ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဘာကြောင့် ဈေးဝယ်ကြတာလဲ
    နိုးလော့!—၂၀၁၃ | ဇွန်
    • [စာမျက်နှာ ၈ ပါ ရုပ်ပုံ]

      မျက်နှာဖုံးအကြောင်းအရာ– ဝယ်တာတွေ သိပ်များနေသလား

      ဘာကြောင့် ဈေးဝယ်ကြတာလဲ

      ၂၀၁၂ ခုနှစ်မှာထုတ်ပြန်တဲ့ ကမ္ဘာချီစစ်တမ်းကောက်ယူမှုမှာ တစ်ဝက်လောက်ဟာ တကယ်မလိုအပ်တဲ့ပစ္စည်းတွေ ဝယ်ကြကြောင်း ဝန်ခံကြတယ်။ သုံးပုံနှစ်ပုံက လူတွေဟာ အလွန်အကျွံဝယ်ကြလို့ စိုးရိမ်မိကြောင်းပြောတယ်။ စိုးလည်းစိုးရိမ်စရာပါပဲ။ လူများစွာက အကြွေးနွံနစ်နေတယ်။ ပညာရှင်တွေရဲ့အဆိုအရ ပစ္စည်းတွေကို အလွန်အကျွံဝယ်တာက ကျေနပ်မှုကိုမပေးဘဲ ဖိစီးမှုပိုများစေနိုင်တယ်၊ ပျော်ရွှင်မှုပျောက်ဆုံးစေနိုင်တယ်။ ဒါဆိုရင် ဘာကြောင့်များ ပစ္စည်းတွေ တစ်ပုံတစ်ခေါင်း ဝယ်ကြတာလဲ။

      ကျွန်ုပ်တို့ဟာ မကုန်ဆုံးနိုင်တဲ့ ကြော်ငြာတွေ၊ အရောင်းမြှင့်တင်ရေးတွေကို နေ့စဉ်တွေ့ မြင်နေကြရတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ လိုချင်တဲ့အရာကို လိုအပ်တဲ့အရာလို့ ထင်လာအောင်လုပ်ဖို့ဖြစ်တယ်။ လူတွေဟာ စိတ်ရဲ့လှုံ့ဆော်မှုအတိုင်း ပြုမူလုပ်ကိုင်တတ်ကြတယ်ဆိုတာ အရောင်းမြှင့်တင်ရေးသမားတွေ သိထားတယ်။ ဒါကြောင့် ကြော်ငြာတွေ၊ ဈေးဝယ်ရတာတွေကို စိတ်လှုပ်ရှားစရာဖြစ်အောင် ဖန်တီးထားကြတယ်။

      “လူတွေဟာ တစ်ခုခုဝယ်ဖို့ စီစဉ်တဲ့အခါ အဲဒါကို လိုက်ရှာတယ်၊ တွေ့တယ်၊ ဝယ်တယ်ဆိုပြီး စိတ်ကူးယဉ်တတ်ကြတယ်” လို့ စာအုပ်တစ်အုပ် (Why People Buy Things They Don’t Need) က ဖော်ပြတယ်။ တချို့ပညာရှင်တွေရဲ့အဆိုအရ လူတွေဟာ ဈေးဝယ်ထွက်တဲ့အခါ အရမ်းကို စိတ်လှုပ်ရှားနိုင်တယ်။ အရောင်းမြှင့်တင်ရေးကျွမ်းကျင်သူ ဂျင် ဖူးလာ က ခုလိုရှင်းပြတယ်– “ဝယ်ယူသူတွေက စိတ်လှုပ်ရှားတဲ့အခါ ကောင်းကောင်းမစဉ်းစားနိုင်တော့ဘူး။ ဒါကို ဈေးရောင်းသူတွေသိတဲ့အတွက် အဲဒါကို အခွင့်ကောင်းယူတတ်ကြတယ်။”

      လိမ္မာပါးနပ်လှတဲ့ အရောင်းမြှင့်တင်ရေးသမားတွေရဲ့ ဆွဲဆောင်မှုထဲပါမသွားအောင် သင့်ကိုယ်သင် ဘယ်လိုကာကွယ်နိုင်မလဲ။ စိတ်ခံစားချက်ကို ခဏဘေးချိတ်ပြီး ကြော်ငြာတွေ၊ အရောင်းမြှင့်တင်ရေးတွေ ပုံဖော်တဲ့အရာနဲ့ လက်တွေ့အခြေအနေတွေကို နှိုင်းယှဉ်ကြည့်ခြင်း အားဖြင့်ဖြစ်တယ်။

