံခံရပြီး အဖမ်းခံရ
မဿဲ ၂၆:၄၇-၅၆ မာကု ၁၄:၄၃-၅၂ လုကာ ၂၂:၄၇-၅၃ ယောဟန် ၁၈:၂-၁၂
ဥယျာဉ်မှာ ယုဒ သစ္စာဖောက် အပ်နှံ
လူတစ်ယောက်ရဲ့ နားရွက်ကို ပေတရု ခုတ်
ယေရှု အဖမ်းခံရ
အခု သန်းခေါင်ကျော်သွားပြီ။ ပုရောဟိတ်တွေက ယေရှုကို သစ္စာဖောက်အပ်နှံတဲ့ ယုဒကို ငွေစ ၃၀ ပေးလိုက်တယ်။ ဒါကြောင့် ယုဒက ယေရှုကိုရှာဖို့ ပုရောဟိတ်မင်းနဲ့ ဖာရိရှဲတွေ လွှတ်လိုက်တဲ့ လူအုပ်ကို ဦးဆောင်လာတယ်။ တပ်မှူးတစ်ယောက်နဲ့ ရောမစစ်သည်တစ်စုလည်း ပါလာတယ်။
ယုဒကို ပသခါညစာစားပွဲကနေ ထွက်သွားခိုင်းလိုက်တာနဲ့ သူက ပရောဟိတ်ကြီးတွေဆီ တန်းသွားတာ ဖြစ်နိုင်တယ်။ (ယောဟန် ၁၃:၂၇) သူတို့က အစောင့်ရဲမက်တွေအပြင် စစ်သည်တစ်စုကိုပါ ခေါ်လိုက်တယ်။ ယုဒက အဲဒီလူတွေကို ဦးဆောင်ပြီး ယေရှုနဲ့ တမန်တော်တွေ ပသခါပွဲ ကျင်းပတဲ့အိမ်ဆီ အရင်ခေါ်သွားတာ ဖြစ်မယ်။ အခုတော့ လူအုပ်က ကိဒြုန်ချိုင့်ဝှမ်းကို ဖြတ်ပြီး ဥယျာဉ်ဆီ လာနေကြတယ်။ သူတို့မှာ ဓားတွေ၊ တုတ်တွေအပြင် ယေရှုကို ရှာတွေ့ဖို့ မီးတုတ်၊ မီးအိမ်တွေလည်း ပါလာတယ်။
ယုဒက လူအုပ်ကို ဦးဆောင်ပြီး သံလွင်တောင်ပေါ် တက်လာချိန်မှာ ယေရှုရှိမယ့် နေရာကို ကောင်းကောင်း သိထားတယ်။ လွန်ခဲ့တဲ့အပတ်မှာ ယေရှုနဲ့ တမန်တော်တွေ ဗေသနိနဲ့ ဂျေရုဆလင်ကို သွားလိုက်ပြန်လိုက် လုပ်တဲ့အခါ ဂေသရှေမန်ဥယျာဉ်မှာ နားလေ့ရှိကြတယ်။ အခု ညဘက်ဆိုတော့ ဥယျာဉ်ထဲက သံလွင်ပင်တွေအောက်မှာ ယေရှု ရှိနေနိုင်တယ်။ ဒီတော့ ယေရှုကို မမြင်ဖူးတဲ့ စစ်သားတွေဟာ ယေရှုက ဘယ်သူမှန်း ဘယ်လို သိနိုင်မလဲ။ သူတို့သိနိုင်ဖို့ ယုဒက “ငါနမ်းတဲ့သူဟာ ယေရှုပဲ။ သူ့ကိုဖမ်းပြီး စောင့်ကြပ်ခေါ်သွားကြ” လို့အချက်ပေးထားပြီးပြီ။—မာကု ၁၄:၄၄။
