ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “မကြာမီဖြစ်ပျက်ရမည့်” အရာများကို ယေဟောဝါဖော်ပြ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
    • “မကြာမီဖြစ်ပျက်ရမည့်” အရာများကို ယေဟောဝါဖော်ပြ

      “မကြာမီဖြစ်ပျက်ရမည့် အမှုအရာများကို မိမိကျွန်တို့အား ပြသရန် ယေရှုခရစ်အားဖြင့် ဘုရားသခင်ပေးတော်မူသော ဗျာဒိတ်တော်ဖြစ်၏။” —ဗျာ. ၁:၁။

      သင် ဘယ်လိုဖြေမလဲ

      ရုပ်တုကြီးရဲ့ ဘယ်အပိုင်းက အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ကို ပုံဆောင်သလဲ။

      အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်နဲ့ ကုလသမဂ္ဂရဲ့ ဆက်နွှယ်မှုကို ယောဟန် ဘယ်လိုဖော်ပြခဲ့သလဲ။

      လူ့အုပ်ချုပ်မှုရဲ့ဇာတ်သိမ်းခန်းကို ဒံယေလနဲ့ယောဟန်တို့ ဘယ်လို ဖော်ပြခဲ့ကြသလဲ။

      ၁၊ ၂။ (က) ဒံယေလနဲ့ ယောဟန်တို့ရဲ့ ပရောဖက်ပြုချက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ကျွန်ုပ်တို့ ဘာကိုနားလည်နိုင်သလဲ။ (ခ) သားရဲရဲ့ပထမခေါင်းခြောက်လုံးက ဘာကို ကိုယ်စားပြုသလဲ။

      ဒံယေလနဲ့ ယောဟန်ရဲ့ပရောဖက်ပြုချက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ လက်ရှိကမ္ဘာ့အဖြစ်အပျက်များစွာနဲ့ အနာဂတ်မှာ ဖြစ်ပျက်မယ့်အရာတွေရဲ့ အဓိပ္ပာယ်ကို ကျွန်ုပ်တို့ နားလည်ကြတယ်။ ခေါင်းခုနစ်လုံးရှိတဲ့သားရဲနဲ့ပတ်သက်တဲ့ ယောဟန်ရဲ့ရူပါရုံ၊ ချိုဆယ်ချောင်းရှိတဲ့သားရဲနဲ့ ပတ်သက်တဲ့ ဒံယေလရဲ့ရူပါရုံနဲ့ နေဗုခဒ်နေဇာရဲ့အိပ်မက်ပါ ရုပ်တုကြီးအကြောင်း ဒံယေလရဲ့ရှင်းပြချက်ကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ဒီပရောဖက်ပြုချက်တွေကို နားလည်သဘောပေါက်ခြင်းက ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ လှုံ့ဆော်ပေးသင့်သလဲ။

      ၂ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ ပါ သားရဲနဲ့ပတ်သက်တဲ့ ယောဟန်ရဲ့ရူပါရုံအကြောင်းကို ရှေ့ဆောင်းပါးမှာ ကျွန်ုပ်တို့လေ့လာခဲ့ကြတယ်။ သားရဲရဲ့ပထမဦးခေါင်းခြောက်လုံးက အီဂျစ်၊ အဆီးရီးယား၊ ဗာဗုလုန်၊ မီဒို-ပါးရှား၊ ဂရိနဲ့ ရောမတို့ဖြစ်တယ်။ စာတန်က မိန်းမရဲ့အမျိုးအနွယ်ကို ရန်လိုမုန်းတီးလို့ အဲဒီကမ္ဘာ့အာဏာစက်အားလုံးကိုသုံးပြီး ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ခဲ့တယ်။ (က. ၃:၁၅) ယောဟန်က သူမြင်ရတဲ့ရူပါရုံအကြောင်း ရေးသားချိန်မှာ ရောမက ကမ္ဘာ့အာဏာစက်ဖြစ်တယ်။ အဲဒီနောက်ပိုင်း နှစ်ပေါင်းရာနဲ့ချီတဲ့အထိ ရောမဟာ အင်အားကြီးနိုင်ငံအဖြစ် ဆက်ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ ရောမနေရာကို အစားထိုးမယ့် သတ္တမမြောက်ဦးခေါင်း ပေါ်လာမယ်။ ဘယ်ကမ္ဘာ့အာဏာစက်က သတ္တမမြောက်ဦးခေါင်း ဖြစ်သလဲ၊ မိန်းမရဲ့အမျိုးအနွယ်ကို သူ ဘယ်လိုဆက်ဆံခဲ့သလဲ။

      ဗြိတိန်နဲ့ အမေရိကန် အင်အားကြီးနိုင်ငံဖြစ်လာ

      ၃။ ချိုဆယ်ချောင်းရှိပြီး ကြောက်စရာကောင်းတဲ့သားရဲက ဘာကိုပုံဆောင်သလဲ။ ချိုဆယ်ချောင်းက ဘာအဓိပ္ပာယ်ရှိသလဲ။

      ၃ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ မှာ ယောဟန်ဖော်ပြခဲ့တဲ့ သားရဲနဲ့ ဒံယေလပြောခဲ့တဲ့ ချိုဆယ်ချောင်းရှိပြီး ကြောက်စရာကောင်းတဲ့သားရဲကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သတ္တမမြောက်ဦးခေါင်းက ဘာလဲဆိုတာကို ခွဲခြားသိမြင်နိုင်ပါတယ်။a (ဒံယေလ ၇:၇၊ ၈၊ ၂၃၊ ၂၄ ကိုဖတ်ပါ။) ဒံယေလမြင်တွေ့ခဲ့တဲ့ ချိုဆယ်ချောင်းရှိတဲ့သားရဲက ရောမကမ္ဘာ့အာဏာစက်ကို ပုံဆောင်တယ်။ (စာမျက်နှာ ၁၂-၁၃ ပါ ဇယားကိုကြည့်ပါ။) အေဒီ ငါးရာစုမှာ ရောမအင်ပါယာက နိုင်ငံငယ်လေးတွေအဖြစ် စတင်ပြိုကွဲခဲ့တယ်။ ဒံယေလမြင်ရတဲ့ သားရဲရဲ့ချိုဆယ်ချောင်းက ရောမအင်ပါယာကနေ ပေါ်ထွက်လာမယ့် နိုင်ငံတွေကို ဆိုလိုတယ်။

