အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
© 2023 Watch Tower Bible and Tract Society of Pennsylvania
နိုဝင်ဘာ ၆-၁၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၁၃-၁၄
“လူဟာ သေဆုံးသွားရင် အသက်ပြန်ရှင်နိုင်ဦးမလား”
အသက်ပိုရှည်ဖို့ ရှာပုံတော်ဖွင့်ခြင်း
ဤစကားကို လွန်ခဲ့သောအနှစ် ၃,၅၀၀ ခန့်ကရေးသားခဲ့သော်လည်း အသက်တိုတောင်းခြင်းနှင့်ပတ်သက်သည့် ဤသဘောတရားကို ယနေ့၌ပင် ဆန့်ကျင်မည့်သူ နည်းပေမည်။ ဘဝအောင်မြင်ချိန်ကို မြည်းစမ်းပြီး အိုမင်း၍ သေဆုံးသွားရခြင်းကို လူတို့ အမြဲ မကျေမနပ် ဖြစ်ခဲ့ကြ၏။ ထို့ကြောင့် သမိုင်းတစ်လျှောက် အသက်ပိုရှည်စေမည့် နည်းမျိုးစုံ တိုးများလာခဲ့သည်။
ယောဘခေတ်မှ အီဂျစ်လူမျိုးတို့သည် ပြန်လည်နုပျိုလာကြဖို့အတွက် တိရစ္ဆာန်များ၏ ဝှေးစေ့များကို အချည်းနှီး ကြိုးပမ်းစားသုံးခဲ့ကြသည်။ အလယ်ခေတ် အဂ္ဂိရတ်ပညာ၏ အဓိကပန်းတိုင်တစ်ခုမှာ အသက်ပိုရှည်စေနိုင်သော ဆေးတစ်မျိုးကို ဖော်စပ်ဖို့ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်များစွာတို့က လူပြုလုပ်ဖန်တီးထားသော ရွှေသည် မသေနိုင်သော အသက်ကို ရစေ၍ ရွှေပန်းကန်နှင့် အစာစားခြင်းသည် အသက်ပိုရှည်စေမည်ဟု ယုံကြည်ကြ၏။ ရှေးခေတ် တရုတ် တာအိုဘုန်းတော်ကြီးများက တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် အစာရှောင်ခြင်း စသည့်နည်းများဖြင့် ကိုယ်ခန္ဓာ၏ဓာတ်ကို ပြောင်းလဲစေနိုင်ပြီး ဤသို့ဖြင့် မသေနိုင်သောအဖြစ်ကို ရရှိမည်ဟု ယူဆကြ၏။
စပိန်လူမျိုး စူးစမ်းရှာဖွေသူ ယွန် ပေါန်စ် ဒီလီယွန်သည် နုပျိုခြင်းစမ်းရေကို အတောမသတ် ရှာဖွေသူအဖြစ် လူသိများခဲ့သည်။ နွေဦးပေါက်ချိန်တွင် ပျိုမျစ်နုနယ်သော အပျိုစင်များကို အခန်းငယ်လေးတစ်ခန်း၌ထားကာ သူတို့ရှူထုတ်သည့်လေကို ပုလင်းများတွင် စုဆောင်းပြီး အသက်ရှည်ဆေးအဖြစ် အသုံးပြုရန် ၁၈ ရာစုမှ ဆရာဝန်တစ်ဦးက သူ၏ဟာမစ်ပတ်စ် ရယ်ဒီဗီးဗတ်စ်ဟူသောစာအုပ်တွင် အကြံပြုထားသည်။ ဤနည်းများတစ်ခုမျှ မအောင်မြင်ခဲ့သည်ကို ပြောဖို့မလိုပါ။
ခုတ်လှဲခံရတဲ့ သစ်ပင် အညှောက် ပြန်ပေါက် နိုင်သလား
လက်ဘနွန်တောင်ပေါ်က လှပတဲ့ စီဒါထင်းရှူးပင်နဲ့ယှဉ်ရင် ဖုထစ်လိမ်ကျစ်နေတဲ့ သံလွင်ပင်ဟာ ဘာမှအထင်ကြီးစရာ ရှိပုံမရဘူး။ ဒါပေမဲ့ သံလွင်ပင်ဟာ အဆိုးဝါးဆုံး အခြေအနေမှာတောင် ဆက်ရှင်သန်နိုင်စွမ်း ရှိတယ်။ တချို့အပင်တွေဆိုရင် နှစ်ပေါင်း ၁,၀၀၀ လောက် ရှင်သန်တယ်။ သံလွင်ပင်ရဲ့ အမြစ်တွေဟာ မြေကြီးအောက်ပိုင်းထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်တယ်။ ဒါကြောင့် ပင်စည်ကို ခုတ်လှဲလိုက်ရင်တောင် အညှောက်ပြန်ထွက်နိုင်တယ်။ အမြစ်တွေ ရှင်သန်နေသရွေ့ အပင်ပြန်ပေါက်နိုင်တယ်။
ရှေးသစ္စာရှိ ဘိုးဘေးယောဘက သူသေဆုံးသွားတဲ့အခါ အသက်ပြန်ရှင်မယ်ဆိုတာ ယုံကြည်စိတ်ချတယ်။ (ယောဘ ၁၄:၁၃-၁၅) လူသေတွေကို ထမြောက်ပေးနိုင်တဲ့ ဘုရားသခင့် အစွမ်းအစကို ယုံကြည်စိတ်ချတယ်ဆိုတာ ဖော်ပြဖို့ အပင်ဥပမာကို သူအသုံးပြုခဲ့တယ်။ သံလွင်ပင်ကို အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်။ ‘သစ်ပင်မှာတောင် မျှော်လင့်ချက် ရှိသေးတာပဲ။ ခုတ်လှဲလိုက်ရင် အညှောက် ပြန်ပေါက်လာလိမ့်မယ်’ လို့ သူပြောတယ်။ ခြောက်သွေ့ရာသီပြီးနောက် မိုးပြန်ရွာလာတဲ့အခါ ခြောက်သွေ့နေတဲ့ သံလွင်ပင်အငုတ်ဟာ ပြန်ရှင်လာပြီး “အပင်ပေါက်လေးလို အခက်အလက်တွေ ထွက်လာ” နိုင်တယ်။—ယောဘ ၁၄:၇-၉၊ ကဘ။
ကိုယ်တော် “တောင့်တတော်မူပါလိမ့်မည်”
ယောဘရဲ့စကားတွေကနေ ဘုရားသခင်ဟာ ဘယ်လောက် မေတ္တာပြည့်ဝတယ်ဆိုတာကို သိရှိနိုင်ပါတယ်။ ယောဘလိုပဲ မိမိတို့ကိုယ်ကို ဘုရားသခင်လက်ထဲ ဝကွက်အပ်ထားတဲ့သူတွေ၊ ကိုယ်တော့်အမြင်မှာ နှစ်သက်စရာကောင်းတဲ့သူတွေအဖြစ် ပုံသွင်းခံလိုသူတွေကို ဘုရားသခင် အရမ်းသံယောဇဉ်ရှိတယ်။ (ဟေရှာယ ၆၄:၈) သစ္စာရှိတဲ့ ဝတ်ပြုသူတွေကို ဘုရားသခင် အရမ်းတန်ဖိုးထားတယ်။ သေဆုံးသွားကြတဲ့ သစ္စာရှိသူတွေနဲ့ပတ်သက်ပြီး ဘုရားသခင်မှာ “တောင့်တ” တဲ့စိတ်ရှိတယ်။ “တောင့်တ” လို့ပြန်ဆိုထားတဲ့ ဟီဘရူးစကားလုံးဟာ “ပြင်းပြတဲ့ လိုအင်ဆန္ဒတွေကို ဖော်ပြတဲ့ လေးနက်တဲ့စကားလုံးတစ်လုံး” ဖြစ်တယ်လို့ ကျမ်းပညာရှင်တစ်ဦးက ဆိုတယ်။ ဘုရားသခင်ဟာ သစ္စာရှိဝတ်ပြုသူတွေကို အောက်မေ့သတိရနေရုံတင်မကဘူး သူတို့အသက်ပြန်ရှင်လာအောင် လုပ်ပေးချင်တဲ့ဆန္ဒလည်း အရမ်းပြင်းပြနေပါတယ်။
ဘုရားရေးရာ ရတနာ
it-1 ၁၉၁
ပြာမှုန့်
အရေးမပါဘူး၊ တန်ဖိုးမရှိဘူး ဆိုတာဖော်ပြဖို့ ပြာနဲ့ ခိုင်းနှိုင်းလေ့ရှိတယ်။ “ကျွန်တော်ဟာ မြေမှုန့်နဲ့ ပြာမှုန့်သက်သက်ပါပဲ” လို့ တစ်ခါက ယေဟောဝါရှေ့မှာ အာဗြဟံ ပြောခဲ့ဖူးတယ်။ (က ၁၈:၂၇။ ရှာ ၄၄:၂၀။ ယဘ ၃၀:၁၉ ကိုလည်း ကြည့်ပါ။) မိတ်ဆွေတုတွေရဲ့ နှစ်သိမ့်စကားဟာ “ပြာလိုပဲ တန်ဖိုးမရှိဘူး” လို့ ယောဘ ပြောခဲ့တယ်။—ယဘ ၁၃:၁၂။
နိုဝင်ဘာ ၁၃-၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၁၅-၁၇
“နှစ်သိမ့်ပေးတဲ့အခါ ဧလိဖတ်လို မလုပ်ပါနဲ့”
မှားယွင်းသော အတွေးအခေါ်ကို တွန်းလှန်လော့