ယုဒက လူအုပ်ကို ဦးဆောင်ပြီး ဥယျာဉ်ထဲ ဝင်လာတဲ့အခါ ယေရှုနဲ့ တမန်တော်တွေကို တွေ့သွားတယ်။ ဒါနဲ့ ယေရှုဆီ တန်းသွားလိုက်ပြီး “ဆရာ၊ မင်္ဂလာပါ” ဆိုပြီး နမ်းလိုက်တယ်။ ယေရှုကလည်း “ဘာအတွက် လာတာလဲ” လို့ ယုဒကို မေးတယ်။ (မဿဲ ၂၆:၄၉၊ ၅၀) ပြီးတော့ “ယုဒ၊ ခင်ဗျားက လူသားကို နမ်းပြီး သစ္စာဖောက်လိုက်တာပေါ့” လို့ပြောတယ်။ (လုကာ ၂၂:၄၈) ဒီနောက် သစ္စာဖောက်ယုဒကို ယေရှု ဘာမှ ထပ်မပြောတော့ဘူး။
အခု မီးတုတ်၊ မီးအိမ်တွေ ထွန်းထားတဲ့ အလင်းရောင်ထဲ ယေရှု ထွက်လာပြီး “ဘယ်သူ့ကို ရှာနေတာလဲ” လို့မေးတယ်။ “နာဇရက်မြို့သား ယေရှုကို ရှာနေတာ” လို့ သူတို့ဖြေတော့ ယေရှုက “ကျွန်တော်ဟာ ယေရှုပဲ” လို့ သတ္တိရှိရှိ ပြောလိုက်တယ်။ (ယောဟန် ၁၈:၄၊ ၅) သူတို့လည်း ဘာဖြစ်လာမယ်မှန်း မသိတာကြောင့် နောက်ဆုတ်သွားပြီး လဲကျကုန်တယ်။
ယေရှုက ဒါကိုအခွင့်ကောင်းယူပြီး အမှောင်ထဲ ထွက်ပြေးသွားမယ့်အစား ဘယ်သူ့ကို ရှာနေတာလဲလို့ ထပ်မေးတဲ့အခါ “နာဇရက်မြို့သား ယေရှုကို ရှာနေတာ” လို့ဖြေကြတယ်။ “ကျွန်တော်ဟာ ယေရှုပါလို့ ပြောပြီးပြီပဲ။ ကျွန်တော့်ကို ရှာနေတာဆိုရင် သူတို့တွေ သွားပါစေ” လို့ တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။ သေရေးရှင်ရေး ဖြစ်နေတဲ့အချိန်မှာတောင် ယေရှုဟာ တမန်တော်တွေ တစ်ယောက်မှ မဆုံးရှုံးပါဘူးဆိုတဲ့ သူ့စကားတွေကို ပြန်အမှတ်ရတယ်။ (ယောဟန် ၆:၃၉။ ၁၇:၁၂) သူက သစ္စာရှိ တမန်တော်တွေကို စောင့်ရှောက်ခဲ့တယ်။ “ပျက်စီးခြင်းရဲ့သား” ယုဒကလွဲလို့ တစ်ယောက်ကိုမှ မဆုံးရှုံးဘူး။ (ယောဟန် ၁၈:၇-၉) ဒါကြောင့် သစ္စာရှိ နောက်လိုက်တွေကို သွားခွင့်ပြုဖို့ သူတောင်းဆိုနေတာ။
ရပ်နေတဲ့ စစ်သားတွေက ယေရှုဆီလာတဲ့အခါ တမန်တော်တွေလည်း ဘာဖြစ်တော့မယ်ဆိုတာ ရိပ်မိပြီး “သခင်၊ ဓားနဲ့ ခုတ်လိုက်ရမလား” လို့မေးတယ်။ (လုကာ ၂၂:၄၉) ယေရှု ဘာမှပြန်မပြောခင် ပေတရုက တမန်တော်တွေဆီမှာရှိတဲ့ ဓားနှစ်လက်ထဲက တစ်လက်ကို ဆွဲထုတ်လိုက်ပြီး ပုရောဟိတ်မင်းရဲ့ကျွန် မာလခုကို ခုတ်လိုက်တဲ့အတွက် ညာဘက်နားရွက် ပြတ်သွားတယ်။