      ၄၊ ၅။ (က) ချိုငယ် ဘာလုပ်ခဲ့သလဲ။ (ခ) သားရဲရဲ့ သတ္တမမြောက်ဦးခေါင်းက ဘာကိုကိုယ်စားပြုသလဲ။

      ၄ ချိုဆယ်ချောင်းပါတဲ့သားရဲနဲ့ပတ်သက်တဲ့ ဒံယေလရဲ့ပရောဖက်ပြုချက်မှာ နောက်ချိုတစ်ချောင်းဖြစ်တဲ့ ချိုငယ်တစ်ချောင်းထွက်လာပြီး ချိုဆယ်ချောင်းထဲက သုံးချောင်းရဲ့နေရာကို အစားဝင်ယူလိုက်တယ်လို့ ဖော်ပြတယ်။ ဒါဘယ်လိုဖြစ်ခဲ့သလဲ။ ရောမအင်ပါယာရဲ့ အစိတ်အပိုင်းငယ်တစ်ခုဖြစ်ခဲ့တဲ့ ဗြိတိန်ဟာ နောက်ပိုင်းမှာ နိုင်ငံကြီးတစ်နိုင်ငံဖြစ်လာတယ်။ စပိန်၊ နယ်သာလန်နဲ့ ပြင်သစ်တို့လည်းပဲ ရောမအင်ပါယာရဲ့ အစိတ်အပိုင်းအဝင် ဖြစ်ခဲ့တယ်။ သူတို့တွေက ၁၆၀၀ ပြည့်လွန်နှစ်တွေအထိ ဗြိတိန်ထက် အတော့်ကိုပိုအရေးပါခဲ့ကြတယ်။ ဒါပေမဲ့ ဗြိတိန်က သူတို့ကို တစ်နိုင်ငံပြီးတစ်နိုင်ငံ ဖြုတ်ချခဲ့တယ်၊ အဲဒီနောက် ဗြိတိန်က အဲဒီသုံးနိုင်ငံထက် ပိုအရေးပါအရာရောက်လာခဲ့တယ်။ ၁၇၀၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ဗြိတိန်ဟာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သားရဲရဲ့သတ္တမမြောက်ဦးခေါင်းတော့ မဖြစ်သေးဘူး။

      ၅ ဗြိတိန်ဟာ အင်အားအကြီးဆုံးနိုင်ငံဖြစ်လာပေမဲ့ မြောက်အမေရိကမှာရှိတဲ့ သူ့ရဲ့ကိုလိုနီနယ်မြေတွေက သူ့ကိုပုန်ကန်တော်လှန်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုဖြစ်လာတယ်။ အမေရိကန် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာတာကို ဗြိတိန်က မတားဆီးတဲ့အပြင် ဗြိတိန်ရေတပ်က အမေရိကန်နိုင်ငံကို အကာအကွယ်ပေးခဲ့တယ်။ သခင့်နေ့တော်စတင်တဲ့ ၁၉၁၄ ခုနှစ်မှာ ဗြိတိန်ဟာ တည်ရှိခဲ့သမျှထဲမှာ အကြီးဆုံးအင်ပါယာဖြစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုကတော့ ကမ္ဘာ့အကြီးဆုံးစက်မှုနိုင်ငံဖြစ်ခဲ့တယ်။b ပထမကမ္ဘာစစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုဟာ ဗြိတိန်နဲ့ မဟာမိတ်အဖြစ် တပူးတွဲတွဲဖြစ်လာခဲ့တယ်။ သူတို့က အထူးနည်းလမ်းနဲ့ အတူတကွစတင်လုပ်ဆောင်တဲ့အခါ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက် ဖြစ်လာခဲ့တယ်။ ဒီကမ္ဘာ့အာဏာစက်က သားရဲရဲ့သတ္တမမြောက်ဦးခေါင်း ဖြစ်လာတယ်။ ဒီဦးခေါင်းက မိန်းမရဲ့အမျိုးအနွယ်ကို ဘယ်လိုပြုမူဆက်ဆံခဲ့သလဲ။

