မိဘတွေ ကူညီပေးနိုင်ရာ
သင့်ကလေးရဲ့ ဆရာ၊ ဆရာမတွေကို သင်နဲ့ ပူးပေါင်းဆောင်ရွက်သူအဖြစ် မြင်ပါ
“စာသင်ခန်းတွေက ကျောင်းသား/သူတွေနဲ့ ပြွတ်သိပ် ကျပ်ညှပ်နေတယ်။ အဲဒီအပြင် ပန်ကာလည်းမရှိတော့ ပူအိုက်ပြီး မွန်းကျပ်နေတာပဲ။”—လူးစ်၊ ဘိုလီးဗီးယား။
“ကျွန်မတို့ကျောင်းမှာ ဆရာ၊ ဆရာမ နည်းလို့ တစ်ယောက်ချင်းစီကိုတော့ ဂရုမစိုက်နိုင်ဘူး။ မြေပုံ၊ လက်တွေ့ခန်း၊ စာကြည့်တိုက်တွေလည်း မရှိဘူး။”—ဒေါ်ကာ၊ မြန်မာ။
“ကျွန်မရဲ့ ဆရာ၊ ဆရာမအများစုက အတန်းကို မနည်းထိန်းနေရတယ်။ ကျောင်းသားတွေကလည်း သောင်းကျန်းလိုက်တာ လွန်ရော။ ဒါကြောင့် ကျောင်းမှာ စာသင်ရတာ တော်တော်ခက်တယ်။”—နီနာ၊ တောင်အာဖရိက။
အထက်မှာ ဖော်ပြတဲ့အတိုင်း တချို့ကျောင်းတွေရဲ့ အခြေအနေတွေက ပညာသင်ကြားဖို့ တကယ့်ကို ခက်ခဲလွန်းပါတယ်။ မိဘတွေအနေနဲ့ ဒီလိုအခက်အခဲတွေ ရှိနေတဲ့ကြားကနေ ကိုယ့်သားသမီးတွေကို အကောင်းဆုံးအကျိုးရဖို့ ဘယ်လို ကူညီပေးနိုင်မလဲ။ အကြံပြုချက်တချို့ကို အောက်မှာ ဖော်ပြထားပါတယ်။
ကိုယ့်ဘက်က အစပြုလုပ်ဆောင်ပါ။
သင် ဘာမှ မတတ်နိုင်တဲ့ ပြဿနာတွေကို အာရုံစိုက်နေမယ့်အစား လုပ်နိုင်တဲ့အရာကို အာရုံစိုက်ပါ။ တကယ်လို့ သင့်ကလေးမှာ မလိုက်နိုင်ဘူးလို့ထင်ရတဲ့ ဘာသာရှိနေတယ် ဒါမှမဟုတ် အိမ်စာတွေနဲ့ ပိနေတယ်ဆိုရင် ကလေးနဲ့ အတူတူဆွေးနွေးပြီး ဖြေရှင်းနည်းတချို့ ရှာကြည့်ပါ။ ဥပမာ၊ သင့်ကလေး စာကို ကောင်းကောင်း အာရုံစိုက်လုပ်နိုင်မယ့်နေရာ ပြင်ဆင်ပေးနိုင်မလား။ အရေးကြီးတဲ့ အလုပ်တွေကို ဇယားဆွဲလုပ်တတ်ဖို့ သင့်ကလေး အကူအညီလိုနေသလား။ သူ့အတွက် စာပြပေးမယ့်သူ တစ်ယောက်ယောက် လိုအပ်နေသလား။ အဲဒီအပြင် တခြား အကြံဉာဏ်တွေရဖို့ ကလေးတွေရဲ့ ဆရာ၊ ဆရာမနဲ့ တိုင်ပင်နိုင်တယ်။ သူတို့ကို သင်နဲ့ ပူးပေါင်းဆောင်ရွက်သူတွေအဖြစ် မြင်ပါ။
ပညာသင်ကြားခြင်းရဲ့ ပန်းတိုင်ကို အာရုံစိုက်ဖို့ သင့်ကလေးကို ကူညီပါ။
ပညာရေးက သင့်ကလေးကို ရင့်ကျက်တဲ့၊ တာဝန်သိတတ်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးထွားလာစေသင့်တယ်။ ချမ်းသာအောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ ပန်းတိုင်တစ်ခုတည်း မဖြစ်သင့်ဘူး။ ဒါပေမဲ့ လူငယ်များစွာဟာ ချမ်းသာကြွယ်ဝဖို့ဆိုတဲ့ ပန်းတိုင်နဲ့ ပညာသင်နေကြကြောင်း လေ့လာမှုတွေမှာ တွေ့နေရတယ်။ ရုပ်ပစ္စည်းနဲ့ပတ်သက်ပြီး မျှတတဲ့အမြင် ရှိဖို့ သမ္မာကျမ်းစာက အားပေးထားတယ်။ ‘ငွေဟာ ကွယ်ကာတတ်’ တယ်ဆိုတာကို အသိအမှတ်ပြုသလို “ချမ်းသာရန် စိတ်ပိုင်းဖြတ်ထားသူ” တွေက စစ်မှန်တဲ့ ပျော်ရွှင်မှု မရနိုင်ဘူးလို့လည်း သတိပေးထားပြန်တယ်။—ဒေ. ၇:၁၂။ ၁ တိမောသေ ၆:၉။