ယေရှုက မာလခုရဲ့ နားရွက်ကို တို့လိုက်တဲ့အခါ အနာပျောက်သွားတယ်။ ဒီနောက် ပေတရုကို “ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါ။ ဓားကိုကိုင်တဲ့သူက ဓားနဲ့ပဲ သေဆုံးရလိမ့်မယ်” လို့ပြောပြီး အရေးကြီး သင်ခန်းစာတစ်ခု သင်ပေးလိုက်တယ်။ ယေရှုက “ဒါတွေ ဖြစ်လာရမယ်ဆိုတဲ့ ကျမ်းစကားတွေ ဘယ်လိုပြည့်စုံနိုင်တော့မလဲ” ဆိုပြီး ပြောတာကိုကြည့်ရင် လိုလိုလားလား အဖမ်းခံချင်မှန်း သိနိုင်တယ်။ (မဿဲ ၂၆:၅၂၊ ၅၄) ပြီးတော့ “အဖဘုရားပေးတဲ့ ခွက်ကို ကျွန်တော် မသောက်ဘဲ နေရမှာလား” ဆိုပြီး ပြောတယ်။ (ယောဟန် ၁၈:၁၁) ယေရှုက အသေခံတဲ့အထိ ဘုရားအလိုတော်အတိုင်း လုပ်ဖို့ သဘောတူ လက်ခံတယ်။
ဒီနောက် “ဓားပြကို ဖမ်းသလို ကျွန်တော့်ကို ဖမ်းဖို့ ဓားတွေ၊ တုတ်တွေကိုင်ပြီး လာရသလား။ ကျွန်တော် နေ့တိုင်း ဗိမာန်တော်မှာ ထိုင်ပြီး သွန်သင်နေတုန်းကတော့ ခင်ဗျားတို့ မဖမ်းကြဘူး။ တကယ်တော့ အခုလိုဖြစ်နေတာတွေဟာ ပရောဖက်ကျမ်း ပြည့်စုံလာဖို့ပဲ” လို့ လူအုပ်ကို ပြောလိုက်တယ်။—မဿဲ ၂၆:၅၅၊ ၅၆။
တပ်မှူးနဲ့ တပ်သားတွေ၊ အစောင့်ရဲမက်တွေလည်း ယေရှုကို ဖမ်းဆီး ချည်နှောင်ကြတော့တယ်။ ဒါကိုမြင်တဲ့အခါ တမန်တော်တွေ ထွက်ပြေးကြပါလေရော။ ဒါပေမဲ့ “လူရွယ်တစ်ယောက်က” လူအုပ်ထဲမှာ နေရစ်ပြီး နောက်ကနေ လိုက်လာတယ်။ သူက တပည့်မာကု ဖြစ်နိုင်တယ်။ (မာကု ၁၄:၅၁) နောက်တော့ သူ့ကို မှတ်မိသွားပြီး လိုက်ဖမ်းတော့ သူလည်း ဝတ်လုံကိုစွန့်ပြီး ထွက်ပြေးသွားတယ်။
-
-
အာနတ်ဆီ၊ ဒီနောက် ကယာဖဆီခေါ်သွားယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၂၅
အန္နတ်ဆီ၊ ဒီနောက် ကယာဖဆီ ခေါ်သွား
မဿဲ ၂၆:၅၇-၆၈ မာကု ၁၄:၅၃-၆၅ လုကာ ၂၂:၅၄၊ ၆၃-၆၅ ယောဟန် ၁၈:၁၃၊ ၁၄၊ ၁၉-၂၄
ပုရောဟိတ်မင်းဖြစ်ခဲ့ဖူးသူ အန္နတ်ဆီ ခေါ်သွား
ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တွေ တရားမဝင် စစ်ဆေး
