ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၇/၁၅ စာ. ၃-၈
  • ‘ယေဟောဝါဘုရားက မိမိရဲ့လူတွေကို သိကျွမ်းတယ်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ယေဟောဝါဘုရားက မိမိရဲ့လူတွေကို သိကျွမ်းတယ်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ငါသည် ယေဟောဝါဖြစ်၏။ ပြောင်းလဲခြင်းမရှိ’
  • ယုံကြည်ခြင်းတည်ဆောက်ပေးတဲ့ “တံဆိပ်”
  • စစ်မှန်တဲ့ဝတ်ပြုရေး အမြဲဆုချခံရ
  • သစ္စာရှိတာက ပျော်ရွှင်မှုခံစားရစေ
  • ယေဟောဝါရဲ့လူတွေ “မတရားသောအမှုကိုရှောင်ကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဘုရားသခင့်အခွင့်အာဏာကို တည်ကြည်စွာလက်အောက်ခံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • တိမောသေ—“ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ယေဟောဝါ သင့်ကိုသိကျွမ်းသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၇/၁၅ စာ. ၃-၈
ယဇ်ပုရောဟိတ်မင်းကြီး အာရုန်က နံ့သာပေါင်းပူဇော်တဲ့လင်ပန်းကို ကိုင်ထား။ သူ့အနားမှာ ကောရနဲ့ သူ့နောက်လိုက်တွေ နံ့သာပေါင်း ပူဇော်နေကြ

‘ယေဟောဝါဘုရားက မိမိရဲ့လူတွေကို သိကျွမ်းတယ်’

“မည်သူမဆို ဘုရားသခင်ကိုချစ်လျှင်မူကား ထိုသူကို ကိုယ်တော်သိတော်မူ၏။” —၁ ကော. ၈:၃။

သင် ဘယ်လိုဖြေမလဲ

  • ယေဟောဝါရဲ့ရည်ရွယ်ချက်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးဆိုတာ ဘယ်လိုသိရသလဲ။

  • ယေဟောဝါရဲ့စံနှုန်းတွေနဲ့ မူတွေဟာ ဘယ်အဓိကအချက်နှစ်ချက်အပေါ် အခြေခံသလဲ။

  • ၂ တိမောသေ ၂:၁၉ ကနေသိရှိရတဲ့ သင်ခန်းစာတွေက ယေဟောဝါအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ဘယ်လို ခိုင်ခံ့စေသလဲ။

၁။ ဘုရားသခင့်လူတချို့ သူတို့ကိုယ်သူတို့ ဘယ်လိုလှည့်စားခဲ့ကြတယ်ဆိုတာ ဥပမာပေးပါ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

အုပ်စုတစ်စုဟာ တဲတော်ရှေ့မှာရပ်နေကြပြီး ယေဟောဝါကို နံ့သာပေါင်းပူဇော်ဖို့ အသင့်ဖြစ်နေကြတယ်။ တစ်ဖက်မှာ အစ္စရေးနိုင်ငံရဲ့ယဇ်ပုရောဟိတ်မင်းကြီး အာရုန်ရပ်နေပြီး နောက်တစ်ဖက်မှာတော့ ကောရနဲ့ အမျိုးသား ၂၅၀ ရပ်နေတယ်။ (တော. ၁၆:၁၆-၁၈) သူတို့အားလုံးက ဘုရားသခင်ကို သစ္စာရှိတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ကောရနဲ့ သူ့ကိုထောက်ခံတဲ့သူတွေဟာ မာနကြီးတယ်၊ ပုန်ကန်တယ်၊ တစ်ကိုယ်ကောင်းဆန်ပြီး အာရုန်ဆီက ယဇ်ပုရောဟိတ်ရာထူးကို လုယူဖို့ ကြိုးစားနေကြတယ်။ (တော. ၁၆:၁-၁၁) သူတို့ရဲ့ဝတ်ပြုမှုကို ယေဟောဝါလက်ခံမယ်လို့ ယူဆပြီး သူတို့ကိုယ်သူတို့ လှည့်စားခဲ့ကြတယ်။ တကယ်တမ်းကျတော့ သူတို့ဟာ စိတ်နှလုံးတွေကိုသိမြင်နိုင်တဲ့ ယေဟောဝါကို စော်ကားနေကြတာပါ။ ကိုယ်တော်က သူတို့ရဲ့ဟန်ဆောင်မှုနဲ့ ထင်ပေါ်ကျော်ကြားလိုမှုကို သိမြင်နိုင်တယ်။—ယေ. ၁၇:၁၀။

