ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
ဇူလိုင် ၄-၁၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရှမွေလ ၁၈–၁၉
“ကျိုးနွံမှု ရှိတဲ့ ဗာဇိလဲ”
ကိုယ့်ကန့်သတ်ချက်ကို သိတဲ့ ဗာဇိလဲ
ဒါဝိဒ်ဟာ ဗာဇိလဲရဲ့ အကူအညီရလို့ အလွန်ကျေးဇူးတင်မှာ သေချာတယ်။ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွေးမွေးစောင့်ရှောက်ချင်ရုံထက်မကမှန်း ထင်ရှားတယ်။ ချမ်းသာကြွယ်ဝတဲ့ ဗာဇိလဲက ဒီလိုထောက်ပံ့မှုမျိုး မလိုအပ်ဘူး။ ဒီသက်ကြီးရွယ်အိုရဲ့ လေးစားထိုက်တဲ့ အရည်အချင်းတွေကြောင့် နန်းတော်မှာ ဒါဝိဒ် ခေါ်ထားချင်တာ ဖြစ်မယ်။ နန်းတွင်းသားဖြစ်ရတဲ့ အခွင့်ထူးကို ရရှိစေချင်လို့ပါ။
ကိုယ့်ကန့်သတ်ချက်ကို သိတဲ့ ဗာဇိလဲ
အသက်ကြီးပြီး ကန့်သတ်ချက်တွေရှိမှန်း သိလို့ ဗာဇိလဲ ဒီလိုဆုံးဖြတ်တာ ဖြစ်နိုင်တယ်။ အကြာကြီး အသက်ရှင်တော့မှာ မဟုတ်မှန်း သူသိတယ်။ (ဆာလံ ၉၀:၁၀) ဒါဝိဒ်ကို အတတ်နိုင်ဆုံး ကူညီပေးခဲ့ပေမဲ့ သက်ကြီးပိုင်းမှာ မတတ်စွမ်းနိုင်တာတွေ ရှိနေတယ်။ ထင်ပေါ်ကျော်ကြားချင်တဲ့အတွက် ကိုယ့်တတ်နိုင်စွမ်းကို အရှိအတိုင်း မမြင်တာမျိုး မဖြစ်ခဲ့ဘူး။ ဗာဇိလဲက ရည်မှန်းချက်ကြီးတဲ့ အဗရှလုံနဲ့ မတူဘဲ ကျိုးနွံမှု ရှိတယ်။—ပညာအလိမ္မာ ၁၁:၂။
ကိုယ့်ကန့်သတ်ချက်ကို သိတဲ့ ဗာဇိလဲ
ဗာဇိလဲရဲ့မှတ်တမ်းက မျှတမှုရှိဖို့ လိုကြောင်း သင်ပေးတယ်။ ဒါပေမဲ့ အေးအေးဆေးဆေး နေချင်လို့၊ တာဝန်ထမ်းဆောင်ဖို့ အရည်အချင်း မရှိဘူးထင်လို့ လုပ်ငန်းတော်အခွင့်ထူးကို လက်မခံတာ၊ တက်လှမ်းဖို့ မကြိုးစားတာမျိုးတော့ မဖြစ်သင့်ဘူး။ ခွန်အားနဲ့ ဉာဏ်ပညာရှိဖို့ ဘုရားသခင်ကို အားကိုးမယ်ဆိုရင် ကိုယ်မတတ်စွမ်းနိုင်တာကို လုပ်ဆောင်နိုင်ပါတယ်။—ဖိလိပ္ပိ ၄:၁၃။ ယာကုပ် ၄:၁၇။ ၁ ပေတရု ၄:၁၁။
ကျွန်တော်တို့မှာ ကန့်သတ်ချက်တွေ ရှိတယ်ဆိုတာ သိထားဖို့ လိုတယ်။ ဥပမာ၊ ခရစ်ယာန်တစ်ယောက်က ဘုရားရေးရာလုပ်ငန်းမှာ သိပ်အလုပ်များနေပြီဖြစ်လို့ အခွင့်ထူးတွေ ထပ်လက်ခံလိုက်ရင် မိသားစုတာဝန်ကို လျစ်လျူရှုရာရောက်မယ်။ ဒီအခြေအနေမျိုးမှာတော့ အခွင့်ထူးတွေ ထပ်လက်မခံတာက ကျိုးနွံမှုရှိတာ၊ အကျိုးသင့်အကြောင်းသင့်ရှိတာ ဖြစ်တယ်။—ဖိလိပ္ပိ ၄:၅။ ၁ တိမောသေ ၅:၈။
ဘုရားရေးရာ ရတနာ
‘ပြေးပွဲကို အဆုံးအထိ ပြေးပါ’
၁၉ ကန့်သတ်မှုတွေကြောင့် ယေဟောဝါရဲ့ အမှုတော်မှာ ဆန္ဒရှိသလောက် မပါဝင်နိုင်ရင်၊ ကိုယ့်ကို တခြားသူတွေ အထင်လွဲနေကြပြီလို့ ခံစားနေရရင် မေဖိဗောရှက်ဆီကနေ အားယူပါ။ (၂ ရှ. ၄:၄) မေဖိဗောရှက်ဟာ မသန်စွမ်းသူ ဖြစ်တဲ့အပြင် ဘုရင် ဒါဝိဒ် အထင်လွဲတာကို အကြောင်းမဲ့သက်သက် ခံခဲ့ရတယ်။ ဒါပေမဲ့ စိတ်မနာကြည်းဘူး။ ကိုယ်ရထားတဲ့ ကောင်းချီးတွေကို တန်ဖိုးထားတယ်။ အရင်တုန်းက ဒါဝိဒ် ပြခဲ့တဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်တယ်။ (၂ ရှ. ၉:၆-၁၀) ဒါကြောင့် ဒါဝိဒ် အထင်လွဲတဲ့အခါ ကိစ္စတစ်ခုလုံးကို မြင်ဖို့ ကြိုးစားတယ်။ ဒါဝိဒ်ကို စိတ်မနာသလို ယေဟောဝါကိုလည်း အပြစ်မတင်ဘူး။ ယေဟောဝါရဲ့ ဘိသိက်ခံ ဘုရင်ကို အတတ်နိုင်ဆုံး ထောက်မဖို့ပဲ အာရုံစိုက်တယ်။ (၂ ရှ. ၁၆:၁-၄။ ၁၉:၂၄-၃၀) ကျွန်တော်တို့ အကျိုးအတွက် မေဖိဗောရှက်ရဲ့ အကောင်းဆုံး ပုံသက်သေကို ကျမ်းစာမှာ ယေဟောဝါ မှတ်တမ်းတင်စေခဲ့တယ်။—ရော. ၁၅:၄။
ဇူလိုင် ၁၁-၁၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရှမွေလ ၂၀-၂၁
“ယေဟောဝါဟာ တရားမျှတတဲ့ ဘုရားသခင်ပဲ”
it-1 ၉၃၂ ပိုဒ်. ၁
ဂိဗောင်