ယေရှုကို ရာဇဝတ်သားတစ်ယောက်လို ချည်နှောင်ပြီး အန္နတ်ဆီ ခေါ်သွားတယ်။ ဗိမာန်တော်မှာ လူငယ်ယေရှုရဲ့ စကားကြောင့် ဆရာတွေ တအံ့တသြ ဖြစ်ခဲ့တုန်းက အန္နတ်ဟာ ပုရောဟိတ်မင်းဖြစ်တယ်။ (လုကာ ၂:၄၂၊ ၄၇) အန္နတ်ရဲ့သားတချို့လည်း နောက်ပိုင်းမှာ ပုရောဟိတ်မင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတယ်။ အခုတော့ သူ့သားမက် ကယာဖက ဒီတာဝန် ထမ်းဆောင်နေတယ်။
အန္နတ်ရဲ့အိမ်မှာ ယေရှုရှိနေတုန်း ကယာဖက ဂျူးတရားရုံးချုပ်အဖွဲ့ဝင်တွေကို စုဝေးဖို့ အချိန်ရသွားတယ်။ ဂျူးတရားရုံးချုပ်ကို အဖွဲ့ဝင် ၇၁ ယောက်နဲ့ ဖွဲ့စည်းထားပြီး ပုရောဟိတ်မင်းနဲ့ အရင်တုန်းက ပုရောဟိတ်မင်း ဖြစ်ခဲ့ဖူးသူတွေ ပါဝင်တယ်။
အန္နတ်က ယေရှုကို “တပည့်တွေအကြောင်း၊ သူ့သွန်သင်ချက်တွေအကြောင်း” မေးမြန်းတယ်။ ယေရှုက “လူအများရှေ့မှာ ကျွန်တော်ဟောပြောတယ်။ ဂျူးတွေစည်းဝေးတဲ့ တရားဇရပ်နဲ့ ဗိမာန်တော်မှာလည်း အမြဲသွန်သင်ပေးတယ်။ ပုန်းလျှိုးကွယ်လျှိုး မဟောပြောခဲ့ဖူးဘူး။ ဒါကြောင့် ကျွန်တော့်ကို မေးနေမယ့်အစား ကျွန်တော်ဟောတာကို ကြားနာခဲ့သူတွေကိုပဲ မေးကြည့်ပါလား။ ကျွန်တော် ဘာတွေဟောခဲ့လဲဆိုတာ သူတို့သိပါတယ်” လို့ ပြန်ဖြေတယ်။—ယောဟန် ၁၈:၁၉-၂၁။
ဒီအခါ အနားမှာ ရပ်နေတဲ့ အစောင့်ရဲမက်က “ပုရောဟိတ်ကြီးကို မင်း ဒီလိုခံပြောရသလား” ဆိုပြီး ယေရှုကို ပါးရိုက်လိုက်တယ်။ ယေရှုကတော့ ဘာအမှားမှ မလုပ်တဲ့အတွက် “ကျွန်တော်ပြောတာ မှားနေရင်လည်း ဘာမှားသလဲဆိုတာ သက်သေပြပါ။ အခု မှန်လျက်သားနဲ့ ကျွန်တော့်ကို ဘာလို့ ရိုက်တာလဲ” လို့ပြန်ပြောတယ်။ (ယောဟန် ၁၈:၂၂၊ ၂၃) ဒီနောက် အန္နတ်က ယေရှုကို သူ့သားမက် ကယာဖဆီ ပို့လိုက်တယ်။
လက်ရှိ ပုရောဟိတ်မင်း၊ အကြီးအကဲတွေနဲ့ ကျမ်းတတ်တွေပါဝင်တဲ့ ဂျူးတရားရုံးချုပ် အဖွဲ့ဝင်အားလုံး အခု ကယာဖအိမ်မှာ စုဝေးနေကြတယ်။ ပသခါညမှာ အခုလို စစ်ဆေးမေးမြန်းတာ တရားမ၀င်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ ဆိုးညစ်တဲ့ ရည်ရွယ်ချက်ကို မဖြစ်မနေ အကောင်အထည် ဖော်ကြမှာပဲ။
ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တွေဟာ မျှမျှတတ ဆုံးဖြတ်သူတွေ မဟုတ်ဘူး။ လာဇရုကို အသက်ပြန်ရှင်အောင် လုပ်ပေးပြီးကတည်းက ယေရှုကို သတ်ပစ်သင့်တယ်လို့ ဆုံးဖြတ်ထားကြတာ။ (ယောဟန် ၁၁:၄၇-၅၃) လွန်ခဲ့တဲ့ရက်တွေတုန်းကလည်း ဘာသာရေးခေါင်းဆောင်တွေဟာ ယေရှုကို ဖမ်းပြီး သတ်ပစ်ဖို့ တိုင်ပင်ခဲ့ကြတယ်။ (မဿဲ ၂၆:၃၊ ၄) တကယ်တော့ ယေရှုကို မစစ်ဆေးခင်ကတည်းက သေဒဏ်ချမှတ်ပြီးသားပဲ။
ပုရောဟိတ်ကြီးတွေနဲ့ ကျန်တဲ့အဖွဲ့ဝင်တွေက တရားမဝင် စည်းဝေးတဲ့အပြင် ယေရှုကို စွဲချက်တင်နိုင်အောင် မဟုတ်မမှန် သက်သေထွက်ဆိုမယ့် သူတွေကို ရှာကြတယ်။ သက်သေ အတော်များများ ရှာတွေ့ပေမဲ့ တစ်ယောက်တစ်မျိုး ထွက်ဆိုကြတယ်။ နောက်ဆုံးမှာ လူနှစ်ယောက်လာပြီး “‘လူတွေတည်ဆောက်တဲ့ ဒီဗိမာန်တော်ကို ဖြိုဖျက်ပြီး လူတွေ မတည်ဆောက်တဲ့ ဗိမာန်တော်ကို သုံးရက်တည်းနဲ့ တည်ဆောက်ပြမယ်’ လို့ သူပြောခဲ့တာကို ကျုပ်တို့ကြားတယ်” ဆိုပြီး မမှန်မကန် ထွက်ဆိုကြတယ်။ (မာကု ၁၄:၅၈) ဒါပေမဲ့ ဒီစွဲချက်မှာလည်း သူတို့ရဲ့ စကားတွေက တစ်ယောက်တစ်မျိုး ဖြစ်နေတယ်။
ကယာဖက “မင်း ဘာမှ ပြန်မပြောတော့ဘူးလား။ သူတို့ရဲ့ ထွက်ဆိုချက်ကို မင်း ဘာပြောမလဲ” လို့မေးတယ်။ (မာကု ၁၄:၆၀) ယေရှုက အမျိုးမျိုးဖြစ်နေတဲ့ မဟုတ်မမှန် စွပ်စွဲချက်ကို ကြားပေမဲ့ တစ်ခွန်းမှ ပြန်မဖြေဘူး။ ဒီအခါ ပုရောဟိတ်မင်း ကယာဖက နည်းဗျူဟာ ပြောင်းလိုက်တယ်။
ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ဘုရားရဲ့သားလို့ ပြောရင် ဂျူးတွေ သိပ်စိတ်ဆိုးမှန်း ကယာဖ သိထားတယ်။ ယေရှုက ဘုရားကို အဖဘုရားလို့ ခေါ်တုန်းက “မိမိကိုယ်ကို ဘုရားသခင်နဲ့ တန်းတူဖြစ်အောင် လုပ်နေ” တယ်လို့ ဂျူးတွေစွပ်စွဲပြီး သူ့ကို သတ်ပစ်ချင်ခဲ့တာ။ (ယောဟန် ၅:၁၇၊ ၁၈။ ၁၀:၃၁-၃၉) ကောက်ကျစ်တဲ့ကယာဖက အဲဒါကို သိထားတော့ “အသက်ရှင်တဲ့ ဘုရားသခင်ကို တိုင်တည်ပြီး သစ္စာဆိုပါ။ မင်းဟာ ဘုရားသခင်ရဲ့သား ခရစ်တော်ဆိုတာ အမှန်ပဲလား” လို့ မေးတယ်။ (မဿဲ ၂၆:၆၃) တကယ်တော့ ယေရှုက သူဟာ ဘုရားရဲ့သားဖြစ်မှန်း ဝန်ခံခဲ့ပြီးပြီ။ (ယောဟန် ၃:၁၈။ ၅:၂၅။ ၁၁:၄) အခုကျမှ ၀န်မခံဘူးဆိုရင် သူဟာ ဘုရားရဲ့သား၊ ခရစ်တော် မဟုတ်ဘူးလို့ ငြင်းလိုက်တာနဲ့ တူသွားမယ်။ ဒါကြောင့် “ဟုတ်တယ်။ လူသားဟာ တန်ခိုးကြီးတဲ့အရှင်ရဲ့ ညာဘက်မှာ ထိုင်နေတာ၊ မိုးတိမ်ခြံရံပြီး လာနေတာကို ခင်ဗျားတို့ မြင်ရလိမ့်မယ်” လို့ပြန်ဖြေတယ်။—မာကု ၁၄:၆၂။
ဒီအခါ ကယာဖက ဟန်ပန်အပြည့်နဲ့ ကိုယ့်အဝတ်ကို ဆွဲဆုတ်ရင်း “ဒီလူဟာ ဘုရားကို စော်ကားပြောဆိုနေတာပဲ။ ဘာသက်သေ လိုသေးသလဲ။ ဘုရားကို သူ စော်ကားပြောဆိုနေတာ ခင်ဗျားတို့ ကြားတယ်နော်။ ဘယ်လို ထင်ကြသလဲ” လို့မေးတဲ့အခါ ဂျူးတရားရုံးချုပ်အဖွဲ့ဝင်တွေက “ဒီလူ သေဒဏ်ခံထိုက်တာပေါ့” ဆိုပြီး မတရား စီရင်ဆုံးဖြတ်လိုက်ကြတယ်။—မဿဲ ၂၆:၆၅၊ ၆၆။
အဲဒီနောက် ယေရှုကို လှောင်ပြောင်ပြီး လက်သီးနဲ့ ထိုးကြတယ်။ တချို့က ပါးရိုက်တယ်၊ မျက်နှာကို တံတွေးနဲ့ ထွေးတယ်။ မျက်နှာကို ဖုံး၊ ပါးရိုက်ပြီး “မင်းကို ဘယ်သူရိုက်သလဲ ဟောစမ်းပါဦး” လို့ပြောကြတယ်။ (လုကာ ၂၂:၆၄) ဘုရားသခင့်သားတော်ဟာ ညဘက် တရားမ၀င် စစ်ဆေးချိန်အတွင်း ဘယ်လောက်တောင် စော်ကားခံခဲ့ရသလဲဆိုတာ စဉ်းစားကြည့်ပါ။
-
-
ယေရှုကို ပေတရုငြင်းပယ်ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၂၆
ယေရှုကို ပေတရု ငြင်းပယ်
မဿဲ ၂၆:၆၉-၇၅ မာကု ၁၄:၆၆-၇၂ လုကာ ၂၂:၅၄-၆၂ ယောဟန် ၁၈:၁၅-၁၈၊ ၂၅-၂၇
ယေရှုကို ပေတရု ငြင်းပယ်
ဂေသရှေမန်ဥယျာဉ်မှာ ယေရှု အဖမ်းခံရတဲ့အခါ တမန်တော်တွေ သူ့ကိုစွန့်ခွာပြီး ကြောက်ကြောက်နဲ့ ထွက်ပြေးသွားကြတယ်။ နှစ်ယောက်ကတော့ ပြန်လှည့်လာတယ်။ ပေတရုနဲ့ “တပည့်နောက်တစ်ယောက်” ဖြစ်တဲ့ တမန်တော်ယောဟန်ပဲ။ (ယောဟန် ၁၈:၁၅။ ၁၉:၃၅။ ၂၁:၂၄) ယေရှုကို အန္နတ်ရဲ့အိမ်ထဲ ခေါ်သွားချိန်မှာ သူတို့ရောက်လာတာ ဖြစ်မယ်။ အန္နတ်က ယေရှုကို ပုရောဟိတ်မင်း ကယာဖဆီ ပို့တဲ့အခါ ပေတရုနဲ့ ယောဟန်လည်း ခပ်လှမ်းလှမ်းကနေ လိုက်သွားတယ်။ သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေသလို သခင့်အတွက်လည်း စိုးရိမ်နေပုံပဲ။