      ပုံဖော်ရာ– “ဒီအရာနဲ့ဆိုရင် သင့်ဘဝဟာ ကျေနပ်ပျော်ရွှင်စရာ ပိုကောင်းလာမယ်”

      ပိုကျေနပ်ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်ချင်တာ သဘာဝပါပဲ။ ဒီပစ္စည်းကိုရွေးချယ်ဝယ်ယူရင် ပိုကောင်းတဲ့ကျန်းမာရေး၊ လုံခြုံမှု၊ ဖိစီးမှုကင်းဝေးခြင်းနဲ့ လူမှုရေး မှာရင်းနှီးမှုပိုတိုးလာခြင်းစတဲ့ လိုချင်တဲ့အရာအားလုံးကို ရရှိစေမယ်ဆိုတဲ့အချက်အလက်ကို ကြော်ငြာတွေက ကျွန်ုပ်တို့ဆီ တရစပ်ပို့လွှတ်နေတယ်။

      လက်တွေ့အခြေအနေ–

      ပိုင်ဆိုင်မှုတွေ တိုးများလာတာနဲ့အမျှ ကျွန်ုပ်တို့ဘဝမှာ ကျေနပ်ပျော်ရွှင်မှုတွေ တကယ့်ကို နည်းလာနိုင်တယ်။ ပိုပိုများလာတဲ့ ပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အချိန်နဲ့ငွေတွေ ပိုလိုအပ်လာမယ်။ အကြွေးတွေ ရှိလာတဲ့အခါ ဖိစီးမှုတွေ ပိုများလာမယ်။ မိသားစုနဲ့ မိတ်ဆွေတွေအတွက် အချိန်သိပ်ပေးနိုင်တော့မှာမဟုတ်ဘူး။

      မူ– “လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။”—လုကာ ၁၂:၁၅။

      ပုံဖော်ရာ– “လူနေမှုအဆင့် မြင့်မားလာမယ်”

      လူအထင်ကြီးဖို့ ပစ္စည်းဝယ်တာဆိုပြီး ဝန်ခံတဲ့သူကတော့ ရှားပါတယ်။ ဒါပေမဲ့ ဂျင် ဖူးလာက ခုလိုမှတ်ချက်ချတယ်– “လူတွေရဲ့ ပစ္စည်းရွေးချယ်ဝယ်ယူမှုအပေါ် အများကြီး ဩဇာလွှမ်းမိုးတဲ့အချက်ကတော့ သူတို့ရဲ့မိတ်ဆွေ၊ အိမ်နီးချင်း၊ အလုပ်ဖော်၊ ဆွေမျိုးတွေနဲ့ ယှဉ်ပြိုင်လိုစိတ်ပဲ။” ဒါကြောင့်လည်း ကုန်ပစ္စည်းတွေကို ကြော်ငြာတဲ့အခါ အောင်မြင်ကြွယ်ဝတဲ့လူတွေ သုံးနေတဲ့ပစ္စည်းအဖြစ် တင်ဆက်ကြခြင်းဖြစ်တယ်။ အဲဒီကြော်ငြာတွေပေးတဲ့ အချက်အလက်ကတော့ “ဒီပစ္စည်းဝယ်လိုက်ခြင်းအားဖြင့် သင်လည်း အောင်မြင်ကြွယ်ဝနိုင်တယ်။”

      လက်တွေ့အခြေအနေ–

      ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့နှိုင်းပြီး တန်ဖိုးသတ်မှတ်သူတွေက ကျေနပ်ရောင့်ရဲတဲ့ဘဝကို ဘယ်တော့မှ လိုက်မီမှာမဟုတ်ဘူး။ အခြေအနေတစ်ခုကို ရောက်ရှိပြီးနောက်မှာ ဒီထက်ပိုမြင့်တဲ့အခြေအနေကို လိုချင်လာလိမ့်မယ်။

      မူ– “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။”—ဒေသနာ ၅:၁၀။

      ပုံဖော်ရာ– “သင်ဟာ ဘယ်လိုလူဖြစ်တယ်ဆိုတာ ဖော်ပြနိုင်မယ်”

