-
ဂျူးတရားရုံးချုပ်မှာ စစ်ဆေးပြီးနောက် ပိလတ်မင်းဆီခေါ်သွားယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၂၇
ဂျူးတရားရုံးချုပ်မှာ စစ်ဆေးပြီးနောက် ပိလတ်မင်းဆီ ခေါ်သွား
မဿဲ ၂၇:၁-၁၁ မာကု ၁၅:၁ လုကာ ၂၂:၆၆–၂၃:၃ ယောဟန် ၁၈:၂၈-၃၅
မနက်ပိုင်းမှာ ဂျူးတရားရုံးချုပ်ရှေ့ စစ်ဆေးခံရ
ယုဒရှကာရုတ် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ
ယေရှုကို စီရင်ချက်ချဖို့ ပိလတ်မင်းဆီအပ်
မနက်မိုးလင်းတော့မယ်။ ယေရှုကို ပေတရု သုံးကြိမ် ငြင်းလိုက်ပြီ။ တရားရုံးချုပ်အဖွဲ့ဝင်တွေလည်း ယေရှုကို တရားမဝင် စစ်ဆေးမေးမြန်းပြီးနောက် လူစုခွဲသွားကြပြီ။ သောကြာနေ့မနက် မိုးလင်းတော့ သူတို့ စုဝေးကြပြန်တယ်။ မနေ့ညတုန်းက တရားမဝင် စစ်ဆေးမေးမြန်းခဲ့တာကို တရားဝင်ဖြစ်အောင် လုပ်ချင်လို့ဖြစ်မယ်။ ဒါနဲ့ ယေရှုကို သူတို့ရှေ့ ခေါ်လာတယ်။
သူတို့က “မင်းဟာ ခရစ်တော်ဟုတ်ရဲ့လား။ ပြောစမ်းပါဦး” လို့ မေးကြပြန်တယ်။ ယေရှုက “ကျွန်တော်ပြောရင်လည်း ခင်ဗျားတို့ ယုံမှာမဟုတ်ဘူး။ ကျွန်တော်မေးရင်လည်း ဖြေကြမှာ မဟုတ်ဘူး” လို့ပြောပြီးနောက် သူဟာ ဒံယေလ ၇:၁၃ မှာ ကြိုဟောထားသူဖြစ်ကြောင်း အခုလို သတ္တိရှိရှိ ဆက်ပြောတယ်– “အခုချိန်ကစပြီး လူသားဟာ တန်ခိုးကြီးတဲ့ ဘုရားသခင်ရဲ့ ညာဘက်မှာ ထိုင်လိမ့်မယ်။”—လုကာ ၂၂:၆၇-၆၉။ မဿဲ ၂၆:၆၃။
သူတို့က “ဒါဆို မင်းက ဘုရားသခင်ရဲ့သားလား” လို့ ထပ်မေးတော့ “ခင်ဗျားတို့ပြောတာ အမှန်ပဲ” လို့ဖြေတယ်။ ဒါက ဘုရားကို စော်ကားပြောဆိုတယ်ဆိုတဲ့ စွဲချက်နဲ့ ယေရှုကိုသတ်ပစ်ဖို့ ခိုင်လုံတဲ့အချက် ဖြစ်ပုံပဲ။ ဒါကြောင့် “ဘာသက်သေ လိုသေးလို့လဲ” လို့ပြောကြတယ်။ (လုကာ ၂၂:၇၀၊ ၇၁။ မာကု ၁၄:၆၄) ဒီနောက် ယေရှုကို ချည်နှောင်ပြီး ရောမဘုရင်ခံ ပုန္တိပိလတ်မင်းဆီ ခေါ်သွားကြတယ်။
ယေရှုကို ပိလတ်မင်းဆီ ခေါ်သွားတာကို ယုဒရှကာရုတ် မြင်လိုက်ပုံပဲ။ ယေရှု ပြစ်ဒဏ်စီရင်ခံရတဲ့အကြောင်း သူသိတဲ့အခါ နောင်တရပြီး ဝမ်းနည်းသွားတယ်။ ဒါပေမဲ့ နောင်တစစ်နဲ့ ဘုရားဆီ ပြန်လှည့်လာမယ့်အစား ငွေ ၃၀ ကို ပုရောဟိတ်ကြီးတွေဆီ ပြန်ယူလာပြီး “အပြစ်မဲ့သူကို သွေးမြေကျအောင် အပ်လိုက်တဲ့အတွက် ကျွန်တော် ပြစ်မှားမိပါပြီ” လို့ပြောတယ်။ အကြင်နာတရားမရှိတဲ့ အဲဒီလူတွေကတော့ “ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ။ ကိုယ့်ကိစ္စ ကိုယ်ရှင်း” ဆိုပြီး ပြန်ပြောတယ်။—မဿဲ ၂၇:၄။
ယုဒလည်း ငွေ ၃၀ ကို ဗိမာန်တော်မှာ ပစ်ချပြီး ထွက်သွားတယ်။ အဲဒီနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး နောက်အမှားတစ်ခုကို ထပ်ကျူးလွန်လိုက်တယ်။ သူ့ကိုယ်သူ ကြိုးဆွဲချပြီး သတ်သေချိန်မှာ ကြိုးချည်ထားတဲ့သစ်ကိုင်း ကျိုးသွားလို့ဖြစ်မယ်၊ အောက်မှာရှိတဲ့ ကျောက်တုံးတွေပေါ်ကျပြီး ဗိုက်ပေါက်သွားတယ်။—တမန်တော် ၁:၁၇၊ ၁၈။
ပုန္တိပိလတ်မင်းဆီ ယေရှုကို ခေါ်သွားတဲ့အခါ မနက်စောစောပဲ ရှိသေးတယ်။ ဂျူးတွေကတော့ အထဲမဝင်ကြဘူး။ လူမျိုးခြားတွေနဲ့ ထိတွေ့ဆက်ဆံရင် ညစ်ညမ်းသွားမယ်လို့ ယူဆကြတာကိုး။ ဒါဆိုရင် ပသခါပွဲတော် အချိန်ကာလလို့ သတ်မှတ်ထားတဲ့ နိသန် ၁၅ ရက်၊ တဆေးမဲ့မုန့်ပွဲတော် ပထမနေ့မှာ ပသခါညစာ စားလို့ရတော့မှာ မဟုတ်ဘူး။
ဒါကြောင့် ပိလတ်မင်းက သူတို့ဆီ ထွက်လာပြီး “ဒီလူကို ဘာပြစ်မှုနဲ့ စွဲချက်တင်မှာလဲ” လို့မေးတဲ့အခါ “ဒီလူသာ ပြစ်မှုကျူးလွန်သူ မဟုတ်ရင် မင်းကြီးဆီ မအပ်ပါဘူး” လို့ဖြေကြတယ်။ ပိလတ်မင်းကလည်း သူ့ကိုဖိအားပေးဖို့ သူတို့ကြိုးစားနေမှန်း သိပုံပဲ။ ဒါကြောင့် “သူ့ကို မင်းတို့ပဲ ခေါ်သွားပြီး မင်းတို့ရဲ့ တရားဥပဒေအတိုင်း စီရင်လိုက်ပါ” လို့ အမိန့်ပေးလိုက်တယ်။ ဂျူးတွေက ယေရှုကိုသတ်ဖို့ ရည်ရွယ်ထားမှန်း သိစေချင်တဲ့အတွက် “ကျွန်တော်တို့ ဘယ်သူ့ကိုမှ သတ်ပိုင်ခွင့် မရှိပါဘူး” လို့ ပြောကြတယ်။—ယောဟန် ၁၈:၂၉-၃၁။
တကယ်တော့ ပသခါပွဲတော်အတွင်း ယေရှုကို သူတို့သတ်လိုက်ရင် ဆူပူအုံကြွမှု ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ယေရှုကို နိုင်ငံရေးစွဲချက်တင်ပြီး အခွင့်အာဏာရှိတဲ့ ရောမတွေလက်ထဲ အပ်လိုက်ရင် လူတွေရှေ့မှာ ဂျူးတွေ တာဝန်ကင်းလွတ်သွားလိမ့်မယ်။
ဒါကြောင့် ဘုရားကို စော်ကားပြောဆိုတယ်ဆိုတဲ့ စွဲချက်နဲ့ ယေရှုကို ပြစ်ဒဏ်စီရင်ထားမှန်း ပိလတ်မင်းကို ဘာသာရေးခေါင်းဆောင်တွေ မပြောပြဘူး။ အခု သူတို့က “ဒီလူဟာ [၁] ကျွန်တော်တို့ရဲ့လူမျိုးကို လမ်းလွဲအောင်လုပ်တယ်။ [၂] ဆီဇာကို အခွန်မဆောင်နဲ့လို့ တားတယ်။ [၃] သူ့ကိုယ်သူ ခရစ်တော်လို့ခေါ်တဲ့ ဘုရင်ဆိုပြီး ပြောနေတယ်” လို့ တခြားစွဲချက်တွေ တင်ကြတယ်။—လုကာ ၂၃:၂။
ယေရှုက သူ့ကိုယ်သူ ဘုရင်လို့ပြောတယ် ဆိုတဲ့စွဲချက်ဟာ ရောမဘုရင်ခံဖြစ်တဲ့ ပိလတ်မင်းအတွက် စိုးရိမ်စရာကိစ္စပဲ။ ဒါကြောင့် ပိလတ်မင်းက ဘုရင်ခံနန်းဆောင်ထဲ ပြန်ဝင်လာတယ်။ ယေရှုကိုခေါ်ပြီး “မင်းဟာ ဂျူးတွေရဲ့ဘုရင် ဟုတ်သလား” လို့ မေးတယ်။ တစ်နည်းပြောရရင် ‘မင်းက ဆီဇာကို ဆန့်ကျင်ပုန်ကန်ပြီး ကိုယ့်ကိုယ်ကိုယ် ဘုရင်အဖြစ် ကြေညာတယ်ဆိုတော့ ဧကရာဇ်မင်းရဲ့ ဥပဒေကို ချိုးဖောက်နေတာလား’ ဆိုတဲ့ သဘောပဲ။ ဒီအခါ ယေရှုက သူ့အကြောင်း ပိလတ်မင်း ဘယ်လောက် သိထားသလဲဆိုတာ သိချင်လို့ “မင်းကြီးက ကိုယ့်သဘောနဲ့ကိုယ် မေးတာလား။ ဒါမှမဟုတ် ကျွန်တော့်အကြောင်း သူများ ပြောပြထားလို့လား” ဆိုပြီးပြန်မေးတယ်။—ယောဟန် ၁၈:၃၃၊ ၃၄။
