အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
© 2023 Watch Tower Bible and Tract Society of Pennsylvania
စက်တင်ဘာ ၄-၁၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဧသတာ ၁-၂
“ဧသတာလို ကျိုးနွံမှုရှိဖို့ ကြိုးစားပါ”
စမ်းသပ်မှု ကြုံရချိန်မှာ ကျိုးနွံမှုကို ထိန်းသိမ်းထားနိုင်
၁၁ အလွန်အကျွံ ချီးမွမ်းမြှောက်ပင့်ခြင်းက ကျိုးနွံမှုကို စမ်းသပ်မှု ဖြစ်စေနိုင်တယ်။ အံ့ဩစရာကောင်းလောက်အောင် အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ ဧသတာရဲ့ တုံ့ပြန်ပုံကို သုံးသပ်ကြည့်ပါ။ ချောမောလှပပြီး တစ်နှစ်ပတ်လုံး အလှပြုပြင်ခံရတယ်။ ဘုရင့်ဂရုစိုက်မှုရဖို့ အပြိုင်အဆိုင်ဖြစ်နေတဲ့ ပါးရှားအင်ပါယာတစ်ခွင်က မိန်းကလေးတွေနဲ့ ဧသတာ နေ့တိုင်း ထိတွေ့ဆက်ဆံခဲ့ရတယ်။ ဒါပေမဲ့ လေးလေးစားစား၊ တည်တည်ငြိမ်ငြိမ်ပဲ။ မိဖုရားအဖြစ် ရွေးကောက်ခံရပြီးနောက်မှာတောင် မာနကြီးတာ၊ ရောင့်တက်တာမျိုး မရှိခဲ့ဘူး။—ဧသ. ၂:၉၊ ၁၂၊ ၁၅၊ ၁၇။
ဘုရားသခင့် လူမျိုးဘက် သူရပ်တည်ခဲ့
၁၅ ဘုရင့်ဆီ အခစားဝင်ဖို့ ဧသတာရဲ့အလှည့် ရောက်လာတဲ့အခါ အလှဆုံးဖြစ်အောင် ခြယ်သဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ကြိုက်သလောက် အသုံးပြုခွင့်ရထားတယ်။ ဒါပေမဲ့ ဧသတာဟာ ဟေဂဲ အကြံပေးတာကလွဲလို့ ဘာတစ်ခုမှ ထပ်မတောင်းဆိုခဲ့ပါဘူး။ (ဧသ. ၂:၁၅) ရုပ်ရည်အလှ တစ်မျိုးတည်းနဲ့ ဘုရင်က သူ့ကို သဘောကျမှာ မဟုတ်ဘူးဆိုတာ ဧသတာ သိထားပုံရတယ်။ နန်းတွင်းမှာ ကျိုးနွံပြီး နှိမ့်ချတဲ့ သဘောထား မရှိသလောက်ပဲဆိုတာ သူသတိထားမိမှာပဲ။ သူ ထင်တဲ့ အတိုင်းပဲ။
စမ်းသပ်မှု ကြုံရချိန်မှာ ကျိုးနွံမှုကို ထိန်းသိမ်းထားနိုင်
၁၂ ကျိုးနွံမှုက ဣန္ဒြေရှိရှိ၊ လေးလေးစားစား ဝတ်စားဖြီးလိမ်း၊ ပြုမူဖို့ အမြဲ ကူညီပေးတယ်။ ကြွားဝါခြင်း၊ အာရုံစိုက်ခံရဖို့ လုပ်ဆောင်ခြင်းကြောင့် မဟုတ်ဘဲ “နူးညံ့ငြိမ်သက်ခြင်းသဘော” ကြောင့်သာ လူအထင်ကြီးခံရမယ်ဆိုတာ သိမှတ်ကြတယ်။ (၁ ပေတရု ၃:၃၊ ၄ ကိုဖတ်ပါ။ ယေ. ၉:၂၃၊ ၂၄) မာနကြီးတဲ့ သဘောထားတွေဟာ ကိုယ့်အပြုအမူမှာ ပေါ်လာပါလိမ့်မယ်။ အခွင့်ထူးတွေ ရထားတယ်၊ အတွင်းရေးတွေ သိထားတယ်၊ တာဝန်ရှိ ညီအစ်ကိုတွေနဲ့ ရင်းနှီးတယ်ဆိုတာတွေကို မသိမသာ ပြောမိနိုင်တယ်။ ပူးပေါင်းလုပ်ဆောင်လို့ ရလာတဲ့အောင်မြင်မှုတွေကို ကိုယ့်ကြောင့်ပဲ ရသလို ပြောလာနိုင်တယ်။ ဒီကိစ္စမှာလည်း ယေရှု စံနမူနာ ပြခဲ့တယ်။ ယေရှု ပြောခဲ့တဲ့စကားအများစုဟာ ဟီဘရူးကျမ်းစောင်တွေကနေ ကိုးကားထားတာဖြစ်တယ်။ မိမိပြောတာတွေဟာ ကိုယ်ပိုင်စကား မဟုတ်ဘဲ ယေဟောဝါဆီက လာတယ်ဆိုတာ နားထောင်သူတွေ သိအောင် ယေရှု ကျိုးနွံစွာ ကိုးကားခဲ့တာဖြစ်တယ်။—ယော. ၈:၂၈။
ဘုရားရေးရာ ရတနာ
သင် သိပါသလား
မာဒုကာ (မြန်မာလို မော်ဒကဲ) ဆိုတဲ့ အမျိုးသားတစ်ယောက်အကြောင်း ဖော်ပြထားတဲ့ ပါးရှား ရွှံ့စေး ကျောက်ပြားတစ်ချပ်ကို သူတို့ ရှာဖွေတွေ့ရှိကြတယ်။ အဲဒီအမျိုးသားဟာ ရှုရှန်မြို့မှာ စီမံခန့်ခွဲရေး အရာရှိအဖြစ် အမှုထမ်းခဲ့တယ်။ စာရင်းကိုင် ဖြစ်နိုင်တယ်။ အဲဒီကျောက်ပြားကို ရှာဖွေတွေ့ရှိတုန်းက အရှေ့တိုင်း သမိုင်းဆရာ အာသာ အန်ဂနတ်က “ကျမ်းစာရဲ့ အစိတ်အပိုင်း မဟုတ်တဲ့ စာပေမှာ မော်ဒကဲအကြောင်း ပါတာ ဒါ ပထမဆုံးအကြိမ်ပဲ” လို့ ပြောတယ်။
နောက်ပိုင်း၊ တခြား ပါးရှား ရွှံ့စေး ကျောက်ပြားထောင်ပေါင်းများစွာကို ပညာရှင်တွေ ဘာသာပြန်ကြတယ်။ အဲဒီထဲမှာ ပါဆဲပလစ် မြို့ရိုးအနီးက ဘဏ္ဍာတိုက် အပျက်အယွင်းတွေထဲမှာ ရှာတွေ့ခဲ့တဲ့ ကျောက်ပြားတွေ ပါတယ်။ ဇားဇိခ် ၁ လက်ထက်တုန်းက ကျောက်ပြားတွေ။ ဧလံစကားနဲ့ ရေးထားတယ်။ ဧသတာကျမ်းထဲက နာမည် အတော်များများ ပါတယ်။
ပါဆဲပလစ် ကျောက်ပြား အတော်များများမှာ ဇားဇိခ် ၁ လက်ထက်၊ ပါးရှား နန်းတော် အတွင်းဝန် မာဒုကာရဲ့ နာမည် ဖော်ပြထားတယ်။ ကျောက်ပြားတစ်ချပ်မှာ မာဒုကာကို ဘာသာပြန်သူအဖြစ် ဖော်ပြတယ်။ ဒါဟာ မော်ဒကဲနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်နဲ့ ကိုက်ညီတယ်။ မော်ဒကဲဟာ ဘုရင် အာရွှေရု (ဇားဇိခ် ၁) ရဲ့ နန်းတော်မှာ အမှုထမ်းခဲ့သူ ဖြစ်ပြီး အနည်းဆုံး ဘာသာစကား နှစ်မျိုး ပြောတတ်တယ်။ ရှုရှန် နန်းတော်တံခါးမှာ ပုံမှန် ထိုင်ရတယ်။ (ဧသ. ၂:၁၉၊ ၂၁။ ၃:၃) အဲဒီဂိတ်တံခါးဟာ မင်းမှုထမ်းတွေ အလုပ်လုပ်တဲ့ အဆောက်အအုံကြီး ဖြစ်တယ်။
ကျောက်ပြားတွေမှာ ဖော်ပြထားတဲ့ မာဒုကာနဲ့ ကျမ်းစာထဲက မော်ဒကဲမှာ ဆင်တူချက် များစွာ ရှိတယ်။ တစ်ချိန်တည်း တစ်နေရာတည်းမှာ အသက်ရှင်ခဲ့တယ်။ တစ်နေရာတည်းမှာ မင်းမှုထမ်းအဖြစ် အမှုထမ်းတယ်။ အဲဒီဆင်တူချက်တွေကို ကြည့်ရင် မော်ဒကဲနဲ့ မာဒုကာ တစ်ယောက်တည်း ဖြစ်တယ်လို့ ကောက်ချက်ချနိုင်တယ်။
စက်တင်ဘာ ၁၁-၁၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဧသတာ ၃-၅
“အစွမ်းအစကို အကောင်းဆုံး အသုံးချနိုင်အောင် တခြားသူတွေကို ကူညီပေးပါ”
it-2 ၄၃၁ ပိုဒ်. ၇
မော်ဒကဲ
ဟာမန်ကို ဦးမညွှတ်ဘူး။ အဲဒီမတိုင်ခင် အာရွှေရုမင်းက အာဂတ်အမျိုးသား ဟာမန်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပြီး နန်းတော်တံခါးမှာရှိတဲ့ မင်းမှုထမ်းအားလုံး သူ့ကို ဦးညွှတ်ပျပ်ဝပ်ရမယ်လို့ အမိန့်ပေးတယ်။ မော်ဒကဲကတော့ မိမိဟာ ဂျူးလူမျိုးဖြစ်လို့ ဦးမညွှတ်နိုင်ဘူးလို့ ဆိုတယ်။ (ဧသ ၃:၁-၄) ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံထားတဲ့ ဂျူးတစ်ယောက်အနေနဲ့ ဘုရားနဲ့ဆက်ဆံရေးကို မထိခိုက်ချင်လို့ မော်ဒကဲ အဲဒီလိုငြင်းဆိုတယ်ဆိုတာ ထင်ရှားတယ်။ ရှေးတုန်းက အစ္စရေးတချို့က မိမိထက် ရာထူးကြီးသူရှေ့ အခစားဝင်တဲ့အခါ သူတို့ အဆင့်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဦးညွှတ်ခဲ့ကြတယ်။ (၂ရှ ၁၄:၄။ ၁၈:၂၈။ ၁ဘု ၁:၁၆) ဒါပေမဲ့ ဟာမန်ကို မော်ဒကဲ ဦးမညွှတ်ရတဲ့ အကြောင်းရင်းရှိတယ်။ သူ့ရဲ့ရာထူးကို အသိအမှတ်မပြုချင်လို့ မဟုတ်ဘူး။ ဟာမန်ဟာ အာမလက် အမျိုးသားတစ်ယောက်ဖြစ်လို့ပါ။ အာမလက်လူမျိုး “အဆက်ဆက်ကို” ယေဟောဝါ တိုက်ခိုက်မယ်လို့ ပြောထားတယ်။ (ထွ ၁၇:၁၆) နိုင်ငံရေးကိစ္စကြောင့် မဟုတ်ဘဲ ဘုရားသခင်အပေါ် သမာဓိစောင့်သိမှုနဲ့ ပတ်သက်နေလို့ ဟာမန်ကို မော်ဒကဲ ဦးမညွှတ်ခဲ့တာဖြစ်တယ်။
