ဘုရားသခင် ကတိထားတော်မူသော ကမ္ဘာသစ်
ရေးသားထားသော ဘုရားသခင်၏ နှုတ်မြွက်တော် သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့အား မျှော်လင့်ချက်ပေးသော ဤစကားများပါရှိသည်– “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။”—၂ ပေတရု ၃:၁၃။
“ကောင်းကင်သစ်” ဟူသည် အဘယ်နည်း။ သမ္မာကျမ်းစာက ကောင်းကင်ကို အုပ်ချုပ်မှုနှင့် ဆက်စပ်ထားသည်။ (တမန်တော် ၇:၄၈-၅၀) “ကောင်းကင်သစ်” မှာ မြေကြီးကိုအုပ်ချုပ်မည့် အစိုးရအသစ်တစ်ခုဖြစ်ပြီး လက်ရှိအုပ်ချုပ်မှုစနစ်ကို အစားထိုးနေရာယူမည်ဖြစ်သောကြောင့် အသစ်ဖြစ်သည်; ဘုရားသခင့်ရည်ရွယ်ချက် အကောင်အထည်ဖော်ရာတွင် ခြေလှမ်းသစ်လည်းဖြစ်သည်။ ကျွန်ုပ်တို့ဆုတောင်းရန် ယေရှုသင်ပေးခဲ့သော နိုင်ငံတော်လည်းဖြစ်သည်။ (မဿဲ ၆:၁၀) ဘုရားသခင်သည် ယင်း၏အရင်းအမြစ်ဖြစ်ကာ ကိုယ်တော်သည် ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော်မူသောကြောင့် ယင်းကို “ကောင်းကင်နိုင်ငံတော်” ဟုခေါ်သည်။—မဿဲ ၇:၂၁။
“မြေကြီးသစ်” ဟူသည်အဘယ်နည်း။ ကမ္ဘာဂြိုဟ်အသစ်တစ်လုံးမဟုတ်ပါ၊ အကြောင်းမှာ ဤကမ္ဘာသည် ထာဝစဉ်မှီတင်းနေထိုင်ရာဖြစ်မည်ဟု သမ္မာကျမ်းစာတွင် ရှင်းလင်းစွာဖော်ပြထားသောကြောင့်တည်း။ “မြေကြီးသစ်” သည် လူ့ဘောင်သစ်တစ်ခုဖြစ်သည်။ လူဆိုးများ ပယ်ရှင်းခြင်းခံရပြီးဖြစ်မည်ဖြစ်သောကြောင့် လူ့ဘောင်အသစ်ဖြစ်မည်။ (သု. ၂:၂၁၊ ၂၂) ထိုအချိန်တွင် အသက်ရှင်သူအားလုံးသည် ဖန်ဆင်းရှင်ကို ဂုဏ်တင်ကာ နာခံကြမည်ဖြစ်ပြီး ကိုယ်တော်၏ တောင်းဆိုချက်များနှင့်အညီ အသက်ရှင်နေထိုင်ကြမည်။ (ဆာလံ ၂၂:၂၇) လူမျိုးအပေါင်းမှလူများသည် ထိုတောင်းဆိုချက်များကို သင်ယူရန်နှင့် ယင်းတောင်းဆိုချက်များနှင့်အညီ နေထိုင်ရန် ယခုအချိန်တွင် ဖိတ်ခေါ်ခြင်းခံနေကြသည်။ အသင် ထိုသို့လုပ်ဆောင်နေသလော။
ဘုရားသခင့်ကမ္ဘာသစ်တွင် လူတိုင်းသည် ကိုယ်တော်၏အုပ်ချုပ်မှုကို လေးစားကြမည်။ ဘုရားသခင်အားချစ်သည့်မေတ္တာက ကိုယ်တော့်ကို နာခံရန် သင့်အား လှုံ့ဆော်ပါသလော။ (၁ ယောဟန် ၅:၃) သင့်အိမ်တွင်၊ အလုပ်တွင် သို့မဟုတ် ကျောင်းတွင်၊ သင့်အသက်တာကို အသုံးပြုပုံတွင် ဘုရားသခင့်ပညတ်တော်များကို နာခံကြောင်း ထင်ရှားပါသလော။
ထိုကမ္ဘာသစ်တွင် လူ့ဘောင်သည် စစ်မှန်သောဘုရားသခင့် ဝတ်ပြုရေး၌ စည်းလုံးကြမည်။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူရှင်အား သင်ဝတ်ပြုကိုးကွယ်ပါသလော။ သင့်ဝတ်ပြုရေးသည် လူအမျိုးမျိုး၊ အနွယ်နွယ်၊ ဘာသာစကားအမျိုးမျိုးပြောသော ဝတ်ပြုကိုးကွယ်သူချင်းတို့နှင့် အမှန်ပင်စည်းလုံးစေပါသလော။—ဆာလံ ၈၆:၉၊ ၁၀; ဟေရှာယ ၂:၂-၄; ဇေဖနိ ၃:၉။
