အလွန်ထူးချွန်သော ရှင်ဘုရင်တစ်ပါး
ကင်မရွန်းနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
အီဗရာဟင် ဂျိုယာသည် ကင်မရွန်းအနောက်ပိုင်းတွင် ယနေ့ထိတိုင် နေထိုင်လျက်ရှိသော လူမျိုးစုကြီးတစ်မျိုးဖြစ်သည့် ဘာမန်လူမျိုး၏ ၁၇ ယောက်မြောက် ဘုရင်ဖြစ်သည်။ ၁၄ ရာစုမှအစပြု၍ စိုးစံခဲ့ကြသောဘုရင်များကို ပူးတွဲပါဇယားတွင် ဖော်ပြထားသည့်အတိုင်း သူသည် ၁၈၈၉ ခုနှစ်မှစ၍ ၁၉၃၃ ခုနှစ်၊ သူကွယ်လွန်ချိန်အထိ စိုးစံခဲ့သည်။ ဂျိုယာစိုးစံချိန်အတွင်းတွင် ပြင်သစ်နှင့် ဂျာမနီတို့က ထိုဒေသကို ကိုလိုနီနယ်အဖြစ်ထူထောင်ရန် ကြိုးစားခဲ့ကြသည်။
ဂျိုယာသည် ငယ်ရွယ်စဉ်ကတည်းကပင် အလွန်ဉာဏ်ကောင်း၍ အလိုအလျောက် တိုက်ရိုက်ထိုးထွင်းသိမြင်နိုင်သောဉာဏ်ရှိသူဖြစ်ပြီး သူနှင့်စိတ်တူကိုယ်တူဖြစ်သော ဉာဏ်ကြီးရှင်များနှင့် တီထွင်ဉာဏ်ရှိသူများအား သူ့အနီးအပါးတွင် ခစားစေခဲ့သည်။ အောက်ဖော်ပြပါဓာတ်ပုံ၌ မြင်တွေ့ရသော သူတည်ဆောက်ခဲ့သည့် ကြီးကျယ်ခမ်းနားသော နန်းတော်က သူသည် ဗိသုကာပညာတွင်ကျွမ်းကျင်ကြောင်း ဖော်ပြကာ ဤတွင်မြင်တွေ့ရသော ပြောင်းကြိတ်စက်ကို သူတီထွင်ခဲ့သည့်အတွက် ဂုဏ်ပြုခံခဲ့ရသည်။ သို့သော် အထူးမှတ်သားဖွယ်ရာမှာ ဘာမန်ဘာသာစကား အရေးအသားစနစ်အသစ်ကို တီထွင်ခဲ့ခြင်းဖြစ်သည်။
စာဖြင့် မှတ်တမ်းတင်နိုင်ခြင်း
၁၉ ရာစုအကုန်ပိုင်းတွင် ဘာမန်လူမျိုးများ၏သမိုင်းကို အများအားဖြင့် မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ နှုတ်တိုက်လက်ဆင့်ကမ်းခြင်းဖြင့် ထိန်းသိမ်းခဲ့ကြသည်။ အသေးစိတ်အချက်အလက်များ ကျန်ရစ်နိုင်၊ ထပ်ထည့်မိနိုင်သည့်အန္တရာယ်ကို ဂျိုယာ သိမြင်ခဲ့သည်။ ကုန်သည်များ၊ နယ်လှည့်ကုန်သည်ကြီးများမှတစ်ဆင့် မိမိနိုင်ငံသို့ရောက်လာသော အာရပ်ဘာသာစကားဖြင့် ရေးသားထားသည့်စာအုပ်များကို ရရှိပြီးနောက် ဂျိုယာသည် ထိုဘာသာစကားနှင့် အကျွမ်းတဝင်ရှိလာခဲ့သည်။ ထို့ ပြင် ထိုအချိန်က မြက်ခင်းလွင်ပြင်ဒေသတစ်ခွင်တွင် အသုံးပြုခဲ့သော အစောပိုင်း ဗိုင်အရေးအသားကိုလည်း သူသတိပြုမိခဲ့ပေမည်။ သို့နှင့် သူသည် မိမိ၏ကိုယ်ပိုင်ဘာသာစကား ရေးသားနည်းစနစ်တစ်ခုကို အစပြုတီထွင်ခဲ့သည်။