၂။ မောရှေ ဘာပြောခဲ့သလဲ၊ သူ့ရဲ့စကားအတိုင်း ဘယ်လိုဖြစ်လာသလဲ။

၂ အဲဒီမတိုင်ခင်တစ်ရက်က ‘ယေဟောဝါဘုရားက သူ့လူ ဘယ်သူလဲဆိုတာ အသိပေးလိမ့်မယ်’ လို့ မောရှေ ပြောခဲ့တယ်။ (တော. ၁၆:၅၊ ကဘ) ယေဟောဝါဟာ ဘယ်သူက စစ်မှန်တဲ့ဝတ်ပြုသူ၊ ဘယ်သူက ဟန်ဆောင်သူဖြစ်တယ်ဆိုတာကို သိရှိကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။ ကိုယ်တော်က ကောင်းကင်ကနေ မီးကျစေပြီး ကောရနဲ့ အမျိုးသား ၂၅၀ ကို ဖျက်ဆီးခဲ့တယ်။ (တော. ၁၆:၃၅; ၂၆:၁၀) အာရုန်တစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်။ အာရုန်ဟာ ယဇ်ပုရောဟိတ်အစစ်ဖြစ်တယ်၊ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ဝတ်ပြုသူဖြစ်တယ်ဆိုတာကို ယေဟောဝါ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။—၁ ကောရိန္သု ၈:၃ ကိုဖတ်ပါ။

၃။ (က) ပေါလုအချိန်က ခရစ်ယာန်အသင်းတော်မှာ ဘာဖြစ်ခဲ့သလဲ။ (ခ) မောရှေအချိန်က ပုန်ကန်သူတွေကို ယေဟောဝါ အရေးယူလုပ်ဆောင်တာကနေ ဘာသင်ယူနိုင်သလဲ။

၃ အဲဒီလိုဖြစ်ပြီး နှစ်ပေါင်း ၁,၅၀၀ ကျော်ကြာပြီးနောက် ပေါလုအချိန်က ခရစ်ယာန်အသင်းတော်မှာ အဲဒီလိုအဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့တယ်။ ခရစ်ယာန်လို့ပြောသူတချို့က မှားယွင်းတဲ့သွန်သင်ချက်တွေကို စတင်လက်ခံလာကြတယ်လို့ ပေါလုပြောခဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ အသင်းတော်ထဲမှာပဲ ရှိနေကြတယ်။ အဲဒီအယူဖောက်ပြန်သူတွေဟာ ယေဟောဝါကို စိတ်ရင်းမှန်နဲ့ဝတ်ပြုသူတွေလို့ ထင်ရတယ်။ တကယ်တော့ သူတို့ဟာ အန္တရာယ်ရှိတဲ့ ဝံပုလွေတွေနဲ့တူတယ်၊ ‘လူတချို့ရဲ့ယုံကြည်ခြင်း’ ကိုတောင် ပျက်စီးအောင် လုပ်ခဲ့ကြတယ်။ (၂ တိ. ၂:၁၆-၁၈) အဲဒါကို ယေဟောဝါကြည့်နေသလား။ ကြည့်နေပါတယ်။ ပုန်ကန်တဲ့ကောရနဲ့ သူ့ဘက်တော်သားတွေကို ဘုရားသခင် ဘာလုပ်ခဲ့သလဲဆိုတာ ပေါလုသိတယ်။ ဒါကြောင့် ဒီအခြေအနေကိုလည်း ယေဟောဝါ ကောင်းကောင်းသိတယ်ဆိုတာ သူယုံကြည်တယ်။ ကျွန်ုပ်တို့လည်း ယေဟောဝါကို အဲဒီလို ယုံကြည်နိုင်ပါတယ်။ တိမောသေဆီရေးခဲ့တဲ့ ပေါလုရဲ့ စိတ်ဝင်စားစရာစကားတွေကနေ ဘာသင်ယူနိုင်သလဲဆိုတာ လေ့လာကြည့်ကြစို့။

‘ငါသည် ယေဟောဝါဖြစ်၏။ ပြောင်းလဲခြင်းမရှိ’

၄။ ပေါလု ဘာကို ယုံကြည်စိတ်ချခဲ့သလဲ။ တိမောသေကို ပေါလု ဘာပြောခဲ့သလဲ။

၄ အယောင်ဆောင်ဝတ်ပြုမှုကို ယေဟောဝါသိမယ်ဆိုတာ ပေါလု ယုံကြည်စိတ်ချတယ်။ ဘုရားသခင်ဟာ ဘယ်သူက မိမိကို စိတ်ရင်းမှန်နဲ့ဝတ်ပြုတယ်ဆိုတာကိုလည်း သိတယ်လို့ ပေါလုယုံကြည်တယ်။ ပေါလုရဲ့ယုံကြည်စိတ်ချမှုကို သန့်ရှင်းသောစွမ်းအားတော်ရဲ့ တိုက်တွန်းမှုကြောင့် တိမောသေဆီရေးခဲ့တဲ့စာမှာ တွေ့နိုင်ပါတယ်။ အယူဖောက်ပြန်မှုက တချို့သူတွေရဲ့ယုံကြည်ခြင်းကို ပျက်စီးစေတယ်လို့ပြောပြီးနောက်မှာ သူဒီလိုပြောခဲ့တယ်– “‘ယေဟောဝါဘုရားသည် မိမိ၏လူတို့ကို သိကျွမ်းတော်မူ၏’ ဟူ၍လည်းကောင်း၊ ‘ယေဟောဝါဘုရား၏နာမတော်ကို ခေါ်သောသူတိုင်း မတရားသောအမှုကို ရှောင်ကြစေ’ ဟူ၍လည်းကောင်း တံဆိပ်ခတ်ထားသော ဘုရားသခင်၏ ခိုင်ခံ့သောတိုက်မြစ်သည် တည်မြဲတည်လျက်ရှိ၏။”—၂ တိ. ၂:၁၉။