      “ကိုယ်ဟာ ဘယ်လိုလူဖြစ်တယ် (ဒါမှမဟုတ် ဘယ်လိုလူဖြစ်ချင်တယ်) ဆိုတာကို လူအများစု ဖော်ပြတတ်တဲ့နည်းကတော့ ပိုင်ဆိုင်ရာပစ္စည်းတွေကို အသုံးပြု ဒါမှမဟုတ် ပြသခြင်းအားဖြင့်ဖြစ်တယ်” လို့ စာအုပ်တစ်အုပ် (Shiny Objects) က ရှင်းပြတယ်။ အရောင်းမြှင့်တင်ရေးသမားတွေက ဒီအချက်ကို သိကြတယ်။ ဒါကြောင့် ပစ္စည်းတွေ၊ အထူးသဖြင့် ဈေးကြီးတဲ့ပစ္စည်းတွေကို သတ်သတ်မှတ်မှတ် ဘဝပုံစံ၊ စံနှုန်းတွေနဲ့ ယှဉ်တွဲဖော်ပြတတ်ကြတယ်။

      သင့်ကိုယ်သင် ဘယ်လိုမြင်ပါသလဲ။ တခြားသူတွေ သင့်ကို ဘယ်လိုမြင်စေချင်သလဲ။ စတိုင်ကျကျ နေတတ်သူအဖြစ်လား။ ပေါ့ပေါ့ပါးပါး ရှိသူအဖြစ်လား။ ဒီတံဆိပ်ကိုသာ ဝယ်လိုက်၊ သင့်ဆန္ဒအတိုင်း ဖြစ်လာလိမ့်မယ်ဆိုပြီး ကြော်ငြာတွေက ပုံဖော်တတ်ကြတယ်။

      လက်တွေ့အခြေအနေ–

      ကျွန်ုပ်တို့ အမှန်တကယ် ဘယ်လိုလူဖြစ်တယ်ဆိုတာကို ဘယ်ပစ္စည်းကမှ မပြောင်းလဲနိုင်သလို ရိုးသားမှု၊ သမာဓိရှိမှု စတဲ့ နှစ်သက်ဖွယ်အရည်အသွေးတွေကိုလည်း ဘယ်ပစ္စည်းကမှ မပေးနိုင်ပါဘူး။

      မူ– ‘သင်တို့၏ဆင်ယင်မှုသည် ရွှေဆင်ခြင်း၊ အဝတ်အစားဝတ်ခြင်း မဖြစ်စေနှင့်။ သို့အစား စိတ်နှလုံး၏အတွင်းလူကို တန်ဆာဆင်ကြလော့။’—၁ ပေတရု ၃:၃၊ ၄။

      ရုပ်ပစ္စည်းတွေအပေါ် သင့်လျော်တဲ့အမြင်

      [ရုပ်ပုံ]

      ကြော်ငြာတွေ၊ အရောင်းမြှင့်တင်ရေးအစီအစဉ်တွေ ပုံဖော်တဲ့အရာနဲ့ လက်တွေ့အခြေအနေက တစ်ထပ်တည်းကျတာ ရှားပါတယ်။ ဒါပေမဲ့ ဟန်ချက်ညီပြီး ကျေနပ်ပျော်ရွှင်စရာအသက်တာကို ညွှန်ပြပေးတဲ့ စိတ်ချရတဲ့လမ်းညွှန် ရှိပါတယ်။ ဒီဆောင်းပါးမှာ ကိုးကားထားတဲ့ မူအားလုံးက ဘုရားသခင့်တရားစကားတော် သမ္မာကျမ်းစာက ဖြစ်တယ်။ သမ္မာကျမ်းစာက ရုပ်ပစ္စည်းတွေ ပိုင်ဆိုင်တာကို အပြစ်မတင်ပါဘူး။ ဒါပေမဲ့ ပျော်ရွှင်မှုပိုရရှိတဲ့အသက်တာက “ငွေတပ်မက်ခြင်းကင်း” တဲ့ဘဝပုံစံဖြစ်တယ်လို့ သွန်သင်တယ်။—ဟေဗြဲ ၁၃:၅။

      ယနေ့ခေတ် အရောင်းမြှင့်တင်ရေးနည်းလမ်းများ

      ဒီနေ့ခေတ် ကမ္ဘာတစ်ဝန်းက အရောင်းမြှင့်တင်ရေးသမားတွေဟာ တီဗွီ၊ စာအုပ်စာပေနဲ့ အင်တာနက်မှာ ကြော်ငြာခြင်းအပြင် ပိုဆန်းသစ်တဲ့ နည်းလမ်းတွေကိုလည်း သုံးလာကြတယ်။

