အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
© 2022 Watch Tower Bible and Tract Society of Pennsylvania
မတ် ၆-၁၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ရာဇဝင်ချုပ် ၂၃-၂၆
“ဗိမာန်တော်မှာ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေကို စနစ်တကျ စီစဉ်ဖွဲ့စည်း”
it-2 ၂၄၁
လေဝိသားများ
ဒါဝိဒ်က လေဝိသားတွေကို စနစ်တကျ တာဝန်ပေးခဲ့တယ်။ ကြီးကြပ်ရေးမှူးတွေ၊ လက်ထောက်ခေါင်းဆောင်တွေ၊ တရားသူကြီးတွေ၊ တံခါးစောင့်တွေ၊ ဘဏ္ဍာတိုက် ကြီးကြပ်သူတွေအဖြစ် ခန့်အပ်တယ်။ ဗိမာန်တော်၊ အိမ်တော်ဝင်းနဲ့ စားသောက်ခန်းမှာ ပုရောဟိတ်တွေကို ကူညီဖို့လည်း လေဝိသားများစွာကို ခန့်အပ်ခဲ့တယ်။ အလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သဖို့၊ သန့်ရှင်းမြင့်မြတ်ရာတွေကို စင်ကြယ်စေဖို့၊ အလေးချိန် အခြင်အတွယ်ကိစ္စတွေမှာ ကူညီဖို့၊ အစောင့်တာဝန်အမျိုးမျိုး ထမ်းဆောင်ဖို့ ဖြစ်တယ်။ လေဝိအမျိုးသား ဂီတပညာရှင်တွေကို ပုရောဟိတ်တွေအုပ်စုတွေလိုပဲ အုပ်စု ၂၄ စု ဖွဲ့ပြီး အလှည့်ကျ တာဝန်ထမ်းဆောင်စေတယ်။ တာဝန်တွေကို မဲနှိုက်ပြီး ခွဲဝေတယ်။ တံခါးစောင့်အုပ်စုတွေလည်း တာဝန်ကျမယ့်တံခါးကို မဲနှိုက်ပြီး ရွေးချယ်ရတယ်။—၁ရ ၂၃။ ၂၅။ ၂၆။ ၂ရ ၃၅:၃-၅၊ ၁၀။
it-2 ၆၈၆
ပုရောဟိတ်
ပုရောဟိတ်တွေ ဗိမာန်တော်မှာ အမှုထမ်းဆောင်ဖို့ ခေါင်းဆောင်တွေ ခန့်အပ်ပြီး စီစဉ်ဖွဲ့စည်းထားတယ်။ တချို့တာဝန်တွေကို မဲနှိုက်ပြီး တာဝန်ပေးတယ်။ အုပ်စု ၂၄ စုရှိပြီး တစ်စုစီဟာ တစ်ခါတာဝန်ကျရင် တစ်ပတ် အမှုဆောင်ရတယ်။ တစ်နှစ်ကို နှစ်ကြိမ် တာဝန်ကျတယ်။ ဗိမာန်တော် အပ်နှံပွဲတုန်းကလိုမျိုး လူတွေက ပူဇော်သက္ကာ ထောင်နဲ့ချီ ပူဇော်ကြတဲ့ ပွဲတော်ကာလတွေမှာတော့ ပုရောဟိတ်အားလုံး အမှုဆောင်ကြပုံ ရတယ်။ (၁ရ ၂၄:၁-၁၈၊ ၃၁။ ၂ရ ၅:၁၁ တို့ကို ၂ရ ၂၉:၃၁-၃၅။ ၃၀:၂၃-၂၅။ ၃၅:၁၀-၁၉ တို့နဲ့နှိုင်းယှဉ်ပါ။) မဲကျတဲ့ တာဝန်ကျချိန်ကို မထိခိုက်ဘူးဆိုရင် ပုရောဟိတ်တစ်ယောက်ဟာ တခြားအချိန်တွေမှာလည်း အမှုဆောင်ကြပုံရတယ်။ ဂျူးဘာသာရေး ထုံးတမ်းစဉ်လာ အဆိုအရ ယေရှု ကမ္ဘာပေါ် အမှုဆောင်ချိန်မှာ ပုရောဟိတ်တွေ အများကြီးရှိတယ်။ အမှုဆောင်ရတဲ့ တာဝန်ချိန် အပတ်ကို ပြန်ခွဲထားကြတယ်။ မိသားစု အရေအတွက်အလိုက် အမှုဆောင်မယ့်ရက် တစ်ရက် ဒါမှမဟုတ် တစ်ရက်မက ဆိုပြီး ခွဲထားကြတယ်။
it-2 ၄၅၁-၄၅၂
တေးဂီတ
ယေဟောဝါရဲ့ ဗိမာန်တော်အတွက် ပြင်ဆင်ချိန်မှာ ဒါဝိဒ်က တေးဂီတပိုင်းမှာ အမှုဆောင်ဖို့ လေဝိသား ၄,၀၀၀ ကို သီးသန့်ခွဲထားခဲ့တယ်။ (၁ရ ၂၃:၄၊ ၅) အဲဒီအထဲက ၂၈၈ ယောက်ဟာ “ယေဟောဝါကို ချီးမွမ်းသီဆိုဖို့ လေ့ကျင့်ထားသူတွေ၊ တီးမှုတ်သီဆိုရာမှာ ကျွမ်းကျင်သူတွေ” ဖြစ်တယ်။ (၁ရ ၂၅:၇) ဂီတပညာရှင် သုံးဦးဖြစ်တဲ့ အာသပ်၊ ဟေမန်၊ ယေဒုသုန် (ဧသန် လို့လည်း ခေါ်ပုံရတယ်) တို့က ဦးဆောင်တယ်။ သူတို့သုံးယောက်ဟာ လေဝိရဲ့ သားတွေဖြစ်တဲ့ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ ကနေ ဆင်းသက်လာသူတွေ ဖြစ်တဲ့အတွက် ဗိမာန်တော် တေးဂီတပိုင်းမှာ လေဝိအမျိုး မျိုးနွယ်စုခေါင်းဆောင် သုံးဦးက ကိုယ်စားပြုတယ်။ (၁ရ ၆:၁၆၊ ၃၁-၃၃၊ ၃၉-၄၄။ ၂၅:၁-၆) အဲဒီအမျိုးသားသုံးယောက်မှာ စုစုပေါင်း သား ၂၄ ယောက်ရှိတယ်။ သူတို့အားလုံးဟာ အပေါ်မှာဖော်ပြခဲ့တဲ့ ကျွမ်းကျင်တဲ့ ဂီတပညာရှင် ၂၈၈ ယောက်ထဲမှာ ပါတယ်။ သားတစ်ယောက်စီဟာ တေးဂီတ အုပ်စုတစ်ခုရဲ့ ခေါင်းဆောင်အဖြစ် မဲချခန့်အပ်ခံရတယ်။ တစ်ယောက်စီရဲ့ လက်အောက်မှာ “ကျွမ်းကျင်သူ” နောက်ထပ် ၁၁ ယောက်ရှိပြီး ကိုယ့်ရဲ့သားတွေထဲက ဒါမှမဟုတ် တခြားလေဝိသားတွေထဲက ရွေးချယ်ထားတာဖြစ်တယ်။ ဒါကြောင့် လေဝိသား တေးဂီတပညာရှင် ၂၈၈ ယောက် ([၁ + ၁၁] × ၂၄ = ၂၈၈) ရှိပြီး ပုရောဟိတ်တွေလိုပဲ အုပ်စု ၂၄ စု ဖွဲ့ထားတယ်။ ကျန်တဲ့သူတွေဖြစ်တဲ့ သင်ယူနေသူ ၃,၇၁၂ ယောက်ကို ၂၄ ဖွဲ့မှာပါဖို့ ခွဲလိုက်ရင် ပျမ်းမျှ ၁၅၅ ယောက် ဖြစ်တယ်။ ဒါကြောင့် ကျွမ်းကျင်သူတစ်ယောက်က လေဝိသား ၁၃ ယောက်ကို ဂီတလေ့ကျင့်ပေးရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ (၁ရ ၂၅:၁-၃၁) လေဝိသား ဂီတပညာရှင်တွေအပြင် ခရာမှုတ်သူ ပုရောဟိတ်တွေလည်း ရှိသေးတယ်။—၂ရ ၅:၁၂။ တလ ၁၀:၈ နဲ့နှိုင်းယှဉ်ပါ။
it-1 ၈၉၈
တံခါးစောင့်