သုံးကြိမ်လုံးတွင် ဧလိဖတ်က ဘုရားသခင်သည် တင်းမာလွန်းအားကြီးသဖြင့် မိမိကျေးကျွန်များ၏ လုပ်ရပ်ဟူသမျှကို စိတ်တိုင်းမကျ ဟူသောသဘောကို ဖော်ပြခဲ့သည်။ “အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏” ဟု ယောဘကို သူပြောသည်။ (ယောဘ ၄:၁၈) ဘုရားသခင်နှင့်ပတ်သက်၍ နောက်ပိုင်းတွင် ဧလိဖတ်က “ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်း ရှေ့တော်၌မစင်ကြယ်” ဟုဆို၏။ (ယောဘ ၁၅:၁၅) ထို့နောက် ‘သင်ဖြောင့်မတ်သည်ကို အတိုင်းအဆမဲ့တန်ခိုးရှင်သည် အမှုထားတော်မူသလော’ ဟု မေးလေသည်။ (ယောဘ ၂၂:၃၊ သမ္မာ) အဆိုပါအတွေးအမြင်ကို ဗိလဒဒ်ကလည်း သဘောတူသည့်အနေဖြင့် “လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း [ဘုရားသခင့်] ရှေ့တော်၌မဖြူစင်” ဟုပြောလေသည်။—ယောဘ ၂၂:၃။
ထိုသို့သော အတွေးအခေါ်မျိုး လွှမ်းမိုးမခံရဖို့ ကျွန်ုပ်တို့ သတိပြုကြရမည်။ ထိုသို့တွေးခေါ်ရှုမြင်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ တောင်းဆိုလွန်းသည်ဟု ယူဆလာနိုင်သည်။ ယင်းက ယေဟောဝါနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ထိခိုက်စေသည်။ ထို့အပြင် ယင်းသို့တွေးတောဆင်ခြင်မည်ဆိုလျှင် လိုအပ်၍ ဆုံးမခံရသည့်အခါ ကျွန်ုပ်တို့ မည်သို့တုံ့ပြန်မည်နည်း။ ပဲ့ပြင်မှုကို နှိမ့်ချစွာလက်ခံမည့်အစား ကျွန်ုပ်တို့၏စိတ်နှလုံးသည် ‘ယေဟောဝါကို အမျက်ထွက်’ ပြီး ကိုယ်တော်အား နာကြည်းလာနိုင်သည်။ (သု. ၁၉:၃၊ ကဘ) ဝိညာဉ်ရေး အန္တရာယ်ပါတကား။
ယေရှုရဲ့ နှိမ့်ချမှုနဲ့ သနားစိတ်ကို တုပပါ
၁၆ ကျွန်တော်တို့ရဲ့ အပြောအဆို။ ကျွန်တော်တို့ရဲ့ သနားစိတ်က “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆို” ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ (၁ သက်. ၅:၁၄) သူတို့ကို အားပေးဖို့ ဘာတွေပြောနိုင်သလဲ။ သူတို့ကို ဘယ်လောက်ဂရုစိုက်တဲ့အကြောင်း ပြောပြနိုင်တယ်။ သူတို့ရဲ့အရည်အသွေးကောင်းတွေ၊ အစွမ်းအစတွေကို မြင်လာအောင် ချီးမွမ်းပေးနိုင်တယ်၊ ကူညီပေးနိုင်တယ်။ အမှန်တရားတွေ့အောင် သူတို့ကို ယေဟောဝါ ကူညီပေးခဲ့တာဖြစ်လို့ ကိုယ်တော့်အတွက် အဖိုးတန်သူတွေဖြစ်ရမယ်ဆိုပြီး ပြောနိုင်တယ်။ (ယော. ၆:၄၄) ‘စိတ်နှလုံးကြေကွဲနေတဲ့၊’ ‘စိတ်ကြေမွနေတဲ့’ ကျေးကျွန်တွေကို ယေဟောဝါ သိပ်ဂရုစိုက်တယ်ဆိုတာ စိတ်ချလာအောင် အားပေးနိုင်တယ်။ (ဆာ. ၃၄:၁၈၊ ကဘ) သနားကြင်နာတဲ့ အပြောအဆိုဟာ နှစ်သိမ့်မှုလိုအပ်နေသူတွေကို အမှန်တကယ် လန်းဆန်းအားတက်စေနိုင်တယ်။—သု. ၁၆:၂၄။
ဘုရားရေးရာ ရတနာ
ယောဘကျမ်းမှ ပေါ်လွင်ချက်များ
၇:၉၊ ၁၀; ၁၀:၂၁၊ ၂၂; ၁၆:၂၂—ဤဖော်ပြချက်များက ယောဘသည် ရှင်ပြန်ထမြောက်ခြင်းကို မယုံကြောင်း ပြသလော။ ယင်းတို့သည် ယောဘ၏ လက်တစ်ကမ်းအနာဂတ်နှင့်ပတ်သက်သော ဖော်ပြချက်များဖြစ်သည်။ သို့ဆိုလျှင် သူအဘယ်အရာကို ဆိုလိုသနည်း။ ဖြစ်နိုင်ခြေတစ်ခုမှာ သူသေသွားလျှင် သူ့ပတ်ဝန်းကျင်ရှိသူများ သူ့ကို တွေ့ရတော့မည်မဟုတ်။ သူတို့၏အမြင်အရ သူသည် မိမိအိမ်သို့မပြန်ရတော့။ ဘုရားသခင် သတ်မှတ်ထားချိန် မရောက်မချင်း အခြားအသိအမှတ်ပြုမှုလည်း မရတော့ပေ။ မည်သူတစ်ဦးတစ်ယောက်မျှ မိမိဘာသာ ရှီးအိုးလ်မှ ပြန်ထလာ၍မရကြောင်းကို ဆိုလိုခြင်းလည်းဖြစ်နိုင်သည်။ ယောဘ ၁၄:၁၃-၁၅ အရ ယောဘသည် အနာဂတ်ရှင်ပြန်ထမြောက်ခြင်းကို မျှော်လင့်ကြောင်း ထင်ရှားပါသည်။
နိုဝင်ဘာ ၂၀-၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၁၈-၁၉
“ယုံကြည်သူချင်းတွေကို ဘယ်တော့မှ ပစ်မထားပါနဲ့”
ယေရှု မျက်ရည်ကျတာကနေ ဘာတွေ သင်ယူနိုင်သလဲ
၉ ဝမ်းနည်းကြေကွဲနေသူတွေကို သင် ကူညီပေးနိုင်တယ်။ ယေရှုဟာ မာသ၊ မာရိနဲ့အတူ ငိုကြွေးရုံသာမက သူတို့ ပြောတာ နားထောင်ပေးပြီး နှစ်သိမ့်မှု ဖြစ်စေတဲ့ စကား ပြောတယ်။ ကျွန်တော်တို့လည်းအလားတူ လုပ်ဆောင်နိုင်တယ်။ ဩစတြေးလျမှာ နေတဲ့ အကြီးအကဲ ညီအစ်ကို ဒန် ဒီလိုပြောတယ်– “ဇနီး သေဆုံးသွားလို့ အကူအညီ လိုနေတာ။ ဇနီးမောင်နှံ အတော်များများက ကျွန်တော် ပြောတာကို နားထောင်ပေးဖို့ အမြဲ အသင့်ရှိနေကြတယ်။ ကျွန်တော် ဝမ်းနည်းတာ၊ မျက်ရည်ကျတာတွေကို ကသိကအောက် မဖြစ်ကြဘူး။ ကားဆေးတာ၊ ဈေးဝယ်တာ၊ ချက်ပြုတ်တာ စတာတွေ မလုပ်နိုင်တဲ့ အခါမျိုးတွေမှာ သူတို့ လာလုပ်ပေးကြတယ်။ ဒီနည်းတွေနဲ့ လက်တွေ့ကျကျ ကူညီပေးကြတယ်။ ကျွန်တော်နဲ့အတူ မကြာခဏ ဆုတောင်းပေးတယ်။ ‘ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့’ မိတ်ဆွေတွေ၊ ညီအစ်ကိုတွေပါပဲ။”—ပညာ. ၁၇:၁၇။
ချစ်ရသူတစ်ဦး ယေဟောဝါဘုရားကို စွန့်သွားတဲ့အခါ
၁၆ နှင်ထုတ်ခံရသူရဲ့ သစ္စာရှိ မိသားစုဝင်တွေကို ဆက်ထောက်မပေးပါ။ မေတ္တာနဲ့ အားပေးမှုကို အရင်ကထက် သူတို့ ပိုလိုအပ်တယ်။ (ဟီ. ၁၀:၂၄၊ ၂၅) တစ်ခါတလေ သူတို့ကိုလည်း အသင်းတော်က ဝိုင်းပယ်ထားတယ်လို့ ခံစားရတတ်တယ်။ အဲဒီလို မခံစားရပါစေနဲ့။ မိဘတွေ အမှန်တရားကို စွန့်သွားလို့ ကျန်ရစ်တဲ့ သားသမီးတွေဟာ အားပေးမှုနဲ့ ချီးမွမ်းမှု ပိုလိုအပ်တယ်။ မာရီယာရဲ့ ခင်ပွန်း နှင်ထုတ်ခံရပြီး မိသားစုကို စွန့်သွားတယ်။ “မိတ်ဆွေတချို့ အိမ်ကို လာပြီး ချက်ပြုတ်ပေးတယ်။ မိသားစု ဝတ်ပြုမှု လုပ်ပေးကြတယ်။ ကျွန်မနဲ့ ထပ်တူထပ်မျှ နာကျင်ခံစားပေးကြတယ်။ အတူ ငိုပေးကြတယ်။ ကျွန်မ မကောင်းပြောခံရချိန်မှာ ကျွန်မဘက်က ရပ်တည်ပေးကြတယ်။ သူတို့ကြောင့် ကျွန်မ စိတ်အားပြန်တက်လာတယ်” လို့ ပြောတယ်။—ရော. ၁၂:၁၃၊ ၁၅။
သင်လက်လှမ်းနေသလော