ယောဟန်က ပုရောဟိတ်မင်း ကယာဖရဲ့ အသိဆိုတော့ ပုရောဟိတ်မင်းရဲ့ ခြံဝင်းထဲ ဝင်ခွင့်ရတယ်။ ပေတရုကတော့ ဝင်းတံခါးအပြင်ဘက်မှာ ကျန်ရစ်ခဲ့တယ်။ ဒါနဲ့ ယောဟန်ပြန်လာပြီး တံခါးစောင့် အစေခံမလေးကို ပြောပေးတော့ ပေတရုလည်း အထဲဝင်ခွင့်ရသွားတယ်။
အဲဒီညမှာ ချမ်းစိမ့်စိမ့်ဖြစ်နေတော့ ခြံဝင်းထဲကလူတွေ မီးသွေးမီးဖိုပြီး မီးလှုံနေကြတယ်။ ပေတရုလည်း သူတို့နဲ့အတူ ထိုင်ပြီး မီးလှုံနေရင်း “ဘာဆက်ဖြစ်မလဲဆိုတာ” စောင့်ကြည့်နေတယ်။ (မဿဲ ၂၆:၅၈) ဒီအခါ တံခါးစောင့်မလေးက မီးအလင်းရောင်အောက်မှာ ပေတရုကို သေချာကြည့်ပြီး “ရှင်လည်း အဲဒီလူရဲ့တပည့်ပဲ မဟုတ်လား” လို့မေးလိုက်တယ်။ (ယောဟန် ၁၈:၁၇) တကယ်တော့ ပေတရုကို မှတ်မိပြီး ယေရှုနဲ့တစ်ဖွဲ့တည်းလို့ စွပ်စွဲတာ အဲဒီအစေခံမလေး တစ်ယောက်တည်း မဟုတ်ဘူး။—မဿဲ ၂၆:၆၉၊ ၇၁-၇၃။ မာကု ၁၄:၇၀။
ပေတရုလည်း အရမ်းလန့်သွားပြီး သူများတွေ သူ့ကို သတိမထားမိအောင်နေရင်း ခြံအဝင်၀ဘက်ကို ထွက်သွားတယ်။ နောက်တစ်ခါကျတော့ ပေတရုက “သူ့ကို ကျွန်တော် မသိဘူး။ ခင်ဗျား ဘာတွေပြောနေမှန်းလည်း ကျွန်တော် နားမလည်ဘူး” လို့ပြောပြီး ယေရှုကို ငြင်းလိုက်တယ်။ (မာကု ၁၄:၆၇၊ ၆၈) ဒါ့အပြင် “ကျိန်တွယ်သစ္စာဆို” လိုက်သေးတယ်။ သူ အမှန်အတိုင်း ပြောနေတာပါ၊ တကယ်လို့ လိမ်ပြောရင် ဘေးအန္တရာယ် ကျရောက်ပါစေဆိုပြီး ကျိန်ပြောလိုက်တဲ့ သဘောပဲ။—မဿဲ ၂၆:၇၄။
ဒီအချိန်မှာ ကယာဖရဲ့အိမ် အပေါ်ထပ်မှာတော့ ယေရှုကို စစ်ဆေးမေးမြန်းနေကြတယ်။ သက်သေထွက်ဆိုသူတွေ ဝင်ထွက်နေတာကို အောက်မှာရှိတဲ့ ပေတရုနဲ့ တခြားသူတွေ မြင်နေရတယ်။