ဗိမာန်တော်မှာ။ ဘုရင်ဒါဝိဒ် မသေဆုံးခင်လေးမှာ လေဝိသားတွေ၊ တံခါးစောင့်တွေ အပါအဝင် ဗိမာန်တော် လုပ်သားတွေကို စေ့စေ့စပ်စပ် စီစဉ် ဖွဲ့စည်းခဲ့တယ်။ တံခါးစောင့် ၄,၀၀၀ ရှိတယ်။ သူတို့တွေကို အုပ်စုတွေ ခွဲထားပြီး တစ်ကြိမ်ကို ခုနစ်ရက် တာဝန်ထမ်းဆောင်ရတယ်။ သူတို့က ယေဟောဝါရဲ့ အိမ်တော်ကို စောင့်ကြပ်ရတယ်။ အချိန်မှန် တံခါးဖွင့်ဖို့၊ ပိတ်ဖို့ တာဝန်ယူရတယ်။ (၁ရ ၉:၂၃-၂၇။ ၂၃:၁-၆) တချို့က စောင့်ကြပ်ရတဲ့တာဝန်အပြင် ဗိမာန်တော်ကုန်ကျစရိတ်အတွက် သုံးဖို့ ယေဟောဝါရဲ့ အိမ်တော်ထဲ လူတွေ ယူလာတဲ့ အလှူငွေတွေကို ထိန်းသိမ်းရတယ်။ (၂ဘု ၁၂:၉။ ၂၂:၄) နောက်ပိုင်း၊ ပုရောဟိတ် ယောယဒက ယောရှကို ဘုရင်အဖြစ် ဘိသိက်ပေးချိန်မှာ ဗိမာန်တော်တံခါးတွေကို အသေအချာ စောင့်ကြပ်ဖို့ အထူးတံခါးစောင့်တွေကို ခန့်အပ်ခဲ့တယ်။ ဘုရင်မ အာသလိရန်ကနေ ကာကွယ်ဖို့ဖြစ်တယ်။ (၂ဘု ၁၁:၄-၈) ဘုရင်ယောရှိက ရုပ်တုတွေကို ဖျက်ဆီးချိန်မှာ တံခါးစောင့်တွေက ဗာလဝတ်ပြုရေးမှာ အသုံးပြုတဲ့ ပစ္စည်းတွေ အားလုံးကို ဗိမာန်တော်ကနေ သယ်ထုတ်ပေးခဲ့ကြတယ်။ အဲဒါတွေကို မြို့ပြင်မှာ မီးရှို့ပစ်လိုက်ကြတယ်။—၂ဘု ၂၃:၄။
ဘုရားရေးရာ ရတနာ
စစ်မှန်တဲ့ ဝတ်ပြုရေးက သင့်ကို ပျော်ရွှင်စေ
၁၀ ညီအစ်ကို/မတွေနဲ့အတူ သီချင်းဆိုတာဟာ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ (ဆာ. ၂၈:၇) အစ္စရေးတွေအတွက် သီချင်းဆိုတာဟာ ဝတ်ပြုရေးရဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်တယ်။ ဘုရင် ဒါဝိဒ်ဟာ ဗိမာန်တော်မှာ လေဝိ အမျိုးသား ၂၈၈ ယောက်ကို သီချင်းဆိုဖို့ တာဝန်ပေးတယ်။ (၁ ရာ. ၂၅:၁၊ ၆-၈) ဒီနေ့ခေတ်မှာလည်း ချီးမွမ်းသီချင်းတွေ သီဆိုခြင်းအားဖြင့် ဘုရားကို ချစ်ကြောင်း ဖော်ပြနိုင်တယ်။ အသံကောင်းတာ၊ မကောင်းတာ အရေးမကြီးဘူး။ ဒီအချက်ကို စဉ်းစားကြည့်ပါ– ကျွန်တော်တို့အားလုံး “ခဏခဏ” စကား “မှားတတ်ကြ” တယ်။ ဒါပေမဲ့ စကားမှားမှာ စိုးပြီး အသင်းတော်မှာ၊ အမှုဆောင်မှာ စကားမပြောဘဲ မနေကြပါဘူး။ (ယာ. ၃:၂) အဲဒီလိုပဲ အသံမကောင်းလို့ဆိုပြီး ယေဟောဝါကို ချီးမွမ်းသီချင်း မဆိုတာမျိုး မဖြစ်သင့်ဘူး။
မတ် ၁၃-၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ရာဇဝင်ချုပ် ၂၇-၂၉
“သားဖြစ်သူအတွက် ဖခင်တစ်ဦးရဲ့ မေတ္တာပါ အကြံပြုချက်”
ကျွန်ုပ်တို့ ခရစ်ယာန်ဖြစ်ရခြင်းကို ထိန်းသိမ်းကာကွယ်ထားခြင်း
၉ ကျမ်းစာအမှန်တရားဖြစ်ကြောင်း အသင်ကိုယ်တိုင်ကိုယ်ကျ ယုံကြည်သက်ဝင်လာရန် လေ့လာပါ။ ယေဟောဝါ၏ ကျေးကျွန်များဖြစ်ကြောင်း ကျွန်ုပ်တို့၏ခံယူချက်သည် ကျမ်းစာအသိပညာအပေါ် အခိုင်အမာ အခြေမပြုလျှင် အားနည်းသွားနိုင်သည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀) လူကြီးလူငယ်မရွေး ခရစ်ယာန်တိုင်းသည် မိမိယုံကြည်သည့်အရာမှာ သမ္မာကျမ်းစာတွင်တွေ့ရသည့် အမှန်တရားဖြစ်ကြောင်း မိမိကိုယ်တိုင်ကိုယ်ကျ ယုံကြည်သက်ဝင်လာရန် လေ့လာရမည်။ ယုံကြည်သူချင်းများကို ပေါလု ဤသို့တိုက်တွန်းခဲ့သည်– “ခပ်သိမ်းသောအရာကို စုံစမ်း၍ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့။” (၁ သက်သာလောနိတ် ၅:၂၁) ဘုရားသခင်ကို ကြောက်ရွံ့သော မိသားစုများမှ ခရစ်ယာန်လူငယ်တို့သည် မိဘများ၏ ယုံကြည်ခြင်းအပေါ် တည်မှီနေ၍သာ မရနိုင်ကြောင်း သိထားရမည်။ ရှောလမုန်၏ဖခင် ဒါဝိဒ်က “သင့်အဘ၏ ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး . . . နှင့်ဝတ်ပြုလော့” ဟု သူ့ကို တိုက်တွန်းခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ယေဟောဝါအပေါ် ယုံကြည်ခြင်းကို သူ၏ဖခင် မည်သို့တည်ဆောက်ခဲ့ကြောင်း လူငယ်ရှောလမုန် ကြည့်နေရုံမျှဖြင့် မလုံလောက်ပေ။ သူကိုယ်တိုင် ယေဟောဝါအား သိကျွမ်းလာရန်လိုသည်၊ ထိုသို့လည်းပြုလုပ်ခဲ့၏။ ဘုရားသခင်အား သူဤသို့ တိုးလျှိုးတောင်းပန်ခဲ့သည်– “အကျွန်ုပ်သည် ဤလူတို့ရှေ့မှာ ထွက်ဝင်နိုင်မည်အကြောင်း ဉာဏ်ပညာကို ပေးသနားတော်မူပါ။”—၂ ရာဇဝင်ချုပ် ၁:၁၀။
ယေဟောဝါကို စုံလင်တဲ့နှလုံးနဲ့ ဆက်အမှုဆောင်ပါ
