ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • လျှို့ဝှက်ချက် ၁– ဦးစားထားသင့်ရာများ
    နိုးလော့!—၂၀၀၉ | အောက်တိုဘာ
    • လျှို့ဝှက်ချက် ၁– ဦးစားထားသင့်ရာများ

      “သာ၍အရေးကြီးသောအရာများကို သေချာစွာ သိစေ . . . ပါ။”—ဖိလိပ္ပိ ၁:၁၀။

      ဆိုလိုသည့်အရာ။ အောင်မြင်သည့်အိမ်ထောင်တွင် အိမ်ထောင်ဖက်တို့သည် အချင်းချင်း၏လိုအပ်ရာများကို မိမိကိုယ်တိုင်၊ ပိုင်ဆိုင်ရာများ၊ အလုပ်အကိုင်၊ မိတ်ဆွေများနှင့် ဆွေမျိုးများထက်ပင် ပိုဦးစားထားကြသည်။ လင်မယားနှစ်ဦးသည် အချင်းချင်းအတွက်ရော၊ ကလေးများအတွက်ပါ အချိန်များစွာပေးကြသည်။ နှစ်ဦးစလုံးသည် မိသားစု၏အရေးကိစ္စများအတွက် လိုလိုလားလား ကိုယ်ကျိုးစွန့်ကြသည်။—ဖိလိပ္ပိ ၂:၄။

      အရေးကြီးရသည့်အကြောင်းရင်း။ သမ္မာကျမ်းစာတွင် မိသားစုအကြောင်းကို အလွန်အလေးပေးဖော်ပြထားသည်။ မိမိ,မိသားစုကို မထောက်ပံ့သောသူသည် “မယုံကြည်သောသူထက်ပင် သာ၍ဆိုး၏” ဟု တမန်တော်ပေါလုရေးခဲ့သည်။ (၁ တိမောသေ ၅:၈) သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူတစ်ဦး၏ဦးစားထားရာများ ပြောင်းလဲသွားနိုင်သည်။ ဥပမာ၊ မိသားစုအတိုင်ပင်ခံတစ်ဦးက သူကျင်းပသည့်အစည်းအဝေးကို တက်ရောက်သူများစွာသည် မိသားစုထက် အလုပ်အကိုင်ကို ပိုအာရုံစိုက်သူများဖြစ်ပုံရကြောင်း သတိပြုမိသည်။ သူတို့သည် “မိသားစုပြဿနာများကို အမြန်ဖြေရှင်းပြီး အလုပ်ကိုပြန်အာရုံစိုက်နိုင်ရန် ‘မြန်မြန်ဆန်ဆန်ဖြေရှင်းနည်းများ’” ကို သင်ယူဖို့ မျှော်လင့်ထားပုံရသည်ဟု သူပြော၏။ သင်ခန်းစာကားအဘယ်နည်း။ မိသားစုကိုဦးစားထားသည်ဟု ပြောရန်လွယ်သော်လည်း လုပ်ပြရန်ခက်သည်။

      ဤအရာကိုကြိုးစားကြည့်ပါ။ အောက်ပါမေးခွန်းများကို လမ်းညွှန်အဖြစ်အသုံးပြုပြီး သင့်ဦးစားပေးရာများကို ဆန်းစစ်ပါ။

      ◼ ငါ့အိမ်ထောင်ဖက် ဒါမှမဟုတ် ကလေးက ငါ့ကိုစကားပြောချင်တဲ့အခါ အတတ်နိုင်ဆုံး ချက်ချင်းနားထောင်ပေးသလား။

      ◼ ငါဘာတွေလုပ်တယ်ဆိုတဲ့အကြောင်း တခြားသူတွေကိုပြောပြတဲ့အခါ ငါ့မိသားစုနဲ့ အတူလုပ်တဲ့အကြောင်းအရာတွေကို ထည့်ပြောတတ်သလား။

      ◼ ငါ့မိသားစုကိုအချိန်ပေးဖို့လိုတဲ့အခါ (အလုပ် ဒါမှမဟုတ် တခြားနေရာက) တာဝန်ပိုတွေကို ခဏထားခဲ့မလား။

      ထိုမေးခွန်းများကို ဟုတ်ကဲ့ဟုဖြေဆိုပါက ဦးစားထားသင့်ရာများကို ဦးစားထားနေသည်ဟု သင်ယူဆပေမည်။ သို့သော် သင့်အိမ်ထောင်ဖက်နှင့် ကလေးများက သင့်ကို မည်သို့သတ်မှတ်သနည်း။ ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ရှုမြင်ပုံသည် ကျွန်ုပ်တို့ဦးစားထားရာများကို သတ်မှတ်ပေးသည့် တစ်ခုတည်းသောစံနှုန်း မဟုတ်ပါ။ ဤမူသည် နောက်စာမျက်နှာများတွင်ဆွေးနွေးမည့် အောင်မြင်မှု၏အခြားလျှို့ဝှက်ချက်များနှင့်လည်း သက်ဆိုင်ပါသည်။

