ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၀၇ စာ. ၁၀
  • မျိုးကွဲစုံစွမိုးမခ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မျိုးကွဲစုံစွမိုးမခ
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျိုးကွဲစုံလင် မိုးမခပင်
  • ကျမ်းစာထဲမှမိုးမခ
  • “အရွက်မညှိုးနွမ်းတတ်သော” သစ်ပင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အပင်များ—ဆေးဝါးများအတွက် အဖိုးတန်ရင်းမြစ်
    နိုးလော့!—၂၀၀၄
  • မာတိကာ
    နိုးလော့!—၂၀၀၇
နိုးလော့!—၂၀၀၇
န ၂/၀၇ စာ. ၁၀

မျိုးကွဲစုံစွမိုးမခ

ချက်ပြည်သူ့သမ္မတနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

အပင်တစ်မျိုးမှာ သွယ်လျဖြောင့်တန်းကာ အလွန်မြင့်မားလှ၏။ နောက်အပင်တစ်မျိုးမှာ ကိုင်းညွတ်ပြီး ငိုက်ကျနေသည်။ အပင်အနေအထား ကွဲပြားသော်လည်း ယင်းတို့သည် ဆွေမျိုးနီးစပ်များဖြစ်ကြသည်။ ယင်းတို့ကား မည်သည့်အပင်များနည်း။ ပေါ့ပလာပင်နှင့် ရုက္ခဗေဒအမည်အားဖြင့် ဆေးလစ်ဘက်ဘီလိုနီကာဟုခေါ်သော မိုးမခပင်တို့ဖြစ်သည်။ ယင်းအပင်နှစ်မျိုးစလုံးသည် ဆေးလစ်ကေစီအီး မျိုးရင်းဝင်များဖြစ်ကြ၏။

မိုးမခပင်များကို မြစ်ကမ်းနဖူးနှင့် ရေတိမ်ချောင်းနံဘေးများတွင် တွေ့ရလေ့ရှိသည်။ ချက်ပြည်သူ့သမ္မတနိုင်ငံရှိ စိမ့်တောများတွင် အများအပြားပေါက်ရောက်ပြီး သေးသွယ်သောအခက်များမှ လျင်မြန်စွာ အညှောက်ထွက်လာကြသည်။ မိုးမခပင်များသည် အမြင့်ပေ ၁၀၀ ကျော်အထိရှိနိုင်သည်။ ရှည်၍ကိုင်းညွတ်နေသော အကိုင်းများမှ သေးသွယ်သည့် အရွက်များသည် တင့်တယ်လှပစွာ တွဲလွဲကျနေပေမည်။ ရုက္ခဗေဒအမည်အားဖြင့် ဆေးလစ်လူစီဒါနှင့် ဆေးလစ်ဒစ်ကိုလာဟူသော မိုးမခပင်မျိုးများမူ အရွက်ဖားဖားနှင့်ဖြစ်၏။

မိုးမခပင်နှင့် ပေါ့ပလာပင်တို့တွင် မျိုးစိတ် ၃၅၀ ကျော်ရှိသော်လည်း အထူးစိတ်ဝင်စားဖွယ်ကောင်းသော အပင်တစ်မျိုးမှာ ဆေးလစ်ဘက်ဘီလိုနီကာဟုခေါ်သော မိုးမခပင်မျိုးဖြစ်သည်။ နောက်မျိုးစိတ်တစ်ခုမှာ ဆေးလစ်ကက်ပရီယာဟုခေါ်သော မိုးမခပင်မျိုးဖြစ်ပြီး အရွက်ထက် အရင်ထွက်လာသည့် ကြောင်မြီးပုံပန်းများ အခိုင်လိုက်ပွင့်သောကြောင့် ထင်ရှား၏။ အဆိုပါပန်းများ ဖူးပွင့်လာလျှင် နွေဦးပေါက်တော့မည်ဟု ဆိုကြသည်။

မျိုးကွဲစုံလင် မိုးမခပင်

ချက်ပြည်သူ့သမ္မတနိုင်ငံ၏မြို့တော် ပရာ့ဂ်ရှိ ဘိုဟီးမီးယားဒေသတွင် ပေါ့ပလာပင်များသည် မြင်နေကျအပင်များဖြစ်ကြ၏။ ပေါ့ပလာပင်မျိုးစိတ် အနည်းဆုံး ၃၅ မျိုးရှိပြီး အားလုံးမှာ မိုးမခမျိုးရင်းဝင်များဖြစ်ကြသည်။ ပေါ့ပလာနက်သည် လူသိအများဆုံးဖြစ်ဖွယ်ရှိပြီး ယင်းကို စမ်းချောင်းများတစ်လျှောက်နှင့် ဘိုဟီးမီးယား၏ စိုစွတ်သောသစ်တောများတွင် တွေ့ရတတ်သည်။ ပေါ့ပလာနက်တစ်မျိုးမှာ အီတာလျံ သို့မဟုတ် လောင်ဗာဒီပေါ့ပလာဖြစ်ရာ ယင်းတွင် သေးသွယ်သောပင်စည်ရှိပြီး အကိုင်းအလက်တို့သည် ဘေးသို့ကားထွက်မနေဘဲ ပင်စည်နှင့်ကပ်၍ အပေါ်သို့ထောင်ထွက်သည်။ လှပခန့်ညားသော ဤအပင်သည် ၁၁၅ ပေအထိမြင့်ရာ ၁၁ ထပ်အဆောက်အအုံ၏အမြင့်နှင့် တူညီသည်။ ထို့ပြင် အီတာလျံပေါ့ပလာပင်များကို ကားလမ်းမများတစ်လျှောက် တွေ့ရှိနိုင်ပြီး ကျေးလက်ရှုခင်းကို ပို၍ပေါ်လွင်လှပစေသည်။ အထူးသဖြင့် အရွက်များ အဝါရောင်သို့ပြောင်းသွားသည့် ဆောင်းဦးရာသီတွင်ဖြစ်၏။