၁၃ ကျွန်ုပ်တို့အတွက် သင်ခန်းစာကတော့ ရှင်းပါတယ်။ ယေဟောဝါကို နှလုံးအပြည့်နဲ့ အမှုဆောင်ခြင်းဆိုတာ အသင်းတော် အစည်းအဝေးတွေ ပုံမှန်တက်တာ၊ အမှုဆောင်လုပ်ငန်းမှာ ပုံမှန်ပါဝင်တာထက်မကဘူး။ (၆ ရာ. ၂၅:၁၊ ၂၊ ၂၇) ခရစ်ယာန်တစ်ဦးရဲ့ နှလုံးထဲမှာ နောက်မှာရှိတဲ့အရာတွေ၊ ဆိုလိုတာက လောကရဲ့ဘဝပုံစံတွေထဲက အရာတွေကို ဆက်ချစ်နေမယ်ဆိုရင် ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးက အန္တရာယ်ရှိနေပြီဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်ကို နှလုံးအပြည့်နဲ့ အမှုဆောင်ဖို့ ကျွန်ုပ်တို့ဟာ “ဆိုးညစ်သောအရာကို စက်ဆုပ်ရွံရှာ” ပြီး “ကောင်းသောအရာကို မှီဝဲဆည်းကပ်” ကြရမယ်။ (ရော. ၁၂:၉; လု. ၉:၆၂) စာတန့်လောကမှာရှိတဲ့ တချို့အရာတွေက အသုံးတည့်ပုံ ဒါမှမဟုတ် နှစ်သက်စရာကောင်းပုံ ပေါက်နေရင်တောင်မှ အဲဒီအရာတွေကြောင့် ဘုရားသခင်ကို နှလုံးအကြွင်းမဲ့နဲ့ အမှုမဆောင်တော့တာမျိုး အဖြစ်မခံရဘူး။—၂ ကော. ၁၁:၁၄; ဖိလိပ္ပိ ၃:၁၃၊ ၁၄ ကိုဖတ်ပါ။
“ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့”
၂၀ ဗိမာန်တော် ဆောက်လုပ်ရေး ပြီးစီးတဲ့အထိ ယေဟောဝါ အတူရှိမယ်လို့ ရှောလမုန်ကို ဘုရင်ဒါဝိဒ် အာမခံခဲ့တယ်။ (၁ ရာ. ၂၈:၂၀) ရှောလမုန်ဟာ ဖခင်ရဲ့ စကားကို မှတ်ထားပြီး ငယ်ရွယ်တာ၊ အတွေ့အကြုံ မရှိတာကို အတားအဆီး မဖြစ်စေခဲ့ဘူး။ သတ္တိရှိရှိ လုပ်ငန်းစခဲ့တယ်။ ကြီးကျယ်ခမ်းနားတဲ့ ဗိမာန်တော်ကို ယေဟောဝါရဲ့ အကူအညီနဲ့ ခုနစ်နှစ်ခွဲအတွင်း ဆောက်လုပ်ပြီးစီးခဲ့တယ်။
၂၁ ရှောလမုန်ကို ယေဟောဝါ ကူညီပေးခဲ့သလို ကျွန်တော်တို့ကိုလည်း မိသားစုမှာ၊ အသင်းတော်မှာ ရဲစွမ်းသတ္တိရှိဖို့၊ အလုပ်ပြီးစီးဖို့ ကူညီပေးနိုင်ပါတယ်။ (ဟေရှာ. ၄၁:၁၀၊ ၁၃) ယေဟောဝါကို သတ္တိရှိရှိ ဝတ်ပြုမယ်ဆိုရင် အခုရော အနာဂတ်မှာပါ ကောင်းချီးခံစားရမှာ စိတ်ချနိုင်ပါတယ်။ ဒါကြောင့် “ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့။”
ဘုရားရေးရာ ရတနာ
မိတ်ပျက်မယ့်အန္တရာယ် ရှိနေချိန်မှာ မိတ်ဆွေပီသခြင်း
ခက်ခဲချိန်အတွင်း သစ္စာရှိရှိ ရပ်တည်ပေးမယ့် အပေါင်းအသင်းတွေ ဒါဝိဒ်မှာ ရှိတယ်။ တစ်ယောက်ကတော့ ကျမ်းစာမှာ “ဒါဝိဒ်၏ အဆွေခင်ပွန်း” လို့ဖော်ပြထားတဲ့ ဟုရှဲပါပဲ။ (၂ရာ. ၁၆:၁၆။ ၅ ရာ. ၂၇:၃၃) သူဟာ ဘုရင့် မိတ်ဆွေရောင်းရင်း နန်းတွင်းအရာရှိ ဖြစ်ပြီး အတွင်းရေးကိစ္စတွေကို တစ်ခါတလေ စီမံဆောင်ရွက်ရတယ်။
ဒါဝိဒ်သား အဗရှလုံ နန်းလုချိန်မှာ အစ္စရေးများစွာ အဗရှလုံဘက် ပါသွားကြပေမဲ့ ဟုရှဲတော့ ပါမသွားခဲ့ဘူး။ ဒါဝိဒ် ထွက်ပြေးတဲ့နောက် လိုက်သွားတယ်။ သားတော်ရင်းနဲ့ လူယုံတချို့ သစ္စာဖောက်သွားလို့ ဒါဝိဒ် အလွန်စိတ်ထိခိုက်ခဲ့တယ်။ ဒါပေမဲ့ အသက်ကို ပေးဆပ်ဝံ့သူ၊ လျှို့ဝှက်ကြံစည်မှုကို ဖျက်ရမယ့်တာဝန် ယူမယ့်သူအဖြစ် ဟုရှဲ သစ္စာစောင့်သိခဲ့တယ်။ နန်းတွင်းအရာရှိတစ်ယောက်အနေနဲ့ တာဝန်ရှိလို့သာ လုပ်တာ မဟုတ်ဘူး။ သစ္စာရှိ မိတ်ဆွေ ဖြစ်လို့ပဲ။—၂ ရာ. ၁၅:၁၃-၁၇၊ ၃၂-၃၇။ ၁၆:၁၅–၁၇:၁၆။
မတ် ၂၀-၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရာဇဝင်ချုပ် ၁-၄
“ဘုရင်ရှောလမုန် ပညာမဲ့ ဆုံးဖြတ်ချက်ချ”
it-1 ၁၇၄ ပိုဒ်. ၅
စစ်တပ်
ရှောလမုန် အုပ်ချုပ်ချိန်မှာ အစ္စရေး စစ်တပ်ရဲ့သမိုင်း စာမျက်နှာသစ် ဖွင့်ခဲ့တယ်။ သူအုပ်ချုပ်ချိန်မှာ အတော်အတန် ငြိမ်းချမ်းသာယာနေပေမဲ့ မြင်းတွေ၊ မြင်းရထားတွေ အများအပြား ရှောလမုန် စုသိမ်းခဲ့တယ်။ မြင်းအများစုကို အီဂျစ်ပြည်ကနေ ဝယ်ယူ တင်သွင်းတယ်။ ဒီစစ်မြင်းရထားတွေထားဖို့ နိုင်ငံတစ်ဝှမ်းမှာ မြို့တွေ တည်ဆောက်ခဲ့ရတယ်။ (၁ဘု ၄:၂၆။ ၉:၁၉။ ၁၀:၂၆၊ ၂၉။ ၂ရာ ၁:၁၄-၁၇) ရှောလမုန်ရဲ့ ဒီနည်းစနစ်သစ်ကို ယေဟောဝါ ကောင်းချီးမပေးခဲ့ဘူး။ သူသေဆုံးသွားချိန်မှာ နိုင်ငံ နှစ်ခြမ်းကွဲသွားပြီး အစ္စရေး စစ်တပ်လည်း အင်အားဆုတ်ယုတ်သွားတယ်။ နောက်ပိုင်းမှာ ဟေရှာယ ဒီလိုရေးခဲ့တယ်– “စစ်ကူတောင်းဖို့ အီဂျစ်ကို ဆင်းသွားတဲ့သူတွေ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ သူတို့က မြင်းတွေကို အားကိုးတယ်၊ စစ်မြင်းရထားအလုံးအရင်းနဲ့ ခွန်အားကြီးတဲ့ စစ်မြင်းတွေကို ယုံစားတယ်။ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ကိုတော့ မမျှော်ကိုးကြဘူး။ ယေဟောဝါကို မရှာဖွေကြဘူး။”—ဟေရှာ. ၃၁:၁။
it-1 ၄၂၇
မြင်းရထား