      ၆။ သတ္တမမြောက်ဦးခေါင်းက ဘုရားသခင့်လူမျိုးကို ဘာလုပ်ခဲ့သလဲ။

      ၆ သခင့်နေ့တော်စပြီး သိပ်မကြာခင်မှာ သတ္တမမြောက်ဦးခေါင်းက ဘုရားသခင့်လူမျိုးဖြစ်တဲ့ မြေကြီးပေါ်မှာရှိနေသေးတဲ့ ခရစ်တော်ရဲ့ညီတော်တွေကို စတင်တိုက်ခိုက်ခဲ့တယ်။ (မ. ၂၅:၄၀) ယေရှုပြောခဲ့တဲ့စကားအရ မိန်းမအမျိုးအနွယ်ထဲကတချို့ဟာ သခင့်နေ့တော်အစပိုင်းမှာ မြေကြီးပေါ်မှာဆက်ရှိနေဦးမှာဖြစ်ပြီး သူတို့ဟာ ယေရှုအပ်နှင်းခဲ့တဲ့အလုပ်ကို လုပ်ဆောင်နေကြမှာဖြစ်တယ်။ (မ. ၂၄:၄၅-၄၇; ဂလ. ၃:၂၆-၂၉) အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်က အဲဒီသန့်ရှင်းသူတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်။ (ဗျာ. ၁၃:၃၊ ၇) ပထမကမ္ဘာစစ်အတွင်းမှာ ဒီအာဏာစက်က ဘုရားသခင့်လူမျိုးကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်၊ ဘုရားသခင့်လူမျိုးထုတ်ဝေတဲ့ စာပေတချို့ကို ပိတ်ပင်တားဆီးပြီး ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်နေသူတချို့ကို ထောင်သွင်းအကျဉ်းချခဲ့ကြတယ်။ ဒါကြောင့် သူတို့ရဲ့ဟောပြောခြင်းလုပ်ငန်းဟာ ရပ်တန့်လုနီးပါး ဒါမှမဟုတ် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရတယ်။ အဲဒီလိုဖြစ်လာမယ်ဆိုတာ ယောဟန်ကိုပေးတဲ့ရူပါရုံမှာ ယေဟောဝါ ဖော်ပြခဲ့တယ်။ ဒါပေမဲ့ မိန်းမရဲ့အမျိုးအနွယ်အဝင်ဖြစ်တဲ့ အဲဒီသန့်ရှင်းသူတွေဟာ ဟောပြောခြင်းလုပ်ငန်းကို ပြန်စတင်နိုင်ကြမယ်၊ ဒါမှမဟုတ် ပြန်ရှင်သန်လာမယ်လို့လည်း ယောဟန်ကို ဘုရားသခင်ပြောခဲ့တယ်။ (ဗျာ. ၁၁:၃၊ ၇-၁၁) ယေဟောဝါပြောခဲ့တဲ့အတိုင်းပါပဲ၊ မြေကြီးပေါ်မှာကျန်ရှိနေသေးတဲ့ မိန်းမရဲ့အမျိုးအနွယ်အဝင်ဖြစ်သူတွေဟာ ဟောပြောခြင်းလုပ်ငန်းကို ပြန်စတင်ပြီး ဇွဲထက်သန်စွာ လုပ်ဆောင်ခဲ့ကြတယ်။

      အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်နဲ့ သံနဲ့သရွတ်ရောနေတဲ့ ခြေဖမိုးနဲ့ခြေဖဝါး

      ၇။ ရုပ်တုကြီးရဲ့ ဘယ်အပိုင်းက သားရဲရဲ့သတ္တမမြောက်ဦးခေါင်းနဲ့ တူသလဲ။

      ၇ ရုပ်တုကြီးရဲ့ ခြေဖမိုး၊ ခြေဖဝါးနဲ့ သားရဲရဲ့သတ္တမမြောက်ဦးခေါင်းက ဘယ်လို ဆက်နွှယ်မှုရှိသလဲ။ နှစ်ခုစလုံးက အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကိုပဲ ရည်ညွှန်းတယ်။ ဗြိတိန်ဟာ ရောမအင်ပါယာကနေ ပေါ်ထွက်လာခဲ့တယ်။ အမေရိကန်ပြည်ထောင်စုက ဗြိတိန်ကနေ ထွက်ပေါ်လာတဲ့အတွက် သွယ်ဝိုက်နည်းနဲ့ပြောရရင် အမေရိကန်ပြည်ထောင်စုလည်း ရောမကနေထွက်ပေါ်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ခြေဖမိုးနဲ့ခြေဖဝါးတွေမှာ သံရှိနေခြင်းဖြစ်တယ်။ ဒါပေမဲ့ သံထဲမှာလည်း သရွတ်ရောနေတယ်။ (ဒံယေလ ၂:၄၁-၄၃ ကိုဖတ်ပါ။) ခြေဖမိုး၊ ခြေဖဝါးနဲ့ပတ်သက်တဲ့ ဒီဖော်ပြချက်က သားရဲရဲ့သတ္တမမြောက်ဦးခေါင်း ပေါ်ထွက်လာတဲ့အဖြစ်အပျက်ကိုပဲ ပြောနေတာဖြစ်တယ်။ အဲဒါက အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက် ပေါ်ထွန်းမယ့်အချိန်မှာ ဖြစ်ပျက်ခဲ့တယ်။ သရွတ်နဲ့ရောနေတဲ့သံက သံအစစ်လောက်မခိုင်မာသလို အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်က သူထွက်ပေါ်လာရာ ရောမကမ္ဘာ့အာဏာစက်လောက် မခိုင်မာဘူး။ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကို အားနည်းအောင် ဘာကလုပ်ဆောင်ခဲ့သလဲ။

      ၈၊ ၉။ (က) သတ္တမမြောက် ကမ္ဘာ့အာဏာစက်က သံလိုခိုင်မာကြောင်း ဘယ်လိုထင်ရှားပြခဲ့သလဲ။ (ခ) ရုပ်တုရဲ့ခြေဖမိုးနဲ့ ခြေဖဝါးမှာရှိတဲ့ သရွတ်က ဘာကိုပုံဆောင်သလဲ။

      ၈ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်က သံလိုခိုင်မာကြောင်း ထင်ရှားပြတဲ့အခါတွေရှိတယ်။ ဥပမာ၊ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်က ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်မှာ အနိုင်ရတဲ့အခါ အင်အားကြီးနိုင်ငံဖြစ်တယ်ဆိုတာ ထင်ရှားလာတယ်၊ အဲဒီအချိန်ကတည်းကစပြီး အကြိမ်ပေါင်းများစွာ သံလို ခိုင်မာစွာပြုမူခဲ့တယ်။c ဒါပေမဲ့ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက် တည်ရှိတဲ့အချိန်ကနေစပြီး အဲဒီသံက သရွတ်နဲ့ရောနေပြီးသားဖြစ်တယ်။