သင့်ကလေးကို အခက်အခဲတွေကနေ သင်ယူခွင့်ပြုပါ။
တချို့ကျောင်းသူ/သားတွေကို ထိန်းရတာ မလွယ်ဘူး၊ ဒါပေမဲ့ တချို့မိဘတွေက ပိုဆိုးတယ်လို့ ဆရာ၊ ဆရာမ တော်တော်များများက ပြောကြတယ်။ တချို့မိဘတွေက သားသမီးတွေကိစ္စမှာ တစ်ဆိတ်ရှိ ဝင်ပါချင်ကြ၊ ကာကွယ်ပေးချင်ကြတယ်။ ဥပမာ၊ တိုင်းမ်မဂ္ဂဇင်းတစ်စောင်မှာ ကောလိပ်က ပါမောက္ခတစ်ယောက် ပြောတဲ့စကားကို ဖော်ပြထားတယ်။ အဲဒီပါမောက္ခရဲ့ ကျောင်းသူ/သားတချို့က အဆင့်သတ်မှတ်ချက် ကျသွားတာကို မကျေနပ်လို့ စာသင်ချိန်မှာပဲ သူတို့မိဘတွေဆီ ဖုန်းခေါ်တယ်။ မိဘတွေကလည်း ချက်ချင်းပဲ ဆရာမနဲ့ စကားပြောလိုတဲ့အတွက် ဖုန်းလွှဲခိုင်းတတ်တယ်။ တချို့မိဘတွေကျတော့ ကလေးပညာရေးအတွက် ငွေကြေးအများကြီး အကုန်ခံထားလို့ အဆင့်သတ်မှတ်ချက် ကောင်းကောင်းပဲ လိုချင်တယ်လို့ ပြောကြတယ်။
အဲဒီလိုမိဘတွေက သူတို့ကလေးကို ချစ်ရာ မရောက်ဘဲ နှစ်ရာ ရောက်နေတယ်။ သူတို့ကလေးတွေကို ကူညီရာ မရောက်ဘဲ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်ကို မခံစားရအောင်၊ အမှားကနေ သင်ယူခွင့်မရအောင် ဟန့်တားနေရာကျတယ်လို့ ပိုလီ ယွန်-အီဆန်ဒါရတ်က သူ့စာအုပ် (The Self-Esteem Trap) မှာ ရေးထားတယ်။ “တကယ်လို့ မိဘတွေက သားသမီးတွေရဲ့ ပြဿနာကို ထစ်ခနဲရှိ ဝင်ဝင်ပြီး ဖြေရှင်းပေးနေမယ်ဆိုရင် မိဘတွေက အတွေ့အကြုံ ပိုရှိလာပြီး သားသမီးတွေက ကိုယ့်ဟာကိုယ် ဘာဆိုဘာမှ မလုပ်တတ်တော့ဘဲ မိဘတွေကိုပဲ လုံးလုံးမှီခိုတဲ့သူ ဖြစ်သွားလိမ့်မယ်” လို့လည်း ထပ်ရေးထားတယ်။
ပညာရေးကို ဘယ်လောက်အထိ လိုက်စားမယ်ဆိုတဲ့ကိစ္စမှာ အကျိုးသင့်အကြောင်းသင့် ရှိပါ။
ရှေ့မှာဖော်ပြထားသလိုပဲ ပညာရေးက တာဝန်ယူတတ်တဲ့ လူကြီးဖြစ်လာအောင် ပြင်ဆင်ပေးရာမှာ အထောက်အကူ ဖြစ်နိုင်တယ်။ (ကမ္ဘာဦး ၂:၂၄) ဒါပေမဲ့ အဲဒီပန်းတိုင်အတွက် ကျောင်းပညာရေးကို ဘယ်လောက်အထိ သင်ရမလဲ။
တက္ကသိုလ်တစ်ခု တက်မှပဲ သင့်ရဲ့ကလေးက ဘဝရပ်တည်မှု တစ်ခုရှိနိုင်မယ်လို့ မယူဆလိုက်ပါနဲ့။ ပိုက်ဆံကုန် သက်သာတဲ့ တခြားရွေးချယ်စရာတွေ ရှိပါတယ်။ ဒါ့အပြင် တချို့တွေ သင်ယူတဲ့ သက်မွေးဝမ်းကျောင်း အတတ်ပညာတွေက တက္ကသိုလ်အဆင့် ပညာတတ်ထားတဲ့ သူတွေလိုပဲ ဘဝရပ်တည်မှု ပေးနိုင်တယ်။
အဓိကအချက်– ပြီးပြည့်စုံတဲ့ကျောင်းဆိုတာ မရှိသလို လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က မကြားဖူးတဲ့ အခက်အခဲတွေကို ဒီနေ့ခေတ် ကလေးတွေ ကြုံနေကြရတယ်။ ဒါပေမဲ့ သင့်ကလေး ကျောင်းကနေ အကျိုးအပြည့်အဝရအောင် သင်ပံ့ပိုးပေးနိုင်ပါတယ်။ ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၃ ကနေ ၇ မှာပါတဲ့ အကြံပြုချက်တွေကို မိသားစုလိုက် ဆွေးနွေးကြည့်ပါ။