အစ္စရေးပြည်မှာ ရှောလမုန်လက်ထက် မတိုင်ခင်က စစ်မြင်းရထားတပ်ကြီးတွေ မရှိခဲ့ဘူး။ မြင်းတွေအများကြီး မစုဆောင်းရဘူးလို့ ဘုရား သတိပေးထားလို့ပါ။ တိုင်းပြည်လုံခြုံရေးအတွက် မြင်းတွေကို အားကိုးတာမျိုး မဖြစ်စေချင်ဘူး။ အဲဒါက မြင်းရထားတွေ အသုံးပြုတာကို ကန့်သတ်ပေးလိုက်တယ်။ မြင်းတွေ မရှိရင် မြင်းရထားရှိလည်း အသုံးမဝင်ဘူး။ (တရ ၁၇:၁၆) လူသားဘုရင်တွေ တိုင်းသူပြည်သားတွေအပေါ် တင်နိုင်တဲ့ ဝန်ထုပ်နဲ့ပတ်သက်ပြီး ရှမွေလ သတိပေးချိန်မှာ “ခင်ဗျားတို့ရဲ့သားတွေကို သူ့ရဲ့မြင်းရထား မောင်းခိုင်းမယ်” လို့ ဆိုခဲ့တယ်။ (၁ရှ ၈:၁၁) အဗရှလုံနဲ့ အဒေါနိယတို့ ထီးနန်းလုဖို့ ကြိုးစားနေချိန်မှာ သူတို့ဆီမှာ မြင်းရထားတစ်စီးနဲ့ ရှေ့တော်ပြေး အယောက် ၅၀ စီရှိကြတယ်။ (၂ရှ ၁၅:၁။ ၁ဘု ၁:၅) ဇောဘဘုရင်ကို ဒါဝိဒ် အနိုင်ရချိန်မှာ မြင်းရထားဆွဲတဲ့ မြင်းအကောင် ၁၀၀ ကို ချန်ထားခဲ့တယ်။—၂ရှ ၈:၃၊ ၄။ ၁၀:၁၈။
ဘုရင်ရှောလမုန် အစ္စရေးစစ်တပ်ကို ဖွဲ့စည်းချိန်မှာ မြင်းရထား ၁,၄၀၀ အထိ တိုးချဲ့ခဲ့တယ်။ (၁ဘု ၁၀:၂၆၊ ၂၉။ ၂ရ ၁:၁၄၊ ၁၇) မြင်းရထားတွေထားဖို့ ဂျေရုဆလင်မြို့အပါအဝင် တခြားမြို့တွေကို အထူးတည်ဆောက်ရတယ်။ စစ်ပစ္စည်းတွေထားဖို့၊ အဲဒါတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဖြစ်တယ်။—၁ဘု ၉:၁၉၊ ၂၂။ ၂ရ ၈:၆၊ ၉။ ၉:၂၅။
ဘုရားရေးရာ ရတနာ
ရာဇဝင်ချုပ်ဒုတိယစောင်မှ ပေါ်လွင်ချက်များ
၁:၁၁၊ ၁၂။ ယေဟောဝါထံ ရှောလမုန်၏ တောင်းလျှောက်မှုက ဉာဏ်ပညာနှင့် အသိပညာကို သူအလွန်ရယူလိုကြောင်း ဖော်ပြသည်။ ကျွန်ုပ်တို့၏ ဆုတောင်းချက်များသည် ကျွန်ုပ်တို့၏ နှလုံးထဲရှိရာကို အမှန်တကယ် ဖော်ပြသည်။ ထို့ကြောင့် ဆုတောင်းချက်တွင် ပါဝင်ရာများကို အသေအချာ ဆန်းစစ်ခြင်းက ပညာရှိရာရောက်သည်။
မတ် ၂၇–ဧပြီ ၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရာဇဝင်ချုပ် ၅-၇
“ဒီအိမ်တော်ကိုငါအမြဲကြည့်ရှုစောင့်ရှောက်မယ်”
အတူတကွစည်းဝေးခြင်းအမှုကို မစွန့်လွှတ်ကြနှင့်
နောက်ပိုင်းတွင် ဒါဝိဒ်သည် ယေရုရှလင်မြို့၌ နန်းထိုင်စဉ် ယေဟောဝါ၏ ဘုန်းတော်အတွက် အတည်တကျရှိသော အိမ်တော်တစ်ဆောင် ဆောက်လုပ်ရန် စိတ်ပြင်းပြကြောင်း ဖော်ပြခဲ့သည်။ သို့သော် ဒါဝိဒ်သည် စစ်သည်တစ်ဦးဖြစ်ခဲ့သောကြောင့် ယေဟောဝါက “သင်သည် . . . ငါ့နာမအဖို့အိမ်ကို မတည်မဆောက်ရ” ဟု သူ့အား မိန့်တော်မူ၏။ ယင်းအစား ဝတ်ပြုရာအိမ်တော်ကို ဆောက်လုပ်ရန် ဒါဝိဒ်၏သားတော် ရှောလမုန်ကို ကိုယ်တော် ရွေးချယ်ခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၂:၆-၁၀) ထိုအဆောက်အအုံကို ခုနစ်နှစ်ခွဲကြာ ဆောက်လုပ်ပြီးနောက် ရှောလမုန်သည် ဘီ.စီ.အီး. ၁၀၂၆ ခုနှစ်တွင် ဝတ်ပြုရာအိမ်တော်ကို အပ်နှံခဲ့သည်။ ထိုအဆောက်အအုံကို ယေဟောဝါ နှစ်သက်လက်ခံတော်မူကြောင်း ဤသို့ဖော်ပြခဲ့သည်– “သင်တည်ဆောက်သော ဤအိမ်ကို ငါသန့်ရှင်းစေ၍ ငါ့နာမကို အစဉ်တည်စေမည်။ အစဉ်ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက်နေမည်။” (၃ ဓမ္မရာဇဝင် ၉:၃) ဣသရေလလူမျိုး တည်ကြည်နေသ၍ ကာလပတ်လုံး ယေဟောဝါသည် ထိုအိမ်တော်ကို မျက်နှာသာပေးတော်မူမည်ဖြစ်သည်။ သို့သော် လမ်းမှန်မှ သူတို့သွေဖည်သွားပါက ထိုနေရာမှ ယေဟောဝါ မျက်နှာသာတော်ရုပ်သိမ်းပြီး ‘အိမ်တော်သည်လည်း ပြိုပျက်ရာဖြစ်’ လိမ့်မည်တည်း။—၃ ဓမ္မရာဇဝင် ၉:၄-၉; ၂ ရာဇဝင်ချုပ် ၇:၁၆၊ ၁၉၊ ၂၀။
it-2 ၁၀၇၇-၁၀၇၈
ဗိမာန်တော်
သမိုင်း။ ဒီဗိမာန်တော်ဟာ ဘီစီ ၆၀၇ အထိ တည်ရှိခဲ့တယ်။ အဲဒီနှစ်မှာ ဘုရင်နေဗုခဒ်နေဇာရဲ့ ဗာဗုလုန်စစ်တပ်ဟာ ဗိမာန်တော်ကို ဖျက်ဆီးခဲ့တယ်။ (၂ဘု ၂၅:၉။ ၂ရ ၃၆:၁၉။ ယေ ၅၂:၁၃) အစ္စရေးတွေဟာ မှားယွင်းတဲ့ ဘုရားတွေကို ဝတ်ပြုလာတဲ့အတွက် ဘုရားသခင်က ယုဒပြည်နဲ့ ဂျေရုဆလင်မြို့ကို တခြားတိုင်းနိုင်ငံတွေ တိုက်ခိုက်ဖို့၊ ဗိမာန်တော်ထဲက ဘဏ္ဍာတွေကို သိမ်းပိုက်သွားဖို့တောင် ခွင့်ပြုခဲ့တယ်။ ဗိမာန်တော် ပစ်ထားခံရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ ရှောလမုန်ရဲ့သား ရောဗောင်လက်ထက်မှာ အီဂျစ်ဘုရင် ရှိရှက်က (ဘီစီ ၉၉၃ မှာ) ဗိမာန်တော်ဘဏ္ဍာတွေကို သိမ်းယူသွားခဲ့တယ်။ ဗိမာန်တော်ကို ဆက်ကပ်အပ်နှံပြီး ၃၃ နှစ်လောက်ပဲ ရှိသေးတာ။ (၁ဘု ၁၄:၂၅၊ ၂၆။ ၂ရ ၁၂:၉) ဘုရင်အာသဟာ (ဘီစီ ၉၇၇-၉၃၇) ယေဟောဝါရဲ့ အိမ်တော်ကို လေးမြတ်သူဖြစ်ပေမဲ့ ဂျေရုဆလင်မြို့ကို ကာကွယ်ဖို့အတွက် ဗိမာန်တော်ထဲက ငွေတွေ၊ ရွှေတွေကို လက်ဆောင်အဖြစ် ဆီးရီးယားဘုရင် ဗင်ဟာဒဒ်ဆီ မိုက်မိုက်မဲမဲ ပေးလိုက်တယ်။ အဲဒါက အစ္စရေးဘုရင် ဗာရှာနဲ့ ပြုထားတဲ့ ကတိသစ္စာကို ဖျက်ဖို့အတွက်ပါ။—၁ဘု ၁၅:၁၈၊ ၁၉။ ၂ရ ၁၅:၁၇၊ ၁၈။ ၁၆:၂၊ ၃။