ဂျိုယာသည် ရာနှင့်ချီသောအမှတ်အသားများ၊ အများအားဖြင့် သရုပ်ဖော်ပုံများနှင့် သင်္ကေတများဖြင့် စတင်ခဲ့သည်။ ဤစနစ်တွင် သူ၏လက်အောက်ငယ်သားများသည် အမှတ်အသားတစ်ခုစီက အဘယ်အရာဖာ်ပြသည်ကို အလွတ်မှတ်သားရန်လိုသည်။ နှစ်များတစ်လျှောက်တွင် သူယုံကြည်စိတ်ချသော ခစားသူများ၏အကူအညီဖြင့် ယင်းစနစ်ကို ရိုးရှင်းစေခဲ့သည်။ ၎င်းတို့သည် အက္ခရာစနစ်တစ်မျိုးကို အသုံးပြုခြင်းဖြင့် အမှတ်အသားများ၏အရေအတွက်ကို လျော့ချနိုင်ခဲ့သည်။ သူ၏ ရေးသားနည်းအသစ်တွင် အမှတ်အသားများ သို့မဟုတ် စာလုံးများကို ပေါင်းစပ်လိုက်ခြင်းဖြင့် တိကျသောစကားလုံးများကို တီထွင်နိုင်ခဲ့သည်။ ဖတ်ရှုသူများသည် စာလုံးနှင့် ယင်းတို့၏အသံထွက်အနည်းငယ်ကိုသာ အလွတ်မှတ်သားရန်လိုသည်။ ယင်းကို ဂျိုယာ လက်စသတ်လိုက်သောအခါ သူ၏ရေးသားနည်းအသစ်တွင် စာလုံး ၇၀ ပါရှိပြီး ယင်းကို အကာအူကူဟုခေါ်သည်။
ဂျိုယာသည် ဘာမန်ရေးသားနည်းကို ကျောင်းများတွင် သင်ကြားရန်နှင့် အုပ်ချုပ်မှုဆိုင်ရာနယ်ပယ်အသီးသီးတွင် အသုံးပြုရန် အားပေးခဲ့သည်။ ရေးသားနည်းအသစ်ဖြင့် သူ၏မင်းဆက်နှင့် နိုင်ငံ၏သမိုင်းကြောင်းကို မှတ်တမ်းတင်ရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် ဘာမန်လူမျိုးတို့သည် ပထမဆုံးအကြိမ်အဖြစ် မိမိတို့၏ ဓလေ့ထုံးစံနှင့် ဥပဒေအကြောင်းကို ဖတ်ရှုနိုင်ခဲ့ကြသည်။ ဂျိုယာတွင် ဘာမန်ရေးသားနည်းသစ်ဖြင့် ပရဆေးဖော်စပ်နည်းကိုပင် မှတ်တမ်းတင်ခဲ့သည်။ မူရင်းမှတ်တမ်း ၈,၀၀၀ ကျော်ကို နန်းတော်မော်ကွန်းတိုက်တွင် ယနေ့တိုင် ထိန်းသိမ်းထားဆဲဖြစ်သည်။
၁၉၀၂ ခုနှစ်တွင် ဂျာမန်ကိုလိုနီများ ဝင်ရောက်လာပြီးနောက် မကြာမီတွင် ဤအရေးအသားစနစ်သစ်၏ အကျိုးကျေးဇူးမှာ ထင်ရှားလာသည်။ ဂျိုယာသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှ အကျိုးရယူခဲ့သော်လည်း ဂျာမန်အာဏာပိုင်များနှင့် အမြဲတမ်း သဘောညီညွတ်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူသည် ဂျာမန်များ အဓိပ္ပာယ်မဖော်နိုင်သေးသည့် ဘာမန်စာအသစ်ကို အသုံးပြုခဲ့သည်။ ဘာမန်၏သက်တမ်း မည်မျှရှည်ခဲ့သနည်း။
