ဘုရားသခင့်နိုင်ငံတော် ဘုရင်က ဘယ်သူလဲ
ဘုရားနိုင်ငံတော် ဘုရင်ဖြစ်လာမယ့်သူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ကျမ်းရေးသူ အတော်များများကို ဘုရားသခင် မှတ်တမ်းတင်စေခဲ့တယ်။ အဲဒီအုပ်စိုးရှင်ဟာ
ဘုရားသခင် ရွေးချယ်သူ ဖြစ်မယ်။ “ငါ့ရဲ့ဘုရင်ကို . . . ငါကိုယ်တိုင် မင်းမြှောက်ပြီ။ . . . လူမျိုးတွေကို မင်းရဲ့အမွေအဖြစ်၊ ကမ္ဘာမြေတစ်ခွင်လုံးကို မင်းရဲ့ပိုင်ဆိုင်ရာအဖြစ် ငါပေးမယ်။”—ဆာလံ ၂:၆၊ ၈။
ဘုရင်ဒါဝိဒ်ရဲ့ အမွေခံ ဖြစ်မယ်။ “ငါတို့အတွက် ကလေးတစ်ယောက် မွေးဖွားလာတယ်။ ငါတို့အတွက် သားတစ်ယောက်ကို ပေးသနားတယ်။ . . . သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာနဲ့ ငြိမ်သက်ခြင်းဟာအဆုံးမရှိ တိုးများမယ်။ ဒါဝိဒ်ရဲ့ ရာဇပလ္လင်ပေါ်မှာ ထိုင်ပြီး ဒါဝိဒ်ရဲ့နိုင်ငံကို အုပ်ချုပ်မယ်။”—ဟေရှာယ ၉:၆၊ ၇။
ဘက်သလီဟင်မြို့မှာ မွေးဖွားလာမယ်။ “အို ဘက်သလီဟင် . . . ငါ့အတွက် အုပ်စိုးရှင်တစ်ယောက် မင်းဆီကနေ ပေါ်ထွန်းလာမယ်။ . . . သူ့ရဲ့ကြီးမြတ်မှုက မြေကြီးစွန်းတိုင်အောင် ရောက်သွားမယ်။”—မိက္ခာ ၅:၂၊ ၄။
လူတွေ ငြင်းပယ်၊ ကွပ်မျက်တာကို ခံရမယ်။ “သူဟာ အထင်သေးခံရတယ်။ သူ့ကို ငါတို့ အရေးမလုပ်ခဲ့ကြဘူး။ . . . ငါတို့ရဲ့ အပြစ်အတွက် သူထိုးဖောက်ခံခဲ့ရတယ်။ ငါတို့ရဲ့ အမှားအတွက် နင်းခြေခံခဲ့ရတယ်။”—ဟေရှာယ ၅၃:၃၊ ၅။
သေရာကနေ အသက်ပြန်ရှင်လာပြီး ချီးမြှောက်ခံရမယ်။ “ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်းမှာ ပစ်ထားမှာ မဟုတ်ဘူး။ သစ္စာစောင့်သိသူကို သင်္ချိုင်းတွင်းထဲ ပုပ်ပျက်သွားတဲ့အဖြစ်မျိုး တွေ့ကြုံခွင့်ပြုမှာ မဟုတ်ဘူး။ . . . ကိုယ်တော့်ညာဘက်မှာ နေခွင့်ရလို့ ထာဝစဉ် ကြည်နူးတယ်။”—ဆာလံ ၁၆:၁၀၊ ၁၁။
ယေရှုခရစ်ဟာ အရည်အချင်းအရှိဆုံး အုပ်စိုးရှင်ဖြစ်
လူ့သမိုင်းတစ်လျှောက်မှာ ယေရှုခရစ်တစ်ယောက်တည်းပဲ အရည်အချင်းအရှိဆုံး အုပ်စိုးရှင်နဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေနဲ့ အတိအကျ ကိုက်ညီတယ်။ ဒါကြောင့် “ယေဟောဝါ ဘုရားက သူ့ကို ဖခင်ဒါဝိဒ်ရဲ့ ရာဇပလ္လင် အပ်နှင်းလိမ့်မယ်။ . . . သူ့ရဲ့အုပ်ချုပ်မှုဟာ အဆုံးတိုင်မှာ မဟုတ်ဘူး” လို့ ကောင်းကင်တမန်က ယေရှုရဲ့ မိခင် မာရိကို ပြောခဲ့တယ်။—လုကာ ၁:၃၁-၃၃။