it-2 ၄၃၁ ပိုဒ်. ၉
မော်ဒကဲ
အစ္စရေးတွေကို ကယ်တင်ဖို့ အသုံးတော်ခံခဲ့။ အင်ပါယာတစ်ဝန်းက ဂျူးအားလုံးကို ကွပ်မျက်ဖို့ အမိန့်စာထုတ်လိုက်ပြီ။ ဧသတာ အခုလို မိဖုရားဖြစ်လာတာဟာ ဂျူးတွေကို ကယ်တင်ဖို့ပဲဆိုတာ မော်ဒကဲ ယုံကြည်တယ်။ ဒါကြောင့် ဧသတာမှာ ကြီးလေးတဲ့တာဝန် ရှိတယ်ဆိုတာ အသိပေးပြီး ဘုရင့် မျက်နှာသာရဖို့၊ အကူအညီ တောင်းဆိုဖို့ ဧသတာကို ညွှန်ကြားတယ်။ အသက်အန္တရာယ် ကြုံရနိုင်ပေမဲ့ မော်ဒကဲ မှာတဲ့အတိုင်း လုပ်ဆောင်ဖို့ ဧသတာ သဘောတူခဲ့တယ်။—ဧသ ၄:၇–၅:၂။
ဘုရားသခင့် လူမျိုးဘက် သူရပ်တည်ခဲ့
၂၂ အဲဒီ မေတ္တာရပ်ခံချက်ကို ဧသတာ ကြားတဲ့အခါ တော်တော်စိုးရိမ်သွားမှာ သေချာတယ်။ ဒါက သူ့ယုံကြည်ခြင်းအတွက် အခက်ခဲဆုံး စမ်းသပ်မှုပဲ။ မော်ဒကဲကို အကြောင်းပြန်လိုက်တဲ့ စကားမှာ သူ့ရဲ့ စိုးရိမ်မှုကို မကွယ်မဝှက် ဖော်ပြခဲ့တယ်။ ဘုရင် မဆင့်ခေါ်ဘဲ ရှေ့တော်မှောက် ဝင်ရင် သေဒဏ် ပေးခံရမယ်ဆိုတဲ့ ဥပဒေကိုလည်း ပြန်ပြောပြခဲ့တယ်။ ဘုရင်ဟာ သူ့ရဲ့ ရွှေရာဇလှံတံကို ကမ်းပေးမှသာ ဥပဒေချိုးဖောက်သူ အသက်ချမ်းသာ ရမယ်။ ဘုရင့်ဆင့်ခေါ်မှုကို ငြင်းပယ်ခဲ့တဲ့ ဝါရှတိ ဘယ်လိုဖြစ်ခဲ့သလဲ။ ဧသတာကော ရှင်ဘုရင်ရဲ့ သက်ညှာမှုကို ခံရဖို့ မျှော်လင့်နိုင်ပါ့မလား။ သူ့ကို ရှင်ဘုရင် မဆင့်ခေါ်တာ ရက်ပေါင်း ၃၀ ရှိသွားပြီလို့ ဧသတာက မော်ဒကဲကို ပြောပြတယ်။ အဲဒီအကြောင်းကြောင့် ဘုရင်က သူ့ကို မချစ်တော့ဘူးလားလို့ ဧသတာ စဉ်းစားနေမိနိုင်တယ်။—ဧသ ၄:၉-၁၁။
၂၃ မော်ဒကဲက ဧသတာကို ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ပြတ်ပြတ်သားသား ဒီလိုအကြောင်းပြန်တယ်။ ဧသတာ ဘာမှမလုပ်ရင်လည်း တစ်နည်းနည်းနဲ့တော့ ဂျူးတွေ ကယ်တင်ခံရမှာပဲ။ အကယ်၍ နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်လာရင် ဧသတာကော လွတ်ပါ့မလားလို့ ပြောတယ်။ ဘုရားသခင်ဟာ သူ့လူမျိုးကို မျိုးပြုတ်သွားစေမှာ မဟုတ်သလို ကတိတွေကိုလည်း မပြည့်စုံဘဲ မနေစေဘူးဆိုတာကို မော်ဒကဲ အခိုင်အမာ ယုံကြည်တယ်။ (ယောရှု ၂၃:၁၄) အဲဒီနောက် မော်ဒကဲက ဧသတာကို “မင်း မိဖုရားဖြစ်လာတာဟာ အခုလို အန္တရာယ် ကြုံရချိန်အတွက်များလားဆိုတာ ဘယ်သူပြောနိုင်မှာလဲ” လို့ မေးလိုက်တယ်။ (ဧသ. ၄:၁၂-၁၄) မော်ဒကဲကို အတုယူထိုက်တယ် မဟုတ်လား။ မော်ဒကဲဟာ သူ့ဘုရား ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားတယ်။ ကျွန်တော်တို့ကော ယုံကြည်ကိုးစားသလား။—ပညာ. ၃:၅၊ ၆။
ဘုရားရေးရာ ရတနာ
လွတ်လပ်စွာကိုးကွယ်ခွင့်အတွက် တိုက်ပွဲဝင်ခြင်း
၁၄ ရှေးခေတ်တုန်းက မော်ဒကဲနဲ့ဧသတာလိုပဲ ဒီနေ့ ယေဟောဝါရဲ့လူမျိုးကလည်း ယေဟောဝါမိန့်မှာထားတဲ့နည်းလမ်းအတိုင်း လွတ်လပ်စွာဝတ်ပြုကိုးကွယ်နိုင်ဖို့ တိုက်ပွဲဝင်ကြတယ်။ (ဧ. ၄:၁၃-၁၆) သင်ကော အဲဒီတိုက်ပွဲမှာ ကူညီတိုက်ခိုက်ပေးနိုင်သလား။ ကူညီပေးနိုင်ပါတယ်။ လက်ရှိအချိန်မှာ တရားမမျှတမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ညီအစ်ကိုညီအစ်မတွေအတွက် သင် မှန်မှန်ဆုတောင်းပေးနိုင်ပါတယ်။ အဲဒီဆုတောင်းချက်တွေက အခက်အခဲတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံနေရတဲ့ ညီအစ်ကိုညီအစ်မတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်တယ်။ (ယာကုပ် ၅:၁၆ ကိုဖတ်ပါ။) ယေဟောဝါက အဲဒီဆုတောင်းချက်တွေကို နားထောင်ပေးသလား။ တရားရုံးတွေမှာ ကျွန်တော်တို့ရရှိတဲ့အောင်ပွဲတွေက ကိုယ်တော် တကယ်နားထောင်တယ်ဆိုတဲ့ သက်သေပါပဲ။—ဟေဗြဲ ၁၃:၁၈၊ ၁၉။
စက်တင်ဘာ ၁၈-၂၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဧသတာ ၆-၈
“ကောင်းစွာ ပြောဆိုဆက်သွယ်ရာမှာ ပုံသက်သေပြခဲ့သူ”
ကိုယ်ကျိုးမငဲ့ဘဲ ပညာရှိရှိ၊ သတ္တိရှိရှိ သူလုပ်ဆောင်ခဲ့
၁၅ ဘုရင်ကို ချက်ချင်းမပြောပြဘဲ ဧသတာ စိတ်ရှည်ရှည်နဲ့ တစ်ရက် ထပ်စောင့်လိုက်လို့ ဟာမန် ကျဆုံးဖို့အကြောင်း ပေါ်လာတယ်။ ရှင်ဘုရင် အိပ်မပျော်နိုင်တာကလည်း ယေဟောဝါဘုရား ပြုလုပ်တဲ့အမှု မဖြစ်နိုင်ဘူးလား။ (ပညာ. ၂၁:၁) ဒါကြောင့် “စိတ်ရှည်ရှည်နဲ့ စောင့်” တတ်တဲ့ သဘောထားရှိဖို့ ကျမ်းစာက တိုက်တွန်းတာပါ။ (မိက္ခာ ၇:၇ ကိုဖတ်ပါ။) ဘုရားသခင်ကို စောင့်တဲ့သဘောထားရှိရင် ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတာထက် ပိုကောင်းတဲ့ ဘုရားရဲ့ ဖြေရှင်းနည်းကို တွေ့ရမှာ သေချာတယ်။
သတ္တိရှိရှိ သူ ထုတ်ဖော်ပြောဆိုခဲ့
၁၆ ဘုရင် စိတ်မရှည်တော့မှာစိုးလို့ ဒုတိယအကြိမ် စားသောက်ပွဲမှာ ဖြစ်ကြောင်းကုန်စင် ပြောပြဖို့ ဧသတာ ဆုံးဖြတ်တယ်။ ဒါပေမဲ့ သူ ဘယ်လိုပြောရမလဲ။ ဖြစ်ချင်တော့ ဘုရင်ကိုယ်တိုင်က ဘာအလိုရှိသလဲလို့ စပြီး မေးတယ်။ (ဧသ. ၇:၂) အခု ဧသတာ “စကားပြောရတဲ့အချိန်” ကျပြီ။
ကိုယ်ကျိုးမငဲ့ဘဲ ပညာရှိရှိ၊ သတ္တိရှိရှိ သူလုပ်ဆောင်ခဲ့
၁၇ ဧသတာ ဘာမှမပြောခင် စိတ်ထဲကနေ ဆုတောင်းလိုက်တာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ သူက “အရှင်မင်းကြီး၊ ကျွန်မကို စိတ်တော်နဲ့ တွေ့တယ်၊ အလိုတော် ရှိတယ်ဆိုရင် ကျွန်မအသက်ကို ကယ်တင်ပေးဖို့ အသနားခံပါတယ်။ ကျွန်မရဲ့ လူမျိုးကိုလည်း အသက်ချမ်းသာပေးဖို့ အသနားခံပါတယ်” လို့တောင်းပန်တယ်။ (ဧသ. ၇:၃) ဘုရင့်ရဲ့ အဆုံးအဖြတ်ကို လက်ခံပါ့မယ်လို့ ဧသတာ လျှောက်တင်ရင်း သူ့ကို ရိုသေလေးစားကြောင်း ဖော်ပြခဲ့တယ်။ အဲဒီအပြုအမူက ဘုရင်အရှက်ရအောင် တမင်တကာလုပ်ခဲ့တဲ့ မိဖုရားဟောင်း ဝါရှတိနဲ့ တစ်ခြားစီပဲ။ (ဧသ. ၁:၁၀-၁၂) ဒါ့အပြင် ဟာမန်အပေါ် ဘုရင် မျက်စိမှိတ်ယုံနေတာကို ဧသတာ အပြစ်မတင်ခဲ့ဘူး။ အဲဒီအစား အသက်အန္တရာယ် ကြုံနေရတဲ့ သူ့ကို ကာကွယ်ပေးဖို့ ဘုရင်ကို အသနားခံတယ်။