၅၊ ၆။ “ဘုရားသခင်၏ ခိုင်ခံ့သောတိုက်မြစ်” ဆိုတဲ့အသုံးအနှုန်းကို ပေါလု သုံးခဲ့တာက ဘာကြောင့် ထူးခြားသလဲ။ အဲဒါက တိမောသေအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့မလဲ။

၅ ကျမ်းစာမှာ “တိုက်မြစ်” ဆိုတဲ့စကားလုံးကို အကြောင်းအရာအမျိုးမျိုးအတွက် အသုံးပြုတယ်။ အဲဒီအကြောင်းအရာတွေထဲမှာ ရှေးခေတ်အစ္စရေးနိုင်ငံရဲ့မြို့တော် ဂျေရုဆလင်နဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်မယ့် ယေရှုရဲ့အခန်းကဏ္ဍလည်း ပါဝင်တယ်။ (ဆာ. ၈၇:၁၊ ၂; ၁ ကော. ၃:၁၁; ၁ ပေ. ၂:၆) ဒါပေမဲ့ “ဘုရားသခင်၏ ခိုင်ခံ့သောတိုက်မြစ်” ဆိုတဲ့စကားလုံးကို ကျမ်းစာမှာ တစ်ခါပဲသုံးထားတယ်။ ဒီအသုံးအနှုန်းကိုသုံးတဲ့အခါ ပေါလု ဘယ်အဖြစ်အပျက်ကို ရည်ညွှန်းခဲ့တာလဲ။

၆ ကောရနဲ့ သူ့ကိုထောက်ခံတဲ့သူတွေအကြောင်း မောရှေပြောခဲ့တဲ့စကားတွေကို ပေါလုကိုးကားချိန်မှာ “ဘုရားသခင်၏ ခိုင်ခံ့သောတိုက်မြစ်” ဆိုတဲ့အသုံးအနှုန်းကို ထည့်ပြောခဲ့တယ်။ (တောလည်ရာ ၁၆:၅ ကိုကြည့်ပါ။) ဒီနည်းနဲ့ ပေါလုဟာ အသင်းတော်မှာဖြစ်ပျက်နေတာတွေကို ယေဟောဝါသိတယ်ဆိုတာ တိမောသေကို ပြန်သတိရစေခဲ့တယ်။ အယူဖောက်ပြန်သူတွေ ဘာအန္တရာယ်မှမပြုနိုင်အောင် ဘုရားသခင် တားဆီးပါလိမ့်မယ်။ ယေဟောဝါရဲ့ရည်ရွယ်ချက်ဟာ ကောရကြောင့် မပြောင်းလဲခဲ့ဘူး၊ အသင်းတော်မှာရှိတဲ့ အယူဖောက်ပြန်သူတွေကြောင့်လည်း ဘုရားသခင့်ရည်ရွယ်ချက် ပြောင်းလဲသွားမှာမဟုတ်ဘူး။ “ဘုရားသခင်၏ ခိုင်ခံ့သောတိုက်မြစ်” ဆိုတဲ့အသုံးအနှုန်းရဲ့အဓိပ္ပာယ်ကို ပေါလု အပြည့်အစုံမရှင်းပြခဲ့ဘူး။ ဒါပေမဲ့ ပေါလုပြောခဲ့တာတွေက ယေဟောဝါကို ယုံကြည်စိတ်ချဖို့ တိမောသေအတွက် အကူအညီဖြစ်ခဲ့ပါတယ်။

