တွေ့ဆုံမေးမြန်းခန်း | အီရင် ဟို့စ် လော်ရန်စို
အရိုးအထူးကုဆရာဝန်တစ်ဦးက ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာကြောင်း ရှင်းပြ
ဒေါက်တာ အီရင် ဟို့စ် လော်ရန်စိုဟာ ဆွစ်ဇလန်နိုင်ငံက အရိုးအထူးကုဆရာ၀န် ဖြစ်ပါတယ်။ တစ်ချိန်တုန်းက သူဟာ ဘုရားသခင်ရှိတာကို မယုံခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဘုရားသခင်တည်ရှိတယ်၊ ကိုယ်တော်ဟာ အသက်ကို ဖန်ဆင်းတဲ့အရှင်ဖြစ်တယ်ဆိုတာကို ယုံကြည်လာခဲ့တယ်။ နိုးလော့! က သူ့အလုပ်အကြောင်းနဲ့ ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။
သိပ္ပံပညာကို ဘာကြောင့်စိတ်ဝင်စား တာလဲ
ကလေးဘဝကတည်းက သဘာဝလောကကြီးကို စိတ်ဝင်စားတယ်။ ဇူးရစ်ရေကန် ကမ်းနဖူးမှာရှိတဲ့ သာယာလှပတဲ့ ရစ်တာစဝယ်ရွာမှာ ကျွန်မကြီးပြင်းလာခဲ့တာ။ အဖေနဲ့အမေ၊ အစ်ကိုနဲ့အစ်မတို့က ကျွန်မကို လမ်းလျှောက်ထွက်ခေါ်သွားတတ်ပြီး လမ်းမှာတွေ့ရတဲ့ အပင်တွေ၊ အကောင်လေးတွေအကြောင်း ပြောပြတတ်တယ်။
အရိုးအထူးကုပညာကို ဘာကြောင့် လေ့လာခဲ့တာလဲ
အဖေက ဆေးရုံမှာ ခွဲစိတ်ခန်းအကူအနေနဲ့ ခဏတစ်ဖြုတ် အလုပ်လုပ်ခဲ့ဖူးတယ်။ ခွဲစိတ်ခန်းမှာ သူတွေ့ခဲ့တာတွေကို အားပါးတရ ပြန်ပြောပြတတ်တယ်။ အဖေ့ရဲ့စိတ်အားထက်သန်မှုက ကျွန်မကို ကူးစက်ခဲ့တဲ့အတွက် နောက်ပိုင်း ခွဲစိတ်ဆရာဝန်အလုပ်ကို ရွေးခဲ့တယ်။ အရိုးတွေရဲ့ စနစ်တကျဖွဲ့စည်းမှုနဲ့ လုပ်ဆောင်မှုတွေကို သဘောကျတဲ့အတွက် အရိုးခွဲစိတ်ကုသတာကို အထူးဘာသာရပ်အနေနဲ့ ယူခဲ့တယ်။ အရိုးအထူးကုဆရာဝန်တွေက အရိုးတွေ၊ ကြွက်သားတွေ၊ အရွတ်အကြောတွေ ပြုပြင်တဲ့အခါ အင်ဂျင်နီယာတစ်ယောက်လို စဉ်းစားလုပ်ကိုင်ကြရတယ်။
ကျွန်မရဲ့ လူနာတွေ သက်သာလာတာကို တွေ့ရတဲ့အခါ အရမ်းဝမ်းသာတယ်။ လူတွေကို အနီးကပ်ကူညီပေးရတာ ကျွန်မကြိုက်တယ်။
ဘုရားသခင်တည်ရှိတယ်ဆိုတာကို ဘာကြောင့်မယုံခဲ့တာလဲ
လူငယ်ဘဝကတည်းကပါ၊ အထူးသဖြင့် အချက်နှစ်ချက်ကြောင့်ဖြစ်တယ်။ တစ်ခုက ဘာသာရေးဆရာတချို့က ကိုယ်ကျင့်တရားမကောင်းကြဘူး၊ အဲဒီအတွက် ကျွန်မတော်တော်စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ နောက်တစ်ခုက ကျောင်းက ဇီဝဗေဒဆရာတွေက ဆင့်ကဲအယူကို ယုံကြည်ကြပြီး အဲဒီသွန်သင်ချက်ကို ကျွန်မလက်ခံလာတယ်။ အထူးသဖြင့် တက္ကသိုလ်တက်တဲ့အခါမှာဖြစ်တယ်။
ဘာကြောင့် ဆင့်ကဲအယူကို လက်ခံခဲ့တာလဲ