      သန္နိဋ္ဌာန်ချထားပါ။ သင့်မိသားစုကို ဦးစားထားကြောင်းဖော်ပြနိုင်သည့် နည်းလမ်းတစ်ခုနှစ်ခုကို စဉ်းစားကြည့်ပါ။ (ဥပမာ၊ သင့်အိမ်ထောင်ဖက်နှင့် သားသမီးများအတွက် ပေးနိုင်မည့်အချိန်ကို လုယူသွားနိုင်သည့်အရာများ လျှော့ချရန် တွေးကြည့်ပါ။)

      သင့်သန္နိဋ္ဌာန်ကို မိသားစုအား ပြောပြပါ။ အိမ်သားတစ်ဦးသည် လိုလိုလားလားပြောင်းလဲမည်ဆိုလျှင် အခြားသူများလည်း ပြောင်းလဲ လိုပေမည်။

      [စာမျက်နှာ ၃ ပါ ရုပ်ပုံ]

      အောင်မြင်သောမိဘတစ်ဦးသည် အိမ်ထောင်ဖက်နှင့် ကလေးများကို အလွန်ဦးစားပေး

  • လျှို့ဝှက်ချက် ၂– ကတိစကား
    နိုးလော့!—၂၀၀၉ | အောက်တိုဘာ
    • လျှို့ဝှက်ချက် ၂– ကတိစကား

      “ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်။”—မဿဲ ၁၉:၆။

      ဆိုလိုသည့်အရာ။ အောင်မြင်သည့်ဇနီးမောင်နှံတို့သည် သူတို့၏အိမ်ထောင်ရေးကို ရာသက်ပန်ပေါင်းစည်းမှုအဖြစ် ရှုမြင်ကြသည်။ သူတို့သည် ပြဿနာပေါ်လာချိန်တွင် ယင်းကိုအကြောင်းပြကာ အိမ်ထောင်ပြတ်စဲစေမည့်အစား ဖြေရှင်းဖို့ကြိုးစားကြသည်။ တစ်ဦးနှင့်တစ်ဦး ကတိစကားပြုထားသည်ဟူသောအသိစိတ်က လုံခြုံစိတ်ချမှု ခံစားရစေသည်။ တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချမှုက အိမ်ထောင်ကို ဆက်၍ဂုဏ်တင်စေပါလိမ့်မည်။

      အရေးကြီးရသည့်အကြောင်းရင်း။ ကတိစကားသည် နည်းအမျိုးမျိုးဖြင့် အိမ်ထောင်ရေး၏ အသက်သွေးကြောဖြစ်သည်။ သို့သော် အကြိမ်ကြိမ်အငြင်းပွားပြီးနောက် ထိုကတိစကားသည် တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချစေသည့်အရာထက် ထောင်ချောက်နှင့် ပိုတူလာနိုင်သည်။ “အသက်ထက်ဆုံးပေါင်းပါ့မည်” ဟူသော ကတိစကားသည် စာချုပ်ပေါ်တွင်သာရှိပြီး ယင်းကို ချိုးဖျက်ချင်လာသည်။ သူတို့သည် အမှန်တကယ်အိမ်ထောင်ပြတ်စဲမည်မဟုတ်သော်လည်း အခြားနည်းများဖြင့် “စွန့်ခွာ” သွားနိုင်သည်။ ဥပမာ၊ ဆွေးနွေးဖို့လိုသည့် အရေးကြီးသည့်ကိစ္စများကို မဆွေးနွေးတော့ဘဲ ကျောက်ရုပ်ကဲ့သို့နေခြင်းအားဖြင့်ဖြစ်သည်။

      ဤအရာကိုကြိုးစားကြည့်ပါ။ အောက်ပါမေးခွန်းများကို လမ်းညွှန်အဖြစ်အသုံးပြုပြီး သင့်ကတိစကား အဘယ်အဆင့်တွင်ရှိသည်ကို ဆန်းစစ်ပါ။

      ◼ ငါတို့စကားများရန်ဖြစ်တဲ့အခါ သူ့ကို ငါလက်ထပ်မိတဲ့အတွက် နောင်တရမိသလား။

      ◼ ငါ့အိမ်ထောင်ဖက်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ စိတ်ကူးယဉ်တတ်သလား။

      ◼ “နင့်ကို ငါထားခဲ့မယ်” ဒါမှမဟုတ် “ငါ့ကိုနားလည်ပေးတဲ့ တခြားတစ်ယောက်ကိုပဲ ရှာတော့မယ်” လို့ တစ်ခါတလေပြောတတ်သလား။

      သန္နိဋ္ဌာန်ချထားပါ။ သင့်ကတိကဝတ်စကားကို ခိုင်မြဲစေနိုင်သည့်လုပ်ရပ်တစ်ခုနှစ်ခုကို စဉ်းစားကြည့်ပါ။ (အကြံပြုချက်အချို့– အခါအားလျော်စွာ သင့်အိမ်ထောင်ဖက်ကို စာတိုကလေးရေးပေးပါ၊ အလုပ်တွင် သင့်အိမ်ထောင်ဖက်၏ ဓာတ်ပုံများထားပါ သို့မဟုတ် အဆက်အသွယ်မပြတ်ရအောင် သင့်အိမ်ထောင်ဖက်ထံ အလုပ်မှ နေ့တိုင်း ဖုန်းဆက်ပါ။)