ဘုရားရေးရာ ရတနာ
“လူသတ္တဝါတို့၏ စိတ်နှလုံးသဘောကိုသိ”တဲ့ ဘုရားသခင်
ရှောလမုန်ရဲ့ ဆုတောင်းချက်ကနေ ကျွန်ုပ်တို့ နှစ်သိမ့်မှု ရရှိနိုင်ပါတယ်။ ကျွန်ုပ်တို့ခံစားနေရတဲ့ “ဘေးဒဏ်နှင့် နာကျင်ခြင်းဝေဒနာ” ကို ဘယ်သူမှ အတွင်းကျကျ နားလည်ပေးနိုင်မှာတော့ မဟုတ်ဘူး။ (သု. ၁၄:၁၀) ဒါပေမဲ့ ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့ စိတ်နှလုံးကို သိရှိပြီး ကျွန်ုပ်တို့ကို အရမ်းဂရုစိုက်ပါတယ်။ ဘုရားသခင်ဆီ ကျွန်ုပ်တို့ ရင်ဖွင့်ဆုတောင်းမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဝန် ပေါ့ပါးသွားပါလိမ့်မယ်။ “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။—၁ ပေတရု ၅:၇။
ဧပြီ ၁၀-၁၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရာဇဝင်ချုပ် ၈-၉
“ဉာဏ်ပညာကို တန်ဖိုးထားသူ”
အတိုင်းထက်အလွန် ရက်ရောကြသောအခါ
ရှေဘမိဖုရားသည် ရှောလမုန်ထံ ရောက်ရှိလာရန် အချိန်များစွာ အကုန်ခံကာ အတော် ကြိုးစားအားထုတ်ခဲ့ရသည်။ ရှေဘပြည်သည် ယခုခေတ် ယီမင်သမ္မတနိုင်ငံတွင် ရှိပုံရသည်။ ထို့ကြောင့် ထိုမိဖုရားသည် ကုလားအုတ်များနှင့်တကွ ယေရုရှလင်မြို့သို့ မိုင်ပေါင်း ၁,၂၀၀ ခန့် ခရီးထွက်လာခဲ့ရပေမည်။ ယေရှုပြောခဲ့သည့်အတိုင်း သူသည် “မြေကြီးစွန်းမှ လာ၏။” ရှေဘမိဖုရားသည် အဘယ်ကြောင့် ဤမျှဒုက္ခခံခဲ့သနည်း။ သူသည် အထူးသဖြင့် “ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှာ” ရောက်လာခြင်းဖြစ်၏။—လုကာ ၁၁:၃၁။
ကြွယ်ဝစွာဆုချခံခဲ့ရသည့် လည်ပတ်မှု
မည်သို့ပင်ဖြစ်စေ ထိုမိဖုရားသည် “နံ့သာမျိုးနှင့် များစွာသော ရွှေ၊ အဖိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုတ်များ၊ လိုက်သောသူများနှင့်တကွ” ယေရုရှလင်မြို့သို့ ရောက်လာခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၀:၂က) အချို့က “လိုက်သောသူများ” တွင် လက်နက်ကိုင်စောင့်ကြပ်သူ တစ်စုပါဝင်သည်ဟု ဆိုကြ၏။ မိဖုရားသည် ဩဇာအာဏာ ကြီးမားသူတစ်ဦးဖြစ်ပြီး ဒေါ်လာသန်းပေါင်းများစွာတန်သော အဖိုးတန်ပစ္စည်းများနှင့် ခရီးသွားနေခြင်းကို ထည့်စဉ်းစားလျှင် ယင်းသို့ပြုခြင်းသည် ယုတ္တိတန်ပေသည်။
သို့သော် ထိုမိဖုရားသည် ရှောလမုန်၏ ဂုဏ်သတင်းကို “ထာဝရဘုရား၏ နာမတော်သတင်း” နှင့်တွဲ၍ကြားကြောင်း သတိပြုပါ။ ထို့ကြောင့် ၎င်းသည် စီးပွားရေးခရီးစဉ် တစ်ခုမျှ မဟုတ်ပါ။ မိဖုရားသည် အဓိကအနေနှင့် ရှောလမုန်၏ ဉာဏ်ပညာ—သူ၏ဘုရားသခင် ယေဟောဝါအကြောင်းကိုပင်—ကြားနာရန် လာခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ သူသည် ယေဟောဝါအား ဝတ်ပြုခဲ့ကြသူများဖြစ်သော ရှေမ သို့မဟုတ် ဟာမမှ ဆင်းသက်လာနိုင်ဖွယ်ရှိသောကြောင့် သူ့ဘိုးဘေးများ၏ ဘာသာတရားကို သိလိုစိတ် ပြင်းပြခဲ့ပေမည်။
ကြွယ်ဝစွာဆုချခံခဲ့ရသည့် လည်ပတ်မှု
ရှေဘမိဖုရားသည် ရှောလမုန်၏ ဉာဏ်ပညာနှင့် သူ၏နိုင်ငံတော်ကောင်းစားမှုတို့ကို အလွန်စွဲမှတ်သွားရာ “မိန်းမောတွေဝေလျက်ရှိ” သည်။ (၃ ဓမ္မရာဇဝင် ၁၀:၄၊ ၅) ဤစကားစုကို အချို့က မိဖုရားသည် “အသက်ရှူမှားမတတ်” ဖြစ်ကျန်ခဲ့သည်ဟု ယူဆကြသည်။ ပညာရှင်တစ်ဦးက မိဖုရား မေ့မျောသွားသည်ဟုပင် ဖော်ပြထားသည်တကား! မည်သို့ပင်ဖြစ်စေ၊ မိဖုရားသည် သူကြားရမြင်ရသည့်အရာများကို အလွန်အံ့အားသင့်ခဲ့သည်။ ရှောလမုန်၏ ဉာဏ်ပညာကို ကြားရကြသည့် သူ၏ကျေးကျွန်များသည် မင်္ဂလာရှိကြောင်း သူမြွက်ဆိုကာ ရှောလမုန်ကို နန်းတင်ပေးသော ယေဟောဝါအား ချီးမွမ်းထောမနာပြုခဲ့သည်။ ထို့နောက် မင်းကြီးအား အဖိုးတန်လက်ဆောင်များပေးခဲ့ရာ ရွှေတစ်မျိုးတည်းက မျက်မှောက်ခေတ်တန်ဖိုးနှင့်ဆိုလျှင် ဒေါ်လာသန်း ၄၀ ခန့်ရှိသည်။ ရှောလမုန်လည်း လက်ဆောင်များပေးခဲ့ပြီး မိဖုရား၏ “အလိုဆန္ဒပြည့်စုံစေခြင်းငှာ၊ သူတောင်းသမျှ” ကိုပေးလေ၏။—၃ ဓမ္မရာဇဝင် ၁၀:၆-၁၃။
it-2 ၉၉၀-၉၉၁
ရှောလမုန်
