မော်ကွန်းတိုက်မှ
အကောင်းဆုံးကို ပေးခဲ့ကြ
ဒုတိယကမ္ဘာစစ် ၁၉၄၅ ခုနှစ်မှာ ပြီးသွားတဲ့အခါ ဂျာမနီဟာ အပျက်အစီးပုံကြီးအဖြစ်နဲ့ ကျန်ခဲ့တယ်။ မြို့တွေက ပျက်စီး၊ ကျောင်းတွေက ဟာလာဟင်းလင်းဖြစ်၊ ဆေးရုံတွေက သုံးလို့ မရတဲ့အပြင် မပေါက်ကွဲသေးတဲ့ ဗုံးတွေကလည်း နေရာအနှံ့ ပြန့်ကျဲနေခဲ့တယ်။ အဲဒီအပြင် အစားအသောက် ရှားပါးတော့ ဈေးအရမ်းကြီးလာတယ်။ ဥပမာ၊ မှောင်ခို ဈေးကွက်မှာ ထောပတ် ၁ ပေါင် (၅၀၀ ဂရမ်) ဟာ လူတစ်ယောက်ရဲ့ ၆ ပတ်စာ လုပ်အားခလောက် ရှိတယ်။
ဒီအခက်အခဲတွေ ကြုံရသူတွေထဲမှာ ယုံကြည်ခြင်းကြောင့် အကျဉ်းထောင်တွေ၊ ချွေးတပ်စခန်းတွေမှာ နှစ်ရှည်လများစွာ နေခဲ့ရတဲ့ ယေဟောဝါသက်သေ ရာနဲ့ချီလည်း ပါဝင်တယ်။ သူတို့ ၁၉၄၅ မှာ လွတ်လာတဲ့အခါ ဝတ်ထားတဲ့ ထောင်အဝတ်အစားကလွဲပြီး ဘာမှ မရခဲ့ကြဘူး။ တခြားသက်သေခံတွေလည်း ပိုင်ဆိုင်ရာတွေ ဆုံးရှုံးသွားခဲ့ပြီ။ တချို့ဆို ခရစ်ယာန် အစည်းအဝေးမှာ မူးမေ့လဲကျတဲ့အထိ ဆာလောင်မှုဒဏ် ခံခဲ့ကြရတယ်။
တခြားနေရာက သက်သေခံတွေ ချက်ချင်း ကူညီကြ
တခြားနိုင်ငံက ယေဟောဝါသက်သေတွေဟာ အစားအစာ၊ အဝတ်အစားတွေကို အမြန် ပံ့ပိုးပေးခဲ့ကြတယ်။ အမေရိကန် ကမ္ဘာ့ဌာနချုပ်မှာရှိတဲ့ ညီအစ်ကိုတွေက ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့မှာရှိတဲ့ ဌာနခွဲရုံးကို ဂျာမနီက ညီအစ်ကိုတွေကို ကူညီဖို့ လှမ်းအကူအညီတောင်းတယ်။ ဌာနချုပ် ကိုယ်စားလှယ် နေသန် နောရ် က ဥရောပကို ရောက်လာပြီး ညှိနှိုင်းဆောင်ရွက်ပေးတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းလည်း ပိုမိုမြန်ဆန်လာတယ်။
နေသန် နောရ်က ၁၉၄၇ ခုနှစ်မှာ ဂျာမနီနိုင်ငံ၊ ဝီဘဒန်မြို့က ညီအစ်ကိုတွေကို ဟောပြောနေ။ “လူမျိုးအပေါင်းတို့၊ ယေဟောဝါကို ချီးမွမ်းကြ” လို့ ဂျာမန်ဘာသာစကားနဲ့ရေးထားတဲ့ နှစ်ချုပ်ကျမ်းချက် ချိတ်ဆွဲထား
ဆွစ်ဇာလန်က သက်သေခံတွေဟာ အစားအစာ၊ အဝတ်အစားနဲ့ ငွေကြေးတွေ လှူဒါန်းကြတယ်။ ပစ္စည်းတွေအားလုံးကို ဂျာမနီကို မပို့ခင် အမျိုးအစား ခွဲခြားထုပ်ပိုးဖို့ ဘန်းကို အရင် ပို့တယ်။ ဆွီဒင်၊ ကနေဒါနဲ့ အမေရိကန်အပြင် တခြားနိုင်ငံက သက်သေခံတွေလည်း ကယ်ဆယ်ရေးမှာ ကူညီပေးကြလို့ ဂျာမနီနိုင်ငံသာမက ဥရောပနဲ့ အာရှမှာရှိတဲ့ စစ်ဘေးဒဏ်ခံရတဲ့ နိုင်ငံများစွာက ယေဟောဝါရဲ့ လူတွေ အကျိုးရခဲ့ကြတယ်။
အံ့ဩစရာ ရလဒ်
လအနည်းငယ်အတွင်းမှာပဲ ဆွစ်ဇာလန် ဌာနခွဲက ကော်ဖီ၊ နွားနို့၊ သကြား၊ စီရီရယ်၊ သစ်သီးခြောက်၊ အသီးအရွက်နဲ့ အသား/ငါး စည်သွတ်ဘူးတွေ ပို့လိုက်ကြတယ်။ ငွေကြေးလည်း လှူဒါန်းခဲ့တယ်။