ပထမကမ္ဘာစစ် (၁၉၁၄-၁၈) အတွင်းတွင် ဂျာမနီသည် ဂျိုယာ၏နယ်မြေကို လက်လွှတ်လိုက်ရသည်။ နောက်ပိုင်းတွင် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံပေါင်းချုပ်အသင်းကြီးသည် ဘာမန်ဒေသ အုပ်ချုပ်ခွင့်အာဏာကို ပြင်သစ်လက်သို့ လွှဲပြောင်းပေးလိုက်၏။ ဂျိုယာသည် အယူအဆသစ်များကိုလက်ခံသော်လည်း မိမိ၏အမွေအနှစ်အတွက် ဂုဏ်ယူဝင့်ကြွားခဲ့ပြီး မိမိလူမျိုး၏ ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းကာ တိုးတက်စေလိုသည့်ဆန္ဒ ပြင်းပြခဲ့သည်။ ဤအချက်က ပြင်သစ်ကိုလိုနီ၏အုပ်စိုးမှုကို ဆန့်ကျင်တော်လှန်ရန် သူ့အား မလွဲမသွေ တွန်းပို့ခဲ့သည်။ ကိုလိုနီများအပေါ် သစ္စာစောင့်သိမှုမပြ ဟူသောပြစ်ချက်ဖြင့် ၁၉၃၁ ခုနှစ်တွင် ပြင်သစ်တို့က သူ့ကို နန်းချလိုက်သည်။ နှစ်နှစ်အကြာတွင် ဂျိုယာသည် ပြည်နှင်ခံဘဝဖြင့် သေဆုံးခဲ့လေသည်။
ပြင်သစ်တို့က ကျောင်းတွင် ဘာမန်ရေးသားနည်း အသုံးပြုခြင်းကို ပိတ်ပင်ခဲ့ပြီး ဂျိုယာ၏ အားပေးမှုမရှိတော့သဖြင့် မကြာမီတွင် ယင်းရေးသားနည်းကို အသုံးမပြုတော့၍ ဘာမန်လူအများစုက ယင်းကို မေ့လျော့ခဲ့ကြသည်။ ထိုဒေသသို့ ခရစ်ယာန်သာသနာပြုများရောက်လာသောအခါ ဘာမန်လူမျိုးတို့၏ နေ့စဉ်သုံးစကားကို လေ့လာခဲ့ပြီး ကျောင်းတွင်အသုံးပြုရန် သဒ္ဒါစာအုပ်တစ်အုပ်ကို ပြင်ဆင်ခဲ့ကြသည်။ သူတို့သည် ဂျိုယာနှင့်မတူဘဲ ရှိနှင့်ပြီးသော ရောမအက္ခရာများနှင့် အသံထွက်သင်္ကေတစနစ်အများစုကို မွေးစားခဲ့ကြသည်။
မကြာသေးမီက ဘာမန်ရေးသားနည်းကို ပြန်လည် စိတ်ဝင်စားလာစေရန် ကြိုးစားခဲ့သည်။ မျက်မှောက်ခေတ် ဆော်လ်တန် အီဗရာဟင် ဘွန်ဘို ဂျိုယာသည် သူ၏အဘိုး တည်ဆောက်ခဲ့သော နန်းတော်တွင် စာသင်ကျောင်းအသစ်ကို ဖွင့်လှစ်ခဲ့သည်။ ဒေသခံကလေးများသည် ဤနေရာတွင် အရေးအသားစနစ်ကို ပြန်လည်သင်ယူလျက်ရှိရာ ဤအရေးအသားစနစ် ပျောက်ကွယ်သွားတော့မည်မဟုတ်ချေ။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
၁၄ ရာစုမှ ယနေ့အထိတည်ရှိခဲ့သော ဘာမန်မင်းဆက်ကို ပြသထားသည့် ကမ္ပည်း၊ လက်ဝဲဘက်တွင် ရောမအက္ခရာဖြင့်ရေးသား၍ လက်ယာဘက်တွင် ဘာမန်အက္ခရာဖြင့် ရေးသားထား
[Picture Credit Line on page 16]
All photos: Courtesy and permission of Sultan Ibrahim Mbombo Njoya, Foumban, Cameroon