      သင့်စိတ်ကူးများကို အိမ်ထောင်ဖက်အားပြောပြပြီး အဘယ်အရာကို သူအကြိုက်ဆုံးဖြစ်ကြောင်း မေးကြည့်ပါ။

      [စာမျက်နှာ ၄ ပါ ရုပ်ပုံ]

      ကတိစကားသည် အိမ်ထောင်ရေးကို ကာကွယ်ပေးသည့် အရံအတားနှင့်တူ

      [Credit Line]

      © Corbis/age fotostock

  • လျှို့ဝှက်ချက် ၃– ပူးပေါင်းလုပ်ဆောင်မှု
    နိုးလော့!—၂၀၀၉ | အောက်တိုဘာ
    • လျှို့ဝှက်ချက် ၃– ပူးပေါင်းလုပ်ဆောင်မှု

      “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ . . . တစ်ယောက်လဲလျှင် တစ်ယောက် ထူလိမ့်မည်။”—ဒေ. ၄:၉၊ ၁၀။

      ဆိုလိုသည့်အရာ။ အောင်မြင်သောဇနီးမောင်နှံတို့သည် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ဘုရားသခင့် ဦးစီးမှုဆိုင်ရာအစီအစဉ်ကို လေးစားကြသည်။ (ဧဖက် ၅:၂၂-၂၄) သူတို့သည် မိမိတို့အိမ်ထောင်ကို အဖွဲ့တစ်ဖွဲ့အဖြစ် ရှုမြင်ကြသည်။ ကိုယ်ကြိုက်ရာကိုယ်လုပ်နိုင်သည့် လူနှစ်ဦးအဖြစ် မရှုမြင်ကြပေ။ ထို့ပြင် သူတို့သည် အဖွဲ့တစ်ဖွဲ့အဖြစ် ပူးပေါင်းဆောင်ရွက်သည့်အခါ မိမိတို့ကိုယ်ကို လူလွတ်တစ်ဦးအဖြစ် ရှုမြင်တော့မည်မဟုတ်ပေ။ သူတို့သည် “တစ်သားတစ်ကိုယ်တည်း” ဖြစ်သည်ဟူသော ကျမ်းစာအသုံးအနှုန်းက တည်မြဲပြီး ရင်းနှီးသော အိမ်ထောင်နှောင်ကြိုးကို ဆိုလိုသည်။—ကမ္ဘာဦး ၂:၂၄။

      အရေးကြီးရသည့်အကြောင်းရင်း။ သင်နှင့်သင့်အိမ်ထောင်ဖက်သည် အဖွဲ့တစ်ဖွဲ့အဖြစ် ပူးပေါင်းမလုပ်ဆောင်သောအခါ အသေးအဖွဲကိစ္စများသည် ကြီးမားသောပြဿနာများ လျင်မြန်စွာဖြစ်သွားနိုင်ပြီး သင်တို့သည် ပြဿနာကိုဖြေရှင်းမည့်အစား တစ်ဦးကိုတစ်ဦး တိုက်ခိုက်လာကြပေမည်။ သို့သော် သင်တို့သည် ပူးပေါင်းလုပ်ဆောင်သောအခါ လေယာဉ်တစ်စင်းတည်းပေါ်မှ အတူတကွပူးပေါင်းလုပ်ဆောင်သည့် လေယာဉ်မှူးနှင့်တွဲဖက်လေယာဉ်မှူးကဲ့သို့ ဖြစ်လာပါလိမ့်မည်။ တိုက်မိနိုင်သည့်လမ်းကြောင်းပေါ်ရှိ လေယာဉ်နှစ်စင်းပေါ်မှ လေယာဉ်မှူးနှစ်ဦးနှင့်တူမည် မဟုတ်ပေ။ ထို့ပြင် သင်တို့ သဘောထားကွဲလွဲသောအခါ တစ်ဦးကိုတစ်ဦး ပြစ်တင်စွပ်စွဲခြင်းဖြင့် တန်ဖိုးရှိသောအချိန်နှင့် စိတ်ဓာတ်အင်အား ကုန်ခန်းစေမည့်အစား လက်တွေ့ကျကျ ဖြေရှင်းကြပေမည်။

      ဤအရာကိုကြိုးစားကြည့်ပါ။ အောက်ပါမေးခွန်းများကို ဖြေဆိုခြင်းဖြင့် ပူးပေါင်းလုပ်ဆောင်လိုသည့် သင့်သဘောထားကို ဆန်းစစ်ပါ။