ဘုရင်ရှောလု ဖျက်ဆီးဖို့ ကြံစည်ပေမဲ့ ဂိဗောင်မြို့သားတွေဟာ ရာစုနှစ်တွေတစ်လျှောက် လူမျိုးတစ်မျိုးအဖြစ် ရပ်တည်ခဲ့တယ်။ ဂိဗောင်မြို့သားတွေက တရားမျှတမှုရဖို့ ယေဟောဝါကို စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့တယ်။ ဒါဝိဒ်လက်ထက် သုံးနှစ် အစာခေါင်းပါးချိန်မှာ ဘုရား အရေးယူဆောင်ရွက်ပေးခဲ့တယ်။ ဒါဝိဒ်က ဘုရားကို မေးမြန်းပြီးနောက် မိမိတို့မှာ အပြစ်ရှိကြောင်း သိတဲ့အခါ ကျေအေးဖို့ ဘာလုပ်ပေးရမလဲဆိုပြီး ဂိဗောင်မြို့သားတွေကို မေးမြန်းတယ်။ ပညတ်တရားအရ လူသတ်မှုကို ရွေးဖိုးပေးလို့ မရတဲ့အတွက် “ရွှေငွေနဲ့ ပေးလျော်လို့” မရဘူးဆိုပြီး ဂိဗောင်မြို့သားတွေ ဖြေတယ်။ (တလ ၃၅:၃၀၊ ၃၁) လူတစ်ယောက်ကို သတ်ပိုင်ခွင့် မရှိဘူးဆိုတာကိုလည်း သူတို့ သိတယ်။ ဒါကြောင့် ဒါဝိဒ် မေးမြန်းလာတဲ့အခါကျမှ ရှောလုရဲ့ “သားမြေး” ခုနစ်ယောက်ကို အပ်ဖို့ တောင်းဆိုကြတယ်။ ရှောလုနဲ့ သူ့အမျိုးမှာ အပြစ်ရှိတယ်ဆိုတဲ့ အချက်အရ ရှောလု ဦးဆောင်ပြီး သတ်ဖြတ်ခဲ့တာ မှန်ပေမဲ့ ‘သူ့သားမြေးတွေ’ လည်း အလိုတူအလိုပါ ဖြစ်နိုင်ကြောင်း ထင်ရှားတယ်။ (၂ရှ ၂၁:၁-၉) ဒီဖြစ်ရပ်က ဖခင်ရဲ့အပြစ်ကြောင့် သားသေရတယ်ဆိုတဲ့သဘော မဟုတ်ဘူး၊ (တရ ၂၄:၁၆) “အသက်အတွက် အသက် ပြန်လျော်ပေးရမယ်” ဆိုတဲ့ ပညတ်နဲ့အညီ တရားမျှတမှုရှိရှိ လုပ်ဆောင်တာ ဖြစ်တယ်။—တရ ၁၉:၂၁။
ဘုရားရေးရာ ရတနာ
ခရစ်ယာန်အကြီးအကဲများ—‘ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များ’
၁၄ ကမ္ဘာတစ်ဝန်းက ယေဟောဝါရဲ့လူတွေဟာ စာတန်နဲ့ သူ့ကိုယ်စားလှယ်တွေရဲ့ တားဆီးနှောင့်ယှက်မှုတွေကြားမှာ အမှုဆောင်နေကြတယ်။ အဲဒီထဲက တချို့ဟာ လူထွားကြီးနဲ့တူတဲ့ ကြီးမားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းကြရတယ်။ ဒါပေမဲ့ ဒါဝိဒ်က ဂေါလျတ်ကို တိုက်ခိုက်ဖို့ ခွန်အားရှိခဲ့သလို ကျွန်ုပ်တို့လည်း ယေဟောဝါကို အပြည့်အဝ ယုံကြည်အားကိုးပြီး အဲဒီအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်း နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ စာတန့်လောကကို ဆက်တိုက်ခိုက်ဖို့ ခွန်အား မရှိတော့ဘူးလို့ ခံစားရတဲ့ အချိန်တွေ ရှိတယ်။ အဲဒီလို အချိန်မျိုးမှာဆိုရင် ခါတိုင်း ကျွန်ုပ်တို့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ ပြဿနာကတောင် ကျွန်ုပ်တို့ကို စိတ်ဓာတ်ကျစေနိုင်တယ်။ အဲဒီလိုအချိန်မှာ ကျွန်ုပ်တို့ရဲ့ အခြေအနေကို သတိထားမိတဲ့ အကြီးအကဲတစ်ယောက်က ကျွန်ုပ်တို့ လိုအပ်တဲ့ အကူအညီကို ပေးတယ်။ အဲဒါကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို ပျော်ရွှင်စွာ ဆက်အမှုဆောင်နိုင်ကြတယ်။ ကျွန်ုပ်တို့ အများစုဟာ ဒီနည်းနဲ့ ကူညီပေးခံရဖူးမှာ ဖြစ်တယ်။ အသက် ၆၀ ကျော်ရှိတဲ့ ရှေ့ဆောင်ညီအစ်မတစ်ယောက် ဒီလို ပြောတယ်– “တစ်ခါတုန်းက ကျွန်မ နေမကောင်းဖြစ်ပြီး အမှုဆောင်လုပ်ငန်းကြောင့် မောပန်းနေတယ်။ ကျွန်မ အားပြတ်နေတာကို အကြီးအကဲတစ်ယောက်က သတိထားမိပြီး ကျွန်မဆီ ရောက်လာတယ်။ ကျွန်မတို့ဟာ ကျမ်းချက်တစ်ချက်ကို အခြေခံပြီး အားရှိစရာစကားတွေ ပြောခဲ့ကြတယ်။ သူပေးတဲ့ အကြံဉာဏ်တွေကို ကျွန်မ လိုက်နာခဲ့လို့ အကျိုးခံစားခဲ့ရတယ်။ ကျွန်မ အားနည်းနေတာကို သတိထားမိပြီး ကူညီပေးခဲ့တဲ့ အဲဒီအကြီးအကဲဟာ ဘယ်လောက်တောင် မေတ္တာရှိလိုက်သလဲ။” မှန်ပါတယ်၊ ဒါဝိဒ်ကို အဘိရှဲ ကူညီပေးခဲ့သလိုပဲ ကျွန်ုပ်တို့ကို ဂရုစိုက်ပြီး ကူညီဖို့ အမြဲအသင့်ရှိနေတဲ့ အကြီးအကဲတွေ ရှိတယ်ဆိုတာ သိရလို့ အားရှိစရာပါပဲ။
ဇူလိုင် ၁၈-၂၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရှမွေလ ၂၂
“ယေဟောဝါရဲ့ အကူအညီကို အားထားပါ”
‘ဘုရားသခင်ထံ’ သင် အမှန်တကယ် “ချဉ်းကပ်” နိုင်သလော
၁၁ ဘုရားသခင်သည် “တန်ခိုးနှင့် ပြည့်စုံတော်မူ” ကြောင်း ကျွန်ုပ်တို့ ဖတ်ရခြင်းမှာ တစ်ကဏ္ဍဖြစ်သည်။ (ဟေရှာယ ၄၀:၂၆) သို့သော် ကိုယ်တော်သည် ဣသရေလလူတို့အား ပင်လယ်နီကို ဖြတ်စေ၍ လွတ်မြောက်စေခဲ့ပြီး အနှစ် ၄၀ လုံးလုံး ထိုလူမျိုးကို တောကန္တာရထဲ၌ ထောက်မကူညီပေးခဲ့ခြင်းကို ဖတ်ရှုရခြင်းမှာ နောက်တစ်ကဏ္ဍဖြစ်သည်။ ဟုန်းဟုန်းထနေသော ပင်လယ်ရေ နှစ်ခြမ်းကွဲသွားခြင်းကို စိတ်ထဲ သင်မြင်ယောင်နိုင်သည်။ လူပေါင်း ၃,၀၀၀,၀၀၀ ခန့်ရှိနိုင်သည့် ထိုလူမျိုးသည် ခြောက်သွေ့သော ပင်လယ်ထဲ ဖြတ်လျှောက်သွားနေကြစဉ် တစ်ဖက်တစ်ချက်၌ ကျောက်ထရံများကဲ့သို့ တည်ရှိနေသော ရေအစုအဝေးကို သင်မြင်ယောင်နိုင်၏။ (ထွက်မြောက်ရာ ၁၄:၂၁; ၁၅:၈) တောကန္တာရတွင် ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှု ရရှိခဲ့ခြင်း၏ သက်သေကို သင်မြင်တွေ့နိုင်သည်။ ကျောက်ထဲမှ ရေထွက်ခဲ့သည်။ အဖြူရောင်အစေ့များနှင့် တူသော စားစရာ မြေပေါ်ကျခဲ့၏။ (ထွက်မြောက်ရာ ၁၆:၃၁; တောလည်ရာ ၂၀:၁၁) ဤတွင် ယေဟောဝါသည် တန်ခိုးရှိကြောင်းကို ဖော်ပြသည်သာမက ယင်းကို မိမိလူမျိုး၏ အကျိုးအတွက် အသုံးပြုကြောင်း ထင်ရှားစေသည်။ ကျွန်ုပ်တို့၏ ‘ခိုလှုံရာဖြစ်၍ ခွန်အားပေးတော်မူပြီး ဘေးရောက်သည့် ကာလတွင် အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ’ သော တန်ခိုးတော်ရှင် ဘုရားသခင်ထံ ကျွန်ုပ်တို့၏ ဆုတောင်းချက်များ တက်ရောက်သွားကြောင်း သိရှိရခြင်းက အားတက်စရာဖြစ်သည် မဟုတ်ပေလော။—ဆာလံ ၄၆:၁။
‘ကိုယ်တော်ရှင်သည် သစ္စာစောင့်တော်မူ၏’
ဒါဝိဒ်၏ အဆိုပါစကားကို သေချာ ဆန်းစစ်ကြည့်ကြစို့။ ထိုတွင် “သစ္စာစောင့်တော်မူ၏” ဟူ၍ ပြန်ဆိုသော မူရင်း ဟေဗြဲစကားလုံးကို “ချစ်ခင်ကြင်နာစွာ ပြုမူသည်” ဟုလည်း ပြန်ဆိုနိုင်သည်။ ထို့ကြောင့် စစ်မှန်သော သစ္စာစောင့်သိမှုသည် မေတ္တာတရားကို အခြေခံသည်။ ယေဟောဝါသည် မိမိအပေါ် သစ္စာရှိသူများကို မေတ္တာပါစွာ နှောင်တွယ်မြတ်နိုးတော်မူ၏။
ထိုသစ္စာစောင့်သိမှုသည် ခံစားချက်သက်သက်မျှသာ မဟုတ်ကြောင်းကိုလည်း သတိပြုပါ။ ယင်းတွင် လက်တွေ့ လုပ်ဆောင်ပေးခြင်း ပါဝင်သည်။ ယေဟောဝါ ဘုရားသခင်သည် သစ္စာစောင့်သိစွာ လုပ်ဆောင်တော်မူကြောင်း ကိုယ်တွေ့ဖြစ်ရပ်အားဖြင့် ဒါဝိဒ် ကောင်းစွာ သိရှိခဲ့သည်။ သူ့ဘ၀၏ အခက်ခဲဆုံး အချိန်တွင် ယေဟောဝါ ဘုရားသခင်သည် သူ့ကို ကာကွယ်လမ်းပြပြီး သူ့အကျိုးအတွက် လုပ်ဆောင်ပေးခဲ့သည်။ ဘုရားသခင် တစ်ပါးတည်းကသာ မိမိကို “ရန်သူအပေါင်းတို့လက်မှ” ကယ်နုတ်နိုင်ခဲ့ကြောင်း ဒါဝိဒ် ကျေးဇူးတင်စွာ အသိအမှတ်ပြုသည်။—၂ ဓမ္မရာဇဝင် ၂၂:၁။
ဒါဝိဒ်၏ စကားများသည် ကျွန်ုပ်တို့အတွက် အဘယ် အဓိပ္ပာယ်ရှိသနည်း။ ယေဟောဝါ ဘုရားသခင်သည် ပြောင်းလဲတော်မမူတတ်ပါ။ (ယာကုပ် ၁:၁၇) ကိုယ်တော်သည် မိမိစံနှုန်းများကို တစ်သမတ်တည်း စွဲကိုင်တော်မူသည်။ မိမိပေးခဲ့သော ကတိတော်များကိုလည်း အမြဲ ပြည့်စုံစေတော်မူသည်။ ဆာလံကျမ်း နောက်တစ်ချက်တွင် ဒါဝိဒ်က ‘ထာ၀ရဘုရားသခင်သည် မိမိအား သစ္စာစောင့်သိသူများကို စွန့်ပစ်တော်မမူ’ ဟုရေးခဲ့သည်။—ဆာလံ ၃၇:၂၈၊ ခမ။
ဘုရားရေးရာ ရတနာ
အငယ်ဆုံးသောသူရဲ့ စိတ်သဘောထားမျိုး မွေးမြူပါ
၇ ဘုရားသခင့် နှိမ့်ချမှု ပုံသက်သေက ဒါဝိဒ်အပေါ် အတော့်ကို အကျိုးသက်ရောက်ခဲ့တယ်။ သူ ဒီလိုသီဆိုခဲ့တယ်– “ကိုယ်တော်က ငါ့ကို ကိုယ်တော့် ကယ်တင်ခြင်း ဒိုင်းလွှား ပေးလိမ့်မယ်။ ကိုယ်တော့် နှိမ့်ချမှုက ငါ့ကို ကြီးမြတ်စေတယ်။” (၂ ရာ. ၂၂:၃၆၊ ကဘ) ဒါဝိဒ်က မိမိ အစ္စရေးနိုင်ငံမှာ ကြီးမားတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နိုင်ခဲ့တာဟာ ယေဟောဝါရဲ့ နှိမ့်ချမှုကြောင့်ဆိုတာကို သိတယ်၊ ယေဟောဝါက ဒါဝိဒ်ကို ဂရုစိုက်ခြင်း၊ ကူညီပေးခြင်းအားဖြင့် နှိမ့်ချမှု ပြခဲ့တယ်။ (ဆာ. ၁၁၃:၅-၇) ကျွန်ုပ်တို့လည်း အဲဒီလိုပဲ။ ကျွန်ုပ်တို့မှာရှိတဲ့ အစွမ်းအစ၊ အထူးတာဝန်တွေက ယေဟောဝါ ပေးထားတာဖြစ်တယ်။ (၁ ကော. ၄:၇) အငယ်ဆုံးသောသူက “ကြီးမြတ်သောသူဖြစ်” လာတယ်လို့ ယေရှုပြောတဲ့အခါ အဲဒီပုဂ္ဂိုလ်ဟာ ယေဟောဝါရဲ့ အမှုတော်မှာ ပိုအသုံးဝင်တဲ့ ကျေးကျွန်တစ်ယောက် ဖြစ်လာတာကို ဆိုလိုတယ်။ (လု. ၉:၄၈) ဘယ်လို ဖြစ်နိုင်သလဲဆိုတာ ကြည့်ကြစို့။
ဇူလိုင် ၂၅-၃၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရှမွေလ ၂၃–၂၄
“ကိုယ်ကျိုးစွန့်ပြီး ပေးဆက်နေသလား”
it-1 ၁၄၆
အရောန