      ၉ အဲဒီရုပ်တုရဲ့ ခြေဖမိုးနဲ့ခြေဖဝါးက ဘာကိုပုံဆောင်သလဲဆိုတာကို ယေဟောဝါရဲ့ကျေးကျွန်တွေ သိချင်ခဲ့တာ နှစ်ပေါင်းများစွာကြာပြီ။ ဒံယေလ ၂:၄၁ က သံနဲ့သရွတ်ရောနေတဲ့ ခြေဖမိုးနဲ့ခြေဖဝါးဟာ နိုင်ငံအများကိုမဟုတ်ဘဲ “နိုင်ငံ” တစ်နိုင်ငံကို ရည်ညွှန်းကြောင်း ဖော်ပြတယ်။ ဒါကြောင့် သရွတ်ဆိုတာ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ကို သံခြေထောက်ဖြစ်တဲ့ ရောမအင်ပါယာထက် အားပျော့အောင် ပြုလုပ်တဲ့ အရာတစ်ခုခုကို ဆိုလိုကြောင်း နားလည်နိုင်တယ်။ ဒံယေလရဲ့ပရောဖက်ပြုချက်အရ သရွတ်ဟာ “လူအမျိုးမျိုး” ဖြစ်တဲ့ သာမန်လူတွေကို ရည်ညွှန်းတယ်။ (ဒံ. ၂:၄၃) ပြည်သူ့အခွင့်အရေးတွေရဖို့၊ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေပိုရရှိဖို့နဲ့ ပိုလွတ်လပ်တဲ့နိုင်ငံတွေဖြစ်ဖို့အတွက် တိုက်ခိုက်ခြင်းအားဖြင့် လူတွေက အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ရဲ့ ဩဇာအာဏာကို လျော့နည်းစေခဲ့ကြတယ်။ သာမန်လူတွေကပဲ ဒီကမ္ဘာ့အာဏာစက်ရဲ့အခွင့်အာဏာကို သံလိုအခိုင်အမာကိုင်စွဲထားလို့မရအောင် လုပ်ခဲ့ကြတယ်။ မကြာခဏလုပ်တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံရေးအမြင်ချင်းမတူကြတဲ့ လူအများစုကြောင့် လူကြိုက်များတဲ့ခေါင်းဆောင်တွေမှာတောင် သူတို့ရဲ့ပေါ်လစီတွေကို အကောင်အထည်ဖော်ဖို့ ပြတ်သားတဲ့အခွင့်အာဏာမရှိကြဘူး။ ဒံယေလ ဒီလိုပြောခဲ့တယ်– “နိုင်ငံက ခိုင်မာတာတစ်ဝက်၊ ကျိုးပဲ့လွယ်တာတစ်ဝက် ဖြစ်လိမ့်မယ်။”—ဒံ ၂:၄၂၊ ကဘ; ၂ တိ. ၃:၁-၃။

      ၁၀၊ ၁၁။ (က) ရုပ်တုကြီးရဲ့ ခြေဖမိုး၊ ခြေဖဝါးရဲ့အနာဂတ် ဘယ်လိုရှိသလဲ။ (ခ) ခြေချောင်းတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာနားလည်ရသလဲ။

      ၁၀ ကျွန်ုပ်တို့အချိန်အထိ ဗြိတိန်နဲ့ အမေရိကန်ဟာ အထူးမိတ်ဖက်နိုင်ငံတွေဖြစ်နေဆဲပဲ။ သူတို့တွေဟာ အရေးကြီးတဲ့ကိစ္စတွေမှာ တစ်ဦးနဲ့တစ်ဦး ပူးပေါင်းလုပ်ဆောင်တတ်ကြတယ်။ ရုပ်တုကြီးနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်မှာ ခြေဖမိုးနဲ့ခြေဖဝါးက ရုပ်တုရဲ့နောက်ဆုံးအပိုင်းဖြစ်တယ်။ သားရဲနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်မှာ သတ္တမမြောက်ဦးခေါင်းက နောက်ဆုံးပဲ။ ဒါက အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ တခြားဘယ်ကမ္ဘာ့အာဏာစက်နဲ့မှ အစားထိုးခံရမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ သူက သံခြေထောက်ဖြစ်တဲ့ ရောမလောက် မခိုင်မာပေမဲ့ သူ့ဘာသာသူဇာတ်သိမ်းသွားမှာတော့ မဟုတ်ဘူး။

      ၁၁ ရုပ်တုရဲ့ခြေချောင်းတွေရဲ့ အရေအတွက်ကရော ဘာအဓိပ္ပာယ်ရှိသလဲ။ တခြားရူပါရုံတွေမှာ ဒံယေလက သတ်သတ်မှတ်မှတ်ဂဏန်းအရေအတွက်ကို ဖော်ပြတယ်။ ဥပမာ၊ သားရဲအတော်များများမှာရှိတဲ့ ဦးချိုတွေရဲ့အရေအတွက်ကို သတ်သတ်မှတ်မှတ်ကိန်းဂဏန်းနဲ့ ဖော်ပြတယ်။ အဲဒီ ကိန်းဂဏန်းတွေက အရေးကြီးပါတယ်။ ဒါပေမဲ့ ဒံယေလက ရုပ်တုကြီးရဲ့ခြေချောင်းအရေအတွက်ကို မဖော်ပြခဲ့ဘူး။ ဒါကြောင့် ရုပ်တုကြီးရဲ့ လက်မောင်း၊ လက်၊ လက်ချောင်း၊ ခြေထောက် ဒါမှမဟုတ် ခြေဖမိုး၊ ခြေဖဝါးအရေအတွက်က အရေးမကြီးသလိုပဲ ခြေချောင်းတွေရဲ့အရေအတွက်က အရေးကြီးပုံမရဘူး။ ဒါပေမဲ့ ခြေချောင်းတွေကို သံတစ်ပိုင်း၊ သရွတ်တစ်ပိုင်းနဲ့ပြုလုပ်ထားတယ်ဆိုတာကိုတော့ ဒံယေလ သတ်သတ်မှတ်မှတ် ဖော်ပြခဲ့တယ်။ ဒံယေလရဲ့ပြောပြချက်အရ ဘုရားသခင့်နိုင်ငံတော်ဖြစ်တဲ့ “ကျောက်” က ရုပ်တုကြီးရဲ့ ခြေဖမိုး၊ ခြေဖဝါးကို ထိမှန်တဲ့အချိန်မှာတည်ရှိမယ့် ကမ္ဘာ့အာဏာစက်က အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့နားလည်ရတယ်။—ဒံ. ၂:၄၅။