ယေဟောဝါရဲ့မူတွေက ဘယ်တော့မှ မပြောင်းလဲဘူး

၇။ ယေဟောဝါဟာ အမြဲပဲ ဖြောင့်မတ်ပြီး သစ္စာရှိမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၇ ယေဟောဝါရဲ့မူတွေက ဘယ်တော့မှ မပြောင်းလဲဘူး။ ဆာလံ ၃၃:၁၁ (ကဘ) မှာ ‘ယေဟောဝါရဲ့ဆုံးဖြတ်ချက်တွေကတော့ ထာဝစဉ်တည်လိမ့်မယ်။ ကိုယ်တော့်စိတ်နှလုံးထဲက အတွေးအခေါ်တွေက လူမျိုးအဆက်ဆက်တိုင်အောင် တည်လိမ့်မယ်’ လို့ဖော်ပြထားတယ်။ ယေဟောဝါဟာ ဘုရင်ဖြစ်တယ်၊ ကိုယ်တော်က ခိုင်မြဲတဲ့မေတ္တာနဲ့ချစ်တယ်၊ ဖြောင့်မတ်ပြီး သစ္စာရှိတယ်။ ဒီအချက်အလက်တွေကလည်း ဘယ်တော့မှမပြောင်းလဲဘူးလို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ထွ. ၁၅:၁၈; ဆာ. ၁၀၆:၁; ၁၁၂:၉; ၁၁၇:၂) မာလခိ ၃:၆ မှာ ‘ငါသည် ယေဟောဝါဖြစ်၏။ ပြောင်းလဲခြင်းမရှိ’ လို့ဖော်ပြထားတယ်။ အလားတူပဲ ယာကုပ် ၁:၁၇ မှာ ယေဟောဝါဟာ ‘ရွှေ့ပြောင်းတတ်သောအရိပ်ကဲ့သို့ ပြောင်းလဲခြင်းမရှိ’ လို့ဖော်ပြထားတယ်။

ယုံကြည်ခြင်းတည်ဆောက်ပေးတဲ့ “တံဆိပ်”

၈၊ ၉။ “ဘုရားသခင်၏ ခိုင်ခံ့သောတိုက်မြစ်” မှာ ရေးထွင်းထားတာတွေကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်ပါသလဲ။

၈ ရှေးခေတ်တုန်းကဆိုရင် အကြောင်းအရာတစ်ခုကို အဆောက်အဦရဲ့အုတ်မြစ်မှာ ရေးထွင်းတဲ့ထုံးစံရှိတယ်။ အဲဒါက အဆောက်အဦကို ဆောက်လုပ်တဲ့သူ ဒါမှမဟုတ် အဆောက်အဦရဲ့ပိုင်ရှင်ကို သိရှိစေတယ်။ ဒီထုံးစံကို ပထမဆုံးအသုံးပြုခဲ့တဲ့ ကျမ်းရေးသူကတော့ ပေါလုပါပဲ။a ၂ တိမောသေ ၂:၁၉ မှာပါတဲ့ ပေါလုပြောခဲ့တဲ့ “ဘုရားသခင်၏ ခိုင်ခံ့သောတိုက်မြစ်” မှာ အကြောင်းအရာနှစ်ခု ရေးထွင်းထားတယ်။ အဲဒါတွေက (၁) “ယေဟောဝါဘုရားသည် မိမိ၏လူတို့ကို သိကျွမ်းတော်မူ၏၊” (၂) “ယေဟောဝါဘုရား၏နာမတော်ကို ခေါ်သောသူတိုင်း မတရားသောအမှုကို ရှောင်ကြစေ” တို့ဖြစ်တယ်။ ဒါက တောလည်ရာ ၁၆:၅ (ဖတ်ပါ။) မှာပါတဲ့အချက်ကို သတိရစေတယ်။

၉ ယေဟောဝါရဲ့လူတွေဟာ “ဘုရားသခင်၏ ခိုင်ခံ့သောတိုက်မြစ်” မှာ ရေးထွင်းထားတာတွေကနေ ဘာသင်ယူနိုင်သလဲ။ ယေဟောဝါရဲ့စံနှုန်းနဲ့ မူတွေက အဓိကအမှန်တရားနှစ်ခုပေါ် အခြေခံတယ်။ အဲဒါတွေက (၁) ယေဟောဝါဟာ မိမိအပေါ်သစ္စာရှိသူတွေကိုချစ်တယ်၊ (၂) ယေဟောဝါဟာ မှားယွင်းတဲ့လုပ်ရပ်တွေကို မုန်းတယ်။ ဒီသင်ခန်းစာက အသင်းတော်မှာရှိတဲ့ အယူဖောက်ပြန်မှုနဲ့ ဘယ်လိုသက်ဆိုင်သလဲ။

၁၀။ ပေါလုအချိန်တုန်းက အယူဖောက်ပြန်သူတွေရဲ့ လုပ်ရပ်က သစ္စာရှိသူတွေအပေါ် ဘယ်လိုထိခိုက်ခဲ့သလဲ။

၁၀ တိမောသေနဲ့ တခြားသစ္စာရှိသူတွေဟာ အယူဖောက်ပြန်သူတွေရဲ့ လုပ်ရပ်ကြောင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြတယ်။ အဲဒီအယူဖောက်ပြန်သူတွေကို ဘာဖြစ်လို့ အသင်းတော်မှာ ရှိခွင့်ပြုထားတာလဲလို့ တချို့ခရစ်ယာန်တွေ မေးခဲ့ကြမှာပဲ။ သစ္စာရှိသူတွေက သူတို့ရဲ့ ခိုင်မြဲတဲ့သစ္စာတည်ကြည်မှုနဲ့ အယူဖောက်ပြန်သူတွေရဲ့ ဟန်ဆောင်ဝတ်ပြုမှုကို ယေဟောဝါ ခွဲခွဲခြားခြား သိမြင်နိုင်ပါ့မလားလို့တောင် စဉ်းစားမိနိုင်တယ်။—တ. ၂၀:၂၉၊ ၃၀။