      ◼ ငါရှာတဲ့ပိုက်ဆံဖြစ်တဲ့အတွက် “အားလုံးက ငါ့ပိုက်ဆံပဲ” လို့ ငါသဘောထားသလား။

      ◼ ငါ့အိမ်ထောင်ဖက်က သူ့ဆွေမျိုးတွေနဲ့ ရင်းရင်းနှီးနှီးနေပေမဲ့ ငါကတော့ သူတို့နဲ့ ခပ်ခွာခွာပဲနေသလား။

      ◼ ငါ့အိမ်ထောင်ဖက်နဲ့ဝေးနေမှပဲ ငါကောင်းကောင်းအနားရသလား။

      သန္နိဋ္ဌာန်ချထားပါ။ သင့်အိမ်ထောင်ဖက်နှင့် ပို၍ပူးပေါင်းလုပ်ဆောင်နိုင်သည့် နည်းလမ်းတစ်ခုနှစ်ခုကို စဉ်းစားကြည့်ပါ။

      သင့်အိမ်ထောင်ဖက် မည်သို့အကြံပြုမည်နှင့်ပတ်သက်၍ သူ့ကို မေးကြည့်ပါ။

      [စာမျက်နှာ ၅ ပါ ရုပ်ပုံ]

      ပူးပေါင်းလုပ်ဆောင်မှုဟူသည် လေယာဉ်တစ်စင်းတည်းပေါ်ရှိ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးကဲ့သို့ အတူတကွလုပ်ဆောင်ခြင်းကိုဆိုလို

  • လျှို့ဝှက်ချက် ၄– လေးစားမှု
    နိုးလော့!—၂၀၀၉ | အောက်တိုဘာ
    • လျှို့ဝှက်ချက် ၄– လေးစားမှု

      ‘ခပ်သိမ်းသော အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို ဖယ်ရှားကြလော့။’—ဧဖက် ၄:၃၁။

      ဆိုလိုသည့်အရာ။ ပြဿနာရှိသောမိသားစုများတွင်သာမက အောင်မြင်သောမိသားစုများတွင်လည်း သဘောထားကွဲလွဲမှုများရှိသည်။ သို့သော် အောင်မြင်သောမိသားစုများသည် ခနဲ့သော၊ စော်ကားသော၊ ရိုင်းပျသောစကားများ မသုံးဘဲ ယင်းတို့ကို ဖြေရှင်းကြသည်။ မိသားစုဝင်များသည် မိမိကိုဆက်ဆံစေလိုသည့်အတိုင်း တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြသည်။—မဿဲ ၇:၁၂။

      အရေးကြီးရသည့်အကြောင်းရင်း။ စကားလုံးများသည် အဖျက်စွမ်းအားပြင်းသောလက်နက်များကဲ့သို့ ဖြစ်လာနိုင်သည်။ “စိတ်တို၍ ရန်တွေ့တတ်သောမိန်းမနှင့်နေသည်ထက် တောလွင်ပြင်၌နေသော် သာ၍ကောင်း၏” ဟုကျမ်းစာပါ ပညာရှိစကားတစ်ခုကဆိုသည်။ (သု. ၂၁:၁၉) ထိုသို့ရန်တွေ့တတ်သောယောက်ျားမျိုးလည်း အလားတူပင်။ မိဘများနှင့်ပတ်သက်၍ ကျမ်းစာက ဤသို့ဆိုသည်– “ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။” (ကောလောသဲ ၃:၂၁) အစဉ်ပြစ်တင်ဝေဖန်ခံနေရသောကလေးများသည် မိဘများ စိတ်ကျေနပ်စေရန် မိမိတို့လုပ်နိုင်တော့မည်မဟုတ်ဟု ခံစားလာရနိုင်သည်။ ကြိုးစားချင်စိတ်ပင် ရှိတော့မည်မဟုတ်ပေ။

      ဤအရာကိုကြိုးစားကြည့်ပါ။ အောက်ပါမေးခွန်းများကို ဖြေဆိုခြင်းဖြင့် သင့်အိမ်ထောင်တွင် တစ်ဦးကိုတစ်ဦးလေးစားမှုသည် အဘယ်အဆင့်တွင်ရှိကြောင်း ဆန်းစစ်ပါ။

      ◼ အိမ်ထောင်မှာ သဘောထားကွဲလွဲမှုတွေဖြစ်တိုင်း တစ်ယောက်က အပြင်ကို ဝုန်းဒိုင်းကြဲပြီးထွက်သွားတာမျိုးနဲ့ အမြဲအဆုံးသတ်သွားလေ့ရှိသလား။

      ◼ ငါ့အိမ်ထောင်ဖက်နဲ့ ဒါမှမဟုတ် ကလေးတွေနဲ့ စကားပြောတဲ့အခါ “ငတုံး၊” “ငအ” ဒါမှမဟုတ် အဲဒီလိုမျိုး စော်ကားတဲ့စကားလုံးတွေကို သုံးလေ့ရှိသလား။