ကိုယ်ကျိုးမငဲ့ဘဲ ပညာရှိရှိ၊ သတ္တိရှိရှိ သူလုပ်ဆောင်ခဲ့
၁၈ ဧသတာရဲ့ စကားကိုကြားတော့ ဘုရင် အံ့သြသွားပြီး သူ့ကို သနားသွားမှာ သေချာတယ်။ မိဖုရားကို အန္တရာယ်ပေးဝံ့သူက ဘယ်သူလဲ။ ဧသတာက “ကျွန်မနဲ့ ကျွန်မရဲ့လူမျိုး ရောင်းစားခံလိုက်ရပြီ။ ကျွန်မတို့ အသတ်ခံရတော့မယ်။ သုတ်သင်ပယ်ရှင်း ခံရတော့မယ်။ ကျွန်အဖြစ် ရောင်းစားခံရရုံပဲဆိုရင်တော့ ကျွန်မ နှုတ်ဆိတ်နေဦးမှာပါ။ အခုတော့ ဒီဘေးဆိုးကြီးဟာ မင်းကြီးကိုလည်း အကျိုးယုတ်စေမှာဖြစ်လို့ ခွင့်ပြုတော်မမူပါနဲ့” ဆိုပြီး ပြောလိုက်တယ်။ (ဧသ. ၇:၄) ဧသတာက ပြဿနာကို အကုန်ထုတ်ပြောလိုက်ပေမဲ့ ကျွန်အဖြစ် ခိုင်းဖို့လောက်ပဲဆိုရင် ထုတ်ပြောမှာ မဟုတ်ဘူးလို့ ပြောတာကို သတိပြုပါ။ ဒါပေမဲ့ ရေငုံနှုတ်ပိတ် နေလိုက်မယ်ဆိုရင် အဲဒီ မျိုးဖြုတ်သတ်ဖြတ်မှုကြောင့် ဘုရင်ပါ အကြီးအကျယ် ဆုံးရှုံးနစ်နာသွားမယ်လို့ သူပြောတယ်။
၁၉ လူတစ်ယောက် သဘောပေါက်လက်ခံလာအောင် ဘယ်လို ပြောရမလဲဆိုတာ ဧသတာရဲ့ စံနမူနာက သင်ပေးပါတယ်။ ကိုယ်ချစ်တဲ့သူ၊ အခွင့်အာဏာရှိတဲ့သူကို ကြီးလေးတဲ့ ပြဿနာတစ်ခု ပြောပြတော့မယ်ဆိုရင် စိတ်ရှည်မှု၊ လေးစားမှု၊ ပွင့်လင်းမှု ရှိတာက နားဝင်အောင်ပြောဆိုဖို့ အတော်လေး အကူအညီဖြစ်စေတယ်။—ပညာ. ၁၆:၂၁၊ ၂၃။
ဘုရားရေးရာ ရတနာ
ဧသတာကျမ်းမှ ပေါ်လွင်ချက်များ
၇:၄—ဂျူးများကို မျိုးဖြုတ်သတ်ခြင်းသည် “ရှင်ဘုရင်အကျိုးနည်းခြင်း” မည်သို့ဖြစ်နိုင်သနည်း။ ဂျူးများကို ကျွန်အဖြစ် ရောင်းချရန်ဖြစ်နိုင်ခြေကို လိမ္မာပါးနပ်စွာ ဧသတာ ထောက်ပြခြင်းဖြင့် သူတို့ကိုဖျက်ဆီးပစ်မည်ဆိုပါက ရှင်ဘုရင်အား အကျိုးနည်းစေမည်ကို အလေးပေးပြောဆိုခဲ့သည်။ ဂျူးများကို ကျွန်အဖြစ် ရောင်းချရန် ဟာမန်စီစဉ်ခဲ့မည်ဆိုလျှင် ဘုရင့်ဘဏ္ဍာတိုက်အတွက် ရရှိမည့်ငွေပမာဏသည် ဟာမန် ပေးမည်ဟုကတိပြုထားသည့် ငွေအခွက် ၁၀၀,၀၀၀ ထက်ပိုများပေလိမ့်မည်။ ထို့ပြင် လျှို့ဝှက်ကြံစည်မှု အထမြောက်ခဲ့လျှင် မိဖုရားကိုလည်း ဆုံးရှုံးသွားနိုင်သည်။
စက်တင်ဘာ ၂၅–အောက်တိုဘာ ၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဧသတာ ၉-၁၀
“အခွင့်အာဏာကို ကိုယ်ကျိုးမဖက် အသုံးပြုခဲ့”
it-2 ၄၃၂ ပိုဒ်. ၂
မော်ဒကဲ
မော်ဒကဲဟာ ဟာမန်နေရာမှာ ဝန်ကြီးချုပ်ဖြစ်လာတယ်။ ဘုရင့်အမိန့်စာတွေကို တံဆိပ်ခတ်ဖို့ မင်းကြီးရဲ့ လက်စွပ် ရရှိတယ်။ ဧသတာကလည်း မိမိကို မင်းကြီးပေးထားတဲ့ ဟာမန်ရဲ့ ပိုင်ဆိုင်ရာမှန်သမျှကို ကြီးကြပ်ဖို့ မော်ဒကဲကို တာဝန်ပေးလိုက်တယ်။ အဲဒီနောက် ဂျူးတွေ ကိုယ့်အသက်အတွက် ခုခံကာကွယ်ခွင့်ရှိတယ်ဆိုတဲ့ အမိန့်စာကို ဘုရင့်အခွင့်အာဏာနဲ့ မော်ဒကဲ ထုတ်ပြန်လိုက်တယ်။ လွတ်မြောက်ဖို့ လမ်းစပွင့်လာလို့ ဂျူးတွေ ဝမ်းမြောက်ရွှင်လန်းနေကြပြီ။ ပါရှားအင်ပါယာက လူအတော်များများ ဂျူးတွေနဲ့ ပူးပေါင်းလာကြတယ်။ အမိန့်တော်စာအတိုင်း လုပ်ဆောင်ရမယ့်နေ့ အာဒါလ၊ ၁၃ ရက် ရောက်တဲ့အခါ ဂျူးတွေ အဆင်သင့် ဖြစ်နေကြပြီ။ မော်ဒကဲရဲ့ ရာထူးဩဇာကြောင့် အာဏာပိုင်တွေက ဂျူးတွေကို အားပေးထောက်ခံကြတယ်။ ရှုရှန်မြို့မှာ တိုက်ခိုက်ဖို့ နောက်တစ်ရက် ထပ်ရတယ်။ ဟာမန်ရဲ့သား ဆယ်ယောက်အပါအဝင် ပါရှားအင်ပါယာ တစ်ခွင်လုံးမှာ ဂျူးတွေရဲ့ ရန်သူ ၇၅,၀၀၀ ကျော် ကွပ်မျက်ခံရတယ်။ (ဧသ ၈:၁–၉:၁၈) ဧသတာရဲ့ အတည်ပြုချက်နဲ့ မော်ဒကဲက “ပုရိမ်ပွဲနေ့တွေ” လို့ခေါ်တဲ့ အာဒါလ ၁၄ နဲ့ ၁၅ ရက်ကို ပျော်ပျော်ပါးပါး ပွဲခံရာနေ့၊ ပျော်ပွဲရွှင်ပွဲ ကျင်းပရာနေ့၊ အချင်းချင်းကို အစားအစာတွေ လက်ဆောင်တွေပေးတဲ့နေ့၊ ဆင်းရဲသားတွေကို ပေးကမ်းစွန့်ကြဲတဲ့နေ့အဖြစ် နှစ်စဉ်ကျင်းပဖို့ သတ်မှတ်လိုက်တယ်။ သားမြေးတွေရော၊ လာရောက်ပူးပေါင်းသူအားလုံးပါ ပွဲတော်ကို ကျင်းပဖို့ ဂျူးတွေ သဘောတူတယ်။ အင်ပါယာမှာ ဒုတိယအကြီးဆုံးဖြစ်တဲ့ မော်ဒကဲကို ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံထားတဲ့ ဂျူးအားလုံး ရိုသေလေးစားကြတယ်။ မော်ဒကဲကလည်း ဂျူးတွေရဲ့အကျိုးကို ဆက်လက်သယ်ပိုးခဲ့တယ်။—ဧသ ၉:၁၉-၂၂၊ ၂၇-၃၂။ ၁၀:၂၊ ၃။
it-2 ၇၁၆ ပိုဒ်. ၅
ပုရိမ်
ရည်ရွယ်ချက်။ ဒီနေ့ခေတ် ဂျူးတွေ ကျင်းပတဲ့ ပုရိမ်ပွဲဟာ ဘာသာရေးထက် လောကီအငွေ့အသက် ပိုများတယ်၊ တစ်ခါတလေ အလွန်အကျူး ဖြစ်သွားတယ်လို့ တချို့ မှတ်ချက်ပေးကြတယ်။ ပုရိမ်ပွဲကို အစပြုကျင်းပချိန်နဲ့ အစောပိုင်းနှစ်တွေတုန်းကတော့ အဲဒီလို လုံးဝ မဟုတ်ခဲ့ဘူး။ မော်ဒကဲနဲ့ ဧသတာတို့ဟာ စစ်မှန်တဲ့ဘုရား ယေဟောဝါရဲ့ကျေးကျွန်တွေ ဖြစ်ကြပြီး ယေဟောဝါကို ဂုဏ်တင်ဖို့ ပွဲကို ကျင်းပခဲ့တာပါ။ ယေဟောဝါကို အကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ဖို့ မော်ဒကဲ သမာဓိစောင့်ထိန်းခဲ့လို့ ဒီကိစ္စဖြစ်လာတာဆိုတော့ ဂျူးတွေ အသက်ချမ်းသာရာရဖို့ ယေဟောဝါဘုရား ကယ်တင်ပေးခဲ့တာ။ ဟာမန်ဟာ အာမလက်လူမျိုး ဖြစ်နိုင်တယ်။ အာမလက်လူတွေကို အစတုံးဖျက်ဆီးရမယ်လို့ ယေဟောဝါ ကျိန်ခဲ့တယ်။ မော်ဒကဲက ယေဟောဝါရဲ့ အမိန့်ကို လေးစားတယ်၊ ဟာမန်ကို လုံးဝ ဦးမညွှတ်ဘူး။ (ဧသ ၃:၂၊ ၅။ ထွ ၁၇:၁၄-၁၆) အဲဒီအပြင် ဧသတာကို ပြောတဲ့စကား (ဧသ ၄:၁၄) အရ ဂျူးတွေကို ကယ်တင်ပေးဖို့ ဘုရားရဲ့ အကူအညီကို မော်ဒကဲ စောင့်မျှော်နေမှန်း ထင်ရှားတယ်။ ဧသတာလည်း မင်းကြီးရှေ့ ဝင်ပြီး စားသောက်ပွဲကို လာရောက်ဖို့ မဖိတ်ခေါ်ခင် အစာရှောင်ခဲ့တယ်။ ဒီနည်းနဲ့ ဘုရားသခင်ကို ဧသတာ အသနားခံခဲ့တယ်။—ဧသ ၄:၁၆။
သင်၏သြဇာတန်ခိုးကိုအသုံးပြုရာ၌ ‘ဘုရားသခင်နည်းတူ ကျင့်လော့’