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]
ထိုအရာများကို ကတိပြုတော်မူသော ဘုရားသခင်
ဘုရားသခင်သည် ပကတိကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူရှင်ဖြစ်၏။ ကိုယ်တော်သည် ‘တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားသခင်’ ဟုယေရှုခရစ်ခွဲခြားဖော်ပြခဲ့သော အရှင်ဖြစ်တော်မူ၏။—ယောဟန် ၁၇:၃။
လူသားအများစုသည် မိမိတို့ကိုယ်တိုင်ပြုလုပ်ဖန်တီးသော ဘုရားသခင်များကို ဂုဏ်တင်ကြ၏။ သန်းပေါင်းများစွာတို့သည် သက်မဲ့ရုပ်ပုံများရှေ့ ဦးညွတ်ကြသည်။ အခြားသူများမှာမူ လူ့အသင်းအဖွဲ့များ၊ ရုပ်ဝါဒဆန်သောအတွေးအခေါ်များ၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ချီးမြှောက်ကြသည်။ သမ္မာကျမ်းစာကို စွဲကိုင်သည်ဟု အခိုင်အမာဆိုသူများပင်လျှင် ‘မှန်သောဘုရားသခင်’ ဟု သမ္မာကျမ်းစာတွင် ခွဲခြားဖော်ပြထားသောအရှင်၏ အမည်နာမကို ဂုဏ်မတင်ကြချေ။—တရားဟောရာ ၄:၃၅။
ဖန်ဆင်းရှင်က မိမိကိုယ်တော်တိုင်နှင့်ပတ်သက်၍ ဤသို့မိန့်တော်မူ၏– “ငါသည် ယေဟောဝါဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။” (ဟေရှာယ ၄၂:၅၊ ၈၊ ကဘ) ထိုနာမကို မူရင်းဘာသာစကားဖြင့်ရေးသော သမ္မာကျမ်းစာတွင် အကြိမ်ပေါင်း ၇,၀၀၀ ခန့်တွေ့ရသည်။ ယေရှုခရစ်က မိမိ၏နောက်လိုက်များအား ဆုတောင်းရန် ဤသို့သင်ပေးခဲ့သည်– “ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။”—မဿဲ ၆:၉။
စစ်မှန်သောဘုရားသခင်သည် မည်သို့သောပုဂ္ဂိုလ်မျိုးနည်း။ ကိုယ်တော်သည် “ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော” အရှင်ဖြစ်တော်မူပြီး ကိုယ်တော်၏ ပညတ်များကို တမင်တကာချိုးဖောက်သူတို့အား အပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်မပြုသော အရှင်ဖြစ်တော်မူကြောင်း ကိုယ်တော်တိုင် ဖော်ပြတော်မူ၏။ (ထွက်မြောက်ရာ ၃၄:၆၊ ၇) လူသားများနှင့် ကိုယ်တော်ဆက်ဆံခဲ့သည့် သမိုင်းမှတ်တမ်းက ယင်းဖော်ပြချက်မှန်ကန်ကြောင်း အတည်ပြုသည်။