၂၀ ယခင်က အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်း ဖြစ်ဖူးသူတစ်ဦးသည် ထိုအခွင့်အရေးကို သူကိုယ်တိုင် စွန့်ခဲ့ဦးတော့ ထုတ်ပယ်ခံရခြင်းကြောင့် သူ့အတွက် စိတ်မချမ်းသာမှုဖြစ်နိုင်ကြောင်း အကြီးအကဲအဖွဲ့ အသိအမှတ်ပြုသင့်သည်။ အသင်းမှ သူ့အား မနှင်ထုတ်သော်လည်း ထိုညီအစ်ကိုသည် စိတ်ဓာတ်ကျနေကြောင်း အကြီးအကဲများ သတိပြုမိလျှင် မေတ္တာပါပါ ဝိညာဏအကူအညီ ပေးသင့်သည်။ (၁ သက်သာလောနိတ် ၅:၁၄) အသင်းတော်တွင် သူ့အကူအညီ လိုအပ်ကြောင်း သူ့အား သိမြင်စေပါ။ ဆုံးမခံရရန် လိုအပ်ခဲ့သော်လည်း နှိမ့်ချကျိုးနွံ၍ ကျေးဇူးသိတတ်သောသူတစ်ဦးသည် အသင်းတော်တွင် အခွင့်အရေးများ ပြန်ရနိုင်ရန် ကြာမြင့်စွာ စောင့်စရာလိုမည် မဟုတ်ကြောင်း နားလည်စေပါ။
ဘုရားရေးရာ ရတနာ
ကျေးဇူးစကားတစ်ခွန်း၏ တန်ခိုး
သို့ရာတွင် ယောဘကိုယ်တိုင် အားပေးတည်ဆောက်မှု လိုသည့်အခါ ဧလိဖတ်နှင့် သူ၏အပေါင်းအသင်းများသည် ကျေးဇူးပြုသော စကားများကို မပြောဆိုခဲ့ကြပါ။ ယောဘခံရသော ဆင်းရဲဒုက္ခသည် သူ၌ လျှို့ဝှက်ထားသည့် အပြစ်တစ်ခုခုရှိ၍ဖြစ်သည်ဟု အရိပ်အမြွက် ပြောဆိုပြီး အပြစ်တင်ခဲ့သည်။ (ယောဘ ၄:၈) The Interpreter’s Bible က ဤသို့ကောက်ချက်ချသည်– “လူဆန်သောနှလုံးမှ စာနာထောက်ညှာမှုကို ယောဘ လိုအပ်နေပါလျက်၊ ‘အမှန်တရား’ သက်သက် အဖန်တစ်ရာသော ဘာသာရေး အဆိုအမိန့်များနှင့် စကားကြီးစကားကျယ် စာရိတ္တများအကြောင်းကိုသာ တသီတတန်းကြီး ပြောခံနေရသည်။” ဧလိဖတ်နှင့် သူ၏အပေါင်းအဖော်များ၏ စကားကို ကြားရပြီးနောက် ယောဘသည် အလွန်စိတ်အနှောင့်အယှက် ဖြစ်သောကြောင့် “သင်တို့သည် ငါ့စိတ်ဝိညာဉ်ကို နှောင့်ယှက်၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကို ချိုးဖဲ့ကြလိမ့်မည်နည်း” ဟုညည်းတွားခဲ့ရရှာသည်။—ယောဘ ၁၉:၂။
ကျွန်ုပ်တို့၏ မစဉ်းမစား ပြောဆိုလိုက်သော အကြင်နာကင်းမဲ့သည့် စကားများကြောင့် ဘုရားသခင်၏ ကျေးကျွန်ချင်း တစ်ဦးတစ်ယောက်အား ဝမ်းနည်းကြေကွဲစွာ ညည်းတွားရန် ဘယ်သောအခါမျှ မဖြစ်စေသင့်ပါ။ (တရားဟောရာ ၂၄:၁၅ နှိုင်းယှဉ်။) သမ္မာကျမ်းစာမှ ပညာရှိစကားတစ်ခွန်းက ဤသို့သတိပေးသည်– “သင်၏စကားသည် အသက်ရှင်စေရန် သို့မဟုတ် သေစေရန် တန်ခိုးရှိ၏။ ထို့ကြောင့် လျှာကို အခွင့်ပေးသောသူသည် ၎င်း၏ အသီးကို စားရမည်။”—သု. ၁၈:၂၁၊ သတင်းကောင်း။
နိုဝင်ဘာ ၂၇–ဒီဇင်ဘာ ၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၂၀-၂၁
“လူတစ်ယောက်ရဲ့ ဖြောင့်မတ်မှုကို စည်းစိမ်ချမ်းသာနဲ့ ပိုင်းဖြတ်လို့မရ”
သင်သည် ‘ဘုရားသခင့်ရှေ့တော်တွင် ကြွယ်ဝသောသူ’ လော
၁၂ ယေရှု၏ မိန့်တော်မူချက်အရ ဘုရားသခင့်ရှေ့တော်တွင် ကြွယ်ဝသူဖြစ်ခြင်းသည် ကိုယ့်အတွက် ဘဏ္ဍာစုဆောင်းခြင်း သို့မဟုတ် ရုပ်ပစ္စည်းကြွယ်ဝခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အသက်တာ၏ အဓိကအာရုံစိုက်ရာမှာ ရုပ်ပစ္စည်းစုဆောင်းခြင်း သို့မဟုတ် ကျွန်ုပ်တို့ ပိုင်ဆိုင်ထားနိုင်သည့် အရာများတွင် ပျော်မွေ့နေခြင်း မဖြစ်သင့်ကြောင်း ယေရှုမိန့်ဆိုခဲ့သည်။ ယင်းအစား ယေဟောဝါနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရာတွင် သို့မဟုတ် တည်ဆောက်ရာတွင် ကျွန်ုပ်တို့၏ ပိုင်ဆိုင်ရာများကို အသုံးပြုသင့်သည်။ ယင်းသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့တော်တွင် ကြွယ်ဝသူ အမှန်ဖြစ်ပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းက ဘုရားသခင်ထံမှ ကောင်းချီးများစွာ ရရှိစေသည့် အခွင့်အလမ်း ပွင့်သွားသောကြောင့် ဖြစ်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ဤသို့ဆိုထား၏– ‘ထာဝရဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။’—သု. ၁၀:၂၂။
ဘုရားရေးရာ ရတနာ
၁၉ ဘုရားသခင့်ကျေးကျွန် ယောဘသည် ဧလိဖတ်နှင့် ဇောဖာတို့မှတစ်ဆင့် စာတန်ဖြစ်ပေါ်စေသော “ငြိမ်သက်မှုမရှိသည့် အတွေးများ” နှင့် တိုက်လှန်ခဲ့ရခြင်းမှာ စိတ်ဝင်စားစရာဖြစ်သည်။ (ယောဘ ၄:၁၃-၁၈; ၂၀:၂၊ ၃၊ ကဘ) သို့နှင့် ယောဘသည် “စိတ်အနှောင့်အယှက်ဖြစ်စရာများ” ကို ခံစားရပြီး သူ့အား စိတ်ဝေဒနာဖြစ်စေသည့် “ကြောက်မက်ဖွယ်ရာများ” နှင့်ပတ်သက်၍ “အရမ်းကာရော ပြောဆိုခြင်း” ကို ပြုမိသည်အထိ ဖြစ်သွားသည်။ (ယောဘ ၆:၂-၄; ၃၀:၁၅၊ ၁၆၊ ကဘ) ဧလိဟုက ယောဘပြောသမျှကို ငြိမ်သက်စွာ နားထောင်ပြီးနောက် ယေဟောဝါ၏ ပညာအရှိဆုံးသော ရှုမြင်ချက်ကို သိမြင်လာစေရန် သူ့အား စိတ်ရင်းမှန်ဖြင့် ကူညီပေးခဲ့သည်။ အလားတူ ယနေ့လည်း နားလည်မှုရှိသော အကြီးအကဲများသည် ဒုက္ခရောက်သူများအပေါ် ထပ်ဆင့် “ဖိစီးမှု” မတင်ခြင်းအားဖြင့် ထိုသို့သောသူတို့အား ဂရုစိုက်ကြောင်း တင်ပြကြသည်။ ယင်းအစား၊ ဧလိဟုနည်းတူ သူတို့ပြောသည့်စကားကို စိတ်ရှည်စွာနားထောင်ပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်ဆိုင်ရာ အနာငြိမ်းစေသောဆီကို လူးပေးကြသည်။ (ယောဘ ၃၃:၁-၃၊ ၇၊ ကဘ; ယာကုပ် ၅:၁၃-၁၅) သို့နှင့် အဖြစ်မှန်ကဖြစ်စေ၊ စိတ်ကူးစိတ်သန်းကဖြစ်စေ ဖြစ်ပေါ်စေသော စိတ်ဒဏ်ရာများဖြင့် စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်သူ သို့မဟုတ် ယောဘကဲ့သို့ ‘ကြောက်မက်ဖွယ်သော အိပ်မက်နှင့် ရူပါရုံအားဖြင့် . . . ထိတ်လန့်စေ’ ခြင်းခံရသောသူတို့သည် အသင်းတော်တွင် အနာငြိမ်းစေသည့် ကျမ်းဆိုင်ရာ နှစ်သိမ့်မှုကို ရှာဖွေနိုင်သည်။—ယောဘ ၇:၁၄; ယာကုပ် ၄:၇။