၁၂ ယေဟောဝါသည် ကြီးကြပ်မှူးများအား ခရစ်ယာန်အသင်းတော်တွင် ဦးစီးဦးဆောင်ရန် စီမံထား၏။ (ဟေဗြဲ ၁၃:၁၇) ဤအရည်အချင်းပြည့်မီသူ အမျိုးသားတို့သည် သူတို့ရရှိထားသော ဘုရားပေးအခွင့်အာဏာကို လိုအပ်သောအကူအညီပေးခြင်းတွင်သုံးကာ သိုးတော်စု၏အကျိုးစီးပွားကို တိုးပွားစေရန်ဖြစ်သည်။ အကြီးအကဲများသည် သူတို့၏ရာထူးကြောင့် ယုံကြည်သူချင်းတို့အပေါ် အာဏာသုံးခွင့်ရှိသလော။ လုံးဝမရှိ! အကြီးအကဲများသည် အသင်းတော်၌ သူတို့ရရှိထားသည့်အခန်းကဏ္ဍကို ချင့်ချိန်နှိုင်းဆ နှိမ့်ချစွာရှုမြင်ဖို့လိုသည်။ (၁ ပေတရု ၅:၂၊ ၃) သမ္မာကျမ်းစာက ကြီးကြပ်မှူးများကို ဤသို့မိန့်မှာသည်– “ဘုရားသခင်သည် မိမိ [သားတော်၏] အသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို . . . သတိနှင့်ကြည့်ရှုကြလော့။” (တမန်တော် ၂၀:၂၈) ယင်းသည် သိုးတော်စုရှိ တစ်ဦးစီကို ချစ်ခင်ကြင်နာစွာ ဆက်ဆံရန်အတွက် အကြောင်းကောင်းဖြစ်သည်။
၁၃ ယင်းကို ကျွန်ုပ်တို့ ဤသို့သရုပ်ဖော်နိုင်သည်။ သင်၏ရင်းနှီးသော မိတ်ဆွေတစ်ဦးက သူမြတ်နိုးသော ပစ္စည်းတစ်ခုကို ကြည့်ရှုထိန်းသိမ်းထားပေးရန် သင့်အား တောင်းဆိုပေမည်။ ဤပစ္စည်းအတွက် သင့်မိတ်ဆွေသည် တန်ဖိုးကြီးကြီးပေးဝယ်ထားကြောင်း သင်သိထားသည်။ ယင်းကြောင့် သင်သည် ထိုပစ္စည်းကို အထူးဂရုစိုက်မည် မဟုတ်ပေလော။ အလားတူပင် ဘုရားသခင်သည် အကြီးအကဲများကို အမှန်ပင် အလွန်တန်ဖိုးရှိသော ပစ္စည်းဖြစ်သည့် သိုးနှင့်နှိုင်းထားသော အသင်းတော်သားများကို ဂရုတစိုက်ကြည့်ရှုရန် တာဝန်ပေးအပ်ထား၏။ (ယောဟန် ၂၁:၁၆၊ ၁၇) ယေဟောဝါ၏ သိုးများသည် ကိုယ်တော်အတွက် အလွန်တန်ဖိုးရှိသည်၊ ကိုယ်တော် မည်မျှတန်ဖိုးထားသနည်းဟူမူ တစ်ပါးတည်းသောသားတော် ယေရှုခရစ်၏ တန်ဖိုးရှိလှသော အသွေးတော်ဖြင့် သူတို့ကို ကိုယ်တော် ဝယ်ယူခဲ့သည်။ ယေဟောဝါတွင် မိမိသိုးတို့ကို ဝယ်ယူရန် ဤထက်ကြီးမားသော အဖိုးအခ မရှိတော့ချေ။ သို့ဖြစ်၍ နှိမ့်ချမှုရှိသော အကြီးအကဲများသည် ၎င်းကိုစိတ်စွဲမှတ်ထားလျက် ယင်းနှင့်အညီ ယေဟောဝါ၏ သိုးများကို ဆက်ဆံပြုမူကြ၏။
ဘုရားရေးရာ ရတနာ
ဧသတာကျမ်းမှ ပေါ်လွင်ချက်များ
၉:၁၀၊ ၁၅၊ ၁၆—အမိန့်အရ ဥစ္စာပစ္စည်းများကို သိမ်းယူခွင့်ရှိသော်လည်း ဂျူးများသည် အဘယ်ကြောင့်မသိမ်းယူကြသနည်း။ သူတို့၏ရည်ရွယ်ချက်မှာ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ မိမိတို့အသက်ကို ကာကွယ်ရန်သာဖြစ်ကြောင်း ထင်ရှားသည်။
အောက်တိုဘာ ၂-၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၁-၃
“ယေဟောဝါဘုရားကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးကြောင်း ဆက်တင်ပြနေပါ”
နောဧ၊ ဒံယေလ၊ ယောဘတို့ရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို တုပပါ
၁၆ ယောဘ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲများ။ ယောဘဟာ အပြောင်းအလဲကြီးတွေ ကြုံတွေ့ခဲ့တယ်။ စမ်းသပ်မှု မခံရခင်တုန်းက “အရှေ့ပြည်သားတွေထဲမှာ အချမ်းသာဆုံး” ဖြစ်ခဲ့တယ်။ (ယောဘ ၁:၃) ချမ်းသာတယ်။ လူသိများတယ်။ လေးစားခံရတယ်။ (ယောဘ ၂၉:၇-၁၆) ဒါပေမဲ့ ယောဘ ဘဝင်မမြင့်ဘူး။ ဘုရား မလိုဘူးလို့ မယူဆခဲ့ဘူး။ သူ့ကို ယေဟောဝါက “ငါ့ကျွန်” လို့ခေါ်ပြီး “ရိုးဖြောင့်သူ၊ သမာဓိရှိသူ၊ ဘုရားသခင်ကို ကြောက်ရွံ့သူ၊ မကောင်းမှုကို ရှောင်တဲ့သူပဲ” လို့ ပြောခဲ့တယ်။—ယောဘ ၁:၈။
၁၇ အချိန်တိုအတွင်းမှာ ယောဘရဲ့ဘဝ အကြီးအကျယ် ပြောင်းလဲခဲ့တယ်။ ဆင်းရဲတွင်းနက်ပြီး မွဲပြာကျခဲ့တယ်။ တရားခံကတော့ ကိုယ်ကျိုးအတွက် ဘုရားကို ကိုးကွယ်တယ်လို့ မဟုတ်မမှန် စွပ်စွဲတဲ့ စာတန်ပါပဲ။ (ယောဘ ၁:၉၊ ၁၀ ကိုဖတ်ပါ။) အဲဒီစွပ်စွဲချက်ကို ယေဟောဝါ ပေါ့ပေါ့တန်တန် သဘောမထားဘူး။ သမာဓိရှိကြောင်း သက်သေပြဖို့၊ စိတ်ရင်းမှန်နဲ့ ကိုးကွယ်ကြောင်း ပြဖို့ ယောဘကို အခွင့်အရေး ပေးခဲ့တယ်။
သမာဓိ စောင့်ထိန်းပါ
၁၀ ကျွန်တော်တို့ယောက်တိုင်းကိုလည်း စာတန် အဲဒီလို စွပ်စွဲနေတယ်။ သင်နဲ့ ဘယ်လို ပတ်သက်နေသလဲ။ ယေဟောဝါကို တကယ် မချစ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ကယ်ဖို့ ဘုရားကို စွန့်မယ်၊ သမာဓိ စောင့်ထိန်းမှာ မဟုတ်ဘူးလို့ သင့်ကို စာတန် ပြောနေတယ်။ (ယောဘ ၂:၄၊ ၅။ ဗျာ. ၁၂:၁၀) သင် ဘယ်လို ခံစားရသလဲ။ စိတ်ထိခိုက်တယ် မဟုတ်လား။ ဒါပေမဲ့ ဒီအချက်ကို စဉ်းစားကြည့်ပါ– သင့်ကို ယေဟောဝါ ယုံကြည်စိတ်ချလို့ အခွင့်အရေးကြီး ပေးထားတယ်။ သင့်ရဲ့ သမာဓိကို စမ်းသပ်ဖို့ စာတန်ကို ခွင့်ပေးထားတယ်။ သင် သမာဓိ စောင့်ထိန်းမယ်၊ စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း သက်သေထူမယ်ဆိုတာ ယေဟောဝါ စိတ်ချတယ်။ ကူညီပေးမယ်လို့လည်း ကတိပေးထားတယ်။ (ဟီ. ၁၃:၆) စကြဝဠာ အချုပ်အခြာအာဏာရှင်ရဲ့ ယုံကြည်စိတ်ချမှု ရထားတာ အခွင့်ထူးပါပဲ။ သမာဓိရှိဖို့ ဘာကြောင့် အရေးကြီးကြောင်း နားလည်ပြီလား။ သမာဓိရှိမှ စာတန်ရဲ့ လိမ်ညာမှုတွေကို ချေပနိုင်မယ်၊ အဖဘုရားရဲ့ နာမည်ကောင်းကို ထိန်းသိမ်းပြီး ဘုရားရဲ့ အုပ်ချုပ်ပုံကို ထောက်ခံနိုင်မယ်။ ဒါဆို သမာဓိရှိခြင်းဆိုတဲ့ အရည်အသွေးကို ဘယ်လို မွေးမြူနိုင်မလဲ။
ဘုရားရေးရာ ရတနာ
ယေရှု ပြောခဲ့တဲ့ နောက်ဆုံးစကားတွေကနေ သင်ယူပါ
၉ ယေရှု ဘာပြောခဲ့သလဲ။ သေဆုံးခါနီးလေးမှာ “ကျွန်တော့်ဘုရား၊ ကျွန်တော့်ဘုရား၊ ကျွန်တော့်ကို ဘာလို့ စွန့်ပစ်တာလဲ” လို့ ယေရှု အော်ပြောတယ်။ (မ. ၂၇:၄၆) ဘာကြောင့် အဲဒီလို ပြောတယ်ဆိုတာတော့ ကျမ်းစာမှာ မရှင်းပြထားဘူး။ ဒါပေမဲ့ အဲဒီစကားတွေကနေ ဘာသင်ယူနိုင်ကြောင်း စဉ်းစားကြည့်ပါ။ တစ်ချက်အနေနဲ့ ယေရှု အဲဒီစကားတွေ ပြောတာက ဆာလံ ၂၂:၁ မှာပါတဲ့ ပရောဖက်ပြုချက် ပြည့်စုံစေဖို့ ဖြစ်တယ်။ အဲဒီအပြင် သားတော်ကို ယေဟောဝါ “ကာကွယ်” မပေးထားကြောင်းလည်း အဲဒီစကားတွေက ဖော်ပြတယ်။ (ယောဘ ၁:၁၀) ဘယ်လူသားမှ စမ်းသပ်မခံရဖူးတဲ့ အတိုင်းအတာနဲ့ သေဆုံးတဲ့အထိ စမ်းသပ်ခံရဖို့ ဖခင် ခွင့်ပြုမယ်ဆိုတာ ယေရှု သိတယ်။ သေဒဏ် ခံထိုက်တဲ့ ဘယ်ပြစ်မှုမှ မကျူးလွန်ခဲ့ဘူးဆိုတာလည်း ယေရှုရဲ့ စကားတွေက ဖော်ပြတယ်။