တိမောသနဲ့ တခြားသစ္စာရှိခရစ်ယာန်တွေဟာ အယူဖောက်ပြန်သူတွေရဲ့ လုပ်ရပ်ကြောင့် မယိမ်းယိုင်ခဲ့

အယူဖောက်ပြန်သူတွေရဲ့ လုပ်ရပ်ကြောင့် တိမောသေ မယိမ်းယိုင်ခဲ့ (အပိုဒ် ၁၀-၁၂ ကိုကြည့်ပါ)

၁၁၊ ၁၂။ ပေါလုရဲ့စာက တိမောသေရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့မယ်ဆိုတာ ဘာကြောင့် သေချာပြောနိုင်သလဲ။

၁၁ ပေါလုရဲ့စာက တိမောသေရဲ့ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေခဲ့မှာသေချာတယ်။ ယေဟောဝါဟာ ကောရနဲ့ သူ့ကိုထောက်ခံသူတွေရဲ့ အယောင်ဆောင်မှုကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ခဲ့တဲ့အကြောင်း ပေါလုက တိမောသေကို ပြန်ပြောပြခဲ့တယ်။ သူတို့ကို ယေဟောဝါ ငြင်းပယ်ပြီး ဖျက်ဆီးခဲ့တယ်၊ အာရုန်ကိုတော့ မျက်နှာသာပြခဲ့တယ်။ အလားတူပဲ ပေါလုအချိန်မှာလည်း ခရစ်ယာန်အဖြစ် ဟန်ဆောင်သူတွေရှိပေမဲ့ ယေဟောဝါဟာ မိမိရဲ့လူတွေက ဘယ်သူတွေလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြပါလိမ့်မယ်။

၁၂ ယေဟောဝါက ဘယ်တော့မှ မပြောင်းလဲဘူး၊ ဒါကြောင့် ကိုယ်တော့်ကို အမြဲ ယုံကြည်စိတ်ချနိုင်ပါတယ်။ ကိုယ်တော်ဟာ မတရားမှုကို မုန်းတယ်၊ အမှားလုပ်ပြီး နောင်တမရသူတွေကို အပြစ်ပေးပါလိမ့်မယ်။ ခရစ်ယာန်အဖြစ် ဟန်ဆောင်သူတွေရဲ့ ဆိုးညစ်တဲ့သြဇာလွှမ်းမိုးမှုကို ငြင်းပယ်ရမယ်လို့ တိမောသေ သတိပေးခံခဲ့ရတယ်၊ ဘာကြောင့်လဲဆိုတော့ ‘ယေဟောဝါဘုရားရဲ့နာမတော်ကို ခေါ်တဲ့သူတိုင်း မတရားတဲ့အမှုကို ရှောင်’ ရမှာဖြစ်လို့ပဲ။b

စစ်မှန်တဲ့ဝတ်ပြုရေး အမြဲဆုချခံရ

၁၃။ ဘယ်အချက်ကို ကျွန်ုပ်တို့ စိတ်ချနိုင်ပါသလဲ။

၁၃ တိမောသေကိုပြောတဲ့ ပေါလုရဲ့စကားတွေက ကျွန်ုပ်တို့အတွက်လည်း အားပေးမှုဖြစ်စေနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါအပေါ် ကျွန်ုပ်တို့ သစ္စာရှိတယ်ဆိုတာ ကိုယ်တော် ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ကိုယ်တော့်အပေါ် သစ္စာရှိသူတွေကို ကိုယ်တော် သိရုံပဲသိတာမဟုတ်ဘူး။ သူတို့ကို ကိုယ်တော် သိပ်စိတ်ဝင်စားတယ်။ ‘ယေဟောဝါဟာ စိတ်နှလုံးအပြည့်အဝနဲ့ ဝတ်ပြုသူတွေအကျိုးအတွက် အစွမ်းတန်ခိုးပြဖို့ မြေတစ်ပြင်လုံးအနှံ့ လှည့်ပတ်ကြည့်ရှုနေတယ်’ လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (၆ ရာ. ၁၆:၉၊ ကဘ) ယေဟောဝါကိုဝတ်ပြုဖို့ ကျွန်ုပ်တို့စိတ်ရင်းမှန်နဲ့ ကြိုးစားတာကို ကိုယ်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူးဆိုတာ စိတ်ချနိုင်ပါတယ်။—၁ ကော. ၁၅:၅၈; ၁ တိ. ၁:၅။

ယေဟောဝါကိုဝတ်ပြုဖို့ ကျွန်ုပ်တို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတာကို ကိုယ်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူးဆိုတာ စိတ်ချနိုင်ပါတယ်