ဒီဇင်ဘာ ၄-၁၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၂၂-၂၄
“လူက ဘုရားသခင်အတွက် အသုံးဝင်လို့လား”
မှားယွင်းသော အတွေးအခေါ်ကို တွန်းလှန်လော့
ဘုရားသခင် တင်းမာလွန်းသည်ဟူသော အယူအဆသည် လူသားများကို အသုံးမကျဟု ကိုယ်တော်သဘောထားသည်ဟူသော ရှုမြင်ပုံနှင့် အလွန်ပင်နီးစပ်၏။ ဧလိဖတ် တတိယအကြိမ် စကားပြောဆိုရာတွင် ဤမေးခွန်းပါဝင်သည်– “ပညာရှိသူပင် ဘုရားသခင်၌အသုံးကျအောင် လူသူသည် ဘုရားသခင့်ထံတော်တွင် အသုံးဝင်နိုင်သလော။” (ယောဘ ၂၂:၂၊ သမ္မာ) လူသည် ဘုရားသခင်အတွက် အသုံးမဝင်ဟု ဧလိဖတ် ဆိုနေခြင်းဖြစ်သည်။ ဗိလဒဒ်ကလည်း ထိုနည်းတူ ပြောလေသည်– “သို့ဖြစ်၍ လူသည် ဘုရားသခင့်ရှေ့တော်၌ အဘယ်သို့ဖြောင့်မတ်နိုင်သနည်း။ မိန်းမမှ ဖွားသောသူသည်အဘယ်သို့စင်ကြယ်နိုင်သနည်း။” (ယောဘ ၂၅:၄၊ သမ္မာ) ထိုဆင်ခြင်ပုံအရဆိုလျှင် သေမျိုးမျှဖြစ်သော ယောဘသည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောအနေအထား ရနိုင်ပါဦးမည်လော။
ယနေ့ မိမိတို့ကိုယ်နှင့်ပတ်သက်၍ အပျက်သဘောထားများ ဖိစီးနှောင့်ယှက်ခြင်းခံနေရသူ အချို့ရှိ၏။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းများမှာ မိသားစုကြီးပြင်းလာပုံ၊ ဘဝဖိစီးမှုများ သို့မဟုတ် လူမျိုးရေးမုန်းတီးမှုကို ခံစားခဲ့ရခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။ သို့သော် စာတန်နှင့် သူ၏နတ်ဆိုးများသည် လူတစ်ဦးကို နာလန်မထူနိုင်အောင်လုပ်ဖို့ အားရနှစ်သက်ကြသည်။ မိမိပြုလေသမျှကို အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင် စိတ်တိုင်းကျမည်မဟုတ်ဟု လူတစ်ဦး ယူမှတ်သည်အထိ ဩဇာလွှမ်းနိုင်ပါက ထိုသူသည် စိတ်ပျက်အားလျော့သွားရန် ပို၍လွယ်ကူသည်။ ထိုသို့ယူဆသွားသူသည် အတန်ကြာသော် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသည့်အထိ လမ်းလွဲသွားနိုင်သည်။—ဟေဗြဲ ၂:၁၊ သမ္မာ; ၃:၁၂။
အသက်ကြီးရင့်လာခြင်းနှင့် ကျန်းမာရေးပြဿနာများကလည်း ကျွန်ုပ်တို့ကို ကန့်သတ်သည်။ ယခု ဘုရားသခင့် နိုင်ငံတော်လုပ်ငန်း၌ ကျွန်ုပ်တို့၏ ပါဝင်မှုသည် ငယ်ရွယ်နုပျို၍ ကျန်းမာသန်စွမ်းစဉ်က ပြုလုပ်ခဲ့ရာများနှင့် နှိုင်းယှဉ်လျှင် သေးသိမ်နေပုံရှိမည်။ ကျွန်ုပ်တို့ကို ဘုရားသခင် စိတ်တိုင်းကျမည်မဟုတ်ဟု စာတန်နှင့် သူ၏နတ်ဆိုးများက ယူဆစေလိုကြောင်း သိထားဖို့ အရေးကြီးလိုက်လေခြင်း။ ထိုသို့သောအတွေးအခေါ်မျိုးကို ကျွန်ုပ်တို့ တွန်းလှန်ကြရမည်။
ပြဿနာများ ကိုင်တွယ်ပုံတွင် သင်ခန်းစာတစ်ရပ်
ယောဘ၏ အဖော်သုံးယောက်တို့သည် ဘုရားရေးရာ ဉာဏ်ပညာအစား ကိုယ်ပိုင်အတွေးအခေါ်များနှင့် အသံလွှင့်ခြင်းအားဖြင့် သူ့ကိုထပ်မံ၍ စိတ်ပျက်အားလျော့စေကြသည်။ ဧလိဖတ်က ‘ဘုရားသခင်သည် မိမိအမှုတော်ထမ်းတို့ကို ယုံတော်မမူ’၊ ယောဘဖြောင့်မတ်သည် သို့မဟုတ် မဖြောင့်မတ်သည်မှာ ယေဟောဝါအတွက် အရေးမပါလှပါဟုပင် ပြောခဲ့သေးသည်။ (ယောဘ ၄:၁၈; ၂၂:၂၊ ၃) ယင်းထက်ပို၍ စိတ်ဓာတ်ကျစရာကောင်းသော—သို့မဟုတ် ပို၍မမှန်မကန်သော—ဝေဖန်မှုမျိုးကို စဉ်းစား၍ပင် မရနိုင်ပါ! နောက်ပိုင်းတွင် ယေဟောဝါသည် ဧလိဖတ်နှင့် သူ့အဖော်များအား ဘုရားသခင်ကို ပြစ်မှားသည့် ဤအမှုအတွက် ပြစ်တင်ဆုံးမခဲ့သည်။ “ငါ့အကြောင်းအရာကို ဟုတ်မှန်စွာ . . . သင်တို့သည်မပြော” ဟု ကိုယ်တော် မိန့်ဆိုခဲ့သည်။ (ယောဘ ၄၂:၇) သို့သော် လာမည့် အထိခိုက်ဆုံး အခိုင်အမာ ပြောဆိုချက်ကား ကျန်ရှိနေသေးသည်။
ယေဟောဝါ၏စိတ်ကို ရွှင်လန်းစေသည့် လူငယ်များ
၁၀ ကျမ်းစာမှတ်တမ်းတွင် ဖော်ပြထားသည့်အတိုင်း စာတန်သည် ယောဘ၏ တည်ကြည်မှုကို စောဒကတက်ရုံသာမက သင်အပါအဝင် ဘုရားသခင်ကို ဝတ်ပြုနေကြသူ အခြားလူသားအားလုံးတို့ကိုပါ စောဒကတက်ခဲ့သည်။ အမှန်မှာ လူသားအားလုံးကို ခြုံငုံ၍ပြောနေခြင်းဖြစ်ရာ ယေဟောဝါကို စာတန်ဤသို့ဆိုခဲ့၏– “အရေဖို့အရေဟုဆိုသကဲ့သို့ လူ [ယောဘအပါအဝင် လူတိုင်း] သည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။” (ယောဘ ၂:၄) ဤမဟာအရေးကိစ္စတွင် သင့်အခန်းကဏ္ဍ ပါဝင်နေသည်ကို သင်သဘောပေါက်ပါသလော။ နယပုံပြင် ၂၇:၁၁ တွင် ဖော်ပြထားသည့်အတိုင်း မိမိအားကဲ့ရဲ့နေသူ စာတန်ကို ပြန်ချေပနိုင်ရန် ကိုယ်တော်အား သင်ပေးနိုင်သည့် အရာတစ်ခုခုရှိကြောင်း ယေဟောဝါ ပြောဆိုနေခြင်းဖြစ်၏။ စကြဝဠာ ပိုင်သအုပ်စိုးရှင်သည် ခေတ်တစ်လျှောက်လုံး အဆိုပါအကြီးမားဆုံးသော အရေးကိစ္စနှင့်စပ်လျဉ်း၍ အသင်ကိုယ်တိုင် ဖြေကြားပေးရန် သင့်အား မေတ္တာရပ်ခံနေသည်ကို မြင်ယောင်ကြည့်ပါ။ သင့်အတွက် စိုးရွံ့ဖွယ်ကောင်းလှသည့် တာဝန်နှင့် အခွင့်ထူးပါတကား! ယေဟောဝါ တောင်းဆိုနေသည့်အရာကို သင်ကျေပွန်အောင် ဆောင်ရွက်ပေးနိုင်ပါမည်လော။ ယောဘ ဆောင်ရွက်နိုင်ခဲ့ပေသည်။ (ယောဘ ၂:၉၊ ၁၀) ယေရှုအပြင် သမိုင်းတစ်လျှောက်ရှိ လူငယ်များအပါအဝင် မရေမတွက်နိုင်သော အခြားသူများပါ ထိုသို့လုပ်ဆောင်နိုင်ခဲ့ကြ၏။ (ဖိလိပ္ပိ ၂:၈; ဗျာ. ၆:၉) သင်လည်း အလားတူ လုပ်ဆောင်နိုင်ပါသည်။ သို့သော် ဤကိစ္စတွင် ကြားနယ်မရှိချေ။ သင်၏လုပ်ဆောင်မှု အစီအစဉ်အားဖြင့် စာတန်ကို ကဲ့ရဲ့စေမည် သို့မဟုတ် ယေဟောဝါကို ပြန်ချေပစေမည်။ မည်သည့်ဘက်ကို ထောက်မရန် သင်ရွေးချယ်မည်နည်း။
သင့်ကို ယေဟောဝါ သတိနှင့်ကြည့်ရှု!
၁၁ သင်ရွေးချယ်သည့်အရာသည် ယေဟောဝါအတွက် တကယ်အရေးပါသလော။ စာတန်အား လုံလုံလောက်လောက် ကိုယ်တော် ပြန်ချေပရန် ဆက်၍တည်ကြည်ခဲ့ကြသည့်သူ အလုံအလောက် ရှိနေပြီမဟုတ်လော။ ယေဟောဝါကို မည်သူမျှ ချစ်ခြင်းမေတ္တာဖြင့် ဝတ်ပြုကြမည်မဟုတ်ကြောင်း စာတန် အခိုင်အမာ ပြောဆိုခဲ့သည်မှာ မှန်သော်လည်း ထိုစွပ်စွဲချက်သည် မှားယွင်းခဲ့ပြီ ဖြစ်သည်။ သို့တိုင် ယေဟောဝါသည် သင့်အား ပုဂ္ဂိုလ်တစ်ဦးအနေနှင့်ဂရုစိုက်နေသောကြောင့် အကြွင်းမဲ့ ပိုင်သအုပ်စိုးမှုပြဿနာနှင့်ပတ်သက်၍ ကိုယ်တော့်ဘက် ရပ်တည်စေလိုတော်မူ၏။ ယေရှု ဤသို့မိန့်ဆိုခဲ့သည်– “ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဤသူငယ် တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။”—မဿဲ ၁၈:၁၄။
၁၂ သင်ရွေးချယ်သည့် လမ်းစဉ်ကို ယေဟောဝါ စိတ်ဝင်စားနေသည်မှာ ရှင်းပါသည်။ ထို့ထက်ကား ကိုယ်တော်အား ထိခိုက်နေခြင်းဖြစ်၏။ လူသားတို့၏ ကောင်းသောလုပ်ရပ်၊ မကောင်းသောလုပ်ရပ်ကြောင့် ယေဟောဝါသည် နက်ရှိုင်းသည့် ခံစားမှုများ ဖြစ်ပေါ်ကြောင်း သမ္မာကျမ်းစာက ရှင်းပြသည်။ ဥပမာ၊ ဣသရေလလူမျိုးများ ထပ်ခါတလဲလဲ ပုန်ကန်ကြသောအခါ ယေဟောဝါသည် “စိတ်တော်နာ” ခဲ့၏။ (ဆာလံ ၇၈:၄၀၊ ၄၁) နောဧခေတ် ရေမလွှမ်းမိုးမီ “လူအပြစ်ကြီး” သဖြင့် ယေဟောဝါသည် “နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။” (ကမ္ဘာဦး ၆:၅၊ ၆) ယင်းက အဘယ်အဓိပ္ပာယ်ရှိကြောင်း စဉ်းစားကြည့်ပါ။ မှားယွင်းသော လမ်းစဉ်ကို သင်ရွေးချယ်မည်ဆိုလျှင် သင်၏ ဖန်ဆင်းရှင်ကို စိတ်နာကျင်စေနိုင်ပါသည်။ ယင်းက ဘုရားသခင်သည် စိတ်ဓာတ်ပျော့ညံ့သည် သို့မဟုတ် စိတ်လှုပ်ရှားမှုက လွှမ်းမိုးထားသည်ဟု မဆိုလိုပေ။ သို့အစား ကိုယ်တော်သည် သင့်ကိုချစ်မြတ်နိုးကာ သင်၏ကောင်းကျိုးကို ဂရုစိုက်တော်မူ၏။ အခြားတစ်ဖက်တွင်မူ မှန်ရာကို သင်လုပ်ဆောင်သည့်အခါ ယေဟောဝါ၏နှလုံး ရွှင်လန်းတော်မူ၏။ ကိုယ်တော်သည် စာတန်ကို ပြန်လည်ချေပနိုင်သည်သာမက သင်၏ ဆုကျေးဇူးပေးသနားရှင်ပါ ဖြစ်လာနိုင်သောကြောင့် ကိုယ်တော် ပျော်ရွှင်လေသည်။ ယင်းသည် ကိုယ်တော် ဖြစ်လာလိုသည့်အရာပင် ဖြစ်၏။ (ဟေဗြဲ ၁၁:၆) အလွန်မေတ္တာပြည့်ဝသည့် ယေဟောဝါဘုရားသခင်ကို သင်ဝတ်ပြုကိုးကွယ်ရသည်တကား!
ဘုရားရေးရာ ရတနာ
သင့်ဖန်ဆင်းရှင်၏ ဘုန်းတော်ကို ထင်ရှားစေရန် ဝိညာဉ်ရေးပန်းတိုင်များ အသုံးပြုလော့
ယေဟောဝါသည် စကြဝဠာကို မည်သို့ပြီးအောင်ဖန်ဆင်းခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ ဖန်ဆင်းရာ ဆက်တိုက်အချိန်ပိုင်းများကို “ညဦးနှင့် နံနက်” ဟူသောစကားများဖြင့် ယေဟောဝါ ဖော်ပြတော်မူ၏။ (ကမ္ဘာဦး ၁:၅၊ ၈၊ ၁၃၊ ၁၉၊ ၂၃၊ ၃၁) ဖန်ဆင်းရာအချိန်ပိုင်းတစ်ခုစီ စတင်သည့်အခါ ထိုနေ့အတွက် ပန်းတိုင်၊ သို့မဟုတ် ရည်ရွယ်ချက်ကို ကိုယ်တော် ကောင်းစွာသိတော်မူ၏။ ထို့နောက် ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ ဖန်ဆင်းရသည့် ရည်ရွယ်ချက်ကို အပြီးလုပ်ဆောင်ခဲ့သည်။ (ဗျာ. ၄:၁၁) “[ယေဟောဝါ] အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်” ဟု ရှေးဘိုးဘေး ယောဘက ပြောခဲ့သည်။ (ယောဘ ၂၃:၁၃) ယေဟောဝါသည် “ဖန်ဆင်းသမျှသောအရာတို့” ကို တွေ့မြင်သည့်အခါ အလွန်ကျေနပ်အားရ၍ “အလွန်ကောင်းသည်” ဟု ကြေညာခဲ့ခြင်းဖြစ်မည်!—ကမ္ဘာဦး ၁:၃၁။
ကျွန်ုပ်တို့လည်း ပန်းတိုင်မီရန် ပန်းတိုင်ရောက်ရမည်ဟူသည့် ပြင်းပြသောဆန္ဒရှိရမည်။ အဘယ်အရာက ထိုသို့သော ပြင်းပြသည့်စိတ်ဆန္ဒ ရှိစေနိုင်မည်နည်း။ မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်နေစဉ်ပင် ယေဟောဝါသည် အပြီးသတ်ရလဒ်ဖြစ်သည့် ကိုယ်တော့်ဘုန်းထင်ရှား၍ ဂုဏ်တင်မည့် စကြဝဠာတွင် အလွန်လှပသောရတနာတစ်ခု ဖြစ်လာလိမ့်မည်ကို ကိုယ်တော် ကြိုမြင်နိုင်တော်မူ၏။ အလားတူပင် ကျွန်ုပ်တို့ပန်းတိုင်ရောက်သည့်အခါ မည်သို့ဖြစ်လာမည်၊ အဘယ်အကျိုးများရှိမည်ကို ဆင်ခြင်တွေးတောခြင်းအားဖြင့် ကျွန်ုပ်တို့ချမှတ်ထားသောပန်းတိုင်သို့ ရောက်လိုသောဆန္ဒကို ပြုစုပျိုးထောင်နိုင်သည်။ အသက် ၁၉ နှစ်အရွယ် တိုနီသည် ယင်းသို့ပြုလုပ်ခဲ့သည်။ ဥရောပအနောက်ပိုင်းရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးတစ်ခုသို့ လည်ပတ်စဉ်က သူ့စိတ်ထဲစွဲမှတ်ခဲ့ရာကို သူတစ်ခါမျှ မမေ့ပါ။ ထိုအချိန်မှစ၍ တိုနီ၏စိတ်ထဲတွင် ဤမေးခွန်း ရှိနေခဲ့သည်– ‘ဒီလိုနေရာမျိုးမှာနေပြီး အမှုဆောင်မယ်ဆိုရင် ဘယ်လိုနေမလဲ။’ တိုနီသည် ဖြစ်လာနိုင်ရာကို အမြဲစိတ်စွဲလမ်းပြီး သူ့ပန်းတိုင်ရောက်အောင် ဆက်ကြိုးစားခဲ့သည်။ နှစ်အတန်ကြာပြီးနောက် ဌာနခွဲတွင်အမှုဆောင်ရန် သူ၏လျှောက်လွှာကို လက်ခံလိုက်သည့်အခါသူအလွန်ပျော်ရွှင်ခဲ့သည်!