ရှေဘဘုရင်မက ရှောလမုန်ရဲ့ နန်းတော်နဲ့ ဗိမာန်တော်ရဲ့ ကြီးကျယ်ခမ်းနားမှု၊ ပွဲတော်စာတွေ၊ ပွဲတော်အမှုထမ်းတွေရဲ့ တည်ခင်းဧည့်ခံပုံနဲ့ ဝတ်စားဆင်ယင်ပုံ၊ ယေဟောဝါရဲ့အိမ်တော်မှာ ပုံမှန်ပူဇော်တဲ့ မီးရှို့ရာ ပူဇော်သက္ကာတွေကို မြင်ပြီးနောက် “ရင်သပ်ရှုမော” ဖြစ်သွားပြီး ဒီလို ပြောတယ်– “ကြည့်ပါဦး။ ကျွန်မကြားထားတာတွေဟာ အကုန်မဟုတ်သေးပါလား။ မင်းကြီးရဲ့ ဉာဏ်ပညာနဲ့ ဘုန်းစည်းစိမ်ဟာ ကျွန်မကြားထားတာထက် အဆမတန် သာလွန်နေပါလား။” အဲဒီနောက် ဒီလိုဘုရင်ဆီမှာ ခစားခွင့်ရတဲ့ အမှုထမ်းတွေဟာ မင်္ဂလာရှိလိုက်တာလို့ ပြောခဲ့တယ်။ အစ္စရေးတွေကို ချစ်တဲ့အတွက် တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်ဖို့ ရှောလမုန် မင်းကြီးကို မင်းမြှောက်ခဲ့တဲ့ ယေဟောဝါကို ချီးမွမ်းဂုဏ်တင်ခဲ့တယ်။—၁ဘု ၁၀:၄-၉။ ၂ရ ၉:၃-၈။
ဘုရားရေးရာ ရတနာ
it-2 ၁၀၉၇
ရာဇပလ္လင်
အစ္စရေးဘုရင်တွေရဲ့ ရာဇပလ္လင်တွေထဲမှာ ရှောလမုန်ရဲ့ ပလ္လင်အကြောင်းပဲ အသေးစိတ် ဖော်ပြခဲ့တယ်။ (၁ဘု ၁၀:၁၈-၂၀။ ၂ရ ၉:၁၇-၁၉) ဂျေရုဆလင်မြို့၊ မောရိတောင်ပေါ်မှာရှိတဲ့ အဆောက်အအုံတွေထဲက တစ်ခုဖြစ်တဲ့ “တရားစီရင်ရာ နန်းဆောင်” မှာ ရာဇပလ္လင် တည်ရှိပုံရတယ်။ (၁ဘု ၇:၇) ပလ္လင်ပတ်လည်နဲ့ လက်တန်းတွေကို ရွှေစင်နဲ့ ရွှေချထားတဲ့ “ဆင်စွယ်ရာဇပလ္လင်ကြီး” ဖြစ်တယ်။ ရာဇပလ္လင်ကြီးမှာ အခြေခံအသုံးပြုထားတဲ့ ပစ္စည်းက ဆင်စွယ်ဖြစ်ပေမဲ့ ဗိမာန်တော် ဆောက်လုပ်တဲ့ နည်းစနစ်အတိုင်း သစ်သားနဲ့ တည်ဆောက်ထားပြီး အပေါ်မှာ ရွှေချထားတာ၊ ဆင်စွယ်နဲ့ စီချယ်ထားတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ကြည့်လိုက်ရင် ရာဇပလ္လင်ကြီးတစ်ခုလုံးကို ဆင်စွယ်၊ ရွှေစင်နဲ့တည်ဆောက်ထားတယ်လို့ မြင်ရနိုင်တယ်။ ရာဇပလ္လင်ကိုတက်တဲ့ လှေကား ခြောက်ထစ်အကြောင်း ဖော်ပြပြီးနောက် ဒီလိုဆိုထားတယ်– “လက်တန်းတွေရဲ့ဘေးမှာ ခြင်္သေ့ရုပ်နှစ်ရုပ် ရှိတယ်။ လှေကားခြောက်ထစ်ရဲ့ ဘေးတစ်ဖက်စီမှာလည်း ခြင်္သေ့ရုပ်တစ်ရုပ်စီ၊ စုစုပေါင်း ၁၂ ရုပ် ရှိတယ်။” (၂ရ ၉:၁၇-၁၉) အုပ်ချုပ်မှုအခွင့်အာဏာရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ခြင်္သေ့ရုပ်တွေထားတာ သင့်လျော်ပါတယ်။ (က ၄၉:၉၊ ၁၀။ ဗ ၅:၅) ခြင်္သေ့ရုပ် ၁၂ ရုပ်က အစ္စရေး ၁၂ နွယ်ကို ကိုယ်စားပြုပုံရတယ်။ ဒီရာဇပလ္လင်ပေါ်က ဘုရင်ကို လက်အောက်ခံကြောင်း၊ ထောက်ခံကြောင်း ဖော်ပြတာဖြစ်နိုင်တယ်။ ပလ္လင်နဲ့ဆက်နေတဲ့ ရွှေခြေတင်ခုံလည်း ရှိတယ်။ ခမ်းနားလှပပြီး ထည်ဝါတဲ့ ခြင်္သေ့ရုပ်တွေပါတဲ့ ဆင်စွယ်-ရွှေစင် ရာဇပလ္လင်ကြီးဟာ အဲဒီအချိန်ကာလက ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုတွေ၊ အထိမ်းအမှတ် ကျောက်တိုင်တွေ၊ ကျောက်စာတွေမှာ ဖော်ပြထားတဲ့ ဘယ်ပလ္လင်ထက်မဆို သာလွန်ထူးခြားပါတယ်။ ရာဇဝင်ချုပ်ကျမ်းရေးသူ ပြောသလို “အဲဒီလိုရာဇပလ္လင်မျိုး ဘယ်တိုင်းပြည်မှာမှ မရှိဘူး။”—၂ရ ၉:၁၉။
ဧပြီ ၁၇-၂၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရာဇဝင်ချုပ် ၁၀-၁၂
“အကြံဉာဏ်ကောင်းကြောင့် အကျိုးရ”
ဘုရားသခင့် မျက်နှာသာ ရနိုင်ခဲ့သူ
ရောဗောင် အကျပ်ရိုက်သွားမှာပဲ။ လူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောလိုက်ရင် ကိုယ်တိုင်၊ မိသားစုနဲ့ နန်းတွင်းသားတွေရဲ့ ဇိမ်ကျကျ ဘဝပုံစံတချို့ကို လျှော့ချရတော့မယ်။ ငြင်းလိုက်ရင်တော့ လူတွေ ပုန်ကန်ကြတော့မယ်။ ဘာဆက်လုပ်မလဲ။ နန်းတက်စဘုရင်က ရှောလမုန်ရဲ့ အတိုင်ပင်ခံ အသက်ကြီးသူတွေနဲ့ အရင် တိုင်ပင်တယ်။ အဲဒီနောက် ငယ်ပေါင်းကြီးဖော် လူငယ်တွေနဲ့ တိုင်ပင်ပြန်တယ်။ လူငယ်တွေရဲ့ အကြံဉာဏ်ကို လိုက်ပြီး လူတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံဖို့ ဆုံးဖြတ်လိုက်တယ်။ “မင်းတို့ရဲ့ထမ်းပိုးကို လေးအောင် ငါလုပ်မယ်။ ပိုလေးအောင်ကို လုပ်ဦးမယ်။ ခမည်းတော်က မင်းတို့ကို ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးခဲ့တယ်။ ငါကတော့ ဆူးချွန်တွေပါတဲ့ ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးဦးမယ်” လို့ ပြောတယ်။—၂ ရာ. ၁၀:၆-၁၄။
ဆုံးဖြတ်ချက် ကောင်းများချနိုင်ပုံ
ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များကို ဆွေးနွေးတိုင်ပင်နိုင်မည့် အသင်းတော်မှ ရင့်ကျက်သူများကိုလည်း ယေဟောဝါ ပေးသနားထားသည်။ (ဧဖက် ၄:၁၁၊ ၁၂) သို့သော် အခြားသူများနှင့် တိုင်ပင်ဆွေးနွေးရာတွင် မိမိတို့ကြားလိုရာကို ပြောသည့်သူနှင့် မတွေ့မချင်း တစ်ယောက်ပြီးတစ်ယောက်ထံ ချဉ်းကပ်သူများ၏ လမ်းစဉ်ကို မလိုက်လျှောက်သင့်ချေ။ ကြားလိုရာကို ပြောဆိုသူ၏ အကြံပေးချက်ကိုမှ သူတို့လိုက်ကြ၏။ ရောဗောင်၏ သတိပေးနမူနာကို ကျွန်ုပ်တို့ သတိရသင့်သည်။ သူသည် အရေးကြီး ဆုံးဖြတ်ချက်ချဖို့ လိုအပ်လာသောအခါ ဖခင်နှင့် အမှုထမ်းခဲ့ကြသော အသက်ကြီးသူများထံမှ အလွန်ကောင်းသော အကြံပေးချက်ကို ရရှိခဲ့သည်။ သို့သော် သူတို့၏ ဆုံးမစကားကို လိုက်လျှောက်မည့်အစား မိမိနှင့်အတူ ကြီးပြင်းလာကြသူ ရွယ်တူချင်းများနှင့် ဆွေးနွေးတိုင်ပင်ခဲ့၏။ သူတို့၏အကြံပေးချက်ကို လိုက်ခြင်းဖြင့် သူသည် ပညာမဲ့ဆုံးဖြတ်ချက်ကိုချခဲ့ရာ နောက်ဆုံး သူ၏နိုင်ငံ အစိတ်အပိုင်း အတော်များများ ဆုံးရှုံးခဲ့ရသည်။—၃ ဓမ္မရာဇဝင် ၁၂:၁-၁၇။
အကြံပေးချက် ရလိုသည့်အခါ ဘဝတွင် အတွေ့အကြုံရှိသူ၊ ကျမ်းစာအသိပညာ ကောင်းစွာရှိသူ၊ ဖြောင့်မတ်သောမူများကို အလွန်လေးစားသူများထံမှ အကူအညီယူပါ။ (သု. ၁:၅; ၁၁:၁၄; ၁၃:၂၀) ဖြစ်နိုင်သည့်အခါတိုင်းတွင် သက်ဆိုင်သည့်မူများနှင့် သုတေသနပြုထားသည့် အချက်အလက်အားလုံးကို အချိန်ယူ တွေးတောဆင်ခြင်ပါ။ ယေဟောဝါ၏ နှုတ်မြွက်စကားတော်အလင်းအတိုင်း အရာများကို သင်တွေ့မြင်လာသောအခါ ဆုံးဖြတ်ချက်အမှန်ကိုချရန် ပိုမိုသိသာထင်ရှားလာလိမ့်မည်။—ဖိလိပ္ပိ ၄:၆၊ ၇။
it-2 ၇၆၈ ပိုဒ်. ၁
ရောဗောင်
မာနကြီး၊ စိတ်ကြီးဝင်နေတဲ့ ရောဗောင်ဟာ လူအများစုရဲ့ စကားကို အရေးမလုပ်ခဲ့ဘူး။ ဒါဝိဒ်မင်းမျိုးကို ယုဒနဲ့ ဗင်ယာမိန်အနွယ်ပဲ ဆက်ထောက်ခံခဲ့တယ်။ နှစ်နိုင်ငံစလုံးက ပုရောဟိတ်တွေနဲ့ လေဝိသားတွေ၊ မျိုးနွယ် ဆယ်နွယ်ထဲက တချို့သူတွေလည်း ဆက်ထောက်ခံခဲ့ကြတယ်။—၁ဘု ၁၂:၁၆၊ ၁၇။ ၂ရ ၁၀:၁၆၊ ၁၇။ ၁၁:၁၃၊ ၁၄၊ ၁၆။
ဘုရားရေးရာ ရတနာ
it-1 ၉၆၆-၉၆၇
ဆိတ်နဲ့တူတဲ့ နတ်ဆိုးတွေ
ယောရှု ၂၄:၁၄ မှာပါတဲ့ ယောရှုရဲ့ စကားအရ အစ္စရေးတွေ အီဂျစ်ပြည်မှာ ယာယီ နေထိုင်ချိန်တုန်းက အဲဒီက မှားယွင်းတဲ့ ဘုရားတွေကို ဝတ်ပြုခဲ့ကြပုံရတယ်။ အချိန်အတော်ကြာတဲ့အထိ အယူမှား ဓလေ့တွေကို ဆက်ကျင့်ကြံခဲ့ကြကြောင်း ယေဇကျေလ ဖော်ပြခဲ့တယ်။ (ယဇ ၂၃:၈၊ ၂၁) အဲဒါကြောင့် တောကန္တာရမှာ ဘုရားပေးခဲ့တဲ့ ဥပဒေတွေက အစ္စရေးတွေ “ဆိတ်နဲ့တူတဲ့ နတ်ဆိုးတွေ” ကို မပူဇော်အောင် တားဆီးပေးခဲ့တယ်လို့ ကျမ်းပညာရှင်တချို့ သုံးသပ်ကြတယ်။ (ဝ ၁၇:၁-၇) ယေရောဗောင်က “အထွတ်အမြတ်နေရာတွေ၊ နတ်ဆိုးတွေ [“ဆိတ်နဲ့တူတဲ့ နတ်ဆိုးတွေ၊” အောက်ခြေမှတ်ချက်]၊ သူလုပ်ထားတဲ့ နွားငယ်ရုပ်တွေအတွက်” ပုရောဟိတ်တွေကို ခန့်ထားခဲ့တယ်။ (၂ရ ၁၁:၁၅) အဲဒါက အစ္စရေးတွေ ကိုးကွယ်တဲ့ ဆိတ်ကိုးကွယ်မှုဟာ အီဂျစ်ပြည် အောက်ပိုင်းမှာ အများအပြားကိုးကွယ်ကြတဲ့ ပုံစံဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ အီဂျစ်တွေရဲ့ ဆိတ်ဝတ်ပြုမှုပုံစံကို ဂရိတွေ လက်ခံခဲ့ကြပြီး တဏှာကြီးတဲ့ ပန်နတ်ဘုရားအဖြစ် ကိုးကွယ်ကြတယ်လို့ ဟီရိုဒိုးတပ်စ် (၂၊ ၄၆) ဆိုတယ်။ အဲဒီနတ်ဘုရားကို ဦးခေါင်းမှာ ချိုရှိပြီး ဆိတ်မြီး၊ ဆိတ်ခြေထောက်ရှိတဲ့ တဏှာကြီးတဲ့ တောစောင့်နတ်အဖြစ် သရုပ်ဖော်ကြတယ်။ အဲဒီလို လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း နတ်ဘုရားပုံစံတွေကို အခြေခံပြီး အမည်ခံခရစ်ယာန်တွေ ကြီးစိုးတဲ့ အမှောင်ခေတ်ကာလမှာ စာတန်ကို အမြီး၊ ဦးချို၊ တိရစ္ဆာန်ခွာနဲ့ သရုပ်ဖော်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုကြတယ်။
“အမွေးထူတဲ့ သတ္တဝါ” လို့ ဆိုပေမဲ့ ဘာလဲဆိုတာကို တိတိကျကျ မဖော်ပြထားဘူး။ တချို့က အဲဒါကို တကယ့်ဆိတ်တွေ၊ ဒါမှမဟုတ် ဆိတ်ပုံစံ ရုပ်တုတွေလို့ ဆိုကြပေမဲ့လည်း ယတိပြတ်တော့ မပြောနိုင်ဘူး၊ ကျမ်းချက်တွေမှာလည်း အဲဒီလို ဖော်ပြထားတာ မရှိဘူး။ ကိုးကွယ်သူတွေရဲ့ စိတ်ကူးထဲမှာ အဲဒီနတ်ဘုရားပုံစံဟာ ဆိတ်နဲ့တူပြီး အမွေးများတယ်လို့ ယူဆကြတဲ့အတွက် အမွေးထူတဲ့ သတ္တဝါလို့ သုံးကြတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် “ဆိတ်” လို့ သုံးနှုန်းထားတာက ရုပ်တုကိုးကွယ်ရာမှာ သုံးတဲ့ အသုံးအဆောင်အားလုံးကို ဆိုလိုတာလည်း ဖြစ်နိုင်တယ်။ ရုပ်တုဆိုတဲ့ စကားလုံးရဲ့ မူရင်းအဓိပ္ပာယ်က “နောက်ချေးလုံး” ဖြစ်တယ်။ ဒါပေမဲ့ ရုပ်တုတွေဟာ တကယ့် နောက်ချေးနဲ့ ပြုလုပ်တယ်လို့ မဆိုလိုပါဘူး။—ဝ ၂၆:၃၀။ တရ ၂၉:၁၇။
ဧပြီ ၂၄-၃၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရာဇဝင်ချုပ် ၁၃-၁၆
“ယေဟောဝါကို ဘယ်အချိန်မှာ အားကိုးမလဲ”