ပိလတ်မင်းက ယေရှုအကြောင်း မသိထားပေမဲ့ သိချင်တာကြောင့် “ငါက ဂျူးလူမျိုးမှ မဟုတ်တာ။ မင်းရဲ့လူမျိုး၊ မင်းရဲ့ပုရောဟိတ်ကြီးတွေက မင်းကို ငါ့ဆီ အပ်လိုက်တာလေ။ မင်း ဘာလုပ်မိလို့လဲ” ဆိုပြီး မေးတယ်။—ယောဟန် ၁၈:၃၅။
ယေရှုဟာ ပိလတ်မင်း အဓိကစိတ်ဝင်စားတဲ့ ဘုရင်ဟုတ်မဟုတ်ဆိုတဲ့ ကိစ္စကို ရှောင်လွှဲဖို့ မကြိုးစားဘဲ ပြန်ဖြေလိုက်တယ်။ သူ့အဖြေကြောင့် ဘုရင်ခံ ပိလတ်မင်း သိပ်အံ့သြသွားမှာ သေချာတယ်။
-
-
ပိလတ်မင်းနဲ့ဟေရုဒ်မင်း ယေရှုကို အပြစ်ရှာမတွေ့ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၂၈
ပိလတ်မင်းနဲ့ ဟေရုဒ်မင်း ယေရှုကို အပြစ်ရှာမတွေ့
မဿဲ ၂၇:၁၂-၁၄၊ ၁၈၊ ၁၉ မာကု ၁၅:၂-၅ လုကာ ၂၃:၄-၁၆ ယောဟန် ၁၈:၃၆-၃၈
ပိလတ်မင်းနဲ့ ဟေရုဒ်မင်းရဲ့ စစ်ဆေးမေးမြန်းခြင်းခံရ
ယေရှုက သူဘုရင်ဖြစ်တယ်ဆိုတာ ပိလတ်မင်းကို မဖုံးကွယ်ထားဘူး။ ဒါပေမဲ့ သူ့နိုင်ငံဟာ ရောမတွေကို အန္တရာယ်ပေးမှာ မဟုတ်ဘူး။ “ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး။ ဒီလောကနဲ့ ပတ်သက်တယ်ဆိုရင် ကျွန်တော့်ရဲ့ နောက်လိုက်တွေက ဂျူးတွေလက်ထဲ ကျွန်တော် မရောက်သွားအောင် တိုက်ခိုက်မှာပဲ။ ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မသက်ဆိုင်ဘူး” လို့ပြောတယ်။ (ယောဟန် ၁၈:၃၆) မှန်ပါတယ်၊ ယေရှုမှာ နိုင်ငံရှိပေမဲ့ အဲဒီနိုင်ငံဟာ ဒီလောကနဲ့ မသက်ဆိုင်ဘူး။
ပိလတ်မင်းကလည်း “ဒါဆိုရင် မင်းက ဘုရင်လား” လို့ ဆက်မေးတော့ ပိလတ်မင်းပြောတာ မှန်ကန်ကြောင်း အခုလိုပြန်ဖြေတယ်– “မင်းကြီးပြောတာ အမှန်ပဲ။ ကျွန်တော်ဟာ ဘုရင်တစ်ပါးပါ။ ကျွန်တော်မွေးဖွားပြီး ဒီလောကကို ရောက်လာတာ အမှန်တရားကို သက်သေခံဖို့ပဲ။ အမှန်တရားဘက် ရပ်တည်သူတိုင်း ကျွန်တော်ပြောတာကို နားထောင်ကြတယ်။”—ယောဟန် ၁၈:၃၇။
အစောပိုင်းတုန်းက သောမကို ယေရှုက “ကျွန်တော်ဟာ လမ်းခရီးဖြစ်တယ်။ အမှန်တရားလည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်” လို့ ပြောခဲ့ပြီးပြီ။ အခု ပိလတ်မင်းလည်း ယေရှု မြေကြီးပေါ် ရောက်လာရတဲ့ အကြောင်းရင်းကို သိသွားပြီ။ အဲဒါကတော့ “အမှန်တရား၊” အထူးသဖြင့် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အမှန်တရားကို သက်သေခံဖို့ပဲ။ ယေရှုက သူ့အသက်ကို စွန့်ရမယ်ဆိုရင်တောင် အဲဒီအမှန်တရားကို သစ္စာရှိရှိ ထောက်ခံဖို့ ဆုံးဖြတ်ပြီးသားဖြစ်တယ်။ ပိလတ်မင်းက “အမှန်တရားဆိုတာ ဘာလဲ” လို့မေးပေမဲ့ ဆက်ရှင်းပြမယ့် စကားတွေကို နားမထောင်တော့ဘူး။ ဒီလောက်ဆိုရင် ဒီလူကို တရားစီရင်ဖို့ လုံလောက်ပြီလို့ သူယူဆတယ်။—ယောဟန် ၁၄:၆။ ၁၈:၃၈။
ဒါကြောင့် နန်းဆောင်အပြင်ဘက်မှာ စောင့်နေတဲ့ လူအုပ်ဆီ ပြန်ထွက်သွားတယ်။ သူ့ဘေးမှာ ယေရှုရှိနေပုံပဲ။ သူက “ဒီလူ့ဆီမှာ ဘာပြစ်မှုမှ ငါမတွေ့ဘူး” လို့ ပုရောဟိတ်ကြီးတွေနဲ့ လူတွေကို ပြောတယ်။ အဲဒီဆုံးဖြတ်ချက်ကို ကြားတော့ လူအုပ်က ဒေါသထွက်ပြီး “သူဟာ ဂါလိလဲပြည်ကအစ ဒီနေရာအထိ ယုဒပြည်တစ်လျှောက်လုံးမှာ လူတွေကို သွန်သင်ပြီး ပြဿနာတွေ ဖန်တီးနေပါတယ်” လို့ ထပ်တလဲလဲ ပြောကြတယ်။—လုကာ ၂၃:၄၊ ၅။
ဂျူးတွေရဲ့ တစ်ယူသန်ဆန်လွန်းတဲ့ သဘောထားကြောင့် ပိလတ်မင်း အံ့ဩသွားတယ်။ ပုရောဟိတ်ကြီးတွေနဲ့ အကြီးအကဲတွေ ဆက်အော်ဟစ်နေတဲ့အခါ ပိလတ်မင်းက “မင်းကို ဒီလောက်စွပ်စွဲနေတာ မကြားဘူးလား” ဆိုပြီး ယေရှုကို မေးတယ်။ (မဿဲ ၂၇:၁၃) ယေရှုကတော့ ဘာမှပြန်မပြောဘူး။ ဒီလောက်ပြင်းထန်တဲ့ စွပ်စွဲချက်တွေကို ကြားရပေမဲ့ ယေရှု တည်တည်ငြိမ်ငြိမ် ရှိတာကို ပိလတ်မင်း အံ့သြနေတယ်။
“ဂါလိလဲပြည်ကအစ” ဆိုပြီး ဂျူးတွေပြောတာကို ပိလတ်မင်းကြားလိုက်တော့ ယေရှုဟာ ဂါလိလဲနယ်သားမှန်း သိသွားတယ်။ ဒါနဲ့ ယေရှုကို စီရင်ချက်ချရမယ့်တာဝန်ကို ခေါင်းရှောင်ဖို့ အကြံရသွားတယ်။ ဂါလိလဲနယ်ကို အုပ်ချုပ်နေသူဟာ ဟေရုဒ်အန္တိပ (မဟာဟေရုဒ်ရဲ့သား) ဖြစ်ပြီး ပသခါပွဲတော်အတွက် ဂျေရုဆလင်ကို ရောက်နေတယ်။ ဒါကြောင့် ပိလတ်မင်းက ယေရှုကို ဟေရုဒ်မင်းဆီ ပို့လိုက်တယ်။ နှစ်ခြင်းပေးသူ ယောဟန်ကို ခေါင်းဖြတ်လိုက်တာလည်း ဟေရုဒ်မင်းပဲ။ နောက်ပိုင်းမှာ ယေရှု အံ့ဖွယ်အမှုတွေ လုပ်တာကို ဟေရုဒ်မင်းကြားတော့ ယေရှုဟာ သေရာကနေ အသက်ပြန်ရှင်လာတဲ့ ယောဟန်ဖြစ်ရမယ်ဆိုပြီး ထင်နေတာ။—လုကာ ၉:၇-၉။