ဒီဇင်ဘာ ၁၁-၁၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၂၅-၂၇
“သမာဓိစောင့်ထိန်းနိုင်ဖို့ အမှားကင်းသူဖြစ်စရာမလို”
it-1 ၁၂၁၀ ပိုဒ်. ၄
သမာဓိ
ယောဘ။ ယောဘဟာ ယောသပ်သေဆုံးပြီးချိန်နဲ့ မောရှေလက်ထက်စပ်ကြား အသက်ရှင်ခဲ့သူဖြစ်တယ်။ သူ့ကို “ရိုးဖြောင့်သူ၊ သမာဓိရှိသူ၊ ဘုရားသခင်ကို ကြောက်ရွံ့သူ၊ မကောင်းမှုကို ရှောင်တဲ့သူ” လို့ ဖော်ပြထားတယ်။ (ယဘ ၁:၁) ယေဟောဝါက ကောင်းကင်မှာ ကောင်းကင်တမန်တွေနဲ့ အစည်းအဝေးလုပ်နေတုန်း ရန်သူစာတန် ရောက်လာတဲ့အခါ သူ့ကို ယောဘအကြောင်း မေးတယ်။ ဒီအချက်ကနေ လူ့သမာဓိအရေးကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါဘုရားနဲ့ စာတန်တို့ အချေအတင်ဖြစ်နေတယ်ဆိုတာ သိရတယ်။ ဘုရားသခင်ကို ချစ်လို့ မဟုတ်ဘဲ ကိုယ်ကျိုးအတွက် ဝတ်ပြုတာလို့ ယောဘရဲ့စိတ်ရင်းကို စာတန် စွပ်စွဲတယ်။ ဒီနည်းနဲ့ ယောဘရဲ့ သမာဓိကို မေးခွန်းထုတ်ခဲ့တယ်။ စာတန်ဟာ ယောဘရဲ့ ပစ္စည်းဥစ္စာများစွာနဲ့ သားသမီးတွေကို ဆုံးရှုံးအောင် လုပ်နိုင်ခဲ့ပေမဲ့ ယောဘရဲ့ သမာဓိကိုတော့ မဖျက်ဆီးနိုင်ခဲ့ဘူး။ (ယဘ ၁:၆–၂:၃) ယောဘဟာ မိမိအသက်ကို မထိခိုက်သရွေ့တော့ ပစ္စည်းဥစ္စာနဲ့ ကလေးတွေကို ဆုံးရှုံးသွားလည်း ခံရပ်နိုင်မှာပဲလို့ စာတန် စွပ်စွဲပြန်တယ်။ (ယဘ ၂:၄၊ ၅) အဲဒီနောက် ယောဘဟာ ရောဂါဆိုး ခံစားရတယ်။ ဇနီးသည်ဆီက စိတ်ပျက်အားလျော့စေတဲ့ စကားတွေ၊ ဘုရားသခင့်စံနှုန်း၊ ရည်ရွယ်ချက်တွေနဲ့ လွဲနေတဲ့ အပေါင်းအသင်းတွေရဲ့ ပြစ်တင်ရှုတ်ချတဲ့စကားလည်း ခံခဲ့ရတယ်။ (ယဘ ၂:၆-၁၃။ ၂၂:၁၊ ၅-၁၁) ဒါတောင် ယောဘဟာ သမာဓိကို မချိုးဖောက်ခဲ့ဘူး။ “သေတဲ့အထိ ကျုပ်ရဲ့သမာဓိကို မစွန့်ဘူး။ ဖြောင့်မတ်ခြင်းတရားကို ကိုယ်နဲ့မကွာ ထိန်းသိမ်းထားမယ်။ ကျုပ်အသက်ရှင်နေသရွေ့ ကိုယ့်စိတ်က ကိုယ့်ကိုအပြစ်မတင်ဘူး” လို့ ပြောခဲ့တယ်။ (ယဘ ၂၇:၅၊ ၆) ယောဘဟာ သမာဓိ စောင့်ထိန်းပြီး ဘုရားသခင့်ရန်သူကို မုသာကောင်ဖြစ်ကြောင်း သက်သေပြခဲ့တယ်။
သမာဓိ စောင့်ထိန်းပါ
၃ ဘုရားသခင့် ကျေးကျွန်တွေအတွက် သမာဓိရှိတယ်ဆိုတာ ယေဟောဝါကို ပုဂ္ဂိုလ်တစ်ဦးအဖြစ် စိတ်နှလုံးအကြွင်းမဲ့ ချစ်ခြင်း၊ ဆည်းကပ်ခြင်း၊ ဆုံးဖြတ်ချက် မှန်သမျှမှာ ဘုရားအလိုတော်ကို အဓိကထားခြင်း ဖြစ်တယ်။ “သမာဓိ” ဆိုတဲ့ ကျမ်းစာစကားလုံးရဲ့ အခြေခံအဓိပ္ပာယ်က စုံလင်ခြင်း၊ အနာအဆာကင်းခြင်း၊ အပြည့်အဝဖြစ်ခြင်းကို ဆိုလိုတယ်။ ဥပမာ၊ အစ္စရေးတွေ တိရစ္ဆာန် ပူဇော်တဲ့အခါ အနာအဆာကင်းဖို့ ယေဟောဝါ တောင်းဆိုတယ်။ (ဝတ်. ၂၂:၂၁၊ ၂၂) ခြေကျိုး၊ နားရွက်ပဲ့၊ မျက်စိကန်း၊ ရောဂါရှိတဲ့ တိရစ္ဆာန်တွေကို မပူဇော်ရဘူး။ ယေဟောဝါအတွက် ပူဇော်တဲ့ တိရစ္ဆာန်တွေဟာ ကိုယ်အင်္ဂါစုံပြီး အနာအဆာကင်းရမယ်။ (မာလ. ၁:၆-၉) အနာအဆာကင်းဖို့ ယေဟောဝါ ဘာကြောင့် အလေးထားမှန်း နားလည်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ အသီးဖြစ်ဖြစ်၊ စာအုပ်ဖြစ်ဖြစ် တစ်ခုခု ဝယ်တဲ့အခါ အနာအဆာပါတာ၊ မပြည့်စုံတာကို လိုချင်မှာ မဟုတ်ဘူး။ အနာအဆာကင်းပြီး အပြည့်အစုံပါတာကိုပဲ လိုချင်ကြတယ်။ အဲဒီလိုပဲ ယေဟောဝါလည်း ကျွန်တော်တို့ရဲ့ မေတ္တာနဲ့ သစ္စာစောင့်သိမှုကို အပြည့်အဝ လိုချင်တယ်။
၄ သမာဓိရှိဖို့ ပြည့်ဝစုံလင်ရမယ်လို့ ယူဆသင့်သလား။ ပြည့်ဝစုံလင်ဖို့ နေနေသာသာ အပြစ်အနာအဆာ များလွန်းတယ်လို့ ကျွန်တော်တို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ အဲဒီလို မခံစားသင့်တဲ့ အကြောင်းရင်း နှစ်ခုကို သုံးသပ်ကြည့်ပါ။ ပထမ၊ ကျွန်တော်တို့ရဲ့ အပြစ်အနာအဆာတွေကို ယေဟောဝါ အာရုံမစိုက်ဘူး။ “အို ယေဟောဝါ၊ ယေဟောဝါ၊ ကိုယ်တော်သာ အမှားတွေကို စောင့်ကြည့်နေရင် ဘယ်သူ ခံရပ်နိုင်မှာလဲ” လို့ ကျမ်းစာမှာ ပြောတယ်။ (ဆာ. ၁၃၀:၃) ကျွန်တော်တို့ မစုံလင်မှန်း၊ အပြစ်သားတွေ ဖြစ်မှန်း ဘုရား သိပြီး ရက်ရက်ရောရော ခွင့်လွှတ်ပေးတယ်။ (ဆာ. ၈၆:၅) ဒုတိယ၊ ကျွန်တော်တို့ရဲ့ ကန့်သတ်ချက်တွေကို ယေဟောဝါ သိပြီး မတတ်နိုင်တာကို မမျှော်လင့်ဘူး။ (ဆာလံ ၁၀၃:၁၂-၁၄ ကိုဖတ်ပါ။) ဒါဆို ဘယ်လိုနည်းနဲ့ စုံလင်၊ ပြည့်ဝပြီး အနာအဆာ ကင်းနိုင်မလဲ။
၅ ယေဟောဝါရဲ့ ကျေးကျွန်တွေ သမာဓိရှိရတဲ့ အကြောင်းရင်းဟာ မေတ္တာရှိလို့ပဲ။ ကောင်းကင်ဖခင်ကို ချစ်တဲ့ မေတ္တာ၊ ဆည်းကပ်မှုဟာ စုံလင်၊ ပြည့်ဝပြီး အနာအဆာ ကင်းရမယ်။ စမ်းသပ်ခံရချိန်မှာ မေတ္တာဆက်ရှိနေမယ်ဆိုရင် သမာဓိရှိနေတာ ဖြစ်တယ်။ (၁ ရာ. ၂၈:၉။ မ. ၂၂:၃၇) အစပိုင်းမှာ ဖော်ပြခဲ့တဲ့ သက်သေခံ သုံးယောက်အကြောင်း ပြန်စဉ်းစားကြည့်ပါ။ ကျောင်းသူလေးဟာ ကျောင်းကလုပ်တဲ့ ပွဲမှာ မပျော်ချင်လို့လား။ လူငယ်လေးဟာ ကျောင်းနေဖက်ရဲ့ အိမ်တံခါးရှေ့မှာ လှောင်ပြောင်ခံချင်လို့လား။ ဖခင်ဖြစ်သူကလည်း အလုပ်ပြုတ်ချင်လို့လား။ မဟုတ်ပါဘူး။ ကောင်းကင်ဖခင် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို သူတို့သိပြီး ဘုရား နှစ်သက်တဲ့အရာတွေကို ဦးစားထားကြလို့ပဲ။ ဘုရားကို ချစ်တဲ့ မေတ္တာဟာ ဆုံးဖြတ်ချက် မှန်သမျှမှာ ဘုရားကို ဦးစားထားဖို့ လှုံ့ဆော်ပေးတယ်။ ဒီနည်းအားဖြင့် သမာဓိရှိကြောင်း ပြကြတယ်။
ဘုရားရေးရာ ရတနာ
ဘုရားသခင့် စကားတော် ကျမ်းစာနဲ့အညီ ဖွဲ့စည်းထားခြင်း