      [ရုပ်ပုံ]

      ကုန်ပစ္စည်းနဲ့ တံဆိပ်နာမည်တွေကို တီဗွီ အစီအစဉ်၊ ရုပ်ရှင်နဲ့ ဗီဒီယိုဂိမ်းတွေမှာ ကြော်ငြာတဲ့ပုံစံမျိုးမထွက်စေဘဲ ထည့်သွင်းဖော်ပြကြတယ်။

      [ရုပ်ပုံ]

      အခကြေးငွေယူထားသူတစ်ဦးက သူဟာ ကိုယ်စားလှယ်တစ်ဦးပါဆိုတာ တခြားသူတွေကိုမသိစေဘဲ နေ့စဉ် သာမန်အတိုင်း သွားလာလှုပ်ရှားနေရင်း ကုန်ပစ္စည်းကို နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲပြတယ်၊ ကုန်ပစ္စည်းအကြောင်း ထက်ထက်သန်သန် ပြောပြတယ်။

      [ရုပ်ပုံ]

      ဝယ်ယူသုံးစွဲသူတွေက ကုန်ပစ္စည်းအကြောင်း မိတ်ဆွေတွေကို ပြောပြကြတယ်၊ လူမှုကွန်ရက်တွေမှာ မှတ်ချက်တွေ ရေးကြတယ်။ ကုမ္ပဏီတွေက သူတို့ကို အဲဒီလိုလုပ်ဖို့ အားပေးတဲ့အနေနဲ့ ပစ္စည်းနမူနာတွေပေးတယ် ဒါမှမဟုတ် ဆုလဒ်တွေ ချီးမြှင့်တယ်။

  • အလွန်အကျွံ ငွေမသုံးမိအောင် လုပ်ဆောင်နိုင်ပုံ
    နိုးလော့!—၂၀၁၃ | ဇွန်
    • အလွန်အကျွံ ငွေမသုံးမိအောင် လုပ်ဆောင်နိုင်ပုံ

      အရောင်းမြှင့်တင်ရေးအစီအစဉ်တွေရဲ့ ဆွဲဆောင်အားအပြင် ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ စိတ်လှုပ်ရှားမှုနဲ့ အလေ့အကျင့်တွေကြောင့် အလွန်အကျွံငွေသုံးမိနိုင်တယ်။ ဒါကို ဘယ်လို ထိန်းချုပ်မလဲ။ အောက်မှာ အကြံပြုချက် ခြောက်ခုကို ဖော်ပြထား ပါတယ်။

      1. ၁။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဝယ်ချင်စိတ်ကို ဖျောက်ဖျက်ပါ။ ဈေးဝယ်ထွက်ရတာ၊ ဈေးသက်သာတဲ့ပစ္စည်းတွေ တွေ့တဲ့အခါ ပျော်သလား။ အဲဒီလိုဆိုရင်တော့ အလျင်စလိုဝယ်မိနိုင်ခြေများတယ်။ အဲဒီလိုမဖြစ်အောင် တစ်ခုခုကိုမဝယ်ခင် အဲဒါကိုဝယ်လိုက်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ ထိန်းသိမ်းရခြင်းကြောင့် ဖြစ်လာနိုင်တဲ့ရေရှည်အကျိုးဆက်ကို စဉ်းစားပါ။ အလျင်စလိုဝယ်ပြီးမှ နောင်တရခဲ့တဲ့အဖြစ်ကို ပြန်စဉ်းစားကြည့်ပါ။ နောက်ဆုံး ဆုံးဖြတ်ချက်မချခင် စဉ်းစားဖို့ အချိန်ယူပါ။

      2. ၂။ စိတ်ပြေလက်ပျောက် ဈေးဝယ်ထွက်တာမျိုး မလုပ်ပါနဲ့။ ဈေးဝယ်ထွက်လိုက်လို့ စိတ်ညစ်စရာတွေ ခဏပျောက်သွားတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ စိတ်ညစ်စရာပြန်ပေါ်လာတဲ့အခါ ဈေးဝယ်ထွက်ချင်စိတ် ပိုပြင်းထန်လာလိမ့်မယ်။ စိတ်အပြောင်းအလဲဖြစ်ဖို့ ဈေးဝယ်ထွက်မယ့်အစား မိတ်ဆွေတွေရဲ့ အားပေးထောက်မမှုကို ရှာယူပါ၊ လမ်းလျှောက်တာလိုမျိုး ကာယလှုပ်ရှားမှုတွေ လုပ်ပါ။