အခု ယေရှုကိုတွေ့ရမယ်ဆိုတော့ သူ သိပ်ပျော်သွားတယ်။ ယေရှုကို ကူညီပေးချင်လို့၊ ယေရှုကို စွပ်စွဲထားတာတွေ မှန်မမှန် သိချင်လို့တော့ မဟုတ်ဘူး။ ယေရှုကို တွေ့ချင်ရုံသက်သက်ပဲ။ “အံ့ဖွယ်အမှုတစ်ခုခု လုပ်ပြမယ်လို့လည်း မျှော်လင့်နေတာ။” (လုကာ ၂၃:၈) ယေရှုကတော့ ဟေရုဒ်မင်း စိတ်ကျေနပ်အောင် ဘာမှမလုပ်ပြတဲ့အပြင် သူမေးတဲ့ မေးခွန်းတွေကိုလည်း တစ်ခုမှပြန်မဖြေဘူး။ ဟေရုဒ်မင်းနဲ့ သူ့စစ်သည်တွေလည်း စိတ်ပျက်သွားပြီး ယေရှုကို “အရှက်ခွဲတယ်။” (လုကာ ၂၃:၁၁) တင့်တယ်တဲ့အဝတ်ကို ဝတ်ခိုင်းပြီး လှောင်ပြောင်တယ်။ ပြီးနောက် ပိလတ်မင်းဆီ ပြန်ပို့လိုက်တယ်။ အရင်တုန်းက ရန်ဘက်တွေဖြစ်တဲ့ ဟေရုဒ်မင်းနဲ့ ပိလတ်မင်းဟာ အခု ပြန်သင့်မြတ်သွားကြတယ်။
ယေရှု ပြန်ရောက်လာတဲ့အခါ ပိလတ်မင်းက ပုရောဟိတ်ကြီးတွေ၊ ဂျူးခေါင်းဆောင်တွေနဲ့ လူတွေကို ခေါ်ပြီး “မင်းတို့ရှေ့မှာ သူ့ကို ငါစစ်ဆေးမေးမြန်းပေမဲ့ မင်းတို့ စွဲချက်တင်လောက်တဲ့ အပြစ်တစ်ခုကိုမှ ငါမတွေ့ဘူး။ ဟေရုဒ်မင်းလည်း အပြစ်ရှာမတွေ့လို့ ငါတို့ဆီ ပြန်ပို့လိုက်တာပဲ။ ဒီလူက သေထိုက်တဲ့ပြစ်မှု တစ်ခုမှ မကျူးလွန်ဘူး။ ဒါကြောင့် သူ့ကို ငါဒဏ်ပေးပြီးတော့ ပြန်လွှတ်လိုက်မယ်” လို့ပြောတယ်။—လုကာ ၂၃:၁၄-၁၆။
ပုရောဟိတ်တွေက မနာလိုစိတ်နဲ့ ယေရှုကို အပ်လိုက်မှန်း ပိလတ်မင်း သိထားတာမို့ လွှတ်ပေးချင်နေတာ။ လွှတ်ပေးချင်ရတဲ့ နောက်အကြောင်းတစ်ခုလည်း ရှိသေးတယ်။ တရားခွင်မှာ ထိုင်နေတုန်း သူ့ဇနီးက “ဖြောင့်မတ်တဲ့ ဒီလူရဲ့အမှုမှာ ဝင်မပါနဲ့။ ညက သူ့ကို အိပ်မက် မက်တယ် [ဘုရားသခင် အိပ်မက်ပေးတာဖြစ်]။ အဲဒီအိပ်မက်ကြောင့် ကျွန်မ သိပ်ကြောက်နေတယ်” ဆိုပြီး မှာလိုက်လို့ပဲ။—မဿဲ ၂၇:၁၉။
အပြစ်မရှိတဲ့ဒီလူ လွတ်မြောက်အောင် ပိလတ် ဘယ်လိုလုပ် မလဲ။
-
-
“ကြည့်ကြပါ။ ဟောဒီလူပဲ”ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၂၉
“ကြည့်ကြပါ။ ဟောဒီလူပဲ”
မဿဲ ၂၇:၁၅-၁၇၊ ၂၀-၃၀ မာကု ၁၅:၆-၁၉ လုကာ ၂၃:၁၈-၂၅ ယောဟန် ၁၈:၃၉–၁၉:၅
ပိလတ်မင်းက ယေရှုကို လွှတ်ပေးဖို့ ကြိုးစား
ဗာရဗ္ဗကို လွှတ်ပေးဖို့ ဂျူးတွေ တောင်းဆို
ယေရှု လှောင်ပြောင်ခံရ၊ နှိပ်စက်ညှဉ်းပန်းခံရ
ယေရှုကို သတ်ပစ်ချင်နေတဲ့ လူအုပ်ကို ပိလတ်မင်းက “မင်းတို့ စွဲချက်တင်လောက်တဲ့ အပြစ်တစ်ခုကိုမှ ငါမတွေ့ဘူး။ ဟေရုဒ်မင်းလည်း အပြစ်ရှာမတွေ့” ဘူးလို့ပြောတယ်။ (လုကာ ၂၃:၁၄၊ ၁၅) ယေရှုကို လွှတ်ပေးချင်တဲ့အတွက် လူတွေကို နောက်တစ်မျိုး ထပ်ပြောပြန်တယ်– “ပသခါပွဲမှာ လူတစ်ယောက်ကို လွှတ်ပေးရတဲ့ထုံးစံ ခင်ဗျားတို့မှာ ရှိတာပဲ။ ဒီတော့ ဂျူးတွေရဲ့ ဘုရင်ကို လွှတ်ပေးစေချင်သလား။”—ယောဟန် ၁၈:၃၉။
ဓားပြ၊ သူပုန်၊ လူသတ်သမားဖြစ်တဲ့ ဗာရဗ္ဗ အကျဉ်းကျနေမှန်း ပိလတ်မင်းသိတယ်။ ဒါကြောင့် “ခင်ဗျားတို့ ဘယ်သူ့ကို လွှတ်စေချင်သလဲ။ ဗာရဗ္ဗကိုလား၊ ခရစ်တော်လို့ခေါ်တဲ့ ယေရှုကိုလား” ဆိုပြီးမေးတယ်။ ပုရောဟိတ်ကြီးတွေရဲ့ လှုံဆော်မှုကြောင့် လူတွေက ယေရှုအစား ဗာရဗ္ဗကို လွှတ်ပေးပါဆိုပြီး တောင်းဆိုကြတယ်။ “ဒီလူနှစ်ယောက်ထဲမှာ ဘယ်သူ့ကို လွှတ်စေချင်သလဲ” လို့ ထပ်မေးတဲ့အခါ “ဗာရဗ္ဗကို လွှတ်စေချင်ပါတယ်” လို့ဖြေကြတယ်။—မဿဲ ၂၇:၁၇၊ ၂၁။
ပိလတ်မင်းက “ဒါဆိုရင် ခရစ်တော်လို့ခေါ်တဲ့ ယေရှုကို ဘယ်လိုလုပ်ရမလဲ” ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ မေးတော့ အားလုံးက “သစ်တိုင်ပေါ် တင်လိုက်ပါ” လို့ဖြေကြတယ်။ (မဿဲ ၂၇:၂၂) အပြစ်မဲ့တဲ့ လူတစ်ယောက်ကိုသတ်ဖို့ တောင်းဆိုနေကြတာ ၀မ်းနည်းစရာပဲ။ ပိလတ်မင်းက “ဘာဖြစ်လို့လဲ။ သူ ဘာမကောင်းတာ လုပ်ခဲ့လို့လဲ။ သူ့ဆီမှာ သေထိုက်တဲ့ပြစ်မှု တစ်ခုမှ ငါမတွေ့ဘူး။ ဒါကြောင့် သူ့ကိုဒဏ်ပေးပြီးတော့ လွှတ်လိုက်မယ်” လို့ပြောတယ်။—လုကာ ၂၃:၂၂။
ပိလတ်မင်း ဘယ်လောက်ပဲ ကြိုးစားပါစေ ဒေါသထွက်နေတဲ့လူအုပ်က “သူ့ကို သစ်တိုင်ပေါ် တင်လိုက်ပါ” လို့ပဲ အသံကုန် အော်ကြတယ်။ (မဿဲ ၂၇:၂၃) ဘာသာရေးခေါင်းဆောင်တွေ သွေးထိုးထားတဲ့ လူအုပ်ဟာ ဒေါသူပုန်ထပြီး သွေးဆာနေကြတယ်။ ရာဇဝတ်သား ဒါမှမဟုတ် လူသတ်သမားရဲ့သွေးတော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ငါးရက်က ဂျေရုဆလင်မှာ ဘုရင်အဖြစ် ကြိုဆိုခံခဲ့ရတဲ့ အပြစ်မဲ့သူရဲ့ သွေးပဲ။ ယေရှုရဲ့တပည့်တွေ အဲဒီမှာ ရှိနေမယ်ဆိုရင်လည်း ပေါ်ပေါ်ထင်ထင် နေရဲကြမှာ မဟုတ်ဘူး။
ပိလတ်မင်းရဲ့ ကြိုးစားမှုက အရာမထင်တဲ့အပြင် ပိုလို့တောင် ရုတ်ရုတ်သဲသဲ ဖြစ်လာတယ်။ ဒါကြောင့် သူက ရေကိုယူ၊ လူအုပ်ရှေ့မှာ လက်ဆေးပြီး “ဒီလူ သွေးမြေကျရတာ ငါ့တာဝန် မဟုတ်ဘူးနော်။ မင်းတို့တာဝန်ပဲ” လို့ပြောလိုက်တယ်။ အဲဒီလိုပြောလိုက်လို့ လူတွေရဲ့သဘောထား ပြောင်းသွားသလား။ ဝေးပါသေးတယ်။ “ဒီလူ သွေးမြေကျရတာ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ သားသမီးတွေရဲ့ တာဝန်ပါ” လို့တောင် ပြန်ပြောကြတယ်။—မဿဲ ၂၇:၂၄၊ ၂၅။
ပိလတ်မင်းက မှန်ရာကို လုပ်ချင်တာထက် လူအုပ်ရဲ့ဆန္ဒကို ပိုလိုက်လျောပေးချင်တယ်။ ဒါနဲ့ သူတို့ တောင်းဆိုတဲ့အတိုင်း ဗာရဗ္ဗကို လွှတ်ပေးလိုက်တယ်။ ယေရှုကိုတော့ အဝတ်ချွတ်ပြီး ကျာပွတ်နဲ့ ရိုက်ခိုင်းတယ်။