ပေတရုရဲ့လေသံကို နားထောင်လိုက်တာနဲ့ ဂါလိလဲနယ်သားမှန်း သိနိုင်တယ်။ ဒါ့အပြင် လူအုပ်ထဲက တစ်ယောက်ဟာ ပေတရုခုတ်လိုက်လို့ နားရွက်ပြတ်သွားတဲ့ မာလခုနဲ့ ဆွေမျိုးတော်တယ်။ ဒါကြောင့် သူက “ဥယျာဉ်ထဲမှာ အဲဒီလူနဲ့အတူ ခင်ဗျားရှိနေတာ ကျွန်တော်မြင်သားပဲ။ ဟုတ်တယ် မဟုတ်လား” လို့မေးတယ်။ ပေတရုလည်း တတိယအကြိမ် ငြင်းပြန်တယ်။ ဒီအခါ ယေရှု ကြိုပြောတဲ့အတိုင်း ကြက်တွန်သံ ကြားလိုက်ရတယ်။—ယောဟန် ၁၃:၃၈။ ၁၈:၂၆၊ ၂၇။
ဒီအချိန်မှာ ယေရှုက အပေါ်ထပ် လသာဆောင်မှာ ရှိနေပုံပဲ။ သခင်ယေရှုက ပေတရုကို လှည့်ကြည့်လိုက်တဲ့အခါ အဲဒီအကြည့်က ပေတရုရင်ထဲကို ထိုးဖောက်သွားတော့တယ်။ အစောပိုင်းတုန်းက အပေါ်ထပ်အခန်းမှာ ယေရှုပြောခဲ့တဲ့ စကားတွေကို ပေတရု သတိရသွားပြီး သူဘာလုပ်လိုက်မိမှန်း သဘောပေါက်သွားတယ်။ သူ ဘယ်လို ခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒါကြောင့် အပြင်ထွက်ပြီး ရှိုက်ကြီးတငင် ငိုချတော့တယ်။—လုကာ ၂၂:၆၁၊ ၆၂။
ယုံကြည်ခြင်း၊ သစ္စာစောင့်သိခြင်းနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် စိတ်ချလွန်းတဲ့ ပေတရုတစ်ယောက် ဘယ်လို ဖြစ်သွားတာလဲ။ ဘယ်လိုဖြစ်လို့ သူ့သခင်ကို ငြင်းလိုက်ရတာလဲ။ တကယ်တော့ အဲဒီအချိန်မှာ အမှန်ကို အမှားလို့ မြင်နေကြတာ။ ယေရှုကိုလည်း ဆိုးသွမ်းတဲ့ ရာဇဝတ်သားအဖြစ် ပုံဖော်နေကြတာ။ ပေတရုအနေနဲ့ အပြစ်မဲ့သူဘက်ကနေ ရပ်တည်ပေးနိုင်ပေမဲ့လည်း မရပ်တည်ခဲ့ဘူး။ “ထာဝရအသက်ရစေတဲ့ စကားတွေ” ရှိထားတဲ့ပုဂ္ဂိုလ်ကို မသိပါဘူးလို့ ငြင်းခဲ့တယ်။—ယောဟန် ၆:၆၈။
ပေတရုရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်ကနေ သိရတာက ယုံကြည်ခြင်း ခိုင်မာတဲ့၊ သစ္စာစောင့်သိတဲ့ လူတစ်ယောက်တောင် သေချာ ကြိုတင် မပြင်ဆင်ထားဘူးဆိုရင် မမျှော်လင့်ထားတဲ့ စမ်းသပ်မှုတွေ၊ သွေးဆောင်မှုတွေ ကြုံရတဲ့အခါ ဟန်ချက် ပျက်သွားနိုင်တယ်ဆိုတာပဲ။ ပေတရုရဲ့ အဖြစ်အပျက်က ဘုရားသခင့်ကျေးကျွန် အားလုံးအတွက် သတိပေးချက်တစ်ခုပဲ။
-