အောက်တိုဘာ ၉-၁၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၄-၅
“သတင်းအမှားတွေကို ရှောင်ပါ”
it-1 ၇၁၃ ပိုဒ်. ၁၁
ဧလိဖတ်
၂။ ယောဘရဲ့ မိတ်ဆွေသုံးယောက်ထဲက တစ်ယောက် ဖြစ်တယ်။ (ယဘ ၂:၁၁) တေမန်အမျိုးသားဖြစ်ပြီး ဧသောရဲ့သားဦးကနေ ဆင်းသက်လာပုံရတယ်။ အာဗြဟံရဲ့ ဆွေစဉ်မျိုးဆက်ဖြစ်လို့ ယောဘနဲ့လည်း အမျိုးတော်စပ်တယ်။ ဧလိဖတ်နဲ့ နောင်လာနောက်သားတွေက သူတို့ကိုယ်သူတို့ ဉာဏ်ပညာရှင်တွေလို့ ဝါကြွားကြတယ်။ (ယေ ၄၉:၇) ‘နှစ်သိမ့်စကားတွေပြောသူ’ သုံးဦးထဲမှာ ဧလိဖတ်ဟာ အရေးပါဆုံး၊ သြဇာအရှိဆုံးသူဖြစ်တဲ့အတွက် အသက်အကြီးဆုံးလည်း ဖြစ်ပုံရှိတယ်။ သုံးကြိမ် အပြန်အလှန်ပြောဆိုချိန်မှာ ဧလိဖတ်က အရင်ဆုံးပြောတဲ့သူ၊ အကြာဆုံး ပြောတဲ့သူလည်း ဖြစ်တယ်။
မှားယွင်းသော အတွေးအခေါ်ကို တွန်းလှန်လော့
ဧလိဖတ်က “ဝိညာဉ်တစ်ပါးသည် ငါ့ရှေ့၌ ကန့်လန့်လျှောက်သွား၍ ငါသည် ကြက်သီးမွေးညင်း ထလေ၏။ ထိုဝိညာဉ်သည် ရပ်နေ၍ ပုံသဏ္ဌာန်လည်း သေချာစွာ မထင်မရှား အရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသောအသံရှိ၍ ငါကြားသောစကားသံဟူမူကား” ဟုဆိုကာ သူတွေ့ကြုံခဲ့ဖူးသော သဘာဝလွန် ဖြစ်ရပ်တစ်ခုကို ပြန်ပြောပြခဲ့သည်။ (ယောဘ ၄:၁၅၊ ၁၆) ဧလိဖတ်၏ အတွေးအခေါ်ကို အဘယ်ဝိညာဉ်က လွှမ်းမိုးခဲ့သနည်း။ ပြစ်တင်သံဖြင့် ဆက်ပြောသော စကားအရ ထိုဝိညာဉ်သည် ဘုရားသခင်၏ ဖြောင့်မတ်သော ကောင်းကင်တမန်တစ်ပါး လုံးဝမဟုတ်ကြောင်း ထင်ရှားသည်။ (ယောဘ ၄:၁၇၊ ၁၈) ထိုအသံရှင်မှာ ဆိုးညစ်သောဝိညာဉ် သတ္တဝါ ဖြစ်သည်။ သို့မဟုတ်ပါက မဟုတ်မမှန် ပြောဆိုမှုဖြင့် ဧလိဖတ်နှင့် သူ့အဆွေနှစ်ဦးကို ယေဟောဝါ အဘယ်ကြောင့် ပြစ်တင်ဆုံးမရမည်နည်း။ (ယောဘ ၄၂:၇) ဧလိဖတ်သည် နတ်ဆိုးဩဇာအောက် ရောက်ခဲ့သည်မှာ အမှန်ပင်။ သူ၏အပြောအဆိုက ဘုရားသခင်၏ တရားတော်နှင့် မညီသော အတွေးအခေါ်ကို ထင်ဟပ်ပြသည်။
စာတန်၏ ဝါဒဖြန့်မှုကို တွန်းလှန်ပါ
စာတန်သည် ယောဘ၏ မိတ်ဆွေတစ်ဦးဖြစ်သူ ဧလိဖတ်ကိုသုံး၍ လူသည် ခုခံတွန်းလှန်နိုင်စွမ်း မရှိသူဖြစ်ကြောင်း ကျိုးကြောင်းဆင်ခြင်ခဲ့သည်။ လူသည် “မြေမှုန့်၌တည်၍ မြေအိမ်ထဲတွင်နေလျက် ပိုးရွထက်ပင် ကြေမွလွယ်သောသူ” များဖြစ်ကာ “တစ်နေ့ချင်းတွင် ကြေမွခြင်းခံရတတ်ကြ၏။ အဘယ်သူမျှ ပမာဏမပြုဘဲ ထာ၀ရပျက်စီးခြင်းသို့ ရောက်တတ်သည်” ဟု ယောဘအား ပြောခဲ့သည်။—ယောဘ ၄:၁၉၊ ၂၀၊ သမ္မာ။
အခြားကျမ်းချက်များတွင် ကျွန်ုပ်တို့သည် ရွှံ့ဖြင့်ပြုလုပ်ထားသော ကွဲလွယ်သည့် “မြေအိုးများ” နှင့်တူသည်ဟု ဖော်ပြထား၏။ (၂ ကော. ၄:၇) ကျွန်ုပ်တို့သည် အပြစ်နှင့်သေခြင်းကို အမွေခံထားရသောကြောင့် အားနည်းကြသည်။ (ရော. ၅:၁၂) စာတန်၏ တိုက်ခိုက်မှုများကို မိမိဘာသာ မတွန်းလှန်နိုင်ချေ။ သို့သော် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် အကူအညီမဲ့ မဟုတ်ကြပါ။ ကျွန်ုပ်တို့သည် အားနည်းကြသော်လည်း ဘုရားသခင့်အမြင်တွင် တန်ဖိုးရှိသည်။ (ဟေရှာ. ၄၃:၄) ထို့ပြင် ယေဟောဝါသည် တောင်းသောသူတို့အား ကိုယ်တော်၏ သန့်ရှင်းသောစွမ်းအားတော်ကို ပေးတော်မူသည်။ (လု. ၁၁:၁၃) ကိုယ်တော်၏ စွမ်းအားတော်သည် ကျွန်ုပ်တို့ကို “သာမန်ထက်ထူးကဲသောတန်ခိုး” ပေးနိုင်ပြီး ကျွန်ုပ်တို့အပေါ် စာတန်ကျရောက်စေသည့် မည်သည့်ဆင်းရဲဒုက္ခကိုမဆို ဖြေရှင်းနိုင်ပါသည်။ (၂ ကော. ၄:၇; ဖိ. ၄:၃) “ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံ” ကာ စာတန်ကို အခိုင်အမာ တိုက်လှန်ပါက ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကြံ့ခိုင်သန်စွမ်းစေပါလိမ့်မည်။ (၁ ပေ. ၅:၈-၁၀) ထို့ကြောင့် ကျွန်ုပ်တို့သည် စာတန်ကို ကြောက်စရာမလိုပါ။
သတင်းမှားတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ပုံ
• သတင်းရင်းမြစ်၊ အကြောင်းအရာကို ဆန်းစစ်ပါ
ကျမ်းစာအဆို။ “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေးပါ။”—၁ သက်သာလောနိတ် ၅:၂၁။
အထပ်ထပ် အကျော့ကျော့ ဖော်ပြနေတဲ့ နာမည်ကြီးသတင်း ဖြစ်နေရင်တောင် မျက်စိမှိတ် မယုံခင်၊ တစ်ဆင့် ပြန်မရှဲခင် သတင်းမှန်ရဲ့လားဆိုတာ ဆန်းစစ်ပါ။ ဘယ်လို ဆန်းစစ်မလဲ။
သတင်းရင်းမြစ်က ယုံကြည်ရရဲ့လားဆိုတာ ဆန်းစစ်ပါ။ သတင်းဌာနတွေ၊ အဖွဲ့အစည်းတွေက စီးပွားရေး၊ နိုင်ငံရေးအရ ဘက်လိုက်မှုရှိတဲ့ သတင်းတွေကို လိုရာဆွဲရေးထားတာ ဖြစ်နိုင်တယ်။ တခြားသတင်းဌာနတွေကော ဘယ်လို ဖော်ပြသလဲ နှိုင်းယှဉ်ပါ။ တစ်ခါတလေ သူငယ်ချင်းတွေက အမှုမဲ့အမှတ်မဲ့နဲ့ သတင်းမှားတွေကို အီးမေးလ် ပို့ပေးတာ၊ လူမှုမီဒီယာမှာ ပို့စ်တင်လိုက်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် သတင်းရင်းမြစ်ကို အတိအကျ မသိဘူးဆိုရင် မယုံတာ ကောင်းတယ်။
အကြောင်းအရာက လက်ရှိဖြစ်နေတာလား၊ တိကျမှန်ကန်ရဲ့လား အသေအချာ ဆန်းစစ်ပါ။ ရက်စွဲ၊ အချက်အလက်အမှန်၊ သတင်းမှန် ဖြစ်ကြောင်း ခိုင်လုံတဲ့အထောက်အထားကို ရှာပါ။ ခက်ခဲရှုပ်ထွေးတဲ့ အကြောင်းအရာကို ပေါ့ပျက်ပျက် ဖော်ပြထားတဲ့သတင်း၊ စိတ်ခံစားချက်တွေကို ဆွပေးတဲ့ သတင်းမျိုးဆိုရင် ပိုသတိထားပါ။
ဘုရားရေးရာ ရတနာ
တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍ အသက်ပြေးပွဲတွင် ဆုယူလော့
စစ်မှန်သော ဝတ်ပြုသူများ၏ ကမ္ဘာချီ အဖွဲ့အစည်းတွင် တစ်ဦးအပါအဝင် ဖြစ်ရခြင်းက ကျွန်ုပ်တို့ကို မြဲမြံတည်ကြည်စေနိုင်သည်။ ဤသို့သော မေတ္တာရှိ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းနှင့် ပေါင်းသင်းရခြင်းသည် အမှန်တကယ် ကြီးမားသော ကောင်းချီးပါတကား! (၁ ပေတရု ၂:၁၇) ထို့ပြင် ကျွန်ုပ်တို့သည် ယုံကြည်သူချင်းများကို စိတ်တည်ငြိမ်မှု ရရှိစေနိုင်သည်။