၁၄။ ယေဟောဝါက ဘယ်လိုဝတ်ပြုမှုမျိုးကို ရွံရှာသလဲ။

၁၄ ယေဟောဝါဟာ ဟန်ဆောင်ဝတ်ပြုမှုကို ရွံမုန်းတယ်၊ အဲဒါကို လက်မခံဘူး။ လူအားလုံးရဲ့ နှလုံးကို ကိုယ်တော် ထွင်းဖောက်သိမြင်နိုင်ပြီး “နှလုံးအပြည့်အဝ” နဲ့ ဝတ်မပြုသူတွေကို ကိုယ်တော်မြင်နိုင်တယ်။ အပြင်ပန်းမှာတော့ နာခံတဲ့ပုံပြပြီး အပြစ်ကို လျှို့ဝှက်ကျူးလွန်နေတာကို ကိုယ်တော်ရွံရှာတယ်။ (သု. ၃:၃၂) လူလူချင်းကို လှည့်စားလို့ရနိုင်ပေမဲ့ ယေဟောဝါကိုတော့ လှည့်စားလို့မရပါဘူး။ ‘ကိုယ့်ပြစ်မှားမှုကို ဖုံးကွယ်ထားသူက အောင်မြင်မှာမဟုတ်ဘူး’ လို့ ကျမ်းစာမှာဖော်ပြထားတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါက အနန္တတန်ခိုးရှင်၊ ဖြောင့်မတ်တဲ့ဘုရားသခင် ဖြစ်လို့ပါပဲ။—သု. ၂၈:၁၃၊ ကဘ; ၁ တိမောသေ ၅:၂၄ နဲ့ ဟေဗြဲ ၄:၁၃ တို့ကိုဖတ်ပါ။

ယေဟောဝါဟာ ဟန်ဆောင်ဝတ်ပြုမှုကို ရွံမုန်းတယ်၊ အဲဒါကို လက်မခံဘူး

၁၅။ ဘယ်အချက်ကို ကျွန်ုပ်တို့ရှောင်သင့်သလဲ၊ ဘာကြောင့်လဲ။

၁၅ ယေဟောဝါရဲ့ကျေးကျွန်အများစုက ကိုယ်တော့်ကို နှလုံးအပြည့်အဝနဲ့ ချစ်ကြပါတယ်။ ယေဟောဝါကို ဟန်ဆောင်ဝတ်ပြုပြီး လှည့်စားဖို့ကြိုးစားတာမျိုးကတော့ ရှားပါတယ်။ ဒါပေမဲ့ အဲဒီလိုအဖြစ်အပျက်မျိုးက မောရှေအချိန်မှာရော အစောပိုင်းခရစ်ယာန်ခေတ်မှာပါ ရှိခဲ့လို့ အခုချိန်မှာလည်း ရှိနိုင်ပါတယ်။ (၂ တိ. ၃:၁၊ ၅) အဲဒီလိုပြောလို့ ယေဟောဝါအပေါ်ထားရှိတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ သစ္စာတည်ကြည်မှုကို သံသယဝင်သင့်တယ်လို့ ဆိုလိုတာလား။ မဆိုလိုပါဘူး၊ သက်သေအထောက်အထားမရှိဘဲ ညီအစ်ကိုညီအစ်မတွေအပေါ် သံသယဝင်တယ်ဆိုရင် မှားသွားပါလိမ့်မယ်။ (ရောမ ၁၄:၁၀–၁၂ နဲ့ ၁ ကောရိန္သု ၁၃:၇ တို့ကိုဖတ်ပါ။) ညီအစ်ကိုညီအစ်မတွေအပေါ် သံသယဝင်တာက ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။

၁၆။ (က) နှလုံးထဲမှာ ဟန်ဆောင်မှုမရှိအောင် ဘယ်လိုလုပ်နိုင်ပါသလဲ။ (ခ) “ဆန်းစစ်လျက်နေကြလော့ . . . စစ်ကြောလျက်နေကြလော့” ဆိုတဲ့လေးထောင့်ကွက်ကနေ ဘာသင်ယူနိုင်ပါသလဲ။

