ဘုရားသခင့် နှုတ်ကပါဌ်တော်တွင် မွေ့လျော်ပါ
‘ယေဟောဝါ၏တရားတော်တွင် မွေ့လျော်’ သောသူသည် ပျော်ရွှင်၏။ ထိုကဲ့သို့သောသူသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို “နေ့ညမပြတ် တိုးတိုးသံဖြင့်” ဖတ်ရှုသည်။ (ဆာ. ၁:၁၊ ၂၊ ကဘ) ထိုမွေ့လျော်မှုကို အသင်တွေ့ကြုံခံစားရပါသလော။ သင့်အား ဘုရားသခင့်နှုတ်ကပါဌ်တော်ကပေးသည့် ရွှင်လန်းမှုကို မည်သို့တိုးများလာစေနိုင်သနည်း။
ယေဟောဝါ မိန့်ကြားစဉ် နားထောင်ပါ
စကားတော်တို့ကို ဖတ်ရုံသာမပြုပါနှင့်။ သင်ဖတ်သည့်အရာနှင့်ပတ်သက်သည့် အခြေအနေများကို စိတ်တွင်မြင်ယောင်ကြည့်ပါ။ ကိုးကားခံရသောသူတို့၏ စကားသံများကို တွေးကြည့်ပါ။ သမ္မာကျမ်းစာ၏ ကျမ်းဦးအခန်းကြီးများကို သင်ဖတ်ရှုစဉ် ဤကမ္ဘာကို လူသားတို့နှင့် သင့်လျော်အောင် တစ်ဆင့်ပြီးတစ်ဆင့် အဘယ်အရာများပြုလုပ်ပေးတော်မူကြောင်း ယေဟောဝါကိုယ်တော်တိုင် ထုတ်ဖော်သံကို ကြားစေပါ။ ပထမလူသားများကို တည်ရှိလာစေအောင်လုပ်ဖို့ အချိန်ရောက်ပြီဟု လုပ်သားချုပ်ဖြစ်သည့် သားတော်အား ကိုယ်တော် မိန့်ဆိုနေသကဲ့သို့ ကြားနာပါ။ မြင်ကွင်းကို ဤသို့ပုံဖော်ကြည့်ပါ– အာဒံနှင့်ဧဝတို့ပုန်ကန်ကြသည်၊ ဘုရားသခင် သူတို့အပေါ်တရားစီရင်ချက်ချမှတ်လိုက်သည်၊ နောက်ပိုင်း ပရဒိသုမှ သူတို့အားနှင်ထုတ်လိုက်သည်။ (ကမ္ဘာဦး၊ အခန်းကြီး ၁-၃) ကောင်းကင်မှအသံတစ်ခုက ယေရှုခရစ်သည် လူသားတို့အတွက်အသက်ပေးဆက်ဖို့ ဘုရားသခင်စေလွှတ်ခြင်းခံခဲ့ရသောသူ၊ ချစ်မြတ်နိုးရသော ဘုရားသခင်၏သားတော်ဖြစ်ကြောင်း အထင်အရှားဖော်ပြသည်ကို သင်ဖတ်ရှုချိန်၌ စိုးရွံ့ထိတ်လန့်စိတ် ဖြစ်ပေါ်ခံစားကြည့်ပါ။ (မ. ၃:၁၆၊ ၁၇) “ကြည့်ရှုလော့! ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” ဟု ယေဟောဝါကြေညာသည်ကို တမန်တော်ယောဟန်ကြားသောအခါ သူ၏တုံ့ပြန်မှုကို ကြိုးစား၍မြင်ယောင်ကြည့်ပါ။ (ဗျာ. ၂၁:၅) မှန်ပါသည်၊ ဤနည်းအားဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုခြင်းသည် မွေ့လျော်ဖွယ်ကောင်းသော အတွေ့အကြုံတစ်ခု ဖြစ်၏!