ကျွန်မရဲ့ ပါမောက္ခတွေကို ကျွန်မယုံကြည်တယ်။ တချို့တိရစ္ဆာန်တွေ ကိုယ်ခန္ဓာတည်ဆောက်ပုံ ဆင်တူကြတာက ဘိုးဘေးတစ်ဦးတည်းကပဲ ဆင်းသက်တာဖြစ်ရမယ်၊ မျိုးရိုးဗီဇပြောင်းတာ (mutations) က မျိုးစိတ်သစ်တွေဖြစ်ပေါ်စေတယ်လို့ စဉ်းစားမိခဲ့တယ်။
နောက်ပိုင်း ဘာဖြစ်လို့ စိတ်ပြောင်းသွားတာလဲ
သူငယ်ချင်းတစ်ယောက်က ကျွန်မကို ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကိုတက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အသင်းသားတွေရဲ့ ဖော်ဖော်ရွေရွေ ရှိမှု၊ မှတ်သားဖွယ်ကောင်းတဲ့ ဟောပြောချက်တွေကြောင့် တော်တော်သဘောကျသွားတယ်။ နောက်တော့ အသင်းတော်က ခင်ဖို့ကောင်းတဲ့ အမျိုးသမီးတစ်ယောက်က ကျွန်မဆီလာလည်တဲ့အခါ “သမ္မာကျမ်းစာက မှန်ကန်တယ်ဆိုတာ ဘယ်လို ယုံကြည်နိုင်မလဲ” လို့ မေးလိုက်တယ်။
သူက အခုခေတ်မှာ သိသိသာသာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်တဲ့ ကျမ်းစာကြိုဟောချက်တွေကို ပြတယ်။ ဥပမာ၊ ကမ္ဘာတစ်ဝန်းမှာ စစ်တွေ၊ ငလျင်ကြီးတွေ၊ ကပ်ရောဂါတွေ၊ အစာခေါင်းပါးခြင်းတွေ ဖြစ်မယ်ဆိုတဲ့ ဒီလောကစနစ်အဆုံးမှာဖြစ်မယ့် ယေရှုရဲ့ ကြိုဟော ချက်တွေအကြောင်း ကျွန်မကို ပြောပြတယ်။a ဒီနေ့အချိန်မှာ တွေ့နေရတဲ့ လူမှုရေးခေါင်းပါးမှုတွေ၊ လောဘကြီးမှုတွေ၊ တခြားမကောင်းမှုတွေနဲ့ပတ်သက်တဲ့ ကြိုဟောထားတဲ့ ကျမ်းချက်တွေကိုလည်း ပြခဲ့တယ်။b သိပ်မကြာခင်မှာပဲ သမ္မာကျမ်းစာကို စလေ့လာခဲ့ပြီး ကျမ်းစာပါကြိုဟောချက်တွေက အမြဲပြည့်စုံတယ်ဆိုတာ သိရှိလာခဲ့တယ်။ အသက်ရဲ့မူလအစနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ရှုမြင်ချက်တွေကိုလည်း ပြန်ဆန်းစစ်ခဲ့တယ်။
အသက်ရဲ့မူလအစကို ပြန်သုံးသပ်ဖို့ ဆေးပညာရှာဖွေလေ့လာမှုတွေက အထောက်အကူပြုခဲ့သလား
ပြုပါတယ်။ ကျမ်းစာကို စလေ့လာတဲ့ အချိန်က ဒူးခေါင်းခွဲစိတ်မှုကို လေ့လာမှုလုပ်နေတဲ့အချိန်ဖြစ်တယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်းအချိန်ကစပြီး သိပ္ပံပညာရှင်တွေက ဒူးခေါင်းအစိတ်အပိုင်းတွေရဲ့ ရှုပ်ထွေးလှတဲ့ လုပ်ဆောင်မှုတွေကို ရှင်းရှင်းလင်းလင်းသိလာခဲ့တယ်။ လူ့ ဒူးခေါင်းဟာ တံခါးပတ္တာလို တစ်ဖက်တည်းကိုပဲ ကွေးနိုင်တာမျိုးမဟုတ်ဘဲ ပုံစံအမျိုးမျိုး လှုပ်ရှားလို့ရနိုင်တဲ့အတွက် လမ်းလျှောက်နိုင်တယ်၊ ကနိုင်တယ်၊ စကိတ်စီးနိုင်တယ်၊ တခြားအရာတွေ အများကြီးလုပ်ဆောင်နိုင်ပါတယ်။