အရောနက မြေကွက်ကိုရော ပူဇော်ဖို့ နွားနဲ့ လယ်ထွန်ပစ္စည်းတွေကိုပါ အခမဲ့ ပေးပေမဲ့ ဒါဝိဒ်က အဖိုးအခပေးပြီး ဝယ်မယ်လို့ ပြောတယ်။ ၂ ရှမွေလ ၂၄:၂၄ အရ ဒါဝိဒ်က ကောက်နယ်တလင်းနဲ့ နွားတွေကို ငွေရှယ်ကယ် ၅၀ (ဒေါ်လာ ၁၁၀) ပေးပြီး ဝယ်တယ်။ ၁ ရာဇဝင်ချုပ် ၂၁:၂၅ မှာတော့ ဒါဝိဒ်က ကောက်နယ်တလင်းကို ရွှေရှယ်ကယ် ၆၀၀ (ဒေါ်လာ ၇၇,၀၀၀) ပေးဝယ်တယ်လို့ ဖော်ပြတယ်။ ရှမွေလ ဒုတိယစောင်ကို ရေးသူက ပူဇော်ရာပလ္လင် ဆောက်ဖို့ မြေနေရာ၊ ပူဇော်ဖို့ ပစ္စည်းတွေရဲ့ အဖိုးအခကိုပဲ ဖော်ပြတယ်။ ရာဇဝင်ချုပ် ပထမစောင်ကို ရေးတဲ့သူကျတော့ အဲဒီမြေကွက်မှာ နောက်ပိုင်း ဆောက်မယ့် ဗိမာန်တော်နဲ့ ဆောက်လုပ်ရေးအတွက် ဝယ်ရတဲ့ပစ္စည်းတွေရဲ့ အဖိုးအခကိုပါ ဖော်ပြနေတာ ဖြစ်တယ်။ (၁ရာ ၂၂:၁-၆။ ၂ရာ ၃:၁) ဗိမာန်တော်မြေနေရာ အလွန်ကျယ်တဲ့အတွက် ရွှေရှယ်ကယ် ၆၀၀ ဆိုတာ ပူဇော်ရာပလ္လင် ဆောက်ဖို့ ဒါဝိဒ် ဝယ်လိုက်တဲ့ မြေကွက်လေးရဲ့ အဖိုးအခ မဟုတ်ဘဲ မြေနေရာတစ်ခုလုံးရဲ့ အဖိုးအခ ဖြစ်ပုံရတယ်။
‘အမှန်တရား၏ အသွင်အပြင်’ ကနေ သင်ယူပါ
၈ အစ္စရေးလူတစ်ဦးဟာ ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဖော်ပြဖို့အတွက် စေတနာအလျောက် ပူဇော်တဲ့ယဇ်ကို ပူဇော်နိုင်တယ်။ ဒါမှမဟုတ် မီးရှို့ရာယဇ်ကို စေတနာအလျောက် ပူဇော်ခြင်းအားဖြင့် ဘုရားသခင့် မျက်နှာသာ ရဖို့ တောင်းခံနိုင်တယ်။ ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံး တိရစ္ဆာန်ကို ရွေးဖို့ သူ့အတွက် လွယ်ကောင်းလွယ်ပါလိမ့်မယ်။ ယေဟောဝါကို ဒီတိရစ္ဆာန် ပေးရတဲ့အတွက်လည်း သူပျော်ရွှင်မှာ ဖြစ်တယ်။ ဒီနေ့အချိန်မှာ မောရှေပညတ်မှာ ဖော်ပြထားတဲ့ ပူဇော်ရာယဇ်တွေကို ပူဇော်ဖို့ မလိုတော့ဘူး၊ ဒါပေမဲ့ တခြားယဇ်တွေကိုတော့ ကျွန်ုပ်တို့ ပူဇော်နေကြတယ်။ ကျွန်ုပ်တို့ရဲ့ အချိန်၊ ခွန်အား၊ ငွေကြေးဥစ္စာတွေ သုံးပြီး ယေဟောဝါရဲ့ အမှုတော်မှာ ပါဝင်ကြတယ်။ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်အကြောင်း “ကြေညာခြင်း” နဲ့ “ကောင်းမှုပြုခြင်း၊ သူတစ်ပါးအား ဥစ္စာဝေမျှခြင်း” တို့ကို ဘုရားသခင် နှစ်သက်တဲ့ ပူဇော်ရာယဇ်တွေအဖြစ် တမန်တော်ပေါလု ဖော်ပြခဲ့တယ်။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) ယေဟောဝါရဲ့ အမှုတော်မှာ ပါဝင်အမှုဆောင်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့သဘောထား ဒါမှမဟုတ် ခံစားချက်က ကျွန်ုပ်တို့အတွက် ကိုယ်တော် ပေးထားရာ အားလုံးအပေါ် ဘယ်လောက်ထိ ကျေးဇူးတင် လေးမြတ်တယ်ဆိုတာ ဖော်ပြတယ်။ ဒါကြောင့် အစ္စရေးလူမျိုးလိုပဲ ဘုရားသခင့် အမှုတော်ကို ကျွန်ုပ်တို့ ဘယ်လို ခံစားချက်နဲ့ လုပ်ဆောင်နေသလဲ၊ ဘာကြောင့် အမှုဆောင်သလဲဆိုတာကို ပြန်ဆန်းစစ်ဖို့ လိုတယ်။
ဘုရားရေးရာ ရတနာ
ဓမ္မရာဇဝင်ဒုတိယစောင်မှ ပေါ်လွင်ချက်များ
၂၃:၁၅-၁၇။ ဒါဝိဒ်သည် ဘုရားသခင်၏ အသက်သွေး ပညတ်ကို အလွန် လေးမြတ်သည့်အတွက် ဤအဖြစ်အပျက်တွင် ထိုပညတ်ကို ချိုးဖောက်ရာကျမည့် အမှုကို ရှောင်ကြဉ်ခဲ့၏။ ဘုရားသခင်၏ ပညတ်ချက် ရှိသမျှအပေါ် ထိုသို့သော စိတ်ထားမျိုးရှိရန် ကျွန်ုပ်တို့ ပျိုးထောင်ရမည်။
ဩဂုတ် ၁-၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ဘုရင်များ ၁–၂
“ကိုယ့်အမှားကနေ သင်ခန်းစာ ယူသလား”
it-2 ၉၈၇ ပိုဒ်. ၄
ရှောလမုန်
ဂိဟုန်အရပ်မှာ သီချင်းသံတွေအပြင် “ရှောလမုန်မင်းကြီး အသက်တော် ရှည်ပါစေ” ဆိုတဲ့ ကြွေးကြော်သံကို ကြားတဲ့အခါ အဒေါနိယနဲ့ အပေါင်းပါတွေ ကြောက်လန့်တကြား ထွက်ပြေးကြတယ်။ ကလဲ့စားချေပြီးမှ နန်းတက်လိုက်လို့ အမည်းစက် စွန်းထင်စေမယ့်အစား သူ့အုပ်ချုပ်မှုဟာ ငြိမ်သက်အေးချမ်းမယ်လို့ ရှောလမုန် ကြိုပြောတယ်။ အဒေါနိယသာ နန်းတက်ခဲ့ရင် ရှောလမုန် အသက်ဆုံးရှုံးနိုင်တယ်။ အဒေါနိယ အသက်ချမ်းသာရဖို့ သန့်ရှင်းရာဌာနတော်ကို ပြေးတဲ့အခါ ရှောလမုန်က အဒေါနိယကို ရှေ့တော်ခေါ်လာဖို့ အမိန့်ပေးတယ်။ ကောင်းကောင်းမွန်မွန်နေရင် အသက်ဆက်ရှင်မယ်၊ မဟုတ်တာလုပ်ရင်တော့ သေရမယ်လို့ ပြောပြီး အဒေါနိယကို အိမ်ပြန်ခိုင်းလိုက်တယ်။—၁ဘု ၁:၄၁-၅၃။
it-1 ၄၉
အဒေါနိယ