မှုတ်သွင်းခံမှတ်တမ်းကို ဆက်၍ဖတ်ရှုလျှင် ယေဟောဝါသည် ခံ့ညားပြီး စိုးရွံ့ထိတ်လန့်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ပါးအဖြစ် သင်သိရှိလာပါလိမ့်မည်။ ကျွန်ုပ်တို့ကိုချစ်သော၊ ကျွန်ုပ်တို့နှင့်သနားကြင်နာစွာဆက်ဆံသော၊ ကိုယ်တော့်အလိုတော်ကို ကျွန်ုပ်တို့နှိမ့်ချစွာ ကြိုးစား၍လုပ်ဆောင်ပါက မစကူညီပေးသော၊ ကျွန်ုပ်တို့ပြုလုပ်သမျှ အောင်မြင်မှုရနိုင်ပုံကို ပြသသောအရှင်ထံ သင်အပြင်းအထန်ဆွဲဆောင်ခံရမည်။—ယောရှု ၁:၈; ဆာ. ၈:၁; ဟေရှာ. ၄၁:၁၀။
သင်သည် သမ္မာကျမ်းစာဖတ်ရှုခြင်း၌ အချိန်ပိုသုံးလေ သင့်အတွက် ဘုရားသခင့်အလိုတော်၏အသိပညာတွင် တိုးပွားလာသည်နှင့်အမျှ သင့်ကျေနပ်ပျော်ရွှင်မှုသည် ကြီးမားလာလေဖြစ်မည်။ သို့သော် မွေ့လျော်ခြင်းသည် ထိုအရာထက်မက တာသွားမည်။ သင့်ဖတ်ရှုခြင်းက ပြဿနာများကို ပညာရှိစွာဖြေရှင်းဖို့ လိုအပ်သည့်အကူအညီပေးသည့်အခါ “သတိပေးချက်တို့သည် အံ့သြဖွယ်ဖြစ်ကြပါ၏။ သို့ဖြစ်သောကြောင့် အကျွန်ုပ်၏စိုးလ်သည် ယင်းတို့ကို စောင့်ရှောက်တတ်ပါ၏” ဟုပြောသော ဆာလံဆရာကဲ့သို့ သင်ခံစားရပါလိမ့်မည်။ (ဆာ. ၁၁၉:၁၂၉၊ ကဘ) ထို့အပြင် ဘုရားရေးရာနည်းလမ်းဖြင့် သင့်လိုအင်ဆန္ဒများနှင့် သင့်စဉ်းစားတွေးတောမှုကို ပုံသွင်းရန်ကူညီပေးသည့် ကျမ်းစာမူများအား သင်ပိုင်းခြားသိမြင်လာသည်နှင့်အမျှ သင် အားရဝမ်းမြောက်လာပါလိမ့်မည်။—ဟေရှာ. ၅၅:၈၊ ၉။
သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အား အန္တရာယ်မှကာကွယ်ပေးသည့် စာရိတ္တလမ်းညွှန်ချက်ကို ပြင်ဆင်ပေးပြီး မှန်သောလမ်းကို ပြသပေးသည်။ ၎င်းကိုကျွန်ုပ်တို့ဖတ်ရှုစဉ် ယေဟောဝါသည် မစုံလင်သည့်ဇာတိဆန္ဒများကို ကျွန်ုပ်တို့လက်မြှောက်အရှုံးပေးလိုက်သည့်အခါ မည်သည့်ပြဿနာများတက်လာမည်ကို သိသောဖခင်တစ်ဦးဖြစ်ကြောင်း ကျွန်ုပ်တို့ခံစားရသည်။ ကိုယ်တော်၏ မြင့်မားသောစာရိတ္တစံနှုန်းများကို မထီလေးစားပြုခြင်းကြောင့် မလွဲမသွေခံစားရမည့် ဆိုးရွားသောအကျိုးဆက်များကို ကျွန်ုပ်တို့အား မခံစေလိုပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့အားဂရုစိုက်ပြီး အကောင်းဆုံးဘဝလမ်းစဉ်တွင် လျှောက်လှမ်းစံစားစေလိုတော်မူသည်။ ကိုယ်တော့်နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့ဖတ်ရှုခြင်းက ကိုယ်တော်အား ကျွန်ုပ်တို့၏ဘုရားသခင်၊ ကောင်းကင်ခမည်းတော်အဖြစ်ရရှိထားခြင်းသည် ကောင်းချီးတစ်ရပ်ဖြစ်ကြောင်း ပို၍ပြည့်ပြည့်ဝဝ တန်ဖိုးထားလေးစားရန် ကူညီပေးသည်။
သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုပါ
ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်ဖတ်ရှုသူနှင့်ပတ်သက်ပြီး ဆာလံဆရာကဤသို့ဆိုသည်– “ပြုလေသမျှတို့၌အောင်လိမ့်သတည်း။” (ဆာ. ၁:၃) မှန်ပါသည်၊ ကျွန်ုပ်တို့၏မစုံလင်မှုများ၊ စာတန့်ဆိုးယုတ်သည့်အစီအစဉ်စနစ်များ၌ ကျွန်ုပ်တို့နေထိုင်ရခြင်းနှင့် ကျွန်ုပ်တို့အားဝါးမျိုရန် မာရ်နတ်၏ကြိုးပမ်းမှုများရှိနေလင့်ကစား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်ဖတ်ရှုကာ လက်တွေ့ကျင့်သုံးခြင်းက ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးဆက်နွှယ်သည့် အရာရာတိုင်းတွင် အောင်မြင်ရန် စွမ်းဆောင်ပေးနိုင်ပါလိမ့်မည်။
ကျွန်ုပ်တို့သည် ဤစနစ်ဟောင်း၏ဖိစီးမှုကို ခံနေရသောကြောင့် နေ့စဉ် ဖန်ဆင်းရှင်၏အတွေးအခေါ်များကို တန်ဖိုးရှိသောအချိန်အနည်းငယ်မျှ စိတ်စွဲလမ်းခြင်းသည်ပင် ကျွန်ုပ်တို့တွင် ခွန်အားရှိလာနိုင်ပါသည်။ မိမိတို့၏ယုံကြည်ခြင်းကြောင့် အကျဉ်းချခံရသူအချို့တို့သည် သတင်းစာဆောင်းပါးများတွင် ဟိုတစ်ပိုဒ်၊ သည်တစ်ပိုဒ်ကိုးကားထားသည့် အခန်းငယ်များကိုသာ ဖတ်ရှုခွင့်ရရှိခဲ့ကြသည်။ ယင်းတို့ကို သူတို့ညှပ်လိုက်ကြကာ အလွတ်ကျက်မှတ်ပြီး ဆင်ခြင်တွေးတောခဲ့ကြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ အသိပညာရယူရန် သူတို့၏အခြေအနေက ခွင့်ပြုသ၍ သူတို့လုပ်ဆောင်ခဲ့သောကြောင့် ယေဟောဝါသည် သူတို့၏ကြိုးပမ်းမှုများကို ကောင်းချီးပေးခဲ့သည်။ (မ. ၅:၃) သို့တိုင်၊ ကျွန်ုပ်တို့အများစုသည် ထိုထက်သာ၍လွတ်လပ်စွာ ဖတ်ရှုနိုင်ကြသည်။ တစ်ရက်တစ်ကြိမ် ကျမ်းပိုဒ်တစ်ပိုဒ်ကို လျင်မြန်စွာဖတ်ရှုခြင်းကိုယ်နှိုက်သည် အံ့ဖွယ်အကျိုးသက်ရောက်မှု အတော်အတန်ရှိမည်ဟု ကျွန်ုပ်တို့မယူမှတ်သင့်ပေ။ သို့သော်၊ သမ္မာကျမ်းစာ၏အစိတ်အပိုင်းတစ်ခုကို နေ့တိုင်းဖတ်ရှုရန်၊ စဉ်းစားရန်နှင့် ကျွန်ုပ်တို့၏ဘဝတွင် အသုံးပြုရန်အလို့ငှာ ကျွန်ုပ်တို့၏ဦးစားထားရာများကို ပြုပြင်ချိန်ညှိပါက ကောင်းချီးများသည် ကျွန်ုပ်တို့အတွက်ဖြစ်ပါလိမ့်မည်။
ကျွန်ုပ်တို့၏အကောင်းဆုံးကြံစည်ထားရာများ ပျက်သွားနိုင်သည်မှာ အမှန်ပင်။ ထိုအရာဖြစ်ပျက်လာသောအခါ ကျွန်ုပ်တို့သည် တကယ့်အရေးကိစ္စဖြစ်သည့်အရာများကို ဦးစားပေးကြသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် တစ်ရက် သို့မဟုတ် နှစ်ရက်မျှ တမင်ရေမသောက်ဘဲမနေကြချေ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် အဘယ်အရာပင်ပေါ်လာပါစေ ကျွန်ုပ်တို့သည် အမှန်တရားရေဖြင့် ကျွန်ုပ်တို့ကိုယ်တိုင် ပြန်လန်းဆန်းစေရန် အချိန်အချို့ယူသင့်သည်။—တ. ၁၇:၁၁။
ဘုရားသခင့်နှုတ်ကပါဌ်တော်အားလုံးကို ဖတ်ပါ
သမ္မာကျမ်းစာတစ်အုပ်လုံးကို အသင်ကိုယ်တိုင်ဖတ်ဖူးသလော။ အချို့တို့သည် ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ ဖတ်ဖို့ ဝန်လေးတတ်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာတစ်အုပ်လုံးဖတ်လိုသူအများသည် ခရစ်ယာန်ဂရိကျမ်းစောင်များကို အလျင်ဆုံးဖတ်ရှုခြင်းအားဖြင့် စတင်ကြသည်။ အဘယ့်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ခြေတော်ရာများကို လိုက်လျှောက်ရန်ရှာဖွေသူများအနေနှင့် ဤကျမ်းစာစောင်များသည် မိမိတို့နှင့်မည်သို့သက်ဆိုင်ပုံကို ပို၍လွယ်လင့်တကူမြင်တွေ့နိုင်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် ခရစ်ယာန်ဂရိကျမ်းစောင်များသည် သမ္မာကျမ်းစာ၏လေးပုံတစ်ပုံကျော်ကျော်မျှသာရှိ၍ သိပ်များများမဖတ်ရဟု ထင်ရသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ သို့သော် ဤ ၂၇ စောင်ကို ဖတ်ရှုပြီးစီးပြီးနောက် ဟေဗြဲကျမ်း ၃၉ စောင်ဆီသို့ မြားဦးပြန်လှည့်လာပြီး စတင်ဖတ်ရှုကြကာ ပျော်မွေ့နေကြလေသည်။ ဟေဗြဲကျမ်းစာစောင်များကို အဆုံးသတ်ပြီးချိန်၌ သူတို့သည် ပုံမှန်ကျမ်းစာဖတ်ရှုခြင်းပုံစံတစ်ခုကို အခြေချခဲ့ကြသည်၊ သို့နှင့် သူတို့သည် ဆက်လက်၍ ခရစ်ယာန်ဂရိကျမ်းစာစောင်များကို ဒုတိယအကြိမ်ဖတ်ရှုကြပြီး ဘယ်တော့မှ မရပ်ကြတော့ပေ။ အသင်လည်း ဘုရားသခင့်နှုတ်ကပါဌ်တော် နေ့စဉ်ဖတ်ရှုခြင်းကို သင့်တစ်သက်တာအလေ့အကျင့်အဖြစ် လုပ်ဆောင်နိုင်ပါစေ။
သင့်မိသားစုတွင် သို့မဟုတ် အသင်းတော်၌ မဖတ်ရှုနိုင်သူ တစ်စုံတစ်ယောက်ရှိပါသလော။ ထိုသူအား သမ္မာကျမ်းစာမှန်မှန်ဖတ်ရှုပေးမည့်အကြောင်း ကမ်းလှမ်းပါလေ။ သူကြားသည့်အရာပေါ်၌ ဆင်ခြင်သုံးသပ်ပြီးနောက် သူ့ဘဝတွင် ၎င်းကိုအသုံးချသောအခါ အသင်ကော သူပါအကျိုးရှိမည်ဖြစ်သည်။—ဗျာ. ၁:၃။
အချိန်တန်သော် သင်သည် သင့်ကျမ်းစာဖတ်ရှုခြင်းဆိုင်ရာ အထူးစီမံကိန်းများဆွဲကာ ဆောင်ရွက်လိုပေမည်။ ယင်းတို့မှအချို့သည် သင့်အား သမ္မာကျမ်းစာ၏အစိတ်အပိုင်းအသီးသီးကြား ဆက်နွှယ်ချက်ကို ပိုမိုသိရှိနားလည်လာစေနိုင်ပါသည်။ အကယ်၍ သင့်သမ္မာကျမ်းစာတွင် မာဂျင်အညွှန်းရှိလျှင် ယင်းတို့က သမိုင်းဝင် အသေးစိတ်အချက်အလက်များနှင့် အပြိုင်မှတ်တမ်းများကို သင့်အားလမ်းညွှန်ပေးပေမည်။ ဆာလံကျမ်းအမျိုးမျိုးအပြင် ယေရှုခရစ်၏တမန်တော်များရေးသားခဲ့ကြသည့် စာစောင်များကိုပါရေးသားဖြစ်စေသည့် အခြေအနေများကို သင်ပိုင်းခြားသိမြင်ရန် ကူညီပေးနိုင်ပါသည်။ ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း စာအုပ်က သမ္မာကျမ်းစာတွင်ဖော်ပြထားသည့် လူ၊ နေရာဒေသနှင့်အရည်အချင်းများပေါ် ကြွယ်ဝသော နောက်ခံသတင်းအချက်အလက်ကို ပြင်ဆင်ပေးသည်။ ဇယားကွက်များက သမ္မာကျမ်းစာပရောဖက်ပြုချက်များ၏ ပြည့်စုံချက်ကို အာရုံစိုက်စေပြီး မည်သည့်ဘုရင်များနှင့်ပရောဖက်များသည် တစ်ခေတ်တည်းသားများဖြစ်ကြောင်းပြကာ ကျမ်းစာအဖြစ်အပျက်များစွာအတွက် ခန့်မှန်းရက်စွဲများကို ဖော်ပြပေးသည်။
သင်သိရှိသည့်အရာပေါ် ဆင်ခြင်သုံးသပ်သည်နှင့်အမျှ ဘုရားသခင့်လူမျိုးတော်အကြား၌ အချို့သောအခြေအနေများ အဘယ်ကြောင့်ဖြစ်ပွားခဲ့ရသည့်အကြောင်းများကို နားလည်လာပါလိမ့်မည်။ ယေဟောဝါသည် ကိုယ်တော့်လူမျိုးတော်အပေါ် အဘယ်ကြောင့် ဤပုံဤနည်းဆက်ဆံခဲ့ကြောင်းကိုလည်း သင်တွေ့ရှိပေမည်။ ယေဟောဝါသည် အစိုးရများ၊ လူများနှင့် တစ်ဦးချင်းစီတို့၏အပြုအမူများကို မည်သို့သတ်မှတ်ဆုံးဖြတ်ကြောင်း သင်တွေ့ မြင်လာမည်။ ယင်းက သင့်အား ကိုယ်တော်၏အတွေးအခေါ်ကို သာ၍ထိုးထွင်းသိမြင်စေမည်။
အဖြစ်အပျက်များဖြစ်ပျက်ခဲ့သည့် နယ်ပယ်ဒေသကို စိတ်တွင်မြင်ယောင်နေသည့်အခါ ကျမ်းစာသမိုင်းကြောင်းသည် သင့်အတွက် ပို၍စိတ်ဝင်စားစရာဖြစ်လာမည်။ ကျမ်းစာဒေသများ၏မြေပုံများက နယ်မြေအသွင်အပြင်သာမက နေရာဒေသများအကြား အကွာအဝေးများကိုပါ ဖော်ပြသည်။ ဥပမာအနေနှင့်၊ ဣသရေလလူမျိုးများသည် ပင်လယ်နီကို ဘယ်နေရာလောက်က ဖြတ်ကူးခဲ့ကြသနည်း။ ကတိထားရာပြည်တော်သည် အဘယ်အရွယ်အစားရှိသနည်း။ ကိုယ်တော့်မြေကြီးဓမ္မအမှုတော်ကို ထမ်းဆောင်စဉ် ယေရှုမည်မျှဝေးဝေးသွားခဲ့သနည်း။ မိမိ၏သာသနာပြုခရီးစဉ်များတွင် အဘယ်မြင်ကွင်းများကို ပေါလုတွေ့မြင်ခဲ့သနည်း။ မြေပုံများနှင့် ပထဝီဖော်ပြချက်များက သင့်ဖတ်ရှုခြင်းကို အသက်ဝင်စေမည့် အသေးစိတ်အချက်အလက်များကို ဖော်ပြပေးသည်။ ကျမ်းစာပါ နိုင်ငံများ၏မြေပုံများကို အဘယ်နေရာတွင် သင်ရှာတွေ့နိုင်သနည်း။ သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် မြေပုံတချို့ပါရှိသည်။ ထိုးထွင်းသိမြင်ခြင်း စာအုပ်တွဲတို့တွင် မြေပုံ ၇၀ ခန့်ပါဝင်ပြီး ပထမတွဲ၏အဆုံးတွင် မြေပုံအညွှန်းပါရှိသည်။ အခြားသောမြေပုံများကိုရှာရန် ကင်းမျှော်စင်စာပေများအညွှန်းကို အသုံးပြုပါ။ အကယ်၍ ၎င်းစာအုပ်များကိုမရနိုင်ပါက သင်ကျမ်းစာဖတ်ရှုရာတွင် သင့်အတွက်အကူအညီဖြစ်စေရန် ကင်းမျှော်စင်တွင် ပုံနှိပ်ထုတ်ဝေထားသည့်မြေပုံများကို အသုံးပြုပါ။
ဟေဗြဲကျမ်းစာစောင်များတွင် ဘုရင်ဒါဝိဒ်က ယေဟောဝါကိုချီးမွမ်းထောမနာပြု၍ပြောသည်မှာ– “အိုဘုရားသခင် အကျွန်ုပ်၌ ကိုယ်တော်၏အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏!” (ဆာ. ၁၃၉:၁၇) ခရစ်ယာန်ဂရိကျမ်းစာစောင်များ၌ တမန်တော်ပေါလုက ယေဟောဝါအား ကိုယ်တော်သည် “ယေရှုခရစ်၏မျက်နှာ၌ထွန်းလင်းသော ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်၏အရောင်ကို ပေးလိုသောငှာ၊ ငါတို့စိတ်နှလုံးထဲ၌ အလင်းကိုထွန်းလင်းစေတော်မူ” ခဲ့သောကြောင့် ချီးမွမ်းခဲ့သည်။ (၂ ကော. ၄:၆) ဒါဝိဒ်နှင့်ပေါလုတို့သည် ရာစုနှစ်များစွာခြား၍ အသက်ရှင်ခဲ့သည့်တိုင် သူတို့နှစ်ဦးစလုံးသည် ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် မွေ့လျော်ခဲ့ကြသည်။ ထို့ကြောင့် ကိုယ်တော့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်၏ စာမျက်နှာများတွင် သင့်အား ယေဟောဝါပေးသနားနေသည့် အရာအားလုံးကို ဖတ်ရှုရန်အချိန်ယူပါက သင်လည်း မွေ့လျော်နိုင်ပါသည်။