ရိုက်ပြီးတဲ့နောက် စစ်သည်တွေက ယေရှုကို ဘုရင်ခံနန်းဆောင်ဆီ ခေါ်လာကြတယ်။ စစ်တပ်တစ်တပ်လုံး စုရုံးပြီး ယေရှုကို လှောင်ပြောင်စော်ကားကြတယ်။ ဆူးခက်သရဖူလုပ်ပြီး ဆောင်းပေးတယ်။ ကျူရိုးကိုလည်း ညာလက်နဲ့ ကိုင်ခိုင်းတယ်။ မင်းမျိုးမင်းနွယ်တွေပဲ ဝတ်ဆင်တဲ့ ကြက်သွေးရောင်ဝတ်ရုံကိုလည်း ခြုံပေးတယ်။ ပြီးတော့ “ဂျူးတို့ရဲ့ဘုရင်၊ မင်္ဂလာပါ” လို့လှောင်ကြတယ်။ (မဿဲ ၂၇:၂၈၊ ၂၉) ဒါ့အပြင် ယေရှုကို တံတွေးနဲ့ထွေးပြီး ပါးရိုက်ကြတယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ကျူရိုးကိုယူပြီး ခေါင်းကို ရိုက်ကြတယ်။ ဒီအခါ လှောင်ပြောင်သရော်တဲ့အနေနဲ့ ဆောင်းပေးထားတဲ့ “သရဖူ” ရဲ့ချွန်ထက်နေတဲ့ အဆူးတွေက ဦးရေပြားထဲ စိုက်ဝင်သွားတယ်။
ဒီလို လှောင်ပြောင်စော်ကားတာ အားလုံးကို ယေရှုက သိက္ခာရှိရှိ၊ ကြံ့ကြံ့ခံ ရပ်တည်နိုင်တာကို ပိလတ်မင်းမြင်တဲ့အခါ အထင်ကြီး လေးစားသွားတယ်။ ဒါကြောင့် ယေရှုကိုသတ်တဲ့ ကိစ္စမှာ သူတာဝန်ကင်းအောင် ထပ်ကြိုးစားတဲ့ အနေနဲ့ “သူ့မှာ ဘာအပြစ်မှ ငါမတွေ့ဘူးဆိုတာ မင်းတို့သိအောင်လို့ ငါထုတ်ပြမယ်” ဆိုပြီး ဂျူးတွေကို ပြောတယ်။ ဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ ယေရှုကို လူအုပ်မြင်ရင် သနားသွားမှာပဲလို့ ပိလတ်မင်း ထင်နေတာဖြစ်မယ်။ အကြင်နာတရားမဲ့တဲ့ လူအုပ်ရှေ့မှာ ယေရှုရပ်လိုက်တဲ့အခါ ပိလတ်မင်းက “ကြည့်ကြပါ။ ဟောဒီလူပဲ” ဆိုပြီး ပြောလိုက်တယ်။—ယောဟန် ၁၉:၄၊ ၅။
ယေရှုဟာ ရက်ရက်စက်စက် အရိုက်ခံရ၊ စော်ကားခံရပေမဲ့ သိက္ခာရှိရှိ၊ တည်တည်ငြိမ်ငြိမ် ခံရပ်နိုင်ခဲ့တယ်။ ဒါကို ပိလတ်မင်းတောင် အသိအမှတ်ပြုတယ်ဆိုတာ လေးစားမှုနဲ့ ကရုဏာပါတဲ့ သူ့စကားတွေကနေ သိနိုင်ပါတယ်။
-
-
ယေရှုကိုကွပ်မျက်ဖို့အပ်လိုက်ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၃၀
ယေရှုကို ကွပ်မျက်ဖို့ အပ်လိုက်
မဿဲ ၂၇:၃၁၊ ၃၂ မာကု ၁၅:၂၀၊ ၂၁ လုကာ ၂၃:၂၄-၃၁ ယောဟန် ၁၉:၆-၁၇
ယေရှုကို လွှတ်ပေးဖို့ ပိလတ်မင်း ကြိုးစား
ယေရှုကို ကွပ်မျက်ဖို့ အပ်လိုက်
ယေရှုဟာ ရက်ရက်စက်စက် နှိပ်စက်ခံရပြီး လှောင်ပြောင်စော်ကားခံရတယ်။ သူ့ကိုလွှတ်ပေးဖို့ ပိလတ်မင်း ကြိုးစားတာ ဘာမှ အရာမရောက်ဘူး။ ပုရောဟိတ်ကြီးတွေနဲ့ ကြံရာပါတွေက ယေရှုကို သတ်ပစ်ချင်နေတာ။ ဒါကြောင့် “သူ့ကို သစ်တိုင်ပေါ်တင်ပါ။ သစ်တိုင်ပေါ်တင်ပါ” လို့ ဆက်တိုက် အော်နေကြတယ်။ ပိလတ်မင်းက “သူ့ကို မင်းတို့ပဲ ခေါ်သွားပြီး ကွပ်မျက်လိုက်ကြ။ ငါကတော့ ဘာအပြစ်မှ မတွေ့ဘူး” လို့ပြန်ပြောတယ်။—ယောဟန် ၁၉:၆။
ဂျူးတွေက ယေရှုကို နိုင်ငံရေးစွဲချက်နဲ့ သတ်ပစ်နိုင်ဖို့ ကြိုးစားတာ မအောင်မြင်တော့ ဘာလုပ်သလဲ။ ဘာသာရေးစွဲချက်နဲ့ သတ်ပစ်ဖို့ ကြိုးစားကြပြန်ရော။ ဂျူးတရားရုံးချုပ်မှာ ယေရှုကို စစ်ဆေးမေးမြန်းတုန်းက ဘုရားကို စော်ကားပြောဆိုတယ်ဆိုတဲ့ စွဲချက်ကို ဂျူးတွေ အခုလို ပြန်ပြောကြတယ်– “ကျွန်တော်တို့မှာ ဥပဒေတစ်ခုရှိတယ်။ သူက ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ရဲ့သားလို့ ပြောတဲ့အတွက် အဲဒီဥပဒေအရ သေထိုက်တယ်။” (ယောဟန် ၁၉:၇) ဒါက ပိလတ်မင်းအတွက် စွဲချက်အသစ်ပဲ။
ဒါနဲ့ ပိလတ်မင်းက နန်းဆောင်ထဲပြန်ဝင်ပြီး ရက်ရက်စက်စက် နှိပ်စက်ခံထားရတဲ့ ဒီလူကိုလွှတ်ပေးဖို့ နည်းလမ်းရှာပြန်တယ်။ သူ့မိန်းမကလည်း ဒီလူအကြောင်း အိပ်မက်မက်ခဲ့တာ မဟုတ်လား။ (မဿဲ ၂၇:၁၉) ဂျူးတွေရဲ့ စွဲချက်အသစ်က ဘာအဓိပ္ပာယ်ပါလိမ့်။ ဒီအကျဉ်းသားဟာ “ဘုရားသခင်ရဲ့သား” လား။ သူ ဂါလိလဲနယ်သားဆိုတာ ပိလတ်မင်းသိတာပဲ။ (လုကာ ၂၃:၅-၇) ဒါကြောင့် “မင်း ဘယ်ကလဲ” လို့မေးလိုက်တယ်။ (ယောဟန် ၁၉:၉) ယေရှုဟာ တကယ်ပဲ ဘုရားရဲ့သား ဟုတ်မဟုတ်ဆိုတာ ပိလတ်မင်း စဉ်းစားနေတာဖြစ်မယ်။
ယေရှုက သူဟာ ဘုရင်ဖြစ်တယ်၊ ဒါပေမဲ့ သူ့နိုင်ငံဟာ ဒီလောကနဲ့ မသက်ဆိုင်ဘူးလို့ ပိလတ်မင်းကို ပြောခဲ့ပြီးပြီ။ ပြောပြီးသားအကြောင်းကို ထပ်ပြောနေစရာ မလိုတော့တာကြောင့် တစ်ခွန်းမှ ပြန်မဖြေဘူး။ ဒါက ပိလတ်မင်းရဲ့ မာနကို ထိပါးသလိုဖြစ်တဲ့အတွက် သူဒေါသထွက်သွားပြီး “ငါ့ကို ပြန်မဖြေဘူးလား။ မင်းကို လွှတ်ပေးပိုင်ခွင့်၊ သစ်တိုင်ပေါ်တင်ပိုင်ခွင့် ငါ့မှာရှိမှန်း မင်းမသိဘူးလား” လို့မေးလိုက်တယ်။—ယောဟန် ၁၉:၁၀။
ဒါနဲ့ “ဘုရားသခင်ကသာ အခွင့်မပေးရင် ကျွန်တော့်ကို မင်းကြီး ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ ဒါကြောင့် ကျွန်တော့်ကို မင်းကြီးလက်ထဲ အပ်တဲ့သူဟာ ပိုအပြစ်ကြီးပါတယ်” လို့ဖြေတယ်။ (ယောဟန် ၁၉:၁၁) ယေရှုက တစ်ဦးတစ်ယောက်ကို သတ်သတ်မှတ်မှတ် ရည်ညွှန်းနေတာ မဖြစ်နိုင်ဘူး။ အဲဒီအစား ကယာဖ၊ သူ့ကြံရာပါတွေနဲ့ ယုဒရှကာရုတ်ဟာ ပိလတ်မင်းထက် ပိုအပြစ်ကြီးတယ်လို့ ပြောနေတာ။
ယေရှုရဲ့ အမူအရာနဲ့ စကားတွေကြောင့် ပိလတ်မင်း လေးစားသွားတဲ့အပြင် ယေရှုဟာ ဘုရားသခင်ရဲ့သား ဖြစ်နိုင်တယ်လို့တွေးပြီး ပိုကြောက်လာတယ်။ ဒါကြောင့် လွှတ်ပေးဖို့ ထပ်ကြိုးစားတယ်။ ဒါပေမဲ့ ဂျူးတွေက ပိလတ်မင်းကြောက်တဲ့အရာ နောက်တစ်ခုကို ဖော်ထုတ်လိုက်တယ်။ သူတို့က “ဒီလူကိုလွှတ်ပေးရင် မင်းကြီးဟာ ဆီဇာရဲ့ အဆွေတော် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘုရင်ပါလို့ ပြောသူဟာ ဆီဇာကို ဆန့်ကျင်တဲ့သူပဲ” ဆိုပြီး အော်ပြောကြတယ်။—ယောဟန် ၁၉:၁၂။