၁၆ ခရစ်ယာန်တစ်ဦးစီက ‘ကိုယ်ပြုတဲ့အမှုကို ဆန်းစစ်’ သင့်တယ်။ (ဂလ. ၆:၄) ကျွန်ုပ်တို့က မစုံလင်သူတွေဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိဘဲ ယေဟောဝါကို လွဲမှားတဲ့ရည်ရွယ်ချက်တွေနဲ့ ဝတ်ပြုမိနိုင်တယ်။ (ဟေဗြဲ ၃:၁၂၊ ၁၃) ဒါကြောင့် ယေဟောဝါကို ဝတ်ပြုတဲ့ရည်ရွယ်ချက်တွေကို မကြာခဏ ပြန်ဆန်းစစ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်နိုင်ပါတယ်– ‘ငါ ဘာကြောင့် ယေဟောဝါကို ဝတ်ပြုတာလဲ။ ကိုယ်တော့်ကိုချစ်လို့လား။ ကိုယ်တော့်ကို ငါ့ရဲ့အုပ်စိုးရှင် ဖြစ်စေချင်လို့လား။ ဒါမှမဟုတ် ပရဒိသုမှာရမယ့် ကောင်းမွန်တဲ့အသက်တာကိုပဲ အများဆုံးစဉ်းစားနေသလား။’ (ဗျာ. ၄:၁၁) ဒီလိုမေးခွန်းတွေမေးခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့နှလုံးထဲမှာ ဟန်ဆောင်ဝတ်ပြုမှုရဲ့ အရိပ်လက္ခဏာ နည်းနည်းလေးတောင် မရှိအောင် လုပ်နိုင်ပါတယ်။

သစ္စာရှိတာက ပျော်ရွှင်မှုခံစားရစေ

၁၇၊ ၁၈။ ကျွန်ုပ်တို့ရဲ့ဝတ်ပြုမှုက ဘာကြောင့် ဟန်ဆောင်မှုမရှိဘဲ စစ်မှန်သင့်သလဲ။

၁၇ နှလုံးထဲမှာရှိတဲ့ ဟန်ဆောင်မှုအရိပ်လက္ခဏာမှန်သမျှကို ဖယ်ရှားဖို့ ကြိုးစားသူတွေဟာ ဆုချခံရမှာဖြစ်တယ်။ ‘အပြစ်ရှိတယ်လို့ ယေဟောဝါမယူမှတ်သူ၊ မလှည့်စားတတ်သူက ပျော်ရွှင်တယ်’ လို့ ဆာလံဆရာပြောတယ်။ (ဆာ. ၃၂:၂၊ ကဘ) ကျွန်ုပ်တို့ရဲ့ဝတ်ပြုမှုက ဟန်ဆောင်မှုမရှိဘဲ စစ်မှန်တယ်ဆိုရင် အခုချိန်မှာ ပျော်ရွှင်မှုခံစားရပြီး အနာဂတ်မှာလည်း ပြည့်ဝစုံလင်တဲ့ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။

ကျွန်ုပ်တို့ရဲ့ဝတ်ပြုမှုဟာ ဟန်ဆောင်မှုမရှိဘဲ စစ်မှန်တယ်ဆိုရင် အခုချိန်မှာ ပျော်ရွှင်မှုခံစားရပြီး အနာဂတ်မှာလည်း ပြည့်ဝစုံလင်တဲ့ ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်

၁၈ မကြာခင်မှာ ယေဟောဝါဟာ နောင်တမရသူ၊ အပြစ်တွေကို လျှို့ဝှက်ကျူးလွန်သူတွေဖြစ်တဲ့ ဆိုးညစ်သူတွေကို ဖော်ထုတ်ပါတော့မယ်။ ကိုယ်တော်က ‘ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူ၊ ဘုရားသခင့်အမှုတော်ဆောင်သူ၊ မဆောင်သူတို့ကို ကွဲကွဲပြားပြား’ ဖော်ပြပေးပါလိမ့်မယ်။ (မာလ. ၃:၁၈၊ ကဘ) အခုချိန်မှာ “ယေဟောဝါဘုရား၏ မျက်စိတော်သည် ဖြောင့်မတ်သူများကို ကြည့်ရှုပြီး နားတော်သည် သူတို့၏တိုးလျှိုးအသနားခံချက်ကို နားညောင်းတော်မူ၏” ဆိုတဲ့အချက်ကို သိထားတာက ကျွန်ုပ်တို့အတွက် နှစ်သိမ့်မှုဖြစ်စေပါတယ်။—၁ ပေ. ၃:၁၂။

a တိမောသေဆီ ပေါလုစာရေးခဲ့တာ ဆယ်စုနှစ်ချီကြာပြီးနောက် ဗျာဒိတ် ၂၁:၁၄ မှာလည်း အဲဒီထုံးစံကို ရည်ညွှန်းထားတယ်။ “အုတ်မြစ်ကျောက် ၁၂ ချပ်” မှာ တမန်တော် ၁၂ ပါးရဲ့နာမည်ကို ရေးထွင်းထားတယ်လို့ အဲဒီကျမ်းချက်မှာ ဖော်ပြထားတယ်။

b ယေဟောဝါကို ဘယ်လိုတုပနိုင်တယ်၊ မတရားမှုကို ဘယ်လိုငြင်းပယ်ရမယ်ဆိုတာကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါလိမ့်မယ်။