      3. ၃။ ဈေးဝယ်ထွက်တာကို အပန်းဖြေမှုတစ်ခုလို သဘောမထားပါနဲ့။ ကုန်တိုက်ကြီးတွေက ဈေးပတ်ဝယ်တာကို အပန်းဖြေမှုတစ်ခုလိုဖြစ်အောင် ဖန်တီးထားကြတယ်။ ကုန်တိုက်တွေမှာဖြစ်ဖြစ်၊ အင်တာနက်မှာဖြစ်ဖြစ် အပျော်သဘောနဲ့ပဲလျှောက်ကြည့်တယ်ဆိုရင်တောင် သင်တွေ့ရတဲ့အရာအတော်များများက ဝယ်ချင်စိတ်ပေါ်လာအောင် ဖန်တီးထားတဲ့အရာတွေဖြစ်တယ်။ သတ်သတ်မှတ်မှတ်ဝယ်စရာရှိမှ ဈေးဝယ်ထွက်ပါ။ ဝယ်မယ်လို့ ရည်ရွယ်ထားတာကိုပဲ ဝယ်ပါ။

      4. ၄။ အပေါင်းအသင်းကို ဂရုစိုက်ပါ။ သင့်အပေါင်းအသင်းတွေရဲ့ ဘဝပုံစံနဲ့ အပြောအဆိုတွေက သင့်ကို အကြီးအကျယ်သြဇာလွှမ်းမိုးနိုင်တယ်။ သင့်သူငယ်ချင်းတွေနဲ့ဝင်ဆံ့အောင် အလွန်အကျွံငွေသုံးစွဲနေရတယ်ဆိုရင် ငွေကြေးနဲ့ရုပ်ပစ္စည်းကို သိပ်ဦးစားမထားတဲ့ သူငယ်ချင်းတွေကို ရွေးချယ်ပါ။

      5. ၅။ ငွေချေးတဲ့အခါ ချင့်ချင့်ချိန်ချိန်ရှိပါ။ အကြွေးဝယ်ကတ်သုံးတဲ့အခါ ဒါမှမဟုတ် ငွေချေးပြီးသုံးတဲ့အခါ အကျိုးဆက်ကိုမစဉ်းစားဘဲ လွယ်လွယ်သုံးမိတတ်တယ်။ ပိုက်ဆံချေးပြီဆိုရင် အတိုးက လတိုင်းတက်မှာဖြစ်တယ်။ အဲဒါကြောင့် အကြွေးကို အမြန်ဆုံးဆပ်ဖို့ ကြိုးစားပါ၊ အကြွေးဝယ်ကတ်သုံးတယ်ဆိုရင်လည်း လစဉ်ပုံမှန် ဆပ်နိုင်အောင် ကြိုးစားပါ။ ကိုယ်ယူမယ့်အကြွေး အတိုးနှုန်းဘယ်လောက်ရှိတယ် ဒါမှမဟုတ် အကြွေးဝယ်ကတ်ရဲ့ အတိုးနှုန်း၊ ဝန်ဆောင်ခဘယ်လိုရှိတယ်ဆိုတာ သိအောင်လုပ်ပါ၊ တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ကြည့်ပြီး ပိုအဆင်ပြေတာကို ရွေးချယ်ပါ။ ငွေချေးပြီးဝယ်မယ့်အစား ပိုက်ဆံစုပြီးဝယ်တာက ပိုကောင်းပါတယ်။

      6. ၆။ သင့်ငွေကြေးအခြေအနေကိုသိပါ။ သင့်ငွေကြေးအခြေအနေကို သင်မသိဘူးဆိုရင် လွန်လွန်ကျွံကျွံသုံးစွဲမိနိုင်တယ်။ ငွေကြေးအခြေအနေကို မှတ်တမ်းထားပါ၊ နောက်ဆုံးအခြေအနေကို အမြဲသိအောင်လုပ်ပါ။ သင့်ဝင်ငွေနဲ့ အရင်ကအကုန်အကျတွေကိုမူတည်ပြီး ငွေဘယ်လိုသုံးမယ်ဆိုတာ လက်တွေ့ကျကျ ဇယားဆွဲပါ။ သင်သုံးစွဲတာတွေကို မှတ်ထားပါ၊ သင်ဆွဲထားတဲ့ဇယားနဲ့ တိုက်ကြည့်ပါ။ သင်အကျွမ်းတဝင်မရှိတဲ့ ငွေကြေးကိစ္စတွေအတွက် ယုံကြည်စိတ်ချရတဲ့မိတ်ဆွေကို အကူအညီ တောင်းပါ။