ဒီအခါ ပိလတ်မင်းက ယေရှုကို နောက်တစ်ကြိမ် အပြင်ခေါ်ထုတ်ပြီး တရားခွင်မှာ ထိုင်လိုက်တယ်။ ပြီးတော့ “မင်းတို့ရဲ့ ဘုရင်ကို ကြည့်ကြ” လို့ပြောတယ်။ ဂျူးတွေကတော့ သနားညှာတာစိတ် လုံးဝမရှိဘူး။ “သူ့ကို ရှင်းပစ်ပါ။ ရှင်းပစ်ပါ။ သစ်တိုင်ပေါ် တင်ပါ” လို့အော်ကြတယ်။ ပိလတ်မင်းက “မင်းတို့ရဲ့ဘုရင်ကို ကွပ်မျက်ရမလား” လို့မေးတယ်။ ဂျူးတွေဟာ ရောမအုပ်ချုပ်မှုကို လုံးဝမနှစ်သက်ပေမဲ့ ပုရောဟိတ်မင်းတွေက မျက်နှာပြောင်တိုက်ပြီး “ကျွန်တော်တို့မှာ ဆီဇာကလွဲလို့ တခြားဘုရင် မရှိဘူး” လို့ဖြေကြတယ်။—ယောဟန် ၁၉:၁၄၊ ၁၅။
ပိလတ်မင်းလည်း ဂျူးတွေ မရပ်မနား တောင်းဆိုနေတာကို ကြောက်ကြောက်နဲ့ အလျှော့ပေးလိုက်ပြီး ယေရှုကို ကွပ်မျက်ဖို့ အပ်လိုက်တယ်။ စစ်သားတွေက ကြက်သွေးရောင်ဝတ်ရုံကို ပြန်ချွတ်ယူပြီး သူ့အဝတ်ကို ပြန်ဝတ်ခိုင်းတယ်။ ယေရှုဟာ သူ့ကိုတင်ပြီးသတ်မယ့် သစ်တိုင်ကိုထမ်းပြီး ထွက်လာတယ်။
အချိန်ကတော့ နိသန် ၁၄ ရက်၊ သောကြာနေ့ မွန်းတည့်ချိန်ရောက်တော့မယ်။ ကြာသပတေးနေ့ မနက်ကတည်းက ယေရှုမအိပ်ရဘဲ ဒုက္ခတစ်ခုပြီးတစ်ခု မချိမဆံ့ ခံစားခဲ့ရတယ်။ ဒါကြောင့် လေးလံတဲ့ သစ်တိုင်ကို ထမ်းနေရင်း အားပြတ်သွားတယ်။ ဒါနဲ့ စစ်သားတွေက အာဖရိကတိုက်၊ ကုရေနေမြို့သား ရှိမုန်လာနေတာတွေ့တော့ သူ့ကို ထမ်းခိုင်းတယ်။ လူတွေအများကြီး နောက်ကနေ လိုက်လာကြတယ်။ တချို့က ရင်ဘတ်ကိုထုပြီး ငိုကြွေးနေကြတယ်။
ငိုကြွေးနေတဲ့ အမျိုးသမီးတွေကို ယေရှုက “ဂျေရုဆလင်မြို့သူတို့၊ ကျွန်တော့်အတွက် မငိုကြနဲ့တော့။ ကိုယ်တိုင်နဲ့ သားသမီးတွေအတွက်ပဲ ငိုကြပါ။ ဘာကြောင့်လဲဆိုတော့ ‘မြုံနေတဲ့မိန်းမတွေ၊ ကလေး မမွေးဖူးသူ၊ နို့မတိုက်ဖူးသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်’ လို့ပြောကြမယ့်အချိန် ရောက်လာတော့မယ်။ အဲဒီအခါကျရင် လူတွေက တောင်တွေကို ‘ငါတို့အပေါ် ပြိုကျပါ၊’ တောင်ကုန်းတွေကို ‘ငါတို့ကို ဖုံးအုပ်ပါ’ လို့ပြောကြလိမ့်မယ်။ အပင်စိမ်းစိုနေချိန်မှာ ဒီလိုဖြစ်နေတယ်ဆိုရင် ခြောက်သွေ့တဲ့အခါမှာ ဘယ်လိုဖြစ်သွားမလဲ” လို့ပြောတယ်။—လုကာ ၂၃:၂၈-၃၁။
ယေရှုက ဂျူးလူမျိုးကို အပင်နဲ့ နှိုင်းနေတာ။ ဒီလူမျိုးဟာ သေတော့မယ့်အပင်နဲ့ တူတယ်။ ယေရှုနဲ့ ယေရှုကိုယုံကြည်တဲ့ ဂျူးအနည်းငယ် ရှိနေတာကြောင့် နည်းနည်းတော့ စိမ်းစိုနေသေးတယ်။ သူတို့သာ မရှိတော့ဘူးဆိုရင် ဒီလူမျိုးဟာ ခြောက်သွေ့ပြီး သေသွားတဲ့အပင်လို ပုံဆောင်သဘောအရ ခြောက်သွေ့တဲ့ အဖွဲ့အစည်း ဖြစ်သွားလိမ့်မယ်။ ရောမစစ်တပ်က ဘုရားသခင့် တရားစီရင်ချက်ကို အကောင်အထည်ဖော်ပြီး ဒီလူမျိုးကို ဖျက်ဆီးတဲ့အခါ အကြီးအကျယ် ငိုကြွေးကြပါလိမ့်မယ်။
-
-
အပြစ်မဲ့တဲ့ဘုရင် သစ်တိုင်ပေါ်မှာဝေဒနာခံစားရယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၃၁
အပြစ်မဲ့တဲ့ဘုရင် သစ်တိုင်ပေါ်မှာ ဝေဒနာခံစားရ
မဿဲ ၂၇:၃၃-၄၄ မာကု ၁၅:၂၂-၃၂ လုကာ ၂၃:၃၂-၄၃ ယောဟန် ၁၉:၁၇-၂၄
ယေရှုကို သစ်တိုင်ပေါ်တင်ပြီး သံနဲ့ရိုက်
ခေါင်းအပေါ်နားမှာ တပ်ထားတဲ့ စာတန်းကြောင့် ဝိုင်းလှောင်ကြ
မြေကြီးပရဒိသုမှာ အသက်ရှင်ရမယ့် မျှော်လင့်ချက်အကြောင်းပြော
ယေရှုနဲ့ ဓားပြနှစ်ယောက်ကို မြို့နဲ့ သိပ်မဝေးတဲ့ နေရာဆီ ခေါ်သွားတယ်။ အဲဒီနေရာကို ဂေါလဂေါသ၊ တစ်နည်းအားဖြင့် ဦးခေါင်းခွံအရပ်လို့ခေါ်တယ်။ အဲဒီနေရာကို “အဝေးကနေ” လှမ်းမြင်နိုင်တယ်။—မာကု ၁၅:၄၀။
အဲဒီကိုရောက်တော့ ရာဇ၀တ်သားသုံးယောက်ကို ဝတ်လုံတွေချွတ်ပြီး မုရန်နဲ့ ဆေးခါး ရောစပ်ထားတဲ့ မူးယစ်စေတဲ့ဝိုင် တိုက်ကြတယ်။ ဒီဝိုင်ကို ဂျေရုဆလင်မြို့သူတွေ ဖော်စပ်ပေးတာဖြစ်နိုင်ပြီး ရောမတွေက အသတ်ခံရမယ့်သူတွေ နာကျင်မှု သက်သာစေဖို့ ဒီဆေးရည် တိုက်ခွင့်ပြုတယ်။ ယေရှုကတော့ မြည်းစမ်းပြီးနောက် မသောက်ဘဲနေတယ်။ ဘာလို့လဲ။ အပြင်းထန်ဆုံး စမ်းသပ်ခံနေရချိန်မှာ အသိစိတ်ရှိရှိ၊ သစ္စာသမာဓိရှိရှိ သေချင်လို့ပဲ။
ဒီနောက် ယေရှုကို သစ်တိုင်ပေါ်မှာ လဲလျောင်းခိုင်းတယ်။ (မာကု ၁၅:၂၅) စစ်သည်တွေက ယေရှုရဲ့လက်တွေ၊ ခြေတွေကို သံနဲ့ရိုက်တဲ့အခါ သံချောင်းကြီးတွေက အသားနဲ့ အရွတ်ထဲကို ဖောက်ဝင်သွားတဲ့အတွက် မချိမဆံ့ဝေဒနာ ခံစားရတယ်။ ဒါ့အပြင် သစ်တိုင်ကို ထောင်လိုက်တဲ့အခါ ခန္ဓာကိုယ် အလေးချိန်ကြောင့် သံရိုက်ထားတဲ့နေရာက စုတ်ပြဲလာပြီး နာကျင်မှုဒဏ်ကို အလူးအလဲ ခံစားရတယ်။ ဒါပေမဲ့ ယေရှုက စစ်သည်တွေကို အပြစ်ပြောမယ့်အစား “အဖ၊ သူတို့ကို ခွင့်လွှတ်ပါ။ သူတို့ဘာလုပ်နေမှန်း သူတို့မသိကြဘူး” လို့ ဆုတောင်းပေးတယ်။—လုကာ ၂၃:၃၄။
ရောမတွေက ရာဇဝတ်သားတွေ ဘာပြစ်မှု ကျူးလွန်တယ်ဆိုတာ စာတန်း တပ်ပေးလေ့ရှိတယ်။ အခု ပိလတ်မင်းက “ဂျူးတို့ရဲ့ဘုရင်၊ နာဇရက်မြို့သား ယေရှု” ဆိုတဲ့ ဘွဲ့နာမည်ကိုရေးပြီး သစ်တိုင်ပေါ်မှာ တပ်လိုက်တယ်။ ဒါကို ဟီဘရူးစကား၊ လက်တင်စကား၊ ဂရိစကားနဲ့ ရေးထားလို့ လူတိုင်းနီးပါး ဖတ်နိုင်ကြတယ်။ ယေရှုကိုသတ်ဖို့ မရမက တောင်းဆိုနေတဲ့ ဂျူးတွေကို အရွဲ့တိုက်တဲ့အနေနဲ့ ပိလတ်မင်း ဒီလိုရေးလိုက်တာ။ ပုရောဟိတ်ကြီးတွေက မကျေမနပ်ဖြစ်ပြီး “‘ဂျူးတို့ရဲ့ဘုရင်’ လို့မရေးပါနဲ့။ ‘ကိုယ့်ကိုယ်ကိုယ် ဂျူးတို့ရဲ့ဘုရင်လို့ ပြောတဲ့သူ’ ဆိုပြီး ရေးပါ” လို့ ကန့်ကွက်ကြတယ်။ ဒါပေမဲ့ ပိလတ်မင်းက သူတို့ကြိုးကိုင်တာကို ထပ်မခံချင်တာနဲ့ “ငါရေးပြီးပြီ။ ဒါအတည်ပဲ” လို့ပြန်ပြောတယ်။—ယောဟန် ၁၉:၁၉-၂၂။