ဒါဝိဒ် သေဆုံးပြီးနောက် အဒေါနိယက ဗာသရှေဘဆီ ချဉ်းကပ်ပြီး ဒါဝိဒ်ကို ပြုစုရတဲ့ ငယ်ရွယ်သူ အဘိရှက်နဲ့ ပေးစားဖို့ ရှောလမုန်ကို ပြောပေးပါလို့ တောင်းဆိုတယ်။ ‘ဒီထီးနန်းဟာ ကျွန်တော့်အတွက်ပဲ၊ အစ္စရေးအားလုံးကလည်း ကျွန်တော်ပဲ ဘုရင်ဖြစ်လာမယ်လို့ မျှော်လင့်နေကြတာ’ ဆိုပြီး အဒေါနိယ ပြောတယ်။ ဒီကိစ္စဟာ ဘုရားအလိုတော်ပဲဆိုတာ သိပေမဲ့ သူ ရပိုင်ခွင့် ဆုံးရှုံးနေတယ်လို့ ခံစားရကြောင်း ထင်ရှားတယ်။ (၁ဘု ၂:၁၃-၂၁) ထီးနန်း ဆုံးရှုံးသွားလို့ နစ်နာကြေးအနေနဲ့ အဲဒီလိုတောင်းဆိုတာ ဖြစ်နိုင်ပေမဲ့ အဒေါနိယ ရည်မှန်းချက် ကြီးနေဆဲပဲ။ ရှေးခေတ် အရှေ့တိုင်းမှာ မိဖုရား မောင်းမတွေကို မင်းလောင်းတွေပဲ သိမ်းပိုက်ခွင့်ရှိတယ်။ (၂ရှ ၃:၇။ ၁၆:၂၁ တို့နဲ့ နှိုင်းယှဉ်ပါ။) မယ်တော်ကတစ်ဆင့် အခုလို တောင်းဆိုချက်ကို ပုန်ကန်မှုလို့ ရှောလမုန် ယူဆတဲ့အတွက် ဗေနာယကို လွှတ်ပြီး အဒေါနိယကို ချက်ချင်း ကွပ်မျက်စေတယ်။—၁ဘု ၂:၂၂-၂၅။
ဘုရားရေးရာ ရတနာ
ဓမ္မရာဇဝင်တတိယစောင်မှ ပေါ်လွင်ချက်များ
၂:၃၇၊ ၄၁-၄၆။ ပြစ်ဒဏ်မခံရဘဲ ဘောင်များကို ကျော်၍ရသည်ဟု တွေးထင်ခြင်းသည် အလွန်အန္တရာယ်ရှိ၏! ‘အသက်ရှင်ခြင်းသို့ ရောက်သော လမ်းကျဉ်း’ တွင် လျှောက်နေခြင်းမှ တမင် သွေဖည်သွားသူများသည် ထိုပညာမရှိသော ဆုံးဖြတ်ချက်၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရမည် ဖြစ်သည်။—မဿဲ ၇:၁၄။
ဩဂုတ် ၈-၁၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ဘုရင်များ ၃–၄
“ဉာဏ်ပညာရဲ့ တန်ဖိုး”
သူက သင့်အတွက် စံနမူနာလား၊ သတိပေးချက်လား
၄ ရှောလမုန် နန်းတက်စ အချိန်မှာ ဘုရားသခင်က သူ့ကို အိပ်မက်အားဖြင့် အလိုရှိရာကို တောင်းဖို့ ပြောခဲ့တယ်။ ဘုရင်ဟာ အတွေ့အကြုံ နည်းသူဖြစ်လို့ ဉာဏ်ပညာပေးဖို့ တောင်းလျှောက်ခဲ့တယ်။ (၃ ရာ. ၃:၅-၉ ကိုဖတ်ပါ။) ဘုရင်က စည်းစိမ်ချမ်းသာနဲ့ တန်ခိုးအာဏာကို တောင်းမယ့်အစား ဉာဏ်ပညာ တောင်းခဲ့တဲ့အတွက် သူ့ရဲ့တောင်းလျှောက်မှုကို ဘုရားသခင် နှစ်သက်ခဲ့တယ်။ ဘုရားသခင်က သူ့ကို “ဉာဏ်ပညာနှင့် ပြည့်စုံသောစိတ်” အပြင် စည်းစိမ်ချမ်းသာတွေကိုပါ ပေးခဲ့တယ်။ (၃ ရာ. ၃:၁၀-၁၄) ယေရှု ပြောခဲ့သလိုပဲ ရှောလမုန်ရဲ့ ဉာဏ်ပညာ ကြွယ်ဝမှု သတင်းဟာ ကျော်စောလွန်းလို့ ရှေဘပြည်ရဲ့ဘုရင်မက ဝေးလံတဲ့ ခရီးကို နှင်ပြီး သူ့စကားကို လာနားထောင်ရတဲ့အထိ ဖြစ်ခဲ့တယ်။—၃ ရာ. ၁၀:၁၊ ၄-၉။
၅ ကျွန်ုပ်တို့ကတော့ အံ့ဖွယ်နည်းနဲ့ ဉာဏ်ပညာရဖို့ မမျှော်လင့်ကြဘူး။ ရှောလမုန်က ‘ယေဟောဝါ ကိုယ်တိုင် ဉာဏ်ပညာကိုပေး’ တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ “သင့်နားက ဉာဏ်ပညာကို အာရုံစိုက် နားထောင်ပြီး သင့်စိတ်နှလုံးက ပိုင်းခြားသိမြင်မှုဘက် တိမ်းညွတ်မယ်ဆိုရင်” ဆိုတဲ့ ရှောလမုန်ရဲ့စကားအရ ဘုရားသခင်ပေးတဲ့ ဉာဏ်ပညာရဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်တယ်။ ဉာဏ်ပညာရဖို့ ကြိုးစားအားထုတ်ခြင်းအကြောင်း ပြောဆိုရာမှာ “အော်ခေါ်၊” “ရှာ၊” “တူးဖော်ရှာဖွေ” ဆိုတဲ့ အသုံးအနှုန်းတွေကို သုံးခဲ့တယ်။ (သု. ၂:၁-၆၊ ကဘ) ဒါကြောင့် ကျွန်ုပ်တို့ ဉာဏ်ပညာရနိုင်တယ်ဆိုတာ သိရတယ်။
၆ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– ‘ဘုရားသခင်ပေးတဲ့ ဉာဏ်ပညာကို ရှောလမုန်လိုပဲ ငါတန်ဖိုးထားသလား။’ စီးပွားရေး မတည်ငြိမ်မှုကြောင့် လူများစွာက အလုပ်အကိုင်နဲ့ ငွေပေါ်မှာပဲ အာရုံရောက်နေကြတယ်၊ ဒါမှမဟုတ် ဘယ်ပညာရေးကို ဆည်းပူးမယ်၊ ဘယ်အတိုင်းအတာအထိ သင်ယူမယ်ဆိုတာနဲ့ပဲ လုံးပန်းနေကြတယ်။ သင်နဲ့ သင့်မိသားစုကော။ ဘုရားသခင်ပေးတဲ့ ဉာဏ်ပညာကို တန်ဖိုးထားပြီး ရှာဖွေလိုက်စားနေကြောင်း သင်တို့ရဲ့ ရွေးချယ်မှုတွေက ဖော်ပြသလား။ ဘုရားသခင်ပေးတဲ့ ဉာဏ်ပညာကို ပိုပြီး ဆည်းပူးနိုင်ဖို့ သင့်ဦးစားထားရာ၊ ပန်းတိုင်တွေကို ပြုပြင်ချိန်ညှိနိုင်မလား။ ဉာဏ်ပညာ ဆည်းပူးပြီး လက်တွေ့ကျင့်သုံးခြင်းက ရေရှည် တည်မြဲတဲ့အကျိုး ခံစားရစေတယ်။ ရှောလမုန် ဒီလိုရေးခဲ့တယ်– “အဲဒီအခါ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ဖြောင့်မှန်ခြင်းနဲ့ ကောင်းတဲ့လမ်းစဉ် မှန်သမျှကို သင် နားလည်လာလိမ့်မယ်။”—သု. ၂:၉၊ ကဘ။