ဖြောင့်မတ်သောသူ ယောဘ၏ အကျိုးဖြစ်ထွန်းသော လုပ်ရပ်များကို သုံးသပ်ကြည့်ပါ။ ဟန်ဆောင်၍ နှစ်သိမ့်ပေးခဲ့သူ ဧလိဖတ်သည် ဤသို့ဝန်ခံခဲ့ရသည်– “သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသော ဒူးတို့ကိုလည်း တည့်စေပြီ။” (ယောဘ ၄:၄) ကျွန်ုပ်တို့ကော မည်သို့နည်း။ ကျွန်ုပ်တို့ တစ်ဦးစီအနေနှင့် ဘုရားသခင့် လုပ်ငန်းတော်တွင် ခံနိုင်ရည်ရှိကြရန် ကျွန်ုပ်တို့၏ ဝိညာဉ်ရေး ညီအစ်ကို၊ ညီအစ်မများကို ကူညီပေးဖို့ တာဝန်ရှိသည်။ ညီအစ်ကို၊ ညီအစ်မများနှင့် ဆက်ဆံရာတွင် “အားမရှိသော လက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့” ဟုဆိုသည့်အတိုင်း ကျွန်ုပ်တို့ လုပ်ဆောင်နိုင်ကြ၏။ (ဟေရှာယ ၃၅:၃) ထို့ကြောင့် ခရစ်ယာန်ချင်းတို့နှင့် တွေ့ဆုံသည့်အခါတိုင်း တစ်ဦး၊ နှစ်ဦးကို အားပေးတည်ဆောက်ရန် ပန်းတိုင်ထားပါ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ယေဟောဝါ၏ စိတ်တော်နှင့်တွေ့ရန် သူတို့ ကြိုးစားပြုလုပ်လေမျှကို ချီးမွမ်းပြီး ကျေးဇူးတင်ကြောင်း ပြောဆိုခြင်းအားဖြင့် အသက်ပြေးပွဲတွင် ဆုရသည့်အထိ ပြေးရန် တည်ကြည်သောစိတ် အမှန်ရှိစေနိုင်သည်။
အောက်တိုဘာ ၁၆-၂၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၆-၇
“မခံမရပ်နိုင်တော့ဘူးလို့ ခံစားရတဲ့အခါ”
ယောဘကျမ်းမှ ပေါ်လွင်ချက်များ
၇:၁; ၁၄:၁၄—“ပင်ပန်းစွာအမှုထမ်းရ [“မလွဲမရှောင်သာသောအမှု၊” ကဘ]” ဟူသည်မှာ အဘယ်အရာကိုဆိုလိုသနည်း။ ယောဘသည် အလွန်စိတ်ထောင်းကိုယ်ကြေဖြစ်နေရာ မိမိအသက်ရှင်နေရခြင်းကို ခက်ခဲကြမ်းတမ်းပြီး ရှောင်လွဲ၍မရသော ပင်ပန်းစွာ အမှုထမ်းရခြင်းအဖြစ် ယူမှတ်ခဲ့သည်။ (ယောဘ ၁၀:၁၇၊ ကဘ၊ အောက်ခြေမှတ်ချက်) လူတစ်ဦးသည် သေဆုံးချိန်မှ ရှင်ပြန်ထမြောက်ချိန်အထိ ရှီးအိုးလ်တွင် မဖြစ်မနေ,နေရမည် ဖြစ်သောကြောင့် ယင်းကို မလွဲမရှောင်သာသောအမှုနှင့် ယောဘ နှိုင်းယှဉ်ခဲ့သည်။
‘စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ယေဟောဝါ ကယ်တင်တယ်’
လူ့ဘဝဟာ တိုတောင်းပြီး “ဒုက္ခတွေ ပြည့်နှက်နေတယ်။” (ယောဘ ၁၄:၁) ဒါကြောင့်လည်း ကျွန်တော်တို့ မကြာခဏ စိတ်ဓာတ်ကျရတာ ဖြစ်တယ်။ ရှေးခေတ် ဘုရားကျေးကျွန်များစွာလည်း အဲဒီလို ခံစားရပြီး တချို့ဆိုရင် သေချင်တဲ့အထိတောင် ဖြစ်ခဲ့ကြတယ်။ (၁ ဘု. ၁၉:၂-၄။ ယောဘ ၃:၁-၃၊ ၁၁။ ၇:၁၅၊ ၁၆) ဒါပေမဲ့ သူတို့ ယုံကြည်ကိုးစားတဲ့ ဘုရား ယေဟောဝါက သူတို့ကို အမြဲ နှစ်သိမ့်ပြီး ခွန်အားပေးခဲ့တယ်။ ကျွန်တော်တို့ကို နှစ်သိမ့်ပေးဖို့၊ သွန်သင်ဆုံးမဖို့ အဲဒီအကြောင်းတွေ မှတ်တမ်းတင်ထားတယ်။—ရော. ၁၅:၄။
န ၁/၁၂ ၁၆-၁၇
အသက်မရှင်ချင်တော့ဘူးလို့ ခံစားရရင်
လွတ်လမ်းမရှိတဲ့ အခြေအနေမျိုးကို ကြုံနေရရင် သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သတိရပါ။ ဝမ်းနည်းစရာက၊ လူတိုင်းလိုလို အခက်အခဲပြဿနာ တစ်မျိုးမဟုတ်တစ်မျိုး ကြုံနေရတယ်။ ကျမ်းစာက “ဖန်ဆင်းရာအားလုံး အခုချိန်အထိ တညီတညွတ်တည်း ညည်းတွားပြီး ဝေဒနာခံစားနေ” ရတယ်လို့ ဆိုထားတယ်။ (ရောမ ၈:၂၂) ရုတ်တရက်ကြည့်လိုက်ရင် ပြဿနာတွေ ဘယ်တော့မှ ပြေလည်သွားမှာမဟုတ်ဘူးလို့ ထင်ရပေမဲ့ အချိန်ကြာလာတဲ့အခါ အခြေအနေ ကောင်းလာတတ်တယ်။ ဒါဆို လောလောဆယ် ဘာလုပ်နိုင်မလဲ။
ရင့်ကျက်တဲ့၊ ယုံကြည်စိတ်ချရသူ မိတ်ဆွေတစ်ယောက်ကို ရင်ဖွင့်လိုက်ပါ။ ကျမ်းစာက ဒီလိုဆိုတယ်– “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။” (ပညာအလိမ္မာ ၁၇:၁၇) ကျမ်းစာထဲက ဖြောင့်မတ်သူ ယောဘဟာ စိတ်သောကရောက်ချိန်မှာ တခြားသူတွေကို ရင်ဖွင့်တယ်။ “အသက်ရှင်ရတာကို . . . ရွံမုန်းလှပြီ” လို့ ခံစားရတဲ့အခါ “မကျေနပ်ချက်တွေကို ဖွင့်ချလိုက်တော့မယ်။ ခါးသီးနာကြည်းစိတ်နဲ့ ပြောတော့မယ်” လို့ ဆိုတယ်။ (ယောဘ ၁၀:၁) တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်တဲ့အခါ စိတ်ပေါ့ပါးသွားနိုင်တယ်။ ကိုယ့်ပြဿနာတွေကို အမြင်ပြောင်းပြီး ကြည့်လာနိုင်တယ်။
ဘုရားသခင်ကို ဆုတောင်းပြီး ရင်ဖွင့်ပါ။ တချို့က ဆုတောင်းတယ်ဆိုတာ စိတ်သက်သာရာရစေတဲ့ စိတ်ကုထုံး တစ်ခုလောက်ပဲလို့ ယူမှတ်တယ်။ ကျမ်းစာကတော့ အဲဒီလို မပြောဘူး။ ယေဟောဝါဘုရားသခင်ဟာ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဖြစ်တယ်လို့ ဆာလံ ၆၅:၂ မှာ ဆိုတယ်။ ၁ ပေတရု ၅:၇ မှာလည်း “ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင်” ပဲလို့ ဖတ်ရတယ်။ ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့ အရေးကြီးတယ်လို့ ကျမ်းစာမှာ အကြိမ်ကြိမ် အလေးပေး ဖော်ပြထားတယ်။ ဥပမာ–
“ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။ ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဉ်းစားပါ။ ဘုရားက မင်းရဲ့လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။”—ပညာအလိမ္မာ ၃:၅၊ ၆။
“ကြောက်ရွံ့ရိုသေသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတယ်။ သူတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ နားထောင်ပြီး ကယ်တင်တယ်။”—ဆာလံ ၁၄၅:၁၉။
“အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်ဆိုတာ စိတ်ချတယ်။”—၁ ယောဟန် ၅:၁၄။
“ယေဟောဝါက လူဆိုးတွေနဲ့ ခပ်ဝေးဝေးနေတယ်။ ဖြောင့်မတ်သူတွေရဲ့ ဆုတောင်းချက်ကိုတော့ နားထောင်တယ်။”—ပညာအလိမ္မာ ၁၅:၂၉။
ကိုယ့်အခက်အခဲတွေကို ဘုရားသခင်ဆီ ရင်ဖွင့်ပြောပြလိုက်ရင် ဘုရားကူညီပေးပါလိမ့်မယ်။ ဒါကြောင့် “ကိုယ်တော့်ကို အချိန်တိုင်း ယုံကြည်ကိုးစားကြပါ။ ဘုရားကို ရင်ဖွင့်ကြပါ” လို့ ကျမ်းစာမှာ အားပေးထားတာပါ။—ဆာလံ ၆၂:၈။
ဘုရားရေးရာ ရတနာ
ညီအစ်ကို ညီအစ်မတွေနဲ့ ဆက်ဆံရာမှာ ယေဟောဝါကို တုပပါ