လူငယ်တို့၊ တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်မလဲ
၁၂ ဘုရင်အာသဟာ လူငယ်ဘဝမှာ နှိမ့်ချပြီး ရဲစွမ်းသတ္တိရှိသူ ဖြစ်တယ်။ ဥပမာ၊ ဖခင်အဘိယရဲ့ ထီးနန်းကို ဆက်ခံတဲ့အခါ တစ်ပြည်လုံးမှာ ရှိတဲ့ ရုပ်တုတွေကို ဖယ်ရှားတယ်။ “ဘိုးဘေးတို့ရဲ့ ဘုရား ယေဟောဝါကို ရှာဖို့၊ ပညတ်တရားနဲ့ မိန့်မှာချက်ကို လိုက်နာဖို့ ယုဒလူတွေကို တိုက်တွန်းတယ်။” (၂ ရာ. ၁၄:၁-၇) ယုဒပြည်ကို တိုက်ဖို့ အီသီယိုးပီးယားလူမျိုး ဇေရ စစ်သည် ၁,၀၀၀,၀၀၀ နဲ့ ချီတက်လာတဲ့အခါ “ယေဟောဝါဘုရား၊ ကိုယ်တော်က အင်အားကြီးသူတွေကိုဖြစ်စေ၊ အင်အားနည်းသူတွေကိုဖြစ်စေ ကူညီပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘုရား ယေဟောဝါ၊ ကိုယ်တော့်ကို အားကိုးတဲ့အတွက် ကူညီပေးပါ” ဆိုပြီး ယေဟောဝါဆီ အာသ အားကိုးတကြီး အကူအညီ တောင်းတယ်။ ယေဟောဝါရဲ့ ကယ်တင်နိုင်စွမ်းကို အာသ ဘယ်လောက် ယုံကြည်စိတ်ချကြောင်း အဲဒီစကားတွေက ဖော်ပြတယ်။ ကောင်းကင်ဖခင်ကို အာသ ယုံကြည်ကိုးစားတဲ့အတွက် ‘ယေဟောဝါက အီသီယိုးပီးယားလူတွေကို ရှုံးနိမ့်စေတယ်။’—၂ ရာ. ၁၄:၈-၁၂။
လူငယ်တို့၊ တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်မလဲ
၁၃ စစ်သည် ၁,၀၀၀,၀၀၀ ဆိုတာ နည်းနည်းနောနော အင်အား မဟုတ်ဘူး။ ဒါတောင် ယေဟောဝါကို အားကိုးတဲ့အတွက် အာသ အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ နောက်အခက်အခဲတစ်ခု ကြုံရချိန်မှာတော့ ယေဟောဝါကို အာသ အားမကိုးတော့ဘူး။ အစ္စရေး မင်းဆိုး ဗာရှာ စစ်ချီလာတဲ့အခါ အကူအညီ ရဖို့ ဆီးရီးယား ဘုရင်ကို အာသ အားကိုးတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် အဖြစ်ဆိုးတွေ ကြုံရတယ်။ “မင်းကြီးက ယေဟောဝါဘုရားကို အားမကိုးဘဲ ဆီးရီးယားဘုရင်ကို အားကိုးတဲ့အတွက် ဆီးရီးယားဘုရင်ရဲ့ စစ်တပ်ဟာ မင်းကြီးလက်ထဲကနေ လွတ်မြောက်သွားပြီ” လို့ အာသကို ယေဟောဝါရဲ့ ပရောဖက် ဟာနေနိ ပြောတယ်။ တကယ်လည်း အဲဒီအချိန်ကစပြီး အာသနဲ့ ဗာရှာ အမြဲ စစ်ဆင်နွှဲခဲ့ကြတယ်။ (၂ ရာ. ၁၆:၇၊ ၉။ ၁ ဘု. ၁၅:၃၂) ဘာသင်ခန်းစာ ရသလဲ။
လူငယ်တို့၊ တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်မလဲ
၁၄ နှိမ့်ချနေပါ။ ယေဟောဝါကို ဆက်အားကိုးနေပါ။ သင် နှစ်ခြင်းခံတုန်းက ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ပြခဲ့ပြီးပြီ။ ယေဟောဝါကလည်း သင့်ကို မိသားစုဝင် ဖြစ်ခွင့် ဝမ်းမြောက်ဝမ်းသာ ပေးခဲ့ပြီ။ အဓိကက ယေဟောဝါကို ဆက်အားကိုးနေဖို့ပဲ။ အရေးကြီး ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ယေဟောဝါကို အားကိုးဖို့ သိပ်လွယ်တယ်။ ဒါပေမဲ့ တခြားအချိန်တွေမှာကော။ ဖျော်ဖြေရေး၊ အလုပ်အကိုင်၊ ဘဝပန်းတိုင်တွေ အပါအဝင် ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ယေဟောဝါကို အားကိုးဖို့ သိပ်အရေးကြီးတယ်။ ကိုယ့်ဉာဏ်ပညာကို အားမကိုးပါနဲ့။ ကိုယ့်အခြေအနေနဲ့ သက်ဆိုင်မယ့် ကျမ်းစာမူတွေ ရှာဖွေပါ။ အဲဒီအတိုင်း လက်တွေ့ကျင့်သုံးပါ။ (ပညာ. ၃:၅၊ ၆) အဲဒီလို လုပ်မယ်ဆိုရင် ယေဟောဝါကို စိတ်ပျော်ရွှင်စေမယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မတွေရဲ့ လေးစားမှုကိုလည်း ရလာမယ်။—၁ တိမောသေ ၄:၁၂ ကိုဖတ်ပါ။
ဘုရားရေးရာ ရတနာ
ယေဟောဝါကို စုံလင်တဲ့စိတ်နှလုံးနဲ့ ဝတ်ပြုပါ
၇ ဘုရားသခင်ကို အကြွင်းမဲ့ ဆည်းကပ်နေမနေ သိဖို့ ကျွန်တော်တို့ယောက်တိုင်း ကိုယ့်စိတ်နှလုံးကို ဆန်းစစ်နိုင်တယ်။ ‘ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့၊ စစ်မှန်တဲ့ ဝတ်ပြုရေးကို ကာကွယ်ဖို့၊ မကောင်းတဲ့ဩဇာကနေ ဘုရားလူမျိုးကို ကာကွယ်ဖို့ ငါစိတ်ပိုင်းဖြတ်ထားသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ “မိဖုရား” မာခါကို ရင်ဆိုင်ဖို့ အာသ ဘယ်လောက် သတ္တိမွေးခဲ့ရမလဲဆိုတာ စဉ်းစားကြည့်ပါ။ မာခါလို လူစားမျိုးကို သင် သိချင်မှသိမယ်။ ဒါပေမဲ့ အာသရဲ့ စိတ်ထက်သန်မှုကို တုပနိုင်တဲ့ အခြေအနေတွေ ရှိနိုင်ပါတယ်။ ဥပမာ၊ မိသားစုဝင်၊ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ယောက် အပြစ်လုပ်ပြီး နောင်တမယူလို့ နှင်ထုတ်ခံရတော့မယ်ဆိုရင် ဘယ်လို လုပ်မလဲ။ သူနဲ့ ပြတ်ပြတ်သားသား အဆက်အသွယ် ဖြတ်လိုက်မလား။ ဘာလုပ်ဖို့ သင့်စိတ်နှလုံး လှုံ့ဆော်ပေးမလဲ။