      ◼ ရိုင်းပျတဲ့စကားတွေ ပြောလေ့ရှိတဲ့ဝန်းကျင်မျိုးမှာ ငါကြီးပြင်းလာသလား။

      သန္နိဋ္ဌာန်ချထားပါ။ သင့်အပြောအဆိုတွင် လေးစားမှုတင်ပြရန် သင်ချမှတ်နိုင်သည့်ပန်းတိုင်တစ်ခုနှစ်ခုကို စဉ်းစားကြည့်ပါ။ (အကြံပြုချက်– “မင်း/ရှင်” အစား “ကို/ကျွန်မ” ဟူသောစကားလုံးကို အသုံးပြုရန် သန္နိဋ္ဌာန်ချထားပါ။ ဥပမာ၊ “ရှင်ကအမြဲ ဒီလိုပဲ” ဟုပြောမည့်အစား “ရှင် အဲဒီလိုလုပ်တာ ကျွန်မစိတ်ထိခိုက်တယ်” ဟုပြောပါ။)

      သင့်ပန်းတိုင်များအကြောင်း သင့်အိမ်ထောင်ဖက်ကို ပြောပြပါ။ သုံးလကြာပြီးနောက် သင်မည်မျှတိုးတက်လာကြောင်း သင့်အိမ်ထောင်ဖက်ကို မေးကြည့်ပါ။

      သင့်သားသမီးများနှင့် ပြောဆိုဆက်သွယ်ရာတွင် ရိုင်းပျသောစကားများ မပြောဆိုမိစေရန် ချမှတ်နိုင်သည့်ဘောင်အချို့ကို စဉ်းစားကြည့်ပါ။

      သင့်သားသမီးများကို ကြမ်းတမ်းနာကြည်းသောစကားများ ပြောဆိုမိလျှင် တောင်းပန်ပါ။

      [စာမျက်နှာ ၆ ပါ ရုပ်ပုံ]

      သမုဒ္ဒရာလှိုင်းလုံးများသည် ကျောက်ဆောင်ကို တိုက်စားနိုင်သကဲ့သို့ ထိခိုက်စေသောစကားများသည် အိမ်ထောင်ကို ချည့်နဲ့စေနိုင်

  • လျှို့ဝှက်ချက် ၅– အကျိုးသင့်အကြောင်းသင့်ရှိခြင်း
    နိုးလော့!—၂၀၀၉ | အောက်တိုဘာ
    • လျှို့ဝှက်ချက် ၅– အကျိုးသင့်အကြောင်းသင့်ရှိခြင်း

      “သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို . . . ထင်ရှားစေကြလော့။”—ဖိလိပ္ပိ ၄:၅။

      ဆိုလိုသည့်အရာ။ အောင်မြင်သောအိမ်ထောင်တွင် လင်ယောက်ျားနှင့်ဇနီးသည် အချင်းချင်း၏အမှားများကို ခွင့်လွှတ်ကြသည်။ (ရောမ ၃:၂၃) သူတို့သည် သားသမီးများကို အလွန်စည်းကမ်းတင်းကျပ်ခြင်း မရှိသကဲ့သို့ အလွန်အလိုလိုက်ခြင်းလည်း မရှိပေ။ သူတို့သည် အကျိုးသင့်အကြောင်းသင့်ရှိသော မိသားစုစည်းမျဉ်းများကို ချမှတ်ကြသည်။ ဆုံးမပဲ့ပြင်ဖို့လိုသောအခါတွင်လည်း “အတော်အတန်ဆုံးမ” ကြသည်။—ယေရမိ ၃၀:၁၁။

      အရေးကြီးရသည့်အကြောင်းရင်း။ “အထက်မှဉာဏ်ပညာမူကား . . . အကျိုးသင့်အကြောင်းသင့်သဘောရှိ၏” ဟုကျမ်းစာကဆိုသည်။ (ယာကုပ် ၃:၁၇) ဘုရားသခင်ကိုယ်တိုင်ပင် မစုံလင်သောလူသားများထံမှ စုံလင်မှုကို မတောင်းဆိုလျှင် အိမ်ထောင်သည်အချင်းချင်းလည်း အဘယ်ကြောင့် တောင်းဆိုရမည်နည်း။ အသေးအဖွဲအမှားများကို အစဉ်ပြစ်တင်ဝေဖန်နေခြင်းသည် စိတ်နာကြည်းခြင်းကိုသာ ဖြစ်ပေါ်စေပြီး အိမ်ထောင်ကို မသာယာစေပါ။ ထို့ကြောင့် “[ကျွန်ုပ်တို့] ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ” ကြောင်းလက်ခံခြင်းက အကောင်းဆုံးဖြစ်သည်။—ယာကုပ် ၃:၂။