ဒေါသထွက်နေတဲ့ ပုရောဟိတ်တွေက ဂျူးတရားရုံးချုပ်မှာ စစ်ဆေးတုန်းက စွပ်စွဲခဲ့တဲ့ မဟုတ်မမှန်စွဲချက်ကို ထပ်ပြောနေကြတယ်။ ဒါကြောင့် ဖြတ်သန်းသွားလာသူတွေလည်း ခေါင်းတခါခါလုပ်ပြီး “ဗိမာန်တော်ကို ဖြိုဖျက်ပြီး သုံးရက်အတွင်း ပြန်ဆောက်မယ့်လူ၊ သစ်တိုင်ပေါ်ကနေ ဆင်းခဲ့လေ။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်လိုက်လေ” လို့ ဝိုင်းလှောင်ကြတယ်။ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေကလည်း “အစ္စရေးဘုရင် ခရစ်တော်၊ သစ်တိုင်ပေါ်ကနေ အခု ဆင်းလာလေ။ ဆင်းလာတာကို မြင်ရရင် ကျုပ်တို့ ယုံမှာပေါ့” ဆိုပြီး ပြောသေးတယ်။ (မာကု ၁၅:၂၉-၃၂) ယေရှုရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာ သစ်တိုင်တင်ခံရတဲ့ ဓားပြတွေတောင် ကဲ့ရဲ့ကြတယ်။ တကယ်တော့ ယေရှုဟာ လုံးဝ အပြစ်မရှိသူပါ။
အချဉ်ပေါက်နေတဲ့ဝိုင်ကို သောက်ထားပုံရတဲ့ ရောမစစ်သည် လေးယောက်ကလည်း ယေရှုကို လှောင်ပြောင်တယ်။ ယေရှုပါးစပ်နဲ့ မထိတထိဖြစ်အောင် ဝိုင်ကမ်းပေးပြီး ပြောင်ချော်ချော် လုပ်နေကြတယ်။ ခေါင်းအပေါ်နားက စာတန်းကိုကြည့်ပြီး “မင်းဟာ ဂျူးတွေရဲ့ ဘုရင်ဆို။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ပါလား” လို့လှောင်ပြောင်ကြတယ်။ (လုကာ ၂၃:၃၆၊ ၃၇) စဉ်းစားကြည့်ပါ။ လမ်းခရီး၊ အမှန်တရား၊ အသက်ဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ အခုတော့ စော်ကားခံရ၊ လှောင်ပြောင်ခံနေရတယ်။ ဒါပေမဲ့ ယေရှုက အဲဒါတွေအားလုံးကို ကြံ့ကြံ့ခံခဲ့တယ်။ ရပ်ကြည့်နေတဲ့ ဂျူးတွေ၊ ဝိုင်းလှောင်နေတဲ့ ရောမစစ်သားတွေ၊ သူနဲ့အတူ သစ်တိုင်တင်ခံရတဲ့ ရာဇဝတ်သားတွေကို အပြစ်မပြောခဲ့ဘူး။
စစ်သည်လေးယောက်က ယေရှုရဲ့ ဝတ်လုံတွေကို ယူ၊ လေးပိုင်းပိုင်းပြီး တစ်ယောက်တစ်ပိုင်းစီ မဲချ ခွဲယူကြတယ်။ အတွင်းအင်္ကျီကတော့ “ချုပ်ရိုးမပါဘဲ အထက်အောက် တစ်ဆက်တည်း ရက်ထားတဲ့အထည်” ဖြစ်လို့ အရည်အသွေး ကောင်းလွန်းတာကြောင့် “ဒီတစ်ထည်ကိုတော့ မပိုင်းတော့ဘဲ မဲချပြီး ယူလိုက်ရအောင်” လို့ အချင်းချင်းပြောတယ်။ ဒါက “ကျွန်တော့်ရဲ့ဝတ်လုံတွေကို အပိုင်းပိုင်း ခွဲယူပြီး အင်္ကျီကိုလည်း မဲချယူကြတယ်” ဆိုတဲ့ ကျမ်းစကားကို ပြည့်စုံစေတယ်။—ယောဟန် ၁၉:၂၃၊ ၂၄။ ဆာလံ ၂၂:၁၈။
ခဏကြာတော့ ရာဇဝတ်သားတစ်ယောက်က ယေရှုဟာ တကယ်ပဲ ဘုရင်ဖြစ်ရမယ်လို့ စဉ်းစားမိပြီး နောက်တစ်ယောက်ကို အခုလို ပြစ်တင်ဆုံးမတယ်– “မင်း ဘုရားသခင်ကို မကြောက်ဘူးလား။ မင်းလည်း သူ့လို ပြစ်ဒဏ်စီရင် ခံနေရတာပဲ။ ငါတို့က ကိုယ်လုပ်တဲ့အပြစ်ကြောင့် ပြစ်ဒဏ်ခံထိုက်လို့ ခံနေရတာ။ သူကတော့ ဘာပြစ်မှုမှ မကျူးလွန်ဘူး။” ပြီးတော့ “သခင်ယေရှု၊ ဘုရင်ဖြစ်တဲ့အခါ ကျွန်တော့်ကို သတိရပါ” ဆိုပြီး အသနားခံတယ်။—လုကာ ၂၃:၄၀-၄၂။
ဒါနဲ့ ယေရှုက “ဒီနေ့ ကျွန်တော် မှန်တာကိုပြောမယ်။ ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်” လို့ပြောတယ်။ (လုကာ ၂၃:၄၃) ဒီကတိက တမန်တော်တွေကိုပေးတဲ့ ကတိနဲ့ ကွာခြားတယ်။ သူတို့က နိုင်ငံတော်မှာ ယေရှုနဲ့အတူ ပလ္လင်တွေပေါ် ထိုင်ခွင့်ရမှာ ဖြစ်တယ်။ (မဿဲ ၁၉:၂၈။ လုကာ ၂၂:၂၉၊ ၃၀) ဒီဂျူးရာဇဝတ်သားကတော့ မြေကြီးပရဒိသုမှာ အသက်ရှင်ရမယ့် မျှော်လင့်ချက်ကို ရရှိခဲ့တယ်။ အစအဦးတုန်းက အာဒံ၊ ဧဝနဲ့ သူတို့သားမြေးတွေအတွက် ဘုရားသခင် ပြင်ဆင်ပေးတဲ့ မြေကြီးပရဒိသုအကြောင်း သူကြားဖူးမှာပဲ။ အခုတော့ အဲဒီမျှော်လင့်ချက်ကြောင့် သူသေပျော်ပြီ။
-
-
“သေချာတယ်၊ သူဟာ ဘုရားရဲ့သားပဲ”ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၃၂
“သေချာတယ်၊ သူဟာ ဘုရားရဲ့သားပဲ”
မဿဲ ၂၇:၄၅-၅၆ မာကု ၁၅:၃၃-၄၁ လုကာ ၂၃:၄၄-၄၉ ယောဟန် ၁၉:၂၅-၃၀
သစ်တိုင်ပေါ်မှာ ယေရှု အသက်ထွက်သွား
ယေရှုသေဆုံးချိန်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်
အခု “မွန်းတည့် ၁၂ နာရီ” ရှိပြီ။ ထူးဆန်းတာက “တစ်ပြည်လုံး အမှောင်ကျသွားတယ်။ မွန်းလွဲ ၃ နာရီအထိ မှောင်နေတုန်းပဲ။” (မာကု ၁၅:၃၃) နေကြတ်လို့တော့ မဟုတ်ဘူး။ လဆန်းနေ့တွေမှာပဲ နေကြတ်လေ့ရှိပြီး အခုက ပသခါပွဲရာသီဆိုတော့ လပြည့်နေတယ်။ နေကြတ်ရင် မိနစ်ပိုင်းလောက်ပဲ ကြာတယ်။ အခုတော့ အချိန်အတော်ကြာ မှောင်နေတာ။ ဒါက ဘုရားသခင့်တန်ခိုးကြောင့်ဆိုတာ သိနိုင်တယ်။
ယေရှုကို ဝိုင်းလှောင်နေသူတွေ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ အမှောင်ကျနေချိန်အတွင်း အမျိုးသမီးလေးယောက် သစ်တိုင်နား တိုးလာတယ်။ ယေရှုရဲ့မိခင်၊ ရှာလုံ၊ မာဂဒလမာရိ၊ တမန်တော် ယာကုပ်ငယ်ရဲ့မိခင် မာရိတို့ပဲ။