ပညာရှင်တွေဟာ ဒူးခေါင်းအတုကို တီထွင်ဖို့ကြိုးစားတာ နှစ်ပေါင်းလေးဆယ်လောက်ကြာပြီ။ ဒါပေမဲ့ လူ့ ဒူးခေါင်းရဲ့ ရှုပ်ထွေးနက်နဲမှုကြောင့် တစ်ထပ်တည်းတူတဲ့ ဒူးခေါင်းမျိုးမလုပ်နိုင်ကြဘူး။ ဒါ့အပြင် လူ့ ဒူးခေါင်းနဲ့ယှဉ်ရင် ဒူးခေါင်းအတုတွေဟာ ကြာရှည်လည်းမခံဘူး။ ပိုအရည်အသွေးကောင်းတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ပြီး သူတို့ရဲ့ဒူးခေါင်းအတုက အနှစ်နှစ်ဆယ်ခံတယ်ဆိုရင်တောင် ပုံစံထုတ်တဲ့သူတွေ ကျေနပ်ကြတယ်။ လူ့ ဒူးခေါင်းကတော့ အမြဲတမ်းအသစ်ပြန်လဲနေတဲ့ သက်ရှိဆဲလ်တွေနဲ့ဖွဲ့စည်းထားပါတယ်။ လူ့ ဒူးခေါင်းဟာ ဆင့်ကဲဖြစ်စဉ်ကြောင့်မဟုတ်ဘဲ ဘုရားသခင်ရဲ့ ဉာဏ်ပညာနဲ့ဖန်ဆင်းထားတယ်ဆိုတာကို ကျွန်မယုံကြည်သွားတယ်။
မျိုးရိုးဗီဇပြောင်းတာ၊ တချို့မျိုးစိတ်တွေရဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံ တူနေတာနဲ့ပတ်သက်ပြီးတော့ကော ဘယ်လိုလဲ
အဲဒီလိုတူနေတယ်ဆိုတာက တီထွင်ဖန်တီးတဲ့သူက တစ်ဦးတည်းဖြစ်လို့ပါ။ မျိုးရိုးဗီဇပြောင်းတာကလည်း သက်ရှိတွေကို ပိုအဆင့်မြင့်တဲ့ မျိုးစိတ်တွေ မဖြစ်ပေါ်စေပါဘူး။ မျိုးရိုးဗီဇကိုတောင် ပျက်စီးစေတယ်။ အဲဒီလိုပြောင်းလဲခြင်းကြောင့် ကိုယ်ခန္ဓာမှာရှိတဲ့ အင်မတန်လက်ရာမြောက်တဲ့ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မဆိုထားနဲ့၊ လူ့ ဒူးခေါင်းလိုမျိုးအရာကိုတောင် ဘယ်တော့မှ အသစ်ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။
ယေဟောဝါသက်သေတစ်ဦး ဘာကြောင့်ဖြစ်လာတာလဲ
သမ္မာကျမ်းစာမှာပါတဲ့မူတွေအတိုင်း ကျွန်မနေထိုင်လာတဲ့အခါ ကျွန်မအသက်တာက သိသိသာသာကြီးတိုးတက်လာတယ်။ ၂၀၀၃ ခုနှစ်မှာ ယေဟောဝါသက်သေတွေရဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတစ်ခုကို တက်ရောက်ခဲ့တယ်။ တက်ရောက်လာကြတဲ့သူတွေက တစ်ခါမှမမြင်ဖူးတဲ့သူတွေ ဖြစ်ရင်တောင် မိသားစုတစ်စုလိုပဲ စည်းစည်းလုံးလုံးရှိတာကို တွေ့ မြင်ခဲ့ရတယ်။ မေတ္တာပြည့်ဝတဲ့ အသိုင်းအဝိုင်းတစ်ခုပါပဲ။ အဲဒီအသိုင်းအဝိုင်းမှာ ကျွန်မလည်းပါဝင်ချင်ခဲ့တယ်။
မျိုးရိုးဗီဇပြောင်းခြင်းကြောင့် အင်မတန် လက်ရာမြောက်တဲ့ လူ့ဒူးခေါင်းလိုမျိုးအရာကို ဘယ်တော့မှ အသစ်ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး