“အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့”
“အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။ ငါ့သား၊ သင်သည်အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့်ယစ်မူးသနည်း။”—သု. ၅:၁၈၊ ၂၀။
၁၊ ၂။ လင်မယားစပ်ကြားရှိ အချစ်စိတ်သည် ကောင်းချီးမင်္ဂလာဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
သမ္မာကျမ်းစာသည် လိင်ဆက်ဆံခြင်းနှင့်ပတ်သက်၍ နှုတ်ဆိတ်မနေပါ။ နယပုံပြင် ၅:၁၈၊ ၁၉ တွင် ဤသို့ဖတ်ရသည်– “သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍ အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။ သူသည် စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သော ဒရယ်မကဲ့သို့ဖြစ်၍ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကိုအစဉ်ပြေစေ၍ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။”
၂ ထိုကျမ်းချက်ပါ “စမ်းရေတွင်း” ဟူသောအသုံးအနှုန်းသည် လိင်ဆန္ဒဖြည့်ဆည်းပေးရာရင်းမြစ်ကို ရည်ညွှန်းသည်။ အိမ်ထောင်ဖက်နှစ်ဦး၏ အချစ်စိတ်နှင့်ပီတိသည် ဘုရားသခင်ပေးသနားသည့် ဆုကျေးဇူးဖြစ်သောကြောင့် ကောင်းချီးမင်္ဂလာဖြစ်၏။ သို့သော် ထိုသို့သောရင်းနှီးမှုကို အိမ်ထောင်ဖက်နှစ်ဦးသာ ခံစားရန်ဖြစ်သည်။ ထို့ကြောင့် နယပုံပြင်ကျမ်းရေးသူ ဣသရေလဘုရင်ရှောလမုန်က အဖြေမလိုသော ဤမေးခွန်းကို မေးခဲ့သည်– “ငါ့သား သင်သည်အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့်ယစ်မူးသနည်း။ ပြည်တန်ဆာမ၏ရင်ဘတ်ကို အဘယ်ကြောင့်ဖက်ယမ်းသနည်း။”—သု. ၅:၂၀။
၃။ (က) အိမ်ထောင်များစွာ၏ ဝမ်းနည်းဖွယ်အဖြစ်မှန်ကား အဘယ်နည်း။ (ခ) အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို ဘုရားသခင်မည်သို့ရှုမြင်သနည်း။
၃ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် တစ်ဦးကိုတစ်ဦးချစ်မြတ်နိုးကာ သစ္စာရှိရှိပေါင်းသင်းသွားမည်ဟု ထိမ်းမြားသည့်နေ့တွင် လေးနက်စွာကတိသစ္စာဆိုခဲ့ကြသည်။ သို့သော် အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် အိမ်ထောင်များစွာ အစိတ်စိတ်အမြွှာမြွှာပြိုကွဲခဲ့ရသည်။ လေ့လာမှု ၂၅ ခုကို ပြန်ဆန်းစစ်ပြီးနောက် သုတေသီတစ်ဦး ဤသို့ကောက်ချက်ချသည်– “ဇနီး ၂၅ ရာခိုင်နှုန်းနှင့် ခင်ပွန်း ၄၄ ရာခိုင်နှုန်းသည် အိမ်ထောင်ဖက်မဟုတ်သူတို့နှင့် ဖောက်ပြန်ခဲ့ကြသည်။” တမန်တော်ပေါလု ဤသို့ဆိုသည်– ‘အလွဲမယူကြနှင့်။ မတရားသောမေထုန်၌မှီဝဲသောသူ၊ ရုပ်ပုံကိုကိုးကွယ်သော၊ သူ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။’ (၁ ကောရိန္သု ၆:၉၊ ၁၀) ရှင်းနေပါသည်။ အိမ်ထောင်ရေးဖောက်ပြန်မှုသည် ဘုရားသခင်ရှေ့တွင် ကြီးလေးသည့်အပြစ်ဖြစ်သောကြောင့် ယင်းကို စစ်မှန်သောဝတ်ပြုသူများ ရှောင်ကြဉ်ရမည်။ သို့ဆိုလျှင် ‘မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုကို အသရေရှိစေ’ ရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။—ဟေဗြဲ ၁၃:၄။
စဉ်းလဲသောနှလုံးကို ဂရုပြု
၄။ အိမ်ထောင်သည်ခရစ်ယာန်တစ်ဦးသည် မည်သည့်နည်းများဖြင့် အိမ်ထောင်ဖက်မဟုတ်သူနှင့် မရည်ရွယ်ဘဲ ချစ်ရည်လူးမိနိုင်သနည်း။
၄ ကိုယ်ကျင့်တရားစံနှုန်း ကျဆင်းလာသော ယနေ့အချိန်၌ လူများစွာတွင် ‘သူ့မယားကိုပြစ်မှားသောကိလေသာနှင့်ပြည့်စုံသော မျက်စိရှိ၍ အပြစ်မပြုဘဲမနေနိုင်ကြ။’ (၂ ပေတရု ၂:၁၄) သူတို့သည် အိမ်ထောင်ဖက်မဟုတ်သူများနှင့် ချစ်ရည်လူးနေကြသည်။ ဒေသအချို့တွင် အမျိုးသမီးများစွာ လုပ်ငန်းခွင်ဝင်လာကြရာ ကျားမ,မရွေး ရောထွေးအလုပ်လုပ်ရခြင်းက ရုံးတွင်းအချစ်ဇာတ်လမ်းဖွင့်ရန် အခြေအနေကောင်းတစ်ရပ်ပင်။ အင်တာနက်စကားဝိုင်းများကလည်း အရှက်အကြောက်ကြီးသူများကိုပင် အွန်လိုင်းဖြင့် မိတ်ရင်းဆွေရင်းများ အလွယ်တကူဖွဲ့စေနိုင်သည်။ အိမ်ထောင်သည်များစွာသည် ထိုထောင်ချောက်များထဲ မရည်ရွယ်ဘဲ ကျရောက်ခဲ့ကြသည်။
၅၊ ၆။ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် အန္တရာယ်ရှိသောအခြေအနေအတွင်း မည်သို့သက်ဆင်းခဲ့ပြီး ယင်းမှ အဘယ်သင်ခန်းစာရရှိသနည်း။
၅ မေရီအမည်ရှိ ခရစ်ယာန်တစ်ဦးသည် လိင်အကျင့်ယိုယွင်းလုနီးပါးအခြေအနေသို့ မည်သို့ကျရောက်ခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။ ယေဟောဝါသက်သေမဟုတ်သော သူ၏ခင်ပွန်းသည် မိသားစုကို ချစ်ခင်တွယ်တာမှုသိပ်မရှိပေ။ လွန်ခဲ့သောနှစ်အနည်းငယ်က ခင်ပွန်း၏အလုပ်ဖော်နှင့်တွေ့ဆုံခဲ့ပုံကို မေရီ ပြန်အမှတ်ရသည်။ ထိုသူသည် ရည်မွန်ပြီး နောက်ပိုင်းတွင် မေရီ၏ဘာသာရေးယုံကြည်ချက်များကိုပင် စိတ်ဝင်စားကြောင်းပြလာသည်။ “သူက သိပ်တော်တယ်။ ကျွန်မယောက်ျားနဲ့တော့ တခြားစီပဲ” ဟု မေရီပြောသည်။ မကြာမီ မေရီသည် ထိုသူနှင့် ချစ်ကြိုးသွယ်မိသည်။ “ငါ အိမ်ထောင်ရေးဖောက်ပြန်တဲ့အထိ မဖြစ်သေးပါဘူး။ သူက ကျမ်းစာကိုစိတ်ဝင်စားတယ်။ သူ့ကို ငါကူညီပေးနိုင်မှာပါ” ဟု မေရီတွေးမိခဲ့သည်။
၆ မေရီသည် သူ့သားအိမ်ရာပြစ်မှားသည့်အခြေအနေ မရောက်မီ သတိပြန်ဝင်လာသည်။ (ဂလာတိ ၅:၁၉-၂၁; ဧဖက် ၄:၁၉) သူ၏ကိုယ်ကိုကိုယ်သိစိတ် စတင်နှောင့်ယှက်လာရာ အခြေအနေများကို ပြုပြင်တည့်မတ်ခဲ့သည်။ မေရီ၏အဖြစ်အပျက်က “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏” ဟူသောအချက်ကို ရှင်းလင်းစွာဖော်ပြသည်။ (ယေရမိ ၁၇:၉) သမ္မာကျမ်းစာက ဤသို့တိုက်တွန်းသည်– “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။” (သု. ၄:၂၃) မည်သို့စောင့်ရှောက်နိုင်သနည်း။
‘ပညာသတိရှိသောသူသည် ပုန်းနေတတ်၏’
၇။ အိမ်ထောင်ရေးပြဿနာများ ရင်ဆိုင်နေရသူတစ်ဦးကို ကူညီပေးသည့်အခါ အဘယ်ကျမ်းစာအကြံဉာဏ်များကို လိုက်နာခြင်းက အကာအကွယ်ဖြစ်မည်နည်း။
၇ “အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏၊ ထိုသူသည် မလဲခြင်းငှာသတိပြုစေ” ဟု တမန်တော်ပေါလုရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၀:၁၂) နယပုံပြင် ၂၂:၃ ကလည်း ဤသို့ဖော်ပြသည်– ‘ပညာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။’ ထို့ကြောင့် ‘ငါ ဘာမှဖြစ်မှာမဟုတ်ပါဘူး’ ဟု မိမိကိုယ်ကိုယုံကြည်စိတ်ချလွန်းစွာ တွေးမည့်အစား ပြဿနာဖြစ်စေနိုင်သောအခြေအနေများကို ကြိုမြင်ခြင်းက ပညာရှိရာကျသည်။ ဥပမာ၊ အိမ်ထောင်ရေးပြဿနာ ရင်ဆိုင်နေရသည့် လိင်ခြားသူတစ်ဦးသည် သူ၏အတွင်းရေးများ သင့်ကိုရင်ဖွင့်သည်အထိ သူနှင့်ရင်းနှီးခြင်းကို ရှောင်ပါ။ (သု. ၁၁:၁၄) အိမ်ထောင်ရေးပြဿနာများကို မိမိ၏အိမ်ထောင်ဖက် သို့မဟုတ် အိမ်ထောင်ရေး အောင်မြင်စေလိုသည့် လိင်တူသူ ရင့်ကျက်သောခရစ်ယာန်တစ်ဦး သို့မဟုတ် အကြီးအကဲများနှင့်သာ တိုင်ပင်ဆွေးနွေးသင့်ကြောင်း သူ့ကိုပြောပြပါ။ (တိတု ၂:၃-၅) ယေဟောဝါသက်သေများ၏အသင်းတော်ရှိ အကြီးအကဲများသည် ထိုကိစ္စနှင့်ပတ်သက်၍ ပုံသက်သေကောင်းတင်ပြကြသည်။ အကြီးအကဲတစ်ဦးသည် ခရစ်ယာန်ညီအစ်မတစ်ဦးနှင့် သီးသန့်စကားပြောဖို့ လိုအပ်လာပါက ဘုရားသခင့်နိုင်ငံတော်ခန်းမကဲ့သို့သော လူမြင်ကွင်းတွင်သာ ပြောဆိုသည်။
၈။ အလုပ်ခွင်တွင် အဘယ်အရာကို သတိပြုဖို့လိုသနည်း။
၈ အလုပ်ခွင်နှင့် အခြားမည်သည့်နေရာတွင်မဆို ရင်းနှီးလွန်းစေသော အခြေအနေများကို သတိပြုပါ။ ဥပမာ၊ အချိန်ပိုအလုပ်ဆင်းချိန်များတွင် လိင်ခြားသူတစ်ဦးနှင့် နီးကပ်စွာရှိနေခြင်းက သွေးဆောင်မှုဖြစ်နိုင်သည်။ အိမ်ထောင်သည်အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးအနေဖြင့် သင်သည် အိမ်ထောင်ဖက်မဟုတ်သူနှင့်ချစ်ရေးချစ်ရာများကို လုံးဝစိတ်မဝင်စားကြောင်း အပြောအဆို၊ အပြုအမူအားဖြင့် အတိအလင်းတင်ပြသင့်သည်။ ဘုရားသခင်ဝတ်၌မွေ့လျော်သူတစ်ဦးအနေဖြင့် ပရောပရည်လုပ်ခြင်း၊ ဣန္ဒြေမဲ့စွာဝတ်စားဖြီးလိမ်းခြင်းအားဖြင့် မိမိကိုအာရုံစိုက်လွန်းစေမည် မဟုတ်ပေ။ (၁ တိမောသေ ၄:၈; ၆:၁၁; ၁ ပေတရု ၃:၃၊ ၄) သင့်အိမ်ထောင်ဖက်နှင့် သားသမီးများ၏ဓာတ်ပုံကို အလုပ်ခွင်တွင်ထားခြင်းက သင်သည် မိသားစုကို အလေးထားသူဖြစ်ကြောင်း သင်ကိုယ်တိုင်နှင့် အခြားသူများကိုပါ သိရှိစေမည်။ သူတစ်ပါး၏သွေးဆောင်မြှူဆွယ်မှုများကို ရေလာမြောင်းပေးမလုပ်နှင့်၊ လုံးဝခွင့်မပြုပါနှင့်။—ယောဘ ၃၁:၁။
“သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကိုလွန်စေလော့”
၉။ အဘယ်ကွင်းဆက်ဖြစ်စဉ်များက အခြားသူတစ်ဦးနှင့် ဖြတ်တောက်မရလောက်အောင် ချစ်ကြိုးသွယ်မိစေနိုင်သနည်း။
၉ နှလုံးကိုစောင့်ရှောက်ခြင်းသည် အန္တရာယ်ရှိသောအခြေအနေများကို ရှောင်ခြင်းထက်မကပါ။ အိမ်ထောင်ဖက်မဟုတ်သူတစ်ဦးကို အချစ်စိတ်ဝင်ခြင်းက လင်နှင့်မယားသည် အချင်းချင်း၏လိုအပ်ရာများကို ဂရုမစိုက်ကြောင်းဖော်ပြသည်။ ဇနီးဖြစ်သူကို အမြဲလျစ်လျူရှုထားခြင်း သို့မဟုတ် ခင်ပွန်းဖြစ်သူကို တဖျစ်တောက်တောက်ပြောဆိုခြင်းကြောင့် ဖြစ်နိုင်သည်။ ထိုအချိန်တွင် မိမိအိမ်ထောင်ဖက်၌မရှိသော အရည်အသွေးများ ပိုင်ဆိုင်ပုံရသူတစ်ဦးကို အလုပ်ခွင် သို့မဟုတ် အသင်းတော်တွင်ပင် တွေ့ဆုံမိပေမည်။ မကြာမီ သူနှင့်ချစ်ကြိုးသွယ်မိပြီး ဖြတ်တောက်မရလောက်အောင် တွယ်ငြိလာသည်။ ထိုမသိသာသောကွင်းဆက်ဖြစ်စဉ်များက ဤကျမ်းစာဖော်ပြချက်၏ မှန်ကန်မှုကို အခိုင်အမာထောက်ခံသည်– “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်၏။”—ယာကုပ် ၁:၁၄။
၁၀။ ဇနီးမောင်နှံတို့သည် မိမိတို့၏ဆက်ဆံရေးကို မည်သို့ခိုင်မြဲစေနိုင်သနည်း။
၁၀ ပြဿနာများရင်ဆိုင်ရစဉ် ချစ်ခင်တွယ်တာမှု၊ မိတ်ဆွေနှင့် အထောက်အကူ ရလိုသည်မှာ မှန်ပါသည်၊ သို့သော် ၎င်းဆန္ဒများကို အိမ်ထောင်ဖက်မဟုတ်သူနှင့် မဖြည့်ဆည်းသင့်ချေ။ ယင်းအစား မိမိအိမ်ထောင်ဖက်နှင့် မေတ္တာပါဆက်ဆံရေးခိုင်မြဲလာအောင် အားထုတ်သင့်သည်။ ထို့ထက်ကား တစ်ဦးကိုတစ်ဦး အချိန်ပေးပါ၊ စွဲလမ်းတွယ်တာနေပါ။ အဘယ်ကြောင့် သူ့ကိုချစ်မိသွားကြောင်း ပြန်စဉ်းစားပါ။ သူ့ကိုတွေ့စက ခံစားခဲ့ရသည့် ရင်ခုန်ဖွယ်နွေးထွေးမှုမျိုး ပြန်ခံစားလာအောင် ကြိုးစားပါ။ အတူတူရှိခဲ့သည့် ကြည်နူးဖွယ်အချိန်များကို ပြန်တွေးကြည့်ပါ။ ပြဿနာနှင့်ပတ်သက်၍ ဘုရားသခင်ထံဆုတောင်းပါ။ ယေဟောဝါထံ ဆာလံဆရာဒါဝိဒ် ဤသို့အသနားခံခဲ့၏– “အိုဘုရားသခင် အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကိုဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါ။” (ဆာလံ ၅၁:၁၀) ‘နေအောက်မှာ ပေးသနားတော်မူသော အသက်ကာလပတ်လုံး သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကိုလွန်စေ’ ရန် သန္နိဋ္ဌာန်ချထားပါ။—ဒေ. ၉:၉။
၁၁။ အိမ်ထောင်နှောင်ကြိုးခိုင်မြဲစေရာတွင် အသိပညာ၊ ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်မှုတို့သည် အဘယ်အခန်းကဏ္ဍမှ ပါဝင်သနည်း။
၁၁ အိမ်ထောင်နှောင်ကြိုးခိုင်မြဲစေရာတွင် အသိပညာ၊ ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်မှု၏တန်ဖိုးကိုလည်း လျှော့မတွက်သင့်ပေ။ နယပုံပြင် ၂၄:၃၊ ၄ က ဤသို့ဆိုသည်– “ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ [“ပိုင်းခြားသိမြင်မှုဖြင့်၊” ကဘ] ခိုင်ခံ့မြဲမြံစေရ၏။ ပညာအတတ်အားဖြင့် အခန်းများတို့သည် အဖိုးထိုက်၍ နှစ်သက်ဖွယ်သောဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏။” သာယာသောအိမ်ထောင်တွင် ပြည့်နေသည့် အဖိုးထိုက်သောဥစ္စာများတွင် မေတ္တာ၊ သစ္စာစောင့်သိခြင်း၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း၊ ယုံကြည်ခြင်းစသော အရည်အသွေးများလည်း ပါဝင်သည်။ ထိုအရည်အသွေးများမွေးမြူရန် ဘုရားသခင်ရေးရာအသိပညာ လိုအပ်သည်။ ထို့ကြောင့် အိမ်ထောင်သည်များသည် သမ္မာကျမ်းစာကို လေးလေးနက်နက်လေ့လာသူများဖြစ်သင့်သည်။ ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်မှုတို့လည်း မည်မျှအရေးကြီးသနည်း။ နေ့စဉ်ပြဿနာများကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းရန် ကျမ်းစာအသိပညာကို လက်တွေ့ကျင့်သုံးနိုင်စွမ်းဖြစ်သည့် ဉာဏ်ပညာလိုအပ်သည်။ ပိုင်းခြားသိမြင်မှုရှိသူသည် မိမိအိမ်ထောင်ဖက်၏ အတွေးအမြင်နှင့် ခံစားချက်များကို နားလည်နိုင်သည်။ (သု. ၂၀:၅) “ငါ့သား . . . ငါ့ပညာကိုမှတ်ကျုံး၍ ငါပေးသောဉာဏ်သို့ သင့်နားကိုလှည့်လော့” ဟုရှောလမုန်မှတစ်ဆင့် ယေဟောဝါမိန့်ဆိုသည်။—သု. ၅:၁-၂။
“ညှဉ်းဆဲခြင်း” ခံရသောအခါ
၁၂။ အိမ်ထောင်သည်များ ပြဿနာများရင်ဆိုင်ရခြင်းမှာ အဘယ်ကြောင့် အံ့ဩစရာမဟုတ်သနည်း။
၁၂ ပြည့်ဝစုံလင်သည့်အိမ်ထောင်ဟူ၍ မရှိပါ။ သမ္မာကျမ်းစာက အိမ်ထောင်သည်များသည် ‘လောကညှဉ်းဆဲခြင်းကိုခံရကြမည်’ ဟူ၍ပင် ဆိုထားသည်။ (၁ ကောရိန္သု ၇:၂၈) စိုးရိမ်ပူပန်မှုများ၊ ဖျားနာမှု၊ နှိပ်စက်မှုနှင့် အခြားအချက်များက အိမ်ထောင်ကို ဖိစီးမှုဖြစ်စေနိုင်သည်။ သို့သော် ယေဟောဝါစိတ်တော်ရွှင်လန်းစေလိုသော သစ္စာရှိအိမ်ထောင်သည်များအနေဖြင့် ပြဿနာပေါ်ပေါက်လာပါက ဖြေရှင်းနည်းကို အတူတကွရှာကြံဖို့လိုသည်။
၁၃။ ဇနီးမောင်နှံတို့သည် အဘယ်ကဏ္ဍများတွင် မိမိတို့ကိုယ်ကိုဆန်းစစ်နိုင်သနည်း။
၁၃ အချင်းချင်းဆက်ဆံပုံကြောင့် အိမ်ထောင်ရေးအခြေအနေ တင်းမာနေလျှင်ကော အသို့နည်း။ ယင်းကို ဖြေရှင်းရာတွင် ကြိုးစားအားထုတ်မှုလိုအပ်သည်။ ဥပမာ၊ အကြင်နာမဲ့သောစကားများ အိမ်ထောင်အတွင်းသို့ တဖြည်းဖြည်းစိမ့်ဝင်လာရာမှ နောက်ပိုင်း ပြောနေကျဖြစ်လာပေမည်။ (သု. ၁၂:၁၈) ရှေ့ဆောင်းပါးတွင် လေ့လာခဲ့သည့်အတိုင်း ယင်းသည် စိတ်ပျက်ဖွယ်ဆိုးကျိုးများကိုသာ ဖြစ်စေ၏။ နယပုံပြင်ကျမ်းက ဤသို့ဆိုသည်– “စိတ်တို၍ ရန်တွေ့တတ်သောမိန်းမနှင့်နေသည်ထက် တောလွင်ပြင်၌နေသော် သာ၍ကောင်း၏။” (သု. ၂၁:၁၉) ထိုသို့သောအိမ်ထောင်တွင် သင်သည် ဇနီးတစ်ဦးဖြစ်ပါက ‘ငါ့စိတ်နေစိတ်ထားကြောင့် ငါ့ယောက်ျား ငါ့အနားမနေချင်တာလား’ ဟု သင့်ကိုယ်သင်မေးပါ။ သမ္မာကျမ်းစာက လင်ယောက်ျားများကို ဤသို့ဆို၏– “အချင်းယောက်ျားတို့၊ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ ကြမ်းတမ်းစွာမပြုကြနှင့်။” (ကောလောသဲ ၃:၁၉) သင်သည် လင်ယောက်ျားတစ်ဦးဖြစ်ပါက ‘ငါ့မိန်းမ တခြားနေရာမှာ သာယာမှုရှာရလောက်တဲ့အထိ ငါ့အပြုအမူတွေ အေးတိအေးစက်ဖြစ်နေသလား’ ဟု သင့်ကိုယ်သင်မေးပါ။ လိင်အကျင့်ယိုယွင်းမှုအတွက် ဆင်ခြေပေး၍မရသည်မှာ မှန်ပါသည်။ သို့သော် ထိုအဖြစ်ဆိုးဖြစ်လာနိုင်သောကြောင့် ပြဿနာများကို ပွင့်လင်းစွာဆွေးနွေးသင့်သည်။
၁၄၊ ၁၅။ အိမ်ထောင်ဖက်မဟုတ်သူနှင့်သာယာမှုရှာခြင်းက အဘယ်ကြောင့် အိမ်ထောင်ရေးပြဿနာများအတွက် ဖြေရှင်းနည်းမဟုတ်သနည်း။
၁၄ အိမ်ထောင်ဖက်မဟုတ်သူနှင့်သာယာမှုရှာခြင်းသည် ပြဿနာဖြေရှင်းနည်းမဟုတ်ပါ။ ယင်းသည် အဘယ်သို့ဦးတည်စေနိုင်သနည်း။ သာယာချမ်းမြေ့သော အိမ်ထောင်သစ်ဆီသို့လော။ အချို့သူတို့ ထိုသို့ပင်ယူဆကြပေမည်။ သူတို့က ‘အိမ်ထောင်ဖက်တစ်ယောက်ဆီမှာ ငါရှိစေချင်တဲ့အရည်အသွေးတွေ သူ့မှာရှိတယ်’ ဟုဆင်ခြေပေးကြသည်။ ထိုသို့တွေးတောခြင်းက မှား၏။ အကြောင်းမှာ မိမိအိမ်ထောင်ဖက်ကိုစွန့်ပစ်သူ သို့မဟုတ် ထိုသို့ ပြုလုပ်ရန် အားပေးသူ မည်သူမဆိုသည် အိမ်ထောင်၏မြင့်မြတ်မှုကို လုံးဝမလေးစားသောကြောင့်ဖြစ်သည်။ အိမ်ထောင်ဖက်မဟုတ်သူနှင့်သာယာမှုရှာခြင်းဖြင့် ပို၍သာယာသောအိမ်ထောင်တစ်ခု ဖြစ်လာမည်ဟု မမျှော်လင့်နိုင်ပေ။
၁၅ အစောပိုင်းကဖော်ပြခဲ့သော မေရီသည် မိမိကိုယ်တိုင် သို့မဟုတ် အခြားသူတစ်ဦးဦး ဘုရားသခင့်မျက်နှာသာတော် ဆုံးရှုံးနိုင်ခြင်းအပါအဝင် မိမိလမ်းစဉ်၏အကျိုးဆက်များကို သေချာစွာသုံးသပ်ခဲ့သည်။ (ဂလာတိ ၆:၇) “ကျွန်မယောက်ျားရဲ့ အလုပ်ဖော်နဲ့ပတ်သက်ပြီး ကျွန်မရဲ့ခံစားချက်ကို ဆန်းစစ်ကြည့်တဲ့အခါ အဲဒီလူ အမှန်တရားရနိုင်ခြေရှိတယ်ဆိုရင်တောင် အဲဒါကို ကျွန်မ တားဆီးနေတယ်ဆိုတာ သဘောပေါက်လာတယ်။ မှားယွင်းတဲ့လုပ်ရပ်မှာ ပါဝင်တဲ့သူတိုင်း ဆိုးကျိုးတွေခံစားရတဲ့အပြင် တခြားသူတွေကို ထိမိလဲစေတယ်” ဟုသူပြောသည်။—၂ ကောရိန္သု ၆:၃။
အစွမ်းထက်ဆုံးတွန်းအား
၁၆။ ကိုယ်ကျင့်တရားမစင်ကြယ်ခြင်း၏ ရလဒ်အချို့ကား အဘယ်နည်း။
၁၆ သမ္မာကျမ်းစာက ဤသို့သတိပေးသည်– “အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၍ သူပြောသောစကားသည် ဆီထက်ချောသော်လည်း အဆုံး၌ကား သူသည် ဘင်းခါးရွက်ကဲ့သို့ခါး၍ သန်လျက်နှင့်အမျှထက်၏။” (သု. ၅:၃၊ ၄) ကိုယ်ကျင့်တရားမစင်ကြယ်ခြင်း၏ ရလဒ်များမှာ နာကြည်းဖွယ်ဖြစ်ပြီး သေစေနိုင်သည်။ ယင်းတို့တွင် ကိုယ်ကိုကိုယ်သိစိတ် မကြည်လင်ခြင်း၊ လိင်ဆိုင်ရာကူးစက်ရောဂါများနှင့် ဖောက်ပြန်သူ၏အိမ်ထောင်ဖက် စိတ်ဓာတ်ပျက်စီးခြင်းတို့ ပါဝင်သည်။ ထို့ကြောင့် အိမ်ထောင်ရေးဖောက်ပြန်စေနိုင်သည့်လမ်းစဉ်ပေါ် ခြေမချသင့်ပေ။
၁၇။ အိမ်ထောင်ရေးသစ္စာစောင့်သိနေနိုင်ရန် အစွမ်းထက်ဆုံးအကြောင်းရင်းကား အဘယ်နည်း။
၁၇ အိမ်ထောင်ရေးသစ္စာမဲ့မှုသည် မှားယွင်းရသည့် အဓိကအကြောင်းရင်းမှာ အိမ်ထောင်မင်္ဂလာကိုအစပြုရှင်နှင့် လိင်ဆက်ဆံနိုင်စွမ်းပေးသနားရှင် ယေဟောဝါကိုယ်တိုင် ယင်းကို ရှုတ်ချပြစ်တင်ထား၍ဖြစ်သည်။ ပရောဖက်မာလခိမှတစ်ဆင့် ကိုယ်တော် ဤသို့မိန့်တော်မူ၏– ‘သင်တို့ကိုစစ်ကြောစီရင်ခြင်းငှာ ငါချဉ်းမည်။ သူ့မယားကိုပြစ်မှားသောသူတစ်ဖက်၌ ငါသည် လျင်မြန်သောသက်သေဖြစ်မည်။’ (မာလခိ ၃:၅) ယေဟောဝါတွေ့မြင်ရာနှင့်ပတ်သက်၍ နယပုံပြင် ၅:၂၁ တွင် ဤသို့ဖော်ပြထားသည်– ‘လူသွားလာသမျှသောလမ်းတို့သည် ထာဝရဘုရားသခင်မျက်မှောက်တော်၌ရှိကြ၍ သွားလာသမျှသောအခြင်းအရာတို့ကို စူးစမ်းတော်မူ၏။’ မှန်ပါသည်၊ “ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏။” (ဟေဗြဲ ၄:၁၃) ထို့ကြောင့် မည်သည့်လိင်ဆိုင်ရာမသန့်ရှင်းမှုကိုမဆို မည်သို့ပင်လျှို့ဝှက်ထားပါစေ၊ ၎င်း၏ကာယရေးနှင့် လူမှုရေးအကျိုးဆက်များသည် မည်သို့ပင်ရှိပါစေ ယင်းတို့က ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပျက်ပြားစေသည်။ ယင်းအချက်ကို သိရှိထားခြင်းက အိမ်ထောင်ရေးသစ္စာစောင့်သိနေစေသည့် အစွမ်းထက်ဆုံးတွန်းအားပင်ဖြစ်သည်။