ယေရှုဟာ ဘယ်တော့မှ မြေကြီးပေါ်ကနေ အုပ်ချုပ်မှာ မဟုတ်ဘူး။ အဲဒီအစား ကောင်းကင်ကနေပြီး ဘုရားနိုင်ငံတော် ဘုရင်အနေနဲ့ လူသားတွေကို အုပ်ချုပ်မယ်။ ယေရှု ဘာကြောင့် အကောင်းဆုံး အုပ်စိုးရှင် ဖြစ်သလဲ။ မြေကြီးပေါ်မှာရှိတုန်းက သူလုပ်ခဲ့တာတွေကို လေ့လာကြည့်ပါ။
ယေရှုက လူတွေကို ဂရုစိုက်တယ်။ ယေရှုဟာ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ နောက်ခံအဆင့်အတန်း မခွဲခြားဘဲ ကူညီပေးခဲ့တယ်။ (မဿဲ ၉:၃၆။ မာကု ၁၀:၁၆) အနာကြီးရောဂါသည်တစ်ယောက်က “သခင်၊ ဆန္ဒရှိရင် ကျွန်တော့်ကို သန့်ရှင်းသွားအောင် လုပ်ပေးပါလား” လို့ အသနားခံတဲ့အခါ သနားသွားပြီး ကုသပေးခဲ့တယ်။—မာကု ၁:၄၀-၄၂။
ယေရှုက ဘုရားရဲ့နှစ်သက်မှု ရနိုင်ပုံကို သင်ပေးတယ်။ “ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး” လို့ ပြောခဲ့တယ်။ ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံဖို့လည်း ပြောခဲ့တယ်။ အဲဒီအပြင် ကျွန်တော်တို့ လုပ်ဆောင်တဲ့အရာကိုသာမက ကျွန်တော်တို့ ဘာတွေ တွေးနေတယ်၊ ဘယ်လို ခံစားနေရတယ်ဆိုတာကိုပါ ဘုရားစိတ်ဝင်စားကြောင်း ယေရှု ဖော်ပြခဲ့တယ်။ ဒါကြောင့် ဘုရားရဲ့ နှစ်သက်မှုရဖို့ ကျွန်တော်တို့ရဲ့ စဉ်းစားတွေးတောပုံကို ထိန်းချုပ်ရမယ်။ (မဿဲ ၅:၂၈။ ၆:၂၄။ ၇:၁၂) အမှန်တကယ် ပျော်ရွှင်ချင်တယ်ဆိုရင် ကျွန်တော်တို့ကို ဘုရားသခင် လုပ်စေချင်တာတွေကို သင်ယူပြီး လက်တွေ့လုပ်ဆောင်ရမယ်လို့လည်း ယေရှု အလေးပေးဖော်ပြခဲ့တယ်။—လုကာ ၁၁:၂၈။
ယေရှုက မေတ္တာပြနိုင်ပုံကို သင်ပေးတယ်။ ယေရှုရဲ့ အပြောနဲ့ လုပ်ရပ်တွေဟာ တန်ခိုးပါတယ်။ လူတွေရဲ့ စိတ်နှလုံးကို ထိမိတယ်။ “လူအုပ်က ယေရှုရဲ့ သွန်သင်ပုံကို အံ့ဩကြတယ်။ . . . ဘုရားပေး အခွင့်အာဏာရှိသူ တစ်ယောက်လို သွန်သင်ပေးလို့ပဲ။” (မဿဲ ၇:၂၈၊ ၂၉) ‘ရန်သူကို ချစ်ပါ’ လို့လည်း သင်ပေးခဲ့တယ်။ သူ့ကိုသတ်ဖို့ တာဝန်ပေးခံရသူတွေအတွက်တောင် “အဖ၊ သူတို့ကို ခွင့်လွှတ်ပါ။ သူတို့ဘာလုပ်နေမှန်း သူတို့မသိကြဘူး” လို့ ဆုတောင်းပေးခဲ့တယ်။—မဿဲ ၅:၄၄။ လုကာ ၂၃:၃၄။
ယေရှုဟာ ကမ္ဘာကို အုပ်ချုပ်ဖို့ အရည်အချင်း အပြည့်မီဆုံး ပုဂ္ဂိုလ်ပါပဲ။ မေတ္တာ၊ အကြင်နာတရားနဲ့ အုပ်ချုပ်မယ်။ ဘယ်အချိန်မှာ ယေရှု စတင် အုပ်ချုပ်မလဲ။