စကားလုံးတချို့ရဲ့အဓိပ္ပာယ်

  • ယေဟောဝါရဲ့လူတွေ– ဘုရားသခင်ကိုသစ္စာရှိသူတွေ

  • ဟန်ဆောင်ဝတ်ပြုသူ– ယေဟောဝါကို ဟန်ဆောင်နာခံပြီး တစ်ချိန်တည်းမှာ ကိုယ်တော် မနှစ်သက်တဲ့အကျင့်တွေကို တမင်တကာပြုကျင့်နေသူ။ ယေဟောဝါ ဟာ စစ်မှန်တဲ့ဝတ်ပြုရေးကိုပဲ လက်ခံတယ်၊ နောင်တမရတဲ့ ဆိုးညစ်သူတွေကို ကိုယ်တော် ဖော်ထုတ်ပါလိမ့်မယ်

  • အယူဖောက်ပြန်မှု– စစ်မှန်တဲ့ဝတ်ပြုရေးကို ဆန့်ကျင်၊ စွန့်ပယ်ပြီး ကျမ်းစာနဲ့မညီတဲ့သွန်သင်ချက်တွေကို လက်ခံတာ၊ တခြားသူတွေကိုလည်း အဲဒီအတိုင်းလုပ်ဖို့ အားပေးတာ

“ဆန်းစစ်လျက်နေကြလော့ . . . စစ်ကြောလျက်နေကြလော့”

အမျိုးသမီးတစ်ယောက်က ကျမ်းစာသုံးပြီး သူ့ကိုယ်သူ ဆန်းစစ်နေ

ယေဟောဝါကို ကျွန်ုပ် တကယ်ချစ်ကြောင်း၊ ကိုယ်တော့်ကို မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ ဝတ်ပြုနေကြောင်း ဘယ်လို အသေအချာ သိနိုင်ပါသလဲ။ ကျမ်းစာက “သင်တို့သည် ယုံကြည်ခြင်း၌ တည်မတည် ဆန်းစစ်လျက်နေကြလော့။ သင်တို့သည် မည်သို့သောသူဖြစ်ကြောင်း ကိုယ်ကိုစစ်ကြောလျက်နေကြလော့” လို့ တိုက်တွန်းတယ်။ (၂ ကော. ၁၃:၅) ကျွန်ုပ်တို့ရဲ့ဝတ်ပြုမှုမှာ ဟန်ဆောင်မှုအရိပ်လက္ခဏာ နည်းနည်းမှမရှိဘူးဆိုတာ သေချာအောင် ကိုယ့်ရဲ့လုပ်ရပ်ကို မှန်မှန်စစ်ဆေးနေဖို့ လိုမှာဖြစ်တယ်။ သင့်ကိုယ်သင် ဒီမေးခွန်းတွေ မေးပါ–

  • တခြားသူတွေကို ချီးမွမ်းတဲ့အခါ ရိုးသားမှုရှိသလား။ ညီအစ်ကိုတွေကို ငါ စိတ်ရင်းမှန်နဲ့ ချစ်သလား။—ဆာ. ၁၂:၂၊ ၃; ၁ ပေ. ၁:၂၂။

  • တစ်ယောက်ယောက်ကို ဧည့်ဝတ်ပြုတဲ့အခါ၊ လက်ဆောင်ပေးတဲ့အခါ တစ်ခုခု ပြန်ရဖို့ မျှော်လင့်သလား။—မ. ၆:၂-၄။

  • ငါဟာ လူကွယ်ရာမှာရော လူရှေ့မှာပါ ငါ့ရဲ့မိသားစုကို မေတ္တာ၊ ထောက်ထားစာနာမှုနဲ့ အမြဲဆက်ဆံသလား။—ကော. ၃:၁၈-၂၁။

  • ငါ့ရဲ့အမူအကျင့်တွေက တခြားသူတွေကို ငါ ထက်ထက်သန်သန် သင်ပေးနေတဲ့ ကျမ်းစာ လမ်းညွှန်ချက်တွေနဲ့ အမြဲကိုက်ညီသလား။ —ရော. ၂:၂၁-၂၃။

ကျွန်ုပ်တို့ဆီမှာ ဟန်ဆောင်မှုအရိပ်လက္ခဏာ နည်းနည်းလေးတွေ့တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီဟန်ဆောင်မှုက ကိုယ့်ရဲ့ပင်ကိုစရိုက်ဖြစ်လာတဲ့အထိ ကြီးထွားမလာခင် ချက်ချင်း ပြုပြင်ပြောင်းလဲမှု လုပ်သင့်တယ်။ အဲဒီလိုလုပ်တယ်ဆိုရင် ယေဟောဝါရဲ့မျက်နှာသာ ရပါလိမ့်မယ်။ ကျွန်ုပ်တို့ဟာ “မြှောက်ပင့်သောစကားကိုပြောခြင်း၊ တပ်မက်စိတ် ရှိလျက်နှင့် မရှိဟန်ဆောင်ခြင်းတို့ကို မည်သည့်အခါမျှ မပြု” ဘူးလို့လည်း ပြောနိုင်ပါလိမ့်မယ်။—၁ သက်. ၂:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