ပေါ့ပလာပင်နောက်တစ်မျိုးမှာ အက်စပင်ဖြစ်သည်။ ပင်စည်မှာ မမြင့်မားသည့်အပြင် ပင်ဖျားမှာ ခပ်ရှူးရှူးဖြစ်၏။ ထို့ပြင် အက်စပင်တွင် ထူးခြားချက် နောက်တစ်မျိုးရှိသေး၏။ အရွက်တို့သည် လေပြေလေညှင်း တိုက်ခတ်ရုံမျှနှင့် တဖြတ်ဖြတ် လှုပ်ရှားတတ်သော အပင်မျိုးဖြစ်သည်။

ကျမ်းစာထဲမှမိုးမခ

ပေါ့ပလာပင်တို့သည် အရှေ့အလယ်ပိုင်းဒေသ တောင်ပိုင်းစွန်းတွင် ရှင်သန်ပေါက်ရောက်သည်ဟု သင်ထင်မည်မဟုတ်ချေ။ သို့သော် ဣသရေလလူမျိုးသည် ဗာဗုလုန်ပြည်သို့ နယ်နှင်ဒဏ်ခံရချိန်က ၎င်းတို့၏ စောင်းများကို မိုးမခမျိုးရင်းဝင် ပေါ့ပလာပင်များပေါ်တွင် ချိတ်ဆွဲထားခဲ့ကြကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ (ဆာလံ ၁၃၇:၂) သူတို့ အဘယ်ကြောင့် ထိုသို့ပြုခဲ့ကြသနည်း။ စောင်းသည် ဘုရားသခင်အား ချီးမွမ်းထောမနာပြုရာတွင် အသုံးပြုသည့် တူရိယာဖြစ်သော်လည်း ဝမ်းနည်းကြေကွဲနေသော ဣသရေလလူမျိုးသည် စောင်းတီးလိုစိတ်မရှိခဲ့ကြချေ။ (ဟေရှာယ ၂၄:၈၊ ၉) ထို့ပြင် စုသိမ်းပွဲကာလအတွင်း တဲများဆောက်လုပ်ရာ၌ မိုးမခမျိုးရင်းဝင် ပေါ့ပလာပင်၏အကိုင်းများကိုလည်း အသုံးပြုကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (ဝတ်ပြုရာ ၂၃:၄၀) ယောဘကျမ်းတွင် အကြောက်အလန့်မရှိသော ရေမြင်းသည် မြစ်ချောင်းများတွင် ကျက်စားကြောင်း၊ “ချောင်းနားမိုးမခပင် [အခြားဘာသာပြန်ကျမ်းများအရ ပေါ့ပလာ] တို့သည်” သူ့ကို အရိပ်အာဝါသပေးကြောင်း ဖော်ပြထားသည်။—ယောဘ ၄၀:၂၂။

ယနေ့ စီးပွားရေးထုတ်ကုန်အမျိုးမျိုးအတွက် ပေါ့ပလာနှင့်မိုးမခပင်များကို အသုံးပြုကြ၏။ သစ်ပါးလွှာ၊ အထပ်သား၊ ကုန်သေတ္တာများ၊ ကတ်ထူဘူးများနှင့် အခြားစက္ကူထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်ရာတွင် ပေါ့ပလာပင်ကို အသုံးများကြသည်။ ထို့ပြင် မိုးမခပင်၏ အသုံးဝင်မှုကြောင့် ယင်းကို အလွန်တန်ဖိုးထားကြသည်။ လက်မှုပညာရှင်များသည် မိုးမခပင်၏ ပျော့ပျောင်းသောအခက်အလက်များကို အသုံးပြု၍ ခြင်းတောင်းများ၊ ပရိဘောဂများပြုလုပ်ကြသည်။ မိုးမခသည် အမှန်တကယ်ပင် အသုံးတွင်ကျယ်လှပေသည်!

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဆေးလစ်ဘက်ဘီလိုနီကာမိုးမခ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အက်စပင်ရွက်များ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

လောင်ဘာဒီပေါ့ပလာ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဆေးလစ်ကက်ပရီယာမိုးမခ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ပေါ့ပလာနက်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