အဲဒီအပြင် ဆွစ်ဇာလန်မှာရှိတဲ့ သက်သေခံတွေက အပေါ် ကုတ်အင်္ကျီ၊ အမျိုးသမီးဝတ်၊ အမျိုးသားဝတ်စုံတွေ အပါအဝင် အဝတ်အစား ၅ တန် ပေးပို့ခဲ့တယ်။ ၁၉၄၆ ဇန်နဝါရီ ၁၅ ထုတ် ကင်းမျှော်စင် မှာ အခုလို ဖော်ပြတယ်– “ညီအစ်ကိုတွေက သူတို့မှာ ရှိတဲ့ အညံ့ဆုံးကို မဟုတ်ဘဲ အကောင်းဆုံးကို ပေးခဲ့ကြတယ်။ ဂျာမနီက ညီအစ်ကိုတွေကို ကူညီဖို့ တကယ်ပဲ ကိုယ်ကျိုးစွန့်ခဲ့ကြတယ်။”
ဆွစ်ဇာလန်က သက်သေခံတွေဟာ ဖိနပ်အရန်ပေါင်း ၁,၀၀၀ ကိုလည်း လှူဒါန်းခဲ့ကြပြီး မပို့ခင် ကောင်းမကောင်း စစ်ဆေးခဲ့ကြတယ်။ ဂျာမနီနိုင်ငံ၊ ဝီဘဒန်မြို့မှာ ပစ္စည်းတွေကို ဖွင့်ဖောက်ကြတော့ ပါလာတဲ့ ပစ္စည်းအမျိုးအစား များပြားမှုနဲ့ အရည်အသွေးကို သူတို့ အံ့ဩသွားကြတယ်။ “ဂျာမနီမှာ ဒီလိုပစ္စည်းမျိုးကို ဘယ်မှာမှ ဝယ်လို့ ရမှာ မဟုတ်ဘူး” လို့ သက်သေခံတစ်ယောက်က ရေးခဲ့တယ်။
ကယ်ဆယ်ရေး ပစ္စည်းတွေကို ၁၉၄၈ ခုနှစ်အထိ တင်ပို့ခဲ့ကြတယ်။ ဆွစ်ဇာလန်က သက်သေခံတွေဟာ သေတ္တာပေါင်း ၄၄၄ လုံး၊ စုစုပေါင်း အလေးချိန် ၂၅ တန်ကို ဂျာမနီက ညီအစ်ကိုတွေဆီ ပို့ပေးခဲ့ကြတယ်။ အထက်မှာ ဖော်ပြခဲ့သလို ဒီကယ်ဆယ်ရေး လုပ်ငန်းမှာ ဆွစ်ဇာလန်နိုင်ငံက သက်သေခံတွေပဲ ပါဝင်တာ မဟုတ်ဘူး။ တကယ်တော့ ဆွစ်ဇာလန်မှာ အဲဒီအချိန်တုန်းက သက်သေခံ ၁,၆၀၀ လောက်ပဲ ရှိတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်တဲ့ အငယ်ဆုံး အုပ်စုပါ။
“အချင်းချင်း ချစ်ကြပါ”
ယေရှုခရစ်က “အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်” လို့ ပြောခဲ့တယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) မေတ္တာရဲ့ လှုံ့ဆော်မှုကြောင့် ယေဟောဝါရဲ့ လူတွေဟာ မိမိတို့ရဲ့ ပိုလျှံရာကို မဟုတ်ဘဲ အကောင်းဆုံးကို ပေးဖို့ လှုံ့ဆော်ခံရတယ်။ (၂ ကောရိန္သု ၈:၁-၄) “ညီအစ်ကို တော်တော်များများမှာ ရိက္ခာအထောက်အပံ့တွေ သိပ်ရှိကြတာ မဟုတ်ဘူး။ ဒါပေမဲ့ ကူညီပေးချင်ကြတော့ သူတို့ရဲ့ ရိက္ခာထုတ်တဲ့ ကတ်နဲ့ ပိုက်ဆံတွေ ပေးခဲ့ကြတယ်။”
ဂျာမနီက ယေဟောဝါရဲ့ လူတွေဟာ နှိပ်စက်ညှဉ်းပန်းမှုနဲ့ စစ်ရဲ့ ဒဏ်ကနေ မြန်မြန်ဆန်ဆန်ပဲ ပြန်ကောင်းလာခဲ့တယ်။ အကြောင်းရင်းတစ်ခုကတော့ စစ်မှန်တဲ့ ကိုယ်ကျိုးစွန့်မေတ္တာ တင်ပြတဲ့ ညီအစ်ကိုတွေရဲ့ ရက်ရက်ရောရော ကူညီပေးမှုနဲ့ ကောင်းစွာ စီစဉ်ဖွဲ့စည်းပေးမှုကြောင့် ဖြစ်ပါတယ်။