ထိုအမည်နာမနှင့် ထိုအမည်နာမကိုယ်စားပြုသောအရှင်ကို ရိုသေလေးမြတ်ရမည်၊ သို့မဟုတ် သန့်ရှင်းတော်မူသောအရှင်အဖြစ် ယူမှတ်ရမည်။ ဖန်ဆင်းရှင်၊ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အနေနှင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏ နာခံမှုနှင့် ကျွန်ုပ်တို့၏ ဝတ်ပြုကိုးကွယ်မှု အားလုံးကို ရထိုက်တော်မူ၏။ သင်သည် ထိုအရာများကို ကိုယ်တော်အား ပေးပါသလော။
[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
“ကောင်းကင်သစ်နှင့် မြေကြီးသစ်” သည် အဘယ်အပြောင်းအလဲများကို ဖြစ်စေမည်နည်း
ကမ္ဘာမြေကြီးသည် ပရဒိသုအဖြစ် ပြောင်းလဲသွား လုကာ ၂၃:၄၃
လူမျိုးပေါင်းစုံ၊ အနွယ်ပေါင်းစုံ၊ ဘာသာစကားပေါင်းစုံပြောသောသူတို့ဖြင့် ယောဟန် ၁၃:၃၅;
ဖွဲ့စည်းထားသည့် ကမ္ဘာချီအဖွဲ့အစည်းတစ်ခုသည် မေတ္တာဖြင့် စည်းလုံးကြ ဗျာ. ၇:၉၊ ၁၀
လူအားလုံးအတွက် ကမ္ဘာချီငြိမ်သက်မှု၊ ဆာလံ ၃၇:၁၀၊ ၁၁;
စစ်မှန်သော လုံခြုံမှုရှိ မိက္ခာ ၄:၃၊ ၄
ကျေနပ်ဖွယ်အလုပ်နှင့် အစားအသောက်အလျှံပယ်ရှိ ဟေရှာယ ၂၅:၆; ၆၅:၁၇၊ ၂၁-၂၃
ဖျားနာခြင်း၊ ဝမ်းနည်းခြင်း၊ သေခြင်းတို့ မရှိတော့ ဟေရှာယ ၂၅:၈; ဗျာ. ၂၁:၁၊ ၄
စစ်မှန်သောဘုရားသခင်၏ဝတ်ပြုရေးတွင် စည်းလုံးသည့်ကမ္ဘာ ဗျာ. ၁၅:၃၊ ၄
[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သင်အကျိုးခံစားရမည်လော
ဘုရားသခင်သည် မုသာနှင့် ကင်းစင်တော်မူ၏!—တိတု ၁:၁။
ယေဟောဝါ ဤသို့ကြေညာ၏– ‘ငါ၏နှုတ်မြွက်စကားသည် . . . အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။’—ဟေရှာယ ၅၅:၁၁။
ယေဟောဝါသည် “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ကိုဖန်ဆင်းနေပြီဖြစ်သည်။ ကောင်းကင်အစိုးရသည် စတင်လည်ပတ်အုပ်စိုးနေပြီဖြစ်သည်။ “မြေကြီးသစ်” ၏အုတ်မြစ်ကိုလည်း ချပြီးဖြစ်သည်။
ဗျာ.ကျမ်းတွင် လူသားများအတွက် “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ကဖြစ်စေမည့် အံ့ဖွယ်ရာတချို့အကြောင်း ပြောပြီးနောက် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ဘုရားသခင်ကိုယ်တော်တိုင်က “[“ကြည့်ရှုလော့!” ကဘ] ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” ဟူသည့်မိန့်ဆိုချက်ကို ဖော်ပြထား၏။ ထို့ပြင် ကိုယ်တော် ဤသို့လည်း မိန့်ဆိုတော်မူခဲ့၏– “ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။”—ဗျာ. ၂၁:၁၊ ၅။
အရေးကြီးသောမေးခွန်းမှာ ကျွန်ုပ်တို့သည် “ကောင်းကင်သစ်” လက်အောက်ရှိ ထို “မြေကြီးသစ်” တွင်ပါဝင်ထိုက်သူများအဖြစ် ယူမှတ်ခံရရန် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နေပါသလော ဟူ၍ဖြစ်သည်။