      အောင်မြင်သောမိဘတို့သည် သားသမီးများနှင့်ဆက်ဆံရာတွင် အကျိုးသင့်အကြောင်းသင့်သဘောရှိကြသည်။ သူတို့၏စည်းမျဉ်းစည်းကမ်းများသည် တရားလွန်မဖြစ်သကဲ့သို့ သူတို့သည်လည်း “အလိုမကျနိုင်သော” မိဘများမဟုတ်ကြပါ။ (၁ ပေတရု ၂:၁၈) ယုံကြည်စိတ်ချနိုင်ကြောင်းတင်ပြသော ဆယ်ကျော်သက်သားသမီးများကို လွတ်လပ်ခွင့်ပေးကြသည်။ သူတို့သည် သားသမီးတို့၏ဘဝကိစ္စတိုင်းကို ထိန်းချုပ်ဖို့ မကြိုးစားကြပါ။ ကိုးကားချက်တစ်ခုအရ ဆယ်ကျော်သက်တစ်ဦး၏ဘ၀ကဏ္ဍရပ်တိုင်းကို ထိန်းချုပ်ရန်ကြိုးစားခြင်းသည်အချို့သောဓလေ့များတွင် “မိုးရွာစေရန် အားတက်သရောမောဟိုက်စွာမိုးခေါ်အက ကခြင်း(လွန်ဆွဲခြင်း) နှင့်တူသည်။ မိုးတော့ရွာမည်မဟုတ်ဘဲ နွမ်းလျရုံသာရှိမည်။”

      ဤအရာကိုကြိုးစားကြည့်ပါ။ အောက်ပါမေးခွန်းများကိုဖြေဆိုခြင်းဖြင့် သင်၏အကျိုးသင့်အကြောင်းသင့်သဘော အဘယ်အဆင့်တွင်ရှိသည်ကို ဆန်းစစ်ပါ။

      ◼ သင့်အိမ်ထောင်ဖက်ကို သင် နောက်ဆုံး မည်သည့်အချိန်တွင် ချီးမွမ်းခဲ့သနည်း။

      ◼ သင့်အိမ်ထောင်ဖက်ကို မည်သည့်အချိန်တွင် သင် နောက်ဆုံးပြစ်တင်ဝေဖန်ခဲ့သနည်း။

      သန္နိဋ္ဌာန်ချထားပါ။ သင်သည် ပထမမေးခွန်းကို ဖြေဆိုရခက်နေသော်လည်း ဒုတိယမေးခွန်းကို ဖြေဆိုရလွယ်ကူနေသည်ဆိုလျှင် အခြားသူများနှင့် ပို၍အကျိုးသင့်အကြောင်းသင့်ရှိနိုင်ရန် ပန်းတိုင်တစ်ခုချမှတ်ဖို့ စဉ်းစားကြည့်ပါ။

      သင်တို့နှစ်ဦးစလုံးချနိုင်သော သန္နိဋ္ဌာန်များကို သင့်အိမ်ထောင်ဖက်နှင့် ဆွေးနွေးပါလေ။

      ယုံကြည်စိတ်ချနိုင်ကြောင်းတင်ပြသော သင့်ဆယ်ကျော်သက်သားသမီးကို သင် ပေးနိုင်သော လွတ်လပ်မှုအချို့ကို စဉ်းစားကြည့်ပါ။

      အိမ်ပြန်ချိန်သတ်မှတ်ချက်ကဲ့သို့သောကိစ္စများကို သင့်ဆယ်ကျော်သက်သားသမီးများနှင့် လွတ်လွတ်လပ်လပ်ဆွေးနွေးပါ။

      [စာမျက်နှာ ၇ ပါ ရုပ်ပုံ]

      သတိရှိသောယာဉ်မောင်းတစ်ဦးကဲ့သို့ အကျိုးသင့်အကြောင်းသင့်သဘောရှိသော မိသားစုဝင်များသည် အလျှော့ပေး လိုက်လျောရန် အသင့်ရှိကြ

  • လျှို့ဝှက်ချက် ၆– ခွင့်လွှတ်ခြင်း
    နိုးလော့!—၂၀၀၉ | အောက်တိုဘာ
    • လျှို့ဝှက်ချက် ၆– ခွင့်လွှတ်ခြင်း

      “အချင်းချင်းဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။” —ကောလောသဲ ၃:၁၃။

      ဆိုလိုသည့်အရာ။ အောင်မြင်သောဇနီးမောင်နှံတို့သည် အတိတ်ကအမှားများမှ သင်ယူကြသော်လည်း စိတ်နာစရာများကို တေးမှတ်မထားကြပါ။ ထို့ပြင် ၎င်းတို့ကိုမှတ်ထားပြီး “ရှင်အမြဲနောက်ကျတယ်” သို့မဟုတ် “မင်း ဘယ်တော့မှ နားမထောင်ဘူး” စသောစကားများဖြင့် ထိုးနှက်မည်မဟုတ်ပေ။ ‘သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည် အသရေရှိ’ ကြောင်း ဇနီးမောင်နှံနှစ်ဦးစလုံး လက်ခံကြသည်။—သု. ၁၉:၁၁။