      အင်္ဂလိပ်-အမေရိကန်နဲ့ ချိုနှစ်ချောင်းရှိတဲ့သားရဲ

      ၁၂၊ ၁၃။ ချိုနှစ်ချောင်းရှိတဲ့သားရဲက ဘာကိုပုံဆောင်သလဲ။ သူ ဘာလုပ်သလဲ။

      ၁၂ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ဟာ သံနဲ့သရွတ်ရောပြီးပြုလုပ်ထားတယ်ဆိုပေမဲ့ သူက နောက်ဆုံးသောနေ့ရက်တွေအတွင်းမှာ အရေးပါအရာရောက်တဲ့ အဓိကအခန်းကဏ္ဍကနေ ဆက်လုပ်ဆောင်မယ်ဆိုတာ ယောဟန်ကို ယေရှုပေးခဲ့တဲ့ရူပါရုံတွေက ဖော်ပြတယ်။ ချိုနှစ်ချောင်းရှိပြီး နဂါးလိုစကားပြောတဲ့ သားရဲတစ်ကောင်ကို ယောဟန်မြင်တွေ့ခဲ့ရတယ်။ ဒီထူးဆန်းတဲ့သားရဲက ဘာကိုပုံဆောင်သလဲ။ အဲဒီသားရဲမှာ ချိုနှစ်ချောင်းရှိတဲ့အတွက် အစိုးရနှစ်ခုဟာ မိတ်ဖက်နိုင်ငံတွေဖြစ်မယ်ဆိုတာကို ဖော်ပြတယ်။ ဒီသားရဲက အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ဖြစ်ပြီး အခုအချိန်မှာ သူက အထူးအရေးပါတဲ့နေရာကို ယူထားတယ်။—ဗျာဒိတ် ၁၃:၁၁-၁၅ ကိုဖတ်ပါ။

      ၁၃ ချိုနှစ်ချောင်းရှိတဲ့သားရဲက လူတွေကို ခေါင်းခုနစ်လုံးရှိတဲ့သားရဲရဲ့ရုပ်တုကို “ထုလုပ်စေ” တယ်။ သားရဲရဲ့ရုပ်တုပေါ်လာပြီး ပျောက်ကွယ်သွားတယ်၊ ပြီးတဲ့နောက် ပြန်ပေါ်လာမယ်လို့ ယောဟန်ပြောခဲ့တယ်။ ဒါက ပထမကမ္ဘာစစ်ကြီးပြီးတဲ့နောက် အဖွဲ့အစည်းတစ်ခု ပေါ်ထွက်လာတဲ့အခါမှာ ဖြစ်ပျက်ခဲ့တယ်။ ဗြိတိန်နဲ့ အမေရိကန်က တခြားနိုင်ငံတွေကို ဒီအဖွဲ့အစည်းနဲ့ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့တယ်။ ဒီအဖွဲ့အစည်းက နိုင်ငံတွေကိုပေါင်းစည်းဖို့နဲ့ နိုင်ငံတွေအတွက်ကိုယ်စားပြု ပြောဆိုပေးဖို့ဖြစ်တယ်။d ဒီအဖွဲ့အစည်းကို နိုင်ငံပေါင်းချုပ်အသင်းကြီးလို့ ခေါ်တယ်။ ဒုတိယကမ္ဘာစစ်စဖြစ်ချိန်မှာတော့ ဒီနိုင်ငံပေါင်းချုပ်အသင်းကြီး ပျောက်ကွယ်သွားခဲ့တယ်။ စစ်ဖြစ်နေစဉ်အတွင်းမှာ ဘုရားသခင့်လူမျိုးက ဗျာဒိတ်ကျမ်းပါပရောဖက်ပြုချက်အရ ဒီအဖွဲ့အစည်း ပြန်ပေါ်လာမယ်လို့ ပြောခဲ့ကြတယ်။ အဲဒီအတိုင်း အတိအကျဖြစ်ခဲ့ပြီး အခု အဲဒီအဖွဲ့အစည်းကို ကုလသမဂ္ဂလို့ ခေါ်ပါတယ်။—ဗျာ. ၁၇:၈။

      ၁၄။ သားရဲရဲ့ရုပ်တုကို “အဋ္ဌမဘုရင်” အဖြစ် ယောဟန် ဘာကြောင့် ခေါ်ဆိုခဲ့တာလဲ။

      ၁၄ ခေါင်းခုနစ်လုံးရှိတဲ့သားရဲရဲ့ရုပ်တုကို “အဋ္ဌမဘုရင်” အဖြစ် ယောဟန်ဖော်ပြခဲ့တယ်။ ဘာကြောင့် “ဘုရင်” တစ်ပါးအနေနဲ့ ခေါ်ဆိုခဲ့တာလဲ။ သူ့ကို သားရဲရဲ့အဋ္ဌမဦးခေါင်းအဖြစ် မဖော်ပြထားဘူး။ သားရဲရဲ့ရုပ်တုတစ်ခုသာ ဖြစ်တယ်။ ဒီရုပ်တုရဲ့အခွင့်အာဏာက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကနေ၊ အထူးသဖြင့် အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ကနေ ရရှိခြင်းဖြစ်တယ်။ (ဗျာ. ၁၇:၁၀၊ ၁၁) ဒါကြောင့် ယောဟန်က ဒီရုပ်တုကို “ဘုရင်” တစ်ပါးအနေနဲ့ ခေါ်ဆိုခဲ့တယ်၊ အကြောင်းကတော့ ဒီရုပ်တုဟာ ကမ္ဘာတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မယ့်အရာတစ်ခုကို လုပ်ဆောင်ဖို့ အခွင့်အာဏာရရှိထားလို့ပဲ။

      သားရဲရဲ့ရုပ်တုက ပြည့်တန်ဆာကိုဖျက်ဆီး

      ၁၅၊ ၁၆။ ယောဟန်ရဲ့ရူပါရုံမှာတွေ့ရတဲ့ ပြည့်တန်ဆာက ဘာကိုပုံဆောင်သလဲ။ မျက်မှောက်ခေတ် ဝတ်ပြုရေးတွေ ဘာဖြစ်နေပြီလဲ။

      ၁၅ နီမြန်းတဲ့သားရဲတစ်ကောင်ပေါ်မှာ ထိုင်နေတဲ့ ပြည့်တန်ဆာတစ်ဦးကိုလည်း ယောဟန်မြင်တွေ့ခဲ့တယ်။ အဲဒီသားရဲက ခေါင်းခုနစ်လုံးရှိတဲ့သားရဲရဲ့ရုပ်တုနဲ့ အတူတူပဲ။ ပြည့်တန်ဆာကိုတော့ “မဟာဗာဗုလုန်” လို့ခေါ်တယ်။ (ဗျာ. ၁၇:၁-၆) ဒီပြည့်တန်ဆာက အယူမှားဝတ်ပြုရေးအားလုံးကို ပုံဆောင်တယ်။ ခရစ်ယာန်ဘောင်ရဲ့ဝတ်ပြုရေးတွေက မဟာဗာဗုလုန်ရဲ့ အစိတ်အပိုင်းဖြစ်တာ သေချာတယ်။ အယူမှားဝတ်ပြုရေးတွေက သားရဲရဲ့ရုပ်တုဖြစ်တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးနဲ့ ကုလသမဂ္ဂကို လူသိရှင်ကြားထောက်ခံပြီး ဒီအဖွဲ့အစည်းတွေကို ကြိုးကိုင်ညွှန်ကြားဖို့ ကြိုးစားခဲ့တယ်။

      ၁၆ မဟာဗာဗုလုန်ကို “ရေများ” ပေါ်မှာ ထိုင်နေသူအဖြစ် ဖော်ပြထားတယ်။ ရေတွေက ပြည့်တန်ဆာကိုထောက်ခံတဲ့လူတွေကို ရည်ညွှန်းတယ်။ ဒါပေမဲ့ သခင့်နေ့တော်အတွင်းမှာ လူတွေဟာ သူမကို အရင်ကလောက် ထောက်ခံအားပေးမှုမရှိတော့ဘူး။ ဒါက ရေတွေ “ခန်းခြောက်” သွားတာနဲ့တူတယ်။ (ဗျာ. ၁၆:၁၂; ၁၇:၁၅) ဥပမာ၊ သားရဲရဲ့ရုပ်တု ဦးဆုံးပေါ်လာချိန်မှာ ခရစ်ယာန်ဘောင်ဝတ်ပြုရေးဟာ အနောက်နိုင်ငံတွေမှာ အတော့်ကိုသြဇာအာဏာရှိခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ လူအများစုက အဲဒီဝတ်ပြုရေးတွေနဲ့ သူတို့ရဲ့ခရစ်ယာန်ဓမ္မဆရာတွေကို အကြည်ညိုလုံးဝမရှိကြတော့ဘူး။ လူအတော်များများက ဝတ်ပြုရေးဟာ ကမ္ဘာ့ပြဿနာတွေဖြစ်ရတဲ့ အဓိကအကြောင်းရင်းလို့တောင် ယူဆကြတယ်။ တခြားသူတွေကျတော့ ဝတ်ပြုရေးမှန်သမျှကို ကမ္ဘာပေါ်ကနေ ဖယ်ရှားပစ်သင့်တယ်လို့ ပြောင်ပြောင်တင်းတင်း ပြောကြတယ်။

      ၁၇။ မကြာခင်မှာ အယူမှားဝတ်ပြုရေး ဘာဖြစ်သွားမလဲ။ ဘာကြောင့် အဲဒီလိုဖြစ်မှာလဲ။

      ၁၇ အယူမှားဝတ်ပြုရေးရဲ့ ဩဇာအာဏာက တဖြည်းဖြည်းမှေးမှိန်ပြီး ပျောက်ကွယ်သွားတာမျိုး ဖြစ်မှာမဟုတ်ဘူး။ ပြည့်တန်ဆာက ဆက်သြဇာသက်ရောက်နေမှာဖြစ်ပြီး သူမအလိုရှိတာမှန်သမျှအတွက် ဘုရင်တွေကို လုပ်ခိုင်းဖို့ ကြိုးစားမှာဖြစ်တယ်။ ဒါပေမဲ့ မကြာခင်မှာ ဘုရားသခင်က “မိမိ၏အကြံတော်ကို ဖော်ဆောင်ရန် သူတို့၏နှလုံးထဲသို့ အကြံသွင်း” ပါလိမ့်မယ်။ (ဗျာဒိတ် ၁၇:၁၆၊ ၁၇ ကိုဖတ်ပါ။) အယူမှားဝတ်ပြုရေးကို တိုက်ခိုက်ဖို့ ကုလသမဂ္ဂကိုယ်စားပြုတဲ့ စာတန့်လောကစနစ်အဝင်ဖြစ်တဲ့ အုပ်ချုပ်ရေးတွေကို ယေဟောဝါ လှုံ့ဆော်ပါလိမ့်မယ်။ ပြည့်တန်ဆာက အဲဒီအုပ်ချုပ်ရေးတွေကို ကြိုးကိုင်ထိန်းချုပ်နိုင်စွမ်းရှိမှာ မဟုတ်တော့ဘူး၊ သူမရဲ့ စည်းစိမ်အားလုံးကိုလည်း လက်လွှတ်ဆုံးရှုံးရမှာဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်တုန်းက လူအများစုက ဝတ်ပြုရေးဟာ အမြဲပဲလေးစားခံရပြီး တန်ခိုးသြဇာရှိနေမယ်လို့ တွေးထင်ခဲ့ကြတယ်။ အခု အခြေအနေတွေ စတင်ပြောင်းလဲနေပါပြီ။ ဒါပေမဲ့ ပြည့်တန်ဆာရဲ့သြဇာအာဏာက တဖြည်းဖြည်းမှေးမှိန်သွားတာမျိုး ဖြစ်မှာမဟုတ်ဘူး။ သူမဟာ ရုတ်တရက်ဖျက်ဆီးခံရမှာ ဖြစ်တယ်။—ဗျာ. ၁၈:၇၊ ၈၊ ၁၅-၁၉။

      သားရဲများဖျက်ဆီးခံရ

      ၁၈။ (က) သားရဲက ဘာလုပ်မလဲ။ အဲဒါကြောင့် ဘာဖြစ်လာမလဲ။ (ခ) ဒံယေလ ၂:၄၄၊ ၄၅ အရ ဘုရားသခင့်နိုင်ငံတော်က ဘယ်နိုင်ငံတွေကို ဖျက်ဆီးမလဲ။ (စာမျက်နှာ ၁၇ မှာပါတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။)

      ၁၈ အယူမှားဝတ်ပြုရေး ဖျက်ဆီးခံရပြီးတဲ့နောက် မြေကြီးပေါ်မှာရှိတဲ့ စာတန့်အုပ်ချုပ်ရေးတွေဖြစ်တဲ့ သားရဲက ဘုရားသခင့်နိုင်ငံတော်ကို တိုက်ခိုက်ပါလိမ့်မယ်။ မြေကြီးဘုရင်တွေက ကောင်းကင်မှာရှိတဲ့ဘုရားသခင့်နိုင်ငံတော်ကို မတိုက်ခိုက်နိုင်တဲ့အတွက် ဘုရားသခင့်နိုင်ငံတော်ကိုထောက်ခံတဲ့ မြေကြီးပေါ်မှာရှိတဲ့ သူတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါက ဘုရားသခင်ရဲ့နောက်ဆုံးစစ်ပွဲကို ဖြစ်ပေါ်စေမှာ ဖြစ်တယ်။ (ဗျာ. ၁၆:၁၃-၁၆; ၁၇:၁၂-၁၄) ဒီနောက်ဆုံးစစ်ပွဲနဲ့ပတ်သက်ပြီး အကြောင်းအရာတစ်ခုကို ဒံယေလ ပြောခဲ့တယ်။ (ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပါ။) ဗျာ. ၁၃:၁ မှာဖော်ပြထားတဲ့ သားရဲ၊ သူ့ရဲ့ရုပ်တုနဲ့ ချိုနှစ်ချောင်းရှိတဲ့သားရဲတို့ ဖျက်ဆီးခံရမှာဖြစ်တယ်။

      ၁၉။ ဘယ်အရာတွေဖြစ်လာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်သလဲ။ အခုအချိန်မှာ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

      ၁၉ ကျွန်ုပ်တို့က ဗျာဒိတ်ကျမ်းအခန်းကြီး ၁၃ မှာပါတဲ့ သားရဲရဲ့ သတ္တမမြောက်ဦးခေါင်းအချိန်မှာ အသက်ရှင်နေကြတယ်။ အဲဒီသားရဲဖျက်ဆီးမခံရခင်အချိန်မှာ နောက်ထပ်ဦးခေါင်းအသစ် ထပ်ပေါ်လာမှာ မဟုတ်တော့ဘူး။ အယူမှားဝတ်ပြုရေးကို ဖျက်ဆီးချိန်မှာတည်ရှိမယ့် ကမ္ဘာ့အာဏာစက်က အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် ဖြစ်ပါလိမ့်မယ်။ ဒံယေလနဲ့ ယောဟန်တို့ရဲ့ပရောဖက်ပြုချက်တွေက သူတို့ရေးထားတဲ့အတိုင်း အတိအကျပြည့်စုံခဲ့တယ်။ မကြာခင်အချိန်မှာ အယူမှားဝတ်ပြုရေး ဖျက်ဆီးခံရမယ်၊ အာမဂေဒုန်စစ်ပွဲရောက်လာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ ဖြစ်ပျက်လာမယ့်အရာ အတိအကျကို ကျွန်ုပ်တို့ကို ဘုရားသခင်ပြောပြခဲ့တယ်။ ဒါပေမဲ့ မေးစရာက ဒီပရောဖက်ပြုချက်တွေမှာပါတဲ့ သတိပေးချက်တွေကို ကျွန်ုပ်တို့ နားထောင်လိုက်နာမလား။ (၂ ပေ. ၁:၁၉) ကျွန်ုပ်တို့ဟာ အခုအချိန်မှာ ယေဟောဝါကို နာခံမှုပြပြီး ကိုယ်တော့်နိုင်ငံတော်ကို ထောက်ခံဖို့လိုတယ်။—ဗျာ. ၁၄:၆၊ ၇။

  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
    • စာရှုသူများထံမှ မေးခွန်းလွှာ

      အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်က ဘယ်အချိန်ကစပြီး ကျမ်းစာပရောဖက်ပြုချက်မှာပါတဲ့ သတ္တမမြောက်ကမ္ဘာ့အာဏာစက် ဖြစ်လာသလဲ။

      ▪ ဘုရင်နေဗုခဒ်နေဇာ မြင်မက်တဲ့ ဧရာမ သတ္တုရုပ်တုကြီးက တည်ရှိခဲ့သမျှ ကမ္ဘာ့အာဏာစက်အားလုံးကို ကိုယ်စားမပြုဘူး။ (ဒံ. ၂:၃၁-၄၅) ဒီရုပ်တုကြီးက ဒံယေလအချိန်နဲ့ အဲဒီနောက်ပိုင်းမှာရှိတဲ့၊ ဘုရားသခင့်လူမျိုးကိုတိုက်ခိုက်တဲ့ အာဏာစက်ငါးခုကိုပဲ ကိုယ်စားပြုတယ်။

      ရုပ်တုကြီးနဲ့ပတ်သက်ပြီး ဒံယေလရဲ့ဖော်ပြချက်အရ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ဟာ ရောမကို အောင်နိုင်မယ့်အစား ရောမကနေပေါ်ထွက်လာမယ်ဆိုတာ သိရတယ်။ အဲဒီရုပ်တုရဲ့ ခြေထောက်ကနေအစပြုတဲ့ သံက ခြေဖမိုး၊ ခြေဖဝါးနဲ့ ခြေချောင်းတွေထဲအထိ ရှိနေတယ်ဆိုတာကို ဒံယေလမြင်တွေ့ရတယ်။ (ခြေဖမိုး၊ ခြေဖဝါးနဲ့ ခြေချောင်းတွေမှာ သံနဲ့သရွတ်ရောနေတယ်။)a ဒါက အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ဟာ သံခြေထောက်ဖြစ်တဲ့ ရောမကနေ ပေါ်ထွက်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ အဲဒီအတိုင်း အတိအကျဖြစ်ခဲ့တယ်ဆိုတာ သမိုင်းက သက်သေထူတယ်။ ရောမအင်ပါယာရဲ့အစိတ်အပိုင်းဖြစ်ခဲ့တဲ့ ဗြိတိန်ဟာ ၁၇၀၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွေကနေစပြီး အင်အားကြီးမားတဲ့နိုင်ငံ ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုလည်းပဲ ဩဇာအာဏာကြီးမားတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာတယ်။ ဒါပေမဲ့ ဗြိတိန်နဲ့ အမေရိကန်က ကျမ်းစာပရောဖက်ပြုချက်မှာပါတဲ့ သတ္တမမြောက်ကမ္ဘာ့အာဏာစက် မဖြစ်သေးဘူး။ ဘာကြောင့်လဲ။ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံက သိသာထင်ရှားတဲ့နည်းနဲ့ ပေါင်းစည်းပြီး အတူမလုပ်ဆောင်ကြသေးလို့ပါပဲ။ ဒီလိုလုပ်ဆောင်တာကို ပထမကမ္ဘာစစ်ကြီးအတွင်းမှာ တွေ့ခဲ့ရတယ်။

      အဲဒီအချိန်မှာ “နိုင်ငံတော်သားများ” က အမေရိကန်ပြည်ထောင်စုမှာ အများဆုံး တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြတယ်။ သူတို့တွေက နယူးယောက်မြို့၊ ဘရွတ်ကလင်ကနေ ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားခဲ့ကြတယ်။ (မ. ၁၃:၃၆-၄၃) စွမ်းအားတော်ဖွား ကောင်းကင်အတန်းအစားအဖွဲ့ဝင်တွေက ဗြိတိန်အင်ပါယာကြီးစိုးတဲ့ နိုင်ငံတွေမှာလည်း ဟောပြောခြင်းလုပ်ငန်းကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြတယ်။ ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိန်နဲ့ အမေရိကန်က သူတို့ရဲ့နိုင်ငံရေးရန်သူတွေကို အတူလက်တွဲတိုက်ခိုက်တဲ့အခါ အထူးတွဲဖက်တွေဖြစ်လာတယ်။ ဗြိတိန်နဲ့ အမေရိကန်ဟာ စစ်ကြောင့် မျိုးချစ်စိတ်ထကြွလာပြီး မိန်းမရဲ့ “အမျိုးအနွယ်” အဝင်ဖြစ်သူတွေကိုလည်း ရန်မူတိုက်ခိုက်ခဲ့ကြတယ်။ အဲဒီအစိုးရတွေက မိန်းမရဲ့အမျိုးအနွယ်ထုတ်ဝေတဲ့ စာပေတချို့ကို ပိတ်ပင်တားဆီး၊ ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆောင်နေသူတွေကို ထောင်သွင်းအကျဉ်းချခဲ့ကြတယ်။—ဗျာ. ၁၂:၁၇။

      ဒါကြောင့် သမ္မာကျမ်းစာပရောဖက်ပြုချက်ကနေသိရတာက ဗြိတိန် ဦးဆုံး အထင်ကရ စဖြစ်လာတဲ့ ၁၇၀၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွေမှာ သတ္တမမြောက်ကမ္ဘာ့အာဏာစက် မပေါ်ထွက်ခဲ့ဘူး။ အဲဒီအစား သခင့်နေ့တော်ရဲ့အစပိုင်းမှာ သတ္တမမြောက် ကမ္ဘာ့အာဏာစက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တယ်။b

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