တမန်တော်ယောဟန်လည်း ဝမ်းနည်းကြေကွဲနေတဲ့ ယေရှုရဲ့မိခင် မာရိနဲ့အတူ “သစ်တိုင်နားမှာ” ရပ်နေတယ်။ ၀မ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့၊ ကျွေးမွေးပြုစုခဲ့ရတဲ့ သားက သစ်တိုင်ပေါ်မှာ မချိမဆံ့ ဝေဒနာခံစားနေရတာကို မာရိမြင်တဲ့အခါ “ဓားရှည်” နဲ့ အခွင်းခံရသလိုပါပဲ။ (ယောဟန် ၁၉:၂၅။ လုကာ ၂:၃၅) ယေရှုဟာ ပြင်းထန်တဲ့ဝေဒနာ ခံစားနေရတာတောင် မိခင်အတွက် စိုးရိမ်မကင်းဖြစ်နေတယ်။ နာကျင်နေတဲ့ကြားက ယောဟန်ဘက်ကို မေးထိုးပြပြီး မာရိကို “အမေ၊ အခုချိန်ကစပြီး သူဟာ အမေ့သား ဖြစ်သွားပြီနော်” လို့ ပြောတယ်။ ပြီးနောက် မာရိဘက်ကို မေးထိုးပြပြီး ယောဟန်ကို “အခုချိန်ကစပြီး သူဟာ ခင်ဗျားရဲ့အမေ ဖြစ်သွားပြီ” လို့ပြောတယ်။—ယောဟန် ၁၉:၂၆၊ ၂၇။
ယေရှုက မုဆိုးမဖြစ်နေပုံရတဲ့ မိခင်ကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ အချစ်ဆုံးတမန်တော်ကို မှာနေတာ။ မိတူဖကွဲညီတွေဖြစ်တဲ့ မာရိရဲ့ ကျန်တဲ့သားတွေက သူ့ကို မယုံကြည်သေးဘူး။ ဒီလိုနည်းနဲ့ မိခင်ရဲ့ ကာယရေးအတွက်သာမက ဝတ်ပြုရေးအတွက်ပါ စီစဉ်ပေးခဲ့တယ်။ တကယ်ကောင်းတဲ့ စံနမူနာပါပဲ။
အမှောင်ထု ပြယ်စအချိန်မှာ ယေရှုက “ရေဆာလိုက်တာ” လို့ပြောတယ်။ ဒါက ကျမ်းစကားပြည့်စုံတာပဲ။ (ယောဟန် ၁၉:၂၈။ ဆာလံ ၂၂:၁၅) သူ့ရဲ့သမာဓိ အဆုံးစွန်အထိ စမ်းသပ်ခံစေဖို့ အဖဘုရားက အကာအကွယ်မှန်သမျှ ရုပ်သိမ်းထားမှန်း သူသိတယ်။ ဒါကြောင့် “ဧလိ၊ ဧလိ၊ လာမာ ရှာဗတ်ခသာနိ” လို့အော်ပြောတယ်။ “ကျွန်တော့်ဘုရား၊ ကျွန်တော့်ဘုရား၊ ကျွန်တော့်ကို ဘာလို့ စွန့်ပစ်တာလဲ” ဆိုတဲ့အဓိပ္ပာယ်ပဲ။ ဒါကိုကြားတော့ အနီးတစ်ဝိုက်မှာ ရပ်နေသူတချို့က နားလည်မှုလွဲပြီး “ကြည့်စမ်းပါဦး၊ သူ ဧလိယကို ခေါ်နေတာ” လို့ပြောကြတယ်။ ဒီအခါ တစ်ယောက်က ခပ်သုတ်သုတ် ပြေးသွားပြီး ရေမြှုပ်ကိုယူ၊ အချဉ်ပေါက်နေတဲ့ဝိုင်ထဲ နှစ်လိုက်တယ်။ ပြီးတော့ ရေမြှုပ်ကို ကျူရိုးထိပ်မှာတပ်ပြီး ယေရှုကို သောက်ခိုင်းတယ်။ ကျန်တဲ့သူတွေကတော့ “သူ့ကို ဧလိယ လာကယ်မကယ် စောင့်ကြည့်ရအောင်” လို့ပြောတယ်။—မာကု ၁၅:၃၄-၃၆။
အဲဒီနောက် ယေရှုက “အဖခိုင်းသမျှ ကျွန်တော်လုပ်ပြီးပါပြီ” လို့ အော်ပြောတယ်။ (ယောဟန် ၁၉:၃၀) မှန်ပါတယ်၊ အဖဘုရားက သူ့ကို မြေကြီးပေါ်စေလွှတ်ပြီး လုပ်ခိုင်းတဲ့အရာ မှန်သမျှကို ပြီးမြောက်အောင် သူလုပ်ခဲ့တယ်။ နောက်ဆုံးမှာတော့ “အဖ၊ ကျွန်တော့်ရဲ့ အသက်စွမ်းအားကို အဖလက်ထဲ အပ်ပါတယ်” လို့ပြောတယ်။ (လုကာ ၂၃:၄၆) အသက်စွမ်းအားကို ယေဟောဝါလက်ထဲ အပ်လိုက်တာက ဘုရား သူ့ကို ပြန်ရှင်အောင်လုပ်ပေးနိုင်မှန်း အပြည့်အဝ ယုံကြည်လို့ပဲ။ အဲဒီနောက် ခေါင်းငိုက်စိုက်ကျပြီး အသက်ထွက်သွားတယ်။
ဒီအချိန်မှာ ငလျင်လှုပ်လာပြီး ကျောက်ဆောင်တွေ အက်ကွဲသွားတယ်။ အားပြင်းတဲ့ ငလျင်ကြောင့် ဂျေရုဆလင်မြို့ပြင်က သင်္ချိုင်းဂူတွေ ပွင့်ထွက်ပြီး အလောင်းတွေ ပေါ်လာတယ်။ ဒါကိုမြင်တဲ့ ဖြတ်သွားဖြတ်လာသူတွေက “သန့်ရှင်းတဲ့မြို့” ထဲဝင်ပြီး မြင်ခဲ့သမျှကို ပြန်ပြောကြတယ်။—မဿဲ ၁၂:၁၁။ ၂၇:၅၁-၅၃။
ယေရှု အသက်ထွက်သွားချိန်မှာ ဗိမာန်တော်ရဲ့ သန့်ရှင်းရာဌာနနဲ့ အသန့်ရှင်းဆုံးဌာနကို ပိုင်းခြားထားတဲ့ ကန့်လန့်ကာကြီးက အထက်အောက် နှစ်ခြမ်းကွဲသွားတယ်။ ဒီအံ့ဖွယ်ဖြစ်ရပ်က သားတော်ကိုသတ်တဲ့ သူတွေကို ဘုရား ဘယ်လောက် ဒေါသထွက်တယ်ဆိုတာ ပြလိုက်တာပဲ။ ဒါ့အပြင် အသန့်ရှင်းဆုံးဌာနဖြစ်တဲ့ ကောင်းကင်ကို အခု ဝင်လို့ရပြီဆိုတာကိုလည်း ဖော်ပြတယ်။—ဟီဘရူး ၉:၂၊ ၃။ ၁၀:၁၉၊ ၂၀။
လူအားလုံး အရမ်းကြောက်နေကြမှာပဲ။ ယေရှုကိုသတ်ဖို့ တာဝန်ပေးခံရတဲ့ တပ်မှူးလည်း ဒါတွေကိုမြင်တော့ “သေချာတယ်၊ သူဟာ ဘုရားသခင်ရဲ့ သားပဲ” လို့ကောက်ချက်ချတယ်။ (မာကု ၁၅:၃၉) ဘုရားရဲ့သားတော် ဟုတ်မဟုတ် ပိလတ်မင်းရှေ့ ယေရှုကို စစ်ဆေးမေးမြန်းတုန်းက သူလည်းရှိနေတာ ဖြစ်နိုင်တယ်။ အခုတော့ ယေရှုဟာ ဖြောင့်မတ်သူဖြစ်မှန်း၊ ဘုရားရဲ့သားဖြစ်မှန်း သူ ယုံကြည်လက်ခံသွားပြီ။
ကျန်တဲ့သူတွေက ဒီထူးဆန်းတဲ့ ဖြစ်ရပ်တွေကို မြင်တဲ့အခါ အရမ်းဝမ်းနည်းပြီး စိတ်ထိခိုက်လွန်းလို့ “ရင်ဘတ်ထုပြီး” အိမ်ပြန်သွားကြတယ်။ (လုကာ ၂၃:၄၈) ခပ်လှမ်းလှမ်းက ရပ်ကြည့်နေသူတွေထဲမှာ ယေရှုနဲ့အတူ ခရီးသွားဖူးတဲ့ နောက်လိုက်အမျိုးသမီးတွေလည်း ပါတယ်။ သူတို့လည်း ဒီထူးခြားတဲ့ ဖြစ်ရပ်တွေကြောင့် သိပ်ဝမ်းနည်းနေကြတယ်။
-
-
ယေရှုရဲ့အလောင်းကို ပြင်ဆင်ပြီးသင်္ဂြိုဟ်ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
အခန်း ၁၃၃
ယေရှုရဲ့အလောင်းကို ပြင်ဆင်ပြီး သင်္ဂြိုဟ်
မဿဲ ၂၇:၅၇–၂၈:၂ မာကု ၁၅:၄၂–၁၆:၄ လုကာ ၂၃:၅၀–၂၄:၃ ယောဟန် ၁၉:၃၁–၂၀:၁
ယေရှုရဲ့အလောင်းကို သစ်တိုင်ပေါ်က ချ
ယေရှုရဲ့အလောင်းကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်
ဟာလာဟင်းလင်းဖြစ်နေတဲ့ သင်္ချိုင်းဂူကို အမျိုးသမီးတွေတွေ့
နိသန် ၁၄ ရက်၊ သောကြာနေ့ ညနေစောင်းနေပြီ။ နေဝင်တာနဲ့ နိသန် ၁၅ ရက်၊ ဥပုသ်နေ့ စတော့မယ်။ ယေရှု သေဆုံးနေပြီ၊ ဘေးနားက ဓားပြနှစ်ယောက်ကတော့ မသေသေးဘူး။ ပညတ်တရားအရ “အလောင်းကို သစ်တိုင်ပေါ်မှာ တစ်ညလုံး မထားရဘူး။ အဲဒီနေ့မှာပဲ သင်္ဂြိုဟ်ရမယ်။”—တရားဟောရာ ၂၁:၂၂၊ ၂၃။