      အရေးကြီးရသည့်အကြောင်းရင်း။ ဘုရားသခင်သည် “ခွင့်လွှတ်ရန် အသင့်ရှိ” သော်လည်း လူသားများမှာမူ ထိုသို့အမြဲမဟုတ်ပေ။ (ဆာလံ ၈၆:၅၊ ကဘ) အတိတ်မှအမှားများကို မဖြေရှင်းဘဲထားပါက စိတ်နာကြည်းမှုများ စုပုံလာပြီး ခွင့်မလွှတ်နိုင်တော့သည်အထိပင် ဖြစ်လာနိုင်သည်။ ထိုအခါ အိမ်ထောင်ဖက်တို့သည် မိမိတို့၏ခံစားချက်များကို ရင်မဖွင့်တော့ဘဲ တစ်ဦး၏ခံစားချက်ကိုတစ်ဦးက လျစ်လျူရှုလာပေမည်။ သို့နှင့် မေတ္တာမဲ့သောအိမ်ထောင်ရေးတွင် ချောင်ပိတ်မိနေသည်ဟု နှစ်ဦးစလုံးခံစားလာရသည်။

      ဤအရာကို ကြိုးစားကြည့်ပါ။ ကြင်စဦးအချိန် သို့မဟုတ် ပိုးပန်းချိန်တွင် သင်နှင့်သင့်အိမ်ထောင်ဖက် ရိုက်ထားသောဓာတ်ပုံအဟောင်းများကို ထုတ်ကြည့်ပါ။ တစ်ဦးနှင့်တစ်ဦး ပြဿနာများမပေါ်မီ၊ အမြင်သဘောထားမပြောင်းမီ ရှိခဲ့သောမေတ္တာကို ပြန်ရှင်သန်လာစေပါ။ ထို့နောက် သင့်အိမ်ထောင်ဖက်နှင့်ပတ်သက်၍ သင့်ကိုဆွဲဆောင်မှုဖြစ်စေခဲ့သော အရည်အသွေးများကို ပြန်စဉ်းစားပါ။

      ◼ ယခု သင့်အိမ်ထောင်ဖက်၏ အဘယ်အရည်အသွေးများကို သင် သဘောအကျဆုံးနည်း။

      ◼ သင်သည် ပို၍ခွင့်လွှတ်တတ်သူဖြစ်ခြင်းကြောင့် သင့်သားသမီးများအပေါ် သက်ရောက်နိုင်သည့် ကောင်းကျိုးအချို့ကို စဉ်းစားကြည့်ပါ။

      သန္နိဋ္ဌာန်ချထားပါ။ သင့်အိမ်ထောင်ဖက်နှင့် လောလောဆယ်သဘောထားကွဲလွဲမှုထဲသို့ အတိတ်ကအမှားများကိုဆွဲမထည့်မိစေရန် သင်ကြိုးစားနိုင်သည့် နည်းလမ်းတစ်ခု၊ နှစ်ခုကို စဉ်းစားကြည့်ပါ။

      သင် သဘောကျသော အရည်အသွေးများအတွက် သင့်အိမ်ထောင်ဖက်ကို ချီးမွမ်းပါ။—သု. ၃၁:၂၈၊ ၂၉။

      သင့်သားသမီးများကို သင်ခွင့်လွှတ်ကြောင်း ဖော်ပြနိုင်သည့်နည်းလမ်းအချို့ကို သုံးသပ်ပါ။

      မိသားစုဝင်အချင်းချင်းခွင့်လွှတ်ခြင်းနှင့် ခွင့်လွှတ်တတ်သောသဘောကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို သင့်သားသမီးများနှင့်ဆွေးနွေးပါ။

      [စာမျက်နှာ ၈ ပါ ရုပ်ပုံ]

      သင်ခွင့်လွှတ်လိုက်သည့်အခါ အကြွေးစာရင်းရှင်းလိုက်ခြင်းနှင့်တူသည်။ ပြန်တောင်းရန်မကြိုးစားတော့ပါ

  • လျှို့ဝှက်ချက် ၇– ခိုင်ခံ့သောအုတ်မြစ်
    နိုးလော့!—၂၀၀၉ | အောက်တိုဘာ
    • လျှို့ဝှက်ချက် ၇– ခိုင်ခံ့သောအုတ်မြစ်

      ဆိုလိုသည့်အရာ။ အိမ်တစ်လုံးသည် ၎င်းဘာသာ၎င်း ဆယ်စုနှစ်များစွာကြာသည့်အထိ တာရှည်မခံနိုင်သကဲ့သို့ ကြံ့ခိုင်သန်စွမ်းသော မိသားစုများသည်လည်း အလိုအလျောက် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခြင်းမဟုတ်ပါ။ တောင့်တင်းခိုင်မာသော အဆောက်အအုံတစ်ခုသည် ခိုင်ခံ့သောအုတ်မြစ်လိုသည့်နည်းတူ ကြံ့ခိုင်သန်စွမ်းသော မိသားစုတစ်ခုအတွက်လည်း အလားတူပင်။ အောင်မြင်သောမိသားစုများသည် အကျိုးဖြစ်ထွန်းသော လမ်းညွှန်မှုရင်းမြစ်တစ်ခုအပေါ်အခြေခံ၍ တည်ဆောက်ထားကြသည်။