၃ ဘုရားသခင်ဟာ ပြိုင်ဘက်ကင်းတဲ့ စီစဉ်ဖွဲ့စည်းရှင် ဖြစ်ကြောင်း ဖန်ဆင်းခြင်းက သက်သေထူတယ်။ “ယေဟောဝါက ကမ္ဘာမြေကို ဉာဏ်ပညာနဲ့ အုတ်မြစ်ချခဲ့တယ်။ ကောင်းကင်ကို ပိုင်းခြားသိမြင်မှုနဲ့ အခိုင်အမာ တည်ခဲ့တယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (သု. ၃:၁၉၊ ကဘ) “အမှုတော် အရိပ်အမြွက်” နဲ့ “စကားတော်အသံ အနည်းငယ်ကိုသာ” ကျွန်တော်တို့ သိရတာပါ။ (ယောဘ ၂၆:၁၄) ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဂလက်ဆီတွေအကြောင်း မဆိုစလောက်ပဲ သိရတာတောင်မှ ဒီစကြဝဠာကြီး စည်းစနစ်ကျလွန်းတာကို အသိအမှတ် ပြုကြရတယ်။ (ဆာ. ၈:၃၊ ၄) ကြယ်သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ဂလက်ဆီတွေဟာ အာကာသထဲမှာ စနစ်တကျ ရွေ့လျားနေကြတယ်။ နေအဖွဲ့အစည်းမှာရှိတဲ့ ဂြိုဟ်တွေဟာ လမ်းစည်းကမ်းတွေကို လိုက်နာနေတဲ့ပုံမျိုးနဲ့ နေကို ကိုယ့်လမ်းကြောင်းနဲ့ကိုယ် လှည့်ပတ်နေကြတယ်။ စကြဝဠာမှာ မြင်တွေ့နေရတဲ့ ရင်သပ်ရှုမောဖွယ် စနစ်ကျမှုက ကောင်းကင်နဲ့ မြေကြီးကို ‘ပညာတရားအတိုင်း ဖန်ဆင်း’ ထားတဲ့ ယေဟောဝါဟာ ချီးမွမ်းမှု၊ သစ္စာစောင့်သိမှု၊ ကိုးကွယ်မှု ခံထိုက်မှန်း နားလည်စေတယ်။—ဆာလံ ၁၃၆:၁၊ ၅-၉ ကိုဖတ်ပါ။
ဒီဇင်ဘာ ၁၈-၂၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၂၈-၂၉
“သင်လည်း ယောဘလို နာမည်ကောင်းရှိလား”
လိုအပ်နေသူများကို ချစ်ခင်ကြင်နာမှု တင်ပြလော့
၁၉ ကျွန်ုပ်တို့ဆွေးနွေးခဲ့သည့် ကျမ်းစာမှတ်တမ်းများက မိမိတို့ဘာသာ မဖြည့်ဆည်းနိုင်သော လိုအပ်ချက်ရှိသူများကို ချစ်ခင်ကြင်နာမှု တင်ပြဖို့လိုကြောင်းကိုလည်း အလေးပေးဖော်ပြသည်။ အာဗြဟံသည် မိမိ၏မျိုးရိုးကိုဆက်နိုင်ရန် ဗေသွေလ၏အကူအညီလိုခဲ့သည်။ ခါနာန်ပြည်သို့ မိမိ၏ရုပ်အလောင်းကို ယူဆောင်သွားရန် ယောသပ်၏အကူအညီကို ယာကုပ်လိုအပ်ခဲ့သည်။ နောမိသည် အမွေဆက်ခံသူတစ်ဦးရှိဖို့ ရုသ၏အကူအညီကိုလိုခဲ့သည်။ အာဗြဟံ၊ ယာကုပ်နှင့် နောမိတို့သည် အကူအညီမရရှိဘဲ ဤလိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ခဲ့ကြချေ။ အလားတူ ယနေ့လည်း အကူအညီအထူးသဖြင့်လိုအပ်သူများကို ချစ်ခင်ကြင်နာမှုပြသင့်သည်။ (သု. ၁၉:၁၇) “ဆင်းရဲသောသူ၊ အဘမရှိသောသူ၊ ခိုကိုးရာမရသောသူ” ကိုသာမက “ပျက်စီးလုသောသူ” ကိုပါ ဂရုစိုက်ကြည့်ရှုစောင်မခဲ့သူ ဘိုးဘေးယောဘကို ကျွန်ုပ်တို့အတုယူသင့်သည်။ ထို့ပြင် ယောဘသည် “မုဆိုးမ၏စိတ်နှလုံးကို ရွှင်လန်းစေ” ခဲ့ပြီး ‘မျက်စိကန်းသောသူတို့အား မျက်စိဖြစ်၍ ခြေဆွံ့သောသူတို့အား ခြေ’ ဖြစ်ခဲ့သည်။—ယောဘ ၂၉:၁၂-၁၅။
it-1 ၆၅၅ ပိုဒ်. ၁၀
အဝတ်အစား
အဝတ်အစားနဲ့ ခိုင်းနှိုင်းတင်ပြတဲ့အရာ များစွာရှိတယ်။ အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ကြောင်း၊ လှုပ်ရှားမှုတစ်ခုကို ထောက်ခံသူဖြစ်ကြောင်း အဝတ်အစားနဲ့ ခွဲခြားသိနိုင်သလို ကျမ်းစာထဲမှာလည်း လူတစ်ဦးရဲ့ရပ်တည်ချက်၊ လုပ်ရပ်တွေကို ဝတ်စားဆင်ယင်မှုနဲ့ ခိုင်းနှိုင်းဖော်ပြတယ်။ ဥပမာ၊ မင်္ဂလာပွဲတက်ဝတ်စုံ ဝတ်ဆင်ခြင်းနဲ့ပတ်သက်ပြီး ယေရှု ပြောခဲ့တဲ့ ပုံဥပမာမှာ သိနိုင်တယ်။ (မ ၂၂:၁၁၊ ၁၂) ဗျာဒိတ် ၁၆:၁၄၊ ၁၅ မှာ သခင်ယေရှုခရစ်က ခရစ်ယာန်တွေကို ဘုရားရေးရာဘက် အိပ်ပျော်မသွားဖို့၊ စစ်မှန်တဲ့ဘုရားသခင်ရဲ့ သစ္စာရှိသက်သေဖြစ်ကြောင်း မှတ်သားဖော်ပြတဲ့အဝတ် အချွတ်မခံရဖို့ သတိပေးခဲ့တယ်။ သတိပေးချက်ကို မလိုက်နာရင် “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နေ့ကြီးမှာ တိုက်မယ့် စစ်ပွဲ” မှာ ဖျက်ဆီးခံရနိုင်တယ်။
အမည်တစ်ခု၏ နောက်ကွယ်တွင် ရှိသောအရာ
ကျွန်ုပ်တို့မွေးဖွားချိန်တွင် ကျွန်ုပ်တို့အားမှည့်ခေါ်သောအမည်ကို ကိုယ်တိုင်ရွေးချယ်ထားခြင်းမဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့ရရှိသည့်နာမည်သတင်းမှာမူ ကျွန်ုပ်တို့ပေါ်တွင်သာ မူတည်သည်။ (သု. ၂၀:၁၁) ထို့ကြောင့် ‘ယေရှု ဒါမှမဟုတ် တမန်တော်တွေသာရှိမယ်ဆိုရင် ငါ့ကို ဘယ်လိုနာမည်မျိုး ပေးမလဲ။ ဘယ်နာမည်မျိုးက ငါ့ရဲ့ထင်ပေါ်တဲ့အရည်အသွေး ဒါမှမဟုတ် ငါ့ဂုဏ်သတင်းကို ကောင်းကောင်းဖော်ပြမလဲ’ ဟုသင့်ကိုယ်သင်မေးကြည့်ပါ။
ထိုမေးခွန်းများကို ကောင်းစွာသုံးသပ်သင့်သည်။ အဘယ်ကြောင့်နည်း။ “ကောင်းသော [“အမည်၊” ကဘ] ကို များစွာသောဥစ္စာထက် သာ၍ရွေးစရာကောင်း၏” ဟုပညာရှိဘုရင်ရှောလမုန် ရေးခဲ့သောကြောင့်ဖြစ်သည်။ (သု. ၂၂:၁) ရပ်ကွက်တွင် ကျွန်ုပ်တို့ နာမည်ကောင်းရှိခြင်းက အလွန်အကျိုးရှိသည်။ သို့သော် ပို၍အရေးကြီးသည်ကား ဘုရားသခင်ရှေ့တွင် ကျွန်ုပ်တို့နာမည်ကောင်းရှိပါက ထာဝရဘဏ္ဍာကို ကျွန်ုပ်တို့ရရှိပါလိမ့်မည်။ အဘယ်ကြောင့်နည်း။ မိမိအားကြောက်ရွံ့သူတို့ကို “စာရင်း” ၌မှတ်သားပြီး ထာဝရအသက်ရှင်ခွင့် အလားအလာကို ပေးမည်ဟု ဘုရားသခင် ကတိပြုထားသောကြောင့်ပင် ဖြစ်သည်။—မာလခိ ၃:၁၆; ဗျာ. ၃:၅; ၂၀:၁၂-၁၅။
ဘုရားရေးရာ ရတနာ
န၀၀ ၇/၈ ၁၁ ပိုဒ်. ၃
သင့်အတွက် ကောင်းကျိုး ပေးစွမ်းနိုင်တဲ့ အပြုံး
အပြုံးတစ်ပွင့်နဲ့ ဘာများ ထူးသွားမှာမို့လို့လဲ။ ဒါဆို တစ်ယောက်ယောက် ပြုံးပြလိုက်လို့ စိတ်သက်သာရာ ရသွားတာမျိုး၊ စိတ်ချမ်းသာသွားတာမျိုး ကြုံဖူးသလား။ ဒါမှမဟုတ် တစ်ယောက်ယောက်က မပြုံးပြလို့ စိတ်ထင့်သွားတာ၊ စိုးရိမ်သွားတာမျိုး ဖြစ်ဖူးသလား။ အပြုံးတစ်ပွင့်ဟာ တန်ဖိုးရှိပါတယ်။ ပြုံးလိုက်တဲ့အခါ ပြုံးတဲ့သူရော ပြုံးပြခံရတဲ့သူပါ အကျိုးရတယ်။ ကျမ်းစာထဲမှာ ယောဘက မိမိကို ဆန့်ကျင်သူတွေနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်– “ကျုပ်ပြုံးပြတဲ့အခါ မယုံနိုင်အောင် ဖြစ်ကုန်တယ်။ ကျုပ်ရဲ့မျက်နှာအလင်းက သူတို့ကို စိတ်အေးစေတယ်။” (ယဘ ၂၉:၂၄) ယောဘရဲ့ ရွှင်ပြတဲ့ မျက်နှာထားကြောင့် ယောဘရဲ့မျက်နှာ “လင်း” နေတာပါ။
ဒီဇင်ဘာ ၂၅-၃၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၃၀-၃၁
“ကိုယ်ကျင့်သီလ စင်ကြယ်အောင် ယောဘ ထိန်းသိမ်းခဲ့ပုံ”
အကျိုးမရှိသည့်အရာမှ သင်တို့၏မျက်စိကိုလွှဲပါ