၁၀ အချင်းချင်း နားလည်ဖို့ ကြိုးစားခြင်းအားဖြင့် ယေဟောဝါကို တုပနိုင်တယ်။ ညီအစ်ကို/မတွေကို ပိုသိကျွမ်းအောင် လုပ်ပါ။ အစည်းအဝေး မစခင်နဲ့ ပြီးနောက် စကားပြောပါ။ အမှုဆောင်မှာ အတူပါဝင်ပါ။ ဖြစ်နိုင်ရင် ထမင်းဖိတ်ကျွေးပါ။ မဖော်ရွေဘူးလို့ ထင်ရတဲ့ ညီအစ်မတစ်ယောက်ဟာ တကယ်တော့ ရှက်တတ်သူ ဖြစ်နေမှန်း၊ ရုပ်ပစ္စည်းကို အဓိကထားတယ်လို့ ထင်ရတဲ့ ညီအစ်ကိုတစ်ယောက်ဟာ ဧည့်ဝတ်ကျေပွန်မှန်း၊ အစည်းအဝေး နောက်ကျလေ့ရှိတဲ့ မိသားစုဟာ ဆန့်ကျင်မှု ကြုံနေရမှန်း သိလာရနိုင်တယ်။ (ယောဘ ၆:၂၉) ကျွန်တော်တို့ဟာ “သူတစ်ပါးကိစ္စမှာ ဝင်စွက်” တဲ့သူ မဖြစ်သင့်ဘူး။ (၁ တိ. ၅:၁၃) ဒါပေမဲ့ ညီအစ်ကို/မတွေအကြောင်း၊ သူတို့ရဲ့ ဘဝနောက်ခံအကြောင်း သိထားတာ ကောင်းပါတယ်။ ဒါမှ သူတို့ကို ပိုနားလည်ပေးနိုင်မယ်။
အောက်တိုဘာ ၂၃-၂၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၈-၁၀
“ဘုရားသခင်ရဲ့ ခိုင်မြဲတဲ့မေတ္တာက စာတန်ရဲ့ အလိမ်အညာတွေကနေ ကာကွယ်ပေး”
ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်နိုင်ပါ့မလား
ယောဘဟာ မတရားပုံပေါက်တဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံခဲ့ရတယ်။ အဲဒီအခါ သူ့ရဲ့အတွေးအခေါ်တွေ မှားလာပြီး ဘုရားသခင်ကို ယုံတာပဲဖြစ်ဖြစ်၊ မယုံတာပဲဖြစ်ဖြစ် ကိုယ်တော်ဂရုစိုက်မှာ မဟုတ်ဘူးလို့တောင် ကောက်ချက်ချခဲ့တယ်။ (ယောဘ ၉:၂၀-၂၂) ဒါတင်မကဘူး၊ ယောဘက ကိုယ့်ဖြောင့်မတ်မှုကို စိတ်ချလွန်းတဲ့အတွက် ဘုရားသခင်ထက် သူပိုပြီးဖြောင့်မတ်တယ်လို့တောင် ပြောလာတယ်။—ယောဘ ၃၂:၁၊ ၂; ၃၅:၁၊ ၂။
ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ကျေးဇူးတင် လေးမြတ်ပါ
၁၄ ဘုရားသခင့် ခိုင်မြဲတဲ့ မေတ္တာက ဘုရားရေးရာဘက် ကာကွယ်မှု ပေးတယ်။ “ကိုယ်တော်ဟာ ပုန်းခိုရာနေရာပါ။ ကျွန်တော် ဒုက္ခမရောက်ရအောင် ကာကွယ်စောင့်ရှောက်ပေးလိမ့်မယ်။ လွတ်မြောက်သွားလို့ ရွှင်လန်းစွာ သီဆိုတဲ့ သီချင်းသံတွေနဲ့ ကျွန်တော့်ကို ခြံရံပေးလိမ့်မယ်။ . . . ယေဟောဝါကို ယုံကြည်ကိုးစားသူကိုတော့ ခိုင်မြဲတဲ့ မေတ္တာတော် ဝိုင်းရံနေတယ်” လို့ ယေဟောဝါဆီ ဒါဝိဒ် ဆုတောင်းတယ်။ (ဆာ. ၃၂:၇၊ ၁၀) ရှေးခေတ်တုန်းက မြို့ရိုးတွေဟာ မြို့သားတွေကို ကာကွယ်ပေးသလို ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကလည်း ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်စေနိုင်တဲ့ အရာမှန်သမျှကနေ ကာကွယ်ပေးတယ်။ အဲဒီအပြင် ကျွန်တော်တို့ကို မိမိဆီ ဆွဲဆောင်ဖို့ ခိုင်မြဲတဲ့ မေတ္တာက ဘုရားကို လှုံ့ဆော်ပေးတယ်။—ယေ. ၃၁:၃။
ဘုရားရေးရာ ရတနာ
‘ယေဟောဝါ၏စိတ်တော်ကို မည်သူသိသနည်း’
၁၉ ‘ယေဟောဝါ၏စိတ်တော်’ နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာသင်ယူသိရှိခဲ့ရသလဲ။ ယေဟောဝါရဲ့စိတ်တော်ကို မှန်မှန်ကန်ကန် နားလည်နိုင်ဖို့ သမ္မာကျမ်းစာရဲ့ အကူအညီကို လက်ခံဖို့လိုတယ်။ ကျွန်ုပ်တို့ရဲ့ အကန့်အသတ်ရှိတဲ့ ရှုမြင်ချက်၊ စံနှုန်းတွေ၊ စဉ်းစားတွေးခေါ်ပုံတွေနဲ့ ယေဟောဝါကို ဘယ်တော့မှ မစီရင်သင့်ဘူး။ ယောဘ ဒီလိုပြောခဲ့တယ်– “ငါသည် ဘုရားသခင်၏စကားကို တစ်ဦးနှင့်တစ်ဦး တရားတွေ့နိုင်မည်အကြောင်း ဘုရားသခင်သည် ငါ့ကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။” (ယောဘ ၉:၃၂) ယောဘလိုပဲ ယေဟောဝါရဲ့ စိတ်တော်ကို နားလည်လာတဲ့အခါ ဒီလိုပြောဖို့ ကျွန်ုပ်တို့ လှုံ့ဆော်ခံရပါတယ်– “ဤရွေ့ကား အမှုတော် အရိပ်အမြွက်သာ ဖြစ်၏။ စကားတော်အသံ အနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုးကြိုးသံကို အဘယ်သူ နားလည်နိုင်သနည်း။”—ယောဘ ၂၆:၁၄။
၂၀ သမ္မာကျမ်းစာကို ဖတ်တဲ့အခါမှာ အထူးသဖြင့် ယေဟောဝါရဲ့ စဉ်းစားပုံနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ နားမလည်တဲ့ ကျမ်းပိုဒ်တွေကို တွေ့ရင် ဘာလုပ်သင့်သလဲ။ အကြောင်းအရာကို သုတေသန ပြုပြီးတဲ့နောက်မှာတောင် ရှင်းရှင်းလင်းလင်း နားမလည်သေးဘူးဆိုရင် အဲဒါက ယေဟောဝါအပေါ် ကျွန်ုပ်တို့ရဲ့ ယုံကြည်ကိုးစားမှုကို စမ်းသပ်တာလို့ ရှုမြင်နိုင်တယ်။ တစ်ခါတစ်ရံ အကြောင်းအရာတစ်ခုက ယေဟောဝါရဲ့ အရည်အသွေးတော်တွေကို ကျွန်ုပ်တို့ ဘယ်အတိုင်းအတာအထိ နားလည်ကြောင်းနဲ့ ကိုယ်တော် လုပ်ဆောင်လေရာတိုင်းမှာ ကိုယ်တော့် အရည်အသွေးတော်တွေ ထင်ရှားမယ်ဆိုတာ ယုံကြည်ကြောင်းတင်ပြဖို့ အခွင့်အရေး ရစေတယ်ဆိုတာ သတိရပါ။ အရာခပ်သိမ်းကို ကိုယ်တော် နားလည်သလို ကျွန်ုပ်တို့ နားမလည်နိုင်ဘူးဆိုတာ နှိမ့်ချစွာ အသိအမှတ်ပြုကြစို့။ (ဒေ. ၁၁:၅) တမန်တော်ပေါလုရဲ့ ဒီစကားတွေကို ကျွန်ုပ်တို့ မဆိုင်းမတွ သဘောတူပါလိမ့်မယ်– ‘ဘုရားသခင်၏ ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲလှပေစွ။ စီရင်တော်မူချက်များကို စိစစ်၍မရနိုင်။ နည်းလမ်းတော်များကို လိုက်၍ မမီနိုင်ပါတကား။ “ယေဟောဝါ၏ စိတ်တော်ကို မည်သူသိသနည်း။ ကိုယ်တော်၏ တိုင်ပင်ဖက် မည်သူဖြစ်ဖူးသနည်း။” သို့မဟုတ် “ကျေးဇူးဆပ်တော်မူရမည်အကြောင်း ဘုရားသခင်အား မည်သူ ကျေးဇူးပြုဖူးသနည်း။” အကြောင်းမူကား အရာခပ်သိမ်းသည် ကိုယ်တော်ထံမှ ဖြစ်ကြ၏၊ ကိုယ်တော်အားဖြင့် ဖြစ်ကြ၏၊ ကိုယ်တော်အတွက် ဖြစ်ကြ၏။ ကိုယ်တော်၏ ဘုန်းတန်ခိုးတော် ထာဝစဉ်ထင်ရှားပါစေ။ အာမင်။’—ရော. ၁၁:၃၃-၃၆။
အောက်တိုဘာ ၃၀-နိုဝင်ဘာ ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၁၁-၁၂
“ဉာဏ်ပညာရနိုင်တဲ့ နည်းလမ်းသုံးသွယ်”
ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့
၁၇ ယောဘသည် သမာဓိစောင့်သိရန် အဘယ်အရာက ထောက်ကူခဲ့သနည်း။ ဘေးဆိုးမကျရောက်မီ သူသည် ယေဟောဝါနှင့် ရင်းနှီးသော ဆက်ဆံရေး ပြုစုပျိုးထောင်ခဲ့သည်မှာ သေချာသည်။ စာတန်သည် ယေဟောဝါကို ဆန့်ကျင်စိန်ခေါ်ခဲ့သည်ကို ယောဘ သိခဲ့သည်ဟူသော အထောက်အထား မရှိသော်လည်း ယောဘသည် တည်ကြည်မြဲ တည်ကြည်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။ သူဤသို့ပြောခဲ့သည်– “ငါသည် သေသည်တိုင်အောင် ငါ့သမာဓိကို မစွန့်လွှတ်။” (ယောဘ ၂၇:၅၊ ကဘ) ယောဘသည် ဤရင်းနှီးသော ဆက်ဆံရေးကို မည်သို့ မွေးမြူခဲ့သနည်း။ ယောဘသည် မိမိနှင့် သွေးဝေးသော ဆွေမျိုးများဖြစ်သည့် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဘုရားသခင် ဆက်ဆံခဲ့သည့်အကြောင်း မိမိကြားခဲ့သည့်အရာများကို မြတ်နိုးခဲ့မည်မှာ သေချာသည်။ ထို့ပြင် ဖန်ဆင်းရာများကို လေ့လာသုံးသပ်ခြင်းဖြင့် ယောဘသည် ယေဟောဝါ၏ အရည်အသွေးများစွာကို သိမြင်နိုင်သည်။—ယောဘ ၁၂:၇-၉၊ ၁၃၊ ၁၆ ကိုဖတ်ပါ။
ယေဟောဝါ ရှိနေလို့ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်
၁၀ ညီအစ်ကို/မတွေနဲ့ မိတ်ဖွဲ့ပါ။ အသင်းတော်မှာ မိတ်ဆွေ ရှာပါ။ အသက်အရွယ်၊ နောက်ခံ မတူရင်တောင်မှ သူတို့ဆီကနေ သင်ယူနိုင်တယ်။ ‘အသက်ကြီးသူဆီမှာ ဉာဏ်ပညာ ရှိတယ်’ လို့ ကျမ်းစာ ပြောတယ်။ (ယောဘ ၁၂:၁၂) လူကြီးတွေလည်း သစ္စာရှိ လူငယ်တွေဆီကနေ များစွာ သင်ယူနိုင်တယ်။ ဒါဝိဒ်ဟာ ယောနသန်ထက် အများကြီး အသက်ငယ်တယ်။ ဒါပေမဲ့ သိပ်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကြတယ်။ (၁ ရှ. ၁၈:၁) အခက်အခဲတွေကြား ယေဟောဝါကို ဆက်အမှုဆောင်ဖို့ အချင်းချင်း ကူညီပေးကြတယ်။ (၁ ရှ. ၂၃:၁၆-၁၈) လောလောဆယ် မိသားစုမှာ တစ်ယောက်တည်း သက်သေခံ ဖြစ်နေတဲ့ ညီအစ်မ အီရီနာက “ညီအစ်ကို/မတွေဟာ မိဘမောင်နှမတွေလို ဖြစ်လာတယ်။ ကျွန်မရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ သူတို့ကို ယေဟောဝါ အသုံးပြုတယ်” လို့ ပြောတယ်။
၁၁ ရှက်တတ်သူ ဖြစ်မယ်ဆိုရင် အသင်းတော်မှာ မိတ်ဆွေသစ် ဖွဲ့ဖို့ ခက်နိုင်တယ်။ ဆန့်ကျင်မှုတွေကြား အမှန်တရား သင်ယူခဲ့တဲ့ ညီအစ်မ ရတ်နားဟာ ရှက်တတ်သူ ဖြစ်တယ်။ “ညီအစ်ကို/မတွေရဲ့ ကူညီထောက်မမှု လိုတယ်ဆိုတာ အသိအမှတ်ပြုခဲ့ရတယ်” လို့ ရတ်နား ပြောတယ်။ ခံစားချက်တွေ ထုတ်ပြောဖို့ ခက်နိုင်ပေမဲ့ အဲဒီလို ထုတ်ပြောမှ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်နိုင်မယ်။ မိတ်ဆွေတွေ သင့်ကို အားပေးထောက်မချင်တယ်။ ဒါပေမဲ့ ကိုယ် ဘာလိုတယ်ဆိုတာ ပြောပြမှ သူတို့ သိပြီး ကူညီပေးနိုင်မယ်။
၁၂ မိတ်ဆွေဖွဲ့နိုင်တဲ့ အကောင်းဆုံးနည်း တစ်နည်းကတော့ အမှုဆောင်လုပ်ငန်းမှာ အတူပါဝင်ခြင်းပါပဲ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ကယ်ရိုက “ညီအစ်မတွေနဲ့အတူ အမှုဆောင်နဲ့ တခြား ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ပါဝင်လို့ မိတ်ဆွေကောင်းတွေ အများကြီး ရလာတယ်။ နှစ်တွေတစ်လျှောက် အဲဒီမိတ်ဆွေတွေကတစ်ဆင့် ယေဟောဝါ ထောက်မပေးတယ်” လို့ ပြောတယ်။ သစ္စာရှိ ခရစ်ယာန်တွေနဲ့ မိတ်ဆွေဖွဲ့တာ အမြဲ အကျိုးရှိတယ်။ အထီးကျန်မှုလိုမျိုး စိတ်ပျက်စရာ ခံစားချက်တွေကို တွန်းလှန်နိုင်ဖို့ အဲဒီမိတ်ဆွေတွေကို သုံးပြီး ယေဟောဝါ ကူညီပေးတယ်။—ပညာ. ၁၇:၁၇။
it-2 ၁၁၉၀ ပိုဒ်. ၂
ဉာဏ်ပညာ
ဘုရားသခင်ရဲ့ ဉာဏ်ပညာ။ ယေဟောဝါ ဘုရားသခင် တစ်ဆူတည်းပဲ “ဉာဏ်ပညာနဲ့ ပြည့်စုံတယ်။” (ရ ၁၆:၂၇။ ဗ ၇:၁၂) အသိပညာဆိုတာ အချက်အလက်မှန်ကို ရရှိခြင်း ဖြစ်တယ်။ “ထာဝစဉ်ထာဝရ” (ဆ ၉၀:၁၊ ၂) တည်ရှိတဲ့ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်တဲ့အတွက် စကြဝဠာအကြောင်း အကုန်အစင် သိတယ်။ စကြဝဠာ ဖွဲ့စည်းတည်ရှိပုံ၊ သမိုင်းကြောင်းနဲ့ စကြဝဠာထဲက အရာတွေကို သိတယ်။ ဘုရားသခင် ပြုလုပ်ထားတဲ့ နိယာမတရားတွေ၊ သဘာဝဖြစ်စဉ်တွေနဲ့ စံနှုန်းတွေသာမရှိရင် လူတွေက သုတေသနပြု၊ တီထွင်ဖန်တီးနိုင်မှာ မဟုတ်ဘူး။ (ယဘ ၃၈:၃၄-၃၈။ ဆ ၁၀၄:၂၄။ ပ ၃:၁၉။ ယေ ၁၀:၁၂၊ ၁၃) ဘုရားသခင် ချမှတ်ထားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေဟာ ပိုလိုတောင် အရေးပါတယ်။ ဘဝတည်ငြိမ်မှုရှိဖို့၊ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်ဖို့၊ အောင်မြင်တဲ့ဘဝ တည်ဆောက်နိုင်ဖို့ မရှိမဖြစ် လိုအပ်လို့ပါ။ (တရ ၃၂:၄-၆) ဘုရားသခင် နားမလည်နိုင်တဲ့အရာ ဘာမှမရှိဘူး။ (ရှာ ၄၀:၁၃၊ ၁၄) ဘုရားသခင်က မိမိရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေနဲ့ ဆန့်ကျင်တာတွေကို ဖြစ်ခွင့်ပြုနိုင်တယ်၊ ခဏတာကြီးပွားခွင့်တောင် ပြုနိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အရာအားလုံးဟာ ဘုရားအလိုတော်နဲ့အညီ အတိအကျ ဖြစ်လာပါမယ်။ ဘုရားသခင် မိန့်မှာသမျှ “ကျိန်းသေ အောင်မြင်” လိမ့်မယ်။—ရှာ ၅၅:၈-၁၁။ ၄၆:၉-၁၁။
ဘုရားရေးရာ ရတနာ
မြီးကောင်ပေါက်များနှင့် ဆက်သွယ် ပြောဆိုခြင်း
▪ ‘စကားလုံးများနောက်ကွယ်ရှိ ခံစားချက်ကို ကျွန်ုပ် ပိုင်းခြားသိမြင်သလော။’ “ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့ နားသည် စကားကို စုံစမ်းသည်မဟုတ်လော” ဟု ယောဘ ၁၂:၁၁ တွင် ဖော်ပြသည်။ ယခုအချိန်သည် သင့်သားသမီး၏ စကားကို ခါတိုင်းထက်ပို၍ “စုံစမ်း” ရမည့်အချိန်ပင်။ မြီးကောင်ပေါက်များသည် မှန်သည်ဟု မိမိတို့ ယူဆထားရာကို ပြောဆိုလေ့ရှိသည်။ ဥပမာ၊ သင့်သားက “သားကို အမြဲ ကလေးတစ်ယောက်လို ဆက်ဆံတယ်” သို့မဟုတ် သင့်သမီးက “သမီးရဲ့ စကားကို ဘယ်တော့မှ နားမထောင်ပေးဘူး” ဟုပြောပေမည်။ “အမြဲ၊” “ဘယ်တော့မှ” စသောစကားလုံးများကို အထအနကောက်မည့်အစား သင့်ကလေးသည် ထိုသို့အမှန်ဆိုလိုနေခြင်း မဟုတ်ကြောင်း သိမြင်ပါ။ ဥပမာ၊ “သားကို အမြဲ ကလေးတစ်ယောက်လို ဆက်ဆံတယ်” ဟုဆိုခြင်းက “သားကို မယုံကြည်ဘူးလို့ ခံစားရတယ်” ဟု ဆိုလိုခြင်းဖြစ်နိုင်ပြီး “သမီးရဲ့စကားကို ဘယ်တော့မှ နားမထောင်ပေးဘူး” ဟုဆိုခြင်းက “သမီး တကယ်ခံစားနေရတာကို ပြောပြချင်တယ်” ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် စကားလုံးများ နောက်ကွယ်ရှိ ခံစားချက်ကို ပိုင်းခြားသိမြင်ရန် ကြိုးစားပါ။