ဒါ့အပြင် သောကြာနေ့ကို အဖိတ်နေ့လို့လည်း ခေါ်တယ်။ လူတွေက ဥပုသ်နေ့မတိုင်ခင်မှာ အစားအစာ ပြင်ဆင်တာနဲ့ တခြား လုပ်စရာရှိတာတွေကို ပြီးအောင် လုပ်ထားရမယ်။ နေဝင်တာနဲ့ ဥပုသ်နှစ်ထပ် ဒါမှမဟုတ် “အထူးဥပုသ်နေ့” စတော့မယ်။ (ယောဟန် ၁၉:၃၁) နိသန် ၁၅ ရက်ဟာ ခုနစ်ရက်ကျင်းပတဲ့ တဆေးမဲ့မုန့်ပွဲတော်ရဲ့ ပထမနေ့ဖြစ်ပြီး အဲဒီပထမနေ့ဟာ အမြဲပဲ ဥပုသ်နေ့ဖြစ်တယ်။ (ဝတ်ပြုရာ ၂၃:၅၊ ၆) ဒီနှစ်မှာတော့ အဲဒီပထမနေ့ဟာ ပတ်စဉ် ဥပုသ်နေ့နဲ့လည်း တစ်ရက်တည်း ကျနေလို့ အထူးဥပုသ်နေ့ဖြစ်တယ်။
ယေရှုနဲ့ သူ့ဘေးက ဓားပြနှစ်ယောက်ကို မြန်မြန်အသက်ထွက်အောင် လုပ်ပေးဖို့ ပိလတ်မင်းဆီ ဂျူးတွေ ခွင့်တောင်းကြတယ်။ ဘယ်လိုလုပ်မှာလဲ။ ခြေထောက်တွေကို ချိုးလိုက်မှာ။ သစ်တိုင်တင်ခံရတဲ့ ရာဇဝတ်သားတွေဟာ ခြေထောက်ကို တွန်းကန်အားယူပြီး အသက်ရှူရတယ်။ ခြေထောက်တွေကို ချိုးလိုက်မယ်ဆိုရင် အသက်ရှူဖို့ အဲဒီလိုတွန်းကန်အား ယူနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် စစ်သည်တွေ ရောက်လာပြီး ဓားပြနှစ်ယောက်ရဲ့ ခြေထောက်ကို ချိုးလိုက်တယ်။ ယေရှုကျတော့ သေဆုံးနေပြီဖြစ်လို့ သူ့ခြေထောက်ကို မချိုးတော့ဘူး။ ဒါက “ဘုရား ကာကွယ်ပေးတဲ့အတွက် သူ့အရိုးတစ်ချောင်းမှ မကျိုးဘူး” ဆိုတဲ့ ဆာလံ ၃၄:၂၀ ပြည့်စုံတာပဲ။
စစ်သည်တစ်ယောက်က ယေရှုသေပြီဆိုတာ သေချာအောင် ယေရှုရဲ့နံဘေး၊ နှလုံးရှိတဲ့ နေရာနားကို လှံနဲ့ ထိုးလိုက်တဲ့အခါ “သွေးနဲ့ရေတွေ ချက်ချင်း ထွက်လာတယ်။” (ယောဟန် ၁၉:၃၄) ဒါကြောင့် “သူတို့က ကိုယ်ထိုးဖောက်တဲ့သူကို ကြည့်ကြလိမ့်မယ်” ဆိုတဲ့ နောက်ကျမ်းချက်တစ်ချက် ပြည့်စုံလာတယ်။—ဇာခရိ ၁၂:၁၀။
အရိမသဲမြို့သား ယောသပ်လို့ခေါ်တဲ့ ဂျူးတရားရုံးချုပ်အဖွဲ့ဝင် “သူဌေးတစ်ယောက်” လည်း ယေရှုကို ကွပ်မျက်တဲ့နေရာမှာ ရှိနေတယ်။ (မဿဲ ၂၇:၅၇) သူက “လူကောင်း၊ ဖြောင့်မတ်တဲ့သူ” ဖြစ်ပြီး “ဘုရားသခင့် နိုင်ငံတော်ကို စောင့်မျှော်နေသူပဲ။” “ဂျူးတွေကိုကြောက်လို့ ယေရှုရဲ့တပည့်ဖြစ်မှန်း လူသိမခံရဲတဲ့သူ” ဖြစ်တယ်။ ယေရှုနဲ့ပတ်သက်တဲ့ ဂျူးတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို မထောက်ခံခဲ့ဘူး။ (လုကာ ၂၃:၅၀။ မာကု ၁၅:၄၃။ ယောဟန် ၁၉:၃၈) အခု ပိလတ်မင်းကို အရဲစွန့်ဝင်တွေ့ပြီး ယေရှုအလောင်းကို တောင်းတယ်။ ပိလတ်မင်းက တပ်မှူးကို ဆင့်ခေါ်ပြီး ယေရှုသေမသေ မေးကြည့်တယ်။ သေပြီဆိုတာ သိရတော့ အလောင်းယူခွင့် ပေးလိုက်တယ်။
ယောသပ်က သန့်ရှင်းတဲ့ ပိတ်ချောကို ဝယ်တယ်။ ယေရှုရဲ့အလောင်းကို သစ်တိုင်ပေါ်က ချပြီး သင်္ဂြိုဟ်ဖို့ အလောင်းကို ပိတ်ချောနဲ့ ပတ်ရစ်လိုက်တယ်။ “အရင်တုန်းက ယေရှုကို ညအချိန် လာတွေ့ဖူးတဲ့ နိကောဒင်ကလည်း” အလောင်းပြင်ဆင်တဲ့အခါ ကူညီပေးတယ်။ (ယောဟန် ၁၉:၃၉) သူက မုရန်နဲ့ သစ်မွှေးဆီ ရောထားတဲ့ နံ့သာထုပ်ကို ယူလာတယ်။ နံ့သာထုပ်က ရောမပေါင် တစ်ရာ (အခုခေတ် ၇၂ ပေါင်) လောက်ရှိတယ်။ ယေရှုရဲ့ အလောင်းကို ဂျူးတွေရဲ့ ဈာပနထုံးစံအတိုင်း အမွှေးနံ့သာတွေထည့်ပြီး ပိတ်ထည်နဲ့ ပတ်ရစ်လိုက်ကြတယ်။
ယေရှုကိုကွပ်မျက်တဲ့ နေရာနားမှာ ယောသပ်ပိုင်တဲ့ သင်္ချိုင်းဂူအသစ်တစ်ခု ရှိတယ်။ အဲဒီမှာ အလောင်းကို ထည့်ထားလိုက်ပြီးနောက် ကျောက်တုံးကြီးကိုလှိမ့်ပြီး ဂူဝကို ပိတ်လိုက်တယ်။ ဥပုသ်နေ့မစခင် အဲဒါတွေကို အမြန်လုပ်ရတယ်။ မာဂဒလမာရိနဲ့ ယာကုပ်ငယ်ရဲ့အမေ မာရိတို့လည်း အလောင်းပြင်ဆင်ရာမှာ ကူညီပေးတာဖြစ်မယ်။ အခု သူတို့က “အမွှေးနံ့သာနဲ့ ဆီမွှေးကို ပြင်ဆင်ဖို့” မြန်မြန် အိမ်ပြန်သွားတယ်။ ဥပုသ်နေ့ပြီးတဲ့အခါ အလောင်းကို ထပ်လိမ်းကျံပြင်ဆင်ဖို့ ဖြစ်တယ်။—လုကာ ၂၃:၅၆။
နောက်တစ်နေ့ ဥပုသ်နေ့မှာ ပုရောဟိတ်ကြီးတွေနဲ့ ဖာရိရှဲတွေက ပိလတ်မင်းဆီသွားပြီး “အဲဒီလူလိမ် မသေခင်တုန်းက ‘သုံးရက်ကြာရင် ငါ အသက်ပြန်ရှင်လာမယ်’ လို့ပြောခဲ့တာကို ကျွန်တော်တို့ မှတ်မိပါတယ်။ ဒါကြောင့် သင်္ချိုင်းဂူကို သုံးရက်အထိ အစောင့်ချထားဖို့ အမိန့်ပေးလိုက်ပါ။ အဲလိုမှမဟုတ်ရင် သူ့တပည့်တွေ အလောင်းကို လာခိုးပြီး ‘သူ သေရာကနေ အသက်ပြန်ရှင်လာပြီ’ လို့ လျှောက်ပြောကြလိမ့်မယ်။ အဲလိုသာဆိုရင် အဲဒီလှည့်စားမှုဟာ အရင်လှည့်စားမှုထက် ပိုဆိုးမှာပါ” လို့ ပြောကြတယ်။ အဲဒီအခါ ပိလတ်မင်းက “အစောင့်စစ်သည်တွေ ရှိသားပဲ။ အတတ်နိုင်ဆုံး စောင့်ကြပ်ခိုင်းလိုက်” လို့အမိန့်ပေးလိုက်တယ်။—မဿဲ ၂၇:၆၃-၆၅။
တနင်္ဂနွေနေ့ မနက်စောစောမှာ မာဂဒလမာရိ၊ ယာကုပ်ရဲ့မိခင် မာရိနဲ့ တခြားအမျိုးသမီးတွေက အလောင်းကို လိမ်းကျံဖို့ အမွှေးနံ့သာတွေယူပြီး သင်္ချိုင်းဂူကို လာကြတယ်။ သူတို့က “သင်္ချိုင်းဂူဝမှာရှိတဲ့ ကျောက်တုံးကို ဘယ်သူ လှိမ့်ပေးမှာလဲ” လို့ အချင်းချင်း ပြောနေကြတယ်။ (မာကု ၁၆:၃) ဒါပေမဲ့ အကြီးအကျယ် ငလျင်လှုပ်လာတယ်။ ဒါ့အပြင် ယေဟောဝါရဲ့ ကောင်းကင်တမန်က ကျောက်တုံးကြီးကို လှိမ့်ဖယ်လိုက်တယ်။ အစောင့်တွေလည်း မရှိတော့ဘူး။ သင်္ချိုင်းဂူလည်း ဟာလာဟင်းလင်း ဖြစ်နေတယ်။
-