ဘုရားရေးရာ ရတနာ
ယေဟောဝါသည် ပဋိညာဉ်များ၏ ဘုရားသခင်ဖြစ်တော်မူသည်
၁၅ အာဗြဟံ၏ သားမြေးများကို ပညတ်တရားအောက်တွင် လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းထားသောကြောင့် ထိုဘိုးဘေးကို ပြုခဲ့သည့် မိမိကတိတော်အတိုင်း ယေဟောဝါသည် သူတို့အား ကောင်းချီးပေးတော်မူခဲ့သည်။ ဘီ.စီ.အီး ၁၄၇၃ ခုနှစ်တွင် မောရှေကို ဆက်ခံသူ ယောရှုသည် ဣသရေလလူမျိုးကို ခါနာန်ပြည်သို့ ဦးဆောင်ခေါ်သွားသည်။ နောက်ပိုင်းတွင် ထိုပြည်ကို အနွယ်အသီးသီးအား ခွဲဝေပေးခြင်းက ဤပြည်ကို အာဗြဟံ၏အမျိုးအား ပေးမည်ဟူသည့် ယေဟောဝါ၏ ကတိတော်ကို ပြည့်စုံစေခဲ့သည်။ ဣသရေလလူမျိုးတို့ သစ္စာရှိနေသည့် အချိန်တွင် ယေဟောဝါသည် ကတိရှိတော်မူသည့်အတိုင်း သူတို့၏ရန်သူများအပေါ် အောင်ပွဲဆင်ခွင့် ပေးတော်မူခဲ့သည်။ အထူးသဖြင့် ဘုရင်ဒါဝိဒ် မင်းပြုချိန်တွင် ထိုသို့ဖြစ်ပျက်ခဲ့သည်။ ဒါဝိဒ်၏သားတော် ရှောလမုန်လက်ထက်တွင် အာဗြဟံပဋိညာဉ်၏ တတိယကဏ္ဍ ပြည့်စုံလေသည်။ “ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြား၍ စားသောက်ပျော်မွေ့လျက်နေကြ၏။”—၃ ဓမ္မရာဇဝင် ၄:၂၀။
ဩဂုတ် ၁၅-၂၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ဘုရင်များ ၅–၆
“စိတ်ရောကိုယ်ပါ ဆောက်လုပ်ခဲ့ကြ”
သင် သိပါသလား
လက်ဘနွန် အာရဇ်သစ်ဟာ အထူးသဖြင့် တာရှည်ခံခြင်း၊ လှပခြင်းနဲ့ မွှေးကြိုင်တဲ့ရနံ့ ရှိခြင်းအပြင် ပိုးမထိုးနိုင်ခြင်းတို့ကြောင့် နာမည်ကြီးတယ်။ ဒါကြောင့် ဘုရင်ရှောလမုန်က ဝတ်ပြုရာအိမ်တော်အတွက် အကောင်းဆုံးသစ်တွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။ တစ်ချိန်က လက်ဘနွန် တောင်တန်းတွေကို ဖုံးလွှမ်းထားခဲ့တဲ့ အာရဇ်သစ်တောတွေဟာ ကနေ့အချိန်မှာတော့ အနည်းအကျဉ်းပဲ ကျန်တော့တဲ့အပြင် သီးခြား တောအုပ်ကလေးတွေအဖြစ်နဲ့သာ ကျန်ပါတော့တယ်။
it-1 ၄၂၄
သစ်ကတိုးပင်
သစ်ကတိုးသားတွေ အသုံးများတဲ့အတွက် သစ်ခုတ်သမား ထောင်နဲ့ချီ လိုတယ်။ သစ်တွေကို ဖောင်ဖွဲ့ပြီး မြေထဲပင်လယ်ကမ်းခြေမှာရှိတဲ့ တိုင်ရာ ဒါမှမဟုတ် ဆိုင်ဒုန်ကနေ ယုပ္ပေမြို့ဆီ မျောချကြတယ်။ အဲဒီကတစ်ဆင့် ကုန်းကြောင်းနဲ့ ဂျေရုဆလင်ကို ပို့တယ်။ ရှောလမုန်နဲ့ ဟိရံမင်းတို့ရဲ့ သဘောတူညီချက်နဲ့ ဒါတွေ လုပ်ဆောင်ကြတာ ဖြစ်တယ်။ (၁ဘု ၅:၆-၁၈။ ၂ရာ ၂:၃-၁၀) သစ်တွေ အမြဲမပြတ် ရောက်လာတဲ့အတွက် ရှောလမုန်လက်ထက်မှာ ‘သစ်ကတိုးသားတွေဟာ သဖန်းပိုးစာပင်တွေလို ပေါများ’ တယ်လို့ ပြောနိုင်တယ်။—၁ဘု ၁၀:၂၇။ ရှာ ၉:၉၊ ၁၀ နဲ့နှိုင်းယှဉ်ပါ။
it-2 ၁၀၇၇ ပိုဒ်. ၁
ဗိမာန်တော်
ရှောလမုန်မင်းက ဒီလုပ်ငန်းအတွက် အစ္စရေး ၃၀,၀၀၀ ကို အမှုထမ်းဖို့ ဆင့်ခေါ်ပြီး တစ်လကို လူ ၁၀,၀၀၀ စီ လက်ဘနွန်ကို အလှည့်ကျ စေလွှတ်တယ်။ လက်ဘနွန်မှာ တစ်လ၊ အိမ်မှာ နှစ်လ နေစေတယ်။ (၁ဘု ၅:၁၃၊ ၁၄) “အစ္စရေးလူမျိုး မဟုတ်တဲ့” အထမ်းသမား ၇၀,၀၀၀၊ ကျောက်ဆစ်မယ့်သူ ၈၀,၀၀၀ ရှိတယ်။ (၁ဘု ၅:၁၅။ ၉:၂၀၊ ၂၁။ ၂ရာ ၂:၂) အလုပ်သမားတွေကို ကြီးကြပ်ရတဲ့ ဝန်မင်း ၅၅၀ ကိုခန့်ထားတယ်၊ ၃,၃၀၀ ကိုတော့ လက်ထောက်အဖြစ် ခန့်ထားတယ်။ (၁ဘု ၅:၁၆။ ၉:၂၂၊ ၂၃) သူတို့ထဲက ၂၅၀ က အစ္စရေးတွေ၊ ကျန်တဲ့ ၃,၆၀၀ က အစ္စရေးနိုင်ငံမှာနေတဲ့ ‘တိုင်းတစ်ပါးသားတွေ’ ဖြစ်တယ်။—၂ရာ ၂:၁၇၊ ၁၈။
ဘုရားရေးရာ ရတနာ
ကျမ်းစာ—တိကျတဲ့ ပရောဖက်ပြုချက်တွေ ပါတဲ့ စာအုပ်၊ အပိုင်း ၁
အချိန်အတိအကျ ဖော်ပြ
ကျမ်းစာဟာ အချိန်အတိအကျ ဖော်ပြတယ်ဆိုတဲ့ သာဓကကို ၁ ဘုရင်များ ၆:၁ မှာ တွေ့နိုင်တယ်။ ဂျေရုဆလင်မှာ ဗိမာန်တော်ကို ရှောလမုန်မင်း စဆောက်တဲ့အချိန်ကို ဖော်ပြချက် ဖြစ်တယ်။“အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာပြီးနောက် [နှစ်ပေါင်း ၄၇၉ တိတိပြည့်ပြီး] နှစ်ပေါင်း ၄၈၀ ပြည့်နှစ်၊ အစ္စရေးနိုင်ငံမှာ ရှောလမုန်မင်း နန်းစံ လေးနှစ်မြောက်၊ ဇိဖလို့ခေါ်တဲ့ ဒုတိယလမှာ ယေဟောဝါရဲ့အိမ်တော်ကို စတင်တည်ဆောက်တယ်။”