      ပစ္စည်းဝယ်ဖို့ပဲ စဉ်းစားမနေအောင် ကလေးတွေကို ထိန်းကျောင်းပေးပါ

      ကြော်ငြာတွေက အထူးသဖြင့် ကလေးတွေကိုပစ်မှတ်ထားတတ်ကြတယ်။ ဒါက ဆန်းတော့မဆန်းပါဘူး။ ကလေးတွေဟာ အလွန်အကျွံဝယ်ယူသုံးဖြုန်းနေကြတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာပဲ ဆယ်ကျော်သက်တွေရဲ့ နှစ်စဉ်အသုံးစရိတ်ဟာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိတယ်။

      ဒါပေမဲ့ သုတေသီ ဂျူးလီယက် ရှောရဲ့အဆိုအရ ပစ္စည်းအများအပြားဝယ်တတ်တဲ့ ကလေးတွေဟာ ကလေးစိတ်ကျဝေဒနာ၊ စိုးရိမ်ပူပန်မှုတွေ ခံစားရနိုင်ခြေ၊ မိဘတွေနဲ့ အဆင်မပြေဖြစ်နိုင်ခြေ ပိုများတယ်။ သင့်ကလေးကို ဘယ်လို ကာကွယ်ပေးနိုင်မလဲ။ မိဘတချို့ သူတို့ကလေးတွေကို လက်တွေ့ကျကျ ဘယ်လိုကာကွယ်သလဲဆိုတာ သုံးသပ်ကြည့်ပါ။

      ပြောပြပါ– “ကြော်ငြာတွေက နေရာတကာမှာရှိတဲ့အတွက် ဒါတွေကို ကလေးတွေ လုံးဝမမြင်အောင်တော့ လုပ်လို့မရဘူး။ အဲဒီအတွက် သမီးတွေကို သေချာရှင်းပြထားတယ်။ ကြော်ငြာတဲ့သူတွေမှာ သူတို့အကြံအစည်နဲ့ သူတို့ရှိတယ်။ ကြော်ငြာတဲ့သူကို ငှားထားတဲ့ကုမ္ပဏီက ငွေလိုချင်တာ။ အရမ်းစေတနာရှိနေလို့မဟုတ်ဘူးဆိုတာ ပြောပြထားတယ်။”—ဂျိမ်းနဲ့ ဂျက်ဆီကာ။

      အလိုမလိုက်ပါနဲ့– “ဝယ်ပေးလိုက်မှပဲ နားအေးတော့မယ်လို့ ခံစားရတဲ့အထိ ကလေးတွေ နားပူနားဆာလုပ်ပါလိမ့်မယ်။ ဒါပေမဲ့ အလိုမလိုက်ဖို့ အရေးကြီးတယ်။ အလိုမလိုက်တဲ့အခါ လိုချင်တာအားလုံးကို ရမှာမဟုတ်ဘူးဆိုတာ ကလေးတွေ သဘောပေါက်လာလိမ့်မယ်။ သမီးလေးကို ပြုစုပျိုးထောင်တုန်းက ဘယ်လိုနည်းနဲ့ တော်ရုံသင့်ရုံရှိစေနိုင်မယ်၊ ဘယ်လိုစည်းကမ်းတွေ သတ်မှတ်ရမယ်ဆိုတာ နှစ်ယောက်သား တိုင်ပင်လေ့ရှိတယ်။”—စကော့နဲ့ ကယ်လီ။

      ကြော်ငြာတွေကို တစ်ချိန်လုံးကြည့်မနေစေပါနဲ့– “ကျွန်တော်တို့မိသားစုက ရုပ်မြင်သံကြား သိပ်မကြည့်ကြဘူး။ တီဗွီကြည့်တာက မိသားစုလုပ်လေ့လုပ်ထရှိတဲ့အရာ မဟုတ်ဘူး။ တီဗွီကြည့်မယ့်အစား တခြားအရာတွေလုပ်တယ်၊ အတူတူ ချက်၊ အတူတူစားကြတယ်။ သားသုံးယောက်က စာဖတ်အားသန်ကြတယ်။” —ဂျွန်နဲ့ ဂျနီဖာ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