      အရေးကြီးရသည့်အကြောင်းရင်း။ စာအုပ်များ၊ မဂ္ဂဇင်းများနှင့် တီဗွီအစီအစဉ်များတွင် မိသားစုဘ၀နှင့်ပတ်သက်သော အကြံဉာဏ်အမြောက်အမြားပါရှိသည်။ အိမ်ထောင်ရေးအကြံပေးပုဂ္ဂိုလ်အချို့သည် ပြဿနာကြုံနေသောမောင်နှံစုံတို့ကို အတူဆက်နေရန်တိုက်တွန်းကြသော်လည်း အခြားသူများမှာမူ ကွာရှင်းရန်တိုက်တွန်းပေမည်။ ကျွမ်းကျင်ပညာရှင်များပင် ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏သဘောထားပြောင်းလဲသွားကြသည်။ ဥပမာ၊ ၁၉၉၄ ခုနှစ်တွင် မြီးကောင်ပေါက်တို့၏ပြဿနာများကို အထူးပြုလေ့လာသော ကျော်ကြားသည့်ပညာရှင်တစ်ဦးက “မသာယာသောအိမ်ထောင်ရှိ မိဘတို့နှင့်နေသည်ထက် ပျော်ရွှင်သော ကြင်ဖော်မဲ့မိဘတစ်ဦးနှင့်အတူနေရသည်က ကလေးများအတွက် ပိုကောင်းသည်။ မသာယာသောအိမ်ထောင်ရေးတွင် ရန်ဖြစ်နေသည်ထက် ကွာရှင်းရန် ရွေးချယ်လိုက်ခြင်းက ပိုကောင်းကြောင်း ကျွန်မထင်ခဲ့သည်” ဟု သူ့ယူဆချက်ကို ၎င်း၏လုပ်သက်အစောပိုင်းတွင် ရေးသားခဲ့သည်။ သို့သော် ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် သူ့သဘောထားပြောင်းသွားသည်။ “ကွာရှင်းခြင်းက သားသမီးများကို ယူကျုံးမရဖြစ်စေသည်” ဟုသူဖော်ပြခဲ့သည်။

      သဘောထားများသည် ပြောင်းလဲနိုင်သော်လည်း အကောင်းဆုံးအကြံဉာဏ်ကို ဘုရားသခင့်တရားစကားတော်သမ္မာကျမ်းစာပါမူများတွင် အမြဲတွေ့ရှိနိုင်ပါသည်။ ဤအခန်းဆက်ဆောင်းပါးကိုဖတ်သည့်အခါ စာမျက်နှာ ၃ မှ ၈ ၏ထိပ်ရှိကျမ်းစာမူများကို သင်သတိပြုမိပေမည်။ ယင်းမူများသည် မိသားစုများစွာကို စစ်မှန်သောအောင်မြင်မှုရရှိရန် အထောက်ကူပြုခဲ့သည်။ အခြားမိသားစုအားလုံးနည်းတူ သူတို့တွင်လည်းပြဿနာများရှိကြသည်။ ခြားနားချက်မှာ သမ္မာကျမ်းစာသည် အိမ်ထောင်ရေးနှင့်မိသားစုဘဝကို ခိုင်ခံ့သောအုတ်မြစ်တစ်ခုချနိုင်ရန် သူတို့ကိုထောက်ပံ့ပေးခဲ့သည်။ သမ္မာကျမ်းစာ၏အာဘော်ရှင်မှာ မိသားစုကိုအစပြုသော ယေဟောဝါဘုရားသခင်ဖြစ်သောကြောင့် ကျမ်းစာသည် မှန်ကန်ကြောင်း ယုံကြည်စိတ်ချနိုင်ပေသည်။—၂ တိမောသေ ၃:၁၆၊ ၁၇။

      ဤအရာကိုကြိုးစားကြည့်ပါ။ စာမျက်နှာ ၃ မှ ၈ ၏ထိပ်တွင်ကိုးကားထားသော ကျမ်းချက်များကို စာရင်းပြုစုပါ။ သင့်အားအထောက်အကူပြုသော အခြားမည်သည့်ကျမ်းချက်ကိုမဆို ထပ်ဖြည့်ပါ။ ဤစာရင်းကိုအသင့်ဆောင်ထားပြီး မကြာခဏပြန်ကိုးကားပါ။

      သန္နိဋ္ဌာန်ချထားပါ။ သင့် မိသားစုဘ၀တွင် ကျမ်းစာမူများကိုလက်တွေ့ကျင့်သုံးရန် ဆုံးဖြတ်ပါ။

      [စာမျက်နှာ ၉ ပါ ရုပ်ပုံ]

      သင့်မိသားစုသည် ကျမ်းဆိုင်ရာခိုင်ခံ့သောအုတ်မြစ်ဖြင့် မုန်တိုင်းကဲ့သို့သော ဖိအားများကို ကြံ့ကြံ့ခံနိုင်

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