ကျမ်းစာ သက္ကရာဇ်စဉ်အရ ရှောလမုန်နန်းစံ လေးနှစ်မြောက်ဟာ ဘီစီ ၁၀၃၄ ဖြစ်တယ်။ အဲဒီနှစ်ကနေ နှစ်ပေါင်း ၄၇၉ ကို နောက်ပြန် ရေတွက်ရင် အီဂျစ်ကနေ အစ္စရေးတွေ ထွက်ခွာလာတဲ့ ဘီစီ ၁၅၁၃ ခုနှစ်ကို ရောက်တယ်။
ဩဂုတ် ၂၂-၂၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ဘုရင်များ ၇
“ကြေးနီတိုင် နှစ်တိုင်ကနေ ဘာသင်ယူနိုင်သလဲ”
“တောင်ထဲက ကြေးနီကို” တူးဖော်ရရှိ
ဘုရင်ရှောလမုန်ဟာ ဂျေရုဆလင်မြို့မှာရှိတဲ့ ဗိမာန်တော်ကို အလှဆင်တဲ့အခါ ကြေးနီ တန်ချိန်များစွာကို အသုံးပြုခဲ့တယ်။ ကြေးနီအများစုဟာ ဖခင်ဒါဝိဒ် ဆီးရီးယားကို အောင်နိုင်တုန်းက သိမ်းပိုက်ရရှိခဲ့တာ ဖြစ်တယ်။ (၁ ရာဇဝင်ချုပ် ၁၈:၆-၈) ဗိမာန်တော်မှာ အမှုဆောင်သူတွေ ဆေးကြောသန့်စင်ဖို့ လုပ်ထားတဲ့ ကြေးနီရေကန်ကြီးဟာ ရေဂါလံပေါင်း ၁၇,၅၀၀ (၆၆,၀၀၀ လီတာ) ဝင်ဆံ့ပြီး တန်ချိန်ပေါင်း ၃၀ လောက် လေးတယ်။ (၃ ဓမ္မရာဇဝင် ၇:၂၃-၂၆၊ ၄၄-၄၆) ဗိမာန်တော်အဝင်ဝမှာ အလွန်တရာကြီးမားတဲ့ ကြေးနီတိုင်နှစ်တိုင်ကိုလည်း စိုက်ထူထားတယ်။ ကြေးနီ ၃ လက်မအထူနဲ့လောင်းထားတဲ့ အဲဒီတိုင်တွေက အချင်း ၅ ပေ ၆ လက်မ ရှိပြီး အလယ်က အခေါင်းပေါက် ဖြစ်တယ်။ တိုင်အမြင့် ၂၆ ပေရှိပြီး တိုင်တစ်လုံးစီရဲ့ထိပ်မှာ ၇ ပေ ၃ လက်မနီးပါးမြင့်တဲ့ တိုင်ဖူးတစ်ခုစီ ရှိတယ်။ (၃ ဓမ္မရာဇဝင် ၇:၁၅၊ ၁၆; ၂ ရာဇဝင်ချုပ် ၄:၁၇) ဗိမာန်တော်မှာ အသုံးပြုခဲ့တဲ့ ကြေးနီတန်ချိန် ပမာဏဟာ မယုံနိုင်လောက်အောင် များပြားလွန်းပါတယ်။
it-1 ၃၄၈
ဗောဇ
ရှောလမုန် ဗိမာန်တော်ရဲ့ မုခ်ဦးရှေ့ ကြေးနီတိုင်ကြီး နှစ်တိုင်ထဲက ဘယ်ဘက်တိုင်ကို ဗောဇဆိုပြီး နာမည်ပေးတယ်။ “အစွမ်းခွန်အားနဲ့” လို့ အဓိပ္ပာယ်ရှိတယ်။ ညာဘက်တိုင်ကို ယာခိန်လို့ နာမည်ပေးတယ်။ “[ယေဟောဝါ] အခိုင်အမာ တည်စေသား” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ အဲဒီနာမည်နှစ်ခုကို ပေါင်းဖတ်လိုက်တဲ့အခါ “[ဗိမာန်တော်ကို] အစွမ်းခွန်အားနဲ့ [ယေဟောဝါ] အခိုင်အမာ တည်စေ” လို့ အဓိပ္ပာယ် ရှိတယ်။—၁ဘု ၇:၁၅-၂၁။
ဘုရားရေးရာ ရတနာ
it-1 ၂၆၃
ရေချိုးခြင်း
ယေဟောဝါကို ဝတ်ပြုသူတွေဟာ ကာယပိုင်း သန့်ရှင်းစင်ကြယ်ဖို့ လိုတယ်။ တဲတော်အစီအစဉ်၊ နောက်ပိုင်း ဗိမာန်တော်လုပ်ငန်းတွေမှာ ဒီအချက် ထင်ရှားတယ်။ ပုရောဟိတ်မင်း အာရုန်နဲ့ သူ့သားတွေ ခန့်အပ်ခံရချိန်မှာ ဝတ်လုံရှည်တွေ မဝတ်ခင် ရေချိုးရတယ်။ (ထွ ၂၉:၄-၉။ ၄၀:၁၂-၁၅။ ဝ ၈:၆၊ ၇) ပုရောဟိတ်တွေက ခြေလက်ဆေးဖို့ တဲတော်ဝင်းထဲက ကြေးနီအင်တုံကို သုံးတယ်။ နောက်ပိုင်း၊ ရှောလမုန်ဗိမာန်တော်မှာ ကြေးနီရေကန်ကို သုံးတယ်။ (ထွ ၃၀:၁၈-၂၁။ ၄၀:၃၀-၃၂။ ၂ရာ ၄:၂-၆) အပြစ်ဖြေရာနေ့မှာ ပုရောဟိတ်မင်းက ရေနှစ်ခါချိုးရတယ်။ (ဝ ၁၆:၄၊ ၂၃၊ ၂၄) အာဇေလအတွက် မဲကျတဲ့ဆိတ်ကို လွှတ်ပေးသူ၊ ပူဇော်ရာတိရစ္ဆာန်နဲ့ နွားမအနီရဲ့ အရေခွံ၊ အသားနဲ့ မစင်တွေ စွန့်ပစ်ရသူတွေက တပ်စခန်းထဲ ပြန်မဝင်ခင် ရေချိုးပြီး အဝတ်တွေ လျှော်ရတယ်။—ဝ ၁၆:၂၆-၂၈။ တလ ၁၉:၂-၁၀။
ဩဂုတ် ၂၉–စက်တင်ဘာ ၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ဘုရင်များ ၈
“လူအများရှေ့မှာ ရှောလမုန် နှိမ့်ချစိတ်နဲ့ လှိုက်လှိုက်လှဲလှဲ ဆုတောင်း”
ကျမ်းစာလေ့လာခြင်းဖြင့် သင့်ဆုတောင်းချက်များ၏ အရည်အသွေးကို တိုးတက်စေပါ
၉ ကျွန်ုပ်တို့သည် စိတ်နှလုံးထဲမှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါက ဘုရားသခင် နားထောင်မည်ဖြစ်၏။ ဘီစီအီး ၁၀၂၆၊ ယေဟောဝါ၏ ဝတ်ပြုရာအိမ်တော် အပ်နှံပွဲတွင် ပရိသတ်အပေါင်းရှေ့၌ ရှောလမုန် လှိုက်လှိုက်လှဲလှဲ ဆုတောင်းခဲ့သည်။ ယင်းကို ၃ ဓမ္မရာဇဝင်အခန်းကြီး ၈ တွင် မှတ်တမ်းတင်ထားသည်။ အလွန်သန့်ရှင်းရာဌာနတွင် ပဋိညာဉ်သေတ္တာကို ထားပြီး ယေဟောဝါ၏ ဝတ်ပြုရာအိမ်တော်သည် မိုးတိမ်နှင့် ပြည့်ပြီးနောက် ဘုရားသခင်ကို ရှောလမုန် ချီးမွမ်းခဲ့သည်။