၁၈၊ ၁၉။ ပေါတိဖာဇနီးနှင့် ယောသပ်၏အဖြစ်အပျက်မှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူရသနည်း။
၁၈ ဘိုးဘေးယာကုပ်၏သား ယောသပ်၏ပုံသက်သေက ယေဟောဝါနှင့်ဆက်ဆံရေးကောင်း ရှိလိုခြင်းသည် အစွမ်းထက်သောတွန်းအားဖြစ်ကြောင်း သက်သေပြသည်။ ဖာရောဘုရင်၏အမတ်ဖြစ်သော ပေါတိဖာသည် ယောသပ်ကိုသဘောတွေ့သောကြောင့် မိမိအိမ်တွင် အခွင့်ထူးပေးအပ်ခဲ့သည်။ ယောသပ်သည် “ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်” သောကြောင့် ပေါတိဖာ၏ဇနီးက မျက်စိကျခဲ့သည်။ သူသည် ယောသပ်ကို နေ့စဉ်မြှူဆွယ်သော်လည်း မအောင်မြင်ပေ။ ထိုဖြားယောင်းမှုများကို ယောသပ် အဘယ်ကြောင့်တွန်းလှန်ခဲ့သနည်း။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “‘ကျွန်တော်သခင်သည် . . . ကိုယ်မယားဖြစ်သောသခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အားမမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း’ ဟု သခင်၏မယားကို ငြင်း၍ပြန်ဆို၏။”—ကမ္ဘာဦး ၃၉:၁-၁၂။
၁၉ လူပျိုယောသပ်သည် သူ့မယားကိုမပြစ်မှားခြင်းဖြင့် ကိုယ်ကျင့်တရားစင်ကြယ်မှုကို ထိန်းသိမ်းခဲ့သည်။ နယပုံပြင် ၅:၁၅ တွင် အိမ်ထောင်သည်ယောက်ျားများအား “ကိုယ်ဆိုင်သောရေအိုးကိုသုံး၍ ကိုယ်ရေတွင်းထဲကထွက်သောစမ်းရေကိုသောက်လော့” ဟုဆိုထားသည်။ ထို့ကြောင့် အိမ်ထောင်ဖက်မဟုတ်သူအား မရည်ရွယ်ဘဲ တွယ်တာမိခြင်းကိုပင် သတိနှင့်ရှောင်ပါ။ သင့်အိမ်ထောင်တွင် မေတ္တာနှောင်ကြိုးခိုင်မြဲအောင် ကြိုးစားအားထုတ်ပါ။ မည်သည့်အိမ်ထောင်ရေးပြဿနာကိုမဆို ဖြေရှင်းရန်ကြိုးစားပါ။ သို့ဖြင့် “အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့” ပါလေ။—သု. ၅:၁၈။
သင်အဘယ်အရာသိရှိခဲ့သနည်း
• ခရစ်ယာန်တစ်ဦးသည် အိမ်ထောင်ဖက်မဟုတ်သူနှင့်ချစ်ရည်လူးမိသော ထောင်ချောက်ထဲ မရည်ရွယ်ဘဲ မည်သို့ကျရောက်သွားနိုင်သနည်း။
• မည်သည့်ကြိုတင်ကာကွယ်မှုများက အိမ်ထောင်ဖက်မဟုတ်သူကို မတွယ်တာမိရန် ကူညီပေးသနည်း။
• ပြဿနာများရင်ဆိုင်နေရပါက အိမ်ထောင်သည်မောင်နှံတစ်စုံ ဘာပြုလုပ်သင့်သနည်း။
• အိမ်ထောင်ရေးသစ္စာစောင့်သိနေရန် အစွမ်းထက်ဆုံးအကြောင်းရင်းကား အဘယ်နည်း။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဝမ်းနည်းစရာမှာ လုပ်ငန်းခွင်သည် ရုံးတွင်းအချစ်ဇာတ်လမ်းဖွင့်ရန် နေရာကောင်းတစ်ခုဖြစ်လာနိုင်
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
‘ပညာအတတ်အားဖြင့် အခန်းများတို့သည် နှစ်သက်ဖွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏’