ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ မတ် စာ. ၈-၁၃
  • နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းအကြောင်း ဘာသိထားရမလဲ
  • နှစ်ခြင်း မခံခင် ဘာလုပ်ဖို့ လိုသလဲ
  • နှစ်ခြင်းခံပြီးနောက် ဘာလုပ်ရမလဲ
  • နှစ်ခြင်းခံဖို့ ပန်းတိုင်ထားခြင်းက အကျိုးရှိ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • နှစ်ခြင်း—ခရစ်ယာန်တွေအတွက် လိုအပ်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၁– နှစ်ခြင်းရဲ့ အဓိပ္ပာယ်
    လူငယ်များအမေး
  • နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ မတ် စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၁၁

နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား

“အခုအချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ။” —၁ ပေ. ၃:၂၁။

သီချင်း ၂၈ ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်ခြင်း

အကြိုသုံးသပ်ချက်a

၁။ လူတစ်ယောက် အိမ်မဆောက်ခင် ဘာလုပ်သင့်သလဲ။

အိမ်တစ်လုံး ဆောက်ဖို့ စဉ်းစားနေတယ် ဆိုပါစို့။ ဘယ်လိုအိမ်မျိုး ဆောက်ချင်တယ်လို့ စဉ်းစားမိတာနဲ့ ပစ္စည်းတွေ ဝယ်ပြီး ချက်ချင်း စဆောက်မလား။ ဆောက်မှာ မဟုတ်ဘူး။ မစခင် ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲဆိုတာ တွက်ချက်မှာပဲ။ ဘာကြောင့်လဲ။ အိမ်ပြီးအောင် ဆောက်ဖို့ ငွေလောက်ရဲ့လားဆိုတာ သိဖို့ လိုလို့ပဲ။ ကုန်ကျစရိတ်ကို အသေအချာ ကြိုတင် တွက်ချက်ထားမယ်ဆိုရင် အိမ်ကို ပြီးစီးအောင် ဆောက်နိုင်ပါလိမ့်မယ်။

၂။ လုကာ ၁၄:၂၇-၃၀ အရ နှစ်ခြင်းမခံခင် ဘာကို အသေအချာ စဉ်းစားသင့်သလဲ။

၂ ယေဟောဝါကို ချစ်တဲ့မေတ္တာနဲ့ ကျေးဇူးတင်လေးမြတ်စိတ်က နှစ်ခြင်းခံဖို့ သင့်ကို လှုံ့ဆော်ပေးသလား။ ဒါဆိုရင် သင်ဟာ အိမ်ဆောက်ချင်တဲ့သူနဲ့ တူတယ်။ လုကာ ၁၄:၂၇-၃၀ မှာပါတဲ့ ယေရှုရဲ့ စကားကို သုံးသပ်ကြည့်ပါ။ (ဖတ်ပါ။) တပည့်ဖြစ်ခြင်းဆိုတာ ဘာကို ဆိုလိုကြောင်း ယေရှု ဆွေးနွေးနေတာ။ ယေရှုရဲ့ နောက်လိုက် ဖြစ်ချင်ရင် “ကုန်ကျစရိတ်” တွေ ရှိလာမယ်။ ဆိုလိုတာက အခက်အခဲတွေ၊ စွန့်လွှတ်အနစ်နာခံစရာတွေအတွက် အသင့်ဖြစ်နေရမယ်။ (လု. ၉:၂၃-၂၆။ ၁၂:၅၁-၅၃) ဒါကြောင့် နှစ်ခြင်း မခံခင် အသေအချာ စဉ်းစားဖို့ လိုတယ်။ ဒါမှ နှစ်ခြင်းခံပြီးသား ခရစ်ယာန်အဖြစ် ဘုရားကို သစ္စာရှိရှိ ဝတ်ပြုသွားဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၃ ခရစ်တော်ရဲ့ တပည့်အဖြစ် နှစ်ခြင်းခံတာ တန်ရဲ့လား။ တန်ပါတယ်။ နှစ်ခြင်းခံတာက လောလောဆယ်ရော အနာဂတ်မှာပါ ကောင်းချီးများစွာ ရဖို့ လမ်းပွင့်စေတယ်။ နှစ်ခြင်းနဲ့ပတ်သက်တဲ့ အရေးကြီး မေးခွန်းတချို့ကို သုံးသပ်ကြည့်ကြစို့။ ဒါက “နှစ်ခြင်းခံဖို့ ငါ အသင့်ဖြစ်ပြီလား” ဆိုတဲ့ မေးခွန်းကို ဖြေဖို့ ကူညီပေးပါလိမ့်မယ်။

ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းအကြောင်း ဘာသိထားရမလဲ

၄။ (က) ဆက်ကပ်အပ်နှံတယ်ဆိုတာ ဘာလဲ။ (ခ) မဿဲ ၁၆:၂၄ မှာပါတဲ့ ကိုယ့်ကိုယ်ကိုယ် “ငြင်းပယ်” တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

၄ ဆက်ကပ်အပ်နှံတယ်ဆိုတာ ဘာလဲ။ နှစ်ခြင်းမခံခင် အရင် ဆက်ကပ်အပ်နှံရမယ်။ ဆက်ကပ်အပ်နှံတယ်ဆိုတာ အသက်တာကို ဘုရားအမှုဆောင်ဖို့ ထာဝစဉ် အသုံးပြုသွားပါ့မယ်လို့ ယေဟောဝါဆီ ဆုတောင်းပြီး ကတိပေးတာ ဖြစ်တယ်။ ဘုရားဆီ ဆက်ကပ်အပ်နှံတာက ကိုယ့်ကိုယ်ကိုယ် “ငြင်းပယ်” လိုက်တာပဲ။ ဆိုလိုတာက အခုချိန်ကစပြီး ကိုယ့်အကြိုက်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်ရည်မှန်းချက်တွေထက် ဘုရားအလိုတော်ကို ဦးစားထားပါ့မယ်လို့ ပြောလိုက်တာ ဖြစ်တယ်။ (မဿဲ ၁၆:၂၄ ကိုဖတ်ပါ။) အခု သင့်ကို ယေဟောဝါ ပိုင်သွားပြီ။ အခွင့်ထူးကြီးပါပဲ။ (ရော. ၁၄:၈) ဆက်ကပ်အပ်နှံတယ်ဆိုတာ ဘုရားဆီ အလေးအနက် သစ္စာကတိပြုတာ ဖြစ်တယ်။ အဲဒီလို သစ္စာကတိပြုဖို့ ယေဟောဝါ အတင်းအကျပ် မတောင်းဆိုဘူး။ ဒါပေမဲ့ သစ္စာကတိပြုပြီးရင်တော့ အဲဒီအတိုင်း လုပ်ဆောင်စေချင်တယ်။—ဆာ. ၁၁၆:၁၂၊ ၁၄။

၅။ ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်း ဘာကွာသလဲ။

၅ ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်း ဘာကွာသလဲ။ ဆက်ကပ်အပ်နှံတာက ဘုရားနဲ့ သင်နဲ့ကြား သီးသန့်ကိစ္စ ဖြစ်တယ်။ နှစ်ခြင်းကတော့ အများအားဖြင့် အစည်းအဝေးပွဲတွေမှာ လူအများရှေ့ လုပ်တာဖြစ်တယ်။ နှစ်ခြင်းခံတာက သင်ဟာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးဖြစ်ကြောင်း၊b ယေဟောဝါဘုရားကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အား ရှိသမျှနဲ့ ချစ်ကြောင်း၊ ထာဝစဉ် ဝတ်ပြုသွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း တခြားသူတွေကို သိစေတယ်။—မာ. ၁၂:၃၀။

နှစ်ခြင်းခံတဲ့နေ့မှာ ဖြေရမယ့် မေးခွန်း နှစ်ခု

  1. ၁။ ယေရှုခရစ်ကတစ်ဆင့် ဘုရားသခင် ပြင်ဆင်ပေးတဲ့ ကယ်တင်ခြင်း နည်းလမ်းကို လက်ခံပြီး သင့်ရဲ့ အပြစ်တွေကို နောင်တယူကာ သင့်ကိုယ်ကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီလား။

  2. ၂။ သင့်ရဲ့ နှစ်ခြင်းဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းဝင် ယေဟောဝါသက်သေတစ်ဦးအဖြစ် သင့်ကို သတ်မှတ်ဖော်ပြကြောင်း နားလည်သဘောပေါက်ပါသလား။

၆-၇။ ၁ ပေတရု ၃:၁၈-၂၂ အရ နှစ်ခြင်းခံသင့်တဲ့ အကြောင်းရင်း နှစ်ခုကို ဖော်ပြပါ။

၆ နှစ်ခြင်းခံဖို့ တကယ် လိုအပ်သလား။ ၁ ပေတရု ၃:၁၈-၂၂ မှာပါတဲ့ စကားတွေကို သုံးသပ်ကြည့်ပါ။ (ဖတ်ပါ။) သင်္ဘောဟာ နောဧမှာ ယုံကြည်ခြင်း ရှိတယ်ဆိုတဲ့ အထောက်အထား ဖြစ်သလို နှစ်ခြင်းဟာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားတယ်ဆိုတဲ့ အထောက်အထား ဖြစ်တယ်။ နှစ်ခြင်းခံဖို့ တကယ် လိုအပ်သလား။ လိုအပ်ပါတယ်။ အကြောင်းရင်းကို ပေတရု ပြောပြတယ်။ ပထမ၊ နှစ်ခြင်းက ကျွန်တော်တို့ကို “ကယ်တင်” နိုင်တယ်။ ယေရှုကို ယုံကြည်ကြောင်း လုပ်ရပ်နဲ့ ပြမယ်၊ ကျွန်တော်တို့အတွက် ယေရှု အသေခံခဲ့ကြောင်း၊ ကောင်းကင်ကို ထမြောက်ပြီး “ဘုရားသခင်ရဲ့ ညာဘက်မှာ” ထိုင်နေကြောင်း ယုံကြည်မယ်ဆိုရင် နှစ်ခြင်းက ကျွန်တော်တို့ကို ကယ်တင်နိုင်တယ်။

၇ ဒုတိယ၊ နှစ်ခြင်းက “ကြည်လင်တဲ့ အမှားအမှန်သိစိတ်” ရစေတယ်။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတဲ့အခါ ဘုရားနဲ့ အထူးဆက်ဆံရေး ရှိလာတယ်။ စိတ်ရင်းမှန်နဲ့ နောင်တရပြီး ရွေးဖိုးကို ယုံကြည်လက်ခံတဲ့အခါ အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ ဘုရားရှေ့မှာ ကြည်လင်တဲ့ သိစိတ် ရှိလာတယ်။

၈။ နှစ်ခြင်းခံဖို့ ဆုံးဖြတ်ရတဲ့ အဓိကအကြောင်းရင်းက ဘာဖြစ်သင့်သလဲ။

၈ နှစ်ခြင်းခံဖို့ ဘာကို အခြေခံပြီး ဆုံးဖြတ်သင့်သလဲ။ ကျမ်းစာကို အသေအချာ လေ့လာခဲ့လို့ ယေဟောဝါအကြောင်း၊ အရည်အသွေးတွေနဲ့ နည်းလမ်းတော်တွေအကြောင်း သိလာတယ်။ သိလာတဲ့အရာတွေကြောင့် စိတ်ထိမိပြီး ယေဟောဝါကို အလွန်ချစ်လာတယ်။ အဲဒီမေတ္တာက နှစ်ခြင်းခံဖို့ ဆုံးဖြတ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်သင့်တယ်။

၉။ မဿဲ ၂၈:၁၉၊ ၂၀ မှာ ဖော်ပြထားတဲ့ အဖဘုရား၊ သားတော်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့ နှစ်ခြင်းခံတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

၉ နှစ်ခြင်းခံဖို့ ဆုံးဖြတ်ရတဲ့ နောက်အကြောင်းရင်းက သိလာတဲ့ ကျမ်းစာ အမှန်တရားတွေကို ယုံကြည်လို့ ဖြစ်တယ်။ တပည့်ဖြစ်စေပါလို့ မိန့်မှာချိန်မှာ ယေရှု ဘာပြောခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ (မဿဲ ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။) “အဖဘုရားရဲ့ နာမည်၊ သားတော်ရဲ့ နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့” နှစ်ခြင်းခံရမယ်လို့ ပြောတယ်။ ဘာကို ဆိုလိုသလဲ။ ယေဟောဝါ၊ သားတော် ယေရှု၊ သန့်ရှင်းသော စွမ်းအားတော်နဲ့ပတ်သက်တဲ့ ကျမ်းစာအမှန်တရားတွေကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လက်ခံရမယ်။ အဲဒီအမှန်တရားတွေဟာ အလွန် အစွမ်းထက်ပြီး စိတ်ထိမိစေနိုင်တယ်။ (ဟီ. ၄:၁၂) တချို့ကို သုံးသပ်ကြည့်ကြစို့။

၁၀-၁၁။ အဖဘုရားနဲ့ပတ်သက်တဲ့ ဘယ်အမှန်တရားတွေကို သင် ယုံကြည်လက်ခံထားသလဲ။

၁၀ အဖဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း ပြန်စဉ်းစားကြည့်ပါ။ “ယေဟောဝါ” လို့ နာမည်ရှိတယ်။ “အမြင့်မြတ်ဆုံးအရှင်” ဖြစ်တယ်။ တစ်ပါးတည်းသော “စစ်မှန်တဲ့ ဘုရားသခင်” ဖြစ်တယ်။ (ဆာ. ၈၃:၁၈။ ဟေရှာ. ၃၇:၁၆) ဖန်ဆင်းရှင်၊ “ကယ်တင်ရှင်” ဖြစ်တယ်။ (ဆာ. ၃:၈။ ၃၆:၉) ကျွန်တော်တို့ကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်ဖို့ အစီအစဉ် လုပ်ပေးပြီး ထာဝရအသက် အလားအလာ ပေးထားတယ်။ (ယော. ၁၇:၃) ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတာက သင်ဟာ ယေဟောဝါသက်သေဖြစ်ကြောင်း ဖော်ပြတယ်။ (ဟေရှာ. ၄၃:၁၀-၁၂) နှစ်ခြင်းခံခြင်းအားဖြင့် ဘုရားသခင့်နာမည်ကို ဂုဏ်ယူစွာ ခံယူထားတဲ့၊ တခြားသူတွေကို ဘုရားနာမည်အကြောင်း ဟောပြောနေတဲ့ ကမ္ဘာချီ မိသားစုဝင် ဖြစ်လာပါလိမ့်မယ်။—ဆာ. ၈၆:၁၂။

၁၁ အဖဘုရားနဲ့ပတ်သက်တဲ့ ကျမ်းစာ သွန်သင်ချက်တွေကို နားလည်ရတာ အခွင့်ထူးပါပဲ။ အဲဒီအဖိုးတန် အမှန်တရားတွေကို ယုံကြည်လက်ခံလာတဲ့အခါ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။

၁၂-၁၃။ သားတော်နဲ့ပတ်သက်တဲ့ ဘယ်အမှန်တရားတွေကို သင် ယုံကြည်လက်ခံထားသလဲ။

၁၂ သားတော်နဲ့ပတ်သက်တဲ့ အမှန်တရားကို သိလာတဲ့အခါ ဘယ်လို လှုံ့ဆော်ခံရသလဲ။ ယေရှုဟာ စကြဝဠာမှာ ဒုတိယ အရေးပါဆုံးဖြစ်တယ်။ မိမိအသက်ကို ရွေးဖိုးအဖြစ် လိုလိုလားလား ပေးခဲ့တယ်။ ရွေးဖိုးကို ယုံကြည်ကြောင်း လုပ်ရပ်နဲ့ တင်ပြမယ်ဆိုရင် အပြစ်တွေ ခွင့်လွှတ်ခံရနိုင်တယ်။ ဘုရားနဲ့ ရင်းနှီးလာပြီး ထာဝရအသက် ရနိုင်တယ်။ (ယော. ၃:၁၆) ပုရောဟိတ်မင်း ယေရှုဟာ ရွေးဖိုးကနေ ကျွန်တော်တို့ အကျိုးရအောင်၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရအောင် ကူညီပေးချင်တယ်။ (ဟီ. ၄:၁၅။ ၇:၂၄၊ ၂၅) နိုင်ငံတော်ဘုရင် ယေရှုကတစ်ဆင့် မိမိနာမည်ကို ယေဟောဝါ သန့်ရှင်းမြင့်မြတ်စေမယ်၊ ဆိုးသွမ်းမှုတွေကို အဆုံးတိုင်စေပြီး ပရဒိသုမှာ ထာဝရကောင်းချီးတွေ ဆောင်ကြဉ်းပေးပါမယ်။ (မ. ၆:၉၊ ၁၀။ ဗျာ. ၁၁:၁၅) ယေရှုဟာ ဘုရားအလိုတော် ထမ်းဆောင်ရာမှာ အသက်တာကို ဆည်းကပ်မြှုပ်နှံထားခြင်းအားဖြင့် ကျွန်တော်တို့အတွက် စံနမူနာ ချမှတ်ခဲ့တယ်။—ယော. ၄:၃၄။ ၁ ပေ. ၂:၂၁။

၁၃ ဘုရားရဲ့ ချစ်သား ယေရှုနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်တွေကို သိလာတဲ့အခါ ယေရှုကို ချစ်လာတယ်။ အဲဒီမေတ္တာက ယေရှုလိုပဲ ဘုရားအလိုတော် ထမ်းဆောင်ရာမှာ အသက်တာကို အသုံးပြုဖို့ လှုံ့ဆော်ပေးတယ်။ ရလဒ်အနေနဲ့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ သင် လှုံ့ဆော်ခံရတယ်။

၁၄-၁၅။ သန့်ရှင်းသော စွမ်းအားတော်နဲ့ပတ်သက်တဲ့ ဘယ်အမှန်တရားတွေကို သင် ယုံကြည်လက်ခံထားသလဲ။

၁၄ သန့်ရှင်းသော စွမ်းအားတော်နဲ့ပတ်သက်တဲ့ အမှန်တရားကို သိလာတဲ့အခါ သင် ဘယ်လို ခံစားရသလဲ။ စွမ်းအားတော်ဟာ ပုဂ္ဂိုလ်တစ်ပါး မဟုတ်ဘူး။ ဘုရားသခင့် တန်ခိုးစွမ်းအား ဖြစ်တယ်။ ယေဟောဝါက သန့်ရှင်းသော စွမ်းအားတော်ကို သုံးပြီး ကျမ်းစာ ရေးဖို့ လမ်းညွှန်ပေးတယ်။ ကျမ်းစာမှာ ဖတ်ရတာတွေကို ကျွန်တော်တို့ နားလည်ပြီး ကျင့်သုံးနိုင်ဖို့ စွမ်းအားတော်က ကူညီပေးတယ်။ (ယော. ၁၄:၂၆။ ၂ ပေ. ၁:၂၁) စွမ်းအားတော်ကတစ်ဆင့် “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ကို ဘုရား ပေးတယ်။ (၂ ကော. ၄:၇) သတင်းကောင်း ဟောဖို့၊ သွေးဆောင်မှုကို တွန်းလှန်ဖို့၊ စိတ်ဓာတ်ကျတာကို ရင်ဆိုင်ဖြေရှင်းဖို့၊ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ စွမ်းအားတော်က ခွန်အားပေးတယ်။ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” တင်ပြနိုင်အောင်လည်း ကူညီပေးတယ်။ (ဂလ. ၅:၂၂) ဘုရားသခင်က မိမိကို ယုံကြည်ကိုးစားပြီး စိတ်ရင်းမှန်နဲ့ တောင်းခံသူတွေကို စွမ်းအားတော် ပေးတယ်။—လု. ၁၁:၁၃။

၁၅ ယေဟောဝါကို ဝတ်ပြုသူတွေဟာ သန့်ရှင်းသော စွမ်းအားတော်ကို အားထားနိုင်ကြောင်း သိရလို့ စိတ်သက်သာစရာပါပဲ။ သန့်ရှင်းသော စွမ်းအားတော်နဲ့ပတ်သက်တဲ့ အမှန်တရားတွေကို သိလာတဲ့အခါ ဘုရားဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။

၁၆။ အခု ဆွေးနွေးခဲ့တာတွေအရ ဘာသိခဲ့ပြီလဲ။

၁၆ ဘုရားဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတာဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ စိန်ခေါ်ချက်တွေ၊ စွန့်လွှတ်အနစ်နာခံစရာတွေစတဲ့ ကုန်ကျစရိတ်တွေအတွက် အသင့်ဖြစ်နေရမယ်။ ဒါပေမဲ့ ရမယ့် ကောင်းချီးတွေက များစွာ သာလွန်ပါတယ်။ နှစ်ခြင်းခံတာက ကျွန်တော်တို့ကို ကယ်တင်နိုင်တယ်။ ဘုရားရှေ့ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရရှိစေနိုင်တယ်။ နှစ်ခြင်းခံဖို့ ဆုံးဖြတ်ရတဲ့ အဓိကအကြောင်းရင်းက ယေဟောဝါကို ချစ်လို့ ဖြစ်သင့်တယ်။ အဖဘုရား၊ သားတော်၊ သန့်ရှင်းသော စွမ်းအားတော်နဲ့ပတ်သက်တဲ့ အမှန်တရားတွေကိုလည်း စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လက်ခံရမယ်။ အခု ဆွေးနွေးခဲ့တာတွေအရ “နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား” ဆိုတဲ့ မေးခွန်းကို သင် ဘယ်လို ဖြေမလဲ။

နှစ်ခြင်း မခံခင် ဘာလုပ်ဖို့ လိုသလဲ

၁၇။ နှစ်ခြင်း မခံခင် ဘာတွေ လုပ်ရမလဲ။

၁၇ နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလို့ သင် ထင်ရင် ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ အချက်အတော်များများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်မယ်။c ပုံမှန် ကျမ်းစာသင်ခဲ့တဲ့အတွက် ယေဟောဝါနဲ့ ယေရှုအကြောင်း အများကြီး သိလာတယ်။ ယုံကြည်ခြင်း ရှိလာတယ်။ (ဟီ. ၁၁:၆) ကျမ်းစာပါ ယေဟောဝါရဲ့ ကတိတွေကို အပြည့်အဝ ယုံကြည်စိတ်ချလာတယ်။ ယေရှုရဲ့ ပူဇော်သက္ကာက သင့်ကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်နိုင်ကြောင်း ယုံကြည်စိတ်ချလာတယ်။ လုပ်မိခဲ့တဲ့ အပြစ်တွေအတွက် နောင်တရပြီး ယေဟောဝါရဲ့ ခွင့်လွှတ်မှုရဖို့ တောင်းခံတယ်။ လမ်းစဉ်ဟောင်းကို စွန့်လွှတ်ပြီး ဘဝကို ပြုပြင်ပြောင်းလဲတယ်။ ဘုရားနှစ်သက်တဲ့ နည်းအတိုင်း အသက်ရှင်လာတယ်။ (တ. ၃:၁၉) ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြတယ်။ ဒီလိုနဲ့ နှစ်ခြင်း မခံရသေးတဲ့ ကြေညာသူအဖြစ် အရည်အချင်း ပြည့်မီပြီး အသင်းတော်နဲ့အတူ ဟောပြောခြင်းမှာ ပါဝင်လာတယ်။ (မ. ၂၄:၁၄) သင့်အတွက် ယေဟောဝါ သိပ်ဂုဏ်ယူမှာပဲ။ သင်ဟာ ယေဟောဝါကို စိတ်ရွှင်လန်းစေတယ်။—ပညာ. ၂၇:၁၁။

နှစ်ခြင်း မခံခင်

  • ယေဟောဝါနဲ့ ယေရှုအကြောင်း ကောင်းကောင်း သိအောင် လုပ်ပါ

  • ယုံကြည်ခြင်း ရှိလာအောင် လုပ်ပါ

  • အပြစ်တွေအတွက် နောင်တယူပြီး ပြုပြင်ပြောင်းလဲပါ

  • ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်အပ်နှံပါ

ပုံ– နှစ်ခြင်းခံဖို့ အမျိုးသမီးတစ်ယောက် လုပ်ဆောင်နေတဲ့ အဆင့်များ။ ၁။ ကျမ်းစာ လေ့လာနေ။ ၂။ ဖိုသီဖတ်သီ အဝတ်အစားနဲ့ အစည်းအဝေး လာတက်။ ၃။ စီးကရက်၊ ဘာသာရေး ရုပ်တု၊ နတ်ဆိုးနဲ့ ဆက်နွှယ်တဲ့ ပုံတွေကို အမှိုက်ပုံးထဲ စွန့်ပစ်နေ။ ၄။ ယေဟောဝါဆီ ဆုတောင်းပြီး ဆက်ကပ်အပ်နှံနေ။ ၅။ အများရှေ့ သက်သေခံခြင်းမှာ ပါဝင်နေ။ ၆။ ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်နေ။ ၇။ နှစ်ခြင်းခံ။

နှစ်ခြင်း ခံပြီးနောက်

  • နေ့တိုင်း ကျမ်းစာ ဖတ်ပြီး တွေးတောဆင်ခြင်ပါ

  • အမြဲ ဆုတောင်းပါ

  • ဘဝမှာ နိုင်ငံတော်ကို ဦးစားထားနေပါ

၁၈။ နှစ်ခြင်း မခံခင် ဘာလုပ်ဖို့ လိုသေးသလဲ။

၁၈ နှစ်ခြင်း မခံခင် လုပ်ရမယ့် အချက်တချို့ ရှိသေးတယ်။ အထက်မှာ သိခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်အပ်နှံရမယ်။ သတ်သတ်မှတ်မှတ် ဆုတောင်းပြီး အသက်တာကို ဘုရားအလိုတော် ထမ်းဆောင်ရာမှာ အသုံးပြုပါ့မယ်လို့ ကတိပေးရမယ်။ (၁ ပေ. ၄:၂) ပြီးနောက် နှစ်ခြင်းခံချင်ကြောင်း အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးကို အသိပေးရမယ်။ သူက အကြီးအကဲတချို့နဲ့ တွေ့ဆုံဖို့ စီစဉ်ပေးပါလိမ့်မယ်။ သူတို့က သင့်ကို ကောင်းကောင်း သိတဲ့သူ၊ ချစ်တဲ့သူတွေ ဖြစ်လို့ သူတို့နဲ့ တွေ့ရမှာ မစိုးရိမ်ပါနဲ့။ သင် သိထားပြီးသား အခြေခံ ကျမ်းစာ သွန်သင်ချက်တွေကို ပြန်သုံးသပ်ကြမှာ ဖြစ်တယ်။ အဲဒီသွန်သင်ချက်တွေကို သင် နားလည်ကြောင်း၊ ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့ အရေးကြီးမှုကို သဘောပေါက်ကြောင်း သေချာချင်လို့ ဖြစ်တယ်။ နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီဆိုတာ သူတို့ သဘောတူရင် လာမယ့် အစည်းအဝေးပွဲမှာ နှစ်ခြင်းခံနိုင်ပြီလို့ အသိပေးပါလိမ့်မယ်။

နှစ်ခြင်းခံပြီးနောက် ဘာလုပ်ရမလဲ

၁၉-၂၀။ နှစ်ခြင်းခံပြီးနောက် ဘာလုပ်ရမလဲ။ ဘယ်လိုနည်းနဲ့လဲ။

၁၉ နှစ်ခြင်းခံပြီးနောက် ဘာလုပ်ရမလဲ။d ဆက်ကပ်အပ်နှံတယ်ဆိုတာ သစ္စာကတိပြုတာဖြစ်ပြီး ကတိတည်ဖို့ ယေဟောဝါ မျှော်လင့်တယ်။ ဒါကြောင့် နှစ်ခြင်းခံပြီးနောက် ဆက်ကပ်အပ်နှံမှုနဲ့အညီ နေထိုင်ရမယ်။ ဘယ်လိုနည်းနဲ့လဲ။

၂၀ အသင်းတော်နဲ့ နီးနီးကပ်ကပ် နေပါ။ သင်ဟာ နှစ်ခြင်းခံပြီးပြီမို့ “ညီအစ်ကိုအသင်းအပင်း” အဝင် ဖြစ်လာပြီ။ (၁ ပေ. ၂:၁၇) အသင်းတော်က ညီအစ်ကို/မတွေဟာ သင့်ရဲ့ မိသားစုဝင်တွေပါပဲ။ အစည်းအဝေး ပုံမှန် တက်ခြင်းအားဖြင့် သူတို့နဲ့ ပိုခင်မင်ရင်းနှီးအောင် လုပ်ပါ။ နေ့တိုင်း ကျမ်းစာ ဖတ်ပါ။ (ဆာ. ၁:၁၊ ၂) ကျမ်းစာ ဖတ်ပြီးနောက် အချိန်ယူပြီး အလေးအနက် တွေးတောဆင်ခြင်ပါ။ ဒါမှ ကျမ်းစကားတွေ စိတ်နှလုံးထဲ စိမ့်ဝင်နိုင်မယ်။ “အမြဲ ဆုတောင်း” ပါ။ (မ. ၂၆:၄၁) စိတ်ရင်းမှန်နဲ့ တောင်းတဲ့ ဆုတောင်းချက်တွေဟာ ယေဟောဝါနဲ့ ပိုရင်းနှီးစေတယ်။ ‘ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမြဲ ဦးစားထား’ ပါ။ (မ. ၆:၃၃) ဘဝမှာ ဟောပြောခြင်းလုပ်ငန်းကို အဓိကထားခြင်းအားဖြင့် နိုင်ငံတော်ကို ဦးစားထားမယ်ဆိုရင် ယုံကြည်ခြင်း ခိုင်မာလာပြီး တခြားသူတွေကို ထာဝရအသက်လမ်းပေါ် ရောက်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။—၁ တိ. ၄:၁၆။

၂၁။ နှစ်ခြင်းခံခြင်းကြောင့် ဘာအကျိုးရမလဲ။

၂၁ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတာဟာ အရေးကြီးဆုံး ဆုံးဖြတ်ချက်ပါ။ ကုန်ကျစရိတ် ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တန်ပါတယ်။ ဒီစနစ်မှာ ကြုံရမယ့် ဘယ်အခက်အခဲမဆိုဟာ ‘ခဏတာဖြစ်ပြီး ပေါ့ပါး’ တယ်။ (၂ ကော. ၄:၁၇) နှစ်ခြင်းခံတာကတော့ လောလောဆယ်မှာ ကျေနပ်စရာ ဘဝကို ပိုင်ဆိုင်စေပြီး အနာဂတ်မှာ “စစ်မှန်တဲ့ အသက်” ရရှိစေမယ်။ (၁ တိ. ၆:၁၉) ဒါကြောင့် “နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား” ဆိုတဲ့ မေးခွန်းကို အသေအချာ ဆုတောင်းသုံးသပ်ပါ။

သင် ဘယ်လို ဖြေမလဲ

  • ဆက်ကပ်အပ်နှံခြင်း၊ နှစ်ခြင်းနဲ့ပတ်သက်ပြီး ဘာသိထားရမလဲ။

  • နှစ်ခြင်း မခံခင် ဘာလုပ်ရမလဲ။

  • နှစ်ခြင်း ခံပြီးနောက် ဘာလုပ်ရမလဲ။

သီချင်း ၅၀ ဆက်ကပ်အပ်နှံခြင်း ဆုတောင်းချက်

a နှစ်ခြင်းခံဖို့ သင် စဉ်းစားနေသလား။ ဒါဆိုရင် ဒီဆောင်းပါးက သင့်အတွက် ဖြစ်ပါလိမ့်မယ်။ နှစ်ခြင်းခံဖို့ အသင့်ဖြစ်မဖြစ် ဆုံးဖြတ်နိုင်အောင် ကူညီပေးမယ့် အဓိကမေးခွန်းတချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

b “နှစ်ခြင်းခံတဲ့နေ့မှာ ဖြေရမယ့် မေးခွန်း နှစ်ခု” လေးထောင့်ကွက်ကို ကြည့်ပါ။

c သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ် အခန်း ၁၈ ကိုကြည့်ပါ။

d သမ္မာကျမ်းစာ သွန်သင်ရာများ၊ ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ စာအုပ် လေ့လာလို့ မပြီးသေးရင် နှစ်အုပ်စလုံး ပြီးတဲ့အထိ သင်ပေးသူတစ်ယောက်နဲ့ ဆက်လေ့လာပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