၈ မျက်စိတပ်မက်မှုနှင့် သွေးသားတပ်မက်မှုတို့သည် ခရစ်ယာန်စစ်များကိုလည်း ထိခိုက်နိုင်သည်။ ထို့ကြောင့် ဘုရားသခင့်တရားစကားတော်က ကျွန်ုပ်တို့ကြည့်ရှုရာများ၊ တပ်မက်ရာများနှင့် ပတ်သက်၍ မိမိကိုယ်ကိုဆုံးမရန် အားပေးထားသည်။ (၁ ကော. ၉:၂၅၊ ၂၇; ၁ ယောဟန် ၂:၁၅-၁၇ ကိုဖတ်ပါ။) ဖြောင့်မတ်သူ ယောဘသည် ကြည့်ရှုရာများနှင့် လိုအင်ဆန္ဒများအကြား အလွန်ဆက်စပ်မှုရှိကြောင်းကို အသိအမှတ်ပြုခဲ့သည်။ သူ ဤသို့ပြောခဲ့၏– “ငါသည် အပျိုကိုမျှမကြည့်မရှုမည်အကြောင်း ကိုယ်မျက်စိနှင့်ပဋိညာဉ်ဝန်ခံခြင်းကိုပြုပြီ။” (ယောဘ ၃၁:၁) ယောဘသည် အမျိုးသမီးတစ်ဦးကို အကျင့်ပျက်သောနည်းဖြင့် ကိုင်တွယ်ဖို့ ငြင်းဆိုရုံသာမက ထိုကဲ့သို့သောအတွေးမျိုးကို သူ၏စိတ်တွင် သိုထားရန်ပင် ခွင့်မပြုခဲ့ချေ။ “မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ် ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ” ဟု ယေရှု မိန့်တော်မူရာတွင် စိတ်နှလုံးသည် အကျင့်ပျက် အတွေးအခေါ်များနှင့် ကင်းစင်၍ သန့်ရှင်းရမည်ဖြစ်ကြောင်း အလေးပေး ဖော်ပြနေခြင်းဖြစ်သည်။—မ. ၅:၂၈။
‘နောက်ဆုံး၌’ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ပါ
ထိုသို့သောလမ်းစဉ်သို့ ခြေမချမီ ‘ဒီလမ်းအတိုင်းသွားရင် ငါ ဘယ်ရောက်သွားမလဲ’ ဟုကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ ‘နောက်ဆုံး၌’ အဘယ်သို့ဖြစ်မည်ကို ခဏအချိန်ယူကာ ချင့်ချိန်သုံးသပ်ခြင်းက ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သောလမ်းစဉ်သို့ ခြေမချမိရန် သင့်ကို ကာကွယ်ပေးနိုင်သည်။ အေ့ဒ်စ်နှင့် အခြားလိင်ဆိုင်ရာ ကူးစက်ရောဂါများ၊ မလိုအပ်ဘဲ ကိုယ်ဝန်ရခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ ဆက်ဆံရေးပျက်ပြားခြင်း၊ ကိုယ်ကိုယ်ကိုယ်သိစိတ် ညစ်ညူးခြင်းတို့သည် လမ်းညွှန်ဆိုင်းဘုတ်များဖြစ်သော ဘုရားသခင့် သတိပေးချက်များကို လျစ်လျူရှုသူတို့၏ လမ်းစဉ်တွင် ကြုံနေကျဖြစ်သည်။ အကျင့်ပျက်သူတို့၏ လမ်းဆုံးနှင့်ပတ်သက်၍ တမန်တော်ပေါလုက သူတို့သည် “ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြ” ဟုရှင်းရှင်းလင်းလင်း မိန့်ဆိုသည်။—၁ ကောရိန္သု ၆:၉၊ ၁၀။
လူငယ်တို့—သမ္မာကျမ်းစာ၏ လမ်းညွှန်မှုကို ခံယူပါ
၁၅ ဘုရားသခင်အပေါ်ထားရှိတဲ့ သင့်ရဲ့သစ္စာတည်ကြည်မှုက ဘယ်အချိန်မှာ ပိုစမ်းသပ်ခံရနိုင်သလဲ၊ တခြားသူတွေနဲ့ ရှိနေချိန်မှာလား၊ တစ်ဦးတည်း ရှိနေချိန်မှာလား။ ကျောင်းမှာ၊ အလုပ်ခွင်မှာ ရှိနေချိန်မှာတော့ ဘုရားသခင်နဲ့ သင့်ဆက်ဆံရေးကို ထိခိုက်နိုင်တဲ့ ဘယ်အရာကိုမဆို ပိုပြီးသတိထားမှာဖြစ်တယ်။ သင်တစ်ဦးတည်း ရှိနေတဲ့အချိန်၊ သင်သတိမထားတော့တဲ့ အချိန်မှာတော့ သင့်ရဲ့ကိုယ်ကျင့်တရား စမ်းသပ်ခံရဖို့ ပိုလွယ်ကူပါတယ်။
၁၆ သင် တစ်ဦးတည်း ရှိနေချိန်မှာတောင် ဘာကြောင့် ယေဟောဝါကို နာခံလိုစိတ်ရှိသင့်သလဲ။ ဒီအချက်ကို သတိရပါ– သင်ဟာ ယေဟောဝါရဲ့စိတ်ကို ထိခိုက်စေနိုင်သလို၊ ပျော်ရွှင်စေနိုင်တယ်။ (က. ၆:၅၊ ၆; သု. ၂၇:၁၁) ယေဟောဝါက ‘သင့်ကိုဂရုစိုက်’ တဲ့အတွက် သင့်လုပ်ရပ်က ကိုယ်တော့်ကို ထိခိုက်နိုင်တယ်။ (၁ ပေ. ၅:၇) ကိုယ်တော်မိန့်မှာရာကို သင်နားထောင်ဖို့ ကိုယ်တော်အလိုရှိပြီး အဲဒီကနေ သင် အကျိုးရရှိနိုင်တယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါရဲ့ ရှေးခေတ်ကျေးကျွန် အစ္စရေးလူမျိုးတချို့က ဘုရားသခင့်စကား နားမထောင်ခဲ့ကြလို့ ကိုယ်တော်စိတ်နာကျင်ခဲ့တယ်။ (ဆာ. ၇၈:၄၀၊ ၄၁) ဒါပေမဲ့ ကောင်းကင်တမန်က ပရောဖက်ဒံယေလကို “အလွန်ချစ်အပ်သောသူ” လို့ခေါ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ယေဟောဝါ သူ့ကို အလွန်ချစ်ခင်နှစ်သက်တယ်ဆိုတာ သိရတယ်။ (ဒံ. ၁၀:၁၁) အကြောင်းကတော့ ဒံယေလက လူသူရှေ့မှာသာမက တစ်ဦးတည်း ရှိနေချိန်မှာပါ ဘုရားသခင်အပေါ် သစ္စာတည်ကြည်မှု ပြခဲ့လို့ပဲ။—ဒံယေလ ၆:၁၀ ကိုဖတ်ပါ။
ဘုရားရေးရာ ရတနာ
မေတ္တာဖြင့် နားထောင်ပေးခြင်း အတတ်ပညာ
ယောဘ၏ အပေါင်းအဖော်များသည် အနည်းဆုံး သူ၏မြွက်ဆိုချက် ဆယ်ခုကို ကြားနာခဲ့ရ၏။ သို့တိုင် ယောဘက “တစ်စုံတစ်ယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော” ဟူ၍ မြည်တမ်းခဲ့သည်။ (ယောဘ ၃၁:၃၅) အဘယ်ကြောင့်နည်း။ သူတို့၏ နားထောင်ပေးခြင်းက သူ့အတွက် နှစ်သိမ့်မှု မဖြစ်စေခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် ယောဘ၏အကျိုးကို မလိုလားသည့်အပြင် သူ၏ခံစားချက်များကိုလည်း နားလည်ပေးလိုစိတ် မရှိကြချေ။ ကိုယ်ချင်းစာနာမှုရှိသော နားထောင်သူများ တင်ပြကြသည့် စိတ်ကြင်နာမှုမျိုး သူတို့တွင် မရှိခဲ့ကြချေ။ သို့သော် တမန်တော်ပေတရုက ဤသို့အကြံပေး၏– “သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့။” (၁ ပေတရု ၃:၈) စိတ်ကြင်နာမှုကို ကျွန်ုပ်တို့ မည်သို့ဖော်ပြနိုင်ကြသနည်း။ တစ်နည်းမှာ သူတစ်ဖက်သား၏ ခံစားချက်များကို အရေးစိုက်ပေးပြီး နားလည်ပေးခြင်းဖြင့်ဖြစ်၏။ ကျွန်ုပ်တို့အရေးစိုက်ကြောင်း ဖော်ပြသည့် နည်းတစ်နည်းမှာ “စိတ်မကောင်းဖြစ်ခဲ့မှာပဲနော်” သို့မဟုတ် “အထင်မှားခံခဲ့ရတာ ဖြစ်မှာ” စသည်ဖြင့် စာနာမှုရှိရှိ ပြောဆိုခြင်းဖြစ်သည်။ နောက်တစ်နည်းမှာ သူပြောလိုက်သည့်စကားကို ကိုယ့်စကားဖြင့် ပြန်ဖော်ပြပြောဆိုခြင်း ဖြစ်သည်။ ဤသို့ဖြင့် သူပြောဆိုရာကို ကျွန်ုပ်တို့နားလည်ပေးကြောင်း ဖော်ပြရာရောက်၏။ မေတ္တာဖြင့် နားထောင်ပေးခြင်းဟူသည် ပြောဆိုသည့်စကားကိုသာမက စကားနောက်ကွယ်မှ စိတ်ခံစားမှုများကိုပါ ဂရုပြုခြင်းကို ဆိုလိုသည်။