၁၀ ရှောလမုန်၏ ဆုတောင်းချက်ကို လေ့လာပြီး စိတ်နှလုံးနှင့်ပတ်သက်သော သူ၏ဖော်ပြချက်ကို မှတ်သားပါ။ ယေဟောဝါ တစ်ပါးတည်းသာ လူ့စိတ်နှလုံးကို သိတော်မူကြောင်း ရှောလမုန် အသိအမှတ်ပြုခဲ့သည်။ (၃ ရာ. ၈:၃၈-၄၀) “စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ပြန်လာ” သော အပြစ်သားတစ်ဦးအတွက် မျှော်လင့်ချက်ရှိကြောင်း ယင်းဆုတောင်းချက်က ဖော်ပြသည်။ ရန်သူ၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသော ဘုရားသခင်၏ လူမျိုးသည် စိတ်နှလုံးအကြွင်းမဲ့ တောင်းလျှောက်ပါက သူတို့၏ အသနားခံချက်များကို ကိုယ်တော် နားထောင်တော်မူမည်။ (၃ ရာ. ၈:၄၈၊ ၅၈၊ ၆၁) ထို့ကြောင့် သင်လည်း စိတ်နှလုံးထဲမှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းသင့်သည်။
သစ္စာစောင့်သောလက်ကိုချီ၍ ဆုတောင်းခြင်း
၇ လူထုရှေ့ဖြစ်စေ၊ သီးသန့်ဖြစ်စေ ဆုတောင်းလျှင် ဂရုစိုက်ရမည့် အရေးကြီးသော ကျမ်းစာမူတစ်ခုမှာ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းတွင် နှိမ့်ချသော သဘောထား တင်ပြခြင်းဖြစ်သည်။ (၂ ရာဇဝင်ချုပ် ၇:၁၃၊ ၁၄) ယေရုရှလင်မြို့ရှိ ယေဟောဝါ၏ ဗိမာန်တော်အပ်နှံပွဲ၌ ဘုရင်ရှောလမုန်သည် လူထုရှေ့ ဆုတောင်းရာတွင် နှိမ့်ချမှု တင်ပြခဲ့သည်။ ရှောလမုန်သည် ကမ္ဘာပေါ်ဆောက်လုပ်ခဲ့သမျှတွင် အခမ်းနားဆုံး အဆောက်အဦ တစ်ခုကို ဆောက်လုပ်ပြီးခါစသာ ရှိသေး၏။ သို့တိုင် နှိမ့်ချစွာ ဤသို့ ဆုတောင်းခဲ့သည်– “ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏အထွတ် အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ် တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဖွယ်ရာ ရှိပါသနည်း။”—၃ ဓမ္မရာဇဝင် ၈:၂၇။
၈ ရှောလမုန်ကဲ့သို့ ကျွန်ုပ်တို့သည် အခြားသူများကို ကိုယ်စားပြုကာ လူထုရှေ့ ဆုတောင်းသောအခါ နှိမ့်ချသင့်သည်။ ကျွန်ုပ်တို့သည် ဘုရားတရား ကြည်ညိုဟန် လေသံမျိုးကို ရှောင်သင့်သော်လည်း နှိမ့်ချမှုကို ကျွန်ုပ်တို့၏ အသံနေအသံထားဖြင့် ဖော်ပြနိုင်သည်။ နှိမ့်ချသော ဆုတောင်းချက်များသည် စကားကြီးစကားကျယ် သို့မဟုတ် ဟန်ပိုလွန်းခြင်း ဖြစ်မည်မဟုတ်ချေ။ ၎င်းတို့သည် ဆုတောင်းနေသူကို မဟုတ်ဘဲ တိုင်တည်ဆုတောင်းခံရသူအား အာရုံပြုစေ၏။ (မဿဲ ၆:၅) ဆုတောင်းရာတွင် ပြောသောစကားအားဖြင့်လည်း နှိမ့်ချမှုကို ဖော်ပြသည်။ ကျွန်ုပ်တို့သည် နှိမ့်ချစွာ ဆုတောင်းကြမည်ဆိုလျှင် ကျွန်ုပ်တို့စိတ်ကြိုက် ဘုရားသခင် လုပ်ကိုင်ပေးရမည်ဟူသည့် လေသံမျိုးထွက်မည် မဟုတ်ချေ။ ယင်းအစား ကိုယ်တော်၏ မြင့်မြတ်သော အလိုတော်နှင့်အညီ ပြုမူပေးပါရန် ယေဟောဝါအား တိုးလျှိုးတောင်းခံကြပါလိမ့်မည်။ ဆာလံဆရာက ဤသို့အသနားခံစဉ် လျောက်ပတ်သော သဘောထားကို တင်ပြခဲ့သည်– “အိုထာဝရဘုရား ကယ်လွှတ်တော်မူပါ။ အိုထာဝရဘုရား၊ အထမြောက်စေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏။”—ဆာလံ ၁၁၈:၂၅၊ သမ္မာ; လုကာ ၁၈:၉-၁၄။
ဘုရားရေးရာ ရတနာ
it-1 ၁၀၆၀ ပိုဒ်. ၄
ကောင်းကင်
ဂျေရုဆလင်မှာ ဗိမာန်တော်ဆောက်တဲ့ ရှောလမုန်က “ကောင်းကင်သာမက အမြင့်ဆုံး ကောင်းကင်ကြီး” ဟာ ဘုရား စံမြန်းနိုင်လောက်အောင် မကျယ်ဝန်းပါဘူးလို့ ဆိုတယ်။ (၁ဘု ၈:၂၇) ယေဟောဝါဟာ ကောင်းကင်ကို ဖန်ဆင်းတဲ့အရှင် ဖြစ်လို့ အရာခပ်သိမ်းအထက်မှာ တည်ရှိတယ်။ “နာမတော်ဟာ လက်လှမ်းမမီနိုင်လောက်အောင် မြင့်မြတ်လွန်းတယ်။ ဘုန်းတန်ခိုးတော်လည်း မိုးနဲ့မြေထက် မြင့်မားတယ်။” (ဆ ၁၄၈:၁၃) လူတွေက တစ်ခုခုကို တိုင်းတာတဲ့အခါ လက်မ၊ လက်သန်းနဲ့ ထွာပြီး တိုင်းကြသလို ယေဟောဝါက မိုးကောင်းကင်ကို လက်နဲ့ထွာပြီး တိုင်းတယ်။ (ရှာ ၄၀:၁၂) ဘုရားမှာ အတည်တကျ နေစရာ မရှိဘူးလို့ ရှောလမုန် ဆိုလိုနေတာ မဟုတ်ဘူး။ နေရာတိုင်းမှာ၊ အရာတိုင်းမှာ ရှိနေတယ်လို့လည်း မဆိုလိုဘူး။ ရှောလမုန်ရဲ့ စကားအရ ဝိညာဉ်ပုဂ္ဂိုလ်တွေနေတဲ့ နေရာ၊ “စံမြန်းရာ ကောင်းကင်ကနေ” ယေဟောဝါ နားထောင်နေပါတယ်။—၁ဘု ၈:၃